ဒုက္ခမခံချင်တဲ့ အစ်ကိုကြီးချန်
Vol. 41 Ch. 410
"ဆန်းချန်"
"ကန်ထဲကို ချက်ချင်းဝင်စမ်း"
နဂါးပြာဧကရာဇ် ဤမျှ စိတ်လောနေသည်မှာ မဆန်းလှပေ။ နဂါးစည်းခတ်ကန်ကို ဖွင့်လှစ်ထားရခြင်းမှာ သူ့အတွက် သေးငယ်သော ဝန်ထုပ်ဝန်ပိုး မဟုတ်ပေ။
အစ်ကိုကြီးချန်သည်လည်း ယခုအချိန်တွင် အချိန်ဆွဲမနေတော့ဘဲ ပတ်ဝန်းကျင်သို့ လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ဝင်ရောက်သွားခဲ့သည်။ သူဝင်သွားသည့်နေရာမှာ တောင်ကုန်းတစ်ဝက်ရှိ စိမ်းပြာရောင်ကန်ပင်။
တစ်ကွင်းလုံးရှိ နဂါးများအားလုံး ထိတ်လန့်တကြား ဆူညံပွက်လောရိုက်သွားကြသည်။ အထူးသဖြင့် နဂါးစည်းခတ်ကန်၏ဒုက္ခကို ကိုယ်တိုင်ကြုံတွေ့ဖူးကြသည့် နဂါးအိုကြီးများမှာမူ ပို၍ပင် အငိုက်မိသွားကြ၏။
အခြေခံအားဖြင့် ဤနဂါးစည်းခတ်ကန်သည် ကွယ်လွန်သွားခဲ့ကြပြီဖြစ်သော နဂါးမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်း တစ်ရာကျော်နှင့် နဂါးဘုရင် သောင်းချီတို့၏ ပူးပေါင်းရိုက်ခတ်မှုနှင့် တူညီပေသည်။ ပထမဆုံးအလွှာဖြစ်သော အနီရောင်ကန်မှာ အရိုးနှင့် သွေးမျိုးဆက်မျိုးစေ့များ၏ သိပ်သည်းဆအနည်းဆုံးဖြစ်သဖြင့် အဆင်ပြေသော်လည်း အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလေ သိပ်သည်းဆ ပိုမိုမြင့်မားလာကာ ပို၍ အန္တရာယ်များလေဖြစ်သည်။
သာမန်နဂါးဘုရင်တစ်ပါးသည် စိမ်းပြာရောင်ကန်သို့ ရောက်ရှိနိုင်ပြီး ဧကရာဇ်တစ်ပိုင်းတစ်ပါးသည် အပြာရောင်ကန် သို့မဟုတ် ခရမ်းရောင်ကန် သို့ပင် ရောက်ရှိနိုင်သည်ဆိုသော်လည်း လက်တွေ့တွင်မူ အတိတ်ကာလက သူတို့ဝင်ရောက်ခဲ့ကြစဉ်က အနီရောင်ကန်မှသာ စတင်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် ရိုးရိုးသားသားနှင့် လိမ္မာယဉ်ကျေးစွာဖြင့် တစ်လွှာချင်းစီအလိုက်သာ တက်လှမ်းခဲ့ကြ၏။
နဂါးစည်းခတ်ကန်သို့ ပထမဆုံးအကြိမ် ဝင်ရောက်သည့် မည်သည့်နဂါးမဆို ဖြည်းဖြည်းချင်း အသားကျအောင် လုပ်ဆောင်သည့် အဆင့်ဆင့်ဖြစ်စဉ်တစ်ခု လိုအပ်ပေသည်။ ၎င်းမှာ ပုံမှန်စမ်းသပ်ချက်တစ်ခု မဟုတ်သဖြင့် မည်သူမျှ အတွေ့အကြုံမရှိကြသလို သူတို့၏ နဂါးခန္ဓာကိုယ်များမှာလည်း ၎င်းနှင့် လုံးဝအသားကျမနေကြသေးပေ။ အကယ်၍ အနီရောင်၊ လိမ္မော်ရောင်နှင့် အဝါရောင်ကန်များတွင် အရင်ဆုံး အသားကျအောင် မလုပ်ဆောင်ဘဲ အစိမ်းရောင်ကန်သို့ တိုက်ရိုက်ခြေလှမ်းမိပါက ဧကရာဇ်တစ်ပိုင်းတစ်ပါးဖြစ်လျှင်ပင် ရုတ်တရက်သတိလစ်ကာ သေဆုံးသွားနိုင်ချေရှိသည်။
ကျန်းချန်မှာ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်ကြောင်းကို နဂါးပြာဧကရာဇ်နှင့် နဂါးမျိုးနွယ်စုမှ အဆင့်မြင့်အကြီးအကဲကြီးများအားလုံး သေချာပေါက် သိရှိထားကြသည်။ ထို့ကြောင့်ပင် သူတို့သည် ယခုမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် အလွန်အမင်း အံ့အားသင့်သွားကြ၏။
"သူ ရူးနေတာလား"
"သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
"အလွှာတွေကို ကျော်သွားလို့မရဘူးဆိုတာကို သူမသိဘူးလား"
"အမလေး... စိမ်းပြာရောင်ကန်ထဲကို တိုက်ရိုက်ဝင်သွားတယ်... တကယ်ပဲ သေလမ်းရှာနေတာပဲ"
"မကောင်းတော့ဘူး... မကောင်းတော့ဘူး..."
ဆန်းကျိသည် အထပ်ထပ်အခါခါ နောင်တရနေခဲ့သည်။
"ခန့်ချောကြီး ချန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသွားပြီ။ အခုတော့ အားလုံးပြီးသွားပြီ"
"ငါသာ ဒါကိုကြိုသိခဲ့ရင် သူ့ကို ဘာလုပ်ရမလဲဆိုတာ ကြိုပြီးပြောပြထားခဲ့မှာ..."
ဆန်းချုံး၊ ယီခုန်း၊ မော့ရန်နှင့် အခြားသောအဆင့်မြင့် အကြီးအကဲကြီးများသည်လည်း အလွန်အမင်း စိုးရိမ်ပူပန်နေကြခဲ့သည်။ သူတို့သည် မူလက မိုးပြာနဂါးဧကရီက အစ်ကိုကြီးချန်ကို ဤအသေးစိတ်အချက်အလက်ကို ပြောပြထားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြ၏။
သို့သော်လည်း ဆန်းလင်ကိုယ်တိုင်ပင် အငိုက်မိသွားခဲ့ရသည်။ အစ်ကိုကြီးချန်က ဤမျှအထိ သတ္တိကောင်းပြီး စမ်းသပ်ချက်တစ်ခုကိုပင် အဆင့်ဆင့်မလုပ်ဆောင်ဘဲ အဆင့်ကျော်ဝင်သွားလိမ့်မည်ဟု သူမ မည်သို့ သိနိုင်ပါမည်နည်း။ ဘာပဲဖြစ်ဖြစ် အတိတ်တုန်းက အခြားသူများ နဂါးစည်းခတ်ကန်ထဲဝင်ခဲ့ကြစဉ်က အားလုံးသည် အလွန်အမင်း သတိကြီးခဲ့ကြသည် မဟုတ်ပါလား။
"ဟားဟားဟားဟား..."
ကောင်းကင်ထက်တွင် နဂါးပြာဧကရာဇ်က ခေါင်းကိုမော့ကာ ရယ်မောလိုက်သည်။
"ဆန်းလင်... ဒါက သူ့ရဲ့အစီအစဉ်လား"
"အစိမ်းရောင်ကန်ထဲမှာ သူ သေမှာမဟုတ်ဘူးဆိုတာကို သက်သေပြဖို့အတွက် စိမ်းပြာရောင်ကန်ထဲမှာ တမင်တကာ အသက်အသေခံလိုက်တာပေါ့ ဟုတ်လား"
သူက ဤသို့ ပြောဆိုလိုက်သော်လည်း ၎င်းမှာ အလွန်အမင်း မယုံကြည်နိုင်စရာ ကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။
"ဘယ်သူက အကြောင်းပြချက်မရှိဘဲ သေလမ်းသွားရှာမှာလဲ"
ပတ်ဝန်းကျင်ရှိ နဂါးမျိုးနွယ်စုဝင်များမှာ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြသဖြင့် ကွင်းပြင်တစ်ခုလုံးတွင် ဝူးဝူးဝါးဝါး အသံများဖြင့် ပြည့်နှက်နေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဖေးရှန်ဂိုဏ်းမှလူများအပြင် ရှောင်ခွန်း၊ ကျိယွန်းနှင့် အခြားသူများအားလုံးမှာမူ အလွန်အေးဆေး တည်ငြိမ်နေကြ၏။
"တည်ငြိမ်စမ်းပါ... တည်ငြိမ်စမ်းပါ"
လူတိုင်းက ဒီလိုမြင်ကွင်းမျိုးကို အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးပြီးသားဖြစ်သည်။ အတိတ်တုန်းက အတုအယောင် အင်မော်တယ်လောကကို ဝန်းရံထားတဲ့ အဆိပ်မြူခိုးတွေတုန်းကလည်း... လူတိုင်းက အထဲကိုဝင်ရင် သေမှာသေချာတယ်လို့ ထင်ခဲ့ကြပေမဲ့ အဆုံးသတ်မှာ ဘာဖြစ်သွားလဲ...
ဂိုဏ်းချုပ်ကျန်းက အကောင်းအတိုင်း ရှိမနေခဲ့ဘူးလား...
အစ်ကိုကြီးချန်က စိမ်းပြာရောင်ကန်ကို ရွေးချယ်ခဲ့ခြင်းတွင် အကြောင်းရင်းရှိ၏။ ဤလူသည် ဒုက္ခခံရခြင်းကို ဝါသနာပါသူတစ်ယောက် မဟုတ်ချေ။ သူ့အမြင်တွင် နဂါးမျိုးနွယ်စု၏ စမ်းသပ်ချက်ဆိုသည်မှာ နှိပ်စက်ညှဉ်းပန်းခံရခြင်းမျှသာဖြစ်သဖြင့် သူသည် ဒုက္ခဝေဒနာများကို တစ်လွှာပြီးတစ်လွှာ မခံစားလို။ သူ၏အရိုးများ သန်မာလာမည်ဆိုလျှင်ပင် ထိုအချိန်အတွင်း၌ နာကျင်မှု ဝေဒနာများကို ခံစားနေရမည် မဟုတ်ပါလား... သူ့ကို ချက်ချင်း သေစေနိုင်မည့် ကန်တစ်ခုကိုရှာဖွေပြီး အသက်ပြန်ရှင်လာကာ သူ၏ လှည့်ကွက်များကို စောစောစီးစီး အသက်သွင်းလိုက်ခြင်းက နာကျင်မှု ဝေဒနာများကို လျော့နည်းစေသဖြင့် အဆင်ပြေသက်သာပေသည်။
ဆန်းလင်နှင့် နဂါးပြာဧကရာဇ်တို့ နှစ်ဦးလုံးက သူသည် အဝါရောင်ကန်တွင် အသက်ရှင်နိုင်သည်ဟု ထင်မြင်ထားကြသဖြင့် သူက ပို၍ ဝေးကွာသော ကန်တစ်ခုကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ မူလက သူသည် အမြင့်ဆုံးအဆင့်ဖြစ်သော အမည်းရောင်ကန်ကို တစ်ချက်တည်းနှင့် ရွေးချယ်ရန် စိတ်ကူးမိသော်လည်း ထိုသို့လုပ်ပါက တုန်လှုပ်ချောက်ချားမှုတန်ဖိုးကို တစ်ကြိမ်သာရရှိမည်ဖြစ်သဖြင့် နည်းနည်းရှုံးသည်ဟု တွက်ချက်မိသွား၏။ ထို့အပြင် အဝါရောင်ကန်၏နောက်တွင်ရှိသော အစိမ်းရောင်ကန်မှာလည်း အလွန်နီးကပ်လွန်းသဖြင့် သူ့ကိုသတ်ရန် အချိန်အတော်ကြာမြင့်နိုင်ပေသည်။ ထို့ကြောင့် သူသည် အဆုံးသတ်တွင် အစိမ်းရောင်ကန်၏ နောက်တွင်ရှိသော စိမ်းပြာရောင်ကန်ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
သူ အထဲသို့ အတင်းဝင်ရောက်သွားပြီးနောက် ငရဲခန်းဆိုသည်မှာ ဘာလဲဆိုသည်ကို ချက်ချင်းနားလည်သွား၏။ ပုံစံကိုးမျိုးမိုးပြာနဂါး၏ သွေးမျိုးဆက်သည် နဂါးသွေးများ၏ ကျူးကျော်မှုကို လွယ်ကူစွာပိတ်ဆို့ပေးထားနိုင်သဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ သူသည် သိပ်ပြီး ဒုက္ခမခံခဲ့ရချေ။
သို့သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများမှာမူ ချက်ချင်းပင် တစ်စစီချေမွခံလိုက်ရသည်။ ၎င်းမှာ သူ၏ ကြံ့ခိုင်မှုမကောင်း၍မဟုတ်ဘဲ သူ့အရိုးများမှာ ဤနဂါးမျိုးနွယ်စု၏ နဂါးအရိုးမျိုးစေ့များနှင့် မူလမြစ်ဖျားချင်းမတူညီကြသဖြင့် ပြင်းထန်သောငြင်းပယ်မှုကို ခံလိုက်ရခြင်းဖြစ်သည်။ မိုးပြာနဂါး သွေးမျိုးဆက်ကပင် ဤဖျက်ဆီးခြင်းနှင့် ပျက်စီးခြင်းဖြစ်စဉ်ကို ခုခံပေးနိုင်ခြင်းမရှိ။ သူ၏ အသားနှင့် အရိုးများမှာ မကြာမီပင် ကန်ရေပြင်အတွင်း၌ အရည်ပျော်သွားခဲ့ပြီး မိုးပြာနဂါးခန္ဓာကိုယ်မှာလည်း လုံးဝပြိုကွဲပျက်စီးသွားကာ ထိုနာကျင်မှု ဝေဒနာကြောင့် သူသည် ချက်ချင်းပင် သတိလစ်လုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော်လည်း သူ၏ အင်မော်တယ်ဝိညာဉ်မှာ အလွန်အမင်း စွမ်းအားကြီးမားလှသဖြင့် သူသည် သတိရှိနေစေရန် အတင်းအကျပ် အားစိုက်ထုတ်ထားခဲ့သည်။ သူ နောက်ဆုံး သေဆုံးသွားသည့် အချိန်အထိ ၎င်းက ရပ်တန့်သွားခြင်းမရှိချေ။ ဖြစ်စဉ်တစ်ခုလုံးသည် ၁၀ စက္ကန့်ကြာမြင့်ခဲ့သည်။
မသေဆုံးမီတွင် အစ်ကိုကြီးချန်သည် အလွန်အမင်းနောင်တရသွား၏။ သူသေဆုံးတာက အလွန်နှေးကွေးလွန်းသဖြင့် နာကျင်မှုဝေဒနာကို တော်တော်လေး ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ အကယ်၍ သူသာကြိုသိခဲ့လျှင် အနည်းဆုံး ခရမ်းရောင်ကန်ကို ရွေးချယ်ခဲ့မိမှာ အသေအချာပင်။
မျှော်လင့်ထားသည့်အတိုင်း စနစ်၏အကြောင်းကြားသံ ထွက်ပေါ်လာသည်။
"ဒင်... လက်ခံသူ အသတ်ခံလိုက်ရသည်။ ရန်သူ၏စွမ်းအားကိုတိုင်းတာပြီး အသက်ပြန်ရှင်ခြင်း အစီအစဉ်ကို ရေးဆွဲနေပါသည်"
"ဒင်... လက်ခံသူသည် ဝရဇိန်နဂါးအရိုးကို ရရှိသွားပါပြီ"
"ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ"
ဝရဇိန်နဂါးအရိုး... သူ နားမလည်သော်လည်း ၎င်းမှာ အလွန်အမင်း အထင်ကြီးစရာကောင်းလှသည့်ပုံစံမျိုးဖြစ်သည်။ အစ်ကိုကြီးချန် အလွန်ကျေနပ်သွား၏။ စနစ်သည် တကယ့်ကို ရောဂါနှင့် ဆေး ကွက်တိပေးတတ်ပေသည်... သူ့အရိုးများက မကောင်းလျှင်၊ ၎င်းကို အစားလဲပေးလိုက်ရုံသာ။
ပုံမှန်အခြေအနေအရဆိုလျှင် သူသည် နဂါးအရိုးတစ်ခုကိုရရှိရန် မဖြစ်နိုင်ချေ။ အကယ်၍ ရရှိခဲ့လျှင်ပင် ဤဝရဇိန်နဂါးအရိုးအဆင့်အထိရောက်ရှိအောင် ကျင့်ကြံရန်အတွက် နှစ်ပေါင်းဘီလီယံဆယ်ချီ ကြာမြင့်နိုင်သည် မဟုတ်ပါလား။ သူတစ်ကြိမ်သေဆုံးပြီး အသက်ပြန်ရှင်လာရုံမျှဖြင့် ၎င်းကို တိုက်ရိုက်ရရှိသွား၏။
ဒီလို အမြတ်အစွန်းကြီးမားတဲ့ အခွင့်အရေးမျိုးကို တခြားဘယ်နေရာမှာ သွားရှာလို့ရဦးမှာလဲ...
သူသည် ကိုယ့်ပါးနပ်မှုကိုယ်ကို ချီးကျူးမဆုံး ဖြစ်နေလေသည်။ ၎င်းက သူ နဂါးစည်းခတ်ကန်ထဲသို့ ဝင်ရောက်ရန် သဘောတူခဲ့သည့် အကြီးမားဆုံးသော အကြောင်းရင်းလည်းဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ရှိနေကြသော လူတိုင်းသည် စိမ်းပြာရောင်ကန်ကို စိုက်ကြည့်နေကြသည်။ အစ်ကိုကြီးချန် ဝင်ရောက်သွားပြီးနောက် ကန်ရေပြင်သည် ခဏမျှလှုပ်ခတ်သွားပြီး သူသည် အတွင်းသို့မြုပ်ဝင်သွားခဲ့ကာ မကြာမီ တိတ်ဆိတ်သွားလေ၏။ ယခုအခါ ကန်ရေပြင်သည် မည်သည့်လှိုင်းကြက်ခွပ်မျှမရှိဘဲ ပြန်လည်တည်ငြိမ်သွားလေပြီ။ ပထမဆုံးအကြိမ် ကြည့်လိုက်လျှင် ဤအခြေအနေမှာ အလွန်ပင် ဆိုးရွားလှပေသည်။
"ဟူး... သူ တကယ်ပဲ ဒီလိုမျိုး သေသွားတာတော့ မဟုတ်ပါဘူးနော်"
"ဖြစ်နိုင်တယ်၊ ငါတို့ အဲဒီတုန်းက ဝင်ခဲ့တုန်းက အားလုံး အကြီးအကျယ် လှုပ်ခတ်မှုတွေ ဖြစ်ခဲ့တာ"
"သူက ဝင်သွားပြီးတော့ ဘာတုံ့ပြန်မှုမှ မရှိတော့တာကိုကြည့်ရင်၊ အထဲမှာတင် ပျက်စီးသွားတာ ဖြစ်ရမယ်"
"အာ... ဒါက..."
မည်သည့်ချိုင့်ဝှမ်းမှနဂါးမဆို နဂါးတိုင်းဆွံ့အသွားသည်။
ဘာပဲဖြစ်ဖြစ် သူသည် မိုးပြာနဂါးမျိုးနွယ်က နဂါးဧကရာဇ်အဖြစ် သတ်မှတ်ထားသူတစ်ယောက် မဟုတ်ပါလား...
သူက ဒီအတိုင်းပဲ သေသွားခဲ့တာလား...
"ကျန်းချန်..."
"နဂါးဧကရာဇ်..."
ဆန်းကျိ၊ ယီခုန်းနှင့် အခြားသော အဆင့်မြင့် အကြီးအကဲကြီးများသည် ထိုလမ်းကြောင်းဆီသို့ ကြေကွဲဝမ်းနည်းစွာဖြင့် လှမ်းအော်ခေါ်နေခဲ့ကြသည်။ သူတို့သည် ဤကဲ့သို့သော အဆုံးသတ်မျိုးကို လုံးဝလက်မခံနိုင်ကြချေ။
"ဆန်းလင်... မင်း တခြားဘာပြောစရာရှိသေးလဲ"
နဂါးပြာဧကရာဇ်သည် စိတ်သက်သာရာရသွား၏။
"သူ့ရဲ့သေဆုံးမှုက သူဟာ နဂါးမျိုးနွယ်စုဝင် မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ လုံလောက်သွားပြီ"
"ဒီလောင်းကြေးကို ငါနိုင်သွားပြီ"
"မင်းတို့ရဲ့ မိုးပြာနဂါးချိုင့်ဝှမ်းအတွင်းမှာရှိတဲ့ လူသားမျိုးနွယ်တွေနဲ့ ပတ်သက်ပြီးတော့၊ ဒီနေ့ကစပြီး..."
သူ့စကားပင် မဆုံးသေးမီတွင် စိမ်းပြာရောင်ကန်အတွင်း၌ ထပ်မံ၍ လှိုင်းတွန့်များ ပေါ်ထွက်လာခဲ့ပြန်သည်။ ထို့နောက် မြင့်မားလှသော နဂါးဦးချိုတစ်စုံက ရေပြင်ထက်မှ ပထမဆုံးအကြိမ် ထွက်ပေါ်လာ၏။ ၎င်းနောက်တွင် နဂါးခေါင်း၊ နဂါးခန္ဓာကိုယ်၊ နဂါးလက်သည်းများနှင့် နဂါးအမြီးတို့သည် နေရောင်ခြည်နှင့် ကန်ရေပြင်၏ အရောင်ပြန်ဟပ်မှုအောက်တွင် တောက်ပလာခဲ့ကြပြီး အဆုံးမဲ့လှပမှုကို သယ်ဆောင်လာလေသည်။
ထိုသူက အစ်ကိုကြီးချန်မှတစ်ပါး အခြားသူ မည်သူဖြစ်နိုင်ဦးမည်နည်း...
"သူ အသက်ရှင်နေသေးတယ်"
"သူ အကောင်းအတိုင်း ရှိနေသေးတယ်"
ထိတ်လန့်တကြား အော်ဟစ်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။ မိုးပြာနဂါးချိုင့်ဝှမ်းဘက်မှ လူများအားလုံး ဝမ်းသာအားရအော်ဟစ်လိုက်ကြ၏။
"ဧကရာဇ် မသေဘူး"
"ဟားဟားဟားဟား... သူက တကယ်ပဲ နဂါးမျိုးနွယ်စုဝင်ပဲ"
"ဒါက လိမ်လို့မရဘူး။ သူက အသက်ရှင်လျှက် အကောင်းအတိုင်းရှိနေတာပဲ"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဆန်းလင်သည်လည်း ဝေးကွာလှသော နေရာအထိ ပဲ့တင်ထပ်သွားသည့် ရယ်မောသံကို ထုတ်ဖော်လိုက်တော့သည်။
"ရွှမ်းမင်... မင်း ဒီတစ်ကြိမ်မှာ သူ့ကို တကယ်ပဲ ကြည့်တာမှားသွားပုံရတယ်"
"ကြည့်စမ်း... သူ့မှာ နဂါးအရိုးရှိနေတာ ထင်ရှားနေတာပဲ။ သူက နဂါးမျိုးနွယ်စုဝင်မဟုတ်ရင် တခြားဘာဖြစ်နိုင်ဦးမှာလဲ"
ကောင်းကင်ထက်ရှိ နဂါးပြာဧကရာဇ်သည် မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"သူ့မှာ တကယ်ပဲ ဝရဇိန်နဂါးအရိုး ရှိနေတာလား"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ငါ မှားကြည့်မိဖို့ဆိုတာ မဖြစ်နိုင်တာ"
ဆန်းလင်ကိုယ်တိုင်ပင် ဤအရာကို အလွန်အမင်း မယုံကြည်နိုင်စရာ ကောင်းလှသည်ဟု ခံစားနေရသည်။ သူမနှင့် ရွှမ်းမင်တို့ နှစ်ဦးလုံး တစ်ချိန်တည်းတွင် မှားယွင်းကြည့်မြင်မိရန် မဖြစ်နိုင်ကြောင်း သူမ ကောင်းကောင်းသိ၏။ ကျန်းချန်သည် မူလကတည်းက လူသားမျိုးနွယ်ဝင်တစ်ဦးဖြစ်သည်။ ထို့ပြင် သူတို့စကားပြောခဲ့ကြစဉ်ကလည်း သူကိုယ်တိုင် ဝန်ခံထားခဲ့သည် မဟုတ်ပါလား။
သို့သော်လည်း ယခုအခါတွင်မူ ထိုဝရဇိန်နဂါးအရိုးမှာ ငြင်းပယ်၍မရနိုင်အောင် စစ်မှန်လှပြီး သူ၏မူလအရိုးစုနေရာတွင် အမှန်တကယ်ပင် အစားထိုးဝင်ရောက်သွားလေပြီ။ ၎င်းကို မည်ကဲ့သို့ လုပ်ဆောင်လိုက်သည်ဆိုသည်ကိုမူ သူမ လုံးဝစဉ်းစား၍မရနိုင်ချေ။ သို့သော်ငြားလည်း ၎င်းက သူမပျော်ရွှင်ခြင်းကို အဟန့်အတားမဖြစ်စေပေ။