← Chapters

နဂါးဧကရာဇ်သုံးပါး၏ ရွေးချယ်မှု

Vol. 41 Ch. 404

နဂါးဧကရာဇ်သုံးပါး၏ ရွေးချယ်မှု

Vol. 41 Ch. 404

"ပေါင်းစပ်သွားတာ ဟုတ်လား"

အစ်ကိုကြီးချန်သည် ထိုသို့သော အဆင့်အတန်းမျိုးနှင့် အလှမ်းဝေးနေဆဲ။

"အင်မော်တယ်ဧကရာဇ်တစ်ပါးက နိယာမတစ်ခုနဲ့ပေါင်းစပ်ပြီး အဲဒီသီးသန့်နိယာမရဲ့ ကိုယ်ပွားဖြစ်လာနိုင်တယ်လို့ပဲ ကြားဖူးတာ"

"မင်း ပြောတာ မှန်ပါတယ်"

မိုးပြာနဂါးဧကရီ၏အသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။

"ဒါပေမဲ့ အရင်တုန်းက ငါ အသည်းအသန်လိုက်စားခဲ့တာက အဲဒီထက်ပိုပြီးမြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်အတန်းတစ်ခုပဲ"

"အဲဒီထက်ပိုမြင့်တဲ့အဆင့်အတန်း ရှိသေးတာလား"

အစ်ကိုကြီးချန် အနည်းငယ် ဝေခွဲမရဖြစ်သွား၏။ အင်မော်တယ်ဧကရာဇ်အဆင့်သည် အမြင့်ဆုံး အထွတ်အထိပ် မဟုတ်ဘဲ နောက်ထပ်ရှိနိုင်ပါသလား...

"ငါလည်း မသိဘူး"

မိုးပြာနဂါးဧကရီ၏ လေသံမှာလည်း အနည်းငယ် မရေမရာ ဖြစ်နေပုံရသည်။

"ကိုယ်တိုင်တောင်မသိဘဲနဲ့ ဘာဖြစ်လို့ အဲဒီအဆင့်ကိုချိုးဖျက်ဖို့ ကြိုးစားခဲ့ရတာလဲ"

"အရင်တုန်းက အင်မော်တယ်တွေနဲ့ မိစ္ဆာတွေက တဖြည်းဖြည်း ချဉ်းကပ်လာနေပြီး ငါတို့နဂါးမျိုးနွယ်စုအပေါ် ကျရောက်လာတဲ့ ဖိအားတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုကြီးမားလာခဲ့လို့ပဲ"

မိုးပြာနဂါးဧကရီက အတိတ်ကို ပြန်လည် အောက်မေ့တမ်းတရင်း

"အဲဒီအချိန်တုန်းက ငါတို့ရဲ့ နဂါးဧကရာဇ်သုံးပါးက မတူညီတဲ့ လမ်းစဉ်သုံးခုကို ရွေးချယ်ခဲ့ကြတယ်"

"ဘယ်လမ်းစဉ် သုံးခုလဲ"

"ရွှေနဂါးက အင်မော်တယ်တွေ၊ မိစ္ဆာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး အင်တိုက်အားတိုက် တိုက်ခိုက်ဖို့ကို ထောက်ခံခဲ့တယ်"

"နဂါးပြာကတော့ ငါတို့ နဂါးမျိုးနွယ်စုရဲ့ ခေတ်ကာလက ကုန်လွန်သွားခဲ့ပြီလို့ ယုံကြည်ပြီး အခြေအနေမှန်ကို အသိအမှတ်ပြုပြီး ငါတို့ရဲ့ နယ်မြေကို ကျုံ့ပစ်သင့်တယ်လို့ ယူဆခဲ့တယ်"

သူသည် နဂါးပြာဧကရာဇ်ကို သိပ်ပြီးသဘောမကျသော်လည်း အစ်ကိုကြီးချန်အနေဖြင့် ထိုနဂါးပြာဧကရာဇ်သည် အလွန်တည်ငြိမ်ပြီး အခြေအနေကို အကဲဖြတ်ရာတွင် အလွန်တော်ကြောင်း ဝန်ခံလိုက်ရသည်။ တစ်ခါတစ်ရံတွင် ကြီးမားသော ရေစီးကြောင်းကြီး ဆိုက်ရောက်လာသည့်အခါ ၎င်းကို အတင်းအဓမ္မ တွန်းလှန်ရန် ကြိုးစားခြင်းက အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားရုံသာ။ အင်မော်တယ်များနှင့် မိစ္ဆာများ ထွန်းကားလာခြင်းသည် ကြီးမားသောရေစီးကြောင်းကြီး ဖြစ်ပေသည်။ ထိုရေစီးကြောင်းအတိုင်း လိုက်ပါမှသာ ရှင်သန်ခြင်း အရိပ်အယောင်လေးတစ်ခုကို ရှာဖွေနိုင်မည်။

ပြီးနောက် မိုးပြာနဂါးဧကရီ ပြောလိုက်သည့် နောက်တစ်ခွန်းကလည်း ရေစီးကြောင်းကို အတင်းအဓမ္မ ဆန့်ကျင်ခြင်း၏ အကျိုးဆက်ကို သက်သေပြလိုက်ပေသည်။

"အဆုံးသတ်မှာတော့ အစ်ကိုကြီးရွှေနဂါးက တိုက်ပွဲမှာ သေဆုံးသွားခဲ့ပြီး၊ ဘာတစ်ခုမှ ချန်ထားရစ်ခဲ့ခြင်းမရှိဘူး"

အစ်ကိုကြီးချန်က ဆက်၍ မေးမြန်းလိုက်သည်

"ဒါဆို မင်းကော"

"ငါလား"

သူမက တိုးညှင်းစွာ ရယ်မောလိုက်ပြီး

"ငါက အဲဒီနောက်မှာ နောက်ထပ် အဆင့်အတန်းတစ်ခု ရှိသေးတယ်လို့ ထင်ခဲ့တာကြောင့် ငါနဲ့ လျင်မြန်ခြင်းနိယာမကြားက ပေါင်းစပ်မှုအတိုင်းအတာကို အားကောင်းအောင် လုပ်ဆောင်ခဲ့တယ်"

"ငါ ပိုပြီးသန်မာလာနိုင်မယ်၊ နိယာမရဲ့ အရှင်သခင် ဖြစ်လာနိုင်မယ်၊ ပြီးတော့မှ ထွက်ပေါ်လာပြီး အရာအားလုံးကို အမြစ်ပြတ် တိုက်ထုတ်ပစ်နိုင်မယ်လို့ အိပ်မက်မက်ခဲ့တာ"

"ဒါပေမဲ့ အဆုံးသတ်မှာတော့ ငါကျရှုံးခဲ့တယ်"

"ငါ့ကို လျင်မြန်ခြင်းနိယာမက ဝါးမြိုပြီး ပေါင်းစပ်ပစ်လိုက်တာကြောင့် ငါက သူ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့တယ်"

"နောက်ဆုံးအချိန်မှာ ငါ့ရဲ့ အသိစိတ်အစအနလေးတစ်ခုကို ခွဲထုတ်ပြီး မိုးပြာနဂါးချိုင့်ဝှမ်းဆီကို ထွက်ပြေးမလာနိုင်ခဲ့ဘူးဆိုရင် ငါဆိုတာ လုံးဝပျောက်ကွယ်သွားခဲ့လောက်ပြီ"

"ငါ မရှိခဲ့တာကြောင့်လည်း မိုးပြာနဂါးမျိုးနွယ်စုက ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ မဟာတိုက်ပွဲတွေထဲမှာ အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ကြုံတွေ့ခဲ့ရတာ"

သူမက ပေါ့ပေါ့ပါးပါးပင် ပြောကြားသွားခဲ့သော်လည်း အစ်ကိုကြီးချန်မှာမူ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားရသည်။ နဂါးမျိုးနွယ်စု၏ နဂါးဧကရာဇ်သုံးပါးတွင် ရွှေနဂါးက သွေးပူပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သည်၊ နဂါးပြာက ခေါင်းအေးအေးထားပြီး လက်တွေ့ဆန်သည်။ ဤ မိုးပြာနဂါးဧကရီမှာမူ စိတ်ကူးယဉ်ဆန်ပြီး အိပ်မက်မက်ရသည်ကို သဘောကျသည့် အမျိုးအစား ဖြစ်ပုံရ၏။ သူတို့၏ မတူညီသော ရွေးချယ်မှုများကြောင့် သူတို့ သုံးဦးစလုံးသည် နောက်ဆုံးတွင် မတူညီသော နိဂုံးများနှင့် ရင်ဆိုင်ခဲ့ကြရသည်။

သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆက်လက်၍ မေးမြန်းလိုက်သည်

"နိယာမတွေကို ပေါင်းစပ်လို့မရဘူးလား"

မိုးပြာနဂါးဧကရီက

"ပေါင်းစပ်လို့ ရပါတယ်၊ ပြီးတော့ ပေါင်းစပ်လည်း ပေါင်းစပ်ရမယ်၊ မဟုတ်ရင် အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်ဘူး"

"နိယာမတွေက အဲ့နေရာမှာပဲ ရှိနေတာ"

"ဘယ်သူက ပေါင်းစပ်မှု အတိုင်းအတာ အမြင့်မားဆုံးဖြစ်ပြီး သူတို့ရဲ့အသိအမှတ်ပြုမှုကို အရင်ဆုံးရရှိလဲ၊ သူက ကိုယ်ပွားဖြစ်လာနိုင်ပြီး အင်မော်တယ်ဧကရာဇ် အဆင့်အတန်းကို ရရှိမှာ ဖြစ်တယ်"

"နောက်မှ ရောက်လာတဲ့သူတွေကတော့ ဧကရာဇ်တစ်ပိုင်းပဲ ဖြစ်လာနိုင်ကြတာ"

"ဒါပေမဲ့ ဘယ်သူကမှ သူတို့ကို သူတို့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်လို့ မရဘူး။ သူတို့က ဘယ်သက်ရှိသတ္တဝါရဲ့ ပိုင်ဆိုင်မှုမှ မဟုတ်ဘူး။ အရင်တုန်းက ငါ့ရဲ့ ရည်မှန်းချက်က ကြီးမားလွန်းသွားခဲ့တယ်။ ငါက သူ့ရဲ့ အရှင်သခင် ဖြစ်ချင်ခဲ့တာ..."

"ငါတို့ နဂါးမျိုးနွယ်စုရဲ့ နဂါးဧကရာဇ်သုံးပါးက လူသား အင်မော်တယ်ဧကရာဇ် အများစုထက် ပိုပြီးသန်မာခဲ့ရတဲ့ အကြောင်းရင်းကတော့ ငါတို့က သူတို့နဲ့အတူတူ မွေးဖွားလာခဲ့ကြလို့ပဲ... ပြီးတော့ ငါတို့ မွေးဖွားတဲ့နေ့မှာတင် သူတို့ရဲ့ အသိအမှတ်ပြုမှုကို ကြိုတင်ပြီးရရှိထားခဲ့ကြလို့ဖြစ်တယ်"

ဒီလိူကိုး...

အစ်ကိုကြီးချန် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။ ယခင်က သူသည် အင်မော်တယ်ဧကရာဇ်ဆိုသည်မှာ သူတို့ကိုယ်တိုင်က နိယာမတစ်ခုဖြစ်သည်ဟု ထင်မှတ်ခဲ့၏။ ယခုကြည့်ရသည်မှာ အင်မော်တယ်ဧကရာဇ်ဟူသည် ကမ္ဘာပေါ်ရှိ နိယာမ၏ ပြောရေးဆိုခွင့်ရှိသူမျှသာ။

ထို့ပြင် ဧကရာဇ်တစ်ပိုင်းဆိုသည်မှာ အောက်ခြေအဆင့် ပြောရေးဆိုခွင့်ရှိသူသာဖြစ်သည်။ သေချာစဉ်းစားကြည့်လျှင် အဓိပ္ပာယ်ရှိ၏။ ထိုစဉ်တုန်းက အင်မော်တယ်ဧကရာဇ် ကျိုရန်သည် မီးလျှံနိယာမကို ထိန်းချုပ်ထားခဲ့သည်။ သူ့ကိုသတ်ဖြတ်ပြီးနောက်တွင်လည်း ကမ္ဘာပေါ်ရှိ မီးလျှံနိယာမက ရှိနေဆဲဖြစ်ပြီး သူ၏သေဆုံးမှုနှင့်အတူ ပျောက်ကွယ်မသွားခဲ့ပေ။

တစ်စုံတစ်ယောက်က ၎င်း၏ ပြောရေးဆိုခွင့်ရှိသူအသစ် ဖြစ်လာပြီးလောက်ပြီထင်သည်။

"ဒါဆိုရင်၊ မင်းကို အခု အသက်ပြန်ရှင်အောင် လုပ်ပေးဖို့ လိုအပ်သလား"

"ဟိဟိ... ဟိဟိ..."

မိုးပြာနဂါးဧကရီ၏ ရယ်မောသံက မြူးကြွပြီး ပျော်ရွှင်စရာ ကောင်းလှသည်။

"မောင်လေးက ဒီလိုရည်ရွယ်ချက်မျိုး ရှိနေသေးတာ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ... အစ်မကြီးရဲ့ ဆွဲဆောင်မှုအောက်မှာ ဒီလောက် မြန်မြန်ဆန်ဆန် ကျရှုံးသွားပြီး အစ်မကြီးအတွက် တစ်ခုခုလုပ်ပေးချင်နေတာလား"

အစ်ကိုကြီးချန်၏ နဖူးပေါ်တွင် အမည်းစက်များဖြင့် ပြည့်နှက်သွား၏။

ကျရှုံးရအောင် ငါ မင်းရဲ့ ရုပ်ရည်ကိုတောင် မမြင်ဖူးသေးဘူး၊ ဘယ်လိုလုပ်ပြီး ကျရှုံးရမှာလဲ...

မင်းက အင်မော်တယ်လောကရဲ့ အလှမယ်ငါးဦးထဲကတစ်ဦး ဖြစ်နေဦးတော့၊ အနီးကပ် ထိတွေ့မှုမျိုးရှိမှသာ အကျုံးဝင်မှာမဟုတ်ဘူးလား...

"အတွေးလွန်နေပြီ။ ငါက မင်းကို အသက်ပြန်ရှင်အောင် လုပ်ပေးရင် ငါ မိုးပြာနဂါးမျိုးနွယ်စုရဲ့ ဒေါက်တိုင်ကြီးဖြစ်နေဖို့မလိုတော့ဘူးလို့ပဲ တွေးမိလို့ပါ.... ကောင်းကင်ကြီး ပြိုကျလာရင်တောင် မင်းကပဲ တောင့်ခံထားရမှာလေ"

ဤအရာက အစ်ကိုကြီးချန်၏ အမှန်ကန်ဆုံးသော အတွေးအမြင်ဖြစ်ပေသည်။ သူ့ကဲ့သို့ ပျင်းရိသော လူတစ်ယောက်အတွက် မျိုးနွယ်စုတစ်ခုလုံး၏ အတက်အကျ၊ အနိမ့်အမြင့်အတွက် ရှေ့ထွက်ပြီး လှုပ်ရှားရုန်းကန်ပေးရန် မျှော်လင့်ခြင်းက အလွန်အမင်း တောင်းဆိုရာ ရောက်လွန်းသည်။

မိုးပြာနဂါးဧကရီက ဒေါသထွက်မသွားဘဲ ၎င်းအစား ပြုံးလျက် မေးမြန်းလိုက်သည်

"ငါ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးခြင်းရဲ့ အကျိုးဆက်ကို မင်းသိရဲ့လား"

"နောက်ထပ် ဘာအကျိုးဆက်တွေ ရှိနိုင်ဦးမှာလဲ"

"မိုးပြာနဂါးက လျင်မြန်ခြင်းကို စိုးမိုးတာ။ အစစ်အမှန် နဂါးပြာဧကရာဇ် အဆင့်အတန်းကို ရရှိဖို့ဆိုရင် လျင်မြန်ခြင်းနိယာမကို ကျင့်ကြံရမယ်"

သူမက တိုးညှင်းစွာ ပြောကြားလိုက်သည်

"ပြီးတော့ နိယာမတစ်ခုတည်းအတွက်၊ သက်ရှိသတ္တဝါ တစ်ဦးတည်းသာ နောက်ဆုံး အသိအမှတ်ပြုမှုကို ရရှိနိုင်တာ"

"ဒါကလည်း မဟာနဂါးမျိုးနွယ်စု သုံးခုစလုံးပေါင်းမှ နဂါးဧကရာဇ် သုံးပါးပဲ ထွက်ပေါ်လာခဲ့ရတဲ့ အကြောင်းရင်း ဖြစ်တယ်"

သူမသာ အသက်ပြန်ရှင်လာခဲ့မည်ဆိုပါက၊ လျင်မြန်ခြင်းနိယာမက သူမအပိုင် ဖြစ်သွားလိမ့်မည် ဖြစ်သည်။ လျင်မြန်ခြင်းနိယာမကို အဓိက ကျင့်ကြံကြသည့် အခြားသော ဧကရာဇ်တစ်ပိုင်းများသည် ဤတစ်သက်တွင် အင်မော်တယ်ဧကရာဇ် ဖြစ်လာနိုင်ကြတော့မည်မဟုတ်။ ၎င်းက ထိုမျှလောက်အထိ ရက်စက်လွန်းလှသည်။

"ဒါဆိုရင် မင်းရဲ့ကိစ္စ ဖြစ်ပွားပြီးတဲ့နောက်မှာ လျင်မြန်ခြင်းနိယာမကို အခု ဘယ်သူက ထိန်းချုပ်ထားတာလဲ"

"မိစ္ဆာလောကရဲ့ ကောင်းကင်ခွဲ မိစ္ဆာဧကရာဇ်ပေါ့"

"အရင်တုန်းက သူကလည်း လျင်မြန်ခြင်းနိယာမကို ကျင့်ကြံကြတဲ့ မရေမတွက်နိုင်တဲ့ ဧကရာဇ်တစ်ပိုင်းတွေထဲက တစ်ယောက်ပဲ"

"ငါ ပေါင်းစပ်သွားပြီးတဲ့နောက်မှာ လျင်မြန်ခြင်းနိယာမရဲ့ အရှင်သခင်နေရာက လစ်လပ်သွားခဲ့ပြီး သူက နိယာမရဲ့ အသိအမှတ်ပြုမှုကို အရင်ဆုံးရရှိသွားခဲ့တာ"

ဤအကြောင်းကို ပြောလိုက်သည့်အခါ မိုးပြာနဂါးဧကရီက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသည်။

"ဆန်းကျိ၊ ဆန်းချုံးနဲ့ ယီခုန်းတို့က တကယ့်ကို အသုံးမကျကြဘူး"

အစ်ကိုကြီးချန်က တမင်ကျီစယ်လိုက်မိသည်

"ဒါဆိုရင် ငါ မင်းကို အသက်ပြန်ရှင်အောင် လုပ်ပေးရင်တောင် မင်း သူ့ကို ပြန်လုယူနိုင်မှာ မဟုတ်တော့ဘူးပေါ့... လျင်မြန်ခြင်းနိယာမက အခြားတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု ဖြစ်နေပြီလေ"

မိုးပြာနဂါးဧကရီက အေးအေးလူလူပင် ပြန်ပြောလိုက်သည်

"ငါက လျင်မြန်ခြင်းနိယာမနဲ့ တစ်ချိန်တည်းမှာ မွေးဖွားလာခဲ့တာ။ ငါသာ အသက်ပြန်ရှင်လာတာနဲ့ ကောင်းကင်ခွဲ မိစ္ဆာဧကရာဇ်က ကောင်းကင်ခွဲ ဧကရာဇ်တစ်ပိုင်းအဖြစ် ပြန်ရောက်သွားလိမ့်မယ်"

"ဘယ်သူမှ ငါ့ဆီကနေ လုယူလို့မရဘူး"

အာ... ဒါက...

အစ်ကိုကြီးချန် စကားမဲ့သွားသည်။ စောစောမွေးဖွားလာခြင်းက တကယ့်ကို အားသာချက်များစွာ ရှိပေသည်။

"ဒါဆိုရင် စမ်းကြည့်ကြတာပေါ့"

ထိုသို့ ပြောပြီးနောက်၊ သူသည် အသက်သွင်းခြင်းစွမ်းရည်ကို နှိပ်လိုက်သည်။ သို့သော်လည်း ဤဧကရီသည် နှစ်သန်းရာချီကတည်းက သေဆုံးနေခဲ့သည့်အတွက် သူ၏ ကံကြမ္မာအမှတ်က လုံလောက်ပါ့မလား...

မိုးပြာနဂါးဧကရီ အလွန်အမင်း အံ့အားသင့်သွားသည်

"မင်း အကျိုးဆက်ကို သိနေတာတောင်၊ ငါ့ကို အသက်ပြန်သွင်းပေးချင်သေးတာလား"

အစ်ကိုကြီးချန် စိတ်ထဲမှ တွေးလိုက်မိသည်

ငါက မိုးပြာနဂါးမျိုးနွယ်စုကမှ မဟုတ်တာ...

ငါ့မှာ အဓိက နိယာမ ၉၉၂ ခု ရှိတာပဲ...

အဲ့ထဲက တစ်ခုခုနဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်လာလို့ မရဘူးလား...

ဘာဖြစ်လို့ တစ်ခုတည်းအပေါ်မှာပဲ စွဲလမ်းနေရမှာလဲ...

သို့သော်လည်း သူ၏ နှစ်သက်မှုရမှတ်ကို တိုးပွားစေရန်အတွက် သူသည် ထုံးစံအတိုင်းပင် မျက်နှာသာပေးသည့် ပုံစံမျိုး ပြုလုပ်လိုက်သည်။

"ဒါက မဖြစ်မနေ လုပ်ရမှာပေါ့"

"မင်းကိုယ်တိုင်လည်း ပြောခဲ့တယ်လေ၊ ဒါက ငါနဲ့ မိုးပြာနဂါးမျိုးနွယ်စုကြားက ကံကြမ္မာ အနှောင်အဖွဲ့ပဲလို့"

"ကံကြမ္မာက မင်းကို အသက်ပြန်ရှင်အောင် လုပ်ပေးဖို့ ငါ့ကို လမ်းညွှန်နေတာလည်း ဖြစ်နိုင်ပါတယ်"

"မင်းကို ဒီကမ္ဘာမြေဆီ ပြန်ရောက်ရှိစေဖို့အတွက်၊ ငါ့ကိုယ်ငါ စနစ်တကျ စနစ်တကျ စတေးပြီး အင်မော်တယ်ဧကရာဇ် မဖြစ်လာနိုင်တော့တာက ဘာအရေးလဲ"

ဤစကားလုံးများကို အလွန်ပင် ရဲရင့်ပြတ်သားစွာ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိကိုယ်ကိုယ် စတေးမှုမှာ တကယ့်ကို စိတ်လှုပ်ရှားဖွယ် ကောင်းပေသည်။ သို့သော်လည်း စိတ်မကောင်းစရာမှာ မိုးပြာနဂါးဧကရီသည် လွန်ခဲ့သောရက်များကတည်းက သူ့ထံမှမခွာဘဲ စောင့်ကြည့်နေခဲ့သဖြင့် သူသည် အကျိုးအမြတ်မရှိလျှင် ဘာတစ်ခုမှမလုပ်တတ်သည့် လူစားမျိုးဖြစ်ကြောင်း စောစောစီးစီးကတည်းက ရိပ်မိထားခဲ့ပြီးဖြစ်သည်။ ဤစကားကို ကြားလိုက်ရသည့်အခါ၊ သူမသည် စိတ်လှုပ်ရှားသွားခြင်း မရှိသည့်အပြင် သံသယများပါ ဝင်လာသည်။

"မင်းက ပုံမှန်မဟုတ်ဘဲ ပြုမူနေတာပဲ... မင်း တစ်ခုခုကို မကောင်းကြံစည်ဖို့ ပြင်ဆင်နေတာတော့ မဟုတ်ဘူးမလား"

"ကောင်းကင်ကြီးက သက်သေပါပဲ... အစ်မကြီး၊ ဒီစကားက တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ စေတနာနဲ့ လုပ်ပေးတာကို၊ သံသယဝင်နေတာလား"

"ဟိဟိ... ဟိဟိ... မင်းအကြောင်း ဘယ်သူမသိလို့လဲ"

မိုးပြာနဂါးဧကရီ ရယ်မောပြီးနောက် သက်ပြင်းချလိုက်မိသည်

"မင်းရဲ့ စေတနာကိုတော့ ငါ အသိအမှတ်ပြုပါတယ်"

"ဒါပေမဲ့ ငါ့အပေါ်မှာတော့ အသက်သွင်းခြင်းက အသုံးမဝင်ပါဘူး"

"ငါက အမှန်တကယ် သေဆုံးသွားခဲ့တာ မဟုတ်ဘူး၊ ဒါကြောင့် အသက်ပြန်ရှင်အောင် လုပ်လို့မရဘူး"

ထိုအချိန်တွင် အစ်ကိုကြီးချန်သည်လည်း အသက်သွင်းခြင်း စွမ်းရည်ကို ထိုအသံထွက်ပေါ်ရာ လားရာဆီသို့ ချိန်ရွယ်ကြည့်လိုက်ရာ အမှန်တကယ်ပင် အသက်သွင်းရန် ပစ်မှတ်မရှိသည်ကို တွေ့ရှိလိုက်ရ၏။

All Chapters