နဂါးစည်းခတ်ကန်
Vol. 41 Ch. 407
"မိုးပြာနဂါးရဲ့ မျိုးနွယ်စုဘိုးဘေးကြီး"
"ဧကရီ... အသက်ရှင်နေသေးတာပဲ"
နှစ်ပေါင်း ၅၀ ဘီလီယံတိုင်တိုင် ပျောက်ကွယ်နေခဲ့သော မိုးပြာနဂါးဧကရီ ပြန်လည်ထွက်ပေါ်လာခြင်းသည် နဂါးမျိုးနွယ်စုတစ်ခုလုံးအတွက် ကမ္ဘာမြေကြီး တုန်ဟိန်းသွားစေသည့်အလား အပြောင်းအလဲကြီးတစ်ခု ဖြစ်နေသည်။ ဤသတင်းသာ အပြင်သို့ပျံ့နှံ့သွားပါက မိစ္ဆာမျိုးနွယ်စုအပြင် အင်မော်တယ်နှင့် မိစ္ဆာလောကထဲတွင်ပင် ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေမည်မှာ အသေအချာပင်။ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ တည်ရှိမှုသည် အရာအားလုံးအပေါ် သက်ရောက်မှုရှိသည်။ ထို့ပြင် သူမသည် သာမန်အင်မော်တယ်ဧကရာဇ်တစ်ပါးမဟုတ်ဘဲ အင်မော်တယ်လောက၏ ပထမဆုံးသောမိုးပြာနဂါးဖြစ်နေ၏။
"မျိုးနွယ်စုဘိုးဘေး... ဘိုးဘေး ဘယ်မှာလဲ"
မိုးပြာနဂါးချိုင့်ဝှမ်းရှိ နဂါးမျိုးနွယ်စုဝင်အများအပြားသည် ဘေးပတ်ပတ်လည်ကို ဝေဝေဝါးဝါးဖြင့် လိုက်လံရှာဖွေနေကြသော်လည်း သူမ၏အသံကိုသာ ကြားရပြီး စစ်မှန်သောခန္ဓာကိုယ်ကိုမူ မမြင်တွေ့ကြရချေ။
"အစ်မကြီးက အချိန်ကိုက် ထွက်လာပေးတယ်နော်"
သူမ၏ နောက်ပြောင်ကျီစယ်လိုသော အသံသည် အစ်ကိုကြီးချန်၏ နားထဲသို့ ရောက်ရှိလာခဲ့သော်လည်း အခြားသူများမှာမူ ကြားရပုံမပေါ်ချေ။
"မင်းက မိုးပြာနဂါးချိုင့်ဝှမ်းထဲမှာပဲ လှုပ်ရှားနိုင်တာ မဟုတ်ဘူးလား"
ဤအစ်မကြီး၏ နောက်ဆုံးကျန်ရှိနေသော ဝိညာဉ်အစအနလေးသည် မူလက ကောင်းကင်နှင့် မြေကြီးကြားတွင် မကြာမီ ပျောက်ကွယ်သွားရမည်ဖြစ်သည်။ သူမ မွေးဖွားရာနေရာဖြစ်သော မိုးပြာနဂါးချိုင့်ဝှမ်းသို့ ပြန်လည်ထွက်ပြေးလာနိုင်ခဲ့၍သာ ထိုဝိညာဉ်အစအနလေးသည် ယနေ့ထက်တိုင် တည်တံ့နေခြင်း ဖြစ်သည်။
ဆန်းလင်က ပြုံးလျက်
"ဒါတွေအားလုံးက မောင်လေးပေါ်လာလို့ပါပဲ။ ပုံစံကိုးမျိုးသွေးမျိုးဆက်မှာ အပိုဆောင်း နဂါးမူလသက်စောင့်အားတွေ ရှိနေတာ။ မင်းရဲ့ဘေးနားမှာ နေရတာကြောင့် ငါ့ရဲ့ ဒီဝိညာဉ်အစအနလေးက အကန့်အသတ်မရှိ ဆက်ပြီးတည်တံ့နေနိုင်တာပေါ့" ဟု ဆိုသည်။
အစ်ကိုကြီးချန်၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီး
"ဒါဆိုရင် ငါက မင်းကို အကြီးအကျယ် ကူညီပေးလိုက်တာပေါ့ ဟုတ်လား"
"မှန်တာပေါ့"
"ဒါဆိုရင် မင်းအနေနဲ့ တစ်ခုခုပြန်ပြီး ကျေးဇူးဆပ်ရမှာ မဟုတ်ဘူးလား"
ဤစကားကို အသံလွှင့်မှုမှတစ်ဆင့် ပြောဆိုခဲ့၍သာ တော်တော့သည်။ သို့မဟုတ်ပါက ဘေးနားရှိ ဆန်းကျိသာကြားလျှင် ရူးမတတ် ဖြစ်သွားပေလိမ့်မည်။ မိုးပြာနဂါး၏ မျိုးနွယ်စုဘိုးဘေးကြီးကိုပင် ပြန်လည်တောင်းဆိုဝံ့သည်မှာ တကယ့်ကို ရိုသေမှုမရှိသောလုပ်ရပ်ပင်။
သို့သော်လည်း မိုးပြာနဂါးဧကရီသည် ဤအရာကြောင့် ဒေါသထွက်ပုံမရချေ။ သူမက ပြုံးပင်ပြုံးလိုက်သေးကာ
"မင်း ဘယ်လိုမျိုး လိုချင်လို့လဲ... အနမ်းတစ်ပွင့်ဆိုရင်ကော ဘယ်လိုလဲ"
ဘာကြီးလဲ...
အစ်ကိုကြီးချန်၏ နဖူးမှ ချွေးစက်များမှာ ရေတံခွန်ကဲ့သို့စီးကျလာ၏။
ဆန်းကျိ၊ ဆန်းချုံး၊ ယီခုန်းတို့ရေ... မင်းတို့ရဲ့ ဧကရီကို ကျေးဇူးပြုပြီး ထိန်းသိမ်းကြပါဦး၊ သူမကို ပိုပြီး သိက္ခာရှိရှိ နေခိုင်းကြပါဦး...
သူက စိတ်ထဲမှနေ၍ မကျေမနပ် ညည်းတွားနေသော်လည်း နှုတ်မှထွက်လာသော စကားများမှာမူ အလွန်ပင် ရိုးသားလှပေသည်။
"ဟွန့်... မင်းက အခုအချိန်မှာ ခန္ဓာကိုယ်အစစ်အမှန်တောင် မဖော်ဆောင်နိုင်သေးဘဲနဲ့ ငါ့ကို လေထုကြီးကိုပဲ လှမ်းနမ်းခိုင်းနေတာလား"
သူမပြောခဲ့ဖူးသော အင်မော်တယ်လောကရဲ့ ထိပ်သီးအလှပဂေးငါးယောက်ဆိုသည့်အချက်ကို သူအမှန်တကယ် စိတ်ဝင်စားကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။ သဘာဝကျကျပြောရလျှင် ဤအရာအားလုံးက သူမပြောသောစကားများ မှန်ကန်မှု ရှိ၊ မရှိကို အတည်ပြုရန်အတွက်သာ။ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးချန်က တကယ့်ကို စေ့စပ်သေချာသူတစ်ဦးဖြစ်သည်။
"နောင်တစ်ချိန်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး..."
ဆန်းလင်သည် သူ၏နားရွက်နားသို့ ထပ်မံကပ်၍ ပြောလိုက်ပြန်ရာ သူမ၏အသံမှာ အလွန်နူးညံ့ပြီး ယားကျိကျိဖြစ်စေသဖြင့် သူ၏အရိုးထဲအထိပင် အရည်ပျော်မတတ် ခံစားလိုက်ရသည်။ အစ်ကိုကြီးချန်က ဤအတိုင်းသာ ဆက်သွားနေပါက သူသည် တစ်နေ့တွင် အသံကြောင့် လွှမ်းမိုးခံရသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု တွေးမိ၏။
"ဒါဆိုရင်တော့ လောလောဆယ်မှာ ဒါကို အကြွေးအဖြစ်မှတ်ထားလိုက်မယ်။ နောင်ကျမှ ပြန်ဆပ်ရမယ်၊ ကတိမဖျက်ကြေး"
"ဟိဟိဟိ..."
ဘေးနားရှိ အခြားသော သက်ရှိများမှာမူ ထိုနဂါးဧကရာဇ်နှစ်ပါးက မည်သည့်အရေးကြီးသောအကြောင်းအရာ ဆွေးနွေးနေကြသည်ကို မသိရှိကြချေ။ သို့သော်လည်း ကောင်းကင်ထက်ရှိ နဂါးပြာဧကရာဇ်သည် အတွေ့အကြုံရှိသူပီပီ ကနဦးထိတ်လန့်ပြီးနောက် အမှန်တရားကို ရိပ်မိသွားခဲ့သည်။
"ဆန်းလင်... ကြည့်ရတာ မင်းမှာ ဝိညာဉ်အစအနလေးတစ်ခုပဲ ကျန်တော့တာပဲ"
"မင်း တကယ်ပဲ အသက်ရှင်နေသေးတယ်လို့ ငါအောက်မေ့နေတာ"
ဤစကားကို ကြားလိုက်ရသောအခါ ကွင်းပြင်တစ်ခုလုံးတွင် ထပ်မံ၍ ဆူညံပွက်လောရိုက်သွားပြန်သည်။ အထူးသဖြင့် မိုးပြာနဂါးချိုင့်ဝှမ်းရှိ နဂါးမျိုးနွယ်စုဝင်အားလုံးမှာမူ ကြီးမားသော ဝမ်းသာမှုမှနေ၍ ချက်ချင်းပင် ကြီးမားသော ဝမ်းနည်းမှုဆီသို့ ရောက်ရှိသွားကြ၏။ သူတို့သည် မိုးပြာနဂါးဧကရီက ထပ်မံထွက်ပေါ်လာပြီး သူတို့ကို အောင်မြင်မှုဆီသို့ ဦးဆောင်ပေးလိမ့်မည်ဟု တွေးထားခဲ့ကြသည်။
"ရွှမ်းမင်... ငါ့မှာ ဝိညာဉ်အစအနလေးပဲ ကျန်တော့တာကို ဝမ်းသာသင့်ပါတယ်"
"ငါသာ အသက်ရှင်နေသေးရင် မင်း ဒီနေ့ ဒူးထောက်ပြီး ပြန်ပြေးရလိမ့်မယ်"
မိုးပြာနဂါးဧကရာဇ်နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ ဆန်းလင်သည် သူမ၏ မောက်မာပြီး လွှမ်းမိုးချုပ်ကိုင်လိုသောပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်သည်။
ဤစကားကိုကြားရသောအခါ သူမ၏နောက်ကွယ်ရှိ ဆန်းကျိ၊ ယီခုန်းနှင့် အခြားသော နဂါးမျိုးနွယ်စုဝင်များမှာ စိတ်လှုပ်ရှားကာ ခံစားချက်များ ပြင်းထန်လာခဲ့သည်။ ယခင် မိုးပြာနဂါးဧကရီအနေဖြင့် ထိုကဲ့သို့သော စကားမျိုးကို ပြောဆိုရန် အမှန်တကယ်ပင် အရည်အချင်းရှိပေသည်။ လျင်မြန်ခြင်းနိယာမသည် ဖမ်းဆုပ်ရန် ခက်ခဲလှသဖြင့် အခြားသော နဂါးဧကရာဇ်နှစ်ပါးစလုံးပင် သူမကြောင့် စိတ်ပျက်ဒေါသထွက်ခဲ့ကြ၏။ မိုးပြာနဂါး ဧကရာဇ်သည်လည်း ထိုအချိန်ကို ထင်ထင်ရှားရှား ပြန်လည်မှတ်မိပုံရပြီး ခေါင်းကိုက်သလိုပင် ခံစားလိုက်ရသည်။
"မင်းက သူ့ကို တကယ်ပဲ ကာကွယ်ပေးတော့မှာလား"
"သူက မိုးပြာနဂါး သွေးမျိုးဆက်ကို ရရှိထားတဲ့ လူသားမျိုးနွယ်တစ်ယောက်သာ ဖြစ်တယ်ဆိုတာကို မင်းလည်းသိမြင်နိုင်သင့်ပါတယ်"
"လူသားမျိုးနွယ်တစ်ယောက်ကို မိုးပြာနဂါးအရှင်အဖြစ် တင်မြှောက်လိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းမတွေးမိဘူးလို့ ငါမယုံဘူး"
"ဒီလူက ဒီကိုရောက်လာတာ ရက်ပိုင်းပဲရှိသေးတယ်။ ပြီးတော့ သူက မိုးပြာနဂါးမျိုးနွယ်နဲ့ ငါတို့မျိုးနွယ်ကြား ပတ်သက်မှုဖြတ်တောက်ကြောင်း ချက်ချင်းကြေညာခဲ့တယ်"
"အခုလည်း သူက မျိုးနွယ်နှစ်ခုကြား စစ်ပွဲဖြစ်လုနီးပါး ဖန်တီးခဲ့ပြန်ပြီ။ ငါ့အနေနဲ့ သံသယဖြစ်မိတာကတော့ သူဟာ ငါတို့ နဂါးမျိုးနွယ်စုကို ဖျက်ဆီးဖို့အတွက် အင်မော်တယ်လောကကနေ စေလွှတ်လိုက်တဲ့ လက်နက်တစ်ခု ဖြစ်လိမ့်မယ်..."
နဂါးပြာချိုင့်ဝှမ်းနှင့် ရွှေနဂါးချိုင့်ဝှမ်းမှ နဂါးမျိုးနွယ်စုဝင်အများအပြားသည် သူ၏စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းငြိတ်လိုက်ကြသည်။ အမှန်တကယ်ပင် လူသားမျိုးနွယ်သည် တစ်ချိန်က နဂါးမျိုးနွယ်စု၏ အကြီးမားဆုံးသောရန်သူ ဖြစ်ခဲ့ဖူးသည်။ သူတို့အနေဖြင့် လူသားမျိုးနွယ်တစ်ယောက်ကို နဂါးမျိုးနွယ်စု၏ခေါင်းဆောင်အဖြစ် လက်ခံရန် အမှန်တကယ်ပင် ခက်ခဲလှပေသည်။ ထိုလူသည် မိုးပြာနဂါး သို့မဟုတ် ရွှေနဂါးဘက်မှ မဟုတ်သည့်တိုင် ၎င်းက နဂါးမျိုးနွယ်စုတစ်ခုလုံး၏ အထွေထွေအခြေအနေအပေါ် သက်ရောက်မှုရှိမည်ဖြစ်၏။
"တော်လောက်ပြီ..."
မိုးပြာနဂါးဧကရီက သူ၏စကားကို စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်သည်။
"ရွှမ်းမင်... မင်းရဲ့ အသုံးမဝင်တဲ့ ပြဇာတ်တွေကို တော်လိုက်တော့"
"သူက နဂါးမျိုးနွယ်စုဝင် မဟုတ်ဘူးလို့ ဘယ်သူပြောလဲ"
"ငါကတော့ သူဟာ မိုးပြာနဂါးတစ်ကောင်ဖြစ်ပြီး၊ အသန့်စင်ဆုံးမိုးပြာနဂါးလို့ပြောမယ်"
အစ်ကိုကြီးချန်သည် သူ့အစ်မကြီးက အတိတ်ကာလကတည်းက အကျိုးအကြောင်းပြပြီး စကားပြောတတ်သူတစ်ဦးမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော်လည်း ဤကဲ့သို့ ကာကွယ်ပေးမှုအပေါ် သူ အလွန်ကျေနပ်မိ၏။
ဆန်းကျိ၊ ဆန်းချုံး၊ ယီခုန်းနှင့် အခြားသော အဆင့်မြင့်အကြီးအကဲကြီးများကလည်း ချက်ချင်းတုံ့ပြန်လိုက်ကြသည်
"မှန်တယ်"
"ငါတို့ မိုးပြာနဂါးရဲ့ မျိုးနွယ်စုဘိုးဘေးကြီးကတောင် ပြောပြီးပြီပဲ၊ မင်းတို့ ဘာလို့ နောက်မဆုတ်ကြသေးတာလဲ"
"မိုးပြာနဂါးအကြောင်းကို သူမထက် ပိုပြီး နားလည်တဲ့သူရှိဦးမလား"
"ဟားဟားဟားဟားဟား..."
ကောင်းကင်ထက်ရှိ ရွှမ်းမင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဆန်းလင်... မင်းက သူဟာ နဂါးမျိုးနွယ်စုဝင်အစစ်လို့ ပြောနေမှတော့ သူ့ကို နဂါးစည်းခတ်ကန်မှာ စမ်းသပ်ခိုင်းဝံ့ရဲ့လား"
မိုးပြာနဂါးဧကရီက လှောင်ပြောင်လိုက်ပြီး ပြောလိုက်သည်။
"ရွှမ်းမင်... မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ဘီလီယံက အချိန်တွေထဲမှာပဲ ပိတ်မိနေတုန်းပဲလား။ နဂါးစည်းခတ်ကန်က စွန့်ပစ်ခံထားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ"
"သူသာ သဘောတူမယ်ဆိုရင် ငါ့အနေနဲ့ နဂါးစည်းခတ်ကန်ကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် နှစ်ပေါင်းဘီလီယံချီတဲ့ အားထုတ်မှုတွေကို အသုံးပြုဖို့ အဆင်သင့်ပဲ"
"ငါက သဘောတူလိမ့်မယ်လို့ မင်းထင်နေတာလား"
ရွှမ်းမင်က တည်ငြိမ်စွာဖြင့်ဆိုသည်။
"ရွှေစစ်ရင် မီးမကြောက်ပါဘူး။ မင်းက သူ့ခန္ဓာကိုယ်အစစ်အမှန် ပေါ်သွားမှာကို ကြောက်နေတာလား"
ဆန်းလင်၏အသံက အေးစက်သွားပြီး ပြောလိုက်သည်။
"သူက အခုအချိန်မှာ မိုးပြာနဂါးမျိုးနွယ်ရဲ့ နဂါးဧကရာဇ်ဖြစ်နေပြီ။ နဂါးစည်းခတ်ကန်ကို အသုံးပြုတာက သူ့အဆင့်အတန်းကို စော်ကားတာပဲ၊ အဲဒါကို မင်းကိုယ်တိုင်လည်း သိပါတယ်"
ဘေးပတ်ပတ်လည်ရှိ အခြားသော နဂါးမျိုးနွယ်စုဝင်များကလည်း အချင်းချင်းဆွေးနွေးလိုက်ကြသည်
"နဂါးစည်းခတ်ကန်ဆိုတာ နဂါးမျိုးနွယ်စုဝင်တွေကို ရာထူးဘွဲ့တံဆိပ်တွေ ပေးအပ်ဖို့အတွက်ပဲ အသုံးပြုတာလေ။ နဂါးဧကရာဇ်တစ်ပါးက အမြင့်ဆုံးအဆင့်မှာ ရှိနေပြီးသားကို၊ ဘယ်လိုလုပ်ပြီး ဘွဲ့တံဆိပ် ထပ်ပေးလို့ရမှာလဲ"
"ဟုတ်တယ်... ဒါကတော့ နည်းနည်းလွန်သွားပြီ"
ဘေးပတ်ပတ်လည်မှ ပြောဆိုသံများကို နားထောင်ရင်း အစ်ကိုကြီးချန်လည်း စိတ်ဝင်စားလာသည်။ သူက ဆန်းလင်ကို တိုးတိုးတိတ်တိတ် မေးလိုက်၏
"နဂါးစည်းခတ်ကန်ဆိုတာ ဘာလဲ"
"လွန်ခဲ့တဲ့ နှစ်ပေါင်းဘီလီယံဆယ်ချီကာလတုန်းက နဂါးမျိုးနွယ်စုဟာ အင်မော်တယ်နဲ့ မိစ္ဆာလောကတွေနဲ့ မဟာစစ်ပွဲကြီးကို တရားဝင်စတင်ခဲ့ကြတယ်"
ဆန်းလင်က ဖြည်းညင်းစွာ ရှင်းပြသည်။
"အဲဒီမတိုင်ခင်တုန်းက လူသားမျိုးနွယ် ကျင့်ကြံသူ အများအပြားနဲ့ နဂါးမျိုးနွယ်စုဝင်တွေဟာ နီးနီးကပ်ကပ် ဆက်ဆံခဲ့ကြဖူးပြီး အချို့ဆိုရင် မျိုးစပ်တာတွေတောင် ရှိခဲ့ကြတယ်။ စစ်ပွဲ စတင်ပြီးတဲ့နောက်မှာတော့ ထိုလူသားမျိုးနွယ်တွေနဲ့ နဂါးတစ်ပိုင်းမျိုးနွယ် အများစုဟာ အင်မော်တယ်နဲ့ မိစ္ဆာလောကဘက်ကို ကူးပြောင်းသွားခဲ့ကြတယ်။ ဒါ့အပြင် အချို့သော အင်မော်တယ်နဲ့ မိစ္ဆာကျင့်ကြံသူတွေက နဂါးပုံစံတွေအဖြစ် ပြောင်းလဲပြီး နဂါးမျိုးနွယ်စုထဲကို တမင်တကာ ခိုးဝင်လာခဲ့ကြပြီးတော့ စုံစမ်းထောက်လှမ်းတာတွေနဲ့ လုပ်ကြံသတ်ဖြတ်တာတွေကို နည်းမျိုးစုံသုံးပြီး လုပ်ဆောင်ခဲ့ကြတယ်။ သူတို့ရဲ့ တည်ရှိမှုက နဂါးမျိုးနွယ်စုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တာပေါ့"
အစ်ကိုကြီးချန်က နားလည်ကြောင်း ပြသလိုက်သည်။ မိမိတို့လူမျိုးကဲ့သို့ ဟန်ဆောင်ကာ အတွင်းပိုင်း ပဋိပက္ခများ ဖန်တီးခြင်းက အမှန်တကယ်ပင် ကြီးမားသော ထိခိုက်မှုကို ဖြစ်စေနိုင်သည်။
"ပြီးတော့ရော"
"စစ်မှန်တဲ့ နဂါးမျိုးနွယ်စုဝင်တွေကို ခွဲခြားသိမြင်နိုင်ဖို့၊ ပြီးတော့ မဟာနဂါးချိုင့်ဝှမ်းသုံးခုကို ပေါင်းစည်းပြီး နဂါးမျိုးနွယ်စုရဲ့အင်အားကို တစ်စုတစ်စည်းတည်း နေရာချထားနိုင်ဖို့အတွက် နဂါးစည်းခတ်ကန်ဆိုတာ ထွက်ပေါ်လာခဲ့တာပဲ။ ဒါက ငါ၊ ရွှေနဂါးအစ်ကိုကြီးနဲ့ ရွှမ်းမင်တို့ အတူတူ ပူးပေါင်းပြီးဖန်တီးခဲ့တဲ့ စမ်းသပ်ချက်တစ်ခုပဲ။ နဂါးစည်းခတ်ကန်မှာ စုစုပေါင်း ကန်ကိုးကန်ရှိတယ်...
အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အပြာရင့်ရောင်၊ ခရမ်းရောင်၊ အဖြူရောင်နဲ့ အမည်းရောင်တို့ဖြစ်ပြီး နဂါးမျိုးနွယ်စုဝင်အားလုံးက အစီအစဉ်အတိုင်း ဝင်ရောက်ရတာ။ ငါတို့သုံးယောက်က အဲဒီအချိန်တုန်းက သေဆုံးသွားခဲ့တဲ့ နဂါးမျိုးနွယ်စုဝင်တွေရဲ့ အရိုးတွေနဲ့ သွေးမျိုးဆက် မျိုးစေ့တွေကို ကန်တွေထဲကို ထည့်သွင်းထားခဲ့ကြတယ်။ အဲ့တာက ပမာဏအရမ်းများပြီး ဧကရာဇ်တစ်ပိုင်းအဆင့်တင် အနည်းဆုံး တစ်ရာထက်မနည်း ပါဝင်တယ်... စစ်မှန်တဲ့ နဂါးမျိုးနွယ်စုဝင်တွေ ဝင်သွားတဲ့အခါ နဂါးအရိုးတွေရဲ့အစွမ်းကို လှုံ့ဆော်ပေးပြီး မြှင့်တင်ပေးနိုင်တယ်။ သို့သော်လည်း ပြင်ပမျိုးနွယ်က ဖြစ်နေမယ်ဆိုရင်တော့ နဂါးအရိုးနဲ့ သွေးမျိုးဆက်မျိုးစေ့တွေရဲ့ ငြင်းပယ်မှုကြောင့် အလွန်ပြင်းထန်တဲ့ အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ အနီရောင်ကန်ထဲကို ခြေလှမ်းလိုက်တာနဲ့တင် သူတို့ဟာ နေရာမှာတင် ခန္ဓာကိုယ် ပျက်စီးသွားလိမ့်မယ်။ ဧကရာဇ်တစ်ပိုင်းအဆင့်ထက်မနိမ့်တဲ့ နဂါးတစ်ပိုင်းမျိုးနွယ် သူလျှိုတွေတောင် လိမ္မော်ရောင်ကန်ကို မဖြတ်ကျော်နိုင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂါးစည်းခတ်ကန်ဆိုတာ ခွန်အားတစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ဘဲ သန့်စင်မှုအပိုင်းကိုပါ ကြည့်ရှုစမ်းသပ်တာဖြစ်လို့ပဲ..."