← Chapters

ငါအောင်မြင်သွားရင်ရော

Vol. 41 Ch. 408

ငါအောင်မြင်သွားရင်ရော

Vol. 41 Ch. 408

"ငါ့မှာ ပုံစံကိုးမျိုးမိုးပြာနဂါးရဲ့ ပြီးပြည့်စုံတဲ့သွေးမျိုးဆက်ရှိတယ်လေ... အဲဒါက မလုံလောက်သေးဘူးလို့ ပြောမလို့လား"

ကျန်းချန်သည် နဂါးစည်းခတ်ကန်၏ စမ်းသပ်ချက်ကို အရေးတယူလုပ်မနေခဲ့ချေ။ သို့သော်လည်း ဆန်းလင်ကမူ ထိုသို့ မတွေးပေ။

"မင်းရဲ့ သွေးမျိုးဆက်က ပြီးပြည့်စုံတဲ့ မိုးပြာနဂါးသွေးမျိုးဆက် ဖြစ်တာကတော့ အမှန်ပဲ။ ဒီသွေးမျိုးဆက်ရဲ့ အကာအကွယ်ကို အားကိုးပြီးတော့ အဝါရောင်ကန်အထိတော့ အသက်ရှင်လျက် ရောက်နိုင်လိမ့်မယ်"

"ဒါပေမဲ့ မင်းက အဝါရောင်ကန်အထိပဲ ရောက်မယ်ဆိုရင်တော့၊ ရွှမ်းမင်က ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"

"သာမန်နဂါးဘုရင်တွေတောင် အစိမ်းရောင်ကန်အထိ ရောက်နိုင်ကြတာ"

"မင်းက အဲဒီအဆင့်အထိ မရောက်နိုင်ဘူးဆိုရင်တော့ မင်းမှာ ပြဿနာတစ်ခုခုရှိနေတယ်ဆိုတာကို နဂါးမျိုးနွယ်စုတစ်ခုလုံး သိသွားကြလိမ့်မယ်"

သူမသည် မိုးပြာနဂါးမျိုးနွယ်၏ မျိုးနွယ်စုဘိုးဘေးကြီးဖြစ်သလို နဂါးစည်းခတ်ကန်ကို ဖန်တီးခဲ့သူများထဲမှ တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် သူမသည် ကျန်းချန်၏ အခြေအနေကို အလွန်ကောင်းမွန်စွာ နားလည်ထားသဖြင့် သူမ၏ ဆုံးဖြတ်ချက်မှာ အခြားသူများထက် ပိုမိုတိကျနေ၏။

"ငါက ဘာလို့မရောက်နိုင်ရမှာလဲ... ငါ့မှာ ဘာတွေလိုအပ်နေလို့လဲ"

"မင်းရဲ့ မိုးပြာနဂါးခန္ဓာကိုယ်က သွေးမျိုးဆက်ပါရမီကြောင့် ထွက်ပေါ်လာတာပဲ။ မင်းမှာ တကယ့် အစစ်အမှန်နဂါးအရိုး မရှိဘူး"

"ယောင်မျိုးနွယ်စုက ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အဓိကထားတာဖြစ်လို့ အရိုးတွေက အလွန်အမင်း အရေးပါတယ်"

"ဒါ့အပြင် အစစ်အမှန်နဂါးအရိုးကပဲ နဂါးစည်းခတ်ကန်ရဲ့ ငြင်းပယ်မှုကို မခံရမှာ။ အရိုးတွေ အလွန်သန်မာလှပါတယ်ဆိုတဲ့ ကျားမျိုးနွယ်စု၊ ဝက်ဝံမျိုးနွယ်စုနဲ့ မျောက်မျိုးနွယ်စုလို အဖွဲ့တွေ ဝင်ရောက်ရင်တောင်မှ ပျက်စီးခြင်းကနေ မလွတ်မြောက်နိုင်ကြဘူး"

ကျန်းချန် ဤအကြောင်းကို သေချာစဉ်းစားကြည့်လိုက်သောအခါ အမှန်တရားဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူသည် မိုးပြာနဂါး၏ အနှစ်သာရသွေးကိုသာ စုပ်ယူခဲ့ခြင်းဖြစ်ပြီး မိုးပြာနဂါး၏ အရိုးများကို စုပ်ယူခဲ့ခြင်းမဟုတ်ချေ။ ထိုမိုးပြာနဂါးခန္ဓာကိုယ်မှာ ပြီးပြည့်စုံသောပုံသဏ္ဌာန်ရှိပြီး အတွင်းပိုင်းအရိုးများမှာလည်း မိုးပြာနဂါးအတိုင်း ထင်မှတ်ရသော်လည်း ၎င်း၏ အခြေခံမှာမူ လူသားမျိုးနွယ်ခန္ဓာကိုယ်သာ ဖြစ်နေသေးသည်။ ၎င်းက တကယ့် နဂါးအရိုးအစစ်အမှန် မဟုတ်ပေ။

ဆန်းလင်က ဆက်လက်၍...

"နဂါးစည်းခတ်ကန်ရဲ့ အတွင်းပိုင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်းရောက်လေ အရိုးနဲ့ သွေးမျိုးဆက်မျိုးစေ့တွေရဲ့ စွမ်းအားက ပိုပြီးကြမ်းတမ်းခက်ထန်လာလေပဲ။ အလွှာတစ်ခုချင်းစီက အရင်အလွှာထက် အဆပေါင်းများစွာ ပိုပြီးအန္တရာယ်များတယ်"

"အတိတ်တုန်းကတော့ ဒီကန်ကို ရာထူးဘွဲ့တံဆိပ်တွေ ပေးအပ်ဖို့အတွက် အမှန်တကယ် အသုံးပြုခဲ့တာ"

"ဒါက ချိုင့်ဝှမ်းသုံးခုက နဂါးမျိုးနွယ်စုတွေပူးပေါင်းပြီး စစ်တိုက်ခဲ့ကြတဲ့ စစ်ပွဲကာလတုန်းကဖြစ်ပြီး တစ်စုတစ်စည်းတည်း ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ခဲ့တာ"

"သူတို့ နဂါးစည်းခတ်ကန်ထဲကို ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ခြေလှမ်းနိုင်လဲဆိုတဲ့အပေါ် မူတည်ပြီး ချိုင့်ဝှမ်းသုံးခုက နဂါးမျိုးနွယ်စုဝင်တွေကို မတူညီတဲ့ရာထူးတွေ ပေးအပ်ခဲ့ကြတာ"

"ဆန်းကျိနဲ့ ဆန်းချုံးတို့လို လူမျိုးတွေဆိုရင် အဲဒီအချိန်တုန်းက ခရမ်းရောင်ကန်အထိ ခြေလှမ်းနိုင်ခဲ့ကြတာပေါ့"

ကျန်းချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဧကရာဇ်တစ်ပိုင်းတွေတောင် အဲဒီအဆင့်အထိပဲ ရောက်နိုင်တာလား... ဒါဆိုရင် နောက်ဆုံး အမည်းရောင်ကန်ထဲကို ဘယ်သူဝင်နိုင်မှာလဲ။ နဂါးဧကရာဇ်သုံးပါးလား"

"ဖူး..."

မိုးပြာနဂါးဧကရီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်း ငါတို့ကို ဘာအောက်မေ့နေလဲ"

"နဂါးစည်းခတ်ကန်ဆိုတာ နဂါးမျိုးနွယ်စုရဲ့ ဗိုလ်ချုပ်တွေနဲ့ ဝန်ကြီးတွေကို ရာထူးဘွဲ့တံဆိပ်တွေပေးဖို့ အသုံးပြုတာလေ။ ငါတို့က နဂါးဧကရာဇ်တွေဖြစ်နေပြီပဲ ဘာဖြစ်လို့ ရာထူးဘွဲ့တံဆိပ် ထပ်ယူနေဖို့လိုဦးမှာလဲ"

ထို့ကြောင့် နဂါးဧကရာဇ်သုံးပါးအနေဖြင့် အတွင်းသို့ဝင်ရောက်ရန် မလိုအပ်ချေ။ စောစောက နဂါးပြာဧကရာဇ်က နဂါးစည်းခတ်ကန်အကြောင်း ပြောဆိုခဲ့စဉ်က နဂါးမျိုးနွယ်စုဝင်အားလုံးက ၎င်းသည် နဂါးဧကရာဇ်တစ်ပါးအတွက် စော်ကားမှုတစ်ခုဟု ခံစားခဲ့ကြရသည်မှာ မဆန်းတော့ပေ။ စဉ်းစားကြည့်လျှင် ဧကရာဇ်တစ်ပါး အဆင့်အတန်းနှင့် ဗိုလ်ချုပ်၊ ဝန်ကြီးများအား ဘွဲ့တံဆိပ်ပေးသည့် စမ်းသပ်ချက်ထဲသို့ဆင်းပြီး ကစားနေခြင်းက မိမိ၏အဆင့်အတန်းကို ကိုယ်တိုင်နိမ့်ကျစေခြင်း မဟုတ်ပါလား...

"စိတ်မပူပါနဲ့၊ ငါ မင်းအတွက် သူ့ကိုငြင်းပယ်ပေးမယ်"

"ငါ့ရဲ့ မိုးပြာနဂါးချိုင့်ဝှမ်းက ကိစ္စတွေက သူနဲ့မဆိုင်ဘူး"

ဤအစ်မကြီးဆန်းလင်မှာ ဝိညာဉ်အစအနလေးတစ်ခုသာ ကျန်ရှိတော့သော်လည်း သူမသည် အလွန်ပင်စွမ်းအားကြီးမားကာ လွှမ်းမိုးချုပ်ကိုင်လိုဆဲဖြစ်ပြီး သူ့ကို အလွန်ကာကွယ်ပေးထားဆဲဖြစ်သည်။ သို့သော်လည်း ကျန်းချန်ကမူ ထိုသို့လုပ်ရန် မလိုအပ်ကြောင်း ဆိုလိုက်၏။

"ဟင့်အင်း... မဟုတ်တာ၊ ငါ စမ်းကြည့်ချင်တယ်”

ငါ မကြောက်ဆုံးက သေခြင်းတရားပဲ...

အကယ်၍ သေပြီး အသက်ပြန်ရှင်လာရင် အကျိုးကျေးဇူးတောင်တစ်ခုခု ရဦးမှာလေ...

အဆင့်အတန်းတို့ ဘာတို့ထက်စာရင်၊ လက်တွေ့ကျတဲ့ အကျိုးကျေးဇူးကသာ အကောင်းဆုံးဖြစ်သည်။

မိုးပြာနဂါးဧကရီသည် ခဏမျှတိတ်ဆိတ်သွားပြီးနောက် ငွေဆည်းလည်းသံကဲ့သို့သော ရယ်မောသံကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။

"မောင်လေး... မင်းရဲ့ အစ်မကြီးရှေ့မှာ ကြွားချင်ရုံသက်သက်နဲ့ ဒီလိုမျိုး အသက်အန္တရာယ်ကို အလောင်းအစား လုပ်စရာမလိုပါဘူး"

"မင်း မသွားရင်တောင်မှ၊ ဒါက ငါ့စိတ်ထဲက မင်းအပေါ် ပေးထားတဲ့အမှတ်ကို လျော့သွားစေမှာမဟုတ်ဘူး"

ကျန်းချန်၏ ခေါင်းပေါ်တွင် အနက်ရောင်မျဉ်းကြောင်းများ ဖုံးလွှမ်းသွားခဲ့ရသည်။

အစ်မကြီးရေ... မင်းကလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ ဆရာကြီးတစ်ယောက်ပဲထင်တယ်...

သူက ချက်ချင်းပင် လိုက်ဖက်ညီစွာ ဝင်ပြောလိုက်သည်

"ဟုတ်ပါပြီ... အလှပဂေးတစ်ယောက်အတွက် ဒေါသထွက်ပြရတာပေါ့..."

"ဟွန့်... ငါ စိတ်လှုပ်ရှားသွားလား၊ မသွားဘူးလား ခန့်မှန်းကြည့်စမ်း"

"ငါ့အထင်တော့ မင်း တိုးတိုးတိတ်တိတ် မျက်ရည်တွေတောင် သုတ်နေလောက်ပြီ"

"ဟားဟား... မင်းက တကယ်ကို ချစ်ဖို့ကောင်းလွန်းတာပဲ။ ဘယ်လိုလုပ်ရမလဲ... အစ်မကြီးက မင်းကို ပိုပိုပြီးသဘောကျလာပြီ"

"ဒါဆိုရင်တော့ အခွင့်အရေးကို လက်လွတ်မခံနဲ့နော်၊ ငါက တော်တော်လေး နာမည်ကြီးတာ"

"အို... ဟုတ်လို့လား... ဒါကတော့ နောင်ကျမှ မင်းရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်တာပေါ့။ မင်းရဲ့ အစ်မကြီးကိုလိုက်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်..."

ကျန်းချန်သည်လည်း ဤအရာက သူမ၏စရိုက်သဘာဝမျှသာဖြစ်ကြောင်း သိရှိသည်။ သူမက ခန့်မှန်းရခက်ခဲလှသဖြင့် သူမ၏စကားအားလုံးကို အတည်မှတ်ယူမိပါက အဆုံးသတ်တွင် အလွန်ဆိုးရွားစွာ သေဆုံးသွားရပေလိမ့်မည်။ သူတို့ စကားပြောသည့် အကြိမ်တိုင်းတွင်လည်း အရေးကြီးသော ကိစ္စရပ်များကို အမြဲတမ်း ထူးဆန်းသော လမ်းကြောင်းတစ်ခုဆီသို့ ဦးတည်သွားစေ၏။ အခြားသော နဂါးမျိုးနွယ်စုဝင်များသာ ဤစကားဝိုင်းကိုကြားရလျှင် မည်သို့တုံ့ပြန်ကြမည်ကို သိမည်မဟုတ်။

ကောင်းကင်ထက်ရှိ နဂါးပြာဧကရာဇ်သည် အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့သည်။

"ဘာလဲ... မင်း မလုပ်ရဲဘူးလား။ မင်းရဲ့ ခန္ဓာကိုယ်အစစ်အမှန် ပေါ်သွားမှာကို ကြောက်နေတာလား"

"ငါလုပ်ရဲတယ်"

ကျန်းချန်က လက်တစ်ဖက်ကို မြှောက်လိုက်သည်။

"ငါက မိုးပြာနဂါးမျိုးနွယ်ရဲ့ သန့်စင်တဲ့အဖွဲ့ဝင်တစ်ယောက်ပဲ၊ ဘာကြောက်နေစရာရှိလို့လဲ"

မထင်မရှားရှိနေသော မိုးပြာနဂါးဧကရီသည် ဤတစ်ကြိမ်တွင်မူ သူ့ကို ငြင်းပယ်ရန် ထပ်မံမဖျောင်းဖျတော့ချေ... သူမ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။

"ကောင်းပြီ"

ကောင်းကင်ထက်ရှိ နဂါးပြာဧကရာဇ်သည် ဤကိစ္စကို ချက်ချင်းပင် အတည်ပြုလိုက်သည်။

"ဆန်းလင်... မင်းလည်း ကြားတယ်မလား၊ သူကိုယ်တိုင် သဘောတူလိုက်ပြီ"

"နဂါးဧကရာဇ်တစ်ပါးအနေနဲ့ ငါပြောတဲ့စကားက အလေးအနက်ရှိတယ်"

"မင်း ကန့်ကွက်ရင်တောင်မှ အသုံးမဝင်တော့ဘူး"

ဆန်းလင်က ခပ်ဖွဖွသက်ပြင်းချလိုက်ရင်းဆိုသည်။

"ဟူး... မင်းတို့သဘောအတိုင်းပဲ လုပ်ကြပါတော့..."

နဂါးပြာဧကရာဇ်သည် နဂါးစည်းခတ်ကန်ကို ပြင်ဆင်ရန် ပြန်လည်ထွက်ခွာတော့မည်ကို မြင်တွေ့ရသောအခါ ကျန်းချန်က သူ့ကို ရပ်တန့်ရန် လှမ်းအော်လိုက်သည်။

"ခဏစောင့်ဦး"

"ဘာလဲ... မင်းလို ဂုဏ်သိက္ခာရှိတဲ့ နဂါးဧကရာဇ်တစ်ပါးက ကတိဖျက်ချင်လို့လား"

"မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါက တကယ့်ကို မိုးပြာနဂါးမျိုးနွယ်ရဲ့ စစ်မှန်တဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်နေရင်ကော ဘာလုပ်မလဲ"

ကျန်းချန်သည် လေထဲသို့ ဖြည်းညင်းစွာ ပျံသန်းသွားပြီး နဂါးဧကရာဇ်၏ မျက်လုံးများကို လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ တည့်တည့်စိုက်ကြည့်လိုက်သည်။

"ငါက တကယ်ပဲ မိုးပြာနဂါးမျိုးနွယ်ကဖြစ်နေရင် ငါ့ရဲ့နဂါးဧကရာဇ် အထောက်အထားက ဘာမှပြဿနာမရှိဘူးဆိုရင်..."

"မင်းက နဂါးဧကရာဇ်တစ်ပါးကို နဂါးစည်းခတ်ကန်ထဲဝင်ခိုင်းပြီး အဆင့်အတန်းကို နှိမ့်ချစေခဲ့တာပဲ။ အဲဒီအချိန်ကျရင် မင်းအနေနဲ့ ထိုက်တန်တဲ့လျော်ကြေးကို ပေးနိုင်ပါ့မလား"

လျော်ကြေး ဟုတ်လား...

ဘာကို လျော်ရမှာလဲ...

နဂါးပြာဧကရာဇ်သည် ဤအချက်ကို အမှန်တကယ်ပင် မစဉ်းစားထားခဲ့ချေ။ သူသည် မူလက ကောင်းကင်လျှို့ဝှက်ချက်များမှတစ်ဆင့် ကျန်းချန်သည် နဂါးမျိုးနွယ်စုဝင်မဟုတ်ကြောင်း တွက်ချက်ထားခဲ့ပြီးဖြစ်သလို ယခု သူ့ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အခါတွင်လည်း နဂါးအရိုးရှိမနေကြောင်း ပို၍သေချာသွားသည်။ ထို့ကြောင့် သူသည် အနူးအညွတ် တောင်းပန်ရန်ဟူသော အချက်ကို လုံးဝစဉ်းစားမထားခဲ့ချေ။

ဆန်းလင်သည် ကျန်းချန်၏ အစ်မကောင်းတစ်ဦးပီပီ အရေးကြီးသောအချိန်တွင် သူ့ကိုထောက်ခံပေးလိမ့်လေသည်။ ဤစကားကို ကြားရသောအခါ သူမက ချက်ချင်းဝင်ပြောလိုက်၏

"မှန်တယ်... ရွှမ်းမင်၊ နဂါးဧကရာဇ်တစ်ပါးကို နဂါးစည်းခတ်ကန်ထဲဝင်ခိုင်းတာက ဘာကိုဆိုလိုလဲဆိုတာ မင်း သိသင့်ပါတယ်"

သူမ၏အသံမှာ ရုတ်တရက် စူးရှကျယ်လောင်သွားခဲ့ပြီး

"ဒါက ငါတို့ မိုးပြာနဂါးမျိုးနွယ်တစ်ခုလုံးကို စော်ကားလိုက်တာပဲ"

"မင်းက နဂါးစည်းခတ်ကန်ကိုအသုံးပြုဖို့ အဆိုပြုခဲ့တာဖြစ်လို့၊ မင်းမှားသွားခဲ့ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကိုခံယူဖို့ ပြင်ဆင်ထားသင့်တယ်"

ဆန်းကျိ၊ ဆန်းချုံး၊ ယီခုန်းနှင့် အခြားသော မိုးပြာနဂါးချိုင့်ဝှမ်းမှ အဆင့်မြင့်အကြီးအကဲကြီးများသည်လည်း သူ့ကိုထောက်ခံရန်အတွက် ချက်ချင်း ပျံသန်းရောက်ရှိလာကြသည်။

"မှန်တယ်... မင်းမှားသွားရင်ကော ဘာလုပ်မလဲ"

"မိုးပြာနဂါးမျိုးနွယ်ရဲ့ ဧကရာဇ်တစ်ပါးကို ဘာတန်ဖိုးမှမပေးဘဲနဲ့ ဒီအတိုင်း ဘယ်လိုလုပ် စော်ကားလို့ရမှာလဲ"

"ဒီကိစ္စကို အဲဒီအချိန်ကျရင် ဒီအတိုင်း ပြီးသွားခွင့်ပြုမယ်လို့ မထင်နဲ့ဦး"

နဂါးပြာဧကရာဇ်သည် ဒေါသထွက်မသွားဘဲ ခေါင်းကိုခါယမ်းကာ ခပ်ဖွဖွရယ်မောလိုက်သည်။ သူ့အမြင်တွေက လုံးဝမမှားတာ သေချာပေသည်။ ကျန်းချန်အနေဖြင့် စမ်းသပ်ချက်ကို အောင်မြင်ရန်မဖြစ်နိုင်ချေ။ ထို့ကြောင့် ဤအရာက သူ့ကိုခြောက်လှန့်ရန်အတွက် တမင်တကာ ဟန်ဆောင်နေခြင်းသာဖြစ်ရမည်။ ဖဲမကောင်းဘဲနှင့် အခြားသူများ လောင်းကြေးမထည့်ဝံ့အောင် တမင်တကာ လောင်းကြေးမြှင့်ပြီး ခြောက်လှန့်နေသည့် လူတစ်ယောက်ကဲ့သို့ပင်။ သူက ဘယ်လိုလုပ်ပြီး အလှည့်စားခံရပါမည်နည်း...

ထို့ကြောင့် သူက ကျန်းချန်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

"ဒါဆိုရင် မင်းက တကယ်ပဲ နဂါးမျိုးနွယ်စုဝင်မဟုတ်ဘဲ စမ်းသပ်ချက်မှာ ရှုံးနိမ့်သွားရင်ကော ဘာလုပ်မလဲ"

ကျန်းချန်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင်

"မင်း သဘောရှိတာသာ လုပ်လိုက်ပါ... ငါ နဂါးစည်းခတ်ကန်ထဲမှာပဲ သေသွားမလား ဒါမှမဟုတ် ငါ ထွက်လာပြီးတဲ့နောက် မင်းငါ့ကို တစ်ကြိမ်လောက်သတ်မလား ကြိုက်သလိုလုပ်ပါ"

ဟု ဆိုသည်။

နဂါးပြာဧကရာဇ်က ခေါင်းကိုခါယမ်းကာ "ဒါက မလုံလောက်သေးဘူး" ဟု ဆိုသည်။

"အို... မင်းရဲ့ လောဘက တော်တော်ကြီးတာပဲ။ တခြား ဘာလိုချင်သေးလို့လဲ"

"မိုးပြာနဂါးချိုင့်ဝှမ်းအတွင်းမှာရှိတဲ့ လူသားမျိုးနွယ်ဝင်အားလုံးကို နှင်ထုတ်ရမယ်။ ငါတို့ နဂါးမျိုးနွယ်စုရဲ့ နယ်မြေထဲမှာ တစ်ယောက်မှကျန်ခဲ့လို့မရဘူး"

ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ သူတို့နောက်ကွယ်ရှိ ဖေးရှန်ဂိုဏ်းမှ လူများအပြင် ရှောင်ခွန်း၊ ကျိယွန်းနှင့် အခြားသူများအားလုံး မျက်မှောင်ကုတ်သွား၏။ ဤနဂါးပြာဧကရာဇ်၏ လူသားများအပေါ် ခွဲခြားဆက်ဆံမှုက ပြင်းထန်လှသည်။

ကျန်းချန်က ခေါင်းငြိတ်လိုက်ပြီး ပြတ်ပြတ်သားသားပင်ဆိုသည်။

"ကောင်းပြီ"

ထို့နောက် သူကပြန်မေးလိုက်သည်

"အကယ်၍ ငါသာ စမ်းသပ်ချက်ကို အောင်မြင်သွားရင်ကော"

"မင်းမှာ ပုံစံကိုးမျိုးမိုးပြာနဂါးရဲ့ သွေးမျိုးဆက်ရှိတာကို ငါသိပါတယ်။ လူသားတစ်ယောက်အနေနဲ့တောင် မင်း အနည်းဆုံး အဝါရောင်ကန်အထိတော့ ရောက်နိုင်တယ်"

နဂါးပြာဧကရာဇ်က ဖြည်းညင်းစွာပြောလိုက်သည်

"မင်းက နဂါးဧကရာဇ်တစ်ပါး ဖြစ်နေတာမလို့၊ စမ်းသပ်ချက် အောင်မြင်တယ်လို့ သတ်မှတ်နိုင်ဖို့ အနည်းဆုံး အပြာရောင်ကန်အထိတော့ ရောက်ရမယ်။ ဒါကတော့ မလွန်ဘူးမလား"

All Chapters