အခန်း ၉၁
Vol. 10 Ch. 91
အခန်း - ၉၁
ရှီလဲ့သည် နောက်ဖေးလမ်းကြားတွင် ယဲ့ဖုန်းနှင့် စတင်တွေ့ဆုံစဉ်ကတည်းက ယဲ့ဖုန်း၏နောက်ကြောင်းကို ကြားသိပြီးနောက် သူ့အတွက် အစီအစဉ်တစ်ခု ကြိုတင်ချမှတ်ထားခဲ့ပြီးဖြစ်သည်။ သစ္စာတရားကို လက်ကိုင်ထားသည့် အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး၊ ထို့ပြင် အကြပ်အတည်းဆိုက်နေသည့် ထူးချွန်ထက်မြက်သော စစ်သည်တစ်ဦးဆိုသည်မှာ တကယ့်ကို ရှားပါးလှသည့် ပါရမီရှင်ပင် မဟုတ်ပါလား။
သူ၏ လွန်ခဲ့သောဘဝတုန်းက ရှီလဲ့သည် သူပါဝင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့အစည်း၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ သေဆုံးခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော ၆ နှစ်ခန့်ဆီသို့ ပြန်လည်ဝင်စားခွင့် ရခဲ့သော်လည်း၊ အကယ်၍ သူသာ ပြန်လည်ဝင်စားခွင့် မရခဲ့လျှင် ဘာဖြစ်သွားနိုင်မည်နည်း။
ထိုနက်နဲဆန်းကြယ်ပြီး အင်အားကြီးမားလှသည့် အဖွဲ့အစည်းနှင့် ရင်ဆိုင်ရချိန်တွင် ရှီလဲ့သည် ကြီးမားလှသော ဖိအားနှင့် ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။ ထိုအဖွဲ့အစည်းကို ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် ရှီလဲ့သည် သူ၏ကိုယ်ပိုင်အင်အားစုကို တည်ဆောက်ရန် စတင်စီစဉ်နေခဲ့ခြင်းဖြစ်သည်။
ယဲ့ဖုန်းသည် ဤအစီအစဉ်၏ ပထမဆုံးနှင့် အရေးအကြီးဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ရှီလဲ့သည် သူ၏ကျွမ်းကျင်မှုကို အသုံးချ၍ ယဲ့ဖုန်းအား နိုင်ငံတော်အဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်မှ လွတ်မြောက်အောင် ကူညီပေးခဲ့ပြီး ဗွိုက်စင် နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။ အကြောင်းမှာ ရှီလဲ့သည် ယဲ့ဖုန်းအား သူ့အတွက် အပြည်ပြည်ဆိုင်ရာ ကြေးစားစစ်သားအဖွဲ့အစည်းတစ်ခု တည်ထောင်ပေးစေလိုသောကြောင့်ဖြစ်သည်။
ငြိမ်းချမ်းရေးကာလတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို ပိုင်ဆိုင်နိုင်ရန် ဤနည်းလမ်းတစ်ခုသာ ရှိပေသည်။
သို့သော် အပြည်ပြည်ဆိုင်ရာ ကြေးစားစစ်သားအဖွဲ့အစည်းတစ်ခု တည်ထောင်ခြင်းမှာ စကားပြောရုံဖြင့် ဖြစ်မြောက်နိုင်သည်မဟုတ်။ များပြားလှသည့် ပြဿနာများစွာ ရှိနေပြီး အရေးအကြီးဆုံးမှာ "ငွေကြေး" ပင်ဖြစ်သည်။
ဤကဲ့သို့ အဖွဲ့အစည်းတစ်ခု တည်ထောင်ရန်အတွက် ကြီးမားသော ငွေကြေးရင်းနှီးမြှုပ်နှံမှု လိုအပ်သည်။ ဌာနချုပ်နှင့် အခြေစိုက်စခန်း တည်ဆောက်ခြင်းမှအစ အဖွဲ့ဝင်များ စုဆောင်းခြင်း၊ လက်နက်ခဲယမ်းများ ဝယ်ယူခြင်းနှင့် လစာပေးခြင်းတို့အထိ အရာအားလုံးသည် ငွေပေါ်တွင်သာ မူတည်သည်။
ရှီလဲ့မှာမူ ထိုစဉ်က တစ်ပြားတစ်ချပ်မှ မရှိခဲ့ပေ။ ထို့ကြောင့် သူသည် အပြုံးထောက်လှမ်းရေးပရိုဂရမ်ကို ရေးသားကာ ဈေးကြီးကြီးဖြင့် ရောင်းချခဲ့ပြီး ထိုရရှိလာသည့်ငွေကို ကနဦးအရင်းအနှီးအဖြစ် အသုံးချခဲ့ခြင်းဖြစ်သည်။
ည ၉ နာရီခန့်တွင် ချန်ယွဲ့ထံမှ အီးမေးလ် ပြန်လည်ရောက်ရှိလာသည်။ ရှီလဲ့သည် အီးမေးလ်ကို အမြန်ဖတ်ပြီးနောက် ချက်ချင်း အကြောင်းပြန်ကြားလိုက်သည်။
အီးမေးလ် ပို့ပြီးသည်နှင့် ရှီလဲ့သည် သူ၏အဆောင်ရှိ ကွန်ပျူတာကို ထိန်းချုပ်ကာ ရွှမ်ချင်း တက္ကသိုလ်၏ အများသုံးဆာဗာထဲသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် ထိုဆာဗာမှတစ်ဆင့် မိုဘိုင်းလ်ဝန်ဆောင်မှု အခြေစိုက်စခန်းသို့ ချိတ်ဆက်ကာ သူ၏ဖုန်းနံပါတ် အချက်အလက်များကို ပြုပြင်ပြောင်းလဲလိုက်သည်။ ရဲတပ်ဖွဲ့၏ ကြားဖြတ်နားထောင်ခြင်းကို ကာကွယ်ရန် သူ၏ဖုန်းနံပါတ်ကို အသုံးမပြုရသေးသည့် နံပါတ်တစ်ခုနှင့် ယာယီချိတ်ဆက်ထားလိုက်ခြင်းပင် ဖြစ်သည်။
ချန်ယွဲ့ထံမှ အီးမေးလ် ပြန်ကြားချက် အမြန်ရောက်လာသည်။ ရှီလဲ့သည် ဖုန်းနံပါတ်ပြောင်းသည့်ကိစ္စကို အပြီးသတ်ပြီးရုံသာရှိသေးသည်။ ရှီလဲ့သည် ထိုနံပါတ်ကို ခေါ်ဆိုလိုက်ရာဗွိုက်စင်မှ နံပါတ်ဖြစ်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် အခြေစိုက်စခန်းထဲတွင် အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုစနစ်ကိုအနည်းငယ် ပြုပြင်ပြီးဖြစ်၍ ခေါ်ဆို၍ ရနေခဲ့သည်။
"ဟယ်လို" ရှီလဲ့က အကဲခတ်သည့်လေသံဖြင့် စပြောလိုက်သည်။
ယဲ့ဖုန်း၏ အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည် - "ရှီလဲ့၊ ဘာကိစ္စရှိလို့လဲ"
ရှီလဲ့က အသံကိုနှိမ့်ကာ မေးလိုက်သည် - "ယဲ့ဖုန်း၊ မင်းတို့ဘက်မှာ အခြေအနေ ဘယ်လိုလဲ... အားလုံး ဘေးကင်းရဲ့လား.."
ယဲ့ဖုန်းက ပြန်ဖြေသည် - "အရာအားလုံး ပုံမှန်ပါပဲ... ဗွိုက်စင်နဲ့ ရှနိုင်ငံက ဆက်ဆံရေးသိပ်မကောင်းဘူး... တရားခံလွှဲပြောင်းပေးရေးစာချုပ်လည်း မရှိတော့ ရှနိုင်ငံ ရဲတပ်ဖွဲ့က ငါ့ကို လာဖမ်းဖို့ နည်းလမ်းမရှိပါဘူး"
"အော်..." ရှီလဲ့ ခေတ္တစဉ်းစားပြီးနောက် ထပ်မေးလိုက်သည် - "ယဲ့ဖုန်း၊ ရှောင်လင်းရော ဘယ်လိုလဲ.. ရိုးတွင်းခြင်ဆီ လှူမယ့်သူ ရှာတွေ့ပြီလား"
ယဲ့ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ဖြေသည် - "ရှာတွေ့ပြီ အခု ရိုးတွင်းခြင်ဆီ အစားထိုးကုသဖို့ စီစဉ်နေပြီ... အရာအားလုံး အဆင်ပြေရင် ပြန်ကောင်းလာဖို့ အခွင့်အလမ်း အများကြီးရှိတယ်"
ရှီလဲ့လည်း ဝမ်းသာသွားမိသည်။ အကယ်၍ ဒန်ရှောင်လင်းသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ယဲ့ဖုန်းအတွက် တကယ့်ကို အခက်တွေ့ပေလိမ့်မည်။ "ယဲ့ဖုန်း၊ မင်းပေးထားတဲ့ ကတိကို မှတ်မိသေးရဲ့လား"
ယဲ့ဖုန်း ခေတ္တတိတ်ဆိတ်သွားပြီးနောက် ခိုင်မာစွာပြောလိုက်သည် - "ရှီလဲ့၊ ငါ့ကတိကို ငါမမေ့ပါဘူး မင်းက ငါ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပြီး ငါတို့ကို ဘေးကင်းကင်းနဲ့ နိုင်ငံခြား ပို့ပေးခဲ့တယ်... ဒီနေ့ကစပြီး ငါ့အသက်ဟာ မင်းအပိုင်ပဲ ဒါပေမဲ့ ငါ့ကို အချိန်နည်းနည်းတော့ ပေးစေချင်တယ် ရှောင်လင်းရဲ့ ခွဲစိတ်မှုပြီးမှ မင်းရဲ့ကျေးဇူးကို ငါပြန်ဆပ်ပါရစေ"
"ကောင်းပြီ၊ မလောပါဘူး" ရှီလဲ့က ဆက်မေးသည် - "ယဲ့ဖုန်း၊ ရှောင်လင်း နေပြန်ကောင်းလာလို့ မင်း ဗွိုက်စင်နိုင်ငံမှာ ဆက်နေခွင့်ရရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
ယဲ့ဖုန်း သူ့ဘာသာ ပြန်စဉ်းစားမိသည်။ သူ ဂျပန်စကား ပြောတတ်သော်လည်း သူသည် ထူးချွန်သော အထူးတပ်ဖွဲ့ဝင်တစ်ဦးသာ ဖြစ်သည်။ သူ၏ ကျွမ်းကျင်မှုအားလုံးမှာ စစ်မြေပြင်အတွက်သာ ဖြစ်ပြီး မြို့ပြဘဝမှာ သူနှင့် လုံးဝမအပ်စပ်ပေ။ ရုံးတက်ရုံးဆင်းအလုပ်ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ သူ့အတွက် မဖြစ်နိုင်မှန်း သူသိသည်။
"မင်းရော ဘယ်လိုထင်လဲ" ယဲ့ဖုန်းက ပြန်မေးလိုက်သည်။
ရှီလဲ့က အစီရင်ခံသလို လေသံမျိုးဖြင့် စတင်ပြောလိုက်သည် - "ရှနိုင်ငံရဲ့ အခြေအနေအရ မင်း ဒီဘဝမှာ ပြည်တွင်းကို ပေါ်ပေါ်ထင်ထင် ပြန်လာဖို့ဆိုတာ တော်တော်ခက်လိမ့်မယ်... ရှောင်လင်းကိုလည်း နိုင်ငံထဲမှာ တစ်ယောက်တည်း ပြန်မနေစေချင်ဘူး မဟုတ်လား ရှောင်လင်း နေကောင်းလာရင် ပညာသင်ရဦးမယ်... မင်း ဘာဆက်လုပ်မလဲ... ဗွိုက်စင်မှာပဲ အေးအေးဆေးဆေး နေမယ်ဆိုရင်ရော ဘယ်လို အသက်မွေးဝမ်းကျောင်းပြုမလဲ မင်းမှာ ယွမ် ၄ သန်း ရှိတယ်ဆိုပေမဲ့ ဗွိုက်စင်နိုင်ငံရဲ့ ကုန်ဈေးနှုန်းနဲ့ဆိုရင် ကြာကြာခံမှာမဟုတ်ဘူး"
ယဲ့ဖုန်းက တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည် - "ရှီလဲ့၊ မင်းမှာ ဘာအစီအစဉ်ရှိလဲ" ရှီလဲ့တွင် ရည်ရွယ်ချက်တစ်ခုခု ရှိနေမည်ကို သူရိပ်မိပြီးသားဖြစ်သည်။ ဤကမ္ဘာတွင် အကြောင်းပြချက်မရှိဘဲ ချစ်ခြင်း၊ မုန်းခြင်းဆိုသည်မှာ မရှိပေ။ ရှီလဲ့က သူတို့ကို ကူညီပေးခဲ့သည်ဆိုလျှင် နောက်ကွယ်တွင် တစ်ခုခုရှိရမည်။
"ယဲ့ဖုန်း၊ ငါပွင့်ပွင့်လင်းလင်းပဲ ပြောမယ်.. မင်းလို အထူးတပ်ဖွဲ့ဝင် တစ်ယောက်က မြို့ပြဘဝနဲ့ အသားကျမှာမဟုတ်ဘူး.. ဒါကြောင့် မင်းကို အာဖရိက လွှတ်ပြီး အပြည်ပြည်ဆိုင်ရာ ကြေးစားစစ်သားအဖွဲ့အစည်းတစ်ခု တည်ထောင်စေချင်တယ်"
ယဲ့ဖုန်း အသက်ရှူမှားသွားကာ လေးနက်သောလေသံဖြင့် ပြန်ပြောသည် - "ရှီလဲ့၊ မင်း တကယ်ပဲ ဘာလုပ်ချင်တာလဲ..မိခင်နိုင်ငံက ငါ့အပေါ် သစ္စာပျက်ခဲ့တယ်ဆိုဦးတော့၊ ငါကတော့ မကောင်းမှုတွေမှာ မင်းကို ကူညီမှာမဟုတ်ဘူး"
ရှီလဲ့ ရယ်မောလိုက်ပြီး - "ယဲ့ဖုန်း၊ မင်းက ငါ့ကို လူကောင်းတစ်ယောက်လို့ ထင်နေတာလား"
"ရှီလဲ့၊ အခုထိတော့ မင်းက လူကောင်းတစ်ယောက်လို့ ထင်ရပေမဲ့ ငါပြောခဲ့တဲ့စကားကိုတော့ မပြင်နိုင်ဘူး...ငါ့နိုင်ငံအပေါ် သစ္စာဖောက်မယ့်အလုပ်မျိုး ငါမလုပ်ဘူး" ယဲ့ဖုန်း၏ သဘောထားမှာ အလွန်ခိုင်မာသည်။ နိုင်ငံတော်က သူ့အပေါ် မတရားခဲ့သော်လည်း စစ်သားပီပီ နိုင်ငံအပေါ်ထားသည့် သူ၏သစ္စာတရားမှာ ယိမ်းယိုင်သွားခြင်းမရှိပေ။
"ကောင်းပြီ၊ ငါ အလျှော့ပေးပါတယ်" ရှီလဲ့က နောက်ပြောင်နေခြင်းမဟုတ်ဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည် - "ယဲ့ဖုန်း၊ ငါပြောတာကို သေချာနားထောင်ပါ.. မဟုတ်ရင် ငါက မင်းကို ဘေးကင်းအောင် ပို့ပေးနိုင်သလို၊ ဗွိုက်စင်မြေပေါ်မှာပဲ အသေလည်း သတ်ပစ်နိုင်တယ်"
ယဲ့ဖုန်း၏ ကျောရိုးထဲအထိ စိမ့်သွားသည်။ "ရှီလဲ့၊ ပြောစရာရှိတာသာ ပြောပါ ငါ့နှုတ်က ဘယ်တော့မှ ပေါက်ကြားမှာမဟုတ်ဘူးလို့ ကတိပေးပါတယ်"
ရှီလဲ့က ခနဲ့တဲ့တဲ့ဖြင့် - "ငါ့မှာ ရန်သူတစ်ယောက်ရှိတယ်... အလွန်အမင်း အင်အားကြီးတဲ့ ရန်သူပဲ ဒါပေမဲ့ အဲဒီရန်သူက ငါ့ကို သတိမထားမိသေးဘူး.. ဒီအချိန်မှာ ငါ့ကိုယ်ငါ အမြန်ဆုံး ဖွံ့ဖြိုးအောင် လုပ်ရမယ် မဟုတ်ရင် သူတို့ ငါ့ကို သိသွားတာနဲ့ ငါ့မှာ ပြန်ခုခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး.. မင်း နားလည်လား"
"ရှီလဲ့၊ ဆိုလိုတာက အဲဒီရန်သူကို တိုက်ဖို့ ကြေးစားစစ်သားအဖွဲ့ တည်ထောင်ချင်တာပေါ့ ဟုတ်လား" ယဲ့ဖုန်း နားလည်သွားပုံရသည်။
"အဲဒီသဘောပါပဲ" ရှီလဲ့ ခေါင်းခါလိုက်သည်။ ထိုရန်သူမှာ ကြေးစားစစ်သားအဖွဲ့လေးတစ်ခုနှင့် ရင်ဆိုင်၍ရမည့် အဆင့်မျိုးမဟုတ်ပေ။ "ယဲ့ဖုန်း၊ ငါ မင်းကို ကနဦး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၂ သန်း ပေးမယ်..မင်းရဲ့ အတွေ့အကြုံအရ ဒေါ်လာ ၂ သန်းနဲ့ ဘယ်အဆင့်အထိ လုပ်လို့ရမလဲ"
ယဲ့ဖုန်း ခေတ္တစဉ်းစားပြီးနောက် ရှင်းပြသည် - "ရှီလဲ့၊ ဒေါ်လာ ၂ သန်းဆိုရင် လူ ၂၀ ပါတဲ့ အဖွဲ့ငယ်လေးတစ်ဖွဲ့ကို တစ်နှစ်စာ အသုံးစရိတ်လောက်ပဲ ရှိမယ်"
ရှီလဲ့ မျက်မှောင်ကြုတ်သွားသည်။ ဤကိန်းဂဏန်းမှာ သူမျှော်လင့်ထားသည်ထက် များစွာကွာခြားနေသည်။ "တစ်ယောက်ကို တစ်နှစ် ဒေါ်လာ ၁ သိန်းတောင် ကုန်မှာလား"
ရဲ့ဖုန်းက ရှင်းပြသည် - "ဒေါ်လာ ၁ သိန်းဆိုတာ မများပါဘူး...အဲဒီထဲမှာ ၄ သောင်းက လစာ၊ ၁ သောင်းက စားစရိတ်၊ နေထိုင်စရိတ်နဲ့ တခြားကိစ္စတွေ ကျန်တဲ့ ၅ သောင်းကတော့ လက်နက်ကိရိယာ ထိန်းသိမ်းစရိတ်၊ ဆေးဝါး၊ မစ်ရှင်ထောက်ပံ့ကြေးနဲ့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတာတွေအတွက် လျော်ကြေးတွေလေ"
"နေဦး ယဲ့ဖုန်း၊ လွဲနေပြီ ငါက မင်းကို အခုချက်ချင်း တိုက်ပွဲဝင်ဖို့ ပြောတာမဟုတ်ဘူး... တခြား ကြေးစားစစ်သားတွေကို ငှားမယ့်အစား မင်းကိုယ်တိုင် စစ်သားသစ်တွေကို စုဆောင်းပြီး သစ္စာရှိတဲ့ စစ်သည်တွေဖြစ်အောင် လေ့ကျင့်ပေးစေချင်တာ... အာဖရိကမှာ အခြေစိုက်စခန်းတစ်ခု ဆောက်ပြီး စစ်သင်တန်းပဲ ပေးမယ်ဆိုရင် ဒေါ်လာ ၂ သန်းနဲ့ လူဘယ်နှစ်ယောက် ထိန်းထားနိုင်မလဲ"
ယဲ့ဖုန်း ပြန်တွက်ချက်ကြည့်သည် - "သင်တန်းပေးရုံသက်သက် ဆိုရင်တော့ လူ ၂၀၀ လောက်အထိ ရပါတယ် အဓိက အကုန်အကျများမှာက လက်နက်ဝယ်ယူတာနဲ့ ဆေးဝါးသုံးစွဲတာတွေပဲ"
ရှီလဲ့၏ မျက်လုံးများ တောက်ပသွားသည်။ "ကောင်းပြီ! လက်နက်နဲ့ ဆေးဝါးဝယ်ဖို့ အဆက်အသွယ် မင်းမှာရှိတယ် မဟုတ်လား"
"ပြဿနာမရှိပါဘူး" ယဲ့ဖုန်း စိတ်လှုပ်ရှားလာသည်။ စစ်သားပီပီ သူသည် မြို့ပြတွင် နေရသည်ထက် စစ်မြေပြင်တွင် ရှိနေရသည်ကို ပို၍ နှစ်သက်သည်။
"ဒါဆို အခုလောလောဆယ် ဒီလောက်ပဲ မာလျန် နဲ့ ကျန်းစန်းပေါင် တို့နဲ့ အရင်တိုင်ပင်ထားလိုက် ရှောင်လင်း ခွဲစိတ်မှုပြီးတာနဲ့ ဒီအစီအစဉ်ကို စတင်ကြမယ်" ရှီလဲ့၏ ကြီးကျယ်လှသော အစီအစဉ်၏ ပထမဆုံးခြေလှမ်းမှာ တရားဝင် စတင်ခဲ့ပြီဖြစ်သည်။
ဖုန်းချပြီးနောက် ရှီလဲ့သည် အခြေစိုက်စခန်းမှ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို ဖျက်ပစ်လိုက်ပြီး ကျူးကျော်ဝင်ရောက်ခဲ့သည့် အထောက်အထားအားလုံးကို ရှင်းလင်းကာ တက္ကသိုလ်ဆာဗာသို့ ပြန်သွားလိုက်သည်။
ထို့နောက် အာဖရိကမြေပုံနှင့် နိုင်ငံအသီးသီး၏ အချက်အလက်များကို ရှာဖွေကာ မည်သည့်နိုင်ငံက စစ်သင်တန်းပေးရန် အသင့်တော်ဆုံးဖြစ်မည်ကို လေ့လာဆန်းစစ်နေခဲ့သည်။
အာဖရိကသည် အမြဲတမ်း ပဋိပက္ခများဖြစ်ပွားရာနေရာဖြစ်ပြီး တိုက်ပွဲကြီး တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားနေတတ်သည်။ ထိုနိုင်ငံများက စစ်ဖြစ်ချင်၍မဟုတ်ဘဲ နောက်ကွယ်မှ အကျိုးစီးပွားရှာသူများ၏ လှည့်စားခြယ်လှယ်မှုကြောင့်သာ ဖြစ်သည်။
ရှီလဲ့သည် ချမ်းသာကြွယ်ဝသော နိုင်ငံများနှင့် စစ်အင်အားတောင့်တင်းသော နိုင်ငံများကို ပယ်ထုတ်လိုက်ပြီး နွမ်းပါးသော နိုင်ငံအချို့ကို စာရင်းပြုစုလိုက်သည်။
ထိုနိုင်ငံများသည် တိုက်ပွဲငယ်များ ဖြစ်ပွားနေပြီး အလွန်ဆင်းရဲကာ အစာရေစာငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့နေရသည့် နေရာများဖြစ်သည်။ ထိုကဲ့သို့ ဆင်းရဲမွဲတေသည့် နေရာများတွင်သာ လုံလောက်သော စစ်သားအင်အားကို စုဆောင်းနိုင်မည်ဖြစ်သည်။
အချက်အလက်များကို အကြမ်းဖျင်းကြည့်ရှုပြီးနောက် ရှီလဲ့သည် မှတ်စုအချို့ရေးမှတ်ကာ ခေတ္တနားလိုက်သည်။ ကျန်သည့် ကျွမ်းကျင်မှုဆိုင်ရာကိစ္စများကို ယဲ့ဖုန်းထံသို့သာ လွှဲအပ်ရန် ဆုံးဖြတ်လိုက်သည်။
ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရပြီး လီချိုင်၏ အသံသြသြ ထွက်ပေါ်လာသည်။
"အစ်ကိုကြီး ရှီလဲ့၊ အိပ်ပြီလား"
ရှီလဲ့ တံခါးဖွင့်ပေးလိုက်ရာ မျက်လုံးများ နီမြန်းနေသည့် လီချိုင်ကို တွေ့လိုက်ရသည်။ သူသည် အဝတ်အစားသစ်များ လဲလှယ်ထားသော်လည်း ငယ်ရွယ်သော မျက်နှာထက်တွင် ဝမ်းနည်းမှုများ ဖုံးလွှမ်းနေသည်။
"ဘာဖြစ်လို့လဲ" ရှီလဲ့က ဝမ်မင်အကြောင်းကို မပြောဘဲပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
လီချိုင်က ခေတ္တတွန့်ဆုတ်နေပြီးမှ - "အစ်ကိုကြီး၊ ကျွန်တော် အရက်သောက်ချင်တယ်"
ရှီလဲ့ မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း လီချိုင်၏ အခြေအနေအရ မူးအောင်သောက်လိုက်ခြင်းမှာ မဆိုးလှဟု တွေးမိသည်။
"မင်းက အရက်သောက်နိုင်လို့လား"
လီချိုင်က ခေါင်းငြိမ့်ပြကာ - "အစ်ကိုကြီး၊ ကျွန်တော် တော်တော်သောက်နိုင်ပါတယ်၊ စိတ်မပူပါနဲ့"
ရှီလဲ့ ခေတ္တစဉ်းစားပြီးနောက် - "ကောင်းပြီ၊ ဒီနေ့ မင်းကို ဘား ခေါ်သွားမယ် ငါတို့ ရွှမ်းဟူခရိုင်မှာ အကောင်းဆုံးဆိုတဲ့ ဘားကို သွားမယ်"