အခန်း ၉၃
Vol. 10 Ch. 93
အခန်း - ၉၃
မြရောင်စဉ်ဘား၏ အလယ်ခန်းမတွင် ကန်နွန် ကိုယ်စားလှယ်အဖွဲ့နှင့် ရှီလဲ့တို့ ထိပ်တိုက်ရင်ဆိုင်နေကြသည်။ မီဆူရှီတာ ကူဒါကို သည် မျက်နှာထားကို တင်းထားပြီး ရှီလဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“မစ္စတာ ရှီလဲ့... ရှနိုင်ငံဆိုတာ ရှေးကျတဲ့ ယဉ်ကျေးမှုထွန်းကားပြီး ယဉ်ကျေးပျူငှာတဲ့ နိုင်ငံပါ...အခု ကျွန်မတို့ ဒီနိုင်ငံမှာ မမျှတတဲ့ ဆက်ဆံမှုကို ခံနေရတယ်၊ အဲဒီတော့ ဒီမိန်းကလေးဆီကနေ တောင်းပန်မှုကို ကျွန်မတို့ မျှော်လင့်ပါတယ်” မီဆူရှီတာသည် ဝန်ထမ်းမိန်းကလေးငယ်ကို တိုက်ရိုက် လက်ညှိုးထိုးပြလိုက်သည်။
ရှီလဲ့က ဝန်ထမ်းမလေးကို ပြုံးလျက် ကြည့်ကာ “ညီမလေး... မကြောက်နဲ့ အခုနက ဘာဖြစ်တာလဲဆိုတာ ပြောပြပါဦး”
မြရောင်စဉ်ဘား၏ စီမံခန့်ခွဲရေးအဖွဲ့မှာလည်း ဘာဖြစ်နေသည်ကို သတိထားမိသွားပြီဖြစ်သည်။ ဗလကောင်းကောင်းနှင့် ထိပ်ပြောင်ပြောင် လူတစ်ယောက် လျှောက်လာပြီး သူ၏ရှေ့တွင် မျက်နှာဖြူဖြူနှင့် လူငယ်တစ်ယောက် ပါလာသည်။
ထိုလူငယ်မှာ မြရောင်စဉ်ဘား၏ ခန်းမမန်နေဂျာအာခန်း ဖြစ်သည်။
“ကျွန်တော် အာခန်းပါ၊ ဒီဘားရဲ့ မန်နေဂျာပါ။ ဒီမှာ ဘာဖြစ်နေတာလဲ” အာခန်း၏ အသံမှာ ပတ်ဝန်းကျင် ဆူညံသံများကြောင့် သိပ်မကြားရသဖြင့် သူက နောက်တစ်ကြိမ် ထပ်မေးရသည်။
မီဆူရှီတာက အာခန်းအား အကျိုးအကြောင်းကို အမြန်ရှင်းပြရင်း အိချိရို၏ ပါးပေါ်ရှိ လက်ဝါးရာနီနီကြီးကို လက်ညှိုးထိုးပြသည်။ “မန်နေဂျာခန်း... ရှင့်ရဲ့ ဝန်ထမ်းတွေက တော်တော်လေး အဆင့်အတန်း နိမ့်တာပဲ ကျွန်မသူငယ်ချင်းက သူ့ကို မတော်တဆ ထိမိရုံတင် ရှိသေးတယ်၊ သူက ပါးကို လွှဲရိုက်လိုက်တာ”
အာခန်းက ဝန်ထမ်းမလေးကို ကြည့်ကာ အေးစက်သောလေသံဖြင့် မေးလိုက်သည်။ “ကျိုးလေး... အဲဒါ တကယ်ပဲလား”
“မန်နေဂျာအာခန်း... အဲဒီလို မဟုတ်ပါဘူး။ ဒီလူက... သူ ကျွန်မကို နှောင့်ယှက်တာ၊ ကျွန်မ ရင်သားကို ကိုင်လိုက်တာပါ” ကျိုးလေးမှာ မျက်ရည်များ ဝဲလျက် အတင်းရှင်းပြနေရှာသည်။
အာခန်း မျက်မှောင်ကြုတ်သွားသည်။ ဘားကဲ့သို့သော နေရာမျိုးတွင် ဤကဲ့သို့သော အခြေအနေများမှာ အလွန်ပင် ရိုးအီနေပြီဖြစ်သည်။ သောက်သောက်စားစားနှင့် ဝန်ထမ်းမိန်းကလေးများကို လက်ပါတတ်သော ဧည့်သည်များ အမြဲရှိနေတတ်သည်။ အခြေအနေအတော်များများတွင် ဝန်ထမ်းမလေးများမှာ ကံဆိုးသည်ဟု သဘောထားကာ သည်းခံတတ်ကြသော်လည်း ကျိုးလေးမှာ လုပ်ငန်းခွင်သို့ အသစ်ရောက်လာသူ ဖြစ်သဖြင့် ဤကဲ့သို့သော “စည်းမျဉ်း” များကို နားမလည်သေးပေ။
“မစ္စကျိုး... မဟုတ်ကဟုတ်ကတွေ မပြောပါနဲ့” မီဆူရှီတာက ကျိုးလေးကို တည်တင်းသော အမူအရာဖြင့် ကြည့်ကာ “အထောက်အထားမရှိဘဲ လျှောက်ပြောရင် နင့်ကို အသရေဖျက်မှုနဲ့ တရားစွဲလို့ ရတယ်နော်”
“ကဲ... ကျိုးလေး၊ နင် အောက်ကိုပဲ အရင်ဆင်းသွားတော့ ငါ ကိုင်တွယ်လိုက်မယ်” အာခန်းက နှာခေါင်းရှုံ့လိုက်သည်။ သူ၏ လေသံအရ ဤကိစ္စကို အေးအေးဆေးဆေး ပြီးသွားအောင် ညှိနှိုင်းတော့မည်ဖြစ်ပြီး ကျိုးလေးအနေဖြင့် မတရားမှုကို အသာလေး ငုံ့ခံရတော့မည်မှာ ထင်ရှားလှသည်။
ရှီလဲ့က လက်ကို မြှောက်ကာ “နေဦး” ဟု တားလိုက်သည်။
အာခန်းနှင့် မီဆူရှီတာတို့က ရှီလဲ့ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ အာခန်းက မကျေမနပ်ဖြင့် “ဆရာ... တစ်ခုခု ကန့်ကွက်စရာ ရှိလို့လား”
“ဒီ ကျိုးလေးအတွက် တရားမျှတမှု ရသင့်တယ်လို့ ငါထင်တယ်” ရှီလဲ့က ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။ “ဒီဗွိုက်စင် နိုင်ငံသားတွေက အမြဲတမ်း တော်တော်စိတ်ပျက်ဖို့ ကောင်းတာပဲ သူတို့ ဒီလိုမျိုး လုပ်နိုင်တယ်ဆိုတာ ငါ့အတွက်တော့ မဆန်းဘူး”
မီဆူရှီတာက ရှီလဲ့ကို ကြည့်ကာ ယဉ်ကျေးဟန်ဖြင့် “မစ္စတာ ရှီလဲ့... ဒါက ကျွန်မတို့နဲ့ မြရောင်စဉ်ဘားကြားက ကိစ္စပါ ရှင် ဝင်မပါရင် ကောင်းမယ် ထင်တယ်နော်”
အာခန်းသည် ရှီလဲ့ကို မူလက ငေါက်ငမ်းရန် ပြင်ထားသော်လည်း မီဆူရှီတာ၏ ရှီလဲ့အပေါ် ဆက်ဆံပုံကို မြင်လိုက်ရသောအခါ စိတ်ပြောင်းသွားတော့သည်။
‘ဒီ ရှီလဲ့ ဆိုတဲ့လူက ဘယ်သူလဲ ဒီ ဂျပန်လူမျိုးတွေက သူ့ကို တော်တော်လေး ကြောက်နေကြတာပဲ။ သူက ဘာနောက်ခံအာဏာတွေ ရှိနေလို့လဲ နေဦး... ရှီလဲ့ ဒါဆိုရင်...’ အာခန်းသည် လန်ရှန်းကလပ်မှတစ်ဆင့် ကြားဖူးနားဝရှိသော သတင်းတစ်ခုကို ရုတ်တရက် သတိရသွားသည်။
သူ၏ ဖြူဖျော့သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “အော်... အစ်ကိုကြီး ရှီကိုး အစ်ကိုကြီးရှီ ကျွန်တော်တို့ မြရောင်စဉ်ဘားကို လာတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ”
ရှီလဲ့က အာခန်းကို ထူးဆန်းသလို ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် နားလည်သွားသည်။ သူနှင့် ယဲ့ဖုန်းတို့၏ ဆက်ဆံရေးမှာ လူမိုက်လောကထဲတွင် ပျံ့နှံ့နေပုံရသည်။ ကံကောင်းသည်မှာ ယဲ့ဖုန်းမှာ ယခုအခါ ဂျပန်သို့ ရောက်နေပြီဖြစ်သဖြင့် ဤသတင်းမှာ ရဲစခန်းအထိ ရောက်သွားလျှင်ပင် ရဲများက ရှီလဲ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
ရဲများသည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရသူများ ဖြစ်သဖြင့် ရှီလဲ့မှန်း သိနေလျှင်ပင် အထောက်အထား မရှိဘဲ ဘာမှမတတ်နိုင်ကြပေ။
“မင်းက အာခန်းမလား ဒီ ဂျပန်လူမျိုးတွေကို သေသေချာချာ စစ်မေးလိုက်ဦး... ငါတို့ ရှနိုင်ငံသားတွေကို သူတို့ လာနှိပ်စက်တာမျိုးကို လုံးဝ ခွင့်မပြုနိုင်ဘူး” ရှီလဲ့က လူကြီးလူကောင်း ပုံစံဖြင့် အမိန့်ပေးလိုက်သည်။
အာခန်းက ခေါင်းညိတ်ကာ “နားလည်ပါပြီ အစ်ကိုကြီးရှီ”
ကောင်တာတွင်မူ လီချိုင်မှာ တစ်ယောက်တည်း သောက်ရသည့် အဖြစ်သို့ ပြန်ရောက်သွားရှာသည်။ ပိုက်ဆံရှိသူကို မျှားရန် စောင့်နေသော အလှလေး လေးဦးမှာလည်း ထွက်သွားကြပြီ ဖြစ်သည်။ ဤငနဲလေးမှာ မိန်းကလေးတွေကို မပိုးတတ်သည့်အပြင် စိတ်အနှောင့်အယှက်ပါ ပေးခဲ့မိသည် မဟုတ်ပါလား။
‘အစ်ကိုရှီနဲ့ ငါနဲ့ကြားမှာ ကွာခြားချက်က အများကြီးပဲ အစ်ကိုရှီက မိန်းကလေး လေးယောက်ကို အေးဆေး ပိုးနိုင်ပေမဲ့ ငါကတော့ တစ်ယောက်တောင် မရပါလား’ လီချိုင်မှာ စိတ်ဓာတ်ကျစွာ တွေးနေမိသည်။
ခန်းမ၏ ဘေးဘက်တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ခွေးပေါက်လေး အိချီယိုသည် ကျိုးလေးကို အရင် နှောင့်ယှက်ခဲ့ပြီး အရှက်ရသွားသော ကျိုးလေးက ပြန်ခုခံခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသွားသည်။
“ခွေးပေါက်လေး... ငါ တော်တော် သိချင်နေတာ၊ မင်းတို့တွေ ဘာလို့ ဂျပန်ကို အခုထိ မပြန်ကြသေးတာလဲ” ရှီလဲ့က မေးလိုက်သည်။ “ဒါပေမဲ့ ငါ မင်းတို့ကို မတားပါဘူး ဒါပေမဲ့ ဒီနေ့တော့ မင်း ကျိုးလေးကို တောင်းပန်ရမယ်၊ ပြီးရင် စိတ်ဒဏ်ရာအတွက် လျော်ကြေးပေးရမယ်ညမဟုတ်ရင်တော့ ငါ့ကို ရိုင်းတယ်လို့ မပြောနဲ့တော့”
အိချီယိုမှာ တစ်ကိုယ်လုံး တုန်ရင်နေပြီး ဂျပန်လို အမြန်ပြောလိုက်သည်။ “ရှီလဲ့... မင်း ဘာလုပ်ချင်တာလဲငါ ပြောထားမယ်နော်၊ မိုက်မိုက်ကန်းကန်းတွေ မလုပ်နဲ့ မဟုတ်ရင် ငါတို့ နိုင်ငံကို ပြန်ရောက်တာနဲ့ မင်းတို့ မြို့မှာ ကြုံတွေ့ခဲ့ရတဲ့ ဆိုးဝါးတဲ့ အတွေ့အကြုံတွေကို တစ်ကမ္ဘာလုံး သိအောင် ဖွင့်ချပစ်မယ်..အဲဒီအခါကျရင် မင်းတို့မြို့ပေါ်မှာ ငါတို့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမြင်တွေ ကောင်းမှာ မဟုတ်တော့ဘူး”
“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား” မျက်မှန်နောက်ကွယ်မှ ရှီလဲ့၏ မျက်လုံးများမှာ စူးရှသွားသည်။ ယဲ့ဖုန်းတို့မှာ ဂျပန်တွင် ရှိနေသည်၊ တကယ်လို့ အိချီယိုသာ အလွန်အကျွံ လုပ်လာလျှင် ရှီလဲ့ဘက်ကလည်း ကြောက်နေစရာမရှိပေ။
အိချီယိုမှာရှီလဲ့၏ အကြည့်ကြောင့် လန့်သွားသည်။ မီဆူရှီတာက ကြားဖြတ်ဝင်ပြောလိုက်သည်။ “မစ္စတာ ရှီလဲ့... ဒီတစ်ခါတော့ ကျွန်မတို့ဘက်က မှားသွားတာပါ..မစ္စကျိုးအတွက် စိတ်ဒဏ်ရာ လျော်ကြေးအဖြစ် ယွမ် ၁,၀၀၀ ပေးဖို့ ကျွန်မတို့ သဘောတူပါတယ်.. ဒါကို ရှင့်ဘက်က ဘယ်လို ထင်ပါသလဲ”
ရှီလဲ့က မီဆူရှီတာကို လျစ်လျူရှုကာ ဝန်ထမ်းမလေးကို လှည့်မေးလိုက်သည်။ “ကျိုးလေး... ညီမလေးရော ဘယ်လို ထင်လဲ”
ကျိုးလေးက ရှီလဲ့ကို ကြောက်ရွံ့စွာ ကြည့်နေသည်။ သူမ၏ အမြင်အရ မန်နေဂျာအာခန်းကတောင် ရိုရိုသေသေ ဆက်ဆံရသူမှာ အလွန် အာဏာရှိသော လူကြီးတစ်ယောက် ဖြစ်ရမည်ဟု ထင်နေသည်။
“မစ္စတာ ရှီ... ကျွန်မအတွက် ဆုံးဖြတ်ပေးပါ..ရှင် ပြောသမျှ ကျွန်မ နားထောင်ပါ့မယ်” ကျိုးလေးက တိုးတိုးလေး ပြောရှာသည်။
“အင်း... ကောင်းပြီ” ရှီလဲ့က ကိုအိဇူမိကို တစ်ချက်ကြည့်လိုက်သည်။ “စိတ်ဒဏ်ရာ လျော်ကြေးအတွက် ယွမ် တစ်သောင်း ပေးခဲ့၊ ပြီးရင် ဒီမြို့ကနေ အခုချက်ချင်း ထွက်သွားတော့... မင်းတို့ကို ဒီမြို့မှာ နောက်ထပ် မတွေ့ချင်တော့ဘူး တကယ်လို့ မထွက်သွားဘူးဆိုရင်တော့... ဒီမှာပဲ အပြီးတိုင် နေသွားလိုက်တော့”
ရှီလဲ့၏ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားလုံးများက မီဆူရှီတာအပေါ် ကြီးမားသော ဖိအားများကို ပေးလိုက်သည်။ ထိုလူမိုက်များက ရှီလဲ့၏ စကားကို နားထောင်ကြပုံ၊ ရဲများက သူ့ကို ဘာမှ မလုပ်နိုင်ပုံနှင့် ဘားမန်နေဂျာကတောင် ရိုသေနေပုံများကို ပြန်တွေးကြည့်မိသောအခါ ရှီလဲ့သည် သူတို့ကို တစ်ခုခု လုပ်လိုက်မည်ကို သူမ အလွန်ကြောက်သွားတော့သည်။
“နားလည်ပါပြီ..ကျေးဇူးတင်ပါတယ် မစ္စတာ ရှီလဲ့ ကျွန်မတို့ ဂျပန်ကို ချက်ချင်း ပြန်ပါ့မယ်”
မာဆူရှီတာ၏ ဆုံးဖြတ်ချက်ဖြင့် ဂျပန် ကန်နွန် ကိုယ်စားလှယ်အဖွဲ့မှာ အမြန်ပင် ထွက်ခွာသွားကြတော့သည်။ ရှီလဲ့သည် သူတို့၏ နောက်ကျောကို အေးစက်စွာ ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။ ဗွိုက်စင်လူမျိုး အများစုမှာ ခွေးများကဲ့သို့ပင်၊ အားနည်းသူကို နှိပ်စက်ပြီး အားသာသူကို ကြောက်ရွံ့တတ်ကြသည်မှာ သူတို့၏ သဘာဝပင် မဟုတ်ပါလား။ သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်လျှင် ထိုခွေးများသည် အမြီးနန့်ပြီး အသနားခံလာကြမည်သာ ဖြစ်သည်။
ထိုအသေးအဖွဲ ပြဿနာကို ဖြေရှင်းပြီးနောက် ရှီလဲ့သည် သူ့ကို ဆက်နေရန် တောင်းပန်နေသော အာခန်းကို ဂရုမစိုက်ဘဲ လီချိုင်ကို ခေါ်ကာ အမြန် ပြန်လာခဲ့သည်။
မြရောင်စဉ်ဘားထဲတွင် ထိပ်ပြောင်လူကြီးက အော်ဟစ်ပြောဆိုလိုက်သည်။ “မန်နေဂျာခန်း... ကျွန်တော်တို့ ဘာလို့ အဲဒီကောင်လေးရဲ့ စကားကို နားထောင်နေရတာလဲ..ဒါမျိုး လုပ်တာက ကျွန်တော်တို့ မြရောင်စဉ်ဘားရဲ့ နာမည်ကို ထိခိုက်စေတယ်ဗျ”
“ပါးစပ်ပိတ်စမ်း” အာခန်းက နှာခေါင်းရှုံ့လိုက်သည်။ “ခေါင်းပြောင်... အဲဒီလူက ရှီလဲ့ကွ လူမိုက်လောက တစ်ခုလုံးမှာ နာမည်ကြီးနေတဲ့ ရှီလဲ့၊ အခု မင်း နားလည်ပြီလား”
ခေါင်းပြောင်မှာ ကြောင်အအနှင့် “ရှီလဲ့က ဘယ်လိုလူမို့လို့လဲ အသစ်တက်လာတဲ့ ဆရာကြီးလား ကျွန်တော်တို့ ဒီလောက်အထိ ကြောက်နေဖို့ လိုလို့လား”
အာခန်းက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ “မင်းကတော့ တကယ့် ငတုံးပဲ”
ရှီလဲ့နှင့် လီချိုင်တို့သည် မြရောင်စဉ်ဘား အပြင်ဘက်တွင် ညလေအေးကို ခံစားရင်း တက္ကစီ စောင့်နေကြသည်။ ည ၁၁ နာရီ ကျော်နေပြီ ဖြစ်သော်လည်း ရွှမ်းဟူခရိုင်မှာ မြို့စွန်ရှိ တက္ကသိုလ်နယ်မြေ ဖြစ်သဖြင့် တက္ကစီများ သိပ်မရှိလှပေ။
ဆယ့်ငါးမိနစ်ခန့် စောင့်ပြီးနောက် တက္ကစီတစ်စီး ရောက်လာသည်။ ရှီလဲ့သည် မိမိကိုယ်တိုင် ကားတစ်စီး ဝယ်ထားသင့်ပြီဟု တိတ်တဆိတ် စဉ်းစားမိသည်။ ကားရှိလျှင် အပြင်သွားရန်သော်လည်းကောင်း၊ မိန်းကလေး ပိုးရန်သော်လည်းကောင်း ပို၍ ထိရောက်မည် မဟုတ်ပါလား။
၂၀၀၆ ခုနှစ်ဝန်းကျင်တွင် တက္ကသိုလ်ကျောင်းသားများ ကိုယ်ပိုင်ကားနှင့် ကျောင်းလာသည်မှာ အလွန် ရှားပါးသေးသည်။ ထိုခေတ်က လူအများစုမှာ ဆင်းရဲကြသေးသည် မဟုတ်ပါလား။
ကျောင်းပေါက်ဝသို့ ရောက်သောအခါ သူတို့နှစ်ဦး အဆောင်သို့ ပြန်လာကြသည်။ အရက်နံ့များ နံစော်နေသော လီချိုင်က ရေချိုးခန်းထဲ ဝင်သွားစဉ် ရှီလဲ့က အိပ်ခန်းထဲဝင်ကာ ကွန်ပျူတာဖွင့်ပြီး ရွှမ်းဟူခရိုင်ရှိ အိမ်ငှားသတင်းအချက်အလက်များကို ရှာဖွေလေတော့သည်။
ရှီလဲ့သည် အိုးရန်ရှန်း၏ အိမ်မှ ပြောင်းထွက်ရန် ရည်ရွယ်ထားသည်။ ချန်မင်ကို ထောင်ချောက်ဆင်ခဲ့သော ကိစ္စကြောင့် အိုးရန်ရှန်း၏ ရှီလဲ့အပေါ် သဘောထားမှာ ပြန်လည် အေးစက်သွားပြန်သည်။ တကယ်လို့ သူနှင့် ယဲ့ဖုန်းတို့ ပတ်သက်နေသည်ကိုသာ သူမ သိသွားလျှင် သူမသည် သူ့အပေါ် လုံးဝ စိတ်ပျက်သွားပေလိမ့်မည်။
သေချာ စဉ်းစားပြီးနောက် ရှီလဲ့သည် အိုးရန်ရှန်းနှင့် ပဋိပက္ခများ ပိုမကြီးထွားစေရန်အတွက် သူမ၏အိမ်မှ ထွက်ကာ တခြားနေရာတစ်ခု ငှားရန် ဆုံးဖြတ်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ရှီလဲ့သည် အိုးရန်ရှန်း၏ ရုပ်ရည်ကိုရော၊ သူမ၏ လက်ရာများကိုပါ သဘောကျမိသည်။
သို့သော် ပြောင်းထွက်ခြင်းမှာ နောက်ဆုံး ရွေးချယ်စရာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဝေးကွာနေခြင်းက မကောင်းသည်တော့ မဟုတ်ပေ။ ဝေးနေမှသာ နောင်တစ်ချိန်တွင် သူတို့နှစ်ဦး ပြန်လည် နီးစပ်ခွင့် ရနိုင်မည် မဟုတ်ပါလား။
ရှီလဲ့သည် အင်တာနက်ပေါ်တွင် ရွှမ်ဟူခရိုင်ပတ်ဝန်းကျင်ရှိ အိမ်ငှားစာရင်းများကို ရှာဖွေကြည့်သော်လည်း သိပ်မရှိလှပေ။ အများစုမှာ အဆောင်ကဲ့သို့ မျှဝေနေထိုင်ရသည့် ပုံစံများဖြစ်ပြီး အချို့မှာ မရိုးသားသော ရည်ရွယ်ချက်ဖြင့် မိန်းကလေးတစ်ယောက်နှင့် အခန်းမျှငှားလိုသော ကောင်လေးများသာ ဖြစ်သည်။ ရှီလဲ့က ထိုကဲ့သို့သော နေရာများကို ထည့်ပင် မစဉ်းစားပေ။
စံသတ်မှတ်ချက်များဖြင့် စစ်ထုတ်ကြည့်ပြီးနောက် ရှီလဲ့သည် သင့်တော်သော အခန်းနှစ်ခန်းကို တွေ့ရှိခဲ့သည်။ တစ်ခုမှာ အိပ်ခန်းသုံးခန်းပါ အခန်းကျယ်ကြီးဖြစ်သော်လည်း ဘာပရိဘောဂမှ မရှိဘဲ ကုတင်၊ ရေနွေးအိုးနှင့် ဂတ်စ်မီးဖိုလောက်သာ ပါရှိသည်။ နောက်တစ်ခုမှာ အိပ်ခန်းတစ်ခန်းပါ အခန်းဖြစ်ပြီး ၎င်းမှာဂျင်းယာ ဥယျာဥ်ထဲတွင် ရှိနေခြင်းပင်။
ဤအိပ်ခန်းတစ်ခန်းပါ အခန်းမှာ ဂျင်းယာဥယျာဉ်၏ နောက်ဆုံးအဆောက်အဦးဖြစ်သော အဆောက်အဦး (၁၀) ၏ အပေါ်ဆုံးထပ် တွင် ရှိသည်။ ဓာတ်ပုံများအရ အခန်းမှာ အလွန် လှပသပ်ရပ်စွာ ပြင်ဆင်ထားပြီး လူငယ်ဆန်ဆန် ပုံစံမျိုး ဖြစ်သဖြင့် ရှီလဲ့ အတော်လေး သဘောကျသွားသည်။
‘ဒီအခန်းက မဆိုးဘူးပဲ၊ ဓာတ်ပုံတွေက လူလိမ်နေတာတော့ မဟုတ်ပါစေနဲ့’ ရှီလဲ့သည် ကိုယ့်ဘာသာ ရေရွတ်ရင်း အိမ်ရှင်၏ ဖုန်းနံပါတ်ကို မှတ်သားထားလိုက်သည်။
ညသန်းခေါင်ကျော်နေပြီ ဖြစ်သဖြင့် ရှီလဲ့သည် ချက်ချင်း ဖုန်းမဆက်တော့ဘဲ လီချိုင် ရေချိုးပြီးနောက် သူကိုယ်တိုင်လည်း ရေချိုးကာ အိပ်ရာဝင်ခဲ့တော့သည်။
နောက်တစ်နေ့ နံနက် ၈ နာရီ မထိုးမီမှာပင် ရှီလဲ့ နိုးလာသည်။ မနက်ခင်း ကိစ္စများ ပြီးစီးပြီးနောက် ရှီလဲ့သည် ဖုန်းထုတ်ကာ အိမ်ရှင်ထံသို့ ဖုန်းဆက်လိုက်သည်။
“ဟဲလို... မစ္စတာ ကျန်း ပါလားခင်ဗျာ” ဖုန်းကိုင်လိုက်သည်နှင့် ရှီလဲ့က မေးလိုက်သည်။
“ဟုတ်ကဲ့... ကျွန်တော် ကျန်းဆုန့်ပါ.. ဘာကိစ္စရှိလို့လဲခင်ဗျာ” ဖုန်းထဲမှ လူမှာ ကျန်းဆုန့် ဖြစ်နေသည်။ သူကား ကွန်ပျူတာသိပ္ပံဌာန၏ ကွန်ပျူတာလက်တွေ့ခန်းကို ကိုင်တွယ်သော ဆရာတစ်ဦးပင် ဖြစ်သည်။