အခန်း ၄၁၁
Vol. 42 Ch. 411
အခန်း(၄၁၁)
“ဟမ့်”
ရှီးရွှမ် အေးစက်စွာ နှာခေါင်းရှုံ့သည်။
“ကျုပ်နာမည်ကိုသိဖို့ ခင်ဗျားက မထိုက်တန်သေးဘူး။ အရှုံးပေးစမ်း”
ထိုသို့နှယ် သူ့လက်ထဲတွင် ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်းသည် ကောင်းကင်ယံသို့ ခုန်ပျံတက်သွားပြီး စည်းမျဉ်းထောင်ချီဂိုဏ်းဂိုဏ်းမှ အကြီးအကဲပေါ်ထံ ကျဆင်းသွား၏။
“မဟုတ်ဘူး”
ထိတ်လန့်တကြား အော်သံနှင့်အတူ အကြီးအကဲမင်၏ စိတ်ဝိညာဉ်သည် ချက်ချင်းပင် ချေမှုန်းခံလိုက်ရပြီး ပြာကျသွားတော့သည်။
စည်းမျဉ်းထောင်ချီဂိုဏ်းမှ တပည့်များသည် ကြောက်လန့်တကြား အော်ဟစ်လျက် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြတော့၏။
“အကြီးအကဲမင် သေသွားပြီ”
“အကြီးအကဲမင်း သေသွားပြီဟ”
“….”
ရှီးရွှမ် ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်းကို ပြန်သိမ်းလိုက်ပြီး ကြောင်အနေသည့် လျန်ယီကို ပြော၏။
“မင်းဘာလို့ ရပ်ကြည့်နေတာလဲ။ မြန်မြန် အဲဒီလူအိုကြီးရဲ့ သိုလှောင်လက်စွပ်ကို သွားယူလိုက်။ ဆန်စေ့တစ်စေ့တောင် အလဟသ မဖြစ်စေနဲ့”
“ဟုတ်ကဲ့ပါ”
လျန်ယီ အကြီးအကဲမင် ကျဆုံးသွားသည့် နေရာနားသို့ သွားကာ သိုလှောင်လက်စွပ်တစ်ကွင်းကို ကောက်ယူလိုက်သည်။
ချူဖုန်း ရှီးရွှမ်၏ အပြုအမူကို ကြည့်ပြီး လက်မထောင်ပြလိုက်၏။
“မဆိုးဘူး။ ကောင်လေး မင်း ဘာလုပ်ရမလဲ သိတယ်”
ရှီးရွှမ် နှိမ့်ချသည့် အမူအရာဖြင့် ပြန်ဖြေသည်။
“ဆရာက ချီးကျူးလွန်းနေပါပြီ”
သူတို့ကြားက ပေါ့ပေါ့ပါးပါး စကားပြောနေခြင်းက ပွဲကြည့်နေသူများကို ပို၍ သတိကြီးလာစေသည်။
လူတိုင်းသည် ထိုကြောက်မက်ဖွယ်ကောင်းသည့် လူနှစ်ဦး မြောက်ဘက်တောင်စွန်းတွင် ဆက်လုပ်မည့်အရာများကို ပို၍ သိချင်လာကြ၏။
သိပ်မကြာခင် လျန်ယီသည် ရှီးရွှမ်ထံ သိုလှောင်လက်စွပ်တစ်ကွင်းဖြင့် ရောက်လာသည်။
“စီနီယာ အဲဒီလူအိုကြီးရဲ့ သိုလှောင်လက်စွပ်ပါ”
“မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဒီလက်စွပ်ကို မင်းပဲ ယူလိုက်တော့”
ရှီးရွှမ်သည် ထိုသိုလှောင်လက်စွပ်ကို တစ်ချက်ကလေးတောင် မကြည့်ပါပေ။
လျန်ယီသည် တစ်ခဏ ကြောင်အသွားသော်လည်း လေးစားစွာ ပြန်ဖြေသည်။
“စီနီယာပေးတဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”
“ကောင်းပြီ။ မင်း လုပ်စရာရှိတာ ဆက်လုပ်”
ရှီးရွှမ် ဘာမှ မထူးဆန်းသည့်အလား ဆက်ပြောသည်။
“ဟုတ်ကဲ့”
လျန်ယီ ဖြစ်ပျက်သွားသည့်အရာများကို အသိပြန်မကပ်နိုင်သေးချေ။ ယနေ့ ဖြစ်သမျှ အရာများအားလုံးသည် သူ့အတွက် အိပ်မက်တစ်ခုသာ။
ညနက်လာ၏။
မြောက်ဘက်တောင်စွန်းသည် သိပ်မကြီးမားချေ။ နေဝင်ရီတရော အချိန်တွင် ဖြစ်ပျက်ခဲ့သော အရာမှန်သမျှသည် ပတ်ဝန်းကျင်အင်အားစုများဆီသို့ ပျံ့နှံ့သွားတော့၏။
စည်းမျဉ်းထောင်းချီဂိုဏ်းတပ်စခန်းချရာ နေရာတွင် လေထုသည် အတော်လေး ပြင်းထန်နေသည်။ မြောက်ဘက်တောင်စွန်းသည် သူတို့ စည်းမျဉ်းထောင်ချီဂိုဏ်းမှ အခြားသူများကို အနိုင်ကျင့်သည့် နေရာ ဖြစ်၏။ ယခုလို စည်းမျဉ်းထောင်ချီဂိုဏ်းအနေဖြင့် အရှက်ခွဲခံရသည်မျိုး မရှိဖူးပေ။
အကြီးအကဲမှသည် တပည့်များအထိ လူတိုင်း၏ မျက်နှာသည် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
တဲအတွင်း
စည်းမျဉ်းထောင်ချီဂိုဏ်း၏ အမြင့်ပိုင်းအကြီးအကဲများသည် တိတ်တဆိတ် စည်းဝေးနေကြ၏။ သူတို့ ယခုညတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်ကို သိထားပါသည်။
အကြီးအကဲတစ်ဦး တိတ်ဆိတ်မှုကို ဦးစွာ ချိုးဖျက်လာသည်။
“ဂိုဏ်းခေါင်းဆောင် အဲဒီအပြင်လူနှစ်ယောက်က လွန်လွန်းတယ်။ ကျွန်တော်တို့ ဒီရန်ငြိုးကို သင်ပုန်းချေလို့မရဘူး။ ကျွန်တော်တို့ ငြိမ်နေမယ်ဆိုရင် နောက်ဆို ကျွန်တော်တို့ ဒီတောင်မှာ မင်းမူနိုင်မှာ မဟုတ်တော့ဘူး”
သူ့စကားက လူများစွာ ထောက်ခံမှုကို ရရှိသွားသည်။
“အကြီးအကဲချီ ပြောတာမှန်တယ်။ ကျုပ်အမြင်အရဆို ကျုပ်တို့တွေ ဒီည လုပ်သင့်လား။ ဝိညာဉ်ဂူဗိမ္ဗာန်ဂိုဏ်းရဲ့ အခွင့်အလမ်းကို ယှဉ်ပြိုင်မဲ့သူတွေကို ကျုပ်တို့ စည်းမျဉ်းထောင်ချီဂိုဏ်းရဲ့ အင်အားကို ပြသင့်တာပေါ့”
“ငါ ဒီစော်ကားမူကို သည်းခံမှာ မဟုတ်ဘူး”
“…”
အဓိကထိုင်ခုံပေါ်တွင် ထိုင်နေသည့် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် အကြီးအကဲတစ်ဦးသည် အောက်မှ အသံများကို တည်ငြိမ်စွာ နားထောင်နေသည်။
အောက်မှ အသံများ တိတ်သွားသောအခါ ဘုန်းကြီးအိုတစ်ပါးအလား ငြိမ်သက်စွာ တရားထိုင်နေသည့် သူ့ဘေးက အကြီးအကဲတစ်ဦးကို ကြည့်လိုက်၏။
“ဒုတိယမဟာအကြီးအကဲ ကျုပ်တို့တွေ ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲ”
ငြိမ်သက်စွာ ထိုင်နေသော အကြီးအကဲသည် မျက်လုံးများ မှိတ်လျက်သား ဖြည်းညှင်းစွာ ပြောသည်။
“တန်းဖြေရှင်းရင် အခြေအနေက ဆိုးသွားနိုင်တယ်။ ဝိညာဉ််ဂူဗိမ္ဗာန်ဂိုဏ်းကဖြစ်တဲ့ ကိစ္စက အတော်လေး ကြီးတယ်။ အဲဒီအပြင်လူနှစ်ယောက်က ပြင်ပက ပါရမီရှင်တွေ ဖြစ်ရမယ်။ ငါတို့ အရင်စောင့်ကြည့်သင့်တယ်။ ဝိညာဉ်ဂူဗိမ္ဗာန်ဂိုဏ်းထဲ ဝင်မှပဲ ရန်ကြွေးဟောင်းရော အသစ်ပါ အတူတူ ဖြေရှင်းကြတာပေါ့”
ဂိုဏ်းခေါင်းဆောင်သည် လက်သီးဆုပ်ကာ ပြောသည်။
“ဒုမဟာအကြီးအကဲ ပြောတာ မှန်တယ်”
အကြီးအကဲများ မကျေနပ်ကြသော်လည်း တာအိုပေါင်းစည်းခြင်းအဆင့်ဝင်ပြောနေ၍ သူတို့ အစီအစဉ်များကို စွန့်လွှတ်လိုက်ရသည်။
“ကျွန်တော်တို့ အကြီးအကဲအမြင်ကို ထောက်ခံပါတယ်”
“ကျွန်တော်တို့ အကြီးအကဲစကားကို လိုက်နာပါမယ်”
“…”
ဂိုဏ်းခေါင်းဆောင်သည် ရာသီဥတုထက်ပင် အပြောင်းအလဲမြန်သည့် လူအုပ်ကြီးကို ကြည့်လိုက်၏။ သူ အထင်အမြင်သေးမိသော်လည်း လက်တလောတွင် ဤနည်းလမ်းက အကောင်းဆုံးဖြစ်ကြောင်း သိပါသည်။
ထိုထဲမှ တစ်ယောက်သည် ကောင်းကင်ဇာစ်မြစ်အဆင့်ကျင့်ကြံသူတစ်ဦးကို လွယ်ကူစွာ နှိမ်နှင်းနိုင်သည်။ ဆရာနှင့် တပည့်သာ ပြိုင်တူလှုပ်ရှားပါက စည်းမျဉ်းထောင်ချီဂိုဏ်းတစ်ခုလုံးသည် ပြဿနာထဲသို့ ဆွဲချခံရပေမည်။
“ဒီညတော့ သတိအပြည့်ကပ်ထားကြ။ အရေးပေါ်အခြေအနေမျိုး ဖြစ်လာခဲ့သည် ရှိသော် မနက်ဖြန်ပဲ ဝိညာဉ်ဂူဗိမ္ဗာန်ဂိုဏ်းကို သွားပြီး စုံစမ်းကြမယ်”
“ဟုတ်ကဲ့”
လူတိုင်း ပြန်လည်ဖြေကြားပြီးနောက် လူစုပြန်ခွဲလိုက်ကြသည်။
မြောက်ဘက်တောင်စွန်းမှ ညတာသည် မုန်တိုင်းမလာမီ လေပြေလာနေသည့်အလား ငြိမ်သက်တိတ်ဆိတ်နေတော့၏။ သို့သော်ငြား ယမ်းစကတော့ ပေါက်ကွဲတော့ပေမည်။
ထိုအရာများက ညနက်ထိ ကျင့်ကြံတတ်သည့် ချူဖုန်းကို အနှောင့်အယှက်မပေးပါချေ။
ဝတ္ထုတစ်အုပ်ဖတ်ပြီးနောက် သူ ဘေးသို့ ပြန်ချထားလိုက်သည်။
ဝေးကွာလှသည့် တောင်စွန်းတစ်ခုဝယ်
ယဲ့ပေရွှမ်နှင့် ဝမ်ပေါင်လဲ့တို့ ဦးဆောင်သည့် ဝမ်တောက်ကျောင်းတော်တပည့်သားများသည် ရှုဝမ်ထျန်းနောက်သို့ အဆက်မပြတ် လိုက်နေ၏။
သူတို့နှစ်ဦး ရှုဝမ်ထျန်း နောက်ထပ်ဂူတစ်လုံးထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသည်။ သူတို့ အတွင်းသို့ လိုက်မဝင်သော်လည်း နတ်ဘုရားအာရုံသုံးကာ စစ်ဆေး၏။
လမ်းတစ်လျှောက် နှစ်ရက် သုံးရက်နေတိုင်း ရှုဝမ်ထျန်းသည် ဂူတစ်ဂူထဲသို့ ဝင်ပြီး ရုပ်ဖျက်ကာ ထွက်ပြေးသည်။
အချိန်တိုင်း သူ့သွေးအနှစ်သာရ တစ်စက်ပါသည့် ရုပ်သေးတစ်ခု ထုတ်ကာ လမ်းလွှဲအောင် လုပ်တတ်၏။
သူတို့ကြားက မြင့်မားသည့် အဆင့်ကွာဟချက်ကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့ ရှုဝမ်ထျန်း၏ လှည့်ကွဲများကို မိသွားပေလိမ့်မည်။
“စီနီယာအစ်ကို ရှုဝမ်ထျန်း ဒီတစ်ခေါက်လည်း ဘယ်လို လှည့်ကွက်သုံးမယ်ထင်လဲ”
ယဲ့ပေရွှမ် ပျင်းရိငြီးငွေ့ဟန်ဖြင့် မေးလိုက်သည်။
“သူ ဘယ်လို လှည့်ကွက်ပဲသုံးသုံး သူ နေရာရွှေ့ပြောင်းခြင်းအစီအရင်သုံးပြီး သွေးနတ်ဘုရားဂိုဏ်းကို မပြန်သရွေ့ ငါတို့ တိတ်တဆိတ်ပဲ စောင့်ကြည့်ကြမယ်”
ဝမ်ပေါင်လဲ့ ပြောပြီး ထိုက်ဆွေ့သားကို တစ်ကိုက်ကိုက်လိုက်သည်။ နောက်ယောင်ခံလိုက်ခြင်းက ပင်ပန်းသည့်အတွက် ခွန်အားပြည့်ရန် ဗိုက်ဖြည့်ထားရပေမည်။
“တစ်ခုခုတော့ ဖြစ်နေပြီ”
ယဲ့ပေရွှမ် အမူအရာ ရုတ်ခြည်း လေးနက်သွားသည်။
ဝမ်ပေါင်လဲ့ ဖြည်းညှင်းစွာ ကိုက်ဝါးရင် သူ့နတ်ဘုရားအာရုံဖြင့် ရှုဝမ်ထျန်းကို စောင့်ကြည့်နေ၏။
ထိုသူက သွေးကန်တစ်ခုရှေ့ ရောက်နေသည်။
သွေးကန်သည် တစ်စုံတစ်ခုထံမှ လောင်မြိုက်ခံနေရသည့်အလား သွေးများ တဗွက်ဗွက် ထကာ ပူစီဖောင်းများ ပလုံစီနေသည်။
အနီးကပ်ကြည့်လျှင် သွေးကန်ထဲတွင် ကမ္ဘာခြားနတ်ဆိုးသွေးများဖြင့် ပြည့်နှက်နေကြောင်း တွေ့ရ၏။
“ဒီကောင်လေးက နတ်ဆိုးလမ်းစဉ်ထဲ ရောက်သွားပြီလား”
ယဲ့ပေရွှမ် ရေရွတ်သည်။
ဝမ်ပေါင်လဲ့ ထိုက်ဆွေ့သားကို မျိုချလိုက်သည်။
“ဒါက ငါတို့နဲ့ မဆိုင်ဘူး။ သူ့နောက်ပဲ လိုက်ကြည့်ရအောင်။ သွေးနတ်ဘုရားဂိုဏ်းက ကျင့်စဉ်တွေ အကြောင်း သိချင်တယ်”
“စီနီယာအစ်ကိုဝမ် ခင်ဗျားသိသွားရင် သေချာပေါက် သဘောကျမှာ မဟုတ်ဘူး”
ယဲ့ပေရွှမ်သည် နှစ်ဘဝရှင်သန်ဖူးသည့်အတွက် သွေးနတ်ဘုရားဂိုဏ်း၏ ကျင့်စဉ်များအကြောင်း သိလေသည်။
အခြားသော မြင့်မြတ်နယ်မြေများနှင့်မတူ သွေးနတ်ဘုရားဂိုဏ်းသည် ခန္ဓာကိုယ်နှင့် မန္တာန်ကိုသာ အထူးပြုကျင့်ကြံသည်။ အခြားအရာများ အထူးမပြုသလောက်ပေ။ သို့သော် ခန္ဓာကိုယ်ကျင့်ကြံဖြစ်စေ မန္တာန်ကျင့်ကြံသည်ဖြစ်စေ သွေးအပေါ်သာ မှီခိုအားထားရ၏။
အကယ်၍ သူတို့သာ လူသွေးကို အသုံးပြုပြီး ကျင့်ကြံလျှင် အခြားသော မြင့်မြတ်နယ်မြေကိုးခုသည် ပူးပေါင်းပြီး ရှင်းထုတ်ပစ်လောက်သည်။
“ကောင်းပြီ။ လှုပ်ရှားရအောင်”
ဝမ်ပေါင်လဲ့ သူ့နောက်ကို တစ်ချက်ကြည့်ပြီး အဖွဲ့ကို ဦးဆောင်ကာ လိုဏ်ဂူအတွင်းသို့ ဝင်သွားတော့၏။
သူ နတ်ဘုရားအာရုံဖြင့် လမ်းကြောင်းကို မှတ်သားထားသဖြင့် ရှုဝမ်ထျန်းခြေလှမ်းများအတိုင်း ယန္တရာများကို တိမ်းရှောင်ကာ တစ်ဖက်ကို သတိမပြုမိစေဘဲ ဝင်သွား၏။
လူအုပ်သည် အဆင်ပြေချောမွေ့စွာ ဝင်သွားပြီး သိပ်မကြာခင် အတွင်းသို့ ရောက်လာသည်။
ထိုအခိုက် ရှုဝမ်ထျန်းကတော့ မူမမှန်မှုကို သတိမထားမိချေ။
သူသည် ယဇ်ပလ္လင်တစ်ခုကို ပြင်ဆင်ထားပြီး သိုလှောင်လက်စွပ်ထဲမှ နဂါးစွယ်တစ်ချောင်းကို ထုတ်ကာ သွေးကန်ထဲ ပစ်ထည့်၍ ရှေးဟောင်းမန္တာန်များကို ရွတ်ဖတ်နေတော့၏။
သွေးကန်ထက်တွင် ဝိုးတဝါးအရိပ်တစ်ခု ပေါ်လာသည်။
ယဲ့ပေရွှမ် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“သေခြင်းမှ ရှင်သန်ထမြောက်ခြင်းလား။ ဒါ ငရဲကိုးထပ်မြင့်မြတ်မြေရဲ့ အကွက်မလား။ ဘာလို့ ဒီကောင်လေးက သုံးနေတာလဲ
သူ့အသံက မကျယ်လောင်သော်လည်း တိတ်ဆိနေသည့် လိုဏ်ဂူထဲတွင် ရှုဝမ်ထျန်း ကြားနိုင်ရန် လုံလောက်ပါ၏။
“ဘယ်သူလဲ”
ရှုဝမ်ထျန်း အသံလာရာသို့ လှည့်ကြည့်လိုက်ပြီး ကျူးကျော်ဝင်ရောက်လာသူများကို မြင်သည့်အခါ အမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။
“မင်းဘယ်သူလဲ။ ဘာလို့ ဒီကို ရောက်လာတာလဲ။ အခု ထွက်သွား။ မဟုတ်လို့ကတော့ ငါ မင်းသွေးကို သုံးပြီး သွေးငရဲနတ်ဘုရားကို ယဇ်ပူဇော်ပစ်မယ်”
ဝမ်ပေါင်လဲ့ ခြိမ်းခြောက်မှုက အလုပ်မဖြစ်သည့်အလား သူ့ကို လျစ်လျူရှုလိုက်သည်။
“ဂျူနီယာညီလေးယဲ့ ကြည့်ရတာ ငါတို့ဂုဏ်သတင်းက သိပ်မကြီးဘူးထင်တယ်။ ငါတို့အစ်ကိုကြီးနဲ့ ဒုအစ်ကိုကြီးလို့ သူများတွေ တစ်ချက်မြင်ရုံနဲ့ မမှတ်မိကြဘူး”
ယဲ့ပေရွှမ် ခေါင်းညိတ်သည်။
“ဟုတ်တယ်။ ကျွန်တော်တို့ နောက်တစ်ခါ အပြင်ထွက်ရင် ကောင်းကင်ရွေးချယ်ခံစာရင်းထဲဝင်အောင် ကြီးကြီးမားမားတစ်ခုခုတော့ လုပ်ရမယ်”
ထိုသို့နှယ် သူ ချင်ယွမ် ပခုံးကို ပုတ်ပေးလိုက်သည်။
“ရှောင်ယွမ် သူ့ကို ငါတို့ဘယ်သူဆိုတာ ပြောလိုက်”
“ဟုတ်ကဲ့”
ချင်ယွမ် ရှေ့သို့ တစ်လှမ်းတက်လာရင်း အထင်သေးစွာ ပြောသည်။
“သွေးနတ်ဘုရားဂိုဏ်းက ငတုံးကောင် သေချာနားထောင်။ မင်းရှေ့က သူနှစ်ယောက်က ကမ္ဘာနံပါတ်တစ်မဟာပဏ္ဍိတမိုးမြေရဲ့ တိုက်ရိုက်တပည့်နှစ်ယောက်ပဲ။ ငါတို့ ဝမ်တောက်ကျောင်းတော် သောင်းပြောင်းပညာရပ်ဌာနက အကြီးအကဲ ငါ့ဆရာဦးလေးဝမ်ပေါင်လဲ့နဲ့ ငါ့ဆရာ ယဲ့ပေရွှမ်ပဲ”
ရှုဝမ်ထျန်း နောက်ဆုံးတော့ နားလည်သွားသည်။ ထိုသူများသည် သူ့ကို ပြဿနာလာရှာခြင်းပေ။ သူ အံကြိတ်ရင်း ပြောသည်။
“မင်းတို့က ဝမ်တောက်ကျောင်းတော်က အကြီးအကဲတွေပေါ့လေ။ ဘယ်လိုအရည်အချင်းရှိလို့ သွေးနတ်ဘုရားဂိုဏ်းက တပည့်ကို အနိုင်ကျင့်ရမှာလဲ။ မင်းမှာသာ အရည်အချင်းရှိရင် ငါတို့ဂိုဏ်းက နီဗားနားရှင်သန်ခြင်းအဆင့်ကျွမ်းကျင်သူတွေကို သွားတိုက်ခိုက်လေ”
“ဟားဟားဟားဟား...”
ဝမ်ပေါင်လဲ့ ကျယ်လောင်စွာ ရယ်မောရင်း သူ့တာအိုလက်တွဲဖော်နှစ်ယောက်ကို ကြည့်ကာ ပြောသည်။
“ဇနီးလေးတို့ သူ စိတ်ညစ်နေပြီ။ သူ စိတ်ညစ်နေပြီ”
နန်ကုန်းယွီ စိတ်ဆိုးမာန်ဆိုးပြောသည်။
“ယောကျ်ား ရယ်နေတာ ရပ်တော့။ ဆရာပြောတာ မမေ့နဲ့။ ကံကြမ္မာသားတော်တွေနဲ့ ရင်ဆိုင်ရရင် ကျွန်မတို့တွေ သူတို့ကို လွတ်သွားဖို့ အခွင့်ရေးသေးသေးလေးတောင် ပေးလို့မရဘူး”
သူမစကားကြောင့် လိုဏ်ဂူထဲမှ လေထုသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာ၏။