အခန်း ၄၁၂
Vol. 42 Ch. 412
အခန်း(၄၁၂)
ဝမ်ပေါင်လဲ့ လက်ထဲမှ သိုလှောင်လက်စွပ်သည် တောက်ပလာပြီး ထင်းခုတ်ဓားမတစ်လက် ထွက်ပေါ်လာသည်။
သူ့ဘေးတွင် ယဲ့ပေရွှမ်သည် အတုအယောင်ဟုန်မန်ကြေးမုံကို ထုတ်လိုက်၏။
သူတို့နှစ်ဦး ပြင်းထန်သည့် တာအိုပေါင်းစည်းခြင်းအဆင့်ဖိအားများ တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သည်။
ရှုဝမ်ထျန်း၏ မျက်နှာသည် အကြီးအကျယ်ပြောင်းလဲသွားပြီး အော်ဟစ်တော့၏။
“ငါ မင်းတို့နှစ်ယောက်လုံးကို သတ်ပစ်မယ်”
သူ့စကားအဆုံးတွင် တစ်ကိုယ်လုံး ဘုန်းခနဲ ပေါက်ကွဲထွက်သွားတော့သည်။
ပေါက်ကွဲမှုလှိုင်းလုံးသည် ဝမ်ပေါင်လဲ့နှင့် ယဲ့ပေရွှမ်တို့အပေါ် သက်ရောက်မှုနည်းပါးဟန်ရသော်လည်း သူ့ကိုယ်သူ ဖောက်ခွဲလိုက်ခြင်းသည် သွေးကန်ထဲက အစီအရင်ကို လောင်မြှိုက်သွားစေသည်။
ဘုန်း
နားပင်းစေလောက်မည့် အက်ကွဲသံကြီးနှင့်အတူ ကန်ထဲမှ နတ်ဆိုးသွေးများသည် အပြင်သို့ လျှံထွက်လာပြီး ဝမ်ပေါင်လဲ့တို့ကို လာတိုက်စားသည်။
သွေးလှိုင်းများသည် လူတိုင်းကို ဝါးမျိုတော့မည့်အလားပင်။
“ဟားဟားဟား”
ရူးသွပ်ဖွယ်ရယ်သံကြီးသည် သွေးလှိုင်းဂယက်များကြား ပျံ့နှံ့လာသည်။
“ငါသေရင်တောင် မင်းတို့ကို ငရဲထိဆွဲချပေးမယ်”
“ဟုတ်လား”
ဝမ်ပေါင်လဲ့ စိတ်ပျက်ရွံ့ရှာစွာ ကြည့်ပြီး ပါးစပ်ဟကာ အသက်ရှုသွင်းပြီး သွေးလှိုင်းများကို သူ့ဗိုက်ထဲသို့ မျိုချလိုက်သည်။
တစ်ချိန်တည်းမှာ ယဲ့ပေရွှမ်၏ အတုအယောင်ဟုန်မန်ကြေးမုံသည် အလင်းရောင်းများ တောက်ပလာပြီး သွေးလှိုင်းကို စုပ်ယူသွား၏။
ထိုသည်က ရှုဝမ်ထျန်းကို ကြောင်အသွားစေ၏။ ဝမ်တောက်ကျောင်းတော်မှ တပည့်များလည်း မှင်သေစွာ ရပ်နေကြသည်။
ချင်ယွမ် ရေရွတ်သည်။
“ဆရာဦးကြီးက အရမ်းကြောက်ဖို့ကောင်းတာပဲ”
ဖုန်းချုံးယွီ ပြန်ဖြေသည်။
“နင်တို့ ဘာမှစိုးရိမ်နေစရာမလိုပါဘူး။ နင်တို့ဆရာဦးကြီးက တောက်ထျဲခန္ဓာကို နိုးထထားတာ။ သာမန်နတ်ဆိုးသွေးမပြောနဲ့ သူက နတ်ဆိုးဘုရားသွေးတောင် အသာအယာ စုပ်ယူနိုင်တယ်”
နန်ကုန်းယွီ သွေးလှိုင်းများကြားမှ ရှုဝမ်ထျန်း၏ အသွင်စစ်ကို ရှာဖွေနေ၏။ သူမ ကိုယ်ပွာများကို မှီခိုပြီး သူ့လမ်းကြောင်းကို အမြဲတမ်းဖုန်းကွယ်နေသည့်သူသည် ယခုလို ကိုယ့်ကိုယ်ကိုယ် အလွယ်တကူ ဖောက်ခွဲပစ်မည်ဟု မယုံကြည်ပေ။
ထင်ထားသည့်အတိုင်းပင် သွေးကန်အောက်တွင် ပုန်းကွယ်နေသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
သူမ သိုလှောင်လက်စွပ်ထဲမှ မြင့်မြတ်ဓားကို ဆွဲထုတ်ပြီး ထိုပုံရိပ်ကို နတ်ဘုရားအာရုံဖြင့် ပစ်မှတ်ထားလိုက်သည်။
“သွေးနတ်ဘုရားဂိုဏ်းက ကြွက်စုတ် နင့်ကို တွေ့ပြီ”
သူမ ဓားဖြင့် သွေးကန်ထဲမှ ရှုဝမ်ထျန်းကို ခုတ်ပိုင်းချလိုက်၏။
ကလန်
ဓားစွမ်းအင်သည် သွေးလှိုင်းကို ဖြတ်တောက်ပြီး ထိုသူ့ကို သွားထိမှန်သည်။
ရှုဝမ်ထျန်း မျှော်လင့်ချက်ကင်းမဲ့စွာ ကြည့်နေသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွား၏။
‘ငါ့ဘဝတော့ သွားပြီ’
ထိုစဉ် သွေးကန်အောက်ခြေမှ နဂါးလက်သည်းကြီးတစ်ခု ထွက်လာပြီး ဓားစွမ်းအင်ကို ဖမ်းဆီးလိုက်သည်။
ခရက်
ဓားခုတ်ချက်က ချက်ချင်း ပျက်ပြယ်သွားတော့၏။
ရှုဝမ်ထျန်း သူ့ရင်ဘက်ကို အကြောက်တရားများဖြင့် ပုတ်လိုက်မိသည်။ ထို့နောက် သွေးကန်ကို ပြန်ကြည့်လိုက်၏။ ဧရာမနဂါးခေါင်းကြီး၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာသည်။
သူ့ခေါင်းသာ ထွက်ပေါ်နေသော်လည်း ကြောက်မက်ဖွယ်အရှိန်အဝါသည် ဝမ်တောက်ကျောင်းတော်မှ တပည့်များကို တုန်ယင်သွားစေသည်။
“သူတော်စင်အဆင့် နတ်ဆိုးနဂါးဝိညာဉ်”
ယဲ့ပေရွှမ် ထိုအရာကို စိုက်ကြည့်ရင်း အလိုလို အော်လိုက်မိသည်။
“ဒီအရှင်အိပ်နေတာကို ဘယ်သူနှောင့်ယှက်ရဲတာလဲ”
ရှုဝမ်ထျန်း ချက်ချင်း ဒူးထောက်ချလိုက်သည်။
“အရှင်သွေးငရဲနဂါးဧကရာဇ်၊ တရားမျှတမှုကို ပေးပါမယ်လို့ ကြွေးကြော်နေကြတဲ့ လမ်းမှန်ကျင့်ကြံသူတွေပါ”
“နှစ်တွေမရေမတွက်နိုင်အောင် ကြာလှပြီ။ ငါ့ကို မှတ်မိတဲ့သူတွေ ရှိသေးလား”
သွေးငရဲနဂါးဧကရာဇ် ရေရွတ်လိုက်သည်။
“အရှင် ကျွန်တော်က အရှင့်သစ္စာရှိနောက်လိုက်ပါ။ အရှင် ပြန်လည်နိုးထလာပြီဆိုတော့ ဒီကုန်းမြေကြီးကို နောက်တစ်ကြိမ် ပြန်ကြီးစိုးပေးပါ”
သူပြောပြီးသည်နှင့် ရှုဝမ်ထျန်း ထိုသူ၏ အမူအရာကို ဂရုတစိုက် ကြည့်လိုက်၏။
မြောက်ပိုင်းချောက်နက်တွင် သွေးကန်၏ လျှို့ဝှက်ချက်ကို ရှာတွေ့စဉ်က သူ ရဲတင်းသည့် အစီအစဉ်တစ်ခု ကြိုချထားခဲ့သည်။ ၎င်းမှာ သွေးငရဲနဂါးဧကရာဇ်၏ စွမ်းအားကို ငှားရမ်းကာ အထွတ်အထိပ်နတ်ဘုရားပညာရပ်ကို ကျင့်ကြံပြီး တစ်နေ့တွင် သူတော်စင်အဆင့်သို့ တက်လှမ်းရန်ပင်။
သို့သော် ၎င်းက ထင်သလောက် မရိုးရှင်းပေ။ နဂါးဧကရာဇ် ကံကြမ္မာ၏ တန်ပြန်တိုက်ခိုက်မှုကို ခုံခံနိုင်မည့် ကံကြမ္မာမျိုးလိုအပ်ပေသည်။
မြောက်ပိုင်းတောရိုင်း ရှီးမိသားစု၏ ရှီးရွှမ်တွင် မဟာကံကြမ္မာရှိမှန်းသိပြီးနောက် သူ လုယူရန် စီစဉ်တော့၏။
အိပ်မက်ကတော့ လှပသော်ငြား လက်တွေ့ကတော့ ရက်စက်ပေသည်။
တိုက်ပွဲအတွင်း၌
ရှုဝမ်ထျန်း အကျိုးအမြတ်မရသည့်အပြင် သူ့အစောင့်အရှောက် ဝိညာဉ်သားရဲလည်း သေဆုံးသွား၏။ ထိုသားရဲသည် မဟာပဏ္ဍိတအဆင့် စီးတော်ယာဉ်ဖြစ်ပြီး သူ့ဆရာ အပင်ပန်းခံကာ ပျိုးထောင်ခဲ့ခြင်းပေ။
သွေးနတ်ဘုရားဂိုဏ်း၏ စည်းမျဉ်းအရ အစောင့်အရှောက်သားရဲ သေဆုံးပြီး ဂိုဏ်းအတွက် မထောက်ပံ့ပေးနိုင်ပါက နတ်ဘုရားသားတော်နေရာအတွက် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားပေလိမ့်မည်။
ထို့ကြောင့် ရှုဝမ်ထျန်းသည် ဤအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး သွေးငရဲနဂါးဧကရာဇ်မနိုးထခင် ဝမ်တောက်ကျေင်းတော်မှ တပည့်များ သတိထားမိသွားလိမ့်မည်ဟု မထင်ထားပေ။ သူ့စကားကို ကြားလိုက်ရသောအခါ သွေးငရဲနဂါးဧကရာဇ် ရယ်မောတော့သည်။
“မင်းရဲ့ သစ္စာစောင့်သိမှုကိုတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ ငါ ဒီကမ္ဘာကြီးကို စိုးမိုးဖို့တော့ အချိန်မကျသေးဘူးကွ။ နှစ်တစ်ထောင်ကြာလို့ ငါ အပြည့်အဝ ပြန်နိုးထလာရင် မင်းက ငါ့လက်အောက်က ထိပ်တန်းမဟာပဏ္ဍိတတစ်ပါး ဖြစ်လာလိမ့်မယ်”
ဤသည်ကို ကြားသောအခါ ဝမ်ပေါင်လဲ့ မထိန်းနိုင်စွာ ရယ်မောတော့သည်။
“ဖွီး...ဟားဟားဟား”
“ဟမ့်”
သွေးငရဲနဂါးဧကရာဇ် မျက်မှောင်ကြီး ကြုတ်သွားပြီး ဝမ်ပေါင်လဲ့ကို အေးစက်စွာ ကြည့်လာသည်။
“ဂျူနီယာ မင်းဘာလို့ ရယ်နေတာလဲ”
ဝမ်ပေါင်လဲ့ ပြန်ဖြေလိုက်သည်။
“ခွင့်လွှတ်...ခွင့်လွှတ်.. ကျုပ် မရယ်ချင်ပါဘူး။ ခင်ဗျား ကတိက သောက်ဆန်းကြီးမလို့ပါ။ မဟာပဏ္ဍိတတစ်ပါးဖြစ်လာဖို့ကို ခင်ဗျားဆီမှာ နှစ်တစ်ထောင်လောက် ကျွန်ခံရမယ်ပေါ့။ အဲဒီအစား ကျုပ်တပည့် လာခံပါလား။ နှစ်ငါးရာအတွင်း မဟာပဏ္ဍိတတစ်ပါး ဖြစ်လာရမယ်”
ယဲ့ပေရွှမ် သဘောတူသည်။
“ဟုတ်တယ်။ ခေတ်တွေ ပြောင်းလဲကုန်ပြီ။ ကျုပ်တို့လို ကံကြမ္မာသားတော်တွေအတွက် နှစ်တစ်ထောင်အတွင်း မဟာပဏ္ဍိတတစ်ပါးဖြစ်လာဖို့ဆိုတာ ဆွဲဆောင်မှု မရှိတော့ဘူး”
ရှုဝမ်ထျန်း ထိုသို့ တွေးမိသော်လည်း ထုတ်မပြောရဲချေ။ သူ့ကို ကယ်တင်ပေးရန်သာ မျှော်လင့်မိနေပါ၏။
“ဟမ့်”
သွေးငရဲနဂါးဧကရာဇ် အေးစက်စွာ နှာမှုတ်သည်။
“မောက်မာလိုက်တဲ့ ဂျူနီယာလေးတွေ ဒီနေ့ မင်းတို့ကို ငါ့စွမ်းအား ပြရတာပေါ့”
သူ့စကားအဆုံးတွင် တောင်ကြီးသည် ပြင်းထန်စွာ လှုပ်ခါလာသည်။
လိုဏ်ဂူမျက်နှာကျက်မှ ဖုန်မှုန့်များ ကျဆင်းလာသည်။
အပြင်သို့လျှံထွက်လာသော သွေးလှိုင်းများသည် ကန်ထဲသို့ ပြန်ဝင်သွားပြီး ကန်ရေမြင့်မှာ ထက်ဝက်ကျော် လျော့ကျသွား၏။
နဂါးဧကရာဇ်၏ ဝိညာဉ်ခန္ဓာသည် ကန်အောက်ခြေမှ ထွက်လာသည်။ ထက်ဝက်မျှသာ ထွက်လာသေးသော်လည်း သူတော်စင်အဆင့်ဖိအားများ တစ်ဂူလုံးကို ပျံ့နှံ့၍ နေတော့၏။
ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားအောက်တွင် အတွင်းရှိ ကျင့်ကြံသူအချို့မှာ မထိန်းနိုင်စွာ တုန်ယင်လာကြ၏။ အားနည်းသူအချို့ဆို ပစ်လဲကျသွားတော့သည်။
ဝမ်ပေါင်လဲ့နှင့် ယဲ့ပေရွှမ် အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ဓားကျောက်စိမ်းကို ထုတ်ယူပြီး ခုခံရန် ပြင်ဆင်လိုက်သည်။
သို့သော် သူတို့ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားအာရုံတို့သည် နဂါးအရှိန်အဝါဖြင့် ချိတ်ပိတ်ခံထားရသည့်အတွက် ကျောက်စိမ်းကို အသက်သွင်းရန် မဖြစ်နိုင်တော့ပေ။
သူတို့၏ လှုပ်ရှားမှုသေးသေးလေးသည် သွေးငရဲနဂါးဧကရာဇ်မျက်လုံးထံမှ မလွတ်မြောက်ပေ။ သူနှာခေါင်းရှုံ့လိုက်သည်။
“မင်းတို့ ကြားဖူးလား။ သူတော်စင်အဆင့်အောက်မှာဆို အကုန်လုံးက ပုရွက်ဆိတ်တွေပဲဆိုတာ။ ငါ့အတွေးတစ်ချက်နဲ့တင် မင်းတို့ကို စွမ်းအားမဲ့သွားအောင် လုပ်နိုင်တယ်”
“မင်းတို့ခန္ဓာကိုယ်တွေက အရသာရှိတယ်။ မင်းတို့ကိုရော မင်းတို့ကံကြမ္မာကိုပါ ဝါးမျိုလိုက်ရင် ငါ အနားယူရတဲ့အချိန် နှစ်နှစ်ရာလောက် ကုန်သွားနိုင်တယ်”
“သွေးနတ်ဘုရားဂိုဏ်းက ကောင်လေး မင်းနောက်ဆုံးတော့ တန်ဖိုးရှိတာ လုပ်နိုင်ပြီ။ စိတ်ချထား။ ငါ ကမ္ဘာကြီးကို စိုးမိုးနိုင်ရင် မင်းကို ဆုကောင်းကောင်းချီးမြှင့်မယ်”
ရှုဝမ်ထျန်း ဖုံးကွယ်ထားသည့်အဓိပ္ပာယ်ကို မသိဘဲ ကျေးဇူးတင်စွာ ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒီတပည့် လုပ်သင့်တဲ့ အရာပါ။ ကျေးဇူးပြုပြီး ကျွန်တော် ပူဇော်ထားတဲ့ အရာတွေကို လက်ခံပေးပါဦး”
နဂါးဧကရာဇ်သည် သူ့နှိမ့်ချပုံကို ကျေနပ်သွားပြီး ရှုဝမ်ထျန်းကို ဆာလောင်စွာ ကြည့်နေ၏။
“မင်းပြောတာကောင်းတယ်။ အရင်ဆုံး ဒီအနှောင့်အယှက်တွေကို ရှင်းလင်းပေးမယ်”
“ဟက်”
ထီမထင်ဟန် ရယ်မောသံတစ်သံ ထွက်လာသည်။
နဂါးဧကရာဇ်ရော ရှုဝမ်ထျန်းပါ ထိုအသံကြားရာဘက်သို့ ကြည့်လာသော်လည်း မည်သူ့ကိုမှ မမြင်ရချေ။
“ဘယ်သူ အရိပ်ထဲ ပုန်းနေတာလဲ”
နဂါးဧကရာဇ် ပုန်းကွယ်နေသူကို ရှာရန် နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်၏။
“မင်းက သူတော်စင်အဆင့် ဖိအားရှိပေမဲ့ ပုတ်သင်အိုကြီးတစ်ကောင်ပါကွာ။ တကယ်တမ်း မဟာပဏ္ဍိတအဆင့်ပဲ ရှိသေးတယ်။ ငါ မင်းရှေ့မှာ ရပ်နေတာတောင် သတိမထားမိဘူးလား”
သူ့အသံဆုံးသွားသည်နှင့် ပုံရိပ်တစ်ခု ပေါ်လာသည်။
လူတိုင်း၏အမူအရာသည် အမျိုးမျိုး ပြောင်းလဲသွားကြသည်။
ဝမ်တောက်ကျောင်းတော်တပည့်များသည် ပျော်သွားကြတော့၏။
သို့သော် ရှုဝမ်ထျန်းကတော့ တုန်လှုပ်သွားသည်။
“မဟာပဏ္ဍိတရွှေတောင်ပံ ခင်ဗျား ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”
အသစ်ရောက်လာသူမှာ မဟာပဏ္ဍိတရွှေတောင်ပံပင်။ ထိုသူက ပြုံးကာ ပြော၏။
“ငတုံးကောင် မင်းက ရောင်းစားခံရတာတောင် ပိုက်ဆံထိုင်ရေနေမဲ့အထိ တုံးတဲ့ကောင်ပဲ။ မင်း သေတွင်းတူးနေတာကို မြင်နေရတာ ရယ်ချင်တယ်”
“ခင်ဗျား ဘာကိုဆိုလိုတာလဲ”
ရှုဝမ်ထျန်း သူ့ကို ကြည့်ရင်း စိတ်ထဲတွင် အမည်မသိ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
မဟာပဏ္ဍိတရွှေတောင်ပံ ရယ်မောသည်။
“မင်းက ဦးနှောက်မကောင်းမှတော့ ငါပဲ သဘောကောင်းပြီး ရှင်းပြပေးရမှာပေါ့။ ဒီနဂါးဝိညာဉ်က မင်းခန္ဓာကိုယ်ကို လုဖို့ ကြိုးစားနေတာ”
ထိုစကားကြောင့် ဂူအတွင်းတိတ်ဆိတ်သွားသည်။ သွေးငရဲနဂါးနှင့် ရှုဝမ်ထျန်းတို့ အကြည့်ချင်း ဆုံသွားသည်။