← Chapters

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း ၄၁၃

Vol. 42 Ch. 413

အခန်း (၄၁၃)

တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ရှုဝမ်ထျန်းနှင့် သွေးငရဲနဂါးဧကရာဇ်တို့နှစ်ဦးစလုံး တစ်ဖက်လူ၏ ဖုံးကွယ်ထားသော အတွေးများကို ရိပ်မိသွားကြ၏။

မဟာပဏ္ဍိတရွှေတောင်ပံ ပြောနေသည်မှာ အမှန်တရားဖြစ်ကြောင်း ရှုဝမ်ထျန်း ချက်ချင်း သဘောပေါက်သွားသော်လည်း သူ့တွင် အားကိုးစရာဟူ၍ သွေးငရဲနဂါးဧကရာဇ် တစ်ဦးတည်းသာ ရှိသဖြင့် ထိုအချက်ကို ဗြောင်မဖော်ပြရဲသည်မှာ ပုံမှန်ပင်။

“ဟမ့်”

သူ အေးစက်စွာ နှာမှုတ်ကာဆိုလိုက်၏။

“စီနီယာ... ခင်ဗျားရဲ့ အောက်တန်းကျတဲ့ လှည့်ကွက်တွေကို ရပ်လိုက်ပါ။ တကယ်လို့ ခင်ဗျားမှာ အရည်အချင်းရှိရင် အရှင်နဂါးဧကရာဇ်နဲ့ တိုက်ရိုက် ယှဉ်ပြိုင်လှည့်။ လက်ရုံးရည်ချင်းယှဉ်ကြတာပေါ့”

သွေးငရဲနဂါးဧကရာဇ်သည်လည်း ဤတိုက်ပွဲကို ရှောင်လွှဲ၍မရမှန်း သိပေသည်။ သူ ရှေ့တွင်ရှိသော လူသားထံ အကြည့်ကို ပို့ထားပြီး ထိုလူသား ထုတ်လွှတ်နေသော စွမ်းအားလှိုင်းများကို အကြောင်းရင်းမရှိ မနှစ်မြို့ခြင်းများ ဖြစ်နေမိ၏။

“မျိုးဆက်သစ်လေး... မင်း ငါ့ရှေ့မှာ ဒီလောက် မောက်မာရဲအောင် ဘယ်လို အရည်အချင်းမျိုးတွေ ရှိနေလဲဆိုတာ ဒီဧကရာဇ်က ကြည့်ရသေးတာပေါ့”

“ဟဲဟဲ”

မဟာပဏ္ဍိတရွှေတောင်ပံက ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ကောင်းပြီလေ။ အဲ့ဒါဆိုရင်လည်း ဒီအရှင်က မင်းရဲ့ နောက်ဆုံး စိတ်ကူးယဉ်မှုကို ရိုက်ချိုးပေးရတာပေါ့”

သူ့စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ရွှေရောင်ဗုဒ္ဓအလင်းတန်းများ သူ့ကို လွှမ်းခြုံသွားပြီး သူ့ကိုယ်မှာ အစစ်အမှန်ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ရွှေတောင်ပံလင်းယုန်”

ရန်သူ၏ အစစ်အမှန်ပုံစံကို မြင်လိုက်ရသောအခါ သွေးငရဲနဂါးဧကရာဇ် မျက်နှာအမူအရာ ပျက်ယွင်းသွား၏။ အထူးသဖြင့် ထိုသူ့ထံမှ ဖြာထွက်နေသော ဗုဒ္ဓအလင်းတန်းများကို အလွန်အမင်း ရွံရှာစက်ဆုပ်သွားလေ၏။

“ဝူး...”

သူ ဟိန်းဟောက်သံတစ်ခု လွှတ်လိုက်ရာ ကြီးမားလှသော နဂါးအရှိန်ဝါသည် ဂူတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။

သွေးကန်တွင်းမှ ကြီးမားထည်ဝါလှသော ဝိညာဉ်ပုံသဏ္ဌာန်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။

၎င်းမှာ အမြီးမပါသော သူတော်စင်အဆင့် နဂါးဝိညာဉ်တစ်ခုပင်။

ဝမ်ပေါင်လဲ့နှင့် အခြားသူများ အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးမှ ကိုယ့်ကိုယ်ကို ထိန်းလိုက်နိုင်သည်။

မဟာပဏ္ဍိတရွှေတောင်ပံ ထိုနဂါးအရှိန်ဝါကို ပိတ်ဆို့ရန် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရုံမျှသာ။ ထို အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင်

ဝမ်ပေါင်လဲ့နှင့် ယဲ့ပေ့ရွှမ်တို့၏ မျက်နှာများ ဖြူလျော်သွားပြီး နဖူးတွင် အေးစက်သော ချွေးစေးများ ပျံလာသည်။

သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ သူတို့အနေဖြင့် မဟာတာအိုအနှစ်သာရကို စောစောစီးစီး နားလည်သဘောပေါက်မှ ဖြစ်ပေတော့မည်။ မဟုတ်ပါက ဤကဲ့သို့သော တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရလျှင် သူတို့ ပြန်လည်တိုက်ခိုက်ရန် အရည်အချင်းပင် ရှိလိမ့်မည်မဟုတ်ချေ။

“တွင်းနက်ထဲမှာ ပိတ်မိနေတဲ့ နဂါး ထွက်ပေါ်လာခြင်း”

သွေးငရဲနဂါးဧကရာဇ် အော်ဟစ်လိုက်ပြီး သူ၏ လက်သည်းများဖြင့် မဟာပဏ္ဍိတရွှေတောင်ပံကို ကုတ်ခြစ်လိုက်၏။

ချက်ချင်းပင် ကြီးမားလှသော သွေးနဂါးအသွင်သဏ္ဌာန်တစ်ခု ဂူအတွင်း၌ ပေါ်ပေါက်လာသည်။

“မင်းရဲ့ ငတုံးနဂါးက အမြီးမပါဘူးပဲ”

မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် လှောင်ပြောင်လိုက်ပြီးနောက် ထိုလက်သည်းနှင့် ရင်ဆိုင်ရန် သူ့အတောင်ပံများကို ခတ်လိုက်လေ၏။

လက်သည်းက ရိုက်ခတ်တော့မည့် ဆဲဆဲတွင် သူ လေထဲ၌ ကိုးဆယ်ဒီဂရီ ကွေ့လိုက်ပြီး မိမိ၏ လက်သည်းကို ဆန့်ထုတ်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဝုန်း

နားကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

သွေးနဂါးအသွင်သဏ္ဌာန်သည် ပျောက်ကွယ်သွားတော့၏။

မဟာပဏ္ဍိတရွှေတောင်ပံကမူ ထိုနေရာတွင် ဒဏ်ရာအနာတရမရှိဘဲ ရပ်နေဆဲပင်။

သွေးငရဲနဂါးဧကရာဇ်သည် သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့၏။

“မင်း တကယ်ပဲ နတ်ဘုရားစွမ်းအား ကို နားလည်ထားတာလား။ ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက ရွှေတောင်ပံမဟာလင်းယုန်ကြီး အဖြစ်ကိုတောင် အဆင့်မတက်ရသေးဘူး”

“နတ်ဘုရားစွမ်းအားဆိုတာ ဦးနှောက်ရှိရုံတင်နဲ့ နားလည်နိုင်တဲ့အရာမျိုး မဟုတ်ဘူးလေ”

မဟာပဏ္ဍိတရွှေတောင်ပံ အလွန်အမင်း ဝါကြွားသော လေသံမျိုးဖြင့် ပြန်လည်ဖြေကြားလိုက်၏။

သွေးငရဲနဂါး တွေဝေသွားသည်ကို မြင်သောအခါ သူ ဆက်၍ ပြောလိုက်သည်။

“တော်ပြီ။ ကစားပွဲက ဒီမှာတင် ပြီးပြီ။ ငါ့ရဲ့ နတ်ဘုရားစွမ်းအားကိုပြရမယ့် အချိန်ပဲ”

“ဂီး…”

လင်းယုန်ငှက်၏ အော်မြည်သံတစ်ခုနှင့်အတူ မဟာပဏ္ဍိတရွှေတောင်ပံ၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားလေတော့၏။

သူ့အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် သွေးငရဲနဂါးဧကရာဇ်ပင် လိုက်လံ မကြည့်ရှုနိုင်တော့ချေ။

သူ့ပုံရိပ် ပြန်လည်ပေါ်လာသောအခါ လက်သည်းများမှာ သွေးငရဲနဂါးဧကရာဇ်၏ ဝိညာဉ်ခန္ဓာကိုယ် ဦးခေါင်းထက်သို့ ကျရောက်နေပြီ ဖြစ်သည်။

“မလုပ်နဲ့”

သွေးငရဲနဂါးဧကရာဇ်၏ အော်ဟစ်သံမှာ မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားသည်။

ထိုအော်သံကို ကြားလိုက်ရသော သက်ရှိသတ္တဝါအားလုံးသည် မိမိတို့၏ အသိုက်များထဲတွင် တုန်ရင်ကာ ကြောက်ရွံ့ထိတ်လန့်နေကြတော့၏။

ထိုဖိအားရှိန်ဝါသည် သူတို့ထံ တိုက်ရိုက် ဦးတည်ထားခြင်း မဟုတ်သော်လည်း ၎င်းမှာ သူတို့တစ်ခါမျှ မကြုံဖူးသော ကြောက်မက်ဖွယ်ရာ အတွေ့အကြုံမျိုးပင်။

ဂူအတွင်း၌မူ မဟာပဏ္ဍိတရွှေတောင်ပံ သူ၏ လက်သည်းများကို ပြန်ရုပ်သိမ်းလိုက်ကာ လူသားအသွင်သို့ ပြောင်းလဲသွားပြီး လက်ထဲတွင်မူ တလက်လက်တောက်နေသော သူတော်စင်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကိုင်ဆောင်ထားသည်။

သူ့ရှေ့ရှိ သွေးငရဲနဂါးဧကရာဇ်မှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားတော့လေ၏။

“ဒါ ဒါက ဒီလိုပဲ ပြီးသွားတာလား”

ချင်ယွမ်သည် မြေပြင်ပေါ်တွင် ထိုင်လျက် မဟာပဏ္ဍိတရွှေတောင်ပံ၏ ခန့်ညားထည်ဝါသော ကျောပြင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

“မင်းက တခြားဘယ်လို ပျောက်ကွယ်သွားမယ် ထင်လို့လဲ”

မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန် ချင်ယွမ်ကို လှည့်ကြည့်ကာ ဆိုလိုက်သည်။

“ဟိုကောင်က သူတော်စင်အဆင့် ဖိအားလောက်ပဲ ရှိတဲ့ ဝိညာဉ်အကြွင်းအကျန်သက်သက်ပဲဥစ္စာ။ မင်း ငါ့ကို အဲ့ဒီကောင်နဲ့ အချီသုံးရာလောက်အထိ တိုက်ခိုက်နေလိမ့်မယ်လို့ ထင်နေတာလား။ အဲ့ဒီအကြောင်း သတင်းပျံ့သွားရင် ဒီအရှင်ရဲ့ မျက်နှာ ဘယ်နား သွားထားရမလဲ”

ချင်ယွမ် “......”

မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်သည် ယဲ့ပေ့ရွှမ်ထံသို့ အကြည့်ကို ပို့ကာ ဆိုလိုက်၏။

“မင်း ဘာလို့ အဲ့ဒီမှာ ရပ်နေသေးတာလဲ။ ဒီအရှင်ကိုယ်တိုင် အဲ့လူငယ်ကို သွားဖမ်းပေးရအုံးမှာလား”

“ဆရာဦးလေး ပြောမှ သတိရတယ်”

ယဲ့ရဲ့ပေရွှမ်း ပြန်လည်ဖြေကြားပြီးနောက် သွေးကန်ထဲတွင် မှင်တက်လျက် ရပ်နေသော ရှုဝမ်ထျန်းကို ကြည့်လိုက်၏။

သူ ဟုန်မန်ကြေးမှုံကို ကိုင်ဆောင်လျက် တည်ငြိမ်စွာပင် ပြောလိုက်၏။

“ဟုန်မန်ကြေးမှုံရဲ့ အောက်မှာ သေဆုံးရတာ မင်းအတွက် ဂုဏ်ယူစရာပဲ”

ထိုစကားကို ကြားလိုက်ရသောအခါ ရှုဝမ်ထျန်းသည် သူ့ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး မျက်ဝန်းထဲတွင် မကျေနပ်မှုများနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေလေ၏။

“နှိပ်ကွပ်စမ်း”

ယဲ့ပေရွှမ်းသည် သူ့ကို မည်သည့်အခွင့်အရေးမျှ မပေးဘဲ လက်ထဲမှ ဟုန်မန်ကြေးမှုံကို ဖြည်းညှင်းစွာ မြှောက်ကာ အလင်းတန်းကို ရှုဝမ်ထျန်းထံသို့ ထိုးလိုက်သည်။

သေခြင်းတရား သက်ဆင်းလာသောအခါ ရှုဝမ်ထျန်း ဗီဇအရ ထွက်ပြေးရန် ကြိုးစားသော်လည်း ဟုန်မန်ကြေးမှုံအလင်းတန်း ထိမှန်ရာ အရပ်တိုင်းသည် သီးခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်တည်သွား၏။

သူ၏ အနှစ်သာရ သွေးများကို လောင်ကျွမ်းစေလျှင်ပင် ရှုဝမ်ထျန်းသည် ဟုန်မန်ကြေးမှုံ၏ အလင်းရောင်က ဖန်တီးထားသော ထိုကမ္ဘာထဲမှ ရုန်းမထွက်နိုင်ချေ။

ခဏအကြာတွင် ရှုဝမ်ထျန်းသည် သွေးရေကြည်များအဖြစ် အရည်ပျော်သွားပြီး သူ့ဝိညာဉ်လည်း ချုပ်ငြိမ်းသွား၏။

ယဲ့ပေ့ရွှမ် လက်ကို ဝှေ့ယမ်းကာ ဆွဲယူလိုက်ပြီး သွေးကန်ထဲမှ သိုလှောင်လက်စွပ် အချို့ကို ဆယ်ယူလိုက်သည်။ သူက ထိုအရာများကို လေထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်မြှောက်လိုက်ရင်း ပြောသည်။

“မင်းတို့ဘာသာမင်းတို့ ရွေးချယ်ကြ။ နောက်ဆုံးကျန်တဲ့တစ်ခုကို ငါ့အတွက် ချန်ထားခဲ့”

“ကျေးဇူးတင်ပါတယ် ဆရာ”

သိပ်မကြာမီမှာပင် လူတိုင်း သိုလှောင်လက်စွပ် တစ်ကွင်းစီကို ရွေးချယ်လိုက်ကြသည်။

ယဲ့ပေ့ရွှမ်နှင့် ဝမ်ပေါင်လဲ့တို့သည် လက်စွပ်ထဲရှိ အရာများကို စိတ်မဝင်စားဘဲ သွေးကန်ထံသို့သာ အကြည့်ကို ပို့ထားကြ၏။

မဟာပဏ္ဍိတရွှေတောင်ပံ မေးလိုက်သည်။

“မင်းတို့နှစ်ယောက်က ဒီကမ္ဘာခြားနတ်ဆိုးသွေးကို သုံးပြီး ကျင့်ကြံဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်”

“အဲ့ဒီလို အတွေးတော့ ရှိပါတယ်”

ယဲ့ပေ့ရွှမ် ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ။ အဲ့ဒါဆိုရင်လည်း ဒီအရှင်က ချွင်းချက်အနေနဲ့ မင်းတို့ကို တစ်ကြိမ်လောက် စောင့်ရှောက်ပေးရတာပေါ့”

မဟာပဏ္ဍိတရွှေတောင်ပံ ပြောပြီးသည်နှင့် ဘာစကားမျှ ထပ်မဆိုတော့ဘဲ တင်ပျဉ်ခွေထိုင်လိုက်တော့လေ၏။

ထိုအတောအတွင်း ယဲ့ပေ့ရွှမ်နှင့် ဝမ်ပေါင်လဲ့တို့မှာ သွေးကန်ထဲသို့ ခုန်ဆင်းသွားကြပြီး ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။

နယ်ခြားတောင်တန်းပေါ်တွင်...

နေမင်းကြီးမှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ချူဖုန်းမှာ အိပ်မောကျနေဆဲပင်။ အခြားသော အင်အားစုအသီးသီးမှ ဝိညာဉ်ဂူဗိမာန်ဂိုဏ်း ထံသို့ အပြေးအလွှား သွားရောက်နေကြသည်။

မွန်းတည့်ချိန်တွင်

ချူဖုန်းသည် ပျင်းရိစွာ အကြောဆန့်ပြီး ခုတင်ပေါ်မှ ထလိုက်လေ၏။ သူ အကြောအခြင်များကို ဖြေလျှော့ပြီးနောက် အပြင်ဘက်သို့ လျှောက်လာသည်။

“ဆရာ... နိုးပြီလား”

ရှီးရွှမ်သည် ချူဖုန်း ထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် အနားသို့ ကပ်လာ၏။

ချူဖုန်းက ပြောလိုက်သည်။

“တခြားကိစ္စ မရှိရင် ငါတို့လည်း ထွက်ကြစို့”

“ဟုတ်ကဲ့ပါ”

ရှီးရွှမ် ပြန်ဖြေလိုက်ပြီးနောက် သူတို့အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းကာ ဝိညာဉ်ဂူဗိမာန်ဂိုဏ်း၏ နယ်မြေဆီသို့ ဦးတည်ထွက်ခွာလာကြသည်။

ထိုသုံးဦးသားမှာ ထူးဆန်းစွာပင် အေးအေးလူလူ ခရီးနှင်နေကြသဖြင့် သူတို့မှာ ရတနာများ လုယူရန် သွားနေကြခြင်းထက် အပန်းဖြေခရီး ထွက်နေသည့်အလား ထင်မှတ်ရသည်။

ချူဖုန်းက သူ့လေပြင်းမြင်းအား စီးနင်း၍ လျန်ယီနှင့် အာလာပသလာပ စကားပြောနေ၏။

“ရှောင်ယီ မင်းက နောက်ခံဇာတ်လမ်းရှိတဲ့ လူငယ်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိခဲ့ဘူး”

လျန်ယီ စိတ်မသက်မသာ ဖြစ်သော်လည်း ယဉ်ကျေးပျူငှာသော အပြုံးမျိုးဖြင့် ညည်းတွားလိုက်သည်။

“စီနီယာ ဒီဂျူနီယာကို မလှောင်ပါနဲ့ဗျာ။ ကျွန်တော်က မိသားစုခွဲက လူတစ်ယောက်ကို ရှုံးနိမ့်ခဲ့ရတဲ့ အရှုံးသမားတစ်ယောက်သက်သက်ပါပဲ”

“ငါ ဇာတ်လမ်းတွေ နားထောင်ရတာ ဝါသနာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ငါ့ဆီမှာ ဝိုင်ကောင်းရှိတယ်။ ဝိုင်သောက်ရင်း စကားပြောကြတာပေါ့”

ချူဖုန်း ပြောပြောဆိုဆိုဖြင့် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိုင်ဘူးလေးတစ်ဘူးကို ထုတ်ယူကာ လျန်ယီထံသို့ လှမ်းပစ်ပေးလိုက်လေ၏။

“ကျေးဇူးတင်ပါတယ် စီနီယာ”

လျန်ယီက ဘူးကို ဖမ်းယူလိုက်ပြီး အားရပါးရ တစ်ငုံ သောက်လိုက်သည်။

ကောင်းမွန်လှသော ဝိုင်မှာ သူ့လည်ချောင်းထဲသို့ စီးဆင်းသွားသောအခါ လျန်ယီ ခဏတာ ကြောင်အသွား၏။

“ဂလု”

သူက ဝိုင်ကို တစ်ကျိုက်တည်း မျိုချကာ မေးလိုက်သည်။

“စီနီယာ... ဒီဝိုင်က...”

ချူဖုန်းက ပြုံးလိုက်၏။

“ဘယ်လိုလဲ”

“ကျွန်တော့်တစ်သက်မှာ ဒီလောက် ကောင်းတဲ့ဝိုင်မျိုး တစ်ခါမှ မမြည်းစမ်းဖူးဘူး”

လျန်ယီ အမှန်အတိုင်း ဖြေလိုက်သည်။

ချူဖုန်းကလည်း ကိုယ်တိုင် တစ်ငုံ သောက်ရင်း မေးလိုက်သည်။

“ကဲ... အခု မင်းဇာတ်လမ်းကို မျှဝေပေးလို့ ရပြီလား”

“ရပါတယ်”

လျန်ယီ ခဏနားပြီး နောက်ထပ်တစ်ကျိုက် သောက်ကာ သူ၏ ဇာတ်လမ်းကို ဖြည်းညှင်းစွာ စတင်ပြောပြလေတော့၏။

“ဒါတွေအားလုံးက ကျွန်တော့်အဖေရဲ့ ကိုယ်လုပ်တော်က မွေးတဲ့ သားနဲ့ စတာပါ”

အတန်ကြာပြီးနောက် မူးဝေနေသော မျက်ဝန်းများဖြင့် လျန်ယီက သူ၏ ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်။

၎င်းမှာ အတော်အတန် ရိုးအီနေသော ပုံပြင်တစ်ပုဒ်ပင်။

သူသည် တစ်ချိန်က သစ္စာစုံဓားဂိုဏ်း၏ အထွတ်အထိပ်ပါရမီရှင် သုံးဦးအနက် တစ်ဦးဖြစ်ပြီး နယ်ခြားတောင်တန်းတွင် ကျော်ကြားလှသော ပါရမီရှင်တစ်ဦး ဖြစ်ကာ အလွန်အမင်း လှပသော စေ့စပ်ထားသူ အမျိုးသမီးတစ်ဦးလည်း ရှိသည်။

သို့သော် လွန်ခဲ့သော သုံးလ ဂိုဏ်းတွင်းပြိုင်ပွဲ၌ အရာအားလုံး ပြောင်းလဲသွား‌ခဲ့၏။ အကြိုဗိုလ်လုပွဲစဉ်တွင် သ ဖအေတူမအေကွဲ ညီဖြစ်သူ လျန်ဝူရှင်းကို ရှုံးနိမ့်ခဲ့ရပြီး ထိုသူက သူ၏ လျှို့ဝှက်သိုင်းကွက်ကိုပင် ဖော်ထုတ်သွား၏။

အစပိုင်းတွင် ထိုရှုံးနိမ့်မှုက သူ့အပေါ် ကြီးမားသော သက်ရောက်မှု မရှိခဲ့သော်လည်း ထိုညတွင် သူ့စေ့စပ်ထားသူထံ သွားရောက်လည်ပတ်ပြီးနောက် ထိုနှစ်ဦးသား အချိန်အတော်ကြာတည်းက ပတ်သက်နေကြမှန်း သူ သိရှိသွားသည်။

ထိုစဉ်တုန်းက လျန်ဝူရှင်းမှာ သူ့ကို မကျေမချမ်း စိုက်ကြည့်ရင်း ရှောင်ယုသည် အမြဲတမ်း သူ့ချစ်သူ ဖြစ်ခဲ့ကြောင်း လျန်ယီကသာ သူမကို လုယူသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုနေ့က ရှုံးနိမ့်မှုသည် သူကိုယ်တိုင် စိုက်ပျိုးခဲ့သဖြင့် ရရှိလာသော ရလဒ်သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုစကားများကို ကြားလိုက်ရသောအခါ လျန်ယီ့၏ တာအိုနှလုံးသားမှာ ပြိုလဲသွားသည်။ သူသည် ဝေဝေဝါးဝါးဖြင့် ထွက်ခွာလာခဲ့ရတော့လေ၏။

တကယ်၍သာ သူသည် လျန်မျိုးနွယ်စု၏ တိုက်ရိုက်အမွေခံ မဟုတ်ခဲ့ပါက အခုအချိန်တွင် စွန့်ပစ်ခံထားရပြီးသား ဖြစ်ပေလိမ့်မည်။

ထိုဇာတ်လမ်းကို ကြားပြီးနောက် ချူဖုန်းသည် သူ့ဘေးရှိ ရှီးရွှမ်ထံသို့ အကြည့်ကို ပို့လိုက်သည်။

“ရှောင်ရွှမ် ဒီလူငယ်က မင်းနဲ့ ကံကြမ္မာချင်း တူတာပဲ”

ရှီးရွှမ်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ သူ့ဇာတ်လမ်းက ကျွန်တော့်ဇာတ်လမ်းနဲ့ ထပ်တူပါပဲ။ ကံမကောင်းတာက ကျွန်တော် တပည့်လက်ခံလို့မရဘူး။ မဟုတ်ရင် သူ့ကို တပည့်အဖြစ် ခေါ်ထားလိုက်တယ်”

ထိုစကားလုံးများ ထွက်ပေါ်လာသည့် ခဏ၌ လျန်ယီသည် ချက်ချင်း အမူးပြေသွားပြီး သူ့မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ လက်ခနဲ ဖြစ်သွားသည်။ သူက ခြင်္သေ့စိမ်း ပေါ်မှ ခုန်ဆင်းလိုက်ပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်တော့လေ၏။

“စီနီယာ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ”

All Chapters