အခန်း ၄၁၄
Vol. 42 Ch. 414
အခန်း (၄၁၄) ဝိညာဉ်ဂူဗိမာန်ဂိုဏ်း
ရှီးရွှမ် တိတ်ဆိတ်သွားသည်။ သူသည် ဝမ်တောက်ကျောင်းတော်၏ စည်းမျဉ်းများကို ကောင်းစွာသိထားပြီး သူကိုယ်တိုင်က စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သဖြင့် တပည့်လက်ခံရန် အရည်အချင်းမပြည့်မီနိုင်ပေ။
၎င်းကိုမြင်သော် ချူဖုန်း ပြုံးလိုက်သည်။
“မင်းဘက်က အဆင်ပြေတယ်ဆိုရင် ကျန်တာတွေကို ဆရာ့ကိုပဲ လွှဲထားလိုက်ပါ”
“ကျေးဇူးတင်ပါတယ် ဆရာ”
ချူဖုန်းထံမှ ခွင့်ပြုချက်ရပြီးနောက် ရှီးရွှမ် လျန်ယီကို ကြည့်ကာ ဆိုလိုက်သည်။
“ငါတို့နှစ်ယောက်လုံး အဖြစ်အပျက်တူတူပဲမို့ မင်းကို တပည့်အဖြစ် လက်ခံပါ့မယ်”
“တပည့်လျန်ယီ ဆရာ့ကို ဂါရဝပြုပါတယ်”
လျန်ယီ ပြောပြောဆိုဆိုနှင့် ရှီးရွှမ်ကို ချက်ချင်း ဦးညွှတ်ကာ ဂါရဝပြုလိုက်၏။
ရှီးရွှမ်က လျန်ယီကို ညှင်သာစွာ ထူမပေးလိုက်သည်။
“ငါ့နာမည်က ရှီးရွှမ်။ ဒါကတော့ မင်းရဲ့ ဆရာဘိုးဘိုး မဟာပဏ္ဍိတမိုးမြေပဲ”
ထိုစကားကို ကြားလိုက်ရချိန်တွင် လျန်ယီတစ်ယောက် လုံးဝ ဆွံ့အသွား၏။
လေနှင်းလျှိုမြှောင်တွင် သူ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ရသည့် လူနှစ်ယောက်မှာ မကြာသေးမီကမှ အကျော်ကြားဆုံးဖြစ်လာသည့် ထိပ်သီးအင်အားကြီးပုဂ္ဂိုလ်နှစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ပေ။
သူက တစ်ဖန်ဒူးထောက်လိုက်ပြန်၏။
“မြေးတပည့်လျန်ယီ ဆရာဘိုးဘိုးကို ဂါရဝပြုပါတယ်”
ချူဖုန်း လက်ကို ပေါ့ပေါ့ပါးပါးလေး မြှောက်လိုက်ရုံဖြင့် အဝေးမှ လျန်ယီကို ပင့်မပေးလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ဓားတစ်စင်းကို ထုတ်ယူကာ လှမ်းပစ်ပေးလိုက်၏။
“ဒီလို တခမ်းတနားတွေ လုပ်မနေပါနဲ့။ ဒါက ဒီဆရာဘိုးဘိုး မင်းကိုပေးတဲ့ လက်ဆောင်ပဲ”
“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး”
လျန်ယီ ရိုရိုသေသေဖြင့် ထိုရတနာဓားကို လှမ်းယူလိုက်လေ၏။
ချူဖုန်း ပြောလိုက်သည်။
“တော်ပြီ။ တရားဝင် တပည့်အပ်နှင်းပွဲ အခမ်းအနားကို ဝမ်တောက်ကျောင်းတော်ကို ပြန်ရောက်မှ လုပ်ကြတာပေါ့။ အခုကစပြီး မင်း သောင်းပြောင်းပညာရပ်ဌာနရဲ့ အပြင်စည်းမှာ ကျင့်ကြံရမယ်။ နေ့စဉ် သိချင်တဲ့ မေးခွန်းတွေရှိရင် ရှောင်ရွှမ်ဆီမှာ လမ်းညွှန်မှုခံယူပါ”
“ဟုတ်ကဲ့ပါ”
နှစ်ယောက်လုံး ရိုရိုသေသေ ပြန်လည်ဖြေကြားကြလေ၏။
ထိုလူသုံးယောက်မှာ ရှေ့သို့ ဆက်လက်ထွက်ခွာလာကြသည်။ ညနေစောင်းအချိန်သို့ ရောက်သောအခါ ဝိညာဉ်ဂူဗိမာန်ဂိုဏ်း၏ တောင်တံခါးဝသို့ ရောက်ရှိလာတော့၏။
နေမင်းက အနောက်ဘက်သို့ ဝင်လုဆဲဆဲဖြစ်သော်လည်း ကြွင်းကျန်ရစ်သော အလင်းပေါက်လေးများမှာ သူတို့အပေါ် နွေးထွေးမှုအနည်းငယ် ပေးစွမ်းနေဆဲပင်။
နယ်ခြားတောင်တန်း တစ်ခွင်ရှိ အင်အားစုကြီးငယ်အားလုံးမှာ ဤနေရာတွင် စုဝေးရောက်ရှိနေကြ၏။
သို့သော် ဝိညာဉ်ဂူဗိမာန်ဂိုဏ်းတစ်ခုလုံးမှာ သင်္ချိုင်းဂူတစ်ခုကဲ့သို့ တိတ်ဆိတ်နေ၏။
လေတိုက်ရာမှ မြက်ပင်လေးများ လှုပ်ရှားသွားသည့် အသံအနည်းငယ်ကိုပင် အထင်အရှား ကြားနေရလောက်မည့် ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်မှုမျိုးပင်။
ဤသို့ တိတ်ဆိတ်လွန်းနေခြင်းကြောင့် မည်သည့်အင်အားစုမှ ကျင့်ကြံသူတစ်ဦးတစ်ယောက်မျှ ထောင်ချောက်တစ်ခုခု ရှိနေမည်ကို စိုးရိမ်သဖြင့် မဆင်မခြင် အတွင်းသို့ မဝင်ရဲကြသေးပေ။
မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းသည် နယ်ခြားတောင်တန်းအတွင်းရှိ ထိပ်သီးအင်အားစုတစ်ခုပေ။
ဤကဲ့သို့ ဂိုဏ်းကြီးတစ်ခုက မည်သို့အခြေအနေမျိုးနှင့် ကြုံခဲ့ပါစေ အင်အားစုများစွာ ရောက်ရှိလာခြင်းကို လူတစ်ယောက်ပင် ထွက်မကြိုဘဲ ယခုလောက်အထိ တိတ်ဆိတ်နေလိမ့်မည် မဟုတ်ပေ။
“ကလပ်... ကလပ်…”
မြင်းခွာသံများက ဝိညာဉ်ဂူဗိမာန်ဂိုဏ်း အပြင်ဘက်ရှိ တင်းမာနေသော လေထုကို ဖြိုခွဲလိုက်သည်။
ကျင့်ကြံသူအားလုံးက ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
လူအုပ်ထဲမှ မျက်စိလျှင်သော ကျင့်ကြံသူများ ထိုလူသုံးယောက်ကို ချက်ချင်း မှတ်မိသွားသည်။
“ကြည့်စမ်း ဟိုစည်းမျဉ်းထောင်ချီဂိုဏ်းရဲ့ အကြီးအကဲကို သတ်ခဲ့တဲ့ လူသတ်သမားနှစ်ယောက်ပဲ။ သူတို့ တောင်ပေါ်အထိ တကယ့်ကို တက်ရဲလာလိမ့်မယ်လို့ မထင်ထားမိဘူး”
“ပြင်ပြောရရင် တစ်ယောက်တည်းပါ။ ကျန်တဲ့တစ်ယောက်က ဘယ်သူလဲဆိုတာ အခုထိ ဘယ်သူမှ မသိသေးဘူး”
“…”
လူအုပ်ကြီး၏ ပြောဆိုသံတိုင်း ချူဖုန်းတို့ သုံးယောက်နှင့် စည်းမျဉ်းထောင်ချီဂိုဏ်းဝင်များ၏ နားထဲသို့ တစ်လုံးမကျန် ရောက်ရှိသွားသည်။
စည်းမျဉ်းထောင်ချီဂိုဏ်းမှ ကျင့်ကြံသူများသည် သူတို့လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကြ၏။
အကယ်၍ ထိုနှစ်ယောက်ကသာ ရန်စကားတစ်ခွန်း ထပ်ပြောလာမည်ဆိုပါက သူတို့ကို သတ်ဖြတ်ပြီး ဥပမာအဖြစ် ပြသရန် ဝန်လေးကြမည်မဟုတ်ပေ။
ချူဖုန်း ထိုရန်လိုသော အကြည့်များကို သဘာဝကျကျပင် ခံစားမိသော်လည်း ဂရုမစိုက်ပေ။
လူတိုင်း ဝိညာဉ်ဂူဗိမာန်ဂိုဏ်းအပြင်ဘက်မှာ စုဝေးနေကြသည်ကို မြင်သောအခါ ရှီးရွှမ် ဘေးနားရှိ လျန်ယီကို လှည့်မေးလိုက်သည်။
“ရှောင်ယီ မင်းပြောတော့ လူတိုင်းက ဝိညာဉ်ဂူဗိမာန်ဂိုဏ်းရဲ့ ပစ္စည်းတွေကို လုယူဖို့ လာကြတာဆို။ အခု အကုန်လုံး ဒီရောက်နေပြီကို ဘာလို့ ဘယ်သူမှ အတွင်းထဲမဝင်ရဲကြတာလဲ”
အကယ်၍ ဤစကားကို လွန်ခဲ့သောရက်အနည်းငယ်ကသာ ကြားခဲ့ရပါက လျန်ယီသည် သူ့ဆရာ့ကို တိတ်တိတ်နေရန် တားမိလိမ့်မည်ဖြစ်သည်။ သို့သော် ယခုအခါတွင် ဆရာ့၏အဆင့်အတန်းကို သိရှိသွားပြီဖြစ်၍ ယုံကြည်မှုအပြည့်နှင့် ပြန်လည်ဖြေကြားလိုက်လေ၏။
“ဆရာ ဒီလောကမှာရှိတဲ့ လူတိုင်းက ဆရာနဲ့ ဆရာဘိုးဘိုးတို့လို စိတ်တိုင်းကျ သွားချင်တဲ့နေရာကို သွားနိုင်ကြတာ မဟုတ်ဘူးလေ”
သူတို့ စကားပြောပြီးသွားသည့်နောက် လူတိုင်း၏အကြည့်များက သစ္စာစုံဓားဂိုဏ်း ဆီသို့ ရောက်ရှိသွားကြ၏။
မျှော်လင့်ထားသည့်အတိုင်း သစ္စာစုံဓားဂိုဏ်းမှ အဆင့်မြင့်အဖွဲ့ဝင်များ၏ မျက်နှာများသည် ဒေါသကြောင့် ပြာနှမ်းနေကြသည်။
လျန်ယီ လွန်ခဲ့သောရက်အနည်းငယ်က လျန်ဝူရှင်းကို ရှုံးနိမ့်ထားသော်လည်း ဂိုဏ်းအနေဖြင့် သူ့ကို စွန့်ပစ်ရန် အစီအစဉ်မရှိပေ။
သို့သော် ယခုမူ လျန်ယီက ဂိုဏ်းကို အရင်ဆုံး သစ္စာဖောက်ဖျက်ကာ သူတို့ကို အရှက်ရစေ၏။
သစ္စာစုံဓားဂိုဏ်းအတွင်းမှ အဓိကတပည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး အကြီးအကဲများ မျက်နှာပျက်နေသည်ကို မြင်သောအခါ ရှေ့သို့ထွက်၍ ပြောလိုက်သည်။
“အစ်ကိုကြီးယီ ရက်ပိုင်းလေးပဲ ရှိသေးတာကို အစ်ကိုကြီး ဘာလို့ ဒီလိုမျိုး သစ္စာဖောက်တဲ့လုပ်ရပ်ကို လုပ်ရတာလဲ”
“အဖေသာ သူ ဂရုတစိုက် ပျိုးထောင်ပေးခဲ့တဲ့ သားဖြစ်သူက ဒီလိုမျိုး ဖြစ်သွားတာကို သိရင် စိတ်နှလုံး ကြေကွဲရလိမ့်မယ်”
ထိုစကားကို ကြားသောအခါ လျန်ယီ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားသည်။
“ဪ ညီလေး ဝူရှင်းကိုး။ ငါ့ကိစ္စတွေက မင်းနဲ့မဆိုင်ပါဘူး။ အဖေသာ ငါ့ရဲ့ရွေးချယ်မှုကို သိရင် သိပ်ကို ဝမ်းသာပီတိဖြစ်နေမှာပါ”
“…..”
လျန်ဝူရှင်းသည် လျန်ယီ ဤကဲ့သို့ ပြန်ပြောလိမ့်မည်ဟု လုံးဝမထင်ထားပေ။
သူ့ရည်ရွယ်ချက်မှာ နယ်ခြားတောင်တန်းရှိ ဂိုဏ်းအားလုံး ရှေ့မှောက်တွင် လျန်ယီကို သစ္စာဖောက်အဖြစ် ဝန်ခံခိုင်းရန်ပင်။
ထိုအချိန်ကျမှသာ လျန်ယီသည် တောင်တန်းဒေသတွင် ခြေကုပ်ယူစရာမရှိအောင် သိက္ခာကျသွားမည်ဖြစ်ပြီး လျန်ဝူရှင်းအနေဖြင့် သစ္စာစုံဓားဂိုဏ်း၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာကာ မိခင်ဖြစ်သူကို သက်သေပြနိုင်မည်ဖြစ်သည်။
ထို့ပြင် သူသည် လျန်ယီ၏ မွေးမိခင်ကို သတ်ဖြတ်ပြီး နှစ်ပေါင်းများစွာ ခံခဲ့ရသော အရှက်ကွဲမှုများအတွက် ကလဲ့စားချေရန်လည်း စီစဉ်ထားသေး၏။
သို့သော် ယခုအခါ လျန်ယီ ၎င်းကို ပွင့်ပွင့်လင်းလင်း ဝန်ခံရုံတင်မကဘဲ သူလုပ်ရပ်က လုံးဝမှန်ကန်ကြောင်း ပုံစံမျိုးဖြင့် ပြုမူနေသဖြင့် လျန်ဝူရှင်းတစ်ယောက် ကြောင်အသွားရသည်။
“ရှောင်ယီ မင်း လွန်သွားပြီ”
သစ္စာစုံဓားဂိုဏ်းမှ အကြီးအကဲတစ်ဦး လျန်ယီကို မျှော်လင့်ချက်ပျက်သုဉ်းသည့် ဒေါသအပြည့်ဖြင့် စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
“အဘိုး ဒီကိစ္စက လူတွေအများကြီးရှိနေတော့ အကျဉ်းချုံးပြောပြရတာ ခက်ပါတယ်။ နောက်နေ့ကျမှ အဘိုးကို သေချာ ရှင်းပြပါ့မယ်”
လျန်ယီ ပြောရင်းနှင့် ထိုအကြီးအကဲကို ရိုရိုသေသေ ဦးညွှတ်လိုက်သည်။
“မင်း”
သစ္စာစုံဓားဂိုဏ်းမှ အကြီးအကဲသည် လျန်ယီကို ဂရုမစိုက်တော့ဘဲ ဝတ်ရုံစကို ခါယမ်းကာ မျက်နှာလွှဲသွားလေတော့၏။
ပုံမှန်အခြေအနေမျိုးတွင်ဆိုပါက သူ လျန်ယီကို ဖမ်းဆီးပြီး ဂိုဏ်း၏ဥပဒေအရ ပြင်းထန်စွာ အပြစ်ပေးရန် ခေါ်ဆောင်သွားမည် ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေက သိပ်ကို နုနယ်လွန်းနေပြီး မဆင်မခြင် ပြုမူမိပါက ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားသွားနိုင်ပေ၏။
“အဘိုး နားလည်ပေးလို့ ကျေးဇူးပါ”
လျန်ယီ ပြောပြီးနောက် လှည့်ကာ မေးလိုက်သည်။
“ဆရာ ကျွန်တော်တို့ ရှေ့ဆက်သွားကြမလား”
ရှီးရွှမ် ပြုံးလိုက်သည်။
“ဒီအထိ ရောက်လာမှတော့ အထဲမဝင်ဘဲ နေပါ့မလား။ ဒါ့အပြင် ငါ့ စီနီယာအစ်ကိုကြီးက ဝိညာဉ်ဂူဗိမာန်ဂိုဏ်းမှာ ဘယ်လိုလက်ဆောင်မျိုး ချန်ထားခဲ့လဲဆိုတာ ကြည့်ချင်သေးတယ်။ သူ ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ရတာပဲ”
သူ့စကားမှာ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းဖြစ်သော်လည်း ရောက်ရှိနေသူများထဲတွင် မည်သူမျှ ငတုံးများမဟုတ်ကြချေ။ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းအတွင်း၌ ရတနာများရှိနေပြီး ၎င်းတို့က ဤလူငယ်နှင့် ဆက်နွှယ်နေသည်ဟူသော အဓိပ္ပာယ်ကို သူတို့ ချက်ချင်း သဘောပေါက်သွားကြ၏။
သို့သော် အင်အားစုကြီးများ၏ ခေါင်းဆောင်များသည် ဝါရင့်ပုဂ္ဂိုလ်များဖြစ်ကြသဖြင့် ယခုအချိန်တွင် စိတ်လိုက်မာန်ပါ မလှုပ်ရှားကြသေးပေ။
အစောဆုံး ပြေးဝင်သွားသူသည် ရတနာကို ရလိမ့်မည်မဟုတ်ဘဲ အားလုံး၏ ပစ်မှတ်သာ ဖြစ်သွားပေလိမ့်မည်။
“ဆရာ့ရဲ့ စီနီယာအစ်ကိုကြီးလား”
လျန်ယီ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာသည်။
“ဒါတွေက အတိတ်က အကြောင်းအရာတွေပါ။ ပြန်ရောက်ရင် မင်းကို အသေးစိတ် ရှင်းပြပါ့မယ်”
ရှီးရွှမ် ပြောပြောဆိုဆိုနှင့် နှင်တံကို ခါယမ်းလိုက်သည်။
သို့သော် သူ စီးနင်းလာသည့် လေပြင်းမြင်းမှာ လှေကားထစ်ပေါ်သို့ ခြေလှမ်းတစ်လှမ်းသာ လှမ်းရသေးပြီး ချက်ချင်း ရပ်တန့်သွား၏။
ရှီးရွှမ် ပြုံးပြီး မြင်းခေါင်းကို ပွတ်သပ်လိုက်သည်။
“မင်းလည်း အန္တရာယ်ကို ခံစားမိလို့လား။ ကောင်းပါပြီ။ မင်း သွားနိုင်ပါပြီ”
ထိုစကားနှင့်အတူ ရှီးရွှမ် မြင်းပေါ်မှ အရင်ဆုံး ဆင်းလိုက်သည်။
ချူဖုန်းလည်း ထို့အတူပင် မြင်းပေါ်မှဆင်းကာ သူ့မြင်းကို လွှတ်ပေးလိုက်၏။
လျန်ယီ သူ၏ ခြင်္သေ့စိမ်းကို ဝိညာဉ်သားရဲသိုလှောင်အိတ်ထဲသို့ ပြန်သိမ်းလိုက်သည်။
ထို့နောက် ထိုလူသုံးယောက်သည် ဝိညာဉ်ဂူဗိမာန်ဂိုဏ်းဆီသို့ ဦးတည်နေသည့် ကျောက်လှေကားထစ်များအတိုင်း အေးအေးလူလူ တက်လှမ်းသွားကြတော့၏။
အခြားဂိုဏ်းများနှင့်မတူ ဝိညာဉ်ဂူဗိမာန်ဂိုဏ်း၏ အပြင်ဘက်ပုံစံမှာ ဂူဗိမာန်တစ်ခု၏ အဝင်ဝနှင့် ဆင်တူလှသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တောင်တန်းတစ်ခွင်တွင် သေခြင်းစွမ်းအင်များ ရစ်ဝိုင်းနေသည်ကို ချူဖုန်း ခံစားလိုက်မိ၏။
ဤနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့် ရှိသော်လည်း တိုက်ပွဲဖြစ်ပွားသည့် သဲလွန်စတစ်ခုမျှ ကျန်ရစ်မနေချေ။ ၎င်းက သူ့ကို အလွန် အံ့ဩမိစေသည်။
သူတို့နောက်ကွယ်တွင် ရပ်ကြည့်နေကြသော အင်အားစုများသည် ထိုသုံးယောက် ဝိညာဉ်ဂူဗိမာန်ဂိုဏ်းအတွင်းသို့ ဘေးကင်းလုံခြုံစွာ ဝင်ရောက်သွားကြသည်ကို မယုံကြည်နိုင်စွာ စောင့်ကြည့်နေကြ၏။
ထို့နောက် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိကြတော့ဘဲ ဂိုဏ်းအတွင်းသို့ ပျံသန်းဝင်ရောက်သွားကြတော့သည်။
အင်အားစုငယ်လေးများလည်း နောက်ကွယ်တွင် ကျန်ရစ်မနေလိုသဖြင့် ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။
ချူဖုန်းတို့ သုံးယောက်မှာ နောက်ကလိုက်လာသည့် အဖွဲ့အစည်းများကို အာရုံမစိုက်ပေ။
ရှီးရွှမ်က ပေါ့ပေါ့ပါးပါးလေး တွန်းလိုက်ရုံဖြင့် တင်းကြပ်စွာပိတ်ထားသော တောင်တံခါးမှာ ပွင့်ဟသွား၏။
ထိုလူသုံးယောက်ထံသို့ အလောင်းကောင်များထံမှ ထွက်ပေါ်လာသည့် အပုပ်နံ့နှင့် အလောင်းချီများမှာ ချက်ချင်းပင် တိုးဝှေ့ဝင်ရောက်လာသည်။
ကံကောင်းထောက်မစွာ ကျင့်ကြံသူများတွင် ကာကွယ်ပေးနိုင်သော ဝိညာဉ်စွမ်းအင်အကာအကွယ် ရှိနေသဖြင့် ထိုအပုပ်နံ့နှင့် အရှိန်အဝါများကို လုံးဝ ပိတ်ဆို့ထားနိုင်၏။
နောက်ကွယ်မှ လိုက်ပါလာသော အင်အားစုများမှာ တံခါးဝ၏ တစ်ဖက်တွင် လဲကျသေဆုံးနေကြသည့် အလောင်းများကို မြင်လိုက်ရချိန်တွင် ဆွံ့အသွားကြသည်။
လူအုပ်ကြီးထဲမှ ကျင့်ကြံသူများ တီးတိုးပြောနေကြ၏။
“ဝိညာဉ်ဂူဗိမာန်ဂိုဏ်းမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဘာလို့ တပည့်တွေ အကုန်လုံး သေနေကြတာလဲ”
“အကုန်လုံး သေတာတော့ မဟုတ်လောက်ပါဘူး။ ဒါတွေက အပြင်စည်းတပည့်တွေပဲ ရှိသေးတာ။ အတွင်းထဲဝင်ပြီး ဆက်ကြည့်ကြတာပေါ့”
“…”
ထိုပြောဆိုသံများကြားထဲမှာပင် ချူဖုန်းတို့ သုံးယောက်က အရင်ဆုံး ဝင်ရောက်သွားကြသည်။ ရှီးရွှမ်က အလောင်းများကို စတင်စစ်ဆေးကြည့်လိုက်၏။
ခဏအကြာတွင် သူ မျက်မှောင်ကြုတ်လိုက်သည်။
“ဆရာ... ဒီနေရာမှာ တစ်ခုခုမှားနေတယ်။ ဒီလူတွေရဲ့ ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှ မရှိဘူး။ ဒါပေမဲ့ သူတို့ မျက်လုံးတွေက ပြူးကျယ်နေပြီး မျက်နှာမှာလည်း ကြောက်ရွံ့မှုနဲ့ စိတ်ပျက်အားငယ်မှုတွေ အပြည့်ဖြစ်နေတယ်။ သူတို့ မသေခင်မှာ သိပ်ကို ထိတ်လန့်စရာကောင်းတဲ့ အရာတစ်ခုခုကို မြင်ခဲ့ရသလိုမျိုးပဲ”
“ကျင့်ကြံသူတွေကို ဒီလောက်အထိ ကြောက်ရွံ့တုန်လှုပ်ပြီး စိတ်ပျက်အားငယ်သွားအောင် လုပ်နိုင်ဖို့ဆိုရင် အနည်းဆုံးတော့ မြို့စားအဆင့် ရှိတဲ့ သက်ရှိမျိုး ဖြစ်ရမယ်”
ဤစကားကို ကြားလိုက်ရချိန်တွင် နောက်ကွယ်မှ ကျင့်ကြံသူများသည် ချက်ချင်း ခြေလှမ်းများ ရပ်တန့်သွားကြပြီး ချူဖုန်း မည်သို့ ပြန်လည်တုံ့ပြန်မလဲဆိုသည်ကို သိရှိရန် နားစွင့်လိုက်ကြသည်။
ချူဖုန်း ပြုံးရုံသာပြုံး၍ ဆိုလိုက်၏။
“ဒါကို ဘာကပဲ ဖြစ်ပါစေ ငါတို့က ဒီကို ပစ္စည်းတစ်ခုလာရှာတာပဲ။ ကျောက်ဝူကျိ ကိုယ်ထဲက ဟိုတစ္ဆေအိုကြီး ပြန်လည်ရှင်သန်လာရင်တောင် သူ ငါ့ကို ဘာလုပ်နိုင်မှာလဲ”
“ဆရာ့စကားက မှန်ပါတယ်”
ရှီးရွှမ်က ဘာမှ ထပ်မပြောတော့ဘဲ အလောင်းများကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ ထိုအရာက ကျင့်ကြံသူလူအုပ်ကြီးကို လုံးဝ ဝေခွဲမရဖြစ်သွားစေ၏။
ထိုနှစ်ယောက်က အကြောင်းအရာ တစ်ခုခုကို ပြောခဲ့သော်လည်း ဘာကိုမှ အတည်ပြုမသွားသည့်နှယ်။