အခန်း ၄၁၅
Vol. 42 Ch. 415
အခန်း (၄၁၅)
“သူတို့နောက်ကနေ လိုက်ပြီး အခြေအနေကြည့်ရအောင်”
လူအုပ်ထဲမှ တစ်စုံတစ်ယောက် လှမ်းပြောလိုက်မှသာ လူတိုင်း သတိဝင်လာကြတော့သည်။
ဘာပဲဖြစ်ဖြစ် ဤလူများ ရှေ့ကနေ ခံပေးနေသရွေ့ အန္တရာယ်တစ်ခုခုနှင့် ကြုံလာရလျှင်တောင် လူတိုင်း ကြိုတင်ပြင်ဆင်ခွင့် ရနိုင်ပေမည်။
ချူဖုန်းတို့ သုံးယောက် ရှေ့သို့ ဆက်၍ တက်လှမ်းလာကြသည်။ တောင်အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့် နေရာအနှံ့၌ အလောင်းများကို တွေ့မြင်လာရ၏။
ထိုအလောင်းများ၏ ကျင့်ကြံခြင်းအဆင့်သည် အစပိုင်းတွင် ခန္ဓာသန့်စင်ခြင်းအဆင့်နှင့် တာအိုတည်ဆောက်ခြင်းအဆင့်မျှသာ ရှိသော်လည်း အတွင်းပိုင်းသို့ ရောက်လာသောအခါ စစ်မှန်ကံကြမ္မာအဆင့်ထိ ရောက်လာသည်။
ချူဖုန်းတို့ သုံးယောက်နောက်မှ လိုက်ပါလာကြသော လူအုပ်ကြီး၏ မျက်နှာများမှာလည်း တဖြည်းဖြည်းနှင့် ပိုမိုလေးနက်တည်ကြည်လာကြသည်။
လူအများအပြား စိတ်ကူးပြောင်းကာ ပြန်လှည့်ချင်စိတ် ပေါ်လာကြသော်လည်း ဤမျှအထိ ရောက်လာပြီးမှတော့ မည်သူမျှ လက်ဗလာဖြင့် မပြန်ချင်ကြချေ။
အဆင့်နိမ့်ကျင့်ကြံသူအချို့က အလောင်းများကို စတင်မွှေနှောက် ရှာဖွေနေကြပြီဖြစ်သည်။
ထိုကျင့်ကြံသူများ၏ ကိုယ်ပေါ်တွင် ရတနာများ ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိသွားချိန်၌ တစ်ယောက်ချင်းစီ၏ မျက်နှာတွင် ဝမ်းသာပီတိဖြစ်ရိပ်များ ထင်ဟပ်လာကြ၏။
သို့သော် မကြာမီမှာပင် ရရှိလာသည့် ပစ္စည်းများကို မမျှမတ ခွဲဝေရာမှ ကျင့်ကြံသူအချို့အကြားတွင် ပြဿနာများ ဖြစ်ပွားလာတော့သည်။
“ဒီအလောင်းကို ငါ အရင်တွေ့တာကွ”
“မင်းမျက်စိပဲ ကန်းနေလို့လား၊၊ ငါ အရင်တွေ့တာ ရှင်းနေတာပဲကို”
“…”
အနောက်ဘက်တွင် ပဋိပက္ခများ ဖြစ်ပွားနေသည်ကို ထိပ်သီးအင်အားစုကြီးအချို့ သတိပြုမိသော်လည်း ဝင်ရောက်မစွက်ဖက်ကြပေ။
ရတနာရှာဖွေသည့်နေရာတွင် လူနည်းလေ ပိုကောင်းလေပင်။
ယခုမူ ဤကောင်များကအသည်းအသန် သတ်ပုတ်နေကြသဖြင့် သူတို့ ဘာပဲလုလု နောက်ဆုံးတွင် ထိုပစ္စည်းများက အင်အားစုကြီးများ၏ လက်ထဲသို့သာ ရောက်ရှိလာမည် ဖြစ်သည်။
မကြာမီ ချူဖုန်းတို့အဖွဲ့သည် မြေအောက်နန်းတော်တစ်ခုရှေ့သို့ ရောက်ရှိလာသည်။ ၎င်း အပေါ်တွင် ဂိုဏ်းချုပ်ခန်းမဟူသော စာလုံးကြီးလေးလုံးကို ရေးထွင်းထား၏။
အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ဤနေရာတစ်ဝိုက်တွင် အလောင်းကောင် အရေအတွက်မှာ သိသိသာသာ နည်းပါးလှသည်။
ရှီးရွှမ် အားနာနာနှင့် စောင့်ဆိုင်းမနေတော့ဘဲ လက်ဝါးချက်တစ်ချက် ပေါ့ပေါ့ပါးပါး ရိုက်သွင်းကာ တံခါးကြီးများကို ရိုက်ခွဲဖွင့်လှစ်လိုက်လေ၏။
သူတို့မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ တိတ်ဆိတ်ခြောက်ခြားဖွယ်ရာ ကောင်းလှပြီး ရှုပ်ပွနေသော ခန်းမကြီးတစ်ခုပင်။
အခြားနေရာများနှင့် မတူသည်မှာ ဤခန်းမအတွင်း၌ တိုက်ပွဲဖြစ်ပွားသည့် ထင်ရှားသော လက္ခဏာများ ရှိနေလေ၏။
“အဲဒါ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းရဲ့ ကိုးယောက်မြောက်အကြီးအကဲပဲ။ ပြီးခဲ့တဲ့လကတင် ငါနဲ့ တိုက်ခိုက်ခဲ့သေးတယ်”
“ဝိညာဉ်ဂူဗိမာန်ဂိုဏ်းရဲ့ ခြောက်ယောက်မြောက်အကြီးအကဲလည်း ဒီမှာပဲ။ လွန်ခဲ့တဲ့ သုံးလကတင် ငါ သူနဲ့ အတူတူ အရက်သောက်ခဲ့သေးတာ”
“သူတို့တွေ အားလုံး ဘယ်လိုဖြစ်ပြီး ဒီမှာ သေနေရတာလဲ။ ဘယ်သူ သတ်လိုက်တာလဲ”
“…”
အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် ခန်းမအတွင်းရှိ အလောင်းများကို မြင်သောအခါ အံ့ဩတကြီးဖြင့် ပြောဆိုလာကြသည်။
ချူဖုန်း တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ပြီး ခန်းမအတွင်းသို့ အရင်ဆုံး ခြေလှမ်းလှမ်းလိုက်၏။
ခြေတစ်ဖက်က တံခါးဘောင်ကို ကျော်ဖြတ်လိုက်သည်နှင့် သူ ပုံမှန်မဟုတ်သော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရပြီး တစ်စုံတစ်ခုက သူ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်လာတော့သည်။
သို့သော် သူ ဂရုမစိုက်ဘဲ ခန်းမအနက်ပိုင်းသို့ ဆက်လက်လျှောက်လှမ်းသွား၏။
ရှီးရွှမ်နှင့် လျန်ယီတို့ကလည်း အနီးကပ် လိုက်ပါလာကြသည်။ ခန်းမအတွင်းသို့ ရောက်ရှိပြီးနောက် ထိုနှစ်ယောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲရှာဖွေကြည့်ရှုကြလေ၏။
“အဲဒါ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”
လျန်ယီက ပလ္လင်ပေါ်ရှိ အဘိုးအိုကို ကြည့်ကာ မသိစိတ်မှနေ၍ အံ့အားသင့်သံ ထွက်မိသွားသည်။
အပြင်ဘက်တွင် တိတ်တဆိတ် စောင့်ကြည့်နေကြသော ကျင့်ကြံသူအုပ်ကြီးမှာ ဤစကားကို ကြားသောအခါ ခန်းမအတွင်းသို့ လှမ်းကြည့်လိုက်ကြ၏။
ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရချိန်တွင် တစ်ယောက်ချင်းစီမှာ ဆွံ့အမှင်တက်သွားကြတော့သည်။
ဝိညာဉ်ဂူဗိမာန်ဂိုဏ်းချုပ်သည် နယ်ခြားတောင်တန်းတွင် ကျော်ကြားလှသော အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူ ဤနေရာတွင် သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ မတွေးမိကြပေ။
“တစ်ခုခုတော့ မှားနေပြီ”
ရှီးရွှမ် ဝိညာဉ်ဂူဗိမာန်ဂိုဏ်းချုပ်ကို ကြည့်ကာ မျက်လုံးများကို မှေးလိုက်သည်။
“ဆရာ သူ့ဆီမှာ ဘာက မှားနေလို့လဲ”
လျန်ယီ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်လိုက်။ မျက်လုံးတွေက ပွင့်နေပေမဲ့ မျက်နှာမှာတော့ ပြုံးရိပ်သန်းနေတယ်။ ဒါ့အပြင် သူ့မျက်လုံးတွေထဲမှာ သူကိုးကွယ်တဲ့ နတ်ဘုရားကို ဖူးမြော်နေရသလိုမျိုး အစွဲအလမ်းကြီးတဲ့ ကြည်ညိုမှုတွေ ရှိနေတယ်။ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ကိုးကွယ်ထားတာမျိုး ဖြစ်နိုင်မလား”
ပြောပြီးနောက် ရှီရွှမ်း၏ မျက်နှာတွင် ဇဝေဇဝါဖြစ်ရိပ်များဖြင့် ပြည့်နှက်သွားလေ၏။
လျန်ယီ ခေါင်းခါပြလိုက်သည်။
“အဲဒီအကြောင်းတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကောလာဟလတစ်ခုတော့ ကြားဖူးတယ်။ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးက တကယ်တော့ သင်္ချိုင်းစောင့်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်တဲ့။ သူတို့ဂိုဏ်းကိုလည်း အဲဒီဂူဗိမာန်ရဲ့ အပေါ်မှာပဲ တည်ဆောက်ထားတာ။ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းရဲ့ တပည့်တွေက အမြဲတမ်း လျှို့လျှို့ဝှက်ဝှက် ပြုမူတတ်ကြပြီး သူတို့ကျင့်စဉ်တွေကလည်း နယ်ခြားတောင်တန်းမှာ ထူးခြားဆန်းပြားပြီး အခြားထိပ်သီးအင်အားစုတွေထက်တောင် အစွမ်းထက်တယ်လို့ ပြောကြတယ်”
“အိုး... ဟုတ်လား”
ရှီးရွှမ် တွေးတွေးဆဆဖြင့် ရေရွတ်လိုက်သည်။
“ဒါဆို ဝိညာဉ်ဂူဗိမာန်ဂိုဏ်းက မျိုးဆက်ပေါင်းများစွာ စောင့်ရှောက်လာခဲ့တာ မဟာပဏ္ဍိတတစ်ယောက်ရဲ့ ရုပ်အလောင်း ဖြစ်နေမလား”
ထိုစကားထွက်လာသည်နှင့် တံခါးအပြင်ဘက်တွင် ရပ်နေကြသော ကျင့်ကြံသူများသည် စိတ်အေးလက်အေး မနေနိုင်ကြတော့ပေ။
လူရိပ်အနည်းငယ် ခန်းမကြီးအတွင်းသို့ ပြိုင်တူ ဆင်းသက်လာကြပြီး တညီတညွတ်တည်း မေးမြန်းလိုက်ကြ၏။
“ဒါ... တကယ်ပဲလား”
ရှီးရွှမ် သူတို့ကို လျစ်လျူရှုကာ လျန်ယီဘက်သို့ လှည့်ကြည့်လိုက်သည်။
“မင်း အဖြေကို သိချင်လား”
လျန်ယီက အစတွင် သူ့ဆရာပြောလျှင်နားထောင်မည်။ မပြောပါကလည်း ထားလိုက်မည်ဟု တွေးထားခဲ့သော်လည်း သူ့ဘိုးဘေးနှင့် အခြားအင်အားစုကြီးများ၏ ခေါင်းဆောင်များ သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေကြသည်ကို သတိပြုမိသွားသဖြင့် ပြုံးကာဆိုလိုက်၏။
“ဆရာ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး”
ရှီးရွှမ်က ပြုံးပြီး ပြောလိုက်သည်။
“ဒါ ငါ့စီနီယာအစ်ကိုကြီး ချန်ထားခဲ့တဲ့ အစီအစဥ်တစ်ခုသာ ဖြစ်မယ်ဆိုရင် ဒီနေရာမှာ မဟာပဏ္ဍိတ တစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရတာက လုံးဝ မထူးဆန်းဘူး”
သူတို့ရှေ့မှ လူငယ်က ထိုမျှအထိ ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်ကို မြင်သောအခါ ကျင့်ကြံသူများ မသိစိတ်ကနေ လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။
ယခုမှသာ လျန်ယီ ဘာကြောင့် ထွက်ခွာသွားခဲ့သည်ကို သူတို့ နားလည်သွားကြတော့၏။
မဟာပဏ္ဍိတတစ်ဦး၏ ကျောထောက်နောက်ခံရှိသော အင်အားစုတစ်ခုမှာ သစ္စာစုံဓားဂိုဏ်းထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လှပေသည်။
၎င်းက သစ္စာဖောက်ခြင်း မဟုတ်ဘဲ ကြီးမြတ်ရာလမ်းသို့ လျှောက်လှမ်းခြင်းပင်။
အနာဂတ်တွင် သစ္စာစုံဓားဂိုဏ်းသည် နယ်ခြားတောင်တန်း၌ ထိပ်သီးအင်အားစုတစ်ခုပင် ဖြစ်လာနိုင်ပေသည်။
ဤအချိန်တွင် သစ္စာစုံဓားဂိုဏ်း၏ ခေါင်းဆောင်များသည် စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေကြပြီး ဤသို့ပင် လှမ်းပြောချင်စိတ် ပေါက်နေကြတော့လေ၏။
“ရှောင်ယီ မင်း ဘာလို့ ဒါကို စောစောစီးစီး မပြောခဲ့ရတာလဲ။ ငါတို့ မင်းအတွက် စိတ်ပူနေခဲ့ရတာကွ”
လျန်ယီ စူးစမ်းသည့်အနေဖြင့် ဆိုလိုက်သည်။
“ဆရာ အဲဒီလူက ဆရာ့ရဲ့ ဂိုဏ်းတူအစ်ကိုလို့ ပြောတာလား”
“တစ်ချိန်ကပေါ့။ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး”
ရှီးရွှမ် လေးနက်စွာ ပြောလိုက်သဖြင့် လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြပြန်၏။
ထို့နောက် သူ ထပ်မေးပြန်သည်။
“ဒါနဲ့ အခု သေသွားတဲ့ ဂိုဏ်းချုပ်က ဝိညာဉ်ဂူဗိမာန်ဂိုဏ်းမှာ အစွမ်းအထက်ဆုံး လူလား”
“မဟုတ်ပါဘူး”
လျန်ယီက ခေါင်းခါပြလိုက်၏။
“ဝိညာဉ်ဂူဗိမာန်ဂိုဏ်းမှာ လျှို့ဝှက်ဆန်းပြားတဲ့ အထွတ်အထိပ်အဆင့်အကြီးအကဲ တစ်ယောက် ရှိနေသေးတယ်လို့ ကြားဖူးပါတယ်။ သူ တစ်ခါက နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ လက်ရည်စမ်းခဲ့ဖူးတယ်လို့ ဆိုကြပေမဲ့ သူ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ဘယ်သူမှ အတိအကျမသိဘူး”
သူ ပြောပြီးသောအခါ ဘေးနားရှိ လျန်မျိုးနွယ်စု ဘိုးဘေးက ဝင်ရောက်ဖြည့်စွက်ပြောကြားသည်။
“ငါလည်း အဲဒီအကြောင်း ကြားဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော်လောက်က ထင်တယ်။ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ မျိုးဆက်က ဝိညာဉ်ဂူဗိမာန်ဂိုဏ်းက တပည့်တွေနဲ့ ပဋိပက္ခဖြစ်ပြီး သေဆုံးသွားလို့ အဲဒီကျင့်ကြံသူက ဝိညာဉ်ဂူဗိမာန်ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ ကြံရွယ်ခဲ့ဖူးတယ်”
“ဒါပေမဲ့ အဝေးကနေ တိုက်ကွက်တစ်ကွက် အပြန်အလှန် ဖလှယ်လိုက်ပြီးနောက် အဲဒီနီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူက ချက်ချင်း နောက်ဆုတ်သွားခဲ့ရတယ်တဲ့။ ဒါပေမဲ့ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းရဲ့ အင်အားကြီးပုဂ္ဂိုလ်က ဘယ်တုန်းကမှ လူလုံးမပြခဲ့ဖူးတော့ အခုထိ သက်ရှိထင်ရှား ရှိနေသေးလားဆိုတာ ဘယ်သူမှ မသိကြဘူး။ အကယ်၍ သူတောင်မှ ဒီလိုရုန်းရင်းဆန်ခတ်မှုထဲမှာ သေဆုံးသွားခဲ့ပြီဆိုရင်တော့”
သူ စကားမဆုံးခင်မှာပင် ကျင့်ကြံသူအားလုံးက မသိစိတ်ကနေ တုန်လှုပ်သွားကြသည်။
အကယ်၍ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ဤနေရာတွင် ကျဆုံးသွားခဲ့ရလျှင် သူတို့အနေဖြင့် ကျားတွင်းထဲသို့ သက်သက်မဲ့ တိုးဝင်နေကြခြင်းပင်။
ထိုအချိန်၌ ချူဖုန်း ရုတ်တရက် ဝင်၍ပြောဆိုလိုက်သည်။
“မင်းတို့ပြောတဲ့ အဲဒီအင်အားကြီးပုဂ္ဂိုလ်က သေဆုံးသွားပြီ၊၊ ဒါပေမဲ့ လုံးဝ သေသွားတာတော့ မဟုတ်သေးဘူး”
‘နောက်ထပ် ပဟေဍိဆရာတစ်ယောက် ရောက်လာပြန်ပြီလား’
ကျင့်ကြံသူများ ရုတ်တရက် လူတစ်ယောက်ကို ကောက်ထုပစ်ချင်စိတ် ပေါက်သွားကြသည်။
‘ဒီလူနှစ်ယောက်က စကားကို တစ်ခါတည်းနဲ့ ပြတ်ပြတ်သားသား မပြောနိုင်ကြဘူးလား’
စကားတစ်ခွန်းပြောတိုင်း လိုက်တွေးနေရခြင်းက တကယ့်ကို စိတ်ပျက်စရာကောင်းလှသည်။
ရှီးရွှမ် မေးလိုက်သည်။
“ဆရာ ဆရာ့အဓိပ္ပာယ်က သူဒီခန်းမကြီးထဲမှာ ရှိနေသေးတယ်လို့ ပြောတာလား”
ချူဖုန်း ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်။ ငရဲကိုးထပ်မြင့်မြတ်နယ်မြေအမြဲတမ်းလုပ်နေကျ စက်ဆုပ်ဖွယ် ပုံစံအတိုင်းပဲ။ တကယ့်ကို မနှစ်မြို့စရာကောင်းတယ်”
ငရဲကိုးထပ်မြင့်မြတ်နယ်မြေဟူသော စကားလုံး ထွက်ပေါ်လာသည့် အချိန်၌ ခန်းမကြီးတစ်ခုလုံး ချက်ချင်း ဆိတ်ငြိမ်သွားသည်။
အပြင်ဘက်ရှိ ကျင့်ကြံသူများပင် အံ့အားသင့်ကာ မှင်တက်သွားကြ၏။
သူတို့ကဲ့သို့ ကျင့်ကြံသူများအတွက်မူ ငရဲကိုးထပ်မြင့်မြတ်နယ်မြေ ဆိုသည်မှာ လှမ်းမမီနိုင်သော တည်ရှိမှုမျိုးပင်။
ယခုအခါ တစ်စုံတစ်ယောက်က ငရဲကိုးထပ်မြင့်မြတ်နယ်မြေမှ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဝိညာဉ်ဂူဗိမာန်ဂိုဏ်းအတွင်း၌ ရှိနေသည်ဟု ပြောနေခြင်းမှာ သူတို့ကို သေတွင်းထဲသို့ အရောက်ပို့နေခြင်းသာ။
လူတိုင်း စိုးရိမ်ထိတ်လန့်လာကြစဉ်မှာပင် မောက်မာလှသော ရယ်မောသံတစ်ခု တိတ်ဆိတ်လှသော ခန်းမကြီးအတွင်း၌ ရုတ်တရက် ဟိန်းထွက်လာသည်။
“ဟီးဟီးဟီး နယ်ခြားတောင်တန်းလို နေရာလေးက ငါ့ငရဲကိုးထပ်မြင့်မြတ်နယ်မြေရဲ့ နည်းစနစ်တွေကို မှတ်မိတဲ့လူ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါက မင်းတို့အတွက် ကံကောင်းခြင်းလား ကံဆိုးခြင်းလားဆိုတာ ငါ တကယ်ကို မပြောတတ်တော့ဘူး။”
ထိုအသံက ဝိညာဉ်ဂူဗိမာန်ဂိုဏ်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။
ခန်းမအတွင်းနှင့် အပြင်ရှိ ကျင့်ကြံသူများ ကြောင်အသွားကြပြီး အပြင်ဘက်တွင် သတ်ပုတ်နေကြသူများပင် လက်နက်များ ရပ်တန့်သွားကြ၏။
ထိုရယ်မောသံက ခြောက်ခြားဖွယ်ရာကောင်းပြီး ထိတ်လန့်စရာ ကောင်းလှသည်။ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းအတွင်း၌ လူတစ်ယောက်မျှ မကျန်ဘဲ နေရာအနှံ့ အလောင်းကောင်များ ပြန့်ကျဲနေသည့် မြင်ကွင်းနှင့် ပေါင်းစပ်လိုက်သောအခါ လူအများအပြား ဦးရေပြားများ ထုံကျင်လာပြီး ခန္ဓာကိုယ်များ တုန်ယင်လာကြတော့သည်။
ချူဖုန်းက သူ့နားကို လက်ညှိုးဖြင့် ကလော်လိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်လေ၏။
“သရဲတစ္ဆေလို ခြောက်လှန့်နေတာတွေကို တော်လောက်ပြီ။ မင်း ဘာသရဲအကွက်တွေ သုံးနေလဲဆိုတာ ကြည့်ရအောင် ရုပ်အစစ်အမှန်ကို မြန်မြန်ပြစမ်း”
သူ စကားပြောလိုက်သည်နှင့် ခန်းမကြီးအတွင်းရှိ အပူချိန်က ချက်ချင်း တစ်ဆယ်ဒီဂရီကျော်ခန့် ကျဆင်းသွားတော့၏။
ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများ ချူဖုန်းကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားကြသည်။
“လူငယ်လေး မင်းက ဒီလောက်လေးကိုတောင် မခံစားနိုင်ဘူးလား။ ဒီလိုဖြစ်မှတော့ ဒီဘိုးဘေးကြီးက မင်းကို သနားညှာတာတဲ့အနေနဲ့ ရုပ်အစစ်အမှန်ကို တစ်ချက်လောက် ကြည့်ခွင့်ပေးရတာပေါ့”
ပြောပြောဆိုဆိုနှင့်ပင် ခန်းမကြီး၏ အထက်တွင် နက်မှောင်သော အရိပ်တစ်ခု စတင်ပေါ်ပေါက်လာတော့သည်။