← Chapters

အခန်း ၄၁၉

Vol. 42 Ch. 419

အခန်း ၄၁၉

Vol. 42 Ch. 419

အခန်း (၄၁၉)

အပျက်အစီးများကြားရှိ မြေအောက်နန်းတော်ရှေ့

ဗလာကျင်းနေသော မြေကွက်လပ်ပေါ်တွင် လူရိပ်တစ်ခုပြီးတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

ချင်းချင်း ဦးဆောင်သောလုအုပ်၏ အကြည့်မှာ ရွှီအောက်ထျန်းပေါ်သို့ ကျရောက်နေကြသည်။

စုဝေးရောက်ရှိလာသော ကျင့်ကြံသူများကို မြင်သောအခါ ရွှီအောက်ထျန်း ကြောင်အသွားပြီးနောက် သူ့မျက်နှာပေါ်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု ပျံ့နှံ့သွား၏။

“ငါက ဟိုကောင်စုတ် ရှီးရွှမ်ကိုယ်တိုင် လာဖမ်းလိမ့်မယ်လို့ ထင်နေတာ။ သူက စိတ်ပျော့ပြီး ငါ့နောက်ကို လိုက်ဖို့ နုနုနယ်နယ် မိန်းမလှလေးတစ်အုပ်ကို လွှတ်လိုက်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါက ငါ့ရဲ့ မောင်းမဆောင်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးလား”

ထိုစကားများကြောင့် လူအုပ်ထဲတွင် ရပ်နေသော ချန်ကျွင်းသည် တစ်ကိုယ်လုံး တင်းမာခက်ထန်သွားလေ၏။

ဤနေရာ၌ ယောက်ျားသားဟူ၍ သူနှင့် ဆရာရွှီ နှစ်ယောက်တည်းရှိသည်မဟုတ်ပါလား။

သူ အေးစက်စွာ ပြောလိုက်သည်။ “ကောင်စုတ်‌လေး မင်းက ငါနဲ့ စီနီယာရွှီကို ရန်စနေတာလား”

“ဟဲဟဲ”

ရွှီအောက်ထျန်းက ရယ်မောလိုက်သည်။

“မှန်တာပေါ့၊ ငါ မင်းတို့နှစ်ယောက်ကို လူလို့ တစ်ခါမှ သတ်မှတ်မထားဘူး။ ငါ့မျက်လုံးထဲမှာ မင်းတို့က အလောင်းနှစ်ခုထက် မပိုဘူး။ ဒီမိန်းမလှလေးတွေကတော့ မကြာခင်မှာ ငါ့သတို့သမီးတွေ ဖြစ်လာကြတော့မှာ။ အဲဒီအချိန်ကျရင် ငါ မင်းတို့အားလုံးကို ကောင်းကောင်း ဆက်ဆံပြီးတော့ ငါတို့အတူတူ ရွှမ်ချန်းတိုက်ကြီးကို စိုးမိုးမယ်။ ကမ္ဘာလောကသုံးထောင်ကို လည်ပတ်ကြတာပေါ့”

ထိုစကားကြောင့် အမျိုးသမီးများ၏ အမူအရာများမှာ အမျိုးမျိုး ဖြစ်သွားကြသည်။

ချင်းချင်းသည် ရွှီအောက်ထျန်း၏ ခေါင်းပေါ်ရှိ ကံကြမ္မာအလင်းတန်းကိုသာ စူးစိုက်ကြည့်နေ၏။ သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အပေါ်ရှိ ခရမ်းရောင် ကံကြမ္မာအလင်းတန်းမှာ ထိုးဆင်းသွားပြီး ခရမ်းနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

“စီနီယာအစ်မ၊ ဒီလို ဘဝင်မြင့်နေတဲ့ အရူးကို ကျွန်တော့်ကို နှိမ်နင်းခွင့်ပေးပါ”

ရွှီချိုက်ချန် ပြောလိုက်သည်။ သူ့ဘဝတွင် မထိပါးအပ်သော အခြေခံစည်းနှစ်ခု ရှိလေ၏။ ၎င်းတို့မှာ သောင်းပြောင်းပညာရပ်ဌာနနှင့် သူ၏ ဇနီးမယား၊ သားသမီးများပင်။

ယခုမူ ဤလူက သူ၏ ရှေ့မှောက်တွင် သူ၏ ဇနီးနှစ်ယောက်ကို မောင်းမဆောင်ထဲသို့ သွင်းမည်ဟု ရဲရဲဝံ့ဝံ့ ပြောဆိုနေလေ၏။

အကယ်၍ သူ ဤကောင်စုတ်ကို မနှိမ်နင်းနိုင်ပါက သူ၏ ဇနီးများကို ပေးထားခဲ့သော ကတိများအားမည်သို့ဖြည့်ဆည်းပေးနိုင်တော့မည်နည်း။ မျက်နှာများကို မည်သို့ ရင်ဆိုင်ရပါတော့မည်နည်း။

ချင်းချင်း ခေါင်းညိတ်လိုက်သည်။

“လုပ်လိုက်တော့။ သူလည်း ဘာပဲဖြစ်ဖြစ် အသက်ရှင်ဖို့ သိပ်မလိုတော့ပါဘူး”

“ဟားဟားဟား...”

ထိုစကားကို ကြားသောအခါ ရွှီအောက်ထျန်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

“မိန်းမလှလေး၊ မင်းရဲ့ ဖြူစင်ပြီး သီးခြားဆန်တဲ့ အကျင့်စရိုက်ကို သဘောကျတယ်။ မစိုးရိမ်ပါနဲ့၊ ငါ မင်းကို မိဖုရားခေါင်ကြီးအဖြစ် သေချာပေါက် တင်မြှောက်မှာပါ။ ကျန်တဲ့လူတွေကတော့ ငါ့ရဲ့ ကိုယ်လုပ်တော်တွေ ဖြစ်နိုင်တာပေါ့။ မင်းတို့ တစ်ယောက်ချင်းစီက ကံကြမ္မာကသတ်မှတ်ထားတဲ့ ကောင်းကင်ဘုံသမီးတော်တွေဆိုတာမြင်နေရတယ်။ မင်းတို့က ငါ့ရဲ့ ကံကြမ္မာကို ပိုပြီးတော့ တိုးတက်လာအောင် လုပ်ပေးနိုင်မှာ သေချာတယ်”

“နှိမ်နင်းစမ်း”

ရွှီချိုက်ချန် လုံးဝကို ဒေါသထွက်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ် အသံတစ်ခုက သူ့ကို ဖြတ်၍ တားလိုက်လေ၏။

“စီနီယာအစ်ကို၊ ခဏလောက် စောင့်ပါဦး”

ထိုသူမှာ စကားဆိုပြောခံသော ချူချိုက်ယီပင်။ သူမ ရုတ်တရက် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

“ဂျူနီယာညီမ၊ မင်း ကိုယ်တိုင် တိုက်ခိုက်ဖို့ ပြင်နေတာလား”

ရွှီချိုက်ချန်က သူမစကားကို ကြားကြားချင်း ချက်ချင်း ရပ်လိုက်လေ၏။

ချူချိုက်ယီက ခေါင်းခါလိုက်သည်။

“မဟုတ်ပါဘူး၊ ကျွန်မတို့ရှေ့က ဒီမြေအောက်နန်းတော်က ကျွန်မအတွက် အရမ်း ရင်းနှီးတဲ့ ခံစားချက်မျိုး ပေးနေသလိုပဲ၊ ဒါပေမဲ့ ကျွန်မ မှတ်ဉာဏ်ထဲက နန်းတော်နဲ့လည်း အရမ်းကွာခြားနေတယ်။ တစ်ခုခု လိုအပ်နေသလိုမျိုးပဲ”

ထိုစကားများကြောင့် အားလုံး၏ ဒေါသများ ငြိမ်သက်သွားပြီး သူတို့ရှေ့က ရိုးရိုးရှင်းရှင်းပုံစံရှိနေသော မြေအောက်နန်းတော်ကို ဂရုတစိုက် စတင်စစ်ဆေးကြည့်ရှုလိုက်ကြသည်။

သူတို့မှာ ထူးခြားသော တစ်စုံတစ်ခုကိုမျှ သတိမပြုမိကြချေ။

ချူချိုက်ယီ မပြောဘဲ ချန်ထားခဲ့သော အရာတစ်ခု ရှိနေသေး၏။ သူမသည် ထိုနန်းတော်ထဲမှ တစ်ခုခုက လှမ်းခေါ်နေသလိုမျိုး ခပ်ဖျော့ဖျော့ ခံစားနေရသည်။ ဤခံစားချက်က ထူးဆန်းလှပြီး လောလောဆယ်တွင် အခြားသူများကို ရှင်းမပြတတ်သေးချေ။

“ မိန်းမလှလေး၊ မင်းမှာ တကယ်ပဲ အမြင်အမျှော်အချို့ ရှိတာပဲ။ ဒီမြေအောက်နန်းတော်က အခု မင်းမြင်နေရတဲ့ ပုံစံမျိုး မဟုတ်ဘူး။ မင်းက ကြည့်ချင်တယ်ဆိုမှတော့ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့”

ရွှီအောက်ထျန်း ပြောနေရင်း သူ့လက်ထဲ၌ တံဆိပ်ပြားတစ်ခု ပေါ်လာသည်။ သူက တိုးတိုးရေရွတ်လိုက်၏။

“ဧကရီအရှင်မ၊ အရှင်မရဲ့ သစ္စာအရှိဆုံး နောက်လိုက်က တာအိုနယ်မြေကို ရောက်ရှိလို့နေပါပြီ။ အရှင်မရဲ့ အထွတ်အထိပ်အင်မော်တယ်အရှိန်အဝါနဲ့အတူ ဆင်းသက်တော်မူပါ”

သူ့စကားအဆုံး၌ အင်မော်တယ်အလင်းတန်းတစ်ခု တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။

အားလုံးက ထိုအင်မော်တယ်အလင်းတန်းကို ကြည့်ရင်း အမူအရာများ အမျိုးမျိုး ဖြစ်သွားကြသည်။

ရွှီချိုက်ချန်သည် ထိတ်လန့်တုန်လှုပ်စွာ သူ၏ မျက်လုံးများကို မှေးလိုက်မိ၏။ အင်မော်တယ်အလင်းတန်းမှာ သူတို့ဆရာ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အလင်းတန်းထက် မနည်းပေ။ ရွှီအောက်ထျန်းသည် တကယ်ကို ဒုက္ခပေးမည့် ပြိုင်ဘက်တစ်ယောက် ဖြစ်ပေသည်။

ချင်းချင်း၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားသည်။ ရွှီအောက်ထျန်း၏ ကံကြမ္မာသည် စောစောက ခရမ်းနက်ရောင်သို့ ပြောင်းလဲသွားခဲ့ပြီး ယခု အင်မော်တယ်အလင်းတန်း ပေါ်လာသောအခါတွင် လုံးဝ မည်းမှောင်သွားသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

ဤမြေအောက်နန်းတော်ထဲတွင် ကြောက်မက်ဖွယ်ရာတစ်ခု ပုန်းအောင်းနေခြင်းပေလော။

သူမ ဗီဇအရ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ အခြားသူများအားလုံး၏ ကံကြမ္မာအလင်းတန်းများသည် ပိုမို အားကောင်းလာကြ၏။

ဂျူနီယာညီမချူ၏ အလင်းတန်းတစ်ခုတည်းသာ ကွယ်ပျောက်နေဆဲဖြစ်ပြီး မမြင်နိုင်သော လက်တစ်ဖက်က သူမ ကံကြမ္မာကို ကာကွယ်ပေးထားသည့်အလားပင်။

ကမ္ဘာပျက်မျက်လုံးအဖြစ် သန့်စင်ထားသော သူမ၏ ထူးခြားသည့် မျက်လုံးများနှင့်ပင် မှုန်ဝါးနေသော မြူခိုးများကိုသာ မြင်နိုင်၏။

သို့သော် သူမ အံ့ဩသွားရသည်မှာ ထိုမြူခိုးများထဲတွင် ဖျော့တော့သော ရွှေရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် တောက်ပနေခြင်းပင်။

‘ဘာတွေ ဖြစ်နေတာလဲ’

ရွှီအောက်ထျန်း၏ ဘေးပတ်ပတ်လည်ရှိ အင်မော်တယ်အလင်းတန်းမှာ ပိုမို ပြင်းထန်လာ၏။ ၎င်းသည် သူ၏ နောက်ကွယ်ရှိ မြေအောက်နန်းတော်ပေါ်သို့ ကျရောက်သွားရာ နန်းတော်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ထို့နောက် နက်ရှိုင်းသော ဟိန်းဟောက်သံနှင့်အတူ မြေအောက်နန်းတော်သည် အထက်သို့ စတင်၍ မြင့်တက်လာလေ၏။

အင်မော်တယ်အလင်းတန်းသည် ၎င်းကို ဝန်းရံသွားပြီး တစ်ချိန်က ရိုးရှင်းလှသည်ဟု ထင်ရသော အရာသည် ချက်ချင်းပင် တောက်ပလင်းလက်လာတော့သည်။

တောက်ပမှုက အပျက်အစီးနယ်မြေတစ်ခုလုံးကို လင်းထိန်သွားစေပြီး ဝိညာဉ်စွမ်းအင်များမှာ ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ အောက်ခြေမှ တဟုန်ထိုး ထွက်ပေါ်လာကာ နန်းတော်ကို ဝရုန်းသုန်းကားဖြစ်စေ၍ အနားက တိမ်တိုက်များကို ဆွဲယူလိုက်၏။

ဖုန်မှုန့်များ လွင့်စင်သွားသောအခါ ခမ်းနားထည်ဝါပြီး လက်ရာမြောက်လှသော အင်မော်တယ်နန်းတော်ကြီးတစ်ခု သူတို့မျက်စိရှေ့မှောက်တွင် ပေါ်ထွက်လာသည်။

“ဒီမြေအောက်နန်းတော်….မဟုတ်ဘူး။ ဒီအင်မော်တယ်နန်းတော်က တကယ်တော့ ရတနာတစ်ခုပဲ၊ နတ်ဘုရားလက်နက်တွေကိုတောင် ကျော်လွန်တဲ့ အရာပဲ”

ရွှီချိုက်ချန် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

“ဧကရာဇ်အဆင့် ရတနာပဲ။ အင်မော်တယ်ဧကရာဇ်တွေရဲ့ ဒဏ္ဍာရီလာ ရတနာတွေကပဲ ဒီလို စွမ်းအားနဲ့ အလင်းတန်းတွေကို ထုတ်လွှတ်နိုင်တာ။ ကံကောင်းတာက ဒါက တိုက်ခိုက်ရေးရတနာ မဟုတ်ဘူး၊ မဟုတ်ရင် ဒီနေ့ ငါတို့ ဒုက္ခရောက်ပြီ”

ချင်းချင်း ဝမ်တောက်ကျောင်းတော်မှ သူမ၏ ကျယ်ပြန့်သော ဗဟုသုတများဖြင့် ထူးခြားသော သဘာဝကို မှတ်မိကာ ပြောလိုက်သည်။

“မိန်းမလှလေး၊ မင်းက အမြင်ရှိသားပဲ”

ရွှီအောက်ထျန်း လှောင်ပြောင်လိုက်သည်။

“ဒါပေမဲ့ မင်း အချက်တစ်ချက် လွတ်သွားတယ်။ ဒီအင်မော်တယ်နန်းတော်က တကယ်ပဲ ကာကွယ်ရေးရတနာတစ်ခု ဟုတ်တယ်၊ ငါက ဒါကို မထိန်းချုပ်နိုင်ပေမဲ့ အထဲမှာ စောင့်ကြပ်နေတဲ့ ကြောက်မက်ဖွယ်ရာတစ်ခု ရှိတယ်လေ။ သူတို့ ပေါ်လာတာနဲ့ မင်းတို့ ညှာတာပေးဖို့ တောင်းပန်ခွင့်တောင် ရတော့မှာ မဟုတ်ဘူး”

သူက စကားပြောလေ ပိုပြီး စိတ်လှုပ်ရှားလာလေဖြစ်ပြီး သူ၏ အောင်ပွဲအတွက် သေချာနေတော့သည်။

ချန်ကျင်းသည် ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်နန်းတော်ကြီးကို စိုက်ကြည့်ရင်း တိုးတိုးရေရွတ်လိုက်လေ၏။

“ဂျူနီယာတို့ ငါတို့ ဆုတ်ခွာကြရင် ပိုကောင်းမလား”

ချူချိုက်ယီ ခေါင်းခါလိုက်သည်။

“ကျွန်မတို့ ထွက်သွားလို့ မရတော့ဘူး။ ဒီနေရာက အင်မော်တယ်နန်းတော်ရဲ့ အတားအဆီးနဲ့ ပိတ်ဆို့ခံလိုက်ရပြီ”

သူမ စကားကြောင့် ချန်ကျွင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ သူတို့ လာခဲ့သော လမ်းကြောင်းသည် ပျောက်ကွယ်သွားပြီး ၎င်းအစား အင်မော်တယ်အလင်းတန်းများဖြင့် အစားထိုးသွားသည်ကိုမြင်လိုက်ရသည်။ ၎င်းသည် နတ်ဘုရားလောကတွင် ရပ်နေရသလို ခံစားရသော်လည်း သူကမူ ဤနေရာတွင် ဆက်မနေချင်တော့ချေ။

ဂျစ်... ဂျစ်...

ထိုအသံများနှင့်အတူ အင်မော်တယ်နန်းတော်၏ ကြီးမားလှသော တံခါးကြီးကြီးများမှာ ဖြည်းညှင်းစွာ ပွင့်ဟလာ၏။

မည်သည့်အရာမျှ ထွက်မလာသေးခင်မှာပင် ဝမ်တောက်ကျောင်းတော်၏ တပည့်များမှာ သူတို့ဝိညာဉ်ထဲအထိ ကြောက်ရွံ့မှုများ စိမ့်ဝင်သွားသည်ကို ခံစားလိုက်ရသည်။

အမှောင်ရိပ်ထဲမှနေ၍ သူတို့ကို တိတ်တဆိတ် ကာကွယ်ပေးနေသော ပင်းယန်ပင် စိတ်မသက်မသာဖြင့် မျက်မှောင်ကို ကြုတ်လိုက်မိ၏။

ချူချိုက်ယီတစ်ယောက်သာ သူမ မျက်လုံးများကို မှိတ်ထားပြီး အထဲမှ ထူးဆန်းသော ရင်းနှီးသလိုခံစားချက်ကို တည်ငြိမ်စွာ ခံစားနေမိသည်။

တံခါးအိုကြီးများ လုံးဝ ပွင့်သွားသည့်အချိန်တွင် တပည့်များ မြေပြင်ပေါ်သို့ လဲပြိုကျသွားကြသည်။

သူတို့၏ ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားအာရုံများမှာ နန်းတော်ထဲမှ စီးဆင်းလာသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် လုံးဝ ချိတ်ပိတ်ခြင်း ခံလိုက်ရ၏။

မဟာပဏ္ဍိတတစ်ဦးဖြစ်သော ပင်းယန်ပင် တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

‘အင်မော်တယ်နန်းတော်ထဲတွင် ဘာတွေများ ပုန်းအောင်းနေလို့လဲ’

သူမကို အံ့ဩဆုံးဖြစ်စေသည့်အရာမှာ ချူချိုက်ယီသည် အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိနေခြင်းပင်။

ထိုအစား သူမ မျက်နှာတွင် တွေဝေမိန်းမောနေသော အမူအရာတစ်ခု ထင်ဟပ်နေလေ၏။

တံခါးအိုကြီးများ ပွင့်လာသည်ကို ကြည့်ရင်း ရွှီအောက်ထျန်း၏ နှုတ်ခမ်းများက အောင်နိုင်သူအပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ သူ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ဧကရီအရှင်မရဲ့ လမိုက်တပ်ဖွဲ့၊ ဒီလောကထဲကို ဆင်းသက်လာစမ်း”

All Chapters