အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁)
ဟန်ချန်ယောင်းက သတင်းကို ကြည့်ရင်းနဲ့ ဟက်ခနဲရယ်လိုက်တယ်။
"နောက်ဆုံးတော့ ကန်ဂျင်ဟူပဲ နိုင်သွားတာပေါ့"
ဒီကိစ္စအားလုံးက ကန်ဂျင်ဟူက ဟိုဆောင်းငွေစုဘဏ်ရဲ့ အားနည်းချက်တွေကို ထောက်ပြခဲ့ရာကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဒါက ကန်ဂျင်ဟူနဲ့ ဘဏ်ကြားက တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သမ္မတ၊ အာဏာရပါတီနဲ့ မီဒီယာတွေပါ ပါဝင်ပတ်သက်လာခဲ့ကြတာပါ။
အစိုးရကတော့ သူတို့ပြောတာ မှန်ပြီး ကန်ဂျင်ဟူ ပြောတာ မှားတယ်ဆိုတဲ့ နိဂုံးမျိုး ပေါ်ထွက်လာအောင် လမ်းကြောင်းပေးဖို့ ကြိုးစားခဲ့ပုံပဲ။
ဒါပေမဲ့ အဆုံးသတ်မှာတော့ ကန်ဂျင်ဟူ ပြောခဲ့တာက အမှန်ဖြစ်နေပြီး ဆန့်ကျင်ဘက် အုပ်စုကလူတွေ အားလုံးကတော့ လူလိမ်တွေ ဖြစ်သွားခဲ့ကြရပါပြီ။
ဟိုဆောင်းငွေစုဘဏ်ရဲ့ ပြဿနာတွေကို ဖော်ထုတ်လိုက်တာက တကယ့်ကို အကွက်မြင်မြင်နဲ့ ကစားသွားခဲ့တာပါ။
အွန်ဆောင်း မော်တာက ဟိုဆောင်းငွေစုဘဏ်နဲ့ တိုက်ရိုက် ပတ်သက်မှု မရှိပေမယ့် ဒီဖြစ်ရပ်ကြောင့် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်လိုက်ရတယ်။
အစိုးရက ဟိုက်ဒရိုဂျင်ကားတွေကို အနာဂတ် တိုးတက်မှုရဲ့ အင်ဂျင်အသစ်အဖြစ် သတ်မှတ်ပြီး တတ်နိုင်သမျှ အားလုံးကို ကူညီပံ့ပိုးပေးသွားမယ်လို့ ကြေညာထားခဲ့တာလေ။ ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အားသွင်းဇုံတွေ တည်ဆောက်ဖို့နဲ့ ဟိုက်ဒရိုဂျင်ကားတွေအတွက် ထောက်ပံ့ကြေးတွေ ပေးဖို့ပါ စီစဉ်ထားခဲ့တာ။
ဒါပေမဲ့ ဒီအကြပ်အတည်းကြောင့် အဲဒီအစီအစဉ် အားလုံးက မရေမရာ ဖြစ်သွားခဲ့ရပါပြီ။
အာဏာရ အုပ်စုတွေက နိုင်ငံရေးအရ အကြီးအကျယ် ထိုးနှက်ချက် ရလိုက်တာကြောင့် ဟိုက်ဒရိုဂျင်ကားတွေကို မြှင့်တင်ပေးမယ့် အရှိန်အဟုန်ကလည်း အလိုအလျောက် အားနည်းသွားခဲ့ရတယ်။ အားသွင်းဇုံတွေအတွက် မြေနေရာ ရယူမယ့် လုပ်ငန်းစဉ်ကလည်း လုံးဝ ရပ်တန့်သွားခဲ့ရပြီလေ။ အွန်ဆောင်း မော်တာကတော့ စီစဉ်ထားတဲ့အတိုင်း ဟိုက်ဒရိုဂျင်ကား အသစ်တွေကို ဆက်ပြီး မိတ်ဆက်သွားမှာ ဖြစ်ပေမယ့် ကတိပေးထားတဲ့ အကူအညီတွေကို ရဖို့ကတော့ ခက်ခဲသွားတော့မှာပါ။
"ဒါကို သူတို့က တမင်တကာ ကြိုးကိုင်ပြီး လုပ်ခဲ့တာများလား"
ဟန်ချန်ယောင်းက OTK ကုမ္ပဏီရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေခဲ့တယ်။
TS ကုမ္ပဏီကနေတစ်ဆင့် တည်ထောင်ထားတဲ့ ဘတ္ထရီစက်ရုံအပြင် OTK ကုမ္ပဏီက ကိုယ်ပိုင် ဘတ္ထရီ သုတေသနဓာတ်ခွဲခန်းကိုပါ သီးသန့် တည်ထောင်ခဲ့တာပါ။ ကိုရီးယား တက္ကသိုလ်က ပါမောက္ခ ကင်ဟိုမင် အပါအဝင် သုတေသနပညာရှင်တွေလည်း အဲဒီအဖွဲ့ထဲကို ဝင်ရောက်လာခဲ့ကြတယ်။
ပါမောက္ခ ကင်ဟိုမင်က ဘတ္ထရီလုပ်ငန်းလောကမှာ တော်တော်လေး လူသိများတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ သုတေသန နယ်ပယ်က အခြေခံသိပ္ပံပညာရပ် ဖြစ်နေတာကြောင့် ကုမ္ပဏီတွေအတွက်တော့ ချက်ချင်းကြီး မရှိမဖြစ် လိုအပ်တာမျိုး မဟုတ်ဘူး။ သက်တမ်းရင့် ပါမောက္ခ တစ်ယောက်အနေနဲ့ကတော့ ထူးထူးခြားခြား ကောင်းမွန်တဲ့ အခြေအနေမျိုး မပေးရင် သူက နေရာပြောင်းမယ့်သူ မဟုတ်ဘူးလေ။
ဒါပေမဲ့ ကန်ဂျင်ဟူက တက္ကသိုလ်အထိ ကိုယ်တိုင်သွားပြီး သူ့ကို သုတေသနဓာတ်ခွဲခန်းရဲ့ အကြီးအကဲအဖြစ် ဝင်ရောက်ဖို့ စည်းရုံးနိုင်ခဲ့တယ်။ ကင်ဟိုမင်က တကယ်ပဲ အဲဒီလောက်အထိ ထူးချွန်တဲ့ လူမျိုးမလို့လား။
ဟန်ချန်ယောင်းက X-Cop လေလံပွဲတုန်းက ကန်ဂျင်ဟူရဲ့ အပြုအမူကို ပြန်တွေးမိရင်း ရေရွတ်လိုက်တယ်။
"သူက ဘာကို ဖန်တီးဖို့ ပြင်ဆင်နေတာလဲ"
ဟိုဆောင်းငွေစုဘဏ်က တကယ့်ကို အကျင့်ပျက်ခြစားမှုတွေနဲ့ လိမ်လည်မှုတွေရဲ့ ဗဟိုချက်မ ဖြစ်နေခဲ့တာပါ။ ခြစားမှုတွေက ရှာဖွေလေ၊ တွေ့ရှိလေဖြစ်နေပြီး အဆုံးမရှိနိုင်အောင်ပါပဲ။
ဟိုဆောင်းငွေစုဘဏ်မှာ တာဝန်ကျနေတဲ့ ငွေကြေးကြီးကြပ်ရေး အဖွဲ့က စစ်ဆေးရေးမှူး ငါးယောက်က စီမံခန့်ခွဲမှုကို လျစ်လျူရှုထားခဲ့ရုံတင် မဟုတ်ဘဲ တရားမဝင် ချေးငွေတွေ ပေးတာနဲ့ စာရင်းဇယား လိမ်လည်မှုတွေမှာပါ တိုက်ရိုက် ပါဝင်ပတ်သက်နေခဲ့ကြတာပါ။ စာရင်းစစ် ကုမ္ပဏီတွေကလည်း ဒီလို လိမ်လည်မှုတွေကို သိနေပါလျက်နဲ့ external စာရင်းစစ်ဆေးမှုတွေ လုပ်တဲ့အခါ ဘာပြဿနာမှ မရှိပါဘူးဆိုပြီး ပုံမှန်အတိုင်းပဲ မှတ်ချက်တွေ ပေးခဲ့ကြတယ်။
ချေးငွေတွေကို စနစ်တကျ မစီမံနိုင်ခဲ့တာကြောင့် အောက်ခြေ ဝန်ထမ်းတွေကအစ တခြားသူတွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားတွေကို ခိုးယူတာနဲ့ စာရွက်စာတမ်း အတုပြုလုပ်တာတွေ လုပ်ပြီး ဝမ် သန်း ၁သောင်းခွဲအထိ ရှိတဲ့ တရားမဝင် ချေးငွေတွေကို ထုတ်ယူခဲ့ကြတာကို ဖော်ထုတ်နိုင်ခဲ့တယ်။ စုံစမ်းစစ်ဆေးမှုတွေ စတင်တဲ့ အချိန်မှာတော့ မရိုးသားတဲ့ အဲဒီဝန်ထမ်းက အဆက်အသွယ် ဖြတ်ပြီး ထွက်ပြေးပုန်းရှောင်သွားခဲ့ပါပြီ။
SPC ကုမ္ပဏီတွေရဲ့ အမှုဆောင်တွေနဲ့ ဝန်ထမ်း အများစုကလည်း အမှုဆောင်တွေက သူတို့လူတွေကို နာမည်ခံအဖြစ် ထည့်ထားခဲ့ကြတာ ဖြစ်ပြီး သူတို့ရတဲ့ ဝမ် သန်းပေါင်းများစွာရှိတဲ့ လစာတွေကိုတော့ နောက်ကွယ်မှာ ပြန်ပြီး ခွဲဝေယူခဲ့ကြတာပါ။
ဒီလို အခြေအနေတွေကြားထဲမှာတင် ဟိုဆောင်းငွေစုဘဏ်က ပြီးခဲ့တဲ့နှစ်က သမိုင်းတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိခဲ့ပါတယ်ဆိုပြီး အမှုဆောင်တွေနဲ့ ရှယ်ယာရှင်တွေကို ဘောနပ်စ်တွေနဲ့ အမြတ်ဝေစုတွေ အများအပြား ပေးခဲ့ကြသေးတယ်။ ဘဏ်ကတော့ ကြွေးမြီဆိုးတွေကြောင့် ပျက်စီးယိုယွင်းနေတဲ့ အချိန်မှာ အမှုဆောင်တွေနဲ့ ရှယ်ယာရှင်တွေကတော့ ပိုက်ဆံတွေနဲ့ ပွဲတော်တည်နေခဲ့ကြတာပေါ့။
စုံစမ်းစစ်ဆေးမှုအတွင်းမှာပဲ အစိုးရအရာရှိတွေနဲ့ နိုင်ငံရေးသမား တွေကို လာဘ်ပေးခဲ့တာတွေနဲ့ ဧည့်ခံကျွေးမွေးခဲ့တာတွေကို ရေးမှတ်ထားတဲ့ စာရင်းဇယား အထောက်အထားတွေကိုပါ ရှာဖွေတွေ့ရှိခဲ့တယ်။
အစိုးရရှေ့နေတွေက သက်ဆိုင်ရာ ထွက်ဆိုချက်တွေကို ရရှိခဲ့ပြီး ဥက္ကဋ္ဌ မင်ဂျောင်ဂျူးနဲ့ ဘဏ်ဥက္ကဋ္ဌ မင်ဆောင်ဂျူး အပါအဝင် လူပေါင်း ၂၀ ကို အရင်ဆုံး တရားစွဲဆိုခဲ့တယ်။ ဒါက လက်ရှိ သမ္မတရဲ့ ယောက္ခမ မိသားစုဝင်တွေကို သမိုင်းမှာ မရှိဖူးသေးတဲ့ အနေအထားနဲ့ ဖမ်းဆီးလိုက်တာပဲ ဖြစ်တယ်။
ငွေကြေးစီမံခန့်ခွဲမှု ကော်မရှင်က ဟိုဆောင်းငွေစုဘဏ်ကို ဒေဝါလီခံနေတဲ့ ငွေကြေးအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး တရားဝင် ဒေဝါလီခံမယ့် လုပ်ငန်းစဉ်တွေကို စတင်ခဲ့ပါပြီ။ သူတို့က ချေးငွေတွေကို ပြန်ရအောင် လုပ်ဖို့နဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ရောင်းချဖို့ ကြိုးစားနေကြပေမယ့် အပ်နှံသူတွေအတွက်တော့ လျော်ကြေး တစ်စုံတစ်ရာ ပြန်ရဖို့ မျှော်လင့်ချက် မရှိသလောက်ပါပဲ။ တစ်ခုထဲသော သက်သာရာရစေတဲ့အချက်ကတော့ အပ်နှံငွေ အာမခံကော်ပိုရေးရှင်းကနေ တစ်ဦးကို ဝမ် သန်း ၅၀ အထိတော့ ပြန်ထုတ်ပေးသွားမှာပါ။
ကိုရီးယား လွှတ်တော်အမတ်တွေက အပ်နှံသူတွေကို အပြည့်အဝ လျော်ကြေးပေးနိုင်ဖို့အတွက် အထူးဥပဒေတစ်ခု ပြဋ္ဌာန်းသင့်တယ်လို့ အငြင်းပွားခဲ့ကြပေမယ့် အတိုက်အခံတွေဘက်က 'ဒီလိုမျိုး တောင်းဆိုမှုတွေ မလုပ်ခင် အရင်ဆုံး တရားမဝင် ထုတ်ယူသွားတဲ့ ပိုက်ဆံတွေကို အရင် ပြန်ပေးပါဦး' လို့ ပြန်လည် တုံ့ပြန်လိုက်တဲ့အတွက် အကုန်လုံး ပါးစပ်ပိတ်သွားခဲ့ကြရတယ်။
တကယ်လို့ အပ်နှံသူတွေကို ကယ်တင်ပေးမယ်ဆိုရင် ငွေတိုက်စာချုပ်ဝယ်ထားတဲ့သူတွေကျတော့ ဘယ်လိုလုပ်မလဲ။ နောင်အနာဂတ်မှာ ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်လာတိုင်း အစိုးရက အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံကို သုံးပြီး လိုက်လျော်ပေးနေရတော့မှာလား။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက Dongyoung Gold Finance ဒေဝါလီခံခဲ့ရစဉ်က ဒုက္ခရောက်ခဲ့ကြတဲ့သူတွေကလည်း မျှတမှု ရှိမရှိ မေးခွန်းထုတ်လာပြီး လျော်ကြေးအတွက် တရားစွဲဆိုမှုတွေ လုပ်လာနိုင်ခြေ အများကြီး ရှိနေပါတယ်။
ဒါကြောင့် ဒီလို ဖြေရှင်းနည်းက လက်တွေ့မှာ လုံးဝ မဖြစ်နိုင်တာမလို့ ဒါက ဒေသတွင်းက မဲဆန္ဒရှင်တွေကို စိတ်အေးအောင် နှစ်သိမ့်ဖို့ ပြောတဲ့ စကားသက်သက်ပဲ ဖြစ်တာပါ။
သတင်းမီဒီယာတွေရဲ့ တာဝန်နဲ့ ရည်ရွယ်ချက်က အမှန်တရားကို ဖော်ထုတ်ဖို့ပါ။ ဒါပေမဲ့ မီဒီယာတွေက နောက်ဆုံးအချိန်အထိ အစိုးရဘက်ကနေ ရပ်တည်ပေးခဲ့ပြီး ပြည်သူတွေဆီကို သတင်းအမှား ဆောင်းပါးတွေ တရစပ် ထုတ်ဝေခဲ့ကြတယ်။
အစိုးရက သူ့ရဲ့ ကျရှုံးမှုတွေကို နောက်ဆုံးမှာ ဝန်ခံလိုက်ရတဲ့ အခါကျတော့လည်း ဂျောင်အီဘို သတင်းစာက ကန်ဂျင်ဟူကို ဒီကိစ္စထဲထဲကို ပါးပါးနပ်နပ်ကြီး ဆွဲသွင်းခဲ့ပြန်တယ်။
မလွတ်မကင်း စီမံခဲ့ကြတဲ့ ငွေစုဘဏ်တွေနဲ့ ဘေးကနေ ဒီအတိုင်း ကြည့်နေခဲ့တဲ့ အစိုးရမှာ ပြဿနာ ရှိတာကတော့ မှန်ပေမယ့် ဘာဖြေရှင်းချက်မှ မပေးဘဲ ဒါကို ကွင်းကွင်းကွက်ကွက် ဖော်ထုတ်ခဲ့တဲ့ ကန်ဂျင်ဟူမှာလည်း အပြစ်ရှိပါတယ်ဆိုတဲ့ လေသံမျိုးနဲ့ ရေးသားခဲ့တာပါ။
ဆောင်းပါး ထွက်လာပြီးတာနဲ့ စာမျက်နှာပေါ်မှာ ကန့်ကွက်တဲ့ မှတ်ချက်တွေ တလဟော ဝင်လာခဲ့တော့တယ်။
– ဟားဟား။ ဒီကောင်တွေကတော့ အခုထိ နောင်တမရသေးဘူးပဲ။
– သူတို့က ပြည်သူတွေကို ငတုံးတွေလို့ ထင်နေတုန်းပဲလား။
– သူတို့က သာမန်ပြည်သူတွေဆီက ပိုက်ဆံတွေကို ပိုပြီး မစုပ်ယူရသေးခင်မှာတင် ဒေဝါလီခံလိုက်ရလို့လား။ အစောကြီး ဒေဝါလီခံလိုက်ရတာက အမှားတစ်ခုလား။
– အကျဉ်းချုပ်ပြောရရင် "ငါတို့က ကန်ဂျင်ဟူကြောင့် ပိုပြီး အမြတ်မထုတ်လိုက်ရလို့ ဒါက သူ့အပြစ်ပဲ" လို့ ပြောနေတာပဲ။ ယုံကြည်ရပါတယ်ဆိုတဲ့ ဂျောင်အီဘိုလည်း သွားပြီ။
– ဒီမှာ ဘယ်လောက်ပဲ ပြောပြော အပိုပဲ။ တစ်ခုထဲသော အဖြေကတော့ ဒီသတင်းစာကို ဆက်ပြီး အားမပေးတော့ဖို့ပဲ။
– ဒီလို သတင်းစာမျိုးကို ပိုက်ဆံပေးပြီး ဖတ်နေခဲ့တဲ့ ငါ့ကိုယ်ငါ တကယ့် အရူးလို့ သိလိုက်ရပြီ။ မနက်ဖြန်ကစပြီး ငါ့အိမ်ကို လုံးဝ လာမပို့ခိုင်းတော့ဘူး။
– တကယ်လို့ အိမ်ထဲကို သတင်းစာ လာထည့်တာ မိရင်တော့ လက်ချောင်းတွေ ဖြတ်ပစ်မယ်။ လာထည့်တဲ့ကောင်တွေ သတိထားကြ။
ဝေဖန်မှုတွေ ပြင်းထန်လာတာကြောင့် နောက်တစ်ရက်မှာတင် ဂျောင်အီဘိုက တောင်းပန်စာနဲ့ အမှားပြင်ဆင်ချက် ဆောင်းပါးကို ပြန်လည် ထုတ်ဝေခဲ့ရတယ်။
ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် အဓိက ရုပ်သံလိုင်း သုံးခုနဲ့ ကွန်ဆာဗေးတစ် မီဒီယာတွေကတော့ သူတို့ရဲ့ ပုံရိပ် အကြီးအကျယ် ပျက်စီးသွားတာကို ရှောင်လွှဲလို့ မရခဲ့ပါဘူး။
ဟာအွန်ဂျီက ရက်ပေါင်းများစွာ အစားလည်း ကောင်းကောင်းမစား၊ အိပ်လည်း ကောင်းကောင်းမအိပ်နိုင် ဖြစ်နေခဲ့တယ်။
ဆယ်စုနှစ်ပေါင်းများစွာ လုပ်ငန်းလည်ပတ်ခဲ့တဲ့ ဒေသတွင်း ငွေစုဘဏ်ရဲ့ သဘာဝအရ သုံးစွဲသူ အများစုက အသိမိတ်ဆွေတွေ ဖြစ်ကြတာပါ။ သူကနေတစ်ဆင့် အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို ဝယ်ယူခဲ့ကြတဲ့သူ အများစုကလည်း ရပ်ကွက်ထဲက ရေရှည် အိမ်နီးနားချင်းတွေ ဖြစ်နေခဲ့ကြတာလေ။
တကယ်လို့ သူက သူစိမ်းတွေကိုပဲ ရောင်းခဲ့ရင် ဒီလောက်အထိ စိတ်နာကျင်ရမှာ မဟုတ်ပါဘူး။
အစိုးရရဲ့ ထုတ်ပြန်ချက် ထွက်လာပြီးတာနဲ့ ချက်ချင်းဆိုသလို သုံးစွဲသူ အများအပြားဆီကနေ ဖုန်းတွေ ဝင်လာခဲ့တယ်။ ဖုန်းကို ကိုင်လိုက်တာနဲ့ အော်ဟစ်ဆဲဆိုသံတွေကိုပဲ ကြားရတာကြောင့် သူက ကြောက်လန့်ပြီး ဖုန်းကို ပိတ်ထားခဲ့မိတယ်။
ဟာအွန်ဂျီက ဖုန်းကို သတိထားပြီး ပြန်ဖွင့်လိုက်တယ်။ ပြီးတော့ တစ်နေရာဆီကို ဖုန်းဆက်လိုက်တယ်။ အကြိမ်ကြိမ် ကြိုးစားပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ ဖုန်းလိုင်း ချိတ်ဆက်မိသွားခဲ့တယ်။
"ဟင်... အွန်ဂျီလား"
"ဟု... ဟုတ်ကဲ့၊ ဘဏ်ခွဲမန်နေဂျာကြီး"
ဟာအွန်ဂျီက ငိုချလိုက်တော့တယ်။
"ဟီး... ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲဟင်။ သူတို့အတွက် တကယ့်ကို စိတ်မကောင်းစရာကြီး။ တကယ်လို့ ကျွန်မတို့သာ အဲဒါတွေကို မရောင်းခဲ့ရင်..."
အဲဒီအချိန်မှာ ပတ်ဂျွန်ဆန်က စိတ်ပျက်လက်ပျက် လေသံနဲ့ ဖြတ်ပြောလိုက်တယ်။
[ဟေ့… ဝယ်တုန်းကတော့ ပျော်ပျော်ကြီး ဝယ်ခဲ့ကြပြီးတော့ အခုကျမှ ဘာလို့ ငါတို့ကို လာပြီး ပြဿနာရှာနေတာလဲ။ အမှန်အတိုင်း ပြောရရင် ငါတို့မှာ ဘာအပြစ် ရှိလို့လဲ။ ငါတို့က အထက်က ခိုင်းတဲ့အတိုင်းပဲ လုပ်ခဲ့တာလေ။ ဟူး... ငါတော့ ရူးတော့မှာပဲ]
သူက အဲဒီလို ပြောနေပေမယ့် သူ့ရဲ့ လေသံက သိသိသာသာ တုန်ရင်နေခဲ့တယ်။ သူကိုယ်တိုင်လည်း အပြစ်ရှိစိတ်ကြောင့် စိတ်လေးလံနေခဲ့တာပါ။
[ဘာပဲဖြစ်ဖြစ် အွန်ဂျီ။ နင်လည်း လောလောဆယ် အိမ်မှာပဲ ငြိမ်ငြိမ်လေး နေဦး။ ဒုက္ခရောက်သွားတဲ့ သုံးစွဲသူတွေနဲ့ သွားမတိုးမိစေနဲ့။ ကြားလား။ ငါ ဖုန်းချလိုက်ပြီ]
တီ တီ တီ...
ဖုန်းလိုင်း ပြတ်တောက်သွားခဲ့ပြီ။
ဟာအွန်ဂျီက ဖုန်းကို ချလိုက်ပြီး ဒူးနှစ်ဖက်ကြားထဲ မျက်နှာအပ်လိုက်ပြန်တယ်။ မှောင်မည်းနေတဲ့ အခန်းထဲမှာ သူ့ရဲ့ ရှိုက်ကြီးတငင် ငိုသံလေးပဲ ပဲ့တင်ထပ်နေခဲ့တော့တယ်။
ဟိုဆောင်းငွေစုဘဏ် ရုံးချုပ်ရှေ့ကတော့ တကယ့်ကို ပရမ်းပတာ ကွင်းပြင်ကြီး ဖြစ်နေခဲ့ပါပြီ။
အပ်နှံသူတွေက အေးစက်နေတဲ့ မြေပြင်ပေါ်မှာ လဲကျပြီး အော်ဟစ်ငိုကြွေးနေကြတယ်။ အသက်ကြီးတဲ့သူ တချို့ဆိုရင် ပြင်းပြင်းထန်ထန် ငိုလွန်းလို့ လူနာတင်ကားနဲ့တောင် တင်သွားခဲ့ရတယ်။
အိမ်ဝယ်ဖို့ စုထားတဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားတဲ့ အဖေတွေ၊ ဈေးမှာ အလုပ်လုပ်ပြီး တစ်ပြားချင်း စုထားတဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားတဲ့ အဖွားတွေ၊ အငြိမ်းစားလစာတွေ ပျောက်ဆုံးသွားတဲ့ အဖိုးတွေ အစရှိသဖြင့်ပေါ့။
ဒါတွေက ဘယ်လို ပိုက်ဆံမျိုးတွေလဲ။
ဒါတွေက အိပ်ရေးပျက်ခံပြီး ပင်ပန်းကြီးစွာ အလုပ်လုပ်ပြီး ရှာဖွေခဲ့ရတဲ့ ပိုက်ဆံတွေလေ။ အဝတ်အစားနဲ့ အစားအသောက်တွေကို ချွေတာပြီး တစ်ပြားချင်းစီကို စုဆောင်းခဲ့ကြတဲ့ ပိုက်ဆံတွေပါ။
ဒါပေမဲ့ အခုတော့ အဲဒီပိုက်ဆံတွေကို ပြန်ရနိုင်မယ့် နည်းလမ်း လုံးဝ မရှိတော့ဘူး။
သူတို့တွေ ယုံကြည်ပြီး အပ်နှံထားခဲ့တဲ့ ဘဏ်က သူတို့ပိုက်ဆံတွေကို စည်းကမ်းမဲ့ သုံးဖြုန်းပစ်ခဲ့ကြသလို ဘာပြဿနာမှ မရှိပါဘူးလို့ အော်ဟစ်နေခဲ့ကြတဲ့ နိုင်ငံရေးသမားတွေကျတော့ သူတို့ပိုက်ဆံတွေကို တိတ်တဆိတ် ပြန်ထုတ်ပြီး ညတွင်းချင်း ထွက်ပြေးသွားခဲ့ကြပြီ။
"ဒီအချိန်အထိ သမ္မတနဲ့ လွှတ်တော်အမတ်တွေက ဘာတွေ လုပ်နေခဲ့ကြတာလဲ။ ဒီအတိုင်းဆိုရင်တော့ ငါတို့ အားလုံး သေရုံပဲ ရှိတော့တယ်"
"ငါကတော့ တစ်သက်လုံး ကိုရီးယားပါတီကိုပဲ မဲပေးလာခဲ့တာ"
"တိုင်းပြည် ပျက်ရင်ပျက်၊ ငါကတော့ ကိုရီးယားပါတီကိုပဲ အမြဲ အားပေးခဲ့တာ။ သူတို့က ငါတို့ကို ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရက်ရတာလဲ"
"ငါတို့ တကယ်ပဲ ဘာမှားခဲ့လို့လဲ"
"ငါက သမ္မတရဲ့ ယောက္ခမ မိသားစုကို ယုံပြီး ပိုက်ဆံတွေ အပ်ထားခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ"
"ဘာလို့ ငါတို့ပဲ ဒီလိုမျိုး ခံစားရတာလဲ"
အသက်ကြီးကြီး အဖိုးကြီးတစ်ယောက်က ဂျောင်အီဘို သတင်းထောက်ရဲ့ ကော်လံကို ဆွဲကိုင်ပြီး အော်ဟစ်တော့တယ်။
"မင်းက ဘယ်လိုမျက်နှာနဲ့ ဒီကို လာရဲတာလဲ။ လုပ်ငန်းတွေ မကြာခင် ပြန်စတော့မယ်လို့ မင်းတို့ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒါက ကန်ဂျင်ဟူ ဖြန့်တဲ့ ကောလာဟလ သက်သက်ပဲလို့ ပြောခဲ့ကြတာလေ"
"အ... အဖိုး၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး"
"မင်းတို့ စကားတွေကို ယုံပြီး ငါ ဒီလောက်အထိ စောင့်နေခဲ့တာ။ အခုတော့ ကြည့်လိုက်ဦး။ မင်းတို့ အခု စိတ်ကျေနပ်သွားပြီလား"
"……"
သတင်းထောက်က စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ဘူး။ ဂျောင်အီဘို သတင်းစာက ဘယ်လို ဆောင်းပါးမျိုးတွေ ရေးခဲ့လဲဆိုတာ သူကိုယ်တိုင် အသိဆုံး ဖြစ်လို့ပါ။
တခြား ဒုက္ခရောက်နေတဲ့သူတွေက အဲဒီအဖိုးကြီးကို ဝင်တားကြတယ်။
"တော်ပါတော့ အဖိုးရယ်၊ စိတ်လျှော့ပါဦး"
"ဒီကောင်တွေ။ မင်းတို့ ငါ့ကို သတ်လိုက်ကြတာက ပိုကောင်းဦးမယ်။ ဟူး..."
အော်ဟစ်နေတဲ့ အဖိုးကြီးက နောက်ဆုံးမှာတော့ အဲဒီနေရာမှာတင် လဲကျသွားခဲ့ရတယ်။
အမျိုးသားတစ်ယောက်က ထရပ်ပြီး အော်ပြောလိုက်တယ်။
"ငါတို့ ဒီမှာ ရှိနေလို့ ဘာထူးမှာလဲ။ နိုင်ငံရေးသမားတွေက ဂရုစိုက်မယ် ထင်လို့လား။ အဲဒီအစား ဆိုးလ်ကို သွားကြစို့။ သမ္မတ ဒါမှမဟုတ် လွှတ်တော်အမတ်တွေကို လူချင်းတွေ့ပြီး သူတို့မှာ တာဝန်ရှိကြောင်း တောင်းဆိုကြစို့"
လူတွေက သဘောတူကြတယ်။
"မှန်တယ်။ သွားကြစို့"
"အိမ်ပြာတော် ဒါမှမဟုတ် အမျိုးသားလွှတ်တော်ကို သွားကြစို့"
"ငါတို့ ပိုက်ဆံတွေ ပြန်တောင်းကြစို့"
ဒုက္ခရောက်ရတဲ့သူတွေက အစိုးရရဲ့ အရေးယူ ဆောင်ရွက်ပေးမှုကို တောင်းဆိုဖို့ ဆန္ဒပြဖို့အတွက် ဆိုးလ်မြို့ဆီကို ဦးတည်ပြီး ထွက်ခွာခဲ့ကြတော့တယ်။
ကိုရီးယား ကွန်ဆာဗေးတစ် ပါတီကတော့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတယ်။
အားလုံးထက် ပိုပြီး တုန်လှုပ်စရာကောင်းတာက ပါတီခေါင်းဆောင် ချွိုင်းမြောင်ဟိုကိုယ်တိုင် တရားမဝင် ငွေထုတ်ယူမှုတွေရဲ့ ရှေ့တန်းက ပါဝင်နေခဲ့တာပဲ။ ဒါ့အပြင် ပါတီဝင် အများအပြားလည်း ပတ်သက်နေခဲ့ပြီး ဒေသခံ ကောင်စီဝင်တွေ အပါအဝင်ဆိုရင် နာမည်စာရင်းက ၃၀ ကျော်အထိ ရှိနေခဲ့တာပါ။
ပါတီဝင်အသစ် လွှတ်တော်အမတ်တွေက တရားမဝင် ထုတ်ယူသွားတဲ့ ပိုက်ဆံတွေကို ပြန်ပေးသင့်တယ်လို့ အကြံပြုခဲ့ကြပေမယ့် ပတ်သက်နေတဲ့သူတွေထဲက ဘယ်သူမှ ဒါကို သဘောမတူခဲ့ကြဘူး။
နိုင်ငံရေးသမားတွေကလည်း တခြားသူတွေလိုပဲ ကိုယ့်ပိုက်ဆံကိုတော့ ကိုယ် တန်ဖိုးထားကြတာပဲလေ။
ချွိုင်းမြောင်ဟိုက "ဒါတွေက ကျွန်တော့် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေမလို့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ ပိုက်ဆံတွေက အိမ်ကို ရောက်သွားပြီမလို့ ပြန်ပေးဖို့ နည်းလမ်းမရှိတော့ပါဘူး" ဆိုတဲ့ မဆီမဆိုင် ဆင်ခြေကို ပေးခဲ့တယ်။ တစ်ဖက်မှာလည်း ကင်ဟန်ချောက မီဒီယာတွေရဲ့ ဆက်တိုက် မေးမြန်းမှုတွေကို စိတ်တိုတိုနဲ့ အော်ဟစ်ခဲ့တယ်။
"မင်းတို့က ငါ့ကို ပိုက်ဆံတွေ အတင်း ပြန်ပေးခိုင်းနေတာလား။ ငါက ကြွက်တွေအကြောင်း တစ်ခွန်း ပြောမိတာနဲ့ မင်းတို့က ငါ့ကို ဆက်တိုက် တိုက်ခိုက်နေကြတာပဲ။ ဒါက ဒီမိုကရေစီကို စိန်ခေါ်နေတာကွ။ တကယ်လို့ မင်းတို့က 'ကြွက်' ဆိုတဲ့ စကားလုံးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် ကြွက်တွေလိုမျိုး မပြုမူကြနဲ့လေ"
အခြေအနေကို ဆက်ပြီး သည်းမခံနိုင်တော့ဘူးလို့ သိလိုက်လို့ ထင်ပါတယ်။ ကိုရီးယား ကွန်ဆာဗေးတစ် ပါတီက ချက်ချင်းပဲ စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ခေါ်ယူပြီး ကင်ဟန်ချောကို ပါတီကနေ ထုတ်ပယ်လိုက်တော့တယ်။
ဒီလို အကြပ်အတည်းမျိုးက သူတို့အတွက်တော့ အသစ်အဆန်း မဟုတ်ပါဘူး။ အရင်ကလည်း ဖြစ်ဖူးတာပဲ။ အချိန်ကြာလာရင်တော့ ပြည်သူတွေရဲ့ အမြင်က အလိုလို အေးငြိမ်းသွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲ အချိန်ရောက်ရင်တော့ ပြည်သူတွေက သူတို့ကိုပဲ မဲပြန်ပေးကြမှာပဲလေ။
ကိုရီးယား ကွန်ဆာဗေးတစ် ပါတီကတော့ မုန်တိုင်း ပြီးဆုံးသွားမယ့် အချိန်ကို ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေလိုက်တော့တယ်။
ဟိုဆောင်းငွေစုဘဏ်ရဲ့ ဒေဝါလီခံမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုက ဘဏ္ဍာရေး ကဏ္ဍတစ်ခုလုံးဆီကို ပျံ့နှံ့သွားခဲ့ရပါပြီ။
အတန်ကြာအောင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းတွေက ဘာမှ မလုပ်ဘဲ နေခဲ့ကြတာကြောင့် တခြား ငွေစုဘဏ်တွေကလည်း သူတို့ရဲ့ ဘဏ္ဍာရေး ပြဿနာတွေကို ဒီလိုပဲ ဖုံးကွယ်ထားခဲ့ကြတာပါ။ ဘဏ်တွေက အခြေအနေ အရေးကြီးနေပြီဆိုတာ သိတာနဲ့ အတွင်းပိုင်း စာရင်းစစ်ဆေးမှုတွေကို စတင် လုပ်ဆောင်ခဲ့ကြတယ်။
တခြား ငွေစုဘဏ်တွေရဲ့ မတည်ငြိမ်မှုတွေအကြောင်း ကောလာဟလတွေက အွန်လိုင်းပေါ်မှာ စတင် ပျံ့နှံ့လာခဲ့တာကြောင့် အခြေအနေ ကောင်းမွန်တဲ့ ဘဏ်တွေမှာပါ Bank Run ဖြစ်မယ့် လက္ခဏာတွေ ပြသလာခဲ့တယ်။
လူတွေက သက်တမ်းစေ့ဖို့ တစ်လ ဒါမှမဟုတ် နှစ်လပဲ လိုတော့တဲ့ အပ်နှံငွေတွေကိုတောင် ပြန်ထုတ်ဖို့ ဝေခွဲမရ ဖြစ်နေခဲ့ကြတာလေ။
လူတွေက သူတို့ရဲ့ ပိုက်ဆံတွေကို ဝမ် သန်း ၅၀ အောက်စီ ခွဲပြီး ဘဏ်အသီးသီးမှာ သွားအပ်ကြတာ ဒါမှမဟုတ် ပိုက်ဆံတွေကို အကုန် ထုတ်ယူတာမျိုး လုပ်လာကြတယ်။ ငွေသား ထုတ်ယူလိုသူတွေ များပြားလာတာကြောင့် ဘဏ်ခွဲတွေမှာ ငွေသား ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။
လူတွေက ဘဏ်မှာ ပိုက်ဆံထားမယ့်အစား အိမ်မှာပဲ သိမ်းထားဖို့ ရွေးချယ်လာကြတာကြောင့် Home Shopping လိုင်းတွေမှာ မီးခံသေတ္တာတွေ အလုအယက် ရောင်းချခဲ့ရတယ်။
ငွေကြေးစျေးကွက်က အလွန်အမင်း တင်းကြပ်သွားခဲ့ပြီး ဘဏ်အချင်းချင်း ချေးငွေအတိုးနှုန်း (LIBOR) တွေကလည်း မတည်မငြိမ် ဖြစ်လာခဲ့ရပါပြီ။
အပ်နှံငွေတွေ စီးထွက်သွားတာကြောင့် သီးသန့်ရန်ပုံငွေ အချိုးနဲ့ BIS အချိုးတွေက ထိုးကျသွားခဲ့တယ်။ ငွေစုဘဏ်တွေက စုပေါင်းပြီး ချေးငွေ အတိုးနှုန်းတွေကို မြှင့်တင်လိုက်ကြပြီး ချေးငွေအသစ်တွေကို လျှော့ချကာ ရှိပြီးသား ချေးငွေတွေကိုလည်း ပြန်လည် သိမ်းဆည်းဖို့ ကြိုးစားလာကြတယ်။
ဒီလို ဆုံးရှုံးမှုတွေရဲ့ သက်ရောက်မှုက သာမန် ပြည်သူတွေနဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအပေါ်ပဲ အဓိက ကျရောက်လာခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် ဘဏ္ဍာရေးအရ ရုန်းကန်နေရတဲ့သူတွေကပဲ အဆိုးရွားဆုံး ခံစားရတာပဲလေ။
ဘဏ္ဍာရေး မတည်ငြိမ်မှုက တကယ့် စီးပွားရေးလောကထဲကို ကူးစက်လာမယ့် လက္ခဏာတွေ ပြသလာတာကြောင့် ဘဏ်လုပ်ငန်း အကြပ်အတည်းတစ်ခု ဖြစ်လာမှာကို အားလုံးက စိုးရိမ်လာခဲ့ကြတယ်။
အစိုးရကတော့ တည်ငြိမ်ပါတယ်လို့ ပြည်သူတွေကို ဆက်ပြီး အာမခံနေပေမယ့် ပြည်သူတွေကတော့ အစိုးရနဲ့ ဘဏ်တွေကို လုံးဝ မယုံကြတော့ဘူး။
တစ်ခုထဲသော ကံကောင်းတဲ့အချက်ကတော့ တခြား ငွေစုဘဏ်တွေမှာ ဟိုဆောင်းငွေစုဘဏ်လိုမျိုး သမ္မတနဲ့ ပတ်သက်နေတဲ့ အထူးအခွင့်အရေးတွေ မရှိကြတာကြောင့် ကြွေးမြီဆိုး ပမာဏက အဲဒီလောက်အထိ မကြီးမားတာကြတာပါပဲ။
ပြည်သူတွေရဲ့ ကြောက်ရွံ့မှုကို လျှော့ချပေးနိုင်မယ့် နည်းလမ်းက တစ်ခုပဲ ရှိတော့တယ်။
တက်ဂယူက ကျွန်တော့် ပုခုံးပေါ် လက်တင်ပြီး ပြောလိုက်တယ်။
"သူငယ်ချင်း၊ ဒါက မင်းအပေါ်မှာပဲ မူတည်တော့မယ့် ပုံပဲ"
"……"
ဘာလို့ ကျွန်တော့်အပေါ်မှာလဲ။
ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကတော့ ဒီမုန်တိုင်းကို တောင့်ခံနိုင်လောက်အောင် ခိုင်မာကြပြီး၊ သိသိသာသာ ပျက်စီးနေတဲ့ ဘဏ်အနည်းငယ်ကလွဲရင် ကျန်တဲ့ ငွေစုဘဏ်တွေကလည်း တောင့်ခံနိုင်ကြဦးမှာပါ။ ဒါပေမဲ့ မရေမရာ ဖြစ်မှုတွေ ဆက်ရှိနေရင်တော့ အခြေအနေကောင်းတဲ့ အဖွဲ့အစည်းတွေပါ လိုက်ပြီး ပြိုလဲသွားနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော် စကားထွက်ပြောလိုက်တာက အခြေအနေကို ကောင်းမွန်စေနိုင်မယ်ဆိုရင်တော့ ကျွန်တော် ရှေ့ထွက်ဖို့ လိုအပ်တာပဲလေ။
ကျွန်တော်က OTK ကုမ္ပဏီ အဆောက်အဦးရဲ့ ဧည့်ခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့တယ်။ ပြည်တွင်း ပြည်ပ မီဒီယာတွေက ကင်မရာတွေ၊ မိုက်ခရိုဖုန်းတွေနဲ့အတူ အလုအယက် ရောက်လာခဲ့ကြတယ်။
"… အထက်မှာ ပြောခဲ့တဲ့ ဘဏ်အနည်းငယ်ကလွဲရင် ကျန်တဲ့ ငွေစုဘဏ်တွေကတော့ စိတ်ချရပါတယ်။ ထပ်ပြီး ပြောရရင် အရင်းနဲ့ အတိုးကို ဝမ် သန်း ၅၀ အထိ အပြည့်အဝ အာမခံပေးထားတာမလို့ အလွန်အမင်း စိုးရိမ်စရာ မလိုပါဘူး"
လူတွေရဲ့ လုပ်ရပ်က စကားလုံးတွေထက် ပိုပြီး ထိရောက်တာပဲလေ။
ကျွန်တော်က သတင်းထောက်တွေကို ငွေစုဘဏ် ၁၀ ခုမှာ တစ်ခုကို ဝမ် သန်း ၁၀၀ စီ သွားရောက် အပ်နှံထားတဲ့ ဘဏ်စာအုပ်တွေကို ထုတ်ပြလိုက်တယ်။
"ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့် ပိုက်ဆံတွေကို သွားအပ်ထားတာပါ"
ဒီအချိန်အထိ မီဒီယာတွေက ကျွန်တော်ပြောသမျှကို ငြင်းဆိုတာ ဒါမှမဟုတ် ပုံဖျက်တာတွေ လုပ်ခဲ့ကြပေမယ့် ဒီတစ်ကြိမ်မှာတော့ သူတို့က ကျွန်တော့်ရဲ့ စကားတွေကို တက်တက်ကြွကြွ ထောက်ခံပေးခဲ့ကြပြီး အပြုသဘောဆောင်တဲ့ ဆောင်းပါးတွေကို အပြည့်အဝ ထုတ်ဝေပေးခဲ့ကြတယ်။
– ပိုက်ဆံကိစ္စနဲ့ ပတ်သက်ရင် ကန်ဂျင်ဟူ ပြောတာကိုပဲ နားထောင်ကြစို့။
– ဟုတ်တယ်။ ဟုတ်တယ်။ ကန်ဂျင်ဟူက အဆင်ပြေတယ်လို့ ပြောရင် ပြေတာပဲ မဟုတ်လား။
– အစိုးရကိုတော့ မယုံနိုင်ပေမယ့် ကန်ဂျင်ဟူကိုတော့ ယုံကြည်ကြရအောင်။
– ငါလည်း ပိုက်ဆံတွေ သွားထုတ်မလို့ လုပ်နေတာ။ ကန်ဂျင်ဟူရဲ့ စကားကို ကြားပြီးမှပဲ မထုတ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
– ကန်ဂျင်ဟူက ဘယ်ငွေစုဘဏ်တွေမှာ ပိုက်ဆံသွားအပ်ထားတာလဲ။
ဒါကြောင့်မလို့ ပရမ်းပတာ ဖြစ်နေခဲ့တဲ့ ဘဏ္ဍာရေးစျေးကွက်က အတိုင်းအတာတစ်ခုအထိ ပြန်လည် တည်ငြိမ်သွားခဲ့ရပါပြီ။
ကျွန်တော့်ရဲ့ သြဇာလွှမ်းမိုးမှုက ဘယ်အချိန်ကစပြီး ဒီလောက်အထိ ကြီးမားသွားခဲ့ရတာလဲ။