အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂)
ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေကြောင့် လှုံ့ဆော်မှု ခံလိုက်ရပြီး ငွေကြေးစီမံခန့်ခွဲမှု ကော်မရှင် ဥက္ကဋ္ဌနဲ့ စီးပွားရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ်တို့ အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ အရာရှိတွေဟာ ငွေစုဘဏ်တွေဆီ သွားပြီး ငွေစာရင်းတွေဖွင့်ကာ ပိုက်ဆံတွေ သွားအပ်ကြတယ်။
ဒါပေမဲ့ သူတို့အပ်တဲ့ ပိုက်ဆံပမာဏက တစ်ယောက်ကို ဝမ် သန်း ၂၀စီပဲ ရှိတာကြောင့် လူတွေရဲ့ လှောင်ပြောင်မှုကိုပဲ ခံခဲ့ကြရတယ်။
– သူတို့တွေ နောက်နေကြတာလား။
– ဝမ် သန်း ၅၀ အောက်ဆိုရင်တော့ ငါလည်း သွားအပ်ရဲတာပေါ့။
– ဝမ် သန်း ၂၀ ဆိုတာ ဘဏ်က အလုပ်တွေ ရပ်ဆိုင်းလိုက်ရင်တောင် ချက်ချင်း ပြန်ထုတ်ပေးရမယ့် ပမာဏလေ။
– ဒီလို လှည့်ကွက်အသေးအဖွဲလေးတွေ လုပ်နေတာကို တော်ကြပါတော့။
– ကန်ဂျင်ဟူကတော့ ဝမ် သန်း ၁၀၀ တောင် သွားအပ်ထားတာ။
ငွေကြေးစီမံခန့်ခွဲမှု ကော်မရှင် ဥက္ကဋ္ဌ ကင်ဒုံဆော့ကတော့ သူတို့မှာ အဲဒီထက်ပိုပြီး အပ်ဖို့ ပိုက်ဆံအလုံအလောက် မရှိလို့ပါဆိုပြီး ဆင်ခြေပေးခဲ့တယ်။ 'အပ်နှံငွေတွေအစား အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို ဘာလို့ မဝယ်တာလဲ' ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာပေမယ့် သူတို့ကတော့ အပ်နှံငွေအဖြစ်ပဲ ဆက်ထားဖို့ ဇွတ်ငြင်းနေခဲ့ကြတယ်။
ဘာပဲဖြစ်ဖြစ် ဘယ်သူမဆို ကိုယ့်ပိုက်ဆံက ကိုယ့်အတွက်တော့ တန်ဖိုးရှိတာပဲလေ။
ဒါတွေက ဟန်ပြသက်သက် ဖြစ်နေခဲ့ပေမယ့်လည်း ဒီလှုပ်ရှားမှုကြောင့် ငွေစုဘဏ်တွေအပေါ် လူတွေရဲ့ မယုံကြည်မှုက လောလောဆယ်တော့ အတိုင်းအတာတစ်ခုအထိ ငြိမ်သက်သွားခဲ့တယ်။ ထိုးကျနေတဲ့ စတော့စျေးကွက်ကလည်း အနည်းငယ် ပြန်လည် ဦးမော့လာခဲ့တယ်။ ဘဏ်တွေနဲ့ ငွေစုဘဏ်တွေ အပါအဝင် ဘဏ္ဍာရေး အဖွဲ့အစည်းတွေကတော့ ဒီအခွင့်အရေးကို သုံးပြီး ကြွေးမြီဆိုးတွေကို ရှင်းလင်းပစ်ခဲ့ကြသလို စီမံခန့်ခွဲမှုတွေကိုလည်း စတင် မြှင့်တင်လာကြတယ်။ ဟိုဆောင်းငွေစုဘဏ်ရဲ့ ဖြစ်ရပ်ကြောင့် စည်းကမ်းမဲ့ တိုးချဲ့တာတွေကို ဆင်ခြင်ရမယ်ဆိုတဲ့ အသိမျိုး အားလုံးထဲမှာ သိသိသာသာ ပေါ်ပေါက်လာခဲ့တယ်။
ဒါပေမဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်လိုက်ရပြီးသား ပြည်သူတွေရဲ့ နာကျင်မှုကတော့ ဆက်ပြီး ရှိနေတုန်းပဲ။
ဟိုဆောင်းငွေစုဘဏ် တစ်ခုထဲမှာတင် စာရင်းဇယား လိမ်လည်မှု ပမာဏက ဝမ် သိန်းပေါင်း ၃.၆ ကုဋေအထိ ရှိနေခဲ့တာပါ။ အဲဒီထဲက ဝမ် သိန်းပေါင်း ၂ ကုဋေကတော့ အပ်နှံငွေ အာမခံကော်ပိုရေးရှင်းရဲ့ အာမခံချက်အောက်မှာ ရှိနေပေမယ့် ကျန်တဲ့ ပမာဏကတော့ ဘာအာမခံချက်မှ မရှိပါဘူး။
ဝမ် သန်း ၅၀ ထက်ပိုပြီး အပ်နှံထားတဲ့သူတွေနဲ့ အဆင့်နိမ့် ငွေတိုက်စာချုပ်တွေမှာ ရင်းနှီးမြှုပ်နှံထားခဲ့ကြတဲ့သူတွေကတော့ ဝမ် သိန်းပေါင်း ၁.၅ ကုဋေအထိ ရှိတဲ့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်လိုက်ကြရတယ်။
ဒုက္ခရောက်သွားတဲ့ ပြည်သူတွေက ဆိုးလ်မြို့ကို စုပြုံရောက်ရှိလာကြပြီး ဂွမ်ဟွာမွန်း ရင်ပြင်နဲ့ အမျိုးသားလွှတ်တော် ရှေ့တွေမှာ နေ့တိုင်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတယ်။
သတင်းမီဒီယာတွေကတော့ သူတို့ရဲ့ တာဝန်ပျက်ကွက်မှုကို ရှောင်လွှဲဖို့အတွက် ငွေစုဘဏ် အကြပ်အတည်းရဲ့ အပြစ်တွေကို စီမံခန့်ခွဲသူတွေနဲ့ ကြီးကြပ်ရေး အဖွဲ့အစည်းတွေအပေါ်ပဲ ပုံချနေကြပြီး ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးဖို့ နေ့တိုင်း တိုက်တွန်းနေကြတယ်။
အစိုးရရှေ့နေတွေလည်း ဝေဖန်မှုတွေကနေ မလွတ်ကင်းခဲ့ပါဘူး။ သူတို့က တရားမဝင်မှုတွေနဲ့ ခြစားမှုတွေကို ထောက်ပြခဲ့တဲ့သူတွေကိုပဲ ပစ်မှတ်ထားခဲ့ကြပြီး တကယ့် အမှားလုပ်ခဲ့တဲ့ ရင်းမြစ်တွေကိုကျတော့ လျစ်လျူရှုထားခဲ့ကြတာလေ။
ရလဒ်အနေနဲ့ သူတို့က ပတ်သက်နေသူတွေကို သေချာ စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေညာခဲ့ပေမယ့် ထုံးစံအတိုင်း တာဝန်ရှိတဲ့ အာဏာရှိသူတွေကတော့ လွတ်မြောက်သွားခဲ့ကြပြီး ပိုက်ဆံမရှိတဲ့ သာမန်ဝန်ထမ်းတွေပဲ ရှေ့နေအကောင်းစားတွေ မငှားနိုင်ဘဲ အဖမ်းခံခဲ့ကြရတယ်။
ငွေကြေးကြီးကြပ်ရေးအဖွဲ့၊ စာရင်းစစ်ဦးစီးဌာနနဲ့ အပ်နှံငွေ အာမခံကော်ပိုရေးရှင်းရဲ့ အကြီးအကဲတွေ အားလုံးက စုံစမ်းစစ်ဆေးခံရမယ့်အထဲ ပါဝင်နေခဲ့ကြတယ်။ သူတို့အားလုံးက သမ္မတနဲ့ နီးစပ်တဲ့သူတွေ ဖြစ်နေခဲ့ကြတာပါ။
ပြည်သူတွေက သမ္မတရဲ့ တရားဝင် ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။
သူ့ရဲ့ ဆွေမျိုးတွေနဲ့ ရင်းနှီးတဲ့ လက်ထောက်တွေ အများအပြား ပါဝင်ပတ်သက်နေတဲ့ ဒီအခြေအနေအပေါ် သမ္မတက ဘာပြောမလဲဆိုတာကိုပေါ့။
အစိုးရအဖွဲ့ အစည်းအဝေးမှာ ပေါ်လာတဲ့ ပတ်ဆီဟျွန်းက ပတ်သက်နေသူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။
"ဘဏ္ဍာရေး တည်ငြိမ်မှုကို သေချာအောင် လုပ်ဆောင်ရင်းနဲ့ ဒီလို ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပွားစေဖို့အတွက် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပတ်သက်နေသူ အားလုံးကို ပြတ်ပြတ်သားသား အရေးယူရပါမယ်။ အမျိုးသားလွှတ်တော် အနေနဲ့လည်း နိုင်ငံရေး အငြင်းပွားမှုတွေကို ရပ်တန့်ပြီး ဒုက္ခရောက်ရတဲ့ ပြည်သူတွေအတွက် အမြန်ဆုံး အဖြေရှာပေးဖို့ တိုက်တွန်းချင်ပါတယ်"
သူက ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ယူရမယ့်အစား ပြင်ပလူတစ်ယောက်လို လေသံမျိုးနဲ့ အပြစ်တွေကို လွှဲချခဲ့ပြီး အမျိုးသားလွှတ်တော်ဆီ တာဝန်ပုံချလိုက်တာပါ။
ပြည်သူတွေရဲ့ တုံ့ပြန်မှုကတော့ မယုံနိုင်စရာ ဖြစ်နေခဲ့တယ်။
– ဒါက ဘာတွေလျှောက်ပြောနေတာလဲ။
– သူကိုယ်တိုင်မှာ တာဝန်ရှိတာကို ဘယ်သူ့ကို သွားပြီး တာဝန်ယူခိုင်းနေတာလဲ။
– သမ္မတရဲ့ ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှုကို ကြည့်ပြီး ငါ တကယ် အံ့ဩမိတယ်။
– ဟားဟား။ သူက တခြား ကမ္ဘာတစ်ခုကနေ စကားပြောနေသလိုပဲနော်။
– ဒါက ကိုယ်နဲ့မဆိုင်သလို ပြောနေတဲ့ လှည့်ကွက်လား။
ဒေါသထွက်နေတဲ့ အတိုက်အခံတွေက ဒီအကြပ်အတည်းရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ကြပေမယ့် အာဏာရပါတီကတော့ ဒါကို နိုင်ငံရေးအရ တိုက်ခိုက်မှုသက်သက်ပဲဆိုပြီး ချက်ချင်း ပယ်ချခဲ့တယ်။
ပတ်ဆီဟျွန်းနဲ့ ကိုရီးယားပါတီမှာတော့ သူတို့ကို ဘာအကြောင်းပြချက်မှမရှိဘဲ အကြွင်းမဲ့ အားပေးနေတဲ့ ခိုင်မာတဲ့ ထောက်ခံသူအင်အား ရှိနေသေးတာပါ။ ဒါကြောင့်မလို့လည်း အရင်တုန်းက ဖြစ်ခဲ့တဲ့ နာမည်ပျက် အရှုပ်ထုပ် အများအပြားကို သူတို့တွေ လျစ်လျူရှုနိုင်ခဲ့ကြတာပေါ့။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အခြေအနေက သိသိသာသာ ကွဲပြားနေခဲ့တယ်။
၅၂ ရာခိုင်နှုန်းအထိ ရှိခဲ့တဲ့ သမ္မတရဲ့ ထောက်ခံမှုနှုန်းက ချက်ချင်းဆိုသလို ၂၇ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး ဒါက သမ္မတသက်တမ်းတစ်လျှောက် အနိမ့်ဆုံးအမှတ် ဖြစ်သွားခဲ့တယ်။
ကိုရီးယားပါတီရဲ့ ထောက်ခံမှုနှုန်းကလည်း ဆိုးဆိုးရွားရွားကြီး ထိုးကျသွားခဲ့တယ်။
ကျွန်တော့်ဆီကို စီအီးအို လင်ဂျင်ယုံဆီကနေ ဖုန်းဝင်လာခဲ့တယ်။
"မင်း တကယ်ပဲ အကွက်စေ့စေ့နဲ့ မှန်အောင် ကစားနိုင်ခဲ့တာပဲ"
"ကံကောင်းသွားတာလို့ပဲ သတ်မှတ်လိုက်ရအောင်ပါ"
"ဒီရလဒ်ကြောင့် အစိုးရက လုပ်ဆောင်နေတဲ့ ဟိုက်ဒရိုဂျင်ကား ထောက်ပံ့ရေး အစီအစဉ်က လုံးဝ ရပ်တန့်သွားခဲ့ပြီ။ ဒါကလည်း မင်းရဲ့ အစီအစဉ်ထဲက အစိတ်အပိုင်းတစ်ခုပဲလား"
"……"
ဒီကိစ္စက ကျွန်တော် ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ တစ်ခုခု ဖြစ်သွားခဲ့လို့လား။
"ဟုတ်ကဲ့။ အင်း... အဲဒီလိုမျိုးလည်း ယူဆရင်တော့ ယူဆလို့ရပါတယ်"
လောလောဆယ်မှာ သူတို့က ငွေစုဘဏ် ပြဿနာကို ဖြေရှင်းဖို့ ပိုက်ဆံတွေ အများကြီး သုံးရတော့မှာဆိုတော့ ဟိုက်ဒရိုဂျင်ကားတွေကို ကူညီပေးဖို့ အင်အား ရှိတော့မှာ မဟုတ်ဘူးလေ။
"မကြာခင် ငါတို့တွေ အတူတူ တစ်ခုခုစားကြတာပေါ့ "
"ဟုတ်ကဲ့။ ကောင်းသောနေ့လေး ဖြစ်ပါစေ"
ဖုန်းချပြီး မကြာခင်မှာပဲ ရှင်ယူရီဆီကနေ ဖုန်းထပ်ဝင်လာတယ်။
"စီနီယာ၊ ဒီရက်ပိုင်း သတင်းတွေထဲမှာ ခဏခဏ ပါနေတယ်နော်။ လူကြိုက်များနေတာကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
ရှင်ယူရီရဲ့ တက်ကြွတဲ့ လေသံလေးကတော့ အရင်အတိုင်းပဲ။
"နေကောင်းရဲ့လား"
"စာတွေ သေချာ ကြိုးစားသင်ယူနေပါတယ်။ OTK ကုမ္ပဏီကို ဝင်နိုင်ဖို့အတွက် အမှတ်တွေ ကောင်းနေအောင် လုပ်ထားရမယ် မဟုတ်လား"
"……"
ရှင်ယူရီက တကယ်ပဲ လျှောက်ဖို့ စဉ်းစားနေတာလား။
"စီနီယာ့ကြောင့် ကျောင်းမှာလည်း ပြန်ပြီး ဆူညံနေပြန်ပြီ။ စီနီယာ့နာမည် ထွက်လာတိုင်း ပထမနှစ် ကျောင်းသားတွေက ပုခုံးတွေ ပင့်ပြီး ဂုဏ်ယူနေကြတာ သိလား"
ကျွန်တော် မရယ်ဘဲ မနေနိုင်ခဲ့ဘူး။
"တကယ်ကြီးလား..."
"တကယ်ပေါ့။ ကျွန်မက ဘာလို့ လိမ်ရမှာလဲ။ ကျွန်မအဖေနဲ့ ဦးလေး ရူချောဂယွန်တို့ကတောင် စီနီယာ့ကို ချီးကျူးနေကြတာ"
နာမည်ကြီး ဘဏ္ဍာရေး ပညာရှင်တွေက ကျွန်တော့်ကို ချီးကျူးတယ်လို့ ကြားရတာက နည်းနည်းတော့ ရှက်ဖို့ကောင်းသား။
"အာ… အတန်းစတော့မယ်။ နောက်မှ ပြန်ဆက်လိုက်မယ်နော်။ စီနီယာ"
"အိုကေ"
ဖုန်းချပြီးတဲ့နောက် ကျွန်တော် သတင်းတွေကို ဖွင့်ကြည့်လိုက်တယ်။
တစ်ပတ် ကြာသွားခဲ့ပေမယ့် ဆန္ဒပြမှုတွေကတော့ ဆက်ရှိနေတုန်းပဲ။ ဒုက္ခရောက်နေတဲ့သူတွေမှာ သူတို့ပိုက်ဆံတွေကို ပြန်ရနိုင်မယ့် တိကျတဲ့ လမ်းကြောင်း မရှိကြသေးပါဘူး။
စိတ်နှလုံး ထိခိုက်စရာ ဇာတ်လမ်းတွေ အများကြီး ရှိနေခဲ့တာပါ။
မီဒီယာတွေက တိတ်တဆိတ် ဖုံးကွယ်ထားပုံရပေမယ့် လူပေါင်း ၁၀ ယောက်ကျော်လောက် သေဆုံးသွားခဲ့ကြပါပြီ။ ဒုက္ခရောက်ရသူ အများစုက အသက်ကြီးပိုင်းတွေ ဖြစ်ကြပြီး တချို့က လေဖြတ်တာ ဒါမှမဟုတ် နှလုံးရပ်တာတွေကြောင့် သေဆုံးခဲ့ကြသလို ကိုယ့်ကိုကိုယ် သတ်သေသွားကြတဲ့ အရေအတွက်က ပိုပြီး များပြားနေခဲ့တယ်။
တချို့အတွက် ငွေပမာဏအနည်းငယ်က တခြားသူတွေအတွက်တော့ သူတို့ရဲ့ ဘဝတစ်ခုလုံး ဖြစ်နေနိုင်တာလေ။ ပိုက်ဆံတွေ ပျောက်ဆုံးသွားတဲ့ အချိန်မှာပဲ သူတို့ရဲ့ ရှင်သန်လိုတဲ့ မျှော်လင့်ချက်တွေပါ အတူတူ ပျောက်ကွယ်သွားခဲ့ရတာများလား။
ငွေစုဘဏ် တချို့ကတော့ သူတို့ရဲ့ ကြွေးမြီဆိုးတွေကို ရှင်းလင်းနေကြပြီး ဝယ်ယူမယ့်သူတွေကို ရှာဖွေနေကြတယ်။
တက်ဂယူက ပြောလာတယ်။
"ဒီအခွင့်အရေးကို သုံးပြီး ငါတို့တွေ ငွေစုဘဏ်တစ်ခုခုကို ဝယ်လိုက်ရင် ဘယ်လိုလဲ"
"ဝယ်ပြီးရင် ငါတို့ ဘာလုပ်မှာလဲ"
ငွေစုဘဏ်က ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခု ဖြစ်တာကြောင့် ပိုက်ဆံရှိရုံနဲ့တင် အောင်မြင်အောင် ဝယ်ယူနိုင်ဖို့ အာမခံချက် မရှိပါဘူး။ ပျက်စီးသွားတဲ့ ဘဏ်တွေကလွဲရင် အဆုံးသတ်မှာတော့ လက်ရှိ ရှိနေတဲ့ ဘဏ်တချို့ကပဲ ဝင်ရောက် လွှဲပြောင်းယူကြပါလိမ့်မယ်။
ကျွန်တော် တက်ဂယူနဲ့အတူ Golden Gate ရုံးခွဲဆီကို ဦးတည် ထွက်ခွာခဲ့တယ်။
" ကျွန်တော် စီးကရက် ယူလာတယ်။ မမ"
" ကျွန်တော်ကတော့ ကော်ဖီ ဝယ်လာတယ်"
"ဝင်ခဲ့ကြလေ"
အစ်မအိုဟျွန်းဂျူးက အလုပ်တွေကို ခဏရပ်ပြီး ခုံကနေ ထလာတယ်။ တက်ဂယူက စီးကရက်ဘူးကို ဖောက်ပြီး အစ်မ အိုဟျွန်းဂျူးဆီ ကမ်းပေးလိုက်တယ်။
အစ်မ အိုဟျွန်းဂျူးက စီးကရက်ကို ပါးစပ်မှာ ခဲထားရင်း ကော်ဖီခွက်ကို လက်ထဲမှာ ကိုင်ထားလိုက်တယ်။
" ကြွေးမြီဆိုးတွေ ရှိနေတာကို နင်ဘယ်လို သိလိုက်တာလဲ"
ကျွန်တော် ပါးကို ကုတ်ရင်း ပြောလိုက်တယ်။
"ပင်ကိုသိစိတ်အရ သိလိုက်တာပါ။ သူတို့က အရှိန်အဟုန်နဲ့ တိုးတက်လာပေမယ့် ဘဏ္ဍာရေး အခြေအနေက သိပ်ပြီး ကောင်းမွန်လွန်းနေသလိုပဲလေ။ အမှန်အတိုင်း ပြောရရင် အစောပိုင်းကတည်းက ကြွေးမြီဆိုးတွေအကြောင်း ထောက်ပြတာကို မခံရရင် ကျွန်တော်လည်း သတိထားမိမှာ မဟုတ်ဘူး။ ဒါကြောင့် နည်းနည်း စမ်းပြီး ထောက်လိုက်တာ"
ဒါက တစ်ဝက်က အမှန်ဖြစ်ပြီး တစ်ဝက်ကတော့ လိမ်လိုက်တာပါ။
အစ်မ အိုဟျွန်းဂျူးက သံသယ သိပ်မရှိဘဲ ခေါင်းညိတ်ပြတယ်။
"ကြွေးမြီဆိုး အနည်းငယ် ရှိနေတာကိုတော့ အားလုံး သိကြတာပဲ။ ဒါပေမဲ့ ဒီလောက်အထိ ဖြစ်နေလိမ့်မယ်လို့တော့ ငါ မထင်ထားခဲ့ဘူး။ နင် တကယ့်ကို အကွက်မြင်မြင်နဲ့ ဖမ်းမိသွားတာပဲ"
တက်ဂယူကတော့ ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံနဲ့ မေးတယ်။
"ဒါပေမဲ့ သူတို့က ဘာလို့ နောက်ဆုံးအချိန်အထိ ပျက်စီးတော့မယ်ဆိုတာကို သတိမထားမိကြတာလဲ"
"အဲဒါကို 'အရမ်းကြီးလွန်းလို့ မလဲနိုင်ဘူး' လို့ ခေါ်တာပေါ့"
နေ့စဉ်ဘဝမှာ အသုံးများတဲ့ စစ်တုရင် ဝေါဟာရတွေ အများကြီး ရှိပါတယ်။ အခြေခံကျတာတွေ၊ စွန့်စားရတဲ့ လှုပ်ရှားမှုတွေနဲ့ နောက်ဆုံးအချိန် အစရှိသဖြင့်ပေါ့။ 'ကြီးမားတဲ့ အဖွဲ့အစည်းက အလွယ်တကူ မပြိုလဲဘူး' ဆိုတာကလည်း အဲဒီထဲက တစ်ခုပဲ။
စီးပွားရေးမှာတော့ ပိုပြီး ကြီးမားတဲ့ အဖွဲ့အစည်းတွေက အလွယ်တကူ မပျက်စီးနိုင်ဘူးလို့ အထင်ရှိကြပါတယ်။
ဟိုဆောင်းငွေစုဘဏ်က ထိပ်ဆုံးမှာ ရှိနေတဲ့ IBS ငွေစုဘဏ်ရဲ့ နောက်မှာ ထူးထူးခြားခြား ကြီးမားတဲ့ အနေအထားနဲ့ ရှိနေခဲ့တာလေ။
ဒါကြောင့် တခြား ငွေစုဘဏ်တွေနဲ့ မတူဘဲ ဒုတိယအကြီးဆုံး ဖြစ်တဲ့ ဟိုဆောင်းငွေစုဘဏ်က ကြွေးမြီဆိုးတွေကြောင့် ပြိုလဲသွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြတာပေါ့။
တက်ဂယူက အမှတ်မထင် ပြောလိုက်တယ်။
"အဆင့်နိမ့် ငွေတိုက်စာချုပ်တွေကို ရောင်းခဲ့တဲ့ အမျိုးသမီး ဝန်ထမ်းတစ်ယောက်က ဒုက္ခရောက်ရသူတွေကို တောင်းပန်တဲ့ စာတစ်စောင် ချန်ထားခဲ့ပြီး ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်"
အစ်မ အိုဟျွန်းဂျူးက သိတယ်ဆိုတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
"သူက အဲ့ငွေတိုက်စာချုပ်ကိစ္စကို သူ့ရဲ့ တာဝန်လို့ ထင်သွားပုံရတယ်"
ဒါကို ကြားရတာ ကျွန်တော့်ရင်ထဲမှာ မကောင်းဘူး။ တကယ့် အမှားလုပ်ခဲ့တဲ့သူတွေကတော့ ကောင်းကောင်းမွန်မွန် ရှင်သန်နေကြတုန်းပဲလေ။
"အမှုဆောင်တွေကကော ဘာဖြစ်သွားမလဲ"
"အများဆုံး နှစ်အနည်းငယ်လောက်ပဲ နေရမှာပါ။ ကံကောင်းရင် ဆိုင်းငံ့ပြစ်ဒဏ်ပဲ ရလိမ့်မယ်။ နင်သိတဲ့အတိုင်းပဲ၊ ဒီနိုင်ငံက ဘဏ္ဍာရေး ရာဇဝတ်မှုတွေအပေါ် တော်တော်လေး ညှာတာတယ်လေ"
ဘဏ္ဍာရေး ရာဇဝတ်ကောင်တွေရဲ့ ထူးခြားချက်တစ်ခုက သူတို့မှာ ပိုက်ဆံတွေ အများကြီး ရှိတာပါပဲ။ ကိုရီးယားမှာ အကြီးဆုံး ဥပဒေအကျိုးဆောင် ကုမ္ပဏီဖြစ်တဲ့ Jeong & Kim က ဥက္ကဋ္ဌ မင်ဂျောင်ဂျူးရဲ့ အမှုကို လွှဲပြောင်းယူထားခဲ့ပါပြီ။ သူတို့က အရာရှိဟောင်းတွေနဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကြပါလိမ့်မယ်။
တစ်ဖက်မှာတော့ အားလုံး ဆုံးရှုံးသွားခဲ့ရတဲ့ ပြည်သူတွေမှာတော့ တုံ့ပြန်နိုင်မယ့် နည်းလမ်း လုံးဝ မရှိကြပါဘူး။
အစ်မ အိုဟျွန်းဂျူးက စီးကရက်ကို မီးသတ်လိုက်ရင်း ပြောတယ်။
"တစ်ဖက်ကလှည့်ပြီးစဉ်းစားမယ်ဆိုရင်တော့ ဒါက စိတ်သက်သာရာ ရစရာလို့ ပြောလို့ရတယ်။ တကယ်လို့ ဒါကို အခုအစိုးရသက်တမ်းတစ်လျှောက်လုံး ရွှေ့ဆိုင်းထားခဲ့ပြီး နောက်အစိုးရ လက်ထက်ကျမှ ပေါက်ကွဲခဲ့ရင် ဒီလိုမျိုး ပြီးဆုံးသွားမှာ မဟုတ်ဘူး"
ကျွန်တော် စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
"ငွေကြေးကြီးကြပ်ရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုက ဘာဖြစ်သွားလဲ"
"ပျက်ပြယ်သွားပြီလေ။ အကြီးအကဲကိုယ်တိုင် အစိုးရရှေ့နေတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ရတော့မှာဆိုတော့ သူတို့မှာ စုံစမ်းစစ်ဆေးဖို့ စိတ်အခြေအနေ ရှိမယ် ထင်လို့လား။ သူတို့ တော်တော်ကြာအောင် အချိန်ဖြုန်းနိုင်မှာ မဟုတ်တော့ဘူး"
"ဒါကတော့ တော်သေးတာပေါ့"
ကြီးကြပ်ရေး အဖွဲ့အစည်းတွေက အစိုးရအဖွဲ့အပေါ် လိုက်နာလွန်းခဲ့တာကြောင့် သူတို့ရဲ့ တာဝန်တွေကို သေချာ မလုပ်ဆောင်နိုင်ခဲ့ကြဘူး။ အခုအချိန်မှာတော့ အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ။
"ကိုရီးယားပါတီလည်း အတွင်းပိုင်း အငြင်းပွားမှုတွေနဲ့ ရင်ဆိုင်ရတော့မှာမလို့ အရင်လို ဖြစ်နေမှာ မဟုတ်တော့ဘူး"
ကိုရီးယားပါတီက တစ်ခုထဲအဖြစ် လူအများအမြင်မှာ ပေါ်နေပေမယ့် အတွင်းပိုင်းမှာတော့ အုပ်စုအမျိုးမျိုး ကွဲပြားနေခဲ့ကြတာပါ။ အာဏာမရှိတဲ့သူတွေက ပိုပြီး များနေရင်တောင် အဓိက အုပ်စုက ပါတီရဲ့ ဦးဆောင်မှုနဲ့ အမည်စာရင်း တင်သွင်းပိုင်ခွင့်ကို ရယူထားတာပါ။ အာဏာအသိုင်းအဝိုင်းကနေ ဖယ်ထုတ်ခံထားရတဲ့ သူတွေမှာတော့ သြဇာလွှမ်းမိုးမှု မရှိကြဘူး။
ကိုရီးယားပါတီရဲ့ အဓိက အုပ်စုကတော့ သေချာပေါက် ပတ်ဆီဟျွန်းဘက်တော်သားတွေ ဖြစ်ကြတာပေါ့။ ဒါကြောင့်လည်း သူတို့က အစိုးရအဖွဲ့နဲ့ နီးနီးကပ်ကပ် ဆက်သွယ်နိုင်ခဲ့ကြပြီး နိုင်ငံတော် စီမံကိန်းတွေကို ဦးဆောင်နိုင်ခဲ့ကြတာလေ။
ဒါပေမဲ့ သမ္မတနဲ့ ပါတီရဲ့ ထောက်ခံမှုနှုန်းက ထိုးကျသွားခဲ့တာကြောင့် ပါတီရဲ့ အာဏာကလည်း စတင် လှုပ်ခတ်လာခဲ့ရပြီ။
အဓိက အုပ်စုက လွှတ်တော်အမတ်တွေဟာ ဟိုဆောင်းငွေစုဘဏ်နဲ့ အကြီးအကျယ် ပတ်သက်နေခဲ့ကြသလို ပါတီခေါင်းဆောင်ကလည်း တရားမဝင် ငွေထုတ်ယူမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ကျန်တဲ့ အုပ်စုက လွှတ်တော်အမတ်တွေက စုပေါင်းပြီး ပါတီခေါင်းဆောင်နဲ့ အမတ်ချုပ်ကို ရာထူးကနေ နှုတ်ထွက်ဖို့ တောင်းဆိုလာကြပေမယ့် အဓိက အုပ်စုကတော့ သူတို့ရဲ့ အာဏာကို ကာကွယ်ဖို့အတွက် ပူးပေါင်းပြီး ခုခံနေကြတယ်။
အစ်မ အိုဟျွန်းဂျူးက ပြုံးလိုက်တယ်။
"ဒီဖြစ်ရပ်က သမ္မတရဲ့ အာဏာယုတ်လျော့မှုရဲ့ အစပြုခြင်းပဲ"
ကျွန်တော် အမှတ်မထင် မေးလိုက်တယ်။
"အယ်လီ အလုပ်လုပ်နေတုန်းပဲလား"
အလုပ်တွေ ရှုပ်နေခဲ့တာကြောင့် အယ်လီနဲ့ မတွေ့ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ ပြန်တွေးကြည့်ရင် နောက်ဆုံးတွေ့ခဲ့တာက ရှင်ယူရီနဲ့ နေ့လယ်စာ စားတုန်းကပဲ။
ပြန်ဖြေတာကို မကြားရခင်မှာတင် လူနှစ်ယောက် ဝင်လာခဲ့တယ်။
"ငါ ကော်ဖီ ဝယ်လာတယ်။ ဂျက်စီကာ"
ပြောလိုက်တဲ့သူက တခြားသူ မဟုတ်ဘဲ ဟင်နရီနဲ့အတူ ရှိနေတဲ့ အယ်လီပါ။
တက်ဂယူက ကျွန်တော့်ကို တိတ်တဆိတ် မေးတယ်။
"ဟင်နရီက အလုပ်မရှိဘဲနဲ့ ဘာလို့ ဒီကို ရောက်နေတာလဲ"
"……"
ဟုတ်သားပဲ။ သူက ဘာလို့ ဒီမှာ ရှိနေတာလဲ။
ဟင်နရီက OTK ကုမ္ပဏီနဲ့ ပတ်သက်နေပေမယ့်လည်း Golden Gate အဆောက်အဦးထဲကို ခဏခဏ ဝင်ထွက်နေခဲ့တာပါ။ အကြောင်းပြချက်ကိုတော့ ကျွန်တော် ခန့်မှန်းလို့ရပါတယ်။
အယ်လီကြောင့်ပဲ ဖြစ်ရမယ်။
အရင်ကတည်းက မြင်ခဲ့မိတဲ့ အထောက်အထားတွေ အားလုံးအရ ဟင်နရီက အယ်လီအပေါ် စိတ်ဝင်စားမှု ရှိနေတာကို သံသယဖြစ်ဖို့ ခက်ပါတယ်။
အယ်လီက ကျွန်တော့်ကို မြင်တော့ တောက်ပစွာ ပြုံးပြတယ်။
"အာ…. ဂျင်ဟူလည်း ဒီမှာ ရှိနေတာပဲ"
ရွှေရောင်ဆံပင်နဲ့ ခန့်ညားတဲ့ လူငယ်လေးနဲ့ အညိုရောင် ဆံပင်တိုလေးနဲ့ လှပတဲ့ အမျိုးသမီးတို့ ဘေးချင်းယှဉ် ထိုင်နေကြတာက နိုင်ငံခြား မော်ဒယ်တွေလိုမျိုး ပုံစံ ပေါက်နေခဲ့တာပါ။
သူတို့နှစ်ယောက် ဘေးချင်းယှဉ် ထိုင်နေတာကို ကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရတယ်။
ဟင်နရီက သဘောကျနေတာကို အယ်လီ သိရဲ့လား။
ကျွန်တော် အဲဒါကို စဉ်းစားနေတုန်းမှာပဲ အယ်လီက ရုတ်တရက် ချောင်းတွေ အကြီးအကျယ် ဆိုးလာခဲ့တယ်။
"အဟွတ်။ အဟွတ်"
အစ်မ အိုဟျွန်းဂျူးက ပြောတယ်။
"နေလို့မကောင်းရင်လည်း နားလိုက်ပါဦး"
"ငါ အဆင်ပြေပါတယ်"
အယ်လီရဲ့ စကားကြောင့် ကျွန်တော် အံ့ဩသွားမိတယ်။
"နေလို့မကောင်းဘူးလား"
အယ်လီက တောက်ပစွာ ပြုံးပြတယ်။
" ချောင်း နည်းနည်း ဆိုးနေတာပါ"
အခုမှ သေချာ ကြည့်မိတော့...
အယ်လီ့မျက်နှာက ပုံမှန်ထက် ပိုပြီး နီမြန်းနေခဲ့သလို ချွေးအနည်းငယ်လည်း ထွက်နေခဲ့တာပဲ။
အစ်မ အိုဟျွန်းဂျူးက လက်လှမ်းပြီး အယ်လီ့နဖူးကို စမ်းကြည့်လိုက်တယ်။
"အဖျားငွေ့ငွေ့ရှိနေတာပဲ။ အခုချက်ချင်း အိမ်ပြန်ပြီး ဆေးရုံသွားလိုက်တော့"
"ငါ တကယ် အဆင်ပြေပါတယ်ဆို"
"တကယ်လို့ ဒီမှာ ရှိတဲ့သူတွေ အားလုံးကို နင့်ဆီက တုပ်ကွေး ကူးသွားရင် နင် တာဝန်ယူမှာလား"
"အဲ..."
အစ်မ အိုဟျွန်းဂျူးက ဟင်နရီကို ကြည့်ပြီး ပြောလိုက်တယ်။
"အယ်လီ့ကို အိမ်အထိ လိုက်ပို့ပေးလိုက်ပါဦး"
"နားလည်ပါပြီ"
ဟင်နရီက အရင်ဆုံး ထရပ်လိုက်တာကြောင့် အယ်လီလည်း မတတ်နိုင်ဘဲ လိုက်ထခဲ့ရတယ်။
အယ်လီက နှာခေါင်းကို သုတ်ရင်း ပြောတယ်။
"ငါ အရင် သွားနှင့်မယ်နော်။ နောက်မှ ပြန်တွေ့ကြတာပေါ့"
သူတို့နှစ်ယောက် ဒါရိုက်တာရုံးခန်းထဲကနေ ထွက်သွားခဲ့ကြတယ်။
"ကျွန်တော်တို့လည်း သွားတော့မယ်။ မမ"
"ဂရုစိုက်သွားကြဦး"
ကျွန်တော် တက်ဂယူနဲ့အတူ နေရာကနေ ထလိုက်တယ်။
ဓာတ်လှေကားနဲ့ ဆင်းနေတဲ့ အချိန်မှာ တက်ဂယူက ပြောလာတယ်။
"ငါ ဘာကို သတိထားမိလဲ သိလား"
"ဘာလဲ"
"မင်းက နတ်မျက်စိနဲ့ မြင်ရတဲ့ အရာတွေအပေါ်မှာတော့ ချက်ချင်း လှုပ်ရှားတတ်ပြီးတော့ တခြား ကိစ္စတွေကျရင်တော့ ဘာလို့ အဲဒီလောက်အထိ တုံ့ဆိုင်းပြီး ဝေခွဲမရ ဖြစ်နေတာလဲ"
"……"
ငါက အဲဒီလို ဖြစ်နေလို့လား။
တက်ဂယူက လက်ဖျောက်တီးရင်း ပြောတယ်။
"အချစ်ရေးဆိုတာ နတ်မျက်စိကို အားကိုးရတာမျိုး မဟုတ်ဘူး။ အဲဒီအချိန်မှာ ခံစားရတဲ့ အရာအပေါ် မူတည်ပြီး ရွေးချယ်ရတာလေ။ မင်းက အဲဒီလူ့ကို သဘောကျနေရင်တောင် ရွေးချယ်မှု မှားသွားရင် အရာအားလုံးက ချက်ချင်း ပျက်စီးသွားနိုင်တယ်"
"မင်းက အချစ် simulator ဂိမ်းအကြောင်း ပြောနေတာလား"
"မဟုတ်ဘူး၊ မင်းအကြောင်းကို ပြောနေတာ"
"...ဟင်"
တက်ဂယူက စိတ်ပျက်လက်ပျက် လေသံနဲ့ အော်ပြောလိုက်တယ်။
" မင်းသွားပြီးလှုတ်ရှားလိုက်ပါတော့ကွာ။ သူငယ်ချင်း"
ကျွန်တော် မြေအောက် ကားပါကင်ဆီကို ဆင်းလာခဲ့တယ်။
အစ်မ အိုဟျွန်းဂျူးရဲ့ ကားက စက်နှိုးထားတာကို မြင်လိုက်ရတယ်။ ဟင်နရီက ကားကို မောင်းထွက်တော့မယ့် အချိန်မှာ ကျွန်တော် အနားကို တိုးသွားတာကြောင့် သူက ကားမှန်ကို ချပေးလိုက်တယ်။
"ဘာဖြစ်လို့လဲ"
အယ်လီက ဘေးနားက ခုံမှာ ထိုင်နေတာပါ။ စောစောကထက် အခြေအနေ ပိုပြီး ဆိုးနေတဲ့ ပုံစံပါပဲ။
ကျွန်တော် မောင်းသူခုံမှာ ရှိနေတဲ့ ဟင်နရီကို ပြောလိုက်တယ်။
"ငါပဲ အယ်လီ့ကို အိမ်ပြန်ပို့ပေးလိုက်မယ်၊ မင်းကတော့ မင်းအလုပ်တွေကိုပဲ သွားလုပ်လိုက်တော့"