အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆)
ကော်ပိုရေးရှင်းတစ်ခုရဲ့ အဓိက အခန်းကဏ္ဍကတော့ အကျိုးအမြတ် ရှာဖွေဖို့ပါပဲ။
ဒါပေမဲ့ အဲဒါတင်မကပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ ဝန်ထမ်းတွေကို လစာပေးတာနဲ့ အခွန်ကို သစ္စာရှိရှိ ဆောင်တာတွေကလည်း ကော်ပိုရေးရှင်းတစ်ခုရဲ့ မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍတွေပါ။ ကော်ပိုရေးရှင်းတစ်ခု ပိုပြီး ကြီးထွားလာလေ၊ ဒီလို အခန်းကဏ္ဍတွေနဲ့ တာဝန်ယူမှုတွေကလည်း ပိုပြီး တိုးလာလေလေပါပဲ။
ကော်ပိုရေးရှင်းကြီးတွေက ကမ္ဘာ့အဆင့်မီ လုပ်ငန်းစုကြီးတွေအဖြစ် ကြီးထွားလာနိုင်ခဲ့တာဟာ ဥက္ကဋ္ဌတစ်ယောက်ထဲကပဲ အပင်ပန်းခံ ကြိုးစားခဲ့လို့ မဟုတ်ပါဘူး။
ဥက္ကဋ္ဌရဲ့ ကြိုးပမ်းအားထုတ်မှုက အများကြီး သက်ရောက်မှုရှိတာ မှန်ပေမဲ့ နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှု၊ ကြိုးစားပမ်းစား လုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေနဲ့ ထုတ်ကုန်တွေကို ဝယ်ယူအားပေးကြတဲ့ စားသုံးသူတွေကြောင့်လည်း ပါဝင်ပါတယ်။
ဒါကြောင့်မလို့ ကော်ပိုရေးရှင်းတစ်ခုရဲ့ အောင်မြင်မှုဟာ လူ့အဖွဲ့အစည်းရဲ့ အမျိုးမျိုးသော အခြေခံ အဆောက်အဦးတွေအပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာပါ။ အဲဒါကြောင့် ကော်ပိုရေးရှင်းတွေအနေနဲ့ ငွေရှာရုံသက်သက်တင် မကဘဲ လူ့အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ရှိတဲ့ အခန်းကဏ္ဍတွေကိုပါ ဖြည့်ဆည်းပေးသင့်ပါတယ်။
ကျွန်တော်တို့ နိုင်ငံက ကော်ပိုရေးရှင်းကြီးတွေဟာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရရှိနေကြပေမဲ့ လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေမှာတော့ ကပ်စေးနှဲလေ့ ရှိကြတယ်။ သူတို့က ငွေအလွဲသုံးစားလုပ်မှုတွေထဲ မပါဝင်ဘဲ သင့်တော်တဲ့ အခွန်ပေးဆောင်မှု အဆင့်ကိုပဲ မနည်း ထိန်းသိမ်းထားကြတာပါ။
ပြည်သူတွေက အောင်မြင်နေတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အကြောင်းမဲ့ သက်သက် ဝေဖန်နေကြတာ မဟုတ်ပါဘူး။
ငွေစုဘဏ် အကြပ်အတည်းကြောင့် ဒုက္ခရောက်ရသူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ပုံရိပ်က အနည်းငယ် ကောင်းမွန်လာခဲ့ပေမဲ့ ကိုရီးယားမှာ OTK ကုမ္ပဏီအပေါ် မြင်တဲ့ အမြင်ကတော့ သိပ်ပြီး မကောင်းလှသေးပါဘူး။
OTKက အခွန်ရှောင်ကွင်းနိုင်တဲ့ နေရာတွေမှာ မှတ်ပုံတင်ထားပြီး အဓိကအားဖြင့် အမေရိကန်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေတာကြောင့် ကိုရီးယားမှာ ရှာဖွေရရှိတဲ့ ငွေတွေကို အမေရိကဆီပဲ သယ်ထုတ်နေတယ်ဆိုပြီး နားလည်မှုလွဲတာတွေကို ကြုံတွေ့နေရတယ်။ (ဒါကို မီဒီယာတွေက မကြာခဏ ဇောင်းပေး ဖော်ပြလေ့ ရှိကြတယ်)။
လက်တွေ့မှာတော့ L6 ဖြစ်ရပ်အတွင်းမှာ Derivative products တွေမှာ ရင်းနှီးမြှုပ်နှံခဲ့တာကို ဖယ်ထုတ်လိုက်ရင် ကိုရီးယားမှာ အမှန်တကယ် ရရှိတဲ့ အကျိုးအမြတ်က တအားကို နည်းပါးပါတယ်။ လက်အောက်ခံ K ကုမ္ပဏီက ကိုရီးယားမှာ ဝင်ငွေ ရှာဖွေပေးနေတာ မှန်ပေမဲ့ ဒါက စုစုပေါင်း ဝင်ငွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုကိုပဲ ကိုယ်စားပြုတာပါ။
ဒါတွေက ဘာပဲဖြစ်ဖြစ် OTK ကုမ္ပဏီအနေနဲ့ ကိုရီးယားမှာ ရုံးချုပ် စိုက်ထားတာဖြစ်လို့ လူ့အဖွဲ့အစည်းအတွက် တစ်နည်းတစ်လမ်းနဲ့ အတိုင်းအတာတစ်ခုအထိတော့ ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။
ဒါဆိုရင် သူတို့ကို အမှန်တကယ် ဘာလုပ်ပေးနိုင်မလဲ။
ကျွန်တော့်ရဲ့ အတွေးတွေကို ကြားပြီးနောက်မှာ တက်ဂယူက ပြောတယ်။
"ပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲ ထပ်ပြီး လှူဒါန်းလိုက်ရင် မရဘူးလား"
"လှူဒါန်းတာကတောင်မှ အဲဒီငွေတွေကို သေချာ စနစ်တကျ အသုံးချပါ့မလားဆိုပြီး သံသယတွေ ထွက်လာဦးမှာ"
အလှူခံအဖွဲ့အစည်းတွေက ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တာ ဒါမှမဟုတ် အမှုဆောင်တွေက ငွေကြေးဆိုင်ရာ အလှူပွဲတွေမှာ သုံးဖြုန်းတာမျိုးတွေက မရိုးနိုင်အောင် ရှိနေတာလေ။
ဒါကြောင့်မလို့ပဲ ကမ္ဘာပေါ်မှာ အလှူအတန်း အများဆုံးလုပ်တဲ့ ဘီလ်ဂိတ်တောင်မှ သူ့ရဲ့ ကိုယ်ပိုင် ဖောင်ဒေးရှင်းကို တည်ထောင်ပြီး အမျိုးမျိုးသော ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတာပေါ့။
ကျွန်တော်ကတော့ ငွေကြေး သက်သက် လှူဒါန်းတာထက် ကျော်လွန်ပြီး ပိုပြီး အဓိပ္ပာယ်ရှိတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ချင်စိတ် ပေါ်လာမိတယ်။
"နားလည်ပါတယ်။ ဒါပေမဲ့ ကိုရီးယားမှာ လူငယ် အလုပ်လက်မဲ့ ပြဿနာက တအားကို ပြင်းထန်နေတာ"
မရေမတွက်နိုင်တဲ့ လူငယ်တွေဟာ ဘွဲ့ယူဖို့ အချိန်ဆွဲနေကြတာ ဒါမှမဟုတ် အလုပ်အကိုင် မရှာဖွေနိုင်ကြတာကြောင့် နိုင်ငံ့ဝန်ထမ်း စာမေးပွဲတွေကိုပဲ အာရုံစိုက်နေကြရတယ်။
သမ္မတကတော့ အလုပ်အကိုင်တွေ ပြည်တွင်းမှာလုံလောက်အောင် မရှိဘူးလို့ အော်ဟစ်နေရင်းနဲ့ပဲ လူငယ်တွေကို ပြည်ပမှာ အလုပ်အကိုင် ရှာဖွေကြဖို့ တိုက်တွန်းနေခဲ့တယ်။ သူက "တောင်ကိုရီးယားနိုင်ငံ လုံးဝ အောက်ခြေလွတ်သွားတဲ့အထိ ကြိုးစားကြည့်ကြစမ်းပါ။ လူငယ်တွေ အားလုံး ဘယ်ရောက်ကုန်လဲလို့ မေးရင်၊ သူတို့ အရှေ့အလယ်ပိုင်းကို သွားကြတယ်လို့ ပြောကြလိမ့်မယ်" ဆိုပြီး ပြောခဲ့တာကြောင့် အလုပ်ရှာဖွေနေသူတွေရဲ့ စိတ်ကို ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်ခဲ့ရတယ်။
တကယ်တော့ ပြည်ပ အလုပ်အကိုင်တွေကို အားပေးတာက ပြဿနာတော့ မဟုတ်ပါဘူး။
အလုပ်လက်မဲ့ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းက အလုပ်အကိုင် နေရာတွေနဲ့ အလုပ်ရှာဖွေသူတွေကြားမှာ ကိုက်ညီမှု မရှိတာကြောင့်ပါ။ ဒါကို ပြည်တွင်းမှာ မဖြေရှင်းနိုင်ရင် ပြည်ပမှာ အဖြေရှာတာကလည်း နည်းလမ်းတစ်ခု ဖြစ်နိုင်တာပေါ့။
ဒါပေမဲ့ ပံ့ပိုးမှုက သွားရောက်မယ့် နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိရပါမယ်။ လူတွေကို သွားကြဖို့ အတင်းတွန်းပို့ရုံနဲ့တော့ အဆင်မပြေပါဘူး။
အခုအချိန်က အရှေ့အလယ်ပိုင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ အရှိန်အဟုန် ကောင်းခဲ့တဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေ မဟုတ်တော့ဘူးလေ။ အဲဒီမှာ ဘာသွားလုပ်ရမှာလဲ။
"ဒါဆို သူက ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောနေရတာလဲ"
" ဘာပဲဖြစ်ဖြစ် ပတ်ဆီဟျွန်းက ပုံမှန်လခစာဝန်ထမ်းအဖြစ် အလုပ်စလုပ်ခဲ့ပြီး ဥက္ကဋ္ဌ ရာထူးအထိ တက်လှမ်းနိုင်ခဲ့တဲ့ လစာစား ဝန်ထမ်းတွေရဲ့ ဂန္ထဝင်တစ်ယောက်ပဲလေ"
အဲဒီ ပုံရိပ်ကြောင့်ပဲ သူက နိုင်ငံရေးသမားတစ်ဦးအဖြစ် အောင်မြင်ခဲ့ပြီး သမ္မတ ရာထူးအထိ ရောက်ရှိခဲ့တာပါ။
ပတ်ဆီဟျွန်းဟာ အွန်ဆောင်း စက်မှုလုပ်ငန်းမှာ အလုပ်လုပ်ခဲ့တုန်းက ကိုရီးယားရဲ့ စီးပွားရေးက တကယ်ပဲ အရှိန်အဟုန်နဲ့ လျင်မြန်စွာ ကြီးထွားနေခဲ့တဲ့ ကာလ ဖြစ်ပါတယ်။
အတိတ်တုန်းက ကုမ္ပဏီကြီးတွေ ထွန်းကားလာတဲ့အခါ အသေးစား လုပ်ငန်းတွေလည်း အဆင်ပြေကြပြီး အိမ်ထောင်စု ဝင်ငွေနဲ့ သုံးစွဲမှုတွေ တိုးလာကာ ကောင်းမွန်တဲ့ ငွေကြေးသံသရာကို ဖြစ်ပေါ်စေခဲ့တယ်။ ဒါကို Trickle-down effect လို့ လူသိများပါတယ်။
ဒါပေမဲ့ တိုးတက်မှု နှေးကွေးတဲ့ ကာလတွေမှာတော့ ဒီ Trickle-down effect က သေချာ အလုပ်မလုပ်တော့ပါဘူး။
"စီးပွားရေး လုပ်ငန်းတွေအတွက် အဆင်ပြေစေရမယ်" လို့ အော်ဟစ်ပြီး ကော်ပိုရိတ် အခွန်တွေကို လျှော့ချပေးနေရင်းနဲ့ တစ်ဆင့်ခံ လုပ်ငန်းခွင်တွေနဲ့ အမြဲတမ်းမဟုတ်တဲ့ အလုပ်အကိုင်နေရာတွေကို ခွင့်ပြုပေးနေတာက ဘာကောင်းကျိုး ရှိမှာမလို့လဲ။
ကုမ္ပဏီကြီးတွေအနေနဲ့ အကျိုးအမြတ် တိုးပွားအောင် လုပ်ဖို့ အလွယ်ကူဆုံး နည်းလမ်းက နည်းပညာ တီထွင်ဆန်းသစ်မှု ဒါမှမဟုတ် ဈေးကွက် ရှာဖွေတာ မဟုတ်ဘဲ သူတို့ရဲ့ ကန်ထရိုက်ခွဲ ကုမ္ပဏီတွေကို ဖိအားပေး ညှစ်ထုတ်တာပါပဲ။ ပံ့ပိုးမှု ဈေးနှုန်းတွေကို လျှော့ချလိုက်တာက ကုန်ကျစရိတ်ကို သက်သာစေတယ်။ အမြဲတမ်း ဝန်ထမ်းတွေနေရာမှာ အမြဲတမ်းမဟုတ်တဲ့ ဝန်ထမ်းတွေကို အသုံးပြုတာက လုပ်အားခ ကုန်ကျစရိတ်ကို ပိုပြီး လျှော့ချပေးနိုင်တာကြောင့် အကျိုးအမြတ်တွေကို ပိုပြီး တိုးစေပါတယ်။
ဒါက နောက်ဆုံးမှာ ကုမ္ပဏီကြီးတွေကိုပဲ ပိုပြီး ချမ်းသာလာစေပြီး သာမန်ပြည်သူတွေရဲ့ စီးပွားရေးကိုတော့ ထိခိုက်စေပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ အမြင်ကတော့ အဲဒီ ခေတ်ကာလမှာပဲ ပိတ်မိနေတုန်းပါပဲ။
ပြည်သူတွေက "စီးပွားရေး လုပ်ငန်းတွေအတွက် အဆင်ပြေစေရမယ်" ဆိုတာက ကုမ္ပဏီကြီးတွေအတွက်ပဲ အကျုံးဝင်တယ်ဆိုတာကို သတိထားမိသွားကြတဲ့အခါ၊ အစိုးရက ရုတ်တရက် "ဖန်တီးမှု စီးပွားရေး" ဆိုတဲ့ ဖဲချပ်ကို ထုတ်သုံးလာခဲ့တယ်။
"ဖန်တီးမှု စီးပွားရေးဆိုတာ ဘာလဲ"
ကျွန်တော် အစိုးရရဲ့ ထုတ်ပြန်ချက်ကိုပဲ အသံထွက်ပြီး ဖတ်ပြလိုက်တယ်။
"ဖန်တီးမှု စီးပွားရေးဆိုတာ ဖန်တီးနိုင်စွမ်းနဲ့ ဆန်းသစ်တီထွင်မှုတွေကနေတစ်ဆင့် အလုပ်အကိုင်တွေနဲ့ ဈေးကွက်တွေကို ဖန်တီးပေးဖို့ ရည်ရွယ်တာဖြစ်ပြီး ဖန်တီးနိုင်စွမ်းတွေ ရှင်သန် ထွန်းကားလာမယ့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေဖို့အတွက် ဖန်တီးမှုဆိုင်ရာ ဦးဆောင်မှုကို မြှင့်တင်ပေးတာလေ "
"ဒါဆို အဲဒါက ဘာကို ဆိုလိုတာလဲ"
"...."
အမှန်တိုင်း ပြောရရင် ကျွန်တော်လည်း သေချာ နားမလည်ပါဘူး။
ဖန်တီးမှု၊ ဆန်းသစ်တီထွင်မှု၊ ဖန်တီးမှု စီးပွားရေးဆိုင်ရာ ဦးဆောင်မှု၊ ဖန်တီးနိုင်စွမ်း၊ လူ့အဖွဲ့အစည်းအသစ် စသဖြင့် ကောင်းတဲ့ စကားလုံးတွေ အားလုံးကို ထည့်သွင်းထားတာ မှန်ပေမဲ့ တကယ့် ခိုင်မာတဲ့ အကြောင်းအရာတော့ လုံးဝ မရှိပါဘူး။
ဒီစကားကို ပြောတဲ့သူကိုယ်တိုင်ကော သူ ဘာပြောနေလဲဆိုတာ သိရဲ့လားလို့တောင် တွေးမိပါတယ်။
"ဘာပဲဖြစ်ဖြစ် အစိုးရက ပြည်သူတွေရဲ့ အခွန်ငွေတွေကို သုံးပြီး နေရာအနှံ့အပြားမှာ ဖန်တီးမှု စီးပွားရေး ပံ့ပိုးမှု ဗဟိုဌာနတွေကို တည်ဆောက်ထားတယ်"
"သူတို့က ဘယ်လို ပံ့ပိုးမှုမျိုးတွေ ပေးတာလဲ"
"လူငယ် လုပ်ငန်းရှင်တွေအတွက်ပေးတာလို့တော့ ပြောတာပဲ"
"ဪ... အဲဒါတော့ မဆိုးပါဘူး။ Startup လိုမျိုး အရာတွေကို ပံ့ပိုးပေးတာလား"
"မဟုတ်ဘူး၊ အစားအသောက် ရောင်းတဲ့ ကားလေး (Food truck)တွေလိုမျိုး အရာတွေကို ပံ့ပိုးတာပါ"
"အင်းပါလေ။ အနည်းဆုံးတော့ Food truckတွေက ဖန်တီးမှု ရှိတာပါပဲလေ"
"ဒါပေမဲ့ အဲဒီထဲက အများစုက လပိုင်းလောက်အတွင်းမှာပဲ လုပ်ငန်းပျက်စီးသွားကြတာ"
"...."
တောင်ကိုရီးယားဟာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ ရာခိုင်နှုန်း မြင့်မားနေပြီးသား ဖြစ်သလို ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လှပါတယ်။
ဒီလို အခြေအနေ ဖြစ်လာရတဲ့ အကြီးမားဆုံး အကြောင်းရင်းကတော့ IMF ကြောင့်ပါပဲ။ ၁၉၉၇ ဘဏ္ဍာရေး အကြပ်အတည်းက ကိုရီးယား စီးပွားရေးရဲ့ အခင်းအကျင်းကို ပြောင်းလဲပစ်ခဲ့တယ်လို့ ပြောရင် လွန်အံ့မထင်ပါဘူး။
အဲဒီတုန်းက ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု ပြိုလဲသွားခဲ့တာကြောင့် အလုပ်ကနေ အနားယူလိုက်ရတဲ့သူတွေ အများကြီး ရှိလာခဲ့ပြီး အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ထဲကို အတင်းအကြပ် ဝင်ရောက်လာခဲ့ကြရတာပါ။
အခုအချိန်အထိတောင်မှ စောစောစီးစီး အနားယူပြီးရင် ကြက်ကြော်ဆိုင် ဖွင့်တာက လုပ်ရိုးလုပ်စဉ် လမ်းကြောင်းတစ်ခုလို ဖြစ်နေပါပြီ။
ရလဒ်အနေနဲ့ အလုပ်က အနားယူထားသူရဲ့ တော့ပိုကီဆိုင်နဲ့ အစိုးရ ပံ့ပိုးပေးထားတဲ့ တော့ပိုကီရောင်းတဲ့ Food truck တို့က မျက်နှာချင်းဆိုင် ဆုံနေကြရတဲ့အထိ အဓိပ္ပာယ်မရှိတာတွေ ဖြစ်လာခဲ့တယ်။
လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေး ဈေးကွက်က အဆိုးရွားဆုံး အခြေအနေကို ရောက်နေပြီး လုပ်ငန်း အများအပြား ပိတ်သိမ်းနေကြရတာပါ။ ဒီလို အခြေအနေမျိုးမှာ Food truckတွေအတွက် အစိုးရရဲ့ ရန်ပုံငွေ ပံ့ပိုးမှုက အောင်မြင်တဲ့ လုပ်ငန်းတွေ ဖြစ်မလာနိုင်တာ အံ့ဩစရာ မဟုတ်ပါဘူး။
ဒီ Food truckအများစုက လပိုင်းအတွင်းမှာပဲ ကျရှုံးသွားတတ်ကြတယ်။
ဈေးတွေမှာရှိတဲ့ လူငယ် အရောင်းဆိုင်တွေအတွက် ပံ့ပိုးမှု အစီအစဉ်တွေလည်း ရှိပေမဲ့ အခြေအနေကတော့ Food truck တွေ အတိုင်းပါပဲ။ ဒါက ဖွင့်လိုက် ပိတ်လိုက်နဲ့ ပြည်သူတွေရဲ့ အခွန်ငွေတွေကို ဖြုန်းတီးနေတဲ့ သံသရာတစ်ခုလို ဖြစ်နေတာပါ။
"အဲဒီ ငွေတွေနဲ့ အစားအသောက်ဆိုင်တွေထက် Startup လုပ်ငန်းတွေကို ပံ့ပိုးပေးခဲ့ရင် ပိုကောင်းမှာပဲ"
ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း တည်ထောင်မှုတွေအတွက် အမျိုးမျိုးသော ပံ့ပိုးမှုတွေ ရှိနေပေမဲ့ Startup ဖန်တီးမှုတွေအတွက်တော့ သိသာထင်ရှားတဲ့ ပံ့ပိုးမှုမျိုး မရှိခဲ့ပါဘူး။
ဒါက လူငယ် အလုပ်လက်မဲ့ ပြဿနာကို လျှော့ချဖို့အတွက် အစိုးရအဆင့်မှာတင် Startup တွေကို ပြုစုပျိုးထောင်ပေးနေတဲ့ တရုတ်အစိုးရရဲ့ လှုပ်ရှားမှုနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါ။
သူတို့ရဲ့ အိပ်မက်အကြောင်း မေးတဲ့အခါ တရုတ် တက္ကသိုလ်ကျောင်းသားတွေက "စီးပွားရေး စတင်တည်ထောင်ဖို့" လို့ အော်ဟစ်ကြပေမဲ့ ကျွန်တော်တို့ နိုင်ငံက တက္ကသိုလ်ကျောင်းသားတွေကို အဲဒီမေးခွန်းအတိုင်း မေးရင်တော့ "အလုပ်ရဖို့" လို့ပဲ ပြန်ဖြေလေ့ ရှိကြတယ်။
မိဘတွေကလည်း သူတို့ရဲ့ သားသမီးတွေကို ကိုယ်ပိုင် Startup တွေ စတင်ခိုင်းတာထက် ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်စေချင်ကြတာ ဒါမှမဟုတ် ဆရာဝန်၊ ရှေ့နေတွေ ဖြစ်စေချင်ကြတာပါ။
လူတွေ့ရဲ့အမြင်ပိုင်းဆိုင်ရာက ပြဿနာဖြစ်နေတဲ့အပြင် Startup ပတ်ဝန်းကျင်ကလည်း ဒီလို စိန်ခေါ်မှုတွေကို လုပ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ အခြေအနေမှာ မရှိပါဘူး။
နိုင်ငံခြားနဲ့ မတူတာက အောင်မြင်တဲ့ Startup တွေက နည်းပါးလှပြီး ကျရှုံးသွားခဲ့ရင် ကြီးမားတဲ့ ငွေကြေး ဆုံးရှုံးမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ကျရှုံးမှုကို အသိအမှတ်မပြုတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ဒီလို အခြေအနေမျိုးတွေ ကြုံလာရတဲ့အခါ တည်ငြိမ်တဲ့ အလုပ်အကိုင်ကိုပဲ ရှာဖွေကြတာက သဘာဝကျပါတယ်။
ဒီလို အခြေအနေတွေကြားထဲကနေပဲ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုတွေကို မွေးမြူပြီး လုပ်ငန်းကဏ္ဍသစ်တွေထဲကို ခုန်ဆင်းသွားကြတဲ့ လူငယ်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ သေချာတဲ့ ပံ့ပိုးမှု မရှိတာကြောင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်တွေမှာ အမှားအယွင်းတွေ ကြုံတွေ့ရတာ ဒါမှမဟုတ် စိတ်ပျက်အားလျော့ရတာမျိုးတွေ ရှိတတ်ကြတယ်။
ဒါက ကျွန်တော် အဓိက အာရုံစိုက်နေတဲ့ အချက်ပါပဲ။
"OTK ကုမ္ပဏီကသာ Startup တွေကို ပံ့ပိုးပေးရင် ဘယ်လိုလဲ"
"ရင်းနှီးမြှုပ်နှံဖို့လား"
ကျွန်တော် ခေါင်းခါပြလိုက်တယ်။
"အဲဒီလို ကွက်ကွက်လေး မဟုတ်ဘူး။ ကော်ပိုရိတ်တွေရဲ့ လူမှုရေးဆိုင်ရာ တာဝန်ယူမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လုပ်တာလို့ပြောရင် ပိုမှန်လိမ့်မယ်"
အောင်မြင်နိုင်ခြေရှိတဲ့ Startup တွေကို ပြုစုပျိုးထောင်ပေးတာက ကောင်းမွန်လှပေမဲ့ ကျရှုံးသွားပြီးနောက်မှာတောင် ကိုယ့်ကိုကိုယ် ဆက်ပြီး စိန်ခေါ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော် ဖန်တီးပေးချင်တာပါ။
ကျွန်တော် အတွေးတွေကို စုစည်းလိုက်ပြီး ရှင်းလင်းတင်ပြဖို့အတွက် Presentation (PTT)ကို ကိုယ်တိုင်ပဲ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါကို လုပ်နေရင်းနဲ့ ပထမနှစ်တုန်းက အဖွဲ့လိုက် ပရောဂျက်တွေ လုပ်ခဲ့ရတဲ့ အမှတ်တရတွေ ပြန်ပေါ်လာခဲ့တယ်။ ကော်ဖီဆိုင်တစ်ခုမှာ ယွန်ဆွန်းအာနဲ့အတူ ညလုံးပေါက် အလုပ်တွေ လုပ်ခဲ့ကြတာကို သတိရမိတယ်။
ဘာပဲဖြစ်ဖြစ် အချိန်အတော်ကြာမှ ဒါကို ပြန်လုပ်ရတာမလို့ မလွယ်ကူပါဘူး။ Shortcutsတွေကိုလည်း အကုန်မေ့ကုန်ပြီမလို့ လမ်းပျောက်နေခဲ့တယ်။
ဒါကို ဝန်ထမ်းတစ်ယောက်ယောက်ကိုပဲ ခိုင်းလိုက်ရမလား။ စီနီယာ ကီဟုမ်ကိုသာ လှမ်းခေါ်လိုက်ရင် သူက ဒါကို ကောင်းကောင်း လုပ်ပေးနိုင်ပါလိမ့်မယ်။
အဲဒီ စီနီယာက PPT ပြုလုပ်တဲ့နေရာမှာ တကယ်ကို တော်တဲ့သူလေ။
ကျွန်တော် ကွန်ပျူတာရှေ့မှာ ရုန်းကန်နေရတာကို ဘေးကနေ ကြည့်နေတဲ့ တက်ဂယူက ပြောတယ်။
"မင်း မသိရင် ဘီလ်ဂိတ်ဆီ ဖုန်းဆက်ပြီး မေးကြည့်ပါလား။ မင်း ဖုန်းဆက်ရင် သူ ကိုင်ချင်လည်း ကိုင်မှာပေါ့"
"……"
"နောက်တာပါကွာ"
ကျွန်တော် အဖွဲ့အစည်းတွေနဲ့ အထက်လူကြီးတွေကို စုစည်းပြီး အစည်းအဝေးတစ်ခုခေါ်လိုက်တယ်။ လူတိုင်းက အစည်းအဝေးခန်း ထဲမှာ စုံစုံလင်လင် ရောက်နေကြပြီဖြစ်ပြီး တက်ဂယူနဲ့ စီနီယာ ဆန်းယော့တို့လည်း ကိုယ့်နေရာမှာကိုယ် ဝင်ထိုင်လိုက်ကြတယ်။
"လူကြီးမင်းတို့ကို ဒီနေရာကို ခေါ်ယူလိုက်ရတဲ့ အကြောင်းရင်းကတော့ OTK ကုမ္ပဏီအနေနဲ့ လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု လှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်သင့်ပြီလို့ ယူဆမိလို့ပါ" လို့ ကျွန်တော် စကားစလိုက်တယ်။
ကျွန်တော် presentation ကို စတင်လိုက်တယ်။
မျက်နှာပြင်ပေါ်မှာ အမေရိကန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ Startup အခြေအနေတွေကို နှိုင်းယှဉ်ပြထားတဲ့ စာရင်းဇယားတွေ ပေါ်လာခဲ့တယ်။ နှိုင်းယှဉ်ချက်က တော်တော်လေးကို အားနာစရာ ကောင်းလှပါတယ်။
"လက်ရှိ တောင်ကိုရီးယား Startup တွေရဲ့ ပြဿနာက ဘာလဲလို့ ထင်ကြလဲ"
ထင်မြင်ချက်တွေက အမျိုးမျိုး ထွက်လာခဲ့ကြတယ်။ ပြည်တွင်း ဈေးကွက် သေးငယ်တာ၊ အစိုးရရဲ့ ပံ့ပိုးမှု၊ အပျက်သဘောဆောင်တဲ့ အမြင်၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် အားနည်းတာ၊ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ဈေးကွက် ဖြစ်နေတာ စသဖြင့်ပေါ့။
စီနီယာ ဆန်းယော့က စကားပြောလာတယ်။
"စည်းမျဉ်းကန့်သတ်ချက်တွေက အကြီးမားဆုံး ပြဿနာ မဟုတ်ဘူးလား။ လုပ်ငန်းကဏ္ဍသစ် အများစုက အမျိုးမျိုးသော စည်းမျဉ်းတွေကြောင့် တရားမဝင် ဖြစ်နေကြရတာလေ"
ကမ္ဘာ့ထိပ်တန်း Startup ၁၀၀ ရဲ့ ၇၅ ရာခိုင်နှုန်းက ကိုရီးယားမှာဆိုရင် တရားမဝင် ဖြစ်နေတယ်ဆိုတဲ့ စာရင်းဇယားတွေ ထွက်လာတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။
"တကယ်လို့ ကားကြုံစီးတာကို သေချာ စတင် အကောင်အထည်ဖော်မယ်ဆိုရင်လည်း တက္ကစီ လုပ်ငန်းကဏ္ဍက ကန့်ကွက် ဆန္ဒပြကြဦးမှာပဲ"
"အနည်းဆုံးတော့ အဲဒါနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ ရှိနေသေးတာပဲ ကံကောင်းပါတယ်" လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။
စီနီယာ ဆန်းယော့က ခေါင်းခါပြတယ်။
"ဒါပေမဲ့ သူတို့က တချို့အရာတွေကို ပိတ်ပင်ဖို့အတွက် ဥပဒေအသစ်တွေကိုတောင် ဖန်တီးခဲ့ကြတာ"
Startup တစ်ခုက ကားရောင်းသူတွေနဲ့ အရောင်းကိုယ်စားလှယ်တွေကို ချိတ်ဆက်ပေးတဲ့ Hello Dealer လို့ ခေါ်တဲ့ Appတစ်ခုကို တီထွင်ခဲ့ဖူးတယ်။
အပြင်မှာရှိတဲ့ အသုံးပြုပြီးသား ကားအရောင်းဆိုင်တွေက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတယ်။ ရလဒ်အနေနဲ့ ကားစျေးကွက် အကြီးကြီး ရှိတဲ့ ကိုရီးယားရဲ့ ဂဒန်းခရိုင်က လွှတ်တော်အမတ် ကင်ထေးဆန်းက ကားလေလံပွဲတွေအတွက် အနည်းဆုံး ကားပါကင်နေရာနဲ့ လေလံဆွဲမယ့် နေရာတွေ ရှိရမယ်ဆိုတဲ့ မော်တော်ကား စီမံခန့်ခွဲမှု ဥပဒေ ပြင်ဆင်ချက်ကို တင်သွင်းပြီး အတည်ပြုခဲ့တယ်။
အကျိုးဆက်အနေနဲ့ Hello Dealer ဟာ လုပ်ငန်းကို ပိတ်သိမ်းလိုက်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
လူငယ် လုပ်ငန်းရှင်တွေနဲ့ စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးအကြောင်းကို ပြောနေကြပေမဲ့ ဒေသခံ ပြည်သူတွေက ကန့်ကွက်ကြတာကြောင့် တရားဝင် Startup တစ်ခုကို တစ်ညထဲနဲ့ တရားမဝင် ဖြစ်အောင် လုပ်ပစ်ခဲ့ကြတာပါ။
ဒီပုံစံအတိုင်းပဲ တကယ်လို့ လွှတ်တော်က သယ်ယူပို့ဆောင်ရေး လုပ်ငန်း အက်ဥပဒေကနေ ခြွင်းချက် ပြဋ္ဌာန်းချက်ကို ဖယ်ရှားလိုက်မယ်ဆိုရင် ကားကြုံစီးတာက အဲဒီမှာတင် အဆုံးသတ်သွားပါလိမ့်မယ်။ တက္ကစီလုပ်ငန်းကသာ ဆန္ဒပြမယ်ဆိုရင် ဘယ်အမတ်က နိုင်ငံရေး အကျိုးအမြတ်အတွက် ဘယ်လို တုံ့ပြန်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
"ဒါကြောင့် ကျွန်တော်က အလားအလာရှိတဲ့ Startup တွေမှာ ရင်းနှီးမြှုပ်နှံရုံတင်မကဘဲ Startup ဖန်တီးမှုတွေအတွက် အထောက်အကူပြုမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ စဉ်းစားနေတာပါ"
မိုက်ကယ်က "ဘာကို ဆိုလိုတာလဲ" လို့ မေးတယ်။
ကျွန်တော် မျက်နှာပြင်ကို လှည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
"ကျွန်တော်တို့က Startup တွေအတွက် နေရာထိုင်ခင်းနဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးသွားမှာပါ။ အဲဒီ ရည်ရွယ်ချက်အတွက် စုပေါင်းလုပ်ကိုင်နိုင်မယ့် ရုံးခန်း (Co-working office) တစ်ခုကို ဖန်တီးဖို့ စဉ်းစားနေပါတယ်"
စီနီယာ ကီဟုမ်က "ဂန်နမ်မှာ ဒီလို Co-working office တွေ အများကြီး ရှိနေပြီ မဟုတ်ဘူးလား" လို့ မေးတယ်။
"ဟုတ်ပါတယ်"
Co-working office ဆိုတာ အဆောက်အဦး တစ်ခုလုံးကို ငှားရမ်းပြီး ရုံးခန်းအသေးလေးတွေအဖြစ် ခွဲခြမ်းကာ ပြန်လည် ငှားရမ်းပေးတာမျိုးပါ။
အကျော်ကြားဆုံးနဲ့ အကြီးမားဆုံး Co-working ကုမ္ပဏီကတော့ Workspace ပါပဲ။ သူက ၂၀၁၀ ပြည့်နှစ်မှာ နယူးယောက်မြို့ မန်ဟက်တန်မှာ လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၁၆ နိုင်ငံနဲ့ မြို့ပေါင်း ၅၀ ကျော်အထိ တိုးချဲ့ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကိုရီးယားဈေးကွက်ထဲကိုလည်း ဝင်ရောက်လာခဲ့ပြီး ဂန်နမ်၊ ယိုအီဒိုနဲ့ ဂွမ်ဟွာမွန်းတို့မှာ ဌာနခွဲတွေ ရှိနေပါပြီ။
Co-working နေရာတွေရဲ့ လိုအပ်ချက်ကို အတည်ပြုပြီးတာနဲ့ အလားတူ လုပ်ငန်းတွေ ပေါ်ထွက်လာခဲ့ကြပြီး အဓိကအားဖြင့် ဂန်နမ်မှာ အောင်မြင် ဖြစ်ထွန်းနေကြတာပါ။
"Co-working office တွေရဲ့ ရည်ရွယ်ချက်က နေရာငှားရမ်းခကနေ ဝင်ငွေရှာဖို့ပဲ။ ဒါကြောင့် ဈေးနှုန်းတွေက သိပ်ပြီးတော့ မသက်သာလှပါဘူး"
Co-working office တွေက နေရာအကျယ်အဝန်းအပေါ် မဟုတ်ဘဲ လူဦးရေအပေါ် မူတည်ပြီး ဈေးနှုန်း သတ်မှတ်တာပါ။ လူနှစ်ယောက်စာ အလုပ်လုပ်မယ့် နေရာအတွက်ဆိုရင် အနည်းဆုံး ဝမ် ၁ သန်းခန့် ကုန်ကျမှာဖြစ်ပြီး ဒါက ပုံမှန် ရုံးခန်းငှားရမ်းခနဲ့ အတူတူပါပဲ။
ဒါပေမဲ့ အဲ့ဒီရုံးခန်းတွေက ပုံမှန်အားဖြင့် စပေါ်ငွေ နည်းပါးတာ ဒါမှမဟုတ် စပေါ်ငွေ လုံးဝမလိုတာမျိုးတွေ ရှိတတ်ပြီး အမျိုးမျိုးသော အပိုဆောင်း ဝန်ဆောင်မှုတွေကို ပေးလေ့ရှိကြတယ်။
အခြေခံ လူနေမှု အဆောက်အဦးတွေအနေနဲ့ ကော်ဖီနဲ့ ဘီယာ၊ တီထွင်သူတွေအတွက် စက်ပစ္စည်းတွေ၊ 3D ပရင်တာတွေ၊ ပရော်ဖက်ရှင်နယ် စတူဒီယိုတွေ၊ လုံခြုံရေး စနစ်တွေ၊ အစည်းအဝေးခန်းတွေ၊ ရေချိုးခန်းတွေ၊ စာပို့ ဝန်ဆောင်မှုတွေနဲ့ အမျိုးမျိုးသော အလုပ်ရုံ ဆွေးနွေးပွဲတွေကို ပံ့ပိုးပေးထားပါတယ်။
Startup အများအပြား အတူတူ နေထိုင်ကြတာကြောင့် လိုအပ်သလို အသိုက်အဝန်း တည်ဆောက်တာနဲ့ Networkingတွေအတွက် အလားအလာတွေ ရှိနေပါတယ်။
"ကျွန်တော် မျှော်မှန်းထားတာလည်း ဒီပုံစံပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ငှားရမ်းခ ဝင်ငွေရဖို့ မဟုတ်ဘူး။ Startup တွေကို ပြုစုပျိုးထောင်ပေးဖို့ပဲ။ ငှားရမ်းခကို တတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် ထားရှိသွားမှာဖြစ်ပြီး နေရာငှားရမ်းရုံသက်သက်တင် မကဘဲ တဖြည်းဖြည်း လိုအပ်လာမယ့် ဝန်ဆောင်မှုတွေကိုပါ ပံ့ပိုးပေးသွားမှာပါ။ ဒါတွေထဲမှာ ကော်ပိုရေးရှင်း ဖွဲ့စည်းတာ၊ မိတ်ဖက်တွေကြားထဲက အစုရှယ်ယာ ကိစ္စရပ်တွေ၊ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ စာရင်းကိုင်၊ ဥပဒေရေးရာ၊ အခွန်၊ မာကတ်တင်း စတာတွေ ပါဝင်ပါတယ်။ ကျွန်တော်တို့က ကျရှုံးခဲ့ရင်တောင် ကြုံတွေ့ရမယ့် ဆုံးရှုံးနိုင်ခြေတွေကို အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး သူတို့ကို ထပ်ပြီး ကြိုးစားနိုင်ခွင့် ပေးမှာ ဖြစ်သလို ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်ပေးတာ ဒါမှမဟုတ် ကျွန်တော်တို့ကိုယ်တိုင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံတာမျိုးတွေကိုပါ လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်"
တက်ဂယူက လက်တွေ့ကျတဲ့ မေးခွန်းတစ်ခုကို မေးလာတယ်။
"ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ"
"လည်ပတ်မှု ကုန်ကျစရိတ်တွေကိုတော့ အခြေစိုက် ကုမ္ပဏီတွေဆီကနေ ရရှိမယ့် အခကြေးငွေတွေနဲ့ အတိုင်းအတာတစ်ခုအထိ ကာမိနိုင်မှာမလို့ အစောပိုင်း ကုန်ကျစရိတ်တွေကို ဖယ်လိုက်ရင် ငါတို့က လစဉ် ငှားရမ်းခနဲ့ အမျိုးမျိုးသော ဝန်ဆောင်မှု ကြေးတွေကိုပဲ စီမံခန့်ခွဲဖို့ လိုအပ်လိမ့်မယ်"
အဖွဲ့ခေါင်းဆောင် မိုက်ကယ်လီက အားတက်သရော ထောက်ခံခဲ့တယ်။
"ကိုရီးယားမှာ စိတ်အားထက်သန်တဲ့ Startup တွေ အများကြီး ရှိပါတယ်။ သူတို့ကို ပံ့ပိုးပေးတာက တကယ်ကို ကောင်းမွန်တဲ့ အရာတစ်ခုပါ"
ပရိုမိုးရှင်းအဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်လည်း အလားတူ ခံစားခဲ့ရတယ်။
"ဒါက OTK ကုမ္ပဏီရဲ့ ပုံရိပ်နဲ့လည်း တအားကို ကိုက်ညီပြီး ကျွန်တော်တို့ရဲ့ ပရိုမိုးရှင်း လုပ်ငန်းတွေအတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်"
စီနီယာ ဆန်းယော့က ခေါင်းညိတ်ပြတယ်။
"ကုန်ကျစရိတ်နဲ့ ထိရောက်မှုအပိုင်းက တော်တော်လေး ကောင်းမွန်ပုံရတယ်"
ဟင်နရီကလည်း ထပ်လောင်း ပြောကြားတယ်။
"ဒါက လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု လှုပ်ရှားမှုတစ်ခု ဖြစ်ပေမဲ့ ကျွန်တော်တို့က Startup တွေကို ပြုစုပျိုးထောင်ပေးပြီး တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေပါ လုပ်ဆောင်သွားမယ်ဆိုရင် အမှန်တကယ်ပဲ အကျိုးအမြတ်တွေကို မြင်တွေ့ရနိုင်ပါတယ်"
ကျွန်တော် ရှင်းလင်းတင်ပြမှုကို အဆုံးသတ်လိုက်ပြီး တက်ရောက်လာသူတွေကို မေးလိုက်တယ်။
"သဘောတူတဲ့သူတွေ ရှိရင် ကျေးဇူးပြုပြီး လက်မြှောက်ပေးကြပါ"
လူတိုင်းက တစ်ပြိုင်ထဲ လက်မြှောက်လိုက်ကြတယ်။
တက်ဂယူက ဒါကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။
"ဒါက ကွန်မြူနစ်ပါတီရဲ့ ညီလာခံတစ်ခုလိုပဲ ခံစားရတယ်"