← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း (၁၄၇)

ဂန်နမ်လမ်းမကြီးနဲ့ တီဟီရန်ရိုတစ်ဝိုက်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ ရှုပ်ယှက်ခတ်နေပါတယ်။ အဆောက်အဦး အဟောင်းတွေကို ဖျက်ဆီးနေကြပြီး အဆောက်အဦး အသစ်တွေကတော့ မြင့်တက်လာနေတာကြောင့် မြို့ပြရဲ့ မြင်ကွင်းက ပြောင်းလဲနေခဲ့တယ်။

ထောက်ပံ့မှုတွေ ရုတ်တရက် တိုးတက်လာတာနဲ့အမျှ ဂန်နမ်မှာရှိတဲ့ ရုံးခန်းအလွတ်နှုန်းကလည်း ဆက်တိုက်ဆိုသလို မြင့်တက် လာနေတာပါ။

ပထမထပ် ဒါမှမဟုတ် ဒုတိယထပ်မှာ လက်လီဆိုင်ဖွင့်ဖို့ နေရာရှာနေတာမျိုးကလွဲရင် ရုံးခန်းအလွတ်တွေကို ရှာဖွေဖို့က သိပ်ပြီး မခက်ခဲလှပါဘူး။

ဒါပေမဲ့ အဓိကပြဿနာကတော့ ကုန်ကျစရိတ်ပါပဲ။

ဆိုးလ်မြို့လယ်ခေါင်ရဲ့ ကူးသန်းရောင်းဝယ်ရေး ငှားရမ်းခ ဈေးနှုန်းတွေက တော်တော်လေးကို ကြီးမြင့်ပါတယ်။ ရုံးခန်းအလွတ်တွေ တိုးပွားလာနေတာတောင်မှ ငှားရမ်းခတွေ ကတော့ ပုံမှန်အတိုင်းပဲ မြင့်တက်နေတုန်းပါ။

ရုံးခန်းလွတ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ အရိုးရှင်းဆုံး နည်းလမ်းကတော့ ငှားရမ်းခကို လျှော့ချပစ်လိုက်ဖို့ပါပဲ။ ဒါပေမဲ့ အိမ်ရှင်တွေက ဒီလိုလုပ်ဖို့ ဘာလို့ ရှောင်ကြဉ်ကြလဲဆိုတော့ ငှားရမ်းခနှုန်းထားက အဆောက်အဦးရဲ့ တန်ဖိုးနဲ့ တိုက်ရိုက် သက်ရောက်မှု ရှိနေလို့ပါ။

ငှားရမ်းခကို လျှော့ချပေးမယ့်အစား အိမ်ရှင်တွေက အခမဲ့ ငှားရမ်းခွင့် ကာလတွေ ပေးတာ ဒါမှမဟုတ် အတွင်းပိုင်း ပြင်ဆင်စရိတ်တွေကို ကူညီပေးတာမျိုးကိုပဲ ပိုပြီး သဘောကျတတ်ကြတယ်။

အိမ်ခြံမြေ အကျိုးဆောင်နဲ့ မစကားပြောခင်မှာ အရင်ဆုံး အစ်မ အိုဟျွန်းဂျူးနဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ပြီး ဟင်နရီကိုပါ တမင်တကာ ခေါ်လာခဲ့တယ်။

ဓာတ်လှေကားစီးပြီး အပေါ်တက်လာနေတုန်းမှာ ဟင်နရီက သူ့ရဲ့ ဆံပင်ပုံစံနဲ့ ဝတ်စုံကို သေချာ ပြန်စစ်ဆေးနေခဲ့တယ်။

သူ သဘောကျနေတဲ့ မိန်းကလေးအရှေ့မှာ ပုံစံကောင်း ပြသချင်နေတာကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ ချစ်စရာကောင်းတယ်လို့ တွေးမိတယ်။ ဟင်နရီက ကျွန်တော် ကြည့်နေတာကို သတိထားမိသွားပြီး အနေခက်သလိုမျိုး ပြုံးပြလာခဲ့တယ်။

ဌာနခွဲမန်နေဂျာရုံးခန်းထဲကို ဝင်လိုက်တဲ့အခါ အစ်မ အိုဟျွန်းဂျူးက အလုပ်တွေကို ခဏရပ်ပြီး ကျွန်တော်တို့ကို နှုတ်ဆက်ခဲ့တယ်။

"ဘာကိစ္စရှိလို့လဲ"

"ဟင်နရီ ရှင်းပြလိမ့်မယ်"

ဟင်နရီက သူ့လည်ချောင်းကို တစ်ချက် ရှင်းလိုက်ပြီး အင်္ဂလိပ်လို စကားပြောလာတယ်။ ဟင်နရီရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက်မှာ အစ်မ အိုဟျွန်းဂျူးက ကျွန်တော့်ဘက်ကို လှည့်ပြီး မေးတယ်။

"နင်က Startup တွေကို ပျိုးထောင်ပေးမလို့လား"

"ဟုတ်တယ်။ အမေရိကမှာတော့ လူငယ်တွေက သူတို့ရဲ့ ကားဂိုဒေါင်တွေထဲကနေ စီးပွားရေး စတင် တည်ထောင်ကြတာလေ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက ကားဂိုဒေါင်တွေ မရှိဘူး။ အဲဒါကြောင့် အဲဒီလိုမျိုး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးချင်တာ။ အစ်မ အိုဟျွန်းဂျူးကော ဘယ်လိုထင်လဲ"

အိုဟျွန်းဂျူးက ခေါင်းညိတ်ပြတယ်။

"အဲဒါ စိတ်ကူးကောင်းပဲ။ တကယ်တော့ အစိုးရက ဒါကို ဦးဆောင်ပြီး လုပ်ပေးသင့်တာ"

"ဒါပေမဲ့ အစိုးရက ကုမ္ပဏီကြီးတွေကိုပဲ ပံ့ပိုးပေးဖို့ အလုပ်ရှုပ်နေတာလေ"

ဒါကြောင့်မလို့လည်း ကျွန်တော်ကိုယ်တိုင်ပဲ ရှေ့ထွက်ဖို့ ဆုံးဖြတ်လိုက်ရတာပေါ့။ နိုင်ငံက မလုပ်ပေးရင် တစ်ယောက်ယောက်ကတော့ လုပ်ရမှာပဲလေ။

"ကနဦးအစမှာ ဒီကိစ္စကို ဂန်နမ်မှာ လုပ်ဖို့ စဉ်းစားထားတယ်။ Golden Gate ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေထဲကနေ ငှားလို့ရမယ့် အဆောက်အဦးမျိုး ရှိမလား"

နိုင်ငံခြားငွေလဲလှယ်မှု အကြပ်အတည်း ကာလတုန်းက ကိုရီးယားမှာရှိတဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေက တအားကို ထိုးကျသွားခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက Golden Gate ရဲ့ အာရှဌာနခွဲ အကြီးအကဲ ချေ့ ဆောက်ဝဲက ကိုရီးယား အိမ်ခြံမြေတွေကို တက်တက်ကြွကြွ ဝယ်ယူဖို့ ကြိုးစားခဲ့တာကြောင့် လက်ရှိမှာ Golden Gate ဟာ တီဟီရန်ရိုလမ်းမပေါ်မှာ အဆောက်အဦး သုံးခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒီအဆောက်အဦးတွေထဲက တစ်ခုကို ကိုရီးယား ဌာနခွဲအနေနဲ့ အသုံးပြုနေပြီး တစ်ခုကိုတော့ ကျွန်တော်တို့ဆီ ရောင်းချထားကာ ကျန်တဲ့တစ်ခုကိုတော့ သူများတွေကို ငှားရမ်းထားတာပါ။

"ရနိုင်တဲ့ နေရာရှိမှာပါ။ ခဏစောင့်ဦး၊ ငါ စစ်ဆေးပေးမယ်"

အစ်မအိုဟျွန်းဂျူးက ရုံးဖုန်းကနေတစ်ဆင့် ချက်ချင်းပဲ အတည်ပြုပေးခဲ့တယ်။

"အဆင်ပြေသွားပြီ။ အထပ် ၆ ထပ်က လုံးဝ အလွတ်ကြီး ဖြစ်နေတယ်"

ကျွန်တော် အံ့ဩသွားမိတယ်။

"ဘာလို့ အဲဒီလောက်အထိ အများကြီး လွတ်နေရတာလဲ"

"အဲဒီမှာ ရှိနေတဲ့ ဂိမ်းကုမ္ပဏီတစ်ခုက လွန်ခဲ့တဲ့ ၄ လလောက်က ပန်ဂယို နည်းပညာနယ်မြေဆီ ပြောင်းရွှေ့သွားလို့လေ။ အဲဒီနောက်ပိုင်း ဘယ်သူမှ ထပ်မပြောင်းလာကြသေးဘူး"

အစိုးရက ပန်ဂယိုမှာ အကြီးစား အိုင်တီ စက်မှုဇုန်တစ်ခုကို တက်တက်ကြွကြွ ဖော်ဆောင်ခဲ့တာကြောင့် မြို့တော် နယ်နိမိတ်အတွင်းမှာ ပြန့်ကျဲနေတဲ့ ဂိမ်းကုမ္ပဏီတွေနဲ့ အင်တာနက် ကုမ္ပဏီတွေက အဲဒီဆီကို တစ်ပြိုင်ထဲ ပြောင်းရွှေ့သွားကြတာပါ။

ဘန်ဒန်ရထားလမ်းကြောင်းနဲ့ ရှင်ဘန်ဒန်ရထားလမ်းကြားတွေက တစ်ဆင့် ဂန်နမ်နဲ့ ချိတ်ဆက်ထားတဲ့ ပန်ဂယိုဟာ ဂန်နမ်ရဲ့ ရုံးခန်းနေရာ လိုအပ်ချက်အပေါ် သိသိသာသာ သက်ရောက်မှု ရှိခဲ့ပြီး ရုံးခန်းလွတ်နှုန်းကို မြင့်တက်စေခဲ့တယ်။

"အထပ် ၆ ထပ်ဆိုရင် လုံလောက်ပါ့မလား"

"အများကြီး လုံလောက်ပါတယ်။ ငှားရမ်းခကော ဘယ်လိုရှိလဲ"

အစ်မ အိုဟျွန်းဂျူးက အေးအေးဆေးဆေးပဲ ပြောတယ်။

"နင်လည်း လက်ရှိပေါက်စျေးကို သိနေတာပဲဆိုတော့ ပုံမှန် ပေါက်ဈေးရဲ့ ထက်ဝက်နဲ့ပဲ ပေးပါ့မယ်"

ကျွန်တော် နည်းနည်း အံ့ဩသွားရတယ်။

"အဲလိုလုပ်ပေးတာက ပြဿနာမရှိဘူးမလား"

အရေးကြီးတဲ့ ဖောက်သည်တွေအတွက် လျှော့ဈေးပေးတာက လက်ခံနိုင်စရာ ရှိပေမဲ့ အဲဒီထက်ကျော်လွန်ပြီး အခွင့်အရေးတွေ ပေးတာကတော့ အလွဲသုံးစားလုပ်မှု မြောက်သွားနိုင်ပါတယ်။ တကယ်လို့ ပေါ်ပေါက်လာရင် ပြဿနာတွေ ဖြစ်လာနိုင်တာပေါ့။

အစ်မ အိုဟျွန်းဂျူးက စီးကရက်တစ်လိပ်ကို ခဲထားရင်းနဲ့ ပြုံးလိုက်တယ်။

"အခမဲ့ ငှားတာလည်း မဟုတ်ဘူးလေ။ ပြီးတော့ Golden Gate ရဲ့ နာမည်ကိုလည်း အဲဒီမှာ ထည့်ပေးထားမှာမလား။ ငါတို့လည်း လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု လှုပ်ရှားမှုတွေ လုပ်ဖို့ စဉ်းစားနေတာဆိုတော့ ဒါက ပုံရိပ်ကို အသစ်ပြင်ဆင်ဖို့ အခွင့်အရေးကောင်းပဲလေ။ ဘာရည်ရွယ်ချက်နဲ့ သုံးမှန်းမသိရတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းတာထက်စာရင် ဒါက ပိုပြီး မကောင်းဘူးလား"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"ကျွန်တော်တို့ဘက်ကတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပေါ့"

"ကောင်းတဲ့အရာတွေကို အတူတူ မျှဝေတာက ပိုကောင်းတာပေါ့"

Golden Gate မှာ အမျိုးမျိုးသော ကျွမ်းကျင်သူတွေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တွေ ရှိနေတာကြောင့် အကြံပေး ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနိုင်မှာပါ။ ဒါက ရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေတာ ဒါမှမဟုတ် ချေးငွေရယူတဲ့ နေရာတွေမှာ အများကြီး အထောက်အကူ ဖြစ်စေမှာပါ။

"ဒီရောက်နေတုန်း စာချုပ်ပါ တစ်ခါထဲ ရေးလိုက်ရအောင်"

"ရေးကြတာပေါ့"

အစ်မအိုဟျွန်းဂျူးက ရုံးတွင်းဖုန်းကို ကောက်ကိုင်လိုက်ပြီး ဥပဒေရေးရာအဖွဲ့ကို ဆက်သွယ်လိုက်တယ်။ မကြာခင်မှာပဲ ရှေ့နေတစ်ယောက်က စာချုပ်ကို ယူပြီး အပေါ်တက်လာခဲ့တယ်။

အယ်လီက ကျွန်တော့်မျက်နှာကို မြင်တော့ ဝမ်းသာသွားခဲ့တယ်။

"အို... ကန်ဂျင်ဟူလည်း ဒီမှာ ရှိနေတာပဲ။ ဘယ်တုန်းက ရောက်တာလဲ"

"အခုတင်ပဲ ရောက်တာ"

အယ်လီကို ခဏခဏ မြင်တွေ့နေရတာ ဖြစ်ပေမဲ့ ကျွန်တော့်နှလုံးသားက ခဏလောက် မြန်မြန် ခုန်သွားခဲ့ရတယ်။

ဒီရက်ပိုင်း အယ်လီက တကယ်ကို လှပနေခဲ့တာပါ။ အခုအချိန်အထိတော့ ယောက်ျားလေးလို ပုံစံမျိုး ရှိခဲ့တာ ဖြစ်ပေမဲ့ အမျိုးသမီးဆန်တဲ့ ဆွဲဆောင်မှုတွေတော့ ထွက်ပေါ်နေခဲ့ပါပြီ။

"ကန်ဂျင်ဟူက စာချုပ်ချုပ်မလို့လား။ ဘာအကြောင်းအရာလဲ"

ကျွန်တော် အကြောင်းအရာကို အကျဉ်းချုပ် ရှင်းပြလိုက်တဲ့အခါ အယ်လီက တောက်ပစွာ ပြုံးလိုက်တယ်။

"ဒီလို စိတ်ကူးမျိုး ဘယ်လိုရတာလဲ။ ကန်ဂျင်ဟူက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"

အယ်လီရဲ့ အပြုံးက တကယ်ကို စွဲမက်စရာ ကောင်းလှပါတယ်။

OTK ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျွန်တော် ငှားရမ်းမှု သဘောတူညီချက် စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးလိုက်တယ်။

Golden Gate အဆောက်အဦးက ဂန်နမ်ဘူတာကနေဆိုရင် လမ်းလျှောက်ရင် ၅ မိနစ်လောက်ပဲ ဝေးပါတယ်။

အဆောက်အဦးရဲ့ ၂၈ ထပ်ထဲကနေ အထပ် ၆ ထပ်က လုံးဝ အလွတ်ကြီး ဖြစ်နေတာပါ။ အထပ်တစ်ခုကိုတော့ ကော်ဖီဆိုင်၊ အစည်းအဝေးခန်း၊ စတူဒီယိုတွေနဲ့ ရေချိုးခန်းတွေ ပါဝင်မယ့် အနားယူခန်း အဖြစ် ပြုလုပ်ဖို့ စဉ်းစားထားပြီး ကျန်တဲ့အထပ်တွေကိုတော့ ရုံးခန်းနေရာ သက်သက်ပဲ လုပ်မှာပါ။

အစ်မ အိုဟျွန်းဂျူးရဲ့ အကူအညီနဲ့အတူ နေရာအကျယ်အဝန်းအလိုက် ပုံစံထုတ်ပေးနိုင်ဖို့အတွက် ကျွမ်းကျင်သူတစ်ယောက်ကို ချက်ချင်းပဲ ခေါ်ယူလိုက်တယ်။

ပုံမှန်အားဖြင့်တော့ သီးသန့်ရုံးခန်းတွေကို သွားလာလှုပ်ရှားမှုတွေ ထပ်တူမကျအောင် ပုံစံထုတ်လေ့ ရှိကြတယ်။ ဒါပေမဲ့ Startupတွေအတွက်ကတော့ အပြန်အလှန် ဆက်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက မရှိမဖြစ် လိုအပ်တာကြောင့် သွားလာလှုပ်ရှားမှုတွေ အတိုင်းအတာတစ်ခုအထိ ထပ်တူကျနိုင်မယ့် ပုံစံမျိုးကို တမင်တကာ ဖန်တီးလိုက်တယ်။

ရုံးခန်းတွေကို လူတစ်ယောက်ကနေ ဆယ်ယောက်အထိ ဆန့်နိုင်မယ့် ပုံစံမျိုးစုံ ပြုလုပ်ထားပြီး လိုအပ်ရင် လိုအပ်သလို အကျယ်အဝန်းကို ချိန်ညှိနိုင်မယ့် ပုံစံမျိုးတွေအထိပါ ထည့်သွင်းထားတာပါ။

ကျွန်တော်တို့ အားလုံး အဆောက်အဦးရဲ့ အတွင်းပိုင်းကို လှည့်ပတ်ကြည့်ရှုခဲ့ကြတယ်။ ဒါက ကျွန်တော် ထင်ထားတာထက် အများကြီး ပိုပြီး ကျယ်ဝန်းနေခဲ့တယ်။ မျှဝေသုံးစွဲမယ့် နေရာအများစုကို အနားယူခန်းထဲမှာပဲ ထားရှိမှာဖြစ်လို့ အထပ်တစ်ခုမှာ အနည်းဆုံး ရုံးခန်း အခန်း ၂၀ လောက်တော့ ဖန်တီးနိုင်လိမ့်မယ်လို့ တွေးမိတယ်။

အစ်မ အိုဟျွန်းဂျူးက မေးတယ်။

"နင်က ဒီနေရာကို လူတွေနဲ့ အပြည့် ဖြည့်နိုင်မှာ သေချာလို့လား"

"အင်း... အချိန်ယူပြီး ဖြည့်သွားရမှာပေါ့" လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။

ဒီလို ပြောလိုက်တာ ဖြစ်ပေမဲ့ စိုးရိမ်စိတ်ကတော့ ဝင်လာမိတာ အမှန်ပါပဲ။ အစကတည်းက တအား အကြီးကြီး လုပ်မိသွားသလို ခံစားရတယ်။ အစပိုင်းမှာ ၃ ထပ်လောက်ပဲ ငှားခဲ့ရင် ပိုကောင်းမလား။

အယ်လီက ပြုံးပြီး ပြောတယ်။

"အဆင်ပြေသွားမှာပါ၊ အဲဒါကြောင့် စိုးရိမ်မနေနဲ့။ ဒါနဲ့ နာမည်ကိုကော ဘယ်လိုပေးမှာလဲ"

"အင်း... မစဉ်းစားရသေးဘူး"

အခုမှ ပြန်တွေးကြည့်တော့ နာမည်ပေးဖို့ကို လုံးဝ မစဉ်းစားမိသေးပါဘူး။

တက်ဂယူက အကြံပြုလာတယ်။

"OTK ကုမ္ပဏီနဲ့ Golden Gate တို့ အတူတူ လုပ်တာဆိုတော့ OTK Gate လို့ ပေးရင် ဘယ်လိုလဲ"

"အို... အဲဒါ ကောင်းသားပဲ"

အယ်လီက 'OTK Gate' ဆိုတဲ့ နာမည်ကို သဘောကျနေပုံရပြီး တိုးတိုးလေး ရွတ်နေခဲ့တယ်။

"..."

လူတွေက ဒါကို Otaku Gate လို့ လျှောက်ခေါ်ကြမှာ မဟုတ်ဘူးမလား။

ဒါပေမဲ့ ပိုကောင်းတဲ့ နာမည် မစဉ်းစားနိုင်သေးတာကြောင့် ဒီနာမည်နဲ့ပဲ ဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ရုံးတွင်းပိုင်း ပြင်ဆင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်တာနဲ့အမျှ ကျွန်တော်တို့က ကြော်ငြာတွေကို ထုတ်ခဲ့ပြီး နေရာငှားရမ်းဖို့ စိတ်ဝင်စားတဲ့ Startup တွေကို ဖိတ်ခေါ်ဖို့အတွက် တက္ကသိုလ်အသီးသီးဆီကို တရားဝင် စာချွန်လွှာတွေ ပေးပို့ခဲ့တယ်။

အစောပိုင်းအနေနဲ့ သေချာ စိစစ်ပြီးမှ လက်ခံဖို့ စဉ်းစားထားတာမလို့ လျှောက်ထားသူတွေ အများကြီး ရှိပါစေလို့ပဲ မျှော်လင့်ထားမိတယ်။

တကယ်လို့ ဒါကြီးကို ဆောက်ပြီးမှ ဘယ်သူမှ ဝင်မလာကြရင် ဘယ်လိုလုပ်မလဲ။

...ဒါပေမဲ့ ဒီစိုးရိမ်ပူပန်မှုက မလိုအပ်ဘူးဆိုတာ သိရဖို့ အချိန်အများကြီး မကြာခဲ့ပါဘူး။

[OTK ကုမ္ပဏီ လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်]

[OTK ကုမ္ပဏီသည် Startup များကို ပံ့ပိုးပေးရန်အတွက် Golden Gate နှင့် လက်တွဲ]

[OTK ကုမ္ပဏီ နှင့် Golden Gate တို့က Startup တွက် Co-Working နေရာကို စတင်လိုက်ပြီ]

[OTK Gate က တောင်ကိုရီးယား Startup များအတွက် အခွင့်အရေးသစ်တစ်ခု ဖြစ်လာမလား]

OTK Gate ဆိုတာ Otaku ကမ္ဘာထဲကို ဝင်သွားသလိုပဲ ခံစားရတယ်။

သူတို့က ဂိမ်းနဲ့ အန်နီမေး ကုမ္ပဏီတွေကိုပဲ လက်ခံမှာ မဟုတ်ဘူးမလား။

လူနှစ်ယောက်စာ ရုံးခန်းရဲ့ ဈေးနှုန်းက ဝမ် ၂ သိန်းပဲ ရှိတယ်လို့ ပြောကြတယ်။

ဝိုး... အဲဒါက တခြားနေရာတွေနဲ့ နှိုင်းယှဉ်ရင် ငါးပုံတစ်ပုံလောက်ပဲ ရှိတာပဲ။

ပိုတောင် ဈေးသက်သာသေးတယ်။ ဒါတင်မကဘဲ OTK ကုမ္ပဏီနဲ့ Golden Gate တို့က အကြံပေး ဝန်ဆောင်မှုတွေကိုပါ ပေးဦးမှာတဲ့။

ငါ အလုပ်တစ်ခု စတည်ထောင်တော့မှာမလို့ အလုပ်ရှာနေတာကို ရပ်လိုက်တော့မယ်။

OTK ကုမ္ပဏီကို သဘောကျတယ်။ သစ္စာရှိပါ့မယ်၊ သစ္စာရှိပါ့မယ်။

စိစစ်ရေး လုပ်ငန်းစဉ်က တော်တော်လေး တင်းကျပ်မယ့်ပုံပဲ။

ငါ ဒီနေ့ပဲ လျှောက်လွှာ ပို့လိုက်ပြီ။ ကျေးဇူးပြုပြီး အောင်မြင်ပါစေ။

ကိုရီးယား တက္ကသိုလ်၊ ဆိုးလ်မှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်တွေ၊ KAIST နဲ့ ပိုဟန် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်တွေ အပါအဝင် တက္ကသိုလ်အသီးသီးကနေ လျှောက်လွှာတွေ အများကြီး ရောက်ရှိလာခဲ့ကြတယ်။

လက်ရှိ Co-working နေရာတွေမှာ ရှိနေပြီးသား Startup တွေကလည်း သက်သာတဲ့ ငှားရမ်းခနဲ့ ကောင်းမွန်တဲ့ တည်နေရာကြောင့် အများကြီး စိတ်ဝင်စားမှု ပြသလာခဲ့ကြတယ်။

ပြိုင်ဆိုင်မှုက ချက်ချင်းဆိုသလိုပဲ ၁၀ ဆထက်မက မြင့်တက်သွားခဲ့ရတယ်။

စိစစ်တာနဲ့ လူတွေ့စစ်ဆေးမှုတွေက တစ်လထက်မက အချိန်ယူရမယ့်ပုံပါပဲ။ ကျွန်တော်တို့ ချည်းပဲ မလုပ်နိုင်တာကြောင့် Golden Gate ရဲ့ ဝန်ထမ်းတွေပါ ပါဝင်ကူညီပေးခဲ့ကြရတယ်။

ပထမဆုံး ရွေးချယ်ခံရတဲ့ Startup ကတော့ Full Riding ပဲ ဖြစ်ပါတယ်။

တက်ဂယူနဲ့အတူ မြေအောက် ကားပါကင်ကို ဆင်းလာတုန်းမှာ စီနီယာ ဆန်းယော့က McLaren ကားကြီးကို မောင်းပြီး ထွက်လာတာကို မြင်လိုက်ရတယ်။

"ဘယ်သွားမလို့လဲ"

"ချိန်းတွေ့ဖို့ သွားမလို့"

အဲဒီစကားကို ကြားတော့ ကျွန်တော် အံ့ဩသွားမိတယ်။

"စီနီယာက ရည်းစားရသွားပြီလား"

စီနီယာ ဆန်းယော့က အနေခက်သလိုမျိုး ရယ်မောလိုက်တယ်။

"မရသေးပါဘူး၊ မိတ်ဆက်ပေးလို့ အခုမှ တစ်ခေါက်နှစ်ခေါက်လောက်ပဲ တွေ့ဖူးသေးတာ"

ဒါကြောင့်မလို့ပဲ ဒီရက်ပိုင်း အလုပ်ဆင်းချိန်ရောက်တာနဲ့ ချက်ချင်း ပြန်နေတာကိုး။

သူ အလုပ်ရှုပ်နေရင်တောင်မှ အရာအားလုံးကို ဖြစ်အောင် လုပ်နိုင်တာပဲ။ တက်ဂယူ ပြောသလိုပါပဲ တခြားသူတွေက အလုပ်ရှုပ်နေရုံနဲ့ ချိန်းတွေ့လို့ မရဘူးလို့ မဆိုလိုပါဘူး။ အချိန်တန်ရင် ချိန်းတွေ့တာက သဘာဝကျပါတယ်။

"ပျော်စရာ ချိန်းတွေ့မှု ဖြစ်ပါစေ"

"အင်း။ အဆင်ပြေသွားရင် နောက်မှ မင်းတို့ကို မိတ်ဆက်ပေးမယ်"

မောင်းထွက်သွားတဲ့ စီနီယာ ဆန်းယော့ကို ကြည့်ပြီး ကျွန်တော် တွေးနေမိတယ်။

အာ... နွေဦးရာသီက တကယ်ပဲ ရောက်လာခဲ့ပြီပဲ။

ကျွန်တော်တို့ အိမ်ကိုပြန်မောင်းလာခဲ့ကြတယ်။ အိမ်ထဲကို ဝင်လိုက်တိုင်း ဒီအိမ်က ဘယ်လောက်အထိ ကျယ်ဝန်းလဲဆိုတာ ခံစားမိရတယ်။ ဒီလို အိမ်ကြီးထဲမှာ နေထိုင်ရလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဖူးဘူး။

အမှတ်တရအနေနဲ့ ပြောရရင် ဒီအိမ်ရဲ့ အရင်ပိုင်ရှင်ကတော့ လက်ရှိမှာ အချုပ်ထဲ ရောက်နေတာပါ။ သူက အယူခံဝင်ဖို့ စောင့်ဆိုင်းရင်းနဲ့ ဆိုင်းငံ့ပြစ်ဒဏ် ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားပုံတော့ ရတယ်။

"ညစာ ဘာစားကြမလဲ"

"တစ်ခုခုပဲ မှာစားလိုက်ရအောင်။ ငါ လှုပ်တောင် မလှုပ်ချင်တော့ဘူး"

"ငါ ပီဇာ မှာလိုက်မယ်"

"ကောင်းသားပဲ"

ကျွန်တော် အဝတ်အစားတောင် မလဲရသေးဘဲ ဆိုဖာပေါ်မှာ လှဲချလိုက်ပြီး တီဗီကို ဖွင့်လိုက်တယ်။

မကြာသေးမီကအထိ လူစိတ်ဝင်စားမှုများတဲ့ အဓိက အကြောင်းအရာကတော့ အမေရိကန်ရဲ့ အကြီးစား အခွန်လျှော့ချမှုပဲ ဖြစ်ပြီး ဒါက ကျွန်တော်တို့နဲ့ တိုက်ရိုက် သက်ရောက်မှု ရှိနေတာပါ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ CNN မှာ အခွန်လျှော့ချမှုနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ငြင်းခုံမှုတွေ ဖြစ်ပွားနေခဲ့တယ်။ ထောက်ခံတဲ့သူတွေနဲ့ ကန့်ကွက်တဲ့သူတွေက ပြင်းထန်တဲ့ စကားလုံးတွေ သုံးပြီး အပြန်အလှန် စကားပြောနေကြတာပါ။

ဆွေးနွေးပွဲအတွင်းမှာ အသံဗလံတွေ ကျယ်လောင်လာတာက အမေရိကမှာကော ကျွန်တော်တို့ နိုင်ငံမှာကော တူတူပါပဲ။

ထောက်ခံတဲ့ဘက်က စီးပွားရေးပါမောက္ခက Laffer Curve ကို ထုတ်ပြောလာပြီး အခွန်လျှော့ချတာက အမေရိကန် စီးပွားရေးကို ကြီးထွားလာစေလိမ့်မယ်လို့ ငြင်းခုံနေခဲ့တယ်။

"Laffer Curve ဆိုတာ ဘာလဲ။ အဲဒါက Eminem နဲ့ ဘာဆိုင်လို့လဲ"

"...လုံးဝမဆိုင်ဘူး"

Eminem က ဘာလို့ ပါလာရတာလဲ။

'rapper' မဟုတ်ဘဲ 'Laffer' လေကွာ။

"အဲ့ဒါက အမေရိကန် စီးပွားရေးပညာရှင် Arthur Laffer တီထွင်ခဲ့တဲ့ သီအိုရီတစ်ခုပဲ။ အလွယ်ပြောရရင် အခွန်နှုန်းထားတွေ မြင့်တက်လာတာနဲ့အမျှ အခွန်ဝင်ငွေက တိုးလာတတ်ပေမဲ့ အကောင်းဆုံး အမှတ်တစ်ခုကို ကျော်လွန်သွားတဲ့အခါ အလုပ်လုပ်ချင်စိတ်က ကျဆင်းသွားပြီး အခွန်ဝင်ငွေတွေပါ ကျဆင်းသွားတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့"

ဂရပ်ဖ်ရဲ့ ပုံစံက ပါရာဘိုလာပုံစံ ဖြစ်ပေါ်နေတာကြောင့် ဒါကို 'Laffer Curve' လို့ ခေါ်တာပါ။

"အဲဒီသီအိုရီကို အခွန်လျှော့ချဖို့ တောင်းဆိုတဲ့နေရာမှာ မကြာခဏ အသုံးပြုလေ့ ရှိကြတယ်။ အခွန်တွေကို လျှော့ချပေးလိုက်ရင် အလုပ်လုပ်ချင်စိတ်နဲ့ ရင်းနှီးမြှုပ်နှံချင်စိတ်တွေကို မြင့်တက်စေပြီး နောက်ဆုံးမှာ အခွန်ဝင်ငွေတွေကိုပါ တိုးပွားလာစေလိမ့်မယ်ဆိုတဲ့ စိတ်ကူးမျိုးပေါ့"

ဒါပေမဲ့ Laffer Curve က အငြင်းပွားစရာတွေ အများကြီး ရှိနေပါတယ်။ ဒီအယူအဆကို ငြင်းပယ်ဖို့ ခက်ခဲတာ မှန်ပေမဲ့ အကောင်းဆုံး အခွန်နှုန်းထားက ဘယ်လောက်လဲဆိုတာနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေကတော့ အများကြီး ကွဲပြားနေကြတာပါ။

အံ့ဩစရာကောင်းတာက အခွန်နှုန်းထား မြင့်မားတာက အလုပ်လုပ်ချင်စိတ်ကို မပြောင်းလဲစေသလို၊ အခွန်လျှော့ချပေးတာ ကလည်း ရင်းနှီးမြှုပ်နှံမှုတွေကို သိသိသာသာ တိုးတက်လာစေတာမျိုး အမြဲတမ်း ဖြစ်မနေပါဘူး။

တစ်နည်းအားဖြင့် ပြောရရင် အခွန်လျှော့ချတာက စီးပွားရေးကို အလိုအလျောက် လှုံ့ဆော်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။

ဒီမိုကရက်တစ်ပါတီက ရိုနယ်ရဲ့ မူဝါဒတွေကို အမြဲတမ်း ကန့်ကွက်ခဲ့ကြတာ ဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်း မရှိခဲ့ကြဘူး။

"သူတို့က ဘာလို့ မကန့်ကွက်ကြတာလဲ"

"ဘာလို့လဲဆိုတော့ ဒီမိုကရက်တွေကလည်း ကုမ္ပဏီကြီးတွေဆီကနေ နိုင်ငံရေး ရန်ပုံငွေတွေ ရရှိကြလို့လေ။ ပြီးတော့ ယေဘုယျအားဖြင့် တိုးတက်ပြောင်းလဲလိုသူပဲဖြစ်ဖြစ်၊ ကွန်ဆာဗေးတစ်သမားပဲဖြစ်ဖြစ် လူတိုင်းက အခွန်လျှော့ချတာကို သဘောကျကြတာပဲ"

အခွန်လျှော့ချတာကို ဘယ်သူက မုန်းမှာလဲ။

လူတိုင်း သဘောကျတဲ့ အခွန်လျှော့ချမှုကို အလောတကြီး အကောင်အထည်မဖော်နိုင်ကြတဲ့ အကြောင်းရင်းကတော့ ဘတ်ဂျက် လိုငွေပြမှုကြောင့်ပါ။ အခွန်တွေကို လျှော့ချဖို့က လွယ်ကူပေမဲ့ ပြန်ပြီး တိုးမြှင့်ဖို့ကတော့ တော်တော်လေးကို ခက်ခဲလှတာလေ။

ရိုနယ်ရဲ့ အခွန်လျှော့ချရေး အစီအစဉ်ရဲ့ အဓိကအချက်ကတော့ ကော်ပိုရိတ် အခွန်နှုန်းထားကို လက်ရှိ ၃၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ရည်ရွယ်တာပါ။ တကယ်လို့ လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ရင် ဒါက ရေဂင်အစိုးရ လက်ထက်နောက်ပိုင်း အကြီးမားဆုံး အခွန်လျှော့ချမှု ဖြစ်လာပါလိမ့်မယ်။

ရိုနယ် အစောပိုင်း သမ္မတအဖြစ် အရွေးခံရတုန်းက အမေရိကန် စတော့စျေးကွက်က အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတယ်။ မဲရေတွက်နေတုန်း ဒိုင်ယန်က ဦးဆောင်နေတဲ့အချိန်မှာ စတော့စျေးကွက်က တက်လာခဲ့ပေမဲ့ ရိုနယ်က အသာစီးရလာတာနဲ့အမျှ ချက်ချင်းဆိုသလို ထိုးကျသွားခဲ့တယ်။ (ဒါကြောင့်မလို့ပဲ ကျွန်တော်တို့ ဒေါ်လာ သန်းထောင်ပေါင်းများစွာ ရှာဖွေနိုင်ခဲ့တာပေါ့)။

ဒါပေမဲ့ လက်တွေ့မှာတော့ လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ရတယ်။ အခွန်လျှော့ချမှုအပေါ် မျှော်လင့်ချက်တွေကြောင့် အမေရိကန်ရဲ့ အဓိက စျေးကွက်ညွှန်းကိန်း သုံးခုစလုံး (Dow၊ Nasdaq၊ S&P) က စံချိန်တင် အမြင့်ဆုံးအထိ ဆက်တိုက် မြင့်တက်လာခဲ့ပြီး အောင်မြင် ဖြစ်ထွန်းနေခဲ့တယ်။

အခွန်တွေ လျှော့ချလိုက်တာနဲ့အမျှ ကုမ္ပဏီတွေရဲ့ အကျိုးအမြတ်က တိုးလာမှာပဲလေ။ အမေရိကမှာ လုပ်ငန်းအများအပြား ရှိနေတဲ့ OTK ကုမ္ပဏီအနေနဲ့လည်း ဒီအကျိုးကျေးဇူးကို ခံစားရဖို့ ရှိနေပါတယ်။

ပြန်တွေးကြည့်တော့...

"ရိုနယ်က မကြာခင် ကိုရီးယားကို လာတော့မယ်"

သမ္မတ ရိုနယ်နဲ့ သမ္မတ ပတ်ဆီဟျွန်းတို့ရဲ့ ထိပ်သီးအစည်းအဝေးကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အတိတ်တုန်းကတော့ ရိုနယ်က စီးပွားရေး ကိစ္စရပ်တွေအတွက် ကိုရီးယားကို အကြိမ်အနည်းငယ် လာရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ဖြစ်လာပြီးနောက်ပိုင်း ဒါက ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ် ဖြစ်လာပါလိမ့်မယ်။

မူလကတော့ သူက နှစ်ကုန်ပိုင်းလောက်မှ လာဖို့ မျှော်လင့်ထားတာ ဖြစ်ပေမဲ့ မြောက်ကိုရီးယား နျူကလီးယား ကိစ္စ၊ တောင်ကိုရီးယားအခြေစိုက် အမေရိကန် စစ်တပ်အတွက် ကာကွယ်ရေး စရိတ်မျှဝေမှုနဲ့ ကိုရီးယား-အမေရိကန် FTA ပြင်ဆင်မှု စတဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဖို့အတွက် အချိန်ဇယားကို ရှေ့တိုးလိုက်တာ ဖြစ်ပါတယ်။

...ဒါတွေက အပေါ်ယံ အကြောင်းပြချက်တွေ သက်သက်ပါပဲ။

ရိုနယ်က ကျဆင်းနေတဲ့ သူ့ရဲ့ ထောက်ခံမှုနှုန်းကို သန်မာတဲ့ သမ္မတတစ်ဦးရဲ့ ပုံရိပ်ကို ပြသရင်းနဲ့ မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ပတ်ဆီဟျွန်းကတော့ ဒီထိပ်သီးအစည်းအဝေးကို ငွေစုဘဏ် ကိစ္စရပ်တွေကနေ ကျော်လွန်သွားနိုင်မယ့် အခွင့်အရေးတစ်ခုအဖြစ် မြင်နေတာပါ။

ကျွန်တော်က တောင်ကိုရီးယား သမ္မတနဲ့ ဆက်ဆံရေး အဆိုးရွားဆုံး စီးပွားရေးသမား ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အမေရိကန် သမ္မတနဲ့ ဆက်ဆံရေး အကောင်းဆုံး စီးပွားရေးသမားလည်း ဖြစ်နေပြန်တာပေါ့။

ရိုနယ်ရဲ့ ဒီတစ်ခေါက် ခရီးစဉ်မှာ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ ပါဝင်လာမှာဖြစ်ပြီး တောင်ကိုရီးယား စီးပွားရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိနေပါတယ်။

သဘာဝကျကျပဲ၊ ကျွန်တော့်နာမည်နဲ့ တက်ဂယူရဲ့ နာမည်ကလည်း အဲဒီစာရင်းထဲမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။

All Chapters