← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း (၁၄၈)

ပိတ်ရက်တွေဆိုရင်တော့ ကျွန်တော်က အိမ်မှာပဲ နားနားနေနေ နေရတာကို ပိုသဘောကျတယ်။

အိပ်ရာကနေ နောက်ကျမှ နိုးလာပြီး ကော်ဖီဖျော်ဖို့ မီးဖိုချောင်ထဲ ဆင်းလာခဲ့တယ်။ တက်ဂယူကတော့ ဧည့်ခန်းဆိုဖာပေါ်မှာ တီဗီဖွင့်ရက်သားကြီး အိပ်ပျော်နေတုန်းပဲ။ တစ်ညလုံး ဂိမ်းဆော့ထားပုံရတယ်။

ရှုပ်ပွနေတဲ့ ဧည့်ခန်းကို ရှင်းလင်းရင်းနဲ့ သူ့ကို နှိုးလိုက်တယ်။

"ဟေ့ကောင်... ထတော့"

"ဘာလို့ နှိုးတာလဲကွာ။ နောက်ထပ် နည်းနည်းလောက် ထပ်အိပ်ပါရစေဦး"

"ခဏနေရင် အစ်မဟျွန်းဂျူးနဲ့ အယ်လီတို့ လာကြတော့မှာ"

ကျွန်တော် ရေမိုးချိုးပြီး အိမ်သန့်ရှင်းရေး လုပ်လို့အပြီးမှာပဲ အစ်မ ဟျွန်းဂျူးနဲ့ အယ်လီတို့ ရောက်လာကြတယ်။ သူတို့က မြေအောက်ကားပါကင်မှာ ကားရပ်ခဲ့ပြီး ဓာတ်လှေကားစီးကာ ဧည့်ခန်းထဲ ဝင်လာခဲ့ကြတာပါ။

"ငါတို့ ရောက်ပြီ"

"ကြိုဆိုပါတယ်"

အယ်လီက ပုံမှန်ဝတ်နေကျ အမျိုးသမီး စတိုင်လ် ဝတ်စုံအစား လက်ရှည်အကျီနဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားတယ်။ စကင်နီဂျင်းဘောင်းဘီက သူ့ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုပြီး ပေါ်လွင်စေခဲ့တယ်။ အစ်မ ဟျွန်းဂျူးကလည်း ဒီနေ့တော့ ပေါ့ပေါ့ပါးပါးပဲ ဝတ်ဆင်ထားပါတယ်။

တက်ဂယူက အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်ရင်း ပြောတယ်။

"မမ ရောက်လာပြီလား"

"ဂျက်စီကာက ပိတ်ရက်မှာတောင် အလုပ်လုပ်မယ် လုပ်နေလို့ ငါ အတင်းခေါ်လာခဲ့တာ။ ငါ တော်တယ်မလား"

အစ်မ ဟျွန်းဂျူးက အယ်လီကို အနားပေးချင်လို့ ပိတ်ရက် နေ့လယ်စာစားဖို့ တမင်တကာ စီစဉ်ခဲ့တာ ထင်တယ်။

Golden Gate က တရားဝင်အားဖြင့် တစ်ပတ်မှာ ၅ ရက်ပဲ အလုပ်လုပ်ရတာ ဖြစ်ပေမဲ့ ဝန်ထမ်းတွေကတော့ ပိတ်ရက်တွေမှာလည်း ဆန္ဒအလျောက် ရုံးတက်တတ်ကြတယ်။ ဌာနခွဲမန်နေဂျာကိုယ်တိုင်ကတောင် အိပ်ချိန်မရှိဘဲ အလုပ်လုပ်နေတာဆိုတော့ ဝန်ထမ်းတွေက ဘယ်လိုလုပ် အနားယူရဲပါ့မလဲ။

စွမ်းဆောင်ရည်ရှိပြီး ကြိုးစားတဲ့ အထက်လူကြီးအောက်မှာ အလုပ်လုပ်ရတာထက် ပိုပင်ပန်းတာ မရှိတော့ဘူး။ တကယ်လို့ အရည်အချင်းမရှိတဲ့သူက အုပ်ချုပ်နေတာဆိုရင် အလုပ်ထွက်ဖို့ ဒါမှမဟုတ် အလုပ်ပြောင်းဖို့ စဉ်းစားနိုင်ပေမဲ့ ညွှန်ကြားချက်တွေက တိကျပြီး လိုအပ်တဲ့အရာတွေ ဖြစ်နေတဲ့အခါကျတော့ မလိုက်နာဘဲ မနေနိုင်တော့ဘူးလေ။

အစ်မ ဟျွန်းဂျူးရဲ့ ကြိုးစားအားထုတ်မှု (ပြီးတော့ ဝန်ထမ်းတွေရဲ့ အချိန်ပိုအလုပ်ဆင်းမှု) ကြောင့် Golden Gate ရဲ့ ကိုရီးယားဌာနခွဲက အာရှဌာနခွဲဆီကနေ ထပ်မံပံ့ပိုးကူညီမှု မလိုဘဲ သီးခြားလွတ်လပ်စွာ လည်ပတ်နိုင်တဲ့အထိ အခြေခိုင်သွားခဲ့ပါပြီ။

Golden Gate ဟာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွေ့အကြုံနဲ့ အခြေခံအဆောက်အဦးတွေကို အသုံးချပြီး ကော်ပိုရိတ် ဖောက်သည်တွေနဲ့ အသားတင်ပိုင်ဆိုင်မှု မြင့်မားတဲ့သူတွေအပေါ် အဓိကထားပြီး အရောင်းမြှင့်တင်ခဲ့တယ်။

ဒီနှစ်ကုန်ပိုင်းကစပြီး သာမန်ဖောက်သည်တွေဆီအထိ လုပ်ငန်း ချဲ့ထွင်ဖို့၊ ခွဲတမ်းတွေ ဖွင့်လှစ်ဖို့ အစီအစဉ်ရှိနေတာပါ။ ဒါကြောင့်မလို့ ပြည်တွင်းက စတော့အာမခံကုမ္ပဏီတွေက ဖောက်သည်တွေ ဆုံးရှုံးမသွားစေဖို့အတွက် အထူးသတိထားနေကြရတယ်။

စားစရာတွေကိုတော့ အလုပ်လုပ်တဲ့ အမျိုးသမီးတွေက ကြိုတင်ပြင်ဆင်ထားကြတယ်။ ကျွန်တော်တို့အားလုံး ဝိုင်းဖွဲ့ပြီး အတူတူ စားသောက်ကြတယ်။

ဒီလိုမျိုး ရှိနေရတာက တကယ်ပဲ လူတွေ နေထိုင်တဲ့ အိမ်တစ်အိမ်လို ခံစားရစေတယ်။

ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်က စားသောက်တဲ့နေရာမှာ တအား ဂရုမစိုက်ဖြစ်ခဲ့ဘူးလေ။

စားသောက်ပြီးတဲ့နောက်မှာတော့ ဧည့်ခန်းထဲမှာ ကော်ဖီ ဒါမှမဟုတ် အချိုရည်တွေ သောက်ရင်း အသီးသီး ထိုင်နေကြတယ်။

"ငါ ဟိုတယ်ကနေ ကိတ်မုန့် ယူလာတယ်"

အယ်လီက ကိတ်မုန့်ကို လှီးပြီး ကျွန်တော်တို့ရဲ့ ပန်းကန်ပြားတွေထဲကို ထည့်ပေးခဲ့တယ်။

တက်ဂယူက စကားစလာတယ်။

"မနက်ဖြန် ရိုနယ် လာမှာမလား"

"သူ နေ့လယ်စာစားချိန်လောက်မှာ ရောက်လိမ့်မယ်"

သမ္မတ ရိုနယ်က တောင်ကိုရီးယားမှာ ၂ ညအိပ် ၃ ရက် ကုန်ဆုံးမှာဖြစ်ပြီး ဂျပန်နဲ့ တရုတ်နိုင်ငံတွေကိုလည်း ဆက်တိုက် သွားရောက်ဖို့ စီစဉ်ထားတာပါ။

သူ့ရဲ့ အချိန်ဇယားက ဆိုးလ်မှာရှိတဲ့ အမေရိကန်သံရုံး၊ ပြုံတက် အမေရိကန် စစ်အခြေစိုက်စခန်းက ဟမ်ဖရေးလေ့ကျင့်ရေးစခန်းဆီ သွားရောက်တာ၊ စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံတာ၊ လွှတ်တော်တွင်း မိန့်ခွန်းပြောကြားတာနဲ့ အမျိုးသားသုသာန်မှာ အခမ်းအနားတက်ရောက်တာ စတာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါတင်မကသေးဘဲ စတန်ပါ ကော်ပိုရေးရှင်းက ရှယ်ယာတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ဂါပြုံ ဂေါက်ကွင်းဆီကိုပါ သွားရောက်ဖို့ ထည့်သွင်းထားသေးတာပါ။

ဒီလို အလုပ်ရှုပ်နေတဲ့ အချိန်ဇယားကြားထဲမှာတောင် ဒါက သူ့ကုမ္ပဏီအတွက် ပါးနပ်တဲ့ ကိုယ်ပိုင်ကြော်ငြာမှုတစ်ခုလို့ ခေါ်နိုင်မလားပဲ။

အယ်လီက မေးတယ်။

"အခု ဂွမ်ဟွာမွန်း ရင်ပြင်မှာ ထောက်ခံတဲ့အဖွဲ့နဲ့ ကန့်ကွက်တဲ့အဖွဲ့တွေ ချီတက်ဆန္ဒပြနေကြတာ မဟုတ်ဘူးလား"

ဒါက အမေရိကန်သမ္မတရဲ့ ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်ဖြစ်တာကြောင့် လူအများအပြားက ကြိုဆိုတာကော၊ ကန့်ကွက်တာတွေကိုပါ ဖော်ပြခဲ့ကြတယ်။ ပိတ်ရက်အတွင်းမှာ ဂွမ်ဟွာမွန်း ရင်ပြင်မှာ အကြီးစား ချီတက်ဆန္ဒပြပွဲတစ်ခု ဖြစ်ပွားခဲ့တာပါ။

ရလဒ်အနေနဲ့ ရဲတပ်ဖွဲ့လည်း အလုပ်ရှုပ်သွားခဲ့ရတယ်။ သူတို့က အဝါရောင် အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး တပ်ဖွဲ့ပေါင်း ၁၉၅ ဖွဲ့နဲ့ အင်အား ၁၅,၀၀၀ ကို စေလွှတ်ကာ နှစ်ဖက်ကြား ပဋိပက္ခမဖြစ်ပွားစေဖို့ ခြံစည်းရိုးတွေ တပ်ဆင်ခဲ့ကြရတယ်။

"တီဗီ ဖွင့်လိုက်ဦး"

အစ်မ ဟျွန်းဂျူးရဲ့ အကြံပြုချက်ကြောင့် တက်ဂယူက တီဗီကို ဖွင့်လိုက်တယ်။

သူက သတင်းချန်နယ်ဆီ ပြောင်းလိုက်တဲ့အခါ ချီတက်ဆန္ဒပြပွဲတွေအကြောင်း သတင်းတွေ တက်လာခဲ့တယ်။ ရိုနယ်ရဲ့ လာရောက်မှုကို ကြိုဆိုနေကြတဲ့ ကွန်ဆာဗေးတစ်အုပ်စုတွေရဲ့ ရုပ်သံမှတ်တမ်းတွေ ပေါ်လာတာပေါ့။ အဲဒီအထဲမှာ ကွန်ဆာဗေးတစ်အုပ်စုတွေကို ကိုယ်စားပြုတဲ့ မိဘများသမဂ္ဂ၊ လူလတ်တန်းစား အမျိုးသမီးတွေချည်းပဲ ဖွဲ့စည်းထားတဲ့ 'အမေများ စေတနာ့ဝန်ထမ်းအဖွဲ့' နဲ့ ပတ်ဆီဟျွန်းကို ထောက်ခံတဲ့ 'ပတ်ဆာမို' အဖွဲ့ စတာတွေ ပါဝင်နေကြတယ်။

စစ်ဝတ်စုံဝတ်ထားတဲ့ သက်ကြီးရွယ်အို အမျိုးသားတွေလည်း ပါဝင်ကြပါတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့ရဲ့ ရှစ်ထောင့်ဦးထုပ်နဲ့ နေကာမျက်မှန်အမည်းကို ဝတ်ဆင်ထားတဲ့ သက်ကြီးရွယ်အို အမျိုးသားတစ်ယောက်က ကိုရီးယားအလံကို အားတက်သရော ဝှေ့ယမ်းနေခဲ့တယ်။

အယ်လီက စိတ်ဝင်တစားနဲ့ မေးတယ်။

"ဟိုလူတွေက ဘယ်သူတွေလဲ"

"ကိုရီးယားစစ်ပွဲ စစ်မှုထမ်းဟောင်းတွေ အဓိက ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ကယ်ဆယ်ရေး စစ်မှုထမ်းဟောင်းများအသင်းလို့ ခေါ်တယ်"

"ဪ... သိပြီ။ သူတို့က တကယ်ကို လေးစားစရာကောင်းတဲ့ လူတွေပဲ"

အယ်လီက ခေါင်းညိတ်ပြီးနောက်မှာပဲ သိပ်မကြာခင်မှာ နောက်မေးခွန်းတစ်ခု ထပ်မေးလာတယ်။

"ဒါပေမဲ့ အဲဒီစစ်ပွဲမှာ ပါဝင်ခဲ့ဖို့အတွက်ဆိုရင် သူတို့က တအား ငယ်လွန်းမနေဘူးလား"

"...အဲဒါတော့ ဟုတ်တယ်"

အဖွဲ့ဝင်အများစုက အသက် ၇၀ ဝန်းကျင်တွေဖြစ်ပြီး အများဆုံးမှ အသက် ၈၀ ဝန်းကျင်တွေပဲ ရှိကြတာပါ။ သူတို့က တကယ်ပဲ အသက် ၁ နှစ် ဒါမှမဟုတ် ၂ နှစ်သား အရွယ်ထဲက စစ်တိုက်ခဲ့ကြတာလား။

စင်မြင့်ထက်မှာတော့ အဖွဲ့အစည်းတစ်ခုချင်းစီက ကိုယ်စားလှယ်တွေ ထွက်ပြီး မိန့်ခွန်းပြောနေကြတယ်။ ရင်ပြင်တစ်ခုလုံးက အမေရိကန်အလံနဲ့အတူ လွှင့်ထူထားတဲ့ ကိုရီးယားအလံတွေနဲ့ ပြည့်နှက်နေပြီး အမျိုးမျိုးသော နဖူးစည်းစာတန်းတွေကိုလည်း ပြသထားကြတယ်။

[သမ္မတ ရိုနယ် စတန်ပါရဲ့ ခရီးစဉ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်]

[ကြိုဆိုပါတယ်... သမ္မတကြီး]

[သမ္မတ ရိုနယ်... ကျွန်တော်တို့ သမ္မတကြီးကို ချစ်ပါတယ်]

[အမေရိကန်ကို ချစ်တယ်]

[ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှု ရာသက်ပန် တည်တံ့ပါစေ]

[စစ်သားအိုကြီးတွေက ဘယ်တော့မှ မသေဘူး (Old soldiers naver die!)]

ကျွန်တော်တို့ နိုင်ငံသားတွေက အမေရိကန်သမ္မတကို ဒီလောက်အထိ ချစ်ကြတာပဲ။

အမေရိကမှာ နေ့တိုင်း ဝေဖန်ခံနေရတဲ့ ရိုနယ်အနေနဲ့ ဒါကို မြင်ရင် ဘယ်လောက်အထိ ပျော်သွားမလဲဆိုတာ တွေးနေမိတယ်။ မဟာမိတ်နိုင်ငံရဲ့ သမ္မတကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာက ကောင်းတဲ့အရာတစ်ခုပါပဲ။

လူတွေ့မေးမြန်းခန်းတစ်ခုအတွင်းမှာ ပါဝင်သူတစ်ယောက်က စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေပြီး မျက်ရည်ဝဲလျက် ပြောခဲ့တယ်။

"သမ္မတ ရိုနယ်က အရာအားလုံးကို ဖြေရှင်းပေးလိမ့်မယ်။ မျှော်လင့်ချက် ရှိတယ်မလား... မျှော်လင့်ချက်လေ"

သူက ဘာတွေ လုပ်ပေးမှာမလို့လဲဆိုတာတော့ ကျွန်တော် သေချာမသိပါဘူး။

အစ်မ ဟျွန်းဂျူးက ဖန်သားပြင်ကို လက်ညှိုးထိုးပြတယ်။

"စာလုံးပေါင်း မှားနေတယ်"

"ဘာကြီးလဲ"

သေချာကြည့်လိုက်တော့ "never die" မဟုတ်ဘဲ "naver die" ဖြစ်နေတာပါ။

အဲဒါက ဘာအဓိပ္ပာယ်လဲ။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေနိုင်တာကို ဘာလို့ ဘယ်သူမှ ထောက်ပြခြင်း မရှိကြတာလဲ။

ကြိုဆိုတဲ့ ဆန္ဒပြပွဲတစ်ခုထဲ ရှိတာမဟုတ်ပါဘူး။ တိုးတက်ပြောင်းလဲလိုတဲ့ အဖွဲ့အစည်းတွေကလည်း ရိုနယ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စုဝေးနေကြပါတယ်။

["စစ်သွေးကြွ ရိုနယ်... ရာထူးက ဆင်းပေး"]

["ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ရရှိပါစေ"]

["မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေး"]

["လူမျိုးရေးခွဲခြားတဲ့ မူဝါဒတွေနဲ့ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး မူဝါဒတွေကို ဖျက်သိမ်းပေး"]

တချို့ကတော့ အမေရိကန်အလံကို ဆုတ်ဖြဲတာ ဒါမှမဟုတ် မီးရှို့တာမျိုးတွေအထိ ပြင်းထန်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ကြပြီး တချို့ကတော့ အမေရိကန်သံရုံးထဲကို အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ရဲတပ်ဖွဲ့ရဲ့ တားဆီးခြင်းကို ခံခဲ့ရတယ်။

သူတို့က ဘာလို့ ဒီလိုတွေ လုပ်နေကြတာလဲ။ ရိုနယ်ကို မုန်းတီးတဲ့ အမေရိကန်တွေ ရှိနေရင်တောင်မှ ဒီလို လုပ်ရပ်မျိုးတွေကို ကောင်းမွန်တဲ့ အမြင်နဲ့ ကြည့်ကြလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။

"အယ်လီက အမေရိကန်လူမျိုး မဟုတ်တာ တော်သေးတာပေါ့"

ဒီစကားကို ကြားတော့ အယ်လီက ခေါင်းခါပြတယ်။

"အဲဒါက ဘာဖြစ်လို့လဲ။ ဒီမိုကရေစီနိုင်ငံမှာ မတူကွဲပြားတဲ့ အသံတွေကို ဖော်ထုတ်ပြသတာက သဘာဝကျပါတယ်"

အဲဒါလည်း ဟုတ်တာပါပဲ။ ထောက်ခံသူ ရှိသလို ကန့်ကွက်သူလည်း ရှိမှာပဲလေ။

အမေရိကန်သမ္မတရဲ့ ခရီးစဉ်ကြောင့် တစ်နိုင်ငံလုံး ဒီလောက်အထိ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတာကို ကြည့်ပြီး ပြောမိတယ်။

" ရိုနယ်က တော်တော်လေးကို သဘောထား ကွဲလွဲစရာကောင်းတဲ့သူ ဖြစ်နေတာပေါ့နော်"

တက်ဂယူက ကြားဖြတ်ပြောလာတယ်။

"အမေရိကမှာတော့ အဲဒါက သဘောထားကွဲလွဲတာ မဟုတ်ဘဲ မုန်းတာသက်သက်ပဲ မဟုတ်ဘူးလား"

"..."

အဲဒါကတော့ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ရိုနယ် စတန်ပါက ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ကိုရီးယားကို ရောက်ရှိလာခဲ့တယ်။

အနီးကပ်ဆုံး မဟာမိတ်နိုင်ငံရဲ့ သမ္မတအနေနဲ့ ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်ဖြစ်တာကြောင့် သူက ကိုရီးယားမှာ အထူးဧည့်သည်တော်အဖြစ် ကြိုဆိုခြင်း ခံခဲ့ရတယ်။ သမ္မတ ပတ်ဆီဟျွန်းကိုယ်တိုင် လေဆိပ်ကို ဆင်းပြီး သူ့ကို ကြိုဆိုခဲ့တာပါ။

ဒါက သူတို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုတော့ မဟုတ်ပါဘူး။ ရိုနယ် သမ္မတအဖြစ် အရွေးခံရခါစ အချိန်တုန်းက ပတ်ဆီဟျွန်းက အမေရိကဆီ အလောတကြီး သွားရောက်ပြီး ခေတ္တခဏ တွေ့ဆုံခဲ့ဖူးတယ်။

သူ တကယ် အရွေးခံရလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြတာကြောင့် သံတမန်ရေးရာ နယ်ပယ်တွေမှာ ရိုနယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ ကိုရီးယားသမ္မတရဲ့အဖွဲ့က သက်ဆိုင်ရာ ဆက်သွယ်ရမယ့် သူတွေကိုတောင် အသည်းအသန် ရှာဖွေခဲ့ကြရတာပါ။

သဘာဝကျကျပဲ လူတိုင်းက ဒိုင်ယန် သမ္မတဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားခဲ့ကြပြီး ဒိုင်ယန်နဲ့ပဲ အဆက်အသွယ် ပြုလုပ်ထားခဲ့ကြတာဖြစ်လို့ တခြားနိုင်ငံတွေမှာလည်း အခြေအနေက အတူတူပါပဲ။

ရာထူးလက်ခံပြီးတာနဲ့ ချက်ချင်းဆိုသလို ရိုနယ်က ကိုရီးယားကို ကုန်သွယ်မှု လိုငွေပြမှုနဲ့ ကာကွယ်ရေးစရိတ် မျှဝေမှုတွေအတွက် ဖိအားပေးခဲ့တာကြောင့် ဒါက ပတ်ဆီဟျွန်းအတွက်တော့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့တယ်။

သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေပဲ ရှိနေပါစေ၊ ခေါင်းဆောင်နှစ်ဦးကတော့ လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။

ရိုနယ်က ပတ်ဆီဟျွန်းရဲ့ လက်ကို ရုတ်တရက် အတင်းဆွဲလိုက်တာကြောင့် ပတ်ဆီဟျွန်းခမျာ ယိမ်းထိုးသွားခဲ့ရပြီး ရိုနယ်ကတော့ ပတ်ဆီဟျွန်းရဲ့ ပုခုံးကို ပုတ်ရင်း ရယ်မောနေခဲ့တယ်။

ဒါက သံတမန်ရေးရာ သင့်တော်မှုမရှိတဲ့ အပြုအမူ ဖြစ်ပေမဲ့ ပတ်ဆီဟျွန်းကတော့ ဘာမှ ကန့်ကွက်ခြင်းမရှိဘဲ အနေခက်တဲ့ အပြုံးမျိုးနဲ့ပဲ နေခဲ့ရတယ်။

ခေါင်းဆောင်နှစ်ဦးက လူတိုင်း မြင်တွေ့နိုင်ဖို့အတွက် ကော်ဇောနီထက်မှာ ချစ်ချစ်ခင်ခင်ပဲ လမ်းလျှောက်ခဲ့ကြတယ်။

အဲဒီနောက်မှာတော့ သူတို့က တရားဝင် ကြိုဆိုပွဲ အခမ်းအနားအတွက် အိမ်ပြာတော်ဆီ တိုက်ရိုက် သွားရောက်ခဲ့ကြတယ်။

ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်က ရာနဲ့ချီတဲ့ စစ်သားတွေက တန်းစီ စောင့်ကြိုနေကြပြီး နိုင်ငံတော်သီချင်း ဖွင့်ခြင်းနဲ့ စစ်ရေးပြ အလေးပြုခြင်း စတဲ့ တရားဝင် အခမ်းအနားတွေကို ကျင်းပခဲ့တယ်။

အဲဒီနောက်ပိုင်း ကျင်းပတဲ့ နိုင်ငံတော် ညစာစားပွဲအတွင်းမှာ ပတ်ဆီဟျွန်းက သူတို့နှစ်ဦးစလုံးက စီးပွားရေးသမား နောက်ခံတွေ ရှိခဲ့ကြတာကို ပြောပြီး စကားစတင်ခဲ့ရာ ရိုနယ်ကလည်း အဲဒီအချက်ကို သူ သေချာသိရှိကြောင်း ပြန်ဖြေခဲ့တယ်။

ကိုရီးယား မီဒီယာတွေက ရိုနယ်ရဲ့ ခရီးစဉ်အပေါ် အထူးအာရုံစိုက်ခဲ့ကြပြီး ကိုရီးယား-အမေရိကန် ဆက်ဆံရေးရဲ့ အနာဂတ်ကို အနီးကပ် စောင့်ကြည့်နေခဲ့ကြတယ်။

အလုပ်တွေပြီးလို့ အိမ်မှာ နားနားနေနေ ရှိနေတုန်း ဖုန်းတစ်ကော ဝင်လာခဲ့တယ်။

အချိန်နဲ့ နေရာကို အတည်ပြုပြီးတဲ့နောက်မှာ ဖုန်းချလိုက်ပြီး နမ်ဆန်မှာရှိတဲ့ ဂရန်းပဲလေ့စ် ဟိုတယ်ဆီ ချက်ချင်းပဲ ကားမောင်းထွက်လာခဲ့တယ်။

ပုံမှန်နဲ့မတူဘဲ ကားပါကင်ကနေစပြီး လုံခြုံရေးတွေက တအား တင်းကျပ်နေခဲ့ပါတယ်။ ဓာတ်လှေကားစီးတဲ့ အချိန်မှာလည်း အတူတူပါပဲ။

လုံခြုံရေးဝန်ထမ်းရဲ့ လမ်းညွှန်မှုအတိုင်း ကျွန်တော် အထပ် ၂၀ ဆီ တက်လာခဲ့တယ်။

အထပ် ၂၀ ရဲ့ စင်္ကြံလမ်းမှာတော့ အနောက်တိုင်း ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ အမေရိကန် လုံခြုံရေးဝန်ထမ်းတွေ တန်းစီနေကြတာပါ။

မျှော်လင့်ထားတဲ့အတိုင်းပဲ ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း သေချာ ခန္ဓာကိုယ် စစ်ဆေးမှုပြုလုပ်ကြတယ်။

ခန္ဓာကိုယ်အနှံ့ သေချာ စစ်ဆေးခံပြီး ဖုန်းကို အပ်နှံခဲ့ပြီးတဲ့နောက်မှာတော့ အတွင်းထဲ ဝင်ခွင့်ရခဲ့တယ်။ အခန်းက စတုရန်းပေ ၁၀၀ ကျော်လောက် ကျယ်ဝန်းပြီး နမ်ဆန်ရဲ့ မြင်ကွင်းက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။

ဧည့်ခန်းကို ဖြတ်ပြီး စာကြည့်ခန်းထဲ ဝင်လိုက်တဲ့အခါ ရိုနယ်က ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ဆီးကြိုခဲ့တယ်။

"မတွေ့ရတာ ကြာပြီနော်... မစ္စတာကန်။ ဒါက ရာထူးတက်ပွဲ အခမ်းအနားပြီးကတည်းက ပထမဆုံးအကြိမ် တွေ့တာလား"

"ကိုရီးယားကို လာရောက်လည်ပတ်ပေးလို့ ကျေးဇူးတင်ပါတယ်... သမ္မတကြီး"

ရိုနယ်က ကျွန်တော့်လက်ကို နာကျင်လုနီးပါးအထိ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ကျွန်တော့်ပုခုံးကို အားရပါးရ ပုတ်လာခဲ့တယ်။

"မင်းအကြောင်း သတင်းတွေ ကြားနေရပါတယ်။ ကိုရီးယားသမ္မတနဲ့ ဆက်ဆံရေးက အဆင်မပြေဖြစ်နေတုန်းပဲ ထင်တယ်"

ကျွန်တော်ကတော့ အောင့်သက်သက် အပြုံးမျိုးပဲ ပြုံးပြလိုက်တယ်။

"ကျွန်တော်လည်း အဆင်ပြေပြေ နေချင်တာပါပဲ။ ဒါပေမဲ့ အဆင်မပြေဘူး ဖြစ်နေတာ။ သူတို့ဘက်ကသာ ကျွန်တော့်ကို လာပြီး မနှောင့်ယှက်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ရှေ့လျှောက်တော့ ပြန်လည်သင့်မြတ်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်"

"ကဲ... ထိုင်ပါဦး"

ရိုနယ်က ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး လုံခြုံရေးဝန်ထမ်းတွေကို ညွှန်ကြားလိုက်တယ်။

"ငါတို့နှစ်ယောက်ထဲ စကားပြောစရာရှိတယ်"

လုံခြုံရေးတွေက တုံ့ဆိုင်းနေတဲ့အခါ ရိုနယ်က နောက်ပြောင်တဲ့ သဘောနဲ့ ထပ်ပြောလိုက်သေးတယ်။

"ဘာလဲ... ငါက ဒီကောင့်ကို ချရင် ရှုံးလိမ့်မယ်လို့ မင်းတို့ ထင်နေတာလား"

"ဟုတ်ကဲ့... နားလည်ပါပြီ"

လုံခြုံရေးဝန်ထမ်းတွေက ဧည့်ခန်းထဲကနေ ထွက်သွားကြတာကြောင့် စာကြည့်ခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်ထဲပဲ ကျန်ရစ်ခဲ့တယ်။

အခု ကျွန်တော့်ရှေ့မှာ ရှိနေတဲ့သူက ကမ္ဘာပေါ်မှာ အာဏာအရှိဆုံး လူသားတစ်ယောက်ပါ။ အမေရိကန်သမ္မတနဲ့ တစ်ယောက်ချင်း သီးသန့်တွေ့ခွင့်ရတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိမှာလဲ။

ပြန်တွေးကြည့်ရင် ဒီနေရာမှာ အတူတူ ရှိနေရတာတင်ပဲ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အခွင့်ထူးတစ်ခုပါပဲ။

သူ့ရဲ့ အလုပ်ရှုပ်တဲ့ အချိန်ဇယားနဲ့ အချိန်ဇုန် ကွာခြားမှုတွေကြောင့် ထင်တယ်။ ရိုနယ်ရဲ့ မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုတွေ ပေါ်လွင်နေခဲ့တယ်။

သူက အသက် ၇၀ ကျော်နေပြီလေ။ တခြားသူဆိုရင်တော့ အလုပ်ကနေ အနားယူပြီး မြေးတွေနဲ့အတူ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေလောက်ပြီ။

"ပင်ပန်းနေပုံရတယ်နော်" လို့ ကျွန်တော် ပြောလိုက်တယ်။

ရိုနယ်က သက်ပြင်းချပြီး ပြန်ဖြေခဲ့တယ်။

"နိုင်ငံရေးက မလွယ်ဘူးကွာ။ ငါသာ သမ္မတ ဖြစ်မလာခဲ့ရင် အခုချိန် ငါ့ရဲ့ Penthouse ထဲမှာ သက်တောင့်သက်သာ လှဲနေလောက်ပြီ"

"ဒါပေမဲ့ သမ္မတကြီးက ပြန်လည်အရွေးခံဖို့အတွက် ထပ်ပြီး ယှဉ်ပြိုင်ရဦးမှာလေ" လို့ ကျွန်တော်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်တယ်။

ဒါက စကားဝိုင်း ပိုပြီး အဆင်ပြေသွားအောင် ပြောလိုက်တာပါ။

ဘီလ် ကလင်တန် လက်ထက်ကတည်းက အမေရိကန် သမ္မတတိုင်းက နောက်တစ်ကြိမ် ပြန်လည်အရွေးခံရတဲ့နေရာမှာ အောင်မြင်ခဲ့ကြတာချည်းပဲ။

ဒါပေမဲ့ ရိုနယ်ရဲ့ လက်ရှိ ထောက်ခံမှုနှုန်းကို ကြည့်ရင်တော့ ပြန်လည်အရွေးခံရဖို့ နေနေသာသာ၊ ကျန်ရှိနေတဲ့ သမ္မတသက်တမ်းကို သေသေချာချာ အဆုံးသတ်နိုင်ရင်တင်ပဲ အောင်မြင်မှုလို့ ပြောနေကြတာပါ။

"ကျွန်တော့်ကို ဘာကိစ္စရှိလို့ ခေါ်တာလဲ" လို့ မေးရင်း သူက စားပွဲပေါ်က ဖန်ခွက်တစ်ခုကို လှမ်းယူလိုက်တယ်။

"ငါ တစ်ယောက်ထဲ သောက်ရတာ ပျင်းလို့ မင်းကို အဖော်စပ်ဖို့ ခေါ်လိုက်တာ။ ရတယ်မလား"

ကျွန်တော်ကတော့ တစ်စုံတခု အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။

"ရတာပေါ့ဗျာ။ ကောင်းတဲ့ အရက်ကို အတူတူ သောက်ရတာ ပိုကောင်းတာပေါ့"

"ဟားဟား... ဒီသူငယ်ချင်းက အပြောအဆို တတ်သားပဲ"

ရိုနယ်က ဘော်ဘွန် ဝီစကီကို ဖန်ခွက်ထဲ ငှဲ့ထည့်လိုက်ပြီး ကျွန်တော့်ဆီ ကမ်းပေးလာတယ်။ ကျွန်တော်တို့ ဖန်ခွက်ချင်း အသာအယာ တိုက်လိုက်ကြတယ်။

ခဏနေတော့ သူက ကုလားထိုင်ပေါ် နောက်မှီလိုက်ပြီး တိုးတိုးလေး ရေရွတ်တယ်။

"ငါက အမြဲတမ်း နိုင်မယ့်ပွဲတွေကိုပဲ ကစားခဲ့တာ။ ကျရှုံးမှုဆိုတာကလည်း အောင်မြင်မှုဆီ သွားမယ့် လမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ ငါ တွေးခဲ့တယ်"

ရိုနယ်ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ စိန်ခေါ်မှုအသစ်တွေကို မကြောက်မရွံ့ ရင်ဆိုင်ရဲတာပဲ။

အရာရာကို စတင်တဲ့အခါ အမျိုးမျိုးသော အနှောင့်အယှက်တွေ ကတော့ ရှိလာမှာပဲလေ။ ဒါပေမဲ့ သူက တစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီးရင်တော့ အဆုံးအထိ အင်တိုက်အားတိုက် တွန်းအားပေးပြီး လုပ်ဆောင်တတ်တာပါ။

လုပ်ဆောင်နေတဲ့ လမ်းကြောင်းပေါ်မှာ ဘယ်လို အခက်အခဲတွေပဲ ရှိလာပါစေ တွေဝေခြင်း မရှိဘဲ ဇွဲရှိရှိ ကျော်ဖြတ်ခဲ့တယ်။ သူ့ရဲ့ အကောင်းမြင်တတ်ပြီး တက်ကြွတဲ့ အရည်အချင်းကြောင့်ပဲ အခုလို နေရာမျိုးအထိ ရောက်ရှိလာခဲ့တာ ထင်ပါတယ်။

"ငါ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တုန်းက လူတွေက ဒါကို နာမည်ကြီးချင်လို့ လုပ်တဲ့ ပြကွက်တစ်ခုလို့ပဲ ထင်ခဲ့ကြတာ။ ဒါက ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာပြီးတဲ့နောက်မှာလည်း အတူတူပါပဲ။ ငါ တကယ် သမ္မတ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မယုံကြည်ခဲ့ကြဘူး။ ငါ့ရဲ့ ကမ်ပိန်းအဖွဲ့မှာ အလုပ်လုပ်နေတဲ့သူတွေတောင်မှ မယုံခဲ့ကြဘူးလေ"

ကျွန်တော်ကတော့ အရက်ကို တစ်ငုံ သောက်လိုက်တယ်။

"အဲဒီအချိန်တုန်းက သမ္မတကြီးက လူထုစစ်တမ်းတွေမှာ အများကြီး နောက်ကျနေခဲ့တာကိုး"

ရိုနယ်က ကျွန်တော့်ဘက်ကို လက်ညှိုးထိုးပြတယ်။

"ဒါပေမဲ့ မင်းကတော့ မတူခဲ့ဘူး"

"ဘာကို ပြောတာလဲ"

"မင်းက ငါ တကယ် သမ္မတ ဖြစ်လာလိမ့်မယ်လို့ အသေအချာ ယုံကြည်နေခဲ့တဲ့အတိုင်း ပြုမူခဲ့တာလေ"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"ကျွန်တော် တကယ်ကို အဲဒီအတိုင်း ယုံကြည်ခဲ့တာပါ"

ရိုနယ်က ရတ်စ်ဘဲ ဒေသမှာ အနိုင်ရရှိခဲ့ပြီး သမ္မတ ဖြစ်လာခဲ့တာပါ။ အဲဒီအနိုင်ရရှိမှုရဲ့ နောက်ကွယ်မှာတော့ OTK ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

သူ သမ္မတ ဖြစ်လာရင် ကျွန်တော်တို့အတွက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ခဲ့တာကြောင့် ရိုနယ်ကို ကူညီခဲ့တာလေ။

ဒါပေမဲ့ အဲဒါတင်ပဲလား။

သမ္မတအဖြစ်ကျမ်းကျိန်တဲ့ အခမ်းအနားတုန်းက တွေ့ဆုံခဲ့တဲ့ အသက်ကြီးကြီး မိန်းမကြီးကို ကျွန်တော် ပြန်လည် အမှတ်ရမိသွားတယ်။

တကယ်လို့ သူသာ သမ္မတ ဖြစ်လာခဲ့ရင် ဘာတွေ ဖြစ်လာမလဲ။

ဒိုင်ယန်က ဒီမိုကရက်တစ်ပါတီရဲ့ အဓိက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ယခင်သမ္မတရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပါ။ အထက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ရဲ့ နိုင်ငံရေး နောက်ခံနဲ့ ကျယ်ပြန့်တဲ့ အတွေ့အကြုံတွေကြောင့် အုပ်ချုပ်ရေးပိုင်းမှာ အများကြီး အတွေ့အကြုံ ရှိနေခဲ့တာလေ။

လွှတ်တော်နှစ်ရပ်လုံးကိုလည်း ဒီမိုကရက်တွေက ထိန်းချုပ်ထားတာ ဖြစ်လို့ သူသာ သမ္မတ ဖြစ်လာရင် ယခင်အစိုးရရဲ့ မူဝါဒတွေကို ဘာပြဿနာမှမရှိဘဲ ဆက်ခံနိုင်ခဲ့လောက်မှာပဲ။

ဒါပေမဲ့ ရိုနယ် သမ္မတ ဖြစ်လာတဲ့အခါမှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ရပြီ။

တကယ်လို့ ကျွန်တော့်မှာ ကြိုတင်မြင်နိုင်စွမ်း မရှိခဲ့ဘဲ ရိုနယ်ကို မပံ့ပိုးခဲ့ဘူးဆိုရင် အခု လက်ရှိ အမေရိကန်ရဲ့ သမ္မတက ရိုနယ် စတန်ပါ မဟုတ်ဘဲ ဒိုင်ယန် အန်ဒါဝုဒ် ဖြစ်နေလောက်ပါပြီ။

ဒါဆိုရင် ကျွန်တော့်ရဲ့ အနာဂတ်အမြင်ထဲမှာ ဒိုင်ယန်ကို မမြင်ရဘဲ ဘာလို့ ရိုနယ်ကိုပဲ မြင်ခဲ့ရတာလဲ။

ပြီးတော့ ဒါက ရှေ့လျှောက် အနာဂတ်အပေါ် ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိလာဦးမှာလဲ။

All Chapters