အခန်း ၁၄၉
Vol. 15 Ch. 149
အခန်း (၁၄၉)
ကျွန်တော့်မှာ အဲ့ဒီမေးခွန်းရှိနေခဲ့တာ ကြာပါပြီ။
ဒီလို စွမ်းရည်မျိုးရဲ့ တကယ့်သဘာဝက ဘာလဲ။
ပြီးတော့ ကျွန်တော်က ဘာဖြစ်လို့ ဒီလိုစွမ်းရည်မျိုးကို ရခဲ့တာလဲ။
အခုထိတော့ အဲဒီအဖြေကို ကျွန်တော် ရှာမတွေ့သေးဘူး။
နတ်မျက်စိကြောင့်သာ ကျွန်တော့်အသက်ကို ကယ်တင်နိုင်ခဲ့ပြီး ပိုက်ဆံတွေ ရှာနိုင်ခဲ့တာလေ။ ဒါကြောင့်မလို့ နတ်မျက်စိက ကျွန်တော့်ကို မှန်ကန်တဲ့ အနာဂတ်ဆီ လမ်းညွှန်ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။
ဒါဆိုရင် ရိုနယ်ကကော…
ဒိုင်ယန် မဟုတ်ဘဲ ရိုနယ် သမ္မတ ဖြစ်လာတာက အနာဂတ်အတွက် တကယ်ပဲ ပိုကောင်းလာမှာလား။
ရိုနယ်က ဖန်ခွက်ကို မြှောက်လိုက်ပြီး ပြောတယ်။
"ငါက အမေရိကကို ဘယ်သူ့ထက်မဆို ပိုချစ်တယ်။ အမေရိကဆိုတာ အခွင့်အရေးတွေ ပြည့်နှက်နေတဲ့ ပြည်သူ့မြေပဲ"
အမေရိကန် အများစုလိုပဲ သူကလည်း ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ မျိုးဆက်တစ်ခုပါ။ သူ့အဖိုး ဝီလျံ စတန်ပါက အိုင်ယာလန်ကနေ အမေရိကကို ရောက်လာခဲ့တာဖြစ်ပြီး သူ့အဖွားကတော့ စကော့တလန်ကပါ။ ဝီလျံ စတန်ပါက အိမ်ခြံမြေလုပ်ငန်းနဲ့ ချမ်းသာလာခဲ့ပြီး အဲဒီလုပ်ငန်းကို သူ့သားဆီ လွှဲပြောင်းပေးခဲ့တယ်။ အဲဒီသားကမှတစ်ဆင့် သူ့ရဲ့ သားဖြစ်သူဆီကို ထပ်ပြီး လွှဲပြောင်းပေးခဲ့တာပေါ့။
ရိုနယ်ကော၊ ပတ်ဆီဟျွန်းပါ နှစ်ယောက်စလုံးက စီးပွားရေးသမား နောက်ခံရှိတဲ့ သမ္မတတွေ ဖြစ်ကြပေမဲ့ ကြီးမားတဲ့ ကွာခြားချက်တစ်ခုတော့ ရှိတယ်။
ပတ်ဆီဟျွန်းက လခစား အထက်လူကြီးတစ်ယောက် ဖြစ်ခဲ့တာဖြစ်ပြီး ရိုနယ်ကတော့ သူ့ကိုယ်ပိုင်နာမည်နဲ့ ကုမ္ပဏီကို ထောင်ပြီး လည်ပတ်နေတဲ့ စီအီးအို နဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်တာပါ။
ဘာမှမရှိရာကနေ စတင်ခဲ့တဲ့ ပတ်ဆီဟျွန်းနဲ့မတူဘဲ ရိုနယ်ရဲ့ အောင်မြင်မှုကတော့ သူ့ရဲ့ နောက်ခံအသိုင်းအဝိုင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတစ်ဝန်းမှာ 'စတန်ပါ မျှော်စင်' လို့ အမည်ပေးထားတဲ့ ဇိမ်ခံအဆောက်အဦး ပေါင်းများစွာကို တည်ဆောက်နိုင်ခဲ့တာကတော့ သူ့ရဲ့ အရည်အချင်းကို သက်သေပြနေတာပါပဲ။
သူက အိမ်ခြံမြေလုပ်ငန်းမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်။
ဒါပေမဲ့ စတော့ဈေးကွက် ပြိုလဲမှုနဲ့ အိမ်ခြံမြေ စီးပွားပျက်ကပ်တွေကြောင့် ကြီးမားတဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင်မပြေမှု တချို့ ရှိခဲ့ဖူးတယ်။
ဒါပေမဲ့လည်း စီးပွားပျက်ကပ် ကုန်ဆုံးသွားပြီး စီးပွားရေး ပြန်လည်ဦးမော့လာတဲ့ အချိန်မှာတော့ အိမ်ခြံမြေဈေးကွက်က ပြန်လည် ခေါင်းထောင်လာခဲ့ပြီး စတန်ပါ ကော်ပိုရေးရှင်းကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာပါ။
သူက ဖျော်ဖြေရေး နယ်ပယ်မှာလည်း ကျွမ်းကျင်တဲ့သူ တစ်ယောက်ပါပဲ။
ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာကို သူက ဘယ်သူ့ထက်မဆို ပိုသိတယ်။
၂၀၀၀ ပြည့်နှစ်တွေမှာ သူက ရုပ်သံလွှင့်လုပ်ငန်းထဲကို ဝင်ရောက်လာခဲ့ပြီး သူ့ကိုယ်ပိုင်နာမည်နဲ့ 'The Ronald Show' ကို ဖန်တီးခဲ့တယ်။ စိုးရိမ်ပူပန်မှု အမျိုးမျိုး ရှိခဲ့ကြပေမဲ့ ရိုနယ် ပါဝင်တဲ့ အဲဒီတီဗီအစီအစဉ်က ကြည့်ရှုသူ သန်း ၂၀ ကျော်အထိ ရရှိခဲ့ပြီး အကြီးအကျယ် အောင်မြင်ခဲ့တာပေါ့။
တခြား စီးပွားရေးလုပ်ငန်းတွေလည်း အဆင်ပြေခဲ့ကြတယ်။ သူ့ရဲ့ ကျော်ကြားမှုကြောင့် အိမ်ခြံမြေလုပ်ငန်းက ပိုပြီး အောင်မြင်လာခဲ့ပြီး စတန်ပါ အမှတ်တံဆိပ်ကို အသုံးပြုကာ နယ်ပယ်အသစ်တွေကို ဆက်တိုက် ချဲ့ထွင်ခဲ့တယ်။
သူက ဒီလောက်နဲ့တင် ရပ်မနေဘဲ နိုင်ငံရေးလောကထဲကိုပါ တိုးဝင်ခဲ့တာပါ။
လွှတ်တော်အမတ် နေရာအတွက်တင် မဟုတ်ဘူး၊ သမ္မတ ရွေးကောက်ပွဲအထိပါပဲ။ နိုင်ငံရေး အတွေ့အကြုံ လုံးဝမရှိတဲ့သူက သမ္မတ ဖြစ်လာဖို့ ဆန္ဒရှိကြောင်း ကြေညာခဲ့တယ်။
ပထမတော့ လူတိုင်းက လှောင်ရယ်ခဲ့ကြတာ။ ဒါက နာမည်ကြီးချင်လို့ လုပ်တဲ့ ပြကွက်တစ်ခုပဲလို့ ထင်ခဲ့ကြတာလေ။ ဒါပေမဲ့ သူက လူတိုင်းရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပြီး အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဖြစ်လာခဲ့တယ်။
ရိုနယ်က ဖန်ခွက်ကို ချလိုက်ပြီး ကျွန်တော့်ကို လှမ်းကြည့်တယ်။
" ငါက သမ္မတ ဖြစ်လာမယ်လို့ သေချာပေါက် ယုံကြည်ထားတယ်လို့ ငါ မင်းကို ပြောခဲ့တယ်မလား... "
"ဟုတ်ကဲ့"
"မင်းကို မေးချင်တဲ့ မေးခွန်းတစ်ခု ရှိတယ်"
"ဘာလဲခင်ဗျာ"
ရိုနယ်က ခဏလောက် တုံ့ဆိုင်းသွားပြီးမှ မေးခွန်းကို ထုတ်မေးလာခဲ့တယ်။
" ငါက ထူးချွန်တဲ့ သမ္မတတစ်ယောက် ဖြစ်လာနိုင်မယ်လို့ မင်းထင်လား"
ဒီမေးခွန်းကို ကြားလိုက်ရတဲ့ အခါကျမှ သူက ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလို ညဉ့်နက်သန်းခေါင်ကြီး ခေါ်ထုတ်ခဲ့ရလဲဆိုတာကို နားလည်သွားခဲ့တယ်။
အမေရိကန် အလုပ်သမားတွေက ပြောင်းလဲမှုတွေကို လိုချင်ကြလို့ ရိုနယ်ကို ထောက်ခံခဲ့ကြတာပါ။ အမှန်တကယ်လည်း ရိုနယ် သမ္မတ ဖြစ်လာကတည်းက အမေရိကန်တင်မကဘဲ ကမ္ဘာကြီးတစ်ခုလုံးမှာပါ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်။
အမေရိကက ကမ္ဘာပေါ်မှာ ကြီးမားတဲ့ အာဏာကို ကိုင်စွဲထားသလို အဲဒီအာဏာနဲ့ ထိုက်တန်တဲ့ တာဝန်ယူမှုတွေကိုလည်း ထမ်းဆောင်ထားရတာပါ။ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကနေ မလွတ်မြောက်နိုင်ကြဘူး။ စစ်ရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေပေါ့။
ရိုနယ်က ကမ္ဘာကြီးအတွက် အမေရိကရဲ့ ပေးဆပ်မှုက တအားကြီးမားလွန်းတယ်လို့ တွေးခဲ့တယ်။ ဒါကြောင့်မလို့ သူက 'အမေရိက ဦးစားပေး' (America First) ဆိုတဲ့ မူဝါဒကို ရှေ့တန်းတင်ခဲ့တာပါ။ အမေရိကန်ရဲ့ အကျိုးစီးပွားကို အရာအားလုံးထက် ဦးစားပေးတာပေါ့။
ဦးစားပေးတဲ့အထဲမှာ နေတိုး နဲ့ ကိုရီးယားမှာရှိတဲ့ အမေရိကန် စစ်တပ်တွေအတွက် ကာကွယ်ရေးစရိတ် တိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေ၊ ပါရီ သဘောတူညီချက်ကနေ နှုတ်ထွက်တာတွေ၊ ကာကွယ်ရေး ကုန်သွယ်မှု မူဝါဒတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး မူဝါဒတွေ စတာတွေ ပါဝင်နေခဲ့တယ်။
ဒါပေမဲ့ အမေရိကန်တွေ ကိုယ်တိုင်ကလည်း ဒီမူဝါဒတွေက နိုင်ငံအတွက် တကယ်ပဲ အကျိုးပြုရဲ့လားဆိုတာကို သံသယ ရှိနေကြတာပါ။
အိမ်ဖြူတော်နဲ့ လွှတ်တော်ကလည်း အမြဲတမ်း သဘောထား ကွဲလွဲနေခဲ့ကြပြီး ရီပတ်ဘလီကန် ပါတီက လူတွေနဲ့ ထောက်ခံသူတွေကပါ သူ့ကို ကျောခိုင်းလာကြတာကြောင့် သမ္မတ သက်တမ်း အစောပိုင်း ကာလဖြစ်နေတာတောင် ထောက်ခံမှုနှုန်းက ကျဆင်းနေခဲ့တယ်။
ပြည်တွင်းမှာတော့ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ပတ်သက်ပြီး 'ရုရှား လိမ်လည်မှု' လို့ ခေါ်တဲ့ အရှုပ်တော်ပုံ အပါအဝင် ပြဿနာ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပြီး ပြည်ပမှာတော့ ဥရောပနဲ့ တောင်အမေရိကက ခေါင်းဆောင်တွေက အမေရိကကို ဆန့်ကျင်နေကြပါတယ်။
ဒါက တကယ်ကို ပတ်ပတ်လည်မှာ ရန်သူတွေ ဝိုင်းနေတဲ့ အခြေအနေမျိုးပါပဲ။
စီးပွားရေးလုပ်ငန်းတွေမှာလိုပဲ သူက စိတ်အားထက်သန်စွာနဲ့ တိုက်ခိုက်တွန်းအားပေးခဲ့ပေမဲ့ ဝေဖန်မှုတွေက ဆက်တိုက် ထွက်ပေါ်နေခဲ့ပြီး ကိစ္စအသီးအသီးကလည်း သေချာပေါက် အဆင်မပြေဖြစ်နေခဲ့တာပါ။
ရိုနယ်ကို ဘယ်လိုပဲ ကြည့်ကြည့် ပင်ပန်းနွမ်းနယ်နေတာကိုတော့ ဖုံးကွယ်လို့မရပါဘူး။ သူ့ရဲ့ အသက်အရွယ်အရလည်း ခန္ဓာကိုယ် ကြံ့ခိုင်မှုက အရင်လို မဟုတ်တော့ဘူးလေ။
သူက အောင်မြင်တဲ့ သမ္မတတစ်ယောက်အနေနဲ့ ပြန်လည် အရွေးခံရမလား၊ ဒါမှမဟုတ် ကျရှုံးတဲ့ သမ္မတတစ်ယောက်လို နိုင်ငံရေးလောကကနေ မောင်းထုတ်ခံရမလား။
ဒီအကြောင်းကို ကျွန်တော် သေသေချာချာ စဉ်းစားမိတယ်။ ဒါက ကျွန်တော့်အတွက်လည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။
ဘာဖြစ်လို့ ဒိုင်ယန် မဟုတ်ဘဲ ရိုနယ် ဖြစ်ခဲ့ရတာလဲ။
တကယ်လို့ ရိုနယ်က ကျရှုံးတဲ့ သမ္မတ ဖြစ်သွားခဲ့ရင် ကျွန်တော်လည်း တာဝန်ရှိမှုကနေ လွတ်မြောက်မှာ မဟုတ်ပါဘူး။
ဒိုင်ယန်ထက် ရိုနယ်က သမ္မတအဖြစ် အရွေးခံခဲ့ရတာက ကျွန်တော် သူ့ကို ပံ့ပိုးခဲ့လို့ပါ။ ပြီးတော့ ကျွန်တော့်မှာ အနာဂတ်အမြင် ရှိခဲ့လို့လည်း ပါတာပေါ့။
ဒါဆိုရင် အဲဒီအနာဂတ်အမြင်က ရိုနယ်ကို ရွေးချယ်ခဲ့တာလား။
ကျွန်တော့်အတွေးသာ မှန်မယ်ဆိုရင် သူ သမ္မတ ဖြစ်လာရတဲ့ အကြောင်းရင်းတစ်ခုခုတော့ ရှိရမယ်။
"သမ္မတကြီးက ထူးချွန်တဲ့ သမ္မတတစ်ယောက် ဖြစ်လာမှာပါ"
"ဪ... အဲလိုလား"
သူ ကြားချင်တဲ့ စကားကို ကြားလိုက်ရလို့ ထင်တယ်၊ ရိုနယ်ရဲ့ မျက်နှာအမူအရာက သိသိသာသာကို ပေါ့ပါးသွားခဲ့တယ်။ သူက အရက်ပုလင်းကို လှမ်းယူလိုက်တယ်။
"နောက်ထပ် တစ်ခွက်လောက် ထပ်သောက်ဦးမလား"
"သောက်တာပေါ့ဗျာ"
ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးက ပြည်တွင်းမှာကော ပြည်ပမှာပါ ကြီးမားတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ခဲ့တယ်။
ပတ်ဆီဟျွန်းရဲ့ ကြိုးစားအားထုတ်မှုတွေ ရှိခဲ့ပေမဲ့လည်း ရိုနယ်က ကိုရီးယားမှာရှိတဲ့ အမေရိကန် စစ်တပ်တွေအတွက် ကာကွယ်ရေးစရိတ် တိုးမြှင့်ဖို့နဲ့ ကိုရီးယား-အမေရိကန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ကို ပြင်ဆင်ဖို့အတွက် သူ့ရဲ့ ဆန္ဒတွေကို ပြတ်ပြတ်သားသား ပြောကြားခဲ့တယ်။ ဒီအထဲမှာ ကိုရီးယားကို ငွေကြေးဈေးကွက် ကစားတဲ့ နိုင်ငံအဖြစ် သတ်မှတ် စောင့်ကြည့်ဖို့လိုမျိုး ထိခိုက်လွယ်တဲ့ ကိစ္စရပ်တွေလည်း ပါဝင်နေခဲ့တာပေါ့။
ကျွန်တော်တို့ နိုင်ငံဘက်က ကြည့်ရင်တော့ ဒါတွေက လုံးဝ အဆင်မပြေတဲ့ ကိစ္စတွေချည်းပါပဲ။ ကွန်ဆာဗေးတစ် မီဒီယာတွေကတောင် ဒါက ပတ်ဆီဟျွန်း အစိုးရရဲ့ သံတမန်ရေးရာ ကျရှုံးမှုတစ်ခု ဖြစ်တယ်လို့ ဆောင်းပါးတွေ ရေးသားခဲ့ကြတယ်။
သမ္မတ ရိုနယ်ရဲ့ နောက်ဆုံး အချိန်ဇယားကတော့ အမျိုးသားသုသာန်ကို သွားရောက်ဖို့ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာတော့ ဂရန်းပဲလေ့စ်ဟိုတယ်ရဲ့ ဒိုင်မွန်းခန်းမမှာ ကိုရီးယား စီးပွားရေး အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့အတူ နံနက်စာ စားသုံးရင်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
တက်ဂယူက ခေါင်းခါရင်း ပြောတယ်။
"ငါတော့ မသွားဘူး"
"ဘာလို့လဲ"
"သတင်းထောက်တွေလည်း လာကြမယ် ပြောတယ်မလား။ ငါ့မျက်နှာကို မီဒီယာတွေပေါ် မတင်ချင်ဘူး"
ကျွန်တော့် မျက်နှာကတော့ သတင်းစာရှင်းလင်းပွဲတွေကတစ်ဆင့် လူသိများနေခဲ့ပြီ ဖြစ်ပေမဲ့ တက်ဂယူရဲ့ မျက်နှာကတော့ လူသိနည်းပါသေးတယ်။ သူက 'အမှောင်ထဲက အိုတာကူ' ဆိုတဲ့ နာမည်ပြောင်ကိုတောင် ရထားသေးတာပါ။
အိုတာကူက Hikikomori (အပြင်မထွက်တဲ့ လူ) နဲ့ ဘာကွာလို့လဲတော့ ကျွန်တော် မသိဘူး...
ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ကောင်းတဲ့ ပွဲဖြစ်ပါစေ၊ သွားမယ့်သူက မသွားချင်ဘူးဆိုရင်တော့ အလကားပါပဲ။
ကျွန်တော် တက်ဂယူရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ သူ မတက်ရောက်နိုင်မယ့်အကြောင်းကို ရိုနယ်ရဲ့ လူတွေဆီ ကြိုတင် အကြောင်းကြားပြီး နားလည်ပေးဖို့ တောင်းဆိုခဲ့တယ်။
မနက်အစောပိုင်းမှာတော့ ကုမ္ပဏီ အကြီးအကဲတွေ စီးနင်းလာတဲ့ ကားတွေက နမ်ဆန်ဆီကို ဆက်တိုက် မောင်းနှင်လာခဲ့ကြတယ်။ ခန်းမပတ်ပတ်လည်မှာတော့ လုံခြုံရေး ဝန်ထမ်းတွေက တင်းကျပ်စွာ စောင့်ကြိုနေကြတာပါ။
လေဆိပ်မှာလိုမျိုး လုံခြုံရေး စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်။
သတင်းထောက်တွေ အပါအဝင် တက်ရောက်လာတဲ့သူတိုင်းကို ချွင်းချက်မရှိ စစ်ဆေးခဲ့တာပါ။
စစ်ဆေးမှုတွေ ပြီးနောက်မှာတော့ ခန်းမထဲကို ဝင်လာခဲ့တယ်။ လူတချို့နဲ့ စကားပြောနေတုန်းမှာပဲ ဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်ကို မြင်သွားပြီး အမြန် လျှောက်လာခဲ့တယ်။
"မတွေ့ရတာ ကြာပြီနော်... ဂျူနီယာ"
"တွေ့ရတာ ဝမ်းသာပါတယ်... စီနီယာ"
ကျွန်တော် သူနဲ့ နှုတ်ဆက်လိုက်တယ်။
ဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့ဘေးနားက လူကို မိတ်ဆက်ပေးခဲ့တယ်။
"ဒါက Retail Group က ဒုတိယဥက္ကဋ္ဌ ဂျင်ဒေါင်မင် တဲ့"
အဲဒီနောက်မှာပဲ ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ စကားပြောနေခဲ့တဲ့ အဲဒီလူက ကျွန်တော့်ကို နှုတ်ဆက်လာတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ကျွန်တော်က ဂျင်ဒေါင်မင် ပါ"
"မင်္ဂလာပါ။ ကျွန်တော်က ကန်ဂျင်ဟူ ပါ"
ကြည့်ရတာ အသက် ၄၀ ကျော်ဝန်းကျင်လို့ပဲ ထင်ရပေမဲ့ အမှန်တကယ်တော့ သူက အသက် ၆၀ ကျော်နေပါပြီ။ ဂျပန်မှာ နေထိုင်ခဲ့တဲ့ ကိုရီးယားလူမျိုး မျိုးဆက်ဖြစ်လို့ ထင်တယ်။ သူ့ရဲ့ ကိုရီးယားစကား ပြောပုံက နည်းနည်းတော့ လျှာလေးနေသလို ခံစားရတယ်။
ဥက္ကဋ္ဌ ဂျင်ကျောင်ဟို လေဖြတ်ပြီး လဲကျသွားခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ အစ်ကိုဖြစ်သူ ဂျင်ဒေါင်ဆူးနဲ့ ညီအစ်ကိုတွေဖြစ်ကြတဲ့ ဂျင်ဒေါင်မင်တို့က Retail Group ရဲ့ စီမံခန့်ခွဲမှု အာဏာအတွက် အငြင်းပွားခဲ့ကြတယ်။
အဆုံးသတ်မှာတော့ ယာယီ ရှယ်ယာရှင်များ အစည်းအဝေးအတွင်းမှာ Korean Retail ကို ဦးဆောင်နေတဲ့ ဂျင်ဒေါင်မင်က အနိုင်ရရှိခဲ့ပြီး အုပ်စုကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဥက္ကဋ္ဌ ဂျင်ကျောင်ဟိုအနေနဲ့ စီမံခန့်ခွဲမှုပိုင်းကို ပြန်လာဖို့ မဖြစ်နိုင်တော့တာကြောင့် ဒုတိယဥက္ကဋ္ဌ ရာထူးအမည် ခံထားရပေမဲ့လည်း လက်တွေ့မှာတော့ သူက ဥက္ကဋ္ဌနဲ့ အတူတူပါပဲ။
ဒါ့အပြင် Retail Group က အွန်ဆောင်း မော်တာ အုပ်စုနဲ့အတူ သမ္မတ ပတ်ဆီဟျွန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ လူသိများကြတယ်။ ဒီလို ဆက်သွယ်မှုတွေကြောင့် သူတို့က အခွန်လွတ် ကုန်တိုက်လိုင်စင်တွေနဲ့ အကြီးစား ကုန်တိုက်ကြီးတွေ တည်ဆောက်ခွင့်လိုမျိုး အထူးအခွင့်အရေး အမျိုးမျိုးကို ရရှိခဲ့ကြတယ်။
ခန်းမအတွင်းထဲမှာတော့ လူပေါင်း ဒါဇင်နဲ့ချီပြီး စုဝေးနေကြပြီ။ အများစုက သက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး အသက်ငယ်တယ်ဆိုတဲ့ လူတွေတောင်မှ ၄၀ ကျော်တွေချည်းပဲ။
ဥက္ကဋ္ဌ လင်ဂျင်ယုံက အဲဒီအထဲမှာ အသက်အငယ်ဆုံး လူတွေထဲက တစ်ယောက် ဖြစ်နေတာပါ။ အံ့ဩစရာမရှိတာကတော့ အသက် ၂၀ ကျော်အရွယ်ဆိုလို့ ကျွန်တော်တစ်ယောက်ထဲပဲ ရှိနေခဲ့တာလေ။
ဆံပင်တွေ ဖြူဖွေးနေပြီး နဖူးပေါ်မှာ အရေးအကြောင်းတွေ ထင်ဟပ်နေတဲ့ သက်ကြီးရွယ်အို အမျိုးသားတစ်ယောက်က ကျွန်တော့်ဆီ လျှောက်လာခဲ့တယ်။
"ဒီနေရာမှာ OTK ကုမ္ပဏီရဲ့ ကိုယ်စားလှယ် ကန်ဂျင်ဟူနဲ့ တွေ့ရတာ တကယ်ပဲ ဝမ်းသာပါတယ်။ ကျွန်တော်က ဟန်မင်းဂူ ပါ"
သူ့ကို တီဗီပေါ်မှာ အကြိမ်ကြိမ် မြင်ဖူးခဲ့ပေမဲ့ လူချင်း တိုက်ရိုက်တွေ့ရတာကတော့ ဒါ ပထမဆုံးအကြိမ်ပါပဲ။
ဒီအဖိုးကြီးက ဒုတိယအကြီးဆုံး ကော်ပိုရိတ်အုပ်စုဖြစ်တဲ့ အွန်ဆောင်း အုပ်စုကို ဦးဆောင်နေတဲ့ ဥက္ကဋ္ဌပါ။
သူ ကမ်းပေးလာတဲ့ လက်ကို ကျွန်တော် ဆုပ်ကိုင်လိုက်တယ်။
"ကျွန်တော်က ကန်ဂျင်ဟူ ပါ"
ဥက္ကဋ္ဌ ဟန်မင်းဂူက အားရပါးရ ရယ်မောလိုက်တယ်။
"ဟားဟား... ငါတို့ကြားမှာ နှစ်တွေအကြာကြီး ပတ်သက်မှုတွေ အမျိုးမျိုး ရှိခဲ့ကြပေမဲ့ အခုလို လူချင်းတွေ့ရတာ တကယ်ကို ကောင်းပါတယ်"
ပတ်သက်မှုတွေထက်စာရင်တော့ ဒါက မကောင်းတဲ့ ရေစက်လို့ ပြောတာက ပိုမှန်လိမ့်မယ်။
ကျွန်တော်ကတော့ ပြုံးပြီး ပြန်ပြောလိုက်တယ်။
"ဒါပေါ့ဗျာ။ ကျွန်တော်လည်း ဥက္ကဋ္ဌကြီးနဲ့ တစ်ကြိမ်လောက်တော့ သေချာပေါက် တွေ့ချင်နေခဲ့တာ"
ဥက္ကဋ္ဌ ဟန်မင်းဂူက ကျွန်တော့်ကို စိတ်ဝင်တစားနဲ့ စိုက်ကြည့်နေခဲ့တယ်။ သူက ခန္ဓာကိုယ် တအားကြီးမားတဲ့သူ မဟုတ်ပေမဲ့ ဘာဖြစ်လို့လဲတော့မသိဘူး၊ သူ့ဆီကနေ ပြင်းထန်တဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရတယ်။
သူက ကိုရီးယား စီးပွားရေး သမိုင်းကြောင်းရဲ့ သက်ရှိထင်ရှား ပုဂ္ဂိုဟ်ကြီးတစ်ယောက်ပဲလေ။ သူ့ရဲ့ စုဆောင်းထားတဲ့ အတွေ့အကြုံတွေ၊ နည်းလမ်းတွေ၊ နယ်ပယ်အသီးသီးက ဆက်သွယ်မှုတွေနဲ့ လူမှုရေးဆိုင်ရာ သြဇာလွှမ်းမိုးမှုတွေက ကျွန်တော်နဲ့ ယှဉ်လို့ရတဲ့အရာတွေ မဟုတ်ပါဘူး။
နှုတ်ဆက်ပြီးတဲ့နောက်မှာတော့ ကျွန်တော့်အတွက် ကြိုတင် သတ်မှတ်ထားတဲ့ နေရာမှာ ဝင်ထိုင်လိုက်တယ်။
"သမ္မတကြီး ဝင်လာပါပြီ"
ခန်းမထဲမှာ ထိုင်နေကြတဲ့သူ အားလုံးက ပြိုင်တူ မတ်တတ်ရပ်လိုက်ကြတယ်။ အဲဒီနောက်မှာတော့ သမ္မတ ရိုနယ် ဝင်ရောက်လာခဲ့တယ်။
ရိုနယ်က ကုမ္ပဏီ ဥက္ကဋ္ဌ တစ်ယောက်ချင်းစီနဲ့ လက်ဆွဲနှုတ်ဆက်ပြီး စကားတွေ ပြောခဲ့တယ်။ အဲဒီထဲမှာ သူ စီးပွားရေးလုပ်ခဲ့စဉ်တုန်းက တွေ့ဆုံခဲ့ဖူးတဲ့ လူတချို့လည်း ပါဝင်နေတာပါ။ အဲဒီတုန်းကတော့ စီးပွားရေးသမားအချင်းချင်း တွေ့ဆုံမှု ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ သမ္မတနဲ့ စီးပွားရေးသမား ခရီးစဉ်အဖြစ် တွေ့ဆုံကြတာ ဖြစ်သွားပါပြီ။
နောက်ဆုံးတော့ ကျွန်တော့်အလှည့် ရောက်လာခဲ့တယ်။
ပြီးခဲ့တဲ့ရက်က တွေ့ဆုံမှုက လျှို့ဝှက်တွေ့ဆုံမှု ဖြစ်ခဲ့တာကြောင့် တရားဝင် အားဖြင့်တော့ ဒါက သူ ရာထူးတက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခြင်း ဖြစ်ပါတယ်။
"ပြန်တွေ့ရတာ ဝမ်းသာပါတယ်... သမ္မတကြီး။ ကျွန်တော်က OTK ကုမ္ပဏီက ကန်ဂျင်ဟူ ပါ"
"မင်္ဂလာပါ... ငါ့သူငယ်ချင်းကြီး"
ရိုနယ်က ကျွန်တော့်လက်ကို ဆွဲယူလိုက်ပြီး ရင်းရင်းနှီးနှီးပဲ ဖက်လဲတကင်း နှုတ်ဆက်ခဲ့တယ်။
ဒါက ကျွန်တော်နဲ့ အမေရိကန်သမ္မတကြားက ဘယ်လောက်အထိ ရင်းနှီးလဲဆိုတာကို ပြသနေတာပါပဲ။
ဒါကို မြင်ပြီးရင်တော့ ကွန်ဆာဗေးတစ်အဖွဲ့တွေအနေနဲ့ OTK ကုမ္ပဏီ ရုံးချုပ်ရှေ့မှာ လာပြီး ဆန္ဒပြနေတာတွေကို လျှော့ချသွားကြလိမ့်မယ်လို့ မျှော်လင့်မိတယ်။
သူတို့က ဘာဖြစ်လို့ ခွင့်ပြုချက်မရှိဘဲ ခဏခဏ လာပြီး ဆန္ဒပြနေကြတာလဲမသိဘူး။
နှုတ်ဆက်ပွဲတွေ ပြီးဆုံးသွားတဲ့ အခါမှာတော့ လူတိုင်း နေရာမှာ ပြန်ထိုင်လိုက်ကြတယ်။ ရိုနယ်က နားကြပ်ကို တပ်ဆင်လိုက်ပြီး မိုက်ခရိုဖုန်းကို လက်က ကိုင်လိုက်တယ်။
သူ စကားပြောတဲ့အခါ နားကြပ်ကနေတစ်ဆင့် တိုက်ရိုက် ဘာသာပြန်သံ ထွက်ပေါ်လာမှာပါ။ အင်္ဂလိပ်စာ တအား မကျွမ်းကျင်တဲ့သူတွေက နားကြပ်ကို တပ်ဆင်ထားကြပြီး ကျန်တဲ့သူတွေကတော့ ဒီအတိုင်းပဲ နားထောင်နေခဲ့ကြတယ်။
ရိုနယ်က ပျော့ပျောင်းတဲ့ လေသံနဲ့ စကားစတင်ခဲ့တယ်။
"အလုပ်ရှုပ်နေတဲ့ အချိန်ဇယားကြားထဲကနေ အခုလို လာရောက် စုဝေးပေးကြတဲ့ ကိုရီးယား စီးပွားရေး ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါတယ်"
ဒါပေမဲ့ နှုတ်ဆက်စကား ပြီးဆုံးသွားတာနဲ့ ချက်ချင်းဆိုသလို ပြင်းထန်တဲ့ အပြစ်တင် စကားတွေက ထွက်ပေါ်လာခဲ့တော့တာပဲ။
"ကိုရီးယား ကုမ္ပဏီတွေက အမေရိကန်ပြည်ထောင်စုမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိနေကြတယ်။ နှစ်စဉ် ကိုရီးယားကနေ ထုတ်လုပ်တဲ့ သံမဏိတွေ၊ မော်တော်ကားတွေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ Semiconductor တွေကို အမေရိကဆီ တင်ပို့ပြီး ဒေါ်လာတွေကို ယူဆောင်သွားကြတာလေ"
လူတိုင်းရဲ့ မျက်နှာအမူအရာက ကျောင်းအုပ်ဆရာကြီးရဲ့ အပြစ်တင်ခြင်းကို ခံရဖို့ ရုံးခန်းထဲ ရောက်နေတဲ့ အပြစ်ရှိတဲ့ ကျောင်းသားတွေလို ဖြစ်သွားခဲ့ရတယ်။ သူတို့နဲ့ ယှဉ်ရင်တော့ ကျွန်တော်က ချီးကျူးခံရမယ့် စံပြကျောင်းသားတစ်ယောက်လို ခံစားရတာပေါ့။
ဘယ်သူက ကျွန်တော့်လိုမျိုး အမေရိကမှာ သေသေချာချာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေလို့လဲ။
ရိုနယ်ရဲ့ လေသံက ပိုပြီး ပြင်းထန်လာခဲ့တယ်။
"ကိုရီးယား ကုမ္ပဏီတွေရဲ့ မမျှတတဲ့ လုပ်ဆောင်မှုတွေကြောင့် အမေရိကန်ရဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေ ပိတ်သိမ်းနေရပြီး အလုပ်လက်မဲ့ ဖြစ်ရတဲ့ အလုပ်သမားတွေ အများကြီး ထွက်ပေါ်လာခဲ့ရပြီ။ မင်းတို့က ဘာဖြစ်လို့ အမေရိကန် ဈေးကွက်မှာ ပိုက်ဆံတွေ ရှာနေပြီးတော့ အမေရိကားမှာ စက်ရုံတွေ မဆောက်ဘဲ အမေရိကန်တွေကို အလုပ်အကိုင် မပေးကြတာလဲ။ ဘာဖြစ်လို့လဲ"
အမေရိကမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ဖိအားပေးတာက တော်ပီဒိုလှိုင်းလုံးကြီးတစ်ခုလို ပြင်းထန်စွာ ရိုက်ခတ်လာခဲ့တယ်။
ဒီလိုမျိုး စီးပွားရေး ဆွေးနွေးပွဲလို့ ခေါ်တဲ့ နေရာက တကယ်တော့ ကိုရီးယား စီးပွားရေးသမားတွေကို အမေရိကမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိအားပေးတဲ့ နေရာတစ်ခု သက်သက်ပါပဲ။
ဒါက စျေးသည်တွေကို စုစည်းပြီး ဆက်ကြေးတောင်းနေတဲ့ ပုံစံမျိုးနဲ့ တူနေတယ်... ကောင်းမွန်တဲ့ နှိုင်းယှဉ်မှုမျိုးတော့ မဟုတ်ပေမဲ့ပေါ့လေ။
ဒါပေမဲ့ အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ဆိုရင်တော့ ဒီလို လုပ်ဆောင်တာက ခွင့်ပြုနိုင်တဲ့အရာ ဖြစ်နေပြန်ရော။ အဆုံးမှာတော့ နိုင်ငံတကာ အခင်းအကျင်းဆိုတာကလည်း အာဏာရှိတဲ့သူက အလိုရှိရာကို ညွှန်ကြားတဲ့ လူမိုက်ကမ္ဘာလိုမျိုး ဖြစ်နေတာပါ။
ဒီလို တောင်းဆိုချက်တွေကို လျစ်လျူရှုလိုက်မယ်ဆိုရင်တော့ မကောင်းတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တာကြောင့် လူတိုင်းက ဆက်ကြေး အတန်အသင့် ပေးဖို့အတွက် ပြင်ဆင်လာခဲ့ကြပုံရတယ်။
ရိုနယ်က မိုက်ခရိုဖုန်းကို လွှဲပေးလိုက်တဲ့ အခါမှာတော့ ကုမ္ပဏီ အကြီးအကဲတွေက သူတို့ ပြင်ဆင်လာခဲ့တဲ့ အဆိုပြုချက်တွေကို ချက်ချင်းပဲ ထုတ်ဖော် ပြောကြားခဲ့ကြတယ်။
သူတို့က အမေရိကမှာ စက်ရုံတွေ ဆောက်လုပ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့၊ သုတေသနနဲ့ ဖွံ့ဖြိုးရေး စင်တာတွေမှာ ဝန်ထမ်းတွေ ပိုပြီး ခန့်အပ်ဖို့နဲ့ အမေရိကန် ထုတ်လုပ်ရေး ပစ္စည်းတွေကို ပိုပြီး ဝယ်ယူဖို့ စတာတွေကို ကတိပြုခဲ့ကြတယ်။ အခြေခံအားဖြင့်တော့ အမေရိကအတွက် ပိုပြီး လုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ကြတာပေါ့။
ဥက္ကဋ္ဌ လင်ဂျင်ယုံက ဆိုဆောင်း အုပ်စုအနေနဲ့ အင်ဒီယားနားပြည်နယ်မှာ OTK ကုမ္ပဏီနဲ့အတူ ဘတ္ထရီ စက်ရုံတစ်ရုံကို တည်ဆောက်နေကြောင်း ထည့်သွင်း ပြောကြားခဲ့ပြီး အမေရိကန် မိတ်ဖက်ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ရန်ပုံငွေတစ်ခု ဖန်တီးသွားမယ်လို့ ကြေညာခဲ့တယ်။
တင်ပြချက်တွေကို စုစည်းကြည့်လိုက်ရင်တင်ပဲ ကိုရီးယား ကုမ္ပဏီတွေကနေ အမေရိကဆီ ရင်းနှီးမြှုပ်နှံမယ့် ပမာဏက လွန်ခဲ့တဲ့ ၅ နှစ်ကထက်စာရင် နှစ်ဆထက်မက ပိုများနေခဲ့ပါပြီ။
အခုချိန်မှာ စာချုပ်တွေ မချုပ်ဆိုရသေးတာ ဒါမှမဟုတ် နားလည်မှုစာချွန်လွှာ မထိုးရသေးတာ ဖြစ်နေပေမဲ့လည်း စကားပြောခဲ့တဲ့သူတွေက အကြီးစား ကော်ပိုရေးရှင်းတွေရဲ့ စီအီးအိုတွေ ဖြစ်ကြပြီး နားထောင်ခဲ့တဲ့သူကလည်း အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဖြစ်နေတာပါ။
တကယ်လို့ အမေရိကမှာ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ စဉ်းစားမထားဘူးဆိုရင်တော့ တစ်ကြိမ် ပြောပြီးသား စကားကို ပြန်လည် ရုပ်သိမ်းဖို့ မဖြစ်နိုင်ပါဘူး။
အဲဒီအခါကျမှ ရိုနယ်က သူ့ရဲ့ မျက်နှာအမူအရာကို နည်းနည်း လျှော့ချလိုက်ပြီး လက်ခုပ်တီးရင်း ပြောခဲ့တယ်။
"ကဲ... ဒါဆိုရင် ငါတို့ စားသောက်ရင်းနဲ့ စကားပြောကြတာပေါ့။ ဒါက အမေရိကမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြမယ့် မင်းတို့အတွက် အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးနဲ့ တည်းခင်းဧည့်ခံတာဖြစ်လို့ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး မထားဘဲ ပျော်ပျော်ရွှင်ရွှင် စားသုံးကြပါ"
ဒါကလည်း ဖိအားတွေ ပြည့်နှက်နေတဲ့ စကားတစ်ခွန်း ပါပဲ။
လူတိုင်းရဲ့ မျက်နှာမှာ စိတ်ဖိစီးမှုတွေ အပြည့် ဖြစ်နေခဲ့တယ်။ စားသောက်နေတုန်း တစ်ယောက်ယောက် သီးသွားခဲ့ရင်တောင်မှ ဘယ်သူမှ သတိထားမိမှာ မဟုတ်တဲ့ အခြေအနေမျိုးပါ။
အမေရိကန် ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့ စွပ်ပြုတ်နဲ့ အမေရိကန် အမဲသားနဲ့ ပြုလုပ်ထားတဲ့ အမဲသားကင်တွေကို ဆက်တိုက် ကျွေးမွေးခဲ့တယ်။
လူတိုင်းကတော့ အတင်းအကြပ် ပြုံးပြရင်းနဲ့ အစားအစာတွေကို စားသုံးနေခဲ့ကြတာပေါ့။
ရိုနယ်က ပြုံးပြီး မေးတယ်။
"ဒီအသားကင်က အမေရိကန် လယ်သမားတွေ ဂရုတစိုက်နဲ့ မွေးမြူထားတဲ့ နွားတွေကနေ ရရှိတာလေ။ အရသာ ဘယ်လိုရှိလဲ"
အမေရိကန်က အမဲသားကို ဘယ်လောက်တောင် ပါးနပ်စွာ အရောင်းမြှင့်တင်နေတာလဲ။
စကားမစပ် ကိုရီးယား-အမေရိကန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ကို ပြင်ဆင်ဖို့ တောင်းဆိုချက်တွေထဲမှာ အမေရိကန် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ထုတ်ကုန်တွေ တင်သွင်းမှုကို တိုးမြှင့်ဖို့လည်း ပါဝင်နေခဲ့တာပါ။
စီအီးအိုတွေ အားလုံးကလည်း ပြိုင်တူပဲ အရသာရှိပါတယ်လို့ ချီးကျူးခဲ့ကြတယ်။
လူတိုင်းက ဘာဖြစ်လို့ ကိုရီးယား အမဲသားကိုပဲ ပိုကြိုက်ပါတယ်လို့ မပြောရဲကြတာလဲ။