အခန်း ၁၅၀
Vol. 15 Ch. 150
အခန်း (၁၅၀)
ထမင်းစားပွဲတစ်ခုလုံးမှာ ရိုနယ်က အမေရိကမှာ ရင်းနှီးမြှုပ်နှံရမယ့် အကြောင်းရင်းတွေနဲ့ သူ့ရဲ့ မူဝါဒတွေကို စိတ်အားထက်သန်စွာနဲ့ ရှင်းပြနေခဲ့တယ်။
ဒီအချက်အလက်တွေကို လူတိုင်းက သိပြီးသား ဖြစ်နေပေမဲ့လည်း ဥက္ကဋ္ဌတွေကတော့ သဘောတူတဲ့အနေနဲ့ ခေါင်းကို တရစပ် ငြိမ့်ပြနေကြတာပေါ့။
သူက အမေရိကန် အလုပ်သမားတွေက ဝီရိယရှိပြီး ရိုးသားကြကြောင်း၊ ပြည်နယ်အစိုးရကလည်း စီးပွားရေးလုပ်ငန်း တွေကို တက်တက်ကြွကြွ ပံ့ပိုးပေးမှာဖြစ်ကြောင်းနဲ့ မကြာခင်မှာ ကော်ပိုရိတ်အခွန်တွေကို သိသိသာသာ လျှော့ချပေးတော့မှာ ဖြစ်ကြောင်း စတာတွေကို ထည့်သွင်းပြောဆိုခဲ့တယ်။
အဲဒီနောက်မှာတော့ သူက သူ့ရဲ့ ထုံးစံအတိုင်း လွန်လွန်ကဲကဲ ပြက်လုံးတွေကိုပါ ဖောက်လိုက်သေးတယ်။ ဒီတစ်ကြိမ်မှာလည်း ဥက္ကဋ္ဌတွေက အတင်းအကြပ် လိုက်ရယ်ပေးခဲ့ရပြန်တယ်။ နံနက်စာ စားပွဲပြီးတဲ့နောက်မှာတော့ ရိုနယ်က သူ့ရဲ့ နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ အမျိုးသားသုသာန်ဆီကို ထွက်ခွာသွားခဲ့တယ်။
ရိုနယ် ထွက်ခွာသွားတာနဲ့ ချက်ချင်းဆိုသလိုပဲ စောနက ပျော်စရာကောင်းနေတဲ့ ထမင်းစားခန်းရဲ့ အခြေအနေက တစ်ခဏချင်းမှာတင် လေးလံထိုင်းမှိုင်းသွားခဲ့တော့တာပဲ။
ဥက္ကဋ္ဌတွေရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေ အပြည့် ဖြစ်နေခဲ့ကြတယ်။ သူတို့က အမေရိကမှာ ရင်းနှီးမြှုပ်နှံရင် ရမယ့် အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို ခေါင်းထဲမှာ တွက်ချက်နေကြတာ နေမှာပါ။
ဥက္ကဋ္ဌ တချို့က ကျွန်တော့်ကို လှမ်းကြည့်ကြတယ်။ သူတို့ရဲ့ အကြည့်တွေထဲမှာ ရိုနယ်ကို သမ္မတ ဖြစ်အောင် လုပ်ခဲ့လို့ ကျွန်တော့်ကို အပြစ်တင်နေတဲ့ ပုံစံမျိုး တွေ့နေရတယ်။
"......"
ဒါက ငါ့ရဲ့ စိတ်ထင်လို့ပဲ နေမှာပါ။ ဟုတ်တယ်မလား။
ကျွန်တော် ထဖို့ ပြင်လိုက်တုန်းမှာပဲ ဥက္ကဋ္ဌ ဟန်မင်းဂူက ကျွန်တော့်ဆီ လျှောက်လာခဲ့တယ်။
"မကြာခင်မှာ ငါတို့တွေ သီးသန့် တွေ့ဆုံပွဲလေးတစ်ခုလောက် လုပ်ကြရအောင်။ ကန်ဂျင်ဟူ။ အထင်လွဲစရာတွေ ရှိနေရင်လည်း ဒါတွေကို ရှင်းလင်းလိုက်တာက ပိုကောင်းတာပေါ့။ မဟုတ်ဘူးလား"
ကျွန်တော် ဖြည်းဖြည်းချင်းပဲ ပြုံးပြလိုက်တယ်။
"အင်း... တကယ်ပဲ အထင်လွဲစရာ ရှိလို့လားဗျာ"
ဒါက အထင်လွဲတာ မဟုတ်ပါဘူး။ သေချာပေါက် သိနေတာပါ။
သမ္မတ ပတ်ဆီဟျွန်းနဲ့ ဥက္ကဋ္ဌ ဟန်မင်းဂူက အခြေခံအားဖြင့်တော့ တစ်လှေထဲစီး နေကြတဲ့သူတွေလေ။ OTK ကုမ္ပဏီအပေါ် ဖိအားပေးမှု အမျိုးမျိုးရဲ့ နောက်ကွယ်မှာ သူလည်း ပါဝင်နေမှာ သေချာပါတယ်။
အားလုံးထက် ပိုဆိုးတာက ကျွန်တော့်အဖေ ဘယ်လိုမျိုး ကွယ်လွန်သွားခဲ့လဲဆိုတာကို သူ သေချာပေါက် သိနေမှာပဲ။
ဥက္ကဋ္ဌ ဟန်မင်းဂူက အော်ဟစ်ပြီး ရယ်မောလိုက်တယ်။
"ဒါဆိုရင်တော့ စိတ်အေးရတာပေါ့။ နောက်မှ ငါ မင်းဆီကို သီးသန့် ဆက်သွယ်လိုက်ပါ့မယ်"
ဂရန်းပဲလေ့စ် ဟိုတယ်ရဲ့ အဓိကဝင်ပေါက်မှာတော့ အနက်ရောင် ဆီဒန်ကားတန်းကြီးက စောင့်ဆိုင်းနေခဲ့ကြတယ်။ ဥက္ကဋ္ဌတွေကလည်း သူတို့ရဲ့ ကားအသီးသီးထဲကို ဝင်စီးလိုက်ကြတာပေါ့။
ဥက္ကဋ္ဌ လင်ဂျင်ယုံက လှမ်းမေးတယ်။
"ရုံးခန်းကို တန်းသွားမှာလား"
"ဟုတ်ကဲ့"
"လမ်းကြောင်းက အတူတူပဲဆိုတော့ ငါတို့တွေ ကားတစ်စီးထဲ အတူတူ စီးသွားကြမလား"
ဆိုဆောင်း အုပ်စုရဲ့ ရုံးချုပ်နဲ့ OTK ကုမ္ပဏီက လမ်းလျှောက်သွားလို့ရတဲ့အထိ နီးနီးလေးတင် ရှိတာပါ။
ကျွန်တော်က အနက်ရောင် ဆီဒန်ကားတွေကြားထဲမှာ ညှပ်နေတဲ့ အဖြူရောင် Panamera ကားလေးကို လက်ညှိုးထိုးပြလိုက်တယ်။
"ကျွန်တော် ကိုယ်တိုင် မောင်းလာတာမလို့ပါ"
"ဒါဆိုရင် ငါ မင်းရဲ့ကားကို လိုက်စီးမယ်လေ။ ဆိုဆောင်း အုပ်စု ရုံးချုပ်အထိ လိုက်ပို့ပေးရင် ကျေးဇူးတင်မိမှာပါ"
"ဒါဆိုလည်း သွားကြတာပေါ့"
ဥက္ကဋ္ဌ လင်ဂျင်ယုံက ဘေးက ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။
ကျွန်တော်ကတော့ ဒရိုင်ဘာထိုင်ခုံမှာ ထိုင်ပြီး ကားစက်နှိုးလိုက်တာပေါ့။ ဥက္ကဋ္ဌ လင်ကတော့ သဘောကျနေတဲ့ ပုံစံနဲ့ ပြုံးနေခဲ့တယ်။
"လူတိုင်းက အမေရိကမှာ ရင်းနှီးမြှုပ်နှံရမယ့် ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ရှုပ်နေကြတာ။ အရှုံးခံပြီးတော့ သွားပြီး ရင်းနှီးမမြှုပ်နှံနိုင်ကြဘူးလေ"
ကိုရီးယား လုပ်ငန်းစုကြီးတွေက အမေရိကမှာ တက်တက်ကြွကြွ သွားပြီး မရင်းနှီးမြှုပ်နှံကြတဲ့ အကြောင်းရင်းက အကျိုးအမြတ် မရှိလို့ပါပဲ။
စီးပွားရေးလုပ်ငန်းတွေဆိုတာက အမြတ်အစွန်း ရရှိဖို့ကိုပဲ ဦးတည်တာဖြစ်လို့ အမြတ်ထွက်မယ်လို့ ထင်ရင်တော့ ကန့်ကွက်မှုတွေ ရှိနေပါစေဦးတော့ သွားပြီး လုပ်ကြမှာပါ။ တကယ်လို့ အမြတ်မရှိဘူးဆိုရင်တော့ ဘယ်လောက်ပဲ တွန်းအားပေးပါစေဦးတော့ သူတို့က လှုပ်ရှားကြမှာ မဟုတ်ပါဘူး။
ဒါကလည်း 'စီးပွားရေး လုပ်ငန်းတွေကနေ ရင်းနှီးကျွမ်းဝင်မှု' အစီအစဉ်တွေ ကျရှုံးခဲ့ရတဲ့ အကြောင်းရင်းပါပဲ။
ပတ်ဆီဟျွန်းက လုပ်ငန်းတွေကို ပံ့ပိုးပေးတဲ့ မူဝါဒအမျိုးမျိုးကတစ်ဆင့် ကော်ပိုရေးရှင်းကြီးတွေရဲ့ အမြတ်အစွန်းတွေကို တိုးမြှင့်ပေးနိုင်ခဲ့ရင် သူတို့က အဲဒီပိုက်ဆံတွေကို ပြန်လည် ရင်းနှီးမြှုပ်နှံကြပြီး စီးပွားရေးကို မြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။
ဒါပေမဲ့လည်း ကော်ပိုရေးရှင်းကြီးတွေရဲ့ အမြတ်အစွန်းတွေ တိုးလာခဲ့သလောက် အသေးစား စီးပွားရေးလုပ်ငန်းတွေရဲ့ အမြတ်အစွန်းတွေက ကျဆင်းသွားခဲ့ပြီး ပြည်တွင်းဝယ်လိုအားကလည်း ငြိမ်သက်နေတာကြောင့် ကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေခဲ့ကြတာပေါ့။
"ကိုရီးယား-အမေရိကန် FTA ပြင်ဆင်မှုရဲ့ အဓိက ပြဿနာက မော်တော်ကားတွေ ဖြစ်နေတာမလို့ အွန်ဆောင်း မော်တာက အကြီးမားဆုံး ထိခိုက်မှုကို ခံရလိမ့်မယ်"
ကျွန်တော် ခပ်တိုးတိုး ရယ်မောလိုက်တယ်။
"ဒါက ပြဿနာကြီးပဲ။ ဒါဆိုရင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ PAS ကုမ္ပဏီလည်း ထိခိုက်မှာပဲပေါ့"
ကိုရီးယား-အမေရိကန် FTA ပြင်ဆင်တာက နိုင်ငံအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်ပေမဲ့ ပတ်ဆီဟျွန်းအတွက်လည်း ကိုယ်ပိုင်ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။
ပတ်ဆီဟျွန်းရဲ့ စရိုက်အရဆိုရင် သူက နိုင်ငံတော် ဆုံးရှုံးမှုတွေကိုတော့ သည်းခံနိုင်ရင် သည်းခံလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဆုံးရှုံးမှုတွေကိုတော့ သူ လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူး။
ဥက္ကဋ္ဌ လင်က သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်ပြတယ်။
"ဒါကြောင့်မလို့ စာချုပ်ပြင်ဆင်တာတွေကို တစ်နည်းနည်းနဲ့ တားဆီးဖို့အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ထုတ်ကုန်တွေကို ထပ်ပြီး ဖွင့်ပေးမယ့်အကြောင်း ပြောခဲ့ရတာပေါ့။ ဒါပေမဲ့ တစ်ဖက်လူက တအား မာလွန်းတယ်"
သူတို့ရဲ့ မဟာဗျူဟာက မော်တော်ကား ကဏ္ဍကို ကာကွယ်ဖို့အတွက် စိုက်ပျိုးရေး ထုတ်ကုန်တွေကို အရှုံးပေးဖို့ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တစ်ဖက်လူက ညှိနှိုင်းမှုမှာ ဆရာကြီးဖြစ်တဲ့ ရိုနယ် စတန်ပါ ဖြစ်နေခဲ့တာလေ။
ရိုနယ်က စိုက်ပျိုးရေး ထုတ်ကုန်တွေကို ထပ်ပြီး ဖွင့်ပေးဖို့ တောင်းဆိုတာကိုရော၊ ကိုရီးယား-အမေရိကန် FTA ပြင်ဆင်မှုကို တောင်းဆိုတာကို တပြိုင်ထဲလုပ်ခဲ့ပါတယ်။
"ဆိုဆောင်း အုပ်စုအတွက်ကော မစိုးရိမ်ဘူးလား"
"အီလက်ထရောနစ် ဘက်ကတော့ ပြဿနာ မရှိပါဘူး။ နောက်ထပ် နှစ်အနည်းငယ်အထိ Semiconductorမှာ ဝယ်လိုအားက ထုတ်လုပ်နိုင်စွမ်းထက် ပိုပြီး များနေဦးမှာပဲ။ အမှန်တော့ အမေရိကန်မှာ ဘတ္ထရီ စက်ရုံ ဆောက်လုပ်တာကို အခွင့်ကောင်းယူပြီး CL Chemicals ကို ကျော်တက်နိုင်ဖို့အတွက် SB ဘက်က မျှော်လင့်နေတာ"
လျှပ်စစ်ကားတွေအတွက် ထောက်ပံ့ကြေးတွေက မရှိမဖြစ် လိုအပ်ပါတယ်။ ရိုနယ်ရဲ့ မူဝါဒအရဆိုရင် အမေရိကန်လုပ် ဘတ္ထရီတွေက ထောက်ပံ့ကြေး ရရှိဖို့အတွက် ပိုပြီး အခွင့်အရေး သာမှာပါ။
အုပ်စုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူက ဖြစ်လာနိုင်တဲ့ အခြေအနေ အားလုံးကို ထည့်သွင်း စဉ်းစားထားခဲ့ပုံရတယ်။
ဥက္ကဋ္ဌ လင်ဂျင်ယုံက လက်ညှိုးထိုးပြီး ရှေ့ကို ညွှန်ပြလိုက်တယ်။
"အချိန်ရှိသေးရင် အဲဒီနားကို ခဏလောက် ဝင်သွားကြမလား"
သူ ညွှန်ပြလိုက်တာက ဆိုဆောင်း ဒစ်ဂျစ်တယ် ပလာဇာပဲ ဖြစ်ပါတယ်။ ကျွန်တော် ကားပါကင် ထိုးလိုက်ပြီး ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့အတူ အထဲကို ဝင်လာခဲ့တယ်။
ဝင်ပေါက်က ဝန်ထမ်းက ဦးညွှတ်လိုက်ပြီး ပြောတယ်။
"မင်္ဂလာပါ။ ဆရာ။ ဘာကူညီပေးရမလဲခင်ဗျာ"
ဥက္ကဋ္ဌ လင်ဂျင်ယုံက ပြန်ပြောလိုက်တယ်။
"အသစ်ထွက်ထားတဲ့ စမတ်ဖုန်းကို တစ်ချက်လောက် ကြည့်ချင်လို့ပါ"
"ဟုတ်ကဲ့။ ဒီဘက်ကို ကြွပါ..."
ဝန်ထမ်းက ခေါင်းမော့ကြည့်လိုက်တဲ့ အချိန်မှာတင် ချက်ချင်းပဲ အံ့ဩတုန်လှုပ်သွားခဲ့တော့တယ်။
"ခ-ခဏလေး..."
တုန်လှုပ်နေတဲ့ ဝန်ထမ်းက ဘာမှ မပြောနိုင်ဖြစ်နေတုန်းမှာပဲ ဆိုင်ထဲမှာ ပစ္စည်းကြည့်နေကြတဲ့ ဝယ်သူတွေက လှမ်းပြီး အော်ပြောကြတယ်။
"ဟေ့... ဟိုဟာ လင်ဂျင်ယုံ မဟုတ်ဘူးလား"
"ဘာတွေ လျှောက်ပြောနေတာလဲ။ လင်ဂျင်ယုံက ဘာဖြစ်လို့ ဒီကို ရောက်လာမှာလဲ... အို... ဟုတ်တယ်၊ သူ တကယ်ပဲဟ"
"ခဏလေးနေဦး။ သူ့ဘေးနားကလူက ကန်ဂျင်ဟူ မလား"
တစ်ခဏချင်းမှာတင် ဆိုင်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်။ ထိုင်နေတဲ့ ဝန်ထမ်းတွေက ဝုန်းခနဲ ထရပ်ကြသလို ပစ္စည်းကြည့်နေတဲ့ ဝယ်သူတွေကလည်း ဓာတ်ပုံရိုက်ဖို့အတွက် သူတို့ရဲ့ ဖုန်းတွေကို ထုတ်လာကြတော့တာပဲ။
ဥက္ကဋ္ဌ လင်ရဲ့ ရုတ်တရက် ရောက်ရှိလာမှုက ဝန်ထမ်းတွေကို အံ့ဩသွားစေခဲ့သလို ဆိုင်ထဲက ဝယ်သူတွေကိုလည်း မှင်တက်သွားစေခဲ့တယ်။
သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က စက်လှေကားပေါ်ကနေ အပြေးအလွှား ဆင်းလာခဲ့ပြီး ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ ရှေ့မှာ ၉၀ ဒီဂရီအထိ ဦးညွှတ်ပြီး နှုတ်ဆက်ခဲ့တယ်။
" မင်္ဂလာပါ။ ဥက္ကဋ္ဌကြီး။ ကျွန်တော်က ဘဏ်ခွဲမန်နေဂျာ ကင်ယောင်ဂျွန်ပါ။ ဘ-ဘာကိစ္စများ ရှိလို့ လာခဲ့တာလဲခင်ဗျာ"
သူ့ရဲ့ မျက်နှာအမူအရာက မယုံနိုင်စရာ ဖြစ်နေသလို "ငါ ဘာအမှားလုပ်မိလို့လဲ... ဆိုင်က ဝန်ဆောင်မှု မကောင်းဘူးလို့ အတိုင်ခံရတာလား... ဒါဆိုရင် ငါ အလုပ်ပြုတ်တော့မှာလား" ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ဥက္ကဋ္ဌ လင်က ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"ငါက ဝယ်သူတစ်ယောက်အနေနဲ့ လာခဲ့တာပါ"
အဲဒီနောက်မှာ သူက ကျွန်တော့်ကို ညွှန်ပြလိုက်တယ်။
"ဒီမှာရှိတဲ့ ကန်ဂျင်ဟူကို အသစ်ထွက်ထားတဲ့ NT8 ဖုန်းလေး လက်ဆောင်ပေးချင်လို့လေ။ တစ်ချက်လောက် ရှင်းပြပေးလို့ ရမလား"
"အို... ဟုတ်ကဲ့ပါခင်ဗျာ။ ဒီဘက်ကို ကြွပါ။ ကျွန်တော် သေချာ ရှင်းပြပေးပါ့မယ်"
"ရပါတယ်။ မန်နေဂျာ၊ မန်နေဂျာ့ အလုပ်ကိုပဲ သွားလုပ်ပါ။ ဒီအတိုင်း ပုံမှန်အတိုင်းပဲ လုပ်ပါ"
ဘဏ်ခွဲမန်နေဂျာက နည်းနည်းတော့ ယောက်ယက်ခတ်သွားပုံ ရတယ်။
"အာ... ဟုတ်ကဲ့ပါခင်ဗျာ။ ဒါဆိုရင် ချွိုင်းဟန်နာက ကူညီပေးပါလိမ့်မယ်"
အခေါ်ခံလိုက်ရတဲ့ ဝန်ထမ်းမလေးကလည်း လန့်သွားခဲ့တယ်။
"ဒီအတိုင်း ပုံမှန်ဝယ်သူတစ်ယောက်လိုပဲ သဘောထားပြီး စိတ်အေးအေးထားပါ"
"ဟုတ်ကဲ့။ နားလည်ပါပြီ"
ဝန်ထမ်းမလေးက ဆိုဆောင်း အီလက်ထရောနစ်ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းရဲ့specsတွေကို ဥက္ကဋ္ဌကြီးကို သေသေချာချာ ရှင်းပြဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ သူက ကင်မရာ၊ ဗီဒီယို လုပ်ဆောင်ချက်တွေ၊ ကြိုးမဲ့အားသွင်းစနစ်တွေနဲ့ တခြားအရာတွေကို ဆက်တိုက် ရှင်းပြနေခဲ့တာပါ။
ကျွန်တော် နားထောင်နေတုန်းမှာပဲ ဝယ်သူတစ်ယောက်က ဥက္ကဋ္ဌ လင်ရဲ့ အနားကို ချဉ်းကပ်လာခဲ့တယ်။
"ဥက္ကဋ္ဌကြီးနဲ့အတူ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလားဟင်"
ဒါကို ကြားတော့ ဥက္ကဋ္ဌ လင်က ဝယ်သူ့လက်ထဲက ဖုန်းကို လက်ညှိုးထိုးပြပြီး နောက်ပြောင်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
"မင်းက N-phone ကို သုံးနေတာပဲ။ နောက်တစ်ကြိမ်ကျရင် ဆိုဆောင်း အီလက်ထရောနစ် ဖုန်းကို ပြောင်းသုံးမယ်လို့ ကတိပေးရင်တော့ မင်းနဲ့အတူ ဓာတ်ပုံရိုက်ပေးမယ်လေ"
ဝယ်သူကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်ပြတယ်။
"သေချာတာပေါ့ဗျာ။ နောက်တစ်ခါ အသစ်ထွက်မယ့် L series ကျရင် ပြောင်းသုံးပါ့မယ်"
"ကတိပေးပြီးပြီနော်"
ဥက္ကဋ္ဌ လင်ဂျင်ယုံက အဲဒီဝယ်သူနဲ့အတူ ဓာတ်ပုံ တွဲရိုက်ပေးခဲ့တယ်။ ဒါကို မြင်တော့ တခြားဝယ်သူတွေကလည်း သတ္တိမွေးပြီး အော်တိုထိုးခိုင်းတာတွေ၊ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုတာတွေ လုပ်လာကြတာကြောင့် ဥက္ကဋ္ဌ လင်ဂျင်ယုံကလည်း သူတို့ရဲ့ တောင်းဆိုချက် အားလုံးကို လိုလိုလားလားပဲ လိုက်လျောပေးခဲ့တယ်။
ဓာတ်ပုံရိုက်တာနဲ့ အော်တိုထိုးပေးတာတွေက ကျွန်တော့်ဆီအထိပါ ကူးစက်လာခဲ့တယ်။ ဆိုဆောင်း အုပ်စုရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်က ဘေးနားမှာ Fan Service ပေးနေတာဆိုတော့ ကျွန်တော့်အနေနဲ့ ငြင်းပယ်လိုက်ရင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လေ။
ဒါကြောင့်မလို့ စိတ်မပါပေမဲ့လည်း ကျွန်တော်လည်း လူတွေနဲ့အတူ အော်တိုလက်မှတ်ထိုးပေးပြီး ဓာတ်ပုံတွေ တွဲရိုက်ပေးခဲ့ရတာပေါ့။
ပရိသတ်နဲ့ တွေ့ဆုံပွဲ ပြီးသွားတဲ့ အခါမှာတော့ ဥက္ကဋ္ဌ လင်ဂျင်ယုံက အရောင်စုံပါတဲ့ NT8 ဖုန်း ၁၀ လုံးကို ဝယ်ယူပြီး ကျွန်တော့်ဆီ လွှဲပေးခဲ့တယ်။
"ဒါက လက်ဆောင်ပါ။ ဘေးနားက လူတွေကို မျှပြီး ပေးလိုက်ပါဦး"
စမတ်ဖုန်း ဈေးနှုန်းတွေက တောက်လျှောက် တက်နေတာဖြစ်လို့ ဖုန်း ၁၀ လုံးဆိုရင် ဝမ် ၁၀ သန်းကျော်လောက် ကျသင့်မှာ ဖြစ်ပါတယ်။
"ဒါကို ကျွန်တော် တကယ်ပဲ လက်ခံလို့ ဖြစ်ပါ့မလား"
"ဖြစ်တာပေါ့။ ဒီတစ်ကြိမ်တော့ ဖုန်းက ပေါက်ကွဲမှာ မဟုတ်တာမလို့ စိတ်အေးအေးထားပြီး သုံးလို့ရပါတယ်"
ကျွန်တော့်အနေနဲ့ ဖုန်းပြောင်းဖို့ မလိုသေးဘူးလို့ ခံစားရပေမဲ့လည်း ဒီအတိုင်း ပေးလာတဲ့ လက်ဆောင်မလို့ ငြင်းပယ်စရာ အကြောင်းရင်း မရှိပါဘူး။
တက်ဂယူကတော့ သေချာပေါက် သဘောကျမှာပါ။
ကျွန်တော်တို့ ကားထဲကို ပြန်ဝင်လာခဲ့ကြတယ်။ ဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့ဖုန်းကို ပွတ်နေရင်းနဲ့ ရုတ်တရက် အော်ဟစ်ပြီး ရယ်မောလိုက်တာ။
"ဟားဟားဟား..."
"ဘာဖြစ်လို့ ရယ်တာလဲဗျ"
"သတင်းက တက်လာပြီလေ"
ဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့ဖုန်းကို ကျွန်တော့်ဆီ လှမ်းပေးခဲ့တယ်။
[ဆိုဆောင်း အုပ်စုရဲ့ ဥက္ကဋ္ဌ လင်ဂျင်ယုံက OTK ကုမ္ပဏီရဲ့ စီအီးအို ကန်ဂျင်ဟူနဲ့အတူ ဆိုဆောင်း ဒစ်ဂျစ်တယ် ပလာဇာဆီကို ရုတ်တရက် လာရောက်လည်ပတ်ခဲ့]
[ဥက္ကဋ္ဌ လင်ဂျင်ယုံက စီအီးအို ကန်ဂျင်ဟူကို NT8 စမတ်ဖုန်း လက်ဆောင်ပေးခဲ့]
[ဥက္ကဋ္ဌ လင်ဂျင်ယုံက ထုတ်ကုန်အသစ်ကို ဆိုင်ထဲမှာ ကိုယ်တိုင် အရောင်းမြှင့်တင်နေ]
Commentsတွေလည်း တရစပ် ဝင်လာနေခဲ့တယ်။
– ဟားဟား... ဝန်ထမ်းတွေတော့ လန့်သွားမှာပဲ။
– ဘဏ်ခွဲမန်နေဂျာကတော့ “ငါ့မှာ ဘာအပြစ်ရှိလို့လဲကွာ”လို့ တွေးမိသွားမှာသေချာတယ်။
– ဆိုဆောင်း ဥက္ကဋ္ဌ ကိုယ်တိုင်ကလည်း ဆိုင်မှာ ဖုန်းလာဝယ်တာပဲလား။
– ကြည့်ရတာ သူက ကန်ဂျင်ဟူနဲ့ တော်တော်လေး ရင်းနှီးတဲ့ ပုံပဲ။
– ဒါက အရောင်းမြှင့်တင်ဖို့အတွက် ပြကွက်တစ်ခု လုပ်နေတာ မဟုတ်ဘူးလား။
– တစ်ယောက်ယောက်က ငါ့ကိုလည်း တစ်လုံးလောက် ဝယ်ပေးရင် ကောင်းမှာပဲ။
ကျွန်တော် ဖုန်းကို ပြန်ပေးလိုက်တယ်။
"သမ္မတ ပတ်ဆီဟျွန်းကတော့ ဒီသတင်းကို မြင်ရင် သိပ်ပြီး သဘောကျမှာ မဟုတ်ဘူးနော်"
ဥက္ကဋ္ဌ လင်ဂျင်ယုံက ဂရုမစိုက်တဲ့ ပုံစံနဲ့ ပြန်ဖြေခဲ့တယ်။
"ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သက်တမ်းက ကုန်ခါနီးနေပြီပဲ။ အရေးကြီးတာက သူ့နောက်ပိုင်းမှာ ဘယ်သူက အာဏာရလာမလဲဆိုတာပဲလေ"
တကယ်လို့ ကိုရီးယားပါတီက နောက်ထပ် သမ္မတတစ်ယောက်သာ အာဏာရလာဦးမယ်ဆိုရင် ဒီလို စိတ်ရှုပ်စရာ အခြေအနေတွေက ဆက်ပြီး ရှိနေဦးမှာလား။
ကျွန်တော် Seosung Townထဲကို မောင်းဝင်လိုက်ပြီး အဆောက်အဦးရဲ့ ရှေ့မှာ ကားရပ်လိုက်တယ်။
"လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်"
ဥက္ကဋ္ဌ လင်ဂျင်ယုံက ကားပေါ်ကနေ ဆင်းရင်းနဲ့ ပြောတယ်။
"အမေရိကန် သမ္မတနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာက သေချာပေါက် အားသာချက်တစ်ခုပဲ။ အဲဒါကို ဘယ်လိုမျိုး အသုံးချမလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ကြီးမားတဲ့ လက်နက်တစ်ခု ဖြစ်လာနိုင်တယ်"
ရိုနယ်က ကိုရီးယားအတွက် တောင်းဆိုချက်တွေကိုပဲ ချန်ထားခဲ့ပြီး ဂျပန်ဆီကို ထွက်ခွာသွားခဲ့တယ်။ ကံကောင်းတာလား၊ ကံဆိုးတာလားတော့မသိဘူး။ ဂျပန်နဲ့ တရုတ်တို့ကလည်း ဒီလို တောင်းဆိုချက်တွေကို အတူတူ ရရှိခဲ့ကြပါတယ်။
ဂျပန်ဝန်ကြီးချုပ် အိုကာဇာကီက ဂျပန်-အမေရိကန် မဟာမိတ်ဖြစ်မှုကို အလေးပေး ပြောကြားခဲ့ပြီး အမေရိကမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့အတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိပြုခဲ့တယ်။
ဆန့်ကျင်ဘက်အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ တကယ်လို့ အမေရိကက တရုတ်ထုတ်ကုန်တွေအပေါ် အခွန်တိုးမြှင့်မယ်ဆိုရင် တရုတ်ဘက်ကလည်း အမေရိကန် ကုန်ပစ္စည်းတွေအပေါ် အခွန်တွေ ပြန်ပြီး ကောက်ခံသွားမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာပေါ့။
ကိုရီးယား-အမေရိကန် FTA ပြင်ဆင်မှုက လက်တွေ့ ဖြစ်လာခဲ့တာကြောင့် မီဒီယာတွေကလည်း တစ်ပြေးညီ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြခဲ့ကြတယ်။ ညံ့ဖျင်းတဲ့ တုံ့ပြန်မှုတွေကြောင့် စိုက်ပျိုးရေး ထုတ်ကုန်တွေကို ထပ်ပြီး ဖွင့်ပေးလိုက်ရတဲ့အကြောင်း သိသွားကြတဲ့ အခါမှာတော့ လယ်သမားတွေက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတော့တယ်။
အွန်ဆောင်း မော်တာ အုပ်စုရဲ့ ရှယ်ယာတွေကလည်း အမေရိကန် ဈေးကွက်မှာ အရောင်းကျဆင်းသွားမှာကို စိုးရိမ်တာကြောင့် ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရတယ်။ ဒါက အရောင်းကျဆင်းနေတဲ့ အခြေအနေကြားထဲကနေ ထပ်ပြီး ကျဆင်းသွားခဲ့တဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
အစိုးရကတော့ ပြီးခဲ့တဲ့ ကိုရီးယား-အမေရိကန် FTA ညှိနှိုင်းမှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ အရာရှိတွေနဲ့ ကုန်သွယ်ရေး ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အထူးအဖွဲ့ တစ်ခုကို အလျင်အစလို ဖွဲ့စည်းခဲ့ရတယ်။
ပြဿနာကတော့ ရိုနယ် အစိုးရအဖွဲ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့သူတစ်ယောက်မှ မရှိတာပါ။ ရိုနယ် သမ္မတအဖြစ် အရွေးခံရကတည်းက သံတမန်ရေးရာ လမ်းကြောင်းကို ပြန်လည် ပြင်ဆင်ဖို့အတွက် သဘောထားတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ဖူးပေမဲ့ ပြည်တွင်းပြဿနာတွေကိုပဲ အာရုံစိုက်နေခဲ့ကြတာကြောင့် အခွင့်အရေး အမျိုးမျိုးကို လက်လွတ် ဆုံးရှုံးခဲ့ရတာလေ။
ကွန်ဆာဗေးတစ်မီဒီယာတွေကတောင် ဒါကို ဝေဖန်ခဲ့ကြပြီး အခုချိန်မှာတော့ အဆက်အသွယ်ရှိတဲ့ စီးပွားရေးသမားတွေကို အကူအညီ တောင်းရမယ့် အချိန်ဖြစ်တယ်လို့ ရေးသားခဲ့ကြတယ်။
နာမည်ကို တိုက်ရိုက် ထည့်မပြောခဲ့ကြပေမဲ့ ဒါက လက်တွေ့မှာ ကျွန်တော့်ကို ရည်ညွှန်းနေတာ ဖြစ်ပါတယ်။
နောက်ဆုံးတော့ ရိုနယ်နဲ့ ဒီလောက်အထိ ရင်းနှီးတဲ့ အဆက်အသွယ်ရှိတဲ့သူက ကျွန်တော်ကလွဲလို့ ဘယ်သူ ရှိဦးမှာလဲ။
ဒါပေမဲ့လည်း ပတ်ဆီဟျွန်းကတော့ ကျွန်တော့်ဆီကို အကူအညီတောင်းဖို့ လက်ကမ်းလာမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာလည်း ပတ်ဆီဟျွန်းနဲ့ အွန်ဆောင်း မော်တာကို ကူညီဖို့အတွက် ဝင်ပါဖို့ ဆန္ဒ လုံးဝမရှိဘူးလေ။
အွန်ဆောင်း မော်တာရဲ့ အခြေအနေက ပိုပြီး ဆိုးရွားသွားခဲ့တယ် ဆိုရုံနဲ့ ကျွန်တော်တို့က ချက်ချင်း အကျိုးအမြတ် ရလာမှာတော့ မဟုတ်ပါဘူး။
အမေရိကဆိုတာက ကမ္ဘာတစ်ဝန်းက မော်တော်ကား ထုတ်လုပ်သူတွေ စုဝေးပြီး တိုက်ပွဲဝင်နေကြတဲ့ စစ်မြေပြင်တစ်ခုပါ။ အွန်ဆောင်းရဲ့ ဈေးကွက်ဝေစုက အမေရိကမှာ ကျဆင်းသွားခဲ့ရင်တောင်မှ အဲဒီနေရာကို ကားအမျိုးအစား တူညီတဲ့ ဂျပန် ဒါမှမဟုတ် ဥရောပ ကုမ္ပဏီတွေကပဲ ဝင်ပြီး အစားထိုးသွားကြမှာပါ။
[(သတင်းထူး) မင်းသမီးသစ် မင်ဆိုးယွန်က K ကုမ္ပဏီရဲ့ စီအီးအို ပတ်ဆန်းယော့နဲ့ တွေ့ဆုံနေတာကို မိသွားခဲ့]
သတင်းကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်က စီနီယာဆန်းယော့ ကို လှမ်းမေးလိုက်တယ်။
"စီနီယာ... စီနီယာက အနုပညာရှင်တစ်ယောက်နဲ့ တွဲနေတာလား"
အဲဒီသတင်းထဲမှာ စီနီယာ ဆန်းယော့က ဦးထုပ်ကို ငုံ့ဆောင်းထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့အတူ စားသောက်ဆိုင်ကနေ ထွက်လာတဲ့ ဓာတ်ပုံတစ်ပုံနဲ့ McLaren ကားထဲမှာ အတူတူ ရှိနေကြတဲ့ ဓာတ်ပုံတစ်ပုံ ပါဝင်နေခဲ့တာပါ။
စီနီယာ ဆန်းယော့ကတော့ လက်ခါပြရင်းနဲ့ ငြင်းဆိုခဲ့တယ်။
"ငါတို့က ဒီအတိုင်း အတူတူ ထမင်းအနည်းငယ် စားခဲ့ကြရုံတင်ပါ"
"ဒါပေမဲ့ ညသန်းခေါင် ၁ နာရီကြီးလေနော်"
"ရိုက်ကူးရေးက နောက်ကျမှ ပြီးသွားလို့ပါ"
မင်ဆိုးယွန်က အခုချိန်မှာ ရုပ်သံ ဒရာမာတွေမှာ လူကြိုက်များပြီး တက်သစ်စ ဖြစ်နေတဲ့ မင်းသမီးသစ်တစ်ယောက်ပါ။
ဒါကြောင့်မလို့ ထင်တယ်။ အင်တာနက် ဖျော်ဖြေရေး ကဏ္ဍတွေမှာ တွဲနေကြတယ်ဆိုတဲ့ ကောလာဟလတွေက တရစပ် ပျံ့နှံ့သွားခဲ့ပြီး အားကစား သတင်းစာရဲ့ မျက်နှာဖုံးမှာတောင် ပါဝင်လာခဲ့တယ်။
ကျွန်တော်လည်း မအံ့ဩဘဲ မနေနိုင်ခဲ့ဘူး။
"ဝိုး... စီနီယာက အနုပညာရှင်တစ်ယောက်နဲ့ ကောလာဟလ ထွက်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး"
စီနီယာ ကီဟုမ်ကလည်း ဝင်ပြီး ပြောခဲ့တယ်။
"စီအီးအိုရဲ့ ရုပ်ရည်က စံချိန်နိမ့်နေတာကလွဲလို့ ကျန်တဲ့ နေရာတွေမှာတော့ သူက ဘယ်သူ့ထက်မှ မနိမ့်ပါဘူး"
စီနီယာ ဆန်းယော့က မျက်မှောင်ကြုတ်လိုက်တယ်။
"ငါ့ရုပ်က ဘာဖြစ်နေလို့လဲ။ ငါ့ကိုယ်ငါတော့ အတန်အသင့် ချောမောတယ်လို့ ထင်တာပဲ"
"ကျွန်တော်ကတော့ အဲလို မထင်ဘူး" လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။
စီနီယာ ဆန်းယော့က စကားလမ်းကြောင်းကို စီနီယာ ကီဟုမ်ဘက်ကို လွှဲလိုက်တယ်။
"မင်းကော ဂျွန်ဟျွန်းဂျောင်နဲ့ တွဲနေတာ မဟုတ်ဘူးလား"
ကျွန်တော် လန့်သွားခဲ့ရတယ်။
"စီနီယာဟျွန်းဂျောင်နဲ့တွဲနေတာလား... ရုံးတွင်း အချစ်ဇာတ်လမ်းပေါ့"
စီနီယာ ကီဟုမ်ကတော့ ရှက်ကိုးရှက်ကန်း အမူအရာ ဖြစ်သွားခဲ့တယ်။
"အာ... အင်း။ အခြေအနေက အဲလို ဖြစ်သွားခဲ့တာ"
"စီနီယာ ဟျွန်းဂျောင်က စီနီယာထက် အသက်ကြီးတာ မဟုတ်ဘူးလား"
"ငါက တစ်နှစ် ပိုကြီးတာပါ။ ဟျွန်းဂျောင်က ငါ့ထက် အရင် ဘွဲ့ရသွားခဲ့တာလေ"
"ဪ... အဲလိုလား"
သူက စီနီယာ ဟျွန်းဂျောင်ရဲ့ နာမည်ကို ချစ်စနိုးနဲ့ ခေါ်နေတဲ့ ပုံစံကို ကြည့်ရတာ သူတို့ တွဲနေကြတာ တော်တော်လေး ကြာနေပြီ ထင်တယ်။ ကျွန်တော် ဘာဖြစ်လို့ မသိခဲ့ရတာလဲ။
ကျွန်တော် တက်ဂယူကို လှမ်းကြည့်ပြီး မေးလိုက်တယ်။
"မင်းကော ဘယ်သူနဲ့မှ မတွဲဘူးလား"
သူက စော်ကြည်မယ့်ပုံစံမျိုး မဟုတ်ပေမဲ့လည်း လက်တွေ့မှာတော့ OTK ကုမ္ပဏီရဲ့ ရှယ်ယာ ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်လို့ ကိုရီးယားမှာ အချမ်းသာဆုံး လူတွေထဲက တစ်ယောက် ဖြစ်နေတာလေ။
တက်ဂယူက ကျွန်တော့်မေးခွန်းက ကလေးဆန်နေသလိုမျိုးအထာနဲ့ ပြန်ဖြေခဲ့တယ်။
"ငါက ဘယ်အချိန်မှာ အချိန်ရလို့ သွားတွဲရမှာလဲ။ ဂိမ်းအသစ်တွေ ဆော့ရတာနဲ့ အန်နီမေး ကြည့်ရတာနဲ့တင် အလုပ်ရှုပ်နေတာကို"
"နားလည်ပါပြီ"
သူ့မှာ ဂိမ်းထဲက Virtual ကောင်မလေးတွေ နောက်ကို လိုက်ဖို့ အချိန်ရှိပေမဲ့ အပြင်က တကယ့် မိန်းကလေးတွေနဲ့ တွေ့ဆုံဖို့တော့ အချိန်မရှိဘူးပေါ့လေ။
"ဒါနဲ့.. ရှင်ယူရီကို ပြောပြီးပြီလား"
"အဲဒါက..."
"ဘာဖြစ်လို့ အဲလို ဖြစ်နေတာလဲ။ အခုထိ မပြောရသေးဘူးလား"
ကျွန်တော် ဆင်ခြေပေးလိုက်တယ်။
"တခြား ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ပါ"
ကျွန်တော်တို့ တွဲဖြစ်ခဲ့ကြပြီးတဲ့နောက်မှာ အယ်လီနဲ့ စကားအနည်းငယ် ပြောဖြစ်ခဲ့ပေမဲ့ ဒါကို အပြင်မှာ ထုတ်ပြောဖို့ ကြိုးစားတဲ့ အခါကျတော့ သင့်တော်တဲ့ အချိန်ကို ရှာရတာ ခက်ခဲနေခဲ့တာပါ။
ပြန်ပြီး စဉ်းစားကြည့်ရင်တော့ ကျွန်တော်တို့က အဲလောက်အထိ ရင်းနှီးနေခဲ့ကြတာ မဟုတ်ဘဲနဲ့ ရုတ်တရက်ကြီး "ငါ အယ်လီနဲ့ တွဲနေပြီ" လို့ ပြောလိုက်ရမှာက တစ်မျိုးကြီး ဖြစ်နေတာလေ။
တက်ဂယူက အားကစား သတင်းစာကို မြှောက်ပြရင်း ပြောတယ်။
" သူ့ကို အမြန်ဆုံး သေသေချာချာ ပြောပြသင့်တယ်။ နောက်မှ သတင်းတွေထဲကနေတစ်ဆင့် သိသွားခဲ့ရင် သူ ဘယ်လောက်တောင် စိတ်ပျက်သွားမလဲဆိုတာကို တွေးကြည့်ဦး"
ကျွန်တော် ခေါင်းငြိမ့်လိုက်တယ်။
"ငါ သိပါတယ်"
ကျွန်တော်လည်း သူ့ကို ပြောပြဖို့ စိတ်ကူးထားခဲ့တာပါ။
ဒါပေမဲ့ ဘယ်လိုမျိုး စပြီး ပြောရပါ့မလဲ။