← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) အသံလှိုင်းလက်နက်နှင့် နောက်ထပ်ရတနာဂိုဒေါင်တစ်ခုကို သိမ်းပိုက်ခြင်း

မကြာမီပင် သံမဏိသွေးခန်းမမှ ဓားပြများသည် အဖြူရောင်ကျောက်တောင်သို့ ရောက်ရှိလာကြ၏။

"ဒုတိယညီ... လာခဲ့... ရတနာဂိုဒေါင်ကို ဖွင့်ကြရအောင်..."

ဂိုဒေါင်းခေါင်းဆောင် မုတာ့ဟုန်က သူ၏ရှေ့ရှိ ကျောက်နံရံကို ကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်၏။ ဓားပြများကို ဟေးလုံစခန်းသို့ မပြောင်းရွှေ့မီက မုတာ့ဟုန်နှင့် ဖန်ကျင်းပေါင်တို့သည် သူတို့၏ ပုန်းအောင်းရာနေရာမှ ရတနာအားလုံးကို ဤကျောက်နံရံနောက်ကွယ်ရှိ ဂူတစ်ခုထဲသို့ ရွှေ့ပြောင်းထားခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သံမဏိသွေးခန်းမ ဆက်လက်ရပ်တည်နိုင်ရန်အတွက် အရေးအကြီးဆုံးသော ပိုင်ဆိုင်မှုပင်တည်း။

"ကောင်းပြီ အစ်ကို..."

ဖန်ကျင်းပေါင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

ကောင်းကင်တွင် ပျံဝဲနေသော ဒရုန်းများသည် သံမဏိသွေးခန်းမ၏ လှုပ်ရှားမှုအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ကျောက်လင်မှာမူ မီတာတစ်ရာခန့်အကွာရှိ တောအုပ်ထဲတွင် ရှိနေ၏။

"ဒီတော့ သံမဏိသွေးခန်းမရဲ့ ရတနာတွေအားလုံး ဒီနေရာကို ပြောင်းထားတာပေါ့... ငါသာ ကိုယ့်ဖာသာ ရှာဖွေပြီး ဒီတောင်ကုန်းကို လမ်းရှာရမယ်ဆိုရင် အနည်းဆုံး တစ်ရက်လောက်တော့ ကြာမှာပဲ... အခုတော့ သူတို့ကပဲ ငါ့ကို လမ်းပြပေးလိုက်သလို ဖြစ်သွားတာပဲ... ဒီရတနာတွေကတော့ ငါ့အတွက်ပဲ..."

ထိန်းချုပ်ကိရိယာရှိ ဖန်သားပြင်ကို ကြည့်ရင်း ကျောက်လင်က သံမဏိသွေးခန်းမ၏ ရတနာသိုလှောင်ရာနေရာကို သိလိုက်ရသဖြင့် ဝမ်းသာအားရ ရေရွတ်လိုက်သည်။ မုတာ့ဟုန်နှင့် ဖန်ကျင်းပေါင်တို့သည် ရွှေခန္ဓာနယ်ပယ်အဆင့်တွင် ရှိကြပြီး ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်အဆင့် ခေါင်းဆောင်နှစ်ဦးလည်း ရှိနေသေးသဖြင့် ကျောက်လင်အနေဖြင့် တစ်ဦးတည်း အလျင်စလို ဝင်ရောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ၎င်းသည် လူသေလူဖြစ်စေမည့် အလုပ်သာဖြစ်သည်။ ထို့ကြောင့် ကျောက်လင်၏ စိတ်အာရုံက စနစ်မျက်နှာပြင်သို့ ရောက်သွားပြီး စနစ်ဈေးဆိုင်ကို ဖွင့်လိုက်၏။

စနစ်အမှတ် - ၂၀၆၆၀

အမှတ်တွေက သေချာပေါက် မလုံလောက်ပေ။ ထို့ကြောင့် ကျောက်လင်သည် စနစ်နေရာလွတ်ထဲမှ ငွေများထည့်ထားသည့် သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်ကာ ချက်ချင်းဖွင့်လိုက်ရာ ငွေနှစ်ထောင်ပြားကို တွေ့ရသည်။

"စနစ်... ငွေတွေအားလုံးကို အမှတ်တွေအဖြစ် ပြောင်းပေး..."

ကျောက်လင်က အမိန့်ကို ချက်ချင်းပေးလိုက်သည်။

စနစ်အမှတ် - ၂၀၂၀၆၆၀

တစ်ခါတည်းနဲ့ စနစ်အမှတ် သန်းနှစ်သန်း ရလိုက်ပြီဖြစ်ရာ ဘယ်လိုရတနာမျိုးကိုမဆို ဝယ်ယူနိုင်ပြီဖြစ်သည်။ ကျောက်လင်သည် စနစ်ဈေးဆိုင်ကို ချက်ချင်း လှည့်ပတ်ကြည့်ရှုလိုက်ရာ အစွမ်းထက်သည့် လက်နက်အချို့ကို တွေ့လိုက်ရသည်။

【အသံလှိုင်းလက်နက် - အမှတ် ၄၀၀၀၀၀】

【ဖော့စဖရပ်ဖြူဗုံး - အမှတ် ၃၅၀၀၀၀】

အသံလှိုင်းလက်နက်သည် ၂၀ ဟတ်ဇ်အောက်ရှိ အသံလှိုင်းများကို ထုတ်လွှတ်သည်။ ဤလှိုင်းများသည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ သဘာဝအကြိမ်နှုန်းနှင့် ဆင်တူသဖြင့် ပဲ့တင်ရိုက်ခတ်မှုကို ဖြစ်စေသည်။ အနည်းငယ်သာ ထိခိုက်ပါက ကြွက်သားများ တုန်ခါခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်နိုင်ပြီး ပြင်းထန်ပါက သွေးကြောများ ပေါက်ထွက်ကာ ကိုယ်တွင်းကလီစာများ ပျက်စီးသွားနိုင်သည်။ ကြာရှည်စွာ တိုက်ခိုက်ခံရပါက နားမကြားခြင်း၊ သတိလစ်ခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အထိ ဖြစ်ပွားနိုင်သည်။

ဖော့စဖရပ်ဖြူဗုံးများသည် ဖော့စဖရပ်ဖြူဖြင့် ပြုလုပ်ထားပြီး ၎င်းတို့သည် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်တွင်ပင် မီးလောင်ကျွမ်းနိုင်သည်။ အပြည့်အဝ လောင်ကျွမ်းပါက အပူချိန် ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်သဖြင့် အလွန်ပင် ရက်စက်ပြင်းထန်သည်။ စဉ်းစားပြီးနောက် ကျောက်လင်သည် အသံလှိုင်းလက်နက်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်၏။

ဖော့စဖရပ်ဖြူဗုံးကို အသုံးပြုလိုက်ပါက ၎င်း၏ ပျက်စီးမှုမှာ အလွန်ကြီးမားလွန်းပြီး သံမဏိသွေးခန်းမမှ လူအားလုံး သေဆုံးသွားလိမ့်မည်။ အကယ်၍ မသေခဲ့ရင်တောင် မျက်နှာများ ပျက်စီးကာ ခန္ဓာကိုယ်များ မသန်မစွမ်းဖြစ်ပြီး တစ်သက်လုံး နာကျင်ခံစားနေရမည်ဖြစ်သည်။ ကျောက်လင်သည် ဤဓားပြများကို မုန်းတီးသည်မဟုတ်။ သူသည် နယ်ခြားစောင့်တပ်သားတစ်ယောက်အနေဖြင့် သူတို့ကို နှိမ်နင်းရန်သာ တာဝန်ရှိသူဖြစ်သည်။ လူမဆန်သော ဖော့စဖရပ်ဖြူဗုံးမျိုးကို အသုံးပြုရန် သူ၏စိတ်က ခွင့်မပြုနိုင်ပေ။

"စနစ်... အသံလှိုင်းလက်နက်ကို ဝယ်မယ်..."

ကျောက်လင်သည် စိတ်ထဲမှ အမိန့်ကို ချက်ချင်းပေးလိုက်၏။

စနစ်အမှတ် - ၁၆၂၀၆၆၀

နောက်တစ်စက္ကန့်တွင် ကျောက်လင်သည် အသံလှိုင်းလက်နက်ကို စနစ်နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။ ၎င်းမှာ အမြင့် ၁.၅ မီတာခန့်ရှိပြီး ကြိုးကြာခေါင်းပုံစံ ကိရိယာတစ်ခုဖြစ်ကာ အပေါ်ပိုင်းရှိ လုံးဝန်းသော ပြားတစ်ခုမှာ အသံလှိုင်းထုတ်လွှတ်သည့် အစိတ်အပိုင်းဖြစ်သည်။ ကျောက်လင်သည် လက်နက်ကို အဖြူရောင်ကျောက်တောင်ဘက်သို့ ချိန်ရွယ်လိုက်ပြီး စတင်သည့် ခလုတ်ကို နှိပ်လိုက်သည်။

မမြင်နိုင်သည့် အသံတိတ် အသံလှိုင်းတစ်ခုသည် အဖြူရောင်ကျောက်တောင်ဘက်သို့ ဆက်တိုက်ဆိုသလို ထွက်ပေါ်သွားလေပြီ။ ကျောက်လင်သည် မြေကြီးပေါ်သို့ လက်ကို ဖိလိုက်ရာ တစ်ကုဗမီတာရှိသော မြေကြီးများ ပျောက်ကွယ်သွား၏။

သူသည် မြေအောက်လှိုဏ်ခေါင်းကို တူးဖော်ကာ အဖြူရောင်ကျောက်တောင်ဘက်သို့ ဦးတည်လိုက်သည်။ ထိုအချိန်တွင် အဖြူရောင်ကျောက်တောင်ရှိ ကျောက်တံခါးအောက်ခြေ၌ မုတာ့ဟုန်နှင့် ဖန်ကျင်းပေါင်တို့သည် ကျောက်တံခါးရှေ့သို့ ရောက်ရှိနေကြပြီး သော့တစ်ချောင်းစီ ထုတ်ကာ လျှို့ဝှက်သော အပေါက်ထဲသို့ ထည့်ရန် ပြင်ဆင်နေကြသည်။

ရုတ်တရက် သူတို့နှစ်ဦးသည် နောက်မှ ဓားပြနောက်လိုက်များ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

"အိုး... ငါ့ရင်ဘတ်တွေ အလွန်နာတယ်..."

"ငါ မခံနိုင်တော့ဘူး... နားထဲမှာ တစ်ခုခုဝင်နေသလိုပဲ... မနေနိုင်တော့ဘူး..."

"ငါ့သွေးတွေ ဆူပွက်နေသလိုပဲ... နှလုံးတွေ ပေါက်ထွက်တော့မယ်..."

"ခေါင်းတွေ အရမ်းကိုက်နေတယ်..."

ရုတ်တရက် ဓားပြများသည် အလွန်ပင် မသက်မသာ ဖြစ်သွားကြသည်။ သူတို့သည် ခေါင်းကို ဆုပ်ကိုင်ကာ မြေကြီးပေါ်တွင် လူးလိမ့်ပြီး နာကျင်စွာ အော်ဟစ်နေကြ၏။ မုတာ့ဟုန်နှင့် ဖန်ကျင်းပေါင်တို့သည်လည်း ခန္ဓာကိုယ်အတွင်း မသက်မသာ ဖြစ်လာကြသည်။ သူတို့နှစ်ဦးလုံးသည် ရွှေခန္ဓာနယ်ပယ်အဆင့်တွင် ရှိသော်လည်း ဤအသံလှိုင်းတိုက်ခိုက်မှုကို မည်မျှပင် ခန္ဓာကိုယ် ကြံ့ခိုင်စေကာမူ မခုခံနိုင်ပေ။ ၎င်းမှာ ခန္ဓာကိုယ်ရှိ တစ်ရှူးအားလုံးနှင့် ပဲ့တင်ရိုက်ခတ်နေခြင်း ဖြစ်သည်။

"မြန်မြန်... ဒီနေရာကနေ ထွက်သွားကြစမ်း..."

မုတာ့ဟုန်နှင့် ဖန်ကျင်းပေါင်တို့သည် တစ်စုံတစ်ယောက်က သူတို့ကို အမှောင်ထဲမှ ချောင်းမြောင်း တိုက်ခိုက်နေကြောင်း သိလိုက်ကြသည်။ မည်သည့်ကျင့်စဉ်ဖြင့် တိုက်ခိုက်သည်ကို မသိသော်လည်း ၎င်းကို မခုခံနိုင်ကြောင်း ကောင်းစွာ သိနေကြ၏။ ထို့ကြောင့် သံမဏိသွေးခန်းမမှ ဓားပြများအားလုံး အသက်လု ထွက်ပြေးကြတော့သည်။ မီတာ ၅၀ ခန့်အကွာသို့ ပြေးသွားပြီးနောက် အသံလှိုင်းတိုက်ခိုက်မှု၏ အကွာအဝေးမှ လွတ်မြောက်သွားသဖြင့် မသက်မသာဖြစ်မှုများ သက်သာသွားကာ ရပ်လိုက်ကြသည်။

"ဘာတွေဖြစ်ကုန်တာလဲ..."

ဓားပြများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ မုတာ့ဟုန်နှင့် ဖန်ကျင်းပေါင်တို့သည် ပတ်ဝန်းကျင်ရှိ တောင်များနှင့် တောအုပ်များကို မျက်လုံးဖြင့် လှည့်ပတ်ကြည့်ရှုသော်လည်း ပုန်းအောင်းနေသူကို မတွေ့ရပေ။

"ငါတို့ သံမဏိသွေးခန်းမကို ဘယ်သူက မကျေနပ်လို့လဲ... ကျေးဇူးပြုပြီး ပုန်းမနေပါနဲ့.. ငါတို့ တောင်းပန်ပါတယ်..."

မုတာ့ဟုန်သည် အသံလှိုင်းလက်နက်ရှိရာ တောအုပ်ဘက်သို့ လက်ယှက်ကာ အော်ဟစ်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ပြန်မပြောပေ။ မြေအောက်တွင် ကျောက်လင်သည် လှိုဏ်ခေါင်းကို တစ်မိနစ်အတွင်း တူးဖော်ပြီး ကျောက်နံရံနောက်ကွယ်ရှိ ဂူထဲသို့ ရောက်ရှိသွားသည်။ လှိုဏ်ခေါင်းမှ ထွက်လာသည်နှင့် ကျောက်လင်သည် အသံလှိုင်းလက်နက်၏ အစွမ်းကို ခံစားလိုက်ရသည်။

"ကောက်နှံအိတ် ၄၀ နဲ့ သစ်သားသေတ္တာ ၂၀... သိမ်းလိုက်ပြီ..."

ကျောက်လင်သည် အသံလှိုင်းအောက်တွင် ကြာရှည်မနေချင်သဖြင့် ကောက်နှံအိတ်များနှင့် သေတ္တာများကို အမြန်စုသိမ်းလိုက်ပြီး လှိုဏ်ခေါင်းထဲသို့ ချက်ချင်း ခုန်ဆင်းသွားသည်။ ထို့နောက် ကျောက်လင်သည် တူးဖော်ထားသည့် မြေကြီးများကို ပြန်လည်ဖြည့်လိုက်ကာ လှိုဏ်ခေါင်းကို လုံးဝပိတ်လိုက်သည်။ မကြာမီတွင်ပင် ကျောက်လင်သည် အသံလှိုင်းလက်နက်ဆီသို့ ပြန်ရောက်လာပြီး ရပ်တန့်သည့် ခလုတ်ကို နှိပ်လိုက်၏။

အသံလှိုင်းလက်နက်သည် စနစ်နေရာလွတ်ထဲသို့ ချက်ချင်း ပြန်ရောက်သွားသည်။ ဤမျှ အစွမ်းထက်သည့် လက်နက်သည် အနာဂတ်တွင် အုပ်စုလိုက် တိုက်ခိုက်ရာ၌ အလွန်အသုံးဝင်မည် ဖြစ်သည်။ အသံလှိုင်းလက်နက်သည် တစ်မိနစ်ကျော်မျှသာ အလုပ်လုပ်ရသေးသော်လည်း လျှပ်စစ်စွမ်းအင် အမြောက်အမြား သုံးစွဲသွား၏။ ကျောက်လင်သာ စွမ်းအင်ပြန်မဖြည့်ထားပါက ဤလက်နက်သည် နောက်ထပ် စက္ကန့် ၃၀ လောက်သာ ခံမည်ဖြစ်သည်။

"သွားကြစို့... သံမဏိသွေးခန်းမက လူတွေ ငါ့ကို မတွေ့ခင် ဒီနေရာကနေ ထွက်သွားရမယ်..."

ကျောက်လင်သည် သူ၏လင်းယုန်မျက်လုံးဖြင့် တောအုပ်ထူထပ်သော နေရာတစ်ဝိုက်ကို ကြည့်လိုက်ရာ အဝေးတွင်ရှိနေသည့် သံမဏိသွေးခန်းမဝင်များကို မြင်လိုက်ရသဖြင့် မဲ့ပြုံး ပြုံးလိုက်မိသည်။ ချက်ချင်းဆိုသလိုပင် ကျောက်လင်သည် တောင်နောက်ဘက်သို့ ရာနှင့်ချီသော မီတာများအထိ ပြေးသွားပြီးနောက် သူ၏ မြင်းရိုင်းပေါ်သို့ တက်ကာ အရှိန်ပြင်းစွာ စီးနင်း ထွက်ခွာသွားတော့၏။

နောက်တစ်ဆင့်အနေဖြင့် ကျောက်လင်သည် ကျန်ရှိနေသေးသော ဓားပြဂိုဏ်း သုံးခုဆီသို့ သွားရောက်ရဦးမည် ဖြစ်သည်။ မုတာ့ဟုန်သည် အဖြူရောင်ကျောက်တောင်သို့ ပြန်ပြေးရန် ကြိုးစားခဲ့ပြီး အသံလှိုင်းတိုက်ခိုက်မှု မရှိတော့ကြောင်း အတည်ပြုပြီးနောက် လူအားလုံးကို ပြန်လာရန် ချက်ချင်း အော်ဟစ်လိုက်သည်။ ထို့နောက် မုတာ့ဟုန်နှင့် ဖန်ကျင်းပေါင်တို့သည် သော့ကို ကိုင်ကာ ကျောက်တံခါးကို အတူတကွ ဖွင့်လိုက်ကြ၏။ ထို့နောက် သူတို့နှစ်ဦးလုံးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ပစ္စည်းတွေ အခိုးခံလိုက်ရပြီ..."

သံမဏိသွေးခန်းမမှ ဓားပြများသည် အမြန်ပြေးလာကြပြီး ဂူထဲတွင် ဘာမျှမရှိတော့သည်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

"အစ်ကိုကြီး... ဒုတိယအစ်ကို... ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ..."

ဓားပြအချို့က ကြောက်ရွံ့စွာဖြင့် မေးလိုက်ကြ၏။ စားစရာလည်းမရှိ၊ ယွီရွှေတပ်စခန်း၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည့်အခြေအနေတွင် ဓားပြများ မပူပန်ဘဲ မနေနိုင်ပေ။

"ထွက်ပြေးကြ... နန်ယွဲ့တိုင်းပြည်ရဲ့ နယ်စပ်ဘက်ကို ထွက်ပြေးကြ..."

ဤအချိန်တွင် မုတာ့ဟုန်သည် သူ၏ရတနာကို ခိုးယူသွားသူမှာ မည်သူနည်းဟု စုံစမ်းနေခြင်းကို ရပ်တန့်လိုက်သည်။ ထွက်ပြေးမှသာ သံမဏိသွေးခန်းမ ဆက်လက်ရှင်သန်နိုင်မည် ဖြစ်ကြောင်း သူကောင်းစွာ သိနေပေသည်။

All Chapters