အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း (၁၆၁) ညစ်ပတ်သောရေ
ရွှီချင်းချင်းသည် ချန်ရှင်း ပြင်ဆင်ပေးထားသော အထူးထိုင်ခုံတွင် ထိုင်လိုက်ပြီး ယိုသုတ်ထားသည့် ပေါင်မုန့်ကင်ကို တစ်ကိုက် ကိုက်စားလိုက်သည်။
ချိုချဉ်ချဉ် အရသာက နံနက်ခင်းတွင် အနည်းငယ် ကမောက်ကမဖြစ်နေသော သူမ၏ အစာအိမ်ကို ချက်ချင်းပင် သက်သာသွားစေ၏။
ယိုများပေပွနေသော မြောင်မြောင်၏ ပါးစပ်ကို ချန်ရှင်းက တစ်ရှူးဖြင့် သုတ်ပေးနေသည်ကို သူမ ကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင် လင်းရှို့ရှို့ကိုလည်း နွားနို့ ပိုသောက်ရန် သူက သတိပေးနေသေး၏။
နံနက်ခင်း နေရောင်ခြည်က ထိုအမျိုးသား၏ ဘေးတိုက်မျက်နှာပြင်ပေါ်သို့ ကျရောက်နေပြီး ရွှေရောင်အနားသတ်လေးတစ်ခု ဖန်တီးပေးထားလေသည်။
ရွှီချင်းချင်း၏ လည်ချောင်းထဲတွင် ဆို့နင့်သွားသလို ခံစားလိုက်ရသည်။ နာကျင်ဝမ်းနည်းမှုကြောင့် မဟုတ်ဘဲ ဝမ်းသာပီတိဖြစ်ရခြင်းကြောင့်ပင်။
"ချန်ရှင်း..."
သူမက တိုးညင်းစွာ ခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲ... မကြိုက်လို့လား... အန်ချင်နေလို့လား..."
ချန်ရှင်းသည် မြောင်မြောင်ကို ချက်ချင်းလွှတ်ကာ စိုးရိမ်တကြီး ပြေးလာခဲ့သည်။
"ဆီများနေလို့လား... ပေါ့ပေါ့ပါးပါးလေးပဲ လုပ်ပါလို့ ကိုယ်ပြောသားပဲ..."
အမျိုးသားဖြစ်သူ၏ စိုးရိမ်တကြီးဖြစ်နေသော မျက်နှာကို မြင်သောအခါ ရွှီချင်းချင်း ရယ်မောလိုက်မိသည်။
သူမ ခေါင်းခါလိုက်ပြီး ပေါင်မုန့်တစ်ချပ်ကို ကောက်ယူကာ ချန်ရှင်း၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ရင်း မျက်လုံးလေးများ မှေးစင်းသွားသည်အထိ ပြုံးလိုက်၏။
"အရသာရှိတယ်... တကယ်တော့လေ ရှင် ရှိနေတာ သိပ်ကောင်းတာပဲလို့ ပြောမလို့ပါ..."
ပါးစပ်ထဲတွင် ပေါင်မုန့်ကို ကိုက်ထားသော ချန်ရှင်းသည် ခေတ္တမျှ တန့်သွားပြီးနောက် မျက်ခုံးတစ်ဖက် ပင့်လိုက်ကာ မပီမသအသံဖြင့် ပြောလိုက်သည်။
"ဒါပေါ့... မင်းက ကိုယ် ဘယ်သူ့ယောက်ျားလဲဆိုတာတောင် မသိသေးပါဘူး..."
"အစ်မရှို့ရှို့လည်း အများကြီး စားထားပါ... နောက်ဆိုရင် အိမ်မှုကိစ္စတွေ အများကြီး လုပ်ရဦးမှာ..."
ရွှီချင်းချင်းက လင်းရှို့ရှို့ဘက်လှည့်၍ ပြောလိုက်သည်။
"ချန်ရှင်းက အမြဲတမ်း ဘာမဟုတ်တာလေးကို အကျယ်ချဲ့နေတာ..."
လင်းရှို့ရှို့က သူမ၏ ခွက်ကို ကပျာကယာ ချလိုက်ပြီး လက်ကို အဆက်မပြတ် ခါယမ်းလိုက်၏။
"ဘာတွေပြောနေတာလဲ ညီမလေးရယ်... ဒါတွေက အစ်မ လုပ်ရမယ့်အလုပ်တွေချည်းပဲ... ညီမလေးက ကိုယ်ဝန်ကိုပဲ ဂရုစိုက်... အပြင်အလုပ်တွေကို ချန်ရှင်း လုပ်လိမ့်မယ်... အိမ်အလုပ်တွေကိုတော့ အစ်မ အကုန် တာဝန်ယူမယ်... ညီမလေးကို တစ်ယောက်ယောက်ကများ အလုပ်လုပ်ခိုင်းရဲရင် အစ်မ... အစ်မ သူတို့နဲ့ ရန်ဖြစ်ပစ်မယ်..."
သူမက လေးလေးနက်နက် ပြောလိုက်ခြင်းကြောင့် အားလုံး ရယ်မောသွားကြလေသည်။
နံနက်စာ စားချိန်လေးသည် တက်ကြွပျော်ရွှင်စရာ ကောင်းလှသည်။
နံနက်စာစားပြီးချိန်၌ နေမင်းက ပို၍ မြင့်တက်လာခဲ့၏။
ချန်ရှင်းသည် ကြက်ခြံသို့ ထွက်သွားပြီး ရွှီချင်းချင်းက အိမ်ထဲတွင် ခဏတဖြုတ် အိပ်စက်အနားယူနေသဖြင့် ခြံဝင်းထဲ၌ လင်းရှို့ရှို့၏ အလုပ်ရှုပ်နေသော ပုံရိပ်လေးသာ ကျန်ရစ်တော့သည်။
သူမသည် ချန်ရှင်း၏ အဝတ်အစားများကို မြန်မြန်ဆန်ဆန် လျှော်ဖွတ်လိုက်ပြီး ခြံထဲရှိ ကြိုးတန်းပေါ်တွင် လှန်းလိုက်သည်။
သို့သော် ဤသက်သောင့်သက်သာ အခြေအနေမှာ အချိန်အကြာကြီး မခံလိုက်ပေ။ ခြံစည်းရိုးအပြင်ဘက်မှနေ၍ ကြမ်းတမ်းသော စကားသံအချို့ကို သဲ့သဲ့မျှ ကြားလိုက်ရ၏။
သူတို့ကြားတွင် နံရံတစ်ခု ခြားထားသော်လည်း တောသူတောင်သားများမှာ အသံကျယ်ကျယ် ပြောတတ်ကြပြီး သူတို့၏ စကားလုံးများသည် ခြေထောက်ပေါက်နေသည့်အလား နားထဲသို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။
"အိုကွယ်... နင်တို့ မမြင်ကြသေးလို့ပါ... ချန်မိသားစုက တကယ့်ကို ကောင်းကောင်းမွန်မွန် နေနိုင်ကြတာ… ကျွတ်... သူတို့က မြေရှင်တွေ သူဌေးတွေထက်တောင် သက်တောင့်သက်သာ ရှိသေးတယ်..."
စကားပြောလိုက်သူမှာ အဒေါ်ဝမ်ပင် ဖြစ်သည်။
ထိုအချိန်တွင် ရွာထိပ်ရှိ ကျိုင်းပင်ကြီးအောက်၌ အမျိုးသမီးတစ်စု စုဝေးကာ ဖိနပ်အောက်ခံများချုပ်ရင်း ပဲခွံများ ခွာနေကြသည်။
အဒေါ်ဝမ်သည် အလယ်တွင် ထိုင်လျက် နေကြာစေ့တစ်ဆုပ်ကို ကိုင်ထား၏။ သူမသည် နေကြာစေ့များကို ကိုက်ခွဲကာ အခွံများကို မြေကြီးပေါ်သို့ ထွေးထုတ်လိုက်ပြီး သူမ၏ တြိဂံပုံစံ မျက်လုံးများထဲတွင် မနာလိုမှုများနှင့်
နာကြည်းမှုများ ပြည့်နှက်နေလေသည်။
"အဲ့ဒါက အကြံပေးချန်က အရည်အချင်းရှိလို့ပေါ့…”
အနီးရှိ လူငယ်အမျိုးသမီးတစ်ဦးက ဝင်ပြောလိုက်သည်။
အဒေါ်ဝမ် မျက်လုံးလှန်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"အရည်အချင်းရှိတယ်... ငါကတော့ သူ မိန်းမကံကောင်းတယ်လို့ပဲ ထင်တာပဲ... နင်တို့တွေ လင်းရှို့ရှို့က ဘယ်သူလဲဆိုတာကို မတွေးမိကြဘူးလား... ယောက်ျားသေထားတဲ့ မုဆိုးမချောချောလေးလေ... အဲ့ဒီမုဆိုးမနဲ့ သူ့ကလေးက ယောက်ျားကြီးတစ်ယောက်ရဲ့ ခြံထဲမှာ နေနေတာ... သူက အိမ်အလုပ်တွေလုပ်ဖို့ သက်သက် အဲ့မှာ ရှိနေတာများ မှတ်လို့လား..."
သူမက အသံကို တမင်တကာ နှိမ့်လိုက်သော်လည်း သူမပတ်ဝန်းကျင်ရှိ လူတိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်နေဆဲပင်။
"ဒီမနက် ငါ ဖြတ်သွားတော့ ခြံတံခါးကို ပိတ်ထားတာပဲ... ရွှီချင်းချင်း ကိုယ်ဝန်ရှိနေပြီလို့ ကြားတယ်... နင်တို့လည်း သိတဲ့အတိုင်း ယောက်ျားတွေဆိုတာ မအောင့်နိုင်မအည်းနိုင်ဖြစ်နေတဲ့ အချိန်မျိုးလေ... အိမ်ထဲမှာ အသင့်စားလို့ရတဲ့ မုဆိုးမတစ်ယောက်ရှိနေမှတော့ ဒီည ဘယ်အခန်းထဲမှာ အိပ်ကြမယ်ဆိုတာ ဘယ်သူသိမှာလဲ..."
ထိုစကားကို ကြားသောအခါ ဘေးနားရှိ အတင်းအဖျင်းပြောတတ်သော အမျိုးသမီးများ ချက်ချင်း နားစွင့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"တကယ်ကြီးလား... အကြံပေးချန်က တော်တော်လေး ရိုးသားမယ့်ပုံပါပဲ... ချင်းချင်းအပေါ်လည်း ကောင်းပါတယ်..."
"ပေါက်ကရတွေ..."
အဒေါ်ဝမ်က သူမ၏ ပေါင်ကို ရိုက်လိုက်သဖြင့် နေကြာစေ့ခွံများ အဝေးသို့ လွင့်စင်သွားလေသည်။
"ဘယ်ယောက်ျားက ဖောက်မပြန်ဘဲ နေမှာလဲ... ဒီကောင်က မယားအများကြီးနဲ့ နေရတဲ့ စည်းစိမ်ကို ခံစားချင်ရုံတင်ပါ... လင်းရှို့ရှို့လည်း မကောင်းဘူးလို့ ငါထင်တယ်... သူက ရိုးသားပြီး ကိုယ်ကျင့်တရားကောင်းသယောင် ဟန်ဆောင်နေတာ... တကယ်တော့ မြေခွေးမပဲ... ရွှီချင်းချင်း ကိုယ်ဝန်ရှိနေပြီး ယောက်ျားကို ပြုစုယုယဖို့ မလုပ်နိုင်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူ့နေရာကို အမြန်လုဖို့ ကြိုးစားနေတာနေမှာ..."
"ဟုတ်တယ်... ဟုတ်တယ်..."
လင်းရှို့ရှို့၏ ရုပ်ရည်သွင်ပြင်ကို မနာလိုဖြစ်နေသော အခြားအမျိုးသမီးတစ်ဦးက ထောက်ခံလိုက်သည်။
"အဲ့ဒီခါး... အဲ့ဒီတင်တွေက မြင်တာနဲ့ မြူဆွယ်နေမှန်း သိသာပါတယ်... ချင်းချင်းက သိပ်ရိုးအတာ... သူကတော့ အမှောင်ထဲမှာ ဖုံးကွယ်ခံထားရပြီး သာယာနေတုန်း ဖြစ်မှာပဲ..."
"ဒါကို အိမ်ထဲ ဝံပုလွေ ဖိတ်ခေါ်တယ် ခေါ်တာပေါ့... နောင်ကျရင် ချန်မိသားစုကို ဘယ်သူက အုပ်စိုးမယ်ဆိုတာ ဘယ်သူသိမှာလဲ..."
ခြံဝင်းထဲတွင်မူ။
ကျယ်လောင်သော ခလွမ်းခနဲ အသံနှင့်အတူ။
လင်းရှို့ရှို့ ယခုလေးတင် ညှစ်ထားသော ရှပ်အင်္ကျီအဖြူလေးမှာ သူမ လက်ထဲမှ လွတ်ကျသွားပြီး မြေပြင်ပေါ်သို့ ကျကာ ရွှံ့များ ပေကျံသွားတော့သည်။
သူမ နေရာတွင်ပင် အေးခဲသွားသကဲ့သို့ ရပ်နေမိပြီး မျက်နှာလေးမှာ ပြာနှမ်းဖြူရော်သွား၏။ တစ်ချိန်က ပန်းရောင်သန်းနေခဲ့သော နှုတ်ခမ်းများမှာလည်း ယခုအခါ သွေးရောင်မရှိတော့ဘဲ သွေးစို့လာသည်အထိ ပြင်းပြင်းထန်ထန် အကိုက်ခံထားရသည်။
မြေခွေးမ... ယောက်ျားတွေကို မြူဆွယ်တယ်…
ချင်းချင်းသာ ဤစကားများကို ကြားသွားပါက မည်သို့ တွေးမည်နည်း။ ချန်ရှင်း၏ ဂုဏ်သိက္ခာကျဆင်းသွားပါက နောင်တွင် ရွာထဲ၌ သူ မည်သို့ မျက်နှာပြဝံ့တော့မည်နည်း။
"ငါ ဒီမှာ မနေသင့်ဘူး... ငါ ဒီမှာ မနေသင့်တော့ဘူး..."
လင်းရှို့ရှို့က ကိုယ့်ဘာသာ ရေရွတ်လိုက်ရင်း မျက်ရည်ပေါက်ကြီးများ မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။
သူမ မြေပြင်ပေါ်ရှိ အဝတ်အစားများကိုပင် ကောက်မနေတော့ဘဲ လှည့်ကာ ဘေးဘက်အခန်းထဲသို့ ပြေးဝင်သွားတော့သည်။
အခန်းထဲတွင် မြောင်မြောင်သည် ဘဲဝါလေးအရုပ်ကို ဖက်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
လင်းရှို့ရှို့သည် ကုတင်အောက်မှ ဟောင်းနွမ်းနေသော အထုပ်လေးကို ကပျာကယာ ဆွဲထုတ်လိုက်သည်။ ယင်းအထဲတွင် သူမနှင့် သမီးဖြစ်သူတို့ ပါလာသမျှသော ပစ္စည်းအားလုံး ပါဝင်လေသည်။
အဟောင်းအနွမ်း အဝတ်အနည်းငယ်ကို အလျင်စလို သိမ်းဆည်းနေစဉ် သူမ၏ လက်များက တုန်ယင်နေခဲ့သည်။
မျက်ရည်များကြောင့် အမြင်အာရုံများ ဝေဝါးနေပြီး လက်မောင်းဖြင့် မျက်ရည်များကို အတင်းအကြပ် သုတ်ပစ်လိုက်သော်လည်း ထိတ်လန့်နေမှုကြောင့် သူမ၏ လှုပ်ရှားမှုများမှာ ဖရိုဖရဲ ဖြစ်နေ၏။
*သွားရမယ်... အခုချက်ချင်း သွားမှဖြစ်မယ်…*
*စုတ်ပြတ်နေတဲ့ အိမ်မှာပဲ နေရပါစေ... သူများဂုဏ်သိက္ခာကို ထိခိုက်စေဖို့ ဒီမှာ ဆက်မနေနိုင်တော့ဘူး…*
"အမေ... ဘယ်သွားမလို့လဲ..."
မြောင်မြောင်သည် ဆူညံသံကြောင့် နိုးလာခဲ့သည်။ သူမ ထိုင်လိုက်ပြီး အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ကာ အရူးတစ်ယောက်လို ပစ္စည်းများ သိမ်းဆည်းနေသော မိခင်ဖြစ်သူကို ကြည့်လိုက်၏။ သူမ အလွန်ကြောက်ရွံ့သွားကာ ပါးစပ်လေး တုန်ယင်လာပြီး ငိုတော့မည့်ဆဲဆဲ ဖြစ်လာသည်။
လင်းရှို့ရှို့သည် သမီးဖြစ်သူ၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ကုတင်ပေါ်မှ ချီမလိုက်ကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
"မြောင်မြောင်... မငိုနဲ့... အသံမထွက်နဲ့... သွားကြမယ်... ဒီကနေ ထွက်သွားကြမယ်..."
သူမသည် အထုပ်ကို အလျင်စလို ချည်နှောင်လိုက်ပြီး လက်တစ်ဖက်ဖြင့် အထုပ်ကို ဆွဲကာ အခြားတစ်ဖက်ဖြင့် မြောင်မြောင်ကို ဆွဲလျက် တံခါးအပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သည်။
ဘေးဘက်အခန်းထဲမှ ပြေးထွက်လာစဉ်မှာပင် အသားစိုင်နံရံကြီးတစ်ခုနှင့် ဝင်တိုက်မိသွားတော့သည်။
ချန်ရှင်းသည် လက်ထဲတွင် တစ်ဝက်တစ်ပျက် အခွံနွှာထားသော ပန်းသီးကို ကိုင်ထားပြီး မျက်မှောင်ကြုတ်လျက် မျက်လုံးများက အနည်းငယ် အေးစက်နေ၏။
သူသည် အခန်းထဲ၌ ချင်းချင်းအတွက် ပန်းသီးအခွံနွှာပေးနေစဉ် ခြံထဲမှ ဆူညံသံအချို့ကို သဲ့သဲ့မျှ ကြားလိုက်ရခြင်းဖြစ်သည်။ အပြင်သို့ထွက်၍ ကြည့်လိုက်သောအခါ ဘေးဒုက္ခမှ ထွက်ပြေးလာသည့်ပုံပေါက်နေသော လင်းရှို့ရှို့ကို မြင်လိုက်ရလေသည်။
"ဘယ်သွားမလို့လဲ..."
ချန်ရှင်းက ဩရှရှအသံဖြင့် မေးလိုက်ပြီး သူ၏ အကြည့်များက ဟောင်းနွမ်းနေသော အထုပ်လေးပေါ်သို့ ကျရောက်သွားသည်။
လင်းရှို့ရှို့က ခေါင်းငုံ့ထားကာ ချန်ရှင်း၏ မျက်လုံးများကို မကြည့်ရဲဘဲ လေတိုက်ခံရသော သစ်ရွက်လေးပမာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့သည်။
"အကြံပေးချန်... ကျွန်မ ထွက်တော့မယ်... အခုထွက်သွားတော့မှာမို့လို့ ကျွန်မကို သွားခွင့်ပြုပါ..."
ချန်ရှင်းကို အတင်းကျော်ဖြတ်ရန် ကြိုးစားနေစဉ် သူမ၏ အသံမှာ ရှိုက်သံများကြောင့် ဆို့နင့်နေခဲ့သည်။
ချန်ရှင်းသည် မလှုပ်မယှက်ဖြင့် တောင်တန်းကြီးတစ်ခုလို သူမရှေ့တွင် ရပ်နေခဲ့သည်။
သူ လက်လှမ်းလိုက်ပြီး အံ့ဩဖွယ်ကောင်းသော ခွန်အားဖြင့် အထုပ်ကို ဖိချလိုက်၏။
"ရှင်းရှင်းလင်းလင်း ပြောစမ်းပါ... ဘာလို့ ထွက်သွားမှာလဲ... ဘယ်သူက မင်းကို အနိုင်ကျင့်လို့လဲ..."
ချန်ရှင်း၏ အသံတွင် အာဏာပါသောအသံတစ်ချို့ စွက်ဖက်နေလေသည်။
"မ... မရှိပါဘူး..."
လင်းရှို့ရှို့က အသည်းအသန် ခေါင်းခါပြလိုက်ပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာသည်။
"ကျွန်မ အမှားပါ... ကျွန်မက ကံမကောင်းတဲ့သူမို့လို့ ဒီလို ကောင်းမွန်တဲ့နေရာမှာ နေဖို့ မထိုက်တန်ပါဘူး... ကျွန်မ ထွက်သွားတာ အားလုံးအတွက် ပိုကောင်းပါတယ်..."
"ပေါက်ကရတွေ..."
ချန်ရှင်းက တိုးတိတ်စွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ကြမ်းတမ်းမှုအရိပ်အယောင်တစ်ခု လက်ကနဲ ဖြစ်သွား၏။
သူ နားမပင်းသေးပေ။ အပြင်ဘက်မှ အတင်းအဖျင်းစကား အများစုကို သူ ကြားလိုက်ရသည်။
ဤရွာထဲရှိ အတင်းပြောတတ်သော အမျိုးသမီးများသည် ကောလာဟလဖြန့်ခြင်းမှလွဲ၍ အခြား ပိုကောင်းသော အလုပ်မရှိကြပေ။
ပုံမှန်ဆိုလျှင် ကိစ္စမရှိသော်လည်း ယနေ့တွင်မူ သူတို့က သူ၏ မိသားစုကို အနိုင်ကျင့်ရန်ပင် ရဲတင်းနေကြသည်လေ။