← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း (၁၆၃) ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာ

မူလက ပွဲကြည့်ချင်နေသူများနှင့် အဒေါ်ဝမ့်ဘက်မှ ဝင်ပါချင်နေသူများအားလုံး ယခုအခါ၌မူ လုံးလုံးလျားလျား ထိတ်လန့်သွားကြလေပြီ။

မိမိတို့၏ ထမင်းအိုးနှင့်ပတ်သက်၍ မည်သူကမျှ နောက်ပြောင်ရဲမည် မဟုတ်ပေ။

"အကြံပေးချန်ပြောတာ မှန်တယ်... အဲ့ဒီမိန်းမကို မှတ်လောက်သားလောက်အောင် ပညာပေးသင့်တာ..."

ဉာဏ်ပြေးသော အမျိုးသားတစ်ယောက်က ချက်ချင်း ထွက်လာကာ အဒေါ်ဝမ်၏ နှာခေါင်းကို လက်ညှိုးထိုးပြီး ဆဲဆိုလိုက်သည်။

"ခင်ဗျားက အမြဲတမ်း ပြဿနာရှာတဲ့သူပဲ... ရှို့ရှို့က သူ့အလုပ်ကို သေသေချာချာ လုပ်နေတာကို ခင်ဗျားက ညစ်ပတ်တဲ့ အတွေးတွေ တွေးနေတာ... ကျုပ်ကြည့်ရတာ ခင်ဗျားကိုယ်တိုင်က ညစ်ပတ်တဲ့သူပဲ ဖြစ်ရမယ်..."

"ဟုတ်တယ်... အကြံပေးချန်က ဘယ်သူလဲ... သူက တစ်ရွာလုံးကို ကြီးပွားအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်လေ... ကိုယ့်ကျေးဇူးရှင်ကို ခင်ဗျားကများ စွပ်စွဲရဲသေးတယ်... အရှက်မရှိဘူးလား..."

"ဝမ်မိသားစု အခုချက်ချင်း အကြံပေးချန်ကို တောင်းပန်လိုက်... အဲ့လိုမှမဟုတ်ရင် အကြံပေးချန်က လက်မခံရုံတင်မကဘူး တစ်ရွာလုံးကလည်း လက်ခံမှာ မဟုတ်ဘူး..."

အခြေအနေများက ချက်ချင်းပင် ပြောင်းပြန်လှန်သွားလေတော့သည်။

စောစောလေးကမှ အဒေါ်ဝမ်နှင့်အတူ နေကြာစေ့ထိုင်စားနေခဲ့သော အမျိုးသမီးများမှာ ယခုအခါတွင် ချန်ရှင်းက သူတို့ကိုပါ တစ်ပူးတွဲတည်းဟု အထင်လွဲမည်ကို ကြောက်ရွံ့ကာ ကူးစက်ရောဂါတစ်ခုကို ရှောင်ရှားသကဲ့သို့ သူမနှင့် ခပ်ခွာခွာ နေလိုက်ကြသည်။

အဒေါ်ဝမ်မှာ အထီးကျန်ပြီး အကူအညီမဲ့စွာဖြင့် ထိုနေရာ၌ ရပ်နေရရှာ၏။

လွန်ခဲ့သော မိနစ်ပိုင်းလေးကမှ သူမနှင့် ရယ်မောနောက်ပြောင်နေခဲ့သော်လည်း ယခုအခါ ဒေါသတကြီး စိုက်ကြည့်နေကြသော ဘေးပတ်ဝန်းကျင်မှ မျက်နှာများကို ကြည့်ရင်း သူမ လုံးဝ ပြိုလဲသွားတော့သည်။

မြေဩဇာသာမရှိလျှင် သူမတို့မိသားစု၏ ရိတ်သိမ်းရမည့် ကောက်ပဲသီးနှံများမှာ အနည်းဆုံး ထက်ဝက်ခန့် လျော့ကျသွားမည်ဖြစ်၏။ ထိုအခါ သူတို့ မည်သို့ အသက်ရှင် ရပ်တည်ကြမည်နည်း။

"ချန်... အကြံပေးချန်... ကျွန်မ မှားသွားပါတယ်... ကျွန်မ ပါးစပ်သရမ်းတာပါ... ကျွန်မရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ..."

အဒေါ်ဝမ်က ဗလုံးဗထွေး ပြောရင်း ချန်ရှင်း၏ ဘောင်းဘီစကို ဆွဲရန် ကြိုးစားလိုက်သည်။

ချန်ရှင်းက သူမ၏ ညစ်ပတ်နေသော လက်များကို ရှောင်ရှားလျက် ရွံရှာစွာဖြင့် နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်လိုက်သည်။

"အချိန်နှောင်းသွားပြီ..."

သူက ချက်ချင်း လှည့်ထွက်သွားပြီး လက်တစ်ဖက်ဖြင့် ရွှီချင်းချင်း၏လက်ကို ကိုင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် လင်းရှို့ရှို့ကို ကာကွယ်ပေးရင်း သူ၏ ကိုယ်ပိုင်အိမ်ဝင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။

ရွှီချင်းချင်းက ချန်ရှင်းနောက်မှ လိုက်ပါသွားရင်း သူမ ခင်ပွန်း၏ ကျယ်ပြန့်မတ်မတ်ဖြစ်နေသော ကျောပြင်ကြီးကို ကြည့်ကာ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်လျှံနေတော့သည်။

ဤသည်မှာ သူမ အမှန်တကယ် ချစ်မြတ်နိုးရသော ယောကျ်ားပင် ဖြစ်သည်တကား။

ဤအတင်းအဖျင်းပြောတတ်သော မိန်းမများနှင့် အငြင်းပွားကာ အချိန်ဖြုန်းနေမည့်အစား သူတို့၏ အားနည်းချက်ကို ဆုပ်ကိုင်ပြီး ပါးစပ်ပိတ်သွားအောင် ဖိအားပေးလိုက်ခြင်းက ပိုကောင်းပေသည်။

သူမဘေးရှိ လင်းရှို့ရှို့ အနည်းငယ် တုန်ယင်နေသည်ကို ခံစားလိုက်ရသဖြင့် လင်းရှို့ရှို့၏ အေးစက်နေသော လက်ကလေးကို လှမ်း၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ညင်သာသော်လည်း ပြတ်သားစွာ ပြောလိုက်သည်။

"အစ်မရှို့ရှို့... မငိုပါနဲ့... တွေ့တယ်မလား... ဒီအိမ်မှာရော... ကျွန်မတို့ရွာမှာပါ ချန်ရှင်းက အဆုံးအဖြတ်ပေးတဲ့သူပဲ... သူက အစ်မကို အိမ်တော်ထိန်းလို့ပြောရင် အစ်မက အိမ်တော်ထိန်းပဲ... ဘယ်သူကမှ တစ်ခွန်းတောင် ဝင်မပြောရဲဘူး..."

လင်းရှို့ရှို့က မျက်ရည်များ စီးကျနေသော သူမ၏ မျက်နှာလေးကို မော့ကာ ရှေ့မှ အရပ်မြင့်မြင့် ပုံရိပ်ကြီးကို လှမ်းကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ကျေးဇူးတင်စိတ်နှင့် ရင်ဘတ်ထဲတွင်သာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားနိုင်သော ဖုန်မှုန့်လေးသဖွယ် နှိမ့်ချလွန်းလှသည့် ချစ်မြတ်နိုးမှုတို့သည် လင်းရှို့ရှို့၏ နှလုံးသားထဲတွင် ရူးသွပ်မတတ် ကြီးထွားလာခဲ့သည်။

သူက မြောင်မြောင်ကို ကယ်တင်ပေးခဲ့သည့် အချိန်မှစ၍ သူမအား သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခု ပေးခဲ့ကာ ယခု သူမ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးရန်အလို့ငှာ တစ်ရွာလုံးအား စိတ်အနှောင့်အယှက်ဖြစ်စေရန် စွန့်စားရသည့်တိုင်အောင်ပင်။

ဤယောကျ်ားအတွက် သူမက တိရစ္ဆာန်တစ်ကောင်လို အစေခံရမည်ဆိုလျှင်တောင် သို့မဟုတ် သူမ၏ အသက်ကို ပေးရမည်ဆိုလျှင်တောင် သူ့ကျေးဇူးကို ပြန်ဆပ်မည်သာဖြစ်၏။

ထိုအချိန် လီကျားရွာ ကြက်မွေးမြူရေးခြံတွင်မူကား။

ယင်ကောင်များက ကြက်ခြံအထက်တွင် တိမ်မည်းကြီးတစ်ခုပမာ ပျံဝဲနေကြပြီး ၎င်းတို့၏ တဝီဝီ မြည်သံများက ကြားရသူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။

ယန်ကျန့်ဝမ်၏ ရုံးခန်းတံခါးမှာ တင်းကျပ်စွာ ပိတ်ထားလျက်ရှိ၏။

ပုံမှန်အားဖြင့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ကာ ဆံပင်ကို သေသပ်စွာ ဖီးသင်ထားပြီး အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သော ပညာရှင်ယန်မှာ ယခုအခါ အကြောက်လွန်ကာ တုန်ယင်လျက် သူ၏စားပွဲအောက်၌ ပုန်းအောင်းနေရရှာသည်။

သူ၏ လက်ထဲတွင် အလုပ်ထုတ်ခံရကြောင်း စာရွက်တစ်ရွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

ပြီးဆုံးသွားလေပြီ။

အားလုံး လုံးဝ ပြီးဆုံးသွားလေပြီ။

"ယန်ကျန့်ဝမ်... မင်းလို ကျိန်စာသင့်မယ့် လူလိမ်ကောင်... အခုချက်ချင်း ထွက်ခဲ့စမ်း..."

"အဲ့ဒါကို မင်းက သိပ္ပံနည်းကျ မွေးမြူရေးလို့ ခေါ်တာလား... ကြက်တွေအကုန် သေကုန်ပြီ... တစ်ကောင်မှတောင် အသက်မရှင်ဘူး..."

"ငါတို့ ထမင်းစားဖို့လိုတယ်... ငါတို့ အသက်ရှင်ဖို့လိုတယ်... ထွက်ခဲ့စမ်း..."

အပြင်ဘက်မှ ဒေါသတကြီး ဟိန်းဟောက်သံများနှင့် တံခါးကို ထုရိုက်သံများမှာ အရှိန်မလျော့ဘဲ ဆက်တိုက်ထွက်ပေါ်နေပြီး ရုံးခန်းပြတင်းပေါက်များပင် တချွင်ချွင် မြည်ဟည်းသွားစေသည်။

ထိုသူများမှာ ဒေါသထွက်မှု အထွတ်အထိပ်သို့ ရောက်နေကြသော လီကျားရွာမှ ရွာသူရွာသားများပင် ဖြစ်သည်။

“ဝုန်း..."

ကျိုးပဲ့လွယ်သော သစ်သားတံခါးလေးမှာ နောက်ဆုံးတွင် ရွာသူရွာသားများ၏ ဒေါသကို မခံနိုင်တော့ဘဲ ကျဲ့ဖန့်ဖိနပ်များ စီးထားသော ကြီးမားသည့် ခြေထောက်အချို့၏ ကန်ကျောက်ဖွင့်လှစ်ခြင်းကို ခံလိုက်ရတော့သည်။

မှိန်ပျပျ လင်းနေသော ရုံးခန်းလေးထဲသို့ အလင်းရောင်များ ရုတ်တရက် ဖြာကျလာသည်။

သွေးဆာနေသော မျက်လုံးများနှင့် အမျိုးသားအချို့ ပြေးဝင်လာကြပြီး စားပွဲအောက်တွင် ပုန်းနေသော ယန်ကျန့်ဝမ်ကို ချက်ချင်း မြင်သွားကြသည်။

"သူ ဒီမှာ... ဒီခွေးကောင် ဒီမှာ ပုန်းနေတာ..."

ဦးဆောင်လာသူမှာ လီကျားရွာတွင် ဒေါသကြီးသူဟု နာမည်ကြီးသော လီအားကော်မှလွဲ၍ အခြားသူမဟုတ်ပေ။

သူက ယန်ကျန့်ဝမ်၏ ကော်လာမှ ဆောင့်ဆွဲကာ စားပွဲအောက်မှ ကြက်ပေါက်လေးတစ်ကောင်ပမာ ဆွဲထုတ်လိုက်သည်။

"မလုပ်ပါနဲ့... ငါ့ကို မရိုက်ပါနဲ့... ငါက ပညာရှင်ပါ...ငါက ပြည်နယ်က စေလွှတ်လိုက်တဲ့ ပညာရှင်ပါ..."

ယန်ကျန့်ဝမ်မှာ အလွန်တရာ ထိတ်လန့်သွားပြီး လက်များကို ရမ်းကားစွာ ဝှေ့ယမ်းကာ အမြီးတက်နင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။

"မင်းရဲ့ ပညာရှင်ဆိုတာကို သွားသေလိုက်..."

လီအားကော်၏ မျက်လုံးများမှာ နီရဲနေပြီး သူ၏မျက်နှာကို တံတွေးဖြင့် ထွေးကာ ပြောလိုက်သည်။

"မင်းက အာဏာပိုင်တွေရဲ့ စကားလုံးတွေ သုံးပြီး ငါတို့ကို ခြိမ်းခြောက်ရဲသေးတယ်ပေါ့လေ... ခရိုင်က စာထွက်ပြီးပြီ... မင်း အလုပ်ထုတ်ခံရပြီ... အခု မင်းက ခွေးချီးထက်တောင် အသုံးမကျတဲ့ကောင် ဖြစ်သွားပြီ..."

ယန်ကျန့်ဝမ်မှာ ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားသော်လည်း သူ၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော မာနနှင့် တာဝန်မဲ့ချင်သော အသိစိတ်တို့ကြောင့် သတိလွတ်ကာ အော်ဟစ်လိုက်မိဆဲပင်။

"အဲ့ဒါ ငါ့အမှား မဟုတ်ဘူး...မင်းတို့အမှားပဲ... မင်းတို့လို တောသားတွေက အရမ်း အသိဉာဏ်နည်းပြီး အရမ်းညစ်ပတ်လွန်းတယ်..."

သူက အပြစ်လွှဲချရန် ကြိုးစားရင်း ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။

"ပိုးသတ်ဖို့ ငါပြောခဲ့တယ်လေ... လေဝင်လေထွက်ကောင်းအောင် လုပ်ဖို့ ပြောခဲ့တယ်… ငါ့ ညွှန်ကြားချက်တွေကို မင်းတို့မှ နားမထောင်ခဲ့တာ... ကြက်တွေ သေရတာ မင်းတို့ရဲ့ စနစ်တကျမရှိတဲ့ လုပ်ရပ်တွေကြောင့်ပဲ... အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ... ငါလည်း နစ်နာသူပဲ..."

ထိုစကားများ ပြောအပြီးတွင် ရုံးခန်းကြီးမှာ တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားလေသည်။

ရွာသားအားလုံးက သူ့ကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေကြ၏။

သူတို့ရွာကို ဤမျှဒုက္ခရောက်အောင် လုပ်ခဲ့ပြီး ကြက်တွေအားလုံးကို သတ်ပစ်ခဲ့ကာ ယခု ထိုပညာရှင်ဆိုသူက သူတို့ကို ညစ်ပတ်ပြီး အသိဉာဏ်နည်းသည်ဟု စွပ်စွဲနေသေးသည်လား။

"မင်းတော့ အသက်ဆက်မရှင်ချင်တော့ဘူး ထင်တယ်..."

လီအားကော်မှာ ဆက်၍ သည်းမခံနိုင်တော့ပေ။ သူက ဟိန်းဟောက်လိုက်ရင်း ယန်ကျန့်ဝမ်၏ ရွံစရာကောင်းသော မျက်နှာကို ခပ်ပြင်းပြင်း ထိုးကြိတ်လိုက်တော့သည်။

"ဖြောင်း..."

ယန်ကျန့်ဝမ်၏ မျက်မှန်မှာ ချက်ချင်း လွင့်စင်သွားပြီး သူ၏ နှာခေါင်းမှ သွေးများ ပန်းထွက်လာသည်။

"ဒီလူလိမ်ကို သတ်ကြ..."

"ဒီကျိန်စာသင့်နေတဲ့ ပညာရှင်ဆိုတဲ့ကောင်ကို သတ်ကြ..."

ဤသည်မှာ အချက်ပြမှုတစ်ခုကဲ့သို့ဖြစ်ပြီး ရွာသားများ၏ ရင်ထဲတွင် ကြာရှည်စွာ ဖိနှိပ်ထားခဲ့ရသော ဒေါသမီးတောက်များကို လုံးဝ လောင်ကျွမ်းသွားစေတော့သည်။

ရေတွက်မရနိုင်သော လက်သီးချက်များနှင့် ခြေကန်ချက်များက မိုးပေါက်များပမာ ရွာသွန်းကျလာလေ၏။

"အား... မရိုက်ကြပါနဲ့တော့... ကယ်ကြပါဦး..."

"ငါက နိုင်ငံခြားက ပြန်လာတဲ့သူပါ... ငါက အရည်အချင်းရှိတဲ့သူပါ... အား..."

စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး ယန်ကျန့်ဝမ်မှာ ခေါင်းကို ပိုက်လျက် မြေကြီးပေါ်တွင် လူးလှိမ့်နေရသော်လည်း မည်သူကမျှ ရပ်တန့်မသွားကြပေ။

ရုံးခန်းထဲတွင် အော်ဟစ်သံများက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ယန်ကျန့်ဝမ်မှာ ထောင့်တစ်နေရာတွင် ကွေးကွေးလေးဖြစ်နေပြီး တစ်ချိန်က သူဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ခဲ့သော အနောက်တိုင်းဝတ်စုံမှာ စုတ်ပြတ်သတ်နေကာ ဖုန်မှုန့်များနှင့် သွေးများ ပေကျံနေတော့သည်။

ဝက်ခေါင်းတစ်လုံးပမာ ဖောင်းအစ်နေသော သူ၏မျက်နှာတွင် နှပ်ချေးများနှင့် မျက်ရည်များ ရောလူးနေပြီး နိုင်ငံခြားမှ ပြန်လာသော ပညာရှင်တစ်ဦး၏ အမူအကျင့်မျိုး လုံးဝ မကျန်ရစ်တော့ပေ။

"မရိုက်ကြပါနဲ့တော့... ဆက်ရိုက်ရင် သေပါတော့မယ်..."

သူက မပီမသ ညည်းတွားရင်း ထိန်းမရအောင် တုန်ယင်နေဆဲဖြစ်သည်။

စုဝမ်က တံခါးဝတွင် တိတ်ဆိတ်စွာရပ်နေ၏။

ယန်ကျန့်ဝမ် အလုပ်ထုတ်ခံရတော့မည်ဟု သူမ ကြားသိခဲ့ရပြီး မိသားစုနှစ်ခုကြားရှိ ဆက်ဆံရေးကို ထောက်ထားကာ သူ့ကို လာရောက်နှုတ်ဆက်ရန် တွေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စောစောက ယန်ကျန့်ဝမ်တစ်ယောက် ရူးသွပ်မတတ် အော်ဟစ်ကာ ရွာသားများအပေါ် အပြစ်လွှဲချနေပုံမှာ ပျို့အန်ချင်စရာကောင်းလောက်အောင် အရုပ်ဆိုး အကျည်းတန်လွန်းလှသည်။

ရွာသားများ၏ သံသယများနှင့် ကြက်ခြံကို ဖျက်ဆီးချင်နေသော လူမိုက်များကို ရင်ဆိုင်ရာတွင် ပြသခဲ့သည့် ချန်ရှင်း၏ တည်ငြိမ်မှုများကို သူမ အလိုအလျောက် ပြန်လည်အမှတ်ရသွားသည်။

တစ်ယောက်က အကြပ်အတည်းကာလတွင် ရွာသားများကို ကာကွယ်ပေးခဲ့သော ယောကျ်ားတစ်ယောက်ဖြစ်သည်။

အခြားတစ်ယောက်မှာမူ ပြဿနာတစ်ခုခုဖြစ်လာပါက တောင်သူလယ်သမားများအပေါ် အပြစ်ပုံချရန် ကြိုးစားတတ်သည့် သတ္တိကြောင်သူ တစ်ယောက်ဖြစ်သည်။

ထိုသူနှစ်ဦးမှာ ကောင်းကင်နှင့် မြေကြီးကို နှိုင်းယှဉ်ရသကဲ့သို့ ကွာခြားလှပေသည်။

ယန်ကျန့်ဝမ်က သူ၏ လက်ချောင်းများကြားမှတစ်ဆင့် တံခါးဝရှိ ရင်းနှီးနေသော သားရေဖိနပ်လေးများကို ဖျတ်ခနဲ မြင်လိုက်ရသည်။ အသက်ကယ်ကြိုးတစ်ချောင်းကို ဆွဲကိုင်မိလိုက်သကဲ့သို့ သူက လက်ရောခြေပါ သုံးကာ တံခါးဝဆီသို့ လေးဖက်ထောက် တွားသွားလိုက်လေသည်။

"ရှောင်ဝမ်... ရှောင်ဝမ်... ကိုယ့်ကို ကယ်ပါဦး... ဒီတောသားတွေ ရူးကုန်ပြီ... သူတို့ လူသတ်တော့မယ်... ရဲသွားခေါ်ပေးပါ... မြန်မြန်..."

သူမ၏ ဘောင်းဘီစဆီသို့ လှမ်းလာသော ညစ်ပတ်နေသည့် လက်ကြီးကို ငုံ့ကြည့်ကာ စုဝမ်က အလိုအလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

သူမ၏ မျက်လုံးများထဲတွင် သနားကြင်နာမှုဟူ၍ အလျဉ်းမရှိဘဲ လျစ်လျူရှုမှုများသာ ရှိနေခဲ့သည်။

"ယန်ကျန့်ဝမ်... အခုလိုဖြစ်တာ ရှင့်ဘာသာ ရှာကြံတာပဲ... ဒါကြောင့် ရှင်ပဲ တာဝန်ယူရလိမ့်မယ်..."

All Chapters