အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅) ပျော်ရွှင်ဖွယ် ပူးပေါင်းဆောင်ရွက်ခြင်း
ဤစကားကို ကြားသောအခါ လီအားကော်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြ၏။
ကြက်ချေးရှင်းရမည်... ဟုတ်လား။ ဤသည်က အနံ့အဆိုးဆုံး အလုပ်ဖြစ်ပြီး မည်သူမျှ မလုပ်ချင်ကြပေ။ သူတို့က လီကျားရွာကို ရေရှည် အလုပ်ကြမ်းသမားတွေလို သဘောထားနေကြခြင်းပင်။
"ဘာလဲ... မင်းတို့ မလုပ်ချင်ဘူးလား..."
ချန်ရှင်းက သူတို့ကို အေးစက်စက် အကဲခတ်လိုက်၏။
"မလုပ်ချင်ရင်လည်း အခုချက်ချင်း ထွက်သွားလို့ရတယ်..."
"လုပ်ပါ့မယ်... လုပ်ပါ့မယ်..."
လီမင်သည် ထရပ်ရန် ပြင်နေသော လီအားကော်ကို အတင်းဖိချလိုက်ပြီး ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်ကာ အသံကျယ်လောင်စွာ ဦးချကန်တော့လေသည်။
"လူတိုင်း ထမင်းစားရဖို့သာဆိုရင် ကျုပ်တို့ ချေးလည်း ကျုံးပါ့မယ်..."
ချန်ရှင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ တတိယမြောက် လက်ချောင်းကို ထောင်ပြလိုက်သည်။
"တတိယအချက်... ပြီးတော့ ဒါက အရေးအကြီးဆုံးပဲ..."
သူ၏ အကြည့်များက ထိုနေရာရှိ လီကျားရွာမှ လူတိုင်းအပေါ်သို့ ဝေ့ဝဲကျရောက်သွားရာ လူများကို မျက်လုံးချင်း မဆုံရဲလောက်အောင် ဖိနှိပ်မှုတစ်ခုကို ဖြာထွက်စေ၏။
"ဒီနေ့ကစပြီး လီကျားရွာက လူတိုင်း၊ ယောက်ျား မိန်းမ အသက်အရွယ်မရွေး ချင်းရွှေရွာရဲ့ အမိန့်တွေကို ခြွင်းချက်မရှိ နာခံရမယ်..."
"အပေါ်ယံဟန်လုပ်ပြီး ကွယ်ရာမှာ ဆန့်ကျင်တာ ဒါမှမဟုတ် နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတာကို ငါ သိရလို့ကတော့..."
ချန်ရှင်းက တံခါးပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။
"အဲ့ဒီအခါကျရင် ငါ ရက်စက်တယ်လို့ အပြစ်မတင်နဲ့..."
ဤသည်က ဗြောင်ကျကျ မတရားသော စာချုပ်တစ်ခုပင်ဖြစ်၏။
"စိတ်မပူပါနဲ့ အကြံပေးချန်..."
လီမင်က ခေါင်းကို တဆတ်ဆတ် ညိတ်ပြလေသည်။
"အခုကစပြီး လီကျားရွာက ချင်းရွှေရွာရဲ့ စစ်သားတွေ ဖြစ်သွားပါပြီ... ခင်ဗျား ညွှန်ပြတဲ့နေရာတိုင်းကို ကျုပ်တို့ တိုက်ခိုက်ပါ့မယ်..."
ချန်ရှင်းသည် လှည့်ကာ လက်ဖက်ရည်ခွက်ကို ပြန်လည်ကောက်ကိုင်လိုက်ပြီး သူ၏ လေသံက ယခင်ကဲ့သို့ တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွား၏။
"ကောင်းပြီ... ထကြတော့... ပြန်ပြီး ကြက်ခြံကို ရှင်းလင်းထားကြ... မနက်ဖြန်မနက်ကျရင် ခင်ဗျားတို့ကို လမ်းညွှန်ပေးဖို့ လူတစ်ယောက် လွှတ်လိုက်မယ်..."
"ပြီးတော့..."
သူက မြေပြင်ပေါ်တွင် ရွှံ့ပုံကြီးသဖွယ် လဲကျနေသည့် ယန်ကျန့်ဝမ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီအမှိုက်ကောင်ကိုလည်း ခေါ်သွားလိုက်ကြ..."
လီမင်နှင့် သက်ကြီးရွယ်အိုများက သူတို့၏ အနက်ရှိုင်းဆုံးသော ကျေးဇူးတင်စကားများကို ဆိုကြလေသည်။
ယန်ကျန့်ဝမ်မှာ လီကျားရွာသားများ၏ ဝက်သေတစ်ကောင်လို ဆွဲထုတ်ခြင်းကို ခံလိုက်ရပြီး လမ်းတစ်လျှောက်လုံး အော်ဟစ်နေကာ နောက်ဆုံးတွင် သူ၏အသံမှာ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ချန်ရှင်းက မျက်ခွံကိုပင် ပင့်မကြည့်ဘဲ ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။
ချန်ကွမ်လင်ကမူ လီကျားရွာရှိ ရှုပ်ထွေးနေသော ကိစ္စရပ်များကို ဒုတိယမြောက် ကြက်မွေးမြူရေးခြံအဖြစ် ပြောင်းလဲပစ်မည့် သူ၏ ကြီးကျယ်ခမ်းနားသော အမြင်ကို စိတ်လှုပ်ရှားစွာဖြင့် စီစဉ်နေဆဲဖြစ်သည်။
အခန်းထဲရှိ လူအများစုမှာ ထွက်သွားကြပြီဖြစ်သော်လည်း စုဝမ်ကမူ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်သည်။ သူမသည် ချန်ရှင်းအား တောက်လောင်နေသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။
သူမသည် မည်သည့် နှုတ်ဆက်စကားမျှ မဆိုတော့ဘဲ သူမ၏ လက်ကိုင်အိတ်ထဲမှ အနီရောင် ငွေစုစာအုပ်တစ်အုပ်ကို ထုတ်ကာ ချန်ရှင်းအနီးသို့ လျှောက်သွားပြီး ကမ်းပေးလိုက်သည်။
"အကြံပေးချန်... ချင်းရွှေရွာက ကြက်မွေးမြူရေးခြံမှာ ကျွန်မ ရင်းနှီးမြှုပ်နှံချင်ပါတယ်..."
သူမက ဗြောင်ကျကျပြောလိုက်၏။ သူမ၏ လေသံမှာ ပြတ်သားနေပြီး ငြင်းပယ်ရန် အခွင့်အရေး မပေးချေ။
ချန်ရှင်းက ငွေစုစာအုပ်ကိုယူကာ ပေါ့ပေါ့ပါးပါးပင် ကြည့်လိုက်သည်။ အထဲရှိ ရှည်လျားလှသော ဂဏန်းတန်းကြီးက သူ့အတွင်းစိတ်ကို တစ်စုံတစ်ရာ လှုပ်ရှားသွားစေ၏။
ဤခေတ်ကာလတွင် ဤသည်က တကယ့်ကို ကြီးမားလှသော ငွေကြေးပမာဏကြီးပင် ဖြစ်သည်။
"အကြံပေးချန်... ရှင်ဆီမှာ နည်းပညာ ကျွမ်းကျင်မှုနဲ့ စီမံခန့်ခွဲမှု စွမ်းရည်တွေ ရှိတယ်ဆိုတာကို ကျွန်မ သိပါတယ်... ချင်းရွှေရွာရဲ့ ကြက်မွေးမြူရေးခြံက အခုဆို နာမည်ကြီးနေပြီလေ..."
စုဝမ်သည် ချန်ရှင်းကို စူးစိုက်ကြည့်နေ၏။ သူမ၏ အကြည့်များက ပြင်းထန်နေပြီး လေသံတွင်လည်း ယုံကြည်မှုအပြည့် ရှိနေလေသည်။
"ကျွန်မတို့ မိသားစုက ပြည်နယ်မြို့တော်မှာ အဆက်အသွယ်တချို့ ရှိပြီး ကိုယ်ပိုင် ကုန်သွယ်ရေး လမ်းကြောင်းတွေလည်းရှိတယ်... ညွှန်ကြားရေးမှူးကောင်းက သဘောတူညီမှု စာချုပ်ကို လက်မှတ်ထိုးထားတယ်ဆိုပေမဲ့ ထုတ်လုပ်မှု တိုးလာတာနဲ့အမျှ နိုင်ငံခြား ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုတည်းကိုပဲ အားကိုးနေလို့ မရဘူးလေ... ရှင့်အနေနဲ့ ရောင်းချမယ့် လမ်းကြောင်းတွေ ပိုလိုအပ်သလို... တရားဝင်ဖြစ်ပြီး အဆက်အသွယ်ကောင်းတဲ့ အကာအကွယ်ပေးမယ့် ထီးတစ်လက်လည်း လိုအပ်တယ်..."
ဤပါးနပ်လှသော အမွေဆက်ခံသူ မိန်းကလေးကိုကြည့်ရင်း ချန်ရှင်းက သူ၏ ကိုယ်ပိုင်တွက်ချက်မှုများကို လျင်မြန်စွာ စတင်လိုက်သည်။
စုဝမ်၏ နောက်ခံက တကယ့်ကို အထင်သေး၍ မရပေ။ သူမ၏ မိသားစုသည် ပြည်နယ်မြို့တော်၌ ခိုင်မာသော စီးပွားရေး အခြေခံအုတ်မြစ်ရှိပြီး ၎င်းက အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အရေးပါလှသည်။
ချင်းရွှေရွာရှိ ကြက်မွေးမြူရေးခြံမှာ ယခုအချိန်တွင် အခြေအနေ ကောင်းနေသော်လည်း အရွယ်အစား ဆက်လက် တိုးချဲ့ရန်အတွက် နည်းပညာအပြင် တည်ငြိမ်သော ရောင်းချရေး လမ်းကြောင်းများနှင့် အန္တရာယ်များကို ခုခံနိုင်စွမ်း လိုအပ်သည်။
ကြက်မွေးမြူရေးခြံမှာ လက်ရှိတွင် စုပေါင်းပိုင်ဆိုင်မှု ဖြစ်သည်။ နာမည်ခံအားဖြင့် ကွန်မြူနစ်၏ စံပြစီမံကိန်းဖြစ်သော်လည်း လက်တွေ့ လုပ်ဆောင်ရာတွင်တော့ ချန်ရှင်း၌ အကြွင်းမဲ့ ထိန်းချုပ်ခွင့် ရှိလေသည်။
အကယ်၍ ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုကို မိတ်ဆက်ကာ ဖက်စပ်လုပ်ငန်းတစ်ခုအဖြစ် ဖန်တီးနိုင်မည်ဆိုလျှင် စုဝမ်၏ မိသားစု အဆက်အသွယ်များကို အသုံးချနိုင်မည့်အပြင် လုပ်ငန်းကြီးထွားလာသည်နှင့် တစ်ပြိုင်နက် ပြင်ပရင်းနှီးမြှုပ်နှံမှုဟူသော မျက်နှာစာတစ်ခုကိုပါ ဖန်တီးနိုင်မည်ဖြစ်သည်။
၎င်းတွင် မူဝါဒပိုင်းဆိုင်ရာ ပျော့ပြောင်းမှု ပိုမိုရှိပြီး ဖြစ်လာနိုင်သော မူဝါဒရေးရာ အန္တရာယ်များကို ထိရောက်စွာ ခုခံကာကွယ်နိုင်မည်ဖြစ်သည်။ သူက ငွေစုစာအုပ်ကို ချလိုက်ပြီး သတိမပြုမိနိုင်လောက်သည့် အပြုံးရေးရေးလေးတစ်ခု သူ၏ နှုတ်ခမ်းထက်တွင် ကွေးညွတ်သွား၏။
"မစ္စစု... ခင်ဗျားက အရမ် ပါးနပ်တာပဲ..."
ချန်ရှင်းက သူမအား လေးစားချီးကျူးသည့် လေသံဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ စည်းကမ်းချက်တွေကို ပြောပြပါဦး..."
စုဝမ်၏ မျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခု လက်သွား၏။ ချန်ရှင်းက သူမဆိုလိုသည်ကို နားလည်သွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။
"စည်းကမ်းချက်တွေက အရမ်း ရိုးရှင်းပါတယ်..."
စုဝမ်က လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
"ဒီငွေတွေကို ကျွန်မ ရင်းနှီးမြှုပ်နှံမယ်... ကြက်မွေးမြူရေးခြံရဲ့ ရှယ်ယာ နှစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်မယ်၊ အသေးစိတ် စီမံခန့်ခွဲမှုတွေမှာ ဝင်မပါဘူး... ဒါပေမဲ့ အမြတ်ဝေစုကိုပဲ ယူမယ်..."
"ဆယ်ရာခိုင်နှုန်း..."
ချန်ရှင်းက စဉ်းပင်မစဉ်းစားဘဲ တစ်ဝက်တိတိ ဖြတ်ချလိုက်၏။
"အဲ့ဒါကလည်း လီကျားရွာ ခြံခွဲကနေ ဆယ်ရာခိုင်နှုန်းပဲ... ချင်းရွှေရွာရဲ့ ပင်မခြံခွဲမှာ ခင်ဗျား ဝင်ပါလို့မရဘူး..."
စုဝမ်က မျက်ခုံးပင့်လိုက်သည်။
"ရှင်က ကျွန်မကို တကယ် နှိပ်ကွပ်နေတာပဲ... ယွမ်နှစ်သောင်းကိုမှ စုတ်ပြတ်နေတဲ့ ခြံခွဲတစ်ခုရဲ့ ဆယ်ရာခိုင်နှုန်းပဲရမယ်... ဟုတ်လား..."
"အဲ့ဒါက အမှိုက်တဲ့လား..."
ချန်ရှင်းက ကုလားထိုင်နောက်မှီကို မှီချလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်၏။
"အဲ့ဒါက ရွှေဥ ဥမယ့် ကြက်မကြီးဗျ... မစ္စစုက စီးပွားရေးသမားပဲ၊ ဒီနယ်မြေမှာ ကျုပ် ချန်ရှင်း တစ်ယောက်တည်းကပဲ အဲ့ဒီကြက်ကို ဥ ဥအောင် လုပ်နိုင်တယ်ဆိုတာ ခင်ဗျား သိသင့်တယ်... ကျုပ်သာမဟုတ်ရင် ခင်ဗျားရဲ့ ငွေတွေ ရေထဲပစ်ချလိုက်သလို ဖြစ်သွားပြီး အသံတောင် ကြားရမှာ မဟုတ်ဘူး..."
စုဝမ်သည် ချန်ရှင်းအား စူးစိုက်ကြည့်နေပြီး သူ၏ မျက်နှာပေါ်မှ တုံ့ဆိုင်းသွားသည့် အရိပ်အယောင်လေးတစ်ခုကို ရှာဖွေရန် ကြိုးစားနေ၏။ သို့သော် ချန်ရှင်း၏ မျက်ဝန်းများက အောက်ခြေမရှိသော ရေတွင်းကြီးတစ်တွင်းပမာ နက်ရှိုင်းနေလေသည်။
အချိန်အတော်ကြာပြီးနောက် စုဝမ်က ရုတ်တရက် ပြုံးလိုက်သည်။
"သဘောတူတယ်..."
သူမက ဖြူဖွေးသော လက်လေးကို ကမ်းပေးလိုက်၏။
"ရှင့်လိုလူနဲ့ ပူးပေါင်းလုပ်ဆောင်ရတာ ဝမ်းသာပါတယ် ညွှန်ကြားရေးမှူးချန်..."
ချန်ရှင်းက လက်လှမ်းပေးကာ သူမ၏ လက်လေးကို ညင်သာစွာ ဆုပ်ကိုင် နှုတ်ဆက်လိုက်သည်။
"ခင်ဗျားနဲ့ ပူးပေါင်းလုပ်ဆောင်ရတာလည်း ဝမ်းသာပါတယ်..."
ရွှီချင်းချင်းနှင့် လင်းရှို့ရှို့တို့သည် ရွာလူထုဌာနချုပ်၏ ဝင်ပေါက်တွင် ရပ်လျက် အတွင်းဘက်သို့ သိချင်စိတ်ဖြင့် လှမ်းကြည့်နေကြ၏။
စောစောက လီကျားရွာသားများ ရောက်လာခြင်းက ရွာထဲတွင် အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့ရာ သူတို့လည်း ဘာတွေဖြစ်နေသလဲဆိုတာကို လာကြည့်ကြခြင်းဖြစ်သည်။
တံခါးအကွဲကြောင်းကြားမှတစ်ဆင့် ရွှီချင်းချင်းက ခေတ်ဆန်ဆန် မြို့ပြမိန်းကလေးနှင့် ချန်ရှင်းတို့ လက်ဆွဲနှုတ်ဆက်နေကြသည်ကို မြင်လိုက်ရသည်။ သူတို့နှစ်ဦးမှာ စကားတစ်ခွန်းစ နှစ်ခွန်းစဖြင့် အရေးကြီးသော ကိစ္စတစ်ခုကို ဖြေရှင်းလိုက်နိုင်ပုံရကာ ရယ်မောပြောဆိုနေကြ၏။
သူတို့ ဘာတွေပြောနေကြသလဲဆိုတာကို သူမ မကြားရသော်လည်း လေထု၏ အလေးအနက်ရှိမှုကိုမူ ခံစားသိရှိနိုင်ပေသည်။ စုဝမ်က အနီရောင် ငွေစုစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်ကို သူမ မြင်လိုက်ရပြီး ထို့နောက် ချန်ရှင်းက ၎င်းကို ယူကာ ကြည့်လိုက်သည်ကိုလည်း မြင်လိုက်ရ၏။ ထို့နောက် သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
မည်မျှပင် ကြီးမားသော အရောင်းအဝယ်ဖြစ်ပါစေ သူမ ယောက်ျား၏ စကားအရ ဂေါ်ဖီထုပ်တစ်ထုပ်ဝယ်ရသလို လွယ်ကူနေပုံရသည်။
ရွှီချင်းချင်း၏ မျက်ဝန်းများက ချက်ချင်းပင် အရောင်လက်သွား၏။ သူမ၏ ယောက်ျားက မယုံနိုင်လောက်အောင် ခန့်ညားနေသည်ဟု သူမ ထင်မှတ်မိသည်။ ရွာမှ အနိုင်ကျင့်တတ်သူကိုဖြစ်စေ၊ ခရိုင်အုပ်ချုပ်ရေးမှူးကိုဖြစ်စေ ရင်ဆိုင်ရသည့်အခါ သူသည် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိပေသည်။
ယခုမူ မြို့မှ ချမ်းသာသော မိန်းကလေးများပင် သူနှင့် ပူးပေါင်းလုပ်ဆောင်ရန် တက်တက်ကြွကြွ ရှာဖွေနေကြပြီး ဤမျှ များပြားသော ငွေကြေးပမာဏကိုပင် ကမ်းလှမ်းလာကြသေးသည်။
“ငါ့ယောက်ျားက တကယ့်ကို လောကကြီးမှာ အံ့သြစရာအကောင်းဆုံး ယောက်ျားပဲ…”
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကြိုတင် သတိပေးချက် တစ်စုံတစ်ရာမရှိဘဲ နှင်းပွင့်ကြီးများက ချင်းရှန်းခရိုင် တစ်ခွင်လုံးကို တိုက်ခတ် ဖြတ်သန်းသွားလေသည်။
ဆီးနှင်းကြီးများက သုံးရက်နှင့် သုံးညတိုင်တိုင် ကျဆင်းနေခဲ့ပြီး တောင်တန်းများ၊ ကျေးရွာများနှင့် လယ်ကွင်းများကို ဖြူလွှလွှ တိတ်ဆိတ်မှုကြီးဖြင့် ဖုံးလွှမ်းသွားတော့သည်။ အပူချိန်မှာ အနှုတ် ဆယ်ဒီဂရီ စင်တီဂရိတ်အောက်သို့ ထိုးကျသွားပြီး ရေများ ချက်ချင်း အေးခဲသွားတော့၏။
နှစ်စဉ် ဤအချိန်ရောက်လျှင် ချင်းရွှေရွာမှ ရွာသားများမှာ ဆောင်းတွင်းအတွက် စားနပ်ရိက္ခာကို ပူပန်ကြရပြီး လေဝင်နေသော သူတို့၏ အိမ်လေးများထဲ၌ တုန်ယင်ကာ ကွေးကွေးလေး နေကြရမည်ဖြစ်သည်။
သို့သော် ဤနှစ်တွင်တော့ ကွာခြားသွားခဲ့ပြီ။
အိမ်ထောင်စုတိုင်း၏ အိမ်ထဲတွင် နွေးထွေးသော အုတ်ကုတင်များ ဖိုထားကာ စကားစမြည်ပြောရင်း ဖရဲစေ့များ စားနေကြ၏။
မြေအောက်ခန်းများထဲတွင်လည်း အမြတ်ဝေစုများဖြင့် ဝယ်ယူထားသော ကောက်ပဲသီးနှံများနှင့် ဂေါ်ဖီထုပ်များကို အပြည့်အမောက် စုပုံထားပြီး ကလေးများမှာ အသစ်စက်စက် ဝါဂွမ်းထည် အင်္ကျီများကို ဝတ်ဆင်ကာ နှင်းများထဲတွင် ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။
ကြက်မွေးမြူရေးခြံမှာလည်း အပူထိန်း စနစ်များကြောင့် ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်သည်။ ကြက်ဥ ထုတ်လုပ်မှုနှုန်း အနည်းငယ် ကျဆင်းသွားသော်လည်း ချန်ရှင်း၏ နည်းပညာပိုင်းဆိုင်ရာ ထိန်းချုပ်မှုအောက်တွင် တည်ငြိမ်သော ဝင်ငွေရင်းမြစ်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေလေသည်။