အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) ဆောင်းရာသီ၏ ပထမဆုံး အချိုရသာ
မကြာမီမှာပင် သူတို့သုံးယောက် ဖန်လုံအိမ်တစ်လုံးဆီသို့ ရောက်ရှိလာကြ၏။
ချန်ရှင်းက ရှေ့သို့တိုးကာ လေးလံသော ဝါဂွမ်းကန့်လန့်ကာကြီးကို မတင်လိုက်လေသည်။
ကန့်လန့်ကာကို မတင်လိုက်သည်နှင့် ဆောင်းရာသီနှင့် လုံးဝမသက်ဆိုင်သော နွေးထွေးစိုစွတ်သည့် လေပြေတစ်ရပ်က အပင်တို့၏ မွှေးရနံ့တို့ကို သယ်ဆောင်လျက် သူတို့ဆီသို့ ရုတ်တရက် တိုးဝှေ့လာတော့သည်။
ရွှီချင်းချင်းခမျာ ရုတ်တရက် ပူနွေးလာမှုကြောင့် အလစ်အငိုက်မိသွားကာ တွန့်ခနဲ ဖြစ်သွားရှာ၏။
ထို့နောက် သူမသည် မှင်သက်လျက် ချန်ရှင်းနောက်မှ လိုက်ဝင်သွားလေသည်။
နောက်တစ်စက္ကန့်တွင်တော့ သူမမျက်စိရှေ့ရှိ မြင်ကွင်းကြောင့် သူမ တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ရပ်တန့်သွားတော့သည်။
သူမ ဘာများမြင်လိုက်ရသနည်း။
သေသပ်ညီညာသော စင်တန်းများပေါ်တွင် စိမ်းလန်းစိုပြည်နေသော နွယ်ပင်များ ဖုံးလွှမ်းနေပြီး ထိုအပင်များမှ လတ်ဆတ်ကာ အရည်ရွှမ်းပုံရသော သခွားသီးစိမ်းစိမ်းများ တွဲလောင်းကျနေ၏။
၎င်းတို့အနီးရှိ လူတစ်ဝက်ခန့်မြင့်သော အပင်များပေါ်တွင်တော့ အစိမ်းနှင့် အနီရောင် ရောယှက်နေသည့် ခရမ်းချဉ်သီးများ ရှိနေလေသည်။
ခပ်လှမ်းလှမ်းတွင်တော့ တောက်ပသော အနီရောင် ငရုတ်သီးခင်းရှိနေပြီး စိမ်းလန်းသော အရွက်များနောက်ခံနှင့်မို့ အထူးတလည် ဆွဲဆောင်မှုရှိနေသည်။
ကမ္ဘာကြီးတစ်ခုလုံး စိမ်းလန်းနေသယောင်ပင်။
အသက်ဝင်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် စိမ်းလန်းမှုမျိုးဖြစ်၏။
ရွှီချင်းချင်း၏ လှပသော မျက်ဝန်းလေးများ ပြူးကျယ်ကာ ဦးနှောက်ထဲ ဗလာကျင်းသွားပြီး သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ထားမိလေသည်။
သူမသည် မသိစိတ်၏ စေ့ဆော်မှုအရ ကန့်လန့်ကာ အပြင်ဘက်ရှိ အေးစက်ကာ နှင်းများဖုံးလွှမ်းနေသည့် ကမ္ဘာကြီးကို လှည့်ကြည့်လိုက်ပြီးနောက် သူမရှေ့ရှိ သက်ဝင်လှုပ်ရှားနေသော၊ နွေးထွေးကာ စိမ်းလန်းနေသည့် တိုင်းပြည်လေးဆီသို့ ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည်။
တစ်ဖက်တွင် အသက်မဲ့နေသော ဆောင်းနှောင်းကာလဖြစ်ပြီး ကျန်တစ်ဖက်တွင်မူ နွေရာသီ၏ အထွတ်အထိပ်ကာလ ဖြစ်နေလေသည်။
တံခါးတစ်ချပ်က ကမ္ဘာနှစ်ခုကို ပိုင်းခြားထားခြင်းပင်။
ဤအရာက တကယ်ဖြစ်နိုင်ပါ့မလား။
ဘယ်လိုလုပ်ပြီး တကယ်ဖြစ်နိုင်မှာလဲ။
ကြိုးပြတ်သွားသော ပုလဲလုံးများပမာ မျက်ရည်ပေါက်ကြီးများက သူမ၏ မျက်ဝန်းများမှ အထိန်းအကွပ်မရှိ ကျဆင်းလာတော့သည်။
"ချန်ရှင်း..."
သူမ၏ အသံလေးက ခံစားချက်များကြောင့် ဆို့နင့်နေကာ နှာသံများ ပါနေလေသည်။
သူမသည် ချန်ရှင်း၏ ရင်ခွင်ထဲသို့ ရုတ်တရက် ပြေးဝင်သွားကာ သူ၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သူမ၏ ကိုယ်လုံးလေးကို သူ၏ ကိုယ်ထဲသို့ ပေါင်းစပ်ပစ်ချင်သည့်အလား ခိုင်မာနွေးထွေးသော သူ၏ ရင်ဘတ်ကျယ်ကြီးထဲ မျက်နှာကို အပ်ထားလိုက်တော့သည်။
ဤအမျိုးသား… သူမ၏ အမျိုးသားက နောက်ထပ် အံ့ဖွယ်တစ်ရပ်ကို ဖန်တီးလိုက်ပြန်ပြီပင်။
ချန်ရှင်းသည် သူ၏ ရင်ခွင်ထဲမှ လူသားလေး၏ စိတ်လှုပ်ရှားနေမှုကို ခံစားမိပြီး သူ၏ နှလုံးသားထဲတွင် အဆုံးမဲ့သော ယုယကြင်နာမှုများနှင့် ကျေနပ်မှုတို့ ပြည့်လျှံလာလေသည်။
သူက သူမ၏ ကျောပြင်လေးကို ဖွဖွပုတ်ပေးကာ နားနားကပ်၍ တီးတိုးဆိုလိုက်သည်။
"ကောင်မလေးရယ်... ဘာလို့ ငိုနေရတာလဲ... ကိုယ် မင်းကို ပြောထားတယ်လေ၊ မင်း ဘာစားချင်စားချင် အကုန်စိုက်ပေးမယ်ဆိုတာကို..."
သူက သူမ၏ လက်ကိုဆွဲကာ စတော်ဘယ်ရီခင်းဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်ချကာ စိမ်းလန်းနေသော အရွက်များအောက်မှ စတော်ဘယ်ရီသီးတစ်လုံးကို ခူးလိုက်၏။ ထိုစတော်ဘယ်ရီသီးမှာ ရဲရဲတောက် နီမြန်းနေပြီး ဆွဲဆောင်မှုရှိသော အချိုရနံ့တစ်ခုကို ထုတ်လွှတ်နေလေသည်။
"ရော့... မြည်းကြည့်... ဒါက မင်းအတွက် သီးသန့် စိုက်ပေးထားတာ..."
ရွှီချင်းချင်းသည် ပြစ်မျိုးမှည့်ဆာမရှိသော စတော်ဘယ်ရီသီးကိုကြည့်ရင်း ပို၍ အသည်းအသန် ငိုချလိုက်သော်လည်း နောက်တော့ သူမ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ သူမက လူမိုက်တစ်ယောက်လို တပြိုင်နက်တည်း ငိုလည်းငို၊ ရယ်လည်း ရယ်နေတော့သည်။
နောက်မှ လိုက်ပါလာသော လင်းရှို့ရှို့သည်လည်း သူမရှေ့မှ မြင်ကွင်းကြောင့် အလားတူ မှင်သက်နေရှာ၏။
သူမသည် မယုံနိုင်လောက်အောင် ကောင်းမွန်စွာ ရှင်သန်နေသည့် ကောက်ပဲသီးနှံများကို တစ်လှည့်၊ ထိုစိမ်းလန်းမှုများအလယ်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေသော ချန်ရှင်းကို တစ်လှည့် ကြည့်နေမိသည်။
ထိုအခိုက်အတန့်တွင် အမျိုးသား၏ ကျောပြင်က အလွန်တရာ မြင့်မားကာ ခံ့ညားနေပုံရသဖြင့် သူမ ဦးညွှတ်ရှိခိုးချင်စိတ်ပင် ပေါက်သွားလေသည်။
ဤအမျိုးသားက သာမန်လူမဟုတ်ပေ။
သူသည် အမှန်တကယ်ပင် နတ်ဘုရားတစ်ပါး ဖြစ်၏။
နှစ်ပတ်အကြာတွင်။
ချင်းရွှေရွာသည် နှင်းထုထူထူများ ဖုံးလွှမ်းနေဆဲဖြစ်ကာ ကမ္ဘာကြီးတစ်ခုလုံး သေမတတ် ဖြူလွှနေလေသည်။
ချန်ရှင်း ဖန်လုံအိမ်သို့ ရောက်ရှိလာပြီးနောက် လေးလံသော ဝါဂွမ်းကန့်လန့်ကာကြီးကို ဖယ်ရှားလိုက်ချိန်တွင် ပြင်းရှသော အချိုရနံ့တစ်ခုက သူ၏ နှာခေါင်းထဲသို့ ချက်ချင်း ပြည့်နှက်သွားတော့သည်။
မျက်စိတစ်ဆုံး မြင်ရသမျှက တစ်ချိန်က စိမ်းလန်းနေခဲ့သော စတော်ဘယ်ရီခင်းသည် ယခုအခါတွင် တောက်ပသော အနီရောင် အသီးများဖြင့် ပြည့်နှက်နေလေပြီ။
၎င်းတို့က သစ်သားလွှစာမှုန့်များ ခင်းထားသော ဘောင်များပေါ်တွင် ပျင်းရိပျင်းတွဲ လဲလျောင်းနေသည့် သေသပ်လှပစွာ ထုဆစ်ထားသော ပတ္တမြားလုံးများနှင့် တူနေ၏။ အရွယ်အစား ကြီးမားကာ အရောင်အသွေး တောက်ပနေပြီး အရွက်များပေါ်တွင်လည်း တလက်လက် တောက်နေသော နှင်းပေါက်လေးများ တွယ်ကပ်နေသေးသည်။
"အကုန်လုံး မှည့်နေပြီပဲ..."
နောက်မှ လိုက်လာသော ချန်အယ်တန့်မှာ သွားရည်များပင် ကျမတတ်ဖြစ်နေကာ သူ၏ မျက်လုံးများက ကြေးခေါင်းလောင်းများပမာ ပြူးကျယ်နေလေသည်။
ချန်ရှင်းက သူ့ကို လျစ်လျူရှုထားလိုက်ပြီး စိုက်ခင်းထဲ တန်းတန်းမတ်မတ် လျှောက်သွားကာ အကြီးဆုံးနှင့် အနီရဲဆုံး အသီးတစ်လုံးကို ခူးလိုက်သည်။
ရွှီချင်းချင်းလည်း နောက်မှ လိုက်ပါလာပြီး ဘေးရှိ ခွေးခြေခုံလေးပေါ်တွင် ထိုင်လိုက်လေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကို အပြင်းအထန် ခံစားနေရကာ စားသမျှ အကုန်ပြန်အန်ထွက်နေ၏။ သူမ၏ မျက်နှာလေးမှာ သွေးဆုတ်ဖြူရော်နေပြီး အရုပ်ကြိုးပြတ်ဖြစ်နေပုံက မြင်ရသူအဖို့ ရင်နာစရာကောင်းလှသည်။
"ချင်းချင်း... ပါးစပ်ဟလိုက်..."
ချန်ရှင်း၏ စကားကို ကြားသောအခါ ရွှီချင်းချင်းက အလိုအလျောက်ပင် ပါးစပ်ကို ဟပေးလိုက်သည်။
အေးမြကာ နူးညံ့သော အသီးတစ်လုံး သူမပါးစပ်ထဲ ဝင်ရောက်လာလေသည်။
"ဖူး..."
များပြားလှသော သစ်သီးအရည်များက သူမပါးစပ်ထဲ ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။
ဖန်သော ချဉ်စော် လုံးဝမရှိဘဲ လန်းဆန်းစေသော သစ်သီးရနံ့နှင့်အတူ အချိုနှင့် အချဉ်ဓာတ် အချိုးကျ ပေါင်းစပ်နေမှုသာ ရှိလေသည်။ ထို့နောက်တွင်တော့ အလွန်ကောင်းမွန်သော အချိုဓာတ်က ဦးခေါင်းထိပ်အထိ တိုက်ရိုက် စီးဆင်းသွားတော့သည်။
အဆက်မပြတ် ဗိုက်ထဲ ရုန်းရင်းဆန်ခတ် ဖြစ်နေသော ရွှီချင်းချင်း၏ အစာအိမ်မှာ လန်းဆန်းစေသော ချိုချဉ်ရသာ အရည်များကြောင့် အံ့ဖွယ်တမျှ ငြိမ်ကျသွားလေသည်။
သူမ၏ မျက်ဝန်းလေးများ ရုတ်တရက် ပြူးကျယ်သွားပြီး ယခင်က အသက်မဲ့နေသော မျက်လုံးများက ချက်ချင်းဆိုသလို အလွန်အမင်း တောက်ပလာတော့သည်။
"အရသာရှိလိုက်တာ..."
သူမက ပီပီသသ မပြောနိုင်ဘဲ ရေရွတ်လိုက်ရင်း စတော်ဘယ်ရီသီးကို ခပ်မြန်မြန်ပင် မျိုချလိုက်လေသည်။
ချန်ရှင်းက ပြုံးလိုက်ပြီး သူမအတွက် နောက်ထပ် အနည်းငယ် ထပ်ခူးပေးလိုက်သည်။
"ဖြည်းဖြည်းစားပါ... မင်းအတွက် အများကြီး ရှိသေးတယ်..."
အသီးအနည်းငယ်ကို ဆက်တိုက် စားပြီးနောက် ရွှီချင်းချင်းသည် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး သူမ၏ မျက်နှာပေါ်တွင် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော သွေးရောင်လေးများ အဆုံးတွင်တော့ ပြန်လည်ပေါ်သွေးလာလေသည်။
သူမကို နှိပ်စက်နေသော ပျို့ချင်အန်ချင်စိတ်များ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။
[ဒင်း... စွမ်းအင် + ၂၀၀]
သူ၏ ဇနီးသည်၏ ကျေနပ်နေသော အပြုံးလေးကိုကြည့်ရင်း ချန်ရှင်း၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားတော့သည်။
အမှန်ပင် ဇနီးဖြစ်သူကို ပျော်ရွှင်အောင် ထားခြင်းက ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန် အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။
"အယ်တန့်... ဒီခြင်းတောင်းထဲ အပြည့်ထည့်ပြီး စုဝမ်ဆီ သွားပို့လိုက်..."
ချန်ရှင်းက ခါးမတ်ရပ်လိုက်ပြီး ညွှန်ကြားလိုက်လေသည်။
"လမ်းမှာ အေးခဲမသွားအောင် ချည်ထည်နဲ့ သေချာဖုံးသွားဖို့ မမေ့နဲ့အုံး..."
"ဟုတ်ကဲ့..."
ချန်အယ်တန့်က အကောင်းဆုံး အသီးများကို အမြန်ရွေးချယ်ပြီး ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
အဒေါ်လျို၏ အိမ်။
စုဝမ်မှာ စောင်ထူထူတစ်ထည်ကို ခြုံထားပြီး မီးလင်းဖိုဘေးတွင် ကွေးကွေးလေး ထိုင်ကာ လက်လှုံနေလေသည်။
ဤကျိန်စာသင့်နေသောနေရာရှိ ဆောင်းရာသီသည် အလွန်အေးလွန်းသဖြင့် သူမကို ငိုချင်လာစေသည်။
အထဲတွင် မီးဖိုထားသော်လည်း စိုစွတ်သောအအေးဓာတ်က အရိုးထဲထိ စိမ့်ဝင်နေဆဲပင်။
သူမသည် ပြည်နယ်မြို့တော်ရှိ သူမအိမ်မှ အပူပေးစနစ်နှင့် ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းရှိ ပန်းသီးများကို ယခုအခါ လွမ်းဆွတ်နေမိသည်။ ထိုပန်းသီးများက မလတ်ဆတ်သော်လည်း အနည်းဆုံးတော့ ကြည့်ရှုခံစားရန် ရှိနေသေးသည် မဟုတ်ပါလား။
"မိန်းကလေးစု... အကြံပေးချန်က ခင်ဗျားဆီ ပစ္စည်းတစ်ခု လာပို့ခိုင်းလို့..."
ခြံဝင်းအပြင်ဘက်မှ ချန်အယ်တန့်၏ အသံ ထွက်ပေါ်လာလေသည်။
စုဝမ်က သိပ်ဂရုမစိုက်ဘဲ ပျင်းရိပျင်းတွဲ တုံ့ပြန်လိုက်သည်။
ဒီလိုအချိန်မှာ ဘာလာပေးမှာမို့လို့လဲ။ ကန်စွန်းဥဖုတ် ဒါမှမဟုတ် အေးခဲနေတဲ့ သစ်တော်သီးတွေပဲ နေမှာပေါ့။
တံခါးပွင့်သွားပြီးနောက် အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်ဝင်ရောက်လာ၏။
"ဘာများမို့လို့ အထူးတလည် လာပို့နေရတာလဲ..."
စုဝမ် စကားပြော၍ မဆုံးမီမှာပင် ချန်အယ်တန့်က ခြင်းတောင်းကို ဖုံးထားသော ဝါဂွမ်းစကို မတင်လိုက်သည်။
အနီရောင်။
သက်ဝင်တောက်ပနေကာ အရည်ရွှမ်းကျမတတ် အနီရောင်။
ပြင်းရှသော အချိုရနံ့တစ်ခုက ခြင်းတောင်းထဲမှ ချက်ချင်း လွင့်ပျံ့လာပြီး စုဝမ်၏ နှာခေါင်းထဲသို့ ဝင်ရောက်လာလေသည်။
စုဝမ်သည် ခုံပေါ်မှ ရုတ်တရက် ခုန်ထလိုက်မိကာ သူမကိုယ်ပေါ်မှ စောင်များ လျှောကျကာ ကြမ်းပြင်ပေါ် ကျသွားသည်ကိုပင် သတိမထားမိလိုက်ပေ။
သူမသည် ခြင်းတောင်းထဲမှ အရာများကို စိုက်ကြည့်နေပြီးနောက် အော်ဟစ်လိုက်တော့သည်။
"စတော်ဘယ်ရီသီးတွေလား..."
သူမ အထင်သေးနေခဲ့ခြင်း မဟုတ်ပေ။
ပြည်နယ်မြို့တော်တွင်လည်း နွေရာသီ၌ စတော်ဘယ်ရီသီးများကို ရောင်းချသော်လည်း ထိုစတော်ဘယ်ရီသီးများက သေးငယ်ကာ ချဉ်စော်နံနေတတ်သည်။
သို့သော် သူမမျက်စိရှေ့ရှိ အရာများကတော့...
တစ်လုံးစီက ကြက်ဥတစ်လုံးစာ အရွယ်အစားရှိကာ မဟူရာပမာ အနီရောင် တောက်နေလေသည်။ အပေါ်ယံရှိ အစေ့သေးသေးလေးများက ဖောင်းကြွနေကာ ကြည့်ရုံနှင့်ပင် သွားရည်ကျချင်စရာ ကောင်းလှသည်။
*ဒီအရာတွေက ရေတောင် ချက်ချင်း အေးခဲသွားနိုင်တဲ့ ဒီလို ခေါင်ခေါင်ဖျားဖျား တောင်ကြားထဲမှာ တကယ် စိုက်ပျိုးထားတာလား*
သူမသည် တုန်ယင်နေသော လက်များဖြင့် တစ်လုံးကို ယူကာ အနည်းငယ် ကိုက်စားကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင်တော့ စုဝမ် အေးခဲသွားတော့သည်။
အရည်ရွှမ်းကာ အရသာရှိလှပြီး ချိုသော်လည်း အီမနေဘဲ နူးညံ့ကာ ဝါးလို့ကောင်းသော အထိအတွေ့မျိုး ရှိလေသည်။
ဤကောင်းမွန်လှသော အရသာက သူမအဖေ နိုင်ငံခြားမှ ယူလာပေးတတ်သည့် သွင်းကုန်သစ်သီးများဆိုသည်ထက် အဆတစ်ရာမက ပိုမို ကောင်းမွန်နေလေသည်။
"ဒါ... ဒါ ချန်ရှင်း ဖန်တီးထားတာလား..."
စုဝမ်က ရုတ်တရက် ခေါင်းမော့လာပြီး ချန်အယ်တန့်ကို ကြောက်စရာကောင်းလောက်အောင် စူးရှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
"ဟုတ်တယ်... အစ်ကိုရှင်းရဲ့ ဖန်လုံအိမ်ထဲမှာ စိုက်ထားတာ... အခုလေးတင် ခူးလာတာ၊ အရမ်းလတ်ဆတ်တယ်..."
ချန်အယ်တန့်က ခေါင်းကုတ်ကာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
စုဝမ်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူမကိုယ်သူမ အတင်း တည်ငြိမ်အောင် ထိန်းထားသော်လည်း သူမ၏ နှလုံးသားကမူ ရူးသွပ်မတတ် ခုန်ပေါက်နေလေသည်။
အရာရာ ရှားပါးလှသော ဤခေတ်ကြီး၊ ဤအသက်မဲ့နေသော ဆောင်းရာသီတွင်။
*ဒါ စတော်ဘယ်ရီသီး လုံးဝ မဟုတ်ပေ*
*ဒါတွေက သေးငယ်တဲ့ ရွှေတုံးနီနီလေးတွေဆိုတာ ရှင်းနေတာပဲ*
အကယ်၍ ဤအရာများကို ပြည်နယ်မြို့တော်ဆီ သယ်ယူသွားပြီး အငြိမ်းစား အရာရှိကြီးများကို ပေးမည်ဆိုလျှင် (သို့မဟုတ်) နိုင်ငံခြားဧည့်သည်များကို အထူး လက်ခံတွေ့ဆုံသည့် နိုင်ငံတော်ဧည့်ဂေဟာသို့ သွားပေးမည်ဆိုလျှင်...
ထိုလူများက ဘယ်လို အစားအစာကောင်းမျိုးကို မစားဖူးဘဲ နေပါ့မလဲ။
သို့သော် ဆောင်းနှောင်းကာလကြီးတွင် ဤမျှ လတ်ဆတ်ကာ အရသာရှိသော သစ်သီးမျိုးကို စားနိုင်ခြင်းက ငွေဖြင့် ဝယ်၍မရနိုင်သော အခွင့်ထူး တစ်ရပ်ပင် ဖြစ်ပေသည်။