အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း(၁၈၃)
ပြန်ပေးဆွဲခံရခြင်းနှင့် ခြိမ်းခြောက်မှု
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် စီမာယွမ်၏ ဒဏ်ရာအများစုမှာ ပျောက်ကင်းသွားပြီး ခန္ဓာကိုယ်ပေါ်ရှိ အနည်း ငယ်သော ဒဏ်ရာများနှင့် ညာဘက်လက်မောင်း ရောင်ကိုင်းနေခြင်းတို့သာ ကျန်ရှိတော့၏။
ယောင်ရန်သည် ဤအခြင်းအရာကို မြင်သောအခါ ဆွံ့အသွားမိသည်။ အချိန်တိုအတွင်း ဒဏ်ရာများကို ပျောက် ကင်းစေနိုင်သော အရာမျိုး ဤလောကတွင်ရှိလိမ့်မည်ဟု သူမ ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့လျှင် ယုံကြည်နိုင်မည် မဟုတ်ပေ။
*ငါ သူ့ကို နတ်ရေစင်များ တိုက်မိသွားတာလား...။*
ယောင်ရန်သည် သူမလက်ထဲရှိ အလွတ်ဖြစ်နေသော ဖန်ခွက်ကို ကြည့်ရင်း ရေတစ်ခွက် ထပ်ခပ်၍ တစ်ငုံသောက် လိုက်လေသည်။ နောက်တစ်စက္ကူန့်တွင် ဖန်ခွက်ထဲရှိ ကြည်လင်နေသော အိုင်ထဲမှရေကို ကြည့်ရင်း သူမ၏ မျက်ဝန်းများမှာ အံ့သြမှုနှင့်အတူ ဝင်းလက်သွားတော့၏။
*ငါ့ရဲ့ အိုင်ထဲမှရေက ဘယ်တုန်းက ဒီလောက်အထိ အစွမ်းထက်သွားတာလဲ...။ ဒါဟာ နေရာလွတ် ထဲကို နောက် ဆုံး ထည့်လိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေကြောင့် အိုင်ထဲမှရေရဲ့ ကုသနိုင်စွမ်း တိုးလာတာများလား...။*
သူမ တွေးတောနေစဉ်မှာပင် စီမာယွမ်သည် တဖြည်းဖြည်း သတိပြန်လည်လာခဲ့၏။
"အင့်..."
သူ၏ ညည်းတွားသံကို ကြားသောအခါ ယောင်ရန်သည် အတွေးများထဲမှ ရုန်းထွက်လိုက်လေသည်။
သူမသည် အိုင်ထဲမှရေကို နေရာလွတ် ထဲသို့ ပြန်ထည့်လိုက်ပြီး စီမာယွမ်၏ အညိုအမည်းစွဲနေသော ဒဏ်ရာများ ကို ဆေးလိမ်းပေးကာ ကျိုးနေသော ညာဘက်လက်မောင်းကို ကျပ်စည်းပေးလိုက်၏။ စီမာယွမ် မျက်လုံးပွင့် လာသည့် အချိန်တွင်မူ ကုသမှုမှာ ပြီးဆုံးနေပြီ ဖြစ်လေသည်။
စီမာယွမ်သည် မျက်နှာကျက်ကို ခဏမျှ ငေးကြည့်နေပြီးနောက် ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ဆေးကုသ ရေး ကိရိယာများကို သန့်စင်နေသော ယောင်ရန်ကို တွေ့လိုက်ရ၏။
သူ နိုးလာသည်ကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ပျို့အန်ချင်တာ ဒါမှမဟုတ် ခေါင်းကိုက်တာမျိုး ခံစားရသေးလား...။"
စီမာယွမ်က ခေါင်းခါပြသဖြင့် ယောင်ရန်သည် တံခါးကို သွားဖွင့်ပေးလိုက်လေ၏။
တံခါးပွင့်သည်နှင့် ချွမ်ယွမ်ဝေ့သည် သူမအနားသို့ ပြေးဝင်လာကာ အလောတကြီး မေးလိုက်လေသည်။
"မယောင်ရန်...၊ အာယွမ် ဘယ်လိုနေသေးလဲ...။ သူ အဆင်ပြေရဲ့လား...။ "
ယောင်ရန်က အခန်းထဲသို့ ပြန်ဝင်ရင်း၊
"သူ အဆင်ပြေပါတယ်...။ ဒါပေမဲ့ ညာဘက်လက်မောင်းကိုတော့ အနည်းဆုံး တစ်ပတ်လောက် လှုပ်ရှားလို့ ရမှာ မဟုတ်ဘူး... ။ ကျွန်မ သူ့အတွက် အရောင်ကျဆေး၊ အဖျားကျဆေးနဲ့ ပိုးသတ်ဆေးတွေ ပေးထားမယ်...။"
"သူ နာကျင်နေနိုင်လို့ အကိုက်အခဲပျောက်ဆေး အချို့လည်း ပေးထားမယ်...။ တကယ်လို့ ကိုက်လာရင် တစ်နေ့ကို အများဆုံး နှစ်လုံးအထိ သောက်လို့ ရတယ်...။ သူ ကိုယ်တွင်းဒဏ်ရာ အနည်းငယ် ရထားတဲ့အတွက် အနည်းဆုံး သုံးရက်လောက်တော့ အနားယူဖို့ လိုအပ်လိမ့်မယ်...။"
ချွမ်ယွမ်ဝေ့သည် စီမာယွမ်၏ ဒဏ်ရာ မည်မျှ ပြင်းထန်ခဲ့သည်ကို မသိသဖြင့် ယောင်ရန်၏ စကားများကို သံသယ မရှိဘဲ ယုံကြည်ကာ ရိုးသားစွာ ပြောလိုက်လေသည်။
"အာယွမ်ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် မယောင်ရန်...။"
ထို့နောက် သူသည် ကုတင်နားသို့ အမြန်လျှောက်သွားကာ စိုးရိမ်တကြီး မေးလိုက်၏။
"အာယွမ်...၊ ဘာတွေဖြစ်ခဲ့တာလဲ...။ မင်းကို ဘယ်သူ ဒီလောက်အထိ လုပ်လိုက်တာလဲ...။"
စီမာယွမ်သည် ချွမ်ယွမ်ဝေ့ကို မြင်သောအခါ သူ ပြောလိုသည့်အရာကို သတိရသွားကာ ချွမ်ယွမ်ဝေ့၏ လက် မောင်းကို ဆုပ်ကိုင်၍ ခက်ခဲစွာ ပြောလိုက်လေသည်။
"အစ်ကိုယွမ်ဝေ့...၊ ကျွန်တော့်အစ်ကိုကြီးနဲ့ မရီးကို...၊ ကျေးဇူးပြုပြီး ကယ်ပေးပါဦး...။ သူတို့က...၊"
စီမာယွမ်သည် စကားမဆုံးမီမှာပင် ပြင်းထန်စွာ ချောင်းဆိုးတော့၏။
"အဟွတ်... အဟွတ်..."
သူ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်း ချွမ်ယွမ်ဝေ့က ကျောကို အသာပွတ်ပေးကာ ပြောလိုက်လေသည်။
"စိတ်အေးအေးထားပြီး ဖြည်းဖြည်းချင်း ပြောပါဦး...။"
ချောင်းဆိုးရပ်သွားသောအခါ စီမာယွမ်က ၊
"ဒီနေ့ည ကျွန်တော် အလုပ်စောစောပြီးလို့ အစ်ကိုကြီးနဲ့ မရီးဆီကို အတူတူ အိမ်ပြန်ဖို့ သွားရှာခဲ့တာ...။"
"သူတို့နှစ်ယောက်က တောင်ဘက်ပိုင်းက လယ်ကွင်းတွေမှာ အလုပ်လုပ်ကြတာလေ...။ ကျွန်တော့် အလုပ်ခွင် ကနေ အဲ့ဒီကို သွားရင် (၁၅) မိနစ်လောက်ပဲ ကြာတယ်... ။တောင်ဘက်ပိုင်းကို ရောက်တဲ့အခါ သူတို့နှစ်ယောက် ကို လူတစ်စုက ဝိုင်းထားပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်နေတာကို တွေ့လိုက်ရတယ်...။"
အရိုက်ခံနေရသော အစ်ကိုဖြစ်သူနှင့် မရီးဖြစ်သူတို့ကို တွေးမိရင်း စီမာယွမ်၏ မျက်ဝန်းများမှာ နာကျည်းမှုနှင့် ဒေါသတို့ကြောင့် နီမြန်းလာလေသည်။
သူသည် အံကို တင်းတင်းကြိတ်ကာ၊
"ကျွန်တော် သူတို့ကို ကယ်ချင်ခဲ့ပေမဲ့ သူတို့ဘက်က လူတွေ အများကြီးပဲ...။ နောက်ဆုံးတော့ သူတို့က အစ်ကို ကြီးနဲ့ မရီးကို ဆွဲခေါ်သွားကြပြီး မယောင်ရန်နဲ့ အစ်ကိုလုံယုဆီကို သတင်းစကား ပါးခိုင်းလိုက်တယ်...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်က မေးလိုက်သည်။
"ဘာသတင်းစကားလဲ...။"
စီမာယွမ်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက်၊
"အစ်ကိုလုံယုနဲ့ သူ့သူငယ်ချင်းတွေက လုရှီးလူနေရပ်ကွက်ကို လာပြီး သူတို့ဆီမှာ လက်နက်ချမယ်ဆိုရင် အစ်ကိုကြီးနဲ့ မရီးကို ပြန်လွှတ်ပေးမယ်တဲ့...။ မဟုတ်ရင်တော့ ကျွန်တော့်ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ အားလုံးကို လာသတ်မယ်လို့ ခြိမ်းခြောက်သွားတယ်...။"
ချွမ်ယွမ်ဝေ့၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။ သူက လုံယုနှင့် ယောင်ရန်ကို ကြည့်ကာ၊
"ဝပ်နေသော ကျားဂိုဏ်းဟာ လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက လုရှီးလူနေရပ်ကွက်ကို ဝင်ရောက် သိမ်းပိုက် ထားတာ...။ အာယွမ်နဲ့ စီမာဟောက်တို့ကို ရိုက်နှက်သွားတဲ့သူတွေဟာ ဝပ်နေသော ကျားဂိုဏ်းက လူတွေပဲ ဖြစ် ရမယ်...။"
စီမာယွမ်၏ စကားများကို နားထောင်ပြီးနောက် လုံယုနှင့် ယောင်ရန်တို့သည် ထိုလူများ စီမာဟောက် ဇနီးမောင်နှံ ကို အဘယ်ကြောင့် ဖမ်းဆီးသွားသနည်း ဆိုသည်ကို ၁ရိပ်မိလိုက်ကြသည်။
လုံယုက စီမာယွမ်ကို ကြည့်ကာ၊
"ဝပ်နေသော ကျားဂိုဏ်းဟာ လင်းယွမ်တိုက်ခန်းအဆောက်အအုံကို သိမ်းပိုက်ဖို့အတွက် လမ်းရှင်းချင်နေတာပဲ... ။ ငါတို့ကို လက်နက်ချဖို့ ဖိအားပေးတဲ့အနေနဲ့ မင်းတို့မိသားစုကို အသုံးချလိုက်တာပဲ...။ ဒါဆိုရင် သူတို့အတွက် ဒီတိုက်ခန်းဝန်းကို သိမ်းပိုက်ဖို့ ပိုလွယ်သွားမှာလေ...။"
စီမာယွမ်သည် သူ၏ လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် လက်ချောင်းများပင် ဖြူလျော့နေလေ၏။ သူသည် အံကို ကြိတ်ကာ၊
"အစိုးရက ဘာတွေလုပ်နေတာလဲ...၊ ဒီလို ကောင်တွေကို ဘာလို့ အလိုရှိတိုင်း လုပ်ခွင့်ပေးထားရတာလဲ...။"
ယောင်ရန်သည် သူတို့၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေရင်း အတွေးနက်နေမိသည်။ အတန်ကြာမှ သူမ က စီမာယွမ်ကို ကြည့်ကာ ပြောလိုက်လေသည်။
"မစိုးရိမ်ပါနဲ့...။ မင်းရဲ့ အစ်ကိုကြီးနဲ့ မရီးကို ငါတို့ ပြန်ခေါ်ပေးပါ့မယ်...။ အခုတော့ မင်းရဲ့ ဒဏ်ရာတွေ သက်သာ အောင်ပဲ အာရုံစိုက်လိုက်ပါ...။"
ထိုစကားကို ကြားသောအခါ စီမာယွမ်၏ မျက်ရည်များမှာ ကုတင်ပေါ်သို့ တတောက်တောက် ကျလာတော့၏။ သူသည် ယောင်ရန်နှင့် လုံယုကို အလေးအနက် ဦးညွှတ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် မယောင်ရန်...၊ ကျေးဇူးတင်ပါတယ် အစ်ကိုလုံယု...။"
သူ၏ အသံမှာ ရှိုက်ကြီးတငင် ငိုကြွေးမှုကြောင့် တုန်ရီနေလေတော့သည်။
ယောင်ရန်သည် ဘေးသို့ အနည်းငယ် ဖယ်လိုက်ကာ သူ့ကို ထူပေးရင်း၊
"မင်းတို့မိသားစု ဒီလို ဘေးဒုက္ခနဲ့ ကြုံရတာဟာ ငါတို့ကြောင့်လည်း တစ်နည်းတစ်ဖုံ ပါဝင်နေတယ်...။ ငါတို့ ကြောင့် ဖြစ်ရတာမို့ ငါတို့ပဲ ဖြေရှင်းပေးပါ့မယ်...။ ပြီးတော့ ငါတို့ဟာ အသင်းဖော်တွေလို့ ပြောလို့ ရတယ်လေ...၊ တစ်ယောက်ကို တစ်ယောက် ကူညီသင့်တာပေါ့...။"
စီမာယွမ်သည် ခဏမျှ ကြောင်အသွားပြီးနောက် ခေါင်းငြိမ့်ပြကာ မျက်ရည်များကို သုတ်လိုက်လေသည်။ ယနေ့ ယောင်ရန်နှင့် လုံယုတို့ဆီမှ ရရှိခဲ့သော ကျေးဇူးတရားများကို နောင်တစ်ချိန်တွင် အဆပေါင်းများစွာ ပြန်လည် ပေးဆပ်မည်ဟု သူ၏ စိတ်ထဲ၌ သစ္စာဆိုလိုက်မိလေသည်။
စီမာယွမ် စိတ်တည်ငြိမ်သွားသည်ကို မြင်သောအခါ ယောင်ရန်သည် လုံယုနှင့် ချွမ်ယွမ်ဝေ့ကို ကြည့်၍ ပြောလိုက် သည်။
"စီမာဟောက်နဲ့ ရွမ်ယင်းကို ကယ်တင်ဖို့အတွက် ငါတို့ အမြန်ဆုံး အစီအစဉ် ဆွဲရမယ်...။"