← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း(၁၈၄)

လုရှီးလူနေရပ်ကွက်

လုံယုနှင့် ချွမ်ယွမ်ဝေ့တို့သည် ယောင်ရန်၏ စကားကို နားထောင်ပြီးနောက် သဘောတူ ခေါင်းငြိမ့်လိုက်ကြ၏။ ယောင်ရန်က စီမာယွမ်အတွက် ဆေးညွှန်းပေးပြီးနောက်တွင်မူ ချွမ်ယွမ်ဝေ့သည် စီမာယွမ်ကို အိမ်သို့ ပြန်ပို့ ပေးလိုက်လေသည်။

ထိုသူနှစ်ဦးကို ပြန်လွှတ်ပြီးနောက်တွင် ယောင်ရန်နှင့် လုံယုတို့သည် ရှီရွှမ်းနှင့် အခြားသူများထံသို့ သွားရောက် ခဲ့ကြသည်။ အခန်းအမှတ် (၂၀၀၁) ၏ ဧည့်ခန်းအတွင်း၌ ထိုင်ရင်း လုံယုနှင့် ယောင်ရန်တို့သည် စီမာယွမ်၊ စီမာဟောက်နှင့် ရွမ်ယင်းတို့ ကြုံတွေ့ခဲ့ရသော အခြေအနေများကို သူငယ်ချင်းများအား ပြောပြလိုက်ကြ၏။

ရှီရွှမ်းသည် ထိုစကားများကို နားထောင်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

"ခေါင်းဆောင်...၊ ခေါင်းဆောင်ရဲ့ အစီအစဉ်က ဘာလဲ...။ ဒဏ်ရာရနေတဲ့ လူနှစ်ယောက်ကို ဝပ်နေသော ကျား ဂိုဏ်းရဲ့ အခြေစိုက်စခန်းထဲကနေ သွားကယ်ထုတ်ဖို့ဆိုတာ မလွယ်ဘူးနော်...။"

လုံယုက သူ့ကို ကြည့်ကာ တည်ငြိမ်စွာပင် ပြန်လည်ဖြေလိုက်သည်။

"ငါ သူတို့ရဲ့ အခြေစိုက်စခန်းထဲကို လျှို့ဝှက် ဝင်ရောက်ပြီးတော့ အတွင်းဘက်ကနေ သူတို့ကို အမြစ်ပြတ် နှိမ်နင်း ချင်တယ်...။"

သူက ထိုသို့ပြောလိုက်သည်နှင့် ဟွမ်ချန်သည် မျက်မှောင်ကြုတ်သွားကာ၊

"ခေါင်းဆောင်...၊ ဒါက သိပ်ပြီး အန္တရာယ်များလွန်းတယ်...၊ သူတို့ဆီမှာ လက်နက် ဘယ်လောက်ရှိလဲ၊ လူအင်အား ဘယ်လောက်ရှိလဲဆိုတာ ငါတို့ မသိရသေးဘူး...။ ပြီးတော့ သူတို့အဖွဲ့ဝင် အများစုက ရာဇဝတ်သားတွေလေ... ။ သာမန် လူမိုက်တွေ မဟုတ်ဘူး...။"

ကျားရှန်းကလည်း ဟွမ်ချန်၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြကာ၊

"အာချန် ပြောတာ မှန်တယ်...။ သူတို့ အခြေစိုက်စခန်းထဲကို ဝင်ဖို့ဆိုတာ မလွယ်ဘူး...၊ ငါတို့က စီမာဟောက် ဇနီးမောင်နှံကိုလည်း ကယ်ထုတ်ရဦးမှာလေ...။ ငါတို့ အထဲကို ဝင်နိုင်ရင်တောင်မှ ဘေးကင်းကင်းနဲ့ ပြန်ထွက် လာဖို့က အရမ်း ခက်ခဲလိမ့်မယ်...။"

အခန်းတွင်း၌ တိတ်ဆိတ်မှုက စိုးမိုးသွားတော့၏။ သူတို့၏ တည်ကြည်လေးနက်နေသော မျက်နှာများကို ကြည့် ရင်း ယောင်ရန်က ပြောလိုက်လေသည်။

"ငါ့မှာ အစီအစဉ် တစ်ခု ရှိတယ်...။"

သူမ၏ စကားကြောင့် လူတိုင်းက သူမကို လှည့်ကြည့်လိုက်ကြ၏။ ယောင်ရန်က ဆက်၍၊

"လူဟုန်ဟာ နောက်ရက်အနည်းငယ်အတွင်းမှာ ငါတို့ အဆောက်အအုံကို တိုက်ခိုက်လာနိုင်တယ်လို့ ရှီရွှမ်းတို့ စုံစမ်း ထားတယ်ဆိုတာကို လုံယုဆီကနေ ငါ ကြားခဲ့ရတယ်...။"

ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ၊

"ဟုတ်တယ်...၊ ငါ အခု ရထားတဲ့ သတင်းတွေအရဆိုရင် သူဟာ ဒီနေ့ည ဒါမှမဟုတ် မနက်ဖြန်ညမှာ စတင် တိုက် ခိုက်လာနိုင်တယ်...။"

လုံယုက ခဏမျှ စဉ်းစားပြီးနောက် ၊

"ဒီနေ့ညပဲ ဖြစ်ရမယ်..." ဟု ပြောလိုက်လေသည်။

"ဒီနေ့မနက်ကပဲ ယောင်ရန်နဲ့ ငါဟာ ဒုက္ခသည်အသွင် ဆောင်ထားတဲ့ စစ်သည် အယောက်နှစ်ဆယ်လောက် ဒီ တိုက်ခန်းဝန်းထဲကို ခိုးဝင်လာတာကို တွေ့ခဲ့ရတယ်...။ ပြီးတော့ သူတို့က ဒီနေ့ပဲ စီမာဟောက်နဲ့ သူ့ဇနီးကို ဖမ်းစီး သွားကြတယ်...။ ငါတို့တွေ ထွက်သွားတာနဲ့ တစ်ပြိုင်နက် သူတို့ တိုက်ခိုက်လာတော့မှာက သိသာနေတာပဲ...။"

ရှီရွှမ်းက မေးလိုက်လေသည်။

"သူတို့ ဒီနေ့ည တိုက်ခိုက်လာမယ်ဆိုတာကို သိနေရင်...။ ခေါင်းဆောင်တို့က မနက်ဖြန်မှ သွားဖို့ စီစဉ်ထားတာ လား...။"

လုံယုက ခေါင်းခါပြလိုက်ပြီး ယောင်ရန်က ရှင်းပြလိုက်လေသည်။

"မဟုတ်ဘူး...၊ ငါတို့ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်မယ်...။ လုံယုနဲ့ ငါက လုရှီးလူနေရပ်ကွက်ကို သွားမယ်...၊ နင်တို့တွေက တော့ ဒီမှာနေပြီး (၁၉) ထပ်နဲ့ (၂၀) ထပ်ကို ကာကွယ်ပေးကြရမယ်...။"

"စီမာယွမ်က ဒဏ်ရာရထားတဲ့အတွက် (၁၉) ထပ်မှာ တိုက်ခိုက်နိုင်စွမ်းရှိသူဆိုလို့ ချွမ်ယွမ်ဝေ့ တစ်ယောက်တည်း ပဲ ရှိတော့တယ်...။ ငါတို့ဘက်က လူတစ်ယောက်ကို သူ့ဆီ လွှတ်ပေးပြီး (၁၉) ထပ်ကို ကူညီ စောင့်ရှောက်ပေးရ မယ်...။"

"ငါတို့က ဝပ်နေသော ကျားဂိုဏ်းကို အပြင်ကော အတွင်းကပါ တစ်ပြိုင်နက် တိုက်ခိုက်ပြီး စစ်သည်တွေ ရောက် လာတဲ့အထိ စောင့်ကြမယ်...။ စစ်သည်တွေ လှုပ်ရှားလာပြီဆိုတာနဲ့ ငါတို့ အမြန်ဆုံး ပြန်ဆုတ်ခွာကြရမယ်...။"

"စစ်တပ်ထဲမှာ သူလျှိုတွေ ရှိနေနိုင်တယ်လို့ ငါ သံသယရှိတယ်...၊ ဒါကြောင့် လောလောဆယ်မှာ ငါတို့ရဲ့ အစစ် အမှန် စွမ်းအားကို သူတို့ကို မပြမိဖို့ သတိထားရမယ်...။ ငါတို့ စစ်တပ်ကို အပြည့်အဝ ယုံကြည်လို့ ရပြီဆိုတဲ့ အချိန်အထိ သူတို့ကို အလှမ်းဝေးဝေးမှာပဲ ထားရလိမ့်မယ်...။"

ယောင်ရန်၏ အစီအစဉ်ကို နားထောင်ပြီးနောက် လုံယုက ခေါင်းငြိမ့်ပြကာ အမိန့်ပေးလိုက်လေသည်။

"ပြင်ဆင်ထားကြ...၊ သန်းခေါင်ယံအချိန်ကျရင် ငါတို့ စစ်ဆင်ရေးကို စတင်မယ်...။"

သူတို့၏ ခေါင်းဆောင်က ဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်သောကြောင့် ရှီရွှမ်းနှင့် အခြားသူများမှာလည်း ကန့်ကွက် ခြင်း မပြုကြတော့ပေ။ သန်းခေါင်ယံအချိန်တွင် ရှီရွှမ်းနှင့် အခြားသူများသည် လုံယုနှင့် ယောင်ရန်တို့ကို ပို့ ဆောင်ရန်အတွက် စင်္ကြံလမ်းတွင် စုရုံးနေကြလေ၏။

ရှီရွှမ်းက သူတို့ကို ကြည့်ကာ ၊

"နှစ်ယောက်လုံး အသက်ရှင်လျက် ပြန်လာခဲ့ကြပါ...။ ငါတို့ ဒီနေရာကို ကာကွယ်ရင်း ခေါင်းဆောင်တို့ ပြန်လာ မယ့်အချိန်ကို စောင့်နေပါ့မယ်...။"

လုံယုက ခေါင်းငြိမ့်ပြကာ ရှီရွှမ်း၏ ပုခုံးကို ပုတ်ရင်း ၊

"ဒီနေရာကိုတော့ မင်းတို့ဆီမှာပဲ အပ်ခဲ့မယ်...။ ငါတို့ မိုးမလင်းခင်မှာ အရောက်ပြန်လာခဲ့ပါ့မယ်...။" ဟု ပြောလိုက် လေ၏။

ကျားရှန်းက ယောင်ရန်ကို ကြည့်ကာ မှာလေသည်။

"အပြင်မှာ သတိထားပါဦး...၊ တကယ်လို့ မနိုင်ဘူးဆိုရင် အမြန်ပြေးခဲ့နော်...။"

ယောင်ရန်က "ငါ သိပါတယ်..." ဟု ခေါင်းငြိမ့်ပြလိုက်လေသည်။

အချိန်ကျရောက်လာပြီ ဖြစ်သောကြောင့် ယောင်ရန်သည် ကျောပိုးအိတ်တစ်လုံးကို လွယ်ကာ ဓားရှည် တစ်လက်ကို ကိုင်ဆောင်၍ လုံယုနောက်မှ လိုက်ပါကာ အောက်ထပ်သို့ ဆင်းသွားလေသည်။ အထပ် ၂၀ ၌ ကျန်ရှိနေသော လူငါးဦးမှာမူ ထိုသူနှစ်ဦး ထွက်ခွာသွားသည်ကို စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ကြည့်ရှုနေကြတော့၏။

လုံယုနှင့် ယောင်ရန်တို့သည် မှောင်မည်းနေသော ညဉ့်အမှောင်အတွင်းသို့ ပျောက်ကွယ်သွားပြီးနောက်တွင် ရှီရွှမ်းသည် ပြတင်းပေါက်မှ အကြည့်လွှဲလိုက်လေသည်။

သူက နောက်သို့ လှည့်ကြည့်ကာ သူငယ်ချင်းများကို ပြောလိုက်လေသည်။

"ငါတို့လည်း ပြင်ဆင်ထားကြရအောင်...။ လူဟုန်ဟာ ခေါင်းဆောင်နဲ့ ယောင်ရန် ထွက်သွားပြီဆိုတာကို သိတာနဲ့ ငါတို့ကို တိုက်ခိုက်လာလိမ့်မယ်...။"

ထိုစကားကို ကြားသောအခါ အခြားသူများကလည်း "ကောင်းပြီလေ..." ဟု ညီညာစွာ ဖြေလိုက်ကြကုန်၏။

လုံယုနှင့် ယောင်ရန်တို့သည် လင်းယွမ်တိုက်ခန်းအဆောက်အအုံမှ ထွက်ခွာလာချိန်တွင် လူအများစုမှာ အိပ်မော ကျနေကြပြီ ဖြစ်သည်။ လူဟုန်နှင့် သူ၏ လူများပင်လျှင် ထိုအချိန်၌ အနားယူနေကြသဖြင့် မည်သည့်အရာကိုမျှ သတိမထားမိကြချေ။

လုံယုနှင့် ယောင်ရန်တို့သည် အဖြူရောင် အအေးဒဏ်ခံဝတ်စုံများနှင့် သူတို့၏ ဆံပင်နက်များကို ဖုံးအုပ်ရန် အဖြူ ရောင် ဦးထုပ်များကို ဝတ်ဆင်ထားကြကာ လုရှီးလူနေရပ်ကွက်သို့ တိတ်တဆိတ် ထွက်ခွာခဲ့ကြလေသည်။ ညဉ့်နက်ပိုင်း၏ အမှောင်ထုအောက်တွင် သူတို့နှစ်ဦးမှာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေတော့၏။

လုရှီးလူနေရပ်ကွက်သည် ယခင်က အဆင့်မြင့် လူနေရပ်ကွက်တစ်ခု ဖြစ်ခဲ့သော်လည်း သဘာဝဘေးအန္တရာယ် များ ဖြစ်ပွားပြီးနောက်တွင်မူ ဧရိယာအများစုမှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်လေသည်။ ကျန်ရှိသော နေရာများမှာ လည်း ယခင်ကကဲ့သို့ ခမ်းနားထည်ဝါမှုများ မရှိတော့ဘဲ ကျွင်းချန်မြို့ရှိ အခြားနေရာများနှင့် မခြားနားတော့ပေ။

လုရှီးလူနေရပ်ကွက်သို့ နီးကပ်လာသည်နှင့်အမျှ လုံယုနှင့် ယောင်ရန်တို့မှာ ပိုမို သတိဝီရိယ ရှိလာကြ၏။ သူတို့ သည် ရပ်ကွက်အတွင်းသို့ တိုက်ရိုက် ဝင်မသွားဘဲ ညကြည့် အဝေးကြည့်မှန်ပြောင်းများကို ထုတ်ယူကာ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်လိုက်ကြလေသည်။

ဝင်ပေါက် ဧရိယာကို အကဲခတ်ပြီးနောက်တွင် သူတို့သည် လုရှီးလူနေရပ်ကွက်၏ နောက်ဖေးတံခါးဘက်သို့ သွား ရောက်ကာ ထပ်မံ အကဲခတ်ကြပြန်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ တိုက်ခန်း အဆောက်အအုံများအနက် တစ်ခုအတွင်း၌ ပါတီပွဲတစ်ခု ကျင်းပနေသည်ကို တွေ့ရှိလိုက်ရ၏။

အဝေးကြည့်မှန်ပြောင်းမှတစ်ဆင့် သူတို့သည် လှပသော ဝတ်စုံများနှင့် အနောက်တိုင်းဝတ်စုံများကို ဝတ်ဆင် ထားကာ ဝိုင်နီများနှင့် ဈေးကြီးသော ရှန်ပိန်များကို ကိုင်ဆောင်ထားကြသည့် လူများကို မြင်တွေ့လိုက်ရသည်။ တိုက်ခန်းအတွင်း၌ မီးရောင်များ လင်းထိန်နေကာ ရယ်မောသံများဖြင့် စည်ကားနေသဖြင့် အပြင်ဘက်ရှိ တိတ် ဆိတ်အေးစက်နေသော ဖြူလွလွ ကမ္ဘာကြီးနှင့် လုံးဝ ခြားနားသော ကမ္ဘာငယ်လေးတစ်ခုသဖွယ် ဖြစ်နေတော့၏။

ဆယ်မိနစ်ကျော်ခန့် အကဲခတ်ပြီးနောက် ယောင်ရန်က ခပ်တိုးတိုး ပြောလိုက်လေသည်။

"လုံယု...၊ သူတို့ရဲ့ ရိက္ခာသိုလှောင်ရုံကို ငါ တွေ့ပြီ...။"

လုံယု၏ မျက်ဝန်းများမှာ ဝင်းလက်သွားကာ ယောင်ရန် ညွှန်ပြသည့်ဘက်သို့ ကြည့်လိုက်၏။ မကြာမီမှာပင် သေနတ် များ ကိုင်ဆောင်ထားသော လူတစ်ဒါဇင်ကျော် စောင့်ကြပ်နေသည့် ရိက္ခာသိုလှောင်ရုံကို အဝေး၌ မြင်တွေ့လိုက်ရလေသည်။

သူသည် ထိုသိုလှောင်ရုံကို စူးစမ်းကြည့်လိုက်ရာ အစောင့်များမှာ စိတ်ပါဝင်စားမှု မရှိကြသည်ကို တွေ့လိုက်ရ၏။ အစောင့်များမှာ တိုက်ခန်းအတွင်း၌ ပါတီဆင်နွှဲနေကြသော သူများကို ငြူစူနေကြဟန် ရှိလေသည်။

All Chapters