အခန်း ၁၈၆
Vol. 19 Ch. 186
အခန်း (၁၈၆)
ထိတ်လန့်ဖွယ်ရာ ရှာဖွေတွေ့ရှိမှု
သူတို့ ထွက်ခွာတော့မည့် အချိန်တွင် ယောင်ရန်က ရုတ်တရက် ရပ်လိုက်၏။ သူမသည် လုံယု၏ အင်္ကျီစကို ဆွဲ ကာ အရေးပေါ်တံခါး တစ်ချပ်ကို ညွှန်ပြလိုက်လေသည်။
လုံယုသည် သူမ ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ ထိုတံခါးပေါ်တွင် ညိုမည်းနေသော အစွန်းအထင်းများကို တွေ့လိုက်ရ၏။ ထိုအရာများမှာ အဘယ်အရာ ဖြစ်သည်ကို သူတို့နှစ်ဦးစလုံး သိရှိကြသဖြင့် တစ်ဦးကိုတစ်ဦး နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။
ယောင်ရန်က ခပ်တိုးတိုး မေးလိုက်လေ၏။
"သွားကြည့်ကြမလား...။"
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြလိုက်လေသည်။ ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဝပ်နေသော ကျားဂိုဏ်းက ထိုတံခါးနောက်ကွယ်တွင် မည်သည့် လျှို့ဝှက်ချက်များကို ဝှက်ထားသည်ကို သူ သိလိုမိပေသည်။
လုံယုသည် ဆုံးဖြတ်ချက် ချပြီးနောက် သော့ခတ်ထားသော တံခါးကို ဖွင့်လိုက်ရာ သံချေးတက်နေသော လှေကား များကို တွေ့လိုက်ရလေသည်။
အောက်ဘက်တွင် မည်သည့် အလင်းရောင်မျှ မရှိသောကြောင့် ယောင်ရန်က နေရာလွတ် အတွင်းမှ ညကြည့် မျက်မှန် နှစ်စုံကို ထုတ်ယူလိုက်လေသည်။ ညကြည့်မျက်မှန်များ တပ်ဆင်ပြီးနောက် သူတို့သည် အောက်ထပ်သို့ ဖြည်းညင်းစွာ ဆင်းသွားခဲ့ကြလေသည်။
"ကျွီ..."
သံလှေကားပေါ်သို့ နင်းလိုက်တိုင်း ထွက်ပေါ်လာသော အသံမှာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ ပဲ့တင်ထပ် နေခဲ့လေသည်။
အောက်ခြေသို့ ရောက်ရန် ငါးမိနစ်ခန့် ကြာမြင့်ခဲ့၏။ ထိုနေရာတွင် မည်သူမျှ မရှိသည်ကို အတည်ပြုပြီးနောက် လုံယုက ယောင်ရန်အား သတိထားရန် အချက်ပြကာ သူတို့နှစ်ဦး ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းခဲ့ကြလေ သည်။
ထိုနေရာတွင် မည်သူမျှ ပုန်းအောင်းနေခြင်း မရှိသည်ကို သေချာစေပြီးနောက် လုံယုနှင့် ယောင်ရန်တို့သည် မျက်နှာကျက်အထိ ဆင့်ထားသော သေတ္တာများကို ကြည့်လိုက်ကြ၏။ သူတို့သည် သေတ္တာတစ်လုံးကို ဖွင့် ကြည့်လိုက်ရာ အတွင်း၌ တွေ့ရှိလိုက်ရသော အရာကြောင့် အံ့အားသင့်သွားကြလေတော့သည်။
လုံယုသည် သေတ္တာအတွင်းရှိ အထုပ်ကလေးများကို ကြည့်ရင်း မျက်ဝန်းများမှာ မှောင်မှောင်မည်းမည်း ဖြစ်သွား လေ၏။ သူသည် သေနတ်ကို တင်းတင်းဆုပ်ကိုင်ကာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
"သူတို့ ဒီလောက်များတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ဘယ်လိုများ ရခဲ့ကြတာလဲ...။"
လုံယုသည် ထိုသေတ္တာကို ပိတ်လိုက်ပြီး နောက်ထပ် သေတ္တာတစ်လုံးကို ဖွင့်ကြည့်လိုက်ပြန်ရာ ၎င်းမှာလည်း C4 ဗုံးများဖြင့် ပြည့်နှက်နေလျက်ရှိလေသည်။ ထိုအခြင်းအရာကို မြင်သောအခါ ယောင်ရန်ကလည်း အခြားသေတ္တာ များကို လျင်မြန်စွာ ကူညီစစ်ဆေးပေးလိုက်လေ၏။
သေတ္တာအားလုံးကို စစ်ဆေးပြီးနောက်တွင်မူ သူတို့နှစ်ဦးစလုံးမှာ ကြက်သီးမွေးညင်းများ ထသွားကြတော့သည်။ ဤမျှလောက် များပြားသော C4 ဗုံးများဖြင့်ဆိုလျှင် ဝပ်နေသော ကျားဂိုဏ်းသည် ကျွင်းချန်မြို့ တစ်မြို့လုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။
လုံယုသည် စိတ်ကို တည်ငြိမ်အောင် ထိန်းထားရင်း၊
"ယောင်ရန်...၊ ဒါတွေကို အကုန် သိမ်းလိုက်တော့...။ သိမ်းရင်လည်း သတိထားဦးနော်...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ သေတ္တာအားလုံးကို သူမ၏ နေရာလွတ် အတွင်းရှိ အနက်ရှိုင်းဆုံး ထောင့်တစ် နေရာ၌ အဘိုးရွှီထံမှ ဝယ်ယူထားသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများနှင့်အတူ သိမ်းဆည်းလိုက်လေသည်။
သေတ္တာများ ပျောက်ကွယ်သွားသောအခါ လုံယုသည် အနောက်ဘက် ဧရိယာ၌ တစ်စုံတစ်ခုကို တွေ့ရှိလိုက် လေ သည်။ သူသည် သေနတ်ကို အသင့်ပြင်ကာ မျက်နှာကျက်မှ တွဲလောင်းကျနေသော ဖန်ပြွန်ချောင်းကြီးများဆီသို့ သတိဝီရိယဖြင့် လျှောက်သွားလေသည်။ ယောင်ရန်ကလည်း သူ၏နောက်မှ လိုက်ပါလာခဲ့၏။
သို့သော်လည်း သူမ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရမီမှာပင် လုံယုသည် သူမ၏ ခြေသံကို ကြား လိုက်ရသဖြင့် လျင်မြန်စွာ လှည့်၍ သူမကို ဆွဲဖက်လိုက်လေသည်။ သူက သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက် ထားကာ သူမ၏ မျက်လုံးများကို လက်ဖြင့် အုပ်ထားလိုက်၏။
"မကြည့်နဲ့...။"
သူက ထိုဖန်ပြွန်ချောင်းကြီးများကို သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။
ယောင်ရန်သည် ထိုဖန်ပြွန်ချောင်းများအတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို မြင်တွေ့ခွင့် မရခဲ့သော်လည်း လုံယု၏ တုံ့ပြန်မှုကြောင့် သူမ ခန့်မှန်းနိုင်လေသည်။ ထိုဖန်ပြွန်များအတွင်း၌ မည်သည့်အရာများ ရှိနေနိုင်သည်ကို တွေးမိသောအခါ သူမ၏ ခန္ဓာကိုယ်မှာ အေးစက်သွားကာ ထိတ်လန့်မှုနှင့် အိပ်မက်ဆိုးများက သူမ၏ စိတ်ကို ဖုံးလွှမ်းသွားတော့၏။
ထိတ်လန့်မှုများက သူမ၏ အသိဉာဏ်ကို တဖြည်းဖြည်း ဝါးမြိုလာသဖြင့် သူမသည် လုံယု၏ အင်္ကျီကို တင်း တင်းဆုပ်ကိုင်ကာ တုန်ရီနေသော အသံဖြင့် မေးလိုက်လေသည်။
"အဲ့ဒီ ဖန်ပြွန်ချောင်းတွေထဲမှာ ဘာတွေ ရှိနေတာလဲ...။"
သူမ၏ ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိသဖြင့် လုံယုက သူမအား ပြန်မဖြေဘဲ အလျင်အမြန်ပင် ပွေ့ချီ ကာ ထိုနေရာမှ ပြေးထွက်ခဲ့လေသည်။
လုံယုက သူမကို ပွေ့ချီ၍ လှေကားပေါ်သို့ တက်နေစဉ်မှာပင် ယောင်ရန်သည် ထိုဖန်ပြွန်ချောင်းများကို လှမ်း ကြည့်ရန် အခွင့်အရေး ရခဲ့၏။
ထိုဖန်ပြွန်များထဲ၌ အပြာရောင် အရည်များအတွင်း မျောပါနေသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပြတ်တောက် နေသော အလောင်းများကို မြင်တွေ့လိုက်ရသောအခါ သူမ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားတော့သည်။ ထိုခဏမှာပင် အတိတ်ဘဝမှ ခြောက်လှန့်နေသော အိပ်မက်ဆိုးများမှာ ဆူနာမီလှိုင်းသဖွယ် ပြန်လည် ရောက်ရှိ လာခဲ့လေသည်။ ယောင်ရန်၏ စိတ်ထဲ၌ ထိုအိပ်မက်ဆိုးများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်နိုင်တော့ချေ။
သိုလှောင်ရုံအတွင်းမှ ထွက်လာပြီးနောက်တွင်မူ လုံယုက ယောင်ရန်ကို ပြန်ချပေးကာ သူမ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်လိုက်၏။ သူမ၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများကို ကြည့်ရင်း သူက စိုးရိမ်တ ကြီးဖြင့် မေးလိုက်လေသည်။
"ယောင်ရန်...၊ အဆင်ပြေရဲ့လား...။"
သူမ မည်သည့်တုံ့ပြန်မှုမျှ မပြုသည်ကို မြင်သောအခါ လုံယု၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွား၏။ သူက သူမ၏ ပုခုံး များကို ဆုပ်ကိုင်ကာ ထိတ်လန့်တကြား ခေါ်လိုက်လေသည်။
"ယောင်ရန်...၊"
သူ၏ ခေါ်သံကြောင့် ယောင်ရန်သည် သူ့ကို မော့ကြည့်ကာ တောင့်တောင့်ကြီး ခေါင်းငြိမ့်ပြလိုက်၏။ သူမ၏ အခြေအနေမှာ မကောင်းသည်ကို မြင်သဖြင့် လုံယုက လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်လေသည်။
"ငါ မင်းကို ပြန်လိုက်ပို့မယ်...။"
သူက သူမ၏ ခါးကို ပြန်လည် ပွေ့ဖက်ရန် ပြင်လိုက်စဉ်မှာပင် ယောင်ရန်က သူ့ကို တားဆီးကာ အက်ရှရှအသံဖြင့် ပြောလာခဲ့လေသည်။
"ကျွန်မ အဆင်ပြေပါတယ်...၊ စီမာဟောက်တို့ လင်မယားကို အမြန်ဆုံး ရှာဖွေရမယ်...၊ မဟုတ်ရင် နောက်ကျ သွားလိမ့်မယ်...။"
ထိုဖန်ပြွန်များအတွင်းရှိ အလောင်းများကို မြင်တွေ့ပြီးနောက် လုံယုသည်လည်း စီမာဟောက်နှင့် ရွမ်ယင်းတို့ အတွက် အချိန်သိပ်မရှိတော့သည်ကို သိရှိလိုက်၏။ အချိန်ပိုကြာသွားပါက စီမာဟောက်နှင့် ရွမ်ယင်းတို့၏ ခန္ဓာကိုယ်များမှာလည်း ထိုဖန်ပြွန်များအတွင်း၌ မျောပါနေနိုင်ပေသည်။
လုံယုက အံကို ကြိတ်ကာ မှာလိုက်လေသည်။
"ငါ့အနားမှာပဲ ကပ်နေနော်...။"
ယောင်ရန်သည် အသက်ကို ပြင်းပြင်းရှူကာ ခေါင်းငြိမ့်ပြလိုက်၏။ သူမ အမှန်တကယ် အဆင်ပြေသွားပြီ ဖြစ် ကြောင်း အတည်ပြုပြီးနောက်တွင်မူ လုံယုသည် သူမ၏လက်ကို ဆုပ်ကိုင်ကာ လုရှီးလူနေရပ်ကွက်၏ အလယ် ဗဟို ဧရိယာဆီသို့ လျှောက်လှမ်းခဲ့ကြလေသည်။
လုရှီးလူနေရပ်ကွက်၏ အလယ်ဗဟို ဧရိယာသို့ ရောက်ရှိသောအခါ လုံယုသည် ခေတ္တ စောင့်ကြည့်လိုက်၏။
သူသည် ယောင်ရန်ကို ကြည့်လိုက်ရာ သူမ စိတ်တည်ငြိမ်သွားသည်ကို တွေ့ရသဖြင့် သက်ပြင်းချလိုက်မိလေ သည်။ လုံယုသည် ညကြည့် အဝေးကြည့်မှန်ပြောင်းကို ထုတ်ယူကာ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ် လိုက်၏။
ပတ်ဝန်းကျင်၌ ကင်းလှည့်နေသော အစောင့်များမှာ အလွန်ပင် များပြားလှသဖြင့် စီမာဟောက်နှင့် ရွမ်ယင်းတို့ကို ရှာဖွေရန်အတွက် တိုက်ခန်း အဆောက်အအုံအတွင်းသို့ ခိုးဝင်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် လိုအပ်နေပေ သည်။
သူတို့နှစ်ဦးသည် အရိပ်အောက်တွင် ခဏမျှ ပုန်းအောင်းနေကြစဉ်မှာပင် ယောင်ရန်သည် တိုက်ခန်း အဆောက် အအုံ တစ်ခုအတွင်းမှ ဝိုင်လှည်းကို တွန်းကာ ထွက်လာသော အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရပြီး၊
"လုံယု...၊ သူတို့ရဲ့ ဝိုင်သိုလှောင်ခန်းကို သွားကြရအောင်...၊ ငါ့မှာ အကြံတစ်ခု ရှိတယ်...။" ဟု ခပ်တိုးတိုး ပြော လိုက်လေသည်။
လုံယုသည် ထိုစားပွဲထိုး ထွက်လာရာဘက်သို့ ကြည့်လိုက်ပြီး ယောင်ရန်အား ခေါင်းငြိမ့်ပြလိုက်၏။
အစောင့်များမှာ စားပွဲထိုးနှင့် စကားပြောနေကြသည်ကို မြင်သောအခါ လုံယုနှင့် ယောင်ရန်တို့သည် ဝိုင်သို လှောင်ခန်းအတွင်းသို့ လျင်မြန်စွာ ခိုးဝင်ခဲ့ကြလေသည်။ ပါတီပွဲ ကျင်းပနေသဖြင့် စားပွဲထိုးမှာ ဝိုင်သိုလှောင် ခန်းကို သော့မခတ်ထားသောကြောင့် သူတို့နှစ်ဦးမှာ အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့ကြပေ၏။
ဝိုင်သိုလှောင်ခန်းအတွင်းသို့ ရောက်သည်နှင့် ယောင်ရန်သည် ပြင်းထန်သော ဝိုင်နံ့ကို ခံစားလိုက်ရလေသည်။ ထို နေရာတွင် မည်သူမျှ မရှိသဖြင့် သူမသည် နေရာလွတ် အတွင်းမှ အိပ်ဆေးမှုန့်တစ်ထုပ်ကို ထုတ်ယူကာ ဝိုင်စည် ပိုင်း၏ အဖုံးကို ဖွင့်လိုက်လေသည်။
သူမ စတင် လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် တံခါးပွင့်လာသည့် အသံကို ကြားလိုက်ရတော့သည်။