အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း (၁၈၇)
အကျဉ်းထောင်
တံခါးအပြည့်အဝ မပွင့်မီမှာပင် လုံယုသည် ယောင်ရန်အား ဝိုင်သိုလှောင်ခန်း၏ ထောင့်တစ်နေရာသို့ ဆွဲခေါ်ကာ ပုန်းကွယ်လိုက်လေသည်။ မကြာမီမှာပင် စားပွဲထိုးတစ်ဦးသည် အလွတ်ဖြစ်နေသော ဝိုင်လှည်းကို တွန်းရင်း အထဲသို့ ဝင်လာခဲ့လေသည်။
ယောင်ရန်နှင့် လုံယုတို့သည် စားပွဲထိုးဖြစ်သူက ဝိုင်စည်ပိုင်းများကို ဝိုင်လှည်းပေါ်သို့ တင်နေသည်ကို စိတ်ရှည်စွာ ဖြင့် စောင့်ဆိုင်းနေခဲ့ကြပေသည်။ စားပွဲထိုး ထွက်ခွာရန် ပြင်လိုက်သည့် အချိန်တွင်မူ ယောင်ရန်က လုံယုအား ခေါင်းငြိမ့်ပြလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် လုံယုသည် အသံတစ်ချက်မျှ မထွက်စေဘဲ လျင်မြန်စွာ ပြေးထွက်သွားတော့၏။ သူသည် စားပွဲထိုး၏ လက်မောင်းများကို ဖမ်းချုပ်ကာ ပါးစပ်ကို လက်တစ်ဖက်ဖြင့်အုပ်ထားလိုက်လေသည်။
စားပွဲထိုးဖြစ်သူမှာ ဘာဖြစ်သွားသည်ကို သတိမပြုမိခင်မှာပင် သူ၏လက်များမှာ နောက်ပြန် အချုပ်ခံလိုက်ရပြီ ဖြစ်သည်။ သူသည် ပုန်းကွယ်ရာမှ ထွက်လာသော ယောင်ရန်ကို ကြောက်လန့်တကြား ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။
"အွန်း... အွန်း...။"
စားပွဲထိုးဖြစ်သူက အကူအညီတောင်းရန် အော်ဟစ်ရန် ကြိုးစားသော်လည်း လုံယုက သူ၏ပါးစပ်ကို တင်း တင်းကြပ်ကြပ် အုပ်ထားလေသည်။
ယောင်ရန်က သူ့ကို ကြည့်ကာ ခြိမ်းခြောက်လိုက်၏။
"အသံမထွက်နဲ့...၊ မဟုတ်ရင်တော့ မင်းကို ထာဝရ နှုတ်ပိတ်ပစ်ရလိမ့်မယ်...။"
ထိုစကားကို ကြားသောအခါ စားပွဲထိုးဖြစ်သူမှာ ဆန်စပါးကို ကောက်ယူစားသောက်နေသော ကြက်ကလေးနှယ် ခေါင်းကို အသည်းအသန် ငြိမ့်ပြရှာတော့သည်။ ယောင်ရန်က ဝိုင်လှည်းပေါ်ရှိ ဝိုင်စည်ပိုင်းကိုဖွင့်ကာ အိပ်ဆေး မှုန့်များကို လောင်းထည့်နေသည်ကို သူက အံ့သြထိတ်လန့်စွာဖြင့် ကြည့်နေမိ၏။
ဝိုင်များကို ပြင်ဆင်ပြီးနောက် ယောင်ရန်သည် စားပွဲထိုးဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူမ၏ အေးစက်သော အကြည့်များက သူ၏အပေါ်သို့ ကျရောက်လာသောအခါ စားပွဲထိုး၏ မျက်နှာမှာ ဖြူဖျော့သွား ကာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့၏။
လုံယုကလည်း စားပွဲထိုးအား ၊
"မင်း အသက်ရှင်ချင်ရင် အသံတစ်ချက်မျှ မထွက်စေနဲ့...။" ဟုပြောလိုက်လေသည်။
စားပွဲထိုးဖြစ်သူက အလျင်အမြန်ပင် ခေါင်းငြိမ့်ပြ၏။ လုံယုက သူ့ကိ လွှတ်ပေးလိုက်သောအခါ သူသည် နောက် သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။
သူက လုံယုနှင့် ယောင်ရန်ကို ကြည့်ကာ တုန်ရီနေသော အသံဖြင့် တောင်းပန်ရှာလေသည်။
"ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ...၊ ကျွန်တော် ဘာမှ မသိပါဘူး...။ ကျွန်တော်က စားပွဲထိုး တစ်ယောက်ရုံပါ...။"
ယောင်ရန်နှင့် လုံယုတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူ့ကို စစ်မေးလိုက်ကြ၏။ ထိုသူမှာ အမှန်တကယ်ပင် သာမန် အလုပ်သမားတစ်ဦးသာ ဖြစ်ကြောင်း သိရှိလိုက်ရလေသည်။
ကမ္ဘာပျက်ကပ် မတိုင်မီက သူသည် နာမည်ကြီး ဘားတစ်ခုတွင် ဘားတင်ဒါအဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ်သည်။ သူ ၏ ကျွမ်းကျင်မှုကြောင့် သူဌေးက သူ့ကို အလွန်ပင် တန်ဖိုးထားခဲ့ကာ သူ၏ ဝင်ငွေမှာ လုရှီးလူနေရပ်ကွက်၌ အိမ်ငှားနေနိုင်သည်အထိ လုံလောက်ခဲ့ပေသည်။ ကံဆိုးစွာဖြင့် သူ၏ဘဝကို မပျော်ပါးရသေးမီမှာပင် ကမ္ဘာကြီး မှာ ပျက်စီးသွားခဲ့ရခြင်းပင်။
ဝပ်နေသော ကျားဂိုဏ်းက လုရှီးလူနေရပ်ကွက်ကို သိမ်းပိုက်လိုက်သည့်အခါ သူ၏ ရည်းစားဖြစ်သူမှာ သူ့ကို လမ်းခွဲကာ ဂိုဏ်း၏ အဆင့်မြင့်အရာရှိတစ်ဦးနှင့် ပတ်သက်သွားခဲ့လေသည်။
ရာထူးအဆင့်အတန်း မြင့်မားလာပြီးနောက်တွင်မူ သူ၏ ရည်းစားဟောင်းသည် ထိုအမျိုးသားအား သူ၏ မိသားစု ဝင်အားလုံးကို သတ်ခိုင်းခဲ့ကာ သူ့ကိုလည်း သေလုမတတ် ရိုက်နှက်ခိုင်းခဲ့ခြင်း ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ဂိုဏ်းဝင်တစ်ဦးမှာ သူ ဘားတွင် အလုပ်လုပ်နေသည်ကို ယခင်က မြင်ဖူးခဲ့လေသည်။ သူသည် ဝိုင်စပ်ရာတွင် ကျွမ်းကျင်ကြောင်း သိရှိသွားကြသောအခါ ဂိုဏ်းသားများအတွက် အခမဲ့ ဘားတင်ဒါအ ဖြစ် လုပ်ကိုင်ရန် သူတို့က ဖိအားပေးခဲ့ကြခြင်း ဖြစ်လေသည်။ သူတို့အတွက် ဝိုင်စပ်ပေးနိုင်သရွေ့ သူ၏ အသက် ကို ချန်ထားပေးမည် ဖြစ်ကြောင်းလည်း သိခဲ့ရလေ၏။
စားပွဲထိုးဖြစ်သူမှာ သူ၏ ဖြစ်ရပ်များကို ပြန်လည်ပြောပြနေရင်း သူ၏ မိသားစုဝင်များ မည်သို့ သေဆုံးခဲ့ရသည် ကို သတိရကာ မျက်ရည်များ ကျဆင်းလာတော့သည်။
ယောင်ရန်က စားပွဲထိုးကို ကြည့်ကာ မေးလိုက်လေသည်။
"ဒီဝိုင်တွေက ပါတီပွဲက လူတွေအတွက်လား...။"
စားပွဲထိုးဖြစ်သူက မျက်ရည်များကို သုတ်ကာ၊
"ဟုတ်ပါတယ်...၊ ဂိုဏ်းခေါင်းဆောင်ဟာ ပျော်ပါးရတာကို နှစ်သက်ပြီး မိုးလုံလေလုံ ရေကူးကန်ကို ဝိုင်ကန်အဖြစ် အသုံးပြုနေတာပါ...။"
"ကျွန်တော်တို့က ရေကူးကန်ကို ဝိုင်တွေနဲ့ ဖြည့်ပြီးတဲ့နောက်မှာ သူက ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို အဝတ် အစားတွေ ချွတ်ခိုင်းပြီး ရေကူးကန်ထဲမှာ ကခုန်ဖျော်ဖြေခိုင်းတတ်ပါတယ်...။ အဲ့ဒီ အမျိုးသမီးတွေ ကနေတဲ့အ ချိန်မှာ လူတိုင်းက ရေကူးကန်ထဲက ဝိုင်တွေကို ခပ်သောက်ကြတာပါ...။"
ထိုစကားကို ကြားသောအခါ လုံယုသည် ဂိုဏ်းခေါင်းဆောင်၏ ထူးဆန်းပြီး ရွံရှာဖွယ်ကောင်းသော ဝါသနာ ကြောင့် မျက်မှောင်ကြုတ်လိုက်မိလေ၏။ သို့သော် ယောင်ရန်အတွက်မူ ဤသည်မှာ အခွင့်ကောင်းတစ်ခုပင် ဖြစ်လေသည်။
သူမက မေးလိုက်လေသည်။
"မင်း မိသားစုအတွက် လက်စားချေချင်လား...။"
စားပွဲထိုးဖြစ်သူမှာ ခဏမျှ ကြောင်သွားပြီးနောက်၊
"လက်စားချေချင်ပါတယ်..." ဟု ပြတ်သားစွာ ဖြေလိုက်လေသည်။
သူ၏ အဖြေကို ကြားသည်နှင့် ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ကို ဖွင့်လိုက်လေသည်။ သူမသည် နေရာလွတ် အတွင်းမှ အိပ်ဆေးမှုန့် ဆယ်ထုပ်ကို ထုတ်ယူကာ ဝိုင်စည်ပိုင်းအတွင်းသို့ လောင်းထည့်လိုက်၏။
ဆေးမှုန့်များကို ဝိုင်နှင့် သမအောင် ရောစပ်ပြီးနောက် သူမက ပြောလိုက်လေသည်၊
"ဒီဝိုင်တွေကို ရေကူးကန်ထဲ သွားထည့်လိုက်တော့...။"
စားပွဲထိုးဖြစ်သူမှာ လူအ မဟုတ်သဖြင့် သူမ ဘာလုပ်လိုသည်ကို ချက်ချင်းပင် နားလည်လိုက်၏။ လက်စားချေ လိုသည့် ပြင်းပြသော ဆန္ဒတို့ကြောင့် သူ၏ မျက်ဝန်းများမှာ တောက်ပလာလေသည်။
"ကျွန်တော့်ကိုပဲ အပ်ထားလိုက်ပါ...။"
ယောင်ရန်သည် ထိုသူက သူမကို သစ္စာဖောက်မည်ဟု မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်ဝန်းများ အတွင်း၌ ရင်းနှီးနေသော လက်စားချေလိုသည့် အငွေ့အသက်များကို သူမ မြင်တွေ့နေရသောကြောင့် ဖြစ်ပေ၏။
စားပွဲထိုးဖြစ်သူမှာ ဝိုင်လှည်းကို တွန်းကာ တိုက်ခန်းအတွင်းသို့ ဝင်သွားသည်ကို ကြည့်ရှုပြီးနောက်၊ ယောင်ရန် သည် ဝိုင်သိုလှောင်ခန်းအတွင်းရှိ အရာအားလုံးကို လျင်မြန်စွာ သိမ်းဆည်းလိုက်လေသည်။ ဝိုင်သိုလှောင်ခန်းမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီးနောက်တွင်မူ သူတို့နှစ်ဦးသည် ထိုနေရာမှ ထွက်ခွာကာ အခြားတိုက်ခန်း အဆောက်အအုံများကို သွားရောက် စစ်ဆေးလိုက်ကြသည်။
စားပွဲထိုးဖြစ်သူ၏ ပြောပြချက်အရ ဂိုဏ်းခေါင်းဆောင်သည် ဖမ်းဆီးထားသော အမျိုးသမီးများကို ကခိုင်း တတ်သဖြင့်၊ အကျဉ်းသားများကို ချုပ်နှောင်ထားမည့် နေရာတစ်ခု သေချာပေါက် ရှိရပေမည်။
လုံယုနှင့် ယောင်ရန်တို့သည် အခြားတိုက်ခန်း အဆောက်အအုံ လေးလုံးကို ရှာဖွေခဲ့ကြလေသည်။ နာရီပေါင်းများ စွာ ရှာဖွေပြီးနောက်တွင်မူ အကျဉ်းသားများကို အမှတ် (၆) အဆောက်အအုံ၌ ချုပ်နှောင်ထားကြောင်း နောက်ဆုံး တွင် ရှာဖွေတွေ့ရှိလိုက်လေသည်။
အကျဉ်းထောင်ကို စောင့်ကြပ်နေသော လူနှစ်ဦးကို မြင်သောအခါ လုံယုသည် လက်ကိုမြှောက်၍ လေစွမ်းအင် ဖြင့် လေဓားမြှောင် နှစ်ခုကို ပစ်လွှတ်လိုက်လေသည်။
"ရွှမ်း... ရွှမ်း..."
"အင့်..."
"အား..."
"ဗုတ်... ဗုတ်..."
အစောင့်များသည် နှင်းတောထဲသို့ လဲကျသွားကာ စက္ကန့်ပိုင်းအတွင်းမှာပင် အသက်ပျောက်သွားကြတော့သည်။ ပတ်ဝန်းကျင်တွင် အခြားအစောင့်များ မရှိသည်ကို သေချာစေပြီးနောက် လုံယုနှင့် ယောင်ရန်တို့သည် အကျဉ်း ထောင်ဆီသို့ ဦးတည်လိုက်ကြလေသည်။
အဆောက်အအုံအတွင်းသို့ မဝင်မီ လုံယုက အလောင်းနှစ်ခုကို ဆွဲယူ၍ ဝှက်ထားလိုက်ကာ၊ ယောင်ရန်ကလည်း သေနတ်များကို သူမ၏ နေရာလွတ် ထဲသို့ သိမ်းဆည်းလိုက်လေသည်။
ထို့နောက် လုံယုသည် လေဓားမြှောင်ဖြင့် သော့ကို ဖျက်ဆီးကာ တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ မည်သူမျှ မရှိသည်ကို မြင်သောအခါ သူတို့သည် အဆောက်အအုံအတွင်းသို့ ခိုးဝင်လိုက်ကြပြီး တံခါးကို တိတ်တဆိတ် ပြန်ပိတ်လိုက်လေသည်။ ညကြည့်မျက်မှန်များ တပ်ဆင်ထားသဖြင့် သူတို့သည် အလင်းရောင် မရှိသော်လည်း ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။
လုံယုနှင့် ယောင်ရန်တို့သည် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုကြသော်လည်း မည်သူ့ကိုမျှ မတွေ့ရှိခဲ့ကြချေ။ အတန်ကြာ ရှာဖွေပြီးနောက်တွင်မူ ကြမ်းပြင်ပေါ်၌ ခြောက်သွေ့နေသော သွေးစွန်းရာအချို့ကို တွေ့ရှိလိုက်ရလေ သည်။ သူတို့သည် ထိုသွေးရာများနောက်သို့ လိုက်ပါသွားရာ အောက်ထပ်သို့ ဦးတည်နေသည်ကို တွေ့လိုက်ရ၏။
နှင်းများမှာ အောက်ထပ် လေးထပ်အထိ ဖုံးလွှမ်းနေသော်လည်း အဆောက်အအုံအတွင်း၌မူ နှင်းများ မရှိချေ။ သို့သော်လည်း ပတ်ပတ်လည်တွင် နှင်းများ ဝန်းရံနေသဖြင့် အောက်ထပ်ရှိ အပူချိန်မှာ အလွန်ပင် နိမ့်ကျနေလေ သည်။
ယောင်ရန်နှင့် လုံယုတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သတိဝီရိယဖြင့် အောက်ထပ်သို့ ဆင်းခဲ့ ကြလေ၏။ မိနစ်အနည်းငယ်ခန့် လျှောက်လှမ်းပြီးနောက်တွင်မူ သူတို့သည် အောက်ထပ်သို့ ရောက်ရှိသွားကြ လေသည်။ ထိုနေရာတွင် သူတို့ မြင်တွေ့လိုက်ရသော အရာများကြောင့် သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
ထိုအထပ် တစ်ခုလုံးတွင် ရိက္ခာသိုလှောင်ရုံကဲ့သို့ပင် နံရံများ မရှိဘဲ သံလှောင်အိမ်ပေါင်း များစွာကိုသာ တွေ့ရှိ လိုက်ရလေသည်။ အလင်းရောင်နှင့် အပူရှိန် ရရှိရန်အတွက် နံရံများပေါ်၌ ချိတ်ဆွဲထားသော မီးတိုင် အနည်းငယ် သာ ရှိတော့သည်။