အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း ၂၆၁ - ထူးဆန်းသောစရိုက်
စိမ်းပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ခေါင်းငုံ့နေလေ၏။ အားလင်သည်လည်း မိမိဖခင်၏ ဆံပင်ကြားထဲရှိ ရဲရဲနီကာ လူအာရုံဖမ်းစားနေသော သံမဏိ ဟိုင်ထန်ပန်းပွင့်ဖတ်နှစ်ခုကို မြင်တွေ့လိုက်ရပြန်သည်။
မိမိတို့ ရှာဖွေတွေ့ရှိခဲ့သည့် သဲလွန်စအချို့ကို တွေးတောမိရင်း သူမသည် ခေါင်းကို ထပ်မံငုံ့ကြည့်လိုက်ရာ ဖခင်ဖြစ်သူ၏ နက်မှောင်သော ဖိနပ်အပေါ်ပိုင်း၌ နီကျင်ကျင် ရွှံ့စေးများ ပေကျံနေသည်ကို တွေ့လိုက်ရတော့၏။
သဲလွန်စအားလုံး တိုက်ဆိုင်နေသဖြင့် အားလင်သည် မိမိဖခင်ထက် ပိုမိုကိုက်ညီမည့် ဒုတိယလူတစ်ဦးကို တွေးတော၍ မရနိုင်တော့ပေ။
ဤနေရာ၌ သူမသည် တစ်ကိုယ်လုံး အေးစက်ကာ မတ်မတ်ရပ်နေမိတော့သည်။
တကယ်လို့ ဖခင်ဖြစ်သူသာ ထိုသူဖြစ်ခဲ့လျှင် ထိုသားမှာ မည်သူဖြစ်မည်နည်း။
အားလင်၏ စိတ်ထဲ၌ ခုနက ရှန်ချန်ဖုန်းနှင့် နျိုနျိုလေးတို့၏ စကားပြောသံကို ပြန်လည်ကြားယောင်နေဆဲ ဖြစ်ပေသည်။
“တကယ်လို့ အပြင်က တရားမဝင်မွေးတဲ့ ကလေးဆိုရင်ကော... တို့စံအိမ်ထဲကလူ ဖြစ်နေရင်ကော...”
အခုတော့ အားလုံးက ကွက်တိ ဖြစ်သွားရပြီ။ ထိုတရားမဝင်မွေးသည့် သားမှာ မည်သူဖြစ်ကြောင်းကို အားလင်သည် လူတစ်ယောက်အား ချက်ချင်းပင် တွေးမိလိုက်လေသည်။ ထိုသူကား ရှန်ချန်းကျွင့် ဖြစ်၏။ ဖခင်ဖြစ်သူက သူသည် ရှန်မိသားစုထဲမှ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသော မိဘမဲ့ကလေးတစ်ဦး ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။
သူ သနားစရာကောင်းသည်ကို မြင်သဖြင့် အနား၌ ခေါ်ယူမွေးစားထားခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ဖခင်ဖြစ်သူသည် ရှန်ချန်းကျွင့်ကို ရှန်ချန်ဖုန်းထက် အမြဲတမ်း ပိုမိုအလေးထားခဲ့ချေသည်။
အားလင်သည် မိမိ၏ဘဝမှာ ကြီးမားသော မုသားတစ်ခုထဲ၌ ရှင်သန်နေရသည့်အလား ခံစားလိုက်ရတော့သည်။ သူမသည် မိမိကိုကိုအတွက် မတန်ဟု တွေးမိလေသည်။ ကိုကိုသည် ဖခင်ဖြစ်သူ၏ လျစ်လျူရှုခြင်းကို ခံခဲ့ရရုံတင်မက ထိုမျှများပြားသော နှစ်များတစ်လျှောက် ဖခင်ဖြစ်သူ၏ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဖိနှိပ်မှုများကို ခံစားခဲ့ရရှာ၏။
မိခင်ဖြစ်သူသည်လည်း အပြင်၌ လူသစ်အချို့ကို မွေးမြူထားခဲ့ဖူးသော်လည်း ဖခင်ကို သတ်ရန် မည်သည့်အခါမျှ မကြံစည်ခဲ့ဖူးချေ။ မိခင်သည် ဖခင်အား ကောင်းမွန်စွာ ကျွေးမွေးထားပြီး ရှန်မိသားစုကို ထောက်ပံ့ရန် အပင်ပန်းခံ ကြိုးစားခဲ့သည်။ ဖခင်ကမူ တရားမဝင်မွေးသည့် သားတစ်ဦးကို ရှာဖွေကာ ကွယ်ရာ၌ မိခင်ကိုသတ်ရန် အဘယ်သို့ ကြံစည်ရဲရပါသနည်း။
“နင် ဒီမှာ ဘာလုပ်နေတာလဲ...”
ရှန်ဖူရှန်းက တည်ငြိမ်သော မျက်နှာပေးဖြင့် အားလင်ကို မေးလိုက်သည်။ အားလင်က ဝတ်ကျေတန်းကျေပင် ပြောလိုက်၏။
“သမီးနဲ့ ကိုကိုနဲ့...”
သို့သော် သူမ စကားပြော၍ မပြီးသေးမီ ခေါင်းလှည့်ကြည့်လိုက်ရာ သူမ၏အနောက်၌ မည်သူမျှ မရှိတော့ဘဲ ရှန်ချန်ဖုန်းနှင့် နျိုနျိုလေးတို့မှာ ဘယ်နေရာသို့ ရောက်ရှိသွားသည်မသိ ဖြစ်နေတော့သည်။ အားလင်သည် ချက်ချင်းပင် လေသံပြောင်းကာ ပြောလိုက်တော့၏။
“ကိုကို့ကို လာရှာတာ... သူ့ကို ပြောစရာ ကိစ္စရှိလို့...”
ရှန်ဖူရှန်းသည် ထိုစကားကို ကြားရသောအခါ အများကြီးမတွေးဘဲ ပြောလိုက်သည်။
“နင့်ကိုကိုက ဘာအရည်အချင်းမှ မရှိဘဲ အားနေရင် လျောက်သွားနေတာ... နင်ပါ သူ့လို အကျင့်ပျက်သွားဦးမယ်...”
အားလင်သည် မျက်မှောင်ကို ကုပ်ကာ စိတ်ထဲ၌ ရှုပ်ထွေးနေသော်လည်း တည်ငြိမ်သော လေသံဖြင့် မေးလိုက်၏။
“ဖေဖေ ဘာရှာနေတာလဲ... သမီး ကူရှာပေးရမလား...”
ရှန်ဖူရှန်း၏ မျက်ဝန်းထဲ၌ ထိတ်လန့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ ပြောလိုက်သည်။
“ဘာမှ မရှာပါဘူး... ဒီအတိုင်း လမ်းလျှောက်လာတာ... နင်လည်း ပြန်တော့... ဒီနေ့ အိမ်ကို သမီးပျိုလေးတွေ အများကြီး လာကြတာလေ... နင် သူတို့ကို သွားဧည့်ခံလိုက်ဦး...”
အားလင်က ခေါင်းညိတ်ပြကာ ထပ်မံပြောလိုက်လေ၏။
“ဖေဖေလည်း ပြန်ရအောင်လေ... မေမေက ခုနကတင် ဖေဖေ့ကို... လူလွှတ်ပြီး ရှာခိုင်းနေတာ...”
ရှန်ဖူရှန်းသည် ထိုပိုက်ဆံအိတ်ကို ဆက်လက်ရှာဖွေလိုသော်လည်း အားလင်က တော်ဝင်မင်းသမီးကြီးကိုပင် ထုတ်ပြောလိုက်သဖြင့် ဤနေရာ၌ ဆက်မနေရဲတော့ပြီ။ သားအဖနှစ်ဦး အတူတူ လမ်းအနည်းငယ် လျှောက်ပြီးနောက် လမ်းခွဲတစ်ခု၌ လမ်းခွဲလိုက်ကြလေသည်။
အားလင်သည် ထိုနေရာ၌ ရပ်ကာ ခဏမျှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ ဘေးနားရှိ ချုံပုတ်များ လှုပ်ရှားသွားပြီး ရှန်ချန်ဖုန်းက နျိုနျိုလေးကို ဆွဲကာ ထွက်လာတော့သည်။
“အန္တရာယ်များလိုက်တာ... အန္တရာယ်များလိုက်တာ... သူ့ဆီမှာ ထပ်ပြီး အဆူခံရတော့မလို့...”
ရှန်ချန်ဖုန်းက စကားပြောရင်း သူ၏ခေါင်းပေါ်မှ သစ်ရွက်များကို လက်ဖြင့် ဖယ်ရှားလိုက်ကာ နျိုနျိုလေး၏ ဆံပင်များကို သေသေချာချာ ပြင်ဆင်ပေးလိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ရှန်ချန်ဖုန်းသည် မိမိဖခင်အား ရှောင်လွှဲရန် မလိုအပ်သော်လည်း ယခုအခါ နျိုနျိုလေးကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
သူသည် နျိုနျိုလေး၏ ရှေ့မှောက်တွင် ဖခင်အရင်း၏ ဆူပူကြိမ်းမောင်းခြင်းကို မခံရချင်ပေ။ အားလင်သည် မျက်နှာထက်၌ ဟန်ဆောင်ပြုံးလေးကို မနည်းလုပ်ယူကာ မေးလိုက်သည်။
“ကိုကို ဘာမှ ထပ်ပြောစရာ မရှိတော့ဘူးလား...”
ရှန်ချန်ဖုန်း၏ မျက်ဝန်းထဲ၌ အပြစ်မကင်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် မတတ်သာဘဲ ပြောလိုက်လေသည်။
“ကောင်းပြီ... ကောင်းပြီ... ငါ ကြွားမိတာပါ... ဖေဖေက ငါ့ကို ဆူတာပါ... လမ်းညွှန်တာ မဟုတ်ပါဘူး... သူက ငါ့ကိုတွေ့တိုင်း အမြဲဆူတာ... မရှိတာကိုလည်း အကွက်ရှာပြီး တွက်ကပ်တာလေ...”
အားလင်မှာမူ ဆွံ့အသွားရတော့၏။ အားလင်က စိတ်ထဲ၌ တွေးမိသည်မှာ မိမိကိုကိုသည် ရိုးအလွန်းလှသည်၊ ဖခင်ဖြစ်သူက အပြစ်ရှာရုံသာ နှစ်သက်သည်ဟု သူ သိရှိထားသော်လည်း ဖခင်ဖြစ်သူက မိမိဇနီးကို သတ်ရန် ကြံစည်ရဲသည်အထိ ရက်စက်လိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ချေ။
“ကိုကို... ဖေဖေ ဒီနေ့ စိမ်းပြာရောင် ဝတ်ရုံရှည်ကြီး ဝတ်ထားတာနော်...”
အားလင်က သတိပေးလိုက်သည်။ ရှန်ချန်ဖုန်းသည် အများကြီးမတွေးသေးဘဲ ပြောလိုက်၏။
“သူ အမြဲတမ်း အဲဒီလိုပဲ ဝတ်တာ မဟုတ်ဘူးလား... စိမ်းပြာရောင်ကို အကြိုက်ဆုံးလေ... စိမ်းပြာရောင်က ခန့်ညားတယ်လို့ အမြဲပြောပြီး ဝါးပင်တွေကို သဘောကျတာ... ဝါးပင်ကို မကြိုက်တဲ့သူတွေက အရိုင်းအစိုင်းတွေလို့ သူထင်တာလေ... သူတစ်ယောက်တည်းပဲ အခန့်ဆုံးလို့ ထင်နေတာ... ကျန်တဲ့သူတွေက အဆင့်မရှိတဲ့သူတွေပေါ့... ငါကတော့ မတူဘူး... ငါက တောက်တောက်ပပ ဝတ်မှာ...”
ရှန်ချန်ဖုန်းသည် ထိုစကားများကို ပြောဆိုချိန်၌ မိမိ၏ရင်ထဲတွင် တောင်ကြီးတစ်လုံးကဲ့သို့ ရှိခဲ့သော ဖခင်ဖြစ်သူမှာ လူဆိုးတစ်ဦး ဖြစ်လာခဲ့ပြီကို လုံးဝ မရိပ်မိသေးချေ။ အားလင်သည် ဘေးနားရှိ နျိုနျိုလေးကို ကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ ရုတ်တရက် အလွန်ထူးဆန်းနေသည်ကို တွေ့လိုက်ရတော့၏။
“ညီမလေး... အကုန်လုံးကို မြင်လိုက်ရတယ်မလား...”
အားလင်က မေးလိုက်သည်။ နျိုနျိုလေးက တုံ့ဆိုင်းစွာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်တော့၏။
“ဒါပေမဲ့ သူက မင်းကြီးစွန်းလေ... အဒေါ့်ရဲ့ ခင်ပွန်းပဲဥစ္စာ... သူ သတ်ချင်တဲ့လူက...”
နျိုနျိုလေးမှာ ဆက်၍ မပြောနိုင်တော့ပြီ။ မိန်းကလေးငယ်လေးသည် ခြောက်နှစ်သာ ရှိသေးသဖြင့် ဤကဲ့သို့သော ရက်စက်လှသည့် ကိစ္စရပ်များကို မမည်သည့်အခါမျှ မကြုံတွေ့ဖူးချေ။
သူမ၏ မှတ်ဉာဏ်ထဲ၌ အရက်စက်ဆုံး ဖြစ်ခဲ့ဖူးသော မွေးဖခင်အရင်း ကျန်းကွမ်ကျုံးသည်ပင် နျိုနျိုလေးကို ရောင်းစားရုံသာ ပြုလုပ်ခဲ့ပြီး လူတစ်ယောက်ကို တိုက်ရိုက်သတ်မည်ဟု မပြောဆိုခဲ့ဖူးချေ။
ရှန်ချန်ဖုန်းသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဖြစ်သွားရတော့၏။
“နင်တို့ ဘာတွေပြောနေတာလဲ... ဘာသတ်တာလဲ... ဖေဖေက မေမေ့ကို သတ်မလို့လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အားလုံးက စိမ်းပြာရောင် ဝတ်ထားတာ မှန်ပေမဲ့... ဒါပေမဲ့...”
ရှန်ချန်ဖုန်းသည် ရုတ်တရက် စကားဆက်မပြောနိုင်တော့ချေ။ သူ မမည်မျှပင် ထုံအစေကာမူ ကိစ္စရပ်များကို အကွက်ချစစ်ဆေးလိုက်သောအခါ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိရှိသွားရလေသည်။
“အဲဒီ တရားမဝင်မွေးတဲ့ သားက...”
ရှန်ချန်ဖုန်းက ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။ အားလင်က တိုက်ရိုက်ပင် ဖွင့်ချလိုက်၏။
“ရှန်ချန်းကျွင့် ဖြစ်လိမ့်မယ်... သူက ကိုကိုနဲ့ အမြဲပြိုင်ဆိုင်ချင်တာလေ... ပြီးတော့ ဖေဖေ့ဆီကနေ ပစ္စည်းတွေတောင်းဖို့လည်း ပြောရဲတယ်... ဆွေမျိုးစုထဲက မိဘမဲ့ကလေးတစ်ယောက်က ဘာလို့ ဒီလောက် သတ္တိရှိရမှာလဲ...”
ရှန်ချန်ဖုန်းသည် ခဏမျှ ဘာပြောရမှန်းမသိ ဖြစ်သွားရရှာ၏။ သူသည် အချိန်အတော်ကြာမှ မေးလိုက်သည်။
“ဒါဆိုရင် ငါက အရည်အချင်းမရှိတာ မဟုတ်ဘဲ... ဖေဖေက သူတရားမဝင်မွေးတဲ့သားကို... ပိုပြီး ဘက်လိုက်နေတာပေါ့...”
အားလင်သည် မိမိကိုကို၏ စိတ်တစ်ခုလုံး ကြေမွပျက်စီးတော့မည့်အလား ခစားလိုက်ရလေသည်။ နျိုနျိုလေးက ရှန်ချန်ဖုန်း၏ လက်ကို ဆွဲကာ ပြောလိုက်၏။
“ကိုကိုရှန်... ဟုတ်တယ်... အဲဒါကြောင့် ဖေဖေက ကိုကို့ကို မချစ်တာ... ဒါ ကိုကို့အပြစ် မဟုတ်ဘူး... သူ့အပြစ်ပဲ... သူက လူဆိုးကြီး... အဒေါ့်ကို သစ္စာဖောက်ရုံတင်မကဘူး... ကိုကို့ကိုလည်း အနိုင်ကျင့်တယ်... သိပ်ဆိုးတာပဲ...”
မိန်းကလေးငယ်လေးသည် ဒေါသအလွန်ထွက်သဖြင့် ထခုန်ကာ လူကို ရိုက်နှက်တော့မည့်အလား ဖြစ်နေတော့၏။ အားလင်ကလည်း ပြောလိုက်သည်။
“ဟုတ်တယ် ကိုကို... ကိုကို့ကြောင့် မဟုတ်ဘူး... ဖေဖေက စိတ်ရူးပေါက်နေတာ...”
ရှန်ချန်ဖုန်းသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး မိမိ၏ညီမနှင့် နျိုနျိုလေးကို ကြည့်လိုက်ကာ ၎င်းတို့အား ပြန်လည်ချော့သိပ်လျက် ပြောလိုက်၏။
“ကိုကို ဘာမှမဖြစ်ပါဘူး... ကိုကို့အတွက် စိုးရိမ်မနေနဲ့... နျိုနျိုလေးက ဥယျာဉ်အသေးလေးကို... သွားကြည့်ချင်တယ်မလား... တို့တွေ အခုပဲ သွားကြစို့...”
ရှန်ချန်ဖုန်းသည် မိမိ၏ညီမနှင့် နျိုနျိုလေးကို ဆွဲကာ ဖြတ်လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းခဲ့သော်လည်း သူ၏စိတ်မှာ အာရုံမရှိသဖြင့် တစ်ကြိမ်၌ နံရံကိုပင် တိုက်မိလုနီးပါး ဖြစ်သွားရရှာသည်။ အားလင်၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများသည် လျှံကျလုနီးပါး ဖြစ်နေတော့၏။ ရှန်ချန်ဖုန်းက ယောင်ဝါးဝါးဖြင့် ပြောလိုက်သည်။
“ငါ အဆင်ပြေပါတယ်... ညီမလေး... နင် မေမေ့ဆီကို အရင်သွားကြည့်ပါလား... သူ မေမေ့ကို တစ်ခုခု လုပ်မလို့လား... မြန်မြန်... တို့တွေ မေမေ့ဆီ အတူတူ သွားရအောင်...”
ရှန်ချန်ဖုန်း၏ ဂနာမငြိမ် ဖြစ်နေသော အမူအရာကြောင့် အားလင်သည် ပိုမိုစိုးရိမ်ပူပန်သွားရလေသည်။
“ကိုကို စိတ်အေးအေးထားပါ... ဒီနေ့ လူတွေအများကြီး လာကြတာလေ... ဖေဖေက လူပုံအလယ်မှာ... မေမေ့ကို ဘာမှမလုပ်ရဲပါဘူး...”
အားလင်က ပြောလိုက်သည်။ ရှန်ချန်ဖုန်းသည် မိန်းမောတွေဝေစွာဖြင့် ပြောလိုက်၏။
“ဟုတ်တယ်... ဟုတ်တယ်... နင်ပြောတာ မှန်တယ်... ဒီနေ့ လူတွေအများကြီးပဲ...”
အားလင်သည် ဥယျာဉ်အသေးလေးထဲသို့ ဝင်ရောက်လာသည်ကို မြင်တွေ့ရသဖြင့် ပြောလိုက်သည်။
“ကိုကို... နျိုနျိုလေးကို ခေါ်ပြီး ဥယျာဉ်ထဲမှာ စောင့်နေနော်... ညီမလေး မေမေ့ကို သွားရှာလိုက်ဦးမယ်...”
ရှန်ချန်ဖုန်းက ဝတ်ကျေတန်းကျေပင် ခေါင်းညိတ်ပြလိုက်၏။ အားလင်သည် နျိုနျိုလေးကို ထပ်မံခေါ်ယူကာ တိုးတိုးလေး ပြောလိုက်တော့သည်။
“နျိုနျိုလေး... ညီမလေးက လိမ္မာတဲ့ကလေးပဲ... အစ်မကို ကူညီတဲ့အနေနဲ့... ကိုကို့ကို သေသေချာချာ စောင့်ကြည့်ပေးနော်... ရမလား...”