အခန်း ၂၆၂
Vol. 27 Ch. 262
အခန်း ၂၆၂ - သိရှိသွားခြင်း
နျိုနျိုလေးက ခေါင်းကို အပြင်းအထန် ညိတ်ပြကာ သူမ၏ဗိုက်လေးကို ပုတ်လျက် ပြောလိုက်သည်။
“အစ်မလင် စိတ်ချပါ... သမီး ကတိပေးရင်... အတည်ပဲ...”
သူမ၏ ချစ်စဖွယ် အမူအရာလေးကို ကြည့်ကာ အားလင်သည် မိန်းကလေးငယ်လေး၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်မိတော့၏။ အားလင်သည် ကိစ္စအားလုံးကို နျိုနျိုလေးအပေါ်၌ပင် ပုံမချထားဘဲ မိမိတို့ ထားရစ်ခဲ့သော အစေခံများကို ပြန်လည်ရှာဖွေကာ ဥယျာဉ်အပြင်ဘက်၌ အသင့်စောင့်ဆိုင်းနေရန်နှင့် အထဲ၌ လှုပ်ရှားမှုတစ်ခုခု ရှိပါက ကူညီရန် အမြန်ပြေးဝင်လာကြရန် မှာကြားထားလိုက်လေသည်။
တော်ဝင်မင်းသမီးကြီးသည် ဧည့်သည်တော်များကို ဧည့်ခံနေဆဲ ဖြစ်သော်လည်း သမီးဖြစ်သူ၏ မျက်နှာထက်၌ စိုးရိမ်မှုများ ရှိနေသည်ကို မြင်တွေ့ရသောအခါ အချိန်လု၍ မေးလိုက်သည်။
“ဘာတွေ ထပ်ဖြစ်ပြန်ပြီလဲ...”
အားလင်သည် ဝဲယာသို့ ကြည့်ရှုလိုက်ရာ တော်ဝင်မင်းသမီးကြီးသည် သမီးဖြစ်သူအား ဘေးနားရှိ အခန်းအသေးလေးထဲသို့ ချက်ချင်း ခေါ်ဆောင်သွားတော့၏။ အားလင်သည် ကျောက်တောင်အတုထဲ၌ အမှတ်မထင် စကားသံကြားခဲ့ရခြင်းမှစ၍ ဖခင်ဖြစ်သူ ကိစ္စတစ်ခုခုရှာရန် လှည့်ပြန်လာခြင်းအထိ အဖြစ်အပျက်၏ အကြောင်းရင်းများနှင့် ရလဒ်အားလုံးကို တိုးတိုးလေး ပြောပြလိုက်လေသည်။
ရှန်ချန်ဖုန်းနှင့် အားလင် မောင်နှမနှစ်ဦး၏ ကြီးမားသော တုံ့ပြန်မှုများနှင့် နှိုင်းယှဉ်ပါက တော်ဝင်မင်းသမီးကြီး၏ ပုံစံမှာ အစမှအဆုံး ပုံမှန်အတိုင်းပင်။
တော်ဝင်မင်းသမီးကြီး၏ မျက်နှာအမူအရာမှာ ခုနက ရုံကျား ခရိုင်သခင်မ ရေထဲပြုတ်ကျစဉ်ကထက်ပင် ပိုမိုတည်ငြိမ်နေသေးတော့၏။
“မေမေ သိပြီ... လူလွှတ်ပြီး စစ်ဆေးခိုင်းလိုက်မယ်...”
တော်ဝင်မင်းသမီးကြီးက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ တော်ဝင်မင်းသမီးကြီးက ထပ်မံပြောလိုက်၏။
“သမီးအဖေက ခုနက မေမေ့ဆီလာသေးတယ်... မေမေ အကြောင်းပြချက်တစ်ခုပေးပြီး... မောင်းထုတ်လိုက်တာ...”
အားလင်သည် မိခင်ဖြစ်သူ၏ အေးအေးလူလူ ပုံစံကို ကြည့်ကာ အလွန်စိုးရိမ်ပူပန်သွားလျက် ပြောလိုက်သည်။
“မေမေ... ဒီကိစ္စကို သေသေချာချာ ရင်ထဲထားပြီး ဖေဖေ့ကို သတိထားရမယ်နော်... သူ့ကို မေမေ့ကို အန္တရာယ်ပြုခွင့်... လုံးဝမပေးနဲ့...”
တော်ဝင်မင်းသမီးကြီးသည် သမီးဖြစ်သူ၏ စိုးရိမ်ပူပန်စကားကို ကြားရသောအခါ ခေါင်းလှည့်၍ အားလင်ကို ကြည့်လိုက်ချေသည်။ သူမ၏ မျက်ဝန်းများသည် နွေဦးရေစင်ကဲ့သို့ နူးညံ့သွားပြီးနောက် လက်ကိုဆန့်ထုတ်ကာ အားလင်၏ ပုခုံးကို ပုတ်လျက် ပြောလိုက်၏။
“စိတ်မပူပါနဲ့... မေမေ သိပါတယ်... သမီး အခုလိုလုပ်တာ သိပ်မှန်တယ်... ဒါက စံအိမ်တစ်ခုလုံးနဲ့ ပတ်သက်နေတာလေ... ပြဿနာအကြီးကြီး မဖြစ်စေနဲ့... သမီးကိုကိုက ရိုးအပြီး စိတ်မြန်လက်မြန် ရှိတာ... သူ ဥယျာဉ်ထဲမှာ စိတ်အေးအေးထားနိုင်ရင်... ပိုကောင်းတာပေါ့...”
အားလင်သည် ချီးမွမ်းခံရသော်လည်း မျက်နှာထက်၌ ဝမ်းသာခြင်း လုံးဝမရှိဘဲ မေးလိုက်သည်။
“မေမေ... ဖေဖေက ဘာလို့ ဒီလိုလုပ်ရတာလဲ... သူ့ရဲ့ စိတ်နှလုံးက ဘာလို့... ဒီလောက် ရက်စက်ရတာလဲ...”
တော်ဝင်မင်းသမီးကြီးသည် ထိုစကားကို ကြားရသောအခါ မရယ်ဘဲမနေနိုင် ဖြစ်သွားကာ ပြောလိုက်၏။
“လူ့စိတ်ဆိုတာ အပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ဘူးလေ... သူက ဘာလို့ အေးအေးလူလူ မနေချင်ရတာလဲ... ဘာလို့ ဒီလို အရှုပ်ထုပ်တွေ ဖြစ်ရတာလဲ... အဓိကကတော့ ယောက်ျားတွေရဲ့ ဂုဏ်သိက္ခာဆိုတာတွေကြောင့်... ဖြစ်မှာပေါ့...”
အားလင်သည် မိခင်ဖြစ်သူကို ဝေခွဲမရစွာ ကြည့်ကာ မေးလိုက်သည်။
“မေမေက အံ့ဩတာမျိုး လုံးဝမရှိဘူးလား... စိတ်မကောင်းလည်း မဖြစ်ဘူးလား...”
တော်ဝင်မင်းသမီးကြီးက ပြောလိုက်၏။
“ဘာဆန်းလို့လဲ... မေမေက သူ့ကို စည်းကမ်းရှိတဲ့သူလို့ ထင်ထားတာ... အခုကြည့်ရတာ သူက သေတွင်းတူးနေတာပဲ...”
ဤအချိန်တွင် တော်ဝင်မင်းသမီးကြီးသည် မင်းကြီးစွန်းက မိမိ၏ သားသမီးနှစ်ဦးအပေါ် နှစ်ပေါင်းများစွာ ကောင်းမွန်စွာ မဆက်ဆံခဲ့ခြင်းကိုပင် ဝမ်းသာမိနေတော့သည်။ ကလေးများသည် သူနှင့် ရင်းနှီးမှုမရှိကြသဖြင့် သူမ အရေးယူဆောင်ရွက်သည့်အခါ၌လည်း တွန့်ဆုတ်နေရန် မလိုအပ်တော့ချေ။
“သေတွင်းတူးနေတာ ဟုတ်လား... မေမေ ဘာလုပ်ဖို့... အစီအစဉ်ရှိလဲ...”
အားလင်သည် ဆက်၍ မမေးရဲတော့ပြီ။ တော်ဝင်မင်းသမီးကြီး စဉ်းစားသည်မှာ ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း အချို့သောအရာများသည် သမီးဖြစ်သူအား ပွင့်ပွင့်လင်းလင်း ပြောပြရန် မသင့်တော်ချေ။
“ငတုံးလေး... ဘာတွေလျှောက်တွေးနေတာလဲ... မေအေက အပြစ်မရှိတဲ့လူကို... လျှောက်သတ်မယ့်လူ မဟုတ်ပါဘူး... သမီးအဖေက မေမေကို သစ္စာဖောက်ရင် သူနဲ့ ကွာရှင်းရုံပဲလေ... အကုန်လုံးကို သတ်ပစ်ဖို့ မလိုပါဘူး... ဒါ့အပြင် ကိစ္စက သေသေချာချာ မသိရသေးတော့... သမီးအဖေ တကယ်လုပ်တာ... ဟုတ်ချင်မှ ဟုတ်မှာပါ...”
အားလင်သည် ထိုစကားကို ကြားရသောအခါ ခေါင်းငုံ့ကာ ပြောလိုက်သည်။
“သူက ဖေဖေဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ... သမီးနဲ့ကိုကိုကတော့... မေမေ့ဘက်မှာပဲ ရှိမှာပါ...”
သမီးဖြစ်သူ ထွက်ခွာသွားပြီးနောက် တော်ဝင်မင်းသမီးကြီး၏ မျက်ဝန်းများသည် ချက်ချင်းပင် အေးစက်သွားတော့၏။ သူမသည် အစေခံအဘွားကြီးတစ်ဦးကို ခေါ်ကာ မှာကြားလိုက်လေသည်။
“အနောက်က ဧည့်ဂေဟာကိုသွားပြီး ရှန်ချန်းကျွင့်က မင်းကြီးစွန်းရဲ့ တရားမဝင်မွေးတဲ့သား ဟုတ်မဟုတ် သွားမေးချေ... အဖြေကို သေသေချာချာ မေးပြီးမှ... ပြန်လာသတင်းပို့...”
အစေခံအဘွားကြီးသည် ခေါင်းငုံ့လိုက်ရာ အသားမာများပြည့်နေသော လက်များကို မြင်တွေ့နိုင်ပေသည်။
“မင်းသမီးကြီး စိတ်ချပါ... ကျွန်တော်မျိုးမက... ကိစ္စကို သေသေချာချာ မေးမြန်းပါ့မယ်... စံအိမ်က ဂုဏ်သရေရှိ ဧည့်သည်တွေကို... လုံးဝမနှောင့်ယှက်စေရပါဘူး...”
အစေခံအဘွားကြီး လှုပ်ရှားလိုက်သည်နှင့် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ဂရုမစိုက်ဘဲ နှိပ်စက်ညှဉ်းပန်းကာ စစ်မေးတော့မည် ဖြစ်ချေသည်။ တော်ဝင်မင်းသမီးကြီးက ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“နင် သိပ်တော်တာပဲ... ငါ စိတ်အေးသွားပါပြီ...”
ဥယျာဉ်အသေးလေးထဲတွင် အားလင်သည် အလျင်အမြန် ထွက်ခွာသွားခဲ့ပြီး ချက်ချင်းပင် ပြန်လည်ရောက်ရှိလာခဲ့လေသည်။ ရှန်ချန်ဖုန်းသည် လှုပ်ရှားသံကို ကြားလိုက်ရသည်နှင့် ကလေးကဲ့သို့ ချက်ချင်းပင် ခုန်ထွက်လာပြီး အားလင်ကို ဆွဲကာ မေးလိုက်၏။
“မေမေ့ကို ပြောပြလိုက်ပြီလား... မေမေ သတိထားမိရဲ့လား... ဖေဖေ တကယ်လုပ်တာလား...”
အားလင်မှာမူ ဆွံ့အသွားရတော့သည်။
“ကိုကို စိတ်အေးအေးထားပါ... မေမေ့စိတ်ထဲမှာ အကုန်သိပါတယ်... ဖေဖေ ဟုတ်ချင်မှ ဟုတ်မှာမို့လို့... သေသေချာချာ စစ်ဆေးဖို့ လိုတယ်လို့လည်း ပြောတယ်...”
အားလင်က ပြောလိုက်သည်။ ရှန်ချန်ဖုန်းက မေးလိုက်၏။
“ဖေဖေ မဟုတ်ရင်... တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ...”
အားလင်သည် သဘာဝအတိုင်း ပြန်လည်မဖြေကြားနိုင်တော့ချေ။ မိခင်ဖြစ်သူက ရိုးရှင်းစွာ ပြောဆိုခဲ့သော်လည်း သူမကမူ ဖခင်ဖြစ်သည်ဟု ထင်မြင်ယူဆထားပြီး ဖြစ်သောကြောင့်ပင်။ နျိုနျိုလေးက ပြောလိုက်သည်။
“ကိုကို့ဖေဖေ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ... သူက ကိုကို့ကို သူများနဲ့ အမြဲနှိုင်းယှဉ်ပြီး... ကိုကို့အပြစ်လို့ပဲ ပြောတာလေ... သမီးရဲ့ ကိုကိုလတ်က စာမကျက်နိုင်ရင်တောင်... ဖေဖေနဲ့မေမေက... သူများတွေနဲ့ ရောပြီး မဆူပါဘူး...”
ရှန်ချန်ဖုန်းသည် သေသေချာချာ ပြန်လည်တွေးတောကြည့်လိုက်ရာ ကုကျောက်သည် ဆိုးသွမ်းပြီး စာမကျက်ချင်သော်လည်း ကုမင်တာ့သည် ဤကဲ့သို့သော သားမျိုးကို မလိုချင်ဟု မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးချေ၊ ရှန်ဖူရှန်းကမူ အချိန်မရွေး ဤကဲ့သို့သော ရင်နာစရာ စကားများကို အမြဲပြောဆိုတတ်လေသည်။
“သမီးက ကိုကိုအားကျောက်နဲ့ ဆက်ဆံရေးကောင်းတယ်... သူ့ကို စိတ်ဆိုးရင်တောင်မှ... သူနဲ့ ဘယ်တော့မှ မဆော့တော့ဘူးလို့... မပြောဘူးလေ... ဘာလို့လဲဆိုတော့ အဲဒီလိုပြောရင် ကိုကိုအားကျောက် တကယ်စိတ်မကောင်းဖြစ်မှာကို သမီးသိလို့ပေါ့... သမီးက သူ့ကို... သမီး အခု ကိုကို့ကို စိတ်ဆိုးနေတာမို့လို့ တစ်ရက် စကားမပြောဘူးလို့ပဲ ပြောတာ...”
“ကိုကိုအားကျောက်က သမီးကို ခဏပဲ စိတ်ဆိုးအောင်လုပ်တာမို့လို့ သမီးကလည်း ခဏပဲ ပြန်စိတ်ဆိုးတာလေ... ရင်နာစရာ စကားတွေ လုံးဝမပြောဘူး... ဒါမှ တို့တွေ အမြဲတမ်း မောင်နှမကောင်းတွေ... ဖြစ်မှာပေါ့...”
နျိုနျိုလေးသည် မိသားစုဝင်များနှင့် မည်သို့နေထိုင်ရမည်ကို ပြောဆိုသည့်အခါ အမြဲတမ်း အပြောကောင်းလွန်းလှပေသည်။ ရှန်ချန်ဖုန်းနှင့် အားလင်တို့သည် မိန်းကလေးငယ်လေး၏ စကားများကို ကြားရသောအခါ မျက်နှာထက်၌ အပြစ်မကင်းသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကြရရှာ၏။
၎င်းတို့ မောင်နှမနှစ်ဦး၏ ဆက်ဆံရေးမှာ တကယ်ပင် ကောင်းမွန်သော်လည်း ရင်နာစရာစကားများကိုပင် လုံးဝမပြောဆိုရဲသည့်အထိမူ မကောင်းမွန်ကြချေ။
“ညီမလေးပြောတာ မှန်တယ်... ရင်နာစရာစကားတွေကို ခဏပဲပြောတာဆိုရင်တောင်... စိတ်ထဲမှာ အနာရွတ် ကျန်ခဲ့တာပဲလေ... လူတစ်ယောက်က စကားကို ဒီလောက်ဆိုးဆိုးရွားရွား ပြောပြီး အမြဲဆူပူနေတယ်ဆိုတာ... အဆုံးမှာတော့ မချစ်လို့နဲ့ ဂရုမစိုက်လို့ပဲပေါ့...”
အားလင်သည် ဤစကားများဖြင့် မိမိကိုကိုအား ဖျောင်းဖျနေခြင်းလား၊ မိမိကိုယ်ကိုယ် ဖျောင်းဖျနေခြင်းလားပင် မသိနိုင်တော့ချေ။ ရှန်ချန်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“တကယ်လို့ သူ မေမေ့ကို သစ္စာဖောက်တာ သေချာသွားရင်... ငါလည်း အဲဒီလို ဖေဖေမျိုးကို... အဖေလို့ မသတ်မှတ်တော့ဘူး...”
မိမိကိုကို နောက်ဆုံး၌ အမြင်လင်းသွားသည်ကို မြင်တွေ့ရသဖြင့် အားလင် စိတ်သက်သာရာ ရသွားရတော့၏။
“တို့တွေ ပြန်ရအောင်... စားပွဲဝိုင်း စတော့မယ်...”
အားလင်က တိုက်တွန်းလိုက်သည်။ ရှန်ချန်ဖုန်းက ခန်းညိတ်ပြကာ လှည့်၍ ဘေးနားရှိ ပန်းရောင်နှင့် အဖြူရောင် ပန်းများပွင့်နေသော ပန်းအိုးကို ညွှန်ပြလျက် မေးလိုက်၏။
“နျိုနျိုလေး... ဒီပန်းအိုးကို သဘောကျတယ်မလား... ခဏနေရင် အိမ်ကို သယ်သွားလိုက်နော်...”
နျိုနျိုလေးက အမြန်ပင် လက်ခါပြရှာသည်။ ရှန်ချန်ဖုန်းက ပြောလိုက်၏။
“တို့နှစ်ယောက်ကြားထဲမှာ အားနာစရာ မလိုပါဘူး... ကိုကို အကုန်မြင်တယ်... ညီမလေး အဲဒီပန်းကို စိုက်ကြည့်နေတာလေ... မကြိုက်ဘူးလို့ ပြောဦးမလို့လား...”
နျိုနျိုလေးသည် ငြင်းပယ်၍ မရနိုင်တော့သည်ကို မြင်တွေ့ရသောအခါ ဝမ်းသာအားရ ပြန်လည်ဖြေလျက် ပြောလိုက်သည်။
“ကိုကိုရှန်က... အကောင်းဆုံးပဲ...”
ရှန်ချန်ဖုန်းသည် နှုတ်ခမ်းထောင့်များ ကော့တက်သွားအောင် ပြုံးလိုက်မိလေသည်။ ဘေးနားရှိ အားလင်ကမူ မကျေမနပ်ဖြစ်သွားကာ ပြောလိုက်၏။
“အစ်မဆီမှာလည်း အဲဒီပန်းတွေ ရှိတာပဲ... အစ်မလည်း နျိုနျိုလေးကို အိုးတစ်စုံ ပေးဦးမှာလေ... ဘာလို့ ညီမလေးက အစ်မကိုကျတော့ အကောင်းဆုံးလို့... မပြောတာလဲ...”
နျိုနျိုလေးက ချက်ချင်းပင် ပြောလိုက်သည်။
“အစ်မလင်ကလည်း... အကောင်းဆုံးပဲ...”
အားလင်သည် ကျေနပ်သွားကာ မိမိကိုကိုအား ပြိုင်ဆိုင်လိုသော အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ ရှန်ချန်ဖုန်းက အများကြီးမတွေးဘဲ ပြောလိုက်သည်။
“တို့တွေ တခြားလမ်းက သွားရအောင်... နောက်ဆို ဒီဖြတ်လမ်းကို အကြာကြီး... သွားချင်တော့မှာ မဟုတ်ဘူး...”
လမ်းကို အဝေးကြီး ပတ်ရုံသာမက လုံခြုံမှုလည်း မရှိနိုင်ချေ။ ၎င်းတို့သုံးဦးစလုံး ဥယျာဉ်အသေးလေးမှ ထွက်ခွာပြီး မကြာမီမှာပင် ကျောက်ခဲများ ခင်းထားသော လမ်းလေးအတိုင်း လျှောက်လှမ်းလာစဉ် ရုတ်တရက် အမျိုးသမီးတစ်ဦး၏ ရှိုက်ကြီးတငင် ငိုကြွေးသံကို ကြားလိုက်ရလေသည်။
“ကိုကိုယွမ်... ကိုကိုက ညီမကို လက်ထပ်မယ်လို့ အသေအချာ သဘောတူခဲ့တာလေ... ဘာလို့ အခု ကိုကို့မေမေက သခင်မလေးလီနဲ့ စေ့စပ်လိုက်ပြီလို့... ပြောရတာလဲ...”
အားလင်သည် ထိုစကားကို ကြားရသောအခါ ၎င်းသည် ကျား၊ မ ဆက်ဆံရေး လျှို့ဝှက်ချက်ဖြစ်ကြောင်း သိရှိသွားသဖြင့် အတင်းအဖျင်းကြည့်လိုသော ရှန်ချန်ဖုန်းနှင့် နျိုနျိုလေး လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ကို အမြန်ဆွဲကာ ရှောင်လွှဲရန် ပြင်ဆင်လိုက်တော့သည်။ သို့သော် ထိုအမျိုးသမီး၏ အသံမှာ ထပ်မံထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကိုကို မသိဘူး... ဒီနေ့ပွဲမှာ တော်ဝင်မင်းသမီးကြီးက မင်းကို အကြိမ်ကြိမ် စိုက်ကြည့်နေတာလေ... အဲဒါကြောင့် မေမေက မင်းကို အဲဒီလူမိုက် ရှန်ချန်ဖုန်းနဲ့... ပေးစားဖို့ ကြံစည်နေတာ...”