← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇ - နှစ်ဦးနှစ်ဖက် ပြေလည်စေခြင်း

လူအုပ်ကြီး၏ အရှေ့တွင် ဆံထုံးထုံးထားသော အသက် တစ်ဆယ့်ခုနစ်၊ တစ်ဆယ့်ရှစ်နှစ်ခန့်ရှိပုံရသည့် အမျိုးသမီးငယ်တစ်ဦး ရှိနေလေသည်။ ထိုအမျိုးသမီးသည် မောက်မာဝင့်ဝါသော အမူအရာ ရှိပြီး သူမ၏ လှုပ်ရှားမှုများမှာလည်း အမိန့်ပေးလိုပုံ ပေါ်လွင်နေ၏။ သူမ၏ အထက်စီးဆန်သော ပုံစံကြောင့် လူတိုင်း စိတ်ထဲ၌ နေရထိုင်ရ ခက်ခဲလှတော့၏။

အိမ်ခြံမြေပွဲစားလီသည် ငွေရှာချင်သော်လည်း ထိုအမျိုးသမီးနှင့် ပြဿနာမဖြစ်လိုသဖြင့် လောကဓံကို ကျွမ်းကျင်စွာ ဖြတ်သန်းလာခဲ့သော အဖွားကုအပေါ်၌သာ မျှော်လင့်ချက် ထားရှိလေသည်။

အဖွားကုက အိမ်ခြံမြေပွဲစားလီအား အရင်မေးလိုက်သည်။

“ဒီအလုပ်က အဆင်မပြေရင်... နင် ဘာလုပ်မှာလဲ...”

အိမ်ခြံမြေပွဲစားလီသည် ထိုစကားကို ကြားရသောအခါ မတတ်သာဘဲ ခေါင်းခါပြကာ ပြောလိုက်သည်။

“အဆင်မပြေရင်လည်း... ထားလိုက်တော့ပေါ့... ဒီသခင်မချန်က ပိုက်ဆံရှိတာတော့ မှန်ပေမဲ့... တကယ်ပဲ စကားပြောရ ခက်တာ... သူ့ဆီက အလုပ်ရအောင် ဘယ်သူလုပ်နိုင်မလဲ... ကျွန်တော်လည်း မသိတော့ဘူး...”

အဖွားကုက ခေါင်းညိတ်ပြကာ မေးလိုက်သည်။

“တကယ်လို့... ငါ ဒီအလုပ်ကို အောင်မြင်အောင် လုပ်ပေးရင်... ငါ့ကို ပိုက်ဆံ ဘယ်လောက်ပေးမှာလဲ...”

ဤသည်မှာ အိမ်ခြံမြေပွဲစားလီက မဖြေရှင်းနိုင်ဟု ခံစားရသဖြင့် အဖွားအိုအား လာရောက်ကူညီရန် တောင်းဆိုခဲ့ခြင်းဖြစ်ရာ ထိုငွေကို အဖွားအိုတစ်ဦးတည်း ရရှိသွားတော့၏။ အိမ်ခြံမြေပွဲစားလီသည် အဖွားကုထံသို့ ကိန်းဂဏန်းတစ်ခုကို တိတ်တဆိတ် ပေးလိုက်ချေ၏။ အဖွားကု၏ စိတ်ထဲ၌ အတိုင်းအတာတစ်ခုတော့ ကျေနပ်မှု ရရှိသွားလေ၏။

အိမ်ခြံမြေပွဲစားလီသည် အဖွားကုက အသာအယာ ချောင်းဟန့်လိုက်ပြီးနောက် လည်ပင်းကို အနည်းငယ်မတ်ကာ ထိုအမျိုးသမီးငယ်ထံသို့ လျှောက်လှမ်းသွားသည်ကိုသာ မြင်တွေ့လိုက်ရလေသည်။

အဖွားကု စကားပင်မပြောရသေးမီ သခင်မမချန်သည် လူတစ်ဦး လာရောက်သည်ကို မြင်သောအခါ ချက်ချင်းပင် ဆူပူကြိမ်းမောင်းတော့၏။

“ငါ နင့်ကို တောင်းဆိုချက်တွေ အများကြီး ပြောထားတာလေ... နင် ရင်ထဲမှာ မှတ်ထားရဲ့လား... တကယ်လို့ အလုပ်မလုပ်ချင်ရင်... ငါ့ကို ဘာလို့ စကားတွေအများကြီး... လာဖြုန်းခိုင်းနေရတာလဲ...”

အဖွားကုသည် သူမက အသာစီးယူနေသည်ကို မြင်သော်လည်း ထိတ်လန့်ခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

“သခင်မချန်... ဒီအိမ်ကို မနှစ်သက်ဘူးဆိုရင်လည်း... ထားလိုက်ပါတော့... နောက်ကျရင် တခြားနေရာမှာ ကောင်းတာတွေ့မှ... တို့တွေ သခင်မကို ပြန်ဆက်သွယ်လိုက်တာပေါ့...”

အဖွားကုသည် ထိုသို့ပြောပြီးနောက် လှည့်ထွက်ရန် ပြင်ဆင်လေ၏။ သခင်မချန်သည် အလျင်စလိုဖြစ်သွားကာ ပြောလိုက်သည်။

“အဖွား... ရှင်က အိမ်ပွဲစား မဟုတ်ဘူးလား... ဘာလို့ ပြေးနေတာလဲ... တို့တွေ ဒီအိမ်အကြောင်း... သေသေချာချာ မပြောရသေးဘူးလေ...”

အဖွားကုက ခေါင်းလှည့်ကာ ပြောလိုက်သည်။

“ကျွန်မက အိမ်ပွဲစား မဟုတ်ပါဘူး... ပွဲစားက မဖြေရှင်းနိုင်တဲ့အခါမှ... ကျွန်မဆီ လာကြတာလေ... ရှင် အခုပြောတဲ့ ကိစ္စတွေကိုတော့... ကျွန်မလည်း ဘာမှမတတ်နိုင်ဘူး... အဲဒါကြောင့် နောက်မှပဲ ပြောကြတာပေါ့...”

အဖွားကုသည် အိမ်ခြံမြေပွဲစားလီကိုပါ ခေါ်ဆောင်၍ ထွက်ခွာရန် ပြုလုပ်တော့၏။ သခင်မချန်သည် ရုတ်တရက် အသည်းအသန် ဖြစ်သွားရရှာသည်။ သူမ အိမ်ဝယ်ရန်အတွက် မြို့တော်ရှိ အိမ်ပွဲစားအားလုံးနီးပါး သူမနှင့်အတူ လိုက်ပါခဲ့ကြဖူးချေပြီ။ လူအများစုမှာ အကြိမ်အနည်းငယ် လိုက်ပါပြီးနောက် ကောင်းမွန်သောအိမ်ရှိပါက ထပ်မံရှာဖွေပေးမည်ဟု ပြောဆိုကြသော်လည်း အမှန်စင်စစ် ထိုလူများသည် သူမကို မည်သည့်အခါမျှ ပြန်လည်ဂရုမစိုက်ကြတော့ပေ။

အိမ်ခြံမြေပွဲစားလီကဲ့သို့ နုနယ်သောမျက်နှာရှိသည့် ပွဲစားငယ်များကို သခင်မချန်သည် မူလက အလေးမထားခဲ့သော်လည်း အခြားလူမရှိတော့သည့် အခါမှသာ ဤသို့ အသည်းအသန် လာရောက်ရှာဖွေခြင်း ဖြစ်ပေသည်။ ယခုအခါ ဤနောက်ဆုံး မျှော်လင့်ချက်ကြိုးမျှင်လေးကိုပါ လက်လွှတ်ရတော့မည် ဖြစ်ရာ သခင်မမချန်သည် အဘယ်ကြောင့် အလျင်မလိုဘဲ နေပါမည်နည်း။

သခင်မချန်သည် ဤအချိန်တွင် မာနကို အနည်းငယ်နှိမ့်ချကာ အဖွားကုအား ပြောလိုက်သည်။

“အဖွား... ရှင်က အဲဒီလိုပြောရင်တော့... ကျွန်မက တခြားလူကိုပဲ... ရှာရတော့မှာပေါ့...”

အဖွားကုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဒီလိုကိစ္စမျိုးက... နှစ်ဦးနှစ်ဖက် သဘောတူမှ ဖြစ်တာလေ... သခင်မချန်က ဒါတွေကို... အများကြီး ပြောဖို့မလိုပါဘူး... သခင်မရဲ့ စိတ်အခြေအနေကို... ကျွန်မနဲ့ ပွဲစားလီလည်း နားလည်ပါတယ်...”

သခင်မချန်သည် အဖွားကုက စိုးရိမ်ပူပန်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဤကဲ့သို့သော အမူအရာမျိုး ရှိလိမ့်မည်ဟု မထင်ထားသဖြင့် ယခုအချိန်တွင် သူမကိုယ်တိုင် ပိုမိုအလျင်စလို ဖြစ်လာရတော့၏။ သူမသည် အိမ်ဝယ်ရန် အချိန်အတော်ကြာ နှောင့်နှေးခဲ့ပြီး အိမ်ငှား၌သာ နေထိုင်ရသဖြင့် အမြဲတမ်း စိတ်မသက်မသာ ဖြစ်နေရရှာသည်။

တကယ်လို့ အိမ်ဝယ်မရသေးပါက ခင်ပွန်းဖြစ်သူက သူမအား အပြစ်တင်လိမ့်မည်ကို စိုးရိမ်မိလေသည်။

သခင်မမချန်သည် ခေါင်းကို နှိမ့်ချကာ အဖွားကုအား ဆွဲလျက် ပြောလိုက်သည်။

“အဖွား... နောက်ရက်တွေအထိ... မစောင့်ပါနဲ့တော့... တို့တွေ ဒီနေ့ပဲ... သေသေချာချာ ညှိနှိုင်းကြရအောင်... ဘယ်လိုလဲ...”

အဖွားကုသည် ဂရုမစိုက်သော အမူအရာဖြင့်ပင် အလွယ်တကူ ပြောလိုက်သည်။

“သခင်မချန်... တို့တွေ အဆိုးဆုံးကို အရင်ပြောရအောင်... အလုပ်လုပ်တာက... အလုပ်လုပ်သလိုပဲ ဖြစ်ရမယ်... တကယ်လို့ အလုပ်မလုပ်ချင်ရင်လည်း... အားနာစရာ ကောင်းတဲ့ တောင်းဆိုချက်တွေကို... လျှောက်မပြောနဲ့လေ...”

သခင်မမချန်သည် ထိုစကားကို ကြားရသောအခါ အမြန်ပြောလိုက်သည်။

“ကျွန်မကလည်း... အခက်အခဲဖြစ်အောင် လုပ်တာ မဟုတ်ပါဘူး... ကျွန်မခင်ပွန်းက ပညာတတ်တစ်ဦး ဖြစ်လို့... နေထိုင်မယ့်နေရာအပေါ်မှာ... လိုအပ်ချက် နည်းနည်းမြင့်နေတာပါ...”

အဖွားကုက သူမအား စိုက်ကြည့်ကာ ပြောလိုက်သည်။

“သခင်မက ဘေးအိမ်ကကလေးတွေကို တကယ်ပဲ မဆူစေချင်ဘူး... ပြီးတော့ လမ်းကြားက အပင်ကြီးကိုလည်း အရိပ်မကွယ်စေချင်ဘူးဆိုရင်တော့... ဒီလမ်းကြားက အိမ်တွေအကုန်လုံးကိုသာ... ဝယ်ပစ်လိုက်ပေါ့... ဒါဆိုရင် ဘယ်သူမှ ရှင့်လင်ကို... လာမနှောင့်ယှက်ဲရတော့ဘူးလေ...”

သခင်မချန်သည် အဖွားကု၏ ဆဲဆိုခြင်းကို ခံလိုက်ရသဖြင့် အလွန်ပင် အရှက်ရသွားတော့၏။ သို့သော် အဖွားကုက ပိုမိုခက်ထန်လေလေ သူမက အဖွားကုအား ပိုမိုချော့မော့လေလေ ဖြစ်လာတော့သည်။

“အဖွားကလည်း ကျွန်မအတွက်... နည်းနည်းလောက် တွေးပေးပါဦး...”

အဖွားကုက သူမ၏စကားကို တန်းပြီးကြားဖြတ်ကာ ပြောလိုက်သည်။

“စကားပုံ ရှိတယ်လေ... ဝယ်မယ့်သူက ပစ္စည်းရွေးတာပဲ... သခင်မ ဒီအိမ်ကို သဘောကျနေမှန်း... ကျွန်မသိပါတယ်... သခင်မ စကားကောင်းကောင်း ပြောမယ်ဆိုရင်တော့... အိမ်ရှင်နဲ့ ဈေးညှိပေးဖို့... ကျွန်မ ကူညီနိုင်သေးတယ်... တကယ်လို့ ဒီပြဿနာတွေကိုပဲ... ထပ်ပြီး အပြစ်ရှာနေမယ်ဆိုရင်တော့... ဒီနေ့ စကားဆက်မပြောနဲ့တော့...”

သခင်မမချန်သည် အဖွားကုက ဤမျှ ရှင်းလင်းစွာ မြင်တွေ့လိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ပြောလိုက်သည်။

“ကျွန်မ ဒီအိမ်ကို သဘောကျတာ မှန်ပေမဲ့... အပြစ်ရှာတာ မဟုတ်ပါဘူး... ဒီအိမ်ရဲ့ ပြဿနာတွေက... တကယ်ရှိနေတာလေ...”

“ကိုယ့် ဆန္ဒနဲ့ ကွက်တိကျမယ့်အိမ်ကို မဝယ်နိုင်တာက... အိမ်ရဲ့ပြဿနာလား... ဒါက သခင်မရဲ့ပြဿနာပဲ... တကယ်လို့ သခင်မမှာ ပိုက်ဆံတွေ အများကြီးရှိရင်... ဒီအိမ်ကိုပဲ စဉ်းစားနေဦးမလား...”

အဖွားကုက ပြန်လည်မေးမြန်းလိုက်ချေသည်။ သခင်မမချန်သည် ချက်ချင်းပင် ဆွံ့အသွားရတော့၏။ အဖွားကုက ဆက်၍ ပြောလိုက်သည်။

“ရှင်က ဆူညံတာကို သိပ်ကြောက်ရင်လည်း... နင့်လင်ရဲ့ နားထဲကို... စာရွက်လုံးတွေ ထည့်ခိုင်းထားလိုက်ပေါ့... ခြံထောင့်က အလင်းရောင်မကောင်းရင်လည်း... တခြားထောင့် ပြောင်းရင်ရတာပဲ... အလင်းရောင်ရတဲ့နေရာ... အမြဲရှိပါတယ်...”

အဖွားကုက စကားကို သွက်လက်စွာ ပြောဆိုသဖြင့် ခဏမျှအတွင်း သခင်မချန်သည် တကယ်ပင် ယုံကြည်သွားတော့သည်။

“ကောင်းပြီ... ကျွန်မ ဝယ်မယ်... အဖွားကိုပဲ... ဒုက္ခပေးပါရစေ... ကျွန်မအတွက် ဈေးနည်းနည်းလောက်... ထပ်ချပေးပါဦးနော်...”

အဖွားကုက ခေါင်းညိတ်ပြကာ သဘောတူလိုက်လေသည်။ အဖွားကုသည် အိမ်ခြံမြေပွဲစားလီနှင့်အတူ အိမ်ရှင်ထံသို့ ထပ်မံသွားရောက်ခဲ့ပြန်သည်။

“အစ်ကိုကြီး... တို့တွေလည်း အစ်ကို့အိမ်ကို ဈေးကောင်းကောင်းနဲ့ ရောင်းပေးချင်တာပေါ့... ဒါပေမဲ့ ဘေးအိမ်မှာ ကလေးတွေ သိပ်များလွန်းလို့... ဆူညံပြီး စိတ်ရှုပ်ဖို့ ကောင်းတာလေ... လမ်းကြားဝက အပင်ကြီးကလည်း... ဆောင်းတွင်းကျရင် ခြံထဲက နေရောင်ခြည်ကို... အကုန်ကွယ်ထားတာ... ပွဲစားလီက အစ်ကို့အတွက် ဝယ်မယ့်သူ ဘယ်နှယောက်တောင်... ရှာပေးခဲ့လဲ မသိဘူး... တို့လည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့... အလုပ်က မအောင်မြင်ခဲ့ဘူးလေ... အစ်ကိုကြီးကလည်း ဇာတိရွာကို အမြန်ပြန်ချင်နေတာမလား... တို့ကတော့ ဈေးနည်းနည်းလောက်... ထပ်ချပေးဖို့ အကြံပြုချင်တယ်... ဒါမှ အိမ်က လက်ထဲမှာ တင်မကျန်ခဲ့မှာလေ... အစ်ကိုကော... အဲဒီလို ထင်လား...”

အဖွားကုက ထိုစကားများကို ပြောဆိုချိန်၌ အားလင်နှင့် ရှန်ချန်ဖုန်းတို့ အားလုံး အံ့ဩမှင်သက်သွားကြတော့၏။ ဤအဖွားအိုသည် သာမန်လူတစ်ဦးကဲ့သို့ ထင်ရသော်လည်း သူမ၏ အပြောအဆိုမှာ ဤမျှ ထက်မြက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

ပြဿနာတစ်ခုတည်းကိုပင် အဖွားကု၏ ပါးစပ်ဖျား၌ စကားနှစ်မျိုး ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ အိမ်ရှင်သည် တကယ်ပင် အိမ်ကို အမြန်လက်လွှဲလိုသဖြင့် အဖွားကု၏ စကားအနည်းငယ်အောက်၌ပင် ဆွဲဆောင်ခြင်း ခံလိုက်ရကာ ဈေးနှုန်းကို လျှော့ချပေးလိုက်တော့သည်။ သူမ အိမ်ထဲသို့ ပြန်ရောက်၍ သခင်မချန်နှင့် တွေ့ဆုံသောအခါ အဖွားကုသည် မိမိ၏ အကျိုးဆောင်မှုကို ဂရုမစိုက်သလို ပုံစံဖြင့် ပြောလိုက်လေသည်။

“သခင်မချန်ကသာ မသိတာ… ကျွန်မဖြင့် စကားတွေ ပြောလွန်းလို့... အာခေါင်တွေတောင် ခြောက်ကုန်ပြီ... နောက်ဆုံးတော့ နင့်အတွက်... ဈေးချပေးနိုင်ခဲ့တယ်နော်...”

ဈေးနှုန်း ထပ်မံကျဆင်းသွားကြောင်း သိရှိရသောအခါ သခင်မချန်သည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး အဖွားကုအား ကျေးဇူးအထူး တင်ရှိကြောင်း ပြောဆိုတော့၏။ ထိုနေ့၌ပင် အိမ်ခြံမြေပွဲစားလီသည် အိမ်လက်လွှဲခြင်းကို ကူညီပေးခဲ့ရာ သခင်မမချန်သည် အိမ်ဂရန်အသစ်ကို ရရှိသွားပြီး အဖွားကု၏ ပိုက်ဆံအိတ်ထဲ၌လည်း ငွေတစ်တုံးတိုးပွားလာခဲ့ချေသည်။ အားလင်က ချီးမွမ်းလိုက်သည်။

“အဖွားကုက... တကယ့်ကို တော်တာပဲ... အဲဒီသခင်မချန်က... အစက ကြည့်ရတာ ပြဿနာရှာမယ့်ပုံပဲ... ပွဲစားလီနဲ့ တွေ့တုန်းကတော့ မောက်မာနေပြီး... အဖွားနဲ့ တွေ့တော့မှ... သိုးကလေးတစ်ကောင်လို... ဖြစ်သွားတာ...”

အဖွားကုက လက်ခါပြကာ ပြောလိုက်သည်။

“သူက အပျော့ကိုနိုင်ပြီး... အမာကိုကြောက်တဲ့... လူစားမျိုးလေ... အဲဒီလိုလူတွေကို... ကိုင်တွယ်ရတာ အလွယ်ဆုံးပဲ... ငါ သူ့ကို မြင်ကတည်းက... ပါးစပ်မှာ အရည်ကြည်ဖုတွေ ပေါက်နေတာကိုကြည့်ပြီး... သူက အပေါ်ယံပဲ အပြစ်ရှာနေတာ... အမှန်စင်စစ်တော့... ဘယ်သူ့ထက်မဆို... ပိုပြီး စိုးရိမ်နေမှန်း ငါသိတာပေါ့... အဲဒါကြောင့်... ငါ နည်းနည်းလောက် ခြောက်လိုက်တာနဲ့... သူ လိမ္မာသွားတာပေါ့... ဒီလို အပြစ်ရှာတတ်တဲ့သူတွေနဲ့ တွေ့ရင်... ဒီအတိုင်းပဲ ကိုင်တွယ်ရမယ်... စိတ်ထားသွားကောင်းပြလို့... မရဘူး...”

အဖွားကုသည် မိမိ၏ အတွေ့အကြုံများကို သဘာဝကျကျ လက်ဆင့်ကမ်းပေးနေခြင်း ဖြစ်ပေသည်။ အားလင်သည် ထိုစကားကို ကြားရသောအခါ မျက်ဝန်းလေးများ လင်းလက်သွားတော့၏။

All Chapters