← Chapters

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈ - ဈေးညှိခြင်း

၎င်းတို့အုပ်စုသည် နေ့လယ်ပိုင်းတွင် ရှန်းယွဲ့အဆောင်၌ နေ့လယ်စာ စားသောက်ခဲ့ကြလေသည်။ အားလင်သည် ပြင်ပ၌ စားသောက်ခဲလှသဖြင့် ရှန်းယွဲ့အဆောင်ရှိ ဟင်းလျာတိုင်းနီးပါးမှာ ၎င်းတို့၏ ကိုယ်ပိုင်ထူးခြားချက်များ ရှိနေကြချေသည်။ သူမ ရှန်းယွဲ့အဆောင်မှ ထွက်ခွာလာသောအခါ မိမိ၏ဗိုက်လေးမှာ အလွန်ပင် ပြည့်အင့်နေသည်ဟု ခံစားလိုက်ရတော့၏။ အဖွားကုသည် အားလင် ပင်ပန်းသွားမည်ကို စိုးရိမ်သဖြင့် ပြောလိုက်သည်။

“သခင်မလေးရှန်... တကယ်လို့ ပင်ပန်းတယ်ဆိုရင်တော့... ညနေပိုင်းကျရင် အိမ်ပြန်နားနှင့်လိုက်လေ... နောက်ထပ် ဧည့်သည်တစ်ယောက်ဆီ... သွားရဦးမှာမို့လို့...”

အားလင်သည် ပုံမှန်အားဖြင့် နေ့လယ်စာ စားပြီးနောက် တစ်ရေးအိပ်လေ့ရှိသော်လည်း နံနက်ပိုင်းတွင် ဗဟုသုတများစွာ ရရှိခဲ့ချေသည်။ ညနေပိုင်းတွင် အဖွားကု ထပ်မံအလုပ်လုပ်မည်ကို မြင်တွေ့ရသောအခါ ဘေးနားရှိ နျိုနျိုလေးမှာလည်း မျက်လုံးဝိုင်းလေးများ ဖွင့်ကာ ပင်ပန်းသည့် အရိပ်အယောင် လုံးဝမရှိသည်ကို တွေ့လိုက်ရပြန်သည်။

အားလင်သည် အနည်းငယ် အိပ်ငိုက်နေသော်လည်း မိမိကိုယ်ကိုယ် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးပင် လုပ်နိုင်သောအရာကို သူမက မလုပ်နိုင်ဟု အပြောမခံနိုင်ရာ အားလင်က ပြောလိုက်သည်။

“သမီးမပင်ပန်းပါဘူး... အဖွားကု... သမီး အဖွားနဲ့အတူ... လိုက်ချင်သေးတယ်...”

အဖွားကုက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

“သမီး သမ်းဝေနေတာ... ငါ အကြိမ်ကြိမ် မြင်နေရတာလေ...”

နျိုနျိုလေးကလည်း ပြောလိုက်သည်။

“အစ်မလင်... တကယ်လို့ အိပ်ချင်ရင်လည်း... အိမ်ပြန်ပြီး အမြန်နားလိုက်ပါနော်... အတင်းအောင့်မခံပါနဲ့... ဒါက ကျန်းမာရေးအတွက်... မကောင်းဘူးလေ...”

အားလင်သည် ရှန်ချန်ဖုန်းအား မျက်ရိပ်ပြလိုက်ချေ၏။ ရှန်ချန်ဖုန်းသည် အမှန်စင်စစ် အိပ်ငိုက်နေသော်လည်း ဤအတိုင်း မပြန်ချင်သေးပေ။ သူသည် စိတ်ဝင်စားစရာကောင်းသော ကိစ္စများကို လက်လွတ်ရမည်ကို စိုးရိမ်သဖြင့် ပြောလိုက်သည်။

“အဖွားကု စိတ်ချပါ... ကျွန်တော့်ညီမက မအိပ်ချင်ပါဘူး... သူ အပြင်ထွက်လည်ရတာ... ကြုံရခဲလှတာလေ... အခုလို ပြန်သွားရရင်... သူလည်း ကျေနပ်မှာ မဟုတ်ဘူး...”

အဖွားကုသည် အမှန်အတိုင်းပြောရလျှင် ရှန်မောင်နှမနှစ်ဦးကို အလွန်နှစ်သက်လှပေသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ မြင့်မြတ်သောအဆင့်အတန်းမှ ဖြစ်ကြသော်လည်း အလိုက်သိပြီး ယဉ်ကျေးသော ကလေးကောင်းများ ဖြစ်ကြချေသည်။

မနေ့ညက အဖွားကုသည် တစ်ညလုံး စိုးရိမ်နေသဖြင့် ကောင်းမွန်စွာ မအိပ်စက်ခဲ့ရသော်လည်း ယနေ့ တွေ့ဆုံလိုက်ရသောအခါမှ မိမိ၏ တွေးတောချက်များမှာ အပိုသက်သက်သာ ဖြစ်ကြောင်း သိရှိသွားတော့၏။

အဖွားကုသည် ထိုကလေးနှစ်ဦးအား ငြင်းပယ်ရန် မရက်စက်နိုင် ဖြစ်ရလေသည်။ အခြားအိမ်တစ်အိမ်၏ အရှေ့တွင် အိမ်ခြံမြေပွဲစားလီနှင့် တွေ့ဆုံသောအခါ ပွဲစားလီက ညနေပိုင်း သွားရောက်မည့် ထိုအိမ်၏ အခြေအနေကို ပြောပြလိုက်တော့သည်။

“အိမ်လာဝယ်တဲ့သူက လူငယ်တစ်ယောက်ပဲ... ဈေးကိုလည်း ရက်ရက်ရောရော ပေးတာ... အစကတော့ ဘာပြဿနာမှ မရှိသင့်ဘူးပေါ့... ဒါပေမဲ့ သူက မျက်နှာဖုံးကို အမြဲတမ်း တပ်ထားတာလေ... အရပ်ကလည်း အရမ်းရှည်ပြီး... တစ်ကိုယ်လုံးမှာ ရက်စက်တဲ့ အရိပ်အယောင်တွေ ရှိနေတာ... ငါ့စိတ်ထဲမှာ အမြဲတမ်း နေရထိုင်ရ ခက်နေလို့... အဖွားက အတွေ့အကြုံ ရှိတာဆိုတော့... ကူညီကြည့်ပေးပြီး... ဘာမှားနေလဲဆိုတာ... စစ်ဆေးပေးပါဦးနော်...”

အိမ်ခြံမြေပွဲစားလီက ဤကဲ့သို့ စိုးရိမ်ရခြင်းမှာ မဆန်းပေ။ မျက်နှာကို ဖုံးကွယ်ထားသောသူများကို ဝရမ်းပြေးများနှင့် ဆက်စပ်တွေးတောမိတတ်သောကြောင့်ပင်။ အဖွားကုသည် ထိုလူငယ်ကို မြင်တွေ့လိုက်ရသည်နှင့် ချက်ချင်းပင် အော်ဟစ်လိုက်တော့၏။

“လူငယ်လေးရှဲ့... နင်က ဘာလို့... အိမ်လာဝယ်တာလဲ...”

နျိုနျိုလေးသည် ရှဲ့ရှင်းချွမ်းကို မြင်တွေ့လိုက်ရသည်နှင့် ချက်ချင်းပင် ပြေးဖက်ကာ ပြောလိုက်သည်။

“ကိုကိုရှဲ့... သမီး ကိုကိုနဲ့မတွေ့ရတာ ကြာပြီ... သမီး ကိုကို့ကို... အရမ်းလွမ်းနေတာ...”

ရှဲ့ရှင်းချွမ်းသည် နျိုနျိုလေးကို အလျင်အစလို ပွေ့ချီလိုက်လေသည်။ သူသည်လည်း ကုမိသားစုဝင်များကို မြင်တွေ့ရသဖြင့် အံ့ဩသွားသော်လည်း သူသည် မည်သည့်အခါမျှ ပြုံးရွှင်စွာ စကားပြောတတ်သောသူ မဟုတ်ချေ။

မိမိရင်ခွင်ထဲမှ နုနယ်သော မိန်းကလေးငယ်လေးကို ပွေ့ချီထားသော်လည်း သူသည် မိမိ၏ အောက်နှုတ်ခမ်းကို တင်းတင်းစေ့ထားဆဲ ဖြစ်ကာ ပြုံးချင်နေသော နှုတ်ခမ်းထောင့်များကို မနည်း ထိန်းချုပ်ထားရရှာသည်။ နျိုနျိုလေးက ညည်းတွားလိုက်သည်။

“ကိုကိုရှဲ့… ကိုကို လှေပေါ်ကဆင်းတာနဲ့... မိသားစုဝင်တွေက လာခေါ်သွားတာလေ... သမီးက ကိုကိုဘယ်မှာနေလဲ မေးပြီး... ကိုကိုနဲ့ သွားဆော့ချင်တာကို ... ဒါပေမဲ့ ကိုကိုက သမီးကို... လိပ်စာတောင် မပေးခဲ့ဘူး...”

ရှဲ့ရှင်းချွမ်းသည် အခြားသူများကို လျစ်လျူရှုထားသော်လည်း နျိုနျိုလေးနှင့် ရင်ဆိုင်ရသည့်အခါ၌မူ သူမအား ထိတ်လန့်သွားမည်ကို အမြဲစိုးရိမ်သဖြင့် ပြောလိုက်သည်။

“တောင်းပန်ပါတယ်… နျိုနျိုက ငါ့ဆီက လိပ်စာကို... လိုချင်မှန်း ငါမသိလို့ပါ...”

နျိုနျိုလေးက ပြောလိုက်သည်။

“ကိုကိုရှဲ့... သမီးက ကိုကို့လိပ်စာကို လိုချင်တာပေါ့... ကိုကိုက တို့ဖေဖေ့ရဲ့ ကျေးဇူးရှင်ပဲဥစ္စာ... ပြီးတော့ သမီး အရမ်းသဘောကျတဲ့ ကိုကိုကြီးလေ... သမီး ကိုကိုနဲ့... ဆက်ပြီး ဆော့ချင်သေးတယ်...”

ရှဲ့ရှင်းချွမ်းသည် မြို့တော်သို့ ပြန်ရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို တွေးတောမိလေသည်။ သူ စံအိမ်၌ ရှိစဉ်ကလည်း အလွန်စည်းလုံးပြီး သင့်မြတ်လှသော ကုမိသားစုနှင့် နျိုနျိုလေးကို သတိရမိခဲ့ဖူးချေသည်။ သို့သော် သူ ပိုမိုတွေးတောမိသည်မှာ မိမိသည် လှေပေါ်၌ ခဏမျှသာ အတူတူလိုက်ပါခဲ့ဖူးသော လမ်းကြုံတစ်ဦး ဖြစ်ပြီး နျိုနျိုလေးကို အလိုလိုက်ချစ်ခင်ကြသောသူများ အများအပြား ရှိနေကြချေသည်။

နျိုနျိုလေးက မိမိကို တကယ်ပဲ သတိရပါမည်လား၊ ကုမိသားစုဝင်များက မိမိ ဘယ်နေရာ၌ ရှိနေသည်ကို ဂရုစိုက်ပါမည်လားဟူ၍ ဖြစ်ပေသည်။ အဖွားကုက ဘေးနားမှ ဝေခွဲမရစွာဖြင့် မေးလိုက်သည်။

“လူငယ်လေးရှဲ့... တို့အဖွားကြီး မှတ်မိသလောက်တော့... နင့်အိမ်က မြို့တော်မှာ မဟုတ်လား... ဘာလို့ အခု အိမ်မှာမနေဘဲ... အပြင်ကို ပြောင်းလာရတာလဲ...”

ရှဲ့ရှင်းချွမ်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး မည်သို့ရှင်းပြရမည်ကို မသိဘဲ ဖြစ်နေရှာ၏။ အဖွားကုသည် သူ၏ပုံစံကို ကြည့်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။

“တို့ရဲ့ သားလတ်က ပြောဖူးတယ်... နင်က စကားပြောရတာ မကြိုက်ဘူးတဲ့... စကားမပြောချင်ရင်လည်း... မပြောပါနဲ့တော့...”

အဖွားကု၏ ငဲ့ညှာပြီး အလိုက်သိတတ်သော အမူအရာကြောင့် ရှဲ့ရှင်းချွမ်းသည် စိတ်ထဲ၌ အပြစ်မကင်းသလို ခံစားလိုက်ရတော့၏။ သူသည် ကုမင်တာ့ကို ကယ်တင်ခဲ့ဖူးသည်မှာ မှန်သော်လည်း လှေပေါ်၌ ရှိစဉ်အချိန်အတွင်း ကုမိသားစုဝင်များကလည်း သူ့အား အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ပေးခဲ့ကြချေသည်။

ထိုကဲ့သို့သော သေသေချာချာ ဂရုစိုက်မှုမှာ ဟန်ဆောင်ခြင်းမဟုတ်ဘဲ ကုမိသားစု၏ စစ်မှန်သော စေတနာကို ရှဲ့ရှင်းချွမ်း ခံစားသိရှိနိုင်ပေသည်။ အဖွားကုက ဆက်၍ ပြောလိုက်သည်။

“လူငယ်လေးရှဲ့က ဒီအိမ်ကို ဝယ်ချင်တာမှတော့... တို့အဖွားကြီးက နင့်အတွက်... သေချာပေါက် ဈေးလျှော့ပေးရမှာပေါ့...”

အိမ်ခြံမြေပွဲစားလီသည် ထိုလူနှစ်စုမှာ တကယ်ပင် သိကျွမ်းနေကြလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

“ပွဲစားလီ... စိတ်ချပါ... လူငယ်လေးရှဲ့က စစ်သူကြီးရှဲ့ရဲ့ တစ်ဦးတည်းသောသားလေ... သူ မျက်နှာက ဒဏ်ရာတွေကလည်း ကြာလှပြီ... သူ အသက်တစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတာ... ဘယ်ကမှန်းမသိတဲ့ လူဆိုးမဟုတ်ပါဘူး...”

အဖွားကုက အိမ်ခြံမြေပွဲစားလီအား စိတ်အေးစေရန် ပြောပြလိုက်တော့၏။ အိမ်ခြံမြေပွဲစားလီသည် အသက်တစ်ဆယ့်နှစ်နှစ် ဟူသော စကားကို ကြားရသောအခါ အခြားသူများကဲ့သို့ပင် ဆွံ့အသွားရပြီး အရပ်အမောင်း မြင့်မားလှသော ရှဲ့ရှင်းချွမ်းအား စိုက်ကြည့်လိုက်မိလေသည်။

“အသက်တစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတာကို... ငါ့ထက် ခေါင်းတစ်လုံးလောက် ပိုရှည်နေတာပဲ... တကယ့်ကို ထူးဆန်းတာပဲ...”

အိမ်ခြံမြေပွဲစားလီက လေသံတိုးတိုးဖြင့် ပြောလိုက်ချေ၏။ သို့သော် သူသည်လည်း ရိုးသားစွာဖြင့် အတည်ပြုလိုက်သည်။ ရှဲ့ရှင်းချွမ်းမှာ ပြဿနာမရှိကြောင်း သိရှိပြီးနောက် သူက ပြောလိုက်သည်။

“အဖွား စိတ်ချပါ... အချင်းချင်း သိကြတာမှန်ပေမဲ့... ဒီအလုပ် အောင်မြင်သွားရင်... အဖွားကို ပေးရမယ့်ပိုက်ဆံကိုတော့... နည်းနည်းမှ လျှော့မှာ မဟုတ်ပါဘူး...”

အဖွားကုသည် ထိုငွေကို မယူချင်တော့သဖြင့် အိမ်ခြံမြေပွဲစားလီကို ဘေးသို့ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။

“ငါ ဒီပိုက်ဆံကို မယူတော့ဘူး... နင်ပဲ အဲဒီပိုက်ဆံကို ဈေးထဲမှာ သုံးပြီး လူငယ်လေးရှဲ့အတွက် အသုံးဝင်မယ့် ပစ္စည်းအချို့ ဝယ်ပေးလိုက်ပါ... ငါ့အကြောင်းကိုတော့ လုံးဝမပြောနဲ့... အိမ်ရှင်က ပိုက်ဆံမလိုချင်ဘူးလို့ပဲ... ပြောလိုက်နော်... ရမလား...”

အိမ်ခြံမြေပွဲစားလီသည် အဖွားကုနှင့် ရေရှည်လက်တွဲလုပ်ကိုင်ရန် မျှော်လင့်ထားပြီးဖြစ်ရာ ထိုစကားကို ကြားရသောအခါ ငြင်းပယ်ခြင်း မပြုတော့ချေ။

ရှဲ့ရှင်းချွမ်းသည် မိမိ ဝင်ထွက်လိုက်ရုံမျှဖြင့် အိမ်ဈေးနှုန်းမှာ ငွေသုံးဆယ်ကျပ် ချက်ချင်းကျဆင်းသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဤမျှ ကြီးမားသော ပြောင်းလဲမှုကြောင့် စကားပြောခဲလှသော ထိုလူငယ်လေးမှာ ထိတ်လန့်သွားရပြီး မမေးဘဲမနေနိုင် ဖြစ်သွားရရှာ၏။

“အဖွားကု... ဘာလို့ ရုတ်တရက် ဈေးက ဒီလောက်တောင်... သက်သာသွားရတာလဲ... အဖွား ကူညီပြီး ဈေးညှိပေးလို့လား...”

အဖွားကုက ခေါင်းညိတ်ပြလိုက်ပြီး ခါးမှ ရေအိတ်ကို ယူကာ ပြင်းပြင်းထန်ထန် တစ်ငုံ သောက်လိုက်လေသည်။ သူမ ရေသောက်ရင်းနှင့် ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးအဝိုင်းသားဖြင့် ရှဲ့ရှင်းချွမ်းအား စိုက်ကြည့်ကာ မေးလိုက်တော့၏။

“နင်က အစကတည်းက... ဈေးမညှိတတ်ဘူးလား...”

ရှဲ့ရှင်းချွမ်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားရတော့သည်။ အဖွားကုသည် ဤကလေးမှာ စကားပြောပင် မနှစ်သက်သဖြင့် ဈေးနှိမ်ခြင်းကိုလည်း ပြုလုပ်တတ်မည်မဟုတ်ဟု တွေးမိကာ မိမိ၏ ပေါင်ကို လက်ဖြင့်ပုတ်လျက် ပြောလိုက်တော့၏။

“နင်ကတော့ ကလေးရယ်... ဒီလို စရိုက်မျိုးနဲ့ဆိုရင်တော့... နောင်ကျရင် ဘယ်လောက်တောင်... နစ်နာဦးမလဲ မသိဘူး...”

နျိုနျိုလေးကလည်း ရှဲ့ရှင်းချွမ်းကို ဆွဲကာ ပြောလိုက်သည်။

“ကိုကိုရှဲ့... ကိုကို နစ်နာသွားတာကို မြင်ရင်... အဖွားက ကိုကို့ထက်တောင်... ပိုပြီး စိတ်မကောင်းဖြစ်ရတာလေ...”

ရှဲ့ရှင်းချွမ်းသည် နျိုနျိုလေး၏ စကားကို ယုံကြည်လှသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ အဖွားကု၏ မျက်နှာအမူအရာမှာ မိမိကိုယ်တိုင် ငွေအမြောက်အမြား လိမ်လည်ခံလိုက်ရသည့်အလား ဆိုးရွားနေသောကြောင့်ပင်။

အဖွားကုသည် မိမိ၏ ရင်ဘတ်ကို လက်ဖြင့်ထုကာ မတတ်သာဘဲ ညည်းတွားလိုက်တော့၏။

“နင်ကတော့ ကလေးရယ်... ငယ်သေးလို့... ဈေးညှိခြင်းရဲ့ အကျိုးကျေးဇူးကို... လုံးဝမသိသေးဘူး...”

နျိုနျိုလေးက ဘေးနားမှနေ၍ ခေါင်းကို အပြင်းအထန် ညိတ်ပြလျက် အလွန်ပင် ငဲ့ညှာစိုးရိမ်သော အမူအရာ ပြသနေချေသည်။ ရှဲ့ရှင်းချွမ်းသည် မိမိအား အလွန်အမင်း ဂရုစိုက်နေကြသော ဤလူကြီးတစ်ဦးနှင့် ကလေးတစ်ဦးကို ကြည့်ကာ စိတ်ထဲ၌ အပြစ်မကင်းသလို ခံစားလိုက်ရတော့၏။

မိမိသည် တကယ်ပဲ လွန်ကဲသော ကိစ္စရပ်တစ်ခုကို လုပ်ဆောင်မိသွားပြီလားဟူ၍ ဖြစ်ပေသည်။ ဘေးနားရှိ အားလင်နှင့် ရှန်ချန်ဖုန်းတို့မှာလည်း ထိုအချိန်တွင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြရရှာ၏။ ၎င်းတို့တွင်လည်း ဈေးညှိတတ်သော အလေ့အထ လုံးဝမရှိကြသောကြောင့်ပင်။

၎င်းတို့တွင် တော်ဝင်မင်းသမီးကြီးဟူသော မိခင်ရှိသဖြင့် ငွေကြေး လုံးဝမပြတ်လပ်ခဲ့ဖူးချေ။ သို့သော် အဖွားကုက ဈေးညှိချိန်တွင် လူတိုင်းအား လွှမ်းမိုးထားနိုင်သော အမူအရာကို မြင်တွေ့ရသောအခါ ရှန်မောင်နှမနှစ်ဦးသည် အလွန်ပင် ခန့်ညားလှသည်ဟု ထင်မြင်မိကြချေသည်။

အဖွားကုသည် ထိုနေရာ၌ပင် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီး ရဲရင့်သော မျက်နှာပေးဖြင့် ပြောလိုက်တော့၏။

“လူငယ်လေးရှဲ့... နင် ဒီမှာ ဘာပစ္စည်းတွေ ထပ်ဝယ်ချင်သေးလဲ... ငါ နင့်ကို အကုန်လိုက်ဝယ်ပေးမယ်... နင် အသက်သာဆုံး စျေးနှုန်းနဲ့ အကောင်းဆုံးပစ္စည်းကို ရစေရမယ်လို့... ငါ ကတိပေးတယ်...”

All Chapters