အခန်း ၂၆၉
Vol. 27 Ch. 269
အခန်း ၂၆၉ - တစ်ဝက်စီ
ရှဲ့ရှင်းချွမ်းသည် ထိုစကားကို ကြားရသောအခါ ခဏမျှ ကြောင်အမ်းသွားရလေ၏။
အဖွားကုက ဆက်၍ ပြောလိုက်သည်။
“နင်ကလည်း ကလေးရယ်... ကြီးလာရုံနဲ့ မောက်မာလို့ မရဘူးလေ... နင် ဘာလို့ အိမ်ဝယ်ပြီး အပြင်ပြောင်းချင်လဲဆိုတာ... ငါမသိပေမဲ့... လူ့ဘဝမှာ ပိုက်ဆံက အရေးအကြီးဆုံးပဲ... ဘယ်အချိန်မှာ အရေးပေါ် သုံးရမလဲ မသိနိုင်ဘူး... နည်းနည်းပါးပါး ချွေတာနိုင်ရင် ချွေတာရမယ်...”
ရှဲ့ရှင်းချွမ်းသည် အမြဲတမ်း စကားနည်းသောသူ ဖြစ်ပေသည်။ သူသည် ဤကဲ့သို့သော ပွစိပွစိပြောဆိုသံများကို ငြီးငွေ့သင့်သော်လည်း ယခုအချိန်တွင်မူ နားထဲ၌ လုံးဝ မခါးလှဟု ခံစားလိုက်ရတော့၏။
“ကောင်းပါပြီ...”
ရှဲ့ရှင်းချွမ်းက ရုတ်တရက် ပြန်ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ အဖွားကုဘက်က ကြောင်အမ်းသွားရပြန်လေသည်။ အဖွားအိုသည် သတိပြုမိသွားပြီးနောက် ပြောလိုက်သည်။
“လူငယ်လေးရှဲ့... ငါ့ကို စကားများတယ်လို့... မထင်ရင် ရပါပြီ... အပြင်မှာ နေရင် ပိုက်ဆံနည်းနည်း ချွေတာတာပေါ့...”
အိမ်ခြံမြေပွဲစားလီက ရှဲ့ရှင်းချွမ်းကို အိမ်လက်လွှဲရန် ခေါ်ဆောင်သွားပြီး အဖွားကုကမူ အနောက်မှ အမြီးရှည်ကြီးကဲ့သို့ သီးသန့် လိုက်ပါလာကြသော ကလေးအုပ်စုကို ဆွဲကာ အနီးဆုံးလမ်းထဲသို့ ပစ္စည်းဝယ်ရန် လျောက်လှမ်းခဲ့တော့သည်။
“စောင်တစ်ထည်က ဒီလောက်တောင် ဈေးကြီးရလား... နင်တို့ ဓားပြတိုက်နေတာလား... ငွေဒင်္ဂါးနှစ်ပြားပဲ... မရောင်းရင်လည်း နေတော့... ငါ တခြားဆိုင် သွားမယ်...”
အဖွားကုက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ဆိုင်ရှင်သည် ထိုစကားကို ကြားရသောအခါ ချက်ချင်းပင် အော်ဟစ်လိုက်သည်။
“အဘွားကြီးကလည်း…လူအသက်ကို တောင်းနေတာပဲ... ဒီစောင်ရဲ့ အရင်းကတင် ရွှေဒင်္ဂါးနှစ်ပြားထက် ကျော်တယ်... ဘယ်လိုလုပ် ရောင်းလို့ရမှာလဲ...”
အဖွားကုက သူ့ကို စောင်းကြည့်ကာ ပြောလိုက်သည်။
“ငါ့ကို စောင်မချုပ်ဖူးဘူးလို့ ထင်နေတာလား... ဒီပစ္စည်းက ဘယ်လောက်တန်လဲဆိုတာ... သူများတွေမသိပေမဲ့... ငါ မသိဘဲ နေမလား... ငွေဒင်္ဂါးနှစ်ပြားပဲ... ရရင်ရ... မရရင်လည်း သွားကြစို့... တခြားဆိုင် သွားမယ်...”
အဖွားကုသည် ပြောပြီးသည်နှင့် လှည့်ထွက်ခဲ့ရာ တုံ့ဆိုင်းခြင်း လုံးဝမရှိချေ။
“မလုပ်ပါနဲ့... မလုပ်ပါနဲ့...”
ဆိုင်ရှင်က အမြန်ပင် တားဆီးလိုက်ပြီး မျက်နှာပျက်ရရှာလျက် ပြောလိုက်သည်။
“အဘွားရယ်... တို့တွေ ပြန်ပြီး ညှိကြရအောင်...”
အဖွားကု၏ မျက်ဝန်းများ ဝေ့ဝဲသွားပြီး ဘေးနားရှိ ဝါးခြင်းတောင်းတစ်ခုပေါ်သို့ ကျရောက်သွားလေသည်။
“ကောင်းပြီ... ငွေဒင်္ဂါးနှစ်ပြားနဲ့... ဒီစောင်ကို ဝယ်မယ်... ပြီးတော့ ဒီဝါးခြင်းတောင်းကိုပါ... အပိုပေးရမယ်...”
အဖွားကုက ပြောလိုက်သည်။
ဆိုင်ရှင်က ပြောလိုက်သည်။
“အဘွားကြီး... ဘာလို့ ဈေးက ပိုပိုပြီး နိမ့်သွားရတာလဲ... ဒါက အကျပ်ကိုင်တာ မဟုတ်ဘူးလား ...”
အဖွားကုက သူ့ကို စိုက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“တကယ်လို့ ဒီအလုပ်က အဆင်မပြေဘူးဆိုရင်... နင် ငါ့ကို ဒီလောက်အကြာကြီး... ဆွဲထားမှာ မဟုတ်ဘူး...”
ဆိုင်ရှင်သည် မိမိ၏ စိတ်ကူးကို အပြင်သို့ ထင်ရှားစွာ အကဲခတ်ခံလိုက်ရသဖြင့် အဖွားအိုအား မတတ်သာဘဲ လက်ခံလိုက်ရတော့၏။ သူသည် ဤအလုပ်ကို အောင်မြင်လိုသဖြင့် ထိုနေရာ၌ပင် ပြောလိုက်သည်။
“ကောင်းပါပြီ... ကောင်းပါပြီ... အဘွားကြီးရယ်... ငွေဒင်္ဂါးနှစ်ပြားပဲ... ပစ္စည်းယူပြီး မြန်မြန်သွားပါတော့…”
အဖွားကုသည် ပစ္စည်းများကို ယူလိုက်ပြီး နောက်ထပ် ကတိတစ်ခု ထပ်မံပေးအပ်လိုက်ချေသည်။
“ဆိုင်ရှင်က ရိုးသားတဲ့သူပဲ... စိတ်ချပါ... နောက်ကျရင် ငါ နင့်အတွက် အလုပ်တွေ ပိုပြီး မိတ်ဆက်ပေးမယ်... ငါ အမှန်အတိုင်း ပြောပြမယ်... ငါက ပွဲစားတွေကို အိမ်ရောင်းဖို့ ကူညီပေးနေတာလေ... နောက်ဆို ဒီနားမှာ အိမ်ရောင်းရရင်... နင့်ဆိုင်က ပစ္စည်းတွေက ဈေးသက်သာတယ်လို့... ငါ သွားပြောပေးမယ်...”
ဆိုင်ရှင်သည် ထိုစကားကို ကြားရသောအခါ ချက်ချင်းပင် ပြုံးရွှင်သွားပြီး ပြောလိုက်သည်။
“ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့... အဘွားကိုပဲ မျှော်လင့်ရတော့မှာပဲ... အားကိုးပါရစေဦး...”
ဤဆိုင်မှ ထွက်ခွာလာပြီးနောက် အားလင်က ချက်ချင်းပင် မေးလိုက်သည်။
“အဖွားကု... တို့တွေ ဘာပစ္စည်း ထပ်ဝယ်ဦးမှာလဲ... သမီး ကူညီပြီး ဈေးညှိပေးမယ်... သမီး တတ်သွားပြီ...”
ရှန်မောင်နှမနှစ်ဦးသည် ခုနကတင် အဖွားကု၏ ဈေးညှိပုံကို အနီးကပ် မြင်တွေ့ခဲ့ရသဖြင့် ယခုအချိန်တွင် မိမိကိုယ်ကိုယ် အလွန်ထက်မြက်လှပြီဟု ထင်မြင်မိကြလေ၏။
အဖွားကုသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုကလေးနှစ်ဦးစလုံး စမ်းသပ်လိုစိတ် ပြင်းပြနေသည်ကို မြင်သဖြင့် ခေါင်းညိတ် သဘောတူလိုက်တော့သည်။
“သွားစို့ နျိုနျိုလေး... အစ်မနဲ့ ကိုကိုက လူတွေကို ဘယ်လို ဈေးနှိမ်ပြမလဲဆိုတာ... စောင့်ကြည့်လိုက်...”
အားလင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ရှန်ချန်ဖုန်းသည်လည်း ခေါင်းကို မော့ကာ လက်တစ်ဖက်ဖြင့် နျိုနျိုလေးကို ကိုင်လျက် အခြားလက်တစ်ဖက်ဖြင့် အစွမ်းပြမည့်ပုံစံဖြင့် မောက်မောက်မာမာ လျှောက်လှမ်းခဲ့ချေ၏။
“ဒီသံဒယ်အိုးက ဘယ်လောက်လဲ...”
ရှန်ချန်ဖုန်းက မေးလိုက်သည်။
“ငွေဒင်္ဂါးလေးပြား...”
သံဒယ်အိုး ရောင်းသော ဆိုင်ရှင်က ခေါင်းပင်မမော့ဘဲ ပြန်ပြောလိုက်သည်။
ရှန်ချန်ဖုန်းနှင့် အားလင်တို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြပြီး ဈေးညှိခြင်း စည်းကမ်းအတိုင်း ရှန်ချန်ဖုန်းက ဈေးနှုန်းကို တိုက်ရိုက် တစ်ဝက် ဖြတ်ချလိုက်ကာ ပြောလိုက်သည်။
“ငွေဒင်္ဂါးနှစ်ပြားနဲ့... တို့ကို ရောင်းလိုက်တော့...”
အားလင်ကလည်း ထပ်လောင်းပြောဆိုလိုက်သည်။
“ဟုတ်တယ်... ပြီးတော့ ဒယ်ပြားတစ်ခုပါ... အပိုပေးရမယ်...”
သံထည်ဆိုင်ရှင်သည် ထိုစကားကို ကြားရသောအခါမှ ရှန်မောင်နှမနှစ်ဦးကို ခေါင်းမော့ကြည့်လိုက်ပြီး မိမိလက်ထဲမှ ပစ္စည်းများကို စားပွဲပေါ်သို့ အပြင်းအထန် ရိုက်ချလိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။
“ဘယ်က ပြဿနာရှာမယ့် ကလေးနှစ်ယောက် ရောက်လာတာလဲ... သွား... သွား... သွား... မဝယ်ရင် အပြင်ထွက်ကြစမ်း...”
အားလင်နှင့် ရှန်ချန်ဖုန်းတို့သည် သံထည်ဆိုင်ရှင်၏ တံမြက်စည်းဖြင့် မောင်းထုတ်ခြင်းကို ခံလိုက်ရလေသည်။
နျိုနျိုလေးသည်လည်း ၎င်းတို့နှင့်အတူ ဝင်သွားခဲ့ရာ ဤအခြေအနေကို မြင်တွေ့သောအခါ ချက်ချင်းပင် လိမ္မာသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
“ဆိုင်ရှင်ဦးလေး... သမီး ဘာသာ အပြင်ထွက်ပါ့မယ်...”
သံထည်ဆိုင်ရှင်သည် နျိုနျိုလေးမှာ ချစ်စဖွယ်ကောင်းသည်ကို မြင်သဖြင့် ဆူပူရန် မတတ်သာဘဲ ဟန်ဆောင်ပြုံးဖြင့်သာ ပြောလိုက်သည်။
“ကလေးမလေး... နင့်ရဲ့ အစ်ကိုနဲ့အစ်မက... ငတုံးတွေပဲ... သူတို့ကို လုံးဝလိုက်မတုနဲ့နော်...”
နျိုနျိုလေးသည် အနောက်မှ လျှောက်ထွက်လာသောအခါ ရှန်မောင်နှမနှစ်ဦးမှာ လမ်းထောင့်၌ ခေါင်းငုံ့ကာ ရင်ထဲ၌ ဝေခွဲမရစွာ စဉ်းစားနေကြသည်ကို မြင်တွေ့လိုက်ရ၏။
“အတူတူပဲဥစ္စာ... သူက ဘာလို့... လူကို မောင်းထုတ်ရတာလဲ...”
“ဟုတ်တယ်... ဘာလို့ တို့ကို ဒီလောက် အနိုင်ကျင့်ရတာလဲ... တို့မျက်နှာမှာ အရေးအကြောင်းတွေ မရှိလို့လား...”
သာမန်လူတို့၏ ဆင်းရဲဒုက္ခကို လုံးဝမသိရှိကြသော ထိုသခင်လေးနှင့် သခင်မလေးတို့မှာ ၎င်းတို့၏ အဓိကအချက်ကို လုံးဝနားမလည်နိုင် ဖြစ်နေကြချေသည်။
ဤအချိန်တွင် ၎င်းတို့နှစ်ဦးစလုံး ခေါင်းလှည့်ကာ နျိုနျိုလေးအား ကြည့်ရင်း မေးလိုက်သည်။
“ညီမလေး... ဘာလို့လဲ...”
နျိုနျိုလေးသည်လည်း အကြောင်းရင်းကို မသိသဖြင့် ၎င်းတို့အနားသို့ လျှောက်သွားကာ အတူတူ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။
အဖွားကုသည် ထိုကံဆိုးလှသော ကလေးများကို ကြည့်ပြီးနောက် ဆိုင်ထဲသို့ ခေါင်းလှည့်ဝင်သွားခဲ့ပြီး ခဏမျှကြာသောအခါ သံဒယ်အိုးကြီးတစ်လုံးကို သယ်ဆောင်ကာ ထွက်လာခဲ့လေသည်။
ရှန်ချန်ဖုန်းက ချက်ချင်းပင် မေးလိုက်သည်။
“အဖွားကု... ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ...”
အားလင်သည်လည်း မျက်လုံးဝိုင်းကြီးများ ဖွင့်ကာ အဖွားအို၏ အဖြေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေတော့၏။
“သုံးရာခုနစ်ဆယ်...”
အဖွားကုက အလွယ်တကူပင် ပြောလိုက်သည်။
ငွေတစ်ပြားလျှင် တစ်ရာပြား ရှိသဖြင့် အဖွားကု၏ ဈေးနှုန်းမှာ အကြွေစေ့ အနည်းငယ်မျှသာ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ရှန်ချန်ဖုန်းက တိုက်ရိုက်ပင် မေးလိုက်သည်။
“အဖွားကုက ဒီလောက်တော်တာ... ဘာလို့ ပိုက်ဆံ ဒီလောက်နည်းနည်းပဲ... လျှော့နိုင်ရတာလဲ...”
အားလင်သည်လည်း ခေါင်းကို အပြင်းအထန် ညိတ်ပြကာ မျက်နှာပျက်လျက် တိုးတိုးလေး မေးလိုက်သည်။
“အဖွားကု... တို့တွေ အဖွားကို ဒုက္ခပေးမိသွားတာလား... တို့တွေ တစ်ဖွဲ့တည်းဆိုတာ... ဆိုင်ရှင် သိသွားလို့လား...”
အဖွားကုက ခေါင်းခါပြကာ ပြောလိုက်သည်။
“ဒါက နင်တို့နဲ့ ဘာဆိုင်လို့လဲ... သံရဲ့ ဈေးနှုန်းက ရှိပြီးသားလေ... ဈေးညှိရင်တောင်မှ အများကြီး လျှော့ဖို့က... ခက်ခဲတာပေါ့...”
ရှန်ချန်ဖုန်းနှင့် အားလင်တို့သည် ဤအချက်ကို ဘယ်လိုလုပ် တွေးမိပါမည်နည်း။ ၎င်းတို့ ရုတ်တရက် အမြင်လင်းပွင့်သွားကြရော့သည်။
ထိုသို့ဖြစ်စေကာမူ နောက်ထပ်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသောအခါ ထိုမောင်နှမနှစ်ဦးမှာ ဈေးညှိရန် ပြဿနာ ထပ်မရှာရဲကြတော့ချေ။
သို့သော် အဖွားကုက တန်းပြီးပြောလိုက်သည်။
“တစ်ခါတည်းနဲ့ အောင်မြင်မှုရဖို့... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အခက်အခဲကြုံတာက သဘာဝပဲလေ... ပိုက်ဆံချွေတာဖို့က... ဘယ်လွယ်ပါ့မလဲ...”
ရှန်မောင်နှမနှစ်ဦးသည် ထိုစကားကို ကြားရသောအခါမှပြန်လည်တက်ကြွလာကြတော့၏။ ယခုတစ်ကြိမ်တွင်မူ အားလင်သည် ပါးနပ်စွာဖြင့် အဖွားကုအား တိုးတိုးလေး မေးလိုက်သည်။
“အဖွားကု... ဒီဆိုင်က ပစ္စည်းတွေကိုကော... တစ်ဝက် ဖြတ်ချလို့ရမလား...”
အဖွားကုက မရယ်ဘဲမနေနိုင် ဖြစ်သွားကာ ပြောလိုက်သည်။
“နင် စမ်းကြည့်လို့ ရတာပေါ့...”
ရှန်ချန်ဖုန်းသည် အထဲသို့ လျှောက်လှမ်းသွားကာ ဈေးနှုန်းမေးမြန်းလိုက်လေသည်။
“ဈေးကြီးလွန်းတယ်... လျှော့ပေးဦး... ငါးဆယ်ပဲ...”
ရှန်ချန်ဖုန်းသည် ဈေးနှုန်းကို တစ်ဝက်ပင် ဖြတ်ချလိုက်ဆဲ ဖြစ်ပေသည်။
ဆိုင်ရှင်သည် ချက်ချင်းပင် ကျယ်လောင်စွာ ပြောလိုက်သည်။
“အို... သခင်လေးက လူငယ်လည်းဖြစ်ပြီး ပိုက်ဆံမပြတ်လပ်တဲ့ ပုံစံမျိုးပါပဲ... ဘာလို့ တို့ကို လာနောက်နေတာလဲ... ငါ အမှန်အတိုင်း ပြောပြမယ်... နင် လမ်းစကနေ လမ်းဆုံးအထိ လိုက်မေးရင်တောင် ဘယ်သူမှ ဒီဈေးနဲ့ မပေးရဲဘူး... ငါ့မှာ အသက်ရှစ်ဆယ်အရွယ် မိခင်ကြီးနဲ့ ကျွေးမွေးရမယ့် ကလေးတွေ ရှိသေးတယ်... နင်က တို့မိသားစုကို သေတွင်းထဲ... တွန်းပို့နေတာပဲ...”
ဆိုင်ရှင်၏ ပွစိပွစိပြောဆိုနေသော အမူအရာကို ကြားရသောအခါ အားလင်နှင့် ရှန်ချန်ဖုန်းတို့သည် ရင်ထဲ၌ အပြစ်မကင်းသလို ခံစားလိုက်ရတော့၏။
မိမိတို့ ပေးလိုက်သော ဈေးနှုန်းမှာ တကယ်ပဲ လွန်ကဲသွား၍လားဟူ၍ ဖြစ်ချေသည်။
အားလင်သည် ထိုနေရာ၌ပင် ငွေထုတ်၍ မူရင်းဈေးအတိုင်း ဝယ်ယူရန်ပင် တွေးတောမိလေသည်။
အဖွားကုသည် လေပြင်းတစ်ချက်အလား ပြေးဝင်လာခဲ့ပြီး စားပွဲကို အပြင်းအထန် ရိုက်လိုက်ကာ ရက်စက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ရရင်ရ... မရရင်လည်း နေတော့... စကားတွေအများကြီး... လျှောက်မပြောနဲ့...”