အခန်း ၂၇၀
Vol. 27 Ch. 270
အခန်း ၂၇၀ - ကျယ်လောင်သောအသံ
ဆိုင်ရှင်၏ အသံမှာ မည်မျှပင် ကျယ်လောင်စေကာမူ အဖွားကု၏ ကျယ်လောင်သောအသံကိုမူ မမှီနိုင်ချေ။
အဖွားကုသည် အသက်ကြီးလာသဖြင့် နားမှာ သေသေချာချာ မကြားရတော့ဘဲ ပုံမှန်အားဖြင့် အလိုလို အသံကျယ်ကျယ် ပြောဆိုတတ်လေသည်။
ဆိုင်ရှင်သည် တကယ်ပင် အဖွားကု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်ကာ အသံနှိမ့်လျက် ပြောလိုက်သည်။
“ငါ့ရဲ့ စီးပွားရေးအသေးလေးက... ဒီလိုဈေးညှိတာကို... မခံနိုင်ပါဘူး...”
အဖွားကုက ပြောလိုက်သည်။
“ဘာကို မခံနိုင်တာလဲ... တကယ်လို့ မရောင်းချင်ရင်လည်း တို့တွေ တခြားဆိုင် ပြောင်းရုံပဲလေ... နင့်ကို အကျပ်ကိုင်နေလို့လား...”
“ငါ့အိမ်က...”
ဆိုင်ရှင်က ဆက်လက်၍ ညည်းတွားလိုဆဲ ဖြစ်ပေသည်။
အဖွားကုက ထိုနေရာ၌ပင် ပြောလိုက်သည်။
“နင့်အိမ်အကြောင်းကို... ငါဂရုမစိုက်ဘူး... နင်နဲ့ စကားပြောနေဖို့ အချိန်မရှိဘူး... ကလေးတွေ သွားကြစို့...”
ဆိုင်ရှင်သည် ချက်ချင်းပင် ပြဿနာထပ်မရှာရဲတော့ဘဲ ပြောလိုက်သည်။
“ကောင်းပါပြီ... ကောင်းပါပြီ... ရှစ်ဆယ်ပဲ... ရောင်းပါ့မယ်...”
“မဟုတ်ဘူး... ငါးဆယ်ပဲ...”
အဖွားကုက ပြတ်သားစွာ ပြောလိုက်သည်။
ဆိုင်ရှင်က ဆက်လက်၍ ညှိနှိုင်းလိုက်သည်။
“ခုနစ်ဆယ့်ငါးပဲ... ဒီထက်တော့ လျှော့လို့မရတော့ဘူး...”
အဖွားကုသည် မူလက သူနှင့် စိတ်ရှည်စွာ ညှိနှိုင်းလိုသော်လည်း ယခုအခါတွင်မူ ပြတ်သားစွာပင် ပြောလိုက်တော့၏။
“ငါးဆယ်ပဲ... မရောင်းရင်လည်း နေတော့... စကားတွေ လျှောက်မပြောနဲ့...”
ဆိုင်ရှင်မှာ လုံးဝရွေးချယ်စရာ မရှိတော့သဖြင့် ပြောလိုက်သည်။
“အဘွားကြီးက တကယ့်ကို တော်တာပဲ... ငါးဆယ်လည်း ငါးဆယ်ပေါ့... သူငယ်ချင်းအဖြစ်... သတ်မှတ်လိုက်ပါ့မယ်...”
ဤဆိုင်မှ ထွက်ခွာလာပြီးနောက် အားလင်သည် စိတ်ပျက်နေဆဲဖြစ်သော်လည်း ရှန်ချန်ဖုန်းကမူ ဝမ်းသာအားရ ပြောလိုက်သည်။
“တို့တွေ ဝယ်နိုင်ခဲ့ပြီ... တို့လည်း ဈေးညှိတတ်သွားပြီ...”
အားလင်သည် ထိုစကားကို ကြားရသောအခါ ခေါင်းလှည့်၍ ရှန်ချန်ဖုန်းအား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိလေ၏။
ရှန်ချန်ဖုန်းသည် အစိုက်ကြည့်ခံရသဖြင့် ပြောလိုက်သည်။
“ကိုကိုက...”
အဖွားကုက ရှန်ချန်ဖုန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ချန်ဖုန်းပြောတာ မှန်တယ်... ချန်ဖုန်း ကူညီပေးလို့ပေါ့...”
အဖွားကုသည် ထိုမောင်နှမနှစ်ဦး၏ ပြဿနာကို သတိပြုမိသွားပြီး ၎င်းတို့နှစ်ဦးစလုံးမှာ ဈေးညှိချိန်တွင် ယုံကြည်မှု လုံးဝမရှိကြချေ။
“ဒီဆိုင်ရှင်တွေရဲ့ စကားကို လုံးဝမယုံနဲ့... တကယ်လို့ အခြေအနေမကောင်းလို့ မရောင်းချင်ရင်... နင်တို့ကို စကားတွေအများကြီး ပြောနေမှာ မဟုတ်ဘူး... ခုနက သံထည်ဆိုင်လိုမျိုး... တန်းပြီး မောင်းထုတ်လိုက်မှာပေါ့...”
“သူတို့က နင်တို့နဲ့ စကားပြောနေကတည်းက... ညှိနှိုင်းလို့ရမယ့် အခွင့်အရေး... ရှိနေသေးလို့ပဲ...”
အဖွားကုသည် မိမိ၏ အတွေ့အကြုံများကို ရှန်မောင်နှမနှစ်ဦးအား စိတ်ရှည်စွာ လက်ဆင့်ကမ်းပေးနေ၏။ ၎င်းတို့၏ အဆင့်အတန်းအရ ဤကဲ့သို့သော ဗဟုသုတများကို ဘဝတွင် အသုံးချရန် ကြုံခဲလှမည်ဖြစ်ကြောင်း စိတ်ထဲ၌ သိနေသော်လည်း အလေးအနက် သင်ကြားပေးနေခြင်း ဖြစ်ပေသည်။
ရှန်မောင်နှမနှစ်ဦးသည် ပျော်ရွှင်စရာကောင်းသည်ဟု ထင်သဖြင့် သင်ယူကြ၏။ ယခုအခါ အဖွားအိုက သေသေချာချာ သင်ကြားပေးသည်ကို မြင်တွေ့ရသောအခါ အားလုံးက လိမ္မာစွာ နားထောင်နေကြပြီး နျိုနျိုလေးပင်လျှင် အလွန်အလေးအနက် စောင့်ကြည့်နားထောင်နေချေ၏။
နျိုနျိုလေးက ထိုစကားကို ကြားရသောအခါ တိုးတိုးလေး ပြောလိုက်သည်။
“အဘွား... အမှန်စင်စစ်တော့ အဘွားရဲ့ မျက်နှာက ဈေးညှိလို့ ကောင်းတဲ့ပုံစံပဲ... ဆိုင်ရှင်တွေက အဘွားကို မြင်တာနဲ့... ကြောက်သွားကြတာ...”
အဖွားကုက မရယ်ဘဲမနေနိုင် ဖြစ်သွားကာ ပြောလိုက်သည်။
“အဘွားက စိတ်ဆတ်တဲ့သူမို့လို့ပါ... ငယ်ငယ်ကတည်းက ဒီလိုပဲ... နှစ်ပေါင်းများစွာ ဒီအတိုင်းမို့လို့... ပြောင်းလဲလို့ မရတော့ဘူး...”
လောကကြီးက အမျိုးသမီးများအပေါ် အမြဲတမ်း သိမ်မွေ့ယဉ်ကျေးရန် တောင်းဆိုတတ်ပြီး စိတ်ဆတ်တတ်ခြင်းမှာ အမှန်စင်စစ် ကောင်းမွန်သောအရာ မဟုတ်ပေ။
နျိုနျိုလေးက ပြောလိုက်သည်။
“စိတ်ဆတ်တော့လည်း ကောင်းတာပဲလေ... ဘယ်သူမှ အဘွားကို... လာမနိုင်ကျင့်ရဲဘူး... သမီးလည်း အဒေါ်လျူလိုမျိုး ရန်ဖြစ်တတ်အောင်... ပြီးတော့ အဘွားလိုမျိုး ဈေးညှိတတ်အောင်... သင်ချင်တယ်...”
အဖွားကုက ထိုစကားကို ကြားရသောအခါ ချက်ချင်းပင် ပြောလိုက်သည်။
“ဒါကတော့ မဖြစ်ဘူးလေ... သမီးဖေဖေ စာမေးပွဲအောင်ပြီး ကျင်ရှီအရာရှိ ဖြစ်လာရင်... သမီးက အရာရှိသမီးဖြစ်လာမှာ...သခင်မလေးတစ်ယောက်ရဲ့ အမူအရာ... ရှိရမယ်လေ...”
နျိုနျိုလေးက ခေါင်းလေးစောင်းကာ မေးလိုက်သည်။
“သခင်မလေး ဖြစ်သွားရင်... မောက်မာလို့ မရတော့ဘူးလား...”
အဖွားကုမှာမူ ဆွံ့အသွားရတော့၏။
အဖွားကုသည် ခဏမျှ ဘာပြောရမှန်းမသိ ဖြစ်သွားရရှာသည်။
သို့သော် ဘေးနားရှိ တကယ့် သခင်မလေး ဖြစ်သော အားလင်ကမူ ခေါင်းကို ဆက်တိုက်ညိတ်ပြနေလေ၏။
“ဟုတ်တယ်... အဖွားကု... ဗဟုသုတတွေ ပိုရှိတာက ကောင်းပါတယ်... ဘယ်အချိန်မှာ အသုံးဝင်မလဲ... မသိနိုင်ဘူးလေ...”
အဖွားကုသည် အခြေအနေကို တကယ်ပင် ဝေခွဲမရ ဖြစ်သွားရရှာ၏။ သခမင်လေးက အခြားသူများနှင့် ရန်ဖြစ်စကားများသည့် အရည်အချင်းကို သင်ယူချင်နေသည်။
အားလင်က ထပ်မံပြောလိုက်သည်။
“သမီးလည်း သဘောပေါက်သွားပြီ... အဖွားကုရဲ့ အမူအရာက သိပ်မိုက်တာပဲ... ခုနက ပြေးဝင်သွားပြီး ဆိုင်ရှင်နဲ့အတူ စားပွဲကို ရိုက်လိုက်တဲ့အချိန်တုန်းက..သမီးမေမေလို့... ထင်မိသွားတာ...”
အဖွားကုသည် ထိုစကားကို ကြားရသောအခါ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသော်လည်း မကြာမီမှာပင် သူမ၏ အမူအရာကို ပြန်ထိန်းကာ ပြောလိုက်သည်။
“ကလေးရယ်... ဘာတွေလျှောက်ပြောနေတာလဲ... သမီးမေမေက တော်ဝင်မင်းသမီးကြီးလေ... ငါက ကျေးလက်က အဖွားအိုသက်သက်ပါ... ဈေးကွက်ထဲက အရည်အချင်း အနည်းငယ်ပဲ ရှိတာ... ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ...”
အားလင်က ထပ်မံပြောဆိုလိုသော်လည်း အဖွားကု၏ တားဆီးခြင်းကို ခံလိုက်ရချေ၏။
“သမီးက ကလေးပဲ ရှိသေးတာလေ... ဒီလိုစကားတွေ လျှောက်မပြောနဲ့... သူများတွေ ကြားသွားရင်... မကောင်းဘူး...”
အားလင်က ဘာမှထပ်မပြောတော့ဘဲ မေးရုံသာ မေးလိုက်သည်။
“အဖွားကု... ဆိုင်ရှင်က အဖွားကို အဲဒီလောက် ကြောက်တာက အဖွားရဲ့ အမူအရာကြောင့် ဖြစ်မှာပေါ့... သမီးနဲ့ ကိုကိုက ငယ်သေးလို့လား... ကြီးလာရင်ကော... သူတို့ကို အဲဒီလို ကြောက်အောင် လုပ်နိုင်မလား...”
အဖွားကုက ပြောလိုက်သည်။
“သမီးတို့က စိတ်ကောင်းရှိပြီး သူများတွေ နစ်နာသွားမှာကို... အမြဲစိုးရိမ်တတ်လို့ အဲဒီလို ဖြစ်နေတာ... ငါ့နောက်ကိုသာ လိုက်ခဲ့... အရှက်ကွဲမှာကို မကြောက်နဲ့... ဘာပဲဖြစ်ဖြစ် ရောင်းရင်လည်း ဝယ်မယ်... မရောင်းရင်လည်း နောက်ဆိုင်ပြောင်းရုံပဲလေ... တကယ်ဝယ်ချင်တဲ့ ပစ္စည်းဆိုရင်လည်း ဈေးညှိမရရင်... စကားချိုချိုလေးတွေပြောပြီး... ချော့မော့လိုက်ပေါ့...”
အဖွားကု၏ အားပေးမှုကြောင့် ရှန်မောင်နှမနှစ်ဦးသည် သတ္တိများ ပြန်လည်မွေးမြူကာ ဆိုင်တစ်ဆိုင်သို့ ထပ်မံဝင်ရောက်ခဲ့ကြပြန်သည်။
ရေနွေးကြမ်းတစ်ခွက်စာ အချိန်ခန့်အကြာတွင် ၎င်းတို့နှစ်ဦးစလုံး ပျော်ရွှင်စွာ ပြေးထွက်လာကြပြီး နျိုနျိုလေးနှင့် အဖွားကု၏ ဝန်းကျင်၌ ဝမ်းသာအားရ ခုန်ပေါက်နေကြတော့၏။
“တို့တွေ ဝယ်နိုင်ခဲ့ပြီ... အပြည့်အဝကို ဈေးနှိမ်နိုင်ခဲ့တာ...”
ရှန်ချန်ဖုန်း၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။
အားလင်သည်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာလေး နီမြန်းနေကာ ပြောလိုက်သည်။
“ဆိုင်ရှင် အပိုတွေပြောတာကို ငါ လုံးဝနားမထောင်ဘူး... အဘွား သင်ပေးတဲ့အတိုင်းပဲ လုပ်တာ... ငါ သိပ်ခက်ထန်တာပဲ... ကိုကို့ကို ဆွဲပြီး ထွက်သွားဖို့ လုပ်လိုက်တာနဲ့... ဆိုင်ရှင် ထိတ်လန့်သွားပြီး ဈေးချက်ချင်း လျှော့ပေးလိုက်တာ...”
အဖွားကုသည်လည်း ၎င်းတို့နှစ်ဦးစလုံး မိမိကိုယ်တိုင် အောင်မြင်မှုရရှိသွားသည်ကို မြင်တွေ့ရသဖြင့် အလွန်ပင် စိတ်သက်သာရာ ရသွားရတော့၏။
ဘေးနားရှိ နျိုနျိုလေးတစ်ဦးတည်းသာ ရှိနေပြီး ၎င်းတို့အတွက် ဝမ်းသာပေးပြီးနောက် လက်ဗလာ ဖြစ်နေသော ၎င်းတို့နှစ်ဦးအား ကြည့်ကာ မေးလိုက်သည်။
“ဘာပစ္စည်း ဝယ်ခဲ့တာလဲ...”
“ကြေးဇလုံ ဝယ်ခဲ့တာလေ...”
အားလင်က ထိုသို့ပြောပြီးနောက် ရှန်ချန်ဖုန်းအား စိုက်ကြည့်လိုက်လေသည်။
ရှန်ချန်ဖုန်းသည်လည်း အားလင်ကို ကြောင်အမ်းကြည့်လိုက်မိပြီး ပိုက်ဆံသာ ပေးခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးစလုံး စိတ်လှုပ်ရှားလွန်းသဖြင့် ပစ္စည်းယူရန် မေလျော့ခဲ့ကြခြင်း ဖြစ်ပေသည်။
ခဏမျှကြာသောအခါ မောင်နှမနှစ်ဦးစလုံး အနောက်ဘက် မလှမ်းမကမ်းရှိ ဆိုင်ထဲသို့ ပြန်လည်ပြေးဝင်သွားကြတော့၏။
ဆိုင်ရှင်သည် ၎င်းတို့နှစ်ဦး ဇလုံပြန်ယူရန် လှည့်ပြန်လာသည်ကို မြင်တွေ့ရသောအခါ မျက်နှာထက်၌ သနားစရာကောင်းသော အမူအရာ ပေါ်လွင်သွားပြီး ဝတ်ကျေတန်းကျေပင် လိမ်ညာပြောဆိုလိုက်လေသည်။
“ငါ အကြိမ်ကြိမ် လှမ်းအော်သေးတယ်... နင်တို့ မကြားကြတာလေ...”
၎င်းတို့နှစ်ဦး ရွေးချယ်ထားသော ကြေးဇလုံကို ယူဆောင်ကာ ဝမ်းသာအားရ ထွက်ခွာခဲ့ကြလေသည်။
ပစ္စည်းအား အဖွားကုထံသို့ ပေးအပ်လိုက်ရုံမျှဖြင့် အဖွားအိုသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင် ဖြစ်သွားရတော့၏။
“ဒီဇလုံမှာ အပေါက်ပါနေတာပဲ...”
အဖွားကုက ဇလုံကို မြှောက်၍ ကောင်းကင်ဘက်သို့ ကြည့်ရင်း ပြောလိုက်သည်။
မောင်နှမနှစ်ဦးစလုံးမှာ ခွဲခြားတတ်ခြင်း မရှိကြချေ။ ၎င်းတို့ ပစ္စည်းဝယ်ယူစဉ်က သေသေချာချာ မစစ်ဆေးခဲ့ကြသဖြင့် ယခုအခါ ဤမျှထင်ရှားသော အပေါက်ကို မြင်တွေ့လိုက်ရသောအခါ ရှန်ချန်ဖုန်းက အမြန်ပြောလိုက်သည်။
“ဆိုင်ရှင်က သိပ်ယုတ်မာတာပဲ... ကျွန်တော် သူ့ကို သွားရှာမယ်...”
ရှန်ချန်ဖုန်းသည် ဆိုင်ထဲသို့ ပြေးဝင်သွားခဲ့ပြီး မကြာမီမှာပင် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ပြေးထွက်လာကာ ပြောလိုက်သည်။
“သူတို့က လုံးဝဝန်မခံဘူး... ထားလိုက်ပါတော့... ကျွန်တော် တခြားဆိုင်ကနေ နောက်တစ်ခု ထပ်ဝယ်လိုက်ပါ့မယ်... ကျွန်တော်ပဲ ပိုက်ဆံစိုက်လျော်လိုက်မယ်...”
သို့သော် အဖွားကုက ပြောလိုက်သည်။
“မလိုပါဘူး...”
အဖွားအိုသည် ကလေးသုံးဦးကို ဆွဲကာ ဆိုင်ထဲသို့ ထပ်မံပြေးဝင်သွားခဲ့ပြန်သည်။ ဆိုင်ရှင်သည် မူလက ဝန်မခံသော်လည်း အဖွားကုသည် ဤမျှ အနိုင်ကျင့်ရလွယ်သောသူ မဟုတ်ချေ။
“တိုင်မယ်... ငါ အခုပဲ ရုံးတော်ကို သွားတိုင်မယ်... နင် ဒီလို အလုပ်လုပ်တာ... ရုံးတော်က ဘယ်လိုစီရင်မလဲဆိုတာ... စောင့်ကြည့်ကြတာပေါ့...”
အဖွားကုသည် ယနေ့ စားပွဲကို အကြိမ်ပေါင်းများစွာ ရိုက်ခဲ့သဖြင့် ဤအချိန်တွင် သူမ၏လက်များပင် အနည်းငယ် နာကျင်နေရချေ၏။