အခန်း (၃၇၁-၃၇၂)
Vol. 38 Ch. 371-372
အခန်း (၃၇၁) - ဈေးဆစ်ကြမ်းတဲ့ ကိုယ်တော်ချော
ထျန်းလန် နတ်ဘုရားမြို့တော်၏ ဗဟိုချက်မတွင်ရှိသော ကွင်းပြင်ကျယ်သည် ယခုအခါ လူသူလေးပါးဖြင့် အထူးပင် စည်ကားသက်ဝင်လျက် ရှိနေသည်။
ရာသီအလိုက် ကျင်းပမြဲဖြစ်သော ဈေးပွဲတော်ကြီးမှာ အရှိန်အဟုန်ဖြင့် ကျင်းပနေဆဲဖြစ်ရာ အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာကြသည့် ကျင့်ကြံသူများမှာလည်း လှိုင်းလုံးကြီးများပမာ တဖွဲဖွဲ တိုးဝှေ့ဝင်ရောက်လာကြ၏။
လေလံပွဲကြီးသို့ ခြေချခွင့်မသာသည့် တစ်ကိုယ်တော်ကျင့်ကြံသူများသည် သူတို့၏ စိတ်အားထက်သန်မှုအဖြာဖြာကို ဤဈေးပွဲတော်ကြီးဆီသို့သာ ပုံအောထားကြသည်။ အခြားတစ်ဖက်တွင်လည်း လေလံပွဲတက်ရောက်နိုင်သည့် ဂုဏ်သရေရှိ လူကုံထံများပင်လျှင် တစ်ခါတစ်ရံ ဤဈေးတန်းများတစ်လျှောက် လှည့်လည်ကာ ရတနာရှာဖွေတတ်ကြသေးသည်။ ၎င်းမှာ ကံကောင်းပါက အဖိုးတန်ပစ္စည်းဆန်းများကို မမျှော်လင့်ဘဲ ရရှိနိုင်သောကြောင့်ပင် ဖြစ်သည်။
ဈေးပွဲတော်၏ တတိယမြောက်နေ့သို့ ရောက်ရှိလာသောအခါ လူတစ်ယောက်သည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် သမုဒ္ဒရာမြှုပ်အိုးဟု ခေါ်သော အိုးငယ်လေးတစ်လုံးကို လက်ဖြင့် လှုပ်ခါကြည့်နေမိသည်။
“ဒါက ဝိညာဉ်အကာအကွယ်နဲ့ အသေအချာ ချိပ်ပိတ်ထားတာတောင်.... ဒီလောက်ထိ လေးနေတုန်းပါလား...."
သူသည် စိတ်ထဲမှ ရေရွတ်ရင်း အိုးငယ်လေး၏ ထူးခြားလှသော အလေးချိန်ကို လက်ထဲတွင် သိသိသာသာ ခံစားနေရလျက် ရှိသည်။
“ဟေ့လူ.... ဘာကြည့်နေတာလဲ၊ အဲဒါ အကောင်းစား ဝိညာဉ်အသုံးအဆောင်ဗျ၊ ယူမလား”
ဈေးသည်ဖြစ်ပုံရသော လူလတ်ပိုင်းအမျိုးသားတစ်ဦးက သူ့အား လှမ်း၍ မေးလိုက်သည်။
သူက အိုးငယ်ကို လက်မှမချဘဲ “ဒီအိုးထဲက ပစ္စည်းက ဘာအတွက် သုံးတာလဲဗျ” ဟု စိတ်ဝင်တစား ပြန်မေးလိုက်၏။
“ကျုပ်လည်း သေချာတော့ မသိဘူးဗျာ၊ ဒါပေမဲ့ အထဲမှာရှိတဲ့ အရည်သုံးစက်က ကတ္တီပါနက်ဝိညာဉ်ရေကြည် စစ်စစ်တွေဆိုတာတော့ အသေအချာပဲ၊ အများကြီးသာ ရှိရင် လေလံပွဲကိုပဲ ပို့လိုက်မှာ၊ အခုက သုံးစက်တည်းဆိုတော့ နည်းလွန်းလို့ လေလံခတွေနဲ့ မကိုက်လို့ ဒီမှာ လာရောင်းနေရတာ၊ ခင်ဗျားတကယ်ယူမယ်ဆိုရင် ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ ပေးဗျာ”
ဈေးသည်က လက်ညှိုးတချောင်းထောင်ပြရင်း ဈေးခေါ်လိုက်သော်လည်း သူကမူ ခေါင်းကို အသာအယာသာ ခါယမ်းမိလိုက်သည်။
"တစ်စက်ကို ပိဿာတစ်ထောင် လေးတယ်လို့ နာမည်ကြီးပေမဲ့ သုံးစက်တည်းနဲ့တော့ ဘာမှ သုံးစားလို့ ရမှာမဟုတ်ဘူး…. အနည်းဆုံး ဆယ်စက်လောက် ရှိမှသာ ထိရောက်တဲ့ ဖိအားကို ရမှာ…. ဒါက သိပ်ပြီး အသုံးမဝင်လှဘူး"
သူ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ အိုးကို ဖျာပေါ်သို့ ပြန်ချလိုက်ပြီး ထွက်သွားရန် ပြင်လိုက်၏။
ဈေးသည်မှာ ချက်ချင်း မျက်နှာပျက်သွားပြီး….
“ဟိုး.... ဟိုး နေပါဦး အစ်ကိုရဲ့၊ အဲဒီလောက်ကြီးလည်း အလျင်စလို မလုပ်ပါနဲ့ဦး၊ လူအများစုကတော့ တစ်ခါတည်းနဲ့ ဆယ်စက်လုံး ဘယ်ဝယ်နိုင်ပါ့မလဲဗျာ၊ အစ်ကို့အနေနဲ့ ဒီသုံးစက်ကနေပဲ စဝယ်ပြီးတော့မှ နောက်မှ တဖြည်းဖြည်းချင်း ထပ်စုလည်း ရတာပဲ မဟုတ်လား”
လော့ချန် ခြေလှမ်းများကို ရုတ်ခြည်း ရပ်တန့်လိုက်ပြီး သူ၏ မေးစေ့ကို ခပ်ဖွဖွ ပွတ်သပ်ရင်း စဉ်းစားဟန် ပြုလိုက်သည်။
“မင်းပြောတာလည်း ယုတ္တိရှိသားပဲ”
ထို့နောက် ဈေးသည်ဘက်သို့ ပြန်လှည့်ကြည့်ကာ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ဆိုသည်။
“ကောင်းပြီလေ.... အားလုံးပေါင်း ငါးထောင်နဲ့ပဲ ယူမယ်”
ထိုတစ်ကိုယ်တော်ကျင့်ကြံသူ ဈေးသည်ခမျာ မှင်သက်အံ့ဩသွားရတော့သည်။ သူသည် ရောင်းဝယ်ဖောက်ကားရင်း ဈေးဆစ်တတ်သူ အမျိုးမျိုးနှင့် ကြုံဖူးခဲ့သော်လည်း ယခုလို လူမျိုးကိုမူ တစ်ခါမျှ မကြုံဖူးခဲ့ချေ။ မျက်တောင်တစ်ချက်မျှပင် မခတ်ဘဲ ဈေးကို တစ်ဝက်တိတိ ဖြတ်ချလိုက်ခြင်းမှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရသလိုပင် ခံစားလိုက်ရလေတော့သည်။
သူ တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း ပြန်ပြောလိုက်သည်။
“ဒီမယ် အစ်ကို.... ဒါက တတိယအဆင့် ပစ္စည်းလေဗျာ၊ ငါးထောင်ဆိုတာ အရမ်း နည်းလွန်းမနေဘူးလား”
“ဒါဆို မင်းက ဘယ်လောက် လိုချင်လို့လဲ”
လော့ချန်က ခပ်အေးအေးပင် ပြန်မေးလိုက်ပြီးမှ “ဒါပေမဲ့ ငါ ကြိုပြောထားမယ်နော်၊ တစ်သောင်းဆိုရင်တော့ လုံးဝ မတန်ဘူး”
ထိုကျင့်ကြံသူမှာ စိတ်မရှည် ဖြစ်လာကာ….
“ကိုးထောင်ဆိုရင်ကောဗျာ…. တစ်စက်ကို သုံးထောင်နှုန်းပဲ ကျတာလေ၊ အဲဒါကတော့ တကယ့်ကို သင့်တော်တဲ့ ဈေးပါ...."
“တော်ပြီကွာ.... ဈေးက မတန်ဘူးပဲ”
လော့ချန်က စကားအဆုံးတွင် လှည့်ထွက်ရန် ထပ် ပြင်လိုက်ပြန်သည်။
ယခုမူ ရောင်းသူမှာ တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားရတော့၏။ ကတ္တီပါနက်ဝိညာဉ်ရေကြည် ဆိုသည့် အမည်မှာ ဂုဏ်ပုဒ်ကြီးမားလှသော်လည်း ယခုကဲ့သို့ ပမာဏအနည်းငယ်မျှဖြင့်ဆိုလျှင် လက်တွေ့တွင် အသုံးဝင်လှသည်မဟုတ်ပေ။ လေလံပွဲကြီးတွင် သွားရောက်ရောင်းချလျှင်ပင် မည်သူမျှ စိတ်ဝင်စားကြလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် ဤဝယ်သူကို လုံးဝ လက်လွှတ်မခံနိုင်တော့ပေ။
သူ အမြန်ပြေးထွက်လာပြီး လော့ချန်၏ ရှေ့မှ ပိတ်ရပ်လိုက်ကာ
“ကောင်းပါပြီ အစ်ကိုရာ.... အစ်ကိုပဲ ဈေးအပြတ်ပြောလိုက်ပါတော့၊ တကယ့် ယုတ္တိရှိတဲ့ ဈေးမျိုးပဲ ပြောပေးပါဗျာ”
လော့ချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ စဉ်းစားနေသည့်ဟန်ဆောင်လိုက်ရင်း ဆိုသည်။
“အိမ်း.... မင်းကလဲ ရောင်းချင်တယ်၊ ငါကလဲ ဝယ်ချင်တယ်ဆိုတော့ တစ်ယောက်နည်းနည်းစီ ဆုတ်ကြတာပေါ့၊ ကြားဈေး ခုနစ်ထောင်ငါးရာပဲ၊ ရရင်ယူမယ်၊ မရရင်တော့ ထားခဲ့တော့မယ်”
ထိုကျင့်ကြံသူသည် လော့ချန်၏ မျက်နှာကို အကြာကြီး စိုက်ကြည့်နေမိ၏။ လော့ချန်၏ မျက်နှာထားမှာ အေးစက်တည်ငြိမ်နေသည့်အပြင် ဖျာပေါ်ရှိ အိုးကလေးကိုလည်း လိုချင်တောင့်တနေသည့် အရိပ်အယောင်မျိုး စိုးစဉ်းမျှ မပြချေ။
နောက်ဆုံးတွင်မူ ဈေးသည်သည် အံကိုတင်းတင်းကြိတ်လိုက်ပြီး “ကောင်းပြီဗျာ.... ယူ.... ယူ” ဟု ညည်းတွားသလို ဆိုလိုက်တော့သည်။
....
စည်ကားလှသော ဈေးတန်းကြီးထဲတွင် လမ်းလျှောက်နေရင်း လော့ချန်သည် လက်ထဲရှိ သမုဒ္ဒရာမြှုပ်အိုးငယ်လေးကို အသာအယာ မြှောက်ကစားနေမိသည်။ အိုးထဲတွင် အရည် သုံးစက်မျှသာ ရှိသော်လည်း ၎င်း၏ အလေးချိန်မှာ အိုင်တစ်ခုလုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားရသကဲ့သို့ ထူးခြားစွာ လေးလံလွန်းလှပြီး သိပ်သည်းဆမှာလည်း အလွန်ပင် မြင့်မားလှပေသည်။
သူ အတော်လေး ပီတိဖြစ်နေသည်။ နှစ်ရက်တိုင်တိုင် မည်သည့်ကောင်းနိုးရာရာကိုမျှ ရှာမတွေ့ဘဲ အချည်းနှီး လမ်းလျှောက်ခဲ့ရသော်လည်း ယနေ့ အပြင်ထွက်လာပြီး မကြာမီမှာပင် ရှားပါးပစ္စည်းတစ်ခုကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရပြီ မဟုတ်ပါလော။
ကတ္တီပါနက်ဝိညာဉ်ရေကြည်ဟု ခေါ်သည့် ဤအရည်သည် တတိယအဆင့်ရှိ ရေဓာတ်အခြေခံပစ္စည်းတစ်ခု ဖြစ်ပြီး ကျင့်ကြံခြင်းလောကတွင် အလွန်ပင် လူသိများလှပေသည်။ ၎င်း၏ ထူးခြားလှသော သိပ်သည်းဆနှင့် ပြင်းထန်လှသော ချီစွမ်းအင်တို့ကြောင့် ကျင့်ကြံသူတို့က အထူးတလည် တန်ဖိုးထားကြ၏။ ထိုဝိညာဉ်ရေကြည်သည် တစ်စက်လျှင် ပိဿာတစ်ထောင်မျှ လေးလံသည်ဟု ဆိုကြပြီး အကယ်၍ တစ်စုံတစ်ဦးက အစက်ပေါင်းများစွာကို စုဆောင်းကာ အပြည့်အဝ သန့်စင်နိုင်ပါက ထိုသူသည် အဆင့်တူ ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။ ထိုတင်မက အကယ်၍ ၃၆၅ စက်တိတိကိုသာ စုဆောင်းနိုင်ခဲ့လျှင်မူ မြစ်ရေကို ပြောင်းပြန်စီးစေနိုင်ပြီး ရေတံခွန်ကြီးများကိုပင် ဆီးတားနိုင်စွမ်း ရှိလိမ့်မည် ဖြစ်ပေသည်။
သေချာပေါက်ပင် ထိုကဲ့သို့သော တန်ခိုးစွမ်းပကားမျိုးမှာ အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ လှမ်း၍မမီနိုင်သော အရာပင် ဖြစ်၏။ ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူကြီးများသာလျှင် ထိုမျှကြီးမားလှသော အလေးချိန်ကို တိကျသေချာစွာ ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။
လော့ချန်အတွက်မူ သူ၏ ကျင့်စဉ်မှာ မီးနှင့် သစ်သားဓာတ်ကို အဓိကအခြေခံထားသဖြင့် ဤပစ္စည်းမှာ သူကိုယ်တိုင် ကျင့်ကြံရန်အတွက်မူ သိပ်အသုံးမဝင်လှချေ။ အမှန်စင်စစ် သူသည် ဤဝိညာဉ်ရေကြည်ကို မိမိအတွက် ဝယ်ယူခဲ့ခြင်း မဟုတ်ဘဲ တွမ်ဖုန်းအတွက် ရည်ရွယ်၍ ဝယ်ယူခဲ့ခြင်း ဖြစ်ပေတော့သည်။
၎င်းမှာ မှော်ရတနာကို သွန်းလုပ်ရန်အတွက် လိုအပ်နေသော ပင်မကုန်ကြမ်း နှစ်ခုအနက်မှ တစ်ခု ဖြစ်ပေသည်။ ထိုသို့ သွန်းလုပ်ရာတွင် ပစ္စည်းအရေအတွက်ထက် ပိုမိုသန့်စင်မှုနှင့် ပြင်းထန်မှုကိုသာ အဓိက လိုအပ်သဖြင့် တစ်စက်တည်းနှင့်ပင် လုံလောက်လှ၏။ ကျန်ရှိနေသော ဝိညာဉ်ရေကြည် နှစ်စက်မှာလည်း အလကား ဖြစ်သွားမည် မဟုတ်ပေ။ လော့ချန်သည် တွမ်ဖုန်း၏ အခြေတည်အဆင့် အောင်မြင်မှုအတွက် လက်ဆောင်ကောင်းကောင်း တစ်ခုမျှ မပေးရသေးသဖြင့် ဤသည်မှာ အသင့်တော်ဆုံး လက်ဆောင် ဖြစ်လာပေလိမ့်မည်။
တွမ်ဖုန်း ကျင့်ကြံနေသော သမုဒ္ဒရာဖြတ် လှိုင်းလုံးကျမ်းကို လော့ချန် ဖတ်ဖူးရာ ထိုကျမ်းထဲတွင် ရှားပါးလှသော ဝိညာဉ်ရေများကို အသုံးပြု၍ အစွမ်းထက်လှသော တိုက်ကွက်များကို ဖန်တီးနိုင်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့ထဲတွင် ယခု ကတ္တီပါနက်ဝိညာဉ်ရေကြည်လည်း အပါအဝင် ဖြစ်ပေသည်။ အကယ်၍ တွမ်ဖုန်းအနေနှင့် သူ၏ ပညာရပ်ကို တကယ့် အထွတ်အထိပ်သို့ ပို့ဆောင်လိုပါက နောင်တစ်ချိန်တွင် သူကိုယ်တိုင် ဤဝိညာဉ်ရေကြည်ကို ပိုမို စုဆောင်းရပေလိမ့်မည်။
လော့ချန် ကျေနပ်သွားကာ သမုဒ္ဒရာမြှုပ်အိုးလေးကို သူ၏ သိုလှောင်အိတ်ထဲသို့ သေချာစွာ သိမ်းဆည်းလိုက်၏။ သူ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။
သူသည် နောက်သို့ နှစ်လှမ်းခန့် ပြန်ဆုတ်လိုက်ပြီး ဈေးတန်း၏ မှောင်ရိပ်ကျနေသော ထောင့်တစ်ခုရှိ လူကျိတ်ကျိတ်တိုးနေသော နေရာတစ်ခုအား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေမိတော့သည်။
ထို လူပြုံတိုး၍ အကြည့်ခံနေရသော ဖျာခင်းပေါ်တွင် မှော်လက်နက် အသုံးအဆောင် အမြောက်အမြားကို ခင်းကျင်းပြသထားရာ တစ်ခုနှစ်ခုတည်း မဟုတ်ဘဲ ဒါဇင်နှင့်ချီ၍ပင် ရှိနေပေသည်။ ထူးခြားသည်မှာ ထိုပစ္စည်းတိုင်းတွင် အသုံးတော်ခံခဲ့ဖူးသည့် အမှတ်အသားဟောင်းများ၊ ဖုန်မှုန့်ထူထူများ၊ ခြောက်သွေ့နေသော သွေးကွက်များနှင့် စွဲကပ်ညှိတွယ်နေသည့် မိစ္ဆာချီတို့အပြင် ထူးဆန်းလှသော ဓားရာဖြတ်ရာ အမာရွတ်များဖြင့် ပြည့်နှက်နေလေသည်။ ဤသည်ကို ကြည့်ရုံမျှဖြင့်ပင် ထိုမှော်လက်နက်များမှာ သန့်သန့်ရှင်းရှင်း လမ်းမှန် ကမ်းမှန်မှ ရရှိလာခြင်း မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။ ၎င်းတို့ထံမှ သေခြင်းတရားနှင့် အကြမ်းဖက်မှုတို့၏ အနံ့အသက်ဆိုးများ လှိုင်လှိုင်ထွက်နေပြီး စစ်မြေပြင်တစ်ခုခုမှ ကောက်ယူရရှိလာခြင်း သို့မဟုတ် သေဆုံးသွားခဲ့သော ကျင့်ကြံသူများထံမှ ချွတ်ယူလာခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။
ပစ္စည်းတစ်ခုစီ၏ ဘေးတွင် ဈေးနှုန်းများကို သေချာစွာ စာကပ်ထားပြီး ‘ဈေးမဆစ်ရ’ ဟု အထူးတလည် ရေးသားထားသော ဆိုင်းဘုတ်ငယ်တစ်ခုကို တုတ်တချောင်းဖြင့် ကပ်ချည်ကာ ဖျာပေါ်တွင် ထောင်ထားသည်။
လူသူကင်းမဲ့လှသော ထောင့်စွန်းတစ်နေရာတွင် တည်ရှိနေသော်လည်း ထိုနေရာသည် တိတ်ဆိတ်ခြောက်ကပ်မနေဘဲ လူတစု စုရုံးရောက်ရှိနေကြကာ ထိုထူးဆန်းလှသော အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုရင်း လေသံခပ်တိုးတိုးဖြင့် တီးတိုးဆွေးနွေးနေကြ၏။
“ဟေး.... ကြည့်လဲလုပ်ဦး.... အဆင့်မြင့် မှော်လက်နက် တစ်ခုကိုမှ ဝိညာဉ်ကျောက်တုံး တစ်ထောင်ငါးရာတည်းတဲ့လားဗျာ”
လူအုပ်ထဲမှ တစ်စုံတစ်ဦးက မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။
ထိုသို့ ရေရွတ်လိုက်သူမှာ ချီသန့်စင်အဆင့် ၇ မျှသာရှိသေးသော ကျင့်ကြံသူ လူငယ်တစ်ဦး ဖြစ်ပေသည်။ သူသည် သံချေးတက်နေသော ဓားပျံတစ်လက်ကို လိုချင် တပ်မက်စွာဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။
မျက်နှာတွင် အမာရွတ်အထပ်ထပ်နှင့် ဈေးသည်က ထိုသူ့ကို အေးစက်စက် အကဲခတ်ကြည့်လိုက်ရင်း….
“ဒီမယ်.... ဈေးမဆစ်ရဘူးနော်၊ တခွန်းဈေးပဲ၊ လိုချင်ရင် ငွေသာအပြတ်ပေး”
ထိုကျင့်ကြံသူသည် တစ်ချက်မျှပင် တွန့်ဆုတ်မနေတော့ဘဲ ဝိညာဉ်ကျောက်တုံးများကို အမြန်ထုတ်ပေးလိုက်ကာ ထိုဓားပျံကို အလုအယက် ဆွဲယူလိုက်တော့သည်။ ထိုနောက် ချက်ချင်း စမ်းကြည့်သောအခါ အရည်အသွေးမြင့် ဓားပျံတလက်ဖြစ်နေမှန်း သိလိုက်ရသည်။ သို့ဖြစ်ရာ ဝယ်သူ၏ မျက်နှာထက်တွင် ကျေနပ်ပီတိဖြစ်မှုများဖြင့် ဝင်းပလင်းလက်နေတော့သည်။
သံချေးတက်နေသော ဓားကို ရတနာတစ်ခုကဲ့သို့ တန်ဖိုးထားနေသော ထိုသူကိုကြည့်ရင်း ဘေးနားရှိ လူအချို့က လှောင်ပြုံးကလေးများ ပြုံးလိုက်ကြသည်။ အချို့သူများကမူ မနာလိုဝန်တိုစိတ်ဖြင့် မဲ့ရွဲ့ကြည့်နေကြလေသည်။
အမာရွတ် ဈေးသည်က ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ရင်း ခပ်အေးအေးပင် ဆိုလိုက်သည်။
“တချို့က ပစ္စည်းကောင်းတွေဖြစ်ပြီး တချို့ကတော့ အမှိုက် သာသာတွေပဲ၊ အားလုံးက တခွန်းဈေးချည်းပဲ၊ ဈေးမဆစ်ရဘူး၊ ဝယ်ပြီးရင်လည်း ပြန်လဲလို့မရဘူး”
တစ်နည်းအားဖြင့် ပြောရလျှင် ဈေးသည်သည် မည်သည့်အာမခံချက်မျှ ပေးခြင်း မရှိပေ။ အကယ်၍ မိမိတွင် ရတနာအစစ် အတုကို ခွဲခြားသိမြင်နိုင်သော မျက်စိအမြင်ရှိပါက ကံထူးပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ အမှိုက်ကို ရတနာအမှတ်ဖြင့် ဝယ်မိပါကလည်း မိမိ၏ ကံကြမ္မာနှင့် ဆုံးရှုံးမှုသာ ဖြစ်ပေတော့မည်။
သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းခုံခြင်း မပြုကြချေ။ အကြောင်းမူ ကျင့်ကြံခြင်းလောက၏ မှောင်ခိုဈေးကွက်များတွင် ဤကဲ့သို့သော အရောင်းအဝယ်မျိုးမှာ အတော်လေးပင် အတွေ့ရများလှသောကြောင့် ဖြစ်၏။ အချို့သော ကျင့်ကြံသူများသည် ရှုပ်ထွေးမှုမရှိဘဲ ပြတ်သားလှသော ဤသို့သော အရောင်းအဝယ်မျိုးကိုပင် ပို၍ နှစ်သက်ကြသေးသည်။
သို့သော်လည်း ယခုဈေးခင်းတွင် ထူးခြားဆန်းပြားနေသည့် အချက်တစ်ချက် ရှိနေသည်။ ၎င်းမှာ ခင်းကျင်းပြသထားသော ပစ္စည်းအရေအတွက် အလွန်အမင်း များပြားလှခြင်းနှင့် ဈေးသည်ကိုယ်တိုင်မှာ ချီသန့်စင် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းထားနိုင်သူ ဖြစ်နေခြင်းပင်။ ထိုကျင့်ကြံခြင်း အဆင့်အတန်းကပင် သူသည် သာမန် လမ်းဘေးဈေးသည်တစ်ဦး လုံးဝမဟုတ်ကြောင်းကို ကောင်းစွာ သက်သေခံနေပေတော့သည်။
မှော်လက်နက် အတော်များများမှာ သက်တမ်းရင့် ညှိုးမှိန်နေပြီဖြစ်ကာ ဟောင်းနွမ်းလှသော အက်ကွဲကြောင်းများနှင့် ပွန်းပဲ့ရာများ အထင်အရှား ရှိနေကြသည်။ ၎င်းတို့မှာ နှစ်ပေါင်းများစွာ မြေအောက်၌ ပျောက်ကွယ်နစ်မြုပ်နေခဲ့သော ရှေးဟောင်းအပျက်အစီးများ သို့မဟုတ် လူသူမေ့လျော့နေသည့် ဂူသင်္ချိုင်းဟောင်းများထဲမှ တူးဖော်ရရှိလာသည့် အကြွင်းအကျန်များ ဖြစ်ပုံရပေသည်။
လူအုပ်ကြီးကြားထဲတွင် အသာအယာ ရောနှောဝင်ရောက်နေရင်း လော့ချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်အတန်းကို အသေအချာ ဖုံးကွယ်ထားလျက် ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်ကြည့်လိုက်၏။ ထိုစဉ် သူ၏အကြည့်တို့မှာ ဆိုင်၏ အတွင်းဘက်အကျဆုံး၊ ဈေးသည်နှင့် အနီးကပ်ဆုံးနေရာတွင် ခင်းကျင်းထားသော ပစ္စည်း သုံးခုပေါ်၌ ရုတ်ခြည်း ရပ်တန့်သွားရတော့သည်။ တစ်စုံတစ်ခုသော ထူးခြားလှသည့် စွမ်းအင်က သူ၏ အာရုံကို ပြင်းထန်စွာ ဆွဲဆောင်နေခြင်း ဖြစ်၏။
ထိုပစ္စည်းများမှာ ကြေးမုံပြင်တစ်ချပ်၊ ဝိညာဉ်အလံတစ်ခုနှင့် သံလိုက်အိမ်မြှောင်တစ်ခုတို့ ဖြစ်ကြသည်။ ၎င်းတို့အနက် တစ်ခုချင်းစီ၏ ဘေးတွင်မူ လက်ရေးခပ်ကြမ်းကြမ်းဖြင့် ရေးသားထားသော ဈေးနှုန်းများကို မြင်တွေ့ရပေသည်။
‘သုံးသောင်း.... နှစ်သောင်း.... တစ်သောင်းငါးထောင်.... ’
ဤမျှအထိ မိုးပျံမတတ် မြင့်မားလှသော ဈေးနှုန်းများကို ကြည့်ခြင်းအားဖြင့် ထိုပစ္စည်းများ၏ တန်ဖိုးနှင့် အဆင့်အတန်းမှာ သာမန်မဟုတ်ဘဲ အလွန်ပင် ကြီးမားလှကြောင်း သိသာထင်ရှားလှပေတော့သည်။
၎င်းတို့မှာ အခြားမဟုတ်၊ ရှားပါး မှော်ရတနာများပင် ဖြစ်ချေတော့သည်။ ပုံသဏ္ဌာန်အားဖြင့် အတန်ငယ် ပျက်စီးယိုယွင်းနေပုံရသော်လည်း ၎င်းတို့မှာ ဤဖျာပေါ်ခင်းထားသမျှ အားလုံးထဲတွင် အဓိက ရှားပါး ရတနာများဖြစ်ကြကာ လူအုပ်ကြီး စုဝေးတိုးဝှေ့နေရခြင်း၏ ပဓာနအကြောင်းရင်းလည်း ဖြစ်ပေသည်။
သာမန် ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးအဖို့မူ မှော်ရတနာ သုံးခုအထိ တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ပြသထားနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဝေးကွာလှသော ကိစ္စရပ် မဟုတ်ပါလော။
ထိုစဉ်မှာပင်....
လူအုပ်ထဲမှ တစ်စုံတစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွဲလျက် ဒုတ်ထိုးအိုးပေါက် မေးခွန်းတစ်ခုကို ထုတ်မေးလိုက်တော့သည်။
“ဗျို့ ဈေးသည်ကြီး...."
ထိုအသံကား သာမန်ကာလျှံကာ လေယူလေသိမ်းဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
“ခင်ဗျား.... ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ ဂူသင်္ချိုင်းကို သွားဖောက်လာတာတော့ မဟုတ်ပါဘူးနော်”
ဖျာပေါ် ခင်းကျင်းထားသော အနာအဆာဗလပွနှင့် မှော်လက်နက်များကို ကြည့်ခြင်းအားဖြင့် ဤမေးခွန်းမှာ ယုတ္တိရှိလှသည်။
မျက်နှာတွင် အမာရွတ်နှင့် ဈေးသည်က ထိုအာချောင်သူအား အေးစက်စက် ပြန်ကြည့်လိုက်ရင်း....
“ဝယ်ချင်ဝယ်၊ မဝယ်ချင်နေဗျာ၊ ဘာလို့ အာချောင်ပီး အများကြီး မေးနေတာလဲ၊ ဒီပစ္စည်းတွေ ဘယ်ကလာလဲဆိုတာ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
သူသည် ထူးထူးခြားခြား ဒေါသထွက်ပေါက်ကွဲနေခြင်းမျိုး မဟုတ်သော်လည်း သူ၏ စကားလုံးများမှာမူ တုံ့ပြန်ရက်စရာမရှိအောင် ပြတ်သားလွန်းလှပေသည်။ သူ၏ ချီသန့်စင် အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းစွမ်းအားနှင့် ကိုယ်ပေါ်မှ လှိုင်လှိုင်ထွက်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်ဆိုးများက ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီး တစ်ခုလုံးကို ကြောက်ဒူးတုန်ကာ တိတ်ဆိတ်သွားစေရန် လုံလောက်လှပေတော့သည်။
ထိုစဉ် လော့ချန်သည် လူအုပ်ကြားမှ ရှေ့သို့ အသာအယာ တိုးထွက်လာပြီးနောက် ထိုမှော်ရတနာ သုံးခု၏ ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်၏။
“ဟမ်.... ဒီ မှော်ရတနာ သုံးခုစလုံးက.... ဂျိုကျိုး နားရွက်ပဲ့တွေ ဖြစ်နေပါလား...."
သူ တည်ငြိမ်အေးဆေးသော လေသံဖြင့် မေးလိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် သူ၏ ကိုယ်ပေါ်မှ အခြေတည်အဆင့် ချီစွမ်းအင် အငွေ့အသက် အနည်းငယ်ကို ခပ်ဖွဖွ ထုတ်လွှတ်လိုက်လေသည်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်သွားကြကာ ရုတ်ချည်း နောက်သို့ ဆုတ်သွားကြတော့၏။ အခြေတည်အဆင့် ကျင့်ကြံသူကြီးတစ်ဦးက ဤကဲ့သို့သော လမ်းဘေးဈေးတန်းအထိ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာလိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ ကြိုတင်တွေးဆမထားခဲ့ကြပေ။
လော့ချန်၏ ရှေ့မှောက်တွင် ရပ်နေသော အမာရွတ်နှင့် ဈေးသည်မှာလည်း သူ၏ ခက်ထန်လှသော ဟန်ပန်မူရာများ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ သူ၏ မျက်နှာထက်မှ ရန်လိုမှု အငွေ့အသက်များ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး သတိကြီးစွာဖြင့် တရိုတသေ ဖြစ်လာသည်။
သူ တလေးတစားဖြင့် ဆိုသည်။
“ဟုတ်ပါတယ် သခင်လေး.... ဒါတွေက အကောင်းပကတိတော့ မဟုတ်တော့ဘူး.... အဲဒါကြောင့်လည်း ကျွန်တော် လေလံပွဲကြီးဆီ မပို့နိုင်ဘဲ ဒီလို လမ်းဘေးဈေးတန်းမှာပဲ ခင်းကျင်းရောင်းချနေရတာပါဗျာ”
လော့ချန်က မျက်မှောင်ကို ကျုံ့ရင်း မေးလိုက်သည်။
“ဟ.... ဒီလောက် စုတ်ပြတ်သတ်နေမှတော့.... ပြန်သုံးလို့ရပါဦးမလား၊ သုံးလို့ရ မရ မင်း အာမခံပေးနိုင်လား”
ဈေးသည်က ရှောင်လွှဲရန် မကြိုးစားတော့ဘဲ အမှန်အတိုင်းပင် ဝန်ခံလိုက်သည်။
“ကျွန်တော်လည်း အာမခံချက်တော့ မပေးနိုင်ပါဘူး သခင်လေး…. ဒါကတော့ သခင်လေးတို့လို လူကြီးမင်းတွေရဲ့ မျက်စိအမြင်ပေါ်မှာပဲ လုံးဝ မူတည်ပါလိမ့်မယ်”
သူသည် ချီသန့်စင်အဆင့်မျှသာ ရှိသေးသော ဈေးရောင်းသူတဦးသာဖြစ်သည်။ တစ်ချိန်က ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးများ အမြတ်တနိုး အသုံးပြုခဲ့ကြသည့် မှော်ရတနာများ၏ စွမ်းပကားနှင့် တန်ဖိုးအစစ်အမှန်ကို သူကဲ့သို့ လူတစ်ယောက်က တိကျစွာ အာမခံပေးရန်မှာ မဖြစ်နိုင်ပေ။
လော့ချန်သည် အာမခံ မရနိုင်မှန်းသိ၍ ထပ်လေကုန်မခံတော့ဘဲ တည်ငြိမ်အေးဆေးသော လေသံဖြင့်သာ ဆက်၍ မေးလိုက်၏။
“ကဲ ထားလိုက်တော့၊ ဒါပေမဲ့.... ဒီမှော်ရတနာတွေ နာမည်တော့ သိတယ်မလား.... ပြောကွာ”
ဈေးသည်သည် ခဏမျှ တွန့်ဆုတ်နေပြီးမှ....
“ဒီအပြားလေးကတော့ မော်ကွန်းဝင် အစီအရင်အိမ်မြှောင်ပါ သခင်လေး၊ အလံကတော့ ဝိညာဉ်စုအလံလို့ ခေါ်ပါတယ်၊ ဒါပေမဲ့.... ကြေးမုံကတော့...."
သူ စကားကို ခေတ္တမျှ ဖြတ်တောက်ရပ်တန့်လိုက်ပြီးမှ....
“အဲဒါက ဘာတွေ စွမ်းဆောင်နိုင်သလဲဆိုတာကိုတော့ ကျွန်တော်လည်း အမှန်အတိုင်း ပြောရရင် လုံးဝ မသိပါဘူးဗျာ”
လော့ချန်က သူ့အား အနက်အဓိပ္ပာယ်များစွာ ပါသော မျက်ဝန်းများဖြင့် အကြာကြီး စဉ်းစားသလို စိုက်ကြည့်နေမိသည်။ ထိုလူ၏ အနည်းငယ် တွန့်ဆုတ်တုံ့ဆိုင်းသွားသော အမူအရာအား လော့ချန် သတိထားမိသည်။ ထိုအမူအရာမှာ တဒင်္ဂ လှစ်ခနဲသာ ပေါ်လိုက်သော်လည်း ထိုလူသည် တစ်စုံတစ်ခုသော လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားကြောင်း လော့ချန် အာရုံခံမိလိုက်ပြီး ဖြစ်၏။ သို့သော်လည်း ယခုကဲ့သို့သော မှောင်ခိုဈေးကွက်မျိုးသည် ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် စွန့်စားရဲမှုအပေါ်တွင်သာ လုံးဝ မူတည်ပေသည်။ မည်သူကမျှ တစ်ဦးကိုတစ်ဦး ဝယ်ယူရန်ဖြစ်စေ၊ ရောင်းချရန်ဖြစ်စေ အတင်းအကျပ် ဓားမိုး၍ မလုပ်ကြချေ။ ထို့ကြောင့် ဤကိစ္စကို ထပ်မံ၍ ဖိအားပေး မေးမြန်းနေရန် မလိုအပ်တော့ဟု သူဆုံးဖြတ်လိုက်သည်။
“အဲ့ မှန်ချပ် ငါ့ကိုတချက်ပြကွာ.... ခဏလောက် ကြည့်ချင်လို့” ဟု လော့ချန်က တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆိုလိုက်၏။
အကယ်၍ အခြားသော ကျင့်ကြံသူတစ်ဦးဦးသာ ဆိုပါက မျက်နှာတွင် အမာရွတ်နှင့် ဈေးသည်ဖြစ်သူသည် ချက်ချင်းပင် ငြင်းပယ်ပစ်ပေလိမ့်မည်။ သို့သော်လည်း ယခု ရှေ့မှောက်တွင် ရပ်နေသူမှာ အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်နေသဖြင့် သူ မငြင်းဝံ့ချေ။ သူ ရိုသေစွာဖြင့် ထိုမှော်ရတနာ သုံးခုစလုံးကို လော့ချန်ထံ ကမ်းပေးလိုက်လေသည်။
လော့ချန်သည် ဈေးအသက်သာဆုံးဖြစ်သော မော်ကွန်းဝင် အစီအရင်အိမ်မြှောင်မှစတင်၍ စစ်ဆေးကြည့်ရှုလိုက်သည်။ သူသည် မိမိ၏ ချီစွမ်းအင်များကို ထိုအစီအရင်အိမ်မြှောင်ထဲသို့ စမ်းသပ်ထည့်သွင်းကြည့်သော်လည်း မည်သည့် ထူးခြားထင်ရှားသော တုံ့ပြန်မှုမျှ ရှိမလာချေ။
သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ နည်းလမ်းကို ချက်ချင်း ပြောင်းလဲလိုက်သည်။ သူသည် ယခင်က တွမ်ချန်ခွန်းနှင့် ဟော်ဟူတို့၏ သိုလှောင်အိတ်များမှ တားမြစ်ချက်အစီအရင်များကို ဖြည်ချခဲ့စဉ်က အသုံးပြုခဲ့သော နည်းစနစ်များကို အတုယူကာ လက်ဖြင့် ဝိညာဉ်တံဆိပ်တစ်ခုကို လျှင်မြန်စွာ ဖန်တီးလိုက်ပြီး ထိုမှော်ရတနာပေါ်သို့ အသာအယာ ဖိနှိပ်ချလိုက်တော့သည်။
ဝုန်းးး....
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၇၂) - ထူးခြားဆန်းကျယ်သော ကမ္ဘာတစ်ခုတွင် ပိတ်မိသွားခြင်း
မော်ကွန်းဝင် အစီအရင်အိမ်မြှောင်ထံမှ တိုးညှင်းသော တုံ့ပြန်သံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် မှိန်ဖျော့သော အလင်းတန်းများ ဖျာထွက်လာပြီး ရှုပ်ထွေးဆန်းကြယ်သည့် အစီအရင်တစ်ခု ပေါ်ထွက်လာတော့သည်။ တပြိုင်နက်တည်းမှာပင် လော့ချန်၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး တစ်ဝက်တစ်ပျက် ကွယ်ပျောက်လုနီးပါး ဖြစ်သွားရသည်။
သူ စိတ်ဝင်တစားဖြင့် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ စိတ်အာရုံတစ်ခုဖြင့် တံဆိပ်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်လည် အသက်ဝင်လာသည်။
"အဟက်.... မဆိုးဘူးပဲ"
သူ့နှုတ်ခမ်းဖျားတွင် ချိုသာသော အပြုံးတစ်ခု ပေါ်လာပြီး ခပ်နောက်နောက် ရေရွတ်လိုက်သည်။
"နည်းနည်းတော့ ဟာကွက်ရှိသေးတာပေါ့၊ ဒါပေမဲ့ ဒီမှော်ရတနာက အသုံးဝင်တုန်းပဲ၊ အပြည့်အဝသာ အသက်သွင်းနိုင်ရင်.... ထိပ်တန်း မှော်လက်နက်တောင် ဘေးဖယ်ထားလိုက်တော့"
ဆက်လက်၍ ဝိညာဉ်စုအလံကို သူ ကောက်ယူကြည့်လိုက်သည်။ ၎င်းသည် သူ၏လက်ဖဝါးနှင့် ထိတွေ့မိသည်နှင့် တုန်ခါသွားပြီး အနည်းငယ် ပွင့်ဟလာကာ အေးစက်သော အငွေ့အသက်အချို့ကို ထုတ်လွှတ်လိုက်သည်။ ထိုမျှနှင့်ပင် ဤအရာမှာ အသုံးတည့်ကြောင်း အတည်ပြုရန် လုံလောက်လှပေသည်။ သာမန်အလံတစ်ခု မဟုတ်သည်ကတော့ သေချာသည်။
"ဟေ.... ဒီမှန်ချပ်က အေးစက်နေပါလား"
သူ မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်ပြီး လက်ထဲမှ ကြေးမုံပြင်ဟောင်းကို သေချာကြည့်လိုက်သည်။ ကြေးမုံပြင်ဟောင်းကမူ ယခုအချိန်အထိ မည်သည့်တုံ့ပြန်မှုမျှမပြဘဲ နက်နဲတိတ်ဆိတ်နေဆဲ ဖြစ်သည်။ သို့သော် ဈေးသည်က ၎င်းကို သာမန်မှော်ရတနာတစ်ခုကဲ့သို့ ဈေးနှုန်းသတ်မှတ်ရဲခြင်းမှာ မျက်မြင်ထက် ပိုမိုထူးခြားသော အချက်တစ်ခုခု ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။
'ဈေးသည်က တကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် သိရက်နဲ့ မသိချင်ယောင်ဆောင်နေတာလား’
လော့ချန် စိတ်ထဲမှ တွေးတောရင်း ပြုံးမိသွားသည်။
'ဘာပဲဖြစ်ဖြစ်.... ဒီလို ဖုန်တက်နေတဲ့ ပစ္စည်းမျိုးကမှ တကယ့် ရတနာအစစ် ဖြစ်နေတတ်တာမျိုးလေ'
လော့ချန် တိတ်တဆိတ် ချိန်ဆနေစဉ် အနားမှ လူတသိုက်သည် အသက်ပင် ပြင်းပြင်း မရှူရဲဘဲ စောင့်ကြည့်နေကြသည်။
အမာရွတ်နှင့် ဈေးသည်မှာလည်း လော့ချန်၏ မျက်နှာအမူအရာကို သတိကြီးစွာဖြင့် စိုးတထိတ်ထိတ် အကဲခတ်နေမိသည်။ စီရင်ပြား တုံ့ပြန်မှု ပြခဲ့စဉ်တုန်းက သူ အနည်းငယ် အားတက်သွားသေးသည်။ သို့သော် ကျန်ရတနာနှစ်ခုက သိသာသော တုံ့ပြန်မှု မပြတော့သည့်အခါတွင်မူ အားတက်မှုမှ စိုးရိမ်ထိတ်လန့်မှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
သူသည် ရင်ထဲမှ စိုးရိမ်စိတ်ကို မအောင့်နိုင်တော့ဘဲ အသံကိုနှိမ့်ကာ တိုးတိုးလေး ကပ်မေးလိုက်သည်။
"သခင်လေး.... စိတ်ကြိုက် မတွေ့လို့လားခင်ဗျာ"
လော့ချန်က မော့ကြည့်လိုက်ပြီးနောက် မှော်ရတနာသုံးခုစလုံးကို သူ၏သိုလှောင်အိတ်ထဲသို့ အေးအေးဆေးဆေးပင် ကောက်ထည့်လိုက်သည်။
"ငါ ဒီသုံးမျိုးလုံး အကုန်ယူမယ်ကွာ၊ ခြောက်သောင်းငါးထောင် မလား”
သူ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်ရင်း သိုလှောင်အိတ်ထဲသို့ လက်နှိုက်လိုက်သည်။
ထိုပမာဏကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ ချီသန့်စင်အဆင့် ကျင့်ကြံသူများမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသားနှင့် မှင်သက်ကုန်ကြတော့သည်။
အမာရွတ်နှင့် ဈေးသည်ကိုယ်တိုင်ပင်လျှင် ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူသည် ကံစမ်းသည့်အနေဖြင့်သာ ဤမှော်ရတနာများကို ထုတ်ပြထားခြင်းဖြစ်ရာ ဤမျှ မြင့်မားသောဈေးနှုန်းကို မျက်တောင်မခတ်ဘဲ ချက်ချင်း ပေးဝယ်မည့်သူ ရှိလာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိချေ။
ရုတ်တရက်ဆိုသလို မိမိထံသို့ ကျရောက်လာသော လောဘတက်နေသည့် အကြည့်ပေါင်းများစွာကို သူ ခံစားလိုက်ရသည်။ လော့ချန်၏လက်ထဲရှိ ဝိညာဉ်ကျောက်တုံးများ ပြည့်နှက်နေသောအိတ်ကို ကြည့်ရင်း လူအများက မနာလိုခြင်း၊ တွက်ချက်ခြင်းများဖြင့် ဝိုင်းရံလာကြပြီ ဖြစ်သည်။
အမာရွတ်မျက်နှာနှင့် ဈေးသည်မှာ ဒူးတုန်သွားတော့သည်။ ကိစ္စပြတ်တုန်း အမြန်ပြေးမှ ဖြစ်တော့မည်။
"ဟို.... ဟိုလေ သခင်လေး.... ခြောက်သောင်းပဲ ပေးပါတော့၊ ရပါပြီ၊ ခြောက်သောင်းပဲ ပေးပါ"
လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။
‘ဟက်.... ဒီလူက ပါးနပ်သားပဲ’
ဤဈေးရောင်းသူသည် အခြေအနေကို ကြည့်ပြီး ချက်ချင်း နောက်ဆုတ်တတ်သည်မှာ တကယ့်ကို လည်သည် ဆိုရမည်။
လော့ချန်သည် မဟုတ်မခံစိတ်ရှိပုံရကြောင်း၊ ချမ်းသာကြွယ်ဝပြီး အင်အားရှိနေသည့်အပြင် သာမန်ကျင့်ကြံသူ မဟုတ်ကြောင်း သူ ရိပ်မိသွားပုံရသည်။ ထို့ကြောင့်ပင် ဈေးလျှော့ပေးကာ လော့ချန်နှင့် အဆင်ပြေအောင် အမြန်ကြိုးစားနေခြင်း ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး ငါးထောင် လျှော့ပေးသည်ကို လော့ချန်အနေဖြင့် ငြင်းပယ်ရန် အကြောင်းမရှိပေ။
"တယ်အလိုက်သိတာပဲ.... လျှော့ပေးလို့ ကျေးဇူးပဲဟေ့"
သူ မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ ဝိညာဉ်ကျောက်တုံးများကို လမ်းဘေးဈေးသည်ကြီး၏ လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် မှော်ရတနာသုံးခုကို အိတ်ထဲ သေချာသိမ်းဆည်းပြီးနောက် လူအုပ်ကြားထဲတွင် မြူနှင်းများအလား ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
သူ ထွက်သွားပြီး အတော်ကြာမှသာ ရုတ်ချည်း ဆူညံပွက်လောရိုက်သွားတော့သည်။
"အမလေး.... အခြေတည် ကျင့်ကြံသူတွေက ဒီလောက်တောင် ချမ်းသာကြတာလားဗျာ"
"ဟုတ်ပဗျာ.... သူက ဝိညာဉ်ကျောက်တုံး ခြောက်သောင်းကို အကြွေစေ့လေးတွေလိုပဲ မျက်တောင်မခတ်ဘဲ ထုတ်ပေးသွားတာ"
"ဘယ်ကသာ အကုန်လုံး အဲဒီလို မဟုတ်ပါဘူး၊ အခြေတည် ကျင့်ကြံသူ အများစုက ငါတို့ထက် နည်းနည်းပဲ ပိုချမ်းသာကြတာပါ၊ ဒီလောက် ခြောက်သောင်းကို ပေါ့ပေါ့ပါးပါး သုံးနိုင်တယ်ဆိုရင်.... သူက ဂိုဏ်းကြီးတစ်ခုခုရဲ့ တပည့် ဒါမှမဟုတ် အမွေခံတပည့်တောင် ဖြစ်နိုင်တယ်"
"သူ စွမ်းအားတွေကို ဖုံးကွယ်ထားတာ မြင်လိုက်လား…. ချီစွမ်းအင်လှိုင်းလုံးတွေ လုံးဝ ထွက်မလာဘူး…. အဲဒါ ရွှေအမြုတေဂိုဏ်းတစ်ခုခုက တပည့်ပဲ ဖြစ်ရမယ်"
"အားကျလိုက်တာရှင်...."
"ဒါနဲ့.... နေပါဦး…. ဈေးသည်ရော.... ခုနကတင် ဒီမှာ ရှိသေးတာကို"
လူတစုက ဝေ့ဝဲရှာကြည့်လိုက်ကြသော်လည်း အမာရွတ်နှင့် လမ်းဘေးဈေးသည်မှာလည်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ဖျာနှင့် ကုန်ပစ္စည်းများပါ မကျန်တော့ချေ။
ဤမျှကြီးမားသော အရောင်းအဝယ်တစ်ခု ပြုလုပ်ပြီးနောက် လောဘသားများ ပြည့်နှက်နေသော ဤနေရာတွင် ဆက်နေခြင်းမှာ အသက်ဘေးနီးလှကြောင်း သူ ကောင်းကောင်းသိသည်။
'ဘယ်နေမလဲ.... တစ်ယောက်ယောက်က ငါ့ကို လာမလုပ်ခင် အမြန်လစ်ရမှာပေါ့'
ဈေးသည် သည် ထိုသို့တွေးကာ လူမသိသူမသိ အမြန်ထွက်ပြေးသွားခြင်း ဖြစ်သည်။
….
ဈေးတန်းအလယ်နား ပြန်ရောက်သောအခါ လော့ချန်သည် အခြားဈေးသည်များကို ဆက်လက် လှည့်လည်ကြည့်ရှုနေသည်။ အကောင်းပကတိမရှိတော့သော မှော်ရတနာသုံးခုကို တစ်ပြိုင်နက်တည်း ဝယ်ယူခဲ့သော်လည်း သူ၏ စူးစမ်းလိုစိတ်မှာ လျော့ပါးမသွားသေးပေ။
"ကဲ.... နောက်ထပ် ဘာများရှိဦးမလဲ"
သူ ခပ်ပြုံးပြုံးဖြင့် တိုးတိုးရေရွတ်ရင်း လူအုပ်ကြားထဲ တိုးဝင်လိုက်သည်။
ဈေးတန်းသည် အလွန်ပင် ရှည်လျားလှသည်။ မျက်စိတစ်ဆုံးတွင် မှော်လက်နက်များ၊ အဆောင်လက်ဖွဲ့များနှင့် ကုန်ကြမ်းပစ္စည်းများ ရောင်းချနေသော ဆိုင်တန်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် အမြင်ရှိသောသူများအတွက်မူ ဤသို့သော အမှိုက်ပုံကြီးကြားထဲတွင် ရတနာထူးများ ကွယ်ဝှက်နေတတ်ဆဲ ဖြစ်ပေသည်။
ဤသို့ တွေးတောနေသူမှာ လော့ချန်တစ်ဦးတည်းတော့ မဟုတ်ပေ။ လမ်းလျှောက်နေစဉ်အတွင်း လော့ချန်သည် သူနှင့် အလားတူ အခြေတည်အဆင့် ကျင့်ကြံသူများကိုလည်း တွေ့ခဲ့ရသည်။ ၎င်းတို့မှာ ဂိုဏ်းငယ်လေးများမှ လူငယ်လူရွယ်များ သို့မဟုတ် ရှားပါးပစ္စည်းများ လိုက်ရှာနေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြသည်။
အချိန်အတော်ကြာ လှည့်လည်ပြီးနောက် လော့ချန်သည် မှော်ရတနာဟောင်း အချို့ကို ထပ်မံ တွေ့ရှိခဲ့ပြန်သည်။
"ဒီတစ်ခါတော့.... ကြည့်ရတာ မဟန်ပါဘူး”
သူ အသာအယာ ခေါင်းခါလိုက်မိသည်။ ထို့ကြောင့်ပင် ယခုတစ်ကြိမ်တွင်မူ သူ ဝယ်ယူခြင်း မပြုတော့ဘဲ ကျော်ဖြတ်ခဲ့လိုက်တော့သည်။ အကြောင်းမူ ထိုပစ္စည်းများကို ရောင်းချနေသူများမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်နေသည်။
'ကိုယ်တိုင်က အခြေတည်အဆင့် ဖြစ်နေတာတောင် မှော်ရတနာဟောင်းတွေ ထုတ်ရောင်းနေတယ်ဆိုရင်တော့.... ဒါက သူတို့အတွက် သုံးစားမရတော့လို့ပဲ ဖြစ်ရမယ်’
လော့ချန်သည် ၎င်းတို့ထဲမှ နှစ်ခုကို စမ်းသပ်ကြည့်ခဲ့သေးသည်။ ၎င်းတို့၏ အစွမ်းမှာ ထိပ်တန်း မှော်လက်နက်တစ်ခု၏ အစွမ်းထက် တိုက်ကွက်တစ်ခုစာမျှသာ ရှိသည်ကို တွေ့ရသည်။
"ဒါက တာဟဲတုန်းက ရွှီရန်ခယ် သုံးခဲ့တဲ့ ဓားကျိုးနဲ့ သိပ်မကွာလှဘူးပဲ" ဟု သူ ခပ်ပြုံးပြုံးဖြင့် တီးတိုးရေရွတ်ရင်း ခေါင်းခါလိုက်မိသည်။
ရွှီရန်ခယ်သည် သူခိုးဈေး၊ မှောင်ခိုဈေး မျိုးစုံအား ပတ်မွှေရင်း ကျင့်ကြံခြင်းအရင်းအမြစ်များကို စုဆောင်းခဲ့သူ ဖြစ်သဖြင့် သူ၏ဓားမှာလည်း ယခုကဲ့သို့ လမ်းဘေးဈေးသည်များထံမှ ရရှိလာခြင်း ဖြစ်နိုင်သည်ဟု သူယူဆသည်။
"သူလည်း ဒီလိုနေရာမျိုးကနေ အချောင်ဈေးနဲ့ရတာ ထင်ပါရဲ့...."
သူ ခပ်ပြုံးပြုံးဖြင့် တီးတိုးရေရွတ်လိုက်သည်။
ဆန့်ကျင်ဘက်အားဖြင့် လော့ချန် ယခုရရှိခဲ့သော မှော်ရတနာသုံးခုမှာ အဆင့်အတန်းချင်း လုံးဝကွဲပြားလှသည်။ ၎င်းတို့ကို အဆင့်နိမ့် ချီသန့်စင်ကျင့်ကြံသူတစ်ဦးက ရောင်းချခြင်း ဖြစ်သဖြင့် ၎င်းတို့၏ တန်ဖိုးအမှန်သည် ဝယ်ယူသူ၏ ကိုယ်ပိုင်အမြင်အပေါ်တွင်သာ မူတည်နေသည်။
ခေတ္တမျှ စမ်းသပ်ကြည့်ရုံနှင့် မော်ကွန်းဝင် အစီအရင်အိမ်မြှောင် တစ်ခုတည်းနှင့်ပင် ဝိညာဉ်ကျောက်တုံးတစ်သောင်းထက်မက တန်ဖိုးရှိကြောင်း သက်သေပြနေသည်။
'အဲဒီ အစီအရင်အိမ်မြှောင်က မဆိုးဘူး.... တော်တော်လေးအစွမ်းထက်မဲ့ပုံပဲ...."
ကျန်ရှိသော မှော်ရတနာနှစ်ခုအနက် ဝိညာဉ်စုအလံ၏အစွမ်းကို လော့ချန် ခန့်မှန်းမိသော်လည်း ကြေးမုံဟောင်းမှာမူ နက်နဲဆန်းကြယ်နေဆဲ ဖြစ်သည်။
သို့သော် ဈေးသည်က ၎င်းကို မှော်ရတနာတစ်ခုကဲ့သို့ ဈေးနှုန်းသတ်မှတ်ရဲခြင်းမှာပင် ၎င်း၌ ထူးခြားချက်တစ်ခုခု ရှိနေကြောင်း သဲလွန်စပေးနေခြင်းပင် ဖြစ်သည်။
'ဒါဝယ်တာ စွန့်စားလွန်းရာကျတယ်.... ဒါပေမဲ့.... ငါ့မှာ ငွေရှိတာပဲလေ၊ ဒီလောက်တော့ အပျော်သုံးနိုင်ပါတယ်’
ပွဲဈေးတန်းတွင် မှော်လက်နက်များနှင့် မှော်ရတနာဟောင်းများ နေရာအနှံ့တွင် အလွန်အကျွံ ရှိနေသည်မှာ သိသာလှသည်။
အကြောင်းရင်းမှာ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးနှစ်ခုကြားမှ ပဋိပက္ခနှင့် တိုက်ရိုက်ဆက်စပ်နေပေလိမ့်မည်။ သတင်းများအရ ဓားဂိုဏ်းနှင့် တိမ်ပြိုဂိုဏ်းနှစ်ခုလုံးသည် သူတို့၏ အမွေခံတပည့်များကို ထျန်းလန် နတ်ဘုရားမြို့တော်သို့ စေလွှတ်ထားကြသည်ဟု ဆိုသည်။
'သူတို့တွေ ဒီမှာများ လာတိုက်ကြဦးမလား.... တကယ်လို့ တိုက်ကြမယ်ဆိုရင်တော့.... ငါက ရှေ့ဆုံးတန်းကနေ ထိုင်ကြည့်ဦးမှာပဲ’
လော့ချန် သဘောကျစွာ ပြုံးလိုက်ရင်း တွေးမိသည်။ တစ်နေ့လုံး လည်ပတ် ရှာဖွေပြီးဖြစ်သဖြင့် ယနေ့အတွက်မူ အနားယူရန် သူ ဆုံးဖြတ်လိုက်တော့၏။
….
သူ၏ ဂူဗိမာန်သို့ ပြန်ရောက်သောအခါ ယနေ့ရရှိလာသော ရတနာများကို ရှေ့တွင် အစီအရီ ထုတ်ခင်းလိုက်တော့သည်။
ကတ္တီပါနက်ဝိညာဉ်ရေကြည်ကိုမူ မနက်ဖြန်တွင် တွမ်ဖုန်းထံသို့ ပို့ပေးမည် ဖြစ်သည်။ ယခုလောလောဆယ်တွင် သူ၏ အာရုံစိုက်မှုမှာ မှော်ရတနာဟောင်းသုံးခုပေါ်၌သာ ရှိနေသည်။
'ဒီ မော်ကွန်းဝင် အစီအရင်အိမ်မြှောင်က တကယ် ထူးတယ်....’
လော့ချန် စေ့စေ့စပ်စပ် ကြည့်ရှုရင်း တွေးတောနေမိသည်။
“သန့်စင်ဖို့ သိပ်မလိုပေမဲ့ အပြည့်အဝ အသက်သွင်းဖို့အတွက် အစီအရင်တွေနဲ့ အစီအရင်အတတ်ပညာကို ကောင်းကောင်း နားလည်ဖို့ လိုလိမ့်မယ်”
သူသည် နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ဆင်မြန်းရင်း အစီအစဉ်တစ်ခု ဆွဲလိုက်သည်။
"မင်လုံယွီကို အရင် ကြည့်ခိုင်းတာ ပိုကောင်းမယ်၊ သူက အစီအရင်တွေနဲ့ပတ်သက်ရင် ဆရာကြီးဖြစ်နေပြီ.... သူ့မေးပြီးမှ ငါ ကောင်းကောင်းကြီး အသုံးချတော့မယ်”
သူသည် မော်ကွန်းဝင် အစီအရင်အိမ်မြှောင်ကို ဘေးသို့ ဖယ်လိုက်ပြီး အလံကို အာရုံစိုက်လိုက်သည်။
'ဝိညာဉ်စုအလံ တဲ့လား....’
ထိုအမည်က သူ့အား ဝိညာဉ်သန့်စင်အလံကို သတိရစေသော်လည်း ၎င်းတို့၏ အသုံးဝင်ပုံမှာ ကွဲပြားသည်။ တစ်ခုက စုဆောင်းရန်ဖြစ်ပြီး နောက်တစ်ခုက သန့်စင်ရန် ဖြစ်သည်။ သူ ချီစွမ်းအင် ထည့်သွင်းကြည့်သော်လည်း ဘာမှ ထူးခြားမလာပေ။
'ကြည့်ရတာ ဒီရတနာက အကြွင်းမဲ့ သန့်စင်ပြီးမှ သုံးလို့ရမယ့်ပုံပဲ၊ အဲဒါက အချိန်ယူရမှာ.... အင်း အခုလောလောဆယ် ငါ့မှာ အချိန် သိပ်မရှိဘူး’
သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် မျက်လုံးများ အရောင်တောက်သွားသည်။
"ဒါပေမဲ့.... ရှောင်လင်းကို စမ်းခိုင်းကြည့်လို့ ရတာပဲ"
ထိုသို့ စိတ်ကူးရသည်နှင့် သူ ပိုင်မေလင်းကို လှမ်းခေါ်လိုက်ရာ အေးစက်သော ဝိညာဉ်အလင်းရောင်များ ဂူအတွင်း၌ ပြည့်နှက်သွားသည်။
လှပသော မိန်းကလေးတစ်ဦး၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ သူမသည် တဝါးဝါးသန်းရင်း အိပ်ချင်မူးတူး ဖြစ်နေဆဲ ဖြစ်သည်။
"သခင်.... တစ်ခုခု လိုလို့လားဟင်"
ပိုင်မေလင်းသည် သမ်းဝေလိုက်ရင်း လော့ချန်အနီးသို့ လွင့်မြောလာသည်။
"ရော့.... ဒါ မင်းအတွက်"
လော့ချန်က ပြုံးလျက် သူမအား အလံကို ကမ်းပေးလိုက်သည်။
"ဒါက ဘာလဲဟင်"
ပိုင်မေလင်းက အလံကို လှမ်းယူလိုက်သော်လည်း သူမ၏လက်နှင့် ထိလိုက်သည်နှင့် အလံ၏အလေးချိန်ကြောင့် ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ဆွဲချခြင်း ခံလိုက်ရသည်။
"အား.... ဒါက.... ဒါက အရမ်းလေးတာပဲ…."
ထိုမြင်ကွင်းကို ကြည့်ရင်း လော့ချန် မရယ်ဘဲ မနေနိုင်တော့ချေ။
"ဟားဟား.... ဒါက ဝိညာဉ်စုအလံပဲ၊ သေချာ လေ့လာကြည့်ဦး၊ ဒါက မင်းရဲ့ ဝိညာဉ်ကျင့်စဉ်မှာ တိုးတက်မှုရအောင် ကူညီပေးနိုင်လိမ့်မယ်"
သူ ပြောပြောဆိုဆိုနှင့် အလံကို ကောက်ယူကာ ဂူ၏ ထောင့်တစ်နေရာတွင် စိုက်ထားပေးလိုက်သည်။ ပိုင်မေလင်းသည် ပြန်ထလာကာ အလံ၏ဘေးတွင် လွင့်မြောနေရင်း စူးစမ်းလိုစိတ်နှင့် အံ့ဩမှုများဖြင့် ကြည့်နေတော့သည်။
လော့ချန်သည် သူမကို ဂရုမစိုက်တော့ဘဲ စားပွဲပေါ်ရှိ ကြေးမုံပြင်ဟောင်းဆီသို့ အာရုံစိုက်လိုက်သည်။
၎င်းမှာ အိုမင်းဟောင်းနွမ်းနေပြီး သက်တမ်းရင့်နေသည့် အရိပ်အယောင်များ ရှိနေသည်။ ကြေးမုံ၏ ဘောင်ပတ်ပတ်လည်တွင် ငှက်များ၊ ပန်းများ၊ ပိုးမွှားများနှင့် ငါးပုံများကို သိမ်မွေ့စွာ ထွင်းထုထားသည်။ ကြေးမုံပြင်၏ ထောင့်တစ်နေရာမှာမူ တိုက်ပွဲတစ်ခုခုတွင် ကွဲအက်သွားသည့်အလား အပိုင်းအစတစ်ခု လိုအပ်နေသည်။
"နေပါဦး.... ဒါက...."
သူ မျက်မှောင်ကြုတ်ကာ ကြေးမုံကို စေ့စေ့စပ်စပ် ကြည့်ရင်း ရေရွတ်လိုက်သည်။
“ဒီ ကွဲနေတဲ့အပိုင်းက ငါနဲ့ တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲ....”
ဤကြေးမုံပြင်ကို မှော်ရတနာတစ်ခုစာ ဈေးပေးဝယ်ရန် သူ့အား တွန်းအားပေးခဲ့သည့် အဓိကအချက်မှာ ၎င်းနှင့် ထိတွေ့လိုက်သည့်ခဏ၌ ရင်ထဲတွင် ဖျတ်ခနဲ ခံစားလိုက်ရသော ထူးဆန်းသည့် ရင်းနှီးမှုပင် ဖြစ်သည်။
"ဒါက.... ဘာပါလိမ့်.... စဉ်းစားစမ်း"
လော့ချန် မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေမိတော့သည်။
စဉ်းစားနေရင်းနှင့် သူသည် ကြေးမုံပြင်ထဲသို့ ချီစွမ်းအင်များကို ရံဖန်ရံခါ ထည့်သွင်းကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ သူ၏ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာတွင်လည်း ဘာမှ ထူးမလာခဲ့ချေ။
"ဒီလောက်တောင် နက်နဲနေတာလား.... ဟာ...."
ရုတ်တရက် လော့ချန်၏ ဝိညာဉ်မှာ ဖျတ်ခနဲ လှုပ်ခတ်သွားသည်။
သူ၏ လက်ချောင်းများကြားတွင် အနက်ရောင် နယ်ရုပ်တစ်ခု ပေါ်လာသည်။ သူ ထိုထဲသို့ ချီစွမ်းအင် ထည့်သွင်းလိုက်ရာ အနက်ရောင်အလင်းတန်းများ ဖြည်းဖြည်းချင်း ဖြာထွက်လာတော့သည်။
ထိုအလင်းကို တုံ့ပြန်သည့်အလား ကြေးမုံပြင်၏ မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့သော အဝါရောင်အလင်းတစ်ခု ရုတ်တရက် လင်းလက်လာတော့သည်။
အလင်းနှစ်ခု ထိတွေ့သွားသည့်ခဏ၌ ၎င်းတို့မှာ နို့နှင့်ရေကဲ့သို့ပင် တစ်သားတည်း ရောယှက်သွားကြသည်။
လော့ချန် ထိုမြင်ကွင်းကို အံ့ဩတကြီး ကြည့်နေမိသည်။
'စစ်တုရင် နယ်ရုပ်.... '
သူ့မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
'ဒါဆိုရင်.... ဒီကြေးမုံကလည်း နတ်တစ္ဆေတောင်ကြားက လာတာပေါ့’
သူ အံ့ဩမှင်သက်နေစဉ်မှာပင် ပေါင်းစပ်သွားသော အလင်းတန်းမှာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည့် အလင်းအိမ်တစ်ခုအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
ထူးဆန်းပြီး ဆန်းကြယ်လှသော မြင်ကွင်းကြောင့် ပိုင်မေလင်းမှာ လုံးဝ အံ့အားသင့်သွားရသည်။ သူမ ဝိညာဉ်စုအလံကို စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် ဂူအတွင်း၌ ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ရုတ်ချည်း ပြည့်နှက်သွားခြင်း ဖြစ်သည်။
"အာ.... ဒါက ဘာလဲဟင်"
သူမ လန့်သွားလျက် ကြည့်လိုက်သောအခါ လော့ချန်မှာ စားပွဲရှေ့တွင် ထိုင်နေရင်း သူ၏တစ်ကိုယ်လုံးမှာ မှိန်ဖျော့သော အလင်းတန်းများဖြင့် လွှမ်းခြုံခံထားရသည်ကို မြင်လိုက်ရသည်။
သူမသည် နေရာမှာတင် ရပ်တန့်သွားပြီး လှပသော မျက်ခုံးလေးများမှာ စိုးရိမ်မှုကြောင့် တွန့်ကွေးသွားရသည်။
'သခင်.... ဘာဖြစ်တာလဲ မသိဘူး’
သူမ ရင်တထိတ်ထိတ်ဖြင့် သတိကြီးစွာထားကာ တစ်လှမ်းချင်း အနားသို့ တိုးကပ်သွားလိုက်တော့သည်။
"သခင်.... သခင်…."
သူမ အသံကိုနှိမ့်ကာ တိုးတိုးလေး ခေါ်လိုက်သည်။ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ဘေးတွင် အသာအယာ လွင့်မြောရင်း မျက်နှာရှေ့၌ လက်ကို ဝှေ့ယမ်းပြကြည့်သော်လည်း လော့ချန်ကမူ မလှုပ်မယှက် ကျောက်ရုပ်ပမာ ရှိနေဆဲ ဖြစ်သည်။ သူ၏ အသက်ရှူသံမှာလည်း ရပ်တန့်နေသလို ရှိနေပြီး မျက်လုံးများမှာမူ နက်ရှိုင်းသော စိတ်အာရုံစုစည်းမှုတစ်ခု သို့မဟုတ် အိပ်မွေ့ချခံထားရသည့်အလား တင်းတင်းစေ့ပိတ်ထားတော့သည်။
ထို့နောက် ရုတ်တရက်ကြီး ပိုင်မေလင်း၏ ခေါင်းမှာ ကြောက်မက်ဖွယ်ရာ အသံတစ်ချက်နှင့်အတူ ဘေးဘက်သို့ ချာလည် လည်ထွက်သွားတော့သည်။ သူမ၏ ဝိညာဉ်မျက်လုံးများမှာ ကြေးမုံပြင်ဟောင်းဆီသို့ စူးစူးစိုက်စိုက် ကြည့်နေမိသည်။
"အာ...."
ကြေးမုံပြင်၏ အတွင်းဘက်ဝယ် ရင်းနှီးလှသော ပုံရိပ်တစ်ခုမှာ တဖြည်းဖြည်းချင်း မျက်လုံးများကို ဖွင့် ဟ လာနေလေပြီ။