← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃) - ဒဏ္ဍာရီများ၏ မြစ်ဖျားခံရာ

လွန်ခဲ့ပြီးသော ကမ္ဘာဦးကာလ ဒဏ္ဍာရီများထဲတွင် ဤမြေကမ္ဘာကို တောင်နှင့် သမုဒ္ဒရာဟု ခေါ်ဆိုခဲ့ကြသည်။ ကောင်းကင်အမိုးအောက်ဝယ် အဆုံးမရှိ သွယ်တန်းနေသည့် မိုးထိတောင်စဉ်တောင်တန်းကြီးများနှင့် အနားသတ်မဲ့ ကျယ်ပြောလှသော သမုဒ္ဒရာတို့သည် တလက်လက် တောက်ပနေခဲ့ကြ၏။ ထိုစဉ်က သဘာဝတရားကြီး၏ ရင်ခွင်ကျယ်ကြီးထဲတွင် လူသားတို့ ခြေချခြင်းမရှိသေးဘဲ ဝိညာဉ်သက်ရှိများနှင့် မိစ္ဆာနတ်ဆိုးများသာ လွတ်လပ်စွာ အုပ်စိုး စိုးစံခဲ့ကြသည်။

ထိုအထဲမှ တန်ခိုးအရာ၌ ထိပ်ဆုံးသို့ ရောက်ရှိသူများသည် ကောင်းကင်ယံ၌ ဝဲပျံနိုင်သလို၊ မြေအောက်အနက်ရှိုင်းဆုံးအောက်ခြေအထိလည်း စိမ့်ဝင်နိုင်ကြသည်။ ၎င်းတို့၏ လက်ဖျောက်တစ်ချက်တီး စွမ်းအားသည် တောင်ကြီးများကို ပြိုလဲစေနိုင်ပြီး သမုဒ္ဒရာရေပြင်ကိုပင် ကမောက်ကမ ဖြစ်သွားစေနိုင်၏။ သို့သော် အားနွဲ့သော သက်ရှိငယ်လေးများကမူ စွမ်းအားပြိုင်ဆိုင်မှု ဘေးဒဏ်များနှင့် ဝေးရာ သာယာလှသော တောင်ကြားလျှိုမြောင်များနှင့် သစ်တောစိမ်းများထဲတွင် စိုးရိမ်ကြောင့်ကြမှု ကင်းမဲ့စွာဖြင့် အေးချမ်းစွာ ရှင်သန်နေထိုင်ခဲ့ကြလေသည်။

ထိုခေတ်ဦးကာလက လူသားတို့သည်လည်း ဤမြေကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ခဲ့ကြဖူး၏။ သို့ရာတွင် အစောပိုင်းကာလများ၌မူ ဝေးလံခေါင်ဖျားလှသော အရပ်ဒေသများတွင် မျိုးနွယ်စုအလိုက် ဖရိုဖရဲ ကွဲလွင့်လျက် အထီးကျန်စွာ အခြေချ နေထိုင်ခဲ့ကြရုံမျှသာ ဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံခြင်းပညာမှာ နိမ့်ပါးလွန်းလှသဖြင့် ကျယ်ပြောလှသော ဤလောကကြီးထဲတွင် လူသားတို့၏ တည်ရှိမှုသည် အလွန်ပင် အားနွဲ့လှပြီး မပြောပလောက်သော အဆင့်တွင်သာ ရှိခဲ့လေသည်။

သို့သော်လည်း ရှေးဟောင်းခေတ်ဦးကာလသို့ ရောက်ရှိလာချိန်တွင်မူ အရာအားလုံးသည် တစ်ဆစ်ချိုး စတင်ပြောင်းလဲခဲ့တော့၏။

လူသားမျိုးနွယ်တို့သည် တစ်ဟုန်ထိုး ထွန်းကားလာခဲ့ပြီး ပါရမီထူးချွန်သည့် ထိပ်သီးကျင့်ကြံသူများမှာလည်း တစ်ဦးပြီးတစ်ဦး လျင်မြန်စွာ ပေါ်ထွက်လာခဲ့ကြသည်။ ရွှေအမြုတေအဆင့်နှင့် ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူ အမြောက်အမြား ထွက်ပေါ်လာခဲ့ရုံမျှမက အချို့ဆိုလျှင် သေမျိုးတို့၏ ကန့်သတ်ချက်ကိုပင် ချိုးဖျက်ကာ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် အင်အားအလုံးအရင်း ရုတ်ချည်းတိုးတက်လာသောအခါ လူသားတို့၏ နယ်ပယ်သည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး ယခင်က မချဉ်းကပ်ဝံ့ခဲ့သော နတ်ဆိုးမိစ္ဆာတို့၏ နယ်မြေနက်များထဲအထိပင် အတင်းအဓမ္မ တိုးဝင်ကျူးကျော်လာခဲ့ကြလေတော့သည်။

နှစ်ပေါင်း ထောင်နှင့်ချီ၍ မနားမနေ ရုန်းကန်ကြိုးစားခဲ့ကြပြီးနောက် နောက်ဆုံးတွင်မူ လူသားမျိုးနွယ်တို့သည် တောင်နှင့် သမုဒ္ဒရာ လောကတစ်ခုလုံးကို အကြွင်းမဲ့ စိုးမိုးအုပ်ချုပ်နိုင်ခဲ့ကြလေသည်။

ထိုအောင်နိုင်မှုဖြင့် အလယ်ပိုင်းဒေသကြီးကို ဗဟိုပြု၍ မဟာနယ်မြေကြီးလေးခုကို ပိုင်းခြားသတ်မှတ်လိုက်လေသည်။ ၎င်းတို့မှာ အရှေ့ပိုင်းလွင်ပြင်၊ တောင်ပိုင်းနယ်စပ်ဒေသ၊ အနောက်ဘက်သဲကန္တာရနှင့် မြောက်ဘက်ပင်လယ်ပြင်တို့ပင် ဖြစ်ကြသည်။

ဤသို့ဖြင့် ကြီးကျယ်ခမ်းနားလှသော နယ်မြေကြီးငါးခုကို အောင်မြင်စွာ တည်ထောင်ပြီးစီးသွားချိန်တွင် လူသားမျိုးနွယ်၏ ပညာရှိအကျော်အမော်ကြီးများသည် ခေတ်သစ်တစ်ခု၏ အာရုံဦးအလင်းတန်း စတင်ပြီဖြစ်ကြောင်း လောကတစ်ခွင်သို့ ကြေညာမောင်းခတ်ခဲ့ကြသည်။ အဆိုပါခေတ်သစ်ကို တောင်နှင့်သမုဒ္ဒရာများခေတ်ဟု ကမ္ပည်းတင်ခဲ့ကြပြီး ထိုနှစ်ကိုလည်း တောင်နှင့်သမုဒ္ဒရာ ပြက္ခဒိန်၏ ပထမဆုံးနှစ်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူခဲ့ကြလေတော့သည်။

ထိုနေ့ရက်မှစ၍ အချိန်ကာလတို့သည် လျင်မြန်စွာ စီးဆင်းနေသော မြစ်ရေတစ်စင်းကဲ့သို့ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ နှစ်ပေါင်းသုံးထောင်ဟူသော သက်တမ်းသည်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

ထိုနှစ်ပေါင်း ထောင်ချီကာလအတွင်း လူသားကျင့်ကြံသူများသည် နယ်မြေချဲ့ထွင်ရေး စစ်ပွဲများကို တစ်ရက်မျှပင် ရပ်နားခဲ့ကြခြင်း မရှိပေ။ ၎င်းတို့၏ ဩဇာအာဏာ စက်ဝန်းမှာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး အရှေ့ပိုင်းလွင်ပြင်မှ နယ်မြေငယ်ပေါင်း ၃၅ ခုကို ခွဲထုတ် သိမ်းပိုက်နိုင်ခဲ့သလို၊ တောင်ပိုင်းနယ်စပ်ဒေသရှိ တောင်တန်းပေါင်း ၁၈၇ ခုကိုလည်း မြေပုံညွှန်း ရေးဆွဲနိုင်ခဲ့ကြသည်။ ထို့ပြင် မြောက်ဘက်ပင်လယ်ပြင်၏ နယ်နိမိတ်ကိုလည်း ယမမင်းတို့၏ ဝင်ရိုးစွန်းအစွန်အဖျား နယ်မြေများအထိ ရောက်ရှိအောင် ချဲ့ထွင်နိုင်ခဲ့ကြ၏။

လွန်ခဲ့သော နှစ်ပေါင်းလေးရာခန့်ကမူ အရှေ့ပိုင်းလွင်ပြင်၏ ပိုးပန်းပင်နယ်မြေအတွင်းရှိ အင်အားကြီး ဂိုဏ်းကြီးတစ်ခုမှ ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းနိုင်သည့် ပါရမီရှင် ကျင့်ကြံသူတစ်ဦးကို နောက်ဆုံးတွင် မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုအခါ ၎င်းတို့သည် မိမိတို့၏ နယ်မြေငယ်လေးအတွင်း၌သာ ကျေနပ်တင်းတိမ်မနေနိုင်တော့ဘဲ နယ်မြေအသစ်များကို အလုံးအရင်းဖြင့် ကျူးကျော်သိမ်းပိုက်မည့် စစ်ပွဲကြီးတစ်ခု ဆင်နွှဲရန် အားခဲတောင်းဆို လာခဲ့ကြလေတော့သည်။

ထိုဂိုဏ်းမှာ အခြားမဟုတ်၊ ကျောက်စိမ်းအိုးဓားဂိုဏ်းပင် ဖြစ်တော့သည်။

၎င်းတို့သည် အရှေ့ပိုင်းလွင်ပြင်၏ သန့်ရှင်းသောမြေမြတ်ကို သက်သေအရာ၌ ထားရှိပြီး ပိုးပန်းပင်ဂိုဏ်း၏ ကျောထောက်နောက်ခံပြုမှုဖြင့် အခြားသော အင်အားကြီးအဖွဲ့အစည်းများဖြစ်သည့် ဆေးဘုရင်ဂိုဏ်း၊ နတ်ဘုရားမှော်စာရွက်ဂိုဏ်း၊ ဓာတ်ကြီးငါးပါးဂိုဏ်းနှင့် ပျံလွှားဂိုဏ်းတို့၏ ထောက်ခံမှုကို လျင်မြန်စွာ ရရှိခဲ့ကြ၏။ ထိုသို့ဖြင့် အင်အားကြီးမားလှသော အဆိုပါ ဂိုဏ်းများကို စုပေါင်း၍ ခြောက်ဂိုဏ်း မဟာမိတ်ဟု လောကတစ်ခွင် လူသိများလာခဲ့သည်။

ထို့ပြင် နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်ကို ရှေးရှုကြသော ရွှေအမြုတေအဆင့် ဂိုဏ်းပေါင်းများစွာသည်လည်း ထိုကျူးကျော်စစ်ပွဲကြီးတွင် ပါဝင်ဆင်နွှဲရန် ကတိသစ္စာ ပြုခဲ့ကြလေသည်။ ၎င်းတို့အထဲတွင် တိမ်ပြိုဂိုဏ်း၊ ဟောက်ရန်ဂိုဏ်း၊ မင်ဟွမ်ဓားဂိုဏ်း၊ ရေခဲခံတပ်၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းတို့အပြင် အခြားသော ရွှေအမြုတေအဆင့်ရှိ အစွမ်းထက် ဂိုဏ်းပေါင်း တစ်ဆယ်ကျော်မျှ ပါဝင်ပတ်သက်နေခဲ့ကြသည်။

ဤသို့ဖြင့် သမိုင်းကမ္ပည်းတင်ကျန်ရစ်မည့် ကြီးမားလှသော စစ်ပွဲကြီး စတင်ဖြစ်ပွားခဲ့လေတော့သည်။

၎င်းတို့၏ အဓိကပစ်မှတ်မှာ လျန်ရှားတောင်တန်း ဖြစ်ပြီး ထိုစစ်ပွဲကြီးကို နောက်ပိုင်းသမိုင်းမှတ်တမ်းများတွင် "ဂိုဏ်းတစ်ဆယ့်ခြောက်ဂိုဏ်း ပူးပေါင်း၍ လျန်ရှားကို တိုက်ခိုက်ခြင်း" ဟု အမည်ကမ္ပည်း တင်ခဲ့ကြ၏။

ရှည်လျားလှသော တိုက်ပွဲများအဆုံးတွင်မူ အောင်ပွဲဆွတ်ခူးနိုင်ခဲ့ကြသည်။

ထိုအောင်ပွဲကြောင့် အရှေ့ပိုင်းလွင်ပြင်ရှိ နယ်မြေငယ် အရေအတွက်သည် ၃၅ ခုမှ ၃၆ ခုအထိ တိုးပွားသွားခဲ့ပြီး နယ်မြေအသစ်ကိုလည်း ကျောက်စိမ်းအိုးနယ်မြေဟု သမုတ်ခဲ့ကြသည်။ ၎င်းသည် အရှေ့ဖျားဒေသရှိ ဩဇာကြီးမားလှသော နယ်မြေကြီးခြောက်ခုအနက် တစ်ခုအဖြစ်သို့လည်း ပါဝင်လာခဲ့သည်။

သို့ရာတွင် အောင်ပွဲဟူသည် ကြီးမားလှသော ပေးဆပ်မှုများနှင့်အတူ ဒွန်တွဲ၍ ရောက်ရှိလာခြင်း ဖြစ်ပေသည်။

စစ်ပွဲကြီးအတွင်း ပါဝင်ဆင်နွှဲခဲ့ကြသည့် ရွှေအမြုတေအဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းအနက် လေးဂိုဏ်းခန့်မှာ အမြစ်ပြတ်လုနီးပါး ချေမှုန်းဖျက်ဆီးခြင်း ခံခဲ့ရ၏။ ထိုသို့ သမိုင်းကွယ်ပျောက်လုနီးပါး ပျက်စီးသွားခဲ့ရသည့် ဂိုဏ်းများထဲတွင် နတ်တစ္ဆေတောင်ကြားဂိုဏ်းလည်း အပါအဝင် ဖြစ်ခဲ့လေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ၎င်းမှာ ပါဝင်ခဲ့သော ဂိုဏ်းများထဲတွင် အင်အားအကြီးဆုံး ဂိုဏ်းတစ်ခု ဖြစ်နေခြင်းပင် ဖြစ်သည်။ ထိုဂိုဏ်း၏ အကြီးအကဲမှာ ရွှေအမြုတေအဆင့် အထွက်အထိပ်သို့ ရောက်ရှိနေပြီး ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ၎င်းတို့၏ အစီအရင် ပညာရပ်ဆိုင်ရာ အမွေအနှစ်မှာ လောကတစ်ခွင် ကျော်ကြားလှပြီး သူတို့ ဖန်တီးထားသော မှော်ရတနာများကို ကျင့်ကြံသူတိုင်းက လိုချင်တပ်မက်ကြ၏။

မိစ္ဆာချုပ်နန်းဆောင်၊ စစ်တုရင် နယ်ရုပ်နှင့် ဝူရွှမ်းဓားတို့မှာ ၎င်းတို့၏ လက်ရာမွန်များ ဖြစ်ကြသည်။

ထိုကျော်ကြားလှသော ရတနာများထဲတွင် သာမာန်လူများအကြား နာမည်မကြားဖူးသော်လည်း ရွှေအမြုတေအဆင့် ဂိုဏ်းပေါင်းများစွာက လျှို့ဝှက်စွာ လိုချင်နေကြသော ရတနာတစ်ခုလည်း ရှိနေသေးသည်။

၎င်းမှာ နတ်မိစ္ဆာနှလုံးသားကြေးမုံပင် ဖြစ်တော့သည်။

ထိုအရာမှာ အဆင့်နိမ့် မှော်ရတနာ တစ်ခုမျှသာ ဖြစ်သည်။ ၎င်းတွင် တိုက်စစ်စွမ်းရည် မရှိသလို၊ ခံစစ်စွမ်းရည်လည်း မရှိပေ။ ထို့ပြင် အစီအရင်များကို မြှင့်တင်ပေးနိုင်ခြင်းလည်း မရှိချေ။ သို့သော်လည်း အမည်မသိ ထူးဆန်းသော အကြောင်းရင်းများကြောင့် ၎င်းတွင် ထူးခြားဆန်းကြယ်လှသည့် စွမ်းပကားတစ်ခု ကိန်းအောင်းနေခဲ့သည်။

ထို စွမ်းပကားသည် အခြားမဟုတ်။ ကျင့်ကြံသူများကို ရွှေအမြုတေအဆင့်သို့ ရောက်ရှိအောင် ကူညီပေးနိုင်ခြင်းပင်ဖြစ်သည်။

မည်သို့ ကူညီပေးသည်ဆိုသည်မှာမူ လျှို့ဝှက်ချက်တစ်ခုအဖြစ်သာ ကျန်ရှိနေခဲ့၏။ နတ်တစ္ဆေတောင်ကြားဂိုဏ်း ပျက်စီးကျဆုံးသွားပြီးနောက်တွင်မူ ကျန်ရစ်သော တပည့်များသည် အရပ်မျက်နှာ အသီးသီးသို့ ဖရိုဖရဲ လွင့်စင်သွားကြပြီး ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အာဏာစက်အောက်တွင် သာမန်ကျင့်ကြံခြင်း မျိုးနွယ်စုများအဖြစ် အသွင်ပြောင်းကာ ခိုအောင်းနေထိုင်ခဲ့ကြရရှာသည်။

နတ်မိစ္ဆာနှလုံးသားကြေးမုံမှာလည်း ထိုအချိန်မှစ၍ အစအနဖျောက် ပျောက်ကွယ်သွားခဲ့ပြီး ၎င်း၏ ဆန်းကြယ်လှသော ဒဏ္ဍာရီသည်လည်း ကျဆုံးပျက်စီးသွားခဲ့သည့် ဂိုဏ်းအိုကြီး၏ ပြာပုံများအောက်ဝယ် ထာဝရ နစ်မြုပ်သွားခဲ့လေတော့သည်။

တစ်ချိန်က လောကအနှံ့ ကျော်ကြားခဲ့ဖူးသည့် "အားလုံးက တောက်ပတဲ့ ရွှေအမြုတေကို အိပ်မက်မက်ကြတယ်၊ လူသားတွေဆီမှာ မမေးဘဲ နတ်မိစ္ဆာဆီမှာသာ မေးကြတယ်" ဟူသော စကားစုမှာလည်း မေ့လျော့နေပြီဖြစ်သော ခေတ်ဟောင်းတစ်ခု၏ အနှစ်မဲ့လှသည့် ပဲ့တင်သံတစ်ခုအဖြစ်သာ ကျန်ရစ်တော့၏။

သို့သော်လည်း ယနေ့တွင်မူ ကံကြမ္မာအလှည့်အပြောင်းကြောင့် ရတနာ ရှာဖွေလိုသော ကျင့်ကြံသူတစ်ဦးသည် နတ်မိစ္ဆာနှလုံးသားကြေးမုံအတွင်းသို့ မထင်မှတ်ဘဲ တိုးဝင်မိသွားခဲ့ပြီ ဖြစ်သည်။

….

လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ကြေးမုံပြင်ကို ဘေးသို့ ချထားလိုက်သည်။ သူ၏ မျက်နှာတွင် စိတ်ပျက်ရိပ်များ ထင်ဟပ်နေ၏။

"မှားပြီဟေ့.... ဒီမှန်စုတ်မှန်ပျက်ကို ဝယ်မိတာ အကြီးအကျယ်မှားပြီပဲ...."

သူသည် ထို မှော်ရတနာကို သေသေချာချာ စစ်ဆေးခဲ့သော်လည်း ကွဲအက်နေသော ဤမှန်ဝိညာဉ်တွင် သာမန်မျက်လှည့်ပြကွက်လောက်သာ ရှိပြီး ထိုမျက်လှည့်မှာလည်း အဆင့်နိမ့်ကျင့်ကြံသူများ အပေါ်တွင်သာ ထိရောက်သည်ကို တွေ့ရှိခဲ့ရသည်။

"သေပြီဟ.... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းတောင်...."

သူသည် ဓားဖြင့် ထိုးခံလိုက်ရသကဲ့သို့ ရင်ဘတ်ကို ဖိရင်း ညည်းညူလိုက်သည်။

"ဒီအတိုင်းကြီး ပလုံသွားတာပဲ၊ တော်ပီ…. နောက်တစ်ခါ ဘယ်တော့မှ ဒီလို လက်မယားတော့ဘူး၊ ဒီလို ရတနာဆိုတာတွေကို လျှောက်မရှာတော့ဘူး၊ အခုကစပြီး ငါ ကောင်းကောင်း တတ်မြောက်ထားတဲ့ အလုပ်ကိုပဲ လုပ်တော့မယ်၊ ဆေးလုံးတွေ ဖော်ပြီး ဒီဝိညာဉ်ကျောက်တုံးတွေကို ပြန်ရှာရမယ်.... အမလေး ငါကိုက မိုက်တာပါ...."

သူ အပိုပြောနေခြင်း မဟုတ်ပေ။ ဆေးဖော်ခြင်းကိုသာ အာရုံစိုက်ပြီး ခြောက်လခန့် လုပ်ဆောင်လိုက်လျှင် လော့ထျန်းအဖွဲ့၏ တစ်နှစ်စာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အမြတ်အစွန်းများစွာကိုလည်း ရရှိနိုင်သည်။ သို့သော် ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ စီးဆင်းနေသော ရေကဲ့သို့ပင်။ မည်မျှပင် ရှိနေပါစေ တကယ်တမ်းတွင် ဘယ်တော့မှ မလုံလောက်နိုင်ပေ။ ထို့ပြင် ပိုရှိနေသည်ကို မည်သူက ငြင်းဆန်ပါမည်နည်း။

ရွေးချယ်စရာမရှိတော့သော လော့ချန်သည် ဆေးဖော်ခြင်း လုပ်ငန်းစဉ်ကြီးအတွင်းသို့ တစ်ဖန် ပြန်လည် နစ်မြုပ်သွားတော့သည်။

ခြောက်ရက်အကြာတွင် လော့ချန်သည် ဆေးဖော်ခြင်း အလုပ်မှ ထွက်လာခဲ့ပြီး ထျန်းလန် နတ်ဘုရားမြို့တော်တွင် ကျင်းပသော ကြီးကျယ်ခမ်းနားသည့် လေလံပွဲကြီးသို့ တက်ရောက်ခဲ့လေသည်။

ဤသည်မှာ သာမန် လေလံပွဲ တစ်ခု မဟုတ်ပေ။ ၎င်းကို ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် ရေခဲခံတပ်တို့က ပူးပေါင်း စီစဉ်ခြင်း ဖြစ်ပြီး ရေခဲခံတပ်မှ ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်တစ်ဦးကိုယ်တိုင် ကြီးကြပ်ခြင်း ဖြစ်သည်။

လော့ချန်သည် အံ့အားသင့်ဖွယ် လေလံဆွဲမှုများစွာကို လုပ်ဆောင်ခဲ့သည်။ သူသည် အခြေတည်ဆေးလုံး တစ်လုံး၊ အလယ်အလတ်အဆင့် ချီစုစည်းဆေးလုံးများနှင့် ချီသန့်စင်ဆေးလုံးများကိုပါ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့၏။ ထို့အပြင် သူသည် ခန်းရှန်းချုံး အလွန်အမင်း လိုအပ်နေသော တတိယအဆင့် ကုသရေးဆေးကို ရရှိအောင်လည်း ကူညီပေးခဲ့သည်။ ထိုသို့ လုပ်ဆောင်ပေးခြင်းဖြင့် သူသည် ကတိတစ်ခုကို တည်စေခဲ့ရုံသာမက ခန်းမျိုးနွယ်စုနှင့် လော့ထျန်းအဖွဲ့ကြားတွင် ရွှေကျောက်စိမ်းရည် ဖြန့်ဖြူးရောင်းချရေးဆိုင်ရာ အမြတ်အစွန်းများလှသော သဘောတူညီချက်တစ်ခုကိုလည်း ရရှိခဲ့လေတော့သည်။

လေလံပွဲ ပြီးဆုံးသောအခါ လော့ချန်သည် အချိန်မဆွဲတော့ဘဲ မင်လုံယွီ၏ အခြေတည်အဆင့် တက်လှမ်းရန် ကြိုးပမ်းမှုကို ကိုယ်တိုင် ကြီးကြပ်ပေးခဲ့သည်။

ဂူဗိမာန် အပြင်ဘက်တွင် လော့ချန်သည် မျှော်လင့်ချက်များစွာဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။ အကယ်၍ မင်လုံယွီသာ အောင်မြင်ခဲ့လျှင် လော့ထျန်းအဖွဲ့သည် အစီအရင် ပညာရပ်တွင် ကျွမ်းကျင်သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို ထပ်မံ ရရှိမည် ဖြစ်သည်။

သို့သော်လည်း ရလဒ်မှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းခဲ့ရုံမျှမက တက်လှမ်းရန် ကြိုးပမ်းမှုမှာ ကျရှုံးသွားခဲ့လေသည်။ မင်လုံယွီသည် ဒဏ်ရာ ပြင်းထန်စွာဖြင့် ထွက်လာခဲ့ရရှာ၏။

“ဘာမှားသွားသလဲ” ဟု လော့ချန်က မေးမြန်းသောအခါ မင်လုံယွီက ခါးသီးစွာ ပြုံးရင်း "ကျွန်တော် ဝေခွဲမရ ဖြစ်သွားခဲ့တယ်" ဟု တိုးတိုးလေး ပြန်ဖြေခဲ့သည်။

လော့ချန် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့တော့သည်။ မည်သို့ပင်ဆိုစေ အခြေတည်အဆင့်သို့ တက်လှမ်းခြင်း ဆိုသည်မှာ ဘယ်သောအခါမှ အာမခံချက်ရှိသော အရာ မဟုတ်ပေ။

ဖူရှို့ရှို့သည်လည်း ကျရှုံးခဲ့ဖူးသည်။ ပါရမီကောင်းလှသော တွမ်ရွှေပင်လျှင် အခြေတည်ဆေးလုံးများ သောက်သုံးပြီးနောက် နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ဖူး၏။ ဝမ်ယွမ်ကဲ့သို့သော ထူးချွန်သူပင်လျှင် ဒုတိယအကြိမ် ကြိုးစားမှုမှသာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ လော့ချန်ကိုယ်တိုင်လည်း အောင်မြင်မှု မရမီအထိ ကျရှုံးမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလော။

မင်လုံယွီအတွက်မူ အကြောင်းရင်းမှာ ရိုးရိုးလေးပင်။ သူသည် ပါရမီကောင်းသော်လည်း လိုအပ်သော ကျင့်ကြံမှုများမလုပ်နိုင်ခဲ့ဘဲ အချိန်ကြာသွားခဲ့သောကြောင့် ဖြစ်၏။ သက်ပြင်းချပြီးနောက် လော့ချန်သည် စိတ်ပျက်မှုများကို ဖျောက်ဖျက်လိုက်သည်။ သူ ထိုကိစ္စကို စိတ်ထဲ အကြာကြီး ထည့်မထားခဲ့ပေ။

"ငါ ဘာလို့ စိတ်ဓာတ်ကျနေရမှာလဲ.... ကျရှုံးတာက ငါမှ မဟုတ်တာ၊ ပြီးတော့ မင်လုံယွီက ငါ့လူရင်းလဲ ဟုတ်မနေဘူးလေ...."

တစ်ဖက်တွင်လည်း သူ့၌ ဝမ်ဟိုင်ချောင်၏ အမွေအနှစ်မှ ရရှိထားသော အခြေတည်ဆေးလုံး တစ်လုံး ရှိနေသေးသည်။

နှစ်နှစ်အကြာတွင် သူသည် ထိုဆေးလုံးကို စီမာဟွေ့နန်အား ပေးလိုက်၏။ သူမသည် တစ်ကြိမ်တည်းနှင့်ပင် အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့လေသည်။

ထိုနေ့မှစ၍ လော့ထျန်းအဖွဲ့တွင် အစစ်အမှန် အခြေတည်အဆင့်ရှိသော စီမန်ခန့်ခွဲရေးမှူးတစ်ဦး ရှိလာခဲ့ပြီ ဖြစ်သည်။ စီမာဟွေ့နန်၏ တည်ငြိမ်ပြီး စေ့စပ်သေချာသော ဦးဆောင်မှုအောက်တွင် အဖွဲ့ကြီးမှာ ယခင်ကထက် ပိုမို အင်အားကြီးမားလာခဲ့တော့၏။

လော့ချန် နေ့ရောညပါ ဖော်စပ်နေသော ဆေးလုံးများသည် ထျန်းလန် နတ်ဘုရားမြို့တော်၏ နေရာအနှံ့အပြားသို့ မကြာမီ ပြန့်နှံ့သွားတော့သည်။ သူသည် သူ၏ အတတ်ပညာကို ဖုံးကွယ်မထားတော့ဘဲ ကျောက်စိမ်းအမြုတေ ဆေးလုံးများ၊ ကျောက်စိမ်းနှင်းစက် ဆေးလုံးများနှင့် ချီလမ်းကြောင်း ဆေးလုံးများကိုပါ ပေါ်ပေါ်ထင်ထင် ရောင်းချခဲ့သည်။ ထိုဆေးလုံးများမှ ရရှိသော အမြတ်အစွန်းများမှာ အဆုံးမရှိ စီးဝင်လာခဲ့ပြီး မကြာမီတွင် သူ၏ ဝိညာဉ်ကျောက်တုံးများမှာ မည်သူမျှ မခန့်မှန်းနိုင်လောက်အောင် များပြားလာခဲ့လေတော့သည်။

လော့ချန်သည် ကပ်စေးနည်းတတ်သူ မဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းအတွက် အမြောက်အမြား အသုံးပြုသလို သူ၏ ရေရှည်လက်တွဲဖော်များအတွက်လည်း အရင်းအမြစ်များကို ရက်ရောစွာ ထောက်ပံ့ပေးခဲ့သည်။ ကူချိုင်ယီနှင့် မုရုံချင်းလျန်တို့ နှစ်ဦးလုံးသည် သူ၏ လမ်းညွှန်မှုအောက်တွင် အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြ၏။ ပါရမီ အလွန်ညံ့ဖျင်းလှသော ကျိုးယွမ်လီပင်လျှင် နှစ်အတော်ကြာအတွင်း အခြေတည်ဆေးလုံး သုံးလုံးအထိ ရရှိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူသည်လည်း အခြေတည်နိုင်ခဲ့ပြီး သက်တမ်း တိုးမြှင့်နိုင်ခဲ့လေသည်။

ချင်းလျန်ချန်းကမူ ထိုမျှ ကံမကောင်းခဲ့ရှာပေ။ နှစ်ကြိမ်တိုင်တိုင် ကျရှုံးပြီးနောက် သူ၏ အင်အားများ ကုန်ခမ်းသွားခဲ့သဖြင့် နောက်ဆုံးတွင် သူ လက်လျှော့ရန် ဆုံးဖြတ်ခဲ့တော့သည်။ တတိယအကြိမ် ကြိုးစားမှုသည် အောင်မြင်မှု ဖြစ်လာနိုင်သလို သူ၏ အသက်ကိုလည်း နှုတ်ယူသွားနိုင်သောကြောင့် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ကျောက်စိမ်းအိုးနယ်မြေအတွင်းရှိ အခြေအနေများမှာလည်း ပိုမို ဆိုးရွားလာခဲ့သည်။ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းနှစ်ခုကြားရှိ တင်းမာမှုများမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာခဲ့ပြီး နောက်ဆုံးတွင် အကြီးအကျယ် စစ်ဖြစ်ပွားခဲ့တော့၏။

လော့ထျန်းအဖွဲ့သည် ဆယ်စုနှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ပြီး အခြေတည်အဆင့် ကျင့်ကြံသူ ဆယ်ဦးကျော်အထိ ပေါ်ပေါ်ထင်ထင်နှင့် လျှို့ဝှက်စွာ ပိုင်ဆိုင်ထားခဲ့သော်လည်း မိမိတို့၏ ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်နိုင်လောက်သည့် အင်အားမျိုးမူ မရှိသေးပေ။ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းနှစ်ခုကြား စစ်ပွဲကြီး စတင်ဖြစ်ပွားသောအခါ လော့ထျန်းအဖွဲ့မှာလည်း ထိုမုန်တိုင်းဒဏ် ရှုပ်ထွေးမှုများအတွင်းသို့ မလွဲမသွေ ဆွဲသွင်းခံလိုက်ရတော့သည်။

ထို့နောက်တွင်မူ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည့် စစ်ပွဲကြီးသည် တဟုန်းဟုန်း တောက်လောင်ဖြစ်ပွားခဲ့လေတော့သည်။

ထိုကာလအတွင်း လော့ထျန်းအဖွဲ့သည် ကျင့်ကြံသူများစွာကို ဆုံးရှုံးခဲ့ရသည်။ လော့ချန်၏ အရင်းနှီးဆုံး ဝမ်ယွမ်ပင်လျှင် သူ၏ ထင်ရာစိုင်းတတ်သော ဇွတ်တရွတ်စရိုက်ကြောင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို ရန်စမိကာ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရပြီး နောက်ဆုံးတွင် သေဆုံးသွားခဲ့ရရှာသည်။

အခြားသူများလည်း ထိုနည်းတူစွာပင် တဖြုတ်ဖြုတ်ကြွေလွင့်ကုန်ကြသည်။

လော့ချန်မှာမူ အမြဲတမ်း သတိကြီးစွာ ထားတတ်ပြီး ဖျတ်လတ်သူ ဖြစ်သဖြင့် သေမင်းနှင့် မျက်နှာချင်းဆိုင် တွေ့ရသည့် အကြိမ်များစွာမှ လက်မတင်အခိုက်အတန့်များတွင် အသက်ရှင် လွတ်မြောက်ခဲ့၏။

ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ဝိညာဉ်သန္ဓေတည်အဆင့် ပညာရှိတစ်ဦးက တိမ်ပြိုဂိုဏ်း၏ တောင်ခြေသို့ တိုက်ရိုက် သွားရောက်တိုက်ခိုက်သောအခါမှသာ စစ်ပွဲမှာ အဆုံးသတ်သွားခဲ့သည်။ ပညာရှိနှစ်ဦးလုံးမှာ ထိုတုန်လှုပ်ဖွယ်ရာ တိုက်ပွဲကြီးအတွင်း၌ အသက်ပျောက် သေဆုံးသွားခဲ့ကြပြီး ၎င်းတို့ သေဆုံးသွားခြင်းနှင့်အတူ စစ်ပွဲ၏ မီးလျှံများမှာလည်း ငြိမ်းသတ်သွားခဲ့ရလေသည်။

နောက်ဆုံးတွင်မူ စစ်ပွဲကြီး ပြီးဆုံးသွားခဲ့လေပြီ။

ဒဏ်ရာဒဏ်ချက်များစွာဖြင့် သွေးအလိမ်းလိမ်း ပေကျံနေသော လော့ထျန်းအဖွဲ့သည် ထျန်းလန် နတ်ဘုရားမြို့တော်သို့ ယိုင်နဲ့ပန်းလျစွာဖြင့် ပြန်လည် ရောက်ရှိလာခဲ့လေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၇၄) - ဝိုးတဝါးဝင်္ကပါထဲက သွေးနတ်ဆိုး

လော့ချန်တို့ အဖွဲ့အစည်းသည် အားပြန်ဖြည့်လိုက် စိတ်အနားပေးလိုက်ဖြင့် ကာလရှည် သံသရာကြီးက တရွေ့ရွေ့ လည်ပတ်နေပြန်သည်။

ဤသို့နှင့် လော့ချန် အသက် တစ်ရာ့ခုနစ်ဆယ် အရွယ်သို့ ရောက်လာလေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့် (၈) သို့ နောက်ဆုံးတွင် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ယခုဆိုလျှင် ထျန်းလန် နတ်ဘုရားမြို့တော်တစ်ခုလုံး၌ သူသည် မည်သူမျှ မလေးစားဘဲ မနေရဲသော သြဇာအာဏာ ကြီးမားလှသည့် ထိပ်သီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေချေပြီ။ မြို့တော်၏ အုပ်ချုပ်မှုအာဏာတစ်ခုလုံး ကျောက်စိမ်းအိုးဓားဂိုဏ်း၏ မဟာမိတ်ဖြစ်သော မီးလျှံမဟာမိတ် လက်ထဲသို့ ရောက်သွားခဲ့သော်လည်း သူ ဘာမှပူစရာမလိုဘဲ မိမိ၏ အစွမ်းထက်လှသော ဆေးလုံးအင်အားကို သုံးကာ ၎င်းတို့နှင့် တရားဝင် မဟာမိတ် ဆက်ဆံရေးကို အခိုင်အမာ တည်ဆောက်ထားနိုင်ခဲ့သည်။

သို့သော်လည်း လက်ရှိရရှိထားသော အခြေတည်အဆင့် (၈) ဟူသည့် နေရာသည်ပင် လော့ချန်အတွက်မူ အဆုံးမရှိသော မျှော်လင့်ချက်မဲ့မှုနှင့် အထီးကျန်မှုကိုသာ ပေးစွမ်းနေသယောင် ရှိတော့သည်။

ရာစုနှစ်တစ်ခုကျော်တိုင်အောင် ပင်ပန်းကြီးစွာ စုဆောင်းခဲ့ရသည့် စည်းစိမ်ချမ်းသာများနှင့် လက်ဝယ်ရှိလှသော ရေတွက်မကုန်နိုင်သည့် ကျင့်ကြံခြင်း အရင်းအမြစ်များ ဤမျှ အလုံးအရင်း ရှိနေပါသော်လည်း ညံ့ဖျင်းလွန်းလှသည့် မွေးရာပါပါရမီ ဆိုသော အရာက သူ့အား မမြင်ရသည့် သံကြိုးပူကြီးများကဲ့သို့ တင်းကျပ်စွာ တုတ်နှောင်ထားဆဲပင် ဖြစ်သည်။

သူ၏ အဆင့်သည် အခြေတည် အဆင့် (၈) မှာပင် တစ်ဆို့နေပြီး ရှေ့ဆက်တိုးရန် အလွန်အမင်း နှေးကွေးလွန်းနေသည်။ ရှေ့တွင် အဆင့် ၉ ရှိနေသေးသလို၊ ထိုထက်ပို၍ ကျော်ဖြတ်ရန် ခက်ခဲလွန်းလှသည့် ရွှေအမြုတေအဆင့်ဟူသော မဟာအတားအဆီးကြီးကလည်း ထိပ်တိုက် စောင့်ကြိုနေပြန်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် သူ ထိုအဆင့်သို့ တက်လှမ်းနိုင်ဖို့ရာ မျှော်လင့်ချက်ဟူသည် လုံးဝမရှိသလောက် ဖြစ်နေသည်။

"ငါ ဒီလောက်နဲ့တော့ လက်မလျှော့နိုင်ဘူး...."

လော့ချန်သည် ခါးခါးသီးသီး ရေရွတ်ရင်းဖြင့် ဇွဲမလျှော့ခဲ့ပေ။ ပိုမိုကောင်းမွန်သည့် ဆေးလုံးများနှင့် မြန်ဆန်သော တိုးတက်မှုကို ရရှိနိုင်မည့် နည်းလမ်းမှန်သမျှကို သူ လိုက်လံရှာဖွေခဲ့သည်။ လေလံပွဲကြီးများသို့ မပြတ်တက်ရောက်ခဲ့သည်။ ကျောက်စိမ်းအိုးနယ်မြေအတွင်းရှိ အခြားသော နတ်ဘုရားမြို့တော်များဆီသို့ အပူတပြင်း ခရီးလှည့်လည် နေထိုင်ရင်းဖြင့် နောက်ဆုံးတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများရှိရာ ဂိုဏ်းကြီးတစ်ခု၌ပင် အပြင်စည်းဆေးဖော်ဆရာအဖြစ် အောက်ကျနောက်ကျခံကာ ဝင်ရောက်ခဲ့သေးသည်။

သို့သော်.... အရာရာကား အချည်းနှီးသာဖြစ်သည်။ သူ မည်မျှပင် အသည်းအသန် ကြိုးစားအားထုတ်ပါစေ၊ ကျင့်ကြံမှု တိုးတက်နှုန်းကမူ လိပ်သွားနေသကဲ့သို့ တရွေ့ရွေ့နှင့် နှေးကွေးမြဲ နှေးကွေးနေဆဲသာ ဖြစ်တော့သည်။

သူ အသက် နှစ်ရာ ပြည့်သည့်နေ့တွင် ဒန်ရှားတောင်ထိပ်ပေါ်သို့ပြန်ကာ တစ်ယောက်တည်း ငေးမှိုင်ကာ ထိုင်နေမိသည်။ သူ၏အောက်ဘက်တွင်မူ လှိုင်းလုံးကြီးများကဲ့သို့ တလိမ့်လိမ့် တက်နေသော တိမ်ပင်လယ်ကြီးသည် မပြောင်းမလဲ ခန့်ငြားလှပနေသည်။ သို့သော် လော့ချန်၏ စိတ်များမှာမူ သံသယများနှင့် မရေရာမှုများကြောင့် အမှောင်ဖုံးကာ ဝေဝါးစပြုလာလေသည်။

ထိုစဉ် သူ၏ နောက်ဘက်ဆီမှ ညင်သာသော ခြေသံတစ်သံကို သူကြားလိုက်ရသည်။ သူ လှည့်မကြည့်ဘဲနှင့်ပင် မည်သူမှန်း သိနေသည်။

ထိုခြေသံပိုင်ရှင်မှာ ကူချိုင်ယီ ဖြစ်သည်။

သူမသည် အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သလို ဂိုဏ်းကြီးများကြား ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ် စစ်ပွဲဆိုးကြီးထဲမှလည်း ကံကောင်းစွာ လွတ်မြောက်ခဲ့သူ ဖြစ်သည်။ နှစ်ပေါင်း နှစ်ရာဟူသော အချိန်ကာလကြီး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူမ၏ အလှတရားက မှေးမှိန်မသွားဘဲ အချိန်ကာလက ပေးသည့် ရင့်ကျက်မှုများနှင့်အတူ တည်ငြိမ်သော အလှအပများနှင့် ပြည့်စုံနေသည်။

"လော့ချန် ရေ...."

သူမက သူ့ ဘေးနားတွင် ဝင်ထိုင်ရင်း စိုးရိမ်စိတ်အပြည့်နှင့် နွေးထွေးစွာ တိုးတိုးလေး မေးလိုက်သည်။

"ရှင် မမောသေးဘူးလားဟင်...."

"ကိုယ့်ရှေ့မှာ လျှောက်လှမ်းရမယ့် တာအိုလမ်းစဉ် အရှည်ကြီး ရှိနေသေးတယ် ချိုင်ယီ...."

လော့ချန်သည် တိမ်ပင်လယ်ကြီးကိုသာ ငေးကြည့်ရင်း ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်သည်။ သူ၏ အသံမှာ တည်ငြိမ်ပြတ်သားနေသော်လည်း ဖုံးကွယ်မရသည့် မျှော်လင့်ချက်မဲ့ရိပ်များက အထင်းသား ပေါ်လွင်နေသည်။

"ဒီလိုအခြေအနေနဲ့.... ကိုယ် ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး အနားယူနိုင်မှာလဲ"

ကူချိုင်ယီသည် သူ့အနားသို့ ဖြည်းဖြည်းချင်း တိုးလျှောက်လာပြီး မျက်ဝန်းအစုံတွင် သနားကြင်နာရိပ်များဖြင့် စိုက်ကြည့်နေမိသည်။

"ကျွန်မ ရှင့်ကို ချီသန့်စင်အဆင့် (၄) မှာပဲ ရှိသေးတဲ့ အချိန်ကတည်းက သိခဲ့တာ.... အခုဆို နှစ်ပေါင်း နှစ်ရာနီးပါးတောင် ရှိခဲ့ပြီနော်၊ အဲဒီအချိန်တွေကစလို့ ရှင် ကျင့်ကြံတာနဲ့ ဆေးဖော်တာကို တစ်ရက်မှ မနားခဲ့ဘူး၊ အဲဒါတွေ မလုပ်ဖြစ်တဲ့ အချိန်မှာလည်း အင်အားကြီးဂိုဏ်းတွေကြားထဲ ပြေးလွှားပြီး ညှိနှိုင်းရတယ်၊ လော့ထျန်းအဖွဲ့ရဲ့ အနာဂတ်အတွက် အသည်းအသန် တိုက်ပွဲဝင်ပေးခဲ့ရတယ်၊ ဒီနှစ်ပေါင်း နှစ်ရာလုံးလုံး.... ရှင် ကိုယ့်ကိုယ်ကိုယ် ခဏတဖြုတ်တောင် အနားမပေးခဲ့ဘူး မဟုတ်လား၊ ရှင်.... တကယ်ပဲ မပင်ပန်းသေးဘူးလား လော့ချန်"

ထိုသို့ တိုးညင်းစွာ မေးလိုက်သော စကားလုံးအချို့က လော့ချန်၏ ရင်ဘတ်တစ်ခုလုံးကို တင်းကျပ်သွားစေသည်။ ပြင်းထန်လှသည့် စိတ်ခံစားချက်များသည် သူ၏ စိတ်ဝိညာဉ်အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှ ရုတ်ချည်း တက်လာပြီး သူ့အာရုံကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။ နဂိုရှိပြီးသား ပင်ပန်းနွမ်းနယ်မှုများမှာ ယခုအခါ၌မူ ဆူဝေနေသည့် ပင်လယ်လှိုင်းလုံးကြီးများအလား သူ၏ စိတ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို အကြွင်းမဲ့ ဝါးမြိုလွှမ်းမိုးသွားလေပြီဖြစ်သည်။

မှန်သည်။ သူ တကယ်ပင် ပင်ပန်းနေပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာတိုင်တိုင် မည်သည့်အမျိုးသမီးနှင့်မျှ နှောင်ကြိုးမဖွဲ့ခဲ့၊ မည်သည့်အာဏာ စည်းစိမ်ကိုမျှလည်း မက်မောတွယ်တာခြင်း မရှိခဲ့ဘဲ ဤကျင့်ကြံခြင်း လမ်းကြောင်းတစ်ခုတည်းပေါ်တွင်သာ ဘဝတစ်ခုလုံးကို ပုံအောပြီး သူ တစ်စိုက်မတ်မတ် လျှောက်လှမ်းခဲ့သည်။ အမှန်အတိုင်း ပြောရပါက ဤလောကကြီးထဲ၌ သူ့လောက် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့သူဟူ၍ မရှိသလောက်ပင် ရှားလိမ့်မည်။

သူ့တွင်ရှိသော ပြိုင်ဘက်ကင်း ဆေးဖော်စွမ်းရည်ကြောင့် အခြားသော အဆင့်တူကျင့်ကြံသူများထက် များစွာသာလွန်သည့် ကြွယ်ဝချမ်းသာမှုမျိုးကို ပိုင်ဆိုင်ခွင့် ရခဲ့သည်။ နောက်ဆုံးတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးများပင်လျှင် သူ၏ စည်းစိမ်ထက်ဝက်ကို မှီအောင် မစုဆောင်းနိုင်ကြချေ။ ထိုမျှလောက် များပြားလှသည့် ရတနာ အရင်းအမြစ်များ ရှိနေပါသော်လည်း ရွှေအမြုတေအဆင့် ဟူသည့် နေရာမှာမူ သူ့အတွက် ဘယ်တော့မှ လှမ်းမမီနိုင်တော့မည့် အိပ်မက်တစ်ခုအဖြစ်သာ ဝေးကွာနေဆဲ ဖြစ်သည်။

စိတ်ဓာတ် မကျရဘူးဟု ကိုယ့်ကိုယ်ကိုယ် အမြဲတင်းခံထားသည့် ကြိုးစားမှုများ နောက်ကွယ်တွင် မျှော်လင့်ချက်မဲ့မှုများစွာ ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ထိုမျှော်လင့်ချက်မဲ့စိတ်များက သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးကို အဆုံးအစမရှိ ဝါးမြိုသွားတော့သည်။

နူးညံ့လှသော တောင်ပေါ် လေညင်းလေးတစ်ချက် တိုက်ခတ်သွားသော်လည်း လော့ချန်၏ ခန္ဓာကိုယ်မှာမူ ယိုင်နဲ့လဲပြိုလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထိုစဉ် နူးညံ့လှပသော ကိုယ်လုံးလေးတစ်ခုက သူ့ဘေးနားသို့ တိုးကပ်လာပြီး အသာအယာ ထိန်းကိုင်ပေးလိုက်သည်။

ကူချိုင်ယီသည် လော့ချန်၏ ဖြူစပြုနေပြီဖြစ်သော ဆံနွယ်များကို ကြင်နာစွာ သပ်ပေးရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ကျွန်မတို့တွေ.... ဒီလောက်နဲ့ပဲ နားလိုက်ကြရအောင်လား...."

“ဟင်...."

….

သုံးရက်အကြာတွင် ဒန်ရှားတောင်ထိပ်ပေါ်၌ ခမ်းနားထည်ဝါသော မင်္ဂလာပွဲကြီးတစ်ခုကို ကျင်းပဖြစ်ခဲ့လေသည်။

အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူကြီးဖြစ်သော နာမည်ကျော် ဒုတိယအဆင့် ဆေးဖော်ဆရာကြီး လော့ချန်သည် ကူချိုင်ယီအား သူ၏ ဇနီးသည်အဖြစ် တရားဝင် လက်ထပ်ယူခဲ့သည်။

မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းသာ ပြင်ဆင်ထားသော်လည်း ဂယက်ရိုက်ခတ်မှုကမူ အလွန်ကြီးမားလှသည်။ နယ်ပယ်အနှံ့မှ အခြေတည်အဆင့် ကျင့်ကြံသူအများအပြား တက်ရောက်ခဲ့ကြသလို ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီး သုံးဦးပင်လျှင် ကိုယ်တိုင်လာရောက် ဂုဏ်ပြုခဲ့ကြသည်။

ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ရှားပါးရတနာလက်ဆောင်တစ်ခု ပေးပို့ခဲ့ပြီး နတ်ဘုရားမှော်စာရွက်ဂိုဏ်းကလည်း ကိုယ်စားလှယ်နှစ်ဦး စေလွှတ်ခဲ့သည်။ ၎င်းတို့မှာ လော့ချန် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့သော ဖူရှို့ရှို့နှင့် ချန်ရှုယီတို့ဖြစ်ပြီး ယခုအခါတွင်မူ သူတို့သည်လည်း အခြေတည်အဆင့်ရှိ ထိပ်တန်းတပည့်များ ဖြစ်နေကြပြီ ဖြစ်သည်။

အလောတကြီး စီစဉ်ခဲ့ရသည့် မင်္ဂလာပွဲဖြစ်သော်လည်း လူတိုင်း၏ရင်ထဲတွင် မမေ့နိုင်စရာ အမှတ်တရတစ်ခု ဖြစ်ခဲ့ရသည်။ နှစ်ပေါင်း နှစ်ဆယ် ကြာမြင့်သွားသည့်တိုင်အောင် ထိုမင်္ဂလာပွဲကြီးအကြောင်းမှာ ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးတွင် ဟိုးဟိုးကျော် ပြောစမှတ်ပြုရသည့် ပုံပြင်တစ်ပုဒ် ဖြစ်နေခဲ့သည်။

ထိုသို့ဖြင့် နှစ်ပေါင်း နှစ်ဆယ်ဟူသော အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားလေပြီ ဖြစ်သည်။

လော့ချန်သည် အသက်ငွေ့ငွေ့သာ ကျန်တော့သော ကူချိုင်ယီအား ပွေ့ချီထားကာ ဒန်ရှားတောင်ထိပ်ပေါ်၌ တစ်ဖန် ပြန်လည်ရပ်နေမိပြန်သည်။ အဆုံးမရှိကျယ်ပြောလှသော တိမ်ပင်လယ်ကြီးထဲသို့ နေဝင်သွားသည်ကို သူ ငေးကြည့်နေမိရင်း တစတစ မှေးမှိန်လာသော ကူချိုင်ယီ၏ ဘဝသက်တမ်းသည်လည်း ကန့်သတ်ချက် ကုန်ဆုံးသွားကြောင်း သူခံစားသိရှိလိုက်ရသည်။

လော့ချန်သည် အသုဘအခမ်းအနားပြီးသည့်တိုင် ဆယ်ရက်တိုင်တိုင် မလှုပ်မယှက် ထိုင်နေမိခဲ့သည်။ အရှေ့ဘက်ဆီမှ မြူခိုးများ လိပ်တက်လာပြီး တိမ်တိုက်များအကြား တောက်ပသော နေဝန်းကြီးထွက်လာသည့် တရက်တွင်မူ သူဆုံးဖြတ်ချက်ချလိုက်သည်။

အိုမင်းရင့်ရော်နေပြီဖြစ်သော ကျင့်ကြံသူကြီးမှာ သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်ရင်း

"ငါ အနားယူတာ.... ဒီလောက်ဆို တော်လောက်ပါပြီ" ဟု တိုးတိုးလေး ရေရွတ်လိုက်တော့သည်။

….

ထို့နောက် လော့ချန်သည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ တစ်ကျော့ပြန် ပြန်လည်လျှောက်လှမ်းခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် ယခင်ကကဲ့သို့ ဘေးအန္တရာယ်ကို သတိကြီးကြီးထားပြီး ပုန်းလျှိုးကွယ်လျှိုး မလုပ်တော့ဘဲ ပို၍ပင် ရူးသွပ်စွာ ကြိုးစားအားထုတ်တော့သည်။ ကျင့်ကြံမှု တိုးတက်နှုန်းက အလွန်အမင်း နှေးကွေးနေသဖြင့် ပိုမိုထိရောက်မည့် ကျင့်ကြံခြင်း ရတနာအရင်းအမြစ်များကို သူ အငမ်းမရ ဆာလောင်မွတ်သိပ်နေခဲ့ချေပြီဖြစ်သည်။

အင်အားကြီးဂိုဏ်းကြီးများသည် သူ့အား အကျိုးအမြတ်အရသာ ဆက်ဆံနေကြသည်။ သူသည် ဂိုဏ်း၏ အမည်ခံ ဆေးဖော်ဆရာ ဖြစ်နေသည့်တိုင်အောင် သူ လိုအပ်နေသော ကျင့်ကြံအရင်းအမြစ်များကို အသာတကြည် ခွဲဝေပေးရန် ငြင်းဆန်ခဲ့ကြသည်။ ထိုအခြေအနေကို ကြည့်ပြီး လော့ချန် စိတ်ထဲတွင် ပေါက်ကွဲလာကာ ကျိန်ဆဲလိုက်သည်။

‘အဟက်.... ခွေးမသား‌တွေ၊ အနုနည်းနဲ့ မရ အကြမ်းနည်းပေါ့ကွ'

ထိုကဲ့သို့ ပြတ်သားရက်စက်သည့် ဆုံးဖြတ်ချက်ဖြင့် သူသည် လျှို့ဝှက်ဝှက်ထားသော နတ်ဒေဝါပျားရည် အားလုံးကို ထုတ်သုံးပြီး မိမိ၏ကျင့်ကြံမှုနှင့် လော့ထျန်းအဖွဲ့၏ အင်အားကို မြှင့်တင်ရန်အတွက် အကုန်အကျမခံဘဲ ပုံအောလုပ်ဆောင်တော့သည်။ မကြာခင်မှာပင် သူ၏လက်အောက်ရှိ အခြေတည်အဆင့် ကျင့်ကြံသူအရေအတွက်မှာ လက်ချိုးရေတွက်ရုံအဆင့်မှ ဒါဇင်နှင့်ချီ၍ များပြားလာခဲ့သည်။

နောက်ပိုင်းတွင်မူ ရှေ့ဆက်တိုးတက်ရန် မျှော်လင့်ချက်ကုန်ဆုံးနေသည့် တစ်ကိုယ်တော်ကျင့်ကြံသူ အမြောက်အမြားသည် သူ့ထံသို့ တဖွဲဖွဲ လာရောက်ပူးပေါင်းကြတော့သည်။ ဆယ်ယောက်၊ နှစ်ဆယ်၊ သုံးဆယ်မှ နောက်ဆုံးတွင် ငါးဆယ်အထိပင် ရှိလာခဲ့သည်။ ဤလုပ်ငန်းစဉ်အတွင်း လော့ချန်သည် ရတနာအရင်းအမြစ်များကို ရေလိုသုံးကာ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးအချို့ကိုပင် မိမိဘက်ပါအောင် စည်းရုံးနိုင်ခဲ့သည်။ ထိုသူများသည် အမည်မသိ အခြေမဲ့အနေမဲ့များ မဟုတ်ကြဘဲ ဂိုဏ်းကြီးများကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း ပျက်စီးသွားခဲ့ရသော နာမည်ကြီး ဂိုဏ်းဟောင်းများမှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ၎င်းတို့၏ဂိုဏ်းများ ပျက်စီးသွားသဖြင့် တစ်ကိုယ်တည်း တစ်ကိုယ်တော်ဖြစ်ကာ ဖြစ်သလို အသက်ဆက်နေရသူများ ဖြစ်ကြသဖြင့် လော့ချန်၏ စည်းစိမ်အောက်တွင် လွယ်လွယ်နှင့် ဒူးထောက်ခဲ့ကြခြင်းပင်ဖြစ်သည်။

"အားလုံးပဲ.... ကျုပ်တို့ လော့ထျန်းဂိုဏ်းနဲ့ ပူးပေါင်းကြစမ်းဗျာ"

“ကျုပ်နဲ့အတူ ကျောက်စိမ်းအိုးဓားဂိုဏ်းကို ဝိုင်းဖြိုဖျက်ကြမယ်.... အဲဒီကောင်တွေကို အပြတ်ရှင်းပြီး.... ခင်ဗျားတို့ ဝိညာဉ်သန္ဓေတည်အဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို အမိအရ ဆွဲယူလိုက်ကြစမ်းပါဗျ"

"အခု ဒီကောင်တွေ ဟိုအရင် ရာစုနှစ်တုန်းက ဖြစ်ခဲ့တဲ့ စစ်ပွဲကြောင့် အခုထိ အထိနာနေတုန်းပဲဗျ"

"ဒီစစ်ပွဲကို ကျုပ် နှစ်ပေါင်းများစွာ စနစ်တကျ ပြင်ဆင်ခဲ့တာ၊ ကျုပ်တို့ လော့ထျန်းဂိုဏ်းတစ်ခုတည်းတင် မဟုတ်ဘူး.... မီးလျှံမဟာမိတ်၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းနဲ့ ဘုရင်မပန်းဂိုဏ်းတို့အားလုံး ပူးပေါက် တိုက်စစ်ဆင်ကြမယ်.... ကဲ ဘယ်လိုလဲ”

ဂိုဏ်းကြီးလေးခုကို ပူးပေါင်းစစ်တပ်တစ်ခုအသွင် အဖြစ်ပြောင်းလဲနိုင်ရန်အလို့ငှာ လော့ချန်သည် ရှုပ်ထွေးလှသော သံတမန်ရေးရာနည်းပရိယာယ်များကို အသုံးပြု၍ ပင်ပန်းဆင်းရဲစွာ ကြိုးပမ်းအားထုတ်ခဲ့ရသည်ကို မည်သူမျှ မသိရှိနိုင်ကြပေ။ သူသည် ရွှေအမြုတေအဆင့်အတွက် ရည်ရွယ်လှုပ်ရှားခြင်းဖြစ်သော်လည်း အခြားသူများမှာမူ ကလဲ့စားချေလိုစိတ်ဖြင့် ပါဝင်လာကြခြင်း ဖြစ်သည်။ ထိုအထဲမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာမူ ဝိညာဉ်သန္ဓေတည်အဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက်ဖြင့်သာ ပူးပေါင်းလာကြခြင်း ဖြစ်ပေသည်။

ထိုသို့ဖြင့် ကျောက်စိမ်းအိုးနယ်မြေထံသို့ စစ်မီးလျှံများ တစ်ဖန် ပြန်လည်တောက်လောင်လာခဲ့ရပြန်သည်။

သို့ရာတွင် ထိုစစ်ပွဲသည် စတင်သည်နှင့်တပြိုင်နက် ရုတ်ချည်းပင် ပြီးဆုံးခြင်းသို့ ရောက်ရှိသွားခဲ့ရ၏။

အကြောင်းမူကား အခြားသော နယ်မြေတစ်ခုမှ ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူကြီး တစ်ဦး ဆင်းသက်လာခဲ့သောကြောင့် ဖြစ်သည်။ ထိုသူသည် ဂိုဏ်းကြီးတစ်ခုမှ ထွန်းသစ်စ ပါရမီရှင်တစ်ဦးဖြစ်ပြီး မိမိဂိုဏ်း၏ ဩဇာအာဏာ ချဲ့ထွင်ရန်အတွက် နယ်မြေအသစ်များကို လိုက်လံရှာဖွေနေသူတစ်ဦး ဖြစ်ပေတော့သည်။

ထိုကဲ့သို့သော အဆင့်အတန်းရှိ ကျင့်ကြံသူတစ်ဦးအတွက်မူ ရွှေအမြုတေအဆင့် ဂိုဏ်းငါးဂိုဏ်းကြား ဖြစ်ပွားသော စစ်ပွဲဟူသည်မှာ ပြက်လုံးတစ်ခုမျှသာ ဖြစ်ပေသည်။ သူသည် လက်ဖဝါးကို တစ်ချက် ဝေ့ယမ်းလိုက်ရုံမျှဖြင့် ထိုပဋိပက္ခကို လုံးဝချုပ်ငြိမ်းစေခဲ့ပြီး ဂိုဏ်းပေါင်းများစွာ၏ ရည်မှန်းချက်များကိုလည်း တစ်စစီ လွင့်စင်သွားစေခဲ့၏။

စစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏ နောက်ဆက်တွဲ ဂယက်လှိုင်းများမှာမူ ငြိမ်သက်မသွားဘဲ ဆက်လက်ရိုက်ခတ်နေဆဲ ဖြစ်သည်။

စစ်ပွဲကို နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူဖြစ်သည့် လော့ချန်သည် ချက်ချင်းပင် အလိုရှိဆုံး ဝရမ်းပြေးစာရင်းထဲသို့ ပါဝင်သွားခဲ့ရတော့သည်။ အသစ်စက်စက် တည်ထောင်လိုက်သော လော့ထျန်းဂိုဏ်းမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကျယ် ချေမှုန်းဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။

လော့ချန်၏ ချစ်ခင်ရသူများ၊ မိတ်ဆွေသူငယ်ချင်းများ၊ တပည့်များနှင့် ၎င်းတို့၏ သားစဉ်မြေးဆက် အားလုံးမှာလည်း တစ်ဦးတစ်ယောက်မျှ မကျန်တော့ဘဲ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ရရှာသည်။

အဆုံးသတ်၌ လော့ချန်တစ်ဦးတည်းသာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ကာ ကျန်ရစ်ခဲ့ပေတော့သည်။

သူသည် ကျင့်ကြံခြင်းလောကကြီးထဲတွင် အိုးမဲ့အိမ်မဲ့ လေလွင့်ခွေးတစ်ကောင်ကဲ့သို့ အသက်လု ထွက်ပြေးတိမ်းရှောင်နေခဲ့ရ၏။ ထိုအချိန်၌ သူ၏ ရုပ်သွင်မှာ အိုမင်းရင့်ရော် ဇရာထောင်းနေပြီ ဖြစ်သည်။ သူ၏ သက်တမ်းမှာလည်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ကန့်သတ်ချက်ကို ကျော်လွန်လုနီးပါး ဖြစ်နေကာ အသက် နှစ်ရာ့ရှစ်ဆယ်အရွယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပေတော့သည်။

အမှန်စင်စစ်မူ ဝမ်ယွမ် မသေဆုံးခင် ချန်ရစ်ခဲ့သော ဝိညာဥ်အမွေအနှစ်ကြောင့်သာလျှင် သူ ယနေ့တိုင် အသက်ဆက်နိုင်ခြင်း ဖြစ်ပေသည်။

ဓားဂိုဏ်းနှင့် တိမ်ပြိုဂိုဏ်းတို့ စစ်မီးတောက်လောင်နေစဉ်အတွင်း ဝမ်ယွမ်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်း၏ ဒုတိယအဆင့်မှ တတိယအဆင့်သို့ တက်လှမ်းနိုင်မည့် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို တတ်မြောက်ခဲ့ဖူး၏။ ထိုထဲတွင် မိစ္ဆာလမ်းစဉ်၊ ခန္ဓာလမ်းစဉ်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားပြီး သွေးလမ်းစဉ်ကို အဓိက ထားထားခြင်း ဖြစ်သည်။

လော့ချန်သည် မိမိ၏ မွေးရာပါထူးချွန်သော ပါရမီနှင့် သိမြင်နားလည်မှုတို့ကို အသုံးပြုကာ ထိုကျင့်စဉ်ကို စိတ်ဝိညာဉ်လမ်းစဉ်နှင့်ပါ ပေါင်းစပ်ပုံဖော်လိုက်လေသည်။ ထို့နောက် အခြားသော ကျင့်ကြံသူများ၏ သွေးအဆီအနှစ်နှင့် ဝိညာဉ်များကို အငမ်းမရ ဝါးမျိုစုပ်ယူခြင်းဖြင့်ပင် သူ၏ ကြွေလွင့်လုနီးပါး သက်တမ်းကို ဆက်ခဲ့ရတော့သည်။

သူ့အား လာရောက်အမဲလိုက် သတ်ဖြတ်ကြသော ရန်သူအကြီးအကဲများကိုပင် သူသည် ပြင်းထန်လှသော စွမ်းအားများဖြင့် ပြန်လည်တွန်းလှန် ခြေမှုန်းနိုင်ခဲ့၏။ ရွှေအမြုတေအဆင့်ရှိ အကြီးအကဲများပင်လျှင် သူ့အား လာရောက်ရင်ဆိုင်ပြီးနောက် အကြိမ်ကြိမ်အလီလီ လက်ဗလာဖြင့် စိတ်ပျက်လက်ပျက် ပြန်လှည့်သွားခဲ့ကြရသည်။

ထိုအကြောင်းရင်းများကြောင့်ပင် အရှေ့ဖျား နယ်မြေခြောက်ခုအတွင်း၌ ကြောက်မက်ဖွယ်ရာ အမည်သစ်တစ်ခုမှာ တဖြည်းဖြည်း ချောက်ချားဖွယ်ရာ ပျံ့နှံ့သွားခဲ့ပေတော့သည်။

ထိုအမည်ကား ‘သွေးနတ်ဆိုး’ ဟူ၍ ဖြစ်လေသည်။

ထိုသို့ဖြင့် လော့ချန် အသက် သုံးရာ့သုံးဆယ်အရွယ်သို့ ရောက်ရှိသောအခါ ထျန်းလန် နတ်ဘုရားမြို့တော်ကြီးထံသို့ နောက်ဆုံး၌ ပြန်လည်ခြေချနိုင်ခဲ့လေသည်။ သူသည် အထွက်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော မိမိ၏ ချီဖုံးကွယ်မှော်အတတ်နှင့် လက်ဝယ်ရှိ များပြားလှသော ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ထျန်းလန်တောင်ထိပ်ပေါ်ရှိ တတိယအဆင့် အဆင့်နိမ့် ကျင့်ကြံခြင်း ဂူဗိမာန်တစ်ခုကို ယာယီငှားရမ်းလိုက်၏။

ထိုအချိန်၌ သူ၏ကျင့်ကြံဆင့်မှာ အခြေတည်အဆင့် အထွက်အထိပ်သို့ အောင်မြင်စွာ ဆိုက်ရောက်နေပြီ ဖြစ်သည်။ ထို့အပြင် သူ၏လက်ဝယ်၌ ရွှေအမြုတေ ဖြစ်ပေါ်လာစေရန် အထောက်အကူပြုမည့် လျှို့ဝှက်နည်းပရိယာယ်အချို့လည်း ရှိနေပြီဖြစ်ပေသည်။

ထို့ကြောင့်ပင် ဤနေ့ရက်၌ လော့ချန်သည် စိတ်နှလုံးကို အေးချမ်းစွာ တည်ငြိမ်စေလျက် ကျင့်ကြံနေပြီး ရာစုနှစ်ပေါင်းများစွာတိုင်အောင် သူ လှမ်းမမီနိုင်ခဲ့သော ကျင့်ကြံခြင်းအဆင့်သစ်တစ်ခုဆီသို့ တက်လှမ်းရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ သူ၏ ဒန်ထျန်းအတွင်း၌ ကြီးမားလှသော စွမ်းအင်ဝဲဂယက်ကြီးတစ်ခုသည် ပြင်းထန်စွာ လည်ပတ်လှုပ်ရှားနေပြီး အရပ်မျက်နှာအသီးသီးမှ လျှံပယ်လှသော ချီစွမ်းအင်တိမ်တိုက်များသည်လည်း သူ၏ခန္ဓာကိုယ်ဆီသို့ တစ်ဟုန်ထိုး တိုးဝင် စီးဆင်းလာကြပေတော့သည်။

သူ၏ ရှည်လျားလှသော ဆံပင်ဖြူကြီးများသည် လေမတိုက်ဘဲနှင့်ပင် အလိုလို လွင့်မြောနေကြပြီး ထိုအိုမင်းရင့်ရော်နေပြီဖြစ်သော မျက်ဝန်းအစုံအောက်တွင်မူ မယိမ်းမယိုင်သော ပြတ်သားသည့် ဆုံးဖြတ်ချက်စိတ်ဓာတ်များက အရှိန်အဟုန်ဖြင့် တောက်လောင်လျက် ရှိနေပေသည်။

'ဟူး.... ခက်ခဲကြမ်းတမ်းတဲ့ လောကဓံတွေကြောင့် နားထင်မှာ ဆံပင်တွေ ဖြူချင်ဖြူပါစေဦးတော့.... ငါ့ရည်မှန်းချက်ကတော့ ဘယ်တော့မှ ယိုင်နဲ့သွားမှာ မဟုတ်ဘူး.... ရွှေအမြုတေအဆင့်ဆိုတာ ငါ့လက်တစ်ကမ်းတင် ရှိတော့တာပဲ.... ဒီဘဝမှာ ငါ ဘယ်လိုလုပ်ပြီး ဒီနေရာတင် အရှုံးပေး ရပ်တန့်နေနိုင်မှာလဲ....’

ဝုန်းးး….

All Chapters