အခန်း (၃၇၅-၃၇၆)
Vol. 38 Ch. 375-376
အခန်း (၃၇၅) - နတ်မိစ္ဆာနှလုံးသားကြေးမုံနှင့် သွေးပျက်စရာ အိပ်မက်ရှည်
လေလံပွဲကြီး စတင် ကျင်းပသော နေ့ ဖြစ်သည်။
ထျန်းလန် နတ်ဘုရားမြို့တော်အတွင်းရှိ ရေခဲလှိုင်းနန်းတော်သည် နောက်ဆုံး၌ ဝင်ပေါက်တံခါးများအားလုံးကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။
ကျင့်ကြံသူ သောင်းနှင့်ချီ၍ ခမ်းနားထည်ဝါလှသော နန်းတော်ကြီးအတွင်းသို့ တိုးဝှေ့ဝင်ရောက်လာကြသည်။ ယခင်က နန်းတော်၏ ထောင့်စွန်းတစ်နေရာကိုသာ အသုံးပြုခွင့်ပေးခဲ့သော်လည်း ယခုအခါ တစ်ခုလုံးကို ဖွင့်ပေးလိုက်ပြီဖြစ်၍ ကျင့်ကြံသူ မည်မျှပင် များပြားနေပါစေ ကျဉ်းမြောင်းသည်ဟု မခံစားရပေ။
နန်းတော်အပြင်ဘက်တွင်မူ ရေခဲခံတပ်မှ ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးအဖွဲ့က စနစ်တကျ ကင်းလှည့်နေကြပြီး မည်သည့်မငြိမ်မသက်မှုကိုမျှ ခွင့်မပြုကြချေ။ လူတိုင်းက စည်းကမ်းတကျ အစစ်ဆေးခံကာ ဝင်ခွင့်လက်မှတ်များ ပြသပြီး အတွင်းသို့ ဝင်ရောက်နေကြသည်။ ရံဖန်ရံခါတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးများ၏ အလင်းတန်းများက ကောင်းကင်ယံကို ဖြတ်သန်းကာ လေလံခန်းမအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။
သို့သော် ရင်ပြင်၏ ထောင့်တစ်နေရာရှိ လူတစ်စုကြား၌မူ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပျံ့နှံ့နေခဲ့သည်။
“ရှင်တို့ အဖွဲ့ချုပ်ခေါင်းဆောင်က.... အခုထိ မကြွသေးဘူးလား...."
ခန်းရှန်းချုံးတစ်ယောက် စိုးရိမ်စိတ် မထိန်းနိုင်ဘဲ အလျင်စလို မေးလိုက်သည်။ သူမသည် လူအုပ်ကြီးထဲတွင် တွေ့လိုတွေ့ငြား ဟိုဟိုဒီဒီ မျက်စိကစားကာ အပူတပြင်း လိုက်ရှာနေသည်။ စိတ်ပျက်စရာကောင်းလောက်အောင်ပင် လော့ချန်နှင့် တူသည့်အရာ ဟူ၍ ဘာမှမတွေ့ရပေ။
စီမာဟွေ့နန်က တည်ငြိမ်အေးဆေးစွာဖြင့်....
"မိန်းကလေးခန်းရယ်.... သိပ်လဲ စိတ်မပူပါနဲ့ဦးရှင့်၊ တွမ်ဖုန်းကိုယ်တိုင် အဖွဲ့ချုပ်ခေါင်းဆောင်ကို သွားခေါ်နေပါပြီ၊ မိန်းကလေးတို့ကိစ္စ အဆင်ပြေမှာပါ၊ နောက်ကျမှာ မဟုတ်ပါဘူးရှင်"
"ဘာ.... နင်ကများ.... ဘာသိလို့ ဆရာလာလုပ်နေတာလဲ၊ နောက်မကျဘူးလို့ နင် အာမခံ နိုင်လို့လား၊ ပြောစမ်း"
ခန်းရှန်းချုံး စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်တော့သည်။
သူမ၏ ပျာယာခတ်ပြီး တည်ငြိမ်မှု ပျောက်ဆုံးနေသော ပုံစံကြောင့် စီမာဟွေ့နန်ပင် ရုတ်တရက် မျက်မှောင်ကြုတ်သွားမိသည်။ ခန်းရှန်းချုံးသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါသော်လည်း သူမ၏ စိတ်ကို ထိန်းချုပ်နိုင်စွမ်းမှာမူ အလွန်ပင် နည်းပါးလွန်းလှသည်။
သို့သော်လည်း ဟွေ့နန် စိတ်ကို လျှော့ကာ ထပ်မံရှင်းပြလိုက်သည်။
"ဒီမယ် မိန်းကလေး၊ ကျွန်မသိသလောက်တော့ လေလံပွဲက သုံးရက်တောင် ကြာမှာပါရှင့်၊ တစ်ရက်ချင်းစီမှာ ချီသန့်စင်အဆင့်၊ အခြေတည်အဆင့်နဲ့ ရွှေအမြုတေအဆင့် ဆိုပြီး လေလံတင်မယ့် ပစ္စည်းတွေကို အဆင့်အလိုက် ခွဲခြားထားတာပါ၊ မိန်းကလေးခန်း လိုချင်နေတဲ့ ဇီယန်ဆေးက တတိယအဆင့် ဝိညာဉ်ဆေး ဖြစ်နေလို့ တတိယမြောက်နေ့ကျမှပဲ လေလံစင်ပေါ် တက်လာမှာပါ၊ အဲဒါကြောင့် အခုကတည်းက ဒီလောက်အထိ အလောတကြီး ဖြစ်နေစရာ မလိုပါဘူးရှင့်၊ စိတ်အေးအေးထားပါနော်”
ခန်းရှန်းချုံးသည် သက်ပြင်းကို အသာချရင်း သူ့စိတ်သူ ပြန်ထိန်းရန် ကြိုးစားလိုက်သည်။ သို့ရာတွင် သောကရောက်နေသည်မှာ သူမ တစ်ယောက်တည်းသာမဟုတ်၊ သူတို့ဘေးတွင် တိတ်တဆိတ် ရပ်နေသော မင်လုံယွီသည်လည်း တစ်ခုခုကို စိုးရိမ်ပူပန်နေပုံရသည်။ သူသည် ဤစကားဝိုင်းတွင် ဝင်ရောက်စကားပြောခွင့် ရှိမနေသော်လည်း သူ၏ မျက်ဝန်းထဲမှ စိုးရိမ်မှုအရိပ်အယောင်များမှာမူ ခန်းရှန်းချုံးကဲ့သို့ပင် အထင်းသား မြင်နေရလေသည်။
ရုတ်တရက် တိမ်စီးသားရဲ ရထားလုံးတစ်စီးသည် ရေခဲလှိုင်းနန်းတော်အပြင်ဘက်၌ ဆိုက်ရောက် ရပ်တန့်သွားသည်။ ထိုရထားလုံးထဲမှ ဆင်းလာသော တွမ်ဖုန်း၏ မျက်နှာမှာမူ သိသိသာသာ ပျက်ယွင်းနေပြီး သူ၏ ခြေလှမ်းများကလည်း ခဲဆွဲထားသကဲ့သို့ လေးလံနေပုံရသည်။
စီမာဟွေ့နန်သည် တွမ်ဖုန်းအဖြစ်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ခေါင်းထဲတွင် ဒိန်းခနဲ သွေးတက်သွားမိသည်။ လော့ထျန်းအဖွဲ့ကို စီမံခန့်ခွဲလာခဲ့သော နှစ်များအတွင်း သူမသည် လူတို့၏ အမူအရာကို ကောင်းကောင်း ဖတ်တတ်နေပြီ ဖြစ်သည်။
သူမ တွမ်ဖုန်းအနားသို့ ခြေလှမ်းကျဲကြီးများဖြင့် အမြန်ပြေးသွားကာ မေးလိုက်သည်။
"တွမ်ဖုန်းရေ.... အဖွဲ့ချုပ်ခေါင်းဆောင်ရော.... ဘယ်မှာလဲဟင်၊ ဘာဖြစ်လို့ လိုက်မလာတာလဲ"
တွမ်ဖုန်းက လေသံကို အတတ်နိုင်ဆုံး ထိန်းရင်း အေးစက်စွာ ပြန်ဖြေလိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်က မှာလိုက်တယ်၊ လေလံပွဲ ပထမ နှစ်ရက်အတွက်တော့ ဟွေ့နန်ကိုပဲ အစအဆုံး တာဝန်ယူခိုင်းလိုက်တဲ့၊ အခြေတည်အဆင့်နဲ့ ပတ်သက်တဲ့ အရေးကြီးပစ္စည်းတွေ လေလံတင်ရင်.... ဟွေ့နန်တို့က အရင် လို၏ မလို၏ စဉ်းစားဆုံးဖြတ်၊ ပီးရင် ကျုပ်ကို နောက်ဆုံးအဆင့် လေလံဆွဲတာကို အပြတ်ကိုင်တွယ်ပေးလိုက်တဲ့"
တွမ်ဖုန်းသည် လက်ရှိတွင် အဖွဲ့အတွင်း အရေးပါအရာရောက်သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် လေလံပွဲတွင် လော့ထျန်းအဖွဲ့ကိုယ်စား လေလံဆွဲရန်အတွက် သူသည် သာမန် ချီသန့်စင်ကျင့်ကြံသူများထက် ပို၍ အခွင့်အာဏာ ရှိလှသည်။ စကားပြောရင်း သူသည် သိုလှောင်အိတ်တစ်ခုကို စီမာဟွေ့နန်ထံသို့ သေသေချာချာ ကမ်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဘေးလူများမကြားစေရန် ဝိညာဉ်အာရုံကို သုံး၍ တိုးတိုးလေး လျှို့ဝှက်ပြောလိုက်သည်။
"ဟွေ့နန်ရေ ဒီထဲမှာ ဝိညာဉ်ကျောက်တုံး တစ်သိန်းတောင် ရှိတယ်၊ ကျုပ်တို့အဖွဲ့အတွက် လိုတာဝယ်ဖို့ ကျိန်းသေ လောက်မှာပါဗျာ"
စီမာဟွေ့နန်သည် အံ့ဩလွန်းသဖြင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြင့် "ဒါ.... ဒါကို.... အဖွဲ့ချုပ်ခေါင်းဆောင်က ကိုယ်တိုင်ပေးလိုက်တာလား၊ သူ.... တစ်ခုခုများ ဖြစ်နေပြီလားဟင်" ဟု စိုးရိမ်တကြီး ပြန်မေးလိုက်သည်။
တွမ်ဖုန်းသည် ဘေးပတ်ပတ်လည်တွင် သူ့အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသော လူများကို အကဲခတ်သည့်အနေဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီး လျှို့ဝှက် အသံလုံ အစီအရင်ဖြင့် ပြန်ဖြေလိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင် ဘာမှမဖြစ်ပါဘူး၊ ကျင့်ကြံရင်း အခက်အခဲလေး တစ်ခု ကြုံရလို့.... ခဏ အချိန်ယူပြီး ပြန်ထိန်းညှိနေပုံပါပဲ၊ ကျုပ် အကြီးအကဲ ဝမ်ယွမ် ဆီကိုလည်း အရေးပေါ် အကြောင်းကြားထားပြီးပြီ.... သူလဲ ဒီကို အမြန်ဆုံး လာပါလိမ့်မယ်"
တွမ်ဖုန်း၏ စကားကြောင့် စီမာဟွေ့နန်မှာ စိတ်သက်သာရာ မရသည့်အပြင် ပို၍ပင် စိုးရိမ်ပူပန်သွားမိတော့သည်။
“ဟင်.... ဘာမှမဖြစ်ဘူးဆိုပီး.... အကြီးအကဲဝမ်ယွမ်ကိုတောင် အရေးတကြီး လှမ်းခေါ် နေရပြီလား၊ တစ်ခုခုတော့ အကြီးအကျယ် ဖြစ်နေပြီ ထင်တယ်.... ဒုက္ခပါပဲရှင်”
သို့သော် သူမသည် စိတ်ထဲမှ စိုးရိမ်စိတ်ကို ဖျောက်ဖျက်ရန် အသက်ကို ပြင်းပြင်းရှူကာ ဘေးမှလူများကို အားယူပြုံးလိုက်ပြီး
"ကဲ အားလုံးပဲ.... ဘာမှစိုးရိမ်စရာမရှိပါဘူး၊ လေလံခန်းမထဲကို အရင်ဝင်နှင့် ကြရအောင်.... ကျွန်မနောက်ကနေ သေချာလေး လိုက်ခဲ့ကြနော်" ဟု လှမ်းပြောလိုက်သည်။
အဖွဲ့ဝင်အချို့သည် တွမ်ဖုန်းနှင့် သူမအား အကဲခတ်ကာ အခြေအနေအမှန်အတိုင်း သိချင်နေကြသည်။ သို့သော် တွမ်ဖုန်း၏ အေးစက်စက်အကြည့်ကြောင့် မည်သူမျှ စကားတစ်လုံး မဟဝံ့ကြပေ။ လေလံခန်းမ ဝင်ပေါက်နားသို့ မရောက်မီမှာပင် တွမ်ဖုန်းသည် မင်လုံယွီအား ပုခုံးပုတ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ညီလေးရာ၊ အဖွဲ့ချုပ်ခေါင်းဆောင်က မင်းအတွက် အခြေတည်ဆေးလုံး ယူပေးဖို့ သေသေချာချာ စီစဉ်ပေးပြီးသားပါ"
ထိုစကားကြောင့် မျက်နှာဇီးရွက်လောက်သာရှိတော့သည့် မင်လုံယွီတစ်ယောက် မျှော်လင့်ချက်ရောင်လေး သန်းလာသည်။ သို့သော်လည်း ခေါင်းဆောင်ဖြစ်သူ လော့ချန်ကိုယ်တိုင် ပါမလာဘဲနှင့် စီမာဟွေ့နန် အနေဖြင့် ဤမျှ အဖိုးတန်လှသော အခြေတည်ဆေးလုံးကို အခြားသူများကြားထဲမှ ရအောင် လုယူပေးနိုင်ပါ့မလားဟု သူ စိတ်ပူနေမိဆဲပင် ဖြစ်သည်။
….
လေလံပွဲမစခင် ၆ ရက်အလိုက ဖြစ်သည်….။
ကြေးမှန်ကို ရရှိပြီးနောက် လော့ချန်၏ သိစိတ်ထဲတွင် ဝုန်းခနဲ ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် တစ်နေ့နှင့် တစ်ည တိုင်တိုင် မှန်ကမ္ဘာထဲ၌ နှစ်ပေါင်းနှစ်ရာခန့် အတွေ့အကြုံကို ဖြတ်သန်းလျှောက်လှမ်းခဲ့ရသည်။ ထို့နောက် ထို ခရီးရှည် ကမ္ဘာကြီးထဲမှ သူ ဖြည်းဖြည်းချင်း ပြန်လည်နိုးထလာခဲ့တော့သည်။
"သခင်.... သခင် အဆင်ပြေရဲ့လားရှင့်"
ဘေးနားရှိ ပိုင်မေလင်း၏ အသံမှာ စိုးရိမ်ပူပန်မှုများဖြင့် လျှံထွက်နေခဲ့သည်။ သို့သော်လည်း လော့ချန်၏ မျက်လုံးများထဲတွင် နှစ်ပေါင်းများစွာကို အမှန်တကယ် ဖြတ်သန်းလာခဲ့သည့် ရင့်ကျက်မှုအတွေ့အကြုံများနှင့် ဖုံးကွယ်မရသော အထီးကျန်ရိပ်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသောအခါ သူမ တုန်လှုပ်သွားမိတော့သည်။
"ဟူး.... ငါ အဆင်ပြေပါတယ်...."
လော့ချန်က စိတ်ကိုပြန်ထိန်းရင်း တိုးတိုးလေး မှာကြားလိုက်သည်။
"နောက်ရက်တွေမှာ.... ဒီဂူဗိမာန်ကို သေသေချာချာ စောင့်ရှောက်ထားလိုက်၊ ငါ့အမိန့်မရှိဘဲ ဘယ်သူ့မှ လုံးဝအဝင်မခံနဲ့၊ တကယ်လို့ ဟွေ့နန် ဒါမှမဟုတ် တွမ်ဖုန်း လာခဲ့ရင်တော့.... ဒီသိုလှောင်အိတ်နဲ့ ဒီအသံလွှင့်စာလွှာကို သူတို့လက်ထဲ အရောက်ပေးလိုက်ပါ"
ထို့နောက် သူသည် ဝိညာဉ်ကျောက်တုံးများ ပြည့်နှက်နေသော သိုလှောင်အိတ်ကို အသာချထားခဲ့ပြီး အိပ်ခန်းထဲသို့ ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် ဝင်သွားတော့သည်။
စင်စစ်မူ ဤဒုတိယအဆင့် ဂူဗိမာန်သို့ ပြောင်းရွှေ့လာကတည်းက လော့ချန်သည် အိပ်ခန်းကို အသုံးမပြုသလောက်ပင် ဖြစ်သည်။ သူသည် များသောအားဖြင့် ကျင့်ကြံခန်း၊ ဆေးဖော်ခန်း သို့မဟုတ် စာကြည့်ခန်းများထဲတွင်သာ အချိန်ကုန်လွန်တတ်သည်။ သို့သော် ယခုအခါ၌မူ အိပ်ခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူသည် နူးညံ့လှသော အိပ်ရာကြီးပေါ်သို့ ပက်လက်မှောက်လျက် လဲကျသွားတော့သည်။
"ဪ…. နတ်မိစ္ဆာနှလုံးသားကြေးမုံတဲ့လား.... တကယ့်ကို ပင်ပန်းဖို့ကောင်းတဲ့ ခရီးရှည်ကြီးပါပဲလား"
လော့ချန် စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေး ရေရွတ်ရင်း အိပ်ပျော်သွားတော့သည်။
ပြင်ပကမ္ဘာကြီးတစ်ခုလုံး မည်မျှပင် ဆူညံဆူပူနေပါစေ၊ သူကမူ အချိန်ကုန်ဆုံးသွားသည်ကိုပင် သတိမထားမိတော့ဘဲ ရှည်လျားလှသော အိပ်စက်ခြင်းမျိုးဖြင့် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေခဲ့ချေပြီ။ ၎င်းမှာ အလွန်တရာမှ ရှည်လျားလှသော အိပ်စက်ခြင်း ဖြစ်သည်။ ဤကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ စတင်ခြေချလာကတည်းက လော့ချန်သည် မိမိကိုယ်ကိုယ် ဤမျှအထိ အနားပေးခဲ့ခြင်းမျိုး လုံးဝမရှိခဲ့ဖူးပေ။ ယခုတစ်ကြိမ်တွင်မူ သူသည် မည်သည့်အိပ်မက်ဆိုးမျှ မမက်ဘဲ အလွန်ပင် ငြိမ်သက်အေးချမ်းစွာ အနားယူနိုင်ခဲ့သည်။
ထိုသို့ဖြင့် ရက်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်မှသာ သူ ဖြည်းဖြည်းချင်း ပြန်လည်နိုးထလာခဲ့တော့သည်။
နူးညံ့လှသော ပိုးစောင်အောက်တွင် လော့ချန် ခဏမျှ ငြိမ်သက်စွာ လဲလျောင်းနေမိသည်။ ထို့နောက် သူ ကုတင်ပေါ်မှနေ၍ တိုးတိုးလေး ရေရွတ်လိုက်သည်။
"အင်း ဒီလောကကို ရောက်လာကတည်းက.... ဒီလောက် စိတ်အေးလက်အေးနဲ့ ကြာကြာအိပ်ခဲ့ရတာ ဒါ ပထမဆုံးအကြိမ်ပဲ ထင်တယ်"
မူလခန္ဓာကိုယ်ပိုင်ရှင် ပုန်းအောင်းကျင့်ကြံခဲ့သည့် ဆယ်နှစ်တာကာလကို ဖယ်လိုက်လျှင် သူသည် ချီသန့်စင်အဆင့်မှနေ၍ အခြေတည်အဆင့်သို့ ရောက်ရှိရန်အတွက် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်ခန့်သာ အချိန်ယူခဲ့ရခြင်း ဖြစ်သည်။ ထိုကျင့်ကြံမှု အရှိန်အဟုန်မှာ ကျင့်ကြံခြင်းလောကရှိ ထိပ်တန်းပါရမီရှင်များနှင့်ပင် ယှဉ်နိုင်လောက်သည် မဟုတ်ပေလော။ မည်သူမှ နှုတ်ကထုတ်မပြောကြသော်လည်း လော့ချန်သည် သူ၏ သူငယ်ချင်းများနှင့် လက်အောက်ငယ်သားများ၏ မျက်ဝန်းထဲတွင် မနာလိုဖြစ်နေကြသည့် အရိပ်အယောင်များကို မကြာခဏဆိုသလို ရိပ်မိတတ်သည်။
သို့သော် ထိုမနာလိုမှုများသည် အမှန်စင်စစ် သူ့အသက်တစ်ချောင်းလုံးကို လောင်းကြေးထပ်ပြီး အသေအလဲ ရုန်းကန်ခဲ့ရခြင်း၏ တန်ဖိုးသာ ဖြစ်တော့သည်။
နေ့ရောညပါ သူသည် ဝိညာဉ်ကျောက်တုံးများ ရရှိရန်အတွက် ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်ခဲ့ရသလို၊ ကျင့်ကြံခြင်းလမ်းစဉ်ကိုလည်း တစ်စက္ကန့်လေးပင် မရပ်နားခဲ့ပေ။ သူသည် ဆယ်နှစ်တိုင်တိုင် အနားမယူဘဲ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ခဲ့မှသာ ယခုကဲ့သို့ အခြေတည်အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သူ မိမိကိုယ်ကိုယ် ဤမျှအထိ ရက်ရက်စက်စက် တွန်းအားပေးခဲ့ရခြင်းမှာ ဘေးပတ်ဝန်းကျင်ရှိ ရန်သူ့အန္တရာယ်များကြောင့်တင်မကဘဲ သူ၏ ညံ့ဖျင်းလှသော မွေးရာပါပါရမီနှင့် ကန့်သတ်ထားသော ဘဝသက်တမ်းကို ကောင်းကောင်းသိနေသောကြောင့် ဖြစ်သည်။ အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက်မှာပင် ထိုစိုးရိမ်ပူပန်မှုကြီးက သူ့အပေါ်တွင် အရိပ်မည်းကြီးတစ်ခုလို လွှမ်းမိုးနေဆဲဖြစ်သဖြင့် သူ တစ်ခါမှ အရှိန်မလျှော့ခဲ့ပေ။
သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက် (မှန်ကမ္ဘာ၏ လှည့်စားမှု) ကို ကြုံတွေ့ပြီးနောက်တွင်မှ သူ မိမိကိုယ်ကိုယ် အလွန်အမင်း တွန်းအားပေးပြီး ညှဉ်းပန်းခဲ့မိကြောင်း ကောင်းကောင်းကြီး နားလည်သွားတော့သည်။
'လော့ချန်.... မင်း.... မမောသေးဘူးလား....’
သူသည် ကုတင်ပေါ်တွင် ပက်လက်လှဲရင်း အသာအယာ ခါးခါးသီးသီး ပြုံးလိုက်မိကာ စိတ်ထဲမှ ပြန်လည်ရေရွတ်လိုက်မိတော့သည်။
'ဟက်.... ဘယ်လိုလုပ်ပြီး မမောပဲ နေမှာလဲကွ'
သူ မျက်လုံးများကို အကျယ်ကြီး ဖွင့်လိုက်ပြီးနောက် သူ၏ အတွေးစအာရုံများမှာ နတ်မိစ္ဆာနှလုံးသားကြေးမုံ အတွင်းက အဆုံးအစမရှိခဲ့သော မှန်ကမ္ဘာ့အချိန်နာရီများဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြန်သည်။
အမှန်စင်စစ် ဤအိပ်စက်ခြင်းမှ နိုးထလာပြီးနောက်တွင် သူသည် ထိုကြေးမှန်၏ လျှို့ဝှက်ချက်အကြောင်းကို ယခင်ကထက် များစွာ ပိုမိုသိရှိနားလည်ခဲ့ရချေပြီ။ ၎င်းမှန်သည် အခြားမဟုတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတစ်ဦး၏ ဝိညာဉ်အာရုံအကြွင်းအကျန်များ ကိန်းအောင်းမှီတင်းနေသည့် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။ ထို့ပြင် ဤမှော်ရတနာဆန်းကြီးမှာ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက အစီအရင်ပညာရပ်တွင် အလွန်တရာ ဟိုးဟိုးကျော် ထင်ရှားခဲ့သော နတ်တစ္ဆေတောင်ကြားဂိုဏ်းမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
၎င်း၏ အံ့မခန်းထူးခြားလှသော စွမ်းပကားမှာမူ ကျင့်ကြံသူအား မိမိကိုယ်မိမိ ဘဝအလှည့်အပြောင်းများကို ပြန်လည်ဆန်းစစ်နိုင်မည့်ခရီးစဉ်တစ်ခုအား အတင်းအကျပ် လျှောက်လှမ်းစေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းသည် ကျင့်ကြံသူအတွက် အမှားအမှန် ဝေခွဲမရနိုင်လောက်အောင် ပြည့်စုံလှသည့် အတုအယောင်ကမ္ဘာတစ်ခုကို ဖန်တီးပေးခြင်းပင် ဖြစ်တော့သည်။
ကျင့်ကြံသူတစ်ဦးချင်းစီ၏ ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများနှင့် ကျင့်ကြံခြင်းအခြေခံ အပေါ်၌ မူတည်၍ ဤထူးဆန်းသော မှန်ရတနာသည် နောင်အနာဂတ်တွင် အမှန်တကယ် ဖြစ်ပျက်လာနိုင်ခြေရှိသော အခြေအနေအရပ်ရပ်ကို အနီးစပ်ဆုံး ပုံဖော်ပြသပေးခြင်း ဖြစ်သည်။
ထိုနတ်တစ္ဆေတောင်ကြားတွင် ဤရတနာဆန်းကြီးကို ဂိုဏ်း၏ ထိပ်တန်းအကြီးအကဲ ကျင်းဝူက ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို များသောအားဖြင့် အခြေတည်အဆင့် အထွက်အထိပ်သို့ ရောက်ရှိနေသော ပါရမီရှင် တပည့်များအတွက်သာ အထူးအသုံးပြုလေ့ ရှိကြသည်။ ထိုတပည့်တို့အား အတုအယောင်ကမ္ဘာထဲတွင် တစ်ကြိမ်မျှ ကြိုတင်ကြုံတွေ့လိုက်ရရုံနှင့်ပင် အစစ်အမှန် လောက၌ ရွှေအမြုတေအဆင့် တက်လှမ်းဖို့ရာ အလွန်အမင်း အဖိုးတန်လှသော အတွေ့အကြုံကောင်းကြီး ဖြစ်သွားစေသည်။
ဤထူးခြားလှသော ရတနာကြောင့်ပင် ထိုဂိုဏ်းတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူအရေအတွက်မှာ သိသိသာသာနှင့် မှန်မှန်ကန်ကန်ကြီး တိုးတက်လာခဲ့တော့သည်။ နောက်ဆုံးတွင် ထိုဂိုဏ်းသည် အခြားသော သာမန် ရွှေအမြုတေအဆင့် ဂိုဏ်းများထက်ပင် များစွာပိုမို အင်အားကြီးမားလာခဲ့လေသည်။
သို့သော်လည်း ဝမ်းနည်းစရာ အချက်တစ်ခုမှာမူ ဂိုဏ်းအတွင်း၌ ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူကြီး တစ်ဦးတစ်ယောက်မျှ ပေါ်ထွက်မလာခဲ့ခြင်းပင် ဖြစ်သည်။ အခြားသော အင်အားကြီး ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးများ၏ စောင့်ကြည့်ဖိနှိပ်မှုကို ရှောင်ရှားရန်အတွက် ဂိုဏ်း၏ ထိပ်တန်းအကြီးအကဲမှာ ဂိုဏ်းတစ်ခုလုံးကို လျှို့ဝှက်နေရာရွှေ့ပြောင်းကာ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ဦးဆောင်ဆင်နွှဲနေသည့် နယ်မြေချဲ့ထွင်ရေး စစ်ပွဲကြီးအတွင်း၌ ဝင်ရောက်ပူးပေါင်းရန် စွန့်စားဆုံးဖြတ်ခဲ့တော့သည်။
ကံမကောင်းအကြောင်းမလှစွာဖြင့် ရှေ့တန်းမှ ပါဝင်ဆင်နွှဲခဲ့သော ထိုတောင်ကြားဂိုဏ်းသည် စစ်ပွဲအတွင်း၌ စတုတ္ထအဆင့် မိစ္ဆာဘုရင်၏ တိုက်ခိုက်မှုကြောင့် တစ်ဂိုဏ်းလုံးနီးပါး သွေးပင်လယ်ဝေကာ လုံးဝ ပျက်စီးသွားခဲ့ရလေသည်။ ဂိုဏ်း၏ ပါရမီရှင် ကျင့်ကြံသူအမြောက်အမြား အသက်ဆုံးရှုံးသွားခဲ့ရသည့်အပြင် ဂိုဏ်း၏ အသက်သွေးကြောဖြစ်သော ရတနာကြီးမှာလည်း အကြီးအကဲကြီးနှင့်အတူ သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။
ထိုရတနာမှာ အခြားမဟုတ် စစ်တုရင် နယ်ရုပ်ပင် ဖြစ်တော့သည်။ ၎င်းသည် အမည်းနှင့် အဖြူ နယ်ရုပ်နှစ်ခု ပါဝင်သည့် အဆင့်လတ် မှော်ရတနာ အစုံလိုက် ဖြစ်သည်။ သာမန်အားဖြင့် မိစ္ဆာချုပ်နန်းဆောင်ကဲ့သို့သော ထိပ်တန်းရတနာကြီးများလောက် နာမည်မကြီးပေ။ သို့သော် ထိုတောင်ကြားဂိုဏ်းတစ်ခုလုံးအတွက်မူ ဤနယ်ရုပ်အစုံ၏ အရေးပါပုံနှင့် တန်ဖိုးမှာ မိစ္ဆာချုပ်နန်းဆောင်ကြီးနှင့် ထပ်တူထပ်မျှပင် တူညီလှချေသည်။
အကြောင်းမူ ထိုနယ်ရုပ်အစုံကို နတ်မိစ္ဆာနှလုံးသားကြေးမုံနှင့် တွဲဖက်ကာ အသက်သွင်းအသုံးပြုနိုင်သောကြောင့် ဖြစ်သည်။
အဖြူရောင်နယ်ရုပ်သည် ကျင့်ကြံသူ၏ ရုပ်ခန္ဓာကို အကြွင်းမဲ့ အကာအကွယ်ပေးနိုင်ပြီး၊ အမည်းရောင်နယ်ရုပ်သည် စိတ်ဝိညာဉ်ကို စောင့်ရှောက်ပေးနိုင်သည်။ ယခင်က လော့ထျန်းဟုန်း သေဆုံးသွားပြီးသည့်တိုင်အောင် တစ္ဆေစစ်သူကြီးအဖြစ် ရုတ်ချည်း ပြောင်းလဲသွားနိုင်ခဲ့ခြင်းမှာလည်း ဤအမည်းရောင်နယ်ရုပ်၏ လျှို့ဝှက်စွမ်းပကားကြောင့်ပင် ဖြစ်လေသည်။
ထိုစဉ်က လော့ချန်သည် ထိုသူအား အစအနပင်မကျန်အောင် တစ်စစီ ချေမှုန်းပစ်ခဲ့သော်လည်း သူသည် အမည်းရောင်နယ်ရုပ်၏ စွမ်းအားဖြင့် ဒဏ်ရာများကို မျက်စိတစ်မှိတ်အတွင်း ပြန်လည်ကုသနိုင်ခဲ့သည်။ စုန်းစုန်းမြုပ် ပျက်စီးသွားခြင်းမရှိဘဲ ချက်ချင်း အကောင်းပကတိ ပြန်ဖြစ်လာခြင်းကပင် အမည်းရောင်နယ်ရုပ်၏ ဝိညာဉ်ကာကွယ်နိုင်စွမ်း မည်မျှထက်မြက်ကြောင်း သက်သေပြနေတော့သည်။
"အော်…. ဒီလိုကိုး.... တောင်ကြားဂိုဏ်းက တပည့်တွေ နတ်မိစ္ဆာနှလုံးသားကြေးမုံရဲ့ ဝိညာဉ်စမ်းသပ်မှုကို အန္တရာယ်ကင်းကင်း ဖြတ်ကျော်နိုင်ခဲ့တာ ဒီအမည်းရောင်နယ်ရုပ်ကြောင့် ပေါ့၊ ဒီ နယ်ရုပ်လဲပျောက်၊ နောက်ပိုင်း အကြီးအကဲ ကျင်းဝူ ဆုံးသွားတာတွေနဲ့ဆိုတော့ ဂိုဏ်း တစ်ခုလုံးလည်း ကျောက်စိမ်းအိုးဓားဂိုဏ်းအောက် ရောက်ကုန်တော့တာကိုး...."
ဂိုဏ်း၏ လက်ကျန်တပည့် တချို့တလေသည် နတ်မိစ္ဆာနှလုံးသားကြေးမုံကို (ဝိညာဉ်ကိုကာကွယ်ပေးမည့် အမည်းရောင်နယ်ရုပ်မပါဘဲ) စွန့်စားအသုံးပြုခဲ့ကြသေးသည်။ ဤသို့နှင့် ထိုအတုအယောင်ကမ္ဘာထဲတွင် ပိတ်မိကာ စိတ်ဝိညာဥ် ပျက်ပြားရင်း နောက်ဆုံးတွင် ရူးသွပ်ကုန် ကြလေသည်။ ထိုသို့ ခဏခဏ ကြိုးစားခဲ့ကြသဖြင့် တန်ဖိုးကြီးမှန်ရတနာကြီးသည် တဖြည်းဖြည်း ပျက်စီးလာပြီး ထောင့်စွန်းတစ်ခု ကျိုးပဲ့သွားသည့် အမှိုက်တစ်ခုလို ဖြစ်သွားခဲ့ရသည်။
ထို ရတနာသည် တလက်ပြီးတလက် ကူးပြောင်းလာကာ လမ်းဘေးဈေးသည်ကြီး၏ ဖျာစုတ်ပေါ်မှ လော့ချန်၏ လက်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထို နောက်ခံသမိုင်းကြောင်းများကို လော့ချန်သည် ထိုအတုအယောင်ကမ္ဘာထဲတွင်ရှိစဉ် မှန်အတွင်းရှိ ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်၏ စကားများမှတစ်ဆင့် ပြန်လည် သိရှိခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် သူသည် ကုတင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်လိုက်ရင်း စိတ်သက်သာရာရစွာဖြင့် ရေရွတ်လိုက်မိသည်။
"အမလေး.... တိုက်တိုက်ဆိုင်ဆိုင် ငါ့လက်ထဲမှာ အမည်းရောင် နယ်ရုပ် ရှိနေလို့ သာပေါ့…. မဟုတ်ရင် ဒီ အတုအယောင်ကမ္ဘာထဲ ငါ ဝိညာဉ်လွင့်သွားလောက်ပီ.... မှန်ကမ္ဘာထဲတုန်းက.... ငါက ရှေ့ဆက်ကျင့်ကြံနိုင်ဖို့ တစ်ခုတည်းအတွက်နဲ့တင် လူမဆန်တဲ့ နတ်ဆိုးလမ်းစဉ်ကို ခြေစုံပစ်လိုက်ခဲ့မိတယ်၊ နောက်ဆုံးတော့ လူလည်းမဟုတ်၊ တစ္ဆေလည်းမဟုတ်တဲ့ အခြေအနေကြီးနဲ့ အခြေတည်အဆင့် အထွက်အထိပ်ဆီကို ရောက်သွားခဲ့တာပဲ.... ဟင်.... အဲဒီတုန်းက ရခဲ့တဲ့ သက်တမ်းဆိုရင်.... သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ သက်တမ်းကန့်သတ်ချက်ဖြစ်တဲ့ နှစ်ပေါင်း သုံးရာကိုတောင် ကျော်လွန်သွားခဲ့တာပဲ”
မှန်ပေသည်။ အတုအယောင်ကမ္ဘာထဲ၌ လော့ချန်၏ ဘဝဇာတ်သိမ်းပြီး သက်တမ်းကုန်ဆုံးသွားချိန်မှာ အသက် နှစ်ပေါင်း ၃၃၀ အထိပင် ဖြစ်သည်။ စင်စစ်မူ သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဟူသည် ဘဝသက်တမ်း နှစ်ပေါင်း ၂၅၀ ထက် ပို၍ မနေထိုင်နိုင်ကြချေ။ အချို့သော ကျင့်ကြံသူများမှာမူ ထူးခြားဆန်းပြားသည့် လျှို့ဝှက်ကျင့်စဉ်များကို သုံးပြီး နှစ်ပေါင်း ၁၀ နှစ် သို့မဟုတ် ၂၀ ခန့် ပိုမိုအသက်ဆက်နိုင်ကြသလို၊ သက်တမ်းတိုးဆေးလုံးများကို အလုအယက် မှီဝဲပါကလည်း ရရှိနိုင်မည့် အမြင့်ဆုံး သက်တမ်းကန့်သတ်ချက်မှာ နှစ်ပေါင်း ၃၀၀ မျှသာ ဖြစ်သည်။
အတုအယောင် ကမ္ဘာထဲ၌ သူ နှစ်ပေါင်း ၃၃၀ အထိ ရှင်သန်နိုင်ခဲ့ခြင်းမှာ အခြားကြောင့်မဟုတ်ဘဲ ဝမ်ယွမ်ဆီမှ ရရှိခဲ့သည့် ကြောက်မက်ဖွယ်ရာ သွေးကျင့်စဉ် ပညာရပ်ကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် နောက်ဆုံးတွင် သူသည် နယ်မြေတစ်ခုလုံး၏ အလိုရှိဆုံး ထိပ်တန်းဝရမ်းပြေးတစ်ဦး ဖြစ်လာခဲ့ရုံမျှမက ရွှေအမြုတေအဆင့် တက်လှမ်းရန် အသည်းအသန် ကြိုးစားသည့် အချိန်၌ပင် သူ၏ ကျင့်စဉ်လမ်းကြောင်းများမှာ လုံးဝလမ်းလွဲကာ ဘဝတစ်ခုလုံး ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း လက်တွေ့ဘဝသို့ ပြန်လည်နိုးထလာချိန်တွင် လော့ချန် စိတ်အေးသွားမိသည်။ ရှေ့ဖြစ်နိမိတ်ဟူသည်မှာ သူ့အတွက်မူ ကြောက်စရာအရာ မဟုတ်ပေ။ သူ လက်ရှိတွင် အမှားပြင်ကာ အနာဂတ်တွင် ရှောင်ရှားစရာရှိသည်များကို ရှောင်ရှားနိုင်ပေသည်။
နတ်မိစ္ဆာနှလုံးသားကြေးမုံသည် စင်စစ်မူ ကျင့်ကြံသူတစ်ဦး၏ တာအိုလမ်းစဉ်အပေါ် ထားရှိသော သစ္စာရှိမှုနှင့် ခိုင်မာမှုကို ရက်စက်စွာ စမ်းသပ်ခြင်းသာ ဖြစ်ပေသည်။ အကယ်၍ အတုအယောင်ကမ္ဘာ၏ အဆုံးသတ်၌ သူ၏ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် တာအိုအပေါ် ထားရှိသည့် ရည်မှန်းချက်ကြီးများသာ အချိန်မီ ပြန်လည်နိုးထမလာခဲ့လျှင် သူ့လက်ထဲတွင် အမည်းရောင် နယ်ရုပ်၏ ကာကွယ်မှု ရှိနေပါစေဦးတော့၊ သူ၏ စိတ်ဝိညာဉ်မှာ မှန်ကမ္ဘာထဲ၌တင် ထာဝရ ပျက်စီးသွားပေလိမ့်မည်။ ထိုသို့သာ အမှန်တကယ် ဖြစ်ပျက်ခဲ့လျှင် သူ လက်တွေ့ဘဝသို့ ပြန်နိုးလာသည့်တိုင်အောင် အသိဉာဏ်မဲ့ ကြောင်တောင်တောင်ကြီး ဖြစ်သွားပြီး မိမိကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
ထိုအချက်ကို ဆင်ခြင်မိမှပင် ရှေးဟောင်းတောင်ကြားဂိုဏ်းသည် အဘယ်ကြောင့် အခြေတည်အဆင့် အထွက်အထိပ်သို့ ရောက်ရှိမှသာ ဤမှန်ရတနာဆန်းကြီးကို အသုံးပြုခွင့်ပေးခဲ့ကြကြောင်း လော့ချန်တစ်ယောက် ကောင်းကောင်းကြီး သဘောပေါက်သွားတော့သည်။
ထိုအဆင့်အထိ ရောက်ရှိထားသူများသည် လောကီအာရုံများနှင့် ဘေးထွက်အတွေးများကို အလိုအလျောက် ဖယ်ရှားပစ်နိုင်ကြပြီဖြစ်သလို ရွှေအမြုတေ ဖြစ်ပေါ်လာစေရန် တစ်ခုတည်းကိုသာ စိတ်ရောကိုယ်ပါ အာရုံစိုက်နေကြပြီ ဖြစ်သဖြင့် မှန်ကမ္ဘာ၏ စမ်းသပ်မှုဒဏ်ကို ခံနိုင်ရည်ရှိပြီး အာရုံလွင့်ပျံ့ချော်ထွက်မှု အလွန်နည်းပါးလှသည်။
သူ သက်ပြင်းချလိုက်စဉ်မှာပင် သူ့ကိုယ်သူ တစ်ခုခု ထူးဆန်းစွာ မှားယွင်းနေကြောင်းကို ရုတ်ချည်း သတိထားမိလိုက်သည်။ သူ၏ အတွေးအာရုံများမှာ ပုံမှန်မဟုတ်ဘဲ အလွယ်တကူ ပျံ့လွင့်နေသည်။ သူ မှန်ကမ္ဘာမှ နိုးထလာသည်နှင့် ကုတင်ပေါ်တွင်ထိုင်လိုက်၊ ပြန်လှဲလိုက်နှင့် အတွေးများသည်လည်း တောင်ရောက်မြောက်ရောက်ဖြစ်နေလေသည်။
'ဟေ.... ဒါက.... အတုအယောင်ကမ္ဘာရဲ့ ဘေးထွက်ဆိုးကျိုးများလား'
လော့ချန် မျက်မှောင်ကြုတ်ရင်း စိုးရိမ်တကြီး တွေးလိုက်မိသည်။
ထိုစဉ် ရုတ်တရက် သူ၏ ဗိုက်ထဲမှတင်မကဘဲ စိတ်ဝိညာဉ်အိမ်ထဲမှပါ အသည်းခိုက်မတတ် ပြင်းထန်လှသည့် ဆာလောင်မွတ်သိပ်မှုကြီးတစ်ခုက ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။
သူ အိပ်ရာပေါ်မှနေ၍ ချက်ချင်း ထထိုင်လိုက်ပြီး "ရှောင်လင်းရေ.... ငါ့ကို အစားအစာ အမြန်ဆုံး ပြင်ပေးစမ်း.... များများထည့်ခဲ့နော်" ဟု အခန်းပြင်သို့ လှမ်းအော်လိုက်သည်။
အပြင်ဘက်ခန်း၌ ဝိညာဉ်စုအလံကို အာရုံစိုက် လေ့လာနေသော ပိုင်မေလင်းသည် သခင်ဖြစ်သူ၏ အသံကို ကြားသည်နှင့် ချိုသာစွာ အလောတကြီး ပြန်ထူးလိုက်သည်။
ထို့နောက် လော့ချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း စစ်ဆေးရန်အတွက် ဝိညာဉ်အာရုံကို အနည်းငယ်မျှ ထုတ်လွှတ်လိုက်ရုံရုံနှင့်တင် ခေါင်းထဲတွင် မူးခနဲ ရီဝေသွားပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားရတော့သည်။
“ဟက်.... ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်တင်မကဘူး၊ စိတ်ဝိညာဉ်တစ်ခုလုံးပါ ပင်ပန်းနွမ်းနယ်နေတာပဲ၊ အေးလေ ဖြစ်လဲဖြစ်စရာပဲ.... ဟိုရှေးဟောင်းတောင်ကြားဂိုဏ်းက တပည့်တွေက အခြေတည်အဆင့် အထွက်အထိပ်ရောက်မှ သုံးတာဆိုတော့.... ရွှေအမြုတေ ဖြစ်လာဖို့ကိုပဲ အာရုံစိုက်ရုံပဲလေ၊ ငါကျတော့.... အခြေတည်အဆင့် ၃ က စပြီးတော့၊ နောက်ထပ်ဖြစ်လာမယ့် အနာဂတ်အဆင့်ဆင့်ကို ပုံဖော်ပြထားတာဆိုတော့.... တကယ်လို့ ငါ့ ဝိညာဉ်အခြေခံသာ ခိုင်မာတောင့်တင်းမနေရင်.... ငါ မှန်ကမ္ဘာထဲမှာ လိပ်ပြာလွင့်ပီး သေသွားလောက်ပြီ”
“ဘာပဲဖြစ်ဖြစ်ပါ.... ကံကောင်းတာက.... ငါ့လက်ထဲမှာ ချီလမ်းကြောင်း ဆေးလုံးတွေ အများကြီးကျန်သေးတာပဲ၊ ငါ့ရဲ့ ချီစွမ်းအားကို အမြန်ဆုံး ပြန်အားဖြည့်ပေးမှာ ကျိန်းသေတယ်...."
လော့ချန်သည် မဆိုင်းမတွဘဲ ဆေးပုလင်းထဲမှ ဆေးလုံးတစ်လုံးကို ကမန်းကတန်း ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်ပြီး မျိုချလိုက်တော့သည်။
ထိုအချိန်တွင် ဂူဗိမာန်၏ အပြင်ဘက်ခန်း၌မူ ပိုင်မေလင်းသည် ချီစွမ်းအင်များ ပြည့်နှက်နေသော ထိပ်တန်း အစားအသောက်များကို ကျောက်စားပွဲပေါ်တွင် သေသေချာချာ ပြင်ဆင်ပေးနေပြီဖြစ်သည်။
တစ်နာရီခန့် ကြာမြင့်သွားပြီးနောက်တွင် လော့ချန်သည် အင်အားအနည်းငယ် ပြန်လည်လန်းဆန်းလာကာ အိပ်ခန်းထဲမှ ထွက်လာသည်။ သူ ကျောက်စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ချီစွမ်းအား ပြည့်နှက်နေသည့် ခံတွင်းမြိန်စရာ အစားအသောက်များကို အားပါးတရ စားသောက်တော့သည်။
သူ ပလုပ်ပလောင်း စားသောက်ရင်းမှ....
"ဟေး.... ရှောင်လင်ရေ ငါ အိပ် ပျော်နေတာ.... ဘယ်လောက်ကြာသွားလဲ...." ဟု လှမ်းမေးလိုက်သည်။
ပိုင်မေလင်းက စားပွဲပေါ်တွင် မေးထောက်လျက်နေရင်း သူမ၏ နုနယ်လှသော လက်ချောင်းလေးများကို တစ်ချောင်းချင်း ချိုးရေတွက်ကာ သွက်သွက်လက်လက်လေး ပြန်ဖြေလိုက်သည်။
"တစ်.... နှစ်.... သုံး.... လေး.... အဲ…. သခင် ပြန်ရောက်ပြီးတဲ့နောက် မှန်ရှေ့မှာတင် တစ်ရက်နဲ့ တစ်ည ရှိခဲ့တယ်လေ၊ အဲဒီနောက်မှာတော့.... ကုတင်ပေါ်မှာ ခုနစ်ရက်တိတိ အိပ်ပျော်နေခဲ့တာရှင့်၊ သခင် အိပ်နေတုန်းက တွမ်ဖုန်းလည်း အလောတကြီး လာရှာသေးတယ်၊ ပီးတော့ မနေ့က အကြီးအကဲ ဝမ်ယွမ်လည်း လာသေးတယ်၊ ဒါပေမဲ့ သခင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို မြင်လို့ ဘာမှမပြောဘဲ ပြန်သွားတယ်ရှင့်"
လော့ချန် စားနေရင်း ရုတ်ချည်း တုန့်ခနဲ ရပ်သွားကာ အလန့်တကြား ရေရွတ်လိုက်မိတော့သည်။
"အမလေး.... လေလံပွဲကြီးက နောက်ဆုံးတစ်ရက်ပဲ ကျန်တော့တာလား၊ တော်သေးတာပေါ့ အချိန်မီသေးလို့"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၇၆) - ကရုဏာမဲ့နတ်သမီးဆိုတာ ဘယ်သူလဲ
နောက်တစ်နေ့ နံနက်အစောပိုင်းတွင်ဖြစ်သည်။
ထျန်းလန်တောင်ထိပ်ရှိ လော့ချန်၏ ဂူဗိမာန်အတွင်း၌ ဝမ်ယွမ်တစ်ယောက် လော့ချန်ကို ကြည့်ရင်း စိုးရိမ်စိတ်ကြောင့် နဖူးပေါ်တွင် အရေးအကြောင်းများ ထင်ရှားလာသည်အထိ မျက်မှောင်ကြုတ်နေမိသည်။
"ဟိတ်ကောင် မင်း အခြေအနေက အရမ်း အားနည်းနေတာကို.... ဒီလေလံပွဲကို တကယ်ပဲ သွားဦးမလို့လား"
ဝမ်ယွမ်က စိတ်မချနိုင်ဟန်ဖြင့် လှမ်းမေးလိုက်သည်။
သူနှင့် မျက်နှာချင်းဆိုင်တွင် မနက်စာစားနေသော လော့ချန်သည် ဖျော့တော့တော့ အားယူပြုံးပြရင်း "သွားရမှာပေါ့ဗျာ.... ကျွန်တော် ကတိပေးထားပြီးသားပဲလေ၊ လူဆိုတာ ကတိတည်ရတယ်မဟုတ်လား" ဟု ခပ်အေးအေးပင် ပြန်ပြောလိုက်လေသည်။
ဝမ်ယွမ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်သည်။
"မင်းကွာ၊ ဒါက တတိယအဆင့် ကုသရေးဆေးလုံး တစ်လုံးပဲလေကွာ၊ တကယ်လို့ ငါတို့ မရလဲ ဘာဖြစ်လဲ၊ ဒီ ရွှေကျောက်စိမ်းရည်ကိစ္စက ဘာမှအရေးမပါ ပါဘူးကွာ၊ လက်လွှတ်လိုက်လို့ ရတာပဲကို"
လော့ချန် ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေမိ၏။ သူ ဤလေလံပွဲကို မဖြစ်မနေသွားချင်နေရခြင်းမှာ ကတိတည်ချင်ရုံသက်သက်ကြောင့်တော့ မဟုတ်ပေ။ လေလံပွဲရက် ကြာလာသည်နှင့်အမျှ လေလံတင်မည့်ပစ္စည်းများကလည်း ပို၍ တန်ဖိုးကြီးလာသည်။ တတိယမြောက်နေ့သို့ ရောက်ရှိချိန်တွင်မူ လေလံပွဲ၏ အဆင့်အတန်းမှာ အခြေတည်အဆင့် ကျင့်ကြံသူများသာမက ရွှေအမြုတေအဆင့် စီရင်စုသခင်များပါ တက်ရောက်ရသည့်အထိ မြင့်မားလာခဲ့ပြီဖြစ်သည်။
ရွှမ်ယွင်ကျီ ပေးထားသော ဖိတ်စာထဲတွင် ရှားပါး အရင်းအမြစ်အချို့ကို သီးသန့်မှတ်သားပေးထားရာ ထိုအထဲ၌ သူ ယခုလောလောဆယ် အလွန်အမင်းလိုအပ်နေသည့် ပစ္စည်းများ ပါဝင်နေသည်။ ထိုပစ္စည်းများ၏ ဈေးနှုန်းကြီးမားမှုနှင့် အရေးပါပုံတို့ကြောင့် အခြားသူတစ်ဦးဦးအား လွှဲအပ်၍ လေလံဆွဲခိုင်းရန် သူ လုံးဝစိတ်မချနိုင်။ ထို့ကြောင့်ပင် ယခုကဲ့သို့ ဒဏ်ရာအနာတရဖြင့် အားနည်းနေသည့် အခြေအနေမျိုး၌ပင် လေလံပွဲသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
သူသည် ပိုင်မေလင်း ပြင်ပေးထားသော ရှေ့ရှိ မနက်စာပန်းကန်များကို အပြီးသတ်ကာ နေရာမှ ထရပ်လိုက်ပြီး "ရှောင်လင်းရေ.... ပန်းကန်တွေ သိမ်းလိုက်တော့နော်၊ ငါ အပြင်သွားတော့မယ်" ဟု အခန်းထဲသို့ လှမ်း၍ အော်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါရှင့်"
အခြားအခန်းတစ်ခန်းဆီမှ ပိုင်မေလင်း၏ တက်ကြွရွှင်လန်းသော အသံလေး ပြန်လည်ထွက်ပေါ်လာ၏။
ဝမ်ယွမ်သည် ဂူဗိမာန်အတွင်း ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေသော ထိုဝိညာဉ်ကျင့်ကြံသူမလေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လော့ချန်၏ နောက်မှ လိုက်ထွက်ခဲ့တော့သည်။
ဂူဗိမာန်အပြင်ဘက်သို့ ရောက်သည်တွင် လော့ချန်သည် လန်ချီလှေကို ဆင့်ခေါ်လိုက်ပြီး လှေထိန်းချုပ်မှုဂါထာကို ဝမ်ယွမ်ထံ လွှဲအပ်ပေးလိုက်သည်။ ထို့နောက် ဝမ်ယွမ်၏ ထိန်းချုပ်မောင်းနှင်မှုအောက်တွင် သူတို့နှစ်ဦးစလုံး စီးနင်းလိုက်ပါလာသော လန်ချီလှေသည် ထျန်းလန်တောင်ထိပ်မှနေ၍ ဖြည်းညှင်းစွာ ပျံတက်သွားပြီး မြို့တော်ဆီသို့ ဦးတည်ပျံသန်းသွားကြလေတော့သည်။
လန်ချီလှေဖြင့် ပျံသန်းနေစဉ်အတွင်း ဝမ်ယွမ်က လော့ချန်ဘက်သို့ လှည့်ကာ "ဒါနဲ့.... မင်း ဟို ဝိညာဉ်ကလေးမကို ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ" ဟု မေးလာသည်။
"ဘယ်လိုလုပ်ဖို့ဆိုတာက ဘာကို ပြောတာလဲဗျ"
"ငါပြောတာ မင်း သဘောပေါက်ပါတယ်၊ ဒီ နယ်မြေမှာ ဝိညာဉ်ကျင့်ကြံသူတွေကို လုံးဝ ပိတ်ပင်တားတာမျိုး မဟုတ်ပေမဲ့ သူတို့ရဲ့ကျင့်စဉ်လမ်းကြောင်းက မင်းနဲ့ မတူဘူးကွ၊ မင်းအနားမှာ အဲ့ဟာမလေးကို အကြာကြီး ထားထားရင် သူလဲ တာအိုပန်းတိုင်ကို မရနိုင်တဲ့အပြင် နောက်ဆုံးကျရင် မင်းပါ ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်"
ဝမ်ယွမ်၏ စကားကြောင့် လော့ချန် ခပ်ဖွဖွ ရယ်မိသွားသည်။ သူ ယခုလို ပင်ပန်းနွမ်းနယ်နေရခြင်းမှာ ပိုင်မေလင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဝမ်ယွမ်တစ်ယောက် အခြေအနေကို လွဲမှားစွာ တွေးတောနေခြင်း ဖြစ်သော်လည်း သူ၏ စေတနာနှင့် စိုးရိမ်ပူပန်ပေးမှုကိုမူ လော့ချန် အသိအမှတ်ပြုမိကာ စိတ်ထဲတွင် နွေးထွေးသွားရသည်။ သို့သော်လည်း နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ အတုအယောင်ကမ္ဘာထဲတွင် ဝမ်ယွမ် ကြုံတွေ့ခဲ့ရသည့် ကြေကွဲဖွယ် နိဂုံးကို ရုတ်တရက် သတိရလိုက်မိသောအခါ လော့ချန်၏ နှုတ်ခမ်းထက်မှ အပြုံးတို့သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရတော့သည်။
"သူ့အတွက် ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဉ် ရှိပြီးသားပါ၊ ဒါထက်.... အစ်ကိုဝမ်ပဲ ကိုယ့်ဖာသာ စိတ်ပူရမှာ...."
ဝမ်ယွမ်က မျက်တောင်တခတ်ခတ်ဖြင့် အံ့အားသင့်သွားရင်း ဆိုသည်။
"ငါ ဟုတ်လား…. ငါက ဘာဖြစ်လို့လဲကွ"
"ဒီလို အစ်ကိုဝမ်၊ ကျောက်စိမ်းအိုးနယ်မြေမှာ ဝိညာဉ်ကျင့်ကြံသူတွေကို လက်ခံပေးထားနိုင်ပေမဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို လုံးဝ ခွင့်မပြုတာ အစ်ကိုဝမ် အသိဆုံးပါ၊ အစ်ကိုဝမ် အဲဒီလမ်းစဥ်ကို စွန့်လွှတ်သင့်ပြီနော်...."
ထိုအခါ ဝမ်ယွမ်က အကျယ်ကြီး ရယ်မောပစ်လိုက်ပြီးမှ....
"မင်း ဘာတွေ လျှောက်ပြောနေတာလဲကွာ၊ ငါ့ကို အဲ့လောက်အထိ အမြင်ကျဉ်းတဲ့ကောင်လို့ ထင်နေတာလား၊ ပြီးတော့.... ဖြောင့်မတ်တဲ့လမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် ဆိုတာကြီးက.... ပါးစပ်အပြောပဲရှိပါတယ်ကွာ၊ ငါစိတ်ကို ဖြူအောင်ထားတယ်၊ အတတ်နိုင်ဆုံး စင်ကြယ်အောင် ကျင့်တယ်၊ ငါက ငါ့ယုံကြည်ချက်အတိုင်းပဲ လုပ်တာပဲ၊ ဘယ်လမ်းစဉ်ကတော့ ဆိုးတယ် ဘယ်ဟာက ကောင်းတယ်ဆိုတာ ဘယ်ကောင်က အာချောင်ပီး စည်းကမ်းထုတ်ထားလဲမှ မသိတာ၊ လူကသာ ပဓာနပါကွာ မင်းကလဲ...."
လော့ချန်အနေဖြင့် ထိုအချက်ကို ဆက်ပြီး မငြင်းခုံချင်တော့ပေ။ ဝမ်ယွမ် ပေးနေသည့် ဆင်ခြေမှာ အလွန်အန္တရာယ်များလှသော်လည်း ချေပရန် မလွယ်ကူလှသည်မှာ အမှန်ပင် ဖြစ်သည်။ သူ စိတ်မသက်သာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်ရင်း "အစ်ကိုဝမ်.... ကျွန်တော့်ကို အမှန်အတိုင်းပဲ ပြောဗျာ.... ခန္ဓာကျင့်စဉ်က အခု ဘယ်အဆင့်အထိ ရောက်ပီလဲ" ဟု လေသံကို လျှော့ကာ မေးလိုက်သည်။
ယခင်က ဝမ်ယွမ် ပေးခဲ့ဖူးသော ဝမ်မျိုးနွယ်စု လက်စွဲကျမ်းထဲတွင် ခန္ဓာကိုယ်ကျင့်ကြံခြင်း၏ ပထမအဆင့်နှင့် ဒုတိယအဆင့် အစပိုင်း အချက်အလက်များသာ ပါဝင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤနှစ်များတစ်လျှောက်လုံး ဘေးဘီသို့ အာရုံမပျံ့လွင့်ဘဲ တစိုက်မတ်မတ် ကျင့်ကြံခဲ့သဖြင့် ဝမ်ယွမ်၏ ကျင့်စဉ်မှာ အသိသာကြီး တိုးတက်နေမည်မှာ သေချာလှသည်။
လော့ချန်က ခန္ဓာကိုယ်ကျင့်စဉ်အကြောင်းကို ယခုကဲ့သို့ စိတ်ဝင်တစား မေးမြန်းလာလိမ့်မည်ဟု ဝမ်ယွမ် မထင်မှတ်ထားမိသဖြင့် အနည်းငယ် အံ့အားသင့်သွားရ၏။ သို့သော်လည်း သူတို့နှစ်ဦးမှာ ဤကျင့်စဉ်လမ်းကြောင်းကို အတူတကွ ရုန်းကန်လျှောက်လှမ်းလာခဲ့ကြသည့် မိတ်ဆွေရင်းများ ဖြစ်ကြသဖြင့် ဤကိစ္စကို လျှို့ဝှက်ထားရန် မလိုဟု တွေးမိသည်။
ဝမ်ယွမ်က ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆိုသည်။
"မင်းသိတဲ့အတိုင်း အရင်ကတည်းက ငါ တော်တော် တိုးတက်ပီးသားလေ၊ အခြေတည်အဆင့် ရောက်ပြီးတဲ့နောက် ဝိညာဉ်၊ စိတ်ဓာတ်၊ ချီစွမ်းအင်နဲ့ သွေးအဆီအနှစ်တွေအပေါ် အမြင်သစ်တွေ ထပ်ရလာခဲ့တယ်၊ အဲဒါကြောင့် အခုဆို ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်ရဲ့ အလယ်ပိုင်းနည်းလမ်းတွေကိုပါ တဖြည်းဖြည်းချင်း စတင်စုစည်းနေနိုင်ပြီ" ဟု ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်လေသည်။
လော့ချန်က ထိုမျှနှင့် အားမရနိုင်သေးဘဲ ထပ်ဆင့်၍ မေးမြန်းလိုက်ပြန်သည်။
"ဒုတိယအဆင့်ရဲ့ နောက်ဆုံးပိုင်းအထိဆိုရင်ကော.... အစ်ကိုဝမ် ရှောင်ဝူယန်ရဲ့ သွေးကျင့်စဉ်နည်းလမ်းတွေအပေါ်မှာပဲ အခြေခံပြီး ဆက်ကျင့်နေတာလား၊ ဒါမှမဟုတ် မှောင်ခိုဈေးကနေ ကျွန်တော်တို့ ဝယ်ထားခဲ့တဲ့ ဟင်္သာအသွင်ပြောင်းလဲခြင်းကျင့်စဉ်နဲ့ ကျင့်နေတာလား...."
ဝမ်ယွမ်တစ်ယောက် ခဏမျှ တွန့်ဆုတ်သွားကာ မျက်နှာပျက်သွားမိသည်။ သို့သော် ထို့နောက်တွင်မူ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ရင်း အမှန်အတိုင်းပင် ဖွင့်ဟဝန်ခံရန် ရွေးချယ်လိုက်တော့သည်။
"ငါက သွေးကျင့်စဉ်နည်းလမ်းတွေအပေါ်မှာပဲ အဓိက အမှီပြုပြီး ကျင့်နေရတာပါကွာ၊ ဘာပဲဖြစ်ဖြစ်.... အဲဒီ သွေးစွမ်းအားလုယူခြင်း အစီအရင်ကြောင့်ပဲ ငါ အခုလို အခြေတည်အဆင့်ကို ချောချောမောမော ရောက်ခဲ့တာမဟုတ်လား"
ထိုစကားကို ကြားလိုက်ရသည့်ခဏ လော့ချန် ခေါင်းထဲ၌ ဒိန်းခနဲ ဖြစ်ကာ မူးဝေသွားရတော့သည်။
နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ အတုအယောင်ကမ္ဘာထဲတွင် ဝမ်ယွမ်တစ်ယောက် သွေးလမ်းကြောင်းသို့ လျှောက်လှမ်းရင်း ဇာတ်သိမ်း၌ နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ လက်ရှိတွင် အရာအားလုံးက ကွက်တိ ဖြစ်နေသည်။ အတုအယောင်ကမ္ဘာထဲမှ လမ်းကြောင်းဆိုသည်မှာ အမှန်စင်စစ် လက်တွေ့ဘဝ၏ အလားအလာနှင့် ရွေးချယ်မှုများနောက်သို့သာ ကောက်ကောက်ပါအောင် လိုက်ပါသွားခြင်း ဖြစ်နေသည်။
သို့သော် အရာအားလုံးကသာ ယခုအတိုင်း ဆက်သွားနေမည်ဆိုပါက ထိုသွေးကျင့်စဉ်သည် ကျင့်ကြံသူ၏ စိတ်နှလုံးအာရုံကို တဖြည်းဖြည်းချင်း တိုက်စားဖျက်ဆီးကာ စိတ်ဓာတ်ကို အောက်တန်းကျ ပျက်ပြားသွားစေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ဝမ်ယွမ်ကိုယ်တိုင်မှာမူ ထိုပြောင်းလဲမှုကို အစပိုင်းတွင် လုံးဝသတိထားမိလိမ့်မည် မဟုတ်ပေ။ အချိန်တဖြည်းဖြည်း ကြာမြင့်လာသည်နှင့်အမျှ ထိုကျင့်စဉ်ဆိုး၏ အကျိုးသက်ရောက်မှုများက ပို၍ထင်ရှားလာလိမ့်မည်ဖြစ်ရာ ထိုအချိန်ကျမှဆိုလျှင်မူ အရာအားလုံးမှာ နောက်ကျလွန်းသွားချေပြီ ဖြစ်လိမ့်မည်။
အကယ်၍ ဝမ်ယွမ်သာ အသိစိတ်လွတ်ပြီး မဆင်မခြင် ပြုမူမိလာပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူများက သတိထားမိလာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ပြင် ဤနေရာကား တာဟဲဈေးမြို့တော်ကဲ့သို့သော ခေါင်ဖျားသည့် အရပ်ဒေသ မဟုတ်ဘဲ အစွမ်းထက်ကျင့်ကြံသူများ စုဝေးရာ ထျန်းလန် နတ်ဘုရားမြို့တော်ကြီး ဖြစ်သည်။ နေရာအနှံ့တွင် ဩဇာအာဏာကြီးမားလှသည့် အင်အားကြီးပုဂ္ဂိုလ်များ ရှိနေကြရာ အသေးအဖွဲ အမှားတစ်ခုလေးကပင် သေခြင်းတရားကို ဖိတ်ခေါ်လိုက်ခြင်းမျိုး ဖြစ်သွားနိုင်သည်။
လော့ချန် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ပြောလိုက်သည်။
"ဒီမယ် အစ်ကိုဝမ်.... ဒီနေ့ လေလံပွဲမှာ ဒုတိယအဆင့် ခန္ဓာကိုယ်ကျင့်စဉ် လက်စွဲကျမ်းစာအုပ်တစ်အုပ် ပါလာလိမ့်မယ်၊ ကျွန်တော် အဲဒါကို မရရအောင် အနိုင်ဆွဲပေးမယ်၊ အဲဒီကျင့်စဉ်ကို ပြောင်းပြီး ကျင့်မလား၊ ဒါမှမဟုတ် သွေးလမ်းစဉ်ပဲ လိုက်ချင်လား ဆိုတာကတော့ ကြိုက်သလိုသာ ဆုံးဖြတ်ပေတော့”
"ဟေ.... ဒီနေ့ လေလံပွဲမှာ အဲဒီလို ကျင့်စဉ်မျိုး တကယ်ပါမှာမိုလို့လားကွာ"
ဝမ်ယွမ်တစ်ယောက် ထိုကျင့်စဉ်ကျမ်းစာအုပ်အကြောင်းကို လုံးဝမကြားမိခဲ့ဖူးချေ။ သူ ထပ်မံမေးမြန်းရန် ပြင်လိုက်သော်လည်း မေးခွင့်မရလိုက်ဘဲ လန်ချီလှေမှာ ရေခဲလှိုင်းနန်းတော်၏ အပြင်ဘက်ကွင်းပြင်ကျယ်ဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်သွားခဲ့ပြီ ဖြစ်သည်။
လှေ အရှိန်သတ်ကာ ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အခြေတည်အဆင့် ကျင့်ကြံသူအများအပြား၏ အကြည့်များမှာ သူတို့ဆီသို့ စုပြုံရောက်ရှိလာကြတော့သည်။
ထိုကျင့်ကြံသူများ၏ စိတ်ထဲတွင်မူ ဤလှေ၏ အဆင့်အတန်းမှာ မကြာသေးမီက ရတနာနန်းဆောင်မှ ရောင်းချခဲ့သော လှေများထက်ပင် အလွန့်အလွန် ပိုမိုမြင့်မားလွန်းနေပုံရသည်။
ထို့ကြောင့်ပင် "ဒီလှေရဲ့ ပိုင်ရှင်က ဘယ်လိုအစွမ်းထက်တဲ့ ပုဂ္ဂိုလ်များ ဖြစ်နေမလဲ" ဟု လူတိုင်းက စူးစမ်းချင်စိတ်ပြင်းပြစွာဖြင့် တီးတိုးရေရွတ်နေကြလေတော့သည်။
ထိုသို့ စုပြုံကြည့်ရှုနေကြသည့် လူအုပ်ကြီးထဲတွင် လော့ချန်သည် လီရီရှန်းနှင့် နန်ကုန်းကျင်း ကဲ့သို့သော ရင်းနှီးကျွမ်းဝင်လှသည့် မျက်နှာအချို့ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူတို့နှင့် မဆုံဖြစ်ကြသည်မှာ တော်တော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုနှစ်ဦးမှာ တာဟဲဈေးမြို့တော်မှ လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ်၏ အကြီးအကဲဖြစ်သူ ကျိုးချင်း အပါအဝင် အခြေတည်အဆင့် အစောပိုင်း ကျင့်ကြံသူတစ်စုနှင့်အတူ စုဝေးရပ်တန့်နေကြခြင်း ဖြစ်၏။
လော့ချန်တစ်ယောက် လှေပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသောအခါ လီရီရှန်းသည် တစ်ခုခုကို လှမ်းပြောရန် ပါးစပ်ဟလိုက်မိသော်လည်း ချက်ချင်းဆိုသလိုပင် စိုးရိမ်တကြီး အမူအယာဖြင့် အသာအယာ ပြုံးပြလိုက်သည်။
ထိုအမူအရာကြောင့် လော့ချန် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိရင်း ‘အော်…. သူရော နန်ကုန်းကျင်းပါ လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ်ထဲကို ဝင်သွားကြပြီ ထင်တယ်' ဟု စိတ်ထဲမှ ခန့်မှန်းတွေးတောလိုက်မိလေသည်။
လော့ချန် သူတို့ကို လှမ်းကြည့်နေစဉ်မှာပင် တစ်ဖက်လူများကလည်း လော့ချန်ကို ကောင်းကောင်းကြီး သတိထားမိသွားကြသည်။ အကြီးအကဲ ကျိုးချင်းက လော့ချန်ကို အကဲခတ်သည့် အကြည့်များဖြင့် စူးစမ်းစွာ ကြည့်လိုက်ပြီးနောက် စိတ်ပျက်သွားဟန်ဖြင့် အံ့အားသင့်စွာ ခေါင်းခါယမ်းလိုက်မိ၏။
သူ့ လက်အောက်မှ လီရီရှန်းတို့၏ ပြောပြချက်အရဆိုလျှင် ဤလော့ချန်ဆိုသူမှာ အလွန်အစွမ်းထက်ပြီး တည်ငြိမ်ရင့်ကျက်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။ သို့သော် ယခု ပထမဆုံးအကြိမ် မြင်လိုက်ရသည့် အကြည့်တွင်မူ ထို လော့ချန်၏ မျက်လုံးအစုံမှာ အားအင်ချို့တဲ့ကာ မှေးမှိန်နေပြီး အမူအရာမှာလည်း စိတ်မပါဘဲ ဖျော့တော့နေသည်။ ထို့ပြင် သူ၏ ကျင့်စဉ်အခြေခံဗဟိုချက်မှာ တိမ်မြုပ်နေပြီး လုံးဝခိုင်မာမှု မရှိသကဲ့သို့ ထင်မှတ်နေရ၏။
“အဟက်.... အသက်သုံးဆယ်ကျော်လေးနဲ့ အခြေတည်အဆင့်ကို ရောက်နေတာပေါ့လေ.... ဂိုဏ်းကြီးတွေက မွေးထုတ်လိုက်တဲ့ ပါရမီရှင် တပည့်လည်း မဟုတ်ပဲ ဒီကောင် ဒီအသက်အရွယ်နဲ့ အခြေတည်အဆင့် ခုန်တက်နိုင်တယ်ဆိုတော့.... ဧကန္တ မိစ္ဆာကျင့်စဉ် နည်းလမ်းတွေသုံးထားတာပဲ ဖြစ်ရမယ်၊ သွေးရိုးသားရိုးတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...."
ကျိုးချင်းက စိတ်ထဲမှ ထိုသို့ ကောက်ချက်ချရင်း အထင်သေးစွာ ကြည့်လိုက်လေသည်။
"ကိုင်း.... အထဲ ဝင်ကြမယ်ဟေ့...."
လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ် အကြီးအကဲဖြစ်သူ ကျိုးချင်းသည် ရေခဲလှိုင်းနန်းတော်အတွင်းသို့ လှမ်းဝင်သွားရင်း လီရီရှန်းနှင့် နန်ကုန်းကျင်းတို့အား နောက်မှလိုက်ရန် ပြောလိုက်သည်။
လော့ချန်သည် သူ့အား စောင့်ဆိုင်းနေမည်ဖြစ်သော လော့ထျန်းအဖွဲ့၏ အဖွဲ့ဝင်များရှိရာဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့သည်။ လော့ထျန်းအဖွဲ့ဟု ဆိုသော်လည်း ယနေ့တွင်မူ စီမာဟွေ့နန်၊ တွမ်ဖုန်းနှင့် ခန်းရှန်းချုံး ဟူ၍ သုံးဦးတည်းသာ ရှိနေကြ၏။ ဤသည်မှာ လေလံပွဲ၏ တတိယမြောက်နေ့ ဖြစ်သဖြင့် အဆင့်အတန်းမြင့်မားလွန်းနေပြီဖြစ်ရာ လော့ထျန်းအဖွဲ့မှ ချီသန်စင်အဆင့်ငယ်များ တက်ရောက်ရန် အကြောင်းမရှိပေ။
လမ်းလျှောက်လာနေသော လော့ချန်၏ အရိပ်အယောင်ကို လှမ်းမြင်လိုက်ရသည့်ခဏတွင် စောင့်ဆိုင်းနေသူ သုံးဦးစလုံး၏ စိတ်ထဲ၌ ခဲဆွဲထားသမျှ အလေးကြီးတစ်ခု ဝုန်းခနဲ ပြုတ်ကျသွားသကဲ့သို့ စိတ်သက်သာရာရကာ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။
"အစ်ကိုကြီးလော့.... ကြည့်ရတာ ဖြူဖျော့နေတာပဲ၊ အဆင်ပြေရဲ့လားရှင်"
ခန်းရှန်းချုံးက စိုးရိမ်တကြီးဖြင့် ပထမဆုံး လှမ်း၍ နှုတ်ဆက်လိုက်ရှာသည်။
လော့ချန်က မသက်မသာ အားယူပြုံးပြလိုက်ရင်း လက်ကာပြကာ....
"ဟဲဟဲ အဆင်ပြေပါတယ်ဗျာ.... ကျုပ် မိန်းကလေးခန်းကို ကတိပေးထားတဲ့အတိုင်း အကောင်းဆုံး ကြိုးစားပေးပါ့မယ်၊ ငွေချေဖို့သာ အဆင်သင့် ပြင်ထားပေတော့"
ခန်းရှန်းချုံးသည် ကျေးဇူးတင်လွန်းလှသဖြင့် ခေါင်းကို တဆက်ဆက် ညိတ်လိုက်မိတော့သည်။ သူမ၏ အမြင်တွင်မူ လော့ချန်ကသာ အကောင်းဆုံး ကြိုးစားပေးမည်ဟု ကတိစကား ဆိုလာလျှင် ထိုကိစ္စ၏ အောင်မြင်မှုမှာ သေချာသလောက်ပင် ဖြစ်နေပြီဟု အထင်ရောက်လျက်ရှိသည်။
"တကယ်ရော အဆင်ပြေရဲ့လားကွာ...."
တွမ်ဖုန်းသည် လော့ချန်၏ အနားသို့ တိုးကပ်လာရင်း မေးလိုက်သည်။ အမြဲ မျက်နှာထားခပ်မာမာ နေတတ်သော တွမ်ဖုန်းသည်ပင် စိုးရိမ်ပူပန်နေလေသည်။ သူသည် လော့ချန်နှင့် အနီးကပ်ဆုံး၊ သက်စွန့်ဆံဖျား အတူဖြတ်သန်းခဲ့ဖူးသူများထဲမှ တစ်ဦး ဖြစ်ပေသည်။ သူ၏ ကျင့်စဉ်လမ်းခရီးတစ်လျှောက်တွင် လော့ချန်အား ယခုကဲ့သို့ အားအင်ချို့တဲ့နေသော အခြေအနေမျိုးဖြင့် သူ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ အခက်အခဲများနှင့် ဘေးအန္တရာယ်များ မည်မျှပင် ကြီးမားပါစေ၊ လော့ချန်ဟူသော လူသည် အမြဲတမ်း ဖျတ်လတ်တက်ကြွပြီး ဉာဏ်နီဉာဏ်နက်များနှင့် ပြည့်နှက်နေတတ်သူ မဟုတ်ပါလော။
လက်ရှိ သူ့ရှေ့မှ လော့ချန်သည် မျက်နှာအမူအရာမှာ မှေးမှိန်နေပြီး တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူ့အသံပင်လျှင် အားအင်ချို့တဲ့ကာ နှေးကွေးလွန်းနေပြီး သေကောင်ပေါင်းလဲဖြစ်ရာမှ ယခုမှ ပြန်နာလန်ထစ လူမမာတစ်ဦးကဲ့သို့ ဖြစ်နေသည်။
လော့ချန်သည် တွမ်ဖုန်း၏ ပုခုံးကို ခပ်ဖွဖွ လှမ်းပုတ်လိုက်ရင်း....
"အစ်ကိုတွမ်ရာ.... ခင်ဗျား ဒီလို စိုးရိမ်ပူပန်နေမယ့်အစား.... မမရှနဲ့ မြန်မြန်ကြိုးစားပီး ကျွန်တော့်အတွက် တူလေးတစ်ယောက်လောက် စောစောလေးမွေးပေးဗျာ၊ ကျွန်တော် ကလေး ချီချင်နေပြီဗျ" ဟု တမင်သက်သက် လေသံကိုပြောင်းကာ စနောက်ပစ်လိုက်လေတော့သည်။
တွမ်ဖုန်းသည် သူ့အား ရှက်ကိုးရှက်ကန်းဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ဘာမှပြန်မပြောတော့ဘဲ တစ်ယောက်တည်း ရှေ့ခပ်သွက်သွက် လှမ်းထွက်သွားတော့သည်။ လော့ချန်သည် မျက်နှာနီနီကြီးနှင့် ရှေ့လျှောက်သွားသော တွမ်ဖုန်းအား ခပ်ပြုံးပြုံးဖြင့် ကြည့်ရင်း စီမာဟွေ့နန် ဘက်လှည့်ကြည့်လိုက်သည်။
"ဟွေ့နန် အထဲ အရင် ဝင်ကြရအောင်.... လမ်းလျှောက်ရင်းပဲ စကားပြောကြတာပေါ့" ဟု ဆိုကာ အတူတူ ခြေလှမ်းလိုက်ကြသည်။
"အဖွဲ့ချုပ်ခေါင်းဆောင်ရှင့်.... ကျွန်မတို့ ဒန်ရှားတောင်ထိပ်က ဝိညာဉ် မြေရိုင်းတွေ ရှိတယ်လေ၊ အဲဒါတွေကို စိုက်ပျိုးမြေဖြစ်အောင် ပြန်လည်ပြုပြင်နေတာ သုံးနှစ်လောက်ရှိပြီ၊ လက်ရှိမှာ အဆင့်နိမ့် ပထမအဆင့်အထိကို တိုးတက်လာပီး စိုက်လို့ပျိုးလို့ရနေပြီရှင့်၊ အဲ့ဒါကြောင့် လေလံပွဲ ပထမဆုံးနေ့တုန်းက ယွမ်တုန်းရှန်း၊ ဖုန်းရှတို့နဲ့အတူ တိုင်ပင်ပီး ဝိညာဉ်ဆေးပင်တွေနဲ့ မျိုးစေ့အမြောက်အမြားကို ဝယ်စုထားခဲ့ပါတယ်၊ အခု ဆောင်းရာသီ ကုန်သွားတာနဲ့.... ကျွန်မတို့ရဲ့ ဝိညာဉ်စိုက်ခင်းတွေမှာ အစီအစဉ်အတိုင်း စစိုက်ပျိုးနိုင်တော့မှာပါ"
နန်းတော်အတွင်းသို့ အတူတူ လှမ်းလျှောက်နေစဉ်အတွင်း စီမာဟွေ့နန်က လေလံပွဲ၏ ပထမ နှစ်ရက်တာအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေအရပ်ရပ်ကို အကျဉ်းချုပ်၍ စနစ်တကျ ရှင်းလင်း ပြောပြနေသည်။ လော့ချန်သည် သူမ၏ ပြောစကားများကို အာရုံစိုက် နားထောင်နေရင်း တစ်ခါတစ်ရံတွင် သူသိလိုသည့် အသေးစိတ် အချက်အလက်များကိုပါ ခပ်အေးအေးပင် ထပ်ဆင့်မေးမြန်းနေသည်။
ကုန်လွန်ခဲ့သော ပထမ နှစ်ရက်တာအတွင်း၌ စီမာဟွေ့နန်သည် ဝိညာဉ်ကျောက်တုံး တစ်သိန်းခန့်ကို အလဟဿမဖြစ်စေဘဲ အလွန်အကျိုးရှိရှိ အသုံးချနိုင်ခဲ့သည်။ သူမသည် ဝိညာဉ်မျိုးစေ့ အမျိုးမျိုး၊ ဝိညာဉ်ဆေးပင် စိုက်ပျိုးရေးဆိုင်ရာ ကိရိယာတန်ဆာပလာများနှင့် ဆေးပင်များ ကြီးထွားမှုကို မြန်ဆန်စေသည့် မြေဩဇာများကိုပါ စနစ်တကျ ဝယ်ယူခဲ့ခြင်း ဖြစ်၏။ ၎င်းက ဆေးဝါးခန်းမဆောင်အတွက် သီးသန့်ပြင်ဆင်မှုသက်သက်သာ ရှိသေးသည်။ သူမသည် လော့ထျန်းအဖွဲ့၏ အခြားကဏ္ဍများအတွက် လိုအပ်သည်များကိုလည်း မေးလျော့မထားဘဲ အချိန်ကိုက် ဝယ်ယူစုဆောင်းခဲ့သေးသည်။ ဥပမာအားဖြင့် လက်နက်ခန်းမဆောင်အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သော သတ္တုရိုင်းများနှင့် လက်နက်သွန်းလုပ်ရာတွင် သုံးသည့် ပုံစံခွက်များကိုပါ ဝယ်ယူခဲ့ခြင်းမျိုး ဖြစ်သည်။
ဆေးဖော်ခန်းမဆောင်အတွက်မူ ဟောင်းနွမ်းပျက်စီးနေပြီဖြစ်သော ဆေးအိုးဟောင်း အမြောက်အမြားကို အသစ်လဲလှယ်နိုင်ရန်အတွက် အဆင့်နိမ့်မှ အဆင့်မြင့်အထိ ဆေးဖော်စပ်ရာတွင် သုံးသည့် ဆေးအိုးအသစ်များကို အလုံးအရင်းနှင့် ဝယ်ယူပေးခဲ့သည်။
ထို့အပြင် သူမသည် နတ်ဘုရားဝတ်ရုံမျှော်စင်မှ တာဝန်ခံကျင့်ကြံသူများနှင့် ကိုယ်တိုင်ကိုယ်ကျ ညှိနှိုင်းဆွေးနွေးကာ အဖွဲ့သားများအတွက် တိုက်ခိုက်ရေးဝတ်စုံ အသုတ်လိုက်ကိုပါ အထူးမှာယူခဲ့သေးသည်။ အဆင့်နိမ့် ဝတ်စုံ အစုံတစ်ရာကို ဝိညာဉ်ကျောက်တုံး နှစ်သောင်းအထိ အကုန်အကျခံကာ စာချုပ်ချုပ်ဆို မှာယူခဲ့ခြင်း ဖြစ်၏။ ထိုဝတ်စုံများ၏ ရင်ဘတ်ပေါ်တွင် လော့ထျန်းအဖွဲ့၏ သီးသန့်အမှတ်တံဆိပ်ကိုပါ ထည့်သွင်းချုပ်လုပ်ပေးရန် သူမ အတိအလင်း တောင်းဆိုခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စီမာဟွေ့နန်သည် လော့ထျန်းအဖွဲ့ငယ်လေးကို တဖြည်းဖြည်းနှင့် စနစ်ကျနပြီး တရားဝင်မှုအပြည့်ရှိသော ဂိုဏ်းကြီးတစ်ခု၏ ပုံသဏ္ဌာန်ဖြစ်အောင် နောက်ကွယ်မှနေ၍ ကျောထောက်နောက်ခံပြုကာ အကွက်ကျကျ ပုံဖော်ပေးနေခြင်း ဖြစ်လေသည်။
ထိုအစီရင်ခံချက်ကို သေချာနားထောင်ရင်း လော့ချန်တစ်ယောက် စိတ်ရှည်လက်ရှည်ဖြင့် ခေါင်းညိတ် အသိအမှတ်ပြုနေမိသည်။ စီမာဟွေ့နန်ကဲ့သို့ သူ့နောက်လိုက်တစ်ဦးအနေဖြင့် ယခုကဲ့သို့ စီမံခန့်ခွဲမှု အရည်အချင်းများ တောက်ပြောင်ထက်မြက်လာခြင်းသည် အဖွဲ့အတွက်သာမက သူ့အတွက်ပါ အလွန်ကောင်းမွန်သော အချက်ဖြစ်သည်။ တနည်းအားဖြင့် သူ့ပုခုံးပေါ်တွင် တင်နေသော ဝန်ထုပ်ဝန်ပိုးကြီးများကို သိသိသာသာ လျော့ကျသွားစေသည်။
နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ အတုအယောင်ကမ္ဘာထဲတွင် သူသည် ရွှေအမြုတေအဆင့်သို့ မရောက်ရှိခဲ့ပေ။ ထို မှန်ဟောင်း၏ကျေးဇူးဖြင့် နှစ်ပေါင်းများစွာစာ တန်ဖိုးရှိလှသည့် အတွေ့အကြုံကောင်းများစွာကို ရရှိခဲ့ပြီးဖြစ်သည်။ အဖွဲ့အစည်းတစ်ခု၏ အသေးအဖွဲကိစ္စရပ် အရာအားလုံးကို သူကိုယ်တိုင်သာ လိုက်လံလုပ်ဆောင်နေမည်ဆိုပါက သူသည် ကျင့်ကြံခြင်းလမ်းကြောင်းထက် စီမံခန့်ခွဲမှု အလုပ်ရှုပ်မှုများကြားတွင်သာ အချိန်ကုန်ဆုံးကာ စိတ်ရုပ်နာမ်ပင်ပန်း နွမ်းနယ်သွားရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်ကောင်းတစ်ဦးအနေဖြင့် အာဏာနှင့် တာဝန်များကို စနစ်တကျ ခွဲဝေတတ်ရန် အလွန်လိုအပ်ကြောင်း သူ ကောင်းကောင်းကြီး သဘောပေါက် နားလည်သွားခဲ့သည်။
ယခု စီမာဟွေ့နန်သာမက နောင်တစ်ချိန်တွင် ချွီလင်ကျွင်း၊ တွမ်ဖုန်းနှင့် ဘီယန်ကျန်းတို့ကိုပါ သူတို့နှင့် ကိုက်ညီမည့် တာဝန်ဝတ္တရားများကို ပိုမိုလွှဲအပ်ရပေလိမ့်မည်။ ထိုသို့ အားကိုးရသည့် လက်ရုံးများကို တာဝန်ခွဲဝေပေးခြင်းဖြင့်သာ သူကိုယ်တိုင်သည်လည်း ကျင့်ကြံခြင်းလမ်းစဉ်ကို နောက်ဆံမတင်းဘဲ အပြည့်အဝ အာရုံစိုက်နိုင်ပေမည်။
"ပြီးတော့.... ချင်းဟွာမြစ်က လီမျိုးနွယ်စုရဲ့ အခွင့်အရေးကို သုံးပြီးတော့ ကျွန်မတို့ အခြေတည်ဆေးလုံး တစ်လုံးကိုလည်း တရားဝင် အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့ပါတယ် အဖွဲ့ချုပ် ခေါင်းဆောင်.... ဒီမှာပါ...."
စီမာဟွေ့နန်က ဝမ်းသာအားရ ဆိုလိုက်ရင်း လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းသေတ္တာငယ်လေးကို လော့ချန်ထံသို့ ရိုရိုသေသေ ကမ်းပေးလိုက်လေသည်။
ဤမြင်ကွင်းကို ဘေးနားတွင် ရှိနေကြသော တွမ်ဖုန်း၊ ဝမ်ယွမ်နှင့် ခန်းရှန်းချုံးတို့အားလုံး ကောင်းကောင်းကြီး မြင်တွေ့လိုက်ရသဖြင့် မျက်လုံးများ အရောင်တောက်သွားကြ၏။ ထိုကျောက်စိမ်းသေတ္တာထဲ၌ ရှိနေသည်ကား အခြားမဟုတ်၊ ချီသန့်စင်အဆင့် ကျင့်ကြံသူတိုင်း အသက်နှင့်လဲ၍ပင် အလိုချင်ဆုံး ဖြစ်ကြသည့် အခြေတည်ဆေးလုံး ဖြစ်သည်။
သို့သော်လည်း ထိုနေရာရှိ လူအားလုံးကို လုံးဝ မှင်တက်အံ့အားသင့်သွားစေသည်မှာ လော့ချန်သည် သူ့အားကမ်းပေးလာသော ထိုကျောက်စိမ်းသေတ္တာကို မယူဘဲ ပြန်တွန်းပေး လိုက်ခြင်းပင် ဖြစ်သည်။
"ဒါကို.... မင်းဖို့ ယူထားလိုက်တော့ ဟွေ့နန်"
လော့ချန်၏ ခပ်အေးအေး စကားကြောင့် စီမာဟွေ့နန်တစ်ယောက် အသက်ရှူရပ်မတတ် မှင်တက် ဆွံ့အသွားရှာသည်။
သူမ မယုံနိုင်လွန်းလှသဖြင့် စကားလုံးများပင် ထစ်ငေါ့ကာ ပြန်လည်မေးမြန်းလိုက်မိလေတော့သည်။
"ရှင်.... ခေါင်းဆောင်…. ဘာပြောလိုက်တာလဲဟင်"
"ဒီ အခြေတည်ဆေးလုံးကို မင်းသုံးလိုက်တော့လို့ပြောတာ၊ ချီသန့်စင် အထွက်အထိပ်အဆင့်ကို ရောက်ရင်.... အခြေတည်အဆင့်ကို တက်လှမ်းဖို့အတွက် ဒါကို သုံးလိုက်"
ထို့နောက် လော့ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရေခဲလှိုင်းနန်းတော်မှ သူတို့လော့ထျန်းအဖွဲ့အတွက် သီးသန့်ပြင်ဆင်ပေးထားသော အခန်းတွင်းသို့ ခပ်အေးအေးပင် ဝင်သွားလိုက်တော့သည်။
စီမာဟွေ့နန်တစ်ယောက် ကြောင်အအဖြင့် သူ့နောက်မှ ကမူးရှူးတိုး လိုက်လာရင်း
"ဒါ.... ဒါပေမဲ့ ခေါင်းဆောင်...."
"ဒါပေမဲ့တွေ ဘာတွေ လုပ်မနေပါတော့ ဟွေ့နန်ရာ၊ ဒီနှစ်တွေတစ်လျှောက်လုံး မင်း အဖွဲ့အပေါ်မှာ ဘယ်လောက်အထိ အပင်ပန်းခံပီး စိတ်ရောကိုယ်ပါ ကြိုးစားအားထုတ်ခဲ့လဲဆိုတာ ငါ ကောင်းကောင်းကြီး သိပါတယ်၊ ဒါက မင်းရဲ့ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ရလဒ်ပဲ၊ အဖွဲ့ကိုလည်း ဘာငွေကြေးမှ ပြန်ပေးစရာမလိုဘူး.... ဒါက မင်းအတွက် ဆုလာဘ်ပဲ"
စီမာဟွေ့နန်တစ်ယောက် လက်ထဲမှ ရတနာသေတ္တာလေးကို ကြည့်ကာ မယုံနိုင်လောက်အောင် အံ့အားသင့်နေဆဲဖြစ်သည်။ ဤသည်ကို မြင်သောအခါ လော့ချန်က တည်ငြိမ်အေးဆေးစွာဖြင့် ဆက်ပြောလိုက်၏။
"မင်လုံယွီကိုတော့ ငါခေါ်ပြီး သေသေချာချာ ရှင်းပြလိုက်ပါ့မယ်"
"ကျေး.... ကျေးဇူးအများကြီး တင်ပါတယ် အဖွဲ့ချုပ်ခေါင်းဆောင်ရယ်...."
စီမာဟွေ့နန်၏ နှုတ်ခမ်းအစုံမှာ တစ်ဆက်ဆက် တုန်ယင်နေရှာပြီး မျက်ဝန်းထဲတွင်လည်း ကြည်နူးဝမ်းသာမှု မျက်ရည်စများဖြင့် ပြည့်လျှံသွားရလေတော့သည်။
လော့ချန်က ဘာမှမဟုတ်သကဲ့သို့ ဂရုမစိုက်ဟန်ဖြင့် လက်ကာပြလိုက်၏။ ထို့နောက် သူတို့ငါးဦးစလုံး မိမိတို့အတွက် သတ်မှတ်ထားသော နေရာများတွင် အသီးသီး ဝင်ထိုင်လိုက်ကြပြီး ရှေ့မှောက်တွင် မြင်တွေ့နေရသည့် အလွန်ခမ်းနားထည်ဝါလှသော လေလံခန်းမကြီးကို ဝေ့ဝဲကြည့်ရှုလိုက်ကြသည်။
"ဒါနဲ့...."
လော့ချန်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် လှမ်းမေးလိုက်သည်။
"ငါ မြို့ထဲမှာ မရှိတဲ့အချိန်တုန်းက.... ဒီ ထျန်းလန် နတ်ဘုရားမြို့တော်ထဲကို အခြေတည်အဆင့် ကျင့်ကြံသူတွေ ဘယ်လောက်လောက်အထိ ရောက်နေကြပြီလဲဆိုတာ မင်းတို့ သတိထားမိကြလား၊ အဲဒီအချိန်အတွင်းမှာကော ဘာထူးခြားတဲ့ အဖြစ်အပျက်တွေ ရှိခဲ့သေးလဲ"
ထိုအခါ ဘေးနားရှိ တွမ်ဖုန်းက တည်ငြိမ်သော လေသံဖြင့် ချက်ချင်း ပြန်လည်ဖြေကြားလာ၏။
"ငါ ခန့်မှန်းကြည့်ရသလောက်တော့.... အခုကျင်းပနေတဲ့ လေလံပွဲကြီးကို တက်ရောက်ဖို့အတွက် ပတ်ဝန်းကျင်နယ်ပယ်အသီးသီးက အခြေတည်အဆင့် ကျင့်ကြံသူ အနည်းဆုံး နှစ်ရာကျော်လောက်အထိ မြို့တော်ထဲကို ရောက်ရှိ စုစည်းနေကြတယ်"
"ဟင်.... အဲဒီလောက်အထိတောင် များတာလား"
လော့ချန်တစ်ယောက် အတော်လေး အံ့အားသင့်သွားရတော့သည်။
တွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ရင်း....
"ဒါက သိပ်မများသေးပါဘူး၊ လီကျင်ဟွမ်နဲ့ ငါ စကားစပ်မိလို့ ပြောခဲ့တုန်းက.... အရင်နှစ်တွေက ကျင်းပခဲ့တဲ့ လေလံပွဲတွေဆိုရင် အခြေတည်အဆင့် ကျင့်ကြံသူပေါင်း လေးငါးရာလောက်အထိတောင် တက်ရောက်ကြတယ်တဲ့၊ အဲဒါနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်က လူနည်းနေသေးတယ်လို့တောင် ပြောလို့ရပါတယ်"
လော့ချန်တစ်ယောက် ထိုစကားကြောင့် အတော်လေး အံ့အားသင့်သွားရပြန်သည်။ သူ ယခင်က တွေးတောခန့်မှန်းထားသည်မှာ ဤ ထျန်းလန် နတ်ဘုရားမြို့တော်ကြီးအတွင်း၌ ပုံမှန်အမြဲတမ်း အခြေစိုက်နေထိုင်ကြသော အခြေတည်အဆင့် ကျင့်ကြံသူ အရေအတွက်မှာ တစ်ရာဝန်းကျင်ခန့်သာ ရှိပြီး လမ်းကြုံ ယာယီဝင်ထွက်သွားလာသူများနှင့် ပေါင်းစပ်လိုက်လျှင်ပင် စုစုပေါင်း တစ်ရာ့သုံးဆယ်ခန့်ထက် မပိုနိုင်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခု မြင်တွေ့နေရသည့် ကုန်သွယ်မှုပွဲတော်ကြီးကမူ သူ ခန့်မှန်းထားသော အရေအတွက်ကို တစ်ခါတည်းနှင့် နှစ်ဆနီးပါးအထိ ဒုန်းခနဲ မြင့်တက်သွားစေခဲ့ပြီ ဖြစ်သည်။ ယင်းက ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်ကြီးများ တက်ရောက်မည့် သီးသန့်ပွဲများကို မတွက်ချက်ရသေးပေ။
ဤအချက်ကပင် ကျောက်စိမ်းအိုးနယ်မြေ အတွင်း၌ အခြေတည်အဆင့် ကျင့်ကြံသူဦးရေ မည်မျှအထိ အုန်းအုန်းကျွက်ကျွက် များပြားလှကြောင်းကို သိသာထင်ရှားစေသည်။ ဤသည်ပင် ထျန်းလန် နတ်ဘုရားမြို့တော် တစ်ခုတည်း၏ အရေအတွက်သာ ရှိသေးခြင်း ဖြစ်၏။ ဤမြို့တော်နှင့် အဆင့်အတန်းချင်း တူညီသော အခြားမြို့ကြီး ကိုးမြို့အပြင် ကျန်ရှိနေသေးသည့် မြို့ငယ်ပေါင်းမြောက်မြားစွာလည်း ရှိနေသေးသည်။ ထို့အပြင် ကျောက်စိမ်းအိုးနယ်မြေ၏ အင်အားအကြီးမားဆုံး ဂိုဏ်းကြီး ခုနစ်ဂိုဏ်းစီတွင်လည်း နောက်လိုက်အခြေတည်အဆင့် တပည့်အမြောက်အမြား တိုးဝှေ့ရှိနေကြမည်မှာ သေချာသလောက်ရှိသည်။
အကယ်၍သာ ထိုအရေအတွက်အားလုံးကို စုပေါင်း၍ တွက်ချက်ကြည့်လိုက်မည်ဆိုပါက ကျောက်စိမ်းအိုးနယ်မြေတစ်ခုတည်းမှာပင် အခြေတည်အဆင့် ကျင့်ကြံသူဦးရေသည် သောင်းနှင့်ချီ၍ ရှိနေနိုင်သည်။ ယခုကဲ့သို့ အစွမ်းထက်ကျင့်ကြံသူ အမြောက်အမြား တစ်နေရာတည်းတွင် စုပြုံတိုးဝှေ့နေကြခြင်းကြောင့် ကန့်သတ်ချက်ရှိလှသော ကျင့်ကြံခြင်း အရင်းအမြစ်များကို သူ့ထက်ငါ ပိုင်ဆိုင်နိုင်ရန် သွေးချောင်းစီးမတတ် ပြိုင်လုဝယ်ကြလိမ့်မည်။
ထိုကဲ့သို့ အရင်းအမြစ်ရှားပါးသဖြင့် ကျင့်ကြံသူများကြား တင်းမာမှုများသည် တစ်နေ့ထက်တစ်နေ့ အဆမတန် မြင့်တက်လာနေသည်။ နောက်ဆုံးတွင် ဝိညာဉ်သန္ဓေတည်အဆင့် ဘိုးဘေးများ ဦးဆောင်သည့် ဂိုဏ်းကြီးနှစ်ဂိုဏ်းကြား၌ မဟာစစ်ပွဲကြီး ဖြစ်ပွားရန်မှာ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက် ရန်မှာ မုချပင် ဖြစ်သည်။
တွမ်ဖုန်း စကားအဆုံးတွင် စီမာဟွေ့နန်က ဆက်လက်၍ ထျန်းလန် နတ်ဘုရားမြို့တော်အတွင်း လတ်တလော ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များကို ပြောပြသည်။ ဖြစ်စဉ် အများစုမှာ မြို့တော်၏ တင်းကြပ်လှသော ဥပဒေများကို ချိုးဖောက်မိကြသည့် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အကြောင်းအရာများသာ ဖြစ်ကြ၏။
သို့သော် ထိုအထဲတွင် အလွန်ထူးခြားပြီး တုန်လှုပ်စရာကောင်းသော ဖြစ်ရပ်တစ်ခု ပါဝင်နေသည်။ ၎င်းမှာ အခြေတည်အဆင့် အလယ်ပိုင်း ကျင့်ကြံသူတစ်ဦးသည် မြို့တော်လုံခြုံရေးအဖွဲ့၏ ဖမ်းဆီးမှုကို ပြင်းပြင်းထန်ထန် ပြန်လည်ခုခံကာ မှော်လက်နက်ကို အားကိုး၍ မြို့ပြင်သို့ မိုက်မဲစွာ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထိုကျင့်ကြံသူသည် တရားမဝင်ဘဲ ကောင်းကင်ယံသို့ ဝုန်းခနဲ ပျံတက်လိုက်သည်နှင့် တစ်ပြိုင်နက် မြို့တော်ကြီးတစ်ခုလုံးကို ကာကွယ်ထားသော အကာအကွယ် အစီအရင်ကြီးထံမှ ဧရာမလျှပ်စီးတန်းကြီးတစ်ခုသည် ဒိန်းခနဲ ကျရောက်လာခဲ့ပြီး ထိုကျင့်ကြံသူကို နေရာမှာတင် ပြာအဖြစ်သို့ ပွဲချင်းပြီး ပြောင်းလဲပစ်လိုက်တော့သည်။
ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် မြို့တော်အတွင်း မည်သူမျှ ကောင်းကင်ယံ၌ ပျံသန်းခြင်းမပြုရဟူသော စည်းကမ်းချက်မှာ ဟန်ပြသက်သက် ရေးသားထားခြင်း မဟုတ်ဘဲ မည်သူမဆို ကျူးလွန်ပါက သေဒဏ်တစ်ခုတည်းသာ ရှိကြောင်းကို ကောင်းကောင်းကြီး သက်သေပြနေခဲ့ပြီ ဖြစ်လေသည်။
သူတို့အဖွဲ့သားများ တီးတိုးစကားဆိုနေကြစဉ်မှာပင် လေလံပွဲကြီးကမူ ရပ်တန့်သွားခြင်းမရှိဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ကျင်းပနေခဲ့သည်။ ဤပွဲကို နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ပြီးဖြစ်သည့်အတွက် လေလံပွဲ၏ လုပ်ငန်းစဉ်တစ်ခုချင်းစီမှာ အလွန်စနစ်ကျပြီး ချောမွေ့အကွက်ကျနေပြီ ဖြစ်သည်။
သို့သော်လည်း ယနေ့ကျင်းပသည့် တတိယမြောက်နေ့၏ ထူးခြားဆန်းပြားလှသော အချက်မှာ စင်မြင့်ထက်တွင် ပစ္စည်းများကို မိတ်ဆက်ပေးနေသည့် လေလံတင်ဆက်သူမှာ သာမန်ကျင့်ကြံသူ မဟုတ်ဘဲ ရွှေအမြုတေအဆင့် အရှိန်အဝါကြီးမားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခြင်း ဖြစ်သည်။
"အဲဒါ ရေခဲခံတပ်ဂိုဏ်းရဲ့ နာမည်ကြီး ကရုဏာမဲ့နတ်သမီးပဲလေ"
တွမ်ဖုန်းက စင်မြင့်ထက်ဆီသို့ မသိမသာ မေးငေါ့ပြရင်း လော့ချန်၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောပြလာသည်။
"သူမက အရမ်းအစွမ်းထက်တယ်လို့ ကျော်ကြားတယ်၊ လေလံပွဲရဲ့ ပထမဆုံးနေ့တုန်းကလည်း ခဏတဖြုတ် ပေါ်လာသေးတယ်"
တွမ်ဖုန်း၏ စကားကြောင့် လော့ချန် အသာအယာ ခေါင်းညိတ်လိုက်မိသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ သိသိသာသာ အနည်းငယ် တင်းမာသွားရတော့သည်။ သူသည် ဤကရုဏာမဲ့နတ်သမီး၏ အကြောင်းကို ယခင်ကတည်းက ကြိုတင်၍ သေသေချာချာ စုံစမ်းထားခဲ့ဖူးသည်။
အထူးတလည် စိတ်ဝင်စားနေရသည့် အဓိက အကြောင်းရင်းတစ်ခုမှာမူ သူမသည် ထန်ထိုက်ကျင်း၏ ဆရာအရင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် ဤကရုဏာမဲ့နတ်သမီးသည် ရှုပ်ထွေးလှသော ဤ ထျန်းလန် နတ်ဘုရားမြို့တော်ကြီးအတွင်း၌ လော့ချန်အတွက် အားကိုးအားထားပြုနိုင်မည့် အစစ်အမှန် ကျောထောက်နောက်ခံ အာဏာရှင်ကြီး ဖြစ်သည်ဟုလည်း သတ်မှတ်နိုင်ပေလိမ့်မည်။
"သူကိုယ်တိုင် ဒီတတိယမြောက်နေ့ လေလံပွဲကြီးကို တက်ပြီး ဦးဆောင်လိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူးပဲ" ဟု လော့ချန်က စင်မြင့်ထက်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သေသေချာချာ ပြန်လည်တွေးတောကြည့်လျှင်မူ အဓိပ္ပာယ်ရှိသည်။ သာမန်လေလံပွဲများတွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက စင်ပေါ်မှနေ၍ ပွဲလာပရိသတ်များအား အသာလေး ထိန်းချုပ်နိုင်သော်လည်း ယခုကဲ့သို့ သာမန်လူပေါင်း တစ်သောင်းကျော်နှင့် အခြေတည်အဆင့် ကျင့်ကြံသူ ရာနှင့်ချီ၍ ကြိတ်ကြိတ်တိုး တက်ရောက်နေသော ပွဲကြီးပွဲကောင်းတွင်မူ သာမန်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးအနေဖြင့် မည်သို့မျှ အခြေအနေကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
အထူးသဖြင့် ယခုအခါ၌ အထူးဧည့်သည်တော်များပါ ရောက်နေသည်။ လော့ချန်သည် ခန်းမကြီး၏ အပေါ်ထပ်တွင် သီးသန့်ဆောက်လုပ်ထားသော အထူးဧည့်သည်တော်ခန်း အချို့ဆီသို့ မျက်လုံးကို အသာအယာ ဝေ့ဝဲ၍ ကြည့်လိုက်မိသည်။ ထိုအခန်းများထံမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ ရွှေအမြုတေအဆင့် စီရင်စုသခင်အချို့သည်လည်း ဤလေလံပွဲကြီးသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိတက်ရောက်နေကြပြီဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိရှိလိုက်ရလေတော့သည်။
ကရုဏာမဲ့နတ်သမီး ဟူသော အမည်နာမမှာ သူမ၏ ပင်ကိုယ်စရိုက်နှင့် အမှန်တကယ်ပင် အလွန်တရာ လိုက်ဖက်ညီလှပေသည်။ သူမ၏ မျက်နှာအမူအရာမှာ သွေးအေးအေးဖြင့် အေးစက်တည်ငြိမ်လွန်းလှပြီး သူမ၏ အကြည့်အစုံမှာလည်း လူတစ်ယောက်၏ ဝိညာဉ်ကိုပါ ခဲသွားစေနိုင်သည့် ရေခဲပြင်ကြီးကဲ့သို့ စူးရှအေးစက်နေ၏။ သူမ၏ ပြတ်သားလှသော စောင့်ကြည့်ကွပ်ကဲမှုအောက်တွင်မူ ဆူညံပွက်လောရိုက်နေခဲ့သော ဧရာမခန်းမကြီးတစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ခြောက်သွေ့သွားရတော့သည်။ မည်သည့်ကျင့်ကြံသူမျှ သူမ၏ မျက်မှောက်တွင် မိုက်မဲစွာ ပြဿနာရှာရန် မဝံ့ရဲကြချေ။
ခန်းမကြီး ဆူညံပွက်လောရိုက်မနေသော်လည်း ပစ္စည်းများအပေါ် လုယက်လေလံဆွဲကြသည့် ပြိုင်ဆိုင်မှုအရှိန်အဟုန်မှာမူ ယခင်အတိုင်းပင် ဖြစ်သည်။ လေလံတင်သူများ လျော့ကျသွားခြင်းမရှိဘဲ အလွန်အမင်း အပြိုင်လုလျက်ရှိသည်။ ဤတတိယမြောက်နေ့၏ အဓိက လေလံဆွဲသူများမှာ အဆင့်နိမ့်ကျင့်ကြံသူများ မဟုတ်တော့ဘဲ အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့် ရှိသူများသာ ဖြစ်ကြပြီး သူတို့အားလုံးမှာ စင်ပေါ်သို့ တက်လာသမျှ ရတနာပစ္စည်းများ၏ အစစ်အမှန်တန်ဖိုးနှင့် အသုံးဝင်ပုံကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ထားကြသူများ ဖြစ်ကြလေသည်။
စင်မြင့်ထက်ဆီသို့ အလွန်တရာ တန်ဖိုးကြီးလှသော ဝိညာဉ်သစ်ပင်အူတိုင် အပိုင်းအစတစ်ခုကို ခမ်းနားထည်ဝါစွာ ယူဆောင်လာစဉ် အာရုံလွင့်နေသော လော့ချန်၏မျက်လုံးအစုံမှာ ဝုန်းခနဲ စူးစိုက်သွားတော့သည်။ ထိုပစ္စည်းကား သူ ဤမျှ ပင်ပန်းနွမ်းနယ်နေသည့် ကြားက ကိုယ်တိုင်ကိုယ်ကျ လာရောက်စောင့်ဆိုင်းနေခဲ့ရသော အဓိကရတနာပင် ဖြစ်ပေသည်။
"ရွှီယန်အမြုတေ...."
ကရုဏာမဲ့နတ်သမီး၏ ကြည်လင်ပြတ်သားပြီး ဟိန်းထွက်နေသော အသံတော်က ခန်းမကြီးတစ်ခုလုံးကို လွှမ်းမိုးကာ ထွက်ပေါ်လာသည်။
"ဒီပစ္စည်းဟာ တတိယအဆင့် ဝိညာဉ်သစ်ပင်ဖြစ်တဲ့ ရွှီယန်ပင်ရဲ့ အူတိုင်ကနေ သေသေချာချာ ထုတ်ယူထားတဲ့.... တစ်ဝက်တစ်ပျက် ပြုပြင်မွမ်းမံထားပြီးသား အဆင့်သုံး ဝိညာဉ်ကုန်ကြမ်းအစစ် ဖြစ်ပါတယ်၊ တကယ်လို့ ဒါကို ဆေးလုံးအဖြစ် ပြောင်းလဲဖော်စပ်လိုက်မယ်ဆိုရင်.... ကျင့်ကြံသူရဲ့ ဝိညာဉ်အခြေခံအုတ်မြစ်ကို အဆမတန် ခိုင်မာစေမယ့်အပြင်၊ ဝိညာဉ်အာရုံစွမ်းအားကိုလည်း မြင့်မားတဲ့အဆင့်အထိ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်၊ ကြမ်းခင်းဈေးကတော့.... ဝိညာဉ်ကျောက်တုံး သုံးထောင် ဖြစ်ပါတယ်"