← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇) - မြို့တော်လေလံပွဲတွင် လော့ချန် စတင်လှုပ်ရှားခြင်း

ကရုဏာမဲ့နတ်သမီးသည် စင်ရှေ့သို့ ထက်မြက်စွာ လှမ်းတက်လာခဲ့သည်။ သူမ၏ သွေးအေးတည်ငြိမ်လှသော အသံသည် ခမ်းနားထည်ဝါလှသည့် ဧရာမလေလံခန်းမကြီးတစ်ခုလုံးအတွင်း ဟိန်းခနဲ ပဲ့တင်ထပ်သွားရတော့၏။

သူမ၏ ကြေညာချက်အဆုံးတွင်မူ အောက်ခြေရှိ အခြေတည်အဆင့် ကျင့်ကြံသူများသည် အပြိုင်အဆိုင် စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးပြီးတစ်ဦး ဈေးပြိုင်ခေါ်ယူကာ လေလံဆွဲရာတွင် ပါဝင်လာကြပြီး ထိုလူအုပ်ကြီးထဲတွင် လော့ချန်လည်း တစ်ယောက်အပါအဝင် ဖြစ်နေခဲ့သည်။

ယခု ကရုဏာမဲ့နတ်သမီး တရားဝင်ကြေညာလိုက်သော ပစ္စည်းမှာ ရွှီယန်ပင် အစစ် ဖြစ်ပေသည်။ ၎င်းမှာ စီးပွားရေးအရ ကျင့်ကြံခြင်းလောကတွင် အလွန်တရာ အဖိုးတန်လှသော အဆင့်သုံး ဝိညာဉ်သစ်ပင်အမျိုးအစား ဖြစ်၏။ ထိုဝိညာဉ်သစ်ပင်သည် ကြီးထွားရှင်သန်လာစဉ်အတွင်း မိမိ၏ ပတ်ဝန်းကျင်နယ်ပယ်တစ်ခုလုံးကို သဘာဝအတိုင်း အလိုအလျောက် သန့်စင်ကောင်းမွန်စေကာ ယင်နှင့်ယန် ချီစွမ်းအင်စီးဆင်းမှုများကိုလည်း မျှတညီညွတ်သွားစေသည့် စွမ်းပကား ရှိသည်။ ၎င်းမှ ထွက်ပေါ်နေသော ကြီးမားထက်မြက်လှသည့် စွမ်းအင်လှိုင်းများကြောင့် အဆင့်မြင့် ဝိညာဉ်ငှက်မြောက်မြားစွာကို သဘာဝအတိုင်း ဆွဲဆောင်နိုင်စွမ်းရှိပြီး အထူးသဖြင့် ဟင်္သာကဲ့သို့သော အနွယ်ဝင်များသည် ထိုသစ်ပင်၏ ကိုင်းဖျားကိုင်းနားများတွင် အသိုက်အမြုံပြုလုပ်၍ နေထိုင်ရန် အလွန်အမင်း နှစ်သက်သဘောကျကြလေသည်။

သို့သော်လည်း ဤမျှစွမ်းပကားကြီးမားလှသော ဝိညာဉ်သစ်ပင်၌ ကြီးမားသည့် ကန့်သတ်ချက်တစ်ခု ရှိနေပြန်သည်။ ၎င်းမှာ ရွှီယန်ပင်သည် အဆင့်သုံးသို့ ရောက်ရှိသွားချိန်တွင် ကြီးထွားမှု ဒုန်းခနဲ ရပ်တန့်သွားတတ်ပြီး ထိုအချိန်မှစ၍ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်ကြောများကိုပါ အနှောင့်အယှက်ပေးကာ တိုက်စားဖျက်ဆီးပစ်တော့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပါးနပ်သော ကျင့်ကြံသူများသည် ထိုသစ်ပင် တတိယအဆင့်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အမြန်ဆုံး ခုတ်ယူလဲချပစ်လေ့ ရှိကြသည်။

ရွှီယန်ပင်ကို ခုတ်လဲပြီးနောက်တွင်မူ ၎င်း၏ အစိတ်အပိုင်းတစ်ခုချင်းစီကို နယ်ပယ်အမျိုးမျိုး၌ တန်ဖိုးရှိစွာ ခွဲဖြာအသုံးပြုနိုင်ပေသည်။ ဥပမာအားဖြင့် ၎င်း၏ အခေါက်ကို အဖိုးတန်ဆေးလုံးများ ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး၊ အရွက်များကိုမူ အစွမ်းထက် မှော်လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုနိုင်ကြသည်။ သို့သော်လည်း ထိုသစ်ပင်တစ်ခုလုံးတွင် အဖိုးတန်ဆုံးနှင့် အာရုံစိုက်ရမည့် အစိတ်အပိုင်းမှာမူ အခြားမဟုတ်ဘဲ ၎င်း၏ အူတိုင်ပင် ဖြစ်၏။ အကြောင်းရင်းမှာ ရွှီယန်ပင်၏ အူတိုင်အတွင်း၌သာ ကျင့်ကြံသူများ အလွန်အမင်း လိုလားတောင့်တကြသည့် တတိယအဆင့် အမြုတေစွမ်းအားများ အပြည့်အဝ စုစည်းတည်ရှိနေသောကြောင့် ဖြစ်လေသည်။

ထိုအမြုတေကိုသာ ဆေးလုံးအဖြစ် စနစ်တကျ ဖော်စပ်လိုက်နိုင်မည်ဆိုပါက ကျင့်ကြံသူ၏ ဝိညာဉ်အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်သည့်အပြင် ဝိညာဉ်အာရုံခံစားမှုစွမ်းအားကိုပါ အတိုင်းအဆမရှိ ကျယ်ပြန့်ချဲ့ထွင်ပေးနိုင်မည် ဖြစ်သည်။ ဤဆန်းကြယ်လှသော အာနိသင်တစ်ခုတည်းနှင့်ပင် ထိုပစ္စည်းသည် ဆေးဆရာအကျော်အမော်များကြားတွင် လုယက်သိမ်းပိုက်ချင်စရာ အလွန်ကောင်းလှသည့် ရှားပါးကုန်ကြမ်းတစ်ခု ဖြစ်နေတော့သည်။

သို့သော်လည်း ထိုကောင်းမွန်လှသော အာနိသင်ကို စွမ်းရည်ပြည့်ဝအောင် အသုံးချနိုင်သည့် အဆင့်မြင့်ဆေးနည်းများမှာ တစ်လောကလုံးတွင် အလွန်တရာ ရှားပါးလှသလို ဖော်စပ်ရန်ကျတော့လည်း အဆမတန် ခက်ခဲလွန်းလှပေသည်။ ထို့ကြောင့်ပင် ဤလေလံပွဲသို့ ရောက်ရှိနေကြသော ကျင့်ကြံသူအများစုမှာမူ ထိုသို့သော ဆေးဖော်စပ်ရန်ထက် ပိုမိုလက်တွေ့ကျပြီး အရေးကြီးလှသော အခြားအကြောင်းရင်းတစ်ခုကြောင့်သာ ဤဝိညာဉ်သစ်ပင်ကို အတင်းအကျပ် လိုချင်တပ်မက်နေကြခြင်း ဖြစ်လေသည်။

ရွှီယန်အမြုတေကို အခြေတည်အဆင့် ကျင့်ကြံသူများ၏ စစ်မှန်သောမီးဖြင့် တိုက်ရိုက်မီးရှို့ကာ အမွှေးတိုင်ကဲ့သို့ အလွယ်တကူ အသုံးပြုနိုင်ပေသည်။ ဤသို့ ထူးခြားစွာ အသုံးပြုနိုင်ခြင်းကြောင့်ပင် ၎င်းအမြုတေကို ကျင့်ကြံခြင်းလောက၌ ရွှီယန်အမွှေးတိုင် ဟုလည်း ခေါ်ဝေါ်ကြ၏။

ထိုအမွှေးတိုင်မှ ထွက်ပေါ်လာသော အငွေ့အသက်များသည် ကျင့်ကြံသူများ ကုသရန် အခက်ခဲဆုံးဖြစ်သည့် ဝိညာဉ်ရေးရာဒဏ်ရာများကို အချိန်တိုအတွင်း လျင်မြန်စွာ ပျောက်ကင်းသက်သာစေနိုင်သော အံ့အားသင့်ဖွယ် ကုသရေးစွမ်းရည် ရှိသည်။ ၎င်း၏ တိုက်ရိုက်ဖြစ်ပြီး ရိုးရှင်းလှသော အသုံးပြုပုံကြောင့်ပင် ကျင့်ကြံသူများအကြားတွင် ဘာထက်မဆို အလွန်တရာ ရေပန်းစား ခေတ်စားလှပေသည်။ ထို့ကြောင့် ဤဆန်းကြယ်လှသော အစွမ်းမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘဲ ကျင့်ကြံခြင်းလောကရှိ လူတိုင်း သိရှိထားကြသည့် အချက်ပင် ဖြစ်သည်။ ဝိညာဉ်ဒဏ်ရာ အနာတရ မရှိသေးသူများပင်လျှင် နောင်တစ်ချိန် ဘေးဒုက္ခကြုံလာပါက အရေးပေါ် အသုံးပြုနိုင်ရန်အတွက် လိုရမည်ရ ကြိုတင်ဝယ်ယူ စုဆောင်းထားလေ့ ရှိကြလေသည်။

‘အိမ်း.... ငါ နတ်မိစ္ဆာနှလုံးသားကြေးမုံရဲ့ အတုအယောင်ကမ္ဘာထဲမှာ ဝိညာဉ်အာရုံက အတိုင်းအဆမရှိ အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားခဲ့ရတာ.... သာမန် ချီစွမ်းအင်ဖြည့် ဆေးလုံးတွေချည်းပဲ သုံးပြီး ကုသမယ်ဆိုရင်တောင် ပြန်လည်ကောင်းမွန်လာဖို့အတွက် အနည်းဆုံး လပေါင်းများစွာ ကြာမြင့်လိမ့်မယ်၊ ဒါပေမဲ့.... ငါ့လက်ထဲမှာသာ ဒီ ရွှီယန်အမြုတေ ရှိနေမယ်ဆိုရင်တော့ အချိန်အများကြီး ပေးစရာမလိုဘဲ ပိုပြီးတော့ မြန်မြန်ဆန်ဆန်ကြီး ပြန်ကောင်းလာနိုင်မှာပဲ'

ထို့ကြောင့်ပင် လော့ချန်သည် ဤလေလံပစ္စည်းကို မဖြစ်မနေ အနိုင်ရအောင် ဆွဲယူရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်တော့သည်။

လေလံခန်းမကြီးအတွင်းရှိ လေလံဆွဲသံများမှာ အပြင်းအထန် မရှိသေးသော်လည်း စင်မြင့်ထက်မှ ကရုဏာမဲ့နတ်သမီးသည် သာမန်လေလံဆရာများကဲ့သို့ မြှောက်ပင့်သွေးထိုး စကားပြောဆိုခြင်းမျိုး လုံးဝမပြုလုပ်ဘဲ အေးစက်စွာ ရပ်နေသည်။

ပစ္စည်း၏ အဖိုးတန်အသုံးဝင်မှုကြောင့် လေလံဈေးနှုန်းမှာမူ တရိပ်ရိပ်နှင့် အပေါ်သို့ မြင့်တက်နေခဲ့ပြီ ဖြစ်သည်။

လော့ချန်သည် မည်သည့်လှည့်ကွက် ပရိယာယ်ကိုမျှ သုံးမနေတော့ဘဲ တည်ငြိမ်ပြတ်သားသော စိတ်အခြေအနေဖြင့်သာ လက်ကို အသာအယာ မြှောက်ကာ လေလံဈေးကို လိုက်လံဆွဲလိုက်တော့သည်။

"ဝိညာဉ်ကျောက်တုံး ငါးထောင်...."

"ဝိညာဉ်ကျောက်တုံး ခြောက်ထောင်...."

လေလံဈေးနှုန်း ဝိညာဉ်ကျောက်တုံး ခြောက်ထောင်ရှစ်ရာသို့ ရောက်ရှိသွားသောအခါ ခန်းမကြီးအတွင်းရှိ အခြေတည်အဆင့် ကျင့်ကြံသူ အများအပြားမှာ စိတ်ပျက်လက်ပျက်ဖြင့် လေလံဆွဲခြင်းကို လက်လျှော့သွားကြတော့သည်။ ဒဏ်ရာရပါက သုံးရန်အတွက် လိုရမည်ရ ဝယ်ယူစုဆောင်းထားမည့် ပစ္စည်းတစ်ခုအတွက် ယခုကဲ့သို့ မိမိတို့၏ သွေးစွန်းခဲ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို မလိုအပ်ဘဲ အကုန်အကျမခံလိုကြခြင်းကြောင့် ဖြစ်၏။

နောက်ဆုံးတွင်မူ ကွင်းပြင်ကျယ်ကြီးထဲ၌ လော့ချန်နှင့် အခြားအစွမ်းထက် ကျင့်ကြံသူတစ်ဦးသာ အကြိတ်အနယ် ကျန်ရှိတော့သည်။ သို့သော် လော့ချန်က မဆုတ်မနစ်သော အမူအရာဖြင့် "ဝိညာဉ်ကျောက်တုံး ခုနစ်ထောင်ငါးရာ...." ဟု ပြတ်သားစွာ အော်ခေါ်လိုက်သောအခါ ထိုကျင့်ကြံသူသည်လည်း သက်ပြင်းတစ်ချက်ချကာ လေလံပွဲမှ နုတ်ထွက်သွားတော့သည်။

လော့ချန်သည် ဤပစ္စည်းကို မရရအောင် ဆွဲမည်ဖြစ်ပြီး မည်သို့မျှ လက်လျှော့မည့်သူ မဟုတ်ကြောင်း တစ်ဖက်လူက ကောင်းကောင်းကြီး ရိပ်မိသွားခဲ့၍ ဖြစ်သည်။ ထို့ပြင် ထိုသူသည် နောက်ပိုင်းတွင် ထွက်ပေါ်လာမည့် အခြားအရေးကြီးသော ရတနာပစ္စည်းတစ်ခုကိုပါ မျက်စိကျနေသဖြင့် ဤနေရာတွင် မိမိ၏ ဝိညာဉ်ကျောက်တုံးများကို မဆင်မခြင် အကုန်မခံလိုတော့ခြင်းကြောင့်လည်း ဖြစ်လေသည်။

"ဒီပစ္စည်းကိုတော့ လော့ထျန်းအဖွဲ့က အနိုင်ရရှိသွားကြောင်း တရားဝင် ကြေညာအပ်ပါတယ်၊ နောက်ထပ် လေလံတင်မှာကတော့.... အလွန်ရှားပါးလှတဲ့ သတ္တုရိုင်းကုန်ကြမ်းတစ်ခု ဖြစ်ပါတယ်...."

စင်မြင့်ထက်မှ ကရုဏာမဲ့နတ်သမီးက တည်ငြိမ်အေးစက်သော လေသံဖြင့် ကြေညာလိုက်လေသည်။

မိမိတို့အဖွဲ့၏ အမည်ဖြစ်သော "လော့ထျန်းအဖွဲ့" ဟု တရားဝင် အမည်တပ်၍ လူသိရှင်ကြား ကြေညာလိုက်သောအခါ လော့ချန် မျက်မှောင်အနည်းငယ် ကြုတ်သွားမိသော်လည်း ဘာမှတော့ ဝင်ရောက်မပြောခဲ့ပေ။ ရွှေအမြုတေအဆင့် စီရင်စုသခင်ကြီးများ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ကြသည့် ဤကဲ့သို့သော ဂိုဏ်းကြီးများ၏ အဆင့်မြင့်လေလံပွဲများတွင် ပစ္စည်းတစ်ခုကို အနိုင်ရရှိသွားသည့် လေလံဆွဲသူ၏အမည် သို့မဟုတ် အဖွဲ့အစည်းအမည်ကို လူအများရှေ့မှောက်၌ တရားဝင်ထုတ်ဖော်ကြေညာခြင်းမှာ ပုံမှန်ထုံးစံတစ်ခုသာ ဖြစ်ပေသည်။

အမှန်စင်စစ် ဤသို့ လူသိရှင်ကြား ကြေညာပေးခြင်း၌ နောက်ကွယ်မှ အကျိုးကျေးဇူးအချို့ ရှိနေပါသေးသည်။ အကယ်၍ လေလံဆွဲယူလိုက်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှာ အလွန်တရာ အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝသူဖြစ်ပါက အခြားသူများအနေဖြင့် အကျိုးမရှိဘဲ အရှုံးပြသွားမည့် မိုက်မဲသော ဈေးပြိုင်ခေါ်ယူခြင်းမျိုးနှင့် မလိုအပ်ဘဲ ဖြစ်ပေါ်လာမည့် ရန်ငြိုးရန်စများကို ကြိုတင်၍ ရှောင်ရှားနိုင်ကြပေသည်။ ထို့ပြင် မည်သူက မည်သည့်ရတနာပစ္စည်းကို ရရှိပိုင်ဆိုင်သွားကြောင်း လူတိုင်း အတိအလင်း သိရှိသွားကြသည့်အတွက် နောင်တစ်ချိန်တွင် ထိုပစ္စည်းနှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများ သို့မဟုတ် တန်ဖိုးတူ ရတနာချင်း လဲလှယ်မှုများ ပြုလုပ်ရန်အတွက် ပိုမိုလွယ်ကူချောမွေ့စေသည် မဟုတ်ပါလော။

ဤကဲ့သို့ လေလံအောင်မြင်သူကို လူသိရှင်ကြား ထုတ်ဖော်ကြေညာခြင်းကြောင့် လေလံပွဲ၏ အရှိန်အဟုန် အနည်းငယ် လျော့ကျသွားပြီး ပစ္စည်းများ၏ လေလံဈေးနှုန်း လျော့နည်းသွားနိုင်သည်ဟူသော အချက်ကိုမူ ဂိုဏ်းကြီးများအနေဖြင့် စိုးရိမ်ပူပန်ခြင်း လုံးဝမရှိကြဘဲ ဂရုပင်မစိုက်ကြချေ။ ၎င်းတို့ကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းများအတွက် ထိုမျှလောက်သော ငွေကြေးဆုံးရှုံးမှုမှာ အာရုံစိုက်ရလောက်အောင် အရေးမပါလှပေ။

သူတို့ အမှန်တကယ် တန်ဖိုးထားသည်မှာ အချင်းချင်း သင့်တင့်မျှတမှုရှိသော စီးပွားရေးပတ်ဝန်းကျင်နှင့် ရေရှည်ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ခိုင်မာတည်ငြိမ်သော စနစ်တစ်ခု ဖြစ်ပေါ်လာစေရေးပင် ဖြစ်သည်။ လေလံပွဲကြီး ပြီးဆုံးသွားပြီးနောက်တွင် တက်ရောက်လာကြသည့် ကျင့်ကြံသူများအချင်းချင်း ခါးခါးသီးသီး ပြန်လည်တိုက်ခိုက်ကြခြင်း သို့မဟုတ် ပို၍ဆိုးရွားသည်မှာ လမ်းခရီး၌ တစ်ဦးကိုတစ်ဦး သတ်ဖြတ်လုယက်ခြင်းမျိုး လုံးဝဖြစ်ပွားစေ၍ မရပေ။ အကယ်၍သာ ထိုကဲ့သို့သော မငြိမ်မသက်မှုများနှင့် သွေးထွက်သံယိုမှုများ ဖြစ်လာပါက နောက်နောင်တွင် အင်အားနည်းသော တစ်ကိုယ်တော်ကျင့်ကြံသူများသည် ဤလေလံပွဲကြီးသို့ လာရောက်ပါဝင်ဝံ့ကြတော့မည် မဟုတ်ချေ။

ထို့ကြောင့် လေလံဆွဲခြင်းကို လူသိရှင်ကြား အတိအလင်း ပြုလုပ်ခြင်းဖြင့် ထိုပြဿနာအရပ်ရပ်ကို အစကတည်းက အမြစ်ပြတ် ဟန့်တားထားနိုင်ခြင်း ဖြစ်သည်။ အကယ်၍ မဆင်မခြင်နှင့် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးဦးက မိုက်မဲစွာ ဥပဒေကို ကျူးလွန်ပြုမူလာပါကလည်း မြို့တော်အာဏာပိုင်များအနေဖြင့် ထိုသူအား နာမည်ပျက်စာရင်း သွင်းလိုက်ပြီး ဤနတ်ဘုရားမြို့တော်ကြီးအတွင်းသို့ ထာဝရ ဝင်ထွက်ခွင့် ပိတ်ပင်တားဆီးထားနိုင်ရုံသာ ရှိလေတော့သည်။

လေလံစင်မြင့်ထက်ဆီမှနေ၍ တန်ဖိုးကြီးလှသော အဖိုးတန်ရတနာပစ္စည်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာတွင် လော့ချန်သည် လောဘတကြီး လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်ရင့်ကျက်စွာဖြင့်သာ လိုအပ်မည့် အခိုက်အတန့်အချို့၌ ဝင်ရောက်ဈေးပြိုင်ဆွဲခဲ့သည်။ ထိုသို့ ပါဝင်ဆွဲခဲ့ရာမှ သူ အောင်မြင်စွာ ဝယ်ယူပိုင်ဆိုင်နိုင်ခဲ့သော ပစ္စည်းများထဲတွင် အလွန်ရှားပါးလှသည့် အဆင့်သုံး သတ္တုရိုင်းတစ်သုတ်လည်း ပါဝင်ပြီး ၎င်းအတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်းနှစ်ထောင်အထိ ကုန်ကျခဲ့ရသည်။

အမှန်စင်စစ် ထိုသတ္တုရိုင်းသုတ်သည် မိမိအတွက် မဟုတ်ဘဲ တွမ်ဖုန်း အတွက်သာဖြစ်သည်။ တွမ်ဖုန်း၏ မှော်ရတနာသန္ဓေသားလောင်းကြီးကို အပြီးသတ်သွန်းလုပ်နိုင်ရန်အတွက် အလွန်အမင်း လိုအပ်နေသော နောက်ဆုံးပိတ် လျှို့ဝှက်ကုန်ကြမ်း ဖြစ်လေသည်၊ တွမ်ဖုန်းအနေဖြင့် ကတ္တီပါနက်ဝိညာဉ်ရေကြည် ရတနာနှင့် ယခု လေလံပွဲမှရရှိလိုက်သည့် အဆင့်သုံးသတ္တုရိုင်းများကို ပေါင်းစပ်လိုက်မည်ဆိုပါက ဂူဗိမာန်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ကိုယ်ပိုင်အစွမ်းထက်ရတနာလက်နက်ကို စတင်သွန်းလုပ် ပုံဖော်နိုင်တော့မည် ဖြစ်လေသည်။

ထို့နောက်တွင်မူ လော့ချန် အထူးတလည် စောင့်မျှော်နေခဲ့သော နောက်ထပ် လေလံပစ္စည်းတစ်ခု စင်ပေါ်သို့ တက်လာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အခြားမဟုတ်ဘဲ ဒုတိယအဆင့် ခန္ဓာကိုယ်ကျင့်စဉ် လက်စွဲကျမ်းစာအုပ်တစ်အုပ်ပင် ဖြစ်၏။ ၎င်း၏ ကြမ်းခင်းဈေးမှာမူ ဝိညာဉ်ကျောက်တုံး ငါးထောင်သာ ဖြစ်သဖြင့် ပစ္စည်း၏ အဆင့်အတန်းနှင့် ယှဉ်လျှင် အတော်လေး နည်းပါးလှသည်ဟု ဆိုရပေမည်။ ခန္ဓာကိုယ်ကျင့်စဉ် လမ်းကြောင်းဆိုသည်မှာ ကျင့်ကြံခြင်းလောက၌ လူကြိုက်နည်းပြီး အထင်သေးခံရကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် ခန်းမကြီးတစ်ခုလုံးတွင် ဤကျင့်စဉ်အပေါ် စိတ်ဝင်တစားရှိသူ အလွန်တရာ နည်းပါးလှပေသည်။

သို့သော်လည်း လော့ချန်အတွက် ကံမကောင်းသည်မှာ ခန်းမကြီးထဲရှိ အပြိုင် လေလံဆွဲသူတစ်ဦးမှာမူ သူ့အား လုံးဝလက်မလျှော့ဘဲ ခေါင်းမာမာဖြင့် ဇွဲနပဲနှင့် ယှဉ်ပြိုင်ဈေးခေါ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် စိတ်ဝင်စားသူနည်းပါးလှသည့် ဤကျင့်စဉ်ကျမ်း၏ လေလံဈေးနှုန်းမှာ တဖြည်းဖြည်းချင်း အပေါ်သို့ မြင့်တက်လာခဲ့ရာမှ နောက်ဆုံးတွင်မူ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်ထောင်အထိပင် ဒုန်းခနဲ ရောက်ရှိသွားခဲ့ရလေတော့သည်။

"ခေါင်းဆောင်…. အဲဒီ့ ဈေးလိုက်ပြိုင်နေတဲ့ ကောင်က ရှန်ကုန်းဂိုဏ်းက လုရုန်ပဲ" ဟု တွမ်ဖုန်းက ခပ်လှမ်းလှမ်းမှ ကျင့်ကြံသူတစ်ဦးကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ တိုးတိုးလေး လှမ်းပြောလိုက်သည်။

စီမာဟွေ့နန်သည်လည်း အခြေအနေကို ရိပ်မိသွားသဖြင့် စိုးရိမ်တကြီးဖြင့်....

"ရှန်ကုန်းဂိုဏ်းက ကျွန်မတို့ လော့ထျန်းအဖွဲ့နဲ့ ဘယ်တုန်းကမှ အဆင်ပြေပြေ ရှိခဲ့ကြတာ မဟုတ်ဘူး အဖွဲ့ချုပ်ခေါင်းဆောင်.... ဒီကျင့်စဉ်ကျမ်းကို လက်လွှတ်လိုက်ပါလားဟင်၊ ဒါလေးတစ်ခုအတွက်နဲ့ သူတို့နဲ့ ရန်ငြိုးပိုကြီးအောင် မလုပ်သင့်ဘူး ထင်တယ်"

သူမ၏ စကားကြောင့် လော့ချန်ကမူ ဘာမှမတုန်လှုပ်ဘဲ အသာအယာသာ ပြုံးလိုက်မိ၏။ သူသည် ထိုဂိုဏ်းကို တမင်သက်သက် ရန်စ စိန်ခေါ်နေခြင်းမျိုး မဟုတ်ပေ။ အကယ်၍သာ ဤကဲ့သို့ လေလံပွဲ၏ ထုံးစံ ဈေးအပြိုင်ပေးသည့် ကိစ္စလေးတစ်ခုနှင့် တစ်ဖက်လူက ရန်ငြိုးအတေး ထားချင်သည်ဆိုပါကလည်း သူမတတ်နိုင်ပေ။ ထို့အပြင် သူ့ ဘေးနားတွင် ထိုင်နေပြီး ထိုကျင့်စဉ်စာအုပ်ကို မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းအစုံဖြင့် တမ်းတမ်းတတ ကြည့်နေရှာသည့် သူ့အစ်ကိုကြီး ဝမ်ယွမ်၏ မျက်နှာကို မြင်တွေ့လိုက်ရသောအခါ လော့ချန်အနေဖြင့် လက်လျှော့ဆုတ်ခွာပေးရန် အစီအစဉ် စိုးစဉ်းမျှပင် မရှိတော့ချေ။

သူ အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြတ်သားစွာ ပြောလိုက်၏။

"အဟက်.... ဒီ လုရုန်ဆိုတဲ့ ကောင်က ချီကျင့်စဉ်ကော ခန္ဓာကျင့်စဉ်ကိုပါ နှစ်မျိုးစလုံး ကျင့်နေတဲ့သူဆိုတာ တစ်မြို့လုံးက လူတွေ အကုန်သိကြတာပဲ၊ ဒီကောင်လို ငလည်မျိုးက ဒီဒုတိယအဆင့် ကျင့်စဉ်ကျမ်းကို အသေအလဲ စိတ်ဝင်စားပြီး ဈေးလိုက်နေတယ်ဆိုရင်.... ဒီကျမ်းက တော်တော် ကောင်းလို့နေမှာပေါ့၊ ဘာပဲပြောပြော ငွေပိုပေးနိုင်တဲ့သူရမှာပဲလေ.... သူလိုချင်ရင် သူ ငါ့ထက်ပိုပေးပေါ့ ရှင်းရှင်းလေးပဲ...."

ထိုသို့ ပြောဆိုပြီးနောက် လော့ချန်သည် သူ့လက်ကို မြှောက်လိုက်ရင်း ခန်းမကြီးတစ်ခုလုံး ဟိန်းခနဲ ပဲ့တင်ထပ်သွားသည်အထိ လေလံဈေးကို ပြတ်သားစွာ အော်ခေါ်လိုက်တော့သည်။

"ဝိညာဉ်ကျောက်တုံး တစ်သောင်း...."

၎င်းမှာ ယခင်ဈေးထက် ၂၅ ရာခိုင်နှုန်းခန့်အထိကို တစ်ခါတည်းနှင့် ဒုန်းခနဲ မြှင့်တင်ပစ်လိုက်ခြင်း ဖြစ်ပေသည်။ လော့ချန်၏ ခပ်အေးအေးနှင့် အရှိန်အဝါအပြည့်ပါလှသော ထိုအော်သံသည် ဆူညံပွက်လောရိုက်နေခဲ့သော ခန်းမကြီးအတွင်းရှိ ကျင့်ကြံသူများ၏ တီးတိုးစကားသံအားလုံးကို ထက်မြက်လှသော ဓားတစ်စင်းဖြင့် ဝုန်းခနဲ ပိုင်းဖြတ်ပစ်လိုက်သကဲ့သို့ တစ်ခဏချင်းအတွင်းမှာပင် နေရာတစ်ခုလုံးကို အပ်ကျသံပင် ကြားရလောက်အောင် ခြောက်ကပ်ငြိမ်သက်သွားစေခဲ့လေတော့သည်။

စင်မြင့်ထက်မှ ကရုဏာမဲ့နတ်သမီးသည် လော့ချန်တို့ ရှိနေသည့် သီးသန့်အထူးခန်းဘက်ဆီသို့ မျက်ဝန်းအစုံဖြင့် တစ်ချက် မျှော်ကြည့်လိုက်ပြီးနောက် သွေးအေးတည်ငြိမ်သော လေသံဖြင့် အေးစက်စွာ ကြေညာလိုက်လေသည်။

"ချီခန္ဓာ မူလကျင့်စဉ်.... လော့ထျန်းအဖွဲ့မှ ဝိညာဉ်ကျောက်တုံး တစ်သောင်းဖြင့် ပထမအကြိမ် ခေါ်ဆိုခြင်း...."

စင်စစ်မူ ရှန်ကုန်းဂိုဏ်းမှ လုရုန်တို့အဖွဲ့သည် အပေါ်ထပ်ရှိ သီးသန့်အထူးခန်းမျိုး မရရှိထားကြဘဲ အောက်ခြေရှိ သာမန် ခန်းမဆောင်ကြီးအတွင်း၌သာ တိုးဝှေ့ထိုင်နေကြရခြင်း ဖြစ်သည်။ ထိုအချက်က ဤမြို့တော်ကြီးအတွင်း၌ ရှန်ကုန်းဂိုဏ်း၏ အဆင့်အတန်းနှင့် ဩဇာအာဏာ မည်မျှအထိ နိမ့်ပါးသေးကြောင်းကို သက်သေပြနေသကဲ့သို့ပင် ဖြစ်၏။

လော့ထျန်းအဖွဲ့ပင်လျှင် အာဏာရှိသော ထန်ထိုက်ကျင်းနှင့် အတွင်းကျကျ ပူးပေါင်းဆောင်ရွက်ခွင့်ရထားသည့် အကျိုးကျေးဇူးကြောင့်သာ ယခုကဲ့သို့ သီးသန့်အထူးခန်းလေးတစ်ခုတွင် ဂုဏ်ရှိရှိ နေနိုင်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် သာမာန်နေရာ၌ရှိနေသော လုရုန်အနေဖြင့် လော့ချန်ကဲ့သို့ အဆမတန် ငွေသုံးနိုင်သော အနေအထားမျိုးတွင် လုံးဝမရှိနိုင်သည်မှာ ထင်ရှားလှပေသည်။

အမှန်ပင် လော့ချန်၏ ပြတ်သားလှသော ထိုလေလံခေါ်သံကို ကြားလိုက်ရသည့်ခဏ၌ လုရုန် မျက်နှာပျက်သွားရတော့သည်။ ဝိညာဉ်ကျောက်တုံး တစ်သောင်းဟူသော ပမာဏမှာ သူတို့ဂိုဏ်းအတွက် မနည်းလှသည့် ပမာဏဖြစ်ပေသည်။ လက်ရှိတွင် သူတို့ဂိုဏ်းသည် စီးပွားရေးအရ ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ခြင်းမရှိသလို သူ့စုငွေမှာလဲ မလောက်မငှဖြစ်နေသည်။

သူ နေ့စဉ်နေထိုင်သော ဂူဗိမာန်၏ လစဉ်ငှားရမ်းခသည် တစ်လလျှင် ဝိညာဉ်ကျောက်တုံး တစ်ထောင်အထိ ပုံမှန်ကုန်ကျနေပြီး မနေ့ကတင် သူ၏ ကျင့်စဉ်တိုးတက်ရေး ဆေးလုံးများအတွက် ငွေအမြောက်အမြားကို သုံးစွဲပစ်ခဲ့ရသေးသည်။ ထို့ကြောင့်ပင် ယခုအချိန်၌ သူအတော်လေးမွဲနေသည်။ သို့သော်လည်း ဤကျင့်စဉ်ကို လုံးဝလက်မလွှတ်ချင်သဖြင့် လုရုန်သည် မရဲတရဲနှင့် ဘေးနားတွင် ထိုင်နေသော ဂိုဏ်းချုပ်ကြီးဘက်သို့ မျက်နှာငယ်လေးဖြင့် လှည့်ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်.... ကျွန်တော့်ကို ငွေ ခဏလှည့်ပါလားဗျာ.... ကျွန်တော် ပြန်ဆပ်ပါ့မယ်...."

ထိုသို့ အားကိုးတကြီးဖြင့် တိုးတိုးလေး အကူအညီတောင်းလိုက်‌သော်လည်း ဂိုဏ်းချုပ် ဖေးချင်းချိုးကမူ အေးစက်စက်နှင့် ချက်ချင်းငြင်းလိုက်သည်။

"လုရုန်ရာ.... မင်းက လမ်းစဉ် နှစ်ခုလုံး ပြိုင်တူလျှောက်ချင်နေလို့ ဘယ်အဆင်ပြေမှာလဲကွ.... ချီကျင့်စဉ်ဆိုရင်လည်း ချီကျင့်စဉ်.... ခန္ဓာကျင့်စဉ်ဆိုရင်လည်း ခန္ဓာကျင့်စဉ်.... တစ်ခုပဲ ပေါက်ပေါက်မြောက်မြောက် လုပ်စမ်းပါ၊ မင်းအရည်အချင်းလောက်နဲ့.... ဒီလိုမျိုး ဟိုမရောက်ဒီမရောက် လုပ်မနေနဲ့.... ရွှေအမြုတေအဆင့်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူးကွ...."

"ဒါပေမဲ့.... ဂိုဏ်းချုပ်ရာ...."

"ဒါပေမဲ့တွေ ဘာတွေ လာလုပ်မနေနဲ့.... မင်းလိုချင်တယ်ဆို ကိုယ့်ငွေနဲ့ကိုယ် အိတ်စိုက်ပြီး လုပ်ပေတော့.... ငါ့ဘက်ကတော့.... တစ်ပြားတစ်ချပ်မှ ထုတ် မချေးနိုင်ဘူး"

လုရုန်တစ်ယောက် လက်မလျှော့သေးဘဲ ကြံရာခက်နေပုံကို မြင်လိုက်ရသောအခါ ဖေးချင်းချိုးက လေသံမာမာဖြင့် ဆိုသည်။

"အေးနော်.... ကိုယ့်အခြေအနေကိုယ် မချင့်ချိန်ဘဲ မဆင်မခြင် လေလံ လျှောက်ဆွဲပြီးမှ၊ ငွေမချေနိုင်လို့ဘာညာ.... ငါ့ကို လာပြီး အပူကပ်ဖို့မစဥ်းစားနဲ့.... ကိုယ့်ကိစ္စကိုယ်ရှင်း၊ ငါတာဝန်မယူနိုင်ဘူး”

လုရုန်တစ်ယောက် စားပွဲအောက်တွင် သူ၏ လက်သီးအစုံကို နာကျည်းဒေါသထွက်စွာဖြင့် တင်းတင်းဆုပ်လိုက်မိတော့သည်။ သူသည် အပေါ်ထပ်ရှိ လော့ထျန်းအဖွဲ့၏ သီးသန့်အထူးခန်းဘက်ဆီသို့ မကျေနပ်ချက်များဖြင့် စိုက်ကြည့်နေသည်။

ထိုစဉ် စင်မြင့်ထက်မှ ကရုဏာမဲ့နတ်သမီးက စားပွဲကို ရိုက်လိုက်ရင်း

"ဝိညာဉ်ကျောက်တုံး တစ်သောင်း.... တတိယအကြိမ် ခေါ်ဆိုခြင်း...." ဟု အော်ပြောကာ ဈေးပြိုင်လိုက်မည့်သူ မရှိတော့သဖြင့် ထိုဒုတိယအဆင့် ခန္ဓာကိုယ်ကျင့်စဉ် လက်စွဲကျမ်းအား လော့ချန်တို့ တရားဝင် လေလံအောင်သွားကြောင်း ကြေညာလိုက်သည်။

….

သီးသန့်အထူးခန်းအတွင်း၌ ဖြစ်သည်၊

တစ်ချိန်လုံး ရင်တမမဖြင့် စောင့်ကြည့်နေရရှာသော ဝမ်ယွမ်၏ ညှိုးငယ်နေခဲ့သည့် မျက်နှာထက်တွင် ဝမ်းသာအားရဖြင့် အတိုင်းထက်အလွန် ပြုံးရွှင်သွားရတော့သည်။

"လော့ချန်.... မင်း အခု စိုက်ပေးတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ငါ မကြာခင် ပြန်ဆပ်မယ်ကွာ...."

လော့ချန်က ဂရုမစိုက်ဟန်ဖြင့် အသာအယာ လက်ကာပြလိုက်ရင်း

"အမလေး.... ဒီလူနဲ့ ဒီလူ ဒါတွေ အားနာစရာမလိုပါဘူး၊ အစ်ကိုဝမ် သေသေချာချာ ဖတ်ပီးရင်သာ.... ကျွန်တော့်ကို ခဏလောက်ပြန်ငှား...."

ဝမ်ယွမ်သည် လော့ချန်၏ စေတနာကို နားလည်သဖြင့် ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်ကာ လော့ချန်အား စိတ်ထဲမှ ကျေးဇူးအထပ်ထပ်တင် နေမိသည်။

သို့သော်လည်း ဘေးနားတွင် ငြိမ်ငြိမ်လေး ထိုင်နေသည့် ခန်းရှန်းချုံးမှာမူ ယခုမြင်ကွင်းများကို စောင့်ကြည့်ရင်း သူမကိုယ်သူမ ဤမိသားစုသဖွယ် အချင်းချင်း ရင်းနှီးကြသော လူတစုကြား အစိမ်းသက်သက် သူစိမ်းတစ်ဦး ဖြစ်နေသကဲ့သို့ ခံစားနေရရှာသည်။ သူမ၏ မျက်ဝန်းအစုံမှာ လော့ချန်ထံမှ အခန်းတွင်းရှိ အခြားသူများဆီသို့ တစ်ဦးပြီးတစ်ဦး ပြောင်းကြည့်နေမိပြီး သူမ၏ အကြည့်ထဲတွင်လည်း တစ်စုံတစ်ခုကို လေးနက်စွာ တွေးတောစဉ်းစားနေမိ၏။

'သူက.... စီမာဟွေ့နန်ကို ဒီလောက်အဖိုးတန်တဲ့ အခြေတည်ဆေးလုံးတစ်လုံး အလွယ်လေး လက်ဆောင်ပေးပစ်လိုက်တယ်၊ ပြီးတော့ တွမ်ဖုန်း လိုချင်နေတဲ့ ရှားပါးကုန်ကြမ်းတွေကို မနှမြောဘဲ လေလံဆွဲပေးခဲ့ပြန်ရော၊ အခုကျတော့လည်း.... ဝမ်ယွမ်အတွက် ဒုတိယအဆင့် ခန္ဓာကိုယ်ကျင့်စဉ်စာအုပ်ကို ဝိညာဉ်ကျောက်တုံး တစ်သောင်းအထိ အကုန်အကျခံပြီး ဝယ်ပေးပြန်ပြီ၊ အဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးအနေနဲ့ နောက်လိုက်တွေအပေါ်မှာ ဒီလောက် ရက်ရောနေတာ.... တကယ် အံ့သြစရာပဲ.... အော်.... ဒီလိုမျိုး စေတနာရှိ၊ ရက်ရက်ရောရော ပေးကမ်းတတ်လို့လဲ.... သူ့အဖွဲ့ဝင်တွေက အရိုးကျေကျေ အရေခမ်းခမ်း သူ့အပေါ်မှာ သစ္စာစောင့်သိနေတာပဲဖြစ်မယ်....’

ခန်းရှန်းချုံးတစ်ယောက် လော့ချန်အား ထိုသို့ ကောက်ချက်ချလိုက်ရင်း သူ့လူများအပေါ်ထားသည့် စိတ်ရင်း စေတနာကို လေးစားနေတော့သည်။

လေလံပွဲသည် အရှိန်အဟုန်မပျက် ဆက်လက်ကျင်းပနေဆဲဖြစ်သည်။ အချိန်ကြာလာလေလေ ထွက်ပေါ်လာသော ရတနာများမှာ ပိုမိုရှားပါးပြီး တန်ဖိုးကြီးမားလာလေလေ ဖြစ်သည်။

ဤအတောအတွင်း လော့ချန်သည် မကြာခဏဆိုသလို လေလံဆွဲရာတွင် ပါဝင်လာသော်လည်း အကြိမ်တိုင်းတော့ အောင်မြင်သည်မဟုတ်ပေ။ ဥပမာအားဖြင့် သူသည် ဒုတိယအဆင့် ချီစုဆုံ အစီအရင်ကို အထူးစိတ်ဝင်စားခဲ့သည်။ အကယ်၍ ၎င်းကို ဒန်ရှားတောင်ထိပ်တွင် တပ်ဆင်လိုက်ပါက တောင်တခွင်လုံးရှိ ချီစွမ်းအင် သိပ်သည်းမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ရာ လော့ထျန်းအဖွဲ့ဝင်တိုင်းအတွက် အကျိုးရှိစေမည်မှာ အမှန်ပင်ဖြစ်ပေသည်။

သို့သော်လည်း လေလံပွဲ၏ ဈေးပြိုင်ပေးမှုများမှာ အလွန်ပြင်းထန်သွားခဲ့သည်။ အင်အားကြီးသော ကျင့်ကြံသူမျိုးနွယ်စုကြီး ငါးစုမှာ အနိုင်ရရှိရန်အတွက် ၎င်းတို့ပိုင်ဆိုင်သမျှ အားလုံးကို ပုံအောကာ ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့ကြောင့် လမ်းတစ်ဝက်တွင်ပင် လော့ချန်တစ်ယောက် နုတ်ထွက်ရန် ဆုံးဖြတ်လိုက်တော့သည်။

နောက်ဆုံးတွင် ထိုအစီအရင်ကို နဂါးတောင်ရိုးမှ ကျန်းခယ်ကျန့်က ဝိညာဉ်ကျောက်တုံး နှစ်သောင်းရှစ်ထောင်ဖြင့် အနိုင်ရသွားခဲ့သည်။ ထိုပမာဏမှာ အဆင့်မြင့် တိုက်ခိုက်ရေး မှော်လက်နက်တစ်ခုကို အသာလေး ဝယ်ယူနိုင်သော ပမာဏ ဖြစ်ပေသည်။ ဆေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေသော ကျန်းမျိုးနွယ်စုကဲ့သို့ သူဌေးကြီးများသာလျှင် ယခုကဲ့သို့ များပြားလှသော ငွေကြေးကို သုံးစွဲနိုင်ခြင်း ဖြစ်ပေသည်။

လော့ချန်တစ်ယောက် ခေါင်းခါလိုက်ပြီးနောက် နောက်ထပ်တက်လာမည့် လေလံပစ္စည်းဆီသို့သာ အာရုံပြောင်းလိုက်တော့သည်။

"နောက်ထပ် ပစ္စည်းကတော့.... နှင်းပိုးဖျာပါ၊ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခု ဖြစ်ပါတယ်ရှင်"

ကရုဏာမဲ့နတ်သမီး၏ အသံမှာ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

"ဒီဖျာကို နှင်းတောင်တန်းကြီးမှာ မွေးမြူထားတဲ့ နှင်းပိုးကောင်တွေရဲ့ ပိုးချည်နဲ့ ရေခဲခံတပ်ကနေ သေသေချာချာ ရက်လုပ်ထားတာ ဖြစ်ပါတယ်၊ ကျင့်ကြံခြင်းကို တိုက်ရိုက်အထောက်အကူပြုတဲ့ မှော်လက်နက် အမျိုးအစား ဖြစ်တာမို့ ကျင့်ကြံနေစဉ်အတွင်း ဒီဖျာပေါ်မှာ ထိုင်ပြီး အသုံးပြုမယ်ဆိုရင် ဖိအားတွေ ဘယ်လောက်ပဲ များနေပါစေ စိတ်ကို အစဉ်ကြည်လင် တည်ငြိမ်နေစေမှာပါ၊ ကြမ်းခင်းဈေးကတော့ ဝိညာဉ်ကျောက်တုံး ငါးထောင် ဖြစ်ပါတယ်ရှင်"

ထိုဖော်ပြချက်ကို ကြားလိုက်ရသောအခါ လော့ချန်တစ်ယောက် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။ အကြောင်းမှာ ကျင့်ကြံခြင်းကို တိုက်ရိုက်အထောက်အကူပြုသော မှော်လက်နက်မျိုးမှာ အလွန်ရှားပါးလှသောကြောင့် ဖြစ်သည်။ သူ၏ နတ်မိစ္ဆာနှလုံးသားကြေးမုံ မှာလည်း ထိုကဲ့သို့သော ရတနာအမျိုးအစားဖြစ်ပြီး ထိုအရာ မည်မျှအဖိုးတန်ကြောင်းကို သူကိုယ်တိုင် ကောင်းကောင်းသိထားသည်။ ဤကဲ့သို့သော ပစ္စည်းများမှာ အလှပြရန်သက်သက် မဟုတ်ဘဲ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်ခြင်း၊ စိတ်ဝိညာဉ်ကို ပြင်ပနှောင့်ယှက်မှုများမှ ကာကွယ်ပေးနိုင်ခြင်းနှင့် ထူးခြားသော အတတ်ပညာများကို ပေးစွမ်းနိုင်ခြင်း စသည့် အာနိသင်များ ရှိကြသည်။ ယခု နှင်းပိုးဖျာ၏ အစွမ်းမှာလည်း အလွန်ရှင်းလင်းလှပေသည်။ ၎င်းမှာ စိတ်နှလုံးကို အေးချမ်းစေပြီး ဝိညာဉ်ကို ကြည်လင်စေကာ ကျင့်ကြံသူများအတွက် အန္တရာယ်အရှိဆုံးဖြစ်သည့် စိတ်တွင်းမှ နတ်ဆိုးများ ထကြွခြင်းကိုပါ နှိပ်ကွပ်ပေးနိုင်ခြင်း ဖြစ်ပေသည်။

‘ငါက ဒီအ‌ခြေတည်အဆင့်ကို အချိန်တိုအတွင်း ရောက်အောင် မနားတမ်း ကြိုးစားခဲ့တယ်.... မျှော်လင့်ထားသလို အောင်မြင်ခဲ့ပေမဲ့ အချိန်တိုအတွင်းဆိုတော့ စိတ်ဝိညာဉ်က ထင်သလောက် မခိုင်မာဘူး၊ ကျင့်ကြံဖို့တော့ အများကြီးလိုနေသေးတယ်၊ လောလောဆယ်တော့ အဆင်ပြေသေးပေမဲ့ ကြာလာရင်တော့ လမ်းလွဲသွားနိုင်တဲ့ အန္တရာယ်က တကယ် ရှိနေတာပဲ....’

လော့ချန်သည် နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ အတုအယောင်ကမ္ဘာတွင် အတွေ့အကြုံရခဲ့ပြီးနောက် မိမိကိုယ်ကိုယ် ပိုမိုနားလည်လာခဲ့သည်။ အကယ်၍ သူ့အနေဖြင့် လျင်မြန်စွာ တိုးတက်လိုပြီး တည်ငြိမ်မှုကိုလည်း ထိန်းထားလိုပါက စိတ်ဓာတ်ခိုင်မာမှုကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရပေလိမ့်မည်။

ထို့အပြင် အခြားသော အချက်တစ်ချက်လည်း ရှိသေးသည်။ နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ အတုအယောင်ကမ္ဘာမှ ပြန်လာပြီးနောက်ပိုင်း သူ၏အတွေးများမှာ မကြာခဏ လွင့်ပျံ့နေတတ်ပြီး စိတ်ခံစားချက်များမှာလည်း ပုံမှန်မဟုတ်တော့ချေ။ ထို့ကြောင့် သူသည် ဆက်လက်ကျင့်ကြံရန်အတွက် သင့်တော်သော အခြေအနေတွင် မရှိသေးသည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍သာ ဤဖျာကို ရရှိလိုက်ပါက သူ၏ပြဿနာများစွာကို အလွယ်တကူ ပြေလည်သွားစေမည် ဖြစ်ပေသည်။

လော့ချန်၏ ဤလေလံပွဲရှိ အဓိကပစ်မှတ်များမှာ ရွှီယန်အမြုတေနှင့် တတိယအဆင့် ကုသရေးဆေးလုံးအချို့သာ ဖြစ်သည်။ ပထမတစ်ခုမှာ သူ၏ပင်ပန်းနွမ်းနယ်နေသော ဝိညာဉ်ကို ပြန်လည်ကုစားရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာမူ ခန်းရှန်းချုံးကို ပေးထားသော ကတိကို တည်ရန် ဖြစ်ပေသည်။

ဤ နှင်းပိုးဖျာမှာမူ ဖိတ်စာပေါ်တွင် မှတ်သားပေးထားသော ရတနာများစာရင်းတွင် လုံးဝပါဝင်ခဲ့ခြင်းမရှိပေ။ ဖြစ်နိုင်သည်မှာ ရေခဲခံတပ်က နောက်ဆုံးမိနစ်ကျမှ အပြောင်းအလဲလုပ်ကာ ထည့်သွင်းလိုက်ခြင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ လော့ချန်သည် မဆိုင်းမတွဘဲ လေလံဆွဲရာတွင် ပါဝင်လိုက်တော့သည်။ နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး ကိုးထောင်ဖြင့် သူ အောင်မြင်စွာ အနိုင်ရရှိသွားခဲ့သည်။

သူ နှင်းပိုးဖျာကို အနိုင်ရရှိသွားပြီးနောက် ခန်းမအတွင်းရှိ အခြေတည်အဆင့် ကျင့်ကြံသူအများအပြားက သူ့အား စတင်သတိပြုမိလာကြတော့သည်။ အခြေအနေအရ ကြည့်လျှင် လော့ချန်သည် လေလံပွဲစတင်ကတည်းက အကြိမ်အတော်များများ ဈေးပြိုင်ခေါ်ခဲ့ပြီး အများစုကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့သည်။ ၎င်းမှာ သူ၏ထက်မြက်သော အာရုံကိုသာမက သူ မည်မျှကြွယ်ဝချမ်းသာကြောင်းကိုပါ သက်သေပြနေခြင်း ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူ မျက်စိကျသော မည်သည့်ရတနာမဆို ဈေးနှုန်း အဆမတန် မြင့်တက်သွားနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ငွေကြေးမတတ်နိုင်သော ကျင့်ကြံသူအများအပြားမှာ နောက်ထပ်ပစ္စည်းများတွင် သူနှင့် ထပ်မံမယှဉ်ပြိုင်ရပါစေရန် စိတ်ထဲမှ တောင်းဆုပြုနေကြပြီ ဖြစ်ပေသည်။

ကရုဏာမဲ့နတ်သမီး၏ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိသော အသံမှာ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

"နောက်တစ်ပစ္စည်းကတော့.... ကျောက်စိမ်းအိုးဓားဂိုဏ်းကနေ ထုတ်လုပ်ထားတဲ့ အချောမသတ်ရသေးတဲ့ ဓားအမြုတေတစ်ခု ဖြစ်ပါတယ်ရှင်၊ ကြမ်းခင်းဈေးကတော့ ဝိညာဉ်ကျောက်တုံး တစ်သောင်း ဖြစ်ပါတယ်"

ထိုစကားကြောင့် လေလံခန်းမတစ်ခုလုံးအတွင်း ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ချက်ချင်း ပျံ့နှံ့သွားတော့သည်။

"ဟာ.... ဒါ.... ဒါက ဓားအမြုတေ ဟုတ်လား"

ကျင့်ကြံသူတစ်ဦးက မယုံကြည်နိုင်သလို ရေရွတ်လိုက်သည်။

"ဟုတ်တယ်ဗျ၊ သေချာပေါက် ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့သီးသန့် အဖိုးတန်လက်နက်ပဲ၊ ဒါမျိုးက ပြင်ပကို ရံဖန်ရံခါ ပေါက်ကြားတတ်တယ်ဆိုပေမဲ့ ဘယ်တုန်းကမှ တရားဝင် ထုတ်မရောင်းဖူးဘူးလေ၊ အခု ဘယ်လိုဖြစ်ပြီး...."

"ရှူး.... တိုးတိုးပြောစမ်းပါ၊ ရေခဲခံတပ်ကလူတွေက ဒါကို လူသိရှင်ကြားကြီး လေလံတင်ရဲတယ်ဆိုတော့.... သူတို့ ဓားဂိုဏ်းကို လုံးဝဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲ မဟုတ်လား"

"ကြည့်ရတာတော့ ဒီဓားအမြုတေနောက်ကွယ်မှာ သွေးထွက်သံယို ကိစ္စတစ်ခုခု ရှိခဲ့တာ နေမှာပါ၊ အသက်ရှင်ချင်သေးရင်တော့ ဒါကို ဝင်မလုတာ အကောင်းဆုံးပဲဗျာ...."

ဖြစ်နိုင်သည်မှာ အခြားပြင်ပလူတစ်ဦးဦးက လာရောက်အပ်နှံထားခြင်းလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ရေခဲခံတပ်ကပါ ထိုသို့လုပ်ဆောင်ရန် အလွယ်တကူ ခွင့်ပြုသည်လောဟု မေးစရာရှိသည်။

ချက်ချင်းပင် ဂိုဏ်းအသီးသီးနှင့် ပတ်သက်နေသော အခြေတည်အဆင့် ကျင့်ကြံသူအများအပြားမှာ နောက်ကွယ်မှ အတွင်းကျကျ အကြောင်းရင်းများကို စတင်စဉ်းစားလာကြတော့သည်။ သို့သော်ငြားလည်း သူတို့၏ လေလံဆွဲလိုစိတ်မှာမူ လုံးဝလျော့ကျမသွားပေ။

အမှန်စင်စစ် ဓားအမြုတေများသည် မှော်ရတနာများ၏ သန္ဓေသားလောင်းမျှသာ ဖြစ်ကြောင်း လူတိုင်း သိကြပေသည်။ ၎င်းတို့ကို အခြေတည်အဆင့်မှစ၍ မိမိကိုယ်ပိုင် ချီစွမ်းအားဖြင့် ပြုစုပျိုးထောင်နိုင်ကာ အဆင့်မြင့် သို့မဟုတ် ထိပ်တန်းအဆင့် မှော်လက်နက်အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားသောအခါ ထိုကဲ့သို့သော ရတနာများသည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သော သက်စောင့်မှော်ရတနာ အဖြစ်သို့ပင် ပြောင်းလဲသွားနိုင်စွမ်း ရှိပေသည်။

မှော်ရတနာများတွင် အရည်အသွေး ကွဲပြားမှုရှိကြောင်းကို လူတိုင်း သိကြပေသည်။ အဆင့်အတန်း ကွာခြားချက်များအပြင် ၎င်းတို့ကို သာမန် မှော်ရတနာနှင့် အသက်ပေး မှော်ရတနာ ဟူ၍ ထပ်မံခွဲခြားထားသေးသည်။

ပထမအမျိုးအစားမှာ ဝိညာဉ်ကျောက်တုံး လုံလောက်စွာရှိပြီး ကံကောင်းမှု အနည်းငယ်ရှိရုံမျှဖြင့် မည်သူမဆို ရယူနိုင်သော အရာများ ဖြစ်ကြသည်။ အခြေတည်အဆင့် အစောပိုင်း ကျင့်ကြံသူများပင်လျှင် ထိုအရာများကို အတိုင်းအတာတစ်ခုအထိ အလွယ်တကူ အသုံးပြုနိုင်ပေသည်။ ဒုတိယအမျိုးအစားမှာမူ အလွန်ပင် ထူးခြားဆန်းပြားလှသည်။ ၎င်းတို့တွင် တစ်သက်တာလုံးအတွက် ပိုင်ရှင် တစ်ဦးတည်းသာ ရှိနိုင်သည်။ ထိုရတနာများသည် ကျင့်ကြံသူ၏ အသက်အာယုနှင့်သာမက သူတို့ လျှောက်လှမ်းနေသော တာအိုလမ်းစဉ်နှင့်ပါ နက်ရှိုင်းစွာ ဆက်နွှယ်နေခြင်း ဖြစ်ပေသည်။

အစကတည်းက ထိုရတနာများကို ပိုင်ရှင်အတွက် သီးသန့် ဖန်တီးထားခြင်း ဖြစ်ပြီး ၎င်းတို့နှင့်အတူ လိုက်ပါကြီးထွားနိုင်စွမ်း ရှိကြသည်။ ကျင့်ကြံသူက ဆက်လက်ကျင့်ကြံပြီး အဆင့်တက်နေသရွေ့ ထိုရတနာများသည် ဝိညာဉ်သန္ဓေတည်အဆင့်၊ နတ်ဘုရားအသွင်ပြောင်းအဆင့် သို့မဟုတ် ထို့ထက်ပိုမြင့်သောဆင့်များအထိပင် ဆက်လက်အသုံးဝင်နေနိုင်သည် ဖြစ်ပေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့်ထက် ပိုမြင့်သောအဆင့်များမှာ လော့ချန်အတွက် စဉ်းစားရန် ဝေးလွန်းလှသေးသော်လည်း ရွှေအမြုတေအဆင့်အတွင်းမှာပင် သက်စောင့်မှော်ရတနာ၏ စွမ်းအားမှာ သာမန်မှော်ရတာနာများထက် များစွာ သာလွန်လှပေသည်။ အကြောင်းမှာ ၎င်းတို့ကို ပိုင်ရှင်အတွက် သီးသန့်သွန်းလုပ်ထားကာ အချိန်နှင့်အမျှ ကြိုးစားအားထုတ်၍ ပြုစုပျိုးထောင်ထားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ ခံစားရစေရုံသာမက ကျင့်ကြံသူ၏ အစွမ်းအစအားလုံးကိုလည်း ရာနှုန်းပြည့် အပြည့်အဝ ထုတ်ဖော်ပေးနိုင်စွမ်း ရှိကြသည်။

"ဟင်.... ဓားအမြုတေလား...."

လော့ချန်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားတော့သည်။

သူသည် သိုင်းလမ်းစဉ်သို့ ပြောင်းလဲရန် စိတ်ကူးမရှိပေ။ သို့သော်လည်း သူ၏ သိုလှောင်အိတ်ထဲရှိ မီးခိုးရောင် ဓားအိမ်ကို ရုတ်တရက် သတိရသွားခဲ့သည်။ ၎င်းမှာလည်း လိုက်ပါကြီးထွားနိုင်စွမ်းရှိသော မှော်ရတနာသန္ဓေသားလောင်းတစ်ခု ဖြစ်ပေသည်။ အစက ၎င်းမှာ အဆင့်နိမ့် မှော်လက်နက်တစ်ခုသာ ဖြစ်သော်လည်း ဓားအမြုတေတစ်ခုနှင့် ပေါင်းစပ်လိုက်သောအခါ အလယ်အလတ်အဆင့်သို့ ချက်ချင်းပင် ခုန်တက်သွားခဲ့သည်။

အကယ်၍သာ နောက်ထပ် ဓားအမြုတေများ ထပ်မံဖြည့်တင်းလိုက်ပါက ၎င်း၏အဆင့်မှာ မည်မျှအထိ မြင့်တက်သွားနိုင်မည်နည်း။ ထိုဓားအိမ်မှာ သီးခြားပြုစုပျိုးထောင်ရန် အချိန်ပေးစရာ မလိုသလို အသုံးပြုရသည်မှာလည်း အလွန်ရိုးရှင်းလှသဖြင့် ၎င်းအတွက် ရင်းနှီးမြှုပ်နှံခြင်းမှာ အလွန်ပင် တွက်ခြေကိုက်လှပေသည်။

ထို့ကြောင့် သူသည် ဈေးပြိုင်ခေါ်ကာ လေလံဆွဲရာတွင် ပါဝင်လိုက်တော့သည်။ သို့သော်လည်း ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး သုံးသောင်းအထိ အဆမတန် ထိုးတက်သွားသောအခါတွင်မူ သူ အချိန်ဆွဲမနေဘဲ ပြတ်ပြတ်သားသားပင် နုတ်ထွက်လိုက်တော့သည်။

"အင်း.... ဈေးက အရမ်း များလွန်းနေပြီ.... ငါထပ်‌လိုက်ဖို့ အဆင်မပြေတော့ဘူး၊ မဟုတ်ရင် အကျိုးရှိတာထက် ဝန်ထုပ်ဝန်ပိုး ဖြစ်တာက ပိုများလိမ့်မယ်၊ ပီးတော့ ငါ ဒါကို ရသွားပြီထားဦး၊ ကျောက်စိမ်းအိုးဓားဂိုဏ်းက သတိထားစောင့်ကြည့်မှာကို စိုးရိမ်နေရဦးမှာ၊ တော်ပါပြီ အတင်းမလုတော့ဘူး...."

သူ အေးဆေးတည်ငြိမ်စွာဖြင့် လေလံဆွဲခြင်းမှ နုတ်ထွက်လိုက်သောအခါ ရှောင်ဟွာတောင်ရှိ ယွဲ့မျိုးနွယ်စုမှ ကျင့်ကြံသူတစ်ဦးက သူ့ထံသို့ ကျေးဇူးတင်သော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လာခဲ့သည်။ လော့ချန်ကလည်း အလိုက်သင့်ပင် အသာအယာပြုံး၍ ခေါင်းငြိမ့်ပြလိုက်တော့သည်။ ထိုအခြေအနေတွင် မည်သည့်စကားလုံးမျှ မလိုအပ်ခဲ့ပေ။

ယွဲ့မျိုးနွယ်စုသည် ဓားသိုင်းပညာတွင် ထင်ရှားကျော်ကြားလှသဖြင့် ဤဓားအမြုတေကို သူတို့၏ မျိုးနွယ်စုအင်အား မြှင့်တင်ရန်အတွက် အသုံးပြုလိုကြသည်မှာ ထင်ရှားလှပေသည်။ သူတို့သည် ဓားအမြုတေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူများ မဟုတ်စေကာမူ သူတို့၏ ဓားထိန်းချုပ်မှုပညာရပ်များမှာ သာမန်ကျင့်ကြံသူများထက် များစွာသာလွန်လှသည်။ ထို့ကြောင့် သူတို့သည် ထိုရတနာကို အကောင်းမွန်ဆုံး အသုံးချနိုင်ကြပေလိမ့်မည်။ လော့ချန်၏ အစောပိုင်း ထက်ထက်မြက်မြက် လေလံဆွဲမှုများက ခန်းမအတွင်း တင်းမာမှုများကို ဖြစ်စေခဲ့သည်မှာ သေချာလှသော်လည်း ယခုကဲ့သို့ စောစောစီးစီး နုတ်ထွက်ပေးလိုက်ခြင်းဖြင့် ယွဲ့မျိုးနွယ်စုအပေါ် ကြီးမားသော ကျေးဇူးတစ်ခု ပြုလိုက်ခြင်းပင် ဖြစ်ပေသည်။

လော့ချန် နုတ်ထွက်သွားပြီးနောက် ကျန်ရှိနေသော လေလံဆွဲသူမှာလည်း ယွဲ့မျိုးနွယ်စုလောက် ပြင်းပြင်းပြပြ လိုချင်စိတ်မရှိသဖြင့် မကြာမီမှာပင် လက်လျှော့သွားခဲ့ရာ ထိုဓားအမြုတေကို ယွဲ့မျိုးနွယ်စုက အောင်မြင်စွာ ရရှိသွားတော့သည်။

ကရုဏာမဲ့နတ်သမီးက နောက်ထပ် လေလံပစ္စည်းတစ်ခုကို ထပ်မံကြေညာလိုက်ပြန်သည်။

"နောက်ထပ် မိတ်ဆက်ပေးမှာကတော့.... ဆေးဘုရင်ဂိုဏ်းကနေ သေသေချာချာ ဖော်စပ်ထားတဲ့ အလယ်အလတ်အဆင့် ချီစုစည်းဆေးလုံး ပုလင်း တစ်ရာ ဖြစ်ပါတယ်ရှင်၊ ဒီပစ္စည်းကိုတော့ ဆယ်ကြိမ်ခွဲပြီး လေလံတင်ပေးသွားမှာ ဖြစ်ပြီး တစ်ကြိမ်ကို ဆယ်ပုလင်းစီ ယှဉ်ပြိုင်ရမှာပါ၊ ကြမ်းခင်းဈေးကတော့ ဝိညာဉ်ကျောက်တုံး တစ်သောင်း ဖြစ်ပါတယ်ရှင်"

သူမ၏ စကားသံအဆုံးတွင် လော့ချန်တစ်ကိုယ်လုံး ချက်ချင်းပင် တောင့်တင်းသွားခဲ့တော့သည်။ ထိုခဏ၌ သူသည် အသက်ကိုပင် မဝံ့မရဲ အောင့်ထားလိုက်မိပြီး စိတ်ထဲမှ ပြင်းပြင်းပြပြ ရေရွတ်လိုက်မိသည်။

"ဟုတ်ပီကွ၊ ဒါပဲ.... ဒါတွေကို ငါ သေချာပေါက် ရမှ ဖြစ်မယ်…. များများရလေ ပိုကောင်းလေပဲ...."

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၇၈) - ငမွဲတသိုက်နှင့် ငွေကိုရေလို ဖြုန်းနိုင်ကြသူများ

အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် လော့ချန်သည် သူ၏ကျင့်ကြံမှု တိုးတက်စေရန်အတွက် အဆင့်နိမ့် နဂါးပျံဆေးလုံးများကိုသာ အဓိက အားကိုးခဲ့ရသည်။ ထိုဆေးလုံးများ၏ ပြင်းထန်သော အာနိသင်များ၊ စဉ်ဆက်မပြတ် သုံးစွဲနိုင်မှုနှင့် ကြွယ်ဝလှသော အထောက်အပံ့ပစ္စည်းများကြောင့် သူသည် သုံးနှစ်တာကာလအတွင်းမှာတင် အခြေတည်အဆင့် (၂) မှ အဆင့် (၃) သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း အဆင့် (၃) သို့ ရောက်ရှိပြီးနောက်တွင်မူ သူ၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာ တစ်ဖန် ပြန်လည်နှေးကွေးသွားခဲ့ရပြန်သည်။ ၎င်းမှာ သူ၏ ကျင့်ကြံခြင်းအရှိန် လျော့ကျသွားခြင်းကြောင့် မဟုတ်ပေ။ ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ နောက်ထပ် အဆင့်တက်ရန် လိုအပ်သော ချီစွမ်းအင် ပမာဏမှာ ပိုမိုများပြားလာလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသို့ တိုးပွားလာသော ချီစွမ်းအင် လိုအပ်ချက်နှင့် နှိုင်းယှဉ်ပါက သူ၏ ယခင်က ပုံမှန်တိုးတက်နေသော အရှိန်မှာ လိပ်သွားသကဲ့သို့ အလွန်ပင် နှေးကွေးနေသည်။

ဤအခက်အခဲနှင့် ရင်ဆိုင်ရသောအခါ လော့ချန်သည် ကျော်လွှားရန် နည်းလမ်းများကို အမျိုးမျိုး ရှာဖွေခဲ့သည်။ သို့သော်လည်း မည်သို့ပင် ကြိုးစားစေကာမူ ပိုမိုကောင်းမွန်သော ဖြေရှင်းချက်ကို ရှာမတွေ့ခဲ့ပေ။ အမှန်စင်စစ် ဤပြဿနာမှာ ကျင့်ကြံခြင်းလောက စနစ်တစ်ခုလုံးနှင့် သက်ဆိုင်နေခြင်း ဖြစ်ပေသည်။ ဂိုဏ်းကြီးများမှ ထုတ်ဝေလေ့ရှိသော အဓိက ကျင့်ကြံခြင်းဆေးလုံးများမှာ အဆင့်နိမ့်များသာ ဖြစ်နေတတ်သည်။ ထို့ကြောင့် ငွေကြေးအမြောက်အမြား ရှိနေလျှင်ပင် အဆင့်မြင့်ဆေးလုံးများကို ပြင်ပဈေးကွက်တွင် လွယ်လွယ်ကူကူ ဝယ်ယူရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်တော့သည်။

ကံကောင်းထောက်မစွာဖြင့် ယခုကဲ့သို့ လေလံပွဲများ ရှိနေသေးသဖြင့်သာ တော်တော့သည်။

"ဒါတွေက အလယ်အလတ်အဆင့် နဂါးပျံဆေးလုံးတွေ မဟုတ်ပေမဲ့လည်း အလယ်အလတ်အဆင့် ချီစုစည်းဆေးလုံးတွေရဲ့ ဆေးအာနိသင်က ငါ လောလောဆယ် သုံးနေတဲ့ အဆင့်နိမ့်တွေထက် အများကြီး သာမှာပဲ၊ ဒါ သေချာပေါက် ငါ့အတွက် အလိုအပ်ဆုံးအရာပဲ...."

လော့ချန်သည် ဤထူးခြားသောအခွင့်အရေးကို လုံးဝလက်လွှတ်မခံလိုပေ။ ထို့ကြောင့် သူသည် ပြတ်ပြတ်သားသားပင် လေလံဆွဲရာတွင် ပါဝင်လိုက်တော့သည်။ သူ၏လက်ထဲတွင် လုံလောက်စွာရှိနေသော ငွေကြေးအင်အားနှင့် အကြိမ်ကြိမ် ကြုံတွေ့ဖူးသော လေလံပွဲအတွေ့အကြုံများကြောင့် သူသည် ချီစုစည်းဆေးလုံး ပုလင်းပေါင်း ၃၀ ကို ဝိညာဉ်ကျောက်တုံး လေးသောင်းနီးပါးဖြင့် အမြန်ဆုံး အနိုင်ရရှိခဲ့ပေသည်။

၎င်းတို့မှာ အလယ်အလတ်အဆင့် ချီစုစည်းဆေးလုံးများသာ ဖြစ်သော်လည်း ပုလင်း ၃၀ အတွက် ဝိညာဉ်ကျောက်တုံး လေးသောင်းနီးပါးအထိ ကုန်ကျခဲ့ရာ တစ်ပုလင်းလျှင် ပျမ်းမျှ ၁,၃၀၀ နှုန်းခန့် ကျသင့်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်ပင် မြင့်မားလှသော ဈေးနှုန်းဖြစ်သည်မှာ သေချာလှပေသည်။ သို့သော်လည်း ဤကိစ္စမှာ ရှောင်လွှဲ၍မရနိုင်သော အရာတစ်ခု ဖြစ်ပေသည်။ သာမန်လူသားများအတွက် အချိန်သည် အဖိုးမဖြတ်နိုင်သောအရာ ဖြစ်သော်လည်း ကျင့်ကြံသူများအတွက်မူ အချိန်ကို ဝယ်ယူ၍ ရနိုင်ပေသည်။ ၎င်းအတွက် လိုအပ်သည်မှာ ကြီးမားလှသော ဝိညာဉ်ကျောက်တုံး ပမာဏကိုသာ ပေးဆောင်ရန်ပင် ဖြစ်တော့သည်။

ဆေးပုလင်း ၃၀ ကို ရရှိပြီးနောက်တွင်မူ လော့ချန်သည် ဆက်လက်၍ လေလံမဆွဲတော့ရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် သူသည် နောက်ထပ် ခုနစ်ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့သော လေလံဆွဲခြင်းများမှ လုံးဝရှောင်ကြဉ်ခဲ့ပေသည်။

"အမလေး.... ငါ့စိတ်အလိုတိုင်းသာဆို အကုန်လုံးဝယ်လိုက်ပြီ၊ ဒါပေမဲ့ လောဘတကြီး ဆက်လေလံဆွဲနေရင် သူများအမြင်ကတ်သွားလိမ့်မယ်၊ ပုလင်း ၃၀ လောက် ဆိုရင်တော့ တစ်နှစ်နီးပါးလောက် ကောင်းကောင်းခံပါတယ်‌လေ...."

လော့ချန် နောက်ပိုင်းအကြိမ်များတွင် ပြိုင်မလုသောအခါ အလယ်အလတ်အဆင့် ချီစုစည်းဆေးလုံးများ၏ လေလံဈေးနှုန်းမှာ သိသိသာသာ ကျဆင်းသွားခဲ့တော့သည်။ သို့သော်ငြားလည်း လေလံပွဲ၏ အရှိန်အဝါမှာမူ ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့ပေသည်။ ကနဦး သတ်မှတ်ဈေးနှုန်းများမှာ မမြင့်မားလှသော်လည်း အချင်းချင်း ယှဉ်ပြိုင်မှုမှာမူ အလွန်ပြင်းထန်လှသည်။ ထို့ကြောင့် နောက်ဆုံး နှစ်ကြိမ်တွင်မူ ဈေးနှုန်းများမှာ တစ်ဖန် ပြန်လည် မြင့်တက်လာပြန်ခြင်း ဖြစ်ပေသည်။

ဤအခြေအနေကို ကြည့်ရင်း လော့ချန်တစ်ယောက် စိတ်ထဲမှ အသံတိတ် သက်ပြင်းချလိုက်မိသည်။ ဆေးလုံးခေါင်းပါးမှု ဒဏ်ကို သိနေသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ အလယ်အလတ်အဆင့်နှင့် အထက်ရှိသော ကျင့်ကြံခြင်းဆေးလုံးများကို ဂိုဏ်းကြီးများက အမြဲတမ်း တင်းကျပ်စွာ ထိန်းချုပ်ထားလေ့ ရှိကြသည်။ အကြောင်းရင်းကမူ ကမ္ဘာဦးကတည်းက ရိုးအီနေသည့် အချက်ပင် ဖြစ်ပေသည်။ တကယ့်အဖိုးတန်ရတနာများကို ငွေသက်သက်ဖြင့် ဝယ်ယူ၍ မရနိုင်ချေ။ အကြောင်းမူ ယင်းတို့၏တန်ဖိုးမှာ ကျောက်တုံးအကွဲအပြားများဖြင့် တိုင်းတာ၍ မရနိုင်လောက်အောင် ကြီးမားလှသောကြောင့် ဖြစ်သည်။

"အခုတော့ ပုလင်း ၃၀ နဲ့ အသက်ဆက်လို့ ရသေးတယ်ပေါ့လေ.... ဒါပေမဲ့ အဲဒီနောက်ပိုင်းကျရင်ကော ငါ ဘယ်လိုဆက်လုပ်ရပါ့၊ တစ်နှစ်စာ ဝမ်းစာရဖို့အတွက် ဆယ်နှစ်တစ်ခါ လေလံပွဲ လာစောင့်နေရမယ်ဆိုရင်တော့ ငါ့အဆင့် တက်မလာခင် အိုစာပြီး သေသွားမှာ အမှန်ပဲ...."

လောလောဆယ်တွင် ဆေးလုံးရှားပါးသည့်ပြဿနာကို လတ်တလောဖြေရှင်းနိုင်သော်လည်း နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ အတုအယောင်ကမ္ဘာထဲတွင် စိတ်ဒဏ်ရာရလောက်အောင် အတွေ့အကြုံ ဝင်ယူခဲ့ပြီးနောက်ပိုင်း အနာဂတ်အတွက် ကြိုတင်တွေးပူတတ်သော အလေ့အထဆိုးကြီးတစ်ခု ရလာခဲ့သည်။ သို့သော်ငြားလည်း ဆေးလုံးရှားပါးပြတ်လပ်မှုသည် အများကြုံနေကြပြဿနာ ဖြစ်၍ အထူးအဆန်း မဟုတ်တော့ပေ။ လောလောဆယ်တွင် ဆေးပ‌ဒေသာပင်ကြီးတပင် ခြံဝင်းထဲလာပေါက်မှသာလျှင် ဤပြဿနာကို ဖြေရှင်းနိုင်ပေမည်။

လေလံပွဲကမူ အရှိန်အဟုန်မပျက် ဆက်လက်ကျင်းပနေဆဲဖြစ်သည်။ ကြာလာလေလေ စင်ပေါ်တက်လာသော ပစ္စည်းများမှာ ပိုမိုတန်ဖိုးကြီးလာပြီး လူအများကို ပါးစပ်အဟောင်းသား ဖြစ်စေတော့သည်။

ယခင်က လော့ချန်၊ လုရုန်နှင့် အခြားသော အခြေတည်အဆင့် အစောပိုင်းနှင့် အလယ်အလတ်အဆင့်ရှိ ဝါနုသော ကျင့်ကြံသူများသာ ကျင့်ကြံထောက်ကူများအတွက် အသည်းအသန် လုယှက်နေကြသော်လည်း ယခုအခါတွင်မူ အခြေတည် နှောင်းပိုင်းအဆင့်ရှိသူ များပင် ပွဲကြမ်းရန် ပါဝင်လာကြပြီ ဖြစ်သည်။ ထို့အပြင် တစ်ဦးပြီးတစ်ဦး ရွှေအမြုတေအဆင့်ရှိ သမ္ဘာရင့်ဝါရင့် ပုဂ္ဂိုလ်များပင်လျှင် သူတို့၏ သိုလှောင်အိတ်ကပ်များကို ဖွင့်ကာ စတင်လှုပ်ရှားလာကြတော့သည်။

လော့ချန် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ထိုစဉ်....

"အစ်ကိုကြီးလော့.... ဟို.... ဟိုမှာ ရောက်လာပြီ.... "

သူ့ ဘေးနားမှ အသံတစ်သံ ဗြုန်းခနဲ ထွက်ပေါ်လာသည်။

"အင်း.... ကျုပ်လဲ တွေ့တယ်၊ အရမ်းမလောနဲ့ မိန်းကလေးခန်း...." ဟု လော့ချန်က ခပ်အေးအေးပင် ပြန်‌ပြောလိုက်သည်။

ခန်းရှန်းချုံး နေ့မအား ညမအား မျှော်လင့်နေခဲ့သော တတိယအဆင့် ကုသရေးဆေးလုံးမှာ နောက်ဆုံးတွင် လေလံစင်ပေါ်တွင် ထွက်ပေါ်လာပြီ ဖြစ်ပေသည်။ ငွေအိတ်ကပ်ဖောင်းသော ပုဂ္ဂိုလ်ကြီးများကြား ယှဉ်ပြိုင်မှုက အလွန်ပြင်းထန်လှသဖြင့် လော့ချန်အနေဖြင့်လည်း မနည်းအံကြိတ်ကာ ပါးစပ်အမြှုပ်ထွက်မတတ် ကြိုးစားလိုက်ရသည်။ နောက်ဆုံး ခေါင်ခိုက်နေသော ဈေးနှုန်းဖြင့် မရရအောင် လုယူပေးလိုက်ရတော့သည်။

"မိန်းက‌လေးခန်း.... စိတ်တော့မကောင်းဘူးဗျာ၊ ကျုပ် အစက တွက်ထားတာထက် ငွေ ငါးထောင်လောက် ပိုပြီး အလှူအတန်းလုပ်လိုက်ရတယ်...." ဟု လော့ချန်က အဆမတန်ပေးဝယ်လိုက်သဖြင့် အားနာဟန်ဖြင့် ပြောလိုက်သည်။

ခန်းရှန်းချုံးက အမြန်ပင် ခေါင်းခါ ပြလိုက်သည်။ သူမ၏မျက်နှာသည် ပျော်ရွင်မြူးထူးကာ လော့ချန်အား ကျေးဇူးတင်စကားများကို ပြာပြာသလဲ ပြန်ပြောလိုက်သည်။

"အို.... ဘာတွေအားနာနေတာလဲ အစ်ကိုကြီးရဲ့၊ ဒါကို ရလိုက်တာတင် ညီမလေးအတွက်တော့ တော်တော် ကံကောင်းနေပြီ.... အစ်ကိုကြီးရဲ့ မျက်နှာ.... အားးး မဟုတ်ဘူး.... အစ်ကိုကြီးရဲ့ အကူအညီသာ မပါရင် ညီမလေး သေချာပေါက် ရမှာမဟုတ်ဘူး၊ တကယ့်ကို ကျေးဇူးတင်ပါတယ်၊ ဘယ်လိုပြောရမှန်းမသိအောင်ကို ကျေးဇူးတင်ပါတယ်ရှင်"

လော့ချန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် အသာအယာ ပြုံးလိုက်ပြီး သူမ၏ ကျေးဇူးတင်စကားကို ဘုရင်တစ်ပါးကဲ့သို့ပင် လက်ခံလိုက်တော့သည်။ ခန်းရှန်းချုံး ပြောသကဲ့သို့ပင် ဤကဲ့သို့သော ရတနာမျိုးမှာ အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများ တောင်လိုပုံမတတ် ရှိနေလျှင်ပင် လက်ထဲရောက်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှပေသည်။

ဤမျှ ကြီးမားလှသော လေလံပွဲများတွင် ဈေးပြိုင်ခေါ်ခြင်းသည် မိမိ မည်မျှ ချမ်းသာကြွယ်ဝသည် ဆိုသည့်အချက် တစ်ခုတည်းပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ပေ။ မည်သူမည်ဝါဖြစ်ကြောင်းကို ဗူးပေါ်သလို လူသိရှင်ကြား သိနေရသဖြင့် လေလံဆွဲခြင်းမှာ ပစ္စည်းကို ငွေပစ်ပေး၍ လုယူခြင်းထက်စာလျှင် ပုဂ္ဂိုလ်ရေးအရ အလျှော့အတင်းရှိ တတ်လေသည်။

လော့ချန်သည် ခန်းရှန်းချုံးအတွက် ထိုဆေးဖက်ဝင်ပစ္စည်းကို အောင်မြင်စွာ ရယူပေးနိုင်ခဲ့ခြင်းမှာ သူတို့ဘက်မှ အိတ်ကပ်ပြဲအောင် ဈေးကြီးကြီး ပေးနိုင်ရုံတင်မကဘဲ လော့ထျန်းအဖွဲ့၏ အင်အားတောင့်သော ဂုဏ်သတင်းနှင့် ယခင်က သူ အစွမ်းပြကာ တည်ဆောက်ခဲ့သော မဟုတ်မခံ ဇရှိသည့် အရှိန်အဝါကြောင့်လည်း ဖြစ်ပေသည်။

သူ့တွင် ဝိညာဉ်ကျောက်တုံးများ တောင်လိုပုံအောင် ရှိနေကြောင်းကို ခန်းမတစ်ခုလုံးရှိ လူတိုင်း ကောင်းကောင်း သိကြပေသည်။ ဤမျှ ပြတ်ပြတ်သားသားနှင့် မျက်တောင်မခတ်တမ်း လေလံဆွဲနေသော သူ့အား သာမန်အဆင့် လေလံဆွဲသူများမှာ မည်သို့မျှ မယှဉ်နိုင်ကြပေ။

ထို့အပြင် လော့ချန်သည် ဈေးကို အမြဲတမ်း ဇွတ်မှိတ်တိုးမြှင့်ပေးနေရုံသာ မဟုတ်ဘဲ အခြားသော အကြိမ်များတွင် ဈေးပြိုင်ရာတွင်လည်း ဈေးခေါ်နေရင်း လမ်းတစ်ဝက်ကျမှ တစ်ဖက်လူကို ငဲ့ညာသောအားဖြင့် ရုတ်တရက် လက်လျှော့သွားတတ်သေးသည်။ ၎င်းမှာ သူ၏အိတ်ကပ်ထဲတွင် ငွေပြတ်သွား၍ မဟုတ်သည်မှာ သေချာလှပေသည်။

ထင်ရှားသည်မှာ သူသည် အဖွဲ့အားကိုးနှင့် အာဏာပြပြီး ငွေကို ရေလိုသုံးနေသော ဦးနှောက်မပါသည့် သူဌေးသား လူမိုက်မျိုး မဟုတ်ပေ။ အကယ်၍သာ ဈေးနှုန်းက ကောင်းကင်ဘုံအထိ အလွန်အမင်း မြင့်တက်သွားပြီးမှ လော့ချန် ရုတ်တရက် နုတ်ထွက်သွားပါက နောက်ဆုံးတွင် ခွက်ပျောက်ပြီး ကြီးစွာသော ဆုံးရှုံးမှု ကြုံရမည့်သူမှာ စတင်စိန်ခေါ်ခဲ့သော တစ်ဖက်လူသာ ဖြစ်ပေလိမ့်မည်။

ခန်းရှန်းချုံးကို ပေးထားသော ကတိကဝတ်ကို ဘေးကင်းရန်ကင်းဖြင့် ကတိတည်ပေးနိုင်ခဲ့သဖြင့် လော့ချန်တစ်ယောက် စိတ်အေးလက်အေးနှင့် အသက်ဝဝ ရှူနိုင်သွားတော့သည်။ သူ မျက်စိကျခဲ့သမျှ လေလံပစ္စည်းအားလုံးနီးပါးကိုလည်း အိတ်ထဲ ထည့်နိုင်ခဲ့ပြီ ဖြစ်ပေသည်။ ဤမျှအထိ မြိုင်မြိုင်ဆိုင်ဆိုင် ငွေဖြုန်းလိုက်ရသည့်အပေါ် သူသည် ကိုယ့်ကိုယ်ကိုယ် တော်တော်လေး စိတ်ကျေနပ်စရာ ကောင်းလှသည်ဟု ခံစားနေရသည်။

ထို့ကြောင့် ယခုအချိန်မှစ၍ သူသည် လေလံပွဲကြီးကို ဖျော်ဖြေ ပွဲ လာကြည့်သည့် ပရိသတ်တစ်ဦးအနေဖြင့်သာ အေးအေးလူလူ ထိုင်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။ ၎င်းမှာ သူ၏အိတ်ကပ်ထဲတွင် ငွေပြတ်သွား၍ မဟုတ်သလို၊ စင်ပေါ်တက်လာသည့် ပစ္စည်းများက အရည်မရ အဖတ်မရ တန်ဖိုးမရှိ၍လည်း မဟုတ်ပေ။ အမှန်စင်စစ်လက်ရှိ ကျန်ရှိနေသော လေလံဆွဲသူ အများစုမှာ သူ သွားရောက် ရန်စလိုက်ပါက အသားရော အရိုးပါမကျန် အကိုက်ခံရနိုင်သည့် ကြောက်စရာကောင်းသော မြေခွေးကြီးများ သို့မဟုတ် ဝါရင့်ပုဂ္ဂိုလ်ကြီးများ ဖြစ်နေသည်။

"အဆင့်နိမ့် မှော်ရတနာဖြစ်တဲ့.... ထောင်ချီ တံဆိပ်တော်ကို ဝိညာဉ်ကျောက်တုံး ငါးသောင်းငါးထောင်နဲ့ တတိယအကြိမ် ခေါ်ဆိုခြင်း.... အတည်ပြုပါတယ်ရှင်၊ အိုက်လောင်တောင်က မိတ်ဆွေ လျန်ချန်း ဂုဏ်ယူပါတယ်ရှင်"

ထိုမျှတန်ဖိုးကြီးလှသော မှော်ရတနာကြီး အိတ်ကပ် ဖောင်းသူထံသို့ တရားဝင် ရောင်းထွက်သွားသည်ကို ဘေးကနေ ထိုင်ကြည့်ရင်း လော့ချန်၏ မျက်လုံးများတွင် သွားရည်ကျလုမတတ် အားကျမှု အရိပ်အယောင်လေး တစ်ချက် ဖြတ်သန်းသွားခဲ့တော့သည်။

သူသည် ထိုရတနာပစ္စည်းအကြောင်းကို ဗေဒင်ဟောနိုင်လောက်အောင် ကောင်းကောင်း သိထားပေသည်။ အကြောင်းမှာ သူ၏ သိုလှောင်အိတ်ထဲတွင် ဖုန်တက်နေသော ကျန့်ဖန်တံဆိပ်တော်မှာ ယခု လေလံတင်သွားသည့် ထောင်ဆပေါင်းလေးလံသော တံဆိပ်ကို မသမာနည်းဖြင့် ပုံတူကူးချပြီး အတုခိုး လုပ်ထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ ပြန်လည်သွန်းလုပ်ခြင်းဟူသော အမည်ဆိုးကို ရခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူ၏တံဆိပ်တုကြီးမှာ နည်းစနစ်အရ အမှားအယွင်းပေါင်း သောင်းခြောက်ထောင် ပါဝင်နေသော ပစ္စည်းဖြစ်သဖြင့် တိုက်ခိုက်သည့်အခါတိုင်း လိပ်ထက်ပင် လေးလံထိုင်းမှိုင်းနေတတ်သည်။ အစစ်ဖြစ်သော ထောင်ဆပေါင်းလေးလံသော တံဆိပ်မှာမူ အပြစ်အနာအဆာ လုံးဝမရှိသလောက် အလွန် နည်းပါးလှပေသည်။

သို့သော်ငြားလည်း လော့ချန်သည် ဝင်ရောက် ယှဉ်ပြိုင်ရန် အိပ်မက်ပင် မမက်ခဲ့ပေ။ အကြောင်းမှာ ၎င်းကို ဝယ်ယူသွားသူမှာ ရွှေအမြုတေအဆင့်ရှိ ဝါရင့်ကျင့်ကြံသူ လျန်ချန်း ဖြစ်ရာ ထိုတံဆိပ်တုံးလေး တစ်ခုအတွက်နှင့် လူမိုက်အားကိုးဖြင့် ထိုသူအား သွားရောက် ရန်စခြင်းမှာ ကိုယ့်အုတ်ဂူကိုယ်တူးသကဲ့သို့ အလွန် မိုက်မဲရာ ရောက်ပေလိမ့်မည်။

ပွဲနောက်ပိုင်းတွင် ထွက်ပေါ်လာသော ရတနာများမှာမူ ပိုမို၍ တန်ဖိုးကြီးမားလာခဲ့တော့သည်။ တစ်ကြိမ်တွင်မူ အလယ်အလတ်အဆင့် ရှိသော မှော်ရတနာစစ်စစ်တစ်ခု စင်ပေါ်သို့ ဘုန်းဘုန်းလဲကျသကဲ့သို့ ထွက်ပေါ်လာရာ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ရွှေအမြုတေအဆင့်ရှိ ဝါရင့်ပုဂ္ဂိုလ်ကြီးတစ်ဦးက ဝိညာဉ်ကျောက်တုံး သုံးသိန်းငါးသောင်းဟူသော မိုးထိမည့်ဈေးနှုန်းဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိသွားခဲ့ပေသည်။ ထိုကမ္ဘာပျက်မတတ် ကြီးမားလှသော ဈေးနှုန်းကြောင့် တစ်ခန်းမလုံးရှိ ကျင့်ကြံသူအားလုံး ပါးစပ်အဟောင်းသားဖြစ်ကာ အံ့အားသင့်သွားကြရတော့သည်။

ဘေးနားရှိ စီမာဟွေ့နန်နှင့် ခန်းရှန်းချုံးတို့မှာလည်း အားငယ်စိတ်ဝင်သွားကြပြီး ကြက်သေသေကာ လုံးဝ ဆွံ့အသွားကြရှာသည်။ အမြဲတမ်း တည်ငြိမ်လွန်းလှသော ဝမ်ယွမ်ပင်လျှင် မျက်လုံးပြူးကာ တုန်လှုပ်သွားရတော့သည်။

ဤကဲ့သို့သော အလယ်အလတ်အဆင့် မှော်ရတနာ တစ်ခုတည်းကို ဝယ်ယူနိုင်ရန်အတွက် သူတို့အနေဖြင့် နှစ်ပေါင်း မည်မျှကြာအောင် မငတ်ရုံတမယ် ချွေတာစုဆောင်းရမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။ အမှန်စင်စစ် ဂိုဏ်းကြီးတစ်ခုခုကို သွားရောက် ဓားပြတိုက်ခြင်းမှလွဲ၍ ထိုမျှ တန်ဖိုးကြီးမားလှသော ရတနာပစ္စည်းကို ရယူနိုင်မည့် တရားဝင် လမ်းစကိုမူ သူတို့မျက်စိထဲတွင် လုံးဝ မမြင်နိုင်ကြချေ။

ဘေးနားရှိလူများ ကမ္ဘာပျက်သလို တုန်လှုပ်နေကြသော်လည်း လော့ချန် တစ်ဦးတည်းသာလျှင် မုန်တိုင်းထဲက ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။ သူ့အမြင်တွင်မူ ၎င်းမှာ ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းအနည်းငယ်မျှသာ ရှိသေးသဖြင့် သွေးပျက်စရာ မလိုပေ။ အကယ်၍ သူသာ နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ပြီး ပိုက်ဆံစုလိုက်ပါက သင့်တော်သော လမ်းကြောင်းမှတစ်ဆင့် ဤကဲ့သို့သော မှော်ရတနာတစ်ခုကို အေးဆေးလူလူ ဝယ်ယူနိုင်မည် ဖြစ်ပေသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ထိုရွှေအမြုတေအဆင့်ရှိ ပုဂ္ဂိုလ်ကြီး ကဲ့သို့ပင် သူသည်လည်း ချွေးနည်းစာဖြင့် ခက်ခဲစွာ စုဆောင်းခဲ့သော ဝိညာဉ်ကျောက်တုံးများဖြင့် သူ အသည်းအသန် လိုချင်သော ရတနာကို ရိုးရိုးသားသား ဝယ်ယူ နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

စင်စစ်မူ ဤကိစ္စမှာ လူပြိန်းများ ထင်သလောက် လုံးဝ မခက်ခဲခြင်းလည်း ဖြစ်နိုင်သည်။ အကြောင်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ကျင့်ကြံသူ အများစုမှာ ဆေးဖော်စပ်ခြင်းဖြင့် စီးပွားရှာနေကြသော ဆေးဆရာ သူဌေးကြီးများ ဖြစ်ကြပြီး သူတို့၏ ငွေရှာနိုင်စွမ်းမှာ လော့ချန်ထက် သာသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သာမန် ငမွဲ ကျင့်ကြံသူများ လှမ်းမမီနိုင်အောင် ဝေးကွာလှသော မိုးထိဈေးနှုန်းများမှာ ထိုဆေးဆရာကြီးများအတွက်မူ ညနေခင်း လက်ဖက်ရည်သောက်ရင်း ပေးလိုက်သည့် မုန့်ဖိုးပဲဖိုးလောက်သာ ရှိပေလိမ့်မည်။

….

ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ထိုရွှေအမြုတေအဆင့်ရှိ ပုဂ္ဂိုလ်ကြီးမှာ ထိုအချက်အတွက် သက်ရှိထင်ရှား သက်သေပင် ဖြစ်ပေသည်။ သူသည် ယခုလေလံပွဲတစ်ခုတည်းမှာတင် မှော်ရတနာ သုံးခုတိတိကို ပေါက်ပေါက်ဆုပ်စားသလို ဇွတ်မှိတ်ဝယ်ယူခဲ့သည်။ ၎င်းတို့မှာ အဆင့်နိမ့် မှော်ရတနာ နှစ်ခုနှင့် အလယ်အလတ်အဆင့် တစ်ခု ဖြစ်ကြသည်။ သူ၏ အိတ်ပြဲအောင် ရက်ရောလှသော အသုံးအစွဲမှာ ထိုနေရာရှိ အခြားသော ရွှေအမြုတေအဆင့်ရှိ ပုဂ္ဂိုလ်များထက်ပင် များစွာ သာလွန်လှပေသည်။

ထိုသို့ဖြင့် အိတ်ကပ်ဖောင်းသူများ၏ ငွေဖြုန်းပွဲကြီးကို ငေးမောကြည့်ရင်း အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့တော့သည်။

နောက်ဆုံးတွင်မူ ကရုဏာမဲ့နတ်သမီးသည် လေလံပွဲတစ်ခုလုံး၏ သရဖူဆောင်း ရတနာများဖြစ်သည့် မိုးပေါ်မှ နတ်သက်ကြွေသည့်အလား သက်ဆင်းလာသည့် နဂါးအသွင်ပြောင်း ဆေးလုံးနှင့် နှင်းဖီးနစ် ဆေးလုံးတို့ကို စင်ပေါ်သို့ ထုတ်ပြလိုက်တော့သည်။ ထိုခဏ၌ လေလံပွဲကြီးရှိလူအများစု၏ ရင်ထဲတွင် ဘုရားပွဲလှည့်သကဲ့သို့ တဒိန်းဒိန်းရင်ခုန်ကာ ဇာတ်ရှိန်အမြင့်ဆုံး အခြေအနေသို့ ဗြုန်းခနဲ ရောက်ရှိသွားတော့သည်။

"ဒီထဲက နဂါးအသွင်ပြောင်းဆေးလုံးကတော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းကနေ လာတာဖြစ်ပြီး နှင်းဖီးနစ်ဆေးလုံးကတော့ ကျွန်မတို့ ရေခဲခံတပ်က ဖြစ်ပါတယ်ရှင်၊ နှစ်ခုလုံးက တကယ့် ဒိတ်ဒိတ်ကြဲ အဆင့် ၃ ဆေးလုံးတွေ ဖြစ်ကြပါတယ်၊ ဒီဆေးလုံး နှစ်မျိုးလုံးကို အတူတူ တွဲဖက်သောက်သုံးပြီး ကျွန်မတို့ ရေခဲခံတပ်ရဲ့ အမြုတေတက်လှမ်းခြင်း လျှို့ဝှက်အတတ်ပညာနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့.... အမြုတေ အောင်မြင်စွာ တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ၁၀ ရာခိုင်နှုန်းအထိတောင် သိသိသာသာ တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်ရှင်၊ စတင်ဈေးကတော့ ကြမ်းခင်းဈေး ဝိညာဉ်ကျောက်တုံး တစ်သောင်း ဖြစ်ပါတယ်.... ကဲ.... စတင် ဈေးပြိုင်ခေါ်နိုင်ပါပြီရှင်"

သူမ၏ မိတ်ဆက်စကား ဆုံးသည်နှင့် တစ်ပြိုင်နက် တစ်ခန်းမလုံးရှိ ကျင့်ကြံသူများမှာ ရေနွေးအိုးဆူသကဲ့သို့ တရှဲရှဲ ဆူညံသွားကြတော့သည်။

သီးသန့်ခန်းအတွင်းရှိ လော့ထျန်းအဖွဲ့မှ လူတိုင်းမှာလည်း ဆေးလုံးအာနိသင်ကို ကြားပြီး တံတွေး မြိုချရင်း အသက်ရှူသံများ ပြင်းထန်လာကြတော့သည်။ လော့ချန်သည်လည်း ထိုနည်းတူပင် အသည်းယားလာခဲ့ရသည်။ သို့သော်လည်း သူသည် ဟန်ကိုယ်ဖို့ဆိုသလို ရင်ထဲမှ ဝုန်းဒိုင်းကြဲ ထွက်ပေါ်လာသော လောဘစိတ်ကို ချက်ချင်းပင် လက်သီးဖြင့်ထိုးကာ နှိပ်ကွပ်လိုက်တော့သည်။ အမှန်စင်စစ် နဂါးအသွင်ပြောင်း ဆေးလုံးကို ရရှိရန်မှာ ထင်သလောက် မခက်ခဲလှပေ။ ၎င်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အထူးထုတ်ကုန် ဖြစ်သဖြင့် တစ်ခါတစ်ရံ ပြင်ပဈေးကွက်ထဲတွင် မှောင်ခိုပစ္စည်းအဖြစ် တွေ့ရတတ်ပေသည်။ သို့သော်လည်း နှင်းဖီးနစ် ဆေးလုံးမှာမူ အလွန်ပင် ရှားပါးလှပြီး ပုံမှန်အားဖြင့် ရေခဲခံတပ်အတွင်းရှိ လူကြီးမင်းများသာ လျှို့ဝှက် သုံးစွဲကြခြင်း ဖြစ်ပေသည်။

သို့သော်ငြားလည်း ကုန်ကြမ်းတန်ဖိုးအရ တွက်ကြည့်လျှင် ဆေးလုံးဈေးနှုန်းမှာ ယခုကဲ့သို့ မိုးပေါ်ပျံနေလောက်အောင် မကြီးမားသင့်ပေ။ တစ်ပုလင်းလုံး အရင်းအနှီးကို ခြစ်ကုတ်တွက်လျှင်ပင် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းအနည်းငယ်သာ ရှိမည်ဖြစ်ပြီး ဆေးတစ်လုံးချင်းစီ၏ တန်ဖိုးမှာလည်း ရာဂဏန်းမျှသာ ရှိပေလိမ့်မည်။ ကြမ်းခင်းဈေးကို ဤမျှအထိ သွေးရူးသွေးတန်း မြှင့်ထားရခြင်းမှာ စင်စစ်မူ ရေခဲခံတပ်မှ အရောင်းမြှင့်တင်ရေးအနေဖြင့် ပူးတွဲပေးမည့် လျှို့ဝှက်အတတ်ပညာကြောင့် ဖြစ်ပေသည်။ ၎င်းက ကျင့်ကြံသူများအတွက် ကောင်းကင်တံခါးဝသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ၁၀ ရာခိုင်နှုန်းအထိ အပိုင်တိုးမြှင့်ပေးနိုင်ခြင်း ဖြစ်ပေသည်။

သို့ဆိုလျှင်ပင် လော့ချန်သည် ဉာဏ်နီဉာဏ်နက်ရှိသူပီပီ လောဘဇောကြောင့် အိတ်ကပ်ပြဲမည့် အမှားမျိုးကို လုံးဝ မလုပ်ခဲ့ပေ။ သူ ဘေးနားရှိလူများကို အေးဆေးတည်ငြိမ်စွာဖြင့် ခပ်ရွဲ့ရွဲ့ သတိပေးလိုက်တော့သည်။

"ကဲ.... သွားရည်ယိုပြီး စိတ်မဝင်စားကြနဲ့တော့၊ ဒါက ငါတို့လို ဘဝသမားတွေ ဝင်ပြီး ပိုက်ဆံဖြုန်းနိုင်တဲ့ အဆင့် မဟုတ်ဘူး...."

ဘေးရှိလူများမှာ လော့ချန်၏ စကားကြောင့် ရုတ်တရက် အံ့အားသင့်ကာ ခဏမျှ ကြက်သေ သေသွားကြရသည်။ သို့သော်လည်း အပြင်ဘက်တွင် မျက်လုံးနီကြီးများဖြင့် သတ်မတတ် ဖြတ်မတတ်လေလံဆွဲနေကြသော သွေးဆာနေသည့် ပုဂ္ဂိုလ်ကြီးများကို လှမ်းမြင်လိုက်ရသောအခါတွင်မူ သူတို့အားလုံးသည်လည်း အသက်ဘေးကို ငဲ့ကာ မသင့်တော်သော စိတ်ကူးယဉ်အတွေးများကို တိတ်တဆိတ်ပင် ချက်ချင်းလက်လွှတ်လိုက်ကြတော့သည်။

ဤကဲ့သို့သော နတ်ဆေးလုံးကြီးများအတွက် အိတ်ကပ်ပြဲအောင် ယှဉ်ပြိုင်ရဲသူများမှာ အင်အားကြီးမားလှသော ကျောထောက်နောက်ခံ အသီးသီး ရှိကြသူများသာ ဖြစ်ကြသည်။ ၎င်းတို့အနက် အများစုမှာ ဂိုဏ်းကြီးများ၏ လက်အောက်ခံ လူယုံကြီးများ သို့မဟုတ် ဂိုဏ်းကြီးများနှင့် သွေးသားရင်းချာကဲ့သို့ ပတ်သက်မှု တစ်ခုခု ရှိကြသူများ ဖြစ်ပေသည်။

ဥပမာအားဖြင့် ကြည့်လျှင် ရွှမ်ယွီသည် ဘုရင်မပန်းဂိုဏ်း၏ တရားဝင် တပည့်ရင်းတစ်ဦး မဟုတ်စေကာမူ အကြီးအကဲ မက်မွန်ပွင့်၏ အချစ်တော် ညာလက်ရုံး ဖြစ်နေသဖြင့် သူမ၏ကိုယ်စား မက်မွန်တောင်တစ်ခုလုံးကို ဘုရင်မတပါးကဲ့သို့ စီမံခန့်ခွဲနေသူ ဖြစ်ပေသည်။ ဤမျှ တောင်နံရံကြီးများသဖွယ် နောက်ခံအင်အားတောင့်သူများအား သာမန် တစ်ကိုယ်တော်ကျင့်ကြံသူ ကျောမွဲများက မည်သည့်အစွမ်းဖြင့် ယှဉ်ပြိုင်နိုင်ပါမည်နည်း။

ထိုစဉ် လော့ချန်၏ ထက်မြက်လှသော အမြင်အာရုံအတွင်း၌ ချူခွေး၏ အိတ်ကပ်ဟောင်းလောင်းနှင့် အားငယ်နေသော မျက်နှာငယ်လေးမှာ စာနာချင်စရာကောင်းလောက်အောင် အထင်ရှားဆုံး ဖြစ်နေတော့သည်။

လော့ချန်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး ထိုင်ခုံမှ ထရပ်လိုက်တော့သည်။ ထို့နောက် သူ ပခုံးတွန့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"ကဲ.... ပြန်ကြစို့ ဟေ့၊ တကယ်လို့ ငါတို့သာ ဒီလို ရွှေအမြုတေတက်လှမ်းခြင်း ဝိညာဉ်ဆေးမျိုးကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် လေလံဆွဲချင်တယ်ဆိုရင်တော့.... နောက်ထပ် နှစ်တစ်ရာ၊ နှစ်ရာလောက်ကြာပြီး အရိုးဆွေးခါနီးကျမှပဲ ဒီလိုအခွင့်အရေးမျိုး ထပ်ရနိုင်လိမ့်မယ်...."

သူကမူ အရာရာကို တရား ရနေသူသဖွယ် အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သော်လည်း အခြားသူများမှာမူ လော့ချန်ကဲ့သို့ အာရုံခံစားမှု သေဆုံးနေလောက်အောင် တည်ငြိမ်နိုင်ခြင်း မရှိကြပေ။ သူတို့သည် လော့ချန်၏နောက်မှ မူးမူးရူးရူးဖြင့် လိုက်လာကြစဉ်အတွင်း အဖိုးတန်ရတနာကို ပိုင်ဆိုင်သွားခဲ့သည့် အောင်နိုင်သူ ရွှမ်ယွီကို သွားရည်တမြှားမြှားဖြင့် နှမြောတသစွာ တစ်ချက် တစ်ချက် လှည့်ကြည့်နေကြဆဲ ဖြစ်သည်။

ထိုဆေးလုံးများသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ၁၀ ရာခိုင်နှုန်းမျှသာ တိုးမြှင့်ပေးနိုင်သည် ဆိုသော်ငြားလည်း ထို ၁၀ ရာခိုင်နှုန်းဟူသော ဂဏန်းလေးမှာ ကျင့်ကြံသူများအတွက်မူ အဖိုးမဖြတ်နိုင်သော ကောင်းကင်ဘုံ ဝင်ခွင့်လတ်မှတ်တစ်ခုပင် ဖြစ်ပေသည်။ အကြောင်းမှာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းခြင်းသည် အခြေတည်အဆင့်သို့ ကံကောင်း၍ တက်လှမ်းခြင်းထက် အဆပေါင်း ရာချီ၊ ထောင်ချီ၍ ပိုမို ခက်ခဲနက်နဲလှသောကြောင့် ဖြစ်ပေသည်။

ထိုမျှခက်ခဲလှသော အခြေအနေကိုမူ ထိုရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းအလိုအထိ နီးစပ်နေကြသည့် ဝါရင့်ကျင့်ကြံသူများသာ အသည်းထဲအူထဲမှ အမှန်တကယ် နားလည်နိုင်မည် ဖြစ်သည်။ ယခု ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးအတွင်း ထိပ်သီး ရွှေအမြုတေအဆင့် ကျင့်ကြံသူအရေအတွက်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် အလွန်နည်းပါးနေခြင်းမှာပင် ထိုခါးသီးလှသော အချက်အတွက် သက်ရှိထင်ရှား သက်သေပင် ဖြစ်ပေသည်။

ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးအတွင်း အောက်ခြေအဆင့်ဖြစ်သော ချီသန့်စင်အဆင့် ရှိသူများမှာ ပုရွက်ဆိတ်များကဲ့သို့ သန်းနှင့်ချီ၍ ရှိကြပြီး အခြေတည်အဆင့်သို့ မနည်းရုန်းကန်တက်လှမ်းနိုင်သူမှာလည်း ထောင်နှင့်ချီ၍ ရှိပေသည်။ သို့သော်ငြားလည်း ဤနယ်မြေအတွင်းရှိ အင်အားကြီး ဂိုဏ်းကြီး ခုနစ်ခုလုံးကို ကြက်သွန်မြိတ်ခုတ်သလို အကုန်စုပေါင်းလိုက်လျှင်ပင် ထိပ်သီး ရွှေအမြုတေအဆင့် ကျင့်ကြံသူ အရေအတွက်မှာ တစ်ရာပင် မပြည့်ဘဲ မကျော်လွန်နိုင်ချေ။

၎င်းမှာ အမှန်ပင် လူတစ်သောင်းမှာ တစ်ယောက်၊ သို့မဟုတ် လူတစ်သိန်းကျမှ တစ်ယောက်သာ ကံထူးနိုင်သော ကံစမ်းမဲပေါက်သလို အခြေအနေမျိုးပင် ဖြစ်တော့သည်။ ဤမျှ ကွာဟရခြင်း၏ အကြောင်းရင်းမှာ ကလေးတွေးတွေးကြည့်လျှင်ပင် ရိုးရှင်းလှပေသည်။ အကြောင်းမူ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ခရီးလမ်းမှာ အလွန်အမင်း ခက်ခဲကြမ်းတမ်းလွန်းသောကြောင့် ဖြစ်သည်။

သို့သော်လည်း ရွှမ်ယွီတွင်မူ ကမ္ဘာကြီးကို လှုပ်ခါနိုင်သော အကြီးအကဲ မက်မွန်ပွင့်ဟူသည့် ရွှေတောင်ကြီးကဲ့သို့ ထောက်ပံ့မှု ရှိနေသည့်အပြင် ယခုအခါတွင်လည်း အမြုတေတက်လှမ်းခြင်း ဝိညာဉ်ဆေးကိုပါ ဆက်လက်ရရှိလိုက်ပြီ ဖြစ်ရာ သူ၏ အဆင့်တက် အောင်မြင်မှုမှာ ကျောက်တုံးပေါ် စာထွင်းထားသကဲ့သို့ သေချာသလောက် ရှိနေပြီ ဖြစ်ပေသည်။ ထို့ကြောင့် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပင် သူသည် ဤအတားအဆီးကြီးကို အလွယ်တကူ ကျော်လွှားပြီး ဒိတ်ဒိတ်ကြဲ ရွှေအမြုတေအဆင့်ရှိ ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထိုရွှေရောင်နေ့ရက်များသို့ ရောက်ရှိလာလျှင် သူသည် ဘုရင်မပန်းဂိုဏ်း၏ ထိပ်သီး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် တရားဝင် ကော်ဇောနီခင်းကာ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ထိုအချိန်ကျမှသာ ၎င်းဂိုဏ်း၏ ရွှေအမြုတေအဆင့် အရေအတွက်မှာ လေးဦးအထိ မြှင့်တင် တိုးတက်လာပေလိမ့်မည်။

….

သီးသန့်ခန်းအတွင်းမှ ထွက်လာပြီးနောက် လော့ချန်သည် စီမာဟွေ့နန်၏ နောက်သို့ လိုက်ပါကာ ရေခဲလှိုင်းနန်းတော်အတွင်းရှိ သီးသန့်ခန်းမတစ်ခုသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။ ဤနေရာသည် ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံးများ အပြန်အလှန် လွှဲပြောင်းပေးချေရန် သတ်မှတ်ထားသော နေရာ ဖြစ်သည်။ ဤကဲ့သို့ ကြီးမားသော လေလံပွဲမျိုးတွင် အရောင်းအဝယ် ပမာဏမှာ အလွန်များပြားသဖြင့် အပေးအယူ တစ်ခုချင်းစီအတွက် ချက်ချင်း လက်ငင်း ငွေချေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အရောင်းအဝယ် အားလုံးကို စုဆောင်းထားကာ လေလံပွဲ ပြီးဆုံးမှသာ စာရင်းရှင်းလင်းကြခြင်း ဖြစ်သည်။

ကာကွယ်ရေး အစီအရင်များဖြင့် ကာရံထားသော အခန်းအတွင်းသို့ ရောက်ရှိပြီးနောက် လော့ချန်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ကိုးသောင်းကို ထုတ်ယူလိုက်သည်။ ထိုအထဲမှ တစ်သောင်းနှစ်ထောင်မှာ ခန်းရှန်းချုံး၏ တတိယအဆင့် ကုသရေးဆေးအတွက် ဖြစ်ပြီး ကျန်ရှိသော ခုနစ်သောင်းရှစ်ထောင်မှာမူ လေလံပွဲအတွင်း သူကိုယ်တိုင် လေလံဆွဲခဲ့သော ပစ္စည်းများအတွက် ဖြစ်သည်။

"မိတ်ဆွေလော့.... ဒါတွေက မိတ်ဆွေ လေလံအောင်ထားတဲ့ ပစ္စည်းတွေပါ၊ စစ်ဆေးကြည့်နိုင်ပါတယ်"

အရောင်းအဝယ်ကို ကြီးကြပ်ပေးနေသူမှာ အသိဟောင်းတစ်ဦးဖြစ်သည့် ရေခဲခံတပ်မှ အဘွားရှီပေါ်ရင်း ပင် ဖြစ်သည်။

လော့ချန်က အသာအယာ ပြုံးလိုက်ရင်း ပစ္စည်းများကို လက်ခံကာ မဆိုင်းမတွပင် စတင် စစ်ဆေးတော့သည်။ ရှီပေါ်ရင်းသည်လည်း အံ့သြခြင်း မရှိသလို စိတ်ခုခြင်းလည်း မရှိပေ။ ဤမျှ ကြီးမားသော အရောင်းအဝယ်မျိုးတွင် သတိထားခြင်းမှာ သဘာဝကျလှသည်။

ရွှီယန်အမြုတေမှာ အရည်အသွေး ကောင်းမွန်လှပြီး လတ်လတ်ဆတ်ဆတ် ရရှိထားခြင်း ဖြစ်သည်။ အဆင့်သုံး သတ္တုရိုင်းများမှာလည်း အပြစ်အနာအဆာ မရှိချေ။ နှင်းပိုးဖျာမှ အေးမြသော စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေပြီး လက်ဖြင့် တစ်ချက် ထိလိုက်ရုံနှင့် လော့ချန်၏ စိတ်အာရုံများမှာ သိသိသာသာ တည်ငြိမ်သွားသည်။ အလယ်အလတ်အဆင့် ချီစုစည်းဆေးလုံး ပုလင်း ၃၀ ကို ဖွင့်လိုက်သည်နှင့် ပြင်းထန်သော ချီစွမ်းအင်များ လျှံထွက်လာရာ ၎င်းတို့၏ အရည်အသွေးမှာ သံသယဖြစ်ဖွယ် မရှိပေ။ နောက်ဆုံးတွင် ဒုတိယအဆင့် ခန္ဓာကိုယ်ကျင့်စဉ်ဖြစ်သော ချီခန္ဓာ မူလကျင့်စဉ်မှာလည်း လေလံပွဲသို့ စတင် ဝင်ရောက်စဉ်ကအတိုင်း ချိပ်ပိတ်ထားဆဲ ဖြစ်ပြီး မည်သည့် ပြင်ဆင်မှုမျိုးမှ ရှိမနေချေ။

စစ်ဆေးမှုများ ပြီးဆုံးသောအခါ လော့ချန် စိတ်ကျေနပ်သွားပြီး ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

"အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘွားရှီ"

ရှီပေါ်ရင်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။

"မပင်ပန်းပါဘူးကွယ်၊ ဒီလို လေလံပွဲကြီးတွေက ဆယ်နှစ်မှ တစ်ခါပဲ ရှိတာလေ၊ သာမန် လေလံပွဲလေးတွေ ဆိုရင်တော့ အဘွား ကိုယ်တိုင် လာနေစရာတောင် မလိုပါဘူး"

တစ်ချိန်က အေးစက်ပြီး အလှမ်းဝေးခဲ့သော ရှီပေါ်ရင်းသည် လော့ချန်နှင့် ထန်ထိုက်ကျင်းတို့ ပူးပေါင်းပြီးနောက်ပိုင်း လော့ချန်အပေါ် ပိုမိုရင်းနှီးလာခဲ့သည်။ ယခုအခါ သူမ၏ လေသံတွင် နွေးထွေးမှု အရိပ်အယောင်များ အမြဲ လွှမ်းမိုးနေတတ်သည်။

"ဒါနဲ့.... မင်း ချက်ချင်းပဲ ပြန်တော့မလို့လားကွဲ့"

"အစီအစဉ်ကတော့ အဲဒီအတိုင်းပါပဲဗျာ၊ ဘာလို့လဲ အဘွားရှီ.... တခြား ကိစ္စများ ရှိလို့လား" လော့ချန်က စူးစမ်းလိုသော မျက်ဝန်းများဖြင့် မေးလိုက်သည်။

ရှီပေါ်ရင်းက လမ်းဘက်တစ်ခုသို့ ညွှန်ပြရင်း "ရေခဲခံတပ်က စားပွဲသောက်ပွဲတစ်ခု တည်ခင်းဧည့်ခံနေတယ်လေ၊ မင်း တက်ရောက်ဖို့ စဉ်းစားကြည့်ပါဦးလား" ဟု ဖိတ်ခေါ်လေသည်။

"ဪ.... စားပွဲသောက်ပွဲလား"

"အင်း.... လေလံပွဲကို တက်ရောက်ခဲ့ကြတဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေကို ဂုဏ်ပြုဧည့်ခံဖို့ ပြင်ဆင်ထားတာ"

လော့ချန် စိတ်ဝင်စားသွားသည်ကို မြင်သောအခါ သူမ ထပ်မံ ရှင်းပြတော့သည်။ ဤစားပွဲသောက်ပွဲမှာ ရေခဲခံတပ်တစ်ခုတည်း၏ ထူးခြားချက်မဟုတ်ဘဲ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေခြင်း ဖြစ်၏။ ဆယ်နှစ်တစ်ကြိမ် ကျင်းပသော လေလံပွဲကြီးများ ပြီးဆုံးတိုင်း အိမ်ရှင်ဂိုဏ်းသည် အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများအတွက် ဤကဲ့သို့သော တွေ့ဆုံပွဲမျိုးကို အမြဲ စီစဉ်ပေးလေ့ရှိသည်။

အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ လေလံပွဲအတွင်း ပြင်းထန်သော အပြိုင်အဆိုင်များကြောင့် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်သွားတတ်ရာ လေလံအောင်သူများမှာ နောင်တရခြင်း သို့မဟုတ် မကျေနပ်ခြင်းများ ဖြစ်တတ်ကြသည်။ အခြားတစ်ဖက်တွင်လည်း လေလံရှုံးသွားသူများမှာ သူတို့ အလွန်အမင်း လိုအပ်နေသော ကုန်ကြမ်းများကို လက်လွတ် ဆုံးရှုံးလိုက်ရတတ်သည်။ ထို့အပြင် တစ်ခါတစ်ရံတွင် မိုက်မဲသော လူအချို့က ဈေးနှုန်းကို အဆမတန် မြင့်ပေးထားပြီးမှ တကယ်တမ်း ငွေမချေနိုင်သည်မျိုးလည်း ရှိတတ်သေးသည်။

ထို့ကြောင့် လေလံပွဲများ ပြီးဆုံးပြီးနောက် ထျန်းလန် နတ်ဘုရားမြို့တော်၏ အတွင်းနှင့် အပြင်၌ အငြင်းပွားမှုများနှင့် အကြမ်းဖက် လုယက်တိုက်ခိုက်မှုများပင် ဖြစ်ပွားတတ်သည်။ ထိုကဲ့သို့သော တင်းမာမှုများကို လျှော့ချနိုင်ရန်အတွက် အိမ်ရှင်များက လေလံပွဲအပြီး စားပွဲသောက်ပွဲကို စီစဉ်ပေးရခြင်း ဖြစ်၏။ ၎င်းသည် တက်ရောက်လာသူများအတွက် မိမိတို့ ပိုင်ဆိုင်သော ရတနာအချို့ကို သင့်တင့်သော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချခြင်း သို့မဟုတ် အပြန်အလှန် ဖလှယ်ခြင်းများ ပြုလုပ်ကာ ဆုံးရှုံးမှုအချို့ကို ပြန်လည် ကုစားနိုင်စေရန် အခွင့်အရေး ပေးခြင်း ဖြစ်သည်။ ထို့ပြင် ကုန်ကြမ်းများ အရေးတကြီး လိုအပ်နေသူများအတွက်လည်း သင့်တင့်သော ဈေးနှုန်းဖြင့် ရယူနိုင်ရန် အခွင့်အလမ်း ပေးခြင်းလည်း ဖြစ်ပေသည်။ လေလံပွဲအတွင်း မရောင်းထွက်ခဲ့သော ရတနာအချို့ကိုလည်း ဤနေရာတွင် တစ်ဖန် ပြန်လည် ထုတ်ပြတတ်ကြရာ ဒုတိယအကြိမ် ပြန်လည် ရှာဖွေနိုင်ရန် အခွင့်အရေး ပေးခြင်းလည်း ဖြစ်သည်။

အတိုချုပ်ပြောရလျှင် ဤစားပွဲသောက်ပွဲသည် အိမ်ရှင်ဂိုဏ်းအတွက် လေလံပွဲအပြီး ဖြစ်ပွားနိုင်သော ပြဿနာများစွာကို ကြိုတင်ဖြေရှင်းပေးနိုင်သည်။ ထို့အပြင် ဂိုဏ်းအသီးသီးမှ ပါရမီရှင်များအနေဖြင့် လူလုံးပြနိုင်ရန်၊ အဆက်အသွယ်သစ်များ ရှာဖွေရန်နှင့် ၎င်းတို့၏ ဩဇာကွန်ရက်ကို ချဲ့ထွင်ရန်အတွက်လည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေသည်။

နောက်ဆုံးအချက်မှာ လော့ချန် ကိုယ်တိုင် စိတ်ထဲမှ ခန့်မှန်းလိုက်ခြင်း ဖြစ်၏။

"ဒါပေမဲ့လည်း.... တချို့လူတွေကတော့ မပါဝင်ချင်လို့ တိတ်တဆိတ် ထွက်သွားတတ်ကြတယ်၊ ရေခဲခံတပ်အနေနဲ့ကတော့ ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ပါဘူး" ဟု ရှီပေါ်ရင်းက ဖြည့်စွက် ပြောကြားလိုက်သည်။

လော့ချန် တက်ရောက်လိုစိတ် ပြင်းပြသွားသည်။ ဤကဲ့သို့သော စုဝေးပွဲမျိုးကား တကယ်ပင် တက်ရောက်ရန် ထိုက်တန်လှပေသည်။ သူသည် ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ တရားသေ အာရုံစိုက်နေသည့် လူစားမျိုး မဟုတ်ပေ။ ရတနာများကို အပြန်အလှန် ဖလှယ်ရန် မလိုအပ်လျှင်ပင် သူ၏ မဟာမိတ် အဆက်အသွယ်များကို ချဲ့ထွင်နိုင်သေးသည်။ သူနှင့် လော့ထျန်းအဖွဲ့သည် ထျန်းလန် နတ်ဘုရားမြို့တော်သို့ စတင် ရောက်ရှိလာစဉ်က လူလုံးသူလုံး လုံးဝ မပြဘဲ တိတ်တဆိတ် အောင်းနေခဲ့ကြသည်။ သို့သော် ယခုအခါ အဖွဲ့အစည်းမှာ ခိုင်မာစွာ အခြေကျနေပြီ ဖြစ်သလို သူကိုယ်တိုင်လည်း အခြေတည်အဆင့် (၃) သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ လူမှုအသိုင်းအဝိုင်းကို ချဲ့ထွင်ရန် အချိန်တန်ပြီဟု ယူဆသည်။

ကျင့်ကြံခြင်းလမ်းစဉ်၏ အခြေခံမဏ္ဍိုင် လေးရပ်ဖြစ်သော စည်းစိမ်၊ အဖော်၊ ကျင့်စဉ်နှင့် နေရာ တို့ကို သူ အမြဲ နှလုံးသွင်းထားတတ်သည်။ ထိုအချက်များအားလုံး ဟန်ချက်ညီ မျှတနေစေရန်လည်း အမြဲ ကြိုးပမ်းလေ့ ရှိ၏။

"ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘွားရှီ၊ ကျွန်တော် ဝမ်းမြောက်ဝမ်းသာပဲ တက်ရောက်ပါ့မယ်"

ထိုသို့ ပြောပြီးနောက် လော့ချန် ထွက်ခွာလာခဲ့တော့သည်။

အပြင်သို့ ရောက်ရှိသောအခါ သူသည် ဝမ်ယွမ်နှင့် အခြားသူများ၏ သဘောထားကို မေးမြန်းကြည့်လိုက်၏။ ဝမ်ယွမ်သည် လူကြားသူကြားထဲ အလာပသလာပ ပြောရသည်များကို ရှောင်ကြဉ်လေ့ရှိသည့်အတိုင်း နေအိမ်သို့သာ ပြန်ကာ ချီခန္ဓာ မူလကျင့်စဉ်ကို ချက်ချင်း လေ့လာရန် ဆုံးဖြတ်လိုက်သည်။ တွမ်ဖုန်းကလည်း ထိုနည်းတူပင် ငြင်းပယ်ခဲ့၏။ ချစ်ဇနီး ဖုန်းရှက အိမ်တွင် သူ့အား စောင့်မျှော်နေသည် မဟုတ်ပါလော။ ခန်းရှန်းချုံးသည်လည်း ဤတွေ့ဆုံပွဲသို့ တက်ရောက်ရန် စိတ်မဝင်စားပေ။ ကုသရေးဆေးကို ရရှိထားပြီ ဖြစ်သဖြင့် သူမသည် ထိုက်ရှန်းဈေးမြို့တော်သို့သာ အမြန်ဆုံး ပြန်လိုနေပြီ ဖြစ်သည်။

စီမာဟွေ့နန်မှာမူ တက်ရောက်လိုစိတ် ရှိသော်လည်း ကံမကောင်းစွာဖြင့် ဤစားပွဲသောက်ပွဲမှာ အခြေတည်အဆင့်နှင့် ထိုထက်မြင့်သော ကျင့်ကြံသူများအတွက်သာ သီးသန့်ဖြစ်ပေသည်။ သူမ၏ နောက်ခံအဆင့်အတန်းမှာ လူရာဝင်သော်လည်း ကျင့်ကြံခြင်းအဆင့်မှာ လိုအပ်ချက်မပြည့်မီသဖြင့် ဝင်ခွင့်မရခဲ့ချေ။

ထို့ကြောင့် လော့ချန်သည် ရေခဲလှိုင်းနန်းတော်၏ စားပွဲသောက်ပွဲသို့ တစ်ကိုယ်တော်သာ ခြေဆန့်ရတော့မည် ဖြစ်သည်။

သူကား ထိုအရေးကို ဂရုထားမနေပေ။ အခြားသူများကို နှုတ်ဆက်ခွဲခွာပြီးနောက် အစောင့်တစ်ဦး၏ လမ်းပြမှုဖြင့် အလင်းရောင် ခပ်မှိန်မှိန် လွှမ်းမိုးထားသော ဘေးဘက်ဆောင် တစ်ခုအတွင်းသို့ လှမ်းဝင်ခဲ့သည်။ သူ စောစောစီးစီး ရောက်ရှိလာခြင်းကြောင့် ဖြစ်နိုင်သည်။ ခန်းမဆောင်အတွင်း၌ ကျင့်ကြံသူ ကျဲကျဲပါးပါးသာ ရှိနေသေး၏။

ထိုစဉ် ဝိုင်စားပွဲတစ်ခု၌ တစ်ကိုယ်တော် အထီးကျန်စွာ ထိုင်၍ အရက်ခွက်နှင့် အဖော်ပြုနေသော ချူခွေးကို လှမ်းမြင်လိုက်ရသဖြင့် လော့ချန်၏ မျက်လုံးများမှာ စူးခနဲ ဖြစ်သွားသည်။

"မိတ်ဆွေချူ...."

လော့ချန်က လှမ်း၍ နှုတ်ဆက်လိုက်ပြီး "ဘာဖြစ်လို့များ ထောင့်တစ်နေရာမှာ တစ်ယောက်တည်း အုံ့မှိုင်းပြီး အရက်ခွက်နဲ့ အဖော်ပြုနေရတာလဲဗျာ" ဟု မေးလိုက်၏။

ချူခွေးက မော့ကြည့်လာပြီး မိမိကိုယ်ကိုယ် လှောင်ပြောင်သရော်သည့် အပြုံးမျိုး ပြုံးလိုက်ရင်း "မင်းက သိလျက်နဲ့ သက်သက်မဲ့ လာမေးနေတာ မဟုတ်ဘူးလား" ဟု ပြန်လည် တုံ့ပြန်လေသည်။

All Chapters