← Chapters

အခန်း (၃၇၉-၃၈၀)

Vol. 38 Ch. 379-380

အခန်း (၃၇၉-၃၈၀)

Vol. 38 Ch. 379-380

အခန်း (၃၇၉) - တန်ချန်ဇီ ဆိုတာသူပဲ အစ်မကြီးရေ

လော့ချန်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း အရက်ခွက်ကို မြှောက်ကာ ဂုဏ်ပြုလိုက်သည်။

"ခဏတာ အဆင်မပြေမှုဆိုတာ ကျင့်ကြံခြင်းလမ်းစဉ်မှာ သဘာဝပဲဗျာ၊ မိတ်ဆွေချူရဲ့ ပါရမီနဲ့ဆိုရင် ဂိုဏ်းကြီးတစ်ခုခုထဲ ဝင်လိုက်တာနဲ့ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေပါသေးတယ်"

ချူခွေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စက် လေသံဖြင့် တုံ့ပြန်သည်။

"ဟက်ဟက်.... တော်ပါပြီကွာ.... ငါက တစ်ကိုယ်တော် ကျင့်ကြံသူလေ၊ ဘာဖြစ်ဖြစ် ဒီလမ်းကို တစ်ယောက်တည်းပဲ လျှောက်ဖို့စဥ်းစားထားတယ်.... ဒီချိန်ထိ ကျင့်ကြံထောက်ကူမှန်သမျှ ငါ့အသက်နဲ့ရင်းပြီး တိုက်ယူခဲ့ရတာချည်းပဲ၊ ဂိုဏ်းစည်းကမ်းတွေအောက်မှာ အချုပ်အနှောင်ခံပြီး နေရမယ့်ဘဝမျိုးက ငါ့ဘဝမဟုတ်ဘူးကွ...."

လော့ချန် တချက်စဥ်းစားလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

'အာ ချူခွေးရာ တာအို ဓမ္မ လမ်းစဉ်က မင်းရှေ့တင်ရောက်နေပြီလေ.... မလွတ်လပ်မှာကြောက်တာနဲ့ လက်လွှတ်လိုက်တော့မလို့လား.... မင်းပြောတော့ ဘာမထီသလိုနဲ့ ပုံစံကဘာလို့ ဒီလောက်သောကရောက်နေလဲကွာ’

လော့ချန်၏ စိတ်ထဲမှ ဝေဖန်သံကိုကြားသွားသည့်အလား ချူခွေးက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

"မင်းပြောသလို ငါက ရွှေအမြုတေအဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုခုထဲ ဝင်လိုက်တယ်ပဲထား.... အဲဒီ သူတော်ကောင်းယောင်ဆောင်ထားတဲ့ ဂိုဏ်းကြီးတွေက ငါလို တကောင်ကြွက်ကို အမြုတေအဆင့်ရောက်အောင် မ စမယ် ထင်လို့လား.... ခိုင်းလို့ကောင်းရုံလောက် အတိုအစလေးတွေ ပေးကမ်းတာမျိုးပဲရှိမယ်.... ဘယ်လိုပဲဖြစ်ဖြစ် ငါက သူတို့အတွက်တော့ သွေးမတော် သားမစပ် သူစိမ်းသက်သက်ပဲလေ"

ချူခွေးက နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်ရင်း ခန်းမ တံခါးဝဘက်သို့ မေးထိုးပြလိုက်၏။

ထိုအချိန်တွင် အမြုတေတက်လှမ်းခြင်းဆေးအတွက် အဓိက ဆေးဖက်ဝင်ပစ္စည်းကို လေလံအောင်သွားသော မက်မွန်တောင်မှ ပါရမီရှင် ရွှမ်ယွီသည် ခန်းမထဲသို့ ဝင့်ကြွားစွာ လှမ်းဝင်လာသည်။ သူ့နောက်တွင်လည်း အခြေတည်အဆင့် ကျင့်ကြံသူ အခြံအရံများ တန်းစီ၍ ခြံရံပါလာကြ၏။ သူ၏ ခြေလှမ်းများမှာ တည်ငြိမ်လှပြီး အမူအရာမှာလည်း အေးဆေးတည်ငြိမ်လွန်းလှသည်။ သူ့ထံတွင် လူငယ်တစ်ဦး၏ တက်ကြွလှပသော ဂုဏ်ယူဝင့်ကြွားမှုနှင့် ယဉ်ကျေးသိမ်မွေ့သော မင်းစိုးရာဇာ အရှိန်အဝါတို့ ကိန်းအောင်းနေသဖြင့် ခြေချလိုက်သည့်နေရာတိုင်း၌ လူအများ၏ အာရုံစိုက်ခြင်းကို မလွဲမသွေ ခံရလေသည်။

"သူက ဘာဖြစ်လို့လဲ"

လော့ချန်က နားမလည်နိုင်သည့် လေသံဖြင့် မေးလိုက်သည်။

ချူခွေးက လော့ချန်၏ စိတ်အာရုံထဲသို့ တိုက်ရိုက် တိတ်တဆိတ် အသံလွှင့်၍ ပြောလိုက်သည်။

"ဟိုမှာ မတွေ့ဘူးလား.... ဘဝင်လေဟပ်နေတာများ.... အဲဒီ့ ရွှမ်ယွီကလည်း တစ်ချိန်ကတော့ ငါတို့လိုပဲ အခြေမဲ့ အမြစ်မဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးပဲကွ.... ဒါပေမယ့် ဒီကောင်က မွေးရာပါ ပါရမီ ပါတယ်၊ နဂါးယန်ခန္ဓာကိုယ် ပိုင်ရှင်အဖြစ် မွေးလာတယ်ဆိုလားပဲ၊ ဟက်.... ဘယ်လိုပါရမီပဲပါပါ မက်မွန်ပွင့်အကြီးအကဲရဲ့အနားမှာ ခစားရတဲ့ အသုံးတော်ခံ အဆင့်ပဲ ရောက်သွားတာပဲ၊ မင်း သူ့ကို မက်မွန်တောင်ရဲ့ အရိုက်အရာဆက်ခံသူဆိုပြီး အပေါ်ယံ ဂုဏ်ပုဒ်တွေကို ကြည့်ပြီး အထင် သွားမကြီးနဲ့၊ အဲဒီအကြီးအကဲက သူ့ကို ဆေးတစ်လုံးတောင် အလကား မပေးခဲ့ဘူး၊ အခုလည်း သူကိုယ်တိုင် ဒီလေလံပွဲမှာ သူ့အိတ်သူစိုက်ပီး လာဝယ်တာ...."

စကားပြောရင်းနှင့် ချူခွေး၏ အကြည့်များမှာ ပိုမိုတင်းမာခက်ထန်လာသည်။

"ငါ ဂိုဏ်းကြီးတစ်ခုခုထဲ ဝင်လိုက်ရင်ကော.... တိုက်ခိုက်နိုင်စွမ်းကြောင့် ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ဆက်ဆံမှုမျိုး ရလာမယ် ထင်လို့လား၊ မင်းလည်း သိပါတယ်.... ဒီရက်စက်တဲ့ ကျင့်ကြံခြင်းလောကမှာ ခွန်အားတစ်ခုတည်းနဲ့တင် မလုံလောက်ဘူးဆိုတာ...."

ထိုစကားများကြောင့် လော့ချန် တစ်ခဏမျှ တိတ်ဆိတ်သွားရသည်။ အယူအဆအရမူ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် လျှောက်လှမ်းစရာ လမ်းစများစွာ ရှိနေသေးသည်။ အချို့က ကိုယ်ပိုင် အင်အားစု တည်ထောင်ကြသလို၊ အချို့ကလည်း မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းငယ်လေးများတွင် စောင့်‌ရှောက်သူ တဖြစ်လဲ မဟာမိတ်အကြီးအကဲအဖြစ် အခြေချတတ်ကြ၏။ အထူးချွန်ဆုံးသော သူများမှာမူ ဂိုဏ်းကြီးများ၌ ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် မြှောက်စားခြင်း ခံရတတ်သည်။ သို့သော်ငြားလည်း နှစ်ပေါင်းများစွာအတွင်း ကျောက်စိမ်းအိုး နယ်မြေ တစ်ခွင်၌ ထင်ရှားကျော်ကြားလှသော အဆင့်မြင့် တစ်ကိုယ်တော်ကျင့်ကြံသူဟူ၍ သူ သိပ်မကြားဖူးချေ။ သူ သိရှိထားသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ လုကျိုးရှီ တစ်ယောက်သာ ရှိပေသည်။

သို့သော် ထို လုကျိုးရှီသည်လည်း မိစ္ဆာချုပ်နန်းဆောင်နှင့် စစ်တုရင်နယ်ရုပ် အပေါ် လောဘဇော တက်ခဲ့မိရာမှ နောက်ဆုံးတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက် တိမ်ပြိုဂိုဏ်း အကြီးအကဲတစ်ဦး၏ လက်အောက်ခံ ရုပ်သေးရုပ်ဘဝသို့ ကျရောက်ခဲ့ရပြီး ဖန်ရင်ရှုံ၏ ဓားအောက်၌ ရုပ်ပျက်ဆင်းပျက် အသက်ပျောက်ခဲ့ရဖူးသည်။

ယခု ချူခွေးက ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာသောအခါ လော့ချန်သည် တစ်ကိုယ်တော်ကျင့်ကြံသူများ ရင်ဆိုင်နေရသည့် အသက်ရှူကျပ်ဖွယ် ဖိအားကို ကိုယ်ချင်းစာကာ စာနာမိလိုက်သည်။

ဂိုဏ်းကြီးများ၏ အကြွင်းမဲ့ စိုးမိုးခြယ်လှယ်ထားသော ဤလောကတွင် တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် အဆင့်တက်လှမ်းနိုင်မည့် လမ်းစများ ရှိကောင်းရှိနိုင်သော်လည်း ထိပ်ဆုံးသို့ ရောက်ရှိနိုင်မည့် လမ်းစဉ်ဟူ၍မူ လုံးဝ ရှိမနေပေ။

‘အော်…. ငါ့ရဲ့ အနာဂတ်ကကော ဘယ်လိုတွေ လာဦးမလဲမသိဘူး....’

လော့ချန် တစ်ယောက်ထဲ အတွေးကမ္ဘာထဲ ရောက်နေစဥ် ချူခွေးမှာမူ လက်ကျန် အရက်ခွက်အား တစ်ကျိုက်တည်း မော့ချလိုက်ပြီးနောက် သက်ဝင်လှုပ်ရှားနေသော လူအုပ်ကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။

သူ့အတွက်မူ ဤစားပွဲသောက်ပွဲသည် စစ်တလင်းပြင် အစစ်အမှန်ပင် ဖြစ်၏။ သူသည် ပုံမှန်အားဖြင့် စိန်ခေါ်ပွဲများမှ ရရှိသော အကြွင်းအကျန် ကျင့်ကြံခြင်း ကုန်ကြမ်းလေးများဖြင့်သာ ရုန်းကန်နေရသူ ဖြစ်သည်။ သို့သော်ငြားလည်း စစ်မှန်သော အမြတ်အစွန်း ကြီးကြီးမားမားမှာမူ ဤနေရာမှတစ်ဆင့် ရရှိမည့် အဆက်အသွယ်များနှင့် ချမ်းသာကြွယ်ဝသော ကျင့်ကြံသူများအတွက် လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်ကြီးမားလှသော ကိစ္စရပ်များကို လိုက်လံ ဖြေရှင်းပေးခြင်းမှ ရရှိသော ဆုလာဘ်များ ဖြစ်ပေသည်။ သို့ရာတွင် ထိုသို့ လုပ်ဆောင်ခြင်း၏ နောက်ဆက်တွဲအနေဖြင့် မနာလိုသူ ရန်သူများကလည်း မနည်းမနော များပြားလှ၏။ ထို့ကြောင့်ပင် သူသည် ထျန်းလန် နတ်ဘုရားမြို့တော်အတွင်း၌ ပုံမှန်အားဖြင့် လူလုံးမပြဘဲ သိုသိုသိပ်သိပ်နေခြင်း ဖြစ်သည်။

သူ ဂိုဏ်းကြီးများအတွင်းသို့ မဝင်လိုသည့် နောက်ထပ် အကြောင်းရင်းတစ်ခုရှိသေးသည်။ အကယ်၍ ဂိုဏ်းစည်းကမ်းများနှင့် အဆင့်အတန်း အချုပ်အနှောင်များအောက်သို့ ရောက်ရှိသွားပါက သူ့လွတ်လပ်မှု ဆုံးရှုံးသွားမည့်အပြင် ရန်သူများအတွက်လည်း သူ့အား တိုက်ခိုက်ရန် ပစ်မှတ်ကို အလွယ်တကူ ရှာဖွေပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

"မိတ်ဆွေလော့ ပါလား.... ဘာတွေများ အတွေးလွန်နေပါလိမ့်ဗျာ...."

နူးညံ့သာယာသော အသံလေးက လော့ချန်ကို အတွေးပင်လယ်ထဲမှ ပြန်လည် နိုးထလာစေသည်။ သူ လှည့်ကြည့်လိုက်သောအခါ ရွှမ်ယွင်ကျီ သူ့ထံသို့ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရ၏။

"အာ.... ဘာမှမဟုတ်ပါဘူးဗျာ.... ဟိုဟိုဒီဒီလေးတွေ တွေးမိသွားလို့" လော့ချန်က ခေါင်းခါရင်း ပြုံး၍ ပြန်လည် ဖြေကြားလိုက်သည်။

"ကျွန်တော့်ကို ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေရွှမ်၊ ဒီတစ်ခေါက် လေလံပွဲမှာ ကျွန်တော် တော်တော်လေး ပျော်ခဲ့ရပါတယ်ဗျာ...."

ရွှမ်ယွင်ကျီက နူးညံ့စွာ ပြုံးလျက် လက်ကို ခါယမ်းပြရင်း “မဟုတ်တာဗျာ.... မိတ်ဆွေလော့ရဲ့ ကြွယ်ဝမှုနဲ့ဆိုရင် ဖိတ်စာမရှိရင်တောင် လေလံရတနာတွေကို အိတ်အပြည့်နဲ့ သိမ်းကျုံးယူသွားနိုင်မှာပါ၊ ထွေထွေထူးထူး ကျေးဇူးတင်နေစရာ မလိုပါဘူးဗျာ" ဟု ဆိုလေသည်။

ဤလေလံပွဲကြီးကို ရေခဲခံတပ်နှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းတို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ရာ အရောင်းအဝယ် စာရင်းအသေးစိတ်ကို ရွှမ်ယွင်ကျီထက် ပိုမိုသိရှိသူ မရှိပေ။ လွန်ခဲ့သော သုံးရက်တာအတွင်း၌ လော့ချန်နှင့် လော့ထျန်းအဖွဲ့သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း တစ်သိန်းရှစ်သောင်းအထိ အံ့မခန်း သုံးဖြုန်းခဲ့ကြသည်။ ဤမျှ ထူးခြားဆန်းပြားလှသော ကြွယ်ဝမှုမျိုးမှာ သာမန် အင်အားစုငယ်လေးတစ်ခုအဖို့ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

"ဒါနဲ့ မိတ်ဆွေလော့က.... ဆေးဖော်ဆရာတစ်ယောက်လားဗျ" ဟု ရွှမ်ယွင်ကျီက ရုတ်တရက် သိလိုဇောဖြင့် လှမ်းမေးလိုက်၏။

လော့ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သူ ဆေးဖော်သူတစ်ဦး ဖြစ်ကြောင်းမှာ ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက် မဟုတ်ပေ။ သို့သော်ငြားလည်း တာဟဲဈေးမြို့တော်၌ ရှိစဉ်ကကဲ့သို့ သူ၏ ကျော်စောမှုအရှိန်အဝါမှာ ဤနေရာတွင် အရာမထင်တော့ခြင်းသာ ဖြစ်၏။ ထိုစဉ်အခါက တန်ချန်ဇီဟူသော အမည်နာမကို ကြားရုံမျှဖြင့် လူတိုင်း ဒူးထောက်လေးစားကြသော်လည်း ဤကျယ်ပြောလှသော ထျန်းလန် နတ်ဘုရားမြို့တော်ကြီးအတွင်း၌မူ မည်သူမျှ သူ့အတတ်ပညာကို အရေးတယူ သတိမထားမိကြချေ။

မည်သို့ပင်ဆိုစေကာမူ လော့ချန် အတည်ပြုလိုက်သည်နှင့် ရွှမ်ယွင်ကျီ၏ မျက်ဝန်းများမှာ စိတ်ဝင်စားမှုလွန်ကဲစွာဖြင့် ဝင်းခနဲ တောက်ပလာသည်။

"အို.... ဒါဆိုရင်.... ကျောက်စိမ်းအဆီအနှစ်ဆေးလုံးကို မိတ်ဆွေလော့ ကိုယ်တိုင် ဖော်စပ်ခဲ့တာပေါ့နော်"

"ဟဲဟဲ.... ဟုတ်ပါတယ်ဗျ"

"ဒါဖြင့်.... အံ့ဖွယ်တစ်သောင်းဆေးလုံးတွေကကော မိတ်ဆွေရဲ့ လက်ရာပဲလားဗျ"

လော့ချန်က ယောင်၍ ခေါင်းညိတ်ပြရန် ပြင်လိုက်စဉ် စိတ်ထဲ၌ တစ်ခုခုကို ရိပ်မိသွားသဖြင့် ခေါင်းကို အနည်းငယ် စောင်းလျက် စူးစမ်းလိုက်သည်။

"အဲ.... မိတ်ဆွေရွှမ်က အံ့ဖွယ်တစ်သောင်းဆေးလုံးကို စိတ်ဝင်စားနေတာလားဗျ"

ရွှမ်ယွင်ကျီသည် အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြစ်သွားကာ သူ့အား ရှင်းပြရှာသည်။

"ဟို.... အဲ့လိုသဘောမဟုတ်ပါဘူးဗျာ.... ဆေးလုံးကို ကျွန်တော် သိပ်စိတ်မဝင်စားပါဘူး၊ ဒါပေမဲ့ ကျွန်တော်က ရေနဲ့ မီးဓာတ်နှစ်ခုကို ဟန်ချက်ညီ မျှတသွားစေမယ့် ဆေးနည်းသစ်တစ်ခုကို လေ့လာနေတာလေ၊ ဟိုတလောက အံ့ဖွယ်တစ်သောင်း ဆေးလုံးတစ်လုံးကို မတော်တဆ တွေ့တော့ အဲဒီဆေးလုံးရဲ့ ယင်နဲ့ ယန် အချိုးအစား မျှတတဲ့ ဂုဏ်သတ္တိကို သတိထားမိသွားလို့ဗျ.... ဒီတိုင်း မိတ်ဆွေလော့နဲ့ ဆေးပညာဆိုင်ရာ ဗဟုသုတတွေ ဖလှယ်ချင်ရုံပါ...."

လော့ချန်၏ စူးရှလှသော အာရုံခံစားမှုကြောင့် ရွှမ်ယွင်ကျီတွင် အခြား ရည်ရွယ်ချက်ရှိနေမှန်း ချက်ချင်းပင် ရိပ်မိလိုက်သည်။ ပထမဆုံး စတင်ဆုံတွေ့ကတည်းက သူ့ နတ်မျက်စိဖြင့် ရွှမ်ယွင်ကျီအား အကဲခတ်ခဲ့ဖူးသည်။ အံအားသင့်စရာပင် ထိုသူ၏ ခန္ဓာကိုယ်အတွင်း၌ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်နှစ်ရပ် ထူးဆန်းစွာ ဒွန်တွဲနေသည်ကို သတိပြုမိခဲ့သည်။ ထိုစဉ်က ဝေခွဲမရဖြစ်ခဲ့သော်လည်း ယခု အံ့ဖွယ်တစ်သောင်း ဆေးလုံးအကြောင်း သူ့ဘက်မှ စကားစလာသည့်အခါတွင်မူ ပဟေဠိအားလုံးအတွက် အဖြေကိုလော့ချန် ခန့်မှန်းမိလိုက်သည်။

ထိုဆေးဖော်စပ်နည်းမှာ ကျောက်စိမ်းအိုးနယ်မြေမှ မြစ်ဖျားခံလာခြင်း မဟုတ်ဘဲ နယ်စွန်နယ်ဖျားများမှ ဆေးဖက်ဝင်ကုန်ကြမ်းများ ပါဝင်နေခြင်း ဖြစ်သည်။ အထူးသဖြင့် အဓိကပစ္စည်းဖြစ်သော မြောက်ပင်လယ် ဂုံးခြောက် ဆိုလျှင် ဆေးဘုရင်ဂိုဏ်း လက်အောက်ရှိ ဆေးပေါင်းတစ်ထောင်ခန်းမကသာ သီးသန့် ရောင်းချခြင်း ဖြစ်သည်။ လော့ချန် မှတ်မိသလောက် ထိုဆေးဖော်စပ်နည်းကို မူလခန္ဓာကိုယ်ပိုင်ရှင်က ဆေးဘုရင်ဂိုဏ်း တပည့်တစ်ဦး၏ ရုပ်အလောင်းထံမှ ရရှိခဲ့ခြင်း ဖြစ်ရာ ယခုမူ သံသယအားလုံး အဖြေပေါ်သွားပြီ ဖြစ်သည်။

လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ဆိုသည်။

"ဟုတ်ကဲ့ဗျ.... အမှန်အတိုင်း ပြောရရင်.... အဲဒီဆေးလုံးကို ကျွန်တော်က ရောင်းပေးရုံသက်သက်ပဲဗျ.... ဖော်စပ်တဲ့သူကတော့ ကျွန်တော် မဟုတ်ဘူး၊ လော့ထျန်းအဖွဲ့က ဆေးဆရာ တစ်ဦး ဖော်စပ်ထားတာပါ၊ ဒီတိုင်း ကျွန်တော်အမည်ခံပီးသာ ရောင်းလိုက်တာ...."

ထိုစကားကြားရသောအခါ ရွှမ်ယွင်ကျီသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ နားလည်သွားသလိုမျိုး ခေါင်းညိတ်ပြသည်။

ဤကဲ့သို့ နာမည်ခံဆေးရောင်းခြင်းသည် ကျင့်ကြံခြင်းလောကတွင် အဆန်းမဟုတ်ပေ။ နာမည်ရသူတစ်ဦး၏ အာမခံချက်ပါက မည်သည့်ပစ္စည်းမဆို ရောင်းအားပိုကောင်းပေသည်။ တာဟဲဈေးမြို့တော်တွင်ရှိစဉ်ကလည်း ပျံလွှားဂိုဏ်းမှ နာမည်ကျော် လက်မှုပညာရှင် ဆရာကြီး ဟူယန်ကျူး ကိုယ်တိုင် သွန်းလုပ်သည်ဆိုသော မှော်လက်နက်များကို လော့ချန် မြင်ဖူးခဲ့သည်။ သို့သော် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက ဤမျှများပြားလှသော ပစ္စည်းများကို ကိုယ်တိုင် သွန်းလုပ်ရန် မည်သို့မှ မဖြစ်နိုင်ချေ။ ၎င်းမှာ နာမည်ကို ငှားသုံးရုံသက်သက်သာ ဖြစ်သည်။

ထိုအချိန်တွင် လော့ချန်က ပါးနပ်စွာဖြင့် စကားလမ်းကြောင်းကို အလိုက်သင့်လေး ပြောင်းရင်း ခင်မင်ရင်းနှီးစွာ မေးလိုက်သည်။

"ဒါနဲ့ ဖော်စပ်နည်းအကြောင်း စကားစပ်မိလို့ပြောရဦးမယ်.... ကျွန်တော်လည်း အဲဒါကို စိတ်ဝင်တစား အကြာကြီး လေ့လာဖူးတယ်ဗျ၊ အဓိက ရေဓာတ်ပါတဲ့ ဆေးကုန်ကြမ်းကို ကိုင်တွယ်ပုံလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ဆန်းပြားတယ်လို့ ထင်တယ်၊ ကျွန်တော် ကိုယ်တိုင် စမ်းကြည့်တုန်းကတော့ တစ်ခါမှ အဆင်မပြေခဲ့ဘူးဗျာ၊ ဒါပေမဲ့ အဲဒီဆရာ လက်ထဲကျတော့ မထင်မှတ်ထားလောက်အောင် ရလဒ်တွေက ကောင်းကောင်းမွန်မွန် ထွက်လာတယ်"

သူ အနည်းငယ် တိုးကပ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သလိုနှင့် စိတ်ဝင်တစား ထပ်မေးလိုက်သည်။

"ကျွန်တော်ဖြင့် မစဥ်းစားတတ်အောင်ပဲ၊ မိတ်ဆွေရွှမ်ရော.... ဘာလို့ အဲဒီလို ဖြစ်ရတာလဲဆိုတာ ခန့်မှန်းရမိလားဗျာ"

ရွှမ်ယွင်ကျီက စိတ်ဝင်တစား နားထောင်နေရာမှ ခေါင်းညိတ်ပြရင်း....

"ကျွန်တော်မြင်တာပြောရရင် ဆေးဖက်ဝင် ပစ္စည်းအချို့မှာ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိတတ်တယ်…. အချို့ကို ချက်ချင်း ကိုင်တွယ်ရတယ်၊ အချို့ကိုကျတော့ အရှိန်သတ်ပေးနိုင်မယ့် တခြားဆေးပင်တွေနဲ့ ပေါင်းစပ်ရတယ်…. မိတ်ဆွေလော့ရဲ့ ပြောပုံအရဆို အဲ့တာက ယန်ဓာတ်ကို ရှောင်ပြီး ယင်ဓာတ်ကို မရှောင်တဲ့ ဆေးပင်မျိုး ဖြစ်ပုံရတယ်"

သူ စကားစ ရပ်ကာ စဉ်းစားဟန်ပြုပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ ဂုံးခြောက်က အခြေခံ အဆင့်တစ် ပစ္စည်းပဲလေ၊ သာမန်ဆိုရင်တော့ အဲဒီလို ဂုဏ်သတ္တိမျိုး မရှိသင့်ဘူး၊ ဖြစ်နိုင်တာက မိတ်ဆွေဖော်စပ်တဲ့ လက်ကွက်မှာ တစ်ခုခု လွဲနေလို့ ဖြစ်လိမ့်မယ်၊ နောက်တစ်ခါကျရင် မြစ်ရေစီးဆင်းခြင်းလက်ကွက်ကို သုံးကြည့်ပါဦး၊ အဆင်ပြေသွားနိုင်လောက်တယ်"

လော့ချန်က ရုတ်တရက် အလင်းပွင့်သွားသည့်အလား

"အာ.... ဟုတ်မယ်ဗျို့.... အခုလို ထောက်ပြပေးတာ တကယ် ကျေးဇူးပါဗျာ.... နောက်တစ်ခါ အောင်မြင်သွားရင်တော့ မိတ်ဆွေရွှမ်ဆီ သေချာပေါက် လာပြီး ကျေးဇူးဆပ်မှပဲ"

"အို.... မလိုပါဘူးဗျာ"

ရွှမ်ယွင်ကျီက လက်ကာပြရင်း တစ်ယောက်ယောက်ကို မြင်သွားဟန်ဖြင့် အလျင်စလို ပြုံးလိုက်ရင်း ဆိုသည်။

"ဟိုလေ ကျွန်တော် အသိတစ်ယောက်ကိုတွေ့လိုက်ရလို့ ဟိုဘက် ခဏသွားလိုက်ဦးမယ်ဗျ"

"ဟုတ်ကဲ့ပါ.... အေးဆေး သွားပါဗျာ" ဟု လော့ချန်က အလိုက်သင့်လေး ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

ရွှမ်ယွင်ကျီက လှည့်ထွက်မသွားခင် သူ့အား လှမ်းပြောလိုက်သေးသည်။

"ဒါနဲ့.... ကျွန်တော်က ထျန်းလန်တောင်ထိပ်၊ ယီ သုံး ဂူဗိမာန်မှာ နေတာပါ၊ အားရင် လာလည်ပါဦးဗျာ၊ ဆေးဖော်စပ်တဲ့အကြောင်းတွေ ထပ်ပြီး စကားလက်ဆုံပြောကြတာပေါ့"

ထိုသို့ ပြောပြီးနောက် ရွှမ်ယွင်ကျီမှာ လူအုပ်ထဲသို့ အမြန် လှည့်ထွက်သွားတော့သည်။

ရွှမ်ယွင်ကျီ၏ ကျောပြင်ကို ကြည့်ရင်း လော့ချန် မျက်မှောင်ကြုတ်သွားသည်။

‘အင်း.... တစ်ခုခုတော့ထူးဆန်းနေပြီ.... ငါက ရေဓာတ်ပါတဲ့ ကုန်ကြမ်းလို့ပဲ စကားစခဲ့တာ.... ဂုံးခြောက်လို့ မပြောမိဘူး.... သူကဘာလို့သိနေတာလဲ’

လော့ချန်သည် ဆေးဖော်နည်းများနှင့် ပတ်သက်လျှင် အမြဲတစေ သတိကြီးသူ ဖြစ်သည်။ ဆေးလုံးတစ်လုံး၏ အဓိက ပါဝင်ပစ္စည်းများ၊ အထူးသဖြင့် အံ့ဖွယ်တသောင်း ဆေးလုံးကဲ့သို့သော ဆေးနည်းများကို လျှို့ဝှက်ချက်အဖြစ်သာ ထားသင့်သည်ဟု သူ ယုံကြည်သည်။ သာမန် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဆေးလုံးကို ကြည့်ရုံမျှနှင့် ပါဝင်ပစ္စည်းများကို အလွယ်တကူ သိနိုင်ရန် မဖြစ်နိုင်ချေ။

ဟုတ်ပေသည်။ သူ ဆေးပေါင်းတစ်ထောင်ခန်းမမှ ကုန်ကြမ်းအမြောက်အမြား ဝယ်ယူနေခြင်းကြောင့် ထိုနေရာကမူ ရိပ်မိနိုင်ပါ၏။ သို့သော် ဆေးပေါင်းတစ်ထောင်ခန်းမသည် ဆေးဘုရင်ဂိုဏ်း လက်အောက်၌ ရှိပြီး၊ ၎င်းတို့သည် ဆေးလုံးဈေးကွက်တွင် ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် အဓိက ပြိုင်ဘက်များ ဖြစ်ကြသဖြင့် ဆက်ဆံရေးကား အဆင်မပြေလှပေ။ ထို့ကြောင့် ရွှမ်ယွင်ကျီအနေဖြင့် ထိုလမ်းကြောင်းမှတစ်ဆင့် သိရှိရန်မှာ လုံးဝ ဖြစ်နိုင်ခြေ မရှိပေ။

ရွှမ်ယွင်ကျီ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ခန့်မှန်းခြင်းလည်း မဖြစ်နိုင်သလောက် ရှိသည်။ အကြောင်းမူ ကျင့်ကြံခြင်းလောကတွင် ဆေးဖော်စပ်ခြင်းသည် ဆေးပင်များကို အိုးထဲ ပစ်ထည့်လိုက်ရုံမျှ မဟုတ်။ ပါဝင်ပစ္စည်း တစ်ခုချင်းစီ၏ အဆီအနှစ်ကို နည်းစနစ်အမျိုးမျိုးဖြင့် ထုတ်ယူကာ မီးတောက်ဖြင့် ပေါင်းစပ်ရခြင်း ဖြစ်သည်။ ဆေးလုံးတစ်လုံးကို ကြည့်ရုံမျှနှင့် ပါဝင်ပစ္စည်းများကို ခွဲခြားနိုင်ရန်မှာ ဆရာကြီးအဆင့်ရှိသော ဆေးဖော်ဆရာ ဖြစ်ရန် လိုအပ်ပြီး၊ ထိုသို့ဆိုလျှင်ပင် ခန့်မှန်းနိုင်ရန် မသေချာလှချေ။

လော့ချန်ကဲ့သို့ပင် ရွှမ်ယွင်ကျီသည် ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦးသာ ဖြစ်သည်။ ထို့အပြင် အခြေအနေပြ ကြေးမုံပြင် ရှိနေသဖြင့် အချို့သော ဖော်စပ်နည်းများတွင် လော့ချန်က ပို၍ပင် ရှေ့ရောက်နေသေးသည်။ သူသည်ပင်လျှင် ဆေးလုံးတလုံး မြင်ရုံမျှဖြင့် ပါဝင်ပစ္စည်းများကို အလွယ်တကူ မခွဲခြားနိုင်ပါက ရွှမ်ယွင်ကျီသည် အဘယ်ကြောင့် ခန့်မှန်းနိုင်ပေမည်နည်း။

အဖြေကား ရှင်းပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် မြောက်ပင်လယ် ဂုံးခြောက်သည် အံ့ဖွယ်တသောင်း ဆေးလုံး၏ အဓိက ပါဝင်ပစ္စည်း ဖြစ်ကြောင်း သူ ရိပ်မိနေခြင်းမှာ အကြောင်းရင်း တစ်ခုတည်းသာ ရှိနိုင်သည်။ ထိုအရာမှာ ရွှမ်ယွင်ကျီကိုယ်တိုင် ထိုဆေးနည်းကို မျက်ဝါးထင်ထင် မြင်ဖူးထားခြင်းပင် ဖြစ်ရမည်။

သို့သော် ၎င်းမှာ ယုံချင်စရာမကောင်းလှပေ။ အကြောင်းမူ လော့ချန်နှင့် ထိုဝေးလံလှသော လိုဏ်ဂူဟောင်းအတွင်း သေဆုံးသွားခဲ့သည့် ဆေးဘုရင်ဂိုဏ်း တပည့်မှလွဲ၍ အခြားမည်သူမျှ ထိုဆေးနည်းကို သိနိုင်ချေမရှိပေ။ လော့ထျန်းအဖွဲ့အတွင်း၌ပင် ထန်ချွမ်နှင့် မီလီ တို့နှစ်ဦးကိုသာ လျှို့ဝှက်ချက်ကို မည်သူ့မှမပြောရန် အမိန့်ပေးကာ လေ့လာခွင့် ပေးထားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် လော့ချန်၏ အတွေးထဲသို့ ယွမ်ကျောက် ခရီးစဉ်မှ ပုံရိပ်များ ရုတ်ချည်း ပေါ်လာသည်။ ထိုစဉ်က သေဆုံးသွားခဲ့သော ထိုဆေးဘုရင်ဂိုဏ်း တပည့်၏ ရုပ်အလောင်းမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ဖူးသည်။

လက်ဆုပ်လက်ကိုင်မပြနိုင်သည့် သံသယတစ်ခုက လော့ချန် စိတ်ထဲဝင်လာသည်။

‘နေဦး.... သူ့ကိုယ်မှာ ရှင်ခြင်းနဲ့ သေခြင်းတရားက ဒွန်တွဲနေတာ.... မဟုတ်မှလွဲ အဲ့တာက ခန္ဓာကိုယ်မှာ ရှိနေတာမဟုတ်ဘဲ.... ဝိညာဉ်မှာ ကပ်တွယ်နေတာများလား.... သူက အံ့ဖွယ်တသောင်း ဆေးလုံးကိုလည်း စိတ်ဝင်စားပြတယ်၊ ဆေးဖော်နည်းကိုလည်း မြင်ဖူးနေပြန်တယ်.... ဒါ.... ဒါဆိုရင် သူက သူများခန္ဓာကိုယ်ကို ယူထားတာများလား....’

လော့ချန် တစ်ယောက် အတွေးနယ်ချဲ့နေစဉ်မှာပင် သူ့အနားသို့ လူနှစ်ယောက် ရောက်လာသည်။

"အစ်မ.... ဒါက ကျွန်တော် ခဏခဏ ပြောဖူးတဲ့ မိတ်ဆွေ တန်ချန်ဇီလေ"

ရင်းနှီးလွန်းလှသော အသံကြောင့် လော့ချန် တအံတသြ ကြည့်လိုက်မိသည်။

"အလို.... မိတ်ဆွေထောင်ကိုး.... ဘယ်တုန်းကတည်းက ထျန်းလန်ကို ရောက်နေတာတုန်း"

ထိုသူမှာ အခြားသူမဟုတ်။ ယွမ်ကျောက်တွင် တာဝန်ကျစဉ်က လော့ချန်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ အခြေတည်အဆင့် ကျင့်ကြံသူ ထောင်ရိရှန်း ပင်ဖြစ်သည်။ သူတို့နှစ်ဦးသည် တစ်ညလုံး မအိပ်ဘဲ ဆေးဖော်စပ်မှု အတတ်ပညာများကို အတူတကွ ဖလှယ်ခဲ့ဖူးကြသည်။

"ဟဲဟဲ.... ကျုပ် ရောက်နေတာ တော်တော်တောင် ကြာပြီဗျ"

ထောင်ရိရှန်းက ဝမ်းသာအားရနှင့် တုံ့ပြန်သည်။

"အရင် ရက်ပိုင်းကတင် မိတ်ဆွေလော့ဆီ လာလည်မလို့ပဲ၊ ဒါပေမဲ့ လော့ထျန်းလူတွေက မိတ်ဆွေလော့ တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောတာနဲ့ မလာဖြစ်တော့တာ၊ ဒီနေ့မှပဲ မမျှော်လင့်ဘဲ ဆုံခွင့်ရတော့တယ်ဗျာ"

ထောင်ရိရှန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပုံရပြီး ဝမ်းသာအားရနှင့် ဆက်ပြောပြန်သည်။

"အစ်မကြီး.... ဒါက လော့ချန်လေ၊ ကျွန်တော် ခဏခဏ ပြောဖူးတဲ့ ဆေးဖော်စပ်တဲ့နေရာမှာ ပါရမီ အရမ်းပါတဲ့ မိတ်ဆွေဆိုတာ သူပဲဗျ"

ထို့နောက် သူ့ဘေးနားရှိ အမျိုးသမီးဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်၏။

"မိတ်ဆွေလော့.... ဒါကတော့ ကျုပ်အစ်မ ထောင်ဝမ်ပါ"

လော့ချန်သည် ထောင်ရိရှန်း ရောက်လာကတည်းက ဘေးတွင် ပါလာသည့် အမျိုးသမီးကို သတိထားမိပြီးသား ဖြစ်သည်။ သူမသည် ရိုးရှင်းသော အစိမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ထည် သွယ်လျလှပသူ ဖြစ်သည်။ တည်ငြိမ်အေးဆေးသော မျက်နှာပေါ်ရှိ မျက်ခုံးရှည်ရှည်များအောက်မှ ကြည်လင်တောက်ပသော မျက်ဝန်းအစုံကမူ လော့ချန်အား သံသယရိပ်များဖြင့် စူးစိုက်ကြည့်နေ သယောင်ရှိသည်။

လော့ချန်သည် သူမ၏ ကျင့်ကြံဆင့်ကို အကဲခတ်ကြည့်လိုက်မိသည်။ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ချီစွမ်းအင် လှိုင်းတံပိုးများအရ သူမသည် အခြေတည်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူမနှင့် ယခုမှ ဆုံဖူးခြင်းဖြစ်သော်လည်း သူမ၏ အစွမ်းနှင့် ကျော်ကြားမှုကမူ ထျန်းလန် နတ်ဘုရားမြို့တော်တစ်ခုလုံးတွင် ဟိုးဟိုးကျော်လှသည်။ ပါရမီရှင်များ စာရင်းတွင် သူမ၏အမည်မှာ ချူခွေးနှင့် ကပ်လျက်ရှိနေပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း ချူခွေးနှင့် ရင်ဘောင်တန်းနိုင်သည်ဟု ဆိုကြသည်။

ထောင်ဝမ်က ဘေးဘီကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လော့ချန်အား စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

"ဒါနဲ့ မင်းက.... ဟယ်ယွင်နဲ့ အသိတွေလား"

"ဗျာ.... ဟယ်ယွင်.... ဟုတ်လား"

လော့ချန် မှင်သက်သွားပြီးမှ မျက်ခုံးပင့်ကာ ရေရွတ်လိုက်မိသည်။ ၎င်းမှာ စောစောက ရွှမ်ယွင်ကျီ၏ နာမည်ရင်း ဖြစ်ပေလိမ့်မည်။ သူ စိတ်ကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး အေးဆေးတည်ငြိမ်စွာပင် ဆက်မေးလိုက်၏။

"ကျွန်တော်တို့က စကားစမြည်ပြောဖူးရုံ၊ သာမန် သိကျွမ်းတဲ့အဆင့်ပါပဲ၊ အစ်မထောင်ဝမ်က.... ကျွန်တော့်ကို တစ်ခုခု မေးစရာရှိလို့လားဗျာ"

အထင်အမြင် လွဲနေပြီမှန်း ရိပ်မိသွားသော ထောင်ရိရှန်းက သူ့အစ်မကြီး၏ လက်မောင်းကို အသာအယာ တို့လိုက်ရင်း

"အစ်မကြီး.... သူက ကျွန်တော့်မိတ်ဆွေ အရင်းခေါက်ခေါက်ပါဗျာ၊ ကျွန်တော် သူ့ကို သိခဲ့တာ ဟယ်ယွင်နဲ့ သိခဲ့တာထက်တောင် ပိုစောသေးတယ်"

မောင်ဖြစ်သူမှ လေသံတိုးတိုးဖြင့် ကြားဝင်ဖျောင်းဖျလိုက်သဖြင့် ထောင်ဝမ်၏ မျက်နှာထားမှာ အနည်းငယ် ပျော့ပြောင်းသွားတော့သည်။ သူမသည် လော့ချန်ကို ကြည့်ကာ သာမန်လေသံမျိုးဖြင့် ဆိုသည်။

"အော်.... အစ်မက သိချင်ရုံသက်သက် မေးလိုက်တာပါ၊ တကယ်တော့လေ.... ယွိရွှမ်တောင်က ဟယ်မျိုးနွယ်စုနဲ့ အစ်မတို့ ထောင်မျိုးနွယ်စုကြားမှာ ဆက်ဆံရေး တင်းမာနေတာလေးတွေ ရှိနေလို့ကွဲ့.... တစ်မျိုးမထင်ပါနဲ့နော်"

သူမသည် ထိုသို့သာ ခပ်အေးအေး ရှင်းပြခဲ့ပြီး တောင်းပန်စကားမျိုးတော့ ပြောမသွားခဲ့ပေ။ လော့ချန်သည်လည်း အလိုက်သင့်ပင် ခပ်ဖွဖွ ပြုံးလိုက်ရင်း ဆိုသည်။

"အစ်မထောင်ဝမ်တို့ မျိုးနွယ်စုတွေကြားက ရန်ငြိုးတွေကို ကျွန်တော် မသိခဲ့လို့ပါဗျာ၊ ကျွန်တော့်ရဲ့ မသိနားမလည်မှုကိုပဲ ခွင့်လွှတ်ပေးစေချင်ပါတယ်"

သူမ၏ မြင့်မားလှသော ကျင့်ကြံဆင့်အပြင် မိတ်ဆွေဖြစ်သူ၏ အစ်မကြီး ဖြစ်နေသောကြောင့် လော့ချန်တစ်ယောက် သူမ၏ အထက်စီးဆန်သော အမူအရာကို ဥပေက္ခာပြုရင်း ယဉ်ကျေးပျူငှာစွာ တုံ့ပြန်လိုက်သည်။ ထောင်ဝမ်က ခေါင်းညိတ်ပြလျက် တစ်ခုခု ဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် စားပွဲသောက်ပွဲ ခန်းမကြီးထဲမှ လူတစ်ဦးသည် သူတို့ရှိရာဆီသို့ ရေးကြီးသုတ်ဖျာ ရောက်လာသည်။

ထိုလူက သူတို့ အနားသို့ ရောက်သည်နှင့် အသက်ရှူသံ ခပ်ပြင်းပြင်းဖြင့် လှမ်းပြောလိုက်သည်။

"မိတ်ဆွေလေး လော့.... ရေခဲခံတပ်ရဲ့ အကြီးအကဲက တွေ့ချင်လို့တဲ့၊ ခဏလိုက်ခဲ့ပါဦး...."

ထိုသို့ လာရောက်အကြောင်းကြားသူမှာ ရှီပေါ်ရင်းပင် ဖြစ်သည်။ သူမ၏ လေသံက မကျယ်လွန်း၊ မတိုးလွန်းသော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်လောက်ရုံတော့ ရှိ၏။ သူမ၏ စကားသံ ဆုံးသည်နှင့် ခန်းမအတွင်းရှိ လူအများစုသည် လော့ချန်ရှိရာဆီသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

သို့သော် လော့ချန်က တည်တည်ငြိမ်ငြိမ်ပင် "ကောင်းပါပြီဗျာ.... အဘွားရှီပဲ ကျွန်တော့်ကို ရှေ့က လမ်းပြပေးပါဦး" ဟု ဆိုလိုက်သည်။

ထို့နောက် လော့ချန်သည် ရှီပေါ်ရင်းနှင့်အတူ ယှဉ်တွဲလျက် သူ့ထံ စူးစိုက်ကြည့်နေကြသော အကြည့်များကို လျှစ်လျှူရှုကာ ထိုနေရာမှ အေးဆေးစွာ ထွက်ခွာသွားတော့သည်။ သူတို့ ထွက်သွားသည်နှင့် ကျန်ရစ်ခဲ့သော ထောင်ရိရှန်း၏ မျက်နှာလေးမှာ ချက်ချင်း ညှိုးငယ်သွားသည်။

"အစ်မကြီးရာ.... ကျွန်တော့်မှာ မိတ်ဆွေရင်းဆိုလို့ များများစားစားရှိတာ မဟုတ်ဘူး.... ပြီးတော့ သူက ဆေးဖော်စပ်တဲ့နေရာမှာလည်း တကယ်တော်တဲ့လူဗျ၊ အစ်မကြီး ဘာလို့ သူ့အပေါ် ဒီလိုမျိုး ဆက်ဆံလိုက်ရတာလဲ"

ထောင်ဝမ်က မောင်ဖြစ်သူ၏ အမေးကို ချက်ချင်း ပြန်မဖြေဘဲ နှုတ်ဆိတ်နေခဲ့သည်။ သူမသည် အဝေးသို့ ထွက်ခွာသွားသော လော့ချန်၏ ကျောပြင်ကိုသာ မျက်မှောင်ကြုတ်လျက် အဝေးမှ ငေးကြည့်နေမိ၏။ သူမ၏ မျက်တောင်ရှည်များအောက်ရှိ မှေးမှိန်နေသော မျက်ဝန်းအစုံတွင် မည်သို့သော အတွေးနှင့် ခံစားချက်များ ကိန်းအောင်းနေသည်ကိုမူ မည်သူတစ်ဦးတစ်ယောက်မျှ သိနိုင်မည်မဟုတ်ပေ။

….

ညဉ့်ကား တော်တော်ပင် နက်နေပြီ ဖြစ်သည်။

ကျဉ်းမြောင်းသော စင်္ကြံလမ်းမတစ်လျှောက် မီးအိမ်များ လင်းထိန်နေသော်လည်း နံရံများ၌ စီခြယ်ထားသော ပုံစံဆန်းပြားသည့် ရေခဲတုံးများကြောင့် အေးစက်စိမ့်ဝင်သော အလင်းရောင်များသာ ဖြာကျနေသည်။ ရှီပေါ်ရင်း၏ နောက်မှ ခပ်ခွာခွာ လိုက်ပါလာသော လော့ချန်၏ မျက်နှာထက်တွင် စိတ်မသက်မသာဖြစ်မှုနှင့် အတွေးမျိုးစုံ ဝင်နေသည်။ ထို့နောက် ပုံမှန်အတိုင်း ပြန်တည်ငြိမ်အောင်ကြိုးစားလိုက်သည်။

‘ဘာပြောပြော.... ထန်ထိုက်ကျင်းက ကရုဏာမဲ့နတ်သမီးရဲ့ တပည့်ပဲ.... သူက ငါ့ကို အရေးတကြီး ခေါ်တွေ့တယ်ဆိုရင်.... ဒါဟာ ကျောက်စိမ်းနှင်းစက်ဆေးလုံးနဲ့ ဆက်စပ်နေလောက်တယ်.... ’

ထိုသို့ ကောက်ချက်ချပြီးနောက် လော့ချန်၏ စိတ်ထဲမှ ဂဏာမငြိမ်ဖြစ်နေမှုများမှာ တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားတော့သည်။

မကြာမီမှာပင် ရှီပေါ်ရင်းသည် သူ့အား အလွန်အမင်း အေးစိမ့်လှသော ခန်းမဆောင်ကြီး တစ်ခုအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုနေရာ၏ လေထုမှာ ပါးလွှာလွန်းပြီး တိတ်ဆိတ်လွန်းလှရာ ထွက်ပေါ်လာသမျှ အသံပင်လျှင် ရေခဲရိုက်ခံလိုက်ရသလိုမျိုး အေးခဲတောင့်တင်းသွားသကဲ့သို့ ခံစားရစေသည်။

"ဝင်သွားလိုက်နော်.... အကြီးအကဲ စောင့်နေတယ်ကွဲ့"

လော့ချန်သည် သူ၏ ဝတ်ရုံကို သေသပ်အောင် ပြင်လိုက်ပြီးနောက်၊ စိတ်ကို ငြိမ်အောင်ထိန်းကာ ခန်းမဆောင်ကြီးအတွင်းသို့ ရဲရဲဝံ့ဝံ့ လှမ်းဝင်လိုက်သည်။ သူ ခေါင်းပင် မမော့ရသေးမီမှာပင် ခန်းမ၏ အတွင်းပိုင်းဆီမှနေ၍ အေးစက်ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာတော့သည်။

"ကျောက်စိမ်းနှင်းစက် ဆေးလုံးကို ဖော်စပ်ခဲ့တာ မင်းကိုး...."

လေလံပွဲတွင် ကြားခဲ့ရသည့် ခပ်မာမာအသံနှင့် နှိုင်းယှဉ်လျှင် ဤအသံမှာ ပို၍ပင် အေးစက်ခက်ထန် လွန်းလှပြီး ထန်ထိုက်ကျင်း၏ အသံနှင့်ပင် ဆင်သယောင်ရှိသည်။

လော့ချန် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ခေါင်းကို အသာညွတ်လျက်တရိုတသေပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ်ခင်ဗျာ.... ကျွန်တော် ကိုယ်တိုင် ဖော်စပ်ခဲ့တာပါ"

"ဆေးလုံးအထွက်နှုန်းက ထပ်တိုးလို့ရသေးလား"

“ဟုတ်ကဲ့ဗျ.... လက်ရှိကျွန်တော့်အခြေအနေနဲ့ဆို လောလောဆယ်တော့.... မရ လောက်သေးပါဘူးဗျ"

သူတို့နှစ်ဦးကြား စကားဝိုင်းမှာ ခေတ္တမျှ ရုတ်ချည်း ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်တွင် အရပ်မျက်နှာအသီးသီးမှ သွေးခဲမတတ် အအေးဓာတ်များနှင့်အတူ ပြင်းထန်လှသော တန်ခိုးအရှိန်အဝါများက ဝုန်းခနဲ လျှံကျလာတော့သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါများမှာ ခန်းမဆောင်ကြီးအတွင်း တဖြည်းဖြည်း ပျံ့နှံ့လာရာ ထိုလေအေးများမှာ ဓားမြှောင်များအသွင် ကိုယ်ထဲစိုက်ဝင်နေသကဲ့သို့ ခံစားရသည်။ ဝိညာဥ်ဓာတ်အားနည်းနေသော မောပန်းနွမ်းနယ်နေသော လော့ချန်သည် သူ၏ ဝိညာဉ်တစ်ခုလုံး တောင့်တင်းအေးခဲသွားသလို ခံစားလိုက်ရကာ၊ အရိုးတွင်းခြင်ဆီများအထိ စိမ့်ဝင်အေးစက်သွားပြီး စိတ်အာရုံများ ထုံထိုင်းလေးလံသွားသည်။

ထိုအသက်ရှူကျပ်ဖွယ် တန်ခိုးအရှိန်အဝါကြီးအောက်တွင် နောက်ဆုံး၌ ကရုဏာမဲ့နတ်သမီးက သရော်သလို လေသံမျိုးဖြင့် ထပ်မံ မိန့်ကြားလိုက်သည်။

"ဘာလဲ.... လောလောဆယ် မရသေးဘူးဆိုတော့.... နောက်ပိုင်းကျရင်တော့ ရနိုင်မယ်လို့ ဆိုလိုချင်တာလား.... ရှင်းရှင်းပြောစမ်း"

၎င်းမှာ မေးခွန်းတစ်ခု မဟုတ်ဘဲ ပြတ်သားလွန်းသည့် အတည်ပြုချက်တစ်ခုသာ ဖြစ်သည်။ ထိုစဉ် ထူထဲလှသော ကျမ်းစာအုပ်ကြီးတစ်အုပ်မှာ အထက်မှ ဝဲပျံကျလာပြီး လော့ချန်၏ ရှေ့မှောက် လေထုထဲတွင် ငြိမ်သက်စွာ ရပ်တန့်သွားတော့သည်။ ၎င်း ကျမ်းစာအုပ်ကို အပြာနုရောင် သားရေဖြင့် သေသပ်စွာ ဖုံးအုပ်ထားပြီး စာအုပ်အစွန်းများတွင် နှင်းခဲလေးများ စွဲကပ်နေ၏။

"အဲဒါက ရေခဲခံတပ်ရဲ့ အစောင့်အရှောက် အကြီးအကဲ တစ်ယောက် မဆုံးပါးခင် သူ ကိုယ်တိုင်ပြုစုခဲ့တဲ့ကျမ်းပဲ၊ အထဲမှာ အဆင့်တစ်ကနေ အဆင့်သုံးအထိ ဆေးဖော်စပ်မှုဆိုင်ရာ ပညာရပ်တွေနဲ့ ဗဟုသုတတွေ အစုံပါတယ်.... မင်း သေချာလေ့လာလိုက်ပါ၊ ပီးရင် ကျောက်စိမ်းနှင်းစက်ဆေးလုံးရဲ့ အထွက်နှုန်းကို အမြန်ဆုံး တိုးတက်အောင် လုပ်ပါ"

လော့ချန်မှာ မမျှော်လင့်ထားသော စကားကြောင့် အံ့ဩမှင်သက်သွားရကာ ခဏမျှ ဘာပြန်ပြောရမှန်းပင် မသိဖြစ်နေတော့သည်။

"နေစမ်းပါဦး.... မင်းရဲ့ ချီစွမ်းအားက ငါ့ အစွမ်းအရှိန်အဝါကို နည်းနည်းလေးတောင် ခံနိုင်ရည်မရှိအောင် တော်တော်ပျော့တာပဲ.... ရော့ ဒါက ရေခဲနတ်ဘုရားကျောက်စိမ်းပဲ၊ အမြဲတမ်း ကိုယ်နဲ့မကွာ ဆောင်ထားမယ်ဆို မင်း ဝိညာဉ်စွမ်းအား ပိုသန်မာလိမ့်မယ်...."

လော့ချန်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ စိတ်ထဲမှလည်း ‘ဒါ.... ဘာတွေ ဖြစ်ကုန်တာလဲ.... ကလေးဘဝထဲက ကွဲသွားတဲ့ အမေအရင်းနဲ့ ပြန်တွေ့နေတာကျနေတာပဲ.... ဒီအမျိုးသမီးက တယ်လဲ ငါ့အပေါ် ရက်ရောနေပါလား….’ ဟုတွေးရင်း ဇဝေဇဝါဖြစ်နေသည်။

သို့သော် လော့ချန် ချက်ချင်းပင် သတိပြန်ဝင်လာကာ စိတ်ထဲမှ အလောတကြီး တွေးလိုက်မိသည်။ ‘မဟုတ်သေးဘူး.... နေဦး ဒီလောက်အထိ ရက်ရောပြနေတယ်ဆိုရင်.... အပြန်အလှန်အနေနဲ့ ငါကလဲ ပိုရုန်းပေးရတော့မှာ.... လောကမှာ အလကားရတဲ့အရာ မရှိဘူး၊ အကုန်လုံးက သူ့တန်ဖိုးနဲ့သူပဲ….’

သူ့အထင် မှန်သည်။ ထိုအမျိုးသမီး ထပ်ပြောလိုက်သော စကားလုံးများက လော့ချန်၏ သံထသယကို ကွက်တိ အတည်ပြုပေးလိုက်တော့သည်။

"ငါပြောတာ သေချာနားထောင်.... နောက်ဆယ်နှစ် ကြာရင်.... ငါတို့အနွယ်ဝင်တွေအတွက် မင်းဆီကနေ ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေ တစ်နှစ်ကို အနည်းဆုံး တစ်ထောင်စီလောက် ပုံမှန် ရချင်တယ်၊ ပမာဏ ပိုများလေ ကောင်းလေပဲ.... အာနိသင် ပိုမြင့်ရင် တော့ အကောင်းဆုံးပေါ့.... ဘယ်နှယ့်လဲ မင်း.... ဒီတာဝန်ကို လုပ်နိုင်လား”

လော့ချန်သည် လေထဲတွင် ဝဲပျံနေသော ဆေးကျမ်းစာနှင့် ရေခဲနတ်ဘုရားကျောက်စိမ်းတို့ကို ကြည့်လိုက်သည်။ သူ အသက် ဝအောင် ရှူသွင်းလိုက်ပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ရာ သူ့မျက်လုံးတို့သည် အေးစက်ခက်ထန်ပြီး ကရုဏာကင်းမဲ့လှသော မျက်ဝန်းတစ်စုံနှင့် တည့်တည့်ဆုံစည်းသွားတော့သည်။

"ကျွန်တော့်အတွက်.... အဆင့်မြင့် ဆေးအိုးကြီးတစ်လုံး လိုပါလိမ့်မယ်ဗျ" ဟု သူ ရဲဝံ့တည်ငြိမ်စွာ တောင်းဆိုလိုက်သည်။

"ပြီးတော့ ဆေးဖော်စပ်တဲ့နေရာမှာ အထောက်အကူဖြစ်ဖို့ ဒုတိယအဆင့် မြေအောက်မီးလည်း လိုအပ်ပါမယ်ဗျာ"

"ရ စေ ရမယ်၊ ပြန်တော့...."

လော့ချန် နန်းတော်ဆောင်ကြီးထဲမှ ပြန်လည်ထွက်ခွာလာသောအခါတွင်မူ အိပ်မက်လား တကယ်လား ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင်များ စွဲကပ်နေဆဲပင် ဖြစ်သည်။ သည်နေ့တစ်နေ့တည်းနှင့် သူ ရရှိခဲ့သော ကျင့်ကြံခြင်း အရင်းအမြစ်များကား မယုံနိုင်စရာ ကောင်းလွန်းလှသည်။ စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေရန် သူ အဖြစ်အပျက်အားလုံးအား အာရုံထဲ မသွင်းနိုင်သေးချေ။ သို့သော် ရှီလန်တစ်ယောက် သူ့အနားသို့ ခပ်သွက်သွက် ရောက်ရှိလာချိန်တွင်မူ သူ၏ ဟန်ဆောင်တည်ငြိမ်မှုများမှာ လုံးဝ လက်လွှတ်ရတော့မလို ဖြစ်သွားခဲ့ရတော့သည်။

"အစ်ကိုကြီးလော့.... အရင်က မှာထားတဲ့ ထိပ်တန်း ဒုတိယအဆင့် ဂူဗိမာန် အစ်ကိုကြီးအတွက် အသင့်ပြင်ထားပြီနော်၊ အဆင်ပြေတဲ့အချိန် ပြောင်းလို့ရပြီရှင့်...."

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၈၀) - ကတ္တီပါထောင်ချောက်ထဲက မင်လုံယွီ

သန်းခေါင်ယံ အချိန်လောက်တွင် လော့ချန်သည် ထျန်းလန်တောင်ထိပ်ရှိ သူ၏ ဂူဗိမာန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ပိုင်မေလင်းက သူ့အတွက် ညစာကို ပြင်ဆင်ထားပြီးဖြစ်ကာ ၎င်းမှာ စီမာဟွေ့နန် အထူးတလည် စီစဉ်ပေးထားသော ဒုတိယအဆင့် မိစ္ဆာသားရဲအသားနှင့် အကောင်းဆုံး ဒုတိယအဆင့် ဝိညာဉ်ဆန်တို့ ဖြစ်ကြသည်။ အရန် ဟင်းလျာများပင်လျှင် ချီစွမ်းအင်များ စိမ့်ဝင်ပျံ့နှံ့နေသော ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်များ ဖြစ်ကြ၏။

ယခင်ကဆိုလျှင် လော့ချန်သည် အစားအသောက် ညစာကိစ္စကို ဂရုမစိုက်သလောက်ဖြစ်သည်။ သူသည် ကျင့်ကြံခြင်း သို့မဟုတ် ဆေးဖော်စပ်ခြင်း ပညာရပ်များထဲတွင်သာ အာရုံစူးစိုက် နေတတ်ပြီး တစ်နေ့လျှင် တစ်နပ်မျှသာ စားလေ့ရှိသည်။ အလွန် အလုပ်များလွန်းသည့် အချိန်မျိုးတွင်မူ အစားအသောက် လုံးဝမစားဘဲ ရက်ဆက် နေတတ်လေ့ရှိသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအဖို့ လေထုထဲမှ ချီစွမ်းအင်များကို စုပ်ယူရုံမျှဖြင့်ပင် ခန္ဓာကိုယ်ကို အစာမလိုဘဲ အားအင်ပြည့်ဝစွာ ထိန်းသိမ်းထားနိုင်လေသည်။

ယခုမူ အခြေအနေက လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ လောလောဆယ်တွင် သူသည် လူသားတို့၏ ပုံမှန်အစားအသောက်များကို ပြန်လည်မှီဝဲရန် လိုအပ်နေ၏။ သူ့တွင် အခြားရွေးချယ်စရာ လမ်းမရှိချေ။ နတ်ဘုရားတစ္ဆေ မှန်နှလုံးသား၏ စမ်းသပ်မှုကို ခံယူခဲ့ရခြင်းက သူ၏ ပင်မဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပြီး အလွန်အမင်း မောပန်းနွမ်းနယ်သွားစေခဲ့သည်။ ယင်းဝိညာဉ်ဒဏ်ရာ၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ တကယ့်ကို ပြင်းထန်လွန်းလှ၏။

လေလံပွဲအတွင်း၌ပင် သူ၏ ကိုယ်ခန္ဓာနှင့် စိတ်အခြေအနေတစ်ခုခု လွဲချော်နေသည်ကို သူ သတိထားမိခဲ့သည်။ သူ၏ အတွေးအာရုံများမှာ ဟိုရောက်ဒီရောက် ပျံ့လွင့်နေပြီး၊ စိတ်နှလုံး ခံစားချက်များမှာလည်း တည်ငြိမ်မှုမရှိဘဲ လှုပ်ခတ်နေသည်။ အသေးအဖွဲ ကိစ္စလေးများကပင် သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေသလို၊ အလွယ်တကူ စိတ်ဓာတ်ကျ အားငယ်သွားစေသည်။ အထူးသဖြင့် ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူ အမျိုးသမီးနှင့် တွေ့စဥ်က အနည်းငယ်မျှသော တန်ခိုးအရှိန်အဝါကိုပင် မတွန်းလှန်နိုင်ဘဲ အသက်ရှူကျပ်သွားခဲ့ရသည်။

"ဒါ.... တော်တော်အခြေအနေဆိုးနေတဲ့ လက္ခဏာပဲ၊ ငါ အမြန်ဆုံး အနားယူပြီး ဝိညာဉ်ဒဏ်ရာကို ပြန်ကုသမှ ဖြစ်မယ်...."

နောက်ဆုံး ညစာတစ်လုပ်ကို လက်စသတ်ပြီးနောက် လော့ချန် စိုးရိမ်တကြီး တွေးလိုက်မိသည်။

ထို့နောက် သူသည် ပိုင်မေလင်းအား ဝိညာဉ်စုအလံ သန့်စင်ခြင်း ကိစ္စနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ တိုးတက်မှု အနည်းငယ်မျှသာ ရှိသေးကြောင်း သိရသဖြင့် နားလည်စွာ ခေါင်းညိတ်ပြလိုက်ပြီး သီးသန့် ကျင့်ကြံခန်း အတွင်းသို့ လှမ်းဝင်ခဲ့သည်။

သူ ကျင့်ကြံခန်းထဲ ဝင်လာခြင်းမှာ ကျင့်စဉ်များ ဆက်လက် ကျင့်ကြံရန် မဟုတ်ပေ။ သူ၏ လက်ရှိ စိတ်ဝိညာဉ် အခြေအနေမှာ ကျင့်ကြံရန် လုံးဝ မသင့်တော်သေးချေ။ ထိုအစား သူသည် ရင်ဘတ်ထဲမှ ကျောက်စိမ်းဆွဲသီးလေးတစ်ခုကို ထုတ်ယူကာ ၎င်း၏ အေးစိမ့်ချောမွတ်လှသော မျက်နှာပြင်ကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ရင်း အတွေးနယ်ချဲ့နေမိတော့သည်။

ကရုဏာမဲ့နတ်သမီး၏ တောင်းဆိုချက်အရ နောက်ဆယ်နှစ်အတွင်း ကျောက်စိမ်းနှင်းစက် ဆေးလုံးကို တစ်နှစ်လျှင် အလုံးရေ တစ်ထောင်ကျော် ပုံမှန်ထုတ်ပေးရန်မှာ သာမန် ဆေးဆရာ တစ်ဦးအဖို့ အလွန်ပင် ခက်ခဲလွန်းလှသည်။ အထူးသဖြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးမှာ ဖော်စပ်ရန် အခက်ခဲဆုံးသော ဒုတိယအဆင့် ဆေးလုံးများထဲမှ တစ်ခု ဖြစ်နေပေသည်။

သို့သော် လော့ချန်အတွက်မူ ၎င်းမှာ ကြီးမားလှသော စိန်ခေါ်မှု မဟုတ်ပေ။ သူ့ထံတွင် အခြေအနေပြကြေးမုံပြင် ရှိနေသဖြင့် အချိန်နှင့် ကြိုးစားအားထုတ်မှု အနည်းငယ်မျှသာ ရင်းနှီးပေးလိုက်ပါက၊ ဆေးလုံးဖော်စပ်မှု ကျွမ်းကျင်မှုအဆင့်နှင့် အောင်မြင်မှုနှုန်းမှာ မလွဲမသွေ သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။

ထို့ကြောင့်ပင် သူသည် အဆင့်မြင့် ဆေးအိုးကြီးနှင့် ဒုတိယအဆင့် မြေအောက်မီးကို ဝံ့ဝံ့ရဲရဲ ရဲတင်းစွာ တောင်းဆိုခဲ့ခြင်း ဖြစ်ကာ သူမ၏ မျှော်လင့်ချက်များကို ပြည့်မီအောင် လုပ်ဆောင်ပေးနိုင်မည်ဟုလည်း ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်မှ ဤမျှအထိ လွယ်လွယ်ကူကူ သဘောတူညီခဲ့မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ အဆင့်မြင့် ဆေးဖော်ပညာရပ်ဆိုင်ရာ ကျမ်းစာ ဗဟုသုတများ၊ ရေခဲနတ်ဘုရားကျောက်စိမ်း၊ အဆင့်မြင့် ဆေးအိုးကြီး၊ ဒုတိယအဆင့် မြေအောက်မီးနှင့် ထိပ်တန်းအဆင့် ဂူဗိမာန်ကိုပင် သူ့အတွက် တခါတည်း အပြီးအပြတ် စီစဉ်ပေးခဲ့လေသည်။

“အင်း.... ကြည့်ရတာ သူ တော်တော်စိတ်လောနေပုံပဲ.... ပြီးတော့ လေလံပွဲတုန်းက ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ဓားအမြုတေ ပေါ်လာတာကို ကြည့်ရင်....ရေခဲခံတပ်က သိပ်မကြာခင် ဖြစ်လာမဲ့ စစ်ပွဲကြီးမှာ တစ်ဖက်ဖက်ကနေ ကျိန်းသေပေါက် ကြားဝင်လာတော့မယ်ထင်တယ်.... ကဲပါလေ.... လောလောဆယ်တော့ ဒါတွေက ငါ့အဆင့်နဲ့ မဆိုင်သေးပါဘူး၊ သူတို့ဘက်က ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေကို အသည်းအသန် လိုချင်တယ်ဆိုရင်တော့.... ငါ့ကို လုံခြုံအောင် စောင့်ရှောက်ပေးမှာတော့ သေချာတယ်...."

လော့ချန်၏ နှုတ်ခမ်းဖျားတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး၊ ရေခဲနတ်ဘုရားကျောက်စိမ်းကို သူ၏ ဝိညာဉ်သိုလှောင်အိတ်အတွင်းသို့ သေသပ်စွာ ထည့်သွင်းလိုက်သည်။ အကြောင်းမူကား သူ နောက်ထပ် လုပ်ဆောင်တော့မည့် တိုးတက်မှုအစီအစဉ်အတွက် ဤဝိညာဉ်ကျောက်စိမ်း ရှိနေရန် မသင့်တော်သောကြောင့်ပင် ဖြစ်သည်။

သူသည် အမွှေးတိုင်အိုးလေး တစ်လုံးနှင့်အတူ ဆန်းပြားလှသော သစ်ပင်အမြုတေ အပိုင်းအစလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းသစ်သားမှ အစအနလေးတစ်ခုကို ခပ်ဖွဖွ လှီးယူကာ အမွှေးတိုင်အိုးအတွင်းသို့ ထည့်လိုက်၏။ ထိုစဉ် သူ၏ လက်ထိပ်ဆီမှနေ၍ အခြေတည်အဆင့် ကျင့်ကြံသူတို့၏ သန့်စင်လှသော မီးတောက် အမျှင်တန်းလေးတစ်ခု စီးဆင်းထွက်ပေါ်လာတော့သည်။ ထိုမီးတောက်ကြောင့် ရွှိယန်သစ်ပင် အမြုတေ အပိုင်းအစလေးမှာ ဖြည်းညင်းစွာ ကျွမ်းလောင်လျက် မွှေးပျံ့သော မီးခိုးငွေ့တန်းလေးများ လွင့်မျော ထွက်ပေါ်လာတော့သည်။

ထို ထူးခြားဆန်းပြားသော ရနံ့သင်းကြိုင် နေသည့် မီးခိုးငွေ့တန်းများမှာ တရိပ်ရိပ် လွင့်ပျံ့လာ သည်နှင့်တပြိုင်နက် လော့ချန်သည် နှာသီးဖျားမှတဆင့် အကုန်အစင် အဝရှူသွင်းလိုက်၏။

မကြာမီ နွေးထွေးအေးချမ်းလှသော ခံစားမှုလှိုင်းတံပိုးတစ်ခုသည် သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ဖြည်းညင်းစွာ စိမ့်ဝင်ပျံ့နှံ့သွားတော့သည်။ နံနက်ခင်း နေရောင်ခြည်နွေးနွေးအောက်ရှိ အကိုင်းအခက်များနှင့် ဝေဆာလှသော အရွက်များကို တဖျတ်ဖျတ်ဖြင့် စတင်ဆန့်ထုတ်နေသည့် သစ်ပင်ကြီးတစ်ပင်ကဲ့သို့ သူ၏ ကျယ်ပြောလှသော ချီပင်လယ် အတွင်းတွင် အထူးတဆန်း ခံစားလိုက်ရသည်။

ဤ ရွှီယန်အမွှေးတိုင်သည် ကျင့်ကြံသူတို့၏ ဒဏ်ရာရနေသော ပင်မဝိညာဉ်ကို ပြန်လည်အားဖြည့် ပျိုးထောင်ပေးနိုင်သည်ဟုဆိုကြသည်။ ၎င်း၏ ဆေးအာနိသင်မှာ နှေးကွေးငြိမ့်ညောင်းသော်လည်း အစွမ်းထက်လှသည့်အပြင် ၎င်း၏ မွှေးရနံ့မှာလည်း ဆွဲဆောင်မှုရှိရှိ သင်းပျံ့ တာရှည်ခံလှပေသည်။

….

နောက်တစ်နေ့ နံနက်မိုးသောက်ယံ အချိန်တွင် လော့ချန်သည် သူ၏ နူးညံ့လှသော ကုတင်ထက်မှ နိုးထလာခဲ့သည်။ သူသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး မျက်လုံးများကို ခပ်ဖွဖွပွတ်ကာ ဧည့်ခန်းဆောင်အတွင်းသို့ ပေါ့ပါးစွာ လမ်းလျှောက်ထွက်လာခဲ့၏။

ဝိညာဉ်မလေး ပိုင်မေလင်းကမူ တစ္ဆေကြိတ်ဆုံ ရတနာအတွင်း၌ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင် ဖြစ်သည်။ သူမမှာ အစောကြီး ထလေ့ထရှိသူ မဟုတ်ချေ။

လော့ချန်သည် ကျင့်ကြံသူတို့ သုံးလေ့ရှိသည့် သန့်စင်ခြင်း မှော်အတတ်ကို အသုံးမပြုဘဲ၊ သာမန်လူသားကဲ့သို့ ရေအေးအေးဖြင့်သာ မျက်နှာသစ်လိုက်သည်။ ထို့နောက် ဂူဗိမာန် ကာကွယ်ရေးအစီအရင်ကို အသက်သွင်းကာ အပြင်ဘက်သို့ လှမ်းထွက်ခဲ့၏။

နံနက်ခင်း၏ အေးမြလှသော တောင်ပေါ် လေပြေအေးသည် သူ၏ မျက်နှာပြင်ထက်သို့ လတ်ဆတ်စွာ ဖြတ်သန်းတိုက်ခတ်သွားတော့သည်။

ထိုစဉ် နေရောင်ခြည်နွေးနွေးကျရောက်နေသော ဂူဗိမာန်အပြင်ဘက်တွင် တစ်ဦးတည်း ငြိမ်သက်စွာ ရပ်တန့်စောင့်ဆိုင်းနေသော လူတစ်ဦးကို လော့ချန် တွေ့လိုက်ရသည်။

ထိုသူကား အခြားသူမဟုတ် မင်လုံယွီ ပင် ဖြစ်တော့သည်။

လော့ချန်သည် ထိုမြင်ကွင်းကြောင့် အနည်းငယ်မျှပင် အံ့ဩတုန်လှုပ်ခြင်း မရှိပေ။ သူသည် စီမာဟွေ့နန်မှတစ်ဆင့် မင်လုံယွီအား သူ့ဆီ ယနေ့လွှတ်ပေးရန် မနေ့ကတည်းက ကြိုတင်မှာကြားထားခဲ့ပြီးသား ဖြစ်သည်။ သို့သော် ဤမျှအထိ စောစောစီးစီး ရောက်ရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။ လေလံပွဲအတွင်း၌ အခြေတည်ဆေးလုံးကို စီမာဟွေ့နန်အား လက်ဆောင်ပေးလိုက်သည်ကို သိရှိသွားစဥ်ကတည်းက သူ့အနေဖြင့် မအိပ်နိုင်မစားနိုင် စိုးရိမ်ပူပန်ခြင်းကြီးစွာ ဖြစ်နေခဲ့သည်မှာ ထင်ရှားလှပေသည်။

"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော်...."

မင်လုံယွီက အလောတကြီး လှမ်းခေါ်လိုက်သည်။

"နေစမ်းပါဦးကွား.... မလောပါနဲ့ဦး...." လော့ချန်က တည်ငြိမ်အေးဆေးသော လေသံဖြင့် ကြားဖြတ်ပြောလိုက်ရင်း "စောစောစီးစီး ခြေလေး လက်လေးဆန့်၊ သွေးပူလေ့ကျင့်ခန်းလေး အရင်လုပ်ခွင့်ပေးပါဦးကွာ"

မင်လုံယွီသည် လော့ချန်၏ အရှိန်အဝါကြောင့် ဆက်ပြောမည့် စကားလုံးများကို လည်ချောင်းဝတွင်တင် ပြန်လည်မျိုချလိုက်ရကာ၊ နှုတ်ဆိတ်လျက် ငြိမ်သက်စွာသာ စောင့်ဆိုင်းနေလိုက်တော့သည်။

ထို့နောက် သူ၏ ရှေ့မှောက်တွင် လော့ချန်သည် သွေးပူလေ့ကျင့်ခန်းအနေဖြင့် အခြေခံသိုင်းကွက်များကို လှုပ်ရှားလေ့ကျင့်နေလေသည်။ လှုပ်ရှားမှုတိုင်းသည် သတိပဋ္ဌာန်အပြည့်ဖြင့် တည်ငြိမ်စွာရှိလှပေသည်။

ဤသည်မှာ ဝမ်မျိုးနွယ်စု လက်စွဲကျမ်းမှ ကိုယ်ခန္ဓာ အဂါငါးပါး ပြုစုပျိုးထောင်ခြင်း လက်သီး သိုင်းကျင့်စဉ် ဖြစ်ကာ တိုက်ခိုက်ရေးစွမ်းအားထက် ခန္ဓာကိုယ်ကျန်းမာရေးနှင့် ဒဏ်ရာကုသမှုကိုသာ ပိုမို အာရုံစိုက်ထားခြင်း ဖြစ်သည်။ ၎င်းကျင့်စဉ်၏ တကယ့်ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောကွန်ရက်များကို ပြန်လည်ပြုပြင်ရန်၊ အသက်ဓာတ်အတွက် အရေးပါလှသော ပင်မစွမ်းအင်ငါးပါးကို ပြုစုပျိုးထောင်ရန်နှင့် ကိုယ်တွင်းစွမ်းအင်ဗဟိုကို မျှခြေဖြစ်ကာ သဟဇာတ ဖြစ်စေရန် ဖြစ်သည်။

ဝမ်ယွမ်သည် ဤကျင့်စဉ်ကို ငယ်စဉ်ကတည်းက စတင်ကာ သွေးသားထဲ စိမ့်ဝင်အောင် လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ လောကီအဆင့်မြင့် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်လာပြီးနောက်တွင်မူ သူသည် ၎င်းကျင့်စဉ်ကို ထပ်ခါတလဲလဲ သုတေသနပြုကာ အဆင့်မြှင့်တင်ခဲ့၏။ ထို့နောက် မသေမျိုး ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေလှမ်းလှမ်း ဝင်ရောက်လာသောအခါတွင်လည်း သူသည် ချီစွမ်းအင် ကျန်းမာရေးဆိုင်ရာ နက်နဲသောအယူအဆများကိုပါ ၎င်းကျင့်စဉ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းခဲ့ပြန်သည်။ ဤကဲ့သို့သော မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့်သာ လောကတွင် ဟိုးဟိုးကျော်လှသည့် စွမ်းအင်ငါးပါး ပေါင်းစည်းခြင်းကဲ့သို့သော ထိပ်တန်းကျင့်စဉ်နည်းစနစ်များကို သူ ကိုယ်တိုင် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်တော့သည်။

လော့ချန်သည် ထိုထက်မြက်နက်ရှိုင်းလှသော နည်းစနစ်များကို သေသေချာချာ လေ့လာဆည်းပူးခဲ့သော်လည်း သူ၏ လက်ရှိအခြေခံကျင့်ကြံဆင့်မှာ ၎င်းတို့ကို အလုံးစုံ တတ်မြောက်အောင်မြင်ရန်အတွက် မလုံလောက်သေးချေ။ သို့သော် လုံ့လစိုက်ထုတ်၍ နေ့စဉ်ရက်ဆက် လေ့ကျင့်ပေးခြင်းက ရေရှည်တွင် သူ့အား ကြီးစွာသော အကျိုးကျေးဇူး ပြုပေလိမ့်မည်။ သိုင်းကွက်တစ်စုံလုံးကို အပြီးသတ် ကစားပြီးနောက် လော့ချန်သည် သူ၏ စိတ်အာရုံကို စုစည်းကာ အခြေအနေပြ ကြေးမုံပြင်ကို ကြည့်ရှုလိုက်တော့သည်။

‘ဝမ်မျိုးနွယ်စု လက်စွဲကျမ်း - တတ်မြောက်အဆင့် (၁၄၇/၂၀၀)’

သူ မသိလိုက်သည့် အချိန်အတွင်းမှာတင် သူ၏ ကျွမ်းကျင်မှုအဆင့်ကား ထပ်မံ တိုးတက်မြင့်မားလာခဲ့ပြန်ပြီ ဖြစ်သည်။ ထို့အပြင် အောင်မြင်မှု အမှတ်အသစ် တစ်မှတ်မှာလည်း စနစ်မျက်နှာပြင်ထက်၌ တိတ်တဆိတ် ထပ်တိုးလာခဲ့ချေပြီ။

ထိုစဉ် လော့ချန်၏ အရေပြားထက်တွင် ချွေးစလေးများ စို့ထွက်နေသဖြင့်၊ သူသည် ဝတ်ရုံစကို အသာအယာ ဝှေ့ယမ်းကာ သန့်စင်ခြင်း မှော်အတတ်ကို လျင်မြန်စွာ အသုံးပြုလိုက်ရာ သူတစ်ကိုယ်လုံးမှာ ချက်ချင်းပင် လန်းဆန်းသန့်ရှင်းသွားတော့သည်။ ထို့နောက် သူသည် မင်လုံယွီ၏ ရှေ့မှောက် တစ်လံခန့် အကွာအဝေးဆီသို့ ပေါ့ပါးစွာ လျှောက်လှမ်းသွားလိုက်သည်။

မင်လုံယွီ၏ မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေသော အကြည့်များကို ရင်ဆိုင်ရင်း သူ မည်သည့် အမူအယာမှမပြဘဲ အေးစက်စက်နှင့် တည့်တိုး မေးမြန်းလိုက်တော့သည်။

"မင်း.... ငါ့ဆီကို အခြေတည်ဆေးလုံး လာတောင်းတာလား...."

မင်လုံယွီက မျှော်လင့်ချက်အပြည့်ဖြင့် စိတ်အားထက်သန်စွာ ခေါင်းကို ဆတ်ဆတ်ခါ ငြိတ်ပြလိုက်သည်။

စီမာဟွေ့နန် လေလံပွဲအတွင်း၌ ထိုမသေမျိုးဆေးလုံးကို သိန်းချီပေးကာ ဝယ်ယူခဲ့စဉ်ကတည်းက ၎င်းကို သူ့အား ဆုလာဘ်အဖြစ် ပေးသနားလိမ့်မည်ဟု သူ တထစ်ချ ထင်မြင်ယူဆခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမက ထိုဆေးလုံး ပိုင်ဆိုင်ခွင့် ဆုံးဖြတ်ချက်ကို အဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်သူ လော့ချန်ထံသို့သာ လုံးဝ လွှဲပြောင်းပေးခဲ့ချေသည်။ ထို့ကြောင့်ပင် သူသည် လော့ချန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်အထိ နေ့မကူး ညမကူး စိုးရိမ်တကြီး စောင့်ဆိုင်းခဲ့ရသည်။သို့သော် မမျှော်လင့်ဘဲ ထိုဆေးလုံးမှာ ယမန်နေ့ကတည်းက စီမာဟွေ့နန်အား လော့ချန်ကိုယ်တိုင် ပေးအပ်ပြီးဖြစ်ကြောင်း သိလိုက်ရသဖြင့် ရင်တစ်ခုလုံး ဗြောင်းဆန်သွားခဲ့ရသည်။ စီမာဟွေ့နန်ကပင် လော့ချန်နှင့် လူချင်းတွေ့ပြီး နဖူးတွေ့ဒူးတွေ့ စကားပြောရန် သူ့အား လော့ချန်ဆီ စေလွှတ်လိုက်ခြင်းဖြစ်သည်။

ယခုမူ သူသည် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းကို နှစ်ရာချီ တိုးမြှင့်ပေးမည့် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်မည့် တစ်သက်တာ အခွင့်အရေးအပြင် မိမိ၏ ကံကြမ္မာကို အလှည့်အပြောင်းလုပ်ရန်အတွက် ဤဂူဗိမာန်ရှေ့သို့ မျက်နှာငယ်လေးဖြင့် ရောက်ရှိနေလေသည်။

လော့ချန်က မင်လုံယွီအား အကဲခတ်ဟန်ဖြင့် တည်ငြိမ်စွာ စိုက်ကြည့်လိုက်ရင်း

"ဒီလောက်လဲ ပူမနေပါနဲ့ကွာ.... ငါ့ကတိအတိုင်း အချိန် သုံးနှစ်အတွင်း မင်းအတွက် အခြေတည်ဆေးလုံး သေချာပေါက် ရှာပေးမှာပါ၊ ငါက ကတိဖျက်တဲ့ လူစားမျိုး မဟုတ်မှန်း မင်းသိပါတယ်.... အေး ဒါပေမဲ့.... တစ်ခုတော့ရှိတယ်ကွာ.... မင်း တကယ်ပဲ အခြေတည်အဆင့်တက်ဖို့ အဆင်သင့်ဖြစ်ရဲ့လား၊ တကယ်ရော အဆင့်တက်ချင်ရဲ့လား ဆိုတာတော့ သံသယဖြစ်မိတယ်...."

မင်လုံယွီမှာ လော့ချန်၏ စကားကြောင့် လန့်ဖျန့်အံ့ဩသွားရကာ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိကြောင်း သက်သေပြရန် အလျင်စလိုပြောလိုက်သည်။

"ဟာဗျာ.... ဘယ်လိုမေးလိုက်ပါလိမ့်.... ကျွန်တော့်ရဲ့ အခြေတည်အဆင့်ကို တက်လှမ်းလိုတဲ့ စိတ်ဆန္ဒက ကျောက်ဆောင်ကျောက်သားထက်မက ခိုင်မာပါတယ် ခေါင်းဆောင်ရယ်.... ကျိန်ဆို ကျိန်ရဲပါတယ်.... ဒါကို ကောင်းကင်နဲ့ မြေကြီး သက်သေတည်နိုင်ပါတယ်ဗျာ"

"အဟက်.... တယ်ဆိုတဲ့ စာပါလားကွာ...."

လော့ချန်က သူ့အား လှောင်ပြုံးတစ်ဝက်ဖြင့် စူးစိုက်ကြည့်လိုက်ရင်း

"ဒါဆိုရင်.... အသက်ဘေးနဲ့ မသေမျိုး ကျင့်ကြံခြင်းလမ်းစဉ် နှစ်ခုကြားမှာ တစ်ခု ရွေး ရမယ်ဆိုရင်ရော.... မင်း မတုံ့မဆိုင်းနဲ့ သေမင်းတံခါးဝကို ဖြတ်ကျော်ပြီး ရှေ့ဆက်တိုးဝံ့ပါ့မလား...."

မင်လုံယွီတစ်ယောက် ဆွံ့အလျက် ဘာမှပြန်မဖြေကြားနိုင်မီမှာပင် လော့ချန်၏ လက်ညှိုးနှင့် လက်ခလယ်ကြား၌ ဆီးသီးအရွယ်အစားခန့်ရှိသော ဆန်းပြားလှသည့် ဆေးလုံးတစ်လုံးမှာ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။

လော့ချန်သည် လှည့်ဖြားစွမ်းရှိသည့် ဂါထာတစ်ခုရွတ်လိုက်သည်။ မင်လုံယွီတစ်ယောက် သတိမထားမိနိုင်မီမှာပင် လော့ချန်၏ စူးရှလှသော စိတ်အသိမျှင်တန်းများမှာ ထိုလူ၏ စိတ်အာရုံကမ္ဘာအတွင်းသို့ တိတ်တဆိတ် စိမ့်ဝင်သွားလေသည်။

"ကိုင်း.... ဒီမှာ ကြည့်စမ်း.... ဒါ.... မင်း လိုချင်နေတဲ့ အခြေတည်ဆေးလုံးပဲ၊ ငါ မင်းအတွက် အားစိုက်ပြီး ရအောင် ယူပေးခဲ့ပေမဲ့.... မင်းရဲ့ တာအိုအခြေခံက ဒါနဲ့ ထိုက်တန်မှုမရှိဘူးလို့ ငါ ခံစားနေရတယ်၊ ဒီလို အဖိုးတန်လှတဲ့ အံ့ဖွယ်မသေမျိုးဆေးလုံးမျိုးကို မင်းလို စိတ်ဓာတ်ပျော့ညံ့သူဆီမှာ အလဟဿ အဖြစ်မခံနိုင်ဘူး၊ မင်း ကျရှုံးမှာကို ထိုင်စောင့်နေမယ့်အစား....

ငါ ဒါကို အခုချက်ချင်းမီးတောက်နဲ့ ဖျက်ဆီးပစ်လိုက်မယ်၊ ဒါမှ မင်း သာမန်လူတစ်ယောက်လို ကျင့်ကြံခြင်းလောကရဲ့ ဒုက္ခဆိုးတွေကနေ ကင်းဝေးမှာ...."

လော့ချန်က ထိုသို့ပြောရင်းနှင့် သူ၏ လက်ချောင်းများဖြင့် ဆေးလုံးထက်သို့ ဖြည်းညင်းစွာ ဖိအားပေးလိုက်ရာ ထိုအဖိုးတန်ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် စိုးရိမ်ဖွယ်ရာ အက်ကြောင်းများပင် စတင် ထွက်ပေါ်လာတော့သည်။

ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ မင်လုံယွီတစ်ယောက် တုန်လှုပ်ချောက်ခြားခြင်းများစွာဖြင့် အလန့်တကြား ပြောလိုက်သည်။

"ဟာ မလုပ်ပါနဲ့ မလုပ်ပါနဲ့ဗျာ ခေါင်းဆောင် ခင်ဗျား ဒါမျိုး လုံးဝမလုပ်သင့်ဘူး...."

သူသည် မသိစိတ်၏ စေ့ဆော်မှုကြောင့် ရှေ့သို့တဟုန်ထိုး ပြေးသွားကာ လော့ချန် လက်ထဲမှ ဆေးလုံးကို လုယူရန် ဟန်ပြင်လိုက်သည်။

"နေစမ်းပါဦး မင်းက.... တကယ်ပဲ ဒီဆေးလုံးတစ်လုံးအတွက်နဲ့ ငါ့ကို တိုက်ခိုက်တော့မလို့လား...." ဟု လော့ချန်က စူးစိုက်ကြည့်ကာ အေးစက်သော လေသံဖြင့် မေးလိုက်သည်။

"မင်း သေချာ စဉ်းစားနော် မင်လုံယွီ၊ ငါက အခြေတည်အဆင့်နော်၊ မင်းလို ချီသန့်စင် အဆင့်က ငါ့ကို လာရန်စရင် ဘာဖြစ်သွားမလဲ၊ နောက်ဆက်တွဲ အကျိုးဆက်က ဘယ်လောက်အထိ ကြောက်စရာကောင်းလဲ မသိဘူးလား...."

ထိုသတိပေးချက်ကြောင့် မင်လုံယွီ၏ ခြေလှမ်းများမှာ ချက်ချင်းပင် ခဲဆွဲထားသကဲ့သို့ လေးလံတောင့်တင်းသွားတော့သည်။ သူ မလုပ်ဝံ့ချေ။ အခြေတည်ကျင့်ကြံသူတစ်ဦး၏ အစွမ်းကို သူကဲ့သို့ ချီသန့်စင်အဆင့်ကျင့်ကြံသူသည် အဘယ်နည်းဖြင့် အနိုင်တိုက်ပါမည်နည်း။

လော့ချန်၏ လက်ချောင်းကြားရှိ မသေမျိုးဆေးလုံးမှာ ပိုမိုအက်ကွဲလာသည်နှင့်အမျှ မင်လုံယွီသည်လည်း မမြင်ရက်သလို အားကိုးရာမဲ့စွာ တုန်ယင်သွားကာ မြေပေါ်သို့ ချက်ချင်း လဲကျသွားတော့သည်။ ပြင်းထန်လှသော စိတ်နာကျင်မှုများကြောင့် သူ့မျက်လုံးများကို အားလျော့စွာ ပိတ်ထားလိုက်မိစဉ် သူ၏ မှတ်ဉာဏ်အတွင်း၌ အတိတ်မှ လွမ်းမော နာကျင်ဖွယ်ရာဖြစ်ရပ်များ ပြန်ပေါ်လာသည်။

ကောင်းလင်လွင်ပြင်ရှိ ကျောက်တုံးဝင်္ကပါတောအောက်၌ မင်လုံယွီသည် မိမိကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားကာ မာနထောင်လွှားသည့် မျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်နေသည်။

'တောက်.... ဒီလော့ချန်က ဘယ်လိုမှ သာမန်လူ မဟုတ်ဘူး.... ဝမ်ဟိုင်ချောင်တို့အဖွဲ့တောင်မှ သူ့ကို အသာစီးရဖို့ မလွယ်ဘူး၊ ငါ သူတို့ကို ကူညီပြီး လော့ထျန်းအဖွဲ့က လူတွေကို သတ်ပေးလိုက်ရင်တောင်.... ငါ့အတွက် တကယ့် ကျင့်ကြံခြင်း အကျိုးအမြတ်က ဘာရှိမှာမို့လို့လဲ၊ ဒီလို ကြောက်စရာကောင်းတဲ့ ရန်သူအင်အားကြီးတစ်ယောက် တိုးလာမယ့်အစား.... ငါ ကြားနေပဲ လုပ်ပြီး သူတို့ကို အသာလေး လွှတ်ပေးလိုက်တာ ပိုကောင်းမယ်၊ ပြီးတော့မှ အခြေတည်အဆင့် စမ်းသပ်မှု ပြီးဆုံးတဲ့အထိ အကဲခတ် စောင့်ကြည့်တာပေါ့၊ ဝမ်ဟိုင်ချောင်က ငါ့ကို အပြစ်တင် မေးခွန်းထုတ်လာရင်တောင်.... ငါ့ဘက်က အကြောင်းပြချက် ပတ်ချာလည်အောင် ဖြေရှင်းနိုင်ပါတယ်၊ တကယ်လို့ လော့ချန်သာ အနိုင်ရသွားခဲ့ရင်.... ငါ ဒီကျေးဇူးကို အသုံးချပြီး သူ့ရိပ်ခိုအောက်မှာ ဝင်ခိုလို့ရတာပေါ့၊ သူ့လို သဘောထားကြီးတဲ့သူက ငါ့ကို လက်ခံမှာ အသေအချာပဲ၊ ဒါ့အပြင် ဝမ်ဟိုင်ချောင်က ငါ့ကို အခြေတည်ဆေးလုံး ပေးမယ်ဆိုတဲ့ ကတိကိုလဲ ငါမယုံတော့ဘူး....’

ထိုစဉ် ကျိုးချင်းသည် လန်ချန်းမြစ်ဘေးရှိ တာဟဲဈေးမြို့တော်၏ အထက် ကောင်းကင်ယံထက်တွင် တိမ်ယာဥ်ပျံကို စီးနင်းရာမှ ခဏ ရပ်တန့်လိုက်သည်။ ထို့နောက် မင်လုံယွီအား ငုံ့ကြည့်ရင်း အထက်မှ လှမ်းပြောလိုက်သည်။

"မင်လုံယွီ.... ငါ့ကို လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ်က အရေးပေါ် ဆင့်ခေါ်နေပြီ၊ ငါ ချက်ချင်း ပြန်ရမယ်.... ဘယ်လိုလဲ.... မင်း ငါနဲ့အတူ ဂိုဏ်းကို လိုက်ခဲ့မယ်မလား...."

ကျိုးချင်း၏ ကမ်းလှမ်းချက်ကြောင့် မင်လုံယွီတစ်ယောက် ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင်မူ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြလိုက်ရင်း....

"ကျွန်တော် မလိုက်တော့ဘူးဗျာ...."

"ဘာ.... မင်း.... သေချာ ထပ်စဉ်းစားဦးကွာ.... ငါတို့ လျန်ယွန်းမဟာမိတ်လို အင်အားစုကြီးက အခြေတည်ဆေးလုံး တစ်လုံးနှစ်လုံးလောက် ပေးဖို့ကို လက်တွန့်နေမှာ မဟုတ်ဘူး၊ မင်းသာ ဒီစစ်ပွဲအတွင်းမှာ အင်းအိုင်အစီအရင်နဲ့ အစွမ်းပြနိုင်မယ်ဆိုရင်.... ငါကိုယ်တိုင် မဟာမိတ်ခေါင်းဆောင်တွေဆီမှာ မင်းအတွက် အခြေတည်ဆေးလုံး တောင်းပေးမယ်...."

ကျိုးချင်းသည် မင်လုံယွီ၏ စွမ်းရည်ကို နှမြောသဖြင့် သူ့အား အတင်းခေါ်ဆောင်သွားချင်ပုံရသည်။

သို့သော် မင်လုံယွီက ပြတ်ပြတ်သားသား ထပ်မံ ငြင်းဆိုခဲ့ပြန်၏။ ထိုအခါ ကျိုးချင်းသည် နှမြောတသခြင်းကြီးစွာဖြင့် သက်ပြင်းတစ်ချက်ချကာ သူ၏ လူယုံများကို ခေါ်ဆောင်လျက် လေထုကို စီးနင်းပြီး တိမ်တိုက်များကြားသို့ တစ်ခါတည်း ထွက်ခွာသွားတော့သည်။

သူတို့ အဝေးသို့ ပျံသန်းထွက်ခွာသွားကြပြီးနောက် မင်လုံယွီက နှုတ်ခန်းမဲ့ကာ မထီမဲ့မြင် ပြုံးလိုက်မိသည်။

‘တယ်လဲအပြောကြီးလိုက်တဲ့လူ.... လျန်ယွန်းမဟာမိတ်ကိုယ်တိုင်တောင်မှ ဒီစစ်ပွဲကြီးထဲမှာ မသေရုံတမယ် ခေါင်းဖော်နေရတာ.... ငါက ဘာဖြစ်လို့ အဲဒီလို သတ်ကွင်းထဲ ဝင်ရမှာလဲ.... အခြေတည်ဆေးလုံးလား.... ငါလည်း လိုချင်တာပေါ့၊ ဒါပေမဲ့ အဲဒီဆေးလုံးကို စားပြီး ကျင့်ကြံဆင့်တက်ဖို့က အရင်ဆုံး အသက်ရှင်ကျန်နေဦးမှလေ.... '

အတိတ်က မြင်ကွင်းများမှာ သူ၏ စိတ်အာရုံထဲ၌ တစ်ခုပြီးတစ်ခု ပြန်လည် ထွက်ပေါ်လာနေတော့သည်။

စင်စစ်မူ မင်လုံယွီသည် သူ၏ ထူးချွန်လှသော အစီအရင်ပညာရပ်ကြောင့် ကျင့်ကြံခြင်းလောကအတွင်း ဘေးကင်းကျောခင်းလျက် အဆင်ပြေချောမွေ့စွာ ရပ်တည်နေထိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း သူသည် သက်တမ်းတိုးပေးမည့် အခြေတည်ဆေးလုံးကို ရရှိနိုင်မည့် ရွှေရောင်အခွင့်အရေးများနှင့် သုံးလေးကြိမ်မက ကြုံတွေ့ခဲ့ဖူးသည်။

သို့သော် အကြိမ်တိုင်းတွင်ပင် တစ်ခုမဟုတ်တစ်ခုသော ဘေးအန္တရာယ်ရှိနိုင်သည့် အကြောင်းပြချက်များကြောင့် မစွန့်စားဝံဘဲ ကြောက်စိတ်ဖြင့် ထိုအခွင့်အရေးကောင်းများကို ကိုယ်တိုင် လက်လွှတ်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

သူ့ရှေ့မှ မင်လုံယွီတစ်ယောက် အတိတ်ထောင်ချောက် ကမ္ဘာထဲ မည်မျှအထိ ကြာမည်ကို လော့ချန် အတိအကျ မသိရှိပေ။ သို့သော် သူ သေချာပေါက် သိထားသည်မှာ နတ်ဘုရားတစ္ဆေ မှန်နှလုံးသား၏ စိတ်ဝိညာဉ်စမ်းသပ်မှုအတွင်း၌ မင်လုံယွီ၏ ပထမဆုံးအကြိမ် အခြေတည်အဆင့် ရောက်ရှိရန် ကြိုးပမ်းမှုမှာ စိတ်ပျက်ဖွယ် အရှုံးကြီးရှုံးခဲ့သည် ဆိုခြင်းပင် ဖြစ်သည်။

စင်စစ်မူ နတ်မိစ္ဆာနှလုံးသားကြေးမုံဟူသည် အနာဂတ်ကံကြမ္မာကို တိုက်ရိုက်ဟောကိန်းထုတ်နိုင်သော ကံကြမ္မာနတ်ဘုရား ရတနာမျိုး မဟုတ်ချေ။ ထို့ကြောင့် လော့ချန်သည် ထိုမှန်ရတနာ၏ ရလဒ်အပေါ်တွင် အလွန်အမင်း အမှီပြု၊ သက်ဝင်ယုံကြည်ခြင်း မရှိပေ။

သို့သော် ထိုမှန်ရတနာ၏ စမ်းသပ်မှု ပုံရိပ်များအားလုံးသည် မိမိဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ၊ တွေ့ဆုံခဲ့ဖူးသည့် ကျင့်ကြံသူလူသားများနှင့် အရာဝတ္ထုများအပေါ် ထားရှိသော မှတ်ဉာဏ်နှင့် စိတ်ဝိညာဉ် အာရုံခံစားမှု ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ အကွက်ကျကျ တွက်ချက်ထားခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်းရိပ်မိသည်။ ဆိုလိုသည်မှာ လက်တွေ့ဘဝတွင်လည်း မင်လုံယွီ၏ ပထမဆုံးအကြိမ် အခြေတည်အဆင့်သို့ တက်လှမ်းရန် ကြိုးစားမှုသည် ကျရှုံးရန် အခွင့်အလမ်း ရာခိုင်နှုန်း အလွန်အမင်း များပြားနေသည်ဟု လော့ချန်ကိုယ်တိုင်က စိတ်ထဲမှ သံသယ ဖြစ်နေသည်။

မင်လုံယွီတစ်ယောက် အခြေတည်အဆင့် မရောက်သေးသည်ကို ယခင်က လော့ချန် အထူးတဆန်းဖြစ်ခဲ့ဖူးသည်။ အကြောင်းမူ မင်လုံယွီသည် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် နှစ်ပေါင်းများစွာတိုင်တိုင် တစိုက်မတ်မတ် ပြင်ဆင်ခဲ့ပြီး၊ သူ၏ ကြိုတင်ပြင်ဆင်မှု အားထုတ်မှုများမှာ လော့ချန်ထက်ပင် နည်းပါးလှသည်မဟုတ်ချေ။

ဖြစ်နိုင်သည်မှာ တွမ်ဖုန်းတစ်ယောက် အခြေတည်အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းစဉ်ကဲ့သို့ ရဲရင့်ပြတ်သားသည့် ယုံကြည်မှုမျိုး မင်လုံယွီတွင် လုံးဝမရှိခြင်းကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ်ဘဲ အလွန်အမင်း သူ့ကိုယ်ကို မထိခိုက်အောင် အတွေးလွန်ကာ မစွန့်စားဝံ့ခြင်းလည်း ဖြစ်နိုင်သည်။ “မြေခွေးအိုလေ.... သတ္တိနည်းလေ” ဟူသော လောကစကားပုံလည်း ရှိနေသည်မဟုတ်ပါလော။

နှစ်ပေါင်းများစွာတိုင် ကျင့်ကြံခြင်းလောက၏ လှိုင်းတံပိုးကြားတွင် အသက်ရှင်ကျန်ရစ်ရန် ရုန်းကန်ခဲ့ရသည့် မင်လုံယွီတွင် ရဲရင့်စွန့်စားပြီး ရှေ့သို့ မဆုတ်မနစ် တိုးလိုသော ကျင့်ကြံသူ စိတ်ဓာတ် မရှိတော့ခြင်းမျိုး ဖြစ်နိုင်ပေသည်။ သူသည် လော့ချန်ကဲ့သို့ အသက်ဘေး အခက်အခဲပေါင်းစုံကြားမှ သေတွင်းကိုဖောက်ကာ ရုန်းထွက်ခြင်း၊ မိမိဘေးပတ်ပတ်လည်တွင် ရန်သူအင်အားစုများ ဝိုင်းရံပိတ်ဆို့နေလင့်ကစား ရှင်သန်ရန် ကံကြမ္မာလမ်းစကို ကိုယ်တိုင် မဖော်ဆောင်နိုင်တော့ချေ။ အကယ်၍ အခြေတည်အဆင့် ကျင့်ကြံသူကြီးတစ်ဦးက အကျင့်ယုတ်ပြီး သူ၏ ရှေ့မှောက်တွင် လမ်းပိတ် တားဆီးထားလျှင်ပင် လော့ချန်ဆိုပါက ထိုသူကို သေသေကျေကျေ ထိပ်တိုက် ရင်ဆိုင်ချေမှုန်းရဲသည့် မဟုတ်မခံစိတ်မျိုးတော့ ရှိပေသည်။

လော့ချန်သည် ဤမျှအထိ ရှားပါးသော အခြေတည်ဆေးလုံးကို သူ့အား ပေးအပ်ပြီးမှ "ကျွန်တော်.... ခဏလောက် တွေဝေပီး ချောက်ခြားသွားလို့ပါဗျာ" ဟူသော တာဝန်မဲ့ စကားမျိုးကို လုံးဝ မကြားချင်ပေ။

ထို့ကြောင့် မြောင်ဝမ်နှင့် နတ်ဘုရားတစ္ဆေ မှန်နှလုံးသားထံမှ သင်ယူရရှိခဲ့သော ဝိညာဉ်ပညာရပ်များကို လက်တွေ့အသုံးချကာ လော့ချန်သည် လျှို့ဝှက်ဆန်းပြားလှသော စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို တိတ်တဆိတ် ထုတ်ဖော်အသုံးပြုလိုက်ခြင်းဖြစ်သည်။

ကျင့်ကြံဆင့် နိမ့်ပါးလွန်းလှသော ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးအဖို့ ဤကဲ့သို့သော စိတ်ဝိညာဉ် ကာကွယ်ရေးတံတိုင်းကို အတင်းအကျပ် ဖောက်ထွင်းခံရခြင်းမှာ တစ်ချက်မှားလျှင် ရူးသွပ်သွားနိုင်လောက်အောင် အလွန်ပင် အန္တရာယ်ကြီးမားလှပေသည်။

ယခုအခါ ခပ်လှမ်းလှမ်းတွင် မတ်တတ်ရပ်နေရင်းနှင့် လော့ချန်သည် အေးစက်ခက်ထန်သော လေသံဖြင့် မင်လုံယွီအပေါ်သို့ စိတ်ဝိညာဉ် အရှိန်အဝါ ထပ်လွှတ်ပေးလိုက်ပြန်သည်။

"ကိုင်း.... ဒီမှာ.... နောက်တစ်ကြိမ်.... အခြေတည်ဆေးလုံးက မင်းရဲ့ မျက်စိရှေ့မှောက် ရောက်လာပြန်ပြီ.... မင်း.... ဘယ်လိုလုပ်မှာလဲ...."

ထိုမေးခွန်းနှင့် ရင်ဆိုင်လိုက်ရချိန်တွင် မင်လုံယွီ၏ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ သူ၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့ပုံပျက်သွားရပြီး သူ့မသိစိတ်ထဲတွင် နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့သည့် အတိတ်မှ နေ့အလင်းရောင်အောက်သို့ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရ၏။

ထိုခဏ၌ သူ၏ အသိစိတ် အာရုံထဲတွင် ဒန်ရှားတောင်ထိပ်၏ မတ်စောက်လှသော ကျောက်ဆောင်ကြီးအောက်မှ အတိတ်ပုံရိပ်တစ်ခုက ဘွားခနဲ ပြန်ပေါ်လာသည်။

ထိုစဉ်က ဇရာထောင်းနေသော အိုမင်းမစွမ်း အဖိုးအိုသည် ခလေးငယ်လေး တဦး၏ လက်ကို ဆုပ်ကိုင်ထားရင် မြင့်မားလှသော တောင်ထိပ်ကြီးကို မော့ကြည့်ကာ လေးနက်သော အသံဖြင့် မှာကြားနေခဲ့သည်။

"မင်လုံယွီရေ.... ဒီ ဒန်ရှားတောင်ထိပ်က အဖိုးတို့ မင်မျိုးနွယ်စုရဲ့ နယ်မြေပဲ.... လုံယွီ.... မင်းက အဖိုးတို့မျိုးနွယ်စုထဲမှာ ပါရမီ အရှိဆုံးကလေးပဲ၊ တစ်နေ့ကျရင် မင်း ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အခြေတည်အဆင့်ကို ရောက်အောင်သွားပြီး.... အဖိုးတို့ မင်မျိုးနွယ်စုကို ဒီဒန်ရှားတောင်ထိပ်ဆီ ခေါင်းမော့ရင်ကော့ပီး ပြန်ခေါ်လာနိုင်ရမယ်နော်"

ထိုစဉ်က ကလေးငယ်လေး မင်လုံယွီသည် တောင်ထိပ်ကြီးကို အားကျစိတ်ဖြင့် မော့ကြည့်ရင်း မျက်လုံးများ တလက်လက်တောက်ပလျက် ကတိသစ္စာပြုခဲ့ဖူးသည်။

"အဖိုး.... သား ကတိပေးပါတယ်၊ သား ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အခြေတည်အဆင့်ကို ရောက်အောင် ကျင့်ကြံပါ့မယ်၊ ပြီးတော့.... မင်မျိုးနွယ်စုကို ဒီဒန်ရှားတောင်ထိပ်ဆီ သေချာပေါက် တရက်ကျ ပြန်ခေါ်လာပါ့မယ်ခင်ဗျာ"

သို့သော်.... ကာလရွေ့လျားပြီး ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားခဲ့လေပြီ ဖြစ်သည်။

မင်မျိုးနွယ်စုမှာ ယခင်ကဲ့သို့ တောက်ပမလာနိုင်တော့ဘဲ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာခဲ့ကာ မျိုးနွယ်ဝင်များမှာလည်း ဖရိုဖရဲ ပြန့်ကျဲကုန်ကြသဖြင့် ဘိုးဘွားတို့၏ ဂုဏ်သိက္ခာကို ပြန်လည်မဆယ်နိုင်သည့်အပြင် မသေရုံတမယ် ရုန်းကန်ရှင်သန်နေရသည်။

ထို့နောက် ချီသန့်စင် အဆင့် (၉) သို့ ရောက်ရှိသွားသော မင်လုံယွီသည် တောင်ကုန်းမြင့်တစ်ခုပေါ်တွင် တစ်ကိုယ်တည်း ရပ်နေမိသည်။ သူသည် ချိုင့်ဝှမ်းအောက်ခြေ၌ အနိုင်နိုင်ရုန်းကန်ကာ ဆင်းရဲဒုက္ခရောက်နေကြသည့် မျိုးနွယ်စုဝင်များကို ငေးကြည့်ရင်း နှလုံးသားတစ်ခုလုံး ဆုပ်နယ်ဖျစ်ညှစ်ခံလိုက်ရသကဲ့သို့ ပြင်းထန်သော ဝေဒနာကို အံကြိတ်ခံစားနေရတော့သည်။

နောက်ဆုံးတွင််မူ သူကြည့်နေခဲ့သည့် ချိုင့်ဝှမ်းဆီမှ ပြတ်ပြတ်သားသားပင် ကျောခိုင်းလှည့်ထွက်ခဲ့တော့သည်။

"မဖြစ်ဘူး.... မျိုးနွယ်စုကို ကာကွယ်နိုင်ဖို့အတွက်.... ငါ အခြေတည်အဆင့်ကို သေချာပေါက် ရောက်မှဖြစ်မယ်၊ ဒါပေမဲ့ အဲဒီအဆင့်ကို ရောက်ဖို့ဆိုရင်တော့.... အခုအချိန်မှာ ငါ မျိုးနွယ်စုကို ခေတ္တစွန့်လွှတ်ထားခဲ့ရလိမ့်မယ်၊ အားလုံးပဲ.... ငါ့ကို ခေတ္တလောက် စောင့်နေပေးကြပါ.... ငါ ကျိန်းသေပြန်လာခဲ့မယ်"

ထိုသို့ဖြင့် သံသရာစက်ဝန်းသည် တရွေ့ရွေ့လည်ပတ်ရင်း ဆယ်စုနှစ်တစ်ခုခန့် ကုန်ဆုံးသွားခဲ့လေသည်။

သူ ထျန်းလန် နတ်ဘုရားမြို့တော်သို့ နောက်တကြိမ် ပြန်ရောက်လာချိန်တွင်မူ မင်မျိုးနွယ်စုဝင်များထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရတော့ချေ။ အားကိုးလောက်သည့် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး၏ အကာအကွယ် မရှိဘဲနှင့် အားနွဲ့လှသော သူတို့မျိုးနွယ်စုမှာ ဤရက်စက်လှသော ကျင့်ကြံခြင်း မြို့တော်အနီးအနားတွင် ရေရှည် မရှင်သန်နိုင်ခဲ့ကြရှာပေ။

ရင်ဘတ်တစ်ခုလုံး ဆွဲဖြဲခံလိုက်ရသလို လေးလံဆို့နင့်နေသော ခံစားချက်ကြီးနှင့်အတူ မင်လုံယွီသည် လော့ချန်၏ လမ်းညွှန်ဦးဆောင်မှုအောက်တွင် ဒန်ရှားတောင်ထိပ်သို့ နောက်တစ်ကြိမ် ခေါင်းမော့ကာ ပြန်လည်ခြေချခွင့် ရခဲ့သည်။

ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှစွာပင် သူသည် တောင်ထိပ်သို့ မော့ကြည့်ရင်း စိတ်ပျက်အားလျော့စွာ ရေရွတ်မိတော့သည်။

"ငါ.... အခြေတည်အဆင့်ကိုတောင် မရောက်သေးဘူး.... ဒီ တောင်ထိပ်ကို ပြန်ရောက်လာနိုင်ပြီပဲ၊ ဒါဆိုရင်.... ငါ ငယ်ငယ်တုန်းက ပေးခဲ့တဲ့ကတိကို တည်ခဲ့တယ်လို့ ပြောလို့ရမလား အော်.... တကောင်ကြွက်ဘဝနဲ့ ဘာများ အဓိပ္ပာယ်ရှိဦးမှာလဲ.... ဘဝဆိုတာ တကယ် ခန့်မှန်းရခက်လိုက်တာ...."

သို့သော်ငြား သူ၏ နှလုံးသား နက်ရှိုင်းရာဆီမှ မကျေနပ်ချက် အော်ဟစ်သံကြီးတစ်သံက အုန်းအုန်းမြည်လျက် ဟိန်းထွက်လာခဲ့၏။

"မဟုတ်သေးဘူးကွ.... မင်းအခြေတည်အဆင့်ကို မရောက်သေးဘူး"

နံနက်ခင်း၏ အေးမြလှသော လေပြည်လေညင်းသည် ကွေ့ကောက်လှသော တောင်တန်းကြီးများကြားဝယ် တိုက်ခတ်နေပြီး စိမ်းစိုသော သစ်ပင်များနှင့် စမ်းရေအေးများကို ဖြတ်သန်း စီးဆင်းသွားသည်။

ထိုခဏ၌ အတိတ်ကမ္ဘာမှ ထွက်လာပြီဖြစ်သော မင်လုံယွီ၏ ပိတ်ထားသော မျက်ဝန်းများသည် ရုတ်ချည်း ပွင့်လာခဲ့ပြီး အားမာန်အပြည့်ဖြင့် လော့ချန်လက်ထဲမှ အခြေတည်ဆေးလုံးကို လုလိုက်သည်။

ဖောက်....

ထိုစဉ် ဆီးသီးအရွယ်အစားခန့်ရှိသော ဆေးလုံးတစ်လုံးမှာ လော့ချန်၏ သန်မာလှသော လက်ချောင်းများကြားဝယ် တစစီ ကြေမွပျက်စီးသွားတော့၏။ ဆေးလုံး၏ အပိုင်းအစများမှာ အမှုန့်များအဖြစ်သို့ ပြောင်းလဲကာ လေထဲ၌ လွင့်ပါးပျောက်ကွယ်သွားရတော့သည်။

လော့ချန်သည် သူ၏ လက်ဖဝါးကို သာမန်ကာလျှံကာ ခါထုတ်လိုက်သည်။ ထို့နောက် သူသည် ဆွံ့အလျက် ကြည့်နေသော မင်လုံယွီအား အနက်အဓိပ္ပာယ် ဖွင့်ဆိုရခက်လှသည့် သရော်တော်တော်အပြုံးတစ်ခုဖြင့် စိုက်ကြည့်လိုက်သည်။

"သတ္တိရှိလှချည်လားကွာ...."

လော့ချန်က လေသံအေးအေးဖြင့် ညင်ညင်သာသာ ဆိုလိုက်သည်။

"ငါ့ကိုတောင် ပြန်ပြီး တိုက်ခိုက်ရဲတယ်ပေါ့၊ မင်း.... ငါ့အပေါ် ဘယ်တော့မှ သစ္စာမဖောက်ပါဘူးဆိုပြီး ကျိန်ဆိုထားတာကို မေ့သွားပြီလား...."

ထိုစကားကြောင့် မင်လုံယွီ တစ်ကိုယ်လုံး ရုတ်ချည်း တောင့်တင်းသွားရတော့သည်။

မင်လုံယွီ၏ မျက်ဝန်းအစုံတွင် နာကျင်ကြေကွဲမှုများ လျှံထွက်နေသော်လည်း သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ သိသိသာသာကြီး ပြောင်းလဲသွားခဲ့လေပြီ။ သူ၏ မျက်နှာထက်တွင် ယခင်က မရှိခဲ့ဖူးသည့် ခိုင်မာပြတ်သားသော အရိပ်အယောင်များ ယှက်သန်းလာရင်း အံကိုကြိတ်ကာ တုံ့ပြန်လိုက်တော့သည်။

"ဟိတ်ကောင် လော့ချန်.... မင်းပဲ ကတိကို အရင် ဖျက်ခဲ့တာလေ.... ငါဒီလောက်မျှော်လင့်နေမှန်းသိရက်နဲ့ မင်းနဲ့ ဘာကတိမှမရှိတဲ့ ဟွေ့နန်ကို ဘာကိစ္စ မစဥ်းမစား ပေးလိုက်တာလဲ.... ဒါတောင် မျက်နှာပြောင်တိုက်ပီး ငါ့ကို ကတိဖျက်သလေးဘာလေး လုပ်နေသေးတယ်၊ ငါမင်းကို အသေသတ်ပီး အဲ့ဆေးလုံးကို ရအောင်ယူမယ်ကွ...."

ပတ်ဝန်းကျင်တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် လော့ချန်သည် ကောင်းကင်သို့ မော့ကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ ထူးဆန်းသည်မှာ ထိုရယ်မောသံသည် ဝိညာဉ်စမ်းရေပမာ ကြည်လင်ပြတ်သားနေပြီး မည်သည့် မကောင်းသောအကြံအစည် သို့မဟုတ် ကောက်ကျစ်မှု အရိပ်အယောင်မျှ စိုးစင်း မရှိပေ။

လော့ချန်၏ မထင်မှတ်ထားသော ရယ်မောသံကြောင့် မင်လုံယွီမှာ ဒေါသထွက်ရင်းတန်းလန်းနှင့် ဇဝေဇဝါဖြစ်ကာ အံ့အားသင့်သွားရတော့သည်။

"ကောင်းပြီကွာ.... အခုမှပဲ မင်းရဲ့ အခြေတည်ဖို့ ပြတ်သားတဲ့ စိတ်ဓာတ်ကို ငါ အပြည့်အဝ ယုံကြည်သွားတော့တယ်၊ မင်းက အဆင့်မြင့် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် သေသေကြေကြေ ပြန်ပြီး တိုက်ခိုက်ရဲပြီပေါ့.... ဟဲဟဲ...."

မင်လုံယွီ တစ်ယောက် ဘာမှနားမလည်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် လော့ချန်က သူ၏ လက်ကောက်ဝတ်ကို ခပ်ဖွဖွလေး လှည့်လိုက်ရာ သူ၏ သိုလှောင်အိတ်ထဲမှ ချီစွမ်းအင်များ ယှက်သန်းနေသည့် ကျောက်စိမ်းသေတ္တာလေးတစ်လုံး ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

“ကဲ.... ရော့ကွာ၊ ဒါ.... မင်း အသေအလဲ လိုချင်နေတဲ့ အခြေတည်ဆေးလုံးပဲ"

လော့ချန်က စိတ်လှုပ်ရှားခြင်းမရှိဘဲ အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။

"မင်း.... အောင်အောင်မြင်မြင်နဲ့ အဆင့်တက်လှမ်းပြီးသွားရင်တော့.... စီမာဟွေ့နန်ဆီကို သွားပြီးတော့ ကျန်နေတဲ့ ဝိညာဉ်ကျောက်တုံး ငါးထောင်ကို သွားရှင်းလိုက်ဦး...."

မင်လုံယွီသည် မိမိရှေ့ရှိ ကျောက်စိမ်းသေတ္တာလေးကို မှင်သက်စွာ ငေးကြည့်နေမိရင်း သူ၏ ရင်ဘတ်တစ်ခုလုံး လှိုင်းထန်သလို နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှူသံများ ပြင်းထန်လာခဲ့သည်။ သူ၏ သန္နိဋ္ဌာန် စိတ်အာရုံအတွင်း၌ ခံစားချက်ပေါင်းစုံမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ဝုန်းဒိုင်းကြဲ ရိုက်ခတ်နေသည်။

‘ဟင်.... စောစောက.... လော့ချန် အားယားနေလို့ လာနောက်နေတာလား.... မဖြစ်နိုင်ဘူး.... လော့ချန်က ဒီလို အဓိပ္ပာယ်မရှိ နောက်ပြောင်တတ်တဲ့လူမျိုး လုံးဝ မဟုတ်ဘူး၊ ဒါ.... ဒါဆို သူ ငါ့စိတ်ကိုစမ်းလိုက်တာပေါ့၊ ငါ့ရဲ့ အခြေတည်လိုတဲ့ စိတ်ဓာတ်.... ငါ့ရဲ့ ကျင့်ကြံခြင်း တာအို စိတ်နှလုံး... ’

ဖြည်းဖြည်းချင်းပင် မင်လုံယွီ၏ စိတ်အာရုံသည် ရုတ်ချည်း ပွင့်လန်းသွားကာ ဘာဖြစ်ပျက်ခဲ့သည်ကို သဘောပေါက် နားလည်လာတော့သည်။ လော့ချန် ယခုလေးတင် စမ်းသပ်ခဲ့သည်မှာ သူ၏ ကျင့်ကြံခြင်း အစွမ်းအစ မဟုတ်သလို၊ ခွေးတစ်ကောင်လို နာခံတတ်မှု ရှိမရှိကိုလည်း စမ်းသပ်ခဲ့ခြင်း မဟုတ်ပေ။ ထိုအရာမှာ မည်သို့သော အခက်အခဲမျိုးနှင့် ရင်ဆိုင်ရပါစေ အဆင့်တက်လှမ်းတော့မည်ဟူသော သူ၏ ပြတ်သားလှသည့် သန္နိဋ္ဌာန်ကို စမ်းသပ်ခဲ့ခြင်းသာ ဖြစ်ပေတော့သည်။

မင်လုံယွီ တစ်ယောက် ရင်ထဲ၌ ဆို့နင့်နေသဖြင့် နောက်ဆုံးတွင် စကားပြန်ပြောနိုင်ခွင့် ရရှိချိန်၌ သူ၏ လည်ချောင်းဝယ် တစ်ဆို့နေသော အသံများ တုန်ရီလျက်သာ ထွက်ပေါ်လာတော့သည်။

"ခေါင်း.... ခေါင်ဆောင်လော့...."

သို့သော်လည်း လော့ချန်က ထူးထွေဆန်းပြား ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့ပေ။ သူသည် ခေါင်းကို အနည်းငယ် စောင်းလျက် ဇက်ကြောကို ခပ်ဖွဖွ နှိပ်နယ်နေပြီး သူ၏ စူးရှသော အကြည့်များကိုမူ မင်လုံယွီထံသို့ ဝေ့ဝဲကြည့်ခြင်း မရှိတော့ဘဲ သာမန်ကာလျှံကာဖြင့် ဆိုလိုက်၏။

"အော်.... ဒါနဲ့ မင်း.... အခြေတည်အဆင့် တက်ဖို့အတွက် ဒုတိယအဆင့် ဂူဗိမာန်ကို ငှားရမ်းဖို့အထိ ဝိညာဉ်ကျောက်တုံး လောက်ငှဦးမှာ မဟုတ်ဘူး၊ ငါ မကြာခင် ဒီကနေ တခြားဂူကို ပြောင်းတော့မှာ.... ဒါပေမဲ့ ဒီဂူဗိမာန်က သက်တမ်း နှစ်လလောက် ကျန်သေးတယ်...."

သူသည် စကားအဆုံးတွင် မင်လုံယွီဘက်သို့ ခဏမျှ လှည့်ကြည့်လိုက်ပြီး တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆက်လက် မှာကြားလိုက်သည်။

"နောက်နှစ်ရက်အတွင်း မင်းရဲ့ အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းပြီး ဒီမှာလာနေလိုက်တော့.... အရင်ဆုံး ဒီပတ်ဝန်းကျင်က ချီစွမ်းအင်တွေနဲ့ အသားကျအောင် အရင် လုပ်ထားလိုက်ဦး၊ မင်း.... အဆင့်တက်လှမ်းဖို့အတွက် ဒီဂူဗိမာန်ကိုပဲ စိတ်ရှိသလို သုံးလိုက်တော့ကွာ...."

All Chapters