← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အပိုင်း (၁)

ဆောင်းလယ်၏ ပြင်းထန်သော အအေးဒဏ်အောက်တွင် အုပ်ကြွပ်ဈေး၏ မြေပြင်ပေါ်၌ နှင်းခဲများ ဖုံးလွှမ်းနေပြီး နွားလှည်းဘီးများအောက်တွင် ရေခဲစများအဖြစ်သို့ ကြိတ်ချေခံရကာ တကျွတ်ကျွတ် မြည်သံများ ထွက်ပေါ်နေ၏။

"လမ်းဖယ်ပေးကြ၊ ရှေ့ကို ကြည့်သွားကြ—"

ဈေးတန်း၏ ဆူညံသံများကြားတွင် ကျွန်ကုန်သည်၏ ကျာပွတ်ရိုက်သံနှင့် ကျယ်လောင်သော အော်ဟစ်သံက လမ်းသွားလမ်းလာ အများအပြားကို ဆွဲဆောင်သွားခဲ့သည်။ သူတို့က လှည်းပေါ်ရှိ သစ်သားလှောင်အိမ်အတွင်း၌ ပိတ်လှောင်ခံထားရသော အမျိုးသမီးများကို လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြသည်။

"ချန်လိုင့်ဇီက ကျွေးဟုန်ဂေဟာကို မိန်းကလေးတွေ ထပ်ပို့နေတာလား"

"ဒီလှည်းတစ်စီးစာ မိန်းကလေးတွေက တော်တော်လေး ငယ်ကြသေးတဲ့ပုံပဲ... လော့ယန်က ဒုက္ခသည်တွေပဲ ဖြစ်လောက်မယ်..."

"မင်းဆက်တွေ ပြောင်းတဲ့အခါ ကံကြမ္မာက ဒီလိုပါပဲ။ လျန်ပြည်ထောင်ရဲ့ အလှဆုံးလို့ နာမည်ကြီးတဲ့ ဟန့်ယန်မင်းသမီးတောင်မှ သူ့အဖေ ချန်လျန်ဝမ်သာ ထီးနန်းတက်ခဲ့ရင် လျန်ပြည်ထောင်ရဲ့ မင်းသမီးတစ်ပါး ဖြစ်လာမယ့်သူက အခုတော့ စစ်မက်ဖြစ်ပွားနေတဲ့ နယ်စားတွေရဲ့ သနားညှာတာမှုအောက်မှာ အသက်ရှင်နေရရှာတယ်”

တချို့က ခေါင်းခါကာ သက်ပြင်းချလိုက်ကြပြီး တချို့ကတော့ လောဘမျက်လုံးများနှင့် စိုက်ကြည့်နေကြ၏။

ထိုမှတ်ချက်များကို ကြားလိုက်ရသောအခါ လှည်းပေါ်ရှိ မိန်းကလေးများသည် တိုးတိုးတိတ်တိတ် ငိုကြွေးကြလေသည်။

ဝိန်းယွီတစ်ယောက်တည်းသာ သစ်သားတန်းများကို မှီကာ မလှုပ်မယှက် ရှိနေလေသည်။ သူမ၏ မျက်နှာတစ်ခုလုံးကို ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် ဟောင်းနွမ်းနေသော သိုးမွေးပဝါအောက်တွင် ဖုံးကွယ်ထားပြီး အပြင်ဘက်မှ စူးစမ်းနေသော မျက်လုံးများကို ကာကွယ်ထား၏။

ရှုပ်ထွေးနေသော ဆံနွယ်များအောက်တွင် တစ်ဝက်ခန့်စင်းချထားသည့် မျက်လုံးများသည် ထုံထိုင်းလုနီးပါး တည်ငြိမ်နေကာ ကြည်လင်သော လမင်းကဲ့သို့ အေးစက်နေလေသည်။

ပါးလွှာသော လျှော်ချည်အဝတ်အစားများမှတစ်ဆင့် မြင်နေရသည့် သူမ၏ သွယ်လျလျ ကျောပြင်လေးသည် ညှိုးနွမ်းလုဆဲဆဲဖြစ်သော်လည်း မကျိုးပဲ့သေးသော ကြာရိုးလေးတစ်ချောင်းနှယ် အနည်းငယ် ကိုင်းညွတ်နေ၏။

ထွက်ပြေးလာသည့် လမ်းတစ်လျှောက်တွင် ဤကဲ့သို့သော မှတ်ချက်များကို အများကြီး ကြားခဲ့ရပြီး ဖြစ်သည်။

ဝိန်းတော်ဝင်မျိုးနွယ်စုသည် ယခုအခါ အရပ်မျက်နှာအနှံ့မှ ပုန်ကန်သူများ၏ အမဲလိုက်ခံရသော သားကောင်များ ဖြစ်နေခဲ့လေပြီ။

အရင်မင်းဆက်ကာလအတွင်း ပြည်ထောင်ကြီးသည် ပရမ်းပတာ အခြေအနေသို့ ကျရောက်ခဲ့ပြီး နယ်စားများသည် ရာစုနှစ်တစ်ခုနီးပါး အချင်းချင်း စစ်ခင်းခဲ့ကြသည်။ နောင်တွင် လျန်ချန်ကျူးဟု လူသိများသူ ဝိန်းရှီအန်းသည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ပေါင်းစည်းကာ ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး လျန်ပြည်ထောင်ကို တည်ထောင်ခဲ့ချိန်အထိပင်။

ဝိန်းရှီအန်း ကွယ်လွန်ပြီးနောက် မယ်တော်ကြီးသည် ရှောင်ကျင်းဧကရာဇ်ကို နန်းတင်ခဲ့ပြီး ကန့်လန့်ကာနောက်ကွယ်မှနေ၍ စတင်အုပ်ချုပ်ခဲ့လေသည်။

ထိုအချိန်မှစ၍ သူမ၏ မိခင်ဘက်မှ ဆွေမျိုးများသည် နန်းတွင်းတွင် အာဏာကို လက်ဝါးကြီးအုပ်ခဲ့ကြပြီး သူတို့နှင့် သဘောထားကွဲလွဲသူများကို ဖယ်ရှားရန်အတွက် သစ္စာရှိအမတ်များနှင့် စွမ်းရည်ရှိသော စစ်သူကြီးများစွာကို လုပ်ကြံချောက်ချခဲ့ကြသည်။ သည်လိုနှင့် ဆယ်စုနှစ်သက်တမ်းသာ ရှိသေးသော အသစ်တည်ထောင်ထားသည့် လျန်ပြည်ထောင်ကို အမြစ်တွယ်နေနှင့်ပြီးသား အကျင့်ပျက်ခြစားမှုနှင့် ဆုတ်ယုတ်မှုများထဲသို့ တွန်းပို့ခဲ့ကြလေသည်။

အားနည်းသော ရှောင်ကျင်းဧကရာဇ်သည် မယ်တော်ကြီး၏ ထိန်းချုပ်မှုကို ခံခဲ့ရပြီး ရောဂါဘယများကြောင့် နန်းမွေဆက်ခံသူ မွေးဖွားရန် ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့် သစ္စာရှိ နန်းတွင်းအမတ်များသည် နောက်ဧကရာဇ်တစ်ပါးအပေါ် မျှော်လင့်ချက်ထားကာ ဝိန်းမိသားစု၏ ဆွေမျိုးများထဲမှ သူမ၏အဖေကို နန်းလျာအဖြစ် ရွေးချယ်ခဲ့ကြ၏။

မယ်တော်ကြီးနှင့် သူမအဖွဲ့တို့နှင့် နိုင်ငံရေးအရ သဘောထားကွဲလွဲနေသော သူမ၏အဖေသည် အကြိမ်ကြိမ် ဖိနှိပ်ခံခဲ့ရသည်။

ရှောင်ကျင်းဧကရာဇ် မကွယ်လွန်မီတွင် မယ်တော်ကြီးနှင့် သူမ၏ ဆွေမျိုးများသည် သူမ၏အဖေကို အိမ်ရှေ့စံအဖြစ်မှ ဖယ်ရှားပြီး ရုပ်သေးရုပ်ဘုရင်တစ်ပါးကို အစားထိုးရန် ကြိုးပမ်းကာ နန်းတွင်းအာဏာသိမ်းမှုတစ်ခုကိုပင် ဖန်တီးခဲ့ကြသည်။

သို့သော် မယ်တော်ကြီးနှင့် သူမ၏ အောဝ်အဖွဲ့တို့ မွေးမြူထားသော အစောင့်ခွေး ဖေစုန့်သည် အာဏာသိမ်းမှုကို ကူညီရန်အတွက် စစ်တပ်တံဆိပ်ပြားဖြင့် စစ်တပ်ကို စုစည်းရန် အမိန့်ပေးခံရချိန်တွင် သစ္စာဖောက်သွားလိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်မထားခဲ့ကြချေ။

တစ်ညတည်းနှင့်ပင် လော့ယန် မြို့တော်ကြီးသည် သွေးချောင်းစီးခဲ့ပြီး အောဝ်အဖွဲ့မှ ဦးဆောင်သော တော်ဝင်မိသားစုကြီး ငါးခုသည်လည်း မျိုးဆက်ကိုးဆက်တိုင်အောင် မျိုးဖြုတ်သတ်ဖြတ်ခံခဲ့ရလေသည်။

သူမ၏ အဖေနှင့် အစ်ကိုတို့သည် သူတို့၏ အမတ်များနှင့်အတူ မွေးရပ်မြေဖြစ်သော ဖုန်းယန်ခရိုင်သို့ အလျင်စလို ပြောင်းရွှေ့ခဲ့ကြပြီး နယ်စားမင်းများကို စစ်တပ်များ စေလွှတ်ပေးရန် အမိန့်စာများ ထုတ်ပြန်ခဲ့ကြ၏။

သို့သော် မြောက်ပိုင်းနယ်စပ်သည် လူရိုင်းများ၏ ကျူးကျော်မှုကို ခံနေရသဖြင့် စစ်အင်အား မပေးနိုင်ခဲ့ချေ။ တောင်ပိုင်းနယ်စပ်ကလည်း ပိုင်ယန်တောင်ကြားလမ်း၏ သဘာဝ အကာအကွယ်ကိုသာ အားကိုးနေရပြီး စစ်တပ်အင်အား နည်းပါးစွာသာ တပ်စွဲထားသဖြင့် စစ်ကူများ မစေလွှတ်နိုင်ခဲ့ပေ။

နောက်ဆုံးနည်းလမ်းအနေဖြင့် သူမ၏အဖေက ယုံကြည်ရသော နောက်လိုက်များကို ကုန်သည်ယာဉ်တန်းအဖြစ် ဟန်ဆောင်ကာ ပြည်နယ်အသီးသီးရှိ ပုန်ကန်သူများ၏ သူလျှိုများကို ရှောင်ကွင်းပြီး သူမကို နန်ချန်သို့ လျှို့ဝှက်စွာ ပို့ဆောင်ပေးရန် အမိန့်ပေးခဲ့သည်။

လွန်ခဲ့သော နှစ်များစွာက နန်ချန် အိမ်ရှေ့စံ၏ အရိုက်အရာ ဆက်ခံရေး ရုန်းကန်မှုအတွင်း သူသည် သူမ၏အဖေထံမှ စစ်တပ်များကို ငှားရမ်းခဲ့ပြီး သူတို့နှစ်ဦးသည် လက်ထပ်မင်္ဂလာ မဟာမိတ်ဖွဲ့ရန် စီစဉ်ခဲ့ကြသည်။

ယခုအခါ သူမသည် ဤလက်ထပ်မင်္ဂလာ ကတိကဝတ်ကို ဖြည့်ဆည်းရန်နှင့် ဖုန်းယန်အတွက် စစ်ရေးအကူအညီ ရယူရန် မိုင်ထောင်ချီဝေးသော နန်ချန်သို့ ခရီးနှင်လာရလေသည်။

လမ်းခရီးတွင် မျှော်လင့်မထားဘဲ ခြုံခိုတိုက်ခိုက်ခံခဲ့ရသည်။ အစောင့်များနှင့် ကွဲကွာသွားပြီးနောက် သူမသည် ကျွန်ကုန်သည်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သည်နေရာသို့ ခေါ်ဆောင်ခံလာခဲ့ရသည်။

အေးစက်သော လေပြေက ပိုပြင်းထန်လာသည်။ မျက်နှာပေါ်က တိုးပွားလာသော ယားယံမှုနှင့် နာကျင်မှုတို့ကို သည်းခံရင်း ဝိန်းယွီသည် သူမ၏ နှာခေါင်းနှင့် ပါးစပ်ကို ဟောင်းနွမ်းနေသည့် အဝတ်စအတွင်းသို့ တိတ်တိတ်လေး နှစ်မြှုပ်ထားလိုက်လေသည်။

ငယ်စဉ်ကတည်းက သူမသည် တိရစ္ဆာန်အမွေးအမျှင် အနံ့အနည်းငယ် ရလိုက်သည်နှင့် အင်ပျဉ်များ ထွက်လာတတ်သည်။ ကျွန်ကုန်သည်က သူတို့ကို ဆောင်ကြာမြိုင်များသို့ ရောင်းစားရန် ရည်ရွယ်ထားပုံရသည်။ သူမသည် အကြိမ်ကြိမ် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ယနေ့သည်ကား နောက်ဆုံးအခွင့်အရေးပင်။

နွားလှည်းသည် အုပ်ကြွပ်ဈေးကို ဖြတ်လာခဲ့ပြီး နှစ်ကြိမ်ကွေ့ပြီးနောက် မီးပုံးများ ချိတ်ဆွဲထားသော လမ်းမရှည်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ကျွန်ကုန်သည်သည် အကြီးကျယ်အခမ်းနားဆုံးသော ဖျော်ဖြေရေးဂေဟာရှေ့တွင် လှည်းကို ရပ်လိုက်ပြီး တံခါးဝတွင် တံမြက်လှည်းနေသော အဒေါ်ကြီးကို အော်ပြောလိုက်၏။

"မြန်မြန်... မင်းတို့ရဲ့ ဝူမားမားကို သွားခေါ်ချေ"

ခဏအကြာတွင် ခေါင်းပေါ်၌ အနီရောင် ပန်းပွင့်ကြီးတစ်ပွင့် ပန်ထားသော အမျိုးသမီးကြီးတစ်ဦးသည် တစ်လှမ်းချင်း လှုပ်လီလှုပ်လဲ့ဖြင့် အဆောက်အဦးထဲမှ ထွက်လာပြီး သမ်းဝေကာ ပြောလိုက်၏။ "မနက်စောစောစီးစီး ဘာတွေ လာအော်နေတာလဲ"

ခန္ဓာကိုယ် တောင့်တင်းသော အစောင့်နှစ်ယောက်က သူမနောက်မှ လိုက်ပါလာပြီး ခြိမ်းခြောက်နေသော အရှိန်အဝါတစ်ခုကို ထုတ်ပြနေကြသည်။

ကျွန်ကုန်သည်က ချက်ချင်းပင် အချိုသတ်ကာ ပြုံးပြလိုက်သည်။ "သေချာပေါက် ဝူမားမားအတွက် ငွေတွင်းကြီး လာပို့ပေးတာပေါ့"

ဝူမားမားက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "ဒီလောက်တောင် အာမခံရဲတယ်ပေါ့"

ကျွန်ကုန်သည်သည် လှည်းပေါ်က သစ်သားလှောင်အိမ်ကို ပုတ်လိုက်ပြီး ဝါကြန့်ကြန့်သွားများ ပေါ်သည့်အထိ ပြုံးပြလိုက်၏။ "ခင်ဗျားဘာသာပဲ ကြည့်လိုက်တော့"

ဝူမားမား၏ မျက်လုံးများက လှောင်အိမ်ကို ဝေ့ကြည့်လိုက်၏။ မိန်းကလေးများကို နှစ်ပေါင်းများစွာ ရွေးချယ်လာခဲ့သဖြင့် သူမ၏ မျက်လုံးများသည် မျက်နှာများကို မမြင်ရဘဲနှင့်ပင် သူတို့၏ ကိုယ်နေဟန်ထားများဖြင့် လှည်းတစ်စီးစာလုံးကို အဆင့်သတ်မှတ်နိုင်လောက်အောင် ထက်မြက်နေခဲ့သည်။ ထောင့်တစ်နေရာရှိ ဝိန်းယွီကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် ပါးစပ်မပိတ်နိုင်အောင် ပြုံးရွှင်သွားတော့သည်။ "အနောက်ဘက်က တစ်ယောက်က တကယ့်ကို နာမည်ကြီး ပြည့်တန်ဆာမတစ်ယောက်ရဲ့ ခန္ဓာကိုယ်မျိုးပဲ။ သေသေချာချာ ကြည့်ရအောင် သူ့ကို အပြင်ထုတ်ခဲ့စမ်းပါ"

ကျွန်ကုန်သည်က မျက်နှာချိုသွေးလိုက်ပြီး "မားမားရဲ့ မျက်လုံးတွေက အရင်လိုပဲ ထက်မြက်တုန်းပဲ"

သော့ခလောက်ကို ဖွင့်လိုက်ပြီးနောက် သူက ဝိန်းယွီကို လှည်းပေါ်မှ ဆွဲချလိုက်သည်။

"ဒီတစ်ယောက်က မာနကြီးတယ်... အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားခဲ့တာ။ ခင်ဗျားရဲ့ ငွေတွင်းကြီးကို မထိခိုက်ရဲလို့ အပြစ်ပေးတဲ့အနေနဲ့ ထမင်း နှစ်နပ်ပဲ ဖြတ်ထားခဲ့တာပါ"

သူ ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်သွားသဖြင့် ဝူမားမားသည် ဝိန်းယွီ၏ မျက်နှာသွင်ပြင်ကို စစ်ဆေးရန် သူမ၏ မေးစေ့ကို ဆွဲပင့်လိုက်လေသည်။ "ကောင်းပြီလေ... သူ့မျက်နှာက သူ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ်ဆိုရင် ဈေးနှုန်းကို ဆွေးနွေးလို့ ရတာပေါ့"

ကျွန်ကုန်သည်က စိတ်အားထက်သန်စွာ ဆက်ပြောလိုက်၏။ "ကျွန်တော် ချန်လောင်လျို့ ကျင်လည်လာတဲ့ နှစ်တွေတစ်လျှောက်လုံး ဒီလောက်လှတဲ့ မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ခင်ဗျားတောင်မှ သူ့ကို ရုပ်ဆိုးတယ်လို့ သေချာပေါက် ပြောနိုင်မှာ မဟုတ်..."

သူ့စကားမဆုံးခင်မှာပင် ဝူမားမားသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ်ရာ မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသည့်အလား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ကျွန်ကုန်သည်ကို ဆဲဆိုလိုက်တော့သည်။ " သေနာကောင်... ချန်လိုင့်ဇီ၊ ဒီရောဂါသည်မကို ဘယ်သူ့ဆီ လာရောင်းစားဖို့ ကြိုးစားနေတာလဲ"

သူမ၏ ဝဝဖြိုးဖြိုး မျက်နှာသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီး ဝိန်းယွီကို ထိထားမိသော လက်ကို လက်ကိုင်ပဝါဖြင့် အလျင်စလို သုတ်ပစ်လိုက်၏။

ရုတ်တရက် အဆဲခံလိုက်ရသဖြင့် ဇဝေဇဝါဖြစ်သွားသော ကျွန်ကုန်သည်သည် ဝိန်းယွီ၏ မျက်နှာကို ဖုံးကွယ်ထားသော ဆံပင်များကို ဆွဲဖယ်လိုက်သောအခါ သူလည်း အတော်လေး လန့်သွားတော့သည်။

အိမ်မှမထွက်လာခင်က မျက်နှာပေါ်တွင် အနီစက် အနည်းငယ်သာ ရှိနေသေးသော်လည်း ယခုအခါတွင်မူ အနီရောင် ယားယံဖုများနှင့် အဖုအပိမ့်များဖြင့် ပြည့်နှက်နေလေပြီ။

ကြည့်ရုံဖြင့်ပင် ကြက်သီးထဖွယ် ကောင်းလှ၏။

လေတိုက်ခံရသောကြောင့် ဖြစ်နိုင်သည်။ လက်များကို တင်းကြပ်စွာ ချည်နှောင်ခံထားရသော ထိုမိန်းကလေးသည် မတ်တပ်ပင် မရပ်နိုင်လောက်အောင် ပြင်းထန်စွာ ချောင်းဆိုးနေပြီး ရောဂါဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသည်မှာ ကြည့်ရုံဖြင့်ပင် သိနိုင်သည်။

ကျွန်ကုန်သည်သည် အံ့သြမှင်တက်စွာ စိုက်ကြည့်နေမိပြီး "ဒါ... ဒါ ဘယ်လိုဖြစ်ရတာလဲ။ ငါတို့ မထွက်လာခင်က သူ အကောင်းကြီးပါ"

သူသည် ပဝါတစ်ထည်ကို ခံကာ ဝိန်းယွီ၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး သူမ၏ အင်္ကျီလက်ကို အနည်းငယ် ပင့်တင်လိုက်သောအခါ ဖြူဖျော့ပြီး အပြာနုရောင် သန်းနေသော လက်မောင်းပေါ်တွင်လည်း အနီစက်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။

ယခုအခါ ကျွန်ကုန်သည်သည်လည်း အနောက်သို့ အလောတကြီး ဆုတ်ခွာသွားခဲ့ပြီး ဝူမားမားကတော့ ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲဖြင့် ကျိန်ဆဲလိုက်လေသည်။

" ချန်လိုင့်ဇီ မိုးကြိုးပစ်ခံရမယ့်ကောင်... နင့်ရဲ့ ကူးစက်ရောဂါ လှည်းကြီးကို ဒီကနေ မောင်းထုတ်သွားစမ်း။ လော့ယန်က ဒုက္ခသည်တွေထဲမှာ ကူးစက်ရောဂါ ဖြစ်နေတဲ့သူတွေ ပါတယ်လို့ စောစောကတည်းက ကြားထားပြီးသား။... သူက အင်ပျဉ်တွေ ထွက်နေတာတောင် ငါ့ဆီ လာပို့ရဲသေးတယ်ပေါ့လေ။ ငါ့ကို သေအောင် လုပ်နေတာလား"

ဆူညံပွက်လောရိုက်သံများကြောင့် အနီးနားရှိ ဆောင်ကြာမြိုင်များမှ စူးစမ်းသော အကြည့်များကို ဆွဲဆောင်မိသွားတော့သည်။

ကျွန်ကုန်သည်သည် အခြားမိန်းကလေးများ၏ လက်မောင်းများကို အလျင်စလို စစ်ဆေးလိုက်ပြီး မည်သည့်အင်ပျဉ်မှ မတွေ့ရသဖြင့် သက်သာရာရသွားကာ ကျန်ရှိနေသော မိန်းကလေးများကို စစ်ဆေးရန် ဝူမားမားအား အရေးတကြီး ကမ်းလှမ်းလိုက်၏။

ဝူမားမားသည် နောက်ထပ် စွန့်စားမှုများကို မလုပ်ရဲတော့ချေ။ ယုံချန်တွင် ယခင်က ကူးစက်ရောဂါ အများအပြား ဖြစ်ပွားခဲ့ဖူးပြီး ကျန်းမာရေး လုံးဝကောင်းမွန်နေသူ တစ်ဦးသည် တစ်နေ့တွင် ရုတ်တရက် အင်ပျဉ်များ ထွက်လာကာ နောက်တစ်နေ့တွင် သေဆုံးသွားတတ်သည်။

သူမက ကျွန်ကုန်သည်၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်ပြီး မိန်းကလေးများကို ချက်ချင်း မခေါ်သွားပါက အာဏာပိုင်များထံ တိုင်တန်းမည်ဟုပင် ခြိမ်းခြောက်လိုလေတော့သည်။

ကျွန်ကုန်သည်သည် ဒေါသထွက်သွားသော်လည်း ကံဆိုလေခြင်းဟုသာ မှတ်ယူကာ မြေပြင်ပေါ်သို့ ဒေါသတကြီး တံတွေးထွေးချလိုက်ရုံသာ တတ်နိုင်တော့သည်။

ထိုမိန်းကလေးသည် ကူးစက်ရောဂါ အမှန်တကယ် ကူးစက်ခံထားရခြင်း ရှိမရှိ မသေချာသေးသော်လည်း သူက သမားတော်ကို မခေါ်ရဲခဲ့ချေ။

ဆေးဖိုးဝါးခများ ကုန်ကျမည့်အပြင် သမားတော်က ကူးစက်ရောဂါအဖြစ် ရောဂါရှာဖွေတွေ့ရှိပါက သူတို့သည် ဥပဒေအရ အာဏာပိုင်များထံသို့ သတင်းပို့ရန် လိုအပ်လိမ့်မည်။

ကိစ္စက အရာရှိများထံ ရောက်ရှိသွားသည်နှင့် တပြိုင်နက် ကူးစက်ရောဂါ ခံစားနေရသော မိန်းကလေးများ အားလုံးကို အစိုးရက သိမ်းဆည်းသွားလိမ့်မည်။ သူ၏ ရင်းနှီးမြှုပ်နှံမှု အားလုံးကို ဆုံးရှုံးရမည်သာမက လူကုန်ကူးမှုအတွက် ဥပဒေအရ စွဲချက်တင်ခံရမည်ဖြစ်ပြီး ရိုက်နှက်မှုများကို ခံစားရကာ လာဘ်ငွေအများအပြားကိုလည်း ပေးဆောင်ရလိမ့်ဦးမည်။

အကျိုးဆက်များကို ချိန်ဆပြီးနောက် ကျွန်ကုန်သည်သည် အနည်းဆုံးတော့ သူ၏ ကုန်ကျစရိတ်များကို ပြန်ကာမိစေရန် အင်ပျဉ်မရှိသော မိန်းကလေးများကို ဈေးလျှော့ရောင်းရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော် ကျွေးဟုန်ဂေဟာမှ ဝူမားမားသည် သူ၏ လှည်းတစ်စီးစာ မိန်းကလေးများတွင် ရောဂါရှိနေကြောင်း သတင်းဖြန့်ထားပြီး ဖြစ်သည်။ အနီးနားရှိ ဖျော်ဖြေရေးရပ်ကွက်များတွင် သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ယခုအခါ ဘယ်သူကမှ သူတို့ကို မယူရဲကြတော့ချေ။

လှည့်ပြန်ရုံမှလွဲ၍ အခြားမရှိတော့သဖြင့် ကျွန်ကုန်သည်သည် သူ့လှည်းကို လှည့်ကာ ဈေးတန်းဆီသို့ ပြန်သွားခဲ့၏။ သို့သော် ဝိန်းယွီကို အခြားမိန်းကလေးများနှင့်အတူ ဆက်မထားရဲတော့ချေ။ ယင်းအစား သူမ၏ လက်ပေါ်ရှိ ကြိုးထုံးတွင် ကြိုးတစ်ချောင်း ထပ်ချည်ကာ လှည်းလက်တန်းတွင် ဆွဲချည်ထားလိုက်ပြီး သူမကို နွားလှည်းနောက်မှ လမ်းလျှောက်လာခိုင်းတော့သည်။ သူက ဟိန်းဟောက်လိုက်၏။ "မင့် မျက်နှာကို ဖုံးထားစမ်း... မဟုတ်ရင် ဒီနေရာမှာတင် မင်းကို သေအောင် ရိုက်သတ်ပစ်မယ်"

သူ၏ ဒေါသကို ဖြေဖျောက်ရန် သူမကို ကျာပွတ်ဖြင့် ရိုက်ချင်ခဲ့သော်လည်း ကိုယ်တိုင်ကလည်း ရောဂါကူးစပ်ခံရမှာ ကြောက်ရသေးသည်။

ဒေါသကို မြိုသိပ်ကာ လှည်းပေါ်သို့ ပြန်တက်သွားပြီး လှောင်အိမ်ထဲရှိ အခြားမိန်းကလေးများကို ဟိန်းဟောက်လိုက်၏။ "ဝယ်မယ့်သူတွေ ရှာဖို့ မင်းတို့ကို ဈေးတန်းကို ခေါ်သွားမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါးစပ်ပိတ်ထားကြ။ မင်းတို့ ကူးစက်ခံရရင် ငါနဲ့အတူ ဒီမှာ သေဖို့ပဲ ရှိတယ်။ ကံကောင်းလို့ သဘောကောင်းတဲ့ ဝယ်လက်တစ်ယောက် တွေ့ရင်တော့ မင်းတို့ အသက်ရှင်နိုင်လိမ့်မယ်"

မိန်းကလေးများသည် ဆောင်ကြာမြိုင်သို့ ရောင်းစားမခံချင်ကြသလို ရောဂါကူးစက်ခံရ၍လည်း မသေချင်ကြသဖြင့် အားလုံးက ကြောက်ရွံ့ဝမ်းနည်းစွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

သူ၏ ကျာပွတ်ကို အားကုန် ရိုက်ချလိုက်ပြီး ကျွန်ကုန်သည်သည် နွားလှည်းကို ရှေ့သို့ မောင်းနှင်လိုက်ရာ လှည်းဘီးများသည် နှင်းခဲဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် တကျွတ်ကျွတ် မြည်လျက် လှိမ့်သွားတော့သည်။ ကြိုးဖြင့် ဆွဲခေါ်ခံရသော ဝိန်းယွီသည် အနောက်မှ ယိုင်နဲ့နဲ့ လိုက်ပါသွားရလေသည်။

သူမ၏ ခြေထောက်များသည် အချိန်အကြာကြီး အေးခဲနေခဲ့ပြီး ခြေလှမ်းတိုင်းတွင် အပ်များဖြင့် ထိုးခံနေရသလို ခံစားနေရ၏။ သို့တိုင်အောင် သူမသည် ညည်းသံတစ်ချက်ပင် မထွက်ခဲ့ချေ။ သူမ၏ ကြည်လင်သော မျက်လုံးအစုံတွင် ပြင်းထန်သော မြောက်လေကဲ့သို့ ရက်စက်သော အမုန်းတရားများနှင့် သည်းခံနိုင်စွမ်းများ ပေါ်လွင်နေ၏။

ကူးစက်ရောဂါသည် သာမန်ပြည်သူများကြားတွင် ကပ်ဘေးတစ်ခုဖြစ်ပြီး တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ အယောက်တစ်ရာသို့ ကူးစက်နိုင်စွမ်းရှိကာ မြို့တစ်မြို့ကို ညတွင်းချင်း တစ္ဆေမြို့တော်အဖြစ် ပြောင်းလဲပစ်နိုင်သည်။ လူတိုင်းက ၎င်းကို ကြောက်ရွံ့ကြသည်။

ဝိန်းယွီကို ကျွန်ကုန်သည်က ပထမဆုံး ဖမ်းဆီးမိချိန်တွင် သူမသည် အင်ပျဉ်များ ထွက်လာစေခြင်းဖြင့် သူမ၏ ရုပ်သွင်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ သူမသည် မြင်းမွေးကို အနည်းငယ်သာ ရှူရှိုက်ခဲ့ပြီး မျက်နှာပေါ်တွင် မှိန်ဖျော့ဖျော့ အနီစက် အနည်းငယ်သာ ထွက်ပေါ်လာခဲ့သည်။

သို့သော် ဆောင်ကြာမြိုင်သို့ မပို့ဆောင်ခံရခင်တွင် သူမသည် အစွမ်းကုန် ကြိုးစားခဲ့၏။ လှည်းပေါ်သို့ တက်လာစဉ်တွင် သူမသည် ကျွတ်နေသော အမွေးများကို စုဆောင်းရန် အထည်စကို မြင်းမွေးနှင့် တမင်သက်သက် ပွတ်တိုက်ခဲ့ပြီး ခရီးစဉ်တစ်လျှောက်လုံး သူမ၏ နှာခေါင်းနှင့် ပါးစပ်ပေါ်တွင် အုပ်ထားခဲ့သည်။ ထွက်ပေါ်လာသော အင်ပျဉ်များသည် ယခင်ကထက် ပိုဆိုးရွားလာခဲ့သည်။

သို့သော် ဒေသခံ အာဏာပိုင်များသည် ကူးစက်ရောဂါ ဖြစ်ပွားမှုများကို အလွန်ရက်စက်စွာ ကိုင်တွယ်လေ့ရှိကြသည်။ ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူများကို တစ်ခါတစ်ရံတွင် ဆေးစစ်မှုပင် မလုပ်ဘဲ ခေါ်ဆောင်သွားတတ်ကြ၏။ တရားဝင်အားဖြင့် သူတို့ကို အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိသည်ဟုဆိုသော်လည်း လက်တွေ့တွင်မူ ကူးစက်ရောဂါ ခံစားနေရသူ အားလုံးကို အတူတကွ စုစည်းကာ အန္တရာယ်ကို ဖယ်ရှားရန် အရှင်လတ်လတ် မီးရှို့သတ်ပစ်တတ်ကြသည်။

ထို့ကြောင့်ပင် ဝိန်းယွီသည် လူအုပ်ကြားတွင် သူမ၏ "ကူးစက်ရောဂါ" အခြေအနေကို ပွင့်ပွင့်လင်းလင်း မကြေညာခဲ့ခြင်း ဖြစ်သည်။ တစ်ချက်မှာ ဒေသခံ အာဏာပိုင်များက ကူးစက်ရောဂါ ခံစားနေရသူများကို မည်သို့ ကိုင်တွယ်မည်ကို သူမ မသေချာခဲ့ပေ။ နောက်တစ်ချက်မှာ ဒေသဆိုင်ရာ အာဏာပိုင် အများအပြားသည် ပုန်ကန်သူများကို သစ္စာခံကြောင်း ကတိပြုထားပြီးဖြစ်ရာ ယုံကျိုး အာဏာပိုင်များ၏ ရပ်တည်ချက်မှာ မရှင်းလင်းသေးသောကြောင့်ပင်။

အကယ်၍ သူမက သူမ၏ သရုပ်မှန်ကို ထုတ်ဖော်ခဲ့လျှင် အာဏာပိုင်များက သူမ၏ စကားကို ယုံကြည်မည် မယုံကြည်မည်မှာ မသေချာချေ။ အကယ်၍ ယုံကြည်သွားခဲ့ပါကလည်း သူမကို အသုံးချပြီး ပုန်ကန်သူများ၏ မျက်နှာသာပေးမှုကို ရယူရန် ဆုံးဖြတ်ခဲ့ပါက သူမ၏ လုပ်ရပ်သည် ထောင်ချောက်ထဲသို့ ဝင်ရောက်သွားသလိုသာ ဖြစ်လိမ့်မည်။

သို့သော် သူမ၏ အင်ပျဉ်ရောဂါ လက္ခဏာများ ပိုဆိုးရွားလာသည်နှင့်အမျှ ယခုအခါ သူမသည် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုဖြင့် လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရပြီး အသက်ရှူရ ခက်ခဲနေလေပြီ။

သူမ တကယ်ပဲ တွက်တာ မှားယွင်းသွားခဲ့တာလား။ အဲ့ဒီ အမွေးတွေကို အကြာကြီး ရှူရှိုက်မိသွားတာလား။

ဝိန်းယွီသည် သူမ၏ လက်သည်းများကို လက်ဖဝါးထဲသို့ စိုက်သွင်းလိုက်ပြီး သတိမလစ်သွားစေရန် ကိုယ့်ကိုယ်ကိုယ် သတိပေးနေရသည်။ ကျွန်ကုန်သည်က သူမကို မစွန့်ပစ်သေးသဖြင့် မသိနားမလည်သည့် ဝယ်လက်တစ်ဦးအား လှည့်စားပြီး သူမကို ရောင်းချဖို့ ကြိုးစားနေဆဲ ဖြစ်ဟန်တူသည်။

တကယ်လို့ ကံကောင်းပြီး သဘောကောင်းတဲ့ မိသားစုတစ်ခုက ဝယ်သွားရင် လောလောဆယ် နေစရာနေရာလေးတစ်ခု ရပြီး ငါ့ရဲ့ လူယုံတွေနဲ့ အဆက်အသွယ် လုပ်လို့ရရင် အကောင်းဆုံးပဲ။

ဒါပေမယ့် ဒီကျွန်ကုန်သည်က ရောင်းလို့လည်း မထွက်၊ ငါ့ကိုလည်း မစွန့်ပစ်ချင်ဘူးဆိုရင်တော့ ငါ တခြားနည်းလမ်း ထပ်စဉ်းစားဖို့ လိုလိမ့်မယ်

ဝိန်းယွီသည် အေးစက်သော လေကို ရှူရှိုက်ရင်း သူမ၏ မျက်ခွံများကို အားယူကာ ပင့်ကြည့်လိုက်၏။

ဈေးတန်းတွင် ကျွန်ကုန်သည်သည် ဈေးနှုန်းချိုသာစွာဖြင့် အော်ဟစ် ကမ်းလှမ်းခဲ့ပြီး လှည်းပေါ်ရှိ မိန်းကလေးများ အားလုံးကို လျင်မြန်စွာ ရောင်းချလိုက်၏။

နွားလှည်းဘေးတွင် လက်နှစ်ဖက် ချည်နှောင်ခံထားရသော ဝိန်းယွီ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ ကျွန်ကုန်သည်သည် နွားလှည်းရှေ့တွင် ထိုင်ကာ ကြေးပြားများကို ရေတွက်ရင်း ဖြတ်သွားဖြတ်လာများကို အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေသည်။ "အစေခံမလေး ဝယ်ကြမလား-- ဒေါ်ဒေါ်၊ အစေခံမလေးတစ်ယောက် ဝယ်ပြီး ပြန်ခိုင်းမလား"

ဖြတ်သွားသော အမျိုးသမီးတစ်ဦးက သူ့ကို လက်ကာပြပြီး ထွက်သွားခဲ့သည်။ အေးခဲလှသည့် ရာသီဥတုတွင် ကောက်ရိုးဖိနပ်စီးထားသော ဒေသခံ ဆေးဖက်ဝင်အပင်များ ရောင်းချသူ တစ်ဦးသည် ဆေးဖက်ဝင်အပင်များ အပြည့်ပါသော ခြင်းတောင်းတစ်လုံးကို သယ်ဆောင်ကာ ချဉ်းကပ်လာ၏။ သူသည် ဝိန်းယွီကို သေသေချာချာ အကဲခတ်နေခဲ့လေသည်။

သူ့ကို မြင်သောအခါ ကျွန်ကုန်သည်သည် ထုံးစံအတိုင်း လှမ်းခေါ်လိုက်သည်။

"အစေခံ ဝယ်မလား။ ကြေးပြား ငါးရာတည်းနဲ့ လူကို ခေါ်သွားလို့ရပြီ"

ဝိန်းယွီသည် အားယူကာ မော့ကြည့်လိုက်သောအခါ မုတ်ဆိတ်ကျဲကျဲနှင့် ဆေးဖက်ဝင်အပင်များ ရောင်းချသူက သူမကို စိုက်ကြည့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။ နောက်ဆုံးတွင် သူက ကျွန်ကုန်သည်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ဆေး နှစ်ထုပ်လောက် ဝယ်လိုက်ပါလား။ သူ့ရဲ့ အင်ပျဉ်တွေက အနံ့တစ်ခုခုကို ရှူမိတာ ဒါမှမဟုတ် မတည့်တာ တစ်ခုခု စားမိလို့ ဖြစ်တာပါ။ ကြေးပြား ဆယ်ဂဏန်းလောက်ဆိုရင် ပျောက်သွားလိမ့်မယ်"

ဝိန်းယွီ၏ ခန္ဓာကိုယ်သည် လုံးဝ တောင့်တင်းသွားခဲ့သည်။

ကျွန်ကုန်သည်သည် ပထမတော့ အံ့ဩသွားပြီးနောက် ဈေးလျှော့ရောင်းခဲ့ရသော မိန်းကလေးများကို သတိရသွားတော့သည်။ ဒေါသတကြီးဖြင့် သူက အံကြိတ်ကာ ပြောလိုက်၏။ "သူ့အတွက် ဆေးဝယ်ရမယ် ဟုတ်လား။ သူက ငါ့ကို အရှုံးပေါ်အောင် လုပ်ခဲ့တာ။ သူ့ကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်"

သူသည် တကယ်ပင် ကျာပွတ်ကို ကိုင်ဆောင်လျက် နွားလှည်းပေါ်မှ ခုန်ဆင်းလာခဲ့သည်။

ဝိန်းယွီသည် အံကြိတ်ထားလိုက်ပြီး ထွက်ပြေးချင်ခဲ့သော်လည်း သူမ၏ လက်များကို ချည်နှောင်ထားသော ကြိုးက လှည်းနှင့် တင်းကျပ်စွာ ချည်နှောင်ခံထားရလေသည်။

ပြောင်လက်နေသော ကျာပွတ်သည် အေးစက်သော လေကို ဖြတ်သန်းကာ ရွှီးခနဲ အသံတစ်ခုနှင့်အတူ ကျဆင်းလာသည်။ သူမသည် တတ်နိုင်သမျှ ကွေးကွေးလေး နေလိုက်သော်လည်း ကျာပွတ်က သူမ၏ ကျောပြင်ပေါ်သို့ ကျရောက်လာသောအခါ အဆိပ်ပြင်းသော မြွေတစ်ကောင် ကိုက်လိုက်သလို ခံစားလိုက်ရဆဲပင်။ လျှော်ကြမ်းအဝတ်အစားများမှတစ်ဆင့် သွေးများ ချက်ချင်း စိမ့်ထွက်လာပြီး လောင်ကျွမ်းနေသော နာကျင်မှုတစ်ခုက ဒဏ်ရာမှတစ်ဆင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဝိန်းယွီသည် ညည်းတွားလိုက်ပြီး ဒူးထောက်ကျသွားတော့သည်။ သူမ၏ လက်ကောက်ဝတ်များသည် ကြိုးများကို ရုန်းကန်ထားမှုကြောင့် ပွန်းပဲ့နေခဲ့ပြီ ဖြစ်သည်။

သူမ၏ မျက်လုံးများထဲရှိ အမုန်းတရားများသည် ထိုအခိုက်အတန့်တွင် အစိုင်အခဲအဖြစ် ပြောင်းလဲသွားလုနီးပါးပင်။

"ခွေးမလေး... မင်း တမင်သက်သက် လုပ်ခဲ့တာ မဟုတ်လား"

ကျွန်ကုန်သည်က သူမကို နောက်တစ်ကြိမ် ရိုက်ရန် ချဉ်းကပ်လာသော်လည်း ဝိန်းယွီ၏ အကြည့်ကြောင့် လန့်ဖြန့်သွားခဲ့သည်။ သူ၏ ဒုတိယမြောက် ရိုက်ချက်သည် အနည်းငယ် နှေးကွေးသွားပြီး အရိုးများ ထင်းနေသော လက်တစ်ဖက်က ၎င်းကို ကြားဖြတ် ဖမ်းဆီးသွားရန် လုံလောက်သွားခဲ့၏။

"ဘယ်သူက သခင်ကြီးချန်ရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲတာလဲ..."

ဒေါသထွက်နေဆဲဖြစ်သော ကျွန်ကုန်သည်သည် အံ့ဩမှုမှ သတိပြန်ဝင်လာပြီး ကျိန်ဆဲရန် ပြင်လိုက်၏။ သို့သော် သူသည် လှည့်လိုက်ပြီး အသစ်ရောက်လာသူကို မြင်လိုက်ရသောအခါ ဆွံ့အသွားသကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

နေရောင်က တောက်ပနေပြီး နှင်းများ အရည်ပျော်ကာ လမ်းတစ်လျှောက်ရှိ အိမ်အမိုးစွန်းများမှ ရေပေါက်ကျသံများ ပဲ့တင်ထပ်နေသည်။

ဝိန်းယွီသည် သူမ၏ ရှည်လျားသော မျက်တောင်များကို ပုတ်ခတ်လိုက်ပြီး ချွေးများ စိုရွှဲနေသော မျက်ခွံများကို ပင့်တင်လိုက်၏။ သူမ၏ရှေ့တွင် ရပ်နေသောသူသည် အလွန် အရပ်ရှည်ပြီး သူမ၏ မြင်ကွင်းထဲက ကောင်းကင်ကြီးကို လုံးဝ ကွယ်ထားသည်ကို တွေ့လိုက်ရ၏။

သူမသည် ရက်စက်သော အကြည့်ကို ပြန်မရုပ်သိမ်းနိုင်မီမှာပင် တစ်ဖက်လူ၏ တောဝံပုလွေတစ်ကောင်ကဲ့သို့သော မျက်လုံးအစုံနှင့် ထိုသို့ပင် ဆုံတွေ့သွားခဲ့တော့သည်။

တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ အသက်ရှူသံကဲ့သို့ ပြင်းထန်သော သားကောင်ရှာဖွေသည့် အကြည့်မျိုးကို သူမ မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။ သူ၏ အကြည့်သက်သက်ကပင် သူမကို မလှုပ်ရှားနိုင်တော့သလို ခံစားရစေသည်။

သို့တိုင်အောင် ထိုအမျိုးသားသည် "မျှော်စင်တိုင်းမှ အင်္ကျီလက်များကို ရှက်သွေးဖြာစေနိုင်သော" မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားသည်။ — ချောမောသော မျက်လုံးများ၊ ကျက်သရေရှိသော မျက်ခုံးများနှင့် သိမ်မွေ့သော မျက်နှာသွင်ပြင်များပင်။ သူသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ သူ၏ နှုတ်ခမ်းများသည် လူမိုက်တစ်ယောက်၏ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ ကျွန်ကုန်သည်၏ ကျာပွတ်ကို ကြားဖြတ် ဖမ်းဆီးခဲ့သော လက်သည် တံတောင်ဆစ်ကို အနည်းငယ် ကွေးထားပြီး လျှော်ကြမ်းအဝတ်အစားများမှတစ်ဆင့်ပင် သူ၏ ကြွက်သားမြောင်းများကို ခပ်ရေးရေး မြင်တွေ့နိုင်လေသည်။

သူ၏ အကြည့်က ဝိန်းယွီကို ပေါ့ပေါ့ပါးပါး ဖြတ်ကျော်သွားပြီး ကျွန်ကုန်သည်အပေါ်တွင် ရပ်တန့်သွား၏။ သူ၏ ဆုပ်ကိုင်မှုကို လွှတ်လိုက်ပြီး ထိုလူကို ကန်ချလိုက်ရာ ရွှံ့ဗွက်ထနေသော နှင်းများထဲသို့ ယိုင်လဲကျသွားတော့သည်။

သို့သော်လည်း သူ၏ လေသံက မိတ်ဆွေဟောင်း တစ်ယောက်ကို နှုတ်ဆက်နေသည့်အလား ပေါ့ပေါ့ပါးပါး ဖြစ်နေ၏။

"အို... သခင်ကြီးချန်ပါလား။ ငါတို့က မင်းကို နေရာအနှံ့ လိုက်ရှာနေခဲ့တာ"

လူမိုက်ဆန်ပြီး ရက်စက်လှသည်။

ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသားနှစ်ဦးသည် ဈေးတန်း၏ အခြားတစ်ဖက်မှ ချဉ်းကပ်လာပြီး လက်များကို ပိုက်ကာ ရပ်တန့်လိုက်ပြီး ကျွန်ကုန်သည်ကို လုံးဝ ဝိုင်းရံထားလိုက်ကြ၏။

ဪ... ကလဲ့စားချေဖို့ လာတာကိုး။

ဝိန်းယွီသည် မြေပြင်ပေါ်တွင် လှဲလျောင်းနေရင်း သူမ၏ အသက်ရှူသံကို ဖြည်းညင်းစွာ တည်ငြိမ်အောင် လုပ်နေလိုက်သည်။ နာကျင်မှုကြောင့် ထွက်လာသော ချွေးအေးများသည် သူမ၏ နားထင်များကို စိုစွတ်နေစေပြီဖြစ်ပြီး ပြေကျနေသော သူမ၏ ဆံပင်နက်နက်များသည် ပါးပြင်ပေါ်သို့ ရှုပ်ထွေးစွာ ကျဆင်းနေသည်။ သူမ၏ စကတ်သည် ရွှံ့များ ပေကျံနေပြီး ရွှံ့နွံထဲတွင် ညှိုးနွမ်းနေသော ကြွေပန်းဖြူလေး တစ်ပွင့်နှင့် တူနေလေသည်။

ထိုလူငယ်ကို မြင်လိုက်ရသောအခါ ကျွန်ကုန်သည်၏ မျက်နှာသည် ဖြူရော်သွားတော့သည်။ ရွှံ့ဗွက်ထနေသော နှင်းများပေါ်တွင် ကိုယ့်ကိုယ်ကိုယ် ထောက်ထားရင်း နောက်သို့ ဆုတ်သွားကာ ရှုံ့မဲ့နေသည်နှင့် ပိုတူသော အပြုံးတစ်ခုကို ဖျစ်ညစ်ကာ ထုတ်ပြလိုက်လေသည်။

"ရှောင်း... ရှောင်းအစ်ကို(၂)..."

...

All Chapters