လော့ယန်မြို့၏ အမြင့်မြတ်ဆုံး တော်ဝင်အမျိုးသမီးလေး ဝိန်းယွီသည် နှင်းပမာ ဖြူစင်သော အသားအရေနှင့် ကြာပန်းဖူးလေးအလား လှပသည့် မျက်နှာပိုင်ရှင်ဖြစ်သည်။ တစ်နေ့သောအခါတွင် တိုင်းပြည်နှင့် ပြည်သူတို့ ပျက်စီးခဲ့ရပြီး ဝိန်းမျိုးနွယ်စုမှာလည်း ပြိုလဲသွားခဲ့လေသည်။ တစ်လောကလုံးတွင် နာမည်ကျော်ကြားလှသည့် လျန်ပြည်ထောင်၏ နံပါတ်တစ် အလှရှင်လေး သူမသည်လည်း အနယ်နယ်အရပ်ရပ်မှ သူရဲကောင်းဆိုသူများ လုယူကြသည့် ကစားစရာတစ်ခု ဖြစ်လာခဲ့ရသည်။ သူမသည် မိမိ၏ သတို့သားလောင်းနှင့် စေ့စပ်ထားသော လက်ထပ်ပွဲကို အကောင်အထည်ဖော်ရန်နှင့် စစ်ကူတောင်းခံကာ လက်စားချေရန်အတွက် မိုင်ထောင်ချီ ခရီးရှည် နှင်ခဲ့လေသည်။ သို့သော်လည်း လမ်းခုလတ်တွင် ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီး လူမိုက်တစ်ဦးနှင့်အတူ အဖော်ပြုရန် ဖိအားပေးခြင်း ခံခဲ့ရလေသည်။ ထိုလူမိုက်၏ အမည်မှာ ရှောင်းလိ ဖြစ်ပြီး ဖခင်အရင်းကို မသိရှိရဘဲ မိခင်မှာ ပြည့်တန်ဆာတစ်ဦး ဖြစ်သည်။ သူသည် အသက် ၈ နှစ်အရွယ်ကပင် လူသတ်မှုကျူးလွန်ကာ ထောင်ကျခဲ့ပြီး အသက် ၁၅ နှစ်တွင် လောင်းကစားဒိုင်၏ လူမိုက်ဖြစ်လာကာ ကြွေးမြီတောင်းခံခြင်းဖြင့် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည်ဟု ကောလဟာလများလည်း ရှိလေသည်။ ဝိန်းယွီသည် သူ၏ ရိုင်းစိုင်းသော အမူအရာများကို စက်ဆုပ်ရွံရှာပြီး သူကလည်း ဝိန်းယွီ၏ မာန်မာနကြီးမှုကို စိတ်ပျက်သည်။ သူတို့နှစ်ဦးမှာ စကားတစ်ခွန်း ပြောလိုက်တိုင်းလည်း အဆင်မပြေမှုများသာ ဖြစ်ပေါ်ရသည်။ သို့သော် နောက်ပိုင်းတွင် မိုးညတစ်ည၌ သူသည် အရိုးများ ကျိုးကြေသွားသည့်တိုင်အောင် ဝိန်းယွီကို ကျောပိုးကာ ထွက်ပြေးခဲ့ပြီး အသက်နှင့်လဲကာ ကာကွယ်ပေးရင်း မိုင်ပေါင်း ၆၀၀ကျော်ဝေးသည့် နန်ချန်သို့ ပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် မင်္ဂလာပွဲကျင်းပမည့် အကြိုညတွင် မိုးထဲလေထဲ၌ သူမ၏ အပျိုဆောင်အတွင်းသို့ အတင်းဝင်ရောက်လာပြီး ခက်ခက်ခဲခဲပင် စကားဆိုလိုက်လေသည်။ "ဝိန်းယွီ၊ မင်းရဲ့ ချန်မင်းသားကို လက်ထပ်မပါနဲ့တော့၊ ငါ့ကိုပဲ လက်ထပ်လို့ မရဘူးလား" "လျန်ပြည်ထောင်ကို ငါ မင်းအတွက် ပြန်ထူထောင်ပေးမယ်။ ဝိန်းမျိုးနွယ်စုရဲ့ ရန်ငြိုးကိုလည်း ငါ မင်းအတွက် လက်စားချေပေးမယ်" ဝိန်းယွီသည် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ မှန်တင်ခုံရှေ့တွင် ထိုင်နေရင်း သူ့ကို လှည့်ကြည့်လိုက်လေ၏။ သူမ၏ မျက်ဝန်းများမှာ တည်ငြိမ်နေသော်လည်း ရက်စက်သော အသွင်ရှိနေ၏ သူမက ပြန်ပြောလိုက်သည်။ "ကျွန်မက စစ်တပ်နဲ့ အာဏာကို လိုချင်တာ၊ ရှင့်မှာ အဲဒါတွေ ရှိလို့လား" နောက်ပိုင်းတွင် မြောက်ပိုင်းဝေ့စစ်တပ်သည် ရုတ်တရက် အင်အားကြီးမားလာပြီး အလယ်ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့လေသည်။ တောင်ဘက်သို့ စစ်ချီလာချိန်တွင် ချန်မင်းသားသည် လက်နက်ချ အညံ့ခံခဲ့ပြီး ဝိန်းယွီကိုလည်း ဝေ့ဘုရင်ထံသို့ လက်ဆောင်အဖြစ် ဆက်သခဲ့သည်။ ထိုနေ့က လေပြင်းများ တိုက်ခတ်ကာ နှင်းများ ကျဆင်းနေလေသည်။ ချန်မင်းသား၏ နန်းတော်အပြင်ဘက်တွင် မြောက်ပိုင်းဝေ့စစ်တပ်၏ အလံများမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားလေ၏။ ဝေ့ဘုရင် ဖြစ်လာခဲ့သည့် ထိုအမျိုးသားသည် မြင်းကို ဖြည်းညင်းစွာ မောင်းနှင်ကာ နန်းတော်တံခါးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူသည် ကြောက်ရွံ့တုန်လှုပ်နေသော ချန်မင်းသား၏ရှေ့တွင် သွေးများ စွန်းထင်းနေသည့် ဓားဦးဖြင့် ဝိန်းယွီ၏ မေးစေ့ကို ပင့်တင်ကာ အေးစက်စက် မေးလိုက်လေသည်။ "ဝိန်းယွီ၊ မင်း ဘယ်လိုမျိုးကောင်ကို လက်ထပ်ခဲ့တာလဲ" လူအများက ဝေ့ဘုရင်သည် မိမိ အခြေအနေ နိမ့်ပါးစဉ်က စွန့်ခွာသွားခဲ့သည့် ဝိန်းမျိုးနွယ်စုမှ အမျိုးသမီးကို အလွန်အမင်း မုန်းတီးနေသည်ဟု ပြောဆိုကြလေသည်။ ဝိန်းယွီသည် ယခုတစ်ကြိမ်တွင် သူ့လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်သဖြင့် မကုန်နိုင်သော ညှဉ်းပန်းမှုများကို ခံစားရတော့မည်ဟုလည်း ခန့်မှန်းနေကြသည်။ ဝိန်းယွီသည် တကယ်ပင် သူ၏ 'ညှဉ်းပန်းမှု'များကို အပြည့်အဝ ခံစားခဲ့ရလေသည်။ ထိုညတွင် ဖယောင်းတိုင်မီးများမှာ တောက်ပစွာ လင်းထိန်နေ၏။ ဝိန်းယွီသည် ထိုနဂါးပလ္လင်ပေါ်တွင် ပိတ်လှောင်ခံထားရပြီး ချွေးများရွှဲနစ်နေသည့် သူမ၏လည်ပင်ပေါ်က ရွှေရောင်သံကြိုးမှာ ဖယောင်းတိုင်မီးရောင်အောက်တွင် ရောင်ပြန်ဟပ်လို့နေသည်။ သံကြိုးခတ်နှိပ်ထားသူသည် သူမ၏ မေးစေ့ကို ဆုပ်ကိုင်ကာ နဖူးချင်း ထိထားလိုက်သည်။ သူ့မျက်ဝန်းများမှာ နီရဲနေပြီး လမ်းစပျောက်နေသည့် သားရဲတစ်ကောင်အလား။ "ငါ့မှာ အခု စစ်တပ်လည်း ရှိပြီ၊ အာဏာလည်း ရှိပြီ၊ ငါ့ကို လက်ထပ်တော့မလား" ..... [ဇာတ်လမ်းတို] ဝေ့ဘုရင် ရှောင်းလိသည် အောက်ခြေလူတန်းစားမှ ဆင်းသက်လာသူ ဖြစ်သော်လည်း နာမည်ကျော်ကြားလာချိန်မှစ၍ တစ်ခါမှ ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ချေ။ တစ်နေ့တွင်တော့ မြစ်တစ်စင်းကို အဖြတ် မြင်းပေါ်မှ ကျကာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပြီး လျန်ပြည်ထောင် စစ်တပ်ဟောင်းတစ်ခု၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ သူ့လည်ပင်းတွင် လေးလံသော အနက်ရောင် သံကွင်းကြီး ခတ်နှိပ်ခံရပြီး စစ်တပ်၏ ပင်မတဲအတွင်းသို့ ဆွဲခေါ်သွားခြင်း ခံခဲ့ရလေသည်။ ထိုတဲ၏ သခင်မမှာ ကြာပန်းကဲ့သို့ လှပသော မျက်နှာနှင့် လမင်းကဲ့သို့ ကြည်လင်သော မျက်ဝန်းများ ပိုင်ဆိုင်ထားသည်။ သူမသည် ဒူးထောက်ခိုင်းခြင်း ခံထားရသော ရှောင်းလိကို အေးစက်စွာ ကြည့်ကာ ပြောလိုက်လေသည်။ "ဝေ့နယ်စား၊ အခု သိပြီလား။ ကျွန်မ လိုချင်တာက ကိုယ်ပိုင်စစ်တပ်နဲ့ ကိုယ်ပိုင်အာဏာပဲ" …

