အခန်း ၄၀
Vol. 4 Ch. 40
အပိုင်း ၄၀
ဝိန်းယွီသည် ပြင်းထန်လှသော ဖျားနာဝေဒနာကြောင့် ကယောင်ကတမ်း ဖြစ်နေသည်။ တစ်စုံတစ်ယောက်က သူမကို ခေါ်ကာ စကားပြောနေသည်ကို ကြားလိုက်ရသော်လည်း မျက်လုံးများကို မှိတ်ထားလျက် ဝေဝါးစွာသာ ပြန်လည် တုံ့ပြန်နိုင်သည်။
ရှောင်းလိသည် ထို"အင်း" ဆိုသည့် သဲ့သဲ့လေး ထွက်ပေါ်လာသော အသံကို ကြားလိုက်ရချိန်တွင် မိမိကျောပေါ်၌ သတိလစ်မေ့မြောနေသူက မသိစိတ်က ရေရွတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိနေသော်လည်း သူ့နှုတ်ခမ်းထောင့်များကတော့ အနည်းငယ် ကွေးညွတ်သွားခဲ့၏။
သူသည် သူမကို ကျောပိုးကာ အဆုံးသတ်မဲ့သယောင် ရှိနေသော တောင်ပေါ်တောအုပ်အတွင်း ဆက်လျှောက်နေရင်း မျက်တောင်များပေါ်တွင် တွဲခိုနေသော ချွေးစက်များကို ခါထုတ်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"ဒါဆိုရင်တော့ သဘောတူပြီလို့ပဲ သတ်မှတ်လိုက်မယ်နော်"
ညမှောင်လာချိန်တွင် ရှောင်းလိသည် လယ်တောအိမ်တစ်လုံးကို နောက်ဆုံးတော့ ရှာဖွေတွေ့ရှိသွားတော့သည်။ သူသည် တံခါးကို အကြာကြီး ခေါက်လိုက်ပြီးနောက်မှသာ အတွင်းဘက်မှ သတိထားနေသော အသံတစ်သံ ထွက်ပေါ်လာ၏။
"ဘယ်သူလဲ"
ရှောင်းလိက ပြန်ဖြေလိုက်သည်။ "အစ်ကို... ကျွန်တော်တို့က မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေပါ။ လမ်းမှာ ဓားပြတိုက်ခံရလို့ အသက်လုပြီး ပြေးလာခဲ့ရတာ။ ကျွန်တော့်... ညီမလေးက ဖျားနေလို့ ခဏလောက် အနားယူဖို့ နေရာလေး အရေးတကြီး ကူညီပေးပါဦး"
ဝိန်းယွီနှင့် သူသည် သခင်နှင့် အစေခံဖြစ်ကြောင်းကို သူ မပြောရဲချေ။ အကယ်၍ နောက်ပိုင်းတွင် အရာရှိများ လာရောက်ရှာဖွေပါက အမှန်တရားမှာ အလွယ်တကူ ပေါ်ပေါက်သွားလိမ့်မည်။
လယ်သမားသည် သူ၏ယဉ်ကျေးသော လေသံနှင့် ညီမငယ်တစ်ဦး ပါလာသည်ကို ကြားလိုက်ရသောအခါ တံခါးကြားမှ ချောင်းကြည့်လိုက်၏။ သူ့ကျောပေါ်တွင် လူတစ်ယောက်ကို အမှန်တကယ် ပိုးထားသည်ကို မြင်လိုက်ရမှသာ သတိထားမှုကို လျှော့ချလိုက်ပြီး တံခါးမင်းတုပ်ကို ဖွင့်ကာ ပြောလိုက်သည်။
"မြန်မြန် ဝင်ခဲ့ကြ။ အခုလို ခေတ်ပျက်ကြီးထဲမှာ တောထဲမှာ ဓားပြတွေ အရမ်းများတာ။ ညဘက်ဆို တံခါးခေါက်သံကြားရင် မဖွင့်ရဲဘူး"
ရှောင်းလိသည် ဝိန်းယွီကို ခြံဝင်းအတွင်းသို့ ကျောပိုးခေါ်ဆောင်သွားရင်း ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် အစ်ကို"
သူ့ကျောပေါ်တွင် မှီတွယ်နေသော ဝိန်းယွီသည် သတိမရသေးဘဲ ရှိနေကာ သူမ၏ ဦးခေါင်းနှင့် မျက်နှာတစ်ဝက်ကို ခြုံလွှာဖြင့် ပတ်ထားသည်။ လယ်သမားသည် သူမ၏ ရုပ်ရည်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း ရှောင်းလိကို ဘာမှမဖြစ်ကြောင်း ပြောကာ အိပ်ရာပြင်ဆင်ပေးရန် သူ၏ မိန်းမကို လှမ်းခေါ်လိုက်တော့သည်။
ရွှံ့မြေဖြင့် ဆောက်လုပ်ထားသော ထိုအိမ်မှာ အတော်ပင် ဟောင်းနွမ်းနေပြီး အတွင်းရှိ ပရိဘောဂများမှာလည်း ပွန်းပဲ့နေလေပြီ။ လယ်သမားမိန်းမ ပြင်ဆင်ပေးသော ဟောင်းနွမ်းသည့် အိပ်ရာပေါ်တွင် ဝိန်းယွီကို ချထားပေးပြီးနောက် ရှောင်းလိသည် သူမ၏ နဖူးကို စမ်းကြည့်လိုက်သည်တွင် တော်တော်လေး ပူလောင်နေသည်ကို သိလိုက်ရ၏။
စားပွဲပေါ်ရှိ မီးအိမ်ခွက်မှ မှိန်ဖျော့သော အလင်းရောင်က ကျရောက်နေသည်။ ဝိန်းယွီ၏ ထူထဲလှသော မျက်တောင်ရှည်များက မျက်ဝန်းအောက်တွင် ငြိမ်သက်စွာ ရှိနေပြီး သူမ၏ ပုံမှန် တည်ငြိမ်ကြည်လင်သော အကြည့်များကို ဖုံးကွယ်ထား၏။ မျက်တောင်ဖျားများက အပေါ်သို့ အနည်းငယ် ကော့ညွတ်နေကာ မီးအိမ်ရောင်အောက်တွင် ယပ်တောင်ပုံစံ အရိပ်တစ်ခုကို ထင်ဟပ်စေသည်။
ဖျားနာနေသောကြောင့် ဖြစ်နိုင်သလို သူမ၏ သွယ်လျလှသော မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ချိုးနေပြီး သူမ၏ အသားအရည်မှာလည်း ပြင်းထန်သော အဖျားဒဏ်ကြောင့် နီရဲနေတော့သည်။
ရှောင်းလိသည် သူမ၏ ဖျားနာနေသောပုံစံကို ခဏလောက် စိုက်ကြည့်နေပြီးမှ လက်ကို ပြန်ရုတ်လိုက်ကာ စောင်ကို ခြုံပေးလိုက်၏။ ထို့နောက် ထုပ်ပိုးထားသော အိတ်အတွင်းမှ ငွေ၂စနှင့် အအေးမိပျောက်ဆေးတစ်ထုပ်ကို ထုတ်ယူကာ လယ်သမားမိန်းမကို ပြောလိုက်သည်။
"အစ်မကြီး... ကျွန်တော့်အတွက် ဒီဆေးလေးကို ကြိုပေးလို့ ရမလား"
လယ်သမားလင်မယားသည် ငွေကို မြင်သောအခါ ဝမ်းသာသွားကြသော်လည်း အိပ်ရာဘေးတွင် တွဲလောင်းကျနေသော ဝိန်းယွီ၏ လက်ပေါ်မှ အဖုအပိမ့်များကို တွေ့လိုက်ရသောအခါ တွေဝေသွားကြတော့သည်။ သူတို့က ကြောက်လန့်တကြီးဖြင့် မေးလိုက်ကြ၏။
"ဒီမိန်းကလေးမှာ အဖုအပိမ့်တွေ ပါလား။ ပလိပ်ရောဂါများလား မသိဘူး"
ရှောင်းလိသည် သူတို့၏ စိုးရိမ်မှုကို နားလည်သဖြင့် ပြောလိုက်သည်။ "အင်ပြင်တွေပါ။ ကျွန်တော့်ညီမလေးက အမြဲတမ်း အားနည်းတတ်တော့ ဒီခရီးမှာ ဒုက္ခတွေ အများကြီး ကြုံခဲ့ရလို့ပါ"
လယ်သမားမိန်းမသည် ရှောင်းလိကို အကဲခတ်ကြည့်လိုက်ရာ သူ့လက်နှင့် မျက်နှာတွင် အဖုအပိမ့်များ မရှိသည်ကို မြင်မှ စိတ်အေးသွားတော့သည်။ သူမသည် ဆေးနှင့် ငွေကို ယူကာ ပြုံးလျက် ပြောလိုက်၏။
"ကောင်လေး ခဏစောင့်ဦးနော်။ အစ်မ အခုပဲ သွားကြိုပေးမယ်"
ရှောင်းလိက ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောလိုက်သည်။
"ကျွန်တော့်ကို ရေဇလုံတစ်လုံးလောက်လည်း ပေးပါဦး"
လယ်သမားမိန်းမသည် အားလုံးကို သဘောတူလိုက်ပြီး မကြာခင်မှာပင် ရေနွေးနွေး တစ်ဇလုံနှင့် ပြန်ရောက်လာခဲ့၏။
ရှောင်းလိသည် ပုဝါကို ညှစ်ကာ ဝိန်းယွီ၏ မျက်နှာကို သုတ်ပေးလိုက်သည်။ လယ်သမားမိန်းမသည် အဖျားကြောင့် နီရဲနေသော ဝိန်းယွီ၏ပါးပြင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်းညီမလေး အဖျားက တော်တော်ကြီးနေတာ။ မျက်နှာသုတ်ရုံနဲ့ မရဘူး။ အစ်မ ပုဆိုးစအချို့ ရှာပေးမယ်၊ လည်ပင်းနဲ့ ဂျိုင်းကြားတွေကိုပါ သုတ်ပေးလိုက်ဦး"
ရှောင်းလိသည် ပုဝါကို ကိုင်ထားသော လက်မှာ ခေတ္တရပ်တန့်သွားပြီးမှ ပြောလိုက်သည်။
"လည်ပင်းကိုတော့ ကျွန်တော် သုတ်ပေးပါ့မယ်။ ဂျိုင်းကြားတွေကိုတော့ အစ်မကြီးပဲ ထပ်ပြီး ကူညီပေးပါဦးနော်"
လယ်သမားမိန်းမက လွယ်လွယ်ကူကူပင် သဘောတူလိုက်၏။
"ဘာမှ ဒုက္ခမများပါဘူး။ မင်း လည်ပင်းကို အရင်သုတ်ပေးထားလိုက်၊ အစ်မ သူ လဲဖို့ အဝတ်အစားတွေ သွားရှာလိုက်ဦးမယ်။ ညဘက်ကျရင် သူ ချွေးတွေ ထွက်လာလိမ့်မယ်"
လယ်သမားမိန်းမ ထွက်သွားပြီးနောက် ရှောင်းလိသည် ဝိန်းယွီ၏လည်ပင်းကို အသာအယာ မ,လိုက်ပြီး ပတ်ထားသော ပိုးသားခြုံလွှာကို ဖယ်ရှားလိုက်သည်။
ဝိန်းယွီသည် ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်ကာ သူမ၏ နှင်းလို ဖြူဖွေးစိုစွတ်နေသော လည်တိုင်လေးပေါ်တွင် ဆံနွယ်အချို့ ကပ်ညှိနေလေသည်။ ရှောင်းလိသည် တွေဝေနေပြီးမှ သူ့လက်ချောင်းများကို အသုံးပြုကာ ထိုဆံနွယ်များကို အသာအယာ ဖယ်ရှားပေးလိုက်၏။ သူသည် အာရုံစိုက်ထားရန် အစွမ်းကုန် ကြိုးစားနေသော်လည်း သူ၏လက်ထိပ်များက ထိုဖြူဖွေးနူးညံ့သော အသားစိုင်နှင့် ထိမိလိုက်သည့် အခိုက်အတန့်တွင် မထိန်းနိုင်ဘဲ တော်တော်လေး ပျာယာခတ်သွားမိ၏။
သူ့လက်ထိပ်များသည် သူမ၏ ပူလောင်နေသော ကိုယ်ခန္ဓာကြောင့် အပူလောင်သွားသည့်နှယ် ခံစားလိုက်ရပြီး တလှပ်လှပ် တုန်ယင်မှုက သူ့ရင်ဘတ်အတွင်းရှိ ဟုန်းဟုန်းတောက်နေသော နှလုံးခုန်သံများဆီသို့ ပျံ့နှံ့သွားလေတော့သည်။
ရှောင်းလိသည် အကြည့်ကို နှိမ့်ချထားလိုက်ပြီး ထိုဖြူဖွေးသော လည်တိုင်လေးကို မကြည့်မိစေရန် ကြိုးစားလိုက်၏။ ဖရိုဖရဲဖြစ်နေသော ဆံနွယ်များကို ဖယ်ရှားပေးပြီးနောက် ပုဝါဖြင့် အသာအယာ သုတ်ပေးလိုက်ကာ သူမ၏ အသားနှင့် ထပ်မထိမိစေရန် ဂရုစိုက်နေရသည်။
လယ်သမားမိန်းမသည် အဝတ်အစားများနှင့် ပြန်ရောက်လာပြီး သူ သုတ်နေသည့် ပုံစံကို မြင်သောအခါ သူ့ကို ဘေးသို့ တွန်းဖယ်လိုက်၏။ သူမက ဝိန်းယွီ၏ ကော်လာကို လျှော့ပေးရင်း ဆူပူလိုက်သည်။
"ဒါက လူနာပြုစုတဲ့နည်း မဟုတ်ဘူး။ မင်းညီမက ဆောင်းတွင်းအဝတ်အစားတွေနဲ့ ကော်လာကလည်း တင်းကြပ်နေတာကို ထူထဲတဲ့ စောင်ကြီး ခြုံထားတော့ ဘယ်သက်သာပါ့မလဲ။ ကိုယ်ခန္ဓာက မီးခဲလို ပူနေတာကို အပူကျအောင် လုပ်ပေးရမယ်လေ"
လယ်သမားမိန်းမက ဝိန်းယွီ၏ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး အတွင်းအင်္ကျီကို လျှော့ပေးလိုက်ရာ လည်ပင်းအောက်ရှိ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော အသားစိုင် အနည်းငယ် ပေါ်ထွက်လာသောအခါ ရှောင်းလိသည် အလျင်အမြန်ပင် အကြည့်လွှဲလိုက်တော့သည်။
ကံဆိုးစွာဖြင့် လယ်သမားမိန်းမသည် ဆူပူပြီးနောက် ဝိန်းယွီကို ရေအနည်းငယ် တိုက်လိုက်ကာ ရှောင်းလိကို ခွက်ကိုင်ခိုင်းလိုက်သည်။ ထို့နောက် ပုဝါကို ညှစ်ကာ ဝိန်းယွီ၏ လည်ပင်းကို သုတ်ပေးနေရင်း သူ့ကို လှမ်းခေါ်ကာ ပြောလိုက်သေးသည်။
"သေသေချာချာ ကြည့်ထား။ ဒါကို ဒီလိုမျိုး လုပ်ရတာ"
ရှောင်းလိ မော့ကြည့်လိုက်သောအခါ လယ်သမားမိန်းမ၏ လက်ထဲရှိ ပုဝါမှာ ဝိန်းယွီ၏ လျော့ရဲနေသော ကော်လာအတွင်းသို့ လျှောဝင်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသည်။ မီးအိမ်ရောင်အောက်တွင် သူမ၏ နွေးထွေးဖြူဖွေးလှသော ညှပ်ရိုးပေါ်၌ ဆံနွယ်တစ်စ တင်ကျန်နေပြီး ထိုဆံနွယ်ဖျားမှာ စိုစွတ်နေသော အသားစိုင်ပေါ်မှတစ်ဆင့် အင်္ကျီအတွင်းပိုင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
သူ၏ နားရွက်ဖျားများမှာ နီရဲသွားခဲ့ပြီး အကြည့်ကို ဘယ်ထားရမည်မှန်း မသိတော့ချေ။
လယ်သမားမိန်းမသည် သူ၏ တုံ့ပြန်မှုကို သတိထားမိသွားပြီး သူတို့က မောင်နှမတွေ ဖြစ်သဖြင့် အနေအထား တစ်ခုကို ထိန်းသိမ်းနေခြင်း ဖြစ်သည်ဟု ထင်မှတ်ကာ ပြောလိုက်၏။
"မင်းတို့က မိသားစုတွေပဲဟာ။ မောင်နှမတွေ ကြီးလာရင် အကွာအဝေးတစ်ခု ထားရမယ်ဆိုပေမယ့် သူက အခု ပြင်းပြင်းထန်ထန် ဖျားနေတာ၊ အသက်အန္တရာယ်တောင် စိုးရိမ်ရတာ။ အခုလို အချိန်မျိုးမှာတော့ ဒါတွေကို ဂရုစိုက်မနေပါနဲ့..."
ဝိန်းယွီ အသက်အန္တရာယ် ရှိနိုင်ကြောင်း ကြားလိုက်ရချိန်တွင် ရှောင်းလိ ဆုပ်ကိုင်ထားသော ဝါးခွက်မှာ ချက်ချင်းပင် တင်းကြပ်သွားခဲ့၏။ သူက ပြတ်သားစွာ ပြောလိုက်သည်။
"သူ ရှင်မှာပါ"
လယ်သမားမိန်းမသည် သူ့အသံအတွင်းမှ တင်းမာမှုကို သတိထားမိသွားပြီး သူ နားလည်မှု လွဲသွားမှာ စိုးရိမ်သဖြင့် အလျင်အမြန် ရှင်းပြလိုက်တော့သည်။
"အစ်မကြီးက မင်းညီမလေးကို ကျိန်ဆဲနေတာ မဟုတ်ပါဘူး။ မင်းကို သူ့ကို သေသေချာချာ ပြုစုစေချင်လို့ ပြောတာပါ။ ဆောင်းတွင်းတိုင်းမှာ ရွာထဲက လူတချို့က ဒီလို ဖျားပြီး သေကုန်ကြတာလေ"
ရှောင်းလိသည် ဝိန်းယွီ၏ နီရဲနေသော မျက်နှာကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော် သိပါပြီ"
ဝိန်းယွီ၏ ဂျိုင်းကြားများကို သုတ်ပေးပြီးနောက် လယ်သမားမိန်းမသည် ပုဝါကို ညှစ်ကာ ရှောင်းလိကို ကမ်းပေးလိုက်၏။
"ရေက အေးသွားပြီ။ အစ်မကြီး ဇလုံအသစ် သွားလဲပေးမယ်။ ဒီပုဝါကို ကိုင်ထား။ မင်းညီမလေး အဖျား ထပ်တက်လာရင် သူ့ကို ထပ်သုတ်ပေးလိုက်ဦး"
ရှောင်းလိက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
လယ်သမားမိန်းမ ထွက်သွားပြီးနောက် သူသည် ခုံတန်းရှည်တစ်ခုကို ဆွဲယူကာ ကုတင်ဘေးတွင် ထိုင်လိုက်သည်။ ဖျားနာမှုကြောင့် သတိလစ်နေသူကို ကြည့်ရင်း ပုဝါဖြင့် သူမ၏ နားထင်များကို သုတ်ပေးကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "မင်း ကလဲ့စား ချေချင်သေးတယ် မဟုတ်လား။ ဒါက အအေးမိတာလေးတင်ပါ။ မင်း ကြံ့ခိုင်မှဖြစ်မယ်"
သူသည် အိပ်ပျော်နေစဉ်မှာပင် တွန့်ချိုးနေသော ဝိန်းယွီ၏ မျက်ခုံးအစုံကို ကြည့်ရင်း ထိုအရာကို ဖြည်လျော့ပေးချင်သည့်နှယ် လက်ကို မြှောက်လိုက်၏။ သို့သော် သူ့လက်ချောင်းများက သူမ၏ နဖူးကို မထိမိခင်မှာပင် ပြန်ရုတ်လိုက်ကာ ပုဝါဖြင့်သာ အသာအယာ တို့သုတ်ပေးလိုက်သည်။ လယ်သမားမိန်းမ ဂျိုင်းကြားသုတ်ပေးစဉ်က ဟဟလေး ဖြစ်နေသော ကော်လာကို သေသေချာချာ ပြန်စေ့ပေးပြီးနောက် သူမ၏ လည်ပင်းအောက်က နေရာကို ဂရုတစိုက် သန့်ရှင်းပေးလိုက်သည်။
လယ်သမားမိန်းမ ပြန်ရောက်လာချိန်တွင် မည်းနက်သော ဆေးရည် တစ်ခွက်ကို ယူဆောင်လာခဲ့ပြီး သူမ၏ နောက်တွင် လယ်သမားက ရေဇလုံကို သယ်ကာ လိုက်လာခဲ့၏။
"ဒီမိန်းကလေးကို ဆေးတိုက်ပြီးရင်" လယ်သမားမိန်းမက ပြောလိုက်သည်။ "ကိုယ်တိုင် တစ်ခေါက် ထပ်သုတ်ပေးပြီး ခြောက်သွေ့တဲ့ အဝတ်အစားတွေ လဲပေးရမယ်။ ပြီးမှ သူ ကောင်းကောင်း အိပ်ပျော်ပြီး အဖျားကျအောင် ချွေးထုတ်ရမှာ"
ရှောင်းလိက ခေါင်းညိတ်ပြကာ ဆေးခွက်ကို ယူလိုက်ပြီး ဇွန်းဖြင့် ဝိန်းယွီကို ဂရုတစိုက် တိုက်ကျွေးလိုက်၏။ ထို့နောက် လယ်သမားမိန်းမ အဝတ်အစားလဲပေးနိုင်ရန် အပြင်သို့ ထွက်ပေးလိုက်သည်။
တံခါးအပြင်ဘက်တွင် စောင့်နေစဉ် လယ်သမားက မီးဖိုချောင်မှ မီးသွေးအိုးကို သယ်ဆောင်လာသည်ကို မြင်လိုက်ရ၏။ ထိုလူက မီးဖိုကို တံစက်မြိတ်အောက်တွင် ချထားရင်း ပြောလိုက်သည်။
"ညဘက်က အရမ်းအေးတယ်။ ဒါကို အထဲယူသွားလိုက်— အခန်းလည်း နွေးသွားပြီး ရေလည်း နွေးနေလိမ့်မယ်။ မင်းညီမလေး ညဘက် နိုးလာရင် သောက်ဖို့ ရေနွေး ရှိတာပေါ့"
"ကျေးဇူးတင်ပါတယ် အစ်ကို" ရှောင်းလိက ပြန်ဖြေလိုက်၏။
ထိုလူက လက်ခါပြလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ငါတို့ဆီမှာ အခန်း ၂ ခန်းပဲ ရှိတာဆိုတော့ ဒီည ငါနဲ့အတူ အိပ်ပေါ့၊ ငါ့မိန်းမက မင်းညီမလေးကို ပြုစုဖို့ အဲ့ဒီမှာပဲ နေလိမ့်မယ်"
ဝိန်းယွီ၏ အဖျားက ပြင်းထန်လှသဖြင့် ရှောင်းလိသည် သူမကို ပြုစုစောင့်ရှောက်ပေးရန် အခြားသူများအား လုံးလုံးလျားလျား မအပ်နှံရဲချေ။ သူမ ဖျားနေချိန်တွင် လျှို့ဝှက်ချက် တစ်စုံတစ်ရာကို မတော်တဆ ပြောမိမှာကို စိုးရိမ်သဖြင့် သူက ငြင်းဆိုလိုက်သည်။
"စေတနာအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အစ်မကြီးကို အရမ်း ဒုက္ခမပေးချင်တော့လို့ပါ။ ကျွန်တော်ပဲ အောက်မှာ ခင်းအိပ်ပြီး ညီမလေးကို စောင့်ကြည့်လိုက်ပါ့မယ်"
သူ၏ စိုးရိမ်မှုကို မောင်နှမ သံယောဇဉ်ဟု ထင်မှတ်ကာ ထိုလူက ခေါင်းညိတ်လိုက်၏။
"မင်းသဘောပါပဲ။ ငါ အိပ်ရာခင်းတွေ ထပ်ယူပေးမယ်။ ညဘက် တစ်ခုခုဖြစ်ရင် ငါတို့ကို လှမ်းခေါ်လိုက်နော်"
ရှောင်းလိက ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဆေးသောက်ပြီးနောက် ဝိန်းယွီ၏ ပြင်းထန်သော အဖျားမှာ အမှန်တကယ်ပင် အနည်းငယ် သက်သာသွားခဲ့၏။
အိပ်ရာမဝင်ခင် ရှောင်းလိသည် သူမ၏နဖူးကို စမ်းကြည့်လိုက်ရာ ယခင်ကထက် သိသိသာသာ အေးသွားသည်ကို တွေ့ရသဖြင့် စိတ်အေးသွားတော့သည်။ သူသည် မီးကို ငြှိမ်းလိုက်ပြီး အဝတ်အစားများပင် မချွတ်ဘဲ အိပ်ရာခင်းပေါ်တွင် လဲလျောက်လိုက်သည်။
ကုတင်ပေါ်မှ သူမ၏ သဲ့သဲ့လေး ထွက်ပေါ်လာသော အသက်ရှူသံကို နားထောင်ရင်း သူသည် လက်မောင်းကို ခေါင်းအုံးကာ အမှောင်ထုကို အချိန်အတော်ကြာ ငေးကြည့်နေမိပြီးမှ နောက်ဆုံးတွင် ခဏတာ မှေးစက်သွားတော့သည်။
ညဉ့်နက်ပိုင်းတွင် တိုးညှင်းသော ညည်းတွားသံတစ်ခုက အမှောင်ထုကို ဖြတ်ကျော်လာခဲ့၏။
"ရေ..."
ရှောင်းလိသည် ချက်ချင်းထကာ မီးအိမ်ကို ထွန်းလိုက်သည်။ မီးသွေးအိုးပေါ်ရှိ နွေးနေသော ရေနွေးအိုးကို မကာ ရေတစ်ခွက် ငှဲ့လိုက်ပြီး ဝိန်းယွီကို ထူပေးလိုက်ကာ ရေတိုက်ပေးလိုက်၏။ ထိုအခါမှသာ သူမသည် သတိမရသေးဘဲ အဖျား ပြန်တက်လာကြောင်း သိလိုက်ရတော့သည်။ သူမ၏ ပါးပြင်များမှာ ပူလောင်နေပြီး အဝတ်အစားများမှာလည်း ချွေးများဖြင့် စိုရွှဲနေကာ နှုတ်ခမ်းများမှာ ရေဓာတ်ခမ်းခြောက်မှုကြောင့် ကွဲအက်နေလေသည်။
သူမကို ရေတစ်ဝက်လောက် တိုက်ပေးပြီးနောက် ပုဝါဖြင့် သူမ၏ မျက်နှာနှင့် လည်ပင်းကို သုတ်ပေးလိုက်၏။ စိုစွတ်နေသော အဝတ်အစားများကြောင့် သူမ ပိုချမ်းသွားမှာကို စိုးရိမ်သဖြင့် လယ်သမားမိန်းမကို လှမ်းခေါ်ကာ အတွင်းအင်္ကျီ လဲပေးရန် တောင်းဆိုလိုက်ရသည်။
သူတို့ အားလုံး ပြီးစီးသွားချိန်တွင် ၄ချက်တီးအသံ ထွက်ပေါ်လာခဲ့သည်။
လယ်သမားမိန်းမက စိုးရိမ်တကြီးဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းညီမလေးရဲ့ အခြေအနေက တော်တော် ဆိုးပုံရတယ်။ ဒီကနေ ၁၀မိုင်လောက် ဝေတဲ့ မာကျားရွာမှာ နာမည်ကြီးတဲ့ သမားတော်ကြီး တစ်ယောက် ရှိတယ်။ မနက်အထိ အဖျားမကျသေးရင် သူ့ဆီကို ခေါ်သွားလိုက်"
ရှောင်းလိက ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
သမ်းဝေနေသော လယ်သမားမိန်းမက သူမ၏ အခန်းသို့ ပြန်သွားပြီးနောက် သူသည် အိပ်စက်ရန် စိတ်ကူးမရှိတော့ဘဲ ကုတင်ဘေးတွင် ထိုင်ကာ ဝိန်းယွီကို စောင့်ကြည့်နေတော့သည်။ ပုဝါကို ညှစ်ကာ သူမ၏ နီရဲနေသော ပါးပြင်များကို တို့သုတ်ပေးရင်း အေးအောင် လုပ်ပေးနေလိုက်သည်။
သို့သော် ဝိန်းယွီကတော့ အိပ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေသည့်နှယ် နာကျင်သော အမူအရာဖြင့် အဆက်မပြတ် ရေရွတ်နေ၏။
သူမသည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ြီး သူမ၏ ပူလောင်နေသော ပါးပြင်သည် ပုဝါကို ကိုင်ထားသော ရှောင်းလိ၏လက်နှင့် ထိမိသွားကာ အေးမြမှုကို ရှာဖွေသည့်နှယ် ထိုနေရာတွင်သာ တည်ရှိနေတော့သည်။ သူမ၏ မျက်ဝန်းထောင့်မှ ကြည်လင်သော မျက်ရည်တစ်စက် စီးကျလာပြီး ရှောင်းလိ၏ လက်ပေါ်သို့ ကျရောက်သွားလေသည်။
ထိုမျက်ရည်စသည် အေးစက်နေသော်လည်း ရှောင်းလိ၏ နှလုံးသားကိုတော့ မီးခဲနှယ် လောင်မြိုက်စေခဲ့၏။ ပုဝါကို ဆုပ်ကိုင်ထားသော သူ့လက်ချောင်းများမှာ အနည်းငယ် တင်းကြပ်သွားသော်လည်း သူသည် တစ်လက်မပင် မလှုပ်ရှားရဲဘဲ သူမကို ထိုအတိုင်း မှီတွယ်ခွင့်ပေးထားလိုက်သည်။ ကျန်လက်တစ်ဖက်မှာ အနည်းငယ် တောင့်တင်းနေသော်လည်း စောင်ပေါ်မှတစ်ဆင့် သူမ၏ကျောကို အသာအယာ ပုတ်ပေးရင်း အလွန်တိုးညှင်းသော အသံဖြင့် ကလေးချော့တေး တစ်ပုဒ်ကို ညည်းဆိုနေလိုက်တော့သည်။
"လီလီပန်းပန်း... တောင်ကုန်းပေါ်မှာ ခုန်ပေါက်နေတယ်......"
၎င်းသည် သူ ငယ်စဉ်က အသည်းအသန် ဖျားနာပြီး ပူလောင်နေစဉ် ရှောင်းဟွေ့နျန်က သူ့ကို ပွေ့ဖက်ကာ တစ်ညလုံး ဆိုပြခဲ့သော သီချင်းလေး ဖြစ်သည်။
သူသည် ထိုသီချင်း၏အမည်ကို မသိခဲ့သော်လည်း နှစ်ပေါင်းများစွာကြာသည်အထိ မှတ်မိနေခဲ့၏၊ သူ့ကို ဂရုမစိုက်သယောင် ရှိခဲ့သော်လည်း တစ်ညလုံး မအိပ်ဘဲ စောင့်ကြည့်ပေးခဲ့သော မိခင်ဖြစ်သူကို မှတ်မိနေသကဲ့သို့ပင်။
ငြိမ်သက်လွန်းနေသည့် ညဉ့်နက်ပိုင်းတွင် အပြင်ဘက် တောအုပ်အတွင်းမှ သစ်ပင်များကို တိုက်ခတ်သွားသော လေတိုးသံများကိုသာ ကြားနေရသည်။
မီးအိမ်ရောင် မှိန်မှိန်အောက်တွင် သူ၏ ကြမ်းရှရှအသံဖြင့် ညည်းဆိုနေမှုသည် ဤအခန်းလေးအတွင်း၌ သီးခြား ကမ္ဘာတစ်ခုကို ဖန်တီးထားသည့်နှယ် ရှိနေတော့သည်။
ချော့မြှူနေသော အသံလေးကြောင့် ဝိန်းယွီ၏ တင်းနေအောင် တွန့်ချိုးထားသည့် မျက်ခုံးအစုံမှာ နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားခဲ့၏။
ရှောင်းလိသည် ချွေးများဖြင့် စိုစွတ်နေသော ဆံနွယ်တစ်စကို သူမ၏ နားနောက်သို့ သပ်တင်ပေးလိုက်ပြီး ပြောလိုက်သည်။
"အားယွီ... မြန်မြန် နေကောင်းလာရမယ်နော်"
သူသည် သူမကို ဟန့်ယန်ဟု ထပ်မခေါ်တော့ဘဲ သူမသည် ရွှေစင်ရွှေခက်များကဲ့သို့ မြင့်မြတ်လှသော မင်းသမီးတစ်ပါး ဖြစ်ကြောင်းကို ခေတ္တမျှ မေ့လျော့နေသယောင်ပင်။
ယုံကျိုး။
ဖေစုန့်သည် ခြေလှမ်းကျဲကြီးများဖြင့် မြင်းပေါ်မှ ဆင်းလိုက်ကာ သူ့ဓားကို အနီးရှိ ကိုယ်ရံတော်ထံသို့ ပစ်ပေးလိုက်၏။
အကြံပေးအမတ်သည် သူ့ကို လာရောက် ကြိုဆိုနှုတ်ဆက်ရင်း လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်၏။
"အောင်ပွဲကြီးအတွက် ဂုဏ်ယူပါတယ် ကျူကျွင်း"
နှင်းခဲများကို နင်းခြေလျက် ဖေစုန့်သည် အိမ်တော်တံခါးအတွင်းသို့ ဝင်လာခဲ့ပြီး သူ၏ စစ်ဦးထုပ်ကို ချွတ်ကာ လက်ကြားတွင် ညှပ်ထားရင်း လျှောက်နေသည်။
"ဟန့်ယန်ရဲ့ သဲလွန်စ ရှာတွေ့ပြီလို့ ကြားတယ်" သူက မေးလိုက်၏။
အကြံပေးအမတ်က ပြန်ဖြေလိုက်သည်။ "ကျူကျွင်း အမိန့်ပေးထားတဲ့အတိုင်း ကိုယ်ရံတော်တပ်သားတွေကို သူတို့ကို လိုက်လံ သုတ်သင်ဖို့ စေလွှတ်ထားပြီးပါပြီ။ လျန်မင်းဆက်ဟောင်းရဲ့ အကြွင်းအကျန်တွေက နန်ချန်ကို အသက်ရှင်လျက်နဲ့ ရောက်နိုင်မှာ မဟုတ်ပါဘူး"
ဖေစုန့်၏ အမူအယာမှာ အေးစက်နေပြီး ပြောလိုက်သည်။ "အဲလိုဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ရှန်းကျိုးက ကာကွယ်ရလွယ်ပြီး တိုက်ခိုက်ရ ခက်တယ်— ငါတို့ သူတို့ကို ဝိုင်းထားပြီး အင်အားချည့်နဲ့အောင် လုပ်ကြမယ်။ တင်းကျိုးကလည်း ပြိုလဲလုနီးပါး ဖြစ်နေပြီ၊ မကြာခင် ငါကိုယ်တိုင် သွားပြီး စီမံရမယ်။ တောင်ဘက်မှာ ဘာပြဿနာမှ ထပ်ရှိလို့ မဖြစ်ဘူး"
အကြံပေးအမတ်က ပြောလိုက်သည်။ "မုန့်ကျိုးလည်း ကျရှုံးသွားပြီ၊ ရှန်းကျိုးကိုလည်း ဝိုင်းထားနိုင်ပြီဆိုတော့ ဝေ့မြစ်တောင်ဘက်က နယ်မြေတွေအားလုံးက ကျူကျွင်းရဲ့ လက်ထဲမှာပါပဲ။ လျန်မင်းဆက်ဟောင်းက လူတွေကတော့ ဒီတစ်ခါ သေချာပေါက် ပျက်စီးမှာပါ။ နန်ချန်က လျန်ပြည်ထောင်နဲ့ လက်ထပ်ထိမ်းမြားမှုကို အကြောင်းပြပြီး နယ်မြေလုချင်နေရင်တောင် သူတို့က ဘယ်သူနဲ့ မဟာမိတ်ဖွဲ့မလဲဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာလိမ့်မယ်"
ဖေစုန့်က ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ဖုန်းယန်ကို ဝိုင်းထားကတည်းက အဲ့ဒီ ဝိန်းမျိုးနွယ်က မိန်းမက နန်ချန်ကို တည့်တည့် သွားနေတာ။ သူတို့က စစ်ကူလွှတ်မယ်ဆိုတာ သေချာနေတဲ့အတိုင်းပဲ။ အဲ့ဒီ မြေခွေးအိုကြီး ချန်လျန်ဝမ်က နန်ချန်မှာ တစ်ခုခု စီစဉ်ထားခဲ့တာ ဖြစ်ရမယ်။ ကျုပ်တို့ ပေါ့ဆလို့ မရဘူး"
သူသည် အကြံပေးအမတ်ဘက်သို့ လှည့်ကာ မေးလိုက်၏။
"ဒါနဲ့... အဲ့ဒီမိန်းမ ဘယ်လိုနေသေးလဲ"
အကြံပေးအမတ်သည် ထိုနေ့က ရှင်းလျဲ့ကြောင့် ဒဏ်ရာရခဲ့သော အမျိုးသမီးကို ဆိုလိုခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
"သူ့အသက်တော့ ဘေးကင်းသွားပါပြီ။ ဒါပေမယ့် သူ့သားကို တွေ့ချင်တယ်လို့ပဲ အမြဲတမ်း အော်ဟစ်တောင်းဆိုနေတယ်"
…