အခန်း ၁၅၃
Vol. 16 Ch. 153
အပိုင်း (၁၅၃)
ဝိန်းယွီသည် ထောင်ခွေက ထိုအကြောင်းကို ရုတ်တရက် မေးမြန်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူမသည် အနည်းငယ် မှင်သက်သွားပြီးနောက် ပြန်ပြောလိုက်လေသည်။ “အိမ်မှာပဲ ထားခဲ့တယ်”
ထောင်ခွေသည် ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားဟန်တူသည်။
သူ ထွက်သွားပြီးနောက် ဝိန်းယွီသည် ခုတင်ဘေးသို့ လျှောက်သွားကာ ခေါင်းအုံးအိအိလေးအောက်မှ ငါးကြင်းရုပ် သစ်သားပန်းပုလေး ထည့်ထားသည့် အိတ်လေးကို ထုတ်ယူလိုက်သည်။ သူမသည် မျက်လွှာချကာ အနည်းငယ် ငေးမောလျက် ထိုအိတ်လေးကို ခပ်ဖွဖွ ပွတ်သပ်နေမိ၏။
နေ့ရက်များကို တွက်ချက်ကြည့်လျှင် ဝေ့ချီရှန်းဘက်မှ သူမကို တောင်းခံရန် ရှောင်းလိထံသို့ စေလွှတ်လိုက်သည့် လူများသည် စစ်စခန်းအတွင်းသို့ ရောက်ရှိလာတော့မည်။
ထိုနေ့က သူ၏ ရမ်းကားသော လုပ်ရပ်အပြီးတွင် သူမနှင့် ရှောင်းလိတို့သည် ထပ်မံ မတွေ့ဆုံဖြစ်ခဲ့ကြတော့ချေ။
ဤငါးကြင်းရုပ် သစ်သားပန်းပုလေးကို သူမက အမြဲတမ်း ဆောင်ထားခဲ့သည်။ ဤစစ်စခန်းသို့ ရောက်ရှိသည့် ပထမဆုံးညတွင် ရှောင်းလိနှင့် တွေ့ဆုံချိန်၌ ဤသစ်သားပန်းပုလေးကို သူမ ဆက်လက် သိမ်းဆည်းထားကြောင်း သူ သိရှိသွားမည်ကို စိုးရိမ်သဖြင့် ခေါင်းအုံးအောက်တွင် ဝှက်ထားခဲ့ရသည်။
တဲအပြင်ဘက်မှ အစေခံအမျိုးသမီး ၂ဦး၏ စကားပြောသံများ ထွက်ပေါ်လာ၏။ သူတို့ ၂ဦး တဲအတွင်းသို့ ဝင်မလာခင်တွင် ဝိန်းယွီသည် ထိုအိတ်လေးကို ခေါင်းအုံးအောက်သို့ ပြန်လည် ထည့်သွင်းထားလိုက်သည်။
အစေခံအမျိုးသမီး ၂ဦးသည် လျှော်ဖွပ်ထားသော အဝတ်အစားများ ပါသည့် ဇလုံတစ်လုံးကို မ,ကာ ဝင်ရောက်လာကြသည်။ မီးသွေးဖိုဘေးတွင် သစ်သားတိုင်ဖြင့် ထောက်ကာ အဝတ်များကို လှန်းရင်း သူတို့က ဆွေးနွေးပြောဆိုနေကြ၏။ “စစ်ထပ်ဖြစ်ဦးမလားတော့ မသိဘူး။ ခုနက ငါတို့ မြစ်ကမ်းဘေးမှာ အဝတ်လျှော်နေတုန်း စစ်တပ်ထဲကို နောက်ထပ် စစ်သည်အင်အား အများကြီး ဝင်လာတာ တွေ့လိုက်တယ်”
ဝိန်းယွီသည် အချိန်ဖြုန်းရန်အတွက် ခရီးသွားမှတ်တမ်း စာအုပ်တစ်အုပ်ကို ယူရန် ပြင်လိုက်စဉ် ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ မေးလိုက်လေသည်။ “ဘယ်လို အလံမျိုး လွှင့်ထူထားတာလဲ”
ပိန်ပိန်ပါးပါး အစေခံအမျိုးသမီးက သက်ပြင်းချကာ ပြောလိုက်၏။ “ငါတို့က စာမှ မတတ်တာ။ အလံပေါ်မှာ ဘာစာတွေ ရေးထားလဲဆိုတာ မဖတ်တတ်ဘူးလေ။ ဒါပေမဲ့ အလံရဲ့ အရောင်ကို ကြည့်ရတာတော့ ငါတို့ စစ်စခန်းက အလံတွေနဲ့ မတူဘူး”
ဝဝဖိုင့်ဖိုင့် အစေခံအမျိုးသမီးက ဝင်ပြောလိုက်လေသည်။ “ဟုတ်တယ် ဟုတ်တယ်။ အနက်ရောင်နောက်ခံမှာ အနီရောင် အနားကွပ်ထားတဲ့ အလံမျိုးပဲ”
အနက်ရောင်နောက်ခံနှင့် အနီရောင်အနားကွပ် ဆိုသည်မှာ မြောက်ပိုင်းဝေ့၏ အလံပင် ဖြစ်သည်။
ဝိန်းယွီသည် ပြီးခဲ့သည့်ရက်များက တဲအပြင်သို့ ထွက်စဉ် လေ့လာကြည့်ခဲ့ဖူးသည်။ ရှောင်းလိ၏ စစ်တပ်ထဲတွင် ပင်မအလံအဖြစ် ဝေ့ စာလုံးပါသော အလံကိုသာ လွှင့်ထူထားပြီး လက်အောက်ခံ စစ်စခန်းများကတော့ သူတို့၏ ကိုယ်ပိုင်အလံများကိုသာ ဆက်လက် လွှင့်ထူထားကြသည်။
သို့သော် ယခု မြောက်ပိုင်းဝေ့ စစ်တပ်မှ စစ်သည်များ ရောက်ရှိလာပြီ ဖြစ်သဖြင့် ဝေ့ချီရှန်း စေလွှတ်လိုက်သူများ ဖြစ်ဖို့ သေချာသလောက်ပင်။။
မည်သို့ပင်ဖြစ်စေ ဝိန်းယွီသည် ယနေ့ ထောင်ခွေကို သူမနှင့် တွေ့ဆုံရန် ရှောင်းလိက အဘယ်ကြောင့် ခွင့်ပြုခဲ့သည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
သူက ငါ့ကို ဆက်ပြီး ဆွဲထားလို့ မရတော့ဘူးဆိုတာ သိနေလို့ ထောင်ခွေကို ငါနဲ့ လာနှုတ်ဆက်ခိုင်းလိုက်တာများလား။
မြောက်ပိုင်းဝေ့ စစ်တပ် ရောက်ရှိလာချိန်တွင် ကင်းထောက်များက သူ့ထံသို့ ကြိုတင် သတင်းပို့ခဲ့သည်မှာ သေချာသည်။
စစ်စခန်း၏ တံခါးမကြီး အပြင်ဘက်တွင် ယွမ်ဖန်းသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ရှောင်းလိကို ရင်းနှီးစွာ လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်လေသည်။ “ကျေးဇူးရှင် နေကောင်းရဲ့လား”
ရှောင်းလိသည် သူ့လက်အောက်ခံ စစ်သူကြီးများနှင့်အတူ စစ်စခန်းတံခါးဝတွင် မတ်တတ်ရပ်နေ၏။ တံခါးဝ နှစ်ဖက်စလုံးရှိ သစ်သားအတားအဆီးများကို အပြင်ဘက်သို့ ဆွဲဖွင့်ကာ ဖယ်ရှားထားပြီး သူ၏ နောက်ဘက်ရှိ အလံများသည် အေးစက်သော လေပြေထဲတွင် တဖျတ်ဖျတ် လွင့်ဝဲနေသည်။
သူနှင့် ယွမ်ဖန်းတို့ကြားရှိ ဆက်ဆံရေးမှာ ကောင်းမွန်လေသည်။ ယခင်တစ်ကြိမ်က ဝေ့ဖိန်ကျင်း၏ မောက်မာသော လုပ်ရပ်ကြောင့် မြောက်ပိုင်းဝေ့နှင့် ဆက်ဆံရေး တင်းမာခဲ့သော်ငြားလည်း ယခုအချိန်တွင်မူ သူသည် ယဉ်ကျေးစွာပင် ပြန်လည် နှုတ်ဆက်လိုက်၏။ “စစ်သူကြီးယွမ် ခရီးဝေးကနေ လာရတာ ပင်ပန်းသွားပြီ”
ယွမ်ဖန်း၏ ရင်ထဲတွင် အဆုံးမရှိသော ခံစားချက်များ ရှိနေသယောင်ဖြင့် ပြောလိုက်လေသည်။ “ဒီတစ်ခေါက် ကျွန်တော်က နယ်စားကြီးရဲ့ ကိုယ်တိုင်ရေးစာကို ယူဆောင်လာပြီး ကျေးဇူးရှင်ကို လူကိုယ်တိုင် လာတောင်းပန်တာပါ။ တဲထဲဝင်ပြီး အသေးစိတ် ပြောကြရအောင်လား”
ရှောင်းလိ၏ အကြည့်များသည် သူ့နောက်တွင် လိုက်ပါလာသော ဝေ့ဖိန်ကျင်းထံသို့ ရောက်ရှိသွားချိန်၌ ဝေ့ဖိန်ကျင်း၏ မျက်နှာမှာ အနည်းငယ် အနေရခက်နေပုံ ပေါ်သည်။ သို့သော် သူ၏ မောက်မာမှုများမှာ ယခင်ကလို လုံးဝ မရှိတော့ဘဲ ခေါင်းငုံ့ကာ ရှောင်းလိနှင့် မျက်လုံးချင်း ဆုံမည့်အရေးကို ရှောင်လွှဲနေခဲ့၏။
ယနေ့တွင် လေနှင့် နှင်းများ ပြင်းထန်နေသဖြင့် စစ်စခန်းတံခါးဝသည် စကားပြောရန် သင့်တော်သော နေရာ မဟုတ်သည်မှာ သေချာသည်။
ရှောင်းလိသည် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် ဝင်ရောက်ရန် ဖိတ်ခေါ်သည့် လက်ဟန်ကို ပြသလိုက်၏။ သူ့နောက်တွင် လိုက်ပါလာသော စစ်သူကြီးများကလည်း တညီတညွတ်တည်း လမ်းဖယ်ပေးလိုက်ကြသည်။
ထိုအခါမှ ယွမ်ဖန်းသည် ဝေ့ဖိန်ကျင်း၊ ဝေ့အန်းနှင့် အခြားသူများကို ဦးဆောင်ကာ စစ်စခန်းအတွင်းသို့ ဝင်ရောက်လာကြတော့သည်။
အလယ်ဗဟို စစ်တဲအတွင်းသို့ ရောက်ရှိပြီးနောက် ယွမ်ဖန်းသည် ဝေ့ချီရှန်း၏ ကိုယ်တိုင်ရေးစာကို ထုတ်ယူကာ ရှောင်းလိထံသို့ ကမ်းပေးလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။ “မင်းသမီးလေးက စစ်စခန်းရဲ့ အရေးကြီးတဲ့ နေရာကို မြင်းစီးပြီး ဝင်ရောက်လာလို့ စစ်သည်တွေ ဒဏ်ရာရခဲ့ပါတယ်။ နယ်စားကြီးက ဒါကို သိသွားတဲ့အခါ မင်းသမီးလေးကို အပြစ်တင်ပြီး အကျယ်ချုပ် ချထားလိုက်ပါပြီ။ သခင်လေးက သူ့လက်အောက်ခံတွေကို သေသေချာချာ မထိန်းချုပ်နိုင်ခဲ့လို့ လူကြီးမင်းရဲ့ လက်အောက်က စစ်သူကြီးတစ်ယောက်ကို မြင်းနဲ့ တိုက်မိပြီး သေဆုံးစေခဲ့တယ်။ ဒါကြောင့် နယ်စားကြီးက အရမ်းကို ဒေါသထွက်နေပြီး သခင်လေးရဲ့ စစ်ဆေးရေးမှူး ရာထူးကို ရုပ်သိမ်းလိုက်ပါတယ်။ ပြီးတော့ သခင်လေးကို လူကိုယ်တိုင် လာပြီး လူကြီးမင်းကို တောင်းပန်ဖို့ အမိန့်ပေးလိုက်ပါတယ်”
ထိုသို့ ပြောပြီးနောက် သူသည် ဝေ့ဖိန်ကျင်းကို ကြည့်လိုက်၏။
ဝေ့ဖိန်ကျင်းသည် တဲအတွင်းရှိ စစ်သူကြီးများ၏ စိုက်ကြည့်ခြင်းကို ခံနေရ၏။ အထက်တွင် ထိုင်နေသော ရှောင်းလိကို မကြည့်မိစေရန် အတတ်နိုင်ဆုံး ကြိုးစားနေပြီး ကြိုးဆွဲရုပ်တစ်ရုပ်ကဲ့သို့ တောင့်တင်းစွာဖြင့် ခါးညွှတ်ကာ လက်နှစ်ဖက်ကို ယှက်လျက် တစ်လုံးချင်းစီ ခက်ခဲစွာ ပြောလိုက်လေသည်။ “ဖိန်ကျင်းရဲ့ လက်အောက်ခံတွေ မြင်းနဲ့ တိုက်မိတဲ့ ကိစ္စအတွက် ရှောင်းလူကြီးမင်းကို တောင်းပန်ပါတယ်”
ယွမ်ဖန်းသည် သူ၏ နောက်တွင် ဗန်းများကို ကိုင်ဆောင်ထားသော ဝေ့စစ်သူကြီး အချို့ကို အနီရောင်အဝတ်စများ ဖယ်ရှားရန် အချက်ပြလိုက်သည်။ ထို့နောက် ရှောင်းလိကို နောက်တစ်ကြိမ် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလျက် ပြောလိုက်လေသည်။ “နယ်စားကြီးက စစ်သည်တွေကို သားသမီးတွေလို ချစ်ခင်ပါတယ်။ လင်တပ်မှူး သေဆုံးသွားတဲ့အတွက် နယ်စားကြီးကလည်း အရမ်းကို ဝမ်းနည်းနေပါတယ်။ ဒါကြောင့် ဒီငွေလျန်၁၀၀ကို သူ့ရဲ့ မိသားစုဆီ ပေးအပ်ပြီး ဈာပနကိစ္စတွေ စီစဉ်ပေးဖို့ အထူးအမိန့်ပေးလိုက်ပါတယ်။ မင်းသမီးလေးရဲ့ မြင်းတိုက်ခံရလို့ ဒဏ်ရာရသွားတဲ့ စစ်သည်တွေကိုလည်း ဆေးကုသဖို့အတွက် ငွေ ၁၀လျန်စီ ပေးအပ်မှာပါ”
ကျန်းဟူနှင့် အခြားသော စစ်သူကြီးများသည် ထိုသူများက ငွေများကို ထုတ်ယူလာသည်ကို မြင်သောအခါ ချက်ချင်းပင် မကျေနပ်မှုဖြင့် နှာခေါင်းရှုံ့လိုက်ကြသည်။
ယွမ်ဖန်းက အလျင်အမြန် ပြောလိုက်၏။ “ငွေကြေးက အသေးအဖွဲ ကိစ္စပါ။ ဒါပေမဲ့ သေဆုံးသွားတဲ့သူကတော့ ပြန်မလာနိုင်တော့ဘူးလေ။ နယ်စားကြီးရဲ့ စေတနာက လင်တပ်မှူးရဲ့ မိသားစုကို သေသေချာချာ စောင့်ရှောက်ပေးဖို့ မျှော်လင့်တာပါ”
ရှောင်းလိသည် သူ့လက်ထဲရှိ ဝေ့ချီရှန်း ကိုယ်တိုင်ရေးထားသော စာကို ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုခဲ့ချေ။
အနည်းငယ် ဝါကြင့်ကြင့် ဖြစ်နေသော စာရွက်ပေါ်တွင် ဤသို့ ရေးသားထားသည်ကို မြင်တွေ့ရ၏။
“ချစ်လှစွာသော သား ဟွိုင်ကျင်း... ဒီစာကို မြင်တာနဲ့ အဖေ့ကို မြင်ရသလိုပါပဲ။ သားသမီးမိုက်တွေ ဒီလို ယုတ်မာတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တယ်ဆိုတာကို ကြားကြားချင်း အဖေ အရမ်းကို ဒေါသထွက်ခဲ့ရသလို သားရဲ့ ဒေါသကိုလည်း နားလည်ပါတယ်။ အခု အဲ့ဒီ သားသမီးမိုက်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးထားပြီးပြီမို့ သား စိတ်ဆိုးပြေဖို့ မျှော်လင့်ပါတယ်။ သားက စာထဲမှာ သူပုန်ဖေက တောင်ဘက်ကို ဆုတ်ခွာသွားပြီမို့ မြောက်ပိုင်းနယ်စပ်က ဘေးကင်းသွားပြီ၊ သားက အဖေ့အတွက် အသုံးမဝင်တော့ဘူးလို့ ဆိုပြီး သူပုန်ဖေ နောက်ကို လိုက်ပြီး တောင်ဘက်ကို သွားချင်တယ်လို့ ရေးထားတာကို ဖတ်ရတော့ အဖေ မျက်ရည်ကျမိပါတယ်။ သားက အဖေ့ရဲ့ သွေးသားအရင်း မဟုတ်ပေမဲ့ အဖေက သားကို သားအရင်းတစ်ယောက်လိုပဲ သဘောထားခဲ့တာ ကြာပါပြီ။ နောင်တစ်ချိန်မှာ အဲ့ဒီ သားမိုက်က သူ့အမှားကို သူ မသိဘူးဆိုရင် အဖေ့ရဲ့ ရာထူးနဲ့ အာဏာကို သားပဲ ဆက်ခံရလိမ့်မယ်”
ယွမ်ဖန်းနှင့် ဝေ့အန်းတို့သည် ထိုစာထဲတွင် ဘာတွေ ရေးထားသည်ကို သိရှိထားကြသဖြင့် ယခုအချိန်တွင် ရှောင်းလိ၏ မျက်နှာအမူအရာကို အကဲခတ်နေကြသည်။
သို့်သော် ရှောင်းလိ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိသေးချေ။ သူသည် ထိုစာကို သိမ်းဆည်းလိုက်ပြီးနောက် ဝေ့ဖိန်ကျင်းကို ကြည့်ကာ ပြောလိုက်လေသည်။ “သခင်လေး တောင်းပန်ရမယ့်သူက ကျွန်တော် မဟုတ်ပါဘူး။ လင်တပ်မှူးရဲ့ နာရေးခန်းမကို စစ်စခန်းထဲမှာ ပြင်ဆင်ထားတယ်။ သခင်လေး သွားပြီး လင်တပ်မှူးအတွက် နံ့သာတိုင် သွားထွန်းပေးလို့ ရပါတယ်”
ဝေ့ဖိန်ကျင်းသည် လက်နှစ်ဖက်ကို ယှက်ထားသည့် အနေအထားကို ထိန်းထားဆဲ ဖြစ်၏။ သူ့မျက်နှာပေါ်တွင် အရှက်ရမှုများ ပြည့်နှက်နေပြီး အံကြိတ်ကာ နောက်ဆုံးတွင် အလွန်အမင်း သည်းခံကာ “ကောင်းပြီ” ဟု တစ်ခွန်းသာ ပြောထွက်တော့သည်။
ယွမ်ဖန်းနှင့် ဝေ့အန်းတို့မှာတော့ သက်ပြင်းတစ်ချက် ချနိုင်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် ဝေ့ဖိန်ကျင်းက ဤတစ်ကြိမ်တွင်တော့ အခြေအနေကို ထည့်သွင်းစဉ်းစားပေးခဲ့သည်။
ကောင်းကင်ယံတွင် တိမ်မည်းများ ဖုံးလွှမ်းနေပြီး နှင်းပွင့်ကြီးများသည် ငှက်မွေးများကဲ့သို့ တဖွဲဖွဲ ကျဆင်းနေသည်။ အနောက်ဘက် စစ်စခန်းရှိ ရုပ်အလောင်း ထားရှိသော တဲကြီးရှေ့တွင် အဖြူရောင် အလံများ လွှင့်တင်ထား၏။ နာရေးသုံး စက္ကူများနှင့် နှင်းများသည် လေတိုက်ခတ်မှုကြောင့် အရပ်မျက်နှာ အနှံ့သို့ လွင့်ဝဲနေကြပြီး မြေပြင်ပေါ်ရှိ ရွှံ့နှင်းများထဲတွင် နင်းမိထားသည့် စက္ကူများလည်း အများအပြား ရှိနေသည်။
စစ်သည်များ အားလုံးသည် တဲအပြင်ဘက်ရှိ ကွက်လပ်တွင် သေသပ်စွာ တန်းစီရပ်နေကြ၏။ ဝေ့ဖိန်ကျင်းက နံ့သာတိုင်ကို ကိုင်ဆောင်ကာ လင်အန်း၏ ကဗျည်းတိုင်ရှေ့တွင် အကြိမ်အနည်းငယ် ဦးညွှတ်ပြီးနောက် မွန်းကြပ်သော လေသံဖြင့် ပြောလိုက်လေသည်။ “လက်အောက်ခံတွေကို သေသေချာချာ မအုပ်ချုပ်နိုင်ခဲ့တာက ငါ့ရဲ့ အပြစ်ပါ။ လင်တပ်မှူး အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ထိုနေရာတွင် ရှိနေသော စစ်သည်များစွာ၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ရှိနေဆဲ ဖြစ်သော်ငြားလည်း အားလုံးက ကျောကို မတ်မတ် ဆန့်ထားကြသည်။
——ရှောင်းလိသည် ဤမောက်မာလှသော မြောက်ပိုင်းဝေ့ သခင်လေးကို သူတို့ရှေ့တွင် ခေါင်းငုံ့သွားစေခဲ့ခြင်းပင်။
ထိုအချိန်မှစ၍ သူတို့၏ စစ်တပ်သည် မြောက်ပိုင်းဝေ့တွင် ဂုဏ်သိက္ခာ ရှိလာပြီ ဖြစ်ပြီး အမိန့်ပေး ခိုင်းစေလို့ရသည့် သာမန်စစ်တပ်မျိုး မဟုတ်တော့ချေ။
ဝေ့ဖိန်ကျင်းသည် နံ့သာတိုင် ထွန်းပြီးနောက် မျက်နှာပျက်သွားသည်ဟု ခံစားရသဖြင့် နေမကောင်းပါဟု အကြောင်းပြကာ စစ်စခန်းအပြင်ဘက်တွင် စောင့်နေသော မြင်းလှည်းပေါ်သို့ ပြန်သွားပြီး ပုန်းအောင်းနေတော့သည်။
ယွမ်ဖန်းသည် ရှောင်းလိနှင့်အတူ နောက်သို့ ပြန်လျှောက်လာချိန်တွင် ပြောလိုက်လေသည်။ “သခင်လေးနဲ့ မင်းသမီးလေးတို့ရဲ့ မင်္ဂလာပွဲက နီးကပ်နေပြီ။ အခုလည်း မင်္ဂလာပွဲအတွက် ကိစ္စတော်တော်များများကို ပြင်ဆင်နေရတော့ ဒီတစ်ခေါက် ကျွန်တော် အကြာကြီး မနေနိုင်ဘူး။ မဟုတ်ရင်တော့ ကျေးဇူးရှင်နဲ့အတူ အရက်သောက်ပြီး စကားတွေ အများကြီး ပြောဖြစ်မှာပါ”
ရှောင်းလိက ပြောလိုက်၏။ “အလုပ်ကိစ္စက ပိုအရေးကြီးတာပေါ့။ သခင်လေးရဲ့ မင်္ဂလာပွဲကျရင် စားပွဲမှာ ထပ်ပြီး စကားပြောလို့ ရတာပဲ မဟုတ်ဘူးလား”
ယွမ်ဖန်းက လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ “ပြီးခဲ့တဲ့ တစ်ခေါက်က မင်းမှာ ဒဏ်ရာတွေ ရှိနေတော့ ငါနဲ့ လောင်လျောင်တို့က မင်းကို အရက်တိုက်ဖို့ အားနာနေခဲ့တာ။ နောက်တစ်ခေါက်ကျရင်တော့ သေသေချာချာ သောက်ကြတာပေါ့”
ရှောင်းလိ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာပြီး ပြန်ပြောလိုက်လေသည်။ “ဝမ်းသာစရာပါပဲ”
ယွမ်ဖန်းသည် ရှောင်းလိ၏ ပခုံးကို ပုတ်လိုက်ပြီး ရင်ထဲက စကားများကို ပြောသည့်နှယ် ဆိုလိုက်၏။ “နယ်စားကြီးက ကျေးဇူးရှင်ကို တကယ်ကို သဘောကျတာပါ။ သခင်လေးရဲ့ ကိစ္စတွေကြောင့် ကျေးဇူးရှင် စိတ်ထဲ မထားပါနဲ့”
ရှောင်းလိက ပြောလိုက်၏။ “ပြီးသွားတဲ့ ကိစ္စတွေဆိုတော့ ထပ်ပြောနေစရာ မလိုတော့ပါဘူး”
ထိုအခါမှ ယွမ်ဖန်းသည် ပြုံးကာ သဘောတူလိုက်ပြီး ဆက်ပြောလေသည်။ “လျန်စစ်တပ်နဲ့ နန်ချန်က သံတမန်တွေလည်း ဝေ့ကျိုးကို ရောက်နေကြပြီ။ ကျန်းယွီရဲ့ ရုပ်အလောင်းနဲ့ သူ့ရဲ့ ကိုယ်ဝန်ဆောင် ကိုယ်လုပ်တော်ကို ပြန်ခေါ်ဖို့အတွက် နယ်စားကြီးနဲ့ ညှိနှိုင်းနေကြတယ်။ ကျွန်တော် ဒီကို လာတာက သူ့ရဲ့ ရုပ်အလောင်းနဲ့ ကိုယ်လုပ်တော်ကို တစ်ပါတည်း ပြန်ခေါ်သွားဖို့ပါပဲ”
အစောပိုင်းက တောင်းပန်မှုတွင် ဝေ့ကျာမင်က ဝိန်းယွီကို တွေ့ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး သူတို့က စကားတစ်ခွန်းမှ မဟခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် အထင်လွဲမှုများ မဖြစ်ပေါ်စေရန်အတွက်ပင်။
မည်သို့ပင်ဆိုစေ ရှောင်းလိနှင့် ထိုအမျိုးသမီးတို့ကြားတွင် တကယ်ပဲ ပတ်သက်မှု တစ်ခုခု ရှိနေခဲ့လျှင်ပင် ထိုအမျိုးသမီးကို သူတို့ ခေါ်ဆောင်သွားခြင်းက ပြဿနာအားလုံးကို ရှင်းလင်းလိုက်ခြင်းပင်။ ဝေ့ကျာမင်က စစ်စခန်းအတွင်းသို့ ဝင်ရောက်လာရသည့် အဓိက အကြောင်းရင်းကို ရှောင်းလိ ကိုယ်တိုင် ကောင်းကောင်း သိနေမည် ဖြစ်ပြီး ဤသည်မှာ ဝေ့စစ်တပ်က တိတ်တဆိတ် အလျှော့ပေးလိုက်ခြင်း တစ်ခုဟုလည်း သတ်မှတ်လို့ ရလေသည်။
ရှောင်းလိသည် ထိုစကားကို ကြားသောအခါ ပြောလိုက်၏။ “ကျန်းယွီရဲ့ ရုပ်အလောင်းကို မပုပ်သိုးအောင် ရေခဲတွေနဲ့ အမြဲတမ်း ဖုံးအုပ်ထားဖို့ လူတွေကို ကျွန်တော် အမိန့်ပေးထားပါတယ်။ သူ့ရဲ့ ကိုယ်လုပ်တော်ကလည်း စစ်စခန်းထဲမှာပဲ ရှိနေတာမို့ စစ်သူကြီး တစ်ပါတည်း ခေါ်သွားလို့ ရပါတယ်”
ယွမ်ဖန်းသည် သူက သည်လေို လွယ်လွယ်ကူကူ သဘောတူလိုက်သည်ကို ကြားသောအခါ ရင်ထဲတွင် အလွန် ဝမ်းသာသွားတော့သည်။ ယွင်ကျင်းပိုးသား ခြုံလွှာကိစ္စနှင့် ပတ်သက်ပြီး ဝေ့ကျာမင်က သူ့ကို အထင်လွဲခဲ့ခြင်း ဖြစ်မည်ဟု ပိုယုံကြည်သွားတော့သည်။
သူက ပြောလိုက်၏။ “နောင်ကျရင် စစ်စခန်းမှာ အခက်အခဲ တစ်ခုခုရှိလာရင် ကျေးဇူးရှင်က ပြောသာပြောပါ”
သူ ဆိုလိုသည်မှာ ရိက္ခာနှင့် လက်နက်များ ထောက်ပံ့ပေးမှု ကိစ္စကို ပြောခြင်းပင်။
ယခု လက်ရှိ ရှောင်းလိ၏ စစ်တပ် အသုံးပြုနေသော လက်နက်နှင့် သံချပ်ကာများသည် မြောက်ပိုင်းဝေ့၏ ပင်မစစ်တပ်နှင့်တော့ ယှဉ်၍ မရနိုင်သေးချေ။
ရှောင်းလိက ပြောလိုက်လေသည်။ “စစ်သူကြီးက ဒီလို ပြောလာမှတော့ ကျွန်တော့်မှာလည်း တောင်းဆိုစရာလေး တစ်ခု ရှိနေပါတယ်”
ယွမ်ဖန်းသည် ထိုစကားကို ကြားလိုက်ရချိန်တွင် သာမန် လက်နက်ကိစ္စလောက် ရိုးရှင်းမည် မဟုတ်ကြောင်း ချက်ချင်း သိလိုက်ပြီး ပြောလိုက်၏။ “ကျေးဇူးရှင်... ပြောသာပြောပါ”
နှင်းပွင့်လေးတစ်ခုက ရှောင်းလိ၏ မျက်တောင်ဖျားပေါ်သို့ ကျရောက်လာသည်။ သူသည် မျက်လွှာကို အနည်းငယ် ချလိုက်ပြီး ပြောလိုက်လေသည်။ “မြောက်ပိုင်းဝေ့ရဲ့ အဓိက အင်အားက နယ်စားကြီး လက်ထဲမှာ ရှိတဲ့ ဝံပုလွေ မြင်းသည်တော်တပ်လို့ အားလုံးက ပြောကြတယ်။ အရင်က ယိုးကျိုး တိုက်ပွဲမှာလည်း ဝံပုလွေ မြင်းသည်တော်တပ်က အသုံးပြုတဲ့ စစ်မြင်းတွေကို ကျွန်တော် မြင်ခဲ့ရပါတယ်။ တကယ်ကို သာမန် မြင်းတွေနဲ့ ယှဉ်လို့ မရနိုင်ပါဘူး။ ကျွန်တော့်ရဲ့ စစ်တပ်ထဲကိုရော ဝံပုလွေ မြင်းသည်တော်တပ်က အသုံးပြုတဲ့ စစ်မြင်းတချို့လောက် ယူလာပေးလို့ ရမလား”
ယွမ်ဖန်းက ခေါင်းခါကာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ “ကျေးဇူးရှင်ကတော့ မြောက်ပိုင်းနယ်စပ်က ရွှေတုံးကြီးကို တစ်ချက်ကြည့်ရုံနဲ့ သိတာပဲ။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ကျွန်တော် မဆုံးဖြတ်ပေးနိုင်ဘူး။ နယ်စားကြီးကို အရင်ဆုံး ခွင့်တောင်းရလိမ့်မယ်။ ဝံပုလွေ မြင်းသည်တော်တပ်ထဲက စစ်မြင်းတိုင်းက အကောင် ၁၀၀ ထဲကမှ ၁ကောင်ကို ရွေးချယ်ထားတာလို့ ပြောလို့ရတယ်။ ၁ကောင် သေသွားတိုင်း မြောက်ပိုင်းက နာမည်ကြီး မြင်းမွေးမြူရေးခြံတွေကနေ ၁ကောင် ထပ်ရွေးရတာ။ ပြီးတော့ ဝံပုလွေ မြင်းသည်တော်တပ်ရဲ့ တကယ့် အစွမ်းထက်တဲ့ နေရာက မြင်းတွေတင် မဟုတ်ဘူး၊ အဲ့ဒီ တပ်ထဲက စစ်သည်တွေမှာလည်း မူတည်တယ်။ သူတို့ အကုန်လုံးက မြင်းယဉ်ကျေးအောင် လုပ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတွေချည်းပဲ။ ပုံမှန်အချိန်တွေမှာ မြင်းတွေကို စောင့်ရှောက်တာက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာထက်တောင် ပိုသေးတယ်။ တိုက်ပွဲတစ်ခု ပြီးသွားတဲ့အခါ သူတို့တွေက ငတ်ရင် ငတ်ပါစေ၊ မြင်းတွေကိုတော့ အငတ်မခံဘူး။ ပြောရမယ်ဆိုရင် ဝံပုလွေ မြင်းသည်တော်တပ်က စစ်မြင်းတွေက သူတို့ရဲ့ စစ်သည်တွေ လက်ထဲမှာ မဟုတ်ဘူးဆိုရင် တိုက်ရည်ခိုက်ရည်က အများကြီး ကျဆင်းသွားမှာပဲ”
ရှောင်းလိသည် ထိုစကားကို ကြားသောအခါ အခြေအနေကို နားလည်သွားပြီး ပြောလိုက်၏။ “ဒါဆိုရင်တော့ မလိုတော့ပါဘူး။ နယ်စားကြီးကလွဲရင် တစ်တိုင်းပြည်လုံးမှာ ဒီလို မြင်းသည်တော်တပ်မျိုးကို ထိန်းသိမ်းထားနိုင်မယ့်သူ မရှိလောက်ဘူး”
ယွမ်ဖန်းက ခေါင်းယမ်းကာ ပြောလိုက်လေသည်။ “ငွေတွေ အများကြီး ကုန်တာလေ။ မြောက်ပိုင်းနယ်စပ်မှာ နှစ်စဉ် စစ်ရေးအသုံးစရိတ်ရဲ့ အများစုက ဝံပုလွေ မြင်းသည်တော်တပ်ကို ထိန်းသိမ်းဖို့အတွက်ပဲ သုံးရတာ။ ဒီနှစ်က စစ်ပွဲတွေ အဆက်မပြတ် ဖြစ်နေပြီး နန်းတွင်းကလည်း ထောက်ပံ့ကြေး မပေးဘူးလေ။ မြောက်ပိုင်း ပြည်နယ်တွေက ချွေတာပြီး စုဆောင်းထားတဲ့ ငွေနည်းနည်းလေးနဲ့ပဲ ရပ်တည်နေရတာဆိုတော့ ပိုပြီး ခက်ခဲတာပေါ့။ ပြီးခဲ့တဲ့ ရက်တွေက လောင်လျောင်က နယ်စားကြီးနဲ့ ဝံပုလွေ မြင်းသည်တော်တပ်က လူအင်အားကို လျှော့ချသင့်မသင့် တိုင်ပင်နေသေးတယ်။ ဒါပေမဲ့ လူအင်အား လျှော့ချလိုက်မယ်ဆိုရင် သူပုန်ဖေ လိုမျိုး ပြည်တွင်းက စစ်တပ်တွေကို ရင်ဆိုင်လို့ ရနိုင်ပေမဲ့ မြင်းပေါ်မှာ ကြီးပြင်းလာတဲ့ ပြည်ပက လူရိုင်းတွေကို ရင်ဆိုင်ရရင်တော့ ငါတို့တွေက အလိုက်ခံ၊ အရိုက်ခံရဖို့ပဲ ရှိတော့မှာ။ လောလောဆယ်တော့ ကျန်းယွီရဲ့ ရုပ်အလောင်းနဲ့ သူ့ရဲ့ ကိုယ်လုပ်တော်ကို အသုံးချပြီး လျန်စစ်တပ်နဲ့ နန်ချန်ဆီကနေ အခွင့်အရေးကောင်း တစ်ခုခု ရဖို့ပဲ မျှော်လင့်ရတော့မှာပါ”
ရှောင်းလိက ဆက်ပြီး စကားမပြောတော့ဘဲ ငှက်မွေးများကဲ့သို့ တဖွဲဖွဲ ကျဆင်းနေသော နှင်းပွင့်ကြီးများကြားမှ ဝိန်းယွီကို အကျယ်ချုပ် ချထားသည့် စစ်တဲဆီသို့ အဝေးမှ လှမ်းကြည့်နေမိသည်။
မြောက်ပိုင်းဝေ့ စစ်တပ်နှင့်အတူ ဝိန်းယွီကို ဝေ့ကျိုးသို့ လိုက်ပါသွားခိုင်းသည့် သတင်းသည် သူမ မျှော်လင့်ထားသည်ထက် ပိုမို မြန်ဆန်စွာ ရောက်ရှိလာခဲ့၏။
ကံကောင်းထောက်မစွာဖြင့် ရှောင်းလိ၏ စစ်စခန်းတွင် သူမ နေထိုင်ခဲ့သည့် ရက်များအတွင်း ပစ္စည်းများ များများစားစား မရှိခဲ့ချေ။
အစေခံအမျိုးသမီး ၂ဦးက သူမ၏ ပစ္စည်းများကို ကူညီသိမ်းဆည်းပေးပြီးနောက် စစ်စခန်းတွင်းရှိ စစ်သည်များက သူမ၏ ပစ္စည်းများကို မြင်းလှည်းပေါ်သို့ တစ်ခုချင်းစီ သယ်ဆောင်ပေးကြသည်။
အစေခံအမျိုးသမီး ၂ဦးမှာ သူမနှင့်အတူ လိုက်ပါလာမည် မဟုတ်ချေ။ ဝိန်းယွီက သူတို့ ၂ဦးကို နှုတ်ဆက်ပြီးနောက် မျက်နှာဖုံးပဝါကို စွပ်ကာ ခြုံလွှာကို ခြုံလိုက်ပြီး စစ်သည်အချို့၏ လမ်းပြမှုဖြင့် အပြင်သို့ ထွက်လာခဲ့လိုက်သည်။
မြင်းလှည်းကို အလယ်ဗဟို စစ်တဲ စခန်းနယ်မြေ အပြင်ဘက်ရှိ မြင်းနှင့် လှည်းများ သွားလာနိုင်သော လမ်းမပေါ်တွင် ရပ်နားထားသည်။ ဝိန်းယွီသည် ခြုံလွှာ၏ ခေါင်းစွပ်ကို ဆောင်းထားသော်ငြားလည်း ယနေ့တွင် လေနှင့် နှင်းများ ပြင်းထန်လွန်းသဖြင့် မျက်စိပင် ဖွင့်မရအောင် ဖြစ်နေသည်ဟု ခံစားနေရ၏။
သူမသည် မြင်းလှည်းဘေးတွင် ဝေ့စစ်သူကြီး အချို့နှင့် အတူရပ်နေသော ရှောင်းလိကို အဝေးမှနေ၍ မြင်တွေ့လိုက်ရသည်။ ဝေ့စစ်သူကြီးများက သူ့ကို တစ်ခုခု ပြောနေဟန်ရှိပြီး သူတို့၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေကာ ရင်းနှီးမှုကြားတွင် ရိုသေလေးစားမှု အနည်းငယ်လည်း ပါဝင်နေလေသည်။
သူမ လျှောက်လာသည်ကို မြင်သောအခါမှသာ စကားပြောနေသည်ကို ခဏ ရပ်တန့်လိုက်ကြသည်။
ရှောင်းလိက မျက်လုံး ပင့်ကြည့်လိုက်ချိန်တွင် သူမကို မြင်တွေ့လိုက်ရ၏။
အလွန် အလှမ်းဝေးလွန်းနေသဖြင့် သူ၏ မည်းနက်သော မျက်ဝန်းများထဲတွင် မည်သို့သော အရိပ်အယောင်များ ရှိနေသည်ကို ဝိန်းယွီ သေချာ မမြင်ရချေ။
သူမသည် သူနှင့် မျက်လုံးချင်း တည်ငြိမ်စွာ ဆုံလိုက်ပြီး မည်သည့် ခံစားချက်ကိုမှ မထုတ်ဖော်ခဲ့သော်ငြား ထိုအကြည့်ဖြင့် သူ့ကို သေချာစွာ နှုတ်ဆက်လိုက်သကဲ့သို့ ရှိလှ၏။
ထို့နောက် သူမသည် အကြည့်ကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်ပြီး ခြေလှမ်း ၃လှမ်းခန့် အကွာရှိ နှင်းပြင်ကိုသာ ငေးကြည့်ရင်း လမ်းပြပေးနေသော စစ်သည်များနောက်သို့ လိုက်ကာ မြင်းလှည်းဆီသို့ လျှောက်သွားခဲ့လိုက်သည်။
...