အခန်း ၉၆
Vol. 10 Ch. 96
အပိုင်း (၉၆)
နေမင်းသည် ဝင်ရောက်ပျောက်ကွယ် သွားခဲ့ပြီး ကောင်းကင်တစ်ခြမ်းကို နီရဲသွားစေသည့် တိမ်တိုက်များသာ တောင်တန်းနှင့် ကောင်းကင်ယံ ထိစပ်နေသည့် နေရာတွင် စုပုံကျန်ရစ်နေတော့သည်။
ရှောင်းလိသည် မြစ်ရေဖြင့် သူ့ဓားကို ဆေးကြောသန့်စင်လိုက်သည်။ သွေးစွန်းနေသော အရာများသည် ရေစီးကြောင်းထဲသို့ စီးဝင်သွားပြီး မကြာမီမှာပင် အရိပ်အယောင် ပျောက်ကွယ်သွားလေသည်။ ကမ်းစပ်တွင်တော့ နီညိုရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် စစ်သည် ၁၀ယောက်ကျော်ခန့်သည် ဟိုတစ်ယောက် ဒီတစ်ယောက် ပြန့်ကျဲကာ လဲကျနေကြ၏။ သူတို့၏ ခန္ဓာကိုယ်အောက်တွင် သွေးကွက်ကြီးများ စွန်းထင်းနေပြီး အသက်ဝိညာဉ် ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
သူက ဓားပေါ်က ရေစက်များကို ခါထုတ်လိုက်ပြီး ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်၏။ ထိုစစ်သည်များကို တစ်ချက်လေးမျှပင် ထပ်မကြည့်တော့ဘဲ မြင်းကို ချည်နှောင်ထားသည့် သစ်ပင်အောက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ထိုနေ့က ကျင်းချန်စစ်သားများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည့် ပြည်သူများကို သူ ကယ်တင်ခဲ့ပြီးနောက် ကျင်းချန်ဘက်မှ သူ့ကို ဖမ်းဆီးရန် အမိန့်ထုတ်ပြန်လိုက်ပုံ ရသည်။ ရက်အနည်းငယ် ဆက်တိုက်ဆိုသလို သူ့ကို လိုက်လံဝိုင်းဝန်း သတ်ဖြတ်ရန် ကျင်းချန် စစ်သည်များ ရောက်ရှိလာခဲ့ကြ၏။
ရှောင်းလိသည် သစ်ပင်တွင် ချည်နှောင်ထားသည့် ကြိုးကို ဖြည်လိုက်ပြီး မြင်းလည်ဆံမွေးများကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။ သူက မြင်းပေါ်သို့ တက်ရန် ပြင်လိုက်ချိန်တွင် အဝေးမှ သတ်ဖြတ်သံများ ထပ်မံ ထွက်ပေါ်လာသည်ကို ရုတ်တရက် ကြားလိုက်ရလေသည်။
မြင်းသည် လန့်သွားပြီး စိတ်မငြိမ်မသက်ဖြင့် ခွာကို ပေါက်နေ၏။ ရှောင်းလိသည် မျက်လုံးကို ပင့်ကာ လှမ်းကြည့်လိုက်သည်။ စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်ကို လိုက်လံဖမ်းဆီးနေသော မြင်းစီးစစ်သည် တစ်စုကို မြင်တွေ့လိုက်ရသည်။
ထိုယောက်ျား၏ ခန္ဓာကိုယ်သည် တောင့်တင်းကြံ့ခိုင်ပြီး သူ့ကျောပေါ်တွင်လည်း လူတစ်ယောက်ကို ပိုးထားပုံရပြီး တစ်လမ်းလုံး အပြေးအလွှား သွားနေ၏။ မြင်းစီးစစ်သည်များသည် တစ်ခါတစ်ရံ မြားတစ်စင်းကို ပစ်လွှတ်လိုက်သော်လည်း ထိုလူနှစ်ယောက်၏ အသက်ကို ချန်ထားပေးရန် ရည်ရွယ်ထားပုံပေါ်ကာ အသက်အန္တရာယ်ရှိသော နေရာများသို့ မပစ်ခတ်ကြချေ။ ဤအချက်ကြောင့်ပင် ထိုယောက်ျားသည် လူကို ပိုးကာ ရှောင်းလိ ရှိရာဘက်သို့ အောင်မြင်စွာ ထွက်ပြေးလာနိုင်ခဲ့သည်။
ရှောင်းလိသည် မြင်းကျောပေါ်က ထိုမြင်းစီးစစ်သည်များ ဝတ်ဆင်ထားသည်မှာလည်း ကျင်းချန် စစ်ဝတ်စုံ ဖြစ်ကြောင်း မှတ်မိသွားပြီး သူ၏ မျက်ဝန်းအလင်းရောင်သည် အနည်းငယ် နက်ရှိုင်းသွားပြီး လက်က မြင်းကုန်းနှီး တစ်ဖက်ရှိ လေးနှင့် မြားပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
လူကို ပိုးကာ အပြေးအလွှား လာနေသည့် ထိုယောက်ျားကလည်း သူ့ကို အဝေးမှ လှမ်းမြင်သွားခဲ့သည်။ သူ့ဆီသို့ အသံကျယ်ကြီးဖြင့် အကူအညီ လှမ်းတောင်းနေလေသည်။
ရှောင်းလိသည် ထိုအသံကို နားယဉ်နေသည်ဟု ခံစားလိုက်ရ၏။ သူက မျက်လုံးကို မှေးကာ သေသေချာချာ တစ်ချက် နှစ်ချက်ခန့် ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လေးကြိုးကို ဆွဲကာ မြားကို တင်လိုက်လေသည်။
အဖြူရောင်မြားမြီးပါသော မြားအနည်းငယ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အရှေ့ဆုံးမှ ပြေးလာသော မြင်းစီးစစ်သည် အနည်းငယ်ကို မြင်းကျောပေါ်မှ ပြုတ်ကျသွားစေခဲ့သည်။ နောက်မှ ကပ်ပါလာသော မြင်းစီးစစ်သည်များသည် မြင်းကို မထိန်းချုပ်နိုင်တော့ဘဲ ဇက်ကြိုးကို အားကုန်သုံးကာ တင်းတင်းကျပ်ကျပ် ဆွဲထားလိုက်ကြ၏။ စစ်မြင်းများသည် ရှေ့ခြေနှစ်ဖက်ကို မြှောက်ကာ ဟီသံပြုလိုက်ပြီးနောက် လန့်ဖျပ်ကာ ခုန်ပေါက်နေဆဲ။
မြားမှန်၍ အသက်မသေဆုံးသူများ ရှိနေလျှင်တောင်မှ ထိန်းမနိုင် သိမ်းမရဖြစ်နေသော မြင်းခွာများအောက်တွင် အောင်မြင်စွာ သေဆုံးသွားကြလေသည်။ ခဏတာအတွင်း မြင်းစီးစစ်သည်များ၏ အသည်းအသန် လိုက်လံဖမ်းဆီးနေသည့် အဟုန်သည် ပြတ်တောက်သွားခဲ့ပြီး မူလနေရာတွင်ပင် ဖရိုဖရဲ ဖြစ်သွားကြတော့သည်။
ဤကဲ့သို့ ခဏတာ အသက်ရှူချောင်သွားသည့် အခွင့်အရေးကို ရရှိသွားသဖြင့် ထိုယောက်ျားသည် လူကို ပိုးကာ လိုက်လံဖမ်းဆီးသူများနှင့် အကွာအဝေး အနည်းငယ်မျှ ကွာဟသွားအောင် လုပ်ဆောင်နိုင်ခဲ့လေသည်။ သူသည် မောဟိုက်ကာ ပြင်းပြင်းထန်ထန် အသက်ရှူနေပြီး ခြေကုန်သုတ်ကာ ရှေ့သို့ ပြေးရန်သာ အာရုံစိုက်နေ၏။ ကျောနောက်တွင် မည်သည့် အခြေအနေမျိုး ဖြစ်နေသည်ကို လှည့်ကြည့်ရန်ပင် အချိန်မရတော့ချေ။ တောင်တန်းငယ်တစ်ခုလို တောင့်တင်းကြံ့ခိုင်သည့် ခန္ဓာကိုယ် ရှိနေသော်လည်း ကလေးငယ်တစ်ယောက်လို မျက်နှာတစ်ပြင်လုံး နှာရည်များ၊ မျက်ရည်များဖြင့် ငိုယိုနေတော့သည်။ သူက အဘိုးကြီးကို သူ၏ ကျောပေါ်သို့ အားကုန်သုံးကာ ပင့်တင်လိုက်ပြီး သူ ပါးစပ်ဟလိုက်ချိန်တွင် ကလေးဆန်သည့် ပုံစံဖြင့် ပြောလိုက်လေသည်။ "အဘိုး မကြောက်နဲ့နော်။ အားနျို အဘိုးကို ခေါ်ပြီး ထွက်ပြေးမယ်..."
မြားအနည်းငယ်မျှက ထိုမြင်းစီးစစ်သည်တပ်ကို နောက်ဆုတ်သွားချင်စိတ် ဖြစ်ပေါ်မလာစေခဲ့ချေ။ သူတို့သည် တပ်ဖွဲ့ကို အလျင်အမြန် ပြန်လည် စုစည်းလိုက်ပြီး ထပ်မံ လိုက်လံလာကြပြန်သည်။
အားနျိုသည် ပိုမို နီးကပ်လာသော မြင်းခွာသံများကို နားထောင်ရင်း အဘိုးကြီးကို ကျောပိုးကာ အသက်လု၍ ပြေးလွှားနေ၏။ သို့သော် ခြေ ၂ ချောင်းက ခြေ ၄ ချောင်းကို မယှဉ်နိုင်သေးချေ။ ဖုန်မှုန့်များနှင့် ရွှံ့များ ကပ်ငြိနေသော ချွေးပေါက်များသည် သူ၏ မျက်ခွံများမှတစ်ဆင့် မျက်လုံးထဲသို့ စီးကျသွားသဖြင့် ပူစပ်ပူလောင်ဖြင့် စူးရှစွာ နာကျင်နေ၏။ သူက ပါးစပ်ကို ဟကာ ငိုယိုနေပြီး အရှေ့ဘက်မှ လမ်းကို မြင်ရရန် မျက်လုံးကို အစွမ်းကုန် ဖွင့်ထားလေသည်။
ထိုအခါ အစောပိုင်းက မြားပစ်ခဲ့သော သူသည် အလင်းရောင်ကို ကျောခိုင်းကာ အဆုံးအစမဲ့ ညနေဆည်းဆာ အလင်းရောင်အောက်တွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ကောင်းကင်ယံရှိ မီးဟုန်းဟုန်း တောက်လောင်နေသော တိမ်တိုက်များသည် အဝေးမှ တောင်တန်းများနှင့် အနီးနားရှိ မြစ်ရေပြင်ကို ပါးလွှာသော အနီရောင်အလွှာတစ်ခုဖြင့် ဖုံးအုပ်ပေးထား၏။ ထိုလူရိပ်သည် လေးရှည်တစ်ချောင်းကို နောက်တစ်ကြိမ် ထပ်မံ ဆွဲတင်လိုက်ပြန်သည်။ လေးကြိုးပေါ်မှ လေကိုခွဲကာ ပျံသန်းလာသော မြားများသည် အလွန် ကြီးမားလှသော ခွန်အားများ ပါဝင်နေသကဲ့သို့ အနီးကပ်ဆုံး လိုက်ပါလာသည့် မြင်းစီးစစ်သည် အနည်းငယ်ကို မြင်းပေါ်မှ နောက်လန်ကျသွားအောင် တိုက်ရိုက် ပစ်ခတ်လိုက်လေသည်။
နောက်ဆုံးတွင်တော့ အားနျိုသည် အဘိုးကြီးကို ပိုးကာ ရှောင်းလိ၏ အရှေ့သို့ မှောက်လျက် လဲကျသွားတော့သည်။ သူ့မျက်နှာပေါ်တွင် ဖုန်မှုန့်များနှင့် သွေးကွက်များဖြင့် ပြည့်နှက်နေပြီး ရှေ့နောက်မညီ စကားများဖြင့် ရှောင်းလိကို ကျေးဇူးတင်စကား ဆိုချင်နေ၏။ သို့သော် ရှောင်းလိ၏ ရုပ်သွင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်တွင် သေဘေးမှ လွတ်မြောက်လာ၍လား သို့မဟုတ် ရင်းနှီးသူနှင့် ပြန်လည် ဆုံတွေ့ရ၍ အလွန်အမင်း ဝမ်းသာသွားသလား မသိတော့ဘဲ တိုက်ရိုက်ပင် အသံထွက်ကာ ငိုချလိုက်တော့သည်။ "အစ်ကိုကြီး... အဘိုးကို ကယ်ပါဦး။ အဘိုးကို ကယ်ပါဦး..."
ရှောင်းလိသည် အားနျိုက သူ့ကို အဝေးမှ လှမ်း၍ အကူအညီ တောင်းခံလိုက်ကတည်းက လိုက်လံသတ်ဖြတ်ခံနေရသူများမှာ အရင်က သူနှင့် ဝိန်းယွီကို ကယ်တင်ပေးခဲ့ဖူးသော သမားတော်ထောင်တို့ မြေးအဘိုးနှစ်ယောက် ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။ ယခုအချိန်တွင် သမားတော်ထောင်သည် အားနျိုနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း မျက်လုံးနှစ်လုံးကို တင်းတင်းပိတ်ထားဆဲ ဖြစ်ကာ အသက်ရှင်သလား သေဆုံးသွားသလား ဆိုသည်ကို မသိရချေ။ သူ၏ ကျောပေါ်က ကြမ်းတမ်းသော အညိုရောင် အဝတ်အစားများမှာ စုတ်ပြဲနေပြီး သွေးကွက်များဖြင့် ပြည့်နှက်နေရာ ကြာပွတ်ဖြင့် ရိုက်နှက်ခံထားရခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
ရှောင်းလိ၏ မျက်နှာအမူအရာသည် ရုတ်တရက် အေးစက်သွားပြီး လေးနှင့် မြားကို သိမ်းဆည်းလိုက်သည်။ သွေးများ ဆေးကြောထားသည့် ရှည်လျားသော ဓားကို ဆွဲထုတ်လိုက်ပြီး မြင်းစီးစစ်သည်များထဲမှ ခေါင်းဆောင်ဖြစ်သူကို စူးစိုက်ကြည့်ကာ အားနျိုကို ပြောလိုက်လေသည်။ "မင်းအဘိုးကို ခေါ်ပြီး အနောက်မှာ ပုန်းနေလိုက်"
အားနျိုသည် အသက် ၇နှစ်၊ ၈နှစ်အရွယ် ကလေးငယ်တစ်ယောက်၏ စိတ်သဘောထားမျိုး ရှိနေသော်လည်း လိုက်လံဖမ်းဆီးသူ များပြားလှသဖြင့် ရှောင်းလိ တစ်ယောက်တည်း ရင်ဆိုင်ရန် ခက်ခဲနိုင်မည်ကို နားလည်ထား၏။ သူက သမားတော်ထောင်ကို အနည်းငယ် လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းပြီးနောက် ရှောင်းလိကို သွားရောက် ကူညီရန် တွေးတောလိုက်သည်။ သမားတော်ထောင်ကို ကျောပေါ်သို့ ပြန်လည်ပိုးကာ အနောက်ဘက်သို့ သွားရန် ပြင်လိုက်ချိန်တွင် မြေပြင်တစ်ပြင်လုံးရှိ စစ်သည်များ၏ အလောင်းများကို မြင်တွေ့လိုက်ရသဖြင့် အားနျိုမှာ တစ်ခဏမျှ ကြောင်အမ်းသွားတော့သည်။
မြင်းစီးစစ်သည်များကို ခေါ်ဆောင်ကာ လိုက်လံဖမ်းဆီးလာသော ခေါင်းဆောင်သည် အစက သူတို့ ဆုံတွေ့လိုက်ရသူမှာ လောကအကြောင်း နားမလည်သည့် ကောင်လေးတစ်ယောက်ဟုသာ ထင်မှတ်ထားခဲ့သည်။ ယခုအချိန်တွင် မြင်းကျောပေါ်မှနေ၍ ရှောင်းလိ၏ အနောက်ဘက်ရှိ ထိုစစ်သည်များ၏ အလောင်းများကို အဝေးမှ လှမ်းမြင်လိုက်ရချိန်တွင် သူ့မျက်နှာမှာလည်း မနေနိုင်ဘဲ ပြောင်းလဲသွားလေသည်။
သူ့နာထင်ပေါ်က သွေးကြောများသည် ချက်ချင်း ထောင်တက်လာပြီး နှင်တံကို ကွေးကာ ရှောင်းလိဘက်သို့ ချိန်ရွယ်ရင်း ပြောလိုက်၏။ "ငါတို့ ကျင်းချန် စစ်သည်တွေကို ဒီလို ရက်ရက်စက်စက် သတ်ဖြတ်ရဲတာလား။ ဒီ မိုက်ရိုင်းလွန်းတဲ့ သူခိုးကို ဖမ်းကြစမ်း"
ဤမြင်းစီးစစ်သည်တပ်ဖွဲ့သည် တရားဝင်စစ်တပ် ဖြစ်ကြောင်း သိသာလှသည်။ အရင်က နေရာအနှံ့တွင် ပြည်သူများကို ဖမ်းဆီးနေသော စစ်သည်များနှင့် ပိုက်ကွန်ဖြန့်သလို ရည်ရွယ်ချက်မဲ့စွာ ရှောင်းလိကို ရှာဖွေနေသော စစ်သည်များနှင့် မတူညီကြချေ။ သူတို့ တစ်ယောက်စီတိုင်းသည် မြင်းစီးကျွမ်းကျင်ကြပြီး တိုက်ခိုက်သည့်အခါတွင်လည်း တိုက်ပွဲဗျူဟာအခင်းအကျင်းကို ထိန်းသိမ်းထားကြသည်။
လူ ၁၀ယောက်ကျော်ခန့်က ရှောင်းလိကို ဝိုင်းရံလိုက်ချိန်တွင် အားနျိုနှင့် သမားတော်ထောင်ကို ဖမ်းဆီးရန် လူ ၂ ယောက်ကိုလည်း ခွဲထုတ်လိုက်သေးသည်။
အားနျိုသည် သူ၏ ကြမ်းတမ်းသော ခွန်အားကို အားကိုးကာ မြင်းစီးစစ်သည် ၂ယောက် မြင်းကို စီး၍ ပြေးဝင်လာချိန်တွင် မြေပြင်ပေါ်၌ လိမ့်ချလိုက်သည်။ ရှောင်းလိ သတ်ဖြတ်ထားသော စစ်သည်များ၏ အလောင်းအနီးမှ ဓားတစ်လက်ကို ကောက်ယူလိုက်ပြီး မျက်နှာချင်းဆိုင် ပြေးဝင်လာသော စစ်မြင်းကို ဓားဖြင့် အားကုန်လွှဲကာ ခုတ်ချလိုက်သည်။ စစ်မြင်းသည် ချက်ချင်းပင် ဟီသံပြုလိုက်ပြီး လည်ပင်းကော့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။ ထို့အပြင် မြင်းပေါ်က စစ်သည်မှာလည်း ခေါင်းစိုက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။
နောက်မှ ကပ်ပါလာသော အခြား မြင်းစီးစစ်သည် ၁ယောက်သည် ဇက်ကြိုးကို အလျင်အမြန် တင်းတင်းကျပ်ကျပ် ဆွဲကာ မြင်းခေါင်းကို လှည့်လိုက်သဖြင့် လဲကျနေသော စစ်မြင်းနှင့် မတိုက်မိဘဲ လွတ်သွားခဲ့သည်။ အားနျိုက ပြေးဝင်သွားပြီး လက်တစ်ဖက်ဖြင့် မြင်းဇက်ကြိုးကို တိုက်ရိုက်ဆွဲကာ ဘေးဘက်သို့ အားကုန်သုံး၍ ဆွဲချလိုက်သည်။ မြင်းသည် ခြေ ၄ချောင်းလုံး ဟန်ချက်ပျက်ကာ ဘေးတိုက် လဲကျသွားအောင် ဆွဲချခံလိုက်ရ၏။ ထိုစစ်သည်၏ ခြေ၁ချောင်းသည် မြင်းအောက်တွင် ပိမိသွားပြီး ရုန်းကန်၍ မလွတ်နိုင်တော့သဖြင့် သနားစဖွယ် အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။
အားနျိုသည် လက်သီးကို လွှဲကာ ထိုစစ်သည်၏ ခေါင်းပေါ်သို့ ထုချလိုက်သည်။ တစ်ဖက်က ထုနှက်နေရင်း တစ်ဖက်ကလည်း ငိုယိုကာ ပြောလိုက်လေသည်။ "မင်းတို့ ငါ့အဘိုးကို ရိုက်တယ်ပေါ့။ မင်းတို့ ငါ့အဘွားကို သတ်တယ်ပေါ့..."
ခြေထောက်ကျိုးသွားသော စစ်မြင်းကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျကာ အဝေးသို့ လွင့်စင်သွားသော မြင်းစီးစစ်သည်သည် ခေါင်းမူးနောက်နေလျက် ထလာခဲ့သည်။ သူ့အဖော်မှာ အားနျို၏ လက်သီးဖြင့် ထုနှက်ခံရသဖြင့် မျက်နှာပေါ်က ရှိသမျှအပေါက်များမှ သွေးများ ယိုစီးနေပြီဖြစ်ကြောင်း မြင်လိုက်ရ၏။ မြေပြင်ပေါ်မှ ဓားတစ်လက်ကို ကောက်ယူကာ အားနျို၏ လည်ပင်းနောက်ဘက်သို့ ခုတ်ချရန် ပြင်လိုက်သော်လည်း လှံတံတစ်ချောင်းက သူ၏ ကျောဘက် နှလုံးသားဆီသို့ ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။ နောက်ဆုံးတွင် မျက်လုံးနှစ်လုံးကို အရှေ့ဘက်သို့ ပြူးကျယ်စွာ ကြည့်ရင်း ပါးစပ်မှ သွေးများ အန်ကာ လဲကျသွားတော့သည်။
ရှောင်းလိသည် ထိုမြင်းစီးစစ်သည် ၁၀ယောက်ကျော်ကို ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သည်။ မြေပြင်ပေါ်တွင် ကျနေသော လှံတံ ၁ချောင်းကို အားနျိုအား ခုတ်သတ်ရန် ရည်ရွယ်နေသော ထိုမြင်းစီးစစ်သည်ဆီသို့ ကန်ထုတ်လိုက်ပြီးနောက် ဓားကို မြှောက်ကာ ဒဏ်ရာရပြီး မြေပြင်ပေါ်သို့ လိမ့်ကျနေသော ခေါင်းဆောင်ဘက်သို့ ချိန်ရွယ်ကာ ပြောလိုက်၏။ "သူတို့က ယီကျိုးက လူတွေလည်း မဟုတ်ဘူး။ ပြီးတော့ ယီကျိုး ခရိုင်ကနေ ပြောင်းရွှေ့ရမယ့် အိမ်ထောင်စု စာရင်းထဲမှာလည်း မပါဘူး။ ဘာလို့ သူတို့ကို လိုက်ဖမ်းနေရတာလဲ"
ထိုခေါင်းဆောင်သည်လည်း ခေါင်းမာသူတစ်ယောက် ဖြစ်ပေသည်။ ရှောင်းလိဘက်သို့ သွေးနှင့် တံတွေးများကို ထွေးချလိုက်ပြီး ရိုင်းစိုင်းကြမ်းတမ်းစွာဖြင့် ပြောလိုက်၏။ "တာ့လျန်ရဲ့ ကျန်ရစ်သူတွေက အရှက်မရှိဘူး။ ချန်နိုင်ငံနဲ့ ပူးပေါင်းပြီး ငါတို့ရဲ့ ပြည်မကြီးကို တိုက်ခိုက်ဖို့ ကြံရွယ်နေကြတယ်။ ပြည်မကြီးက သားကောင်းယောက်ျား တစ်ယောက်အနေနဲ့ စစ်တပ်ထဲဝင်ပြီး ရန်သူတွေကို တိုက်ခိုက်သင့်တာပေါ့။ အဲ့ဒီ ငတုံးက အကောင်းအဆိုးကို နားမလည်ဘူး။ စစ်တပ်ထဲ အခေါ်ခံရတာတောင် စစ်စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်တယ်။ အလုပ်ကြမ်းသမားကို ခေါ်ပြီး ထွက်ပြေးဖို့တောင် ရဲတင်းနေသေးတယ်။ အမတ်ကြီးက အရည်အချင်းရှိသူကို နှမြောတဲ့စိတ် ရှိလို့သာ ငါတို့ကို သူ့အသက်ကို မသတ်ဘဲ လူကို ပြန်ခေါ်လာဖို့ အမိန့်ပေးထားတာ။ ငါက ဟန်အမတ်ကြီးရဲ့ တိုက်ရိုက် လက်အောက်ငယ်သားပဲ။ မင်းက ငါ့ကို သတ်ရဲသေးလား..."
ရှောင်းလိ၏ ဓားသွား ကျဆင်းသွားသည်နှင့် ခေါင်းဆောင်၏ ခေါင်းနှင့် ကိုယ်သည် တခြားစီဖြစ်သွားတော့သည်။
သူသည် အားနျို၏ အရပ်အမောင်းက သာမန်လူများထက် မြင့်မားကြီးမားနေသော်လည်း တော်တော်လေး အံဝင်ခွင်ကျ ဖြစ်နေသည့် ကျင်းကျိုး စစ်ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသည်။ မည်သည့် စစ်သားထံမှမဆို ကျပန်း ချွတ်ယူလာသည့်ပုံ မပေါက်သဖြင့် ခေါင်းဆောင်ကို ဤသို့ မေးလိုက်ခြင်း ဖြစ်သည်။ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိသွားပြီးနောက်တွင် ထိုခေါင်းဆောင်၏ အဓိပ္ပာယ်မရှိသော စကားများကို ထပ်မံ နားထောင်ချင်စိတ် မရှိတော့ချေ။
ရှောင်းလိသည် ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။ အားနျိုသည် ဒေါသဖြေနေသကဲ့သို့ သူ၏ ထုနှက်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်သော ထိုမြင်းစီးစစ်သည်ကို လက်သီးဖြင့် လွှဲကာ ထုနှက်နေဆဲဖြစ်ကြောင်း မြင်လိုက်ရ၏။ သူက လျှောက်သွားကာ အားနျို၏ ပခုံးကို ဖိထားလိုက်သည်။ အားနျို အသက်ရှူမှန်သွားပြီး သူ့ဘက်သို့ လှည့်ကြည့်လာမည့် အချိန်ကို စောင့်ကာ ပြောလိုက်လေသည်။ "လူက သေသွားပါပြီ"
အားနျို၏ မျက်လုံးတစ်စုံသည် နီရဲနေသည်။ ဖုန်မှုန့်များနှင့် သွေးကွက်များ ကပ်ငြိနေသော မျက်နှာပေါ်တွင် မူလအရောင်ကိုပင် မမြင်နိုင်တော့ချေ။ သို့သော် လည်ပင်းတစ်ခုလုံးမှ ရင်ဘတ်အထိ အနီရောင်အလွှာတစ်ခု ဖုံးလွှမ်းနေ၏။ သူက ရှောင်းလိကို ကြည့်ကာ ကလေးငယ်တစ်ယောက်လို ငိုယိုရင်း ပြောလိုက်သည်။ "သူတို့က အဘွားကို ရိုက်သတ်လိုက်တယ်။ အဒေါ်ကိုလည်း ရိုက်သတ်လိုက်တယ်။ ယင်းချောင် ယောက်မရဲ့ အဝတ်အစားတွေကိုလည်း ချွတ်ပြီး တာကျူး အစ်ကိုကြီးကိုလည်း သတ်လိုက်တယ်..."
ရှောင်းလိသည် သူ ပြောနေသော အဘွားဆိုသည်မှာ အဘွားထောင် ဖြစ်မည်ဟု သေချာသိလိုက်သည်။ အခြားသူများဆိုလျှင်တော့ တစ်ရွာတည်းနေ ရွာသားများသာ ဖြစ်ပေလိမ့်မည်။
ပြိုကျသွားသော ငှက်သိုက်အောက်တွင် အကောင်းပကတိ ကျန်ရှိနေသော ဥဟူ၍ မရှိနိုင်ချေ။ သို့သော် သည်လိုနေ့ရက်သည် သည်လောက်အထိ မြန်ဆန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူမ ထင်ထားခဲ့ပေ။ အဆက်အသွယ် ပြတ်တောက်နေသော ထောင်မိသားစုရွာလေးပင် ဤရှုပ်ထွေးနေသော ခေတ်ပျက်ကြီး၏ ဘေးဒုက္ခမှ မလွတ်မြောက်နိုင်ခဲ့ချေ။
သူသည် အားနျို၏ ပခုံးပေါ်ကို လက်ဖြင့် ခဏလောက် ဖိထားပေးလိုက်ပြီးမှ ပြောလိုက်၏။ "မင်း သူတို့အတွက် ကလဲ့စားချေပေးလိုက်ပြီလေ"
ထို့နောက် ဘေးတစ်ဖက်တွင် ချထားခြင်းခံရသော သမားတော်ထောင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါ မင်းအဘိုးရဲ့ ဒဏ်ရာတွေကို အရင် ကြည့်ပေးမယ်"
ထိုအခါမှသာ အားနျိုသည် သနားစဖွယ် မျက်လုံးများကို အကြိမ်အနည်းငယ် ပွတ်သပ်လိုက်သည်။ အိမ်ခြေယာမဲ့ ဖြစ်နေသော ခွေးပေါက်လေးတစ်ကောင်လို ဘာလုပ်ရမှန်းမသိဘဲ သမားတော်ထောင်၏ အနီးသို့ တိုးကပ်သွားပြီး ရှောင်းလိက သမားတော်ထောင်ကို သွေးစမ်းပေးနေသည်ကို ကြည့်နေလေသည်။
ရှောင်းလိသည် သမားတော် မဟုတ်သဖြင့် သွေးခုန်နှုန်းကို အကြမ်းဖျင်းမျှသာ စမ်းသပ်နိုင်၏။ သမားတော်ထောင်၏ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများသည် ပြင်းထန်လှသည်။ ကျောပြင်တစ်ခုလုံးတွင် ကြာပွတ်ရာများ ရှုပ်ယှက်ခတ်နေပြီး သွေးကွက်များဖြင့် ပြည့်နှက်နေသည်။ ဤအရွယ်ရောက်မှ ဤကဲ့သို့သော ဒုက္ခမျိုးကို ခံစားရသဖြင့် ခန္ဓာကိုယ်သည် သဘာဝကျကျပင် ခံနိုင်ရည် ရှိမည်မဟုတ်ချေ။
ရှောင်းလိသည် အနာကျက်ဆေးကို ထုတ်ယူလိုက်ပြီး အားနျိုဆီသို့ ၁ပုလင်း ပစ်ပေးလိုက်သည်။ အားနျို၏ ခန္ဓာကိုယ်ပေါ်က ကြီးငယ်မဟူ ဒဏ်ရာများကို သူကိုယ်တိုင် ကုသရန် ပြောလိုက်ပြီး သူကတော့ သမားတော်ထောင်၏ ကျောပေါ်က ဒဏ်ရာများကို အကြမ်းဖျင်း ကုသပေးလိုက်သည်။
သူ အသုံးပြုသော အနာကျက်ဆေးသည် အာနိသင် ပြင်းထန်လှသည်။ ကုသနေစဉ် တစ်ဝက်တစ်ပျက်တွင် သမားတော်ထောင်သည် နာကျင်မှုကြောင့် နိုးလာခဲ့၏။ ရှောင်းလိကို မြင်လိုက်ရသောအခါ အသက်ကို အတင်းအကျပ် ရှူသွင်းလိုက်ပြီး မျက်ရည်များ တသွင်သွင် စီးကျလျက် အားနျိုကို ရှောင်းလိထံ အပ်နှံရန် ပြင်နေသည်။ ရှောင်းလိမှာ အခြားနည်းလမ်း မရှိသဖြင့် အရင်ဆုံး သဘောတူလက်ခံလိုက်ရတော့သည်။ ထိုအခါမှသာ သမားတော်ထောင်၏ ခံစားချက်များက သိပ်ပြင်းထန်မနေတော့ချေ။
သမားတော်ထောင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာတစ်ခုလုံးသည် ဖြူရော်နေ၏။ မျက်ရည်များ ရစ်သိုင်းကာ ရှောင်းလိကို ကြည့်ရင်း ပြောလိုက်လေသည်။ "ဒီအဘိုးကြီးက အရင်တုန်းက မင်းရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာက တိုက်ဆိုင်မှုထဲကမှ ရေစက်ကြောင့်လဲ ဖြစ်လောက်တယ်။ အဘိုးတို့ အိမ်က အားနျိုက... ကလေးကောင်းလေး တစ်ယောက်ပါ။ နည်းနည်းတော့ တုံးအပေမဲ့လေ။ နောက်ပိုင်းကျရင် ညီလေးက သူ့ကို ထမင်းတစ်လုတ်လောက် ကျွေးမွေးစောင့်ရှောက်ပေးပါ။ သူ့ကို မကောင်းတဲ့ အလုပ်တွေ... မကောင်းတဲ့ အလုပ်တွေ မလုပ်ခိုင်းပါနဲ့။ တခြားကိစ္စတွေ ဆိုရင်တော့ သူ့ကို ခိုင်းစေပါ... ခိုင်းစေလိုက်ပါ..."
အားနျိုသည် စိုးရိမ်တကြီးဖြင့် ဆက်တိုက် ငိုနေ၏။ မျက်ရည်များသည် မျက်လုံးအိမ်ထဲမှ လိမ့်ဆင်းလာပြီး သွေးများ၊ ဖုန်မှုန့်များနှင့် ချွေးကွက်များ ပြည့်နှက်နေသော ထိုမျက်နှာပေါ်မှတစ်ဆင့် ကြီးမားသော မျက်ရည်ပေါက်ကြီးများအဖြစ် အောက်သို့ ကျဆင်းလာသည်။ ပါးစပ်ကို ဟလိုက်သော်လည်း "အဘိုး" ဟူသော စကားလုံး ၂လုံးကိုသာ အော်ခေါ်နိုင်တော့သည်။
ရှောင်းလိက ပြောလိုက်သည်။ "အဘိုး စိတ်ချပါ။ ကျွန်တော် ရှောင်းလိက နောက်ပိုင်းကျရင် ညီလေးအားနျိုကို ညီအရင်းတစ်ယောက်လို သေချာပေါက် သဘောထားပေးပါ့မယ်။ အဘိုး ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက အပေါ်ယံ ဒဏ်ရာတွေပါပဲ။ ဒုက္ခကြီးကြီးမားမား ရောက်ခဲ့ရပေမဲ့ ပြန်ကောင်းလာနိုင်မှာပါ"
သမားတော်ထောင်ကတော့ ခေါင်းကိုသာ ခါရမ်းပြပြီး ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလိုက်၏။ "အဘိုးလို အရိုးဆွေးကြီးက မင်းတို့နောက်ကို လိုက်ရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာပါ။ ညီလေးရေ... မင်း ငါတို့အိမ်က အားနျိုကို ခေါ်ပြီး ထွက်ပြေးပါတော့။ သူ့ကို အဲ့ဒီ ခွေးအတွေ ပြန်ဖမ်းသွားတာမျိုး ထပ်အဖြစ်မခံပါနဲ့တော့။ သူတို့အတွက် လိပ်ပြာမလုံစရာ အလုပ်တွေကို မလုပ်ခိုင်းပါနဲ့တော့..."
အားနျိုက အလျင်အမြန် ခေါင်းရမ်းလိုက်ပြီး မသွားဘူးဟု ငိုယိုကာ ပြောလိုက်သည်။ ထို့နောက် ထပ်ပြောလိုက်၏။ "သူတို့က အဘွားကို သတ်ပစ်လိုက်ပြီ။ အားနျိုက သူတို့စကားကို ထပ်နားမထောင်တော့ဘူး..."
ရှောင်းလိသည် အစောပိုင်းက ထိုခေါင်းဆောင်၏ ပါးစပ်မှတစ်ဆင့် အားနျိုက စစ်တပ်ထဲသို့ အခေါ်ခံရသော စစ်သားတစ်ယောက် ဖြစ်ကြောင်း သိရှိထားပြီး ဖြစ်သဖြင့် မနေနိုင်ဘဲ မေးလိုက်လေသည်။ "ဘာဖြစ်လို့ အဲ့ဒီ ကျင်းချန် စစ်သည်တွေက ညီလေးအားနျိုကို စစ်သားအဖြစ် ခေါ်သွားပြီးတဲ့နောက်မှာ အဘိုးကိုပါ အလုပ်ကြမ်းလုပ်ဖို့ ခေါ်သွားရတာလဲ။ အဘွားကိုတောင် အလွတ်မပေးဘူးလား"
သမားတော်ထောင်သည် ဇနီးဖြစ်သူ၏ သေဆုံးမှုကို ပြန်လည်တွေးတောမိသွားသဖြင့် မျက်လုံးများ နီရဲလာကာ မျက်ရည်နောက်များ စီးကျလာသည်ကို မထိန်းချုပ်နိုင်တော့ချေ။ "သူတို့က ရွာတစ်ရွာလုံးကို ကျင်းကျိုးဘက်ကို မောင်းထုတ်သွားတာ။ စစ်သားစုဆောင်းဖို့ချည်းပဲ ဘယ်ဟုတ်ပါ့မလဲ။ ငါတို့ကို အလုပ်ကြမ်းတွေ လုပ်ခိုင်းပြီး ကျင်းကျိုး မြို့ရိုးကာကွယ်ရေးကို ပြုပြင်ခိုင်းဖို့လေ။ ငါနဲ့ ငါ့မိန်းမလို အရိုးဆွေးကြီးတွေက မြို့ရိုးတည်ဆောက်မယ့် အုတ်ခဲတွေကို ဘယ်လိုလုပ် သယ်နိုင်ပါ့မလဲ။ ငါတို့က အားနျိုကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့တာပါ။ မဟုတ်ရင် သူ့ရဲ့ အရည်အချင်းနဲ့ဆို ထွက်ပြေးလို့ ရနိုင်ပါတယ်။ အဲ့ဒီ ခွေးအတွေရဲ့ အော်ဟစ်ခိုင်းစေတာကို ခံရပြီး သူတို့အတွက် အလုပ်လုပ်ပေးရတဲ့ အခြေအနေအထိ ဘယ်ရောက်ပါ့မလဲ..."
ရှောင်းလိ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ ဤအချိန်ခဏလေးအတွင်းမှာပင် ဖေစုန့်က ယီကျိုးကို ခံတပ်များ ခိုင်မာအောင် လုပ်ပြီး တောများကို ရှင်းလင်းခိုင်းကာ သူ၏ လက်အောက်ငယ်သားများက ဘေးနားရှိ ခရိုင်များမှ ပြည်သူများကို ကျင်းကျိုးသို့ နေရာအနှံ့မှ မောင်းထုတ်နေသည့် ရည်ရွယ်ချက်အမှန်ကို သူ နားလည်သွားခဲ့သည်။ သူသည် ယီကျိုးကို စွန့်လွှတ်ပြီး မြောက်ပိုင်းဝေ့နှင့် နန်ချန်တို့ကို အချင်းချင်း တိုက်ခိုက်စေရန် ဆွဲဆောင်နေချိန်မှာပင် နန်ချန်စစ်တပ် မြောက်ဘက်သို့ ချီတက်လာခြင်းကို တားဆီးမည့် စစ်မြေပြင်ကို ကျင်းကျိုး၌ သတ်မှတ်ထားပြီး ဖြစ်လေသည်။
ထို့အပြင် ကျင်းကျိုးအနေဖြင့် စစ်တပ်ကို အလျင်အမြန် တိုးချဲ့ရန်အတွက် အထိရောက်ဆုံးသော နည်းလမ်းမှာ စစ်သားများကို အတင်းအကျပ် စုဆောင်းခြင်းပင်။ ထို့နောက် သူတို့၏ မိသားစုဝင်များကို မြို့ထဲတွင် ဖမ်းဆီးထားပြီး မြို့ရိုးကာကွယ်ရေးကို တည်ဆောက်ရန် အလုပ်ကြမ်းများ လုပ်ခိုင်းခြင်းပင် ဖြစ်သည်။
ဤသို့ပြုလုပ်ခြင်းဖြင့် ပထမအချက်အနေဖြင့် မြို့ရိုးကာကွယ်ရေးကို ပြုပြင်ရန် လုံလောက်သော အလုပ်ကြမ်းသမားများကို ရရှိစေသည်။ ဒုတိယအချက်အနေဖြင့် အတင်းအကျပ် စစ်တပ်ထဲ ဝင်ခိုင်းခြင်းခံရသော ထိုစစ်သားသစ်များကို အတိုင်းအတာ အကောင်းဆုံး ထိန်းချုပ်ထားနိုင်သည်။
သမားတော်ထောင်သည် အသက်ရှင်ချင်စိတ် လုံးဝ မရှိတော့ကြောင်း သိသာလှသည်။ ထိုစကားများကို ပြောပြီးနောက် သူက သူ့ဟာသူ ဆက်ပြောလိုက်၏။ "အားနျိုကို ညီလေးဆီ အပ်နှံပြီးသွားပြီဆိုတော့ အဘိုးမှာလည်း သံယောဇဉ် တွယ်စရာ ဘာမှမရှိတော့ပါဘူး။ ငါ့မိန်းမကို သွားရှာဖို့ စိတ်အေးလက်အေး သွားလို့ရပါပြီ..."
အားနျိုသည် မွေးဖွားလာချိန်မှ ယနေ့အထိ သည်လောက် များပြားသော ရှင်ကွဲ ကွဲခြင်း၊ သေကွဲ ကွဲခြင်းများကို ရင်မဆိုင်ခဲ့ရဖူးချေ။ တစ်ကိုယ်လုံး ကွေးနေအောင် ခွေပြီး ရှိုက်ကြီးတငင် ငိုယိုနေလေသည်။ ခေါင်းကို မရပ်မနား ခါရမ်းနေပြီး အားနည်းကာ သနားစရာ ကောင်းနေလို့သည်။ လူတစ်ယောက်၏ စွန့်ပစ်ခြင်းကို ခံရတော့မည့် ခွေးကြီးတစ်ကောင်နှယ်ပင်။
ရှောင်းလိက ထိုအခြေအနေကို မြင်သောအခါ ပြောလိုက်လေသည်။ "အဘွားက ဒီလို မမျှော်လင့်ထားတဲ့ ကိစ္စနဲ့ ကြုံတွေ့လိုက်ရလို့ အဘိုးရဲ့ စိတ်ထဲမှာ အရမ်းကို ခံစားရခက်နေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ညီလေးအားနျိုက အသေခံပြီး အဘိုးကို ခေါ်ထုတ်လာခဲ့တာဆိုတော့ အဘိုးကလည်း သူ့ရဲ့ စေတနာကို အလဟဿ မဖြစ်စေပါနဲ့။ ဘာပဲပြောပြော ဒီလောကကြီးမှာ သူ့အတွက် အဘိုး ၁ယောက်ပဲ ဆွေမျိုးဆိုလို့ ကျန်တော့တာလေ။ လိုက်ဖမ်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်တော် ရှိနေတာမို့ အဘိုး စိတ်ချပါ"
...