← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260 - final

အခန်း ၂၆၀

Vol. 26 Ch. 260 - final

အပိုင်း (၂၆၀.၁)

၃လပိုင်းကုန်တွင် ဝိန်းယွီသည် တာ့လျန်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။

မင်းဆရာကြီးယွီက အမတ်များကို ဦးဆောင်ကာ ပိုင်ယန်ဂိတ် မြို့တံခါးအပြင်ဘက်တွင် ကြိုဆိုခဲ့သည်။ ဝိန်းယွီ တာ့လျန်သို့ ပြန်လာသည်ကို ကြိုဆိုရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြသော ပြည်သူများသည် လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ပြည့်ကြပ်နေကာ လမ်းဘေးရှိ တောင်ကုန်းများပေါ်အထိပင် ရပ်နေကြလေသည်။

ဝိန်းယွီ၏ မြင်းလှည်း ဂိတ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် မျက်ရည်များ ရစ်သိုင်းကာ လှိုက်လှိုက်လှဲလှဲ အော်ဟစ်လိုက်ကြသော "မင်းသမီး" ဟူသည့် အသံများသည် အရပ်လေးမျက်နှာလုံးမှ ထွက်ပေါ်လာပြီး တကယ်ကို တောင်များပြိုကျ၊ ပင်လယ်လှိုင်းများ ရိုက်ခတ်သကဲ့သို့ပင်။

ဝိန်းယွီသည် မြင်းလှည်း သွားနေစဉ်အတွင်း မြင်းလှည်းခန်းဆီးကို ပင့်တင်ကာ အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်သည်တွင် ခဏတွင်းချင်းမှာပင် မျက်လုံးများ နီရဲသွားခဲ့၏။

ကျောင်းပိုင်နှင့် ချင်းယွင်ကိုယ်ရံတော်များသည် မြင်းလှည်း၏ တစ်ဖက်တစ်ချက်စီတွင် မြင်းစီးကာ လိုက်ပါလာကြပြီး ဤမြင်ကွင်းကို မြင်သောအခါ လွန်ခဲ့သောနှစ်များက ဝိန်းယွီ လက်ထပ်မဟာမိတ်အဖြစ် နန်ချန်သို့ အဝေးကြီး ထွက်ခွာသွားခဲ့ရစဉ်က ဂိတ်အတွင်းရှိ ပြည်သူများကလည်း ဤကဲ့သို့ပင် လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် မေတ္တာငတ်မွတ်စွာ ရပ်နေကြပြီး ဝိန်းယွီ၏ မြင်းလှည်းကို လီပေါင်းဆယ်ချီအထိ လိုက်လံ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်ကို ပြန်လည် သတိရမိကာ သူတို့၏ မျက်လုံးများတွင်လည်း အနည်းငယ် စိုစွတ်လာခဲ့သည်။

ကျန်းဟူသည် ရှောင်းလိနှင့်အတူ မြင်းလှည်း၏ အရှေ့ဘက်တွင် မြင်းစီးကာ လိုက်ပါလာပြီး တာ့လျန်ပြည်သူများ၏ အော်ဟစ်သံများကို ကြားသောအခါ အတိတ်က ဝိန်းယွီသည် အခြေအနေများ၏ ဖိအားပေးမှုအောက်တွင် နန်ချန်သို့ လက်ထပ်မဟာမိတ်အဖြစ် သွားရောက်ခဲ့ရသည့် ခက်ခဲကြမ်းတမ်းမှုများကို သိရှိထားသဖြင့် ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေသည့်အပြင် အနည်းငယ်လည်း ဂုဏ်ယူနေမိကာ ရှောင်းလိကို ပြောလိုက်လေသည်။ "တာ့လျန်ပြည်သူတွေက မရီးကို တစ်ခါမှ မမေ့ခဲ့ကြဘူးပဲ"

ရှောင်းလိက စကားပြန်မပြောခဲ့ချေ။

သူသည် အရှေ့ဘက်ကို တိတ်ဆိတ်စွာ ကြည့်နေပြီး သူစီးနင်းထားသော တစ်ကိုယ်လုံး မည်းနက်နေသည့် စစ်မြင်းသည် လူများ ပြည့်နှက်နေသော လမ်းမကြီးပေါ်တွင် ခွာသံတခွပ်ခွပ်ဖြင့် လျှောက်လှမ်းနေကာ မြင်းခွာသံများနှင့် အနောက်ဘက်မှ လိမ့်လာသော မြင်းလှည်းဘီးသံများသည် စည်းချက်တစ်ခုအဖြစ် ရောနှောသွားခဲ့သည်။

တာ့လျန်ပြည်သူများသည် ဝိန်းယွီကို သဘာဝကျကျပင် မေ့ပျောက်သွားလိမ့်မည် မဟုတ်ပေ။

မင်းဆက် ပြိုလဲပျက်စီးချိန်တွင် သူမကသာ ဤရောဂါကျွမ်းပြီး ပျက်စီးနေသော တိုင်းပြည်ကြီးကို ပခုံးတစ်ဖက်တည်းဖြင့် ထမ်းတင်ပေးခဲ့သည်။

လူမျိုးခြားများ ကျူးကျော်လာချိန်တွင်လည်း သူမကသာ ကိုယ်တိုင် သေတွင်းထဲသို့ ဆင်းသက်ပြီး နယ်မြေနှစ်ခုမှ ပြည်သူများအတွက် အသက်ရှင်သန်ခွင့် လမ်းစလေးတစ်ခုကို လဲလှယ်ပေးခဲ့သည်။

ထို့အပြင် ရှီးလင်ကို နှိမ်နင်းခြင်း၊ လူရိုင်းမျိုးနွယ်စုများကို သိမ်းသွင်းခြင်း၊ နန်ချန်ကို ပူးပေါင်းခြင်းစသည့် ကြီးမားသော အောင်မြင်မှုများ ရှိနေသေးရာ ဧကရာဇ်မှတ်တမ်းများတွင် မှတ်တမ်းတင်ခံရပါက တာ့လျန်၏ ပထမဆုံးဧကရာဇ် ဝိန်းရှီအန်းပင်လျှင် သူမအောက် တစ်ဆင့်နိမ့်နေပေလိမ့်မည်။

လေတိုက်၍ လွင့်နေသော အလံများ၊ အတိတ်က အဖြစ်အပျက် အမျိုးမျိုးတို့သည် ပြည်သူများ၏ သောင်းသောင်းဖြဖြ အော်ဟစ်အားပေးသံများကြားတွင် ရှောင်းလိ၏ မျက်စိရှေ့၌ တစ်ခန်းပြီးတစ်ခန်း ပေါ်လာခဲ့၏။

ယုံကျိုးမြို့တွင် နှင်းကျပြီးခါစ နေထွက်ချိန်၌ ပထမဆုံး တွေ့ဆုံခဲ့မှုများ၊ နှစ်သစ်ကူးအကြိုညတွင် သူနှင့် သူမက စာရင်းစာအုပ် တစ်ဝက်စီကို ကိုင်ဆောင်ကာ နှင်းမုန်တိုင်းထဲသို့ ထွက်ပြေးခဲ့ကြသည်အထိ အသက်နှင့်ရင်းသော ယုံကြည်မှုများ၊ လီပေါင်းခြောက်ရာဝေးသော ဖိန်ကျိုးသို့ သွားရောက်ခဲ့သည့် သေတူရှင်မကွဲ အတူရှိနေမှုများ၊ မိုးကြိုးပစ်၊ မိုးရွာနေသော ညတစ်ညတွင် သူမက မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး အရာအားလုံးကို ဖွင့်ပြောပြပြီးနောက် လမ်းခွဲခဲ့ခြင်းများ၊ မြောက်ပိုင်း၏ နှင်းမုန်တိုင်းထဲတွင် ပြန်လည်ဆုံတွေ့ခဲ့ခြင်းများ၊ တောင်ပေါ်ဘုန်းကြီးကျောင်းတွင် အတင်းအကျပ် မေးမြန်းခဲ့ရသော နှလုံးသားတစ်ဝက်၊ ထို့နောက် လီပေါင်းသောင်းချီသော တောင်တန်းများကို ဖြတ်ကျော်ကာ ရှာဖွေခဲ့မှုများ......

လွန်ခဲ့သော သုံးနှစ်က ဝိန်းယွီ ပိုင်ယန်ဂိတ်မှ ထွက်ခွာသွားချိန်တွင် သူသည် ဖိန်ကျိုး၌ မရှိခဲ့ချေ။

သို့သော် တော်သေးသည်မှာ သုံးနှစ်အကြာတွင် သူ ကိုယ်တိုင် သူမကို ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည်။

ထို့နောက်ပိုင်းတွင် သမိုင်းမှတ်တမ်းများ၌ဖြစ်စေ၊ နှစ်တစ်ရာကြာပြီးနောက် ဂူဗိမာန် ကျောက်စာများပေါ်တွင်ဖြစ်စေ သူ့နာမည်သည် သူမနှင့် အတူတကွ ရေးသားခံရလိမ့်မည်။

ဂိတ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ရှောင်းလိသည် မြောက်ပိုင်းစစ်တပ်ကို ခေါ်ဆောင်ကာ ယာယီစခန်းချမည့် နေရာသို့ အရင် ထွက်ခွာသွားခဲ့ပြီး ဝိန်းယွီ၏ မြင်းလှည်းကမူ ဖိန်ကျိုး အုပ်ချုပ်ရေးမှူးအိမ်တော်သို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

သတင်းကို စောစောစီးစီး ရရှိထားသော သခင်မချန်နှင့် သခင်မယန် သားအမိတို့သည် အရာရှိကတော်များကို ခေါ်ဆောင်ကာ အိမ်တော်တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီး ထုန်ချွဲကလည်း အားလီကို ပွေ့ချီကာ ထိုအထဲတွင် အတူတူ ရပ်နေခဲ့သည်။

အားလီသည် တော်တော်‌လေး မငြိမ်မသက်ဖြစ်နေပြီး လူကြီးများက သူမကို ပွေ့ချီကာ အပြင်ဘက်တွင် ရပ်နေရခြင်းမှာ ဘာလုပ်ရန်ဖြစ်ကြောင်း နားမလည်ခဲ့ပေ။

သူမသည် ခေါင်းကို လှည့်ကာ ဟိုဟိုဒီဒီ ကြည့်ရှုနေသော်လည်း စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကိုမျှ မတွေ့ရသဖြင့် သူမ၏ ဝဝကစ်ကစ် လက်လေးများကို ယှက်ကာ ခေါင်းကို လှည့်ပြီး ထုန်ချွဲဘက်သို့ "တအဲ့အဲ့" အသံပြုလိုက်ပြီး ထုန်ချွဲကို ဘာကြောင့် ဒီမှာ အလကား ရပ်နေရတာလဲဟု မေးနေသည့်အလားပင်။

ထုန်ချွဲက အားလီကို ပိုပြီး မြဲနေအောင် ပွေ့ချီလိုက်ပြီး ပြုံးကာ မေးလိုက်လေသည်။ "မကြာခင် မင်းသမီးကို တွေ့ရတော့မှာမို့ သခင်မလေးလည်း ပျော်နေတာလား"

အားလီသည် ယခုအချိန်အထိ ရှည်လျားသော စကားစုများကို နားမလည်နိုင်သေးချေ။ ပုံမှန်အချိန်များတွင် လူများက ချော့မော့သင်ကြားပေးသဖြင့် မပီမသဖြင့် ရိုးရှင်းသော စကားလုံးအချို့ကို လိုက်လံ ပြောဆိုတတ်သော်လည်း အများစုအချိန်များတွင် မပီမသ အသံကိုသာ အသုံးပြု၍ သူမ၏ တောင်းဆိုမှုများကို ဖော်ပြလေ့ရှိသည်။

ထုန်ချွဲ၏ စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် အရှေ့ဘက် လမ်းမပေါ်တွင် မြို့ထဲသို့ ဝင်ရောက်လာသော ဝိန်းယွီ၏ မြင်းလှည်းအခြွေအရံတန်းကြီး ပေါ်လာခဲ့သည်။ အရာရှိကတော်များ အားလုံးသည် အိန္ဒြေပြင်လိုက်ကြပြီး ထုန်ချွဲကလည်း အားလီကို ပွေ့ချီကာ အရာရှိကတော်များနှင့်အတူ လှေကားပေါ်မှ အလျင်အမြန် ဆင်းလာခဲ့သည်။

အုပ်ချုပ်ရေးမှူးရုံးတော်သို့ သွားသော ဤလမ်းပိုင်းကို စစ်သည်များက စောစောစီးစီး ပိတ်ဆို့ထားခဲ့သဖြင့် လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ဝိန်းယွီ တာ့လျန်သို့ ပြန်လာခြင်းကို ကြိုဆိုမည့် ပြည်သူများ မရှိခဲ့ပေ။

မြင်းလှည်း ရပ်တန့်သွားပြီးနောက် ချင်းယွင်ကိုယ်ရံတော်က ဝိန်းယွီအတွက် မြင်းလှည်းခန်းဆီးကို ပင့်တင်ပေးလိုက်၏။ ဝိန်းယွီသည် ကျောင်းပိုင်၏ လက်ကို ကိုင်ကာ ကိုင်းညွှတ်၍ မြင်းလှည်းထဲမှ ထွက်လာချိန်တွင် ပထမဆုံး မြင်လိုက်ရသည်မှာ ထုန်ချွဲ ပွေ့ချီထားသော အားလီပင်။

သူမသည် ချက်ချင်းဆိုသလိုပင် မျက်လုံးထဲမှ စိုစွတ်မှုများကို မထိန်းချုပ်နိုင်တော့ချေ။

နှစ်ဝက်ခန့် မတွေ့ရချိန်အတွင်း အားလီ၏ အရပ်အမောင်းသည် အနည်းငယ် ကြီးထွားလာသော်လည်း ကြည့်ရသည်မှာ သေးသေးလုံးလုံးလေး ဖြစ်နေဆဲပင်။ ဝဝကစ်ကစ် လက်လေးများက ထုန်ချွဲ၏ ပခုံးပေါ်တွင် တွယ်ဖက်ထားပြီး စပျစ်သီးကဲ့သို့ ဝိုင်းစက်နေသည့် မျက်လုံးအစုံကို ဖွင့်ကာ သူမကို အကဲခတ်နေပြီး သူမ ဘယ်သူဖြစ်ကြောင်းကို ခွဲခြားမှတ်မိရန် ကြိုးစားနေသည့်အလားပင်။

"အားလီ" ဝိန်းယွီသည် မြင်းလှည်းပေါ်မှ ဆင်းလာပြီး မျက်လုံးအနည်းငယ် နီရဲကာ ပြုံးလျက် ခေါ်လိုက်လေသည်။

သူမ၏ အသံကို ကြားသောအခါ အားလီသည် သိသာစွာ မှင်သက်သွားပြီး မကြာမီမှာပင် ထိုပါးစပ်သေးသေးလေးသည် တွန့်ချိုးသွားကာ နားကွဲမတတ် ငိုသံကြီးများ ထွက်ပေါ်လာတော့သည်။ မျက်ရည်များသည် ကြိုးပြတ်သွားသော ပုလဲလုံးများကဲ့သို့ တပေါက်ပေါက် ကျဆင်းလာပြီး လက်နှစ်ဖက်၊ ခြေနှစ်ဖက်စလုံး အားကုန်ရုန်းကန်ကာ ဝိန်းယွီက သူမကို ပွေ့ချီရန် ကြိုးစားပမ်းစား လက်လှမ်းနေလေသည်။

ဝိန်းယွီက ထုန်ချွဲ၏ လက်ထဲမှ သမီးလေးကို လွှဲယူလိုက်သည်။ ရင်ခွင်ထဲရှိ လေးလံသော အလေးချိန်နှင့် သူမ၏ ပခုံးကို အားကုန် ဖက်တွယ်ထားသော သမီးလေး၏ အင်အားကို ခံစားရင်း သမီးလေး၏ ငယ်ထိပ်က ဆံပင်နုနုလေးများနှင့် မျက်နှာအပ်ကာ မျက်လုံးထဲတွင် ပိုမို စိုစွတ်လာပြီး တိုးညှင်းစွာ ချော့မော့လိုက်၏။ "အားလီ မငိုနဲ့တော့နော်။ မေမေ ပြန်လာပြီ..."

အရာရှိကတော်များ အားလုံးသည် ဝိန်းယွီက ကောလဲ့မြို့ကို အသေအလဲ ကာကွယ်ခဲ့ရခြင်းမှာ မည်မျှ အန္တရာယ်များကြောင်းကို သဘာဝကျကျပင် သိရှိထားကြသည်။ သူမက အားလီကို တာ့လျန်သို့ ပြန်လွှတ်ရန် အမိန့်ပေးခဲ့ခြင်းမှာ အဆိုးရွားဆုံးသော အခြေအနေအတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

ယခု သူတို့ သားအမိ နှစ်ဦး ပြန်လည်တွေ့ဆုံရသော ဤမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ မနီရဲသွားသူဟူ၍ မရှိတော့ချေ။

သခင်မချန်သည် ပုဝါဖြင့် မျက်လုံးကို သုတ်လိုက်ပြီး ရှေ့သို့ တိုးကာ ပြောလိုက်လေသည်။ "မင်းသမီး လမ်းခရီးတစ်လျှောက် ပင်ပန်းလာခဲ့မှာပဲ။ အရင်ဆုံး အိမ်တော်ထဲကို ဝင်ကြတာပေါ့"

အားလီသည် ငိုသံများ ရပ်တန့်သွားပြီ ဖြစ်သော်လည်း ရှိုက်ကြီးတငင် ဖြစ်နေဆဲပင်။ အားအင်ရှိသော ဝဝကစ်ကစ် လက်လေးများကလည်း ဝိန်းယွီ၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားပြီး အခြားသူများဆီသို့ အလွှဲပြောင်းခံရမည်ကို ကြောက်ရွံ့နေသည့်အလားပင်။

ဝိန်းယွီသည် သမီးလေးကို ပွေ့ချီကာ ဘေးတွင် စောင့်ဆိုင်းနေကြသော အရာရှိကတော်များ အားလုံးကို ခေါင်းတစ်ချက် ညိတ်ကာ နှုတ်ဆက်လိုက်ပြီး သခင်မချန်နှင့် သခင်မယန် နှစ်ဦးကို ပြောလိုက်၏။ "ဒီရက်တွေအတွင်း သခင်မချန်နဲ့ ဒေါ်ဒေါ်တို့ ပင်ပန်းသွားကြပြီ"

သခင်မချန်က ကမန်းကတမ်း ပြောလိုက်လေသည်။ "ရှက်စရာကောင်းလိုက်တာ မင်းသမီးရယ်။ မင်းသမီးက နယ်မြေနှစ်ခုက ပြည်သူတွေအတွက် ကိုယ်တိုင် ရှေ့တန်းကို ထွက်ခဲ့တာပါ။ ကျွန်တော်မျိုးမတို့က အိမ်နောက်ဖေးမှာ နေပြီး ကိုယ့်တာဝန်လေး နည်းနည်း ပါးပါး လုပ်ရုံသက်သက်ပါပဲ။ မင်းသမီးရဲ့ 'ပင်ပန်းသွားပြီ' ဆိုတဲ့ စကားလုံး နှစ်လုံးကို ဘယ်လိုလုပ် ခံယူဝံ့ပါ့မလဲ"

သခင်မယန်ကမူ ယန်ပေါင်လင်းက တွဲထားပေးပြီး ပုဝါဖြင့် မျက်ရည်များကို မပြတ် သုတ်နေရင်း ပြောလိုက်၏။ "မင်းသမီး ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာပဲ ကောင်းပါတယ်..."

အရာရှိကတော်များ အားလုံး နောက်တစ်ကြိမ် လိုက်လံ ငိုကြွေးကြတော့မည်ကို မြင်သောအခါ ယန်ပေါင်လင်းက ကမန်းကတမ်း ဝင်ပြောလိုက်လေသည်။ "အိမ်တော်ထဲ ဝင်ပြီးမှ ဆက်ပြောကြတာပေါ့"

ထိုအခါမှသာ လူအုပ်ကြီးသည် ဝိန်းယွီကို ဝန်းရံကာ အိမ်တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။

သခင်မချန်သည် ဝိန်းယွီအတွက် နေထိုင်ရန် နေရာကို စောစောစီးစီး စီစဉ်ပေးထားခဲ့ပြီး ဝိန်းယွီသည် ဧည့်ခန်းမဆောင်တွင် အရာရှိကတော်များ အားလုံးနှင့် အတူတူ စကားခဏ ပြောဆိုပြီးနောက် လူအုပ်ကြီးကို ပြန်လွတ်လိုက်ကာ သူမ၏ နေဆောင်သို့ အရင် ပြန်သွားလိုက်၏။

သခင်မယန်သည် မူလက နေရာချထားပေးရန် ကူညီပေးဖို့ အတူတကွ လိုက်သွားမည်ဖြစ်သော်လည်း ဝိန်းယွီကို တွေ့သည်မှစ၍ သူမ၏ မျက်လုံးထဲမှ မျက်ရည်များသည် မခြောက်သွေ့သေးချေ။ ဝိန်းယွီက သူမ ငိုလွန်း၍ ကျန်းမာရေး ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် သူမကို အနားယူရန် အရင် ပြန်ပို့ခိုင်းလိုက်သည်။

ယန်ပေါင်လင်းသည် ဝိန်းယွီနှင့်အတူ အိပ်ဆောင်သို့ လိုက်သွားကာ ရှင်းလင်းပေးခဲ့သည်။ ဝိန်းယွီသည် ငိုလွန်း၍ ပင်ပန်းကာ အိပ်ပျော်သွားသော အားလီကို ပုခက်ထဲသို့ ပြန်ချထားပေးလိုက်ချိန်တွင် အားယင်းလေးသည်လည်း ဖိန်ကျိုးတွင် ရှိနေကြောင်း ရုတ်တရက် သတိရသွားပြီး ယန်ပေါင်လင်းကို မေးလိုက်၏။ "အားယင်းလေးကို ဘာလို့ မတွေ့ရတာလဲ"

ယန်ပေါင်လင်း စကားပြောရန် ပြင်လိုက်စဉ် တံခါးအပြင်ဘက်မှ ကြွေပန်းအိုးများကို ပွေ့ချီကာ ဝင်လာသော ချင်းယွင်ကိုယ်ရံတော်က ရုတ်တရက် ပြောလိုက်လေသည်။ "ဒါ ဘယ်သူ့အိမ်က ကလေးလဲ။ ဒီမှာ ဘာလုပ်နေတာလဲ"

ဝိန်းယွီသည် အသံကြားရာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ တံခါးဘောင်ကို ကိုင်ကာ အထဲသို့ ကြည့်နေသော မိန်းကလေးငယ်တစ်ဦး၏ ခေါင်းတစ်ဝက်ကိုသာ မြင်လိုက်ရပြီး ထိုကလေးသည် ထိတ်လန့်သွားသော သမင်ငယ်လေးတစ်ကောင်ကဲ့သို့ ခေါင်းလှည့်မကြည့်ဘဲ အပြင်သို့ ထွက်ပြေးသွားတော့သည်။

"အားယင်း" ယန်ပေါင်လင်း ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် ကျောင်းပိုင်သည် အနောက်မှ လိုက်သွားခဲ့ပြီ ဖြစ်သည်။

ထုန်ချွဲက ဝိန်းယွီကို တွဲထူကာ အတူတူ အပြင်သို့ ထွက်သွားချိန်တွင် ယန်ပေါင်လင်းက ရှင်းပြလိုက်၏။ "ကျွန်မတို့ ဖိန်ကျိုးကို ပြန်ရောက်နေတဲ့ ဒီနှစ်ဝက်အတွင်း အားယင်းလေးက အမြဲတမ်း ဒီလိုပါပဲ။ သူစိမ်းတွေကို တွေ့ရင် ပြေးတော့တာပဲ။ သခင်မချန်နဲ့ အားယင်းလေးကို ပြုစုပေးတဲ့ အစေခံမလေး ပြောတာက အားယင်းလေးကို လော့ယန်ကနေ ချင်းယွင်ကိုယ်ရံတော်တွေ ခေါ်လာခါစတုန်းကဆို ဗီဒိုထဲတောင် ဝင်ပုန်းနေတတ်သေးတယ်တဲ့။ အဲ့ဒီတစ်ခေါက် အစေခံမလေးက လူရှာမတွေ့လို့ လန့်ပြီး သခင်မချန်ကို သတင်းပို့လိုက်တာ။ သခင်မချန်က အစေခံတွေ အကုန်ခေါ်ပြီး အိမ်တော်ထဲမှာ ဟိုရှာဒီရှာ လုပ်တာတောင် မတွေ့လို့ တော်တော်လေး လန့်သွားသေးတယ်"

ဝိန်းယွီသည် ခပ်မြန်မြန် လျှောက်သွားရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ "သမားတော် ခေါ်ပြပြီးပြီလား"

ယန်ပေါင်လင်းက ပြောလိုက်၏။ "လတိုင်း အားယင်းလေးကို ပြဖို့ သမားတော်တွေ အိမ်တော်ထဲ လာကြပါတယ်။ ဒါပေမယ့် သိပ်တော့ မထူးခြားဘူး။ သမားတော် ပြောတာကတော့... အားယင်းလေးက အရင်တုန်းက အချိန်အကြာကြီး ထိတ်လန့်မှုတွေ ခံစားခဲ့ရလို့ အခုလို လူတွေ့ရင် ပုန်းနေပြီး စကားလည်း မပြောချင်တာ ဖြစ်နိုင်တယ်တဲ့"

ဝိန်းယွီသည် အားယင်းလေးနှင့် ယောက်မဖြစ်သူတို့ ဖေစုန့်၏ အကျဉ်းချခံထားရသော ထိုနှစ်နှစ်တာကာလကို ပြန်တွေးမိပြီး ရင်ဘတ်ထဲတွင် အလွန် နာကျင်သွားသလို ခံစားလိုက်ရသည်။

ယန်ပေါင်လင်းသည် ဝိန်းယွီ၏ ဝမ်းနည်းမှုကို ရိပ်မိသွားပြီး ဆက်ပြောလိုက်လေသည်။ "ဒါပေမယ့် အားယင်းလေးက အားလီကို အရမ်း ချစ်တယ်။ တစ်ခါက ကျွန်မအမေက အားလီကို ခေါ်ပြီး အားယင်းလေးရဲ့ ခြံဝင်းထဲ သွားကြည့်တာ။ အားယင်းလေးက အစက ဗီဒိုထဲမှာ ပုန်းနေတာ။ အားလီရဲ့ အသံကို ကြားတော့ ဗီဒိုထဲကနေ ရုတ်တရက် ထွက်လာတယ်။ သူက သူစိမ်းတွေကို ကြောက်နေသေးပေမယ့် အားလီကိုတော့ တစ်ဖဝါးမှ မခွာဘဲ စောင့်ရှောက်ပေးနေတာ။ နောက်ပိုင်း အမေက အားလီကို ပွေ့ချီပြီး ပြန်ထွက်သွားတော့ အားယင်းလေးက တော်တော်လေး စိတ်ပူနေခဲ့သေးတယ်"

"ကျွန်မနဲ့ အမေက တွေးမိတာက အားလီက အားယင်းလေးရဲ့ ရောဂါကို တဖြည်းဖြည်း သက်သာလာစေနိုင်တယ်လို့ ထင်လို့ အဲ့ဒီနောက်ပိုင်းကျရင် အားလီကို ခေါ်ပြီး အားယင်းလေးဆီ မကြာခဏ သွားလည်ဖြစ်တယ်။ အချိန်ကြာလာတော့ အားယင်းလေး ကိုယ်တိုင်လည်း အားလီကို လာကြည့်ဖို့ ခိုးထွက်လာတတ်တယ်။ ဒီနေ့ အားယင်းလေးက အားလီကို လာကြည့်တာ ဖြစ်ရမယ်"

စကားပြောနေစဉ်အတွင်း သူတို့တစ်စုသည် အိမ်တော်ရှိ ကျောက်ဆောင်တောင်တုနေရာသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။ ကျောင်းပိုင်နှင့် ချင်းယွင်ကိုယ်ရံတော် အချို့က ကျောက်ဆောင်တောင်တု၏ ဂူပေါက်ဝတွင် ဆောင့်ကြောင့်ထိုင်ကာ ချော့မော့နေကြ၏။ "သခင်မလေး... အထဲမှာ မှောင်တယ်။ အရင် ထွက်လာပါဦး..."

ဝိန်းယွီ ရောက်လာသည်ကို တွေ့သောအခါ ကျောင်းပိုင်က မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။ "မင်းသမီး... သခင်မလေးက..."

သူမ၏ မျက်နှာအမူအရာတွင် ဝမ်းနည်းမှုများ မကင်းမဲ့နေချေ။

ဝိန်းယွီက ပြောလိုက်၏။ "ငါ အကုန် သိပါပြီ"

သူမသည် ဆောင့်ကြောင့်ထိုင်ချလိုက်၏။ နူးညံ့သော နေဝင်ဆည်းဆာရောင် အဝတ်စများသည် မြက်ခင်းစိမ်းစိမ်းပေါ်တွင် တွဲကျနေပြီး ကျောက်ဆောင်ဂူအတွင်းသို့ နူးညံ့သော အသံဖြင့် ခေါ်လိုက်လေသည်။ "အားယင်း... အဒေါ်လေ။ သမီး အဒေါ့်ကို မှတ်မိသေးလား"

စကား ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်လုံးများက အနည်းငယ် နီရဲလာခဲ့သည်။

အထဲမှ ဘာတုံ့ပြန်မှု ပြန်မလာချေ။

ဝိန်းယွီက ဆက်ပြောလိုက်၏။ "အရင်တုန်းက သမီးက အဒေါ် ပွေ့ချီတာကို အကြိုက်ဆုံးလေ။ အဲ့ဒီတုန်းက သမီးက ဒီလောက်ပဲ မြင့်သေးတာ..."

သူမသည် အားယင်းလေး၏ ယခင် အရပ်အမောင်းကို လက်ဖြင့် မှန်းဆပြလိုက်သည်။ အသံက နူးညံ့ပြီး အပြုံးများ ပါဝင်နေသော်လည်း မျက်လုံးထဲတွင်တော့ ဝမ်းနည်းမှုများ စီးကျနေလေသည်။

လွန်ခဲ့သော သုံးနှစ်က သူမ လော့ယန်မှ ထွက်ခွာပြီး ချန်နိုင်ငံသို့ အကူအညီတောင်းရန် အဝေးသို့ သွားရောက်ခဲ့ချိန်က အားယင်းလေးသည် အသက် သုံးနှစ်သာ ရှိသေးသည်။

ထိုနေ့က အစ်ကိုဖြစ်သူက သူမကို ကျောပိုးကာ မင်္ဂလာဆောင်ရန် ပို့ဆောင်ပေးခဲ့ပြီး မိခင်နှင့် မရီးဖြစ်သူတို့က အမိုးစွန်းအောက်တွင် ရပ်ကာ ငိုကြွေးလျက် သူမကို နှုတ်ဆက်ခဲ့ကြသည်။ အားယင်းလေးသည် မရီးဖြစ်သူ၏ ရင်ခွင်ထဲတွင် ပွေ့ချီခံထားရပြီး လူကြီးများ၏ တုံ့ပြန်မှုများမှတစ်ဆင့် သူမ အလွန်ဝေးကွာသော နေရာတစ်ခုသို့ သွားရတော့မည်ကို သိရှိသွားသည့်အလား မျက်နှာလေး နီရဲလာသည်အထိ ငိုကြွေးကာ ကလေးဆန်ပြီး အက်ကွဲနေသော အသံလေးဖြင့် "အဒေါ်" ဟု တစ်ခွန်းပြီးတစ်ခွန်း အော်ဟစ်နေခဲ့သည်။

သူမသည် မိခင်နှင့် မရီးဖြစ်သူတို့ကို ပိုမို ဝမ်းနည်းသွားစေမည်ကို စိုးရိမ်သဖြင့် မျက်ရည်များ ကျဆင်းလာသည်ကိုပင် အသံမထွက်စေဘဲ အနောက်သို့ တစ်ချက်မျှ ပြန်မကြည့်ရဲခဲ့ချေ။

သို့သော် မထင်မှတ်ထားဘဲ အဒေါ်နှင့် တူမ ပြန်လည်တွေ့ဆုံရချိန်သည် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်သော သုံးနှစ်အကြာမှသာ ဖြစ်လာလိမ့်မည်ဟု မတွေးမိခဲ့ပေ။

ဂူထဲမှ မည်သည့် တုံ့ပြန်မှုမျှ မပေးလာသေးချေ။

ဝိန်းယွီ၏ မျက်လုံးထဲတွင် စိုစွတ်မှုများ ပိုများလာပြီး ပူနွေးသော မျက်ရည်များက သူမ၏ မျက်လုံးထဲမှ ကျဆင်းလာကာ မြက်ခင်းစိမ်းစိမ်းပေါ်သို့ ကျရောက်သွားပြီးနောက် အက်ကွဲနေသော အသံဖြင့် ပြောလိုက်လေသည်။ "အားယင်းက အဒေါ့်ကို မလိုချင်တော့ဘူးလား"

ယန်ပေါင်လင်းသည် ကြည့်ရက်စရာ မရှိတော့သဖြင့် ဝိန်းယွီကို အရင်ထရန် တိုက်တွန်းလိုသော်လည်း ဖြူဖျော့ပြီး ပိန်လှီနေသော လက်သေးသေးလေး တစ်ဖက်က ကျောက်ဆောင်ဂူအတွင်းမှ ဖြည်းညင်းစွာ ထွက်လာပြီး ဂူပေါက်ဝတွင် တွဲကျနေသော သူမ၏ အဝတ်စတစ်ပိုင်းကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လာဆွဲကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် စကားပြောလိုက်၏။ "အဒေါ်... အဒေါ်... မငိုနဲ့..."

လူအားလုံးသည် မှင်သက်သွားကြသည်။

ဝိန်းယွီသည် ကျောက်ဆောင်ဂူအတွင်း ကွေးကွေးလေး ပုန်းနေပြီး အလွန် ကြောက်ရွံ့နေသည့်တိုင်အောင် သူမ၏ အဝတ်စကို လာဆွဲကာ သူမကို နှစ်သိမ့်ပေးရန် တုန်တုန်ယင်ယင်ဖြင့် လက်လှမ်းလာသော သူမ၏ တူမလေးကို ကြည့်ရင်း ရင်ဘတ်ထဲတွင် ဆွဲညစ်ခံလိုက်ရသလို ခံစားရကာ မျက်လုံးများကလည်း အလွန် ကျိန်းစပ်လာခဲ့သည်။

သူမက အားယင်းလေးဆီသို့ လက်လှမ်းကာ ပြောလိုက်လေသည်။ "အားယင်း... လာ... အဒေါ် ပွေ့ချီမယ်"

အားယင်းလေး၏ မျက်လုံးများတွင် အနည်းငယ် ထိတ်လန့်မှု ရှိနေသေးသော်လည်း နောက်ဆုံးတွင်တော့ ဂူထဲမှ ဖြည်းညင်းစွာ တွားသွားထွက်လာပြီး ဝိန်းယွီကို သူမအား ဖက်ထားခွင့် ပြုလိုက်၏။

ဝိန်းယွီသည် သူမ၏ ကိုယ်ပေါ်တွင် ကပ်ငြိနေသော မြက်ပင်များနှင့် ရွှံ့စေးများကို လုံးဝ ဂရုမစိုက်ဘဲ တူမလေးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဖက်ထားကာ မျက်လုံးများ နီရဲလျက် ပြောလိုက်၏။ "အားယင်း မကြောက်နဲ့တော့နော်။ နောက်ပိုင်း အဒေါ် ရှိနေပြီမို့ အဒေါ်က အားယင်းကို ဘယ်သူမှ ထပ်ပြီး အန္တရာယ်ပြုခွင့် ပေးတော့မှာ မဟုတ်ဘူး"

အားယင်းလေးသည် ပါးစပ်ကို အနည်းငယ် ဟလိုက်ရာ မျက်ရည်ကြီးများ တပေါက်ပေါက် ကျဆင်းလာသော်လည်း လည်ချောင်းထဲမှ မည်သည့်အသံမျှ ထွက်မလာခဲ့ချေ။

သူမသည် သည်လိုငိုကြွေးတတ်ခဲ့သည်မှာ ကြာမြင့်နေလေပြီ။

မှတ်ဉာဏ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်တစ်ခု ရှိနေပြီး ထိုအရိပ်က သူမကို အေးစက်စက်ဖြင့် သတိပေးထားခဲ့သည့်အလားပင်။ မင်းသာ အသံထွက်ပြီး ငိုလိုက်ရင် နောက်ပိုင်း မင်းအမေကို ထပ်တွေ့ရဖို့ မစဉ်းစားနဲ့တော့ ဟူ၍။

ဤရင်ခွင်က သူမ အချိန်အကြာကြီး ကင်းမဲ့နေခဲ့သော လုံခြုံမှုကို အပြည့်အဝ ပေးစွမ်းနိုင်ခဲ့သဖြင့် အားယင်းလေး၏ လည်ချောင်းထဲမှ အလွန်အက်ကွဲနေသော ရှိုက်ငိုသံကြီးများ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့ပြီး တစ်လုံးချင်းစီ ရှိုက်ကြီးတငင် ထွက်ကျလာတော့သည်။ "အဒေါ်... အဒေါ်... သမီး... မေမေ့ကို... လွမ်း... တယ်..."

...

အပိုင်း (၂၆၀.၂)

ဤစကားက ဝိန်းယွီ၏ ရင်ကို နောက်တစ်ကြိမ် နာကျင်သွားရပြန်သည်။ သူမ၏ မျက်လုံးထဲမှ မျက်ရည်များကို အားယင်းလေး မမြင်စေရန် ကျောကို ဖြည်းညင်းစွာ ပုတ်ပေးရင်း ပြောလိုက်လေသည်။ "အဒေါ်က သမီးရဲ့ မေမေ့ကို ရှာဖို့ လူတွေ အမြဲ လွှတ်ထားပါတယ်။ အားယင်းလေးက လိမ္မာရမယ်နော်၊ ထမင်းမှန်မှန်စား၊ အိပ်ရေးဝဝအိပ်၊ ဒါမှ မေမေ ပြန်လာရင် သမီးကို ကြည့်ပြီး ဝမ်းနည်းမှာ မဟုတ်ဘူး"

အားယင်းလေးသည် ရှိုက်ကြီးတငင် ငိုကြွေးနေရင်း ဆက်ပြောလိုက်၏။ "သမီး... မောင်... လေး..."

ဝိန်းယွီက မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"

စကားမပြောသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် အားယင်းလေးသည် ပုံမှန် စကားစုများကို သိပ်မပြောတတ်တော့ချေ။ သူမသည် ဝိန်းယွီ ဝင်လာခဲ့သော လမ်းကြောင်းကို လက်ညှိုးထိုးပြကာ အလောတကြီးနှင့် မျက်ရည်များ ရစ်သိုင်းလျက် ပြောလိုက်၏။ "အခန်း... ထဲ... မှာ၊ မောင်... လေး၊ သမီး... ရှာ... တွေ့... ပြီ..."

ဝိန်းယွီသည် ရုတ်တရက် တစ်ခုခုကို နားလည်သွားတော့၏။ အသက်သုံးနှစ်အရွယ်တွင် အားယင်းလေးသည် မှတ်ဉာဏ်ရှိနေပြီဖြစ်ကာ သူမတွင် အသက်တစ်နှစ်ကျော်အရွယ် မောင်လေးတစ်ယောက် ရှိကြောင်းကို မှတ်မိနေပြီး ဖေစုန့်၏ လက်အောက်ငယ်သားများက ပစ်ပေါက်သတ်ဖြတ်လိုက်သော ကျွင်းအာလေးဟု အားလီကို အထင်မှားနေခြင်းပင်။

ဝိန်းယွီ၏ ရင်ဘတ်ထဲတွင် ပိုမွန်းကျပ်နာကျင်လာပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်လေသည်။ "အဲ့ဒါ ကျွင်းအာလေး မဟုတ်ဘူး၊ ညီမလေးအားလီပါ။ နောက်ပိုင်းကျရင် ညီမလေးအားလီက အားယင်းနဲ့ အတူတူ ကြီးပြင်းလာမှာ"

အားယင်းလေးသည် မောင်လေးက ဘာကြောင့် ညီမလေး ဖြစ်သွားရသလဲဆိုတာကို သိပ်နားမလည်နိုင်သေးချေ။ သူမ မှတ်မိနေသည်က အရင်က မောင်လေးကလည်း အဲ့ဒီလောက်ပဲ ကြီးတယ်ဆိုတာကိုသာ။

မောင်လေး ပျောက်သွားပြီးတော့ မေမေက နေ့တိုင်း ငိုနေခဲ့တာ။ အခု မောင်လေးကို ရှာတွေ့သွားပြီဆိုတော့ မေမေ ပြန်လာရင် မငိုတော့ဘူးမလား။

သို့သော် ဝိန်းယွီက အဲ့ဒါ ညီမလေးဟု ပြောသဖြင့် သူမသည် မောင်လေး နှင့် ညီမလေး ဟူသော အခေါ်အဝေါ်နှစ်ခု၏ ကွာခြားချက်ကို နားမလည်သော်လည်း ခက်ခက်ခဲခဲဖြင့် လိုက်လံ ပြင်ဆင်ပြောဆိုလိုက်၏။ "ညီ... မ... လေး..."

ဝိန်းယွီသည် ပိုးပုဝါဖြင့် အားယင်းလေး၏ မျက်နှာပေါ်ရှိ အညစ်အကြေးများကို ဖြည်းဖြည်းချင်း သုတ်ပေးရင်း မျက်လုံးထဲတွင် မျက်ရည်များ ရစ်သိုင်းလျက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ "အင်း... အဲ့ဒါ သမီးရဲ့ ညီမလေးအားလီပါ"

အားယင်းလေးကို ဝိန်းယွီက သူမ၏ အဆောင်သို့ ခေါ်လာခဲ့လိုက်သည်။ ကိုယ်တိုင် ရေချိုး၊ ခေါင်းဖြီးပေးပြီးနောက် အားလီ၏ ဘေးဘက်အခန်းတွင် သွားသိပ်ပေးထားလိုက်သည်။

ညနက်ပိုင်းတွင် ရှောင်းလိ ပြန်လာသောအခါ ဝိန်းယွီက စားပွဲခုံနောက်တွင် မှတ်တမ်းစာလွှာများကို ကိုင်တွယ်ဖြေရှင်းနေသော်လည်း မျက်လုံးအောက်တွင် အနည်းငယ် နီရဲနေသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ အနားသို့ လျှောက်သွားပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ"

ဝိန်းယွီသည် နားထင်ကို ဖိနှိပ်ရင်း နေ့လယ်ပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အကျဉ်းချုံး ပြောပြလိုက်ပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်လေသည်။ "ချင်းယွင်ကိုယ်ရံတော်တွေက ယောက်မကို အမြဲ ရှာဖွေနေပေမယ့် အခုထိ ဘာသတင်းမှ မရသေးဘူး"

ရှောင်းလိက ပြောလိုက်၏။ "သတင်းမရတာပဲ သတင်းကောင်းပါပဲ"

ဝိန်းယွီ မှတ်ချက်ရေးပြီးသော မှတ်တမ်းစာလွှာများသည် စားပွဲခုံပေါ်တွင် အမြင့်ကြီး စုပုံနေပြီဖြစ်သည်ကို မြင်သောအခါ သူသည် သူမ၏ ဆံပင်များကို နမ်းရှိုက်လိုက်ပြီး ပြောလိုက်လေသည်။ "တော်တော် နောက်ကျနေပြီ။ မနက်ဖြန်မှ ဆက်လုပ်တော့"

ယနေ့ တာ့လျန်သို့ ပြန်ရောက်ပြီးနောက် များပြားလှသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခဲ့ရသဖြင့် ဝိန်းယွီသည် တကယ်ပင် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည်။ ထို့ကြောင့် သူမသည် စုတ်တံကို အလွယ်တကူ ချထားလိုက်သော်လည်း အင်္ကျီလက်ဖြင့် ဘေးဘက်ရှိ မလုပ်ရသေးသော မှတ်တမ်းစာလွှာအပုံကို မတော်တဆ တိုက်မိသွားရာ မှတ်တမ်းစာလွှာ တစ်စောင် ပြုတ်ကျကာ ပွင့်သွားလေသည်။

ဝိန်းယွီသည် ၎င်းကို ကောက်ယူလိုက်စဉ် အပေါ်ရှိ အကြောင်းအရာကို အမှတ်မထင် ကြည့်လိုက်မိပြီးနောက် သူမ၏ အကြည့်များသည် ရုတ်တရက် ရပ်တန့်သွား၏။

ရှောင်းလိလည်း သတိထားမိသွားပြီး လိုက်ကြည့်လိုက်သောအခါ သူ့မျက်မှောင်များ တွန့်ချိုးသွားခဲ့သည်။ "မင်းဆရာကြီးယွီက ရာထူးကနေ အနားယူတော့မလို့လား"

နောက်တစ်နေ့တွင် ဝိန်းယွီ၏ မြင်းလှည်းသည် မင်းဆရာကြီးယွီ၏ အိမ်တော်သို့ ရောက်ရှိလာချိန်တွင် အိမ်တော်တာဝန်ခံသည် အလွန် ထိတ်လန့်သွားပြီး ဝိန်းယွီကို အိမ်တော်အတွင်းသို့ အလျင်အမြန် ကြိုဆိုကာ မင်းဆရာကြီးယွီကို အကြောင်းကြားရန် လူလွှတ်လိုက်၏။

အလယ်ခြံဝင်းကို ဖြတ်သန်းသွားချိန်တွင် ဆေးရည်ပန်းကန်ကို ကိုင်ဆောင်လာသော အစေခံသည်လည်း ဘေးဘက်သို့ အလျင်အမြန် ဆုတ်ခွာကာ ခေါင်းငုံ့ အရိုအသေပေးလိုက်သည်။

ဝိန်းယွီသည် အစေခံ၏ လင်ပန်းထဲရှိ ဆေးရည်ကို သတိပြုမိသွားပြီး မေးလိုက်၏။ "မင်းဆရာကြီးက ဆေးသောက်နေတာ ဘယ်လောက်ကြာပြီလဲ"

အိမ်တော်တာဝန်ခံက ကြောက်ရွံ့ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။ "မင်းဆရာကြီးက ပြီးခဲ့တဲ့နှစ်ကတည်းက ကျန်းမာရေး မကောင်းပါဘူး။ ဆေးလည်း မပြတ်သောက်နေရပါတယ်။ လတ်တလောမှာ အအေးမိသွားလို့ ရောဂါလက္ခဏာတွေ ပိုဆိုးလာတာပါ..."

ဝိန်းယွီ၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွား၏။

မင်းဆရာကြီးယွီ နေထိုင်သော ခြံဝင်းသို့ ရောက်ရှိလာချိန်တွင် မင်းဆရာကြီးယွီသည် ဖျားနာနေသော ခန္ဓာကိုယ်ဖြင့် အဝတ်အစား လဲလှယ်ပြီးခါစ ဖြစ်သော်လည်း သူ့မျက်နှာတစ်ပြင်လုံးနှင့် နှုတ်ခမ်းအရောင်မှာ အနည်းငယ် ဖြူဖျော့နေလေသည်။ ဝိန်းယွီ ရောက်လာသည်ကို မြင်သောအခါ သူသည် အလျင်အမြန် မြေပြင်သို့ ဆင်းကာ အရိုအသေပေးရန် ပြင်လိုက်၏။ "ကျွန်တော်မျိုး... မင်းသမီးကို ဂါရဝပြုပါတယ်..."

"မင်းဆရာကြီး ကျန်းမာရေး မကောင်းဘူးဆိုတော့ အရိုအသေပေးဖို့ မလိုပါဘူး" ဝိန်းယွီသည် ဘေးဘက်ရှိ လူများကို မင်းဆရာကြီးယွီအား တွဲကူရန် အချက်ပြလိုက်ပြီး သူ့အား ကုတင်ပေါ်သို့ ပြန်လည် မှီလျောင်းစေကာ အနားယူခိုင်းလိုက်၏။ "ကျွန်မက မင်းဆရာကြီး ကျန်းမာရေး မကောင်းဘူးလို့ ကြားလို့ လာကြည့်တာပါ"

သူမသည် မင်းဆရာကြီးယွီ၏ ဆံပင်များ ဖြူဖွေးကာ အရိုးပေါ် အရေတင်နေသော ပုံစံကို အကဲခတ်ကြည့်ရင်း မျက်လွှာချကာ မျက်လုံးအောက်တွင် ဖြစ်ပေါ်လာသော အနည်းငယ် နီရဲမှုကို ဖုံးကွယ်ထားလိုက်ပြီး ပြောလိုက်လေသည်။ "ဒီနှစ်နှစ်အတွင်း မင်းဆရာကြီး တော်တော်လေး ပင်ပန်းခဲ့ရပြီပဲ"

မင်းဆရာကြီးယွီသည် ကုတင်ခေါင်းရင်းကို မှီလျက် ထိုင်နေရင်း လေတိုက်ခံရသဖြင့် ဆက်တိုက် ချောင်းဆိုးနေခဲ့သည်။ ခက်ခက်ခဲခဲ အသက်ရှူမှန်သွားပြီးနောက် လည်ချောင်းထဲတွင် အကြိမ်ကြိမ် ဆို့နင့်နေကာ ပြောလိုက်၏။ "ကျွန်တော်မျိုးက... အသုံးမကျတာပါ။ မင်းသမီးအတွက် ရှေ့ခရီးလမ်းကို ဆက်ပြီး ကြည့်မပေးနိုင်တော့ဘူး..."

အစေခံမလေး၏ လက်ထဲမှ ဆေးခွက်ကို ယူရန် ပြင်နေသော ဝိန်းယွီ၏ လှုပ်ရှားမှုသည် ရပ်တန့်သွားပြီး မျက်လုံးထဲတွင် စပ်ဖျဉ်းဖျဉ်း ခံစားချက်များ ပြည့်နှက်လာခဲ့သည်။

အတိတ်က ရှင်ဘုရင်နှင့် အမတ် နှစ်ဦး ဇီယန်တောင်ကြားလမ်း၏ မြို့ရိုးထက်သို့ အတူတကွ တက်ရောက်ခဲ့စဉ်က သူမက ပြောခဲ့သည်။ "ယွီက မင်းဆရာကြီး အသက်ရှည်ကျန်းမာဖို့ကို မျှော်လင့်ပါတယ်။ မင်းဆရာကြီးလို အမတ်ဟောင်းကြီးက ယွီအတွက် ရှေ့ခရီးလမ်းကို ကြည့်ပေးနေရင် ယွီ ရှေ့ဆက်လျှောက်ဖို့ မကြောက်တော့ဘူး"

ထိုအချိန်က မင်းဆရာကြီးယွီက ပြန်ဖြေခဲ့သည်။ "မင်းသမီး စိတ်ချလက်ချနဲ့ ရှေ့ကို ဆက်လျှောက်ပါ။ ကျွန်တော်မျိုး... မင်းသမီးအတွက် ကြည့်ပေးနေပါ့မယ်"

ယခုအချိန်တွင် မင်းဆရာကြီးယွီက ဤစကားကို ပြောဆိုခြင်းမှာ မည်သည့်အဓိပ္ပါယ်ကို ဆိုလိုကြောင်း ရှင်းပြနေစရာပင် မလိုတော့ချေ။

ဝိန်းယွီသည် ရင်ထဲတွင် ဖြစ်ပေါ်လာသော ခါးသီးနာကျင်မှုများကို အတင်းအကျပ် ဖိနှိပ်ထားကာ အစေခံမလေး ကမ်းပေးသော ဆေးခွက်ကို ယူလိုက်ပြီး ဇွန်းဖြင့် မွှေကာ ပြောလိုက်လေသည်။ "အသေးအဖွဲ ရောဂါလေးပါ၊ မင်းဆရာကြီး စိတ်အေးအေးထားပြီး အနားယူပါ။ ကျွန်မက လော့ယန်က နာမည်ကြီး သမားတော်တွေကို မင်းဆရာကြီးကို လာပြဖို့ အမိန့်ပေးထားပါတယ်။ လော့ယန်ကလည်း ပြန်လည် တည်ဆောက်နေဆဲမို့ မင်းဆရာကြီး ရောဂါပျောက်ကင်းသွားရင် လော့ယန်ကို ပြန်ဖို့က အတော်ပဲ ဖြစ်မှာပါ..."

မင်းဆရာကြီးယွီသည် ထိုစကားကို ကြားသောအခါ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသော်လည်း ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ "ကျွန်တော်မျိုးရဲ့ ကံကြမ္မာကို... ကျွန်တော်မျိုး... ကိုယ်တိုင် သိပါတယ်..."

သူ့မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး ပြုံးကာ ပြောလိုက်လေသည်။ "အရင်တုန်းက... ကျွန်တော်မျိုး ပြောခဲ့တယ်... တကယ်လို့ မင်းသမီးကို ကောင်းကောင်း မကူညီနိုင်ခဲ့ရင်၊ ဒီလောကကြီးကို မရယူပေးနိုင်ခဲ့ရင်၊ နောင်တစ်ချိန် သေမင်းနိုင်ငံကို ရောက်သွားတဲ့အခါ... လီလူကြီးမင်းရဲ့ လှောင်ပြောင်တာကို ခံရမှာ စိုးတယ်လို့လေ။ ဒါပေမယ့် အခု မင်းသမီးက သစ္စာဖောက်တွေကို နှိမ်နင်းနိုင်ခဲ့ပြီ၊ ပြီးတော့... ရှီးလင်ကို ငြိမ်းချမ်းစေခဲ့တယ်။ အဲ့ဒါအပြင်... လူရိုင်းမျိုးနွယ်စုတွေကို သိမ်းသွင်းနိုင်ခဲ့တာနဲ့ နန်ချန်ကို ပူးပေါင်းနိုင်ခဲ့တဲ့ အောင်ပွဲတွေပါ ရှိနေတော့ အတိတ်က ဧကရာဇ်တွေနဲ့ ယှဉ်ရင်တောင် အသာစီး ရနိုင်နေပါပြီ။ ကျွန်တော်မျိုးက... အင်အားနည်းပေမယ့် အောက်ကို ရောက်သွားရင်တော့ ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့မင်းသားနဲ့ လီလူကြီးမင်းတို့ကို ဝမ်းသာစကား ပြောနိုင်ပါပြီ..."

"မင်းဆရာကြီး..."

ဝိန်းယွီ၏ မျက်လုံးထဲရှိ ဝမ်းနည်းမှုများကို ထပ်မံ ဖုံးကွယ်၍ မရနိုင်တော့ချေ။ ဆေးခွက်ကို ကိုင်ထားသော လက်ချောင်းငါးချောင်းသည် တင်းကျပ်လွန်းသဖြင့် လက်ဆစ်များပင် ဖြူရော်သွားခဲ့သည်။ လည်ချောင်းထဲတွင် စကားလုံးများစွာ ဆို့နင့်နေသော်လည်း ထွက်ကျလာသည်မှာ တစ်ခွန်းတည်းသာ။ "တိုင်းပြည်က အခုမှ စတင် တည်ငြိမ်လာပြီး ပြန်လည် ထူထောင်စရာတွေ အများကြီး ရှိနေသေးတာမို့ ယွီ့မှာ မင်းဆရာကြီးရဲ့ အကူအညီ လိုအပ်တဲ့ နေရာတွေ အများကြီး ရှိပါသေးတယ်"

သူမသည် စာသင်ကျောင်းထဲတွင် ဂျီကျအကျွမ်းကျင်ဆုံးသော ကျောင်းသားတစ်ယောက်က မိမိစာမတတ်သေးဟု ပြောနေသရွေ့ ဆရာက ဆက်လက် သင်ကြားပေးလိမ့်မည်ဟု ထင်မှတ်နေသည့်အလားပင်။

မင်းဆရာကြီးယွီသည် ဝိန်းယွီကို ကြည့်ရင်း အိုမင်းနေသော မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ တစ်ထပ်ပြီးတစ်ထပ် တိုးလာကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "ကောလဲ့မြို့က အောင်ပွဲသတင်း မရောက်လာခင်တုန်းက ကျွန်တော်မျိုးလည်း ဒီအိုမင်းနေတဲ့ အရိုးစုကြီး တောင့်မခံနိုင်တော့မှာကို စိုးရိမ်ခဲ့တယ်... မင်းသမီးရဲ့ ကြီးလေးတဲ့ တာဝန်ကို မထမ်းဆောင်နိုင်တော့ဘဲ ဆက်ခံသူ သခင်မလေးကို တိုင်းပြည်အုပ်ချုပ်ဖို့ မကူညီနိုင်တော့မှာကိုလေ။ ကံကောင်းထောက်မစွာနဲ့ မင်းသမီးအတွက် ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် သင့်တော်တဲ့သူ တစ်ယောက်ကို ကျွန်တော်မျိုး ရှာတွေ့ခဲ့ပါတယ်..."

....

ရက်အနည်းငယ် ကြာပြီးနောက် ကျန်းဟွိုင်သည် မင်းဆရာကြီးယွီ၏ ဖိတ်ကြားချက်အရ မြို့ပြင်သို့ ပြည်သူများ၏ နွေဦးရာသီ စိုက်ပျိုးရေး လုပ်ငန်းခွင်ကို ကြည့်ရှုရန် အတူတကွ သွားရောက်သောအခါ အလွန် အံ့အားသင့်သွားခဲ့သည်။

မကြာမီကမှ မိုးကြီး ရွာသွန်းထားသဖြင့် လမ်းပေါ်ရှိ မြေကြီးများသည် အနည်းငယ် စိုစွတ်နေပြီး မြင်းလှည်း ဖြတ်သွားသောအခါ အနည်းငယ် ဆောင့်နေလေသည်။ လမ်းဘေးရှိ မြက်ခင်းများသည် စိမ်းလန်းစိုပြည်နေပြီး လယ်ကွင်းများအတွင်းတွင် နွေဦးရာသီ စိုက်ပျိုးရေးအတွက် အလုပ်များနေကြသော လယ်သမားများ ရှိနေကြသည်။

မြင်းလှည်း ရပ်တန့်သွားသောအခါ အစေခံက ခန်းဆီးကို ပင့်တင်ပေးလိုက်ပြီး ကျန်းဟွိုင်က မြင်းလှည်းပေါ်မှ အရင် ဆင်းကာ အထဲရှိ မင်းဆရာကြီးယွီကို လှမ်းတွဲပေးလိုက်သည်။

မင်းဆရာကြီးယွီသည် လက်တစ်ဖက်က တုတ်ကောက်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ကို ကျန်းဟွိုင်က တွဲထားပေးသော်လည်း ခွေးခြေခုံပေါ်သို့ နင်းလိုက်ချိန်တွင် ခြေထောက်က အနည်းငယ် တုန်ယင်နေဆဲပင်။

ကျန်းဟွိုင်သည် အရာအားလုံးကို မျက်စိဖြင့် မြင်တွေ့နေရသော်လည်း မင်းဆရာကြီးယွီ၏ ပြင်းထန်သော ရောဂါအခြေအနေကို တစ်ခွန်းမျှ မဟခဲ့ချေ။ မင်းဆရာကြီးယွီ တုတ်ကောက်ကို ကိုင်ကာ ခိုင်ခိုင်မတ်မတ် ရပ်နိုင်သွားသောအခါမှသာ ပြောလိုက်၏။ "မနေ့ညက နွေဦးမိုး တစ်ကြိမ် ရွာပြီးသွားတော့ ဒီနေ့ ရာသီဥတုက တကယ် ကောင်းပါတယ်။ မင်းဆရာကြီးက မြို့ပြင်ထွက်ပြီး နွေဦးစိုက်ပျိုးရေးကို ကြည့်ချင်တဲ့ စိတ်ကူး ရှိတာက တကယ်ကို ရှားပါးလှပါတယ်"

မင်းဆရာကြီးယွီသည် လယ်ကွင်းများအတွင်းရှိ စိမ်းလန်းစိုပြည်မှုများကို မျက်လုံးကျဉ်းကာ ကြည့်ရင်း တုတ်ကောက်ကို အားပြုလျက် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားကာ ရေရွတ်လိုက်လေသည်။ "ဒီနှစ်တော့ အနောက်ဘက်လယ်ကွင်းတွေမှာ ရေတွေ အပြည့်ပဲ၊ ရွာသားတွေ အားလုံးက ဆောင်းဦးကျရင် ရိတ်သိမ်းချိန် ကောင်းမယ်လို့ ခန့်မှန်းနေကြတယ်..."

ကျန်းဟွိုင်သည် မင်းဆရာကြီးယွီ၏ နောက်မှ လိုက်ပါလာပြီး နောက်ထပ် ကဗျာတစ်ကြောင်းကို ဆက်ဆိုလိုက်၏။ "ထွန်ယက်ချိန်ကို အချိန်မီ လိုက်နိုင်ဖို့သာ အရေးကြီးတယ်၊ လက်ဖက်ရည်ထုပ်ပြီး မုန့်ဝယ်ကာ နွားငှားဖို့ သွားရမယ်"

မင်းဆရာကြီးယွီသည် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး အလွန် ဝမ်းသာနေပုံရသည်။

သူသည် တုတ်ကောက်ကို ကိုင်ကာ ရှေ့သို့ တုန်တုန်ယင်ယင်ဖြင့် ဆက်လက် လျှောက်သွားပြီး ကျန်းဟွိုင်က ခြေလှမ်းတစ်ဝက်ခန့် နောက်ကျလျက် သူ့နောက်မှ လိုက်ပါသွားကာ အစေခံအချို့ကမူ အနည်းငယ် ပိုဝေးသည့် ဝေးကွာသော နေရာမှ လိုက်ပါလာကြသည်။

သူတို့နှစ်ဦးသည် လမ်းသွယ်လေးတစ်ခုမှတစ်ဆင့် လယ်ကန်သင်းပေါ်သို့ ဆင်းသွားကြ၏။

ဖိန်ကျိုး၏ နွေဦးရာသီသည် စောစီးစွာ ရောက်ရှိလာသဖြင့် ၃လပိုင်း အစောပိုင်းတွင် စိုက်ပျိုးထားသော စပါးပင်များသည် အလွန် ကြီးထွားလာပြီ ဖြစ်သည်။

မင်းဆရာကြီးယွီသည် ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "အရင်တုန်းက ဧကရာဇ်မင်းမြတ် ဖုန်းယန်မှာ ရှိနေစဉ်ကတည်းက နွေဦးရာသီ စိုက်ပျိုးရေးကို အရမ်း အလေးထားခဲ့တာပါ။ နှစ်စဉ် ဒီလိုအချိန်ရောက်တိုင်း ရှီဇီနဲ့ မင်းသမီးကို ခေါ်ပြီး စိုက်ခင်းတွေထဲမှာ ကိုယ်တိုင်ကိုယ်ကျ စပါးစိုက်လေ့ ရှိတယ်။ လယ်ယာလုပ်ငန်းက တိုင်းပြည်ရဲ့ စားဝတ်နေရေးနဲ့ သက်ဆိုင်နေတာပဲ..."

ကျန်းဟွိုင်သည် နားထောင်နေသော်လည်း ဝင်ရောက်မပြောဆိုခဲ့ချေ။

အဝေးရှိ စပါးခင်းများထဲတွင် အင်္ကျီချွတ်ကာ စပါးစိုက်နေသော ယောကျ်ားများ ရှိသကဲ့သို့ ကလေးငယ်များကို ကျောပိုးကာ အလုပ်လုပ်နေသော အမျိုးသမီးများလည်း ရှိပြီး အရွယ်ရောက်ခါစ ကလေးများပင် လယ်ကွင်းထဲတွင် ကူညီပေးနေကြသည်။

မင်းဆရာကြီးယွီ၏ မျက်လုံးထဲတွင် အနည်းငယ် စိုစွတ်မှုများ ဖြစ်ပေါ်လာပြီး ပြောလိုက်လေသည်။ "လွန်ခဲ့တဲ့ နှစ်နှစ်က စစ်ပွဲတွေ နေရာတိုင်းမှာ ဖြစ်ပွားခဲ့လို့ ပြည်သူတွေက နေရာအနှံ့ ထွက်ပြေးပုန်းရှောင်ခဲ့ကြရတယ်။ လယ်မြေတွေကလည်း လူသူကင်းမဲ့ပြီး ဆောင်းဦးရောက်တော့ ရိတ်သိမ်းစရာ ဘာမှ မရှိတော့ဘူး။ ပုန်ကန်တဲ့ စစ်တပ်တွေ ဖြတ်သွားရင်လည်း အကုန်လုံး လုယက်သွားကြတယ်။ တောင်ဘက်ကို ထွက်ပြေးတဲ့ လမ်းခရီးမှာ ပြည်သူတွေ ငတ်မွတ်သေဆုံးမှုတွေ အများကြီး ရှိခဲ့တယ်..."

"အသက်ရှင်လျက် တခြားမြို့တွေကို ရောက်သွားသူတွေကလည်း မြို့ပြင်မှာတင် ငြင်းပယ်ခံရပြန်တယ်။ တခြားအကြောင်းကြောင့် မဟုတ်ဘူး၊ မြို့ထဲက စပါးကျီတွေက ဟာလာဟင်းလင်း ဖြစ်နေပြီး ဒီလောက်များပြားတဲ့ ဒုက္ခသည်တွေကို မကျွေးမွေးနိုင်လို့ပဲ... အဲ့ဒါကြောင့်မို့ တောကြိုတောင်ကြားထဲ ဝင်ပြီး ဓားပြဖြစ်သွားသူတွေလည်း ရှိတယ်၊ ပုန်ကန်ထကြွတဲ့သူတွေလည်း ရှိတယ်။ အရင်တုန်းက ပုန်ကန်တဲ့ စစ်တပ်တွေရဲ့ လုယက်မှုကို ခံခဲ့ရတဲ့ ပြည်သူတွေကလည်း မြို့တွင်းက ပြည်သူတွေကို သတ်ဖြတ်လုယက်တဲ့ ဓားပြတွေ ဖြစ်ကုန်ကြတာပဲ..."

နောက်ဆုံးပိုင်းသို့ ရောက်သောအခါ မင်းဆရာကြီးယွီသည် သက်ပြင်းချရင်း မျက်လုံးထဲတွင် မျက်ရည်များ ရစ်သိုင်းလာခဲ့သည်။ "စစ်ပွဲက သုံးနှစ်တိုင်တိုင် ကြာခဲ့ပြီး အိမ်ထောင်စု ဆယ်စုမှာ ကိုးစုလောက်က သုံးနှစ်လုံးလုံး ဘာမှ မရှိတော့ဘူး။ ယောကျ်ားသား ဘယ်လောက်တောင် သေဆုံးသွားခဲ့လဲ မသိဘူး။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်တုန်းက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတာက မိန်းမတွေနဲ့ ကလေးတွေချည်းပဲ..."

သူသည် လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော အရိပ်များကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။ "တူလေး... အခုရရှိလာတဲ့ ဒီငြိမ်းချမ်းရေးက လွယ်လွယ်နဲ့ ရလာတာ မဟုတ်ဘူးနော်..."

ကျန်းဟွိုင်က ပြောလိုက်၏။ "ဟွိုင် နားလည်ပါတယ်"

မင်းဆရာကြီးယွီသည် သူ့ရှေ့ရှိ သပ်ရပ်ပြီး ယဉ်ကျေးသိမ်မွေ့သော လူငယ်လေးကို လှည့်ကြည့်လိုက်သည်။

လယ်ကွင်းထဲတွင် လေတိုက်ခတ်လာသောအခါ စပါးပင်များသည် လှိုင်းလုံးများကဲ့သို့ လှုပ်ခတ်သွားပြီး သူ၏ အင်္ကျီလက်ကျယ် အစိမ်းရောင် ဝတ်စုံနှင့် အရောင်တူညီနေသကဲ့သို့ ဖြစ်နေသည်။

ကျန်းဟွိုင်က အဝေးကို ကြည့်ရင်း ပြောလိုက်၏။ "မင်းဆရာကြီးကို ဖုံးကွယ်မထားပါဘူး။ လာတဲ့လမ်းတစ်လျှောက်မှာ ဟွိုင် တွေးနေမိတာက မင်းဆရာကြီးရဲ့ ဒီခရီးစဉ်က မင်းသမီးအတွက် ပြောပေးဖို့ဆိုရင် ဟွိုင့်မှာ မင်းဆရာကြီးနဲ့ ယှဉ်ပြိုင်ငြင်းခုံဖို့ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် မင်းဆရာကြီးက ပြောပေးတာက မင်းသမီးအတွက် မဟုတ်ဘဲ တစ်လောကလုံးက ပြည်သူတွေအတွက် ဖြစ်နေတော့ ဟွိုင် စကားတစ်ခွန်းမှ မပြောရသေးခင်မှာပဲ လုံးဝ ရှုံးနိမ့်သွားပါပြီ"

မင်းဆရာကြီးယွီ၏ မျက်လုံးထဲတွင် ဘဝအတွေ့အကြုံများနှင့် ဝမ်းနည်းမှုများ ရောယှက်နေသည်။ "တာ့လျန်ရဲ့... ပြည်သူတွေရဲ့ ဘဝက အရမ်း ခက်ခဲပါတယ်။ အရင်က အောဝ်အဖွဲ့က နိုင်ငံရေးကို ဖျက်ဆီးခဲ့တယ်။ နောက်တော့ ဖေစုန့်က ပုန်ကန်ခဲ့တယ်။ တိုင်းပြည်က နှစ်ပေါင်းများစွာ ပြိုကွဲပျက်စီးခဲ့ရပြီး နောက်ဆုံးမှာတော့ လူမျိုးခြားတွေရဲ့ ကျူးကျော်မှုကိုတောင် ဖိတ်ခေါ်မိသလို ဖြစ်သွားတယ်။ စစ်တပ်အင်အား တစ်သိန်းခွဲရဲ့ ဖိအားအောက်မှာ မင်းသမီးနဲ့ ရှောင်းနယ်စားက တစ်လောကလုံးက ပြည်သူတွေအတွက် အသက်စွန့်ပြီး ရန်သူကို ခုခံကာကွယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလို ခေါင်းဆောင်နှစ်ယောက်ကို ရရှိခဲ့တာက မင်းနဲ့ ငါလို အမတ်တွေရဲ့ ကံကောင်းမှုဖြစ်သလို၊ တစ်လောကလုံးက ပြည်သူတွေရဲ့ ကံကောင်းမှုလည်း ဖြစ်ပါတယ်!"

"ဒါက သောင်းချီတဲ့ မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေးကို ဖန်တီးပေးရမယ့် အချိန်အခါပါပဲ။ ဒီအဘိုးကြီးနဲ့ တူလေးက... ရင်းနှီးမှု သိပ်မရှိပေမယ့် ရင်ဖွင့်စကား ပြောရမယ်ဆိုရင် ဒီနေ့တော့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ”

"တူလေးက အသက်ငယ်သေးပေမယ့် လုပ်ရပ်တွေက အရမ်းကို ပြတ်သားပြီး ရင့်ကျက်ပါတယ်။ အရင်က နောက်ဆုံး ရန်သူကို ခုခံဖို့အတွက် မျှော်စင်ကို အလျင်အမြန် တည်ဆောက်ခဲ့တဲ့ ကိစ္စကို မင်းသမီး သိသွားတော့ အရမ်း ချီးကျူးခဲ့ပါတယ်။ ဒီအဘိုးကြီးက... သက်တမ်းမရှည်တော့ဘူးဆိုတာ ကိုယ်တိုင် သိနေပါတယ်။ အစိုးရသစ်အတွက် ဘာမှ မကူညီပေးနိုင်တော့ဘူး။ ီအဘိုးကြီး ထွက်သွားပြီးတဲ့နောက် ဒီနန်းတွင်းရဲ့ တာဝန်ကို တူလေးက လက်ခံချင်ပါသလား"

ကျန်းဟွိုင်သည် တိတ်ဆိတ်သွားခဲ့သည်။ သူကိုယ်သူ အမြဲတမ်း ရှင်းလင်းပြတ်သားသူဟု ယူဆထားပြီး ဤလောက၏ အေးစက်မှုများကို အကုန်အစင် မြင်တွေ့ခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်တွင် သူ့ရင်ထဲတွင် အမည်မသိသော ခံစားချက်တစ်မျိုး ပေါ်ပေါက်လာခဲ့သည်။

ချန်နိုင်ငံသည် တာ့လျန်နှင့် ပူးပေါင်းရန် သဘောတူပြီး နယ်စပ်အတွင်းသို့ ပြောင်းရွှေ့လာခဲ့သည်။ တရားမျှတမှုကို ပြသရန်အတွက် လက်ဝဲနှင့် လက်ယာ အမတ်ချုပ်ရာထူးများအနက် ချန်နိုင်ငံက တစ်နေရာ ရရှိမည်မှာ သေချာသည်။

ကျန်ရှိနေသော အမတ်ချုပ်ရာထူးကိုမူ တာ့လျန်၏ အမတ်ဟောင်းကသာ ထမ်းဆောင်သင့်သည်။

သို့သော် ယခု မင်းဆရာကြီးယွီက သူ့ကို ထိုရာထူးအတွက် အဆိုပြုလာခြင်းမှာ နောက်ထပ် တရားမျှတမှု တစ်ခုကို မြောက်ပိုင်းအား ပေးအပ်လိုက်ခြင်းပင်။

၎င်း၏ ရည်ရွယ်ချက်ကို လေ့လာကြည့်ပါက တောင်နှင့်မြောက် ပေါင်းစည်းရေးကို အပြီးတိုင် အောင်မြင်စေရန်အတွက်သာ။

ရုတ်တရက် သူသည် စုန့်ချင်က မြင်းစီးတပ်များကို ခေါ်ဆောင်ကာ ကောလဲ့မြို့သို့ အလျင်အမြန် သွားရောက်ခဲ့သည့် ကိစ္စကို ပြန်လည် သတိရမိလိုက်သည်။ လျန်စစ်တပ်က ရှီးလင်ကို တိုက်ခိုက်မှု အဆုံးသတ်ခါနီးဖြစ်သော်လည်း ဝိန်းယွီက စုန့်ချင်ကို စစ်တပ်ခေါ်ဆောင်ကာ သွားရောက်ကူညီစေခဲ့သည်။

မြောက်ပိုင်းစစ်တပ်သည် လမ်းတစ်လျှောက်လုံး အလျင်အမြန် ချီတက်လာသဖြင့် ပင်ပန်းဆင်းရဲခဲ့သော်လည်း နောက်ဆုံးတွင် စစ်ပွဲတစ်ပွဲကိုမှ အမီမလိုက်နိုင်ခဲ့ချေ။ စစ်ရေးစွမ်းဆောင်မှု မရှိခြင်းမှာ စစ်ရေးစွမ်းဆောင်မှု မရှိခြင်းပင် ဖြစ်သည်။

ကျန်းဟွိုင်က တွေးကြည့်မိသည်။ တကယ်လို့ အဲ့ဒီအချိန်တုန်းက စစ်ရေးအခြေအနေကို ထိန်းချုပ်ထားတာက ရှောင်းစစ်စခန်းသာဆိုရင် လျန်စစ်စခန်းကို အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းလေးတောင် ထပ်ပြီး ခွဲဝေပေးမှာ လုံးဝ မဟုတ်ဘူး။

ရှီးလင်ကို ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းသည် မည်မျှကြီးမားသော အောင်မြင်မှုဖြစ်သနည်း။

အကယ်၍ တစ်ဦးတည်းကသာ ထိုအောင်မြင်မှုကို ရယူနိုင်ခဲ့ပါက နောင်တစ်ချိန် တောင်နှင့်မြောက် အားပြိုင်မှုတွင် ကြီးမားသော အသာစီးကို ရရှိမည်ဖြစ်သည်။

သို့သော် ဝိန်းယွီက ထိုသို့ မလုပ်ခဲ့ချေ။

သူမ မြင်တွေ့ခဲ့သည်မှာ မြောက်ပိုင်းစစ်တပ်သည် ထိုနေရာသို့ သွားရောက်ခြင်းက သေလမ်းမှန်း သိပါလျက်နှင့်တောင်မှ ကူညီရန် လီပေါင်းထောင်ချီ ခရီးနှင်လာခဲ့ခြင်းကိုသာ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို စွမ်းဆောင်မှု ရယူရန် အခွင့်အရေး ပေးအပ်ရန် ဝန်မလေးခဲ့ပေ။

ကျန်းဟွိုင်သည် ယခင်က ထင်ကြေးပေးခဲ့ဖူးသည်။ ဝိန်းယွီသည် ထိုအချိန်က တောင်နှင့်မြောက် ပေါင်းစည်းနိုင်စေရန်အတွက် ကြီးမားသော လောင်းကစားတစ်ရပ်ကို ပြုလုပ်နေခြင်း ဖြစ်နိုင်သော်လည်း ဤလုပ်ရပ်သည် အလွန် မိုက်မဲလှသည်ဟူ၍။

တောင်နှင့်မြောက်ကို ယှဉ်ပြိုင်နိုင်စေမည့် အောင်မြင်မှုတစ်ခုကို အသုံးပြု၍ လူသားများ၏ စိတ်နှလုံးကို လောင်းကစားပြုလုပ်ခြင်းက မိုက်မဲခြင်းမဟုတ်လျှင် ဘာဖြစ်နိုင်ပါဦးမည်နည်း။

...

အပိုင်း (၂၆၀.၃)

သို့သော် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှက ထိုကဲ့သို့ ကြင်နာတတ်သော လုပ်ရပ်များသည် လူသားတို့၏ စိတ်နှလုံးကို အမှန်တကယ် အနိုင်ယူနိုင်ကြောင်း သူ့ကို သက်သေပြခဲ့သည်။

ယခုအခါ စစ်တပ်အတွင်းတွင် နယ်မြေနှစ်ခု ပေါင်းစည်းတော့မည်ဟူသော ကောလာဟလများ ပြန့်နှံ့နေသော်လည်း စစ်သည်များသည် ငြင်းပယ်ခြင်း မရှိကြဘဲ ရှောင်းလိ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

အခြားအကြောင်းကြောင့် မဟုတ်ပေ။ တောင်နှင့်မြောက် ပေါင်းစည်းရေး ကိစ္စ အရိပ်အယောင်မျှ မရှိသေးခင်ကတည်းက ဝိန်းယွီသည် သူတို့အပေါ်တွင် တောင်နှင့်မြောက် ခွဲခြားမှု လုံးဝမရှိဘဲ အလွန် တရားမျှတစွာ ဆက်ဆံခဲ့သောကြောင့် ဖြစ်သည်။

မြောက်ပိုင်းတွင် လက်ရှိ ကျန်ရှိနေသော စစ်တပ်သည် ရှောင်းလိ ကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စစ်သည်များသည် ချမ်းသာကြွယ်ဝမှုကို ရှာဖွေရုံသာမက ဤလောကကြီးတွင် တရားမျှတမှု တစ်ခုကိုလည်း လိုလားကြသည်။

ကျန်းဟွိုင်သည် ရှောင်းစစ်စခန်းတွင် အရေးပါသော ရာထူးတစ်ခုကို ရယူထားသော်လည်း အောက်ခြေရှိ စစ်သည်များကမူ ရှောင်းလိကိုသာ ယုံကြည်ကိုးစားကြသည်။

အထက်တန်းလွှာ မိသားစုများက ကိုယ်ကျိုးအတွက်သာ ကြံစည်နေကြချိန်တွင် ရှောင်းလိသည် ထိုသာမန် ပြည်သူလူထုထဲမှ ပေါ်ထွက်လာသော စစ်သည်များကို အပြည့်အဝ တရားမျှတမှု ပေးခဲ့သည့် ပထမဆုံးသူ ဖြစ်သည်။

ယခု ဝိန်းယွီကလည်း ထိုသို့ လုပ်ဆောင်နိုင်ခဲ့သည်။

ထို့ကြောင့် ရှောင်းလိ၏ နောက်ဆုံး ဆုံးဖြတ်ချက်သည် သူတို့၏ ဆုံးဖြတ်ချက်ပင် ဖြစ်လာတော့သည်။

ယခုအချိန်အထိ ရောက်ရှိလာပြီဖြစ်ရာ မြောက်ပိုင်းစစ်တပ်ကို ရှီးလင် နှိမ်နင်းရာတွင် ပါဝင်ခွင့်ပြုကာ အောင်မြင်မှု ရယူစေခြင်းသည် ဝိန်းယွီ၏ ကြင်နာမှုလား သို့မဟုတ် သူမ၏ ဗျူဟာလားဆိုသည်ကို ကျန်းဟွိုင် ခွဲခြားမသိနိုင်တော့ချေ။

သို့သော် ပထမတစ်ခုဖြစ်စေ၊ ဒုတိယတစ်ခုဖြစ်စေ အရေးမကြီးတော့ပေ။

ကြင်နာမှုပဲဖြစ်ဖြစ်၊ ဗျူဟာပဲဖြစ်ဖြစ် ဧကရာဇ်တစ်ပါး၏ အုပ်ချုပ်မှု စွမ်းရည်တွင် ထိုအရာများထဲမှ တစ်ခုခု ရှိနေလျှင်ပင် ကြီးကျယ်ခမ်းနားသော ခေတ်တစ်ခေတ်ကို ဖန်တီးရန် လုံလောက်လေသည်။

သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ လျန်စစ်စခန်းသည် နန်ချန်ကို ပူးပေါင်းကာ ရှောင်းစစ်စခန်းထက် အသာစီးရနေပြီဖြစ်ပြီး မကြာမီအချိန်အတွင်း တောင်နှင့်မြောက် ပေါင်းစည်းတော့မည့် အခြေအနေမျိုးတွင် လျန်စစ်စခန်း၏ အရေးပါသော အမတ်တစ်ဦးဖြစ်သူ မင်းဆရာကြီးယွီက သူ့ကို နန်းတွင်း၏ မြင့်မားသော ရာထူးတစ်ခုသို့ တက်လှမ်းရန် ကြိုးစား ကမ်းလှမ်းနေလေသည်။

သူက တွေးကြည့်မိသည်။ တကယ်လို့ ဒါက ဟန်ဆောင်လုပ်ပြနေတာ ဆိုရင်တောင် လျန်စစ်စခန်းဘက်က နည်းနည်း လွန်မနေဘူးလား။

မင်းဆရာကြီးယွီသည် သူ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဝမ်းနည်းစွာဖြင့် ခေါ်လိုက်၏။ "တူလေး..."

ကျန်းဟွိုင်သည် အကျင့်ပါနေသော အနည်းငယ် သရော်လှောင်ပြောင်သည့် အပြုံးမျိုး ပြုံးရန် ပြင်လိုက်သည်။ "မင်းဆရာကြီးက ဒီလောက်အထိ တောင်းဆိုနေတာ ဟန့်ယန်မင်းသမီးက သဘောတူပါ့မလား"

မင်းဆရာကြီးယွီ၏ ဆက်ပြောလိုက်သော စကားက ကျန်းဟွိုင်၏ နှုတ်ခမ်းထောင့်ရှိ အပြုံးကို လုံးဝ ပျောက်ကွယ်သွားစေခဲ့သည်။

"ဒီအဘိုးကြီး ဒီကို မလာခင်ကတည်းက မင်းသမီးကို ခွင့်တောင်းပြီးပါပြီ။ ဒါ မင်းသမီးရဲ့ ဆန္ဒပါပဲ"

ကျန်းဟွိုင်သည် သူ့ဦးနှောက်ထဲတွင် ကြာပွတ်ဖြင့် အပြင်းအထန် အရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ အသိစိတ်က ရှင်းလင်းနေဆဲ ဖြစ်သော်လည်း ရုတ်တရက် အလွန်တရာ အံ့အားသင့်ကာ မှင်သက်သွားမိသည်။

ဒီဝိန်းမိသားစုရဲ့ မင်းသမီးက တကယ်ပဲ လက်ဝဲနဲ့ လက်ယာ အမတ်ချုပ် ရာထူးနှစ်ခုလုံးကို သူ့ရဲ့ လူယုံတွေ မဟုတ်တဲ့သူတွေကို ပေးရဲတယ်ပေါ့လေ။

"ဒီတာဝန်ကို တူလေး လက်ခံချင်ပါသလား"

မင်းဆရာကြီးယွီက နောက်တစ်ကြိမ် ထပ်မံ မေးမြန်းလိုက်ချိန်တွင် ကျန်းဟွိုင်က ပြန်ဖြေလိုက်လေသည်။ "မင်းဆရာကြီးနဲ့ မင်းသမီးက လူမှားယုံမိမှာကို မကြောက်ဘူးလား"

မင်းဆရာကြီးယွီသည် သူ့ကို စူးစိုက်ကြည့်ရင်း ပြောလိုက်၏။ "မင်းသမီးက ရှောင်းနယ်စားမင်းကို ယုံကြည်သလို အဘိုးကြီးကလည်း တူလေးကို ယုံကြည်ပါတယ်"

'ယုံကြည်ပါတယ်' ဟူသော စကားတစ်ခွန်းက ကျန်းဟွိုင်၏ မျက်လုံးထဲတွင် ရုတ်တရက် စပ်ဖျဉ်းဖျဉ်း ခံစားရစေခဲ့သည်။

ဒီစကားသုံးခွန်းက ဘယ်လောက်တောင် အလေးချိန် ရှိလိုက်သလဲ။

နောက်ဆုံးတွင် သူသည် မင်းဆရာကြီးယွီကို အလေးအနက် အရိုအသေပေးလိုက်လေသည်။ "ဟွိုင်... အစွမ်းကုန် ကြိုးစားပြီး သေတဲ့အထိ တာဝန်ထမ်းဆောင်သွားပါ့မယ်။ မင်းဆရာကြီးနဲ့ မင်းသမီးရဲ့ ယုံကြည်မှုကို လုံးဝ အလဟဿ မဖြစ်စေရပါဘူး"

မင်းဆရာကြီးယွီသည် ကျန်းဟွိုင်ကို တွဲထူပေးလိုက်ပြီး ဆန္ဒတစ်ခု ပြည့်ဝသွားသကဲ့သို့ စိတ်အေးသက်သာစွာဖြင့် ပြုံးလိုက်၏။

လေတိုက်သောအခါ စပါးခင်းများသည် စိမ်းလန်းသော လှိုင်းလုံးများအဖြစ် လှုပ်ခတ်သွားလေသည်။

သူသည် အဝေးရှိ လယ်ကွင်းများကို ကြည့်ကာ ပြောလိုက်လေသည်။ "ဒီနှစ်တော့ အထွက်နှုန်းကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ဖို့ မျှော်လင့်ရတာပဲ"

ဝိန်းယွီသည် မင်းဆရာကြီးယွီ၏ မှတ်တမ်းစာလွှာကို နောက်တစ်ကြိမ် ထပ်မံ လက်ခံရရှိချိန်တွင် တဒင်္ဂမျှ မှင်သက်သွားပြီးနောက် မျက်လုံးထဲတွင် စပ်ဖျဉ်းဖျဉ်း ခံစားချက်က တဖြည်းဖြည်း ပြည့်နှက်လာခဲ့သည်။

ရှောင်းလိက ဆေးလာပို့ရင်း ထိုအခြေအနေကို မြင်သောအခါ သူမ ဝမ်းနည်းနေသည်ကို သိရှိသဖြင့် တမင်သက်သက် စကားလမ်းကြောင်း လွှဲလိုက်၏။ "ချန်နယ်မြေကို ချန်ဝေနဲ့ မုယိုလျန်တို့ကို စီမံခန့်ခွဲဖို့ ပေးလိုက်ပြီ။ လက်ဝဲနဲ့ လက်ယာ အမတ်ချုပ်တွေကိုလည်း ရွေးချယ်ပြီးပြီ။ ကျားချောက်တောင်ကြားနဲ့ ပိုင်ယန်ဂိတ်ကို စောင့်ကြပ်မယ့် စစ်သူကြီးတွေအတွက်ကော ဘယ်သူ့ကို ရွေးထားလဲ"

ဝိန်းယွီက ပြောလိုက်၏။ "ယန်ရှော့က အရင်တုန်းက ဖေစုန့်ကို ဂိတ်ပြင်ကို ခိုးထွက်ခွင့်ပေးခဲ့လို့ ကြီးမားတဲ့ ဘေးဒုက္ခကြီး ဖြစ်လုနီးပါး ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ ရှီးလင်တွေ ဂိတ်ထဲ ဝင်မလာနိုင်အောင် တားဆီးဖို့ သူ့ရဲ့ မိသားစု တစ်ခုလုံးရဲ့ အသက်ကို ပေးဆပ်ခဲ့တယ်။ သူ နယ်စပ်ကို နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့ပြီး ရန်သူတွေကို အကြိမ်ကြိမ် နှိမ်နင်းနိုင်ခဲ့တာကို ထောက်ထားပြီး လော့ယန် ကျသွားတဲ့အချိန်တုန်းကလည်း အနောက်ဘက် နယ်စပ်ကို ပြဿနာမဖြစ်အောင် သူပဲ ထိန်းသိမ်းထားခဲ့တာဆိုတော့ အပြစ်ထက် အကျိုးဆောင်မှုက ပိုများပါတယ်။ သူ့ကို ဘွဲ့ထူး ဂုဏ်ထူးတွေ ပြန်လည် ချီးမြှင့်သင့်တယ်။ သူ့ဇနီးကလည်း သစ္စာရှိပြီး သတ္တိရှိတဲ့အတွက် သီးသန့် ဘွဲ့ထူး ချီးမြှင့်သင့်တယ်။ သူ့ရဲ့ ဆွေမျိုးတွေကိုလည်း ဆုချီးမြှင့်သင့်ပြီး ကျန်ရစ်တဲ့ သူ့ရဲ့သားလေးကလည်း ငယ်သေးတဲ့အတွက် လော့ယန်ကို ပြန်ခေါ်ပြီး နိုင်ငံတော် ပညာရေးကျောင်းမှာ ကျောင်းတက်ခွင့်ပြုရမယ်"

"ကျားချောက်တောင်ကြားရဲ့ စစ်သူကြီးအသစ် အနေနဲ့ကတော့ ဖန့်စစ်သူကြီးကို လွှတ်ချင်တယ်။ ရှင် ဘယ်လိုထင်လဲ"

ရှောင်းလိသည် အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။ "ဖန့်စစ်သူကြီးက ကျားချောက်တောင်ကြားမှာ ရှီးလင်ရန်သူတွေကို ဆုတ်ခွာသွားအောင် လုပ်ခဲ့တဲ့ အောင်ပွဲရှိတော့ သူ့ကို လွှတ်တာ အသင့်တော်ဆုံးပဲ"

"ပိုင်ယန်ဂိတ် အတွက်ကတော့..." ဝိန်းယွီသည် စားပွဲပေါ်တွင် စုပုံနေသော မှတ်တမ်းစာလွှာများထဲမှ တစ်စောင်ကို ဆွဲထုတ်လိုက်သည်။ "ထန်ယီ စစ်သူကြီးနဲ့ ရှင့်ရဲ့ အစ်ကို စုန့်ချင်တို့ကို အတူတူ စောင့်ကြပ်ခိုင်းရင်ကော ဘယ်လိုလဲ"

ရှောင်းလိက ပြောလိုက်၏။ "အစ်ကိုကြီးက လွတ်လွတ်လပ်လပ်ပဲ နေချင်တာ။ မုတန်းတောင်ကုန်းကို ပြန်ဖို့ ကို့ကို ခွင့်တောင်းပြီးပြီ"

ဝိန်းယွီ၏ မျက်မှောင်များကြားတွင် အနည်းငယ် အထီးကျန်ဆန်မှုများ ပေါ်လာပြီး ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "ကျွန်မက ရှီးယွင်ကို လော့ယန်မှာ ထားခဲ့ချင်တာ... အခုကြည့်ရတာ ဆက်ထားလို့ မရတော့ဘူး ထင်ပါတယ်"

လီယောင် ဝါယောင်းခံတပ်တွင် ကျဆုံးသွားခဲ့ချိန်မှစ၍ ကျန်းယီချူး ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျကာ အလောင်းပင် ရှာမတွေ့ခဲ့ရသည်အထိ၊ ထို့နောက် မင်းဆရာကြီးယွီ ဖျားနာပြီး ရာထူးမှ အနားယူသွားသည်အထိ သူမနှင့် ရင်းနှီးသောသူများ တစ်ယောက်ပြီးတစ်ယောက် သူမကို ထားရစ်ကာ ထွက်ခွာသွားခဲ့ကြသဖြင့် သူမသည် အချိန်တော်တော်များများတွင် အထီးကျန်ဆန်မှုကို ခံစားနေရသည်။

ရှောင်းလိက သတိထားမိသွားပြီး ဝိန်းယွီက မျက်မှောင်အနည်းငယ် ကြုတ်လျက် အခြားအမတ်များကို ဆုချီးမြှင့်မည့် ကိစ္စများနှင့် ပတ်သက်၍ ဆက်လက် ပြောဆိုနေချိန်တွင် သူမ၏ မျက်နှာကို သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။ သူ၏ ထင်ရှားပြီး ချောမောသော မျက်နှာသွင်ပြင်သည် အလွန် ဆွဲဆောင်မှုရှိနေပြီး ဟာသနှောကာ နောက်ပြောင်သော လေသံဖြင့် မေးလိုက်လေသည်။ "အောင်မြင်မှု ရှိတဲ့သူကော၊ မရှိတဲ့သူကော အားလုံးကို မင်း ဆုချီးမြှင့်ပြီးသွားပြီဆိုတော့ ကို့အတွက်ကော ဘာဘွဲ့ထူး ပေးမလဲလို့ စဉ်းစားသင့်ပြီ မဟုတ်ဘူးလား"

ဝိန်းယွီ၏ မျက်မှောင်များကြားရှိ ထိုဝမ်းနည်းမှုများသည် သူ ဖြတ်ပြောလသည့်စကားကြောင့် အနည်းငယ် လွင့်စင်သွားခဲ့ပြီး လတ်တလော ရက်များအတွင်း ရှားပါးလှသော အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်၏။ "ရှောင်းနယ်စားမင်းက ကျွန်မနဲ့အတူ လော့ယန်ကို သွားပြီး ဒီလောကကြီးကို အတူတူ အုပ်ချုပ်ကြရင်ကော ဘယ်လိုလဲ"

ရှောင်းလိက ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းထောင့်ကို နမ်းလိုက်ပြီး ပြန်ဖြေလိုက်လေသည်။ "ဝမ်းသာအားရ လက်ခံပါတယ်"

တောင်နှင့်မြောက် နှစ်ဖက်စလုံးသည် လက်ထပ်မဟာမိတ် ပြုလုပ်ကာ ပြန်လည် ပေါင်းစည်းတော့မည့် သတင်း ထွက်ပေါ်လာသောအခါ အရပ်ဘက်ရှိ ပြည်သူပြည်သားများ အားလုံး ဝမ်းသာပျော်ရွှင်နေကြသည်။

တစ်ဦးတည်းသော မကျေနပ်မှု အနည်းငယ် ရှိသူများမှာ ချန်နိုင်ငံ၏ အမတ်များသာ ဖြစ်သော်လည်း ဝိန်းယွီက အားလီကို နန်းမွေခံအဖြစ် ခန့်အပ်မည်ဆိုသည့် သတင်းကို စောစောစီးစီး ရရှိထားပြီးဖြစ်သလို တောင်နှင့်မြောက် ပေါင်းစည်းရေးသည်လည်း တားဆီး၍မရသော အခြေအနေတစ်ရပ် ဖြစ်နေသဖြင့် သူတို့လည်း ဘာမှ မပြောဆိုနိုင်တော့ချေ။

ဝိန်းယွီသည် အမတ်များအားလုံးနှင့် ဆွေးနွေးပြီးနောက် နိုင်ငံတော်၏ အမည်ကို 'ချန်' ဟု သတ်မှတ်လိုက်သည်။

အောင်မြင်မှုများအလိုက် ဆုချီးမြှင့်ခြင်းနှင့် ဘွဲ့ထူးများ ပြန်လည် ပေးအပ်ခြင်းစသည့် ကိစ္စရပ်များကိုလည်း ရေးဆွဲပြီးစီးပြီ ဖြစ်ရာ လော့ယန်သို့ ပြန်ရောက်ပြီး နန်းတက်ပွဲ အခမ်းအနား ကျင်းပပြီးနောက် လောကအနှံ့ ကြေညာရန်သာ ကျန်ရှိတော့သည်။

ထိုအချိန်တွင် ချင်းယွင်ကိုယ်ရံတော်များထံမှ ကျန်းယီချူး အသက်ရှင်နေသေးကြောင်း သတင်း ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့သော် သူမသည် အတိတ်က ကိစ္စရပ်များကို မမှတ်မိတော့သည့်ပုံပေါက်နေပြီး လော့ယန်၏ အောက်ဘက်ရှိ လုကျိုးနယ်မြေအတွင်းရှိ တောင်ပေါ်ဘုန်းကြီးကျောင်း တစ်ခုတွင် ဆံပင်ဖြတ်ကာ ဗုဒ္ဓဘာသာဝင် သီလရှင်တစ်ပါး ဖြစ်နေပြီ ဖြစ်သည်။

ဝိန်းယွီသည် ဆက်မစောင့်ဆိုင်းနိုင်တော့ဘဲ ထိုနေ့မှာပင် ရှောင်းလိနှင့်အတူ လုကျိုးသို့ ခရီးထွက်ခဲ့၏။ သခင်မယန်သည် ကျန်းယီချူး အသက်ရှင်နေသေးကြောင်း သိရှိသွားသောအခါ အလွန် ဝမ်းသာလွန်း၍ ငိုကြွေးကာ မည်သို့ပင်ဖြစ်စေ အတူတကွ လိုက်သွားမည်ဟု ပြောဆိုသဖြင့် သခင်မယန်နှင့် ယန်ပေါင်လင်းတို့ သားအမိလည်း အတူတကွ လိုက်ပါလာခဲ့ကြသည်။

လော့ယန်သည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း စစ်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ပတ်ဝန်းကျင်ရှိ ခရိုင်နှင့် မြို့နယ်များမှ ပြည်သူများသည်လည်း ထိခိုက်ခံစားခဲ့ရပြီး မိသားစုလိုက် တောင်ဘက်သို့ ပြောင်းရွှေ့သွားကြသူများ အလွန်များပြားလှသည်။ ထို့ကြောင့် နယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင်လည်း အမွှေးတိုင် ထွန်းညှိပူဇော်သူများ သိပ်မရှိတော့ချေ။

ယမန်နှစ်က တောင်နှင့်မြောက် ပူးပေါင်း၍ ဖေစုန့်ကို နှိမ်နင်းကာ လော့ယန်ကို ပြန်လည် သိမ်းပိုက်ပြီးနောက်မှသာ နေရာအနှံ့အပြားတွင် ငြိမ်းချမ်းစပြုလာခဲ့သည်။ ပြည်သူများသည် မိမိတို့၏ ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာကြပြီး ပျက်စီးသွားသော အိမ်များကို ပြန်လည် တည်ဆောက်ကြသဖြင့် နေရာအနှံ့အပြားရှိ ဘုန်းကြီးကျောင်းများသို့လည်း ဘုရားဖူးများ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာကြတော့သည်။

ဝိန်းယွီသည် ယခင်က ကျန်းယီချူးကို ရှာဖွေရန်အတွက် ချင်းယွင်ကိုယ်ရံတော်များကို အမိန့်ပေးကာ နေရာအနှံ့အပြားရှိ ပြည်နယ်နှင့် မြို့ကြီးများ၏ မြို့တံခါးများတွင် ကျန်းယီချူး၏ ပုံတူပန်းချီကားများကို ကပ်ထားစေခဲ့သော်လည်း တစ်နှစ်ကျော် ကြာသည်အထိ မည်သည့်သတင်းမှ မရရှိခဲ့ချေ။

လတ်တလောတွင် ကုန်သည်ကတော် တစ်ဦးသည် ဆွေမျိုးများထံ အလည်အပတ် ပြန်လာစဉ် လူသိနည်းသော တောင်ပေါ် သီလရှင်ကျောင်း တစ်ကျောင်းသို့ ဘုရားဖူးရန် ရုတ်တရက် စိတ်ကူးရသွားခဲ့သည်။ ကျောင်းအတွင်းတွင် ဘုရားဖူးများအတွက် စာချပေးနေသော သီလရှင်တစ်ပါးကို မြင်သောအခါ အလွန် ရင်းနှီးနေသကဲ့သို့ ခံစားရသဖြင့် အကြိမ်အနည်းငယ် ထပ်မံ ကြည့်ရှုမိခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက် ထိုကုန်သည်ကတော်သည် မြို့ထဲသို့ ပြန်ရောက်လာချိန်တွင် မြို့တံခါးဝ၌ အစိုးရက ကျန်းယီချူးကို ရှာဖွေနေသည့် ပုံတူပန်းချီကားကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရမှသာ သီလရှင်ကျောင်းအတွင်းရှိ ထိုသီလရှင်သည် အစိုးရက ရှာဖွေနေသော အိမ်ရှေ့မင်းသမီး (ရှီဇီဖေး) ဖြစ်ကြောင်း အံ့ဩစွာ သိရှိသွားပြီး ဒေသခံ အစိုးရရုံးသို့ ချက်ချင်း သတင်းပို့ခဲ့လေသည်။

ဝိန်းယွီတို့ အဖွဲ့ ထုယွင် သီလရှင်ကျောင်းသို့ ရောက်ရှိလာသည့်နေ့တွင် နွေဦးနှောင်းပိုင်းတွင် ရက်အတော်ကြာ ဆက်တိုက် ရွာသွန်းနေခဲ့သော မိုးသည် နောက်ဆုံး၌ တိတ်သွားခဲ့သည်။

သီလရှင်ကျောင်း၏ ကျောင်းထိုင်ဆရာလေးသည် အစိုးရစစ်သည်များ အမြောက်အမြား တောင်ပေါ်သို့ တက်လာကြောင်း သိရှိသွားသောအခါ အလွန် ထိတ်လန့်သွားပြီး ကျောင်းအတွင်းရှိ သီလရှင်များနှင့် ယောဂီများ အားလုံးကို ခေါ်ဆောင်ကာ တောင်တံခါးဝသို့ အလျင်အမြန် သွားရောက် ကြိုဆိုခဲ့သည်။

"ဆင်းရဲတဲ့ သီလရှင်က အထက်တန်းစား ဧည့်သည်တွေ လာမယ်ဆိုတာ မသိခဲ့လို့ အဝေးကြီး လာမကြိုနိုင်ခဲ့ပါဘူး"

တောင်ပေါ်လမ်းသည် မတ်စောက်သဖြင့် မြင်းလှည်းများ သွားလာရန် အဆင်မပြေပေ။ တောင်ပေါ် ဝေါယာဉ်များ မြေပြင်သို့ ချလိုက်ချိန်တွင် ကျောင်းထိုင်ဆရာလေးသည် သီလရှင်များ အားလုံးကို ဦးဆောင်ကာ လက်အုပ်ချီ၍ အရိုအသေပေးလိုက်ကြသည်။

အသက်ငယ်ရွယ်သေးသော သီလရှင် တစ်ပါးသည် တောင်ပေါ်တွင် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် တောင်ပေါ် ဝေါယာဉ်ပေါ်မှ ဆင်းလာသော အထက်တန်းစား ဧည့်သည်များကို ခိုး၍ မော့ကြည့်နေမိသည်။

ယာဉ်ဘေးတွင် ရပ်နေသော သွက်လက်သည့် အမျိုးသမီး ကိုယ်ရံတော် တစ်ဦးက ရှေ့သို့ တိုး၍ တွဲကူရန် ပြင်လိုက်သော်လည်း အရပ်ရှည်ပြီး ချောမောသော အမျိုးသား တစ်ဦးက သူမထက် အရင် ထိုယာဉ်ပေါ်မှ အမျိုးသမီးကို တွဲလိုက်သည်ကို မြင်လိုက်ရသည်။ သူ့လက်က ထိုအမျိုးသမီး၏ ဖြူဖွေးဝင်းမွတ်နေသော လက်ချောင်းလေးများကို မည်သည့် ရှောင်ဖယ်မှုမျှ မရှိဘဲ ကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ ထိုအမျိုးသမီး၏ ခါးကို တစ်ဝက်ခန့် ဖက်ထားကာ တံတောင်ဆစ်တွင် ထောက်ထားပေးလေသည်။

၎င်းသည် အလွန် ရင်းနှီးကျွမ်းဝင်မှုရှိပြီး အခြားမည်သူ့ကိုမျှ အနားကပ်ခွင့် မပေးသော တင်းမာသည့် ကိုယ်နေဟန်ထားမျိုးပင်။

သီလရှင်သည် စိတ်ထဲတွင် တအံ့တဩဖြစ်နေသော်လည်း သူမ၏ အကြည့်များသည် တစ်ဖက်လူ၏ မြင့်မားသော အရပ်အမောင်းကြောင့် ကွယ်ခံလိုက်ရသဖြင့် ထိုအမျိုးသမီးသည် တောင်ပေါ် ဝေါယာဉ်ပေါ်မှ ဆင်းလာချိန်တွင် ကျောက်ပြားခင်းထားသော မြေပြင်ပေါ်သို့ ရှည်လျားစွာ တွဲကျနေသည့် သူမ၏ စကတ်စကိုသာ မြင်တွေ့နိုင်တော့သည်။ ထိုစကတ်ပေါ်ရှိ ရှုပ်ထွေးလှပသော ပန်းထိုးပုံစံများသည် မိုးရွာပြီးနောက် ထွက်ပေါ်လာသော နံနက်ခင်း နေရောင်ခြည်တွင် တလက်လက် တောက်ပနေသည့်အလားပင်။

"ဆရာလေး အရိုအသေပေးဖို့ မလိုပါဘူး။ ကျွန်မ ရုတ်တရက် ရောက်လာတာက ကျောင်းထဲမှာ လူတစ်ယောက်ကို လာရှာတာပါ"

ထိုအမျိုးသမီးက နူးညံ့စွာ စကားပြောလိုက်ချိန်တွင် သီလရှင်သည် ဤအထက်တန်းစား ဧည့်သည်၏ အသံက အလွန် နားထောင်လို့ ကောင်းသည်ဟု ခံစားလိုက်ရသဖြင့် သိချင်စိတ် ပြင်းပြစွာဖြင့် လှမ်းကြည့်လိုက်မိသည်။ နံနက်ခင်း နေရောင်ခြည်သည် သစ်ပင်ရိပ်များကြားမှတစ်ဆင့် ထိုအမျိုးသမီး၏ မျက်နှာပေါ်သို့ နေပြောက်လေးများလို ကျရောက်နေသည်ကို မြင်တွေ့လိုက်ရရာ တကယ်ကို နတ်သမီး တစ်ပါးကဲ့သို့ပင် လှပလွန်းလှသည်။ သူမ၏ မျက်နှာအမူအရာသည် ဤနွေဦးရာသီ၏ နံနက်ခင်း နေရောင်ခြည်ကဲ့သို့ပင် နူးညံ့နေပြီး မျက်လုံးများထဲတွင် ကရုဏာတရားများ ပြည့်နှက်နေပုံရသည်။

သီလရှင်သည် ငေးမောသွားပြီး "ဗုဒ္ဓေါ" ဟူသော စကားလုံး နှစ်လုံးသည် ပါးစပ်မှ ထွက်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် သူမ၏ အကြည့်များသည် အလွန် ရဲတင်းလွန်းနေသောကြောင့် ဖြစ်မည်။ ထိုအမျိုးသားက သူမဘက်သို့ ရုတ်တရက် အေးစက်စွာ လှမ်းကြည့်လိုက်ရာ သီလရှင်သည် လန့်ဖျပ်သွားပြီး ပါးစပ်ဖျားသို့ ရောက်နေသော စကားလုံးများပင် ပြန်လည် မျိုချလိုက်ရသည်။

ထိုအချိန်တွင် ကျောင်းထိုင်ဆရာလေးက ဝိန်းယွီကို စကားဆက်ပြောနေလေသည်။ "ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်တုန်းက ကျောင်းက တပည့်တွေ တောင်အောက်ကို ဆွမ်းခံကြွရင်း မြစ်ကမ်းဘေးမှာ အမျိုးသမီး တစ်ယောက်ကို ကယ်တင်ခဲ့ပါတယ်။ အခု အဲ့ဒီအမျိုးသမီးက ဗုဒ္ဓဘာသာထဲ ဝင်သွားပြီး ဘွဲ့အမည်ကတော့ ကျင့်ချန်လို့ ခေါ်ပါတယ်။ ဒါယိကာမက ဒီကိစ္စအတွက် လာတာများလား"

ဝိန်းယွီက ခေါင်းညိတ်လိုက်၏။

ကျောင်းထိုင်ဆရာလေးက ဘုရားစာကို ရွတ်ဆိုလိုက်ပြီး ပြောလိုက်လေသည်။ "နောက်ဆုံးတော့ လောကီနဲ့ ပတ်သက်တဲ့ အနှောင်အဖွဲ့ တစ်ခု ကျန်နေသေးတာပဲ။ ဒါယိကာမ ကျွန်မနောက်ကို လိုက်ခဲ့ပါ"

လူအုပ်ကြီး အားလုံး တောင်တံခါးအတွင်းသို့ ဝင်ရောက်သွားပြီးနောက်မှသာ သီလရှင်သည် စိုးရိမ်စိတ် လွတ်ကင်းသွားကာ သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။

ဘေးဘက်ရှိ အခြား သီလရှင်က သူမကို တိုးတိုးလေး အပြစ်တင်လိုက်၏။ "နင်က ဘာလို့ အထက်တန်းစား ဧည့်သည်တွေကို ကြိုဆိုတဲ့ နေရာမှာတောင် ငေးကြောင်နေရတာလဲ။ တကယ်လို့ အဲ့ဒီ အထက်တန်းစား ဧည့်သည်တွေကို စိတ်ဆိုးအောင် လုပ်မိရင် ဘယ်လို တာဝန်ယူမလဲ"

သီလရှင်ကမူ သူမကိုယ်သူမ တီးတိုးရေရွတ်နေလေသည်။ "... ဘုရားလောင်း..."

"ဘာပြောတာလဲ"

သီလရှင်သည် ဘုရားစာကို ရွတ်ဆိုလိုက်ပြီး လက်အုပ်ကို ရိုသေစွာ ချီကာ နှုတ်ခမ်းများ ကွေးညွတ်သွားသည်အထိ ဝမ်းသာအားရ ပြောလိုက်လေသည်။ "ငါ ဘုရားသခင်ရဲ့ အလိုတော်ကို မြင်လိုက်ရတယ်။ ဘုရားလောင်းက လူ့ပြည်ကို ဆင်းသက်လာပြီး မင်ဝမ်က စောင့်ရှောက်ပေးနေတယ်..."

ကျောင်းထိုင်ဆရာလေးသည် ဝိန်းယွီတို့ အဖွဲ့ကို တရားဟော ကျောင်းဆောင်ဆီသို့ ဦးဆောင်ခေါ်သွားခဲ့ရာ အဝေးမှပင် ဘုရားစာရွတ်ဆိုသံများကို ကြားနေရသည်။

ကျောင်းထိုင်ဆရာလေးက ပြောလိုက်၏။ "လတ်တလော ကျောင်းမှာ သီလခံယူပွဲ သုံးခု ကျင်းပနေပါတယ်။ ဒီနှစ်နှစ်အတွင်း ဗုဒ္ဓဘာသာထဲ အသစ်ဝင်လာတဲ့ တပည့်တွေ အားလုံး ဒီမှာ သီလခံယူကြတာပါ"

စကားပြောနေစဉ်အတွင်း တရားဟော ကျောင်းဆောင် အပြင်ဘက်သို့ ရောက်လာခဲ့ကြသည်။ ကျောင်းဆောင် အပြင်ဘက်တွင် စောင့်ကြပ်နေသော သီလရှင်သည် ကျောင်းထိုင်ဆရာလေးက ဂုဏ်သရေရှိသော ဘုရားဖူးဧည့်သည် အများအပြားကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ အလျင်အမြန် လက်အုပ်ချီ၍ အရိုအသေပေးလိုက်သည်။

ကျောင်းထိုင်ဆရာလေးက သူမကို စကားအနည်းငယ် မှာကြားလိုက်ရာ ထိုသီလရှင်သည် ကျောင်းဆောင်အတွင်းသို့ အလျင်အမြန် ဝင်သွားပြီး အထဲရှိ တရားဟော ဆရာလေးကို နားနားကပ်ကာ တစ်ခုခု ပြောလိုက်လေသည်။

မကြာမီမှာပင် ကျောင်းဆောင်အတွင်းမှ ဘုရားစာရွတ်ဆိုသံများ ရပ်တန့်သွားပြီး သီလခံယူနေကြသော တပည့်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ထွက်လာကြသည်။

ဝိန်းယွီ၏ အကြည့်များသည် သီလရှင်ဝတ်စုံနှင့် ဦးထုပ်များကို ဝတ်ဆင်ထားကြသော ထိုသီလရှင် ဒါဇင်ပေါင်းများစွာ အကြားတွင် လိုက်လံ ရှာဖွေနေခဲ့ရာ ခဏတွင်းချင်းမှာပင် ကျန်းယီချူးကို ရှာတွေ့သွားခဲ့ပြီး မျက်လုံးထဲတွင် မျက်ရည်များ ထိန်းမရအောင် ပြည့်နှက်လာခဲ့တော့သည်။

ကျန်းယီချူးသည် သူမ မှတ်မိနေသော ပုံစံထက် အများကြီး ပိန်သွားခဲ့သည်။ အခြား သီလရှင်များနှင့်အတူ အပြင်သို့ ထွက်လာချိန်တွင် သူမ၏ မျက်နှာအမူအရာသည် ပေါ့ပါးပြီး တည်ငြိမ်နေကာ အတိတ်က ကိစ္စရပ်များကို တကယ်ပင် မမှတ်မိတော့သည့်အလားပင်။

ကျောင်းထိုင်ဆရာလေးက သူမကို အသံထွက်၍ ခေါ်လိုက်ချိန်တွင် ကျန်းယီချူးသည် အံ့ဩစွာဖြင့် ဤဘက်သို့ လှမ်းကြည့်လာခဲ့သည်။ သူမ၏ အကြည့်များသည် ဝိန်းယွီတို့ အဖွဲ့အပေါ်တွင် အကြာကြီး ရပ်တန့်မနေခဲ့ဘဲ သူတို့ကို တောင်ပေါ်သို့ ဘုရားဖူးလာသော ဧည့်သည်များအဖြစ်သာ သတ်မှတ်ထားပုံရသည်။ အနီးသို့ ရောက်လာသောအခါမှသာ ကျောင်းထိုင်ဆရာလေးကို လက်အုပ်ချီ၍ အရိုအသေပေးကာ မေးလိုက်လေသည်။ "ကျောင်းထိုင်ဆရာလေး ကျွန်မကို ခေါ်တာလား"

...

အပိုင်း (၂၆၀.၄)

သခင်မယန်သည် တောင်ပေါ်တက်လာကတည်းက မျက်လုံးထဲမှ မျက်ရည်များ မခြောက်သွေ့ခဲ့ချေ။ ယခု ကျန်းယီချူးက သူတို့ကို တကယ်ပင် လုံးဝ မမှတ်မိတော့သည်ကို မြင်သောအခါ ပုဝါဖြင့် မျက်နှာကို အုပ်ကာ စကားပင် မပြောနိုင်တော့အောင် ရှိုက်ကြီးတငင် ငိုကြွေးနေပြီး ယန်ပေါင်လင်းက တွဲထားပေးသောကြောင့်သာ မတ်တတ်ရပ်နိုင်လေသည်။

ကျန်းယီချူးသည် သခင်မယန်၏ ထူးခြားနေမှုကို သတိပြုမိသွားသလို နတ်သမီးတစ်ပါးကဲ့သို့ လှပလွန်းသော ထိုအမျိုးသမီးက သူမကို ကြည့်နေသည့် မျက်ဝန်းများထဲတွင် ရင်ကွဲမတတ် နာကျင်မှုများ ရောယှက်နေသည့် လေးလံသော နီရဲမှုများကိုလည်း ရိပ်မိသွားခဲ့သည်။ သူမသည် တစ်ဖက်လူနှင့် မျက်လုံးချင်းရမည်ကို ရှောင်လွှဲလိုက်ပြီး ကျောင်းထိုင်ဆရာလေးကို အနည်းငယ် တွန့်ဆုတ်စွာဖြင့် လှမ်းကြည့်ကာ မေးလိုက်၏။ "ဒါက..."

ကျောင်းထိုင်ဆရာလေးက ပြောလိုက်လေသည်။ "ဒါယိကာမရဲ့ လောကီက ဆွေမျိုးတွေ လာရှာတာပါ။ သွားမလား၊ နေမလားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်"

ပြောပြီးနောက် လက်အုပ်ချီကာ ဘုရားစာကို ရွတ်ဆိုလိုက်၏။

ကျန်းယီချူး၏ မျက်နှာပေါ်တွင် တဒင်္ဂမျှ တွေဝေသွားသော အမူအရာ ပေါ်လာခဲ့သည်။

ဝိန်းယွီက ခက်ခက်ခဲခဲဖြင့် စကားစလိုက်လေသည်။ "ယောက်မ"

သခင်မယန်ကလည်း မျက်ရည်များ စီးကျလျက် "ယီချူး" ဟု ရှိုက်ကြီးတငင် ခေါ်လိုက်ရာ ကျန်းယီချူးသည် လန့်ဖျပ်သွားသည့်အလား အနောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားခဲ့သည်။ သို့သော် မကြာမီမှာပင် သူမ၏ မျက်ဝန်းများသည် ပြန်လည်၍ ငြိမ်းချမ်းတည်ကြည်သွားကာ သူတို့ကို လက်အုပ်ချီလျက် ဘုရားစာ ရွတ်ဆိုပြီး ပြောလိုက်၏။

"ရေစက်ပါလို့ ဆုံကြတာ၊ ရေစက်ကုန်လို့ ကွဲကွာတာတွေ အားလုံးက ကံကြမ္မာပါပဲ။ အတိတ်က ကိစ္စတွေကို ဒီသီလရှင် လုံးဝ မမှတ်မိတော့ပါဘူး။ မြတ်စွာဘုရားရဲ့ ကရုဏာတော်ကြောင့် ဒီသီလရှင်ရဲ့ လောကီအနှောင်အဖွဲ့တွေကို ဖြတ်တောက်ပေးလိုက်တာလို့ပဲ ထင်ပါတယ်။ ဒီသီလရှင်ရဲ့ ဘွဲ့အမည်က ကျင့်ချန်ပါ။ ဒါယိကာမတို့ ရှာဖွေနေတဲ့သူ မဟုတ်တော့ပါဘူး။ ဒါယိကာမတို့လည်း စောစောစီးစီး သဘောပေါက်နားလည်ပြီး ဆက်ပြီး စွဲလမ်းမနေကြဖို့ မျှော်လင့်ပါတယ်"

ပြောပြီးနောက် ကျောင်းထိုင်ဆရာလေးကို အရိုအသေပေးလိုက်ပြီး သီလခံယူပြီး၍ ထွက်ခွာသွားသော သီလရှင်လေးများ၏ အဖွဲ့နောက်သို့ ပြန်လည် လိုက်ပါသွားလေသည်။

ဝိန်းယွီသည် အလွန် ဝမ်းနည်းသွားပြီး ရှေ့သို့ တက်ကာ ထပ်မံ လိုက်သွားရန် ပြင်လိုက်သော်လည်း ကျောင်းထိုင်ဆရာလေးက တားဆီးလိုက်၏။

ကျောင်းထိုင်ဆရာလေးက သက်ပြင်းချရင်း ပြောလိုက်လေသည်။ "ဒါယိကာမက အဆင့်အတန်း မြင့်မားသူဆိုတော့ ဒီနေ့ ကျင့်ချန်ကို အတင်းအကျပ် ခေါ်သွားမယ်ဆိုရင် ဒီသီလရှင်က တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျင့်ချန် ဆံပင်မဖြတ်ခင်က ကိစ္စတချို့ကိုတော့ ဒါယိကာမ သိထားဖို့ ပိုကောင်းမယ် ထင်ပါတယ်"

သခင်မယန်သည် သတိလစ်လုမတတ် ငိုကြွေးနေပြီဖြစ်ရာ ဝိန်းယွီသည် ယန်ပေါင်လင်းကို သခင်မယန်အား တရားထိုင်ခန်းသို့ အရင်ခေါ်သွားပြီး အနားယူခိုင်းလိုက်ပြီး သူမကိုယ်တိုင်ကတော့ ကျောင်းထိုင်ဆရာလေးနှင့်အတူ တရားဟောကျောင်းဆောင်၏ ဘေးဘက်အခန်းသို့ သွားရောက်ခဲ့သည်။

နွေဦးနှင့် နွေရာသီ ကူးပြောင်းချိန်ဖြစ်ရာ ကျောင်းဆောင် အပြင်ဘက်ရှိ ရှေးဟောင်း သစ်ပင်ကြီးများသည် ကောင်းကင်သို့ ထိုးထွက်နေပြီး ကျောင်းဆောင်ကို ဖုံးကွယ်ထားသော အရိပ်အာဝါသ ကြီးမားစွာ ကျရောက်နေလေသည်။

ကျောင်းထိုင်ဆရာလေးက ဝိန်းယွီအတွက် ရေနွေးကြမ်း တစ်ခွက်ကို ကိုယ်တိုင် ငဲ့ပေးလိုက်ပြီး လွင့်ပျံနေသော ရေနွေးငွေ့များကြားတွင် ဖြည်းညင်းစွာ စကားစလိုက်၏။ "ကျင့်ချန်ကို ကျောင်းထဲ ကယ်တင်လာချိန်က စစ်ပွဲတွေ ဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်နေခဲ့တာပါ။ တောင်အောက်က ပြည်သူတွေ အားလုံး မိသားစုလိုက် ထွက်ပြေးသွားကြလို့ ထုယွင် သီလရှင်ကျောင်းရဲ့ ပတ်လည် လီတစ်ရာအတွင်းမှာ သမားတော် တစ်ယောက်မှ ရှာမတွေ့ခဲ့ပါဘူး။ သူ့ရဲ့ ဒဏ်ရာတွေကလည်း အရမ်း ပြင်းထန်လွန်းတော့ အဲ့ဒီအချိန်တုန်းက သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ဆရာလေးတို့ အားလုံး ထင်ခဲ့ကြတာပါ..."

ကျောင်းထိုင်ဆရာလေးက သက်ပြင်းချသကဲ့သို့ ပြောလိုက်လေသည်။ "ဒါပေမယ့် အားဖြည့်ဆေးရည် အနည်းငယ်လောက်နဲ့ပဲ ဆက်လက် အသက်ရှင်နေနိုင်ခဲ့တယ်။ နှစ်ဝက်လောက် အကြာကြီး သတိလစ်နေခဲ့ပေမယ့် နောက်ဆုံးတော့ သတိပြန်လည်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူ ကုတင်ပေါ်ကနေ မဆင်းနိုင်သေးပါဘူး။ ကျောင်းထဲက သီလရှင်လေးတွေက သူ့ကို အစားအသောက်နဲ့ ဆေးရည်တွေ သွားပို့ပေးပေမယ့် သူမက ရေတစ်စက်လေးတောင် မသောက်ချင်တော့ပါဘူး။ ဆရာလေး သူ့ကို သွားကြည့်တဲ့အခါ သူ့မျက်လုံးထဲမှာ အသက်ရှင်ချင်စိတ် လုံးဝ မရှိတော့ပါဘူး။ သူက သေသင့်တဲ့လူမို့ ဒီလောကကြီးမှာ ဆက်ပြီး အသက်ရှင်နေဖို့ မတန်တော့ဘူးလို့ပဲ ပြောနေခဲ့တာပါ"

ဝိန်းယွီ ဤနေရာသို့ ရောက်သည်အထိ နားထောင်ပြီးချိန်တွင် လက်ဖက်ရည်ငွေ့များ၏ ဖုံးကွယ်မှုအောက်မှ သူမ၏ မျက်လုံးထောင့်များတွင် ပူနွေးသော မျက်ရည်များ စီးကျလာခဲ့ပြီ ဖြစ်သည်။

ကျောင်းဆောင် အပြင်ဘက်ရှိ ရှေးဟောင်း သစ်ပင်ကိုင်းပေါ်တွင် စာဝါငှက်ကလေး တစ်ကောင်က ဆင်းသက်ကာ ကျီကျီကျာကျာ အော်မြည်နေလေသည်။

ကျောင်းထိုင်ဆရာလေးသည် ကျောင်းဆောင် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး နောက်ထပ် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။ "ဆရာလေး သူ့ကို အများကြီး ဖြောင်းဖျခဲ့ပေမယ့် သူ့ရင်ထဲမှာ အသက်ရှင်ချင်စိတ်က သေဆုံးနေပြီမို့ ပြင်ပက အားထုတ်မှုတွေ အားလုံးက အလကား ဖြစ်ခဲ့ရပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ အဲ့ဒီနေ့က မိုးသည်းသည်းမည်းမည်း ရွာတော့ အိမ်အပြင်ဘက် သစ်ပင်ပေါ်က ငှက်သိုက်က လေတိုက်လို့ ပြုတ်ကျသွားခဲ့တယ်။ ငှက်ပေါက်စလေးတွေ တစ်သိုက်လုံး မိုးရေထဲကို ပြုတ်ကျသွားခဲ့ပြီး တွေ့တဲ့အချိန်မှာတော့ မျက်စိမပွင့်သေးတဲ့ ငှက်ပေါက်စလေး တစ်ကောင်ပဲ အသက်ရှင်လျက် ကျန်နေခဲ့တော့တယ်။ အဲ့ဒီငှက်လေးက မိုးရေထဲမှာ လည်ပင်းကို ဆန့်ပြီး အော်ဟစ်နေခဲ့တယ်။ အမေငှက်ကလည်း ငှက်သိုက် ပျက်စီးသွားတာကို မြင်တော့ သစ်ပင်ကို စွန့်ခွာပြီး ထွက်သွားခဲ့ပြီလေ"

"ဒီသီလရှင်က သူ့ကို ပြောခဲ့ပါတယ်။ တကယ်လို့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း အပြစ်ကြွေးတွေကို ကိုယ်တိုင် ဆုံးဖြတ်ရမယ်ဆိုရင် သစ်ပင်အောက်က အဲ့ဒီငှက်ပေါက်စလေးက ဥကနေ ပေါက်လာကတည်းက စပါးတစ်စေ့ကိုတောင် ခိုးမစားဖူးသလို ပိုးကောင်လေး တစ်ကောင်ကိုတောင် မရှာဖွေစားသောက်ဖူးပါဘူး။ ဒါဆို သူက ဘာလို့ သေသင့်ရတာလဲ လို့လေ"

"ကျင့်ချန်က အဲ့ဒီငှက်ပေါက်စလေးကို အခန်းထဲ ပြန်ခေါ်သွားခဲ့တယ်။ သူကိုယ်တိုင် အစားအသောက် မစားချင်သေးပေမယ့် အဲ့ဒီငှက်ပေါက်စလေးကိုတော့ ဂရုတစိုက် ပြုစုပေးခဲ့ပါတယ်။ ရက်အနည်းငယ် ကြာပြီးနောက် မိုးရေထဲမှာ အမွှေးတွေ စိုရွှဲနေပြီး သေရတော့မယ့် အဲ့ဒီငှက်ပေါက်စလေးက အံ့ဖွယ်နည်းနဲ့ အသက်ရှင်လာခဲ့ပါတယ်"

"ကျင့်ချန်က အဲ့ဒီငှက်ပေါက်စလေးကို ကြည့်ပြီး ပြုံးလိုက်၊ ငိုလိုက်၊ ငိုလိုက်၊ ပြုံးလိုက်နဲ့ နောက်ဆုံးမှာတော့ ဆံပင်တွေ ဖားလျားချ၊ ခြေဗလာနဲ့ ခြေတစ်လှမ်းလှမ်းတိုင်း တစ်ခါ ဦးချရင်း ကျောင်းဆောင်ကြီးဆီကို လျှောက်သွားခဲ့ပါတယ်။ သူက အတိတ်က ကိစ္စတွေကို မေ့ပျောက်သွားပြီလို့ ပြောပြီး ဆရာလေးကို သူ့အတွက် ဆံပင်ဖြတ်ပြီး သီလရှင်ဝတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်"

ဒီအရာအားလုံးကို နားထောင်ပြီးနောက် ဝိန်းယွီ တစ်ကိုယ်လုံး အနည်းငယ် ငေးမောသွားခဲ့သည်။ နောက်ထပ် မျက်ရည်တစ်စက် လက်ဖက်ရည်စားပွဲပေါ်သို့ ကျဆင်းသွားချိန်မှသာ သူမက အက်ကွဲနေသော အသံဖြင့် ပြောလိုက်လေသည်။ "ဆရာလေး ပြောသမျှ အားလုံးကို ကျွန်မ နားလည်ပါပြီ"

စားပွဲကို ထောက်ကာ မတ်တတ်ရပ်လိုက်ချိန်တွင် သူမ၏ ခြေလှမ်းများပင် ယိုင်လဲလုမတတ် ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မျက်လုံးများ နီရဲနေသော ကျောင်းပိုင်က သူမကို အချိန်မီ တွဲဖက်ပေးလိုက်၏။

ကျောင်းထိုင်ဆရာလေးသည် ပုဝါကို ဆွဲကိုင်ကာ ကျောင်းဆောင်တံခါးမှ ရှေးဟောင်း သစ်ပင်အရိပ်များဆီသို့ လျှောက်သွားသော သူမ၏ အထီးကျန်ဆန်သည့် ကျောပြင်ကို ကြည့်ရင်း လက်အုပ်ချီကာ မျက်လွှာချလျက် ရေရွတ်လိုက်လေသည်။ "အော်မီတော်ဖော်"

ယန်ပေါင်လင်းသည် သခင်မယန်ကို တရားထိုင်ခန်းသို့ အနားယူရန် လိုက်ပါသွားစဉ် လမ်းတစ်ဝက်သို့ ရောက်သောအခါ သခင်မယန်သည် ကျန်းယီချူးက သူတို့ကို မမှတ်မိတော့ကြောင်းနှင့် အားယင်းလေးကလည်း အလွန် ငယ်ရွယ်သေးကြောင်းကို တွေးမိလိုက်တိုင်း ရင်ထဲတွင် ပိုမို ဝမ်းနည်းလာကာ အသက်ရှူပင် မဝတော့သည်အထိ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

လမ်းပြပေးသော သီလရှင်လေးသည် သူမ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သဖြင့် တစ်ခုခု ထိခိုက်သွားမည်ကို စိုးရိမ်ကာ သူတို့ကို အနီးဆုံးရှိ ပိဋကတ်တိုက်သို့ အရင်သွားရောက်၍ ခေတ္တအနားယူစေခဲ့သည်။

ပိဋကတ်တိုက်သို့ ရောက်သောအခါ သခင်မယန်သည် စေတီကို စောင့်ကြပ်နေသော သီလရှင်၏ ဘုရားစာရွတ်ဆိုသံကို ကြားရပြီး နောက်တစ်ကြိမ် မျက်ရည်များဖြင့် ငိုကြွေးပြန်သည်။ စေတီအတွင်းရှိ ကျောက်နံရံပေါ်တွင် မရေမတွက်နိုင်သော ဆီမီးခွက်များ ပူဇော်ထားသည်ကို မြင်သောအခါ ကွယ်လွန်သွားသူများအတွက် ဆုတောင်းပေးနိုင်ကြောင်း ကြားသိရသဖြင့် ချန်လျန်ဝမ်အိမ်တော်မှ လူများ အားလုံးအတွက် တစ်ခွက်စီ ပူဇော်ပေးရန် တွေးတောလိုက်၏။

သူမက မွေးသက္ကရာဇ်နှင့် အမည်များကို ပြောပြပြီးနောက် သီလရှင်လေးက ဆီမီးထွန်းညှိကာ နာမည်ကတ်ပြားများ ရေးသားပြီး စေတီ၏ အတွင်းပိုင်းသို့ ပူဇော်ရန် သွားရောက်ချိန်တွင် ရုတ်တရက် အံ့ဩစွာဖြင့် ပြောလိုက်လေသည်။ "ဒီဒါယိကာမတွေရဲ့ ဆီမီးခွက်တွေကို ပူဇော်ထားပြီးပြီပဲ"

သခင်မယန်နှင့် ယန်ပေါင်လင်းတို့သည် ထိုစကားကို ကြားသောအခါ အလွန် အံ့အားသင့်သွားကြပြီး အနောက်မှ လိုက်သွားကာ ကြည့်ရှုလိုက်ရာ ကျောက်နံရံ အထက်ပိုင်းတွင် ပူဇော်ထားသော ထိုဆီမီးခွက် အနည်းငယ်၏ အနောက်ရှိ နာမည်ကတ်ပြားများသည် ချန်လျန်ဝမ်အိမ်တော်မှ လူအချို့၏ အမည်များဖြစ်နေပြီး အပြင်လူများ မသိရှိနိုင်သော အသက်တစ်နှစ်ပင် မပြည့်သေးဘဲ ပစ်ပေါက်သတ်ဖြတ်ခံခဲ့ရသည့် နန်းမွေခံလေး ဝိန်းရှီကျွင်း၏ အမည်ပင်လျှင် ထင်ရှားစွာ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

သခင်မယန်သည် ငေးကြောင်စွာ ကြည့်နေမိပြီး မျက်ရည်များသည် ဒလဟော စီးကျလာခဲ့တော့သည်။

ဒီသီလရှင်ကျောင်းထဲမှာ ချန်လျန်ဝမ်အိမ်တော်က ကွယ်လွန်သွားသူတွေအတွက် ဆီမီးခွက်တွေ ပူဇော်ပေးနိုင်မယ့်သူက ဘယ်သူများ ရှိဦးမှာလဲ။

ယန်ပေါင်လင်းသည်လည်း မျက်လုံးများ မျက်ရည်များဖြင့် စိုစွတ်လာကာ ပြောလိုက်၏။ "ကျွန်မ မင်းသမီးကို သွားရှာလိုက်ဦးမယ်"

သူမသည် ခြေလှမ်းလှမ်းကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သော်လည်း သခင်မယန်က အော်ဟစ်တားဆီးလိုက်လေသည်။ "ပြန်လာခဲ့"

ယန်ပေါင်လင်းက အမေဖြစ်သူကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်၏။

သခင်မယန်သည် ကျောက်နံရံပေါ်တွင် ရေးထိုးထားသော ချန်လျန်ဝမ်အိမ်တော်၏ အမည်များပါရှိသည့် ထိုနာမည်ကတ်ပြားများကိုသာ ဆက်လက် ကြည့်ရှုနေပြီး မျက်ရည်များသည် သူမ၏ နှုတ်ခမ်းများအထိပင် စီးကျလာမှသာ မျက်လုံးများ နီရဲလျက် စကားတစ်ခွန်း ပြောလိုက်လေသည်။ "တကယ်လို့ ဒါက အိမ်ရှေ့မင်းသမီးရဲ့ ရွေးချယ်မှုဆိုရင်လည်း သူ့ဆန္ဒအတိုင်းပဲ လိုက်လျောပေးလိုက်ကြရအောင်ပါ။ မင်းသမီးကို အသိပေးပြီး အလကား ဝမ်းနည်းမှုတွေ ထပ်မတိုးပါစေနဲ့တော့..."

ရှောင်းလိသည် ကျောင်းဆောင် အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး ဝိန်းယွီ ကျောင်းဆောင်အတွင်းမှ ထွက်လာသည်ကို မြင်သောအခါ သူမ၏ မျက်လုံးထဲတွင် ပိုမို နီရဲနေပြီး မျက်နှာအမူအရာမှာလည်း ပင်ပန်းနွမ်းနယ်ပြီး အားနည်းနေသည့်အသွင် ပေါ်လွင်နေသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ အနားသို့ တိုးသွားပြီး မေးလိုက်၏။ "ဆရာလေးက ဘာပြောလိုက်လို့လဲ"

ဝိန်းယွီက ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းပြရုံသာ ပြုလုပ်ပြီး ပြောလိုက်လေသည်။ "သွားကြစို့"

အကယ်၍ ယောက်မဖြစ်သူသည် အတိတ်က ကိစ္စရပ်များကို တကယ်ပင် မမှတ်မိတော့ဘဲ သီလရှင်ဝတ်သွားခြင်းဖြစ်ပါက သူမသည် ယောက်မကို အိမ်ပြန်ရန် ဖျောင်းဖျပြောဆိုနိုင်သေးသည်။

သို့သော်....

ဒါက ယောက်မက အရာအားလုံးကို မှတ်မိနေတဲ့ အခြေအနေအောက်မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်နေတော့ သူမက ဘာကို ဆက်ပြီး ဖျောင်းဖျနိုင်ဦးမှာလဲ။

ဝိန်းယွီသည် သစ်ပင်အရိပ်များဖြင့် ဖုံးကွယ်ထားသော ဤခမ်းနားထည်ဝါသည့် ဘုန်းကြီးကျောင်းကို ကြည့်ရှုနေရင်း သစ်ကိုင်းသစ်ရွက်များကြားမှ ဖြတ်သန်းတိုက်ခတ်သွားသော လေပြေ၏ သံစဉ်ကို နားထောင်ကာ ရင်ထဲတွင် ရုတ်တရက် စကားဖြင့် ဖော်ပြ၍ မရနိုင်သော ဝမ်းနည်းမှုနှင့် အထီးကျန်ဆန်မှုတစ်မျိုး ပေါ်ပေါက်လာသည်ကိုသာ ခံစားလိုက်ရသည်။

ရှောင်းလိသည် သူမ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ မျက်မှောင် ပိုကြုတ်သွားပြီး အနောက်ဘက်ရှိ ကျောင်းဆောင်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း နောက်ဆုံးတွင်တော့ ဘာမှ ဆက်မမေးမြန်းတော့ချေ။

သူတို့နှစ်ဦး အဝေးသို့ သိပ်မရောက်ခင်မှာပင် တရားထိုင်ခန်းသို့ အနားယူရန် သွားရောက်မည့် သခင်မယန် သားအမိနှင့် ဆုံလိုက်ရသည်။ သို့သော် သူတို့နှစ်ဦးလုံး၏ မျက်လုံးအောက်များမှာလည်း အလွန်အမင်း နီရဲဖောင်းအစ်နေပြီး ဝိန်းယွီကို မြင်သောအခါ တုံ့ပြန်မှုများကလည်း အလွန် ထူးဆန်းနေလေသည်။

"သခင်မကြီးက ကျန်းမာရေး မကောင်းလို့ တရားထိုင်ခန်းကို ခဏ သွားနားတယ် မဟုတ်ဘူးလား" ကျောင်းပိုင်သည် သူတို့ သားအမိ နှစ်ဦး ဤကဲ့သို့သော ပုံစံဖြင့် ရောက်လာသည်ကို မြင်သောအခါ သူတို့က ကျန်းယီချူးအကြောင်းကို ပြောပြပြီး ဝိန်းယွီကို ဝမ်းနည်းသွားစေမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် စကားလမ်းကြောင်း လွှဲကာ မေးလိုက်၏။

"အမေက... စောစောက ချော်လဲသွားလို့..."

"ငါ ခေါင်းကိုက်လို့..."

သခင်မယန် သားအမိ နှစ်ဦးသည် တစ်ချိန်တည်းမှာပင် စကားပြောလိုက်ကြသဖြင့် သူတို့နှစ်ဦးစလုံး မှင်သက်သွားကြပြီးနောက် ယန်ပေါင်လင်းက အလျင်အမြန် ဖြည့်စွက်ပြောလိုက်လေသည်။ "ခေါင်းပါ ခိုက်မိသွားလို့ပါ"

"အာ... ဟုတ်တယ်..." သခင်မယန်သည် လက်ဖြင့် သူမ၏ ခေါင်းကို ကိုင်ထားသော်လည်း မျက်လုံးအောက်ရှိ နီရဲနေမှုများကမူ လုံးဝ ဟန်ဆောင်၍ မရနိုင်ချေ။ သူမသည် ပြောရင်းဆိုရင်း မျက်ရည်များ ထပ်မံ ကျဆင်းလုနီးပါး ဖြစ်သွားပြီး "အားယွီ... အဒေါ်... အဒေါ် တောင်အောက်ကို အရင် ဆင်းချင်တယ်..."

သို့သော် မထင်မှတ်ထားဘဲ ဝိန်းယွီက မှိုင်တွေစွာဖြင့် စကားတစ်ခွန်းသာ ပြောလိုက်၏။ "ဒါဆိုလည်း အတူတူ တောင်အောက်ကို ဆင်းကြတာပေါ့"

သားအမိ နှစ်ဦးစလုံး နောက်တစ်ကြိမ် မှင်သက်သွားကြပြီး ကျောင်းပိုင်ကို လှမ်းကြည့်လိုက်ကြသည်။ ကျောင်းပိုင်က တိတ်ဆိတ်စွာ မျက်လွှာချထားသော်လည်း မျက်လုံးထောင့်များတွင် စိမ့်ထွက်နေဆဲဖြစ်သော နီရဲမှုများမှတစ်ဆင့် တစ်ခုခုကို နားလည်သွားကြပြီး ခဏတွင်းချင်းမှာပင် မျက်လုံးထဲမှ မျက်ရည်များကို ထပ်မံ ဖိနှိပ်မထားနိုင်တော့ချေ။

ကျန်းယီချူးက သူတို့ကို ထပ်မတွေ့ချင်တော့ဘူးပဲ။

သူတို့အဖွဲ့သည် တောင်ပေါ်သို့ အလျင်အမြန် တက်လာခဲ့ကြသလို တောင်အောက်သို့ ဆင်းသက်ရာတွင်လည်း အလျင်အမြန်ပင် ဖြစ်သည်။

သတင်းသည် သီလရှင်လေးများ နေ့လယ်ပိုင်း ဆက်လက် သီလခံယူနေကြသော တရားဟော ကျောင်းဆောင်သို့ ရောက်ရှိသွားချိန်တွင် ကျန်းယီချူး၏ သစ်သားငါးကို ခေါက်ကာ ဘုရားစာရွတ်ဆိုနေသော စည်းချက်သည် တစ်ချက်ခန့် နှေးကွေးသွားခဲ့သည်။ တွေဝေသွားသည့် အခိုက်အတန့်တွင် သူမသည်လည်း ခေါင်းကို အနည်းငယ် စောင်းကာ မျက်လုံးများ နီရဲလျက် ကျောင်းဆောင် အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပုံရသည်။

သို့သော် လောကီနှင့် သက်ဆိုင်သော ထိုဝမ်းနည်းကြေကွဲမှု အနည်းငယ်လေးသည် မကြာမီမှာပင် ခမ်းနားကြီးကျယ်လှသော ဘုရားစာရွတ်ဆိုသံများကြားတွင် လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။

အပြန်လမ်းခရီး၏ ရေလမ်းကြောင်းသည် လော့ယန်သို့ တိုက်ရိုက် ရောက်ရှိနိုင်ပြီး ဒေသခံ အစိုးရအရာရှိများက စောစောစီးစီးပင် ခမ်းနားလှသည့် သင်္ဘောများကို စီစဉ်၍ စောင့်ဆိုင်းနေခဲ့ကြသည်။

ဝိန်းယွီသည် သင်္ဘောပေါ်သို့ မတက်မီ ဒေသခံ ခရိုင်အရာရှိများကို မှာကြားခဲ့လေသည်။ "နန်းတော်ကနေ မကြာခင် ရန်ပုံငွေ ချပေးပါလိမ့်မယ်။ ထုယွင် သီလရှင်ကျောင်းကို သေချာ ပြုပြင်မွမ်းမံပေးလိုက်ပါ။ တောင်ပေါ်မှာ အစောင့်စစ်သည်တွေ ထပ်တိုးချထားပေးပြီး ကျောင်းထဲက ဆရာလေးတွေရဲ့ လုံခြုံရေးကို သေချာပေါက် ကာကွယ်ပေးရမယ်။ နောက်ပိုင်း ကျောင်းထဲမှာ အခက်အခဲ တစ်ခုခုရှိရင် မင်းတို့က အများကြီး ဝိုင်းဝန်းကူညီပေးကြပါ။ တကယ်လို့ ဆုံးဖြတ်လို့မရတဲ့ ကိစ္စရှိရင် လော့ယန်ကို တိုက်ရိုက် သတင်းပို့နိုင်ပါတယ်"

ခရိုင်အရာရှိများသည် ဝိန်းယွီ ဤသို့ ပြုလုပ်ရခြင်းမှာ မည်သူ့အတွက်ဖြစ်ကြောင်းကို သဘာဝကျကျပင် သိရှိထားကြသဖြင့် အနည်းငယ်မျှပင် ပေါ့ဆမှုမရှိရဲဘဲ ခါးညွှတ်ကာ အကြိမ်ကြိမ် ခေါင်းညိတ် သဘောတူလိုက်ကြသည်။

သင်္ဘောကြီး စတင် ထွက်ခွာသွားပြီး ရေလမ်းကြောင်းတစ်လျှောက် ဆန်တက်သွားခဲ့သည်။ တောင်ကွေ့ကို ဖြတ်ကျော်သွားချိန်တွင် တောင်၏ အနောက်ဘက်၌ တောင်နှင့် အရပ်အမောင်း တူညီလုနီးပါးဖြစ်သော ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူ ပေါ်ထွက်လာခဲ့သည်။ သို့သော် ထိုရုပ်ပွားတော်ကြီးကို ထုဆစ်ခဲ့သည်မှာ အလွန် ကြာမြင့်နေပြီဖြစ်ကြောင်း ထင်ရှားနေပြီး ရုပ်ပွားတော်ကြီးသည် ရေစပ်တွင် တည်ရှိနေသဖြင့် ရေညှိများ ပေါက်ရောက်နေရုံသာမက နှစ်ပေါင်းများစွာ လေတိုက်ခတ်မှုကြောင့် ပျက်စီးယိုယွင်းနေသော အရိပ်အယောင်များလည်း ရှိနေလေသည်။

ကုန်းပတ်ပေါ်တွင် အတူတကွ ရှိနေကြသော အမတ်များသည်လည်း တအံ့တဩဖြစ်ကုန်ကြ၏။ ဤရုပ်ပွားတော်ကြီး၏ နောက်ခံသမိုင်းကြောင်းကို သိရှိသော အမတ်တစ်ဦးက သက်ပြင်းချကာ ပြောလိုက်၏။ "ဒါက ယခင် ချန်မင်းဆက် ကျားယုံနှစ်တွေတုန်းက ယွီမင်းသားက ကွယ်လွန်သွားတဲ့ မိခင်အတွက် ဆုတောင်းပေးဖို့ ထုဆစ်ခဲ့တာပါ။ နောက်တော့ အနှစ်ခုနစ်ဆယ်ကျော် ကြာအောင် ပြည်တွင်းစစ်တွေ ဖြစ်ခဲ့လို့ ခဏတဖြုတ် ရပ်ဆိုင်းထားခဲ့ရတယ်။ ယခင် ကျင့်မင်းဆက်က ချန်မင်းဆက်ကို အစားထိုး သိမ်းပိုက်ပြီးနောက်မှာ ကျင့်ဝမ်ကုန်းက ဒီနေရာကို အလည်အပတ် ရောက်လာတော့ ဒီရုပ်ပွားတော်ကြီးက တစ်ဝက်ပဲ ထုဆစ်ရသေးတာကို မြင်ပြီး ဒါက ကောင်းကင်ဘုံရဲ့ ဂုဏ်ကျက်သရေကို ထိခိုက်စေတယ်လို့ ယူဆလို့ ဆက်ပြီး ထုဆစ်ဖို့ အမိန့်ပေးခဲ့တယ်။ အဲ့ဒီနောက်ပိုင်း အနှစ်ငါးဆယ်ကျော် ထပ်ကြာမှ ဒီရုပ်ပွားတော်ကြီးက ထုဆစ်လို့ ပြီးစီးသွားတာပါ။ ဒါပေမယ့် ရုပ်ပွားတော်ကြီးကို အကာအကွယ်လုပ်ပေးဖို့ ကျောင်းဆောင် တည်ဆောက်ချိန်တောင် မရလိုက်ဘဲ ယခင် ကျင့်မင်းဆက်က နောက်ထပ် အနှစ်တစ်ရာ ကြာမယ့် ပဋိပက္ခတွေကို ထပ်စတင်ခဲ့ပြန်တာပါပဲ..."

ထိုအကြောင်းရင်းများကို ကြားသိရပြီးနောက် ကုန်းပတ်ပေါ်ရှိ အခြား အမတ်များသည်လည်း လိုက်ပါ၍ သက်ပြင်းချလိုက်မိကြသည်။ သို့သော် ဝိန်းယွီက မည်သည့်စကားမှ မပြောသည်ကို မြင်သောအခါ သူတို့က ယခင်မင်းဆက်များအကြောင်းကို လူပုံလယ်တွင် ပွင့်ပွင့်လင်းလင်း ပြောဆိုမိခြင်းမှာ အနည်းငယ် လွန်ကျူးသွားသည်ဟု ထင်မှတ်ကာ ကုန်းပတ်ပေါ်တွင် ဆက်လက် နေထိုင်ရန် မရဲတော့ဘဲ အကြောင်းပြချက် အမျိုးမျိုးရှာကာ အလျင်အမြန် လူစုခွဲ၍ ထွက်ခွာသွားကြတော့သည်။

မကြာမီမှာပင် ကုန်းပတ်ပေါ်တွင် ဝိန်းယွီနှင့် ရှောင်းလိ နှစ်ဦးသာ ကျန်ရှိနေတော့သည်။

ဝိန်းယွီသည် သင်္ဘောဦးတွင် အချိန်အကြာကြီး ရပ်နေပြီး အဝေးသို့ ငေးကြည့်နေခဲ့သည်။ သူမ၏ လက်မောင်းတွင် ရစ်ပတ်ထားသော ပုဝါသည် မြစ်ပြင်မှ လေတိုက်ခတ်မှုကြောင့် အနောက်ဘက်သို့ လွင့်မျောနေပြီး နံရံဆေးရေးပန်းချီများပေါ်ရှိ နတ်သမီးများ ကောင်းကင်သို့ ပျံသန်းနေသည့် အသွင်အပြင်နှင့်ပင် တူညီနေလေသည်။

ရှောင်းလိက အနားသို့ တိုးသွားကာ သူမကို မေးလိုက်၏။ "ဘာတွေ ကြည့်နေတာလဲ"

ဝိန်းယွီက မျက်လုံးများ နီရဲနေလျက် ပြန်ဖြေလိုက်လေသည်။ "ဒီတောင်၊ ဒီရေ နဲ့ ဒီရုပ်ပွားတော်ကြီးကို ကြည့်နေတာပါ"

လေပြေက သူမ၏ နားထင်ဘေးရှိ ဆံပင်စလေးများကို လှုပ်ခတ်သွားစေပြီး သူမ၏ မျက်နှာအမူအရာတွင်လည်း ဘဝအတွေ့အကြုံများ၏ အရိပ်အယောင်များ ပါဝင်လာခဲ့သည်။ "လူ့လောကမှာ စစ်မီးတွေက လောင်ကျွမ်းလိုက်၊ ငြိမ်းသွားလိုက်နဲ့ မင်းဆက်တွေလည်း တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲနေကြတယ်။ ဒီထာဝရ မပြောင်းလဲတဲ့ တောင်တန်းတွေ၊ မြစ်တွေနဲ့ ကျောက်ဆောင်တွေကြားမှာတော့ ညမွှေးပန်းလေး တစ်ပွင့် ပွင့်လာသလောက်ပဲ ရှိတာပါ။ နောင်လာနောက်သားတွေဆီကို လက်ဆင့်ကမ်းသွားမယ့် သမိုင်းမှတ်တမ်းတွေထဲမှာဆိုရင်လည်း စာမျက်နှာအသစ် တစ်မျက်နှာ လှန်လိုက်တာလောက်ပါပဲ"

"မင်းဆက်တွေတောင် ဒီလိုပဲဆိုရင် လူတွေဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူးပေါ့။ လာကြ၊ သွားကြနဲ့ နောက်ဆုံးမှာတော့ အရှေ့ဘက်ကို စီးဆင်းသွားတဲ့ မြစ်ရေတွေလိုပဲ၊ ပင်လယ်ထဲကို ရောက်သွားရင် ဘယ်တော့မှ ပြန်မလာနိုင်ကြတော့ဘူး..."

နောက်ဆုံး စာကြောင်းကို ပြောဆိုလိုက်ချိန်တွင် ဝိန်းယွီ၏ မျက်လုံးထဲရှိ ဝမ်းနည်းမှုများသည် နောက်ထပ် အဆပေါင်းများစွာ ပိုလေးလံလာခဲ့သည်။

ကုန်းပတ်ပေါ်တွင် လေပြင်းသဖြင့် ရှောင်းလိက ခြုံလွှာကို ဖြန့်ကာ သူမအတွက် လေကို အနည်းငယ် ကွယ်ပေးထားလိုက်သည်။ ထို့နောက် သူမနှင့်အတူ ကမ်းပါးနှစ်ဖက်ရှိ တောင်တန်းစိမ်းစိမ်းများကြားတွင် မရပ်မနား စီးဆင်းနေသော မြစ်ရေများကို ကြည့်ရင်း ပြောလိုက်လေသည်။ "မြစ်ရေတွေ အကုန် စီးထွက်သွားရင်တောင် ကိုက ထွက်မသွားဘူး"

ဝိန်းယွီသည် ထိုစကားဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားသော ဝမ်းနည်းမှုနှင့် အထီးကျန်ဆန်မှုများကြားတွင် ရုတ်တရက် မျက်ရည်ကျချင်လောက်အောင်ပင် စိတ်အေးချမ်းမှု တစ်မျိုးကို ခံစားလိုက်ရသည်။

သူမသည် အုပ်စုကွဲသွားသော ဗျိုင်းငှက်တစ်ကောင်ကဲ့သို့ အချိန်အကြာကြီး တောင်ပံခတ် ပျံသန်းနေခဲ့ရပြီး အားအင်ကုန်ခမ်းကာ အဆုံးအစမရှိသော ရေကန်နက်ကြီးထဲသို့ ပြုတ်ကျသွားတော့မည်ဟု ထင်မှတ်နေချိန်တွင် သူမ၏ ခြေအောက်၌ ကမ်းစပ်မြေပြင်တစ်ခုက သူမကို အမြဲတမ်း စောင့်ဆိုင်းနေခဲ့လေသည်။

ဝိန်းယွီသည် သူမ၏ ခေါင်းကို ရှောင်းလိ၏ ပခုံးပေါ်သို့ မှီလိုက်၏။ နီရဲမှုများ မပျောက်ကွယ်သေးသော သူမ၏ မျက်ဝန်းအောက်ခြေတွင် အဝေးရှိ မြစ်ရေလှိုင်းများနှင့် ကောင်းကင်အရောင်များက ထင်ဟပ်နေလေသည်။

ဤကမန်းကတမ်း ဖြတ်သန်းခဲ့ရသော ဘဝတစ်ဝက်တာ ကာလအတွင်း သူတို့သည် အမြဲတမ်း ဆုံးရှုံးမှုများဖြင့်သာ ရင်ဆိုင်ခဲ့ရသော်လည်း ယခုအခါ သူတို့သည် အချင်းချင်း၏ ကံကြမ္မာထဲတွင် ခွဲခြား၍ မရနိုင်သော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ရာ နောက်ထပ် မည်သည့်အခါမျှ ကွဲကွာသွားကြတော့မည် မဟုတ်ပေ။

သင်္ဘောကြီးသည် ကြည်လင်နေသော ရေလှိုင်းများကို တစ်လွှာပြီးတစ်လွှာ တိုက်ခွဲကာ နွေဦးရာသီ၏ တောင်တန်းများကြားတွင် ရှေ့သို့ ဆက်လက် ခရီးနှင်နေလေသည်။

အိမ်ပြန်မည့်သူများကို တင်ဆောင်လျက်…။

...

-ပြီးပါပြီ-

…

All Chapters