← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အပိုင်း (၂၆.၁)

နောက်ဆုံးတွင် ထိုလူအနားသို့ ချဉ်းကပ်သွားနိုင်ခဲ့ပြီး အစောင့်စစ်သည်နှစ်ယောက်က လူကို ဆွဲခေါ်ရန် ပြင်လိုက်ကြသည်။ သို့သော်လည်း ခွန်အားကုန်ခမ်းနေပြီဟု ထင်ရသော ထိုလူက နောက်တစ်ကြိမ် ရုတ်တရက် ထကြွလာလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြချေ။ သူ၏ လည်ချောင်းအတွင်းမှ သားရဲတစ်ကောင်နှယ် ဟိန်းဟောက်သံများ ထွက်ပေါ်လာလေသည်။ လက်ထဲရှိ ထင်းခုတ်ဓားက ဘေးတိုက် ပိုင်းချလိုက်ရာ သွေးရောင်များ လွှမ်းသွားခဲ့၏။ ရှုပ်ပွနေသော ဆံနွယ်များအောက်မှ သွေးများစွန်းထင်းနေသည့် ဝံပုလွေမျက်ဝန်းတစ်စုံက ရက်စက်ကြမ်းကြုတ်စွာဖြင့် ထိတ်လန့်ဖွယ် ကောင်းနေလေသည်။

အစောင့်စစ်သည်နှစ်ယောက်သည် ဟက်တက်ကွဲသွားသည့် ခါးနှင့် ဝမ်းဗိုက်ဒဏ်ရာများကို ဖုံးအုပ်ကာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြလေသည်။

လမ်းကြားအပြင်ဘက်ရှိ ဟော်မိသားစု၏ ကိုယ်ရံတော်စစ်သည်က ဤမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။ သူက လေးကို ထပ်ဆွဲရန် ပြင်ဆင်လိုက်ချိန်တွင် ရုတ်တရက် စစ်သည်တစ်ယောက် ရောက်လာပြီး ပြောလိုက်လေသည်။

"သခင်ကြီး... ဖူလင်သံကြိုး ယူလာခဲ့ပါပြီ!"

ဘေးနားရှိ တပ်မှူးငယ်က အစောင့်စစ်သည်နှစ်ယောက် ထမ်းယူလာသော သံကြိုးများကို လှည့်ကြည့်လိုက်ပြီး တံတွေးထွေးကာ ပြောလိုက်လေသည်။

"ဒီလူမိုက်လေးကို တော်တော် မျက်နှာသာပေးမိနေပြီ။ အရင်က အစ်ကိုကြီး မလာခင်တုန်းက ငါက သူ့ကို အရှင်ဖမ်းပြီး စစ်သူကြီးဆီ ခေါ်သွားချင်လို့ စစ်မြေပြင်မှာ စစ်သူကြီးတွေကို ချည်နှောင်တဲ့ ဖူလင်သံကြိုးကိုတောင် သွားယူခိုင်းလိုက်ရတာ"

ဖူလင်သံကြိုးဆိုသည်မှာ မူလက ဖူလုံသံကြိုးဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ယင်းသည် လွန်ခဲ့သောနှစ်များစွာက စစ်မြေပြင်တွင် ရန်သူ့စစ်သူကြီးများကို ဖမ်းဆီးရာ၌ အသုံးပြုသော သံကြိုးတစ်စုံ ဖြစ်လေသည်။ အဝေးမှ လှမ်းပစ်လိုက်ကာ ခြေလက်များကို ရစ်ပတ်စေပြီးနောက် အရပ်လေးမျက်နှာမှ စစ်သည်များက တင်းကျပ်စွာ ဆွဲထားလိုက်ရ၏။ မည်မျှပင် ခွန်အားကြီးမားသော စစ်ဘုရင်တစ်ပါး ဖြစ်နေပါစေ လေထဲတွင် တွဲလောင်းချိတ်ဆွဲ ခံရလိမ့်မည်။

နောင်တွင် 'လုံ' (နဂါး) ဆိုသော စကားလုံးက တော်ဝင်မိသားစု၏ တားမြစ်စကားလုံးနှင့် ငြိစွန်းနေသဖြင့် ဖူလင်သံကြိုးဟု နာမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်း ဖြစ်လေသည်။

သူက လမ်းကြားအတွင်းသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး အလွန် စိတ်ဝင်စားသွားသယောင် ပြောလိုက်လေသည်။

"ဒီကောင်စုတ်လေးရဲ့ အရည်အချင်းက မသေးဘူးပဲ။ တကယ်လို့ စစ်တပ်ထဲဝင်ပြီး စစ်သူကြီးရဲ့ လက်အောက်မှာသာ ဆိုရင် တော်တော်လေး အောင်မြင်လာနိုင်တယ်။ နှမြောစရာပဲ"

သူက လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်၏။

"ယူလာပြီးမှတော့ သူ့အတွက် သုံးလိုက်ကြ"

ဟော်မိသားစု၏ ကိုယ်ရံတော်စစ်သည်က ထိုစကားကို ကြားသောအခါ ဖူလင်သံကြိုးကို အသုံးပြု၍ ဖမ်းဆီးခြင်းက ပိုမိုစိတ်ချရသည်ဟု တွေးမိသဖြင့် လေးနှင့်မြားကို သိမ်းဆည်းလိုက်လေသည်။

ရှောင်းလိသည် ဓားကို မြေကြီးပေါ်တွင် ထောက်ထားလိုက်၏။ နားထဲတွင် သူ့နှလုံးခုန်သံများက တစ်ချက်ထက်တစ်ချက် ပိုမိုကျယ်လောင်လာနေသည်။ အမှန်တကယ်တော့ လမ်းကြားအပြင်ဘက်မှ စကားပြောသံများကို သူ ရှင်းရှင်းလင်းလင်း မကြားရတော့ချေ။ လွင့်စင်လာသော နှင်းပွင့်ကြီးများက လမ်းကြားအတွင်းသို့ ကျဆင်းလာပြီး သွေးရောင်စွန်းထင်းနေသော ရွှံ့နွံများထဲတွင် အရည်ပျော်သွားကြလေသည်။

သူက မျက်ခွံများကို အနည်းငယ် လှုပ်ရှားလိုက်သည်။ သွေးများနှင့် ချွေးများကြောင့် စေးကပ်နေသော ဆံနွယ်များကြားမှနေ၍ မီးခိုးရောင်သန်းနေသော ကောင်းကင်ကြီးကို ခက်ခဲစွာ မော့ကြည့်လိုက်၏။

စစ်နာရီ သုံးချက်တီးကို ရောက်နေပြီလား။

သစ်ကိုင်းခြောက်များပေါ်ရှိ ကျီးကန်းမည်းများက တောင်ပံခတ်ကာ ပျံသန်းသွားကြလေသည်။ သံမဏိဖြင့် ပြုလုပ်ထားသော သံကြိုးများက သက်ရှိသတ္တဝါတစ်ကောင်နှယ် သူ၏ ခြေထောက်နှစ်ဖက်ကို ရစ်ပတ်သွားခဲ့၏။ ထို့နောက် လူတစ်စုက သူ့ကို လမ်းကြားအပြင်ဘက်သို့ အင်တိုက်အားတိုက် ဆွဲခေါ်သွားကြလေသည်။

ရှောင်းလိသည် သူ့ခန္ဓာကိုယ်က ရုတ်တရက် ဟန်ချက်ပျက်သွားသလို ခံစားလိုက်ရသည်။ မီးခိုးရောင်သန်းနေသော ကောင်းကင်ပြင်နှင့် ကောင်းကင်တစ်ဝက်ကို ထောက်ကန်ထားသယောင် ရှိနေသည့် သစ်ပင်ခြောက်ကြီးတို့သည်လည်း မျက်စိတစ်မှိတ်အတွင်း နောက်ဘက်သို့ လွင့်စင်သွားကြလေသည်။

သူသည် နောက်သို့လန်ကျသွားမည့် အခိုက်အတန့်မှာပင် သူ၏ပင်ကိုသိစိတ်ဖြင့် သံကြိုးဆွဲရာဘက်သို့ ထင်းခုတ်ဓားကို လှမ်းပစ်လိုက်၏။ ထို့အပြင် မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် ဘယ်ဘက်မှ မြားဒဏ်ရာကို ထပ်မံဖိမိခြင်းမှ ကာကွယ်နိုင်ရန် ညာဘက်ပခုံးရိုးဖြင့် မြေကြီးကို ထောက်ကာ ကိုယ်ကို အစွမ်းကုန် စောင်းထားလိုက်လေသည်။

ထိုသို့ပြုလုပ်ထားသော်ငြား သူသည် ပေဝက်ခန့် အဆွဲခံလိုက်ရဆဲပင်။ ဓားကို ပစ်လွှတ်လိုက်သော လက်သည်လည်း ဆန့်ထုတ်လိုက်သည့် အခိုက်အတန့်မှာပင် သံကြိုးများ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရလေသည်။

ကံကောင်းထောက်မစွာဖြင့် ထင်းခုတ်ဓားက အရှေ့ဆုံးမှ သံကြိုးဆွဲနေသော အစောင့်စစ်သည်တစ်ယောက်ကို ထိမှန်သွားခဲ့သည်။ နောက်ဘက်ရှိ အစောင့်စစ်သည်များမှာ ထိတ်လန့်သွားကြပြီး ခွန်အားအနည်းငယ် လျော့ကျသွားကြလေသည်။ ယင်းက ရှောင်းလိကို အခွင့်အရေး ရရှိသွားစေခဲ့၏။ သူက ခြေထောက်နှစ်ဖက်ကို ကျဉ်းမြောင်းသော လမ်းကြား၏ အုတ်နံရံပေါ်တွင် အားပြုရာနေရာအဖြစ် ဖိထောက်လိုက်သည်။ ထို့နောက် လက်မောင်းနှစ်ဖက်တွင် ရစ်ပတ်နေသော သံကြိုးများကို တစ်စုတည်း ပေါင်းစည်းလိုက်ပြီး အပြင်ဘက်မှ သံကြိုးဆွဲနေသော အစောင့်စစ်သည်အများအပြားနှင့် အားပြိုင်လိုက်လေသည်။

အစောင့်စစ်သည်များမှာ မျက်နှာများ ရှုံ့မဲ့နေအောင် ဆွဲနေကြပြီး ရှိသမျှ အားများကိုပင် ထုတ်သုံးထားရလုနီးပါး ဖြစ်နေကြ၏။ ရှောင်းလိ၏ သွားများကြားတွင် သွေးများ စိမ့်ထွက်နေသည်။ နီရဲနေသော မျက်ဝန်းတစ်စုံအတွင်း ကြောက်မက်ဖွယ်ကောင်းသော လူသတ်ငွေ့များ လှိမ့်တက်နေပြီး ရက်စက်သော ဝံပုလွေတစ်ကောင်၊ သရဲတစ္ဆေတစ်ကောင်နှယ် ဖြစ်နေလေသည်။ သို့သော် အစောင့်စစ်သည်များမှာ သူ့ကို တစ်လက်မလေးပင် ဆက်ပြီး ရွှေ့လျားအောင် မလုပ်နိုင်တော့ချေ။

လမ်းကြားအပြင်ဘက်ရှိ တပ်မှူးငယ်နှင့် ဟော်မိသားစု၏ ကိုယ်ရံတော်စစ်သည်တို့မှာ ရင်ထဲတွင် အလွန်ထိတ်လန့်သွားကြ၏။ ဤအခိုက်အတန့်တွင် သူတို့၏ စိတ်ထဲ၌ ကြောက်ရွံ့မှုများပင် အနည်းငယ် ဖြစ်ပေါ်လာခဲ့လေသည်။

သူတို့သည် စစ်မြေပြင်ရှိ ရဲရင့်သော စစ်သူကြီးများကို ဝိုင်းဝန်းသတ်ဖြတ်ရာတွင်ပင် သည်လောက် အားစိုက်ထုတ်ရသည့် အချိန်မျိုး အလွန်နည်းပါးလှသည်။

သည်အချိန်တွင် ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်... ဒီကောင်လေး မသေရင် နောင်တစ်ချိန်မှာ အန္တရာယ်ကြီး ဖြစ်လာလိမ့်မယ်!

ဟော်မိသားစု၏ ကိုယ်ရံတော်စစ်သည်က လေးကို ပြန်လည် ဆုပ်ကိုင်လိုက်ချိန်တွင် ရှောင်းလိထံမှ ရက်စက်ကြမ်းကြုတ်သော ဟိန်းဟောက်သံတစ်ချက်ကို ရုတ်တရက် ကြားလိုက်ရ၏။ ကြွက်သားများ သန်မာတောင့်တင်းနေသော ထိုလက်မောင်းနှစ်ဖက်ပေါ်တွင် ပေါင်ထောင်ပေါင်းများစွာသော ခွန်အားများ ပေါက်ကွဲထွက်လာသယောင်ပင်။ သံကြိုးဆွဲနေသော အစောင့်စစ်သည်များမှာ အရှေ့ဘက်သို့ လွင့်စင်သွားလုနီးပါး ဆွဲငင်ခံလိုက်ရလေသည်။ အရှေ့ဆုံးက တစ်ယောက်မှာ လူရော သံကြိုးပါ ရှောင်းလိ၏ ခြေရင်းသို့ တိုက်ရိုက် လဲကျသွားခဲ့၏။ ရှောင်းလိက သူ့ကို သံကြိုးဖြင့် လည်ပင်းကို ရစ်ပတ်လိုက်ပြီး လည်ချောင်းကို အရှင်လတ်လတ် ဆွဲညှစ်ကာ ချိုးပစ်လိုက်လေသည်။

အစောင့်စစ်သည်များမှာ ဤမြင်ကွင်းကြောင့် ကြောက်လန့်တကြား ဖြစ်သွားကြပြီး လူးလှိမ့်တက်ပြေးကာ နောက်သို့ ဆုတ်သွားကြလေသည်။ သူတို့က ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

"သူက လူမဟုတ်ဘူး! သူက လူမဟုတ်ဘူး!"

ရှောင်းလိသည် လက်ထဲရှိ သံကြိုးကို လွှတ်ချလိုက်သည်။ မိမိကိုယ်တိုင် လည်ပင်းညှစ်သတ်လိုက်သော အစောင့်စစ်သည်က လမ်းကြားအတွင်းရှိ မည်းနက်နေသော ရွှံ့နွံများထဲသို့ လဲကျသွားသည်ကို လျစ်လျူရှုထားလိုက်၏။ သွေးရောင်လွှမ်းနေသော မျက်ဝန်းတစ်စုံဖြင့် လမ်းကြားအပြင်ဘက်ရှိ ဟော်မိသားစု၏ ကိုယ်ရံတော်စစ်သည်နှင့် တပ်မှူးငယ်တို့ကို စူးရဲစွာ စိုက်ကြည့်နေလေသည်။

ထိုသူနှစ်ယောက်စလုံးမှာ သူ့အကြည့်ကြောင့် ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်သွားကြလေသည်။ ဟော်ခွန်း၏ အရှေ့တွင် ရှိနေစဉ်ကပင် သည်လောက် ဖိအားပေးနိုင်သော လူသတ်ငွေ့နှင့် ကြောက်မက်ဖွယ် အရှိန်အဝါမျိုးကို မခံစားခဲ့ရဖူးဟု တွေးမိလိုက်ကြ၏။

ခဏလောက် တိတ်ဆိတ်သွားသော အချိန်အတွင်း အဝေးမှနေ၍ မြင်းခွာသံများက မိုးကြိုးပစ်ချလိုက်သည့်နှယ် ဆူညံစွာ ထွက်ပေါ်လာလေသည်။

မြင်းပေါ်ရှိ အစောင့်စစ်သည်၏ အမိန့်ပေးသံကလည်း နားစည်ကို အလွန်အမင်း စူးရှသွားစေခဲ့၏။

"ယုံချန်နယ်စားက မြို့စောင့်တပ်တွေကို စေလွှတ်ပြီး စစ်သူကြီးအိမ်တော်ကို ဝိုင်းထားလိုက်ပြီ။ ချက်ချင်း နောက်ဆုတ်ပြီး စစ်ကူပြန်လာဖို့ စစ်သူကြီးက အမိန့်ပေးလိုက်တယ်။ ဒီလူကို အရှင်ထားစရာ မလိုတော့ဘူး!"

တပ်မှူးငယ်နှင့် ဟော်မိသားစု၏ ကိုယ်ရံတော်စစ်သည်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများကို မြင်တွေ့လိုက်ကြလေသည်။

ရှောင်းလိသည် ထိုစကားကို ကြားသောအခါ အသက်ရှူရခက်ခဲစွာဖြင့်ပင် ရယ်မောလိုက်လေသည်။ သူသည် ခွန်အားများ ကုန်ခမ်းသွားသဖြင့် ကျောက်နံရံကို မှီကာ လျှောကျထိုင်ချလိုက်၏။ သူက ပြောလိုက်လေသည်။

"အောင်မြင်သွားပြီ"

တပ်မှူးငယ်က ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

"ခွေးမသား! ဒါက အချိန်ဆွဲတဲ့ နည်းဗျူဟာပဲ။ ငါ့ကို လာကစားသွားတာကိုး!"

သူက ခါးမှ ဓားကို ဆွဲထုတ်ကာ ရှောင်းလိကို သတ်ဖြတ်ပြီး ဒေါသဖြေရန် လမ်းကြားအတွင်းသို့ ဝင်ရောရန် ပြင်လိုက်ချိန်တွင် ဟော်အိမ်တော်၏ ကိုယ်ရံတော်စစ်သည်က တားဆီးလိုက်လေသည်။ သူက ရှောင်းလိကို အလွန်တရာ စိုးရိမ်ကြောက်ရွံ့စွာ စိုက်ကြည့်ရင်း ပြောလိုက်၏။

"မင်း အရင်ဆုံး တပ်တွေကို ခေါ်ပြီး ပြန်သွားလိုက်။ ဒီလူကို ငါ့တာဝန်ထား"

တပ်မှူးငယ်ကလည်း စစ်သူကြီးအိမ်တော်သို့ စစ်ကူသွားရန်မှာ ယခုလက်ရှိတွင် အရေးအကြီးဆုံး ကိစ္စဖြစ်ကြောင်း သိထား၏။ သူက လုံးဝကို မကျေမနပ်ဖြဖြင့် ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး မြင်းပေါ်သို့ ခုန်တက်ကာ အော်ဟစ်လိုက်လေသည်။

"ငါနဲ့အတူ စစ်သူကြီးအိမ်တော်ကို ပြန်မယ်!"

အစောင့်စစ်သည် တစ်သိုက်လုံးက သူ့နောက်မှနေ၍ မြင်းများကို ဒုန်းစိုင်းနှင်ကာ ထွက်ခွာသွားကြလေသည်။ ဟော်အိမ်တော်၏ ကိုယ်ရံတော်စစ်သည်က လေးကြိုးပေါ်တွင် မြားကို တင်လိုက်ပြီး ရှောင်းလိ၏ မျက်ခုံးနှစ်ခုကြားကို ချိန်ရွယ်လိုက်၏။ သူ၏ ရိုင်းစိုင်းကြမ်းတမ်းမှုကို မြင်တွေ့ခဲ့ရပြီးဖြစ်သောကြောင့် သူ့ရင်ထဲတွင် အမည်တပ်မရသော ကြောက်ရွံ့မှုတစ်ခုက အမြဲတစေ ရစ်ဝဲနေခဲ့လေသည်။

သူက ပြောလိုက်လေသည်။

"ကောင်လေး... ငါ့ရဲ့ ဒီမြားတစ်စင်းက မင်းကို မသတ်နိုင်ဘူးဆိုရင်တော့ ကောင်းကင်ဘုံက မင်းကို အသက်ရှင်စေချင်လို့ပဲ။ ကောင်းကင်ရဲ့ အလိုတော်ကို လွန်ဆန်လို့မရဘူး။ ဒီမြားတစ်စင်းပြီးသွားရင် မင်း သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ငါ ထပ်ပြီး ဝင်မစွက်ဖက်တော့ဘူး"

ရှောင်းလိ၏ စိုရွှဲနေသော ဆံနွယ်များက မျက်ဝန်းထောင့်များတွင် တွဲကျနေ၏။ သွေးရောင်မပြယ်သေးသော မျက်တောင်များအတွင်း၌ ထိုမြားတံပေါ်မှ အေးစက်စက် အလင်းရောင်များက ထင်ဟပ်နေလေသည်။

ဟော်အိမ်တော်၏ ကိုယ်ရံတော်စစ်သည်က လေးကြိုးကို လွှတ်လိုက်သည့် အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားခဲ့သည်။ ထိုသို့ တုန်ခါသွားမှုကြောင့် လက်လည်း လှုပ်သွားကာ မြားတံသည် မူလလားရာမှ အနည်းငယ် လွဲချော်သွားခဲ့လေသည်။

ရှောင်းလိသည် သူ လေးကြိုးလွှတ်လိုက်သည့် မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ဝါးဖြင့် ထောက်ကာ ဘေးသို့ လိမ့်ထွက်သွား၏။ ထိုမြားတံမှာ ခွန်အားလျော့ကျသွားသောကြောင့် သူ ယခုလေးတင် ထိုင်နေခဲ့သော နေရာတွင် ခပ်တိမ်တိမ်သာ စိုက်ဝင်သွားလေသည်။

ရှောင်းလိသည် အသက်ကို ဖမ်းရှူလိုက်ပြီး မျက်လုံးကို ပင့်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုဟော်မိသားစု၏ ကိုယ်ရံတော်စစ်သည်ကိုယ်တိုင် သူ၏ ရင်ဘတ်အလယ်တည့်တည့်တွင် မြားတစ်စင်း စိုက်ဝင်နေသည်ကို မြင်လိုက်ရ၏။ သူ ဒူးထောက် လဲကျသွားချိန်တွင် မျက်လုံးတစ်စုံက ရှောင်းလိရှိရာဘက်သို့ တောင့်တင်းစွာ စိုက်ကြည့်နေဆဲပင်။ သူ၏ ပါးစပ်ထဲမှ သွေးများ ယိုစီးကျလာပြီး စကားလုံးနှစ်လုံးကိုသာ ရေရွတ်သွားလေသည်။

"ကံကြမ္မာ......"

သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော အစောင့်စစ်သည်များက သူ၏ နောက်ဘက်မှ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြပြီး အဝေးမှနေ၍ မေးလိုက်ကြလေသည်။

"ရှောင်းလိဆိုတဲ့ သူရဲကောင်းလား"

ထိုအသံသည် အလွန်ဝေးကွာလွန်းသဖြင့် ရှောင်းလိပင် ရှင်းရှင်းလင်းလင်း မကြားရသလောက်ပ်။ တင်းကျပ်နေသော သူ၏ စိတ်အာရုံကြိုးလေး ပြေလျော့သွားပြီးနောက် သူသည် ကမ္ဘာလောကကြီး တစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရတော့သည်။ သူ၏ ဦးခေါင်းသည်လည်း သွေးညှီနံ့များကြောင့် အလွန်အမင်း ထိုးကိုက်နာကျင်လာပြီး ရင်ထဲတွင် မအီမသာပင် ဖြစ်လာခဲ့သည်။

ယုံချန်မြို့စောင့်တပ်သားများက လမ်းကြားအတွင်းသို့ ဝင်ရောက်လာကြသည်။ လမ်းကြားတစ်ခုလုံး အပြည့်ရှိနေသော သွေးကွက်များကို ကြည့်ကာ သူတို့၏ ရင်ထဲတွင်လည်း အလွန်အမင်း ထိတ်လန့်သွားကြ၏။ ဤနေရာတွင် အလွန် ပြင်းထန်သော သွေးထွက်သံယို တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေကြလေသည်။

မြို့စောင့်တပ်သား အနည်းငယ်က ရှေ့သို့တိုးကာ သူ့ကို တွဲထူလိုက်ကြသည်။ သူက ခက်ခဲစွာဖြင့် ပြောလိုက်လေသည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို မြို့အနောက်ဘက်က လမ်းကြားဟောင်းဆီကို ပို့ပေးပါ"

မြို့စောင့်တပ်သားက ပြောလိုက်၏။

"မြို့စားမင်းက မြို့အနောက်ဘက်က လမ်းကြားဟောင်းကို သွားရှာဖို့ ကျွန်တော်တို့ကို အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဘက်မှာ သခင်လေးရဲ့ မိသားစုကို မတွေ့ခဲ့ရပါဘူး"

ရှောင်းလိ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ တွဲထားသည့်လက်ကို ခါချလိုက်ပြီး သူကိုယ်တိုင် ယိုင်တိယိုင်တိုင်ဖြင့် အပြင်ဘက်သို့ အလျင်အမြန် ထွက်သွားလေတော့သည်။

...

အုပ်ချုပ်ရေးမှူးအိမ်တော်။

ဝိန်းယွီသည် သခင်မကြီးကျိုးနှင့်အတူ စားပွဲဘေးတွင် ထိုင်ကာ သတင်းပြန်လည်ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ သို့သော် လက်ဖက်ရည်ကို အကြိမ်ကြိမ် ပြန်လည်ကျိုချက်ခဲ့သော်ငြားလည်း အောင်ပွဲသတင်းမှာ ရောက်ရှိမလာသေးချေ။

သူမသည် အမြဲတစေ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်းတို့ကို မျက်နှာပေါ်တွင် အထင်အရှား ပြသလေ့မရှိဘဲ သူမ၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သခင်မကြီးကျိုးမှာ ပါးစပ်မှ နှစ်သိမ့်စကားများ ပြောနေသော်လည်း ပြတင်းပေါက်အပြင်ဘက်သို့ မကြာခဏ လှမ်းမျှော်ကြည့်နေ၏။ သူမသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း ထင်ရှားလှပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ဘာဖြစ်လို့ သတင်းတစ်ခုလေးတောင် ရောက်မလာသေးတာလဲ"

ဝိန်းယွီသည် ပြတင်းပေါက်ဘေးတွင် ထိုင်နေသည်။ သူမက တံတောင်ဆစ်ကို ထောက်ထားပြီး စားပွဲပေါ်ရှိ သဲနာရီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ ထိုသဲနာရီအတွင်းရှိ သဲများက စစ်ရှီနာရီ ငါးချက်တီးကို ဖြတ်သန်းသွားချိန်တွင် သူမ၏ လက်ထဲရှိ အမွှေးတိုင်ပြာကို ဖယ်ရှားသော တုတ်တံလေးသည် "ဂျွတ်ခနဲ” အသံမည်ကာ ကျိုးပဲ့သွားခဲ့သည်။ နောက်ဆုံးတွင် သူမ၏ မျက်ဝန်းအောက်ခြေတွင်လည်း စိတ်မရှည်မှု အရိပ်အယောင် အနည်းငယ် ပေါ်လွင်လာခဲ့တော့သည်။

ဤအချိန်တွင် ခြံဝင်းအပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာ၏။

ဝိန်းယွီနှင့် သခင်မကြီးကျိုးတို့သည် တစ်ပြိုင်နက်တည်းနီးပါး အပြင်ဘက်သို့ မော့ကြည့်လိုက်ကြ၏။

အစောင့်စစ်သည်က ပန်းဆွဲတံခါးပေါက်သို့ အမြန်လျှောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ လက်နှစ်ဖက်ကိုယှက်လျက် ပြောလိုက်လေသည်။

"သခင်မကြီးကို သတင်းပို့ပါတယ်။ အောင်ပွဲရခဲ့ပါပြီ..."

သခင်မကြီးကျိုးက စားပွဲကို ထောက်ကာ မတ်တတ်ရပ်လိုက်သည်။ သူမမှာ အလွန်အမင်း ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျဆင်းလာခဲ့ပြီး လေထဲတွင် ချိတ်ဆွဲခံနေရသော နှလုံးသားမှာလည်း နောက်ဆုံးတွင် မူလနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။ သို့သော် ဤကဲ့သို့ စိတ်ခံစားမှုများ အတက်အကျ ပြင်းထန်သွားမှုကြောင့် သူမသည် ခေါင်းမူးဝေလာခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ဝိန်းယွီက အချိန်မီ တွဲထားလိုက်နိုင်သောကြောင့်သာ မြေကြီးပေါ်သို့ လဲကျမသွားခဲ့ချေ။

ဝိန်းယွီက ပြောလိုက်သည်။ "ဒါက ဝမ်းသာစရာ ကိစ္စကြီးပါ။ သခင်မကြီး ဝမ်းသာလွန်းပြီး မငိုပါနဲ့။ ကျန်းမာရေး ထိခိုက်လိမ့်မယ်"

သခင်မကြီးကျိုးက ဘေးအန္တရာယ်မှ လွတ်မြောက်လာသူတစ်ယောက်နှယ် မျက်ရည်များဝဲကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သတင်းလာပို့သော အစောင့်စစ်သည်ကို ထပ်မံမေးမြန်းလိုက်၏။

"လူကြီးမင်းက အခု ဘယ်မှာလဲ"

အစောင့်စစ်သည်က ရိုသေလေးစားစွာ ပြန်ဖြေလိုက်လေသည်။

"ဟော်ခွန်းက အသတ်ခံလိုက်ရပေမယ့် သူ့ရဲ့ နောက်လိုက်တွေက အရပ်လေးမျက်နှာကို ထွက်ပြေးနေကြပါတယ်။ မြို့စားမင်းက အခု သူတို့ကို ရှင်းလင်းဖမ်းဆီးနေပါတယ်"

ထိုအခါမှသာ သခင်မကြီးကျိုးသည် လုံးဝ စိတ်အေးသွားတော့သည်။

ဝိန်းယွီကတော့ မေးလိုက်လေသည်။

"ရှောင်း မျိုးရိုးနဲ့ သူရဲကောင်းနဲ့ သူ့ရဲ့ မိသားစုကိုရော တွေ့ပြီလား"

အစောင့်စစ်သည်က သူမကို မသိသော်လည်း သခင်မကြီးကျိုး အနားရှိ အစေခံမိန်းကလေးဟုသာ ထင်မှတ်ကာ ရိုသေလေးစားစွာပင် ပြောလိုက်၏။

"ရှောင်း မျိုးရိုးနဲ့ သူရဲကောင်းကိုတော့ တွေ့ပါပြီ။ ဒါပေမယ့် မြို့အနောက်ဘက်က လမ်းကြားဟောင်းမှာ သူ့ရဲ့ မိသားစုကိုတော့ မတွေ့ခဲ့ပါဘူး"

ဝိန်းယွီသည် မျက်မှောင်ကြုတ်သွားသည်။ ရှောင်းဟွေ့နျန်တို့ကို ခေါ်ဆောင်သွားနိုင်မည့်သူမှာ မည်သူဖြစ်နိုင်ကြောင်းကို အလျင်အမြန် တွေးတောလိုက်သည်။

သူမက မေးလိုက်သည်။

"ရှင်တို့တွေ ဟော်ခွန်းရဲ့ လက်အောက်ငယ်သားတွေဆီမှာ အသက် ၃၀ ကျော် အမျိုးသမီး တချို့ကိုများ တွေ့ခဲ့သေးလား"

အစောင့်စစ်သည်က ခေါင်းခါပြလိုက်လေသည်။

...

အပိုင်း (၂၆.၂)

ဝိန်းယွီသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပစ်မှတ်ကို သတ်မှတ်လိုက်လေသည်။ ဟော်ခွန်း မဟုတ်ဘဲ ရှောင်းဟွေ့နျန်တို့ကို ရှာဖွေရန် ဤမျှလောက် အားထုတ်မည့်သူဆိုသည်မှာ လောင်းကစားရုံမှ ရှောင်းလိ၏ သူဌေးသာ ဖြစ်ပေလိမ့်မည်။

သူမသည် သခင်မကြီးကျိုးဘက်သို့ လှည့်ကာ ပြောလိုက်၏။

"သခင်မကြီး... ချန်ခွန်းလောင်းကစားရုံ သူဌေး နာမည်နဲ့ ရှိနေတဲ့ အိမ်တွေ၊ အဆောက်အဦးတွေ အားလုံးကို ရှာဖွေဖို့ ကျွန်မကို လူအင်အား နည်းနည်းလောက် ထပ်ပြီး ချထားပေးပါဦး"

ဟန်မျိုးရိုးရှိသူက လူဝှက်ထားနိုင်မည့် နေရာဆိုသည်မှာ သူ၏အမည်ပေါက် ပိုင်ဆိုင်မှုများသာ ဖြစ်ပေလိမ့်မည်။

ချန်ခွန်းလောင်းကစားရုံ။

လောင်းကစားရုံသည် ပြီးခဲ့သောညက တစ်စစီ ရိုက်ချိုးဖျက်ဆီးခံခဲ့ရသဖြင့် ယနေ့တွင် စီးပွားရေးလုပ်ရန် တံခါးဖွင့်မထားချေ။

အဓိကတံခါးကြီးမှာ ဟဟလေးသာ ပိတ်ထားသဖြင့် အလင်းရောင် အနည်းငယ်မျှသာ ဝင်ရောက်လာပြီး ခန်းမအတွင်း၌ ပိုပြီး မှိန်ဖျော့နေလေသည်။

"ပြောစမ်း! မင်း ရှောင်းလိရဲ့ မိန်းမပျက် အမေတွေကို ဘယ်မှာ ဝှက်ထားတာလဲ" ခေါင်းကြီးကြီးနှင့် စတုရန်းပုံ မျက်နှာရှိသော ယောက်ျားကြီးသည် မြေပြင်ပေါ်ရှိ လူကို ရက်စက်စွာ ထပ်မံကန်ကျောက်လိုက်လေသည်။

လူငယ်လေးသည် တစ်ကိုယ်လုံး သွေးများစွန်းထင်းနေပြီး နာကျင်မှုကြောင့် ခန္ဓာကိုယ်လေးက ကွေးနေ၏။ သူ၏ မျက်လုံးများမှာ အရောင်အဆင်း ကင်းမဲ့နေပြီ ဖြစ်သော်လည်း သွေးများ စိမ့်ထွက်နေသော ပါးစပ်မှ ထိုစကားလုံး အနည်းငယ်ကိုသာ ရေရွတ်နေဆဲပင်။

"ကျွန်တော် မသိဘူး......"

ထိုယောက်ျားကြီးမှာ ဒေါသထွက်လာတော့သည်။ ယခုအချိန်အထိ ရိုက်နှက်ကန်ကျောက်နေရသဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ချွေးများပင် ထွက်နေလေပြီ။ အပူသက်သာစေရန် အင်္ကျီကော်လာကို ဆွဲဟလိုက်ပြီးနောက် သူက ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ဟော်ရှောင်အန်း၏ ဆံပင်များကို ဆွဲကိုင်လိုက်လေသည်။ သူ၏ ဦးခေါင်းကို အားဖြင့် ဆွဲမော့လိုက်ပြီးနောက် ကြမ်းကြုတ်စွာ ရယ်မောရင်း ပြောလိုက်၏။

"မသိဘူး ဟုတ်လား။ လောင်းကစားတစ်ရုံလုံးနဲ့ လောင်းကစားရုံက ညီအစ်ကိုတွေရဲ့ အိမ်တွေအားလုံးကို မနေ့ညက အစောင့်စစ်သည်တွေ ရှာဖွေသွားကြတယ်။ ကျန်းဟူတို့တောင် အခု ထောင်ထဲမှာ ရှိနေသေးတာ။ မင်းတစ်ယောက်တည်း ဘယ်သွားပုန်းနေမှန်း မသိဖြစ်နေတာ။ မင်းက ရှောင်း မျိုးရိုးနဲ့လူတွေနဲ့ အတူရှိမနေခဲ့ဘူးလို့ ပြောရဲသေးတာလား"

ဟော်ရှောင်အန်း၏ မေးစေ့ဖျားမှနေ၍ သွေးပေါက်များက မြေပြင်ပေါ်သို့ တတောက်တောက်ကျနေပြီး။ မျက်ခွံများကိုပင် ခဲခဲယင်းယင်း ဖွင့်ထားရ၏။ သူသည် စကားမပြန်တော့ချေ။

ထိုယောက်ျားကြီး၏ မျက်နှာတွင် ရက်စက်မှုများ ပြည့်နှက်သွားပြီး အေးစက်စွာ ပြောလိုက်လေသည်။ "သေချင်ယောင် ဆောင်နေတာလား"

သူက ဟော်ရှောင်အန်း၏ ဦးခေါင်းကို ဆွဲကိုင်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။ အချက်အနည်းငယ်မျှ ဆောင့်ချပြီးနောက်တွင် သွေးများ ထပ်မံယိုစီးကျလာခဲ့၏။ ဟော်ရှောင်အန်း၏ အော်သံလေးမှာ ကြောင်ပေါက်လေး တစ်ကောင်နှယ် တိုးညှင်းသွားပြီး အမှန်တကယ်ပင် အသက်မရှင်နိုင်တော့မည့်ပုံ ရှိနေလေသည်။

ထိုယောက်ျားကြီးမှာ ဒေါသ မပြေနိုင်သေးဘဲ လူကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်လေသည်။ အသားစိုင်များ ပြည့်နှက်နေသော သူ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော ကလဲ့စားချေလိုသည့် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။

"မင်းက အဖေဘယ်သူမှန်း မသိတဲ့ အဲ့ဒီခွေးမသားနောက်ကို နေ့တိုင်းလိုက်ပြီး တော်တော် အထက်စီးဆန်နေခဲ့တာပဲ။ ဒီအချက်တွေက အရင်တုန်းက ငါက ပြည့်တန်ဆာတစ်ယောက်ကို သေအောင်လုပ်ခဲ့လို့ သူက ငါ့ကို ပြန်လုပ်ခဲ့တဲ့ အချက်တွေပဲ။ မင်းရဲ့ ခွေးမသား အစ်ကို(၂) ကိုယ်စား မင်းပဲ ခံလိုက်တော့!"

သူက ထိုသို့ပြောရင်း ခြေထောက်ကို မြှောက်ကာ ကန်ရန် ပြင်လိုက်စဉ် မှောင်ရိပ်ကျနေသော နေရာမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

"တော်လောက်ပြီ"

ယောက်ျားကြီးသည် လက်တင်ကုလားထိုင်ပေါ်တွင် ကျောခိုင်းထိုင်နေသော ဟန်ထန်ကျုံးကို မော့ကြည့်လိုက်၏။ ထိုအခါမှသာ ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရယ်မောကာ ပြောလိုက်၏။

"သူဌေး... ဒီကောင်စုတ်လေးက ပါးစပ် တော်တော်လုံတယ်။ ပြင်းပြင်းထန်ထန် မလုပ်ရင် သူ ဝန်ခံမှာ မဟုတ်ဘူး"

ဟန်ထန်ကျုံးက စကားပြန်မပြောချေ။ သူသည် မတ်တတ်ရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ခွေးပေါက်လေး တစ်ကောင်နှယ် ကွေးနေသော ဟော်ရှောင်အန်းကို အုံ့မှိုင်းသော အမူအရာဖြင့် ကြည့်လိုက်လေသည်။ အနီးသို့ လျှောက်သွားပြီးနောက် ကြင်နာသော မျက်နှာထားသို့ ပြောင်းလဲလိုက်ကာ ဆောင့်ကြောင့်ထိုင်ချရင်း ပြောလိုက်၏။

"ရှောင်အန်း... မင်းက ငါ့မျက်စိရှေ့မှာ ကြီးပြင်းလာတဲ့ ကလေးပါ။ ရှောင်းလိ လောင်းကစားရုံကို ရောက်လာတုန်းက အနည်းဆုံးတော့ အသက် ၁၅ နှစ် ရှိနေပြီလေ။ မင်းကတော့ အသက် ၁၀ နှစ်ကတည်းက ရောက်လာခဲ့တာ။ မင်း အရပ်တွေ တစ်နှစ်ထက်တစ်နှစ် ရှည်လာပြီး အခုလောက်အထိ ကြီးလာတာကို ငါ ကြည့်လာခဲ့တာပါ"

သူက ထိုသို့ပြောရင်း လက်ကို မြှောက်ကာ အရွယ်အစားကို ပြသလိုက်သည်။ ဤအခိုက်အတန့်တွင် အမှန်တကယ်ပင် မေတ္တာရှိသော လူကြီးတစ်ယောက်လို ဖြစ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်လေသည်။

"မင်း လောင်းကစားရုံကို စရောက်လာတုန်းက အရိုးပေါ် အရေတင် ပိန်လှီနေပြီး စကားလည်း သိပ်မပြောတတ်ဘူး။ တစ်နေ့လုံး အမြီးလေး တစ်ခုလို ရှောင်းလိနောက်ကိုပဲ လိုက်နေခဲ့တာကို ငါ မှတ်မိပါသေးတယ်။ ရှောင်းလိက မင်းကို ကောက်ယူလာခဲ့တဲ့ ကျေးဇူးကို မင်း အောက်မေ့နေတယ်ဆိုတာ ငါ သိပါတယ်။ လောင်းကစားတစ်ရုံလုံးမှာလည်း မင်းနဲ့ သူက အရင်းနှီးဆုံးပဲလေ။ ဒါပေမယ့် ရှောင်အန်း... မင်းကို ကောက်ယူလာခဲ့တာက သူဆိုပေမယ့် နောက်ဆုံးမှာ မင်းကို လက်ခံထားခဲ့တာက ငါဆိုတာကို မင်း မမေ့ပါနဲ့။ ရှောင်းလိက မင်းရဲ့ ကျေးဇူးရှင် ဖြစ်သလို ငါကလည်း မင်းရဲ့ ကျေးဇူးရှင်ပါပဲ... ဟုတ်တယ် မဟုတ်လား။ ငါက စေတနာနဲ့ မင်းကို ထမင်းတစ်ပန်းကန် ကျွေးခဲ့တာ။ မင်းက ဒီလို ကျေးဇူးကန်းလို့ မရဘူးလေ။ လိမ္မာတဲ့ ကလေး... မင်းသာ ရှောင်းလိအမေရဲ့ နေရာကို ပြောပြမယ်ဆိုရင် ငါ အခုချက်ချင်း သမားတော် ခေါ်ပေးမယ်။ ပြီးတော့ မင်းကို မွေးစားသားအဖြစ် အသိအမှတ်ပြုပြီး နောက်ပိုင်းကျရင် လောင်းကစားရုံကိုပါ မင်းကို စီမံခိုင်းမယ်... ဘယ်လိုလဲ"

ဟော်ရှောင်အန်း စိုးရိမ်နေမှာကို စိုးရိမ်သဖြင့် သူက ဆက်ပြောလိုက်လေသည်။

"စိတ်ချပါ... မိန်းမသား နည်းနည်းပါးပါးကို ငါ ဒုက္ခမပေးပါဘူး။ သူတို့ကို အသုံးချပြီး ရှောင်းလိကို အဖမ်းခံဖို့ ဖျောင်းဖျရုံလေးပါ။ နောက်ပိုင်းကျရင် ရှောင်းလိကိုယ်စား သူတို့ကို ငါ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးဦးမှာပါ!"

ဟော်ရှောင်အန်းမှာ သူ၏ ဤစကားများကြောင့် စိတ်လှုပ်ရှားသွားသယောင်ရှိပြီး နှုတ်ခမ်းများက ခပ်ဖွဖွလေး လှုပ်ရှားသွားလေသည်။

ဟန်ထန်ကျုံးက ရှင်းရှင်းလင်းလင်း မကြားရသဖြင့် အနီးသို့ ထပ်တိုးသွားကာ မေးလိုက်၏။

"ဘာလဲ"

ဟော်ရှောင်အန်း၏ နှုတ်ခမ်းများက ဆက်လက်လှုပ်ရှားနေသော်လည်း အသံကတော့ လုံးဝ မကြားရလောက်အောင် တိုးညှင်းနေလေသည်။

ဟန်ထန်ကျုံးသည် သူ ဘာပြောနေသည်ကို ရှင်းရှင်းလင်းလင်း ကြားနိုင်ရန် နားကို သူ၏ နှုတ်ခမ်းအနီးသို့ ကပ်ပေးလိုက်ရတော့သည်။

မျှော်လင့်မထားဘဲ ဟော်ရှောင်အန်းက ပါးစပ်ကို ဟကာ သူ၏ နားရွက်ကို ကိုက်ချလိုက်လေသည်။ ဟန်ထန်ကျုံးသည် နာကျင်လွန်းသဖြင့် စူးရှစွာ အော်ဟစ်လိုက်ပြီး အသည်းအသန် ရုန်းထွက်ရန် ကြိုးစားသော်လည်း ဟော်ရှောင်အန်းက သေသည့်တိုင် အလွှတ်မပေးရန် ဆုံးဖြတ်ထားဟန် ရှိလေသည်။

ဘေးနားရှိ လူမိုက်များက ဤမြင်ကွင်းကို မြင်သောအခါ အလျင်အမြန်ပင် ဟော်ရှောင်အန်း၏ ဝမ်းဗိုက်ကို တစ်ချက် ထိုးချလိုက်ကြသည်။ ဟော်ရှောင်အန်းသည် နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ခါသွားပြီး ခွန်အားများ လျော့ကျသွားလေသည်။

ဟန်ထန်ကျုံးသည် ဘေးသို့ လဲကျသွားပြီး သူ၏ နားရွက်ကို လက်ဖြင့် စမ်းကြည့်လိုက်သောအခါ လက်တစ်ပြင်လုံး သွေးများ ပေကျံနေသည်ကို တွေ့လိုက်ရ၏။ ဟော်ရှောင်အန်းသည် သူ၏ နားရွက်တစ်ဝက်နီးပါးကို ကိုက်ဖြတ်ပစ်လိုက်ခြင်း ဖြစ်လေသည်။

သူသည် ရိုက်နှက်ခံလိုက်ရသဖြင့် ပါးစပ်မှ သွေးများ အန်ကျလာသော်လည်း ဟန်ထန်ကျုံးကို ကြည့်ကာ တစ်ထစ်ချင်း လှောင်ပြောင်ရယ်မောနေဆဲပင်။

"ငါ မသိဘူးလို့ မထင်နဲ့... လွန်ခဲ့တဲ့ နှစ်တွေတုန်းက လောင်းကစားရုံမှာ ငါ စားသောက်နေထိုင်တာတွေ အားလုံးက ငါ့အစ်ကို(၂)ရဲ့ လုပ်အားခထဲကနေ နှုတ်ထားတာပဲ။ မင်းရဲ့ အတုအယောင် စေတနာတွေကို လာမပြနဲ့......"

ထင်းရှူးပင် အခေါက်လို တွန့်လိမ်နေသော ဟန်ထန်ကျုံး၏ မျက်နှာအိုကြီးမှာ လုံးဝ အုံ့မှိုင်းသွားတော့သည်။ သူသည် သွေးများ အဆက်မပြတ် စီးကျနေသော နားရွက်ကို ပဝါဖြင့် ဖုံးအုပ်ထားကာ အခြားသူများ၏ တွဲထူမှုဖြင့် မတ်တတ်ရပ်လိုက်ပြီး ရက်စက်စွာ ပြောလိုက်လေသည်။

"အကောင်းအဆိုး နားမလည်တဲ့ကောင်... သူ့ကို အသေသာ ရိုက်သတ်ပစ်လိုက်!"

တံခါးဘေးတွင် စောင့်နေသော လူမိုက်တစ်ချို့သည် ချက်ချင်းပင် ဝိုင်းအုံသွားကြပြီး သက်မဲ့ပစ္စည်း တစ်ခုကို ကန်ကျောက်သည့်နှယ် တစ်ယောက်တစ်ချက် အဆက်မပြတ် ကန်ကျောက်ကြလေသည်။

ဟော်ရှောင်အန်းသည် အစပိုင်းတွင် ရုန်းကန်နေသေးသော်လည်း နောက်ပိုင်းတွင်တော့ ကွေးကောက်ကာ လုံးဝ မလှုပ်ရှားတော့သလောက်ပင်။

လောင်းကစားရုံ၏ တစ်ဝက်တစ်ပျက် ပိတ်ထားသော အဓိကတံခါးကြီးမှာ ဤအချိန်တွင် တွန်းဖွင့်ခံလိုက်ရ၏။ ကောင်းကင်မှ အလင်းရောင်များ ကျဆင်းလာပြီး သွေးများဖြင့် စိုရွှဲနေသော ဟော်ရှောင်အန်း၏ အဝတ်အစားများပေါ်သို့ ကျရောက်သွား၏။ လောင်းကစားရုံမှ ဆိုင်တာဝန်ခံသည် ထိတ်လန့်နေသော မျက်နှာဖြင့် ပြောလိုက်လေသည်။

"သခင်ကြီး! ဟော်ခွန်းကို အုပ်ချုပ်ရေးမှူးက ဖမ်းဆီးပြီး သတ်ပစ်လိုက်ပြီ!"

ဟန်ထန်ကျုံးသည် ထိုစကားကို ကြားသောအခါ မျက်နှာပေါ်ရှိ ဒေါသများက ဝမ်းသာမှုအဖြစ်သို့ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်လေသည်။

"ဒါက ကောင်းကင်ဘုံက ငါ့ကို မသေစေချင်သေးတာပဲ!"

သို့သော် လောင်းကစားရုံ ဆိုင်တာဝန်ခံ၏ မျက်နှာပေါ်တွင်တော့ စိတ်သက်သာရာရသွားဟန် မရှိဘဲ အနည်းငယ် ထိတ်လန့်စွာဖြင့် ပြောလိုက်လေသည်။

"လမ်းမပေါ်မှာ အစောင့်စစ်သည်တွေ အများကြီး ဒီဘက်ကို လာနေကြတယ်!"

ဟန်ထန်ကျုံးသည် သူ့စာရင်းစာအုပ်က ရှောင်းလိ၏ လက်ထဲတွင် ရှိနေသေးသည်ကို သတိရသွားသောအခါ မျက်နှာအမူအရာမှာလည်း ထိတ်လန့်သွားတော့သည်။ သူက ပါးစပ်မှ ကျိန်ဆဲလိုက်ပြီးနောက် လူအုပ်ကြီးကို ခေါ်ကာ အလျင်အမြန် ထွက်ပြေးသွားကြလေသည်။

နှင်းများက သဲကြီးမဲကြီး ကျဆင်းနေပြီး အေးစက်သော လေပြေက ရှောင်းလိ၏ ချွေးများစိုရွှဲနေသော ဆံနွယ်များကိုပင် မာတောင့်သွားစေသည်။

နာကျင်တောင့်တင်းကာ ဒဏ်ရာများ ပြည့်နှက်နေသော သူ့လက်က လောင်းကစားရုံ၏ ဟဟလေး ပိတ်ထားသော အဓိကတံခါးကြီးကို တွန်းဖွင့်လိုက်၏။ မြေပြင်ပေါ်တွင် လဲကျနေသော လူကို မြင်လိုက်ရသောအခါ သူသည် အေးခဲသွားသယောင် မျက်ဝန်းအောက်ခြေရှိ သွေးရောင်များက ထိုအခိုက်အတန့်တွင် ပိုပြင်းထန်လာခဲ့တော့သည်။

သူနှင့်အတူ လိုက်ပါလာသော မြို့စောင့်တပ်သားများမှာလည်း မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်သွားသည်အထိ ရိုက်နှက်ခံထားရသော လူငယ်လေးကို မြင်သောအခါ ရင်ထဲတွင် အလွန်တုန်လှုပ်သွားကြလေသည်။ ရှောင်းလိသည် ထိုလူငယ်လေးကို သွားရောက် ကြည့်ရှုနေပြီ ဖြစ်သဖြင့် သူတို့က လောင်းကစားရုံ၏ အရပ်လေးမျက်နှာ၌ အခြားသူများကို စတင်ရှာဖွေလိုက်ကြ၏။

ရှောင်းလိသည် ဟော်ရှောင်အန်း၏ ပေါက်ပြဲနေသော နဖူး၊ မျက်နှာတစ်ခုလုံးရှိ သွေးကွက်များနှင့် ထူးဆန်းစွာ တွန့်လိမ်နေသော လက်ဆစ်များကို ကြည့်လိုက်လေသည်။ ဤလောကကြီးထဲက အေးစက်သော လေထုက ဤအခိုက်အတန့်တွင် သူ့အဆုတ်အတွင်းသို့ ဆူညံစွာ တိုးဝင်လာသယောင် ခံစားလိုက်ရပြီး အပ်နှင့်ထိုးသည့်နှယ် အလွန်အမင်း နာကျင်လာခဲ့၏။

သူသည် ဟော်ရှောင်အန်းကိုပင် မထိရဲတော့လောက်အောင် ဖြစ်နေတော့သည်။ သူ၏ လက်မောင်းကို ထိတွေ့လိုက်ပြီး အားနည်းသော သွေးခုန်နှုန်းလေး ရှိနေသေးသည်ကို တွေ့ရသောအခါမှသာ လူကို ပွေ့ချီရန် ကြိုးစားလိုက်ပြီး ပြောလိုက်လေသည်။

"ရှောင်အန်း... အစ်ကို(၂) မင်းကို သမားတော်ဆီ ခေါ်သွားပေးမယ်"

ဟော်ရှောင်အန်းသည် ခန္ဓာကိုယ် ရွှေ့ခံလိုက်ရသဖြင့် သွေးများ ပေကျံနေသော မျက်ခွံများက တုန်ခါသွားပြီး ဖြည်းညှင်းစွာ အနည်းငယ် ပွင့်လာခဲ့လေသည်။ ရောက်လာသူကို မြင်လိုက်ရသောအခါ သူက အားနည်းစွာဖြင့် ပြောလိုက်၏။

"အစ်ကို(၂)......"

ထိုအချိန်မှာပင် လောင်းကစားရုံကို တစ်ပတ်လှည့်လည် ရှာဖွေပြီးနောက် မြို့စောင့်တပ်သားက ပြောလိုက်လေသည်။

"လောင်းကစားရုံထဲမှာ တခြားသူတွေကို မတွေ့ပါဘူး!"

ဟော်ရှောင်အန်းသည် ထိုအသံကို ကြားသောအခါ ခက်ခဲစွာဖြင့် ပြောလိုက်လေသည်။

"ဒေါ်ဒေါ်... ဒေါ်ဒေါ်တို့ကို ကျွန်တော် စကားမပြောနိုင်တဲ့ ဦးလေးကြီးရဲ့ စားကြွင်းစားကျန် လှည်းထဲမှာ ဝှက်ပြီး လုံခြုံတဲ့ နေရာကို ပို့လိုက်ပါပြီ... အစ်ကို... စိတ်မပူပါနဲ့......"

ရှောင်းလိ၏ လည်ချောင်းထဲတွင် သဲတစ်ဆုပ် အထည့်ခံထားရသည့်နှယ် အလွန်အမင်း အက်ကွဲနေလေသည်။

"မင်းက ဘာဖြစ်လို့ သူတို့နဲ့ အတူတူ ထွက်မသွားခဲ့တာလဲ"

ဟော်ရှောင်အန်းက ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။

"အချိန်... အချိန်မမီတော့ဘူး။ ကျွန်တော်... ကျွန်တော်က သူတို့ကို အာရုံလွှဲပေးရမယ်။ မဟုတ်ရင်... မဟုတ်ရင် အားလုံး ထွက်သွားလို့ ရမှာ မဟုတ်ဘူး......"

"ဟန်... ဟန်ထန်ကျုံး အဲ့ဒီလူအိုကြီးက... မြို့အနောက်ဘက်က လမ်းကြားဟောင်း တစ်ခုလုံးကို ပြောင်းပြန်လှန်ရှာတာတောင်... လူကို... လုံးဝ ရှာမတွေ့ခဲ့ဘူး... သူ့ရဲ့ ဒေါသထွက်နေတဲ့ ပုံစံကို ကြည့်ရတာ ကျွန်တော် တော်တော် ကျေနပ်သွားတာပဲ......"

ဟော်ရှောင်အန်းသည် အရင်တုန်းကလိုပင် ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားမျိုးကို ပြသရန် ကြိုးစားလိုက်လေသည်။ သို့သော် သွေးများ ပြည့်နှက်နေအောင် ရိုက်နှက်ခံထားရသော ထိုမျက်နှာပေါ်တွင်တော့ စိတ်မကောင်းဖွယ်ရာ ရယ်စရာကောင်းသည့် ပုံစံမျိုးသာ ပေါ်လွင်နေလေသည်။

"စကား ဆက်မပြောနဲ့တော့။ အစ်ကို(၂) မင်းကို သမားတော်ဆီ ခေါ်သွားပေးမယ်။ သမားတော်နဲ့ ပြပြီးရင် ကောင်းသွားမှာပါ။ ဒဏ်ရာတွေ ပျောက်သွားရင် အစ်ကို(၂) မင်းကို လော့ယန်ကို ခေါ်သွားမယ်။ ချွေ့ကျင်းအဆောက်အဦးကို ကြည့်မယ်... ဟုန်ယန်ဘုရားကျောင်းကို ကြည့်မယ်......"

ရှောင်းလိသည် သူ့ကို ပွေ့ချီရန် ကြိုးစားလိုက်သော်လည်း သူက အားအနည်းငယ် သုံးလိုက်သည်နှင့်တစ်ပြိုင်နက် ဟော်ရှောင်အန်းက လေကို ခပ်ဖွဖွ ရှူသွင်းလိုက်ပြီး ပြောလိုက်လေသည်။

"အစ်ကို(၂)... ကျွန်တော် နာတယ်......"

ထိုအခါမှသာ ရှောင်းလိသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရိုးများစွာ ကျိုးနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူက သူ့ကို ဆက်ပြီး မပွေ့ချီရဲတော့ချေ။ လည်ပင်းပေါ်ရှိ သွေးကြောစိမ်းများက တစ်ချောင်းချင်းစီ ထောင်တက်လာပြီး လည်ချောင်းအတွင်းရှိ ဆို့နင့်နေမှုများကို အတင်းအကျပ် ဖုံးကွယ်ထားကာ ပြောလိုက်လေသည်။

"မင်း ဒီမှာ အစ်ကို(၂)ကို စောင့်နေ။ အစ်ကို(၂) မင်းအတွက် သမားတော် သွားခေါ်ပေးမယ်။ မြန်မြန် ပြန်လာခဲ့မယ်"

ဟော်ရှောင်အန်းက သူ့ကို မသွားရန် အင်္ကျီလက်ကို ခပ်ဖွဖွလေး ဆွဲထားလိုက်ပြီး ပြုံးကာ မေးလိုက်၏။

"အစ်ကို(၂)...... ကျွန်တော်က အစ်ကိုနဲ့ တူသလား"

ရှောင်းလိ၏ ရင်ဘတ်ထဲတွင် မွန်းကြပ်နာကျင်သွားလေသည်။ သူ၏ မျက်နှာပေါ်ရှိ သွေးကွက်များဖြင့် ပြည့်နှက်နေသော အပြုံးကို ကြည့်ကာ အရိုးဆစ်များကပင် ထူးဆန်းစွာ တွန့်လိမ်နေသော ဟော်ရှောင်အန်း၏ လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်လေသည်။

"တူတယ်"

ဟော်ရှောင်အန်း၏ မျက်ဝန်းထောင့်မှနေ၍ မျက်ရည်ပေါက်ကြီးများက စီးကျလာခဲ့လေသည်။ သို့သော် သူက ပြုံးလျက်ပင် ဆက်ပြောလိုက်၏။

"အစ်ကို(၂)... နောက်ဘဝကျရင်... ကျွန်တော် အစ်ကိုနဲ့ သွေး... သွေးရင်း ညီအစ်ကိုတွေ ဖြစ်ချင်တယ်"

ရှောင်းလိက ပြောလိုက်လေသည်။ "မင်းက ဒီဘဝမှာလည်း ငါ့ရဲ့ သွေးရင်း ညီအစ်ကိုပါပဲ"

ဟော်ရှောင်အန်း၏ မျက်နှာပေါ်ရှိ အပြုံးများက ပိုကျေနပ်သွားသယောင်ပင်။ သူ၏ မျက်ဝန်းများက တဖြည်းဖြည်း မှေးမှိန်သွားပြီး အလွန်တိုးညှင်းစွာဖြင့် ပြောလိုက်၏။

"အစ်ကို... ကျွန်တော်တို့ အမေကို... ကျွန်တော် ကောင်းကောင်း ကာကွယ်ပေးခဲ့ပါတယ်......"

ရှောင်းလိ၏ လက်ဖဝါးပေါ်တွင် တင်ထားသော အရိုးဆစ်များ တွန့်လိမ်နေသည့် ထိုလက်တစ်စုံက ဤအခိုက်အတန့်တွင် ခွန်အားများ လုံးဝ ဆုံးရှုံးသွားခဲ့ပြီး ဖြည်းညှင်းစွာ တွဲလောင်းကျသွားလေတော့သည်။

အိမ်အပြင်ဘက်ရှိ လေနှင့် နှင်းများ၏ အသံက ပိုပြင်းထန်လာခဲ့လေသည်။

ရှောင်းလိသည် ဟော်ရှောင်အန်း၏ ရုပ်အလောင်းကို ဂရုတစိုက် ချထားပေးလိုက်၏။ သူ့ဘေးတွင် တွဲလောင်းကျကာ လက်သီးဆုပ်ထားသော လက်များမှာ မခြောက်သွေ့သေးသော သွေးကွက်များဖြင့် ဖုံးလွှမ်းနေပြီး ပေါက်ကွဲထွက်လုမတတ် ထောင်တက်နေသော သွေးကြောစိမ်းများကို မြင်တွေ့နိုင်သေး၏။

သူက အလွန်တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။

"ရှောင်အန်း... အစ်ကို မင်းအတွက် ကလဲ့စား သွားချေပေးမယ်"

...

All Chapters