← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အပိုင်း (၁၈၅)

ယွမ်ဖန်းသည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် ထိတ်လန့်သွားပြီး အလျင်စလို မေးလိုက်လေသည်။ "နယ်စားကြီး ဘာဖြစ်လို့လဲ"

ဒီလမ်းတစ်လျှောက် အဆုတ်ထဲသို့ ရှူသွင်းလိုက်ရသော အေးစက်သည့် လေသည် ထိုဝေ့စစ်သည်၏ အဆုတ်ကို အပေါက်ပေါင်းများစွာ ဖောက်ထွင်းလိုက်သည့်အလား သူက ပြတ်တောင်းပြတ်တောင်း ပြောလိုက်၏။ "ဒီနေ့ မြို့ကို တိုက်ခိုက်တဲ့အခါ ဖေသူခိုးက ရှုံးဟန်ဆောင်ပြီး မြို့ကို စွန့်ခွာထွက်ပြေးသွားတယ်။ သခင်လေးက... ရန်သူကို လိုက်ဖမ်းရင်း အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတယ်။ နယ်စားကြီးက သခင်လေးကို ကယ်ဖို့ ကိုယ်တိုင်သွားခဲ့ပေမယ့် အဲ့ဒီသူခိုးကောင်ရဲ့ ချုံခိုတိုက်ခိုက်တာကို ထပ်ခံလိုက်ရတယ်..."

ယွမ်ဖန်းသည် ချက်ချင်းပင် ခေါင်းမီးတောက်မတတ် စိုးရိမ်ပူပန်သွားပြီး ဝိန်းယွီက လျန်စစ်တပ်ကို ဦးဆောင်ကာ စောစီးစွာ ရောက်လာပြီး ဝေ့ချီရှန်း၏ လော့ယန်ကို သိမ်းပိုက်မည့် အစီအစဉ်ကြီးကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်သောကြောင့် ဖုန်းယန်ကို တိုက်ခိုက်ချိန်တွင် အချိန်ကို တမင်ဆွဲထားခဲ့မိသည့် မိမိကိုယ်ကို အနည်းငယ် နောင်တရသွားခဲ့သည်။

သူက အလောတကြီး မေးလိုက်သည်။ "ချုံခိုတိုက်ခိုက်တဲ့ နေရာက ဘယ်မှာလဲ။ ဖေသူခိုးက စစ်သည် ဘယ်လောက် ခေါ်လာတာလဲ"

ထိုဝေ့စစ်သည်သည် လည်ချောင်းထဲမှ သွေးတစ်ပွက်ကို နောက်တစ်ကြိမ် အန်ထုတ်လိုက်ပြီးနောက် အားယူကာ ပြောလိုက်လေသည်။ "လော့ယန်ကနေ တောင်ပိုင်း မိုင်နှစ်ဆယ်အကွာက မြစ်ဝှမ်းမှာပါ။ ဖေသူခိုးက ရှုံးပြီး ထွက်ပြေးချိန်မှာ ခေါ်သွားတဲ့ ဖေစစ်တပ်က နှစ်ထောင်ကျော်ပဲ ရှိပေမယ့် မြစ်ဝှမ်းမှာ ချုံခိုတိုက်ခိုက်တဲ့ ဖေစစ်တပ်က သုံးသောင်းကနေ ငါးသောင်းလောက် ရှိလိမ့်မယ်..."

ယွမ်ဖန်းသည် ထိုအရေအတွက်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

ဖေစုန့်က အပြည့်အဝ ကြိုတင်ပြင်ဆင်ပြီးမှ ရောက်လာခြင်းကြောင်း ရှင်းလင်းနေသည်။ ယခင်က သူတို့၏ လှုပ်ရှားမှုများကို ဟန်ဆောင်ဖော်ထုတ်ကာ ဖုန်းယန်ကို တိုက်ခိုက်မည်ဟု အယောင်ပြပြီး လော့ယန်သို့ ခိုလှုံရန် လှည့်စားခေါ်ဆောင်ခြင်း ခံလိုက်ရသည့် ပုံစံမျိုး လုံးဝ မရှိခဲ့ချေ။

ဖေစုန့်က သူတို့၏ ခြေလှမ်းတိုင်းမှ အစီအစဉ်ကို ရှင်းရှင်းလင်းလင်း သိနေပြီး သူတို့၏ အစီအစဉ်ကို အသုံးချကာ သူတို့ကို ထောင်ချောက်ဆင်လိုက်ခြင်းနှင့် ပိုတူနေလေသည်။

ထိုအချက်ကို သဘောပေါက်သွားပြီးနောက် အလွန်အေးချမ်းသော နေ့တစ်နေ့ ဖြစ်သော်လည်း ယွမ်ဖန်း၏ ကျောပြင်တွင် ချွေးအေးများ စိမ့်ထွက်လာခဲ့၏။

ဝေ့ချီရှန်း၏ ဤတောင်ပိုင်းစစ်ဆင်ရေးတွင် စစ်သည် ငါးသောင်းကို ခေါ်ဆောင်လာခဲ့ပြီး ထိုအထဲမှ နှစ်သောင်းကို သူ့ကို ဖုန်းယန်သို့ တိုက်ခိုက်ရန် ခွဲဝေပေးခဲ့သည်။ ကျန် သုံးသောင်းကို ဝေ့ချီရှန်းကိုယ်တိုင် ဦးဆောင်ကာ လော့ယန်သို့ သွားရာ မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းကြောင်းပေါ်တွင် ဖေစုန့်ကို ချုံခိုတိုက်ခိုက်ရန် ဖြစ်သည်။

ယခု ဖေစုန့်သည် ဝေ့ဖိန်ကျင်းကို အသုံးချပြီး ဝေ့ချီရှန်းကို မြစ်ဝှမ်းတွင် ပိတ်မိအောင် သွေးဆောင်နိုင်ခဲ့သဖြင့် ဖုန်းယန်ကို တိုက်ခိုက်ပြီးနောက် သူ၏ လက်အောက်တွင် နှစ်သောင်းပင် မပြည့်တော့သော စစ်အင်အားလေးဖြင့် ဖေစုန့်လက်ထဲမှ ဝေ့ချီရှန်းတို့ သားအဖကို ကယ်တင်ရန် ကြိုးစားခြင်းက အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိနိုင်ပေ။

သူက ထိုဝေ့စစ်သည်ကို သယ်ဆောင်သွားပြီး စစ်သမားတော်ထံ ကုသရန် အပ်နှံဖို့ အမိန့်ပေးလိုက်ပြီးနောက် လျန်စစ်တပ်၏ တပ်ဖွဲ့ဆီသို့ အမြန်လျှောက်သွားခဲ့သည်။ မြင်းလှည်းအပြင်ဘက်မှနေ၍ ဝိန်းယွီကို လက်နှစ်ဖက်ကို ယှက်ကာ လေးနက်စွာဖြင့် ပြောလိုက်၏။ "မင်းသမီး... ကျွန်တော်တို့ရဲ့ နယ်စားကြီးက လော့ယန်ကို သွားပြီး ဖေစုန့်ကို တိုက်ခိုက်ဖို့ လုပ်ရင်း သတိလက်လွတ်ဖြစ်ကာ ဖေသူခိုးရဲ့ အကြံအစည်ထဲကို ကျရောက်သွားပါတယ်။ အခု ထောင်ချောက်ထဲ ကျရောက်သွားလို့ ကျွန်တော်တို့ရဲ့ နယ်စားကြီးကို ကယ်တင်ဖို့အတွက် စစ်တပ်နဲ့အတူ ထွက်ခွာပေးဖို့ မင်းသမီးကို ကျွန်တော် တောင်းဆိုပါတယ်"

သံပြားကပ်ထားသော မြင်းလှည်းပြတင်းပေါက် တစ်ဝက်ခန့် ပွင့်သွားခဲ့သည်။ မြင်းလှည်းထဲရှိ ဝိန်းယွီသည် အပြာရင့်ရောင် ပန်းထိုးပိုးသား နန်းတွင်းဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ နက်မှောင်နေသည့် ဆံနွယ်များကို သုံးလက်မခန့် ရှည်လျားသော ကျောက်စိမ်းဖြူသရဖူဖြင့် တစ်ဝက်ခန့် စည်းနှောင်ထားသည်။ ယင်းမှလွဲ၍ အခြား မည်သည့် ဆံထုံးအဆင်တန်ဆာမှ မရှိသော်လည်း လူတစ်ဦးကို သူမနှင့် တည့်တည့် မစိုက်ကြည့်ရဲလောက်အောင် ဖိအားပေးနေ၏။ သူမ၏ မျက်ခုံးနှင့် မျက်လုံးများကြားတွင်လည်း လမ်းဘေး တောင်တန်းများနှင့် သစ်ပင်မြင့်များပေါ်ရှိ နှင်းများထက် ပိုမို အေးစက်နေလေသည်။

သူမသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဇဝေဇဝါဖြစ်နေပုံဖြင့် မေးလိုက်သည်။ "ရှော့ပျန်းနယ်စားက စစ်တပ်ကြီးကို ဦးဆောင်ပြီး မော့ကျိုးကို တိုက်ခိုက်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် လော့ယန်မှာ ပိတ်မိနေရတာလဲ"

ယွမ်ဖန်း၏ အမူအရာမှာ အနည်းငယ် အနေရခက်သွားတော့သည်။

သူတို့ မြောက်ပိုင်းဝေ့၏ မူလအစီအစဉ်ကို ဝိန်းယွီထံ အကုန်အစင် ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်သည်မှာ သေချာလေသည်။

သို့သော် လျန်စစ်တပ်နှင့် ဖုန်းယန်မှ ဖေစစ်တပ်ကို တိုက်ခိုက်စေပြီး နှစ်ဖက်စလုံး အထိနာသွားစေရန် ရည်ရွယ်ကာ သူတို့ ဝေ့စစ်တပ်က အကျိုးအမြတ်ကို အလွယ်တကူ ရယူမည့် အစီအစဉ်ကို ဖုံးကွယ်ထားခဲ့လျှင်ပင် ဝေ့ချီရှန်းက လော့ယန်တွင် ရှိနေခြင်း၊ ထို့အပြင် ယခင်က သူကိုယ်တိုင် ဝိန်းယွီ လော့ယန်သို့ အလျင်အမြန် သွားမည်ကို တားဆီးကာ ဖုန်းယန်ကို အတူတကွ တိုက်ခိုက်ရန် ဖိတ်ခေါ်ခဲ့ခြင်းတို့၏ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းပြနေစရာပင် မလိုတော့ချေ။

ယွမ်ဖန်းသည် မျက်နှာပြောင်တိုက်ကာ ပြောလိုက်ရတော့သည်။ "မော့ကျိုးဘက်မှာ အပြောင်းအလဲ တစ်ခုခု ဖြစ်သွားလို့ နေမှာပါ။ အဲ့ဒါကြောင့် နယ်စားကြီးက လော့ယန်ကို စစ်ချီလာရတာ ဖြစ်လိမ့်မယ်"

သူသည် လက်နှစ်ဖက်ကို ယှက်ထားသော အနေအထားကို ထိန်းသိမ်းထားရင်း ခါးကို အကြိမ်ကြိမ် ကိုင်းညွှတ်ကာ အနေရခက်စွာဖြင့် ပြောလိုက်၏။ "အခြေအနေက အရမ်းကို အရေးပေါ်ဖြစ်နေပါတယ်။ မင်းသမီးက ကြီးမားတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပြီး ကျွန်တော်တို့ မြောက်ပိုင်းဝေ့ကို ဒီတစ်ကြိမ် ကူညီပေးဖို့ တောင်းဆိုပါတယ်။ နယ်စားကြီးမှာ တစ်ခုခု အမှားအယွင်း ဖြစ်သွားရင် မြောက်ပိုင်းနယ်စပ်က အန္တရာယ်ရှိသွားပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် လူရိုင်းတွေက ယန်လဲ့တောင်ကို ချိုးဖောက်ပြီး တောင်ပိုင်းကို ဆင်းလာရင် တိုင်းပြည်ထဲက ပြည်သူအားလုံး ဒုက္ခရောက်ရပါလိမ့်မယ်။ မင်းသမီးက ကျွန်တော်တို့ နယ်စားကြီးကို ကယ်တင်ပေးပြီးရင် ရှီဇီဖေးနဲ့ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် ကျွန်တော်တို့ ဝေ့စစ်စခန်းကလည်း အစွမ်းကုန် ကူညီပေးပါ့မယ်"

ကျောင်းပိုင်သည် ဇက်ကြိုးကို ဆုပ်ကိုင်ထားရင်း မြင်းပေါ်တွင် ထိုင်နေကာ ယွမ်ဖန်းထံသို့ လှမ်းကြည့်လိုက်သော မျက်လုံးများက အလွန်အေးစက်နေပြီး သိပ်မသိသာလှသော ရွံရှာမှု အနည်းငယ်လည်း ရောနှောနေလေသည်။

ဝေ့ချီရှန်းက သူတို့ကို အရင်ဆုံး ကြံစည်ရန် ကြိုးစားခဲ့သော်လည်း မင်းသမီးက အင်အားအနည်းငယ်ဖြင့် ဖုန်းယန်၏ အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့သည်။ ယခု ဖေစုန့်၏ လက်ထဲတွင် အရှုံးပေါ်သွားသောအခါမှ မျက်နှာပြောင်တိုက်ပြီး သူတို့ထံ အကူအညီ တောင်းရဲသေးသည်ပဲ။

အခု ဖေစုန့်လက်ထဲမှာ အရှုံးပေါ်သွားတော့မှ ငါတို့ဆီ မျက်နှာပြောင်တိုက်ပြီး အကူအညီ တောင်းရဲသေးတယ်ပေါ့လေ။

ကျောင်းပိုင်သည် မျက်နှာပေါ်ရှိ ခံစားချက်များကို မထိန်းချုပ်နိုင်တော့မည့် ဆဲဆဲတွင် အေးစက်စွာဖြင့် အကြည့်ကို လွှဲဖယ်လိုက်တော့သည်။

မြင်းလှည်းထဲတွင် ဝိန်းယွီသည် ယွမ်ဖန်း၏ စကားများကို နားထောင်ပြီးနောက် မျက်လုံးများကို အနည်းငယ် ပင့်လိုက်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။ "စစ်သူကြီးယွမ်ရဲ့ ဒီစကားတွေက ဒီနေ့ ကျွန်မတို့ တာ့လျန် စစ်မထွက်ပေးရင် ကျွန်မ ဟန့်ယန်ကပဲ ကြီးလေးတဲ့ အပြစ်တစ်ခုကို ကျူးလွန်လိုက်သလိုမျိုး ဖြစ်နေတယ်။ ရှော့ပျန်းနယ်စားက အခု ပြန်လည် ထူထောင်ချင်နေတာ ကျင့်ပြည်ထောင် ဆိုတာကို စစ်သူကြီး မေ့သွားပြီလား"

"ဒါ့အပြင် စစ်သူကြီးက မေ့နေပုံရတယ်။ စစ်သူကြီးက ကျွန်မတို့ လျန်စစ်တပ်ကို ဖုန်းယန်ကို အတူတူ တိုက်ဖို့ ဖိတ်ခေါ်တုန်းက နောက်ပိုင်းကျရင် ကျွန်မတို့ လျန်စစ်စခန်းနဲ့အတူ လော့ယန်ကို တိုက်ပြီး ကျွန်မရဲ့ ယောက်မကို ကယ်ဖို့ ကူညီပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ အခု စစ်သူကြီးရဲ့ စကားတွေအရဆိုရင် အရင်က ကတိပေးခဲ့တာတွေ အားလုံးက ဆင်ခြေတွေလို ဖြစ်နေတယ် မဟုတ်လား"

ယွမ်ဖန်း၏ နားထင်မှ ချွေးအေးများ စီးကျလာခဲ့သည်။ ယနေ့မတိုင်မီအထိ ကျောတွင် ဆူးစူးနေသကဲ့သို့ ခံစားရခြင်း၏ အရသာကို ကိုယ်တိုင်ကိုယ်ကျ မခံစားခဲ့ရဖူးချေ။ မြင်းလှည်းထဲရှိ အမျိုးသမီး၏ စကားပြောသံက တကယ်ကို နူးညံ့သည်ဟုပင် ခေါ်ဆိုနိုင်သော်လည်းပေါ့။

သူက အလောတကြီး ပြောလိုက်၏။ "ကျွန်တော် စကားပြောမှားသွားတာပါ။ ကျွန်တော်တို့ နယ်စားကြီးကို ကယ်ဖို့အတွက် အလောတကြီးနဲ့ ခေါင်းမူးသွားပြီး မင်းသမီးအပေါ် စကားမှားသွားတာမို့ မင်းသမီးက ခွင့်လွှတ်ပေးပါဦး။ အရင်က လျန်စစ်တပ်နဲ့ အတူတူ လော့ယန်ကို တိုက်ဖို့ ကတိပေးထားတာကို ကျွန်တော် လုံးဝ မဖောက်ဖျက်ရဲပါဘူး။ မင်းသမီးက ကျွန်တော်တို့ နယ်စားကြီးကို ကယ်ဖို့ စစ်တပ် စေလွှတ်ပေးမယ်ဆိုရင် ကတိကဝတ်တွေကို မင်းသမီး သဘောအတိုင်း တောင်းဆိုနိုင်ပါတယ်။ မင်းသမီး ဒေါသပြေသွားအောင် ကျွန်တော့်ရဲ့ ဒီအသားတွေကို အရှင်လတ်လတ် လှီးဖြတ်ပေးလို့လည်း ရပါတယ်"

ဝိန်းယွီက ပြောလိုက်လေသည်။ "စစ်သူကြီးက သစ္စာရှိလှပါတယ်"

ယွမ်ဖန်းသည် အနေရခက်ကာ အပြစ်ရှိသလို ခံစားရပြီး ပြန်ပြောလိုက်၏။ "နယ်စားကြီးက ကျွန်တော့်အပေါ် ကျေးဇူးရှိပါတယ်။ နှစ်နှစ်ဆယ်ကျော်ကြာ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးလည်း ရှိတဲ့အတွက် ကျွန်တော် သစ္စာမဖောက်ရဲပါဘူး"

စစ်မြေပြင်ပေါ်ရှိ အကြံအစည်များနှင့် နည်းဗျူဟာများသည် အလွန် များပြားလှသည်။ အကျိုးစီးပွားများ တူညီသောအခါ သွေးချောင်းစီးမတတ် ရန်ငြိုးဖွဲ့ထားသော သေခန်းပြတ် ရန်သူများ မဟုတ်သရွေ့ ယှဉ်ပြိုင်ဘက်များသည်လည်း ယာယီ မဟာမိတ်အဖြစ် ပူးပေါင်းနိုင်သည်။

မာကျားလျန် တိုက်ပွဲ၏ အမှားများက အရင်ရှိနေခဲ့ပြီး ယောက်မနှင့် အားယင်းတို့ကို မကယ်တင်ရသေးသည့်အပြင် ရှောင်းလိကလည်း ယခု သူတို့ မြောက်ပိုင်းဝေ့တွင် ဖမ်းဆီးခံထားရဆဲ ဖြစ်သောကြောင့် ဖုန်းယန်တွင် ဝေ့စစ်စခန်းက ကြံစည်မှုများ ရှိခဲ့သော်လည်း ဝိန်းယွီသည် သူတို့နှင့် လုံးဝ ရန်သူအဖြစ် ပြောင်းလဲပစ်ရန် မရည်ရွယ်ခဲ့ချေ။

ဤအာဏာစက်ဝန်းတွင် ဖြောင့်မတ်တည်ကြည်မှု ဆိုသည်မှာ ဘယ်သောအခါမှ မရှိခဲ့ချေ။ အားလုံးက နှာခေါင်းပိတ်ကာ ထိုညစ်ပတ်နေသော အစက်အပြောက်များကို မမြင်ချင်ယောင်ဆောင်ပြီး လိုအပ်သည်များကို ယူကာ အပေါ်ယံ ငြိမ်းချမ်းရေးကို ဖန်တီးနေကြခြင်းသာ။

ဝိန်းယွီက ပြောလိုက်၏။ "ရှော့ပျန်းနယ်စားက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ တာ့လျန်အတွက် မြောက်ပိုင်းနယ်စပ်ကို နှစ်သုံးဆယ်ကျော် ကာကွယ်ပေးခဲ့တယ်။ အခု သူက ကျွန်မတို့ တာ့လျန်ကို ပုန်ကန်သွားပေမယ့် ဖေစုန့်လို လူယုတ်မာမျိုးရဲ့ လက်ထဲမှာ သူ့ကို အသေခံခိုင်းဖို့က ကျွန်မ မြင်ချင်တဲ့အရာ မဟုတ်ပါဘူး။ ကျွန်မ စစ်တပ် စေလွှတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မက ရှင်တို့ ဝေ့စစ်စခန်းထဲက လူတစ်ယောက်ကို လိုချင်တယ်။ စစ်သူကြီးမှာ ခွင့်ပြုပေးနိုင်တဲ့ အာဏာ ရှိ၊ မရှိ ဆိုတာကိုတော့ ကျွန်မ မသိဘူး"

ယွမ်ဖန်းသည် ဤစကားကို ကြားသောအခါ အရင်က လီရွှင် ပြောခဲ့သည်များကို ပြန်တွေးမိပြီး ဝိန်းယွီ လိုချင်သည့်လူသည် ရှောင်းလိ ဖြစ်နိုင်ကြောင်း ရှစ်ဆယ်ရာခိုင်နှုန်းလောက် ခန့်မှန်းမိလိုက်သည်။

ရှောင်းလိအပေါ် ဝေ့ချီရှန်း၏ အလေးထားမှုအရ နောက်ဆုံးတွင် ဝေ့ချီရှန်းက သူ့ကို လွှတ်ပေးမည်၊ မလွှတ်ပေးမည်ကို သူ မသေချာခဲ့ချေ။ သို့သော် ယခု ဝေ့ချီရှန်းတို့ သားအဖ၏ အသက်ရှင်သေရေးနှင့် သက်ဆိုင်နေသဖြင့် ယွမ်ဖန်းအနေဖြင့် ငြင်းပယ်ခွင့် မရှိတော့ဘဲ သူက ပြောလိုက်လေသည်။ "မင်းသမီးက ဘယ်သူ့ကိုပဲ လိုချင်ပါစေ၊ ကျွန်တော်က အဲဒီလူကို မင်းသမီးဆီ ပေးဖို့ နယ်စားကြီးကို အစွမ်းကုန် တိုက်တွန်းပေးပါ့မယ်။ နယ်စားကြီးက သဘောမတူရင် ကျွန်တော်ကိုယ်တိုင် လည်ပင်းလှီးပြီး မင်းသမီးကို တောင်းပန်ပါ့မယ်"

သူသည် ဝေ့ချီရှန်း လက်အောက်ရှိ နာမည်ကြီး စစ်သူကြီးများထဲမှ တစ်ဦးဖြစ်ပြီး လျောင်ကျန်းနှင့်အတူ ဝေ့ချီရှန်း၏ ဘယ်ညာ လက်ရုံးများအဖြစ် ခေါ်ဆိုနိုင်ပေသည်။

အကယ်၍ သူက အသက်နှင့် ရင်းပြီး ခြိမ်းခြောက်ရမည့် အခြေအနေမျိုးအထိ ရောက်ရှိသွားပါက ဝေ့ချီရှန်းက ရှောင်းလိကို လွှတ်ပေးရန် ငြင်းဆန်လိမ့်မည် မဟုတ်ချေ။

ဝိန်းယွီက ပြောလိုက်သည်။ "စစ်သူကြီးရဲ့ သစ္စာရှိမှုနဲ့ တရားမျှတမှုကို ကျွန်မ လေးစားပါတယ်။ စစ်သူကြီးက ဒီလို အာမခံမှတော့ ကျွန်မက စစ်တပ် စေလွှတ်ပြီး စစ်သူကြီးနဲ့အတူ လိုက်သွားပေးပါ့မယ်"

ယွမ်ဖန်းသည် ကျေးဇူးတင်လို့မဆုံးအောင် ဖြစ်သွားပြီး သူနောက်တစ်ကြိမ် လက်နှစ်ဖက်ကို ယှက်ကာ သူမကို အလျင်စလို ပြောလိုက်၏။ "ကျွန်တော် ဒီနေရာကနေပဲ မင်းသမီးကို ကျေးဇူးတင်ပါတယ်"

သူ အလျင်အမြန် ထွက်ခွာသွားပြီးနောက် ကျောင်းပိုင်က အေးစက်စွာဖြင့် စကားတစ်ခွန်း ပြောလိုက်လေသည်။ "ဟန်ဆောင်ကောင်းတဲ့ လူတွေ"

ဝေ့စစ်စခန်းမှ လူများအပေါ် ကျောင်းပိုင်၏ ရန်လိုမှုနှင့် နှိုင်းယှဉ်ပါက ဝိန်းယွီ၏ မျက်နှာအမူအရာသည် အများကြီး ပိုတည်ငြိမ်နေခဲ့သည်။ သူမသည် အဝေးသို့ ထွက်ခွာသွားသော ယွမ်ဖန်း၏ ကျောပြင်ကို ကြည့်ရင်း ပြောလိုက်သည်။ "အားလုံးက ကိုယ့်သခင်အတွက် ကိုယ် လုပ်နေကြတာပဲ"

ဆောင်းရာသီတွင် ရေခမ်းခြောက်ပြီး ပေါ်လွင်နေသော မြစ်ဝှမ်းတွင် သေမင်းတံခါးသို့ တွန်းပို့ခံလိုက်ရသော ဝေ့စစ်သည်များသည် တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေကြပြီး အပြင်ဘက်သို့ ကျောခိုင်းကာ ဝေ့ချီရှန်းတို့ သားအဖကို အလယ်တွင် ထားရှိပြီး အကာအကွယ် စက်ဝိုင်းတစ်ခုအဖြစ် ဝိုင်းရံထားကြသည်။

အချိန်အကြာကြီး တိုက်ခိုက်နေရသဖြင့် မြောက်ပိုင်းနယ်စပ် စစ်မြေပြင်မှ ဆုတ်ခွာလာသော မြင်းစီးစစ်သည်များပင်လျှင် သူတို့၏ မျက်လုံးများထဲတွင် ထုံထိုင်းမှုနှင့် ပင်ပန်းနွမ်းနယ်မှုများ အပြည့်အဝ ပေါ်လွင်နေလေသည်။

ဖေစုန့် ရွေးချယ်ထားသော ဤချုံခိုတိုက်ခိုက်မည့် နေရာ၏ မြေမျက်နှာသွင်ပြင်သည် အလွန် ကောင်းမွန်လှသည်။ နှစ်ဖက်စလုံးသည် တောင်တန်းများကို မှီထားသော မြစ်ကြမ်းပြင် ဆင်ခြေလျှောများ ဖြစ်သဖြင့် သူတို့ မြင်းစီးစစ်သည်များ ဂုဏ်ယူဝင့်ကြွားရသော မြင်းကောင်းများနှင့် မြင်းစီးစွမ်းရည်များသည် လုံးဝ အသုံးမဝင်နိုင်တော့ချေ။

မြစ်ဝှမ်း၏ နှစ်ဖက်စလုံးရှိ မြင့်မားသော ကမ်းပါးများတွင် ဝိုင်းရံစောင့်ကြပ်နေသော ဖေစစ်သည်များသည် သူတို့၏ လက်ထဲက လေးနှင့် မြားများကို ဝေ့စစ်သည်များ၏ အလယ်ဗဟိုရှိ အဝိုင်းပုံ ဒိုင်းလွှားများဖြင့် တည်ဆောက်ထားသော အကာအကွယ် နံရံဆီသို့ တညီတညွတ်တည်း ချိန်ရွယ်ထားကြသည်။

ထိုနေရာသည် ဝေ့သားအဖ ရှိနေသော နေရာပင်။

အနောက်ဘက်သို့ ရောက်နေသော ဖေစစ်သည်များကမူ လက်ထဲရှိ ဓားများနှင့် ဓားရှည်များဖြင့် ယူဆောင်လာသော ကြိမ်ဒိုင်းများကို တညီတညွတ်တည်း ခေါက်ကာ ခြိမ်းခြောက်သည့် အော်ဟစ်သံများကို ထုတ်လွှတ်ပြီး မြစ်ဝှမ်းတွင် ဝိုင်းရံခံထားရသော ဤဝေ့စစ်တပ်ကို ခြောက်လှန့်ကာ သူတို့၏ စိတ်ဓာတ်အင်အားများကို ချိုးနှိမ်နေကြလေသည်။

"အဖေ... အဖေ... အဖေ သေချာပေါက် တောင့်ခံထားရမယ်နော်"

ကိုယ်ရံတော်များက အဝိုင်းပုံ ဒိုင်းလွှားများကို မြင့်မြင့်မြှောက်ထားပြီး လုံခြုံစွာ ကာကွယ်ထားသော လွတ်လပ်သည့် နေရာတွင် ဝေ့ဖိန်ကျင်းသည် မြားမှန်ထားသော ဝေ့ချီရှန်း အရှေ့တွင် စောင့်ကြည့်နေရင်း အသံမထွက်နိုင်လောက်အောင် ငိုကြွေးနေခဲ့သည်။ "ကျွန်တော် အသုံးမကျလို့ပါ။ ကျွန်တော် အသုံးမကျလို့ပါပဲ"

သူသည် မှောက်လျက် ဒူးထောက်နေပြီး နာကျင်စွာဖြင့် လက်သီးကို မြေကြီးပေါ်သို့ ထုချလိုက်၏။

ဝေ့ချီရှန်း၏ သံချပ်ကာကို ချွန်ထက်သော မြားဖြင့် ဖောက်ထွင်းခံရသည့် နေရာတွင် သွေးများ စေးကပ်နေပြီး မြားကို ဖြတ်တောက်ထားသဖြင့် မြားတံ၏ အပိုင်းငယ်လေးတစ်ခုသာ အပြင်ဘက်တွင် ထွက်နေတော့သည်။ သူ့နှုတ်ခမ်းများ ဖြူဖျော့နေပြီး ပိန်လှီသော မျက်နှာပေါ်တွင် ယခင်ကဲ့သို့ပင် တင်းမာနေဆဲဖြစ်ကာ ဆုံးမလိုက်လေသည်။ "ဘာလို့ ငိုနေတာလဲ။ ဒီနေ့ ငါ သေသွားခဲ့ရင်... နောင်ကျရင် မင်းက မြောက်ပိုင်းဝေ့ရဲ့ သခင်ဖြစ်လာပြီး ပြည်နယ် ဆယ့်ခြောက်ခုကို ပခုံးပေါ် တင်ထားရမယ့်သူပဲ။ ဒီလို အားနည်းတဲ့ ပုံစံမျိုးနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အသံမတည်ငြိမ်သောကြောင့် ဤစကားများကို ပြောလိုက်သောအခါ အရင်ကလောက် မတင်းကျပ်တော့ဘဲ မှာကြားနေသည့် အဓိပ္ပါယ် အနည်းငယ် ပါဝင်နေလေသည်။

"ဟင့်အင်း... ကျွန်တော် မထမ်းဆောင်နိုင်ဘူး" ဝေ့ဖိန်ကျင်းသည် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်ပြီး သွေးများ ပေကျံနေသော လက်မောင်းကာဖြင့် မျက်နှာပေါ်ရှိ မျက်ရည်များကို ပရမ်းပတာ သုတ်ပစ်လိုက်သဖြင့် မျက်နှာအနှံ့ ပေကျံနေသော သွေးများက ပိုပြီး ရှုပ်ထွေးသွားတော့သည်။ သူက ငိုရှိုက်ရင်း ပြောလိုက်၏။ "အဖေ ကျွန်တော့်ကို လာမကယ်သင့်ဘူး။ အဲ့ဒီမြားကို ကျွန်တော့်ကိုယ်စား ဝင်မခံသင့်ဘူး..."

ဝမ်းနည်းမှု လွှမ်းမိုးခံနေရခြင်းက ဝေ့ဖိန်ကျင်းကို အသက်ရှူမဝတော့အောင် ဖြစ်စေခဲ့သည်။ သူသည် လုံးဝကို စိတ်အင်အား ပြိုလဲသွားပြီး ငိုယိုနေရင်းက "ကျွန်တော်က အမြဲတမ်း တိုးတက်မှု မရှိခဲ့လို့ အဖေ့ကို အရှက်ကွဲစေခဲ့တယ်။ အခုတစ်ကြိမ်ကတော့ အဖေ့ကိုပါ ဒုက္ခပေးလိုက်မိပြီ..."

"ကျွန်တော် အစ်ကိုကြီးနဲ့ အမြဲတမ်း ယှဉ်ပြိုင်ချင်စိတ် မရှိသင့်ဘူး။ ပြီးတော့ အောင်မြင်မှုကို လိုချင်လွန်းအားကြီးပြီး ဖေစုန့်နောက်ကို မလိုက်သွားသင့်ဘူး..."

"တောင်းပန်ပါတယ်... အဖေ... တောင်းပန်ပါတယ်..."

ဝေ့ဖိန်ကျင်းသည် ခေါင်းကို မြေကြီးပေါ်ရှိ အေးစက်သော ရွှံ့နွံများနှင့် ထိထားပြီး သူ၏ လည်ချောင်းထဲမှ အသံများ ပီပီသသ မထွက်နိုင်လောက်အောင် ငိုကြွေးနေခဲ့သည်။

ချွေးများနှင့် အရည်ပျော်နေသော နှင်းရည်များကြောင့် စိုရွှဲနေသည့် သူ့ဆံပင်များပေါ်သို့ ကျယ်ပြန့်သော လက်ကြီးတစ်ဖက်က ပွတ်သပ်လာခဲ့၏။

ဝေ့ဖိန်ကျင်းသည် ငိုထားသဖြင့် နီရဲနေသော မျက်လုံးများကို ပင့်ကြည့်လိုက်ချိန်တွင် ဖခင်ဖြစ်သူက ရှုပ်ထွေးပြီး ကြင်နာသော အကြည့်များဖြင့် သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ ဝေ့ချီရှန်းက ပြောလိုက်သည်။ "မင်းက လိမ္မာတဲ့ကလေးတစ်ယောက်ပါ"

သူသည် သားကောင်းတစ်ယောက်၊ ညီကောင်းတစ်ယောက် ဖြစ်ခဲ့သည်။

မြောက်ပိုင်းနယ်စပ်ရှိ ဤပြည်နယ် ဆယ့်ခြောက်ခုကို ပခုံးပေါ် တင်ထားရမည့် သခင်လေး ဖြစ်လာရန် မသင့်တော်ရုံ သက်သက်သာ။

ဖြစ်နိုင်သည်မှာ အစကတည်းက ဤကလေးအပေါ် သူ၏ မျှော်လင့်ချက်များ မှားယွင်းခဲ့ခြင်းပင်။

ဝေ့ဖိန်ကျင်းသည် ထိုစကားကို ကြားသောအခါ မှင်သက်သွားသလို ဖြစ်သွားပြီး ချက်ချင်းပင် မျက်လုံးထဲရှိ နီရဲမှုများ ပိုပြင်းထန်လာကာ ခေါင်းကို ငုံ့ပြီး နောက်တစ်ကြိမ် ငိုရှိုက်သံ ထွက်လာခဲ့တော့သည်။

သူတို့ သားအဖဘက်တွင် သည်လို ဝမ်းနည်းကြေကွဲနေကြချိန်၌ ပတ်ဝန်းကျင်တွင် ဖေစစ်သည်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခုခံနေရဆဲဖြစ်သော ဝေ့စစ်သည်များသည် ယနေ့တွင် ကံဆိုးမိုးမှောင်ကျမှုမှ မလွတ်မြောက်နိုင်တော့ကြောင်း သိထားကြသဖြင့် စိတ်ဓာတ်များလည်း အလွန်အမင်း ကျဆင်းနေကြလေသည်။

အပြင်ဘက်က ဝေ့စစ်သည်များ အဆက်မပြတ် လဲကျနေပြီး ဝေ့သားအဖကို ကာကွယ်ထားသော အကာအကွယ် စက်ဝိုင်းသည်လည်း အဆက်မပြတ် သေးငယ်လာခဲ့သည်။

သို့သော် ဤမြစ်ဝှမ်းရှိ မြင့်မားသော ဆင်ခြေလျှော တစ်နေရာကို လှမ်းကြည့်လိုက်လျှင် ဖေယွမ်သည် ဖေစုန့်နှင့်အတူ ဆင်ခြေလျှောတွင် ရပ်နေပြီး အောက်ဘက်ရှိ စစ်ရေးအခြေအနေကို ကြည့်ကာ ပြောလိုက်သည်။ "ဝေ့သားအဖက လိပ်ခွံထဲမှာ ပုန်းနေကြတယ်။ အဲ့ဒီဒိုင်းလွှား အမိုးခွံကြီးကို တစ်စစီ ဖြစ်သွားအောင် ထုခွဲပစ်ဖို့ လောက်လွဲ စက်တချို့ ထပ်ခေါ်လာရင် ပိုမကောင်းဘူးလား"

ဖေစုန့်သည် ပခုံးပေါ်တွင် ခြုံလွှာကြီးကို တင်ထားရင်း အေးတိအေးစက်နှင့် လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်၏။ "ကြောင်က ကြွက်ကို ကစားနေတာ မြင်ဖူးလား"

ဖေယွမ်က ပြန်ဖြေလိုက်သည်။ "မမြင်ဖူးပါဘူး"

ဖေစုန့်သည် နှုတ်ခမ်းကို တွန့်ကာ အောက်ဘက်ရှိ သေဆုံးဒဏ်ရာရမှုများ ပိုမိုဆိုးရွားလာပြီး အကာအကွယ် စက်ဝိုင်း သေးငယ်လာသော ဝေ့စစ်တပ်ကို ကြည့်ရင်း ပြောလိုက်လေသည်။ "နာမည်ကြီးတဲ့ မြောက်ပိုင်းဝေ့ရဲ့ မြင်းစီးစစ်သည်တွေ စိတ်ဓာတ်တွေ ပျက်ပြားသွားပြီး ပုရွက်ဆိတ်တွေလို ရုန်းကန်နေရတာကို ကြည့်ရတာ ပိုပြီး စိတ်ဝင်စားစရာ မကောင်းဘူးလား"

ဖေယွမ်က ဝါးလုံးကွဲ ရယ်မောလိုက်ပြီး ချီးကျူးလိုက်၏။ "ကျူကျွင်းကပဲ အနုပညာအရသာကို ပိုနားလည်တာပဲ"

သူ့အကြည့်များက အောက်ဘက်ရှိ ဝေ့စစ်တပ်ဆီသို့ ပြန်လည် ရောက်ရှိသွားပြီး လှောင်ပြောင်လိုက်သည်။ "ခဏနေ ဝေ့သားအဖကို ကာကွယ်ထားတဲ့ အဲ့ဒီ လိပ်ခွံကြီးကို လှန်ပစ်လိုက်ရင် သူတို့ မြောက်ပိုင်းဝေ့ရဲ့ သခင်လေး ငိုယိုနေတာကို မြင်ရဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်"

စကားဆုံးသွားသည်နှင့် ခြေအောက်ရှိ နှင်းများ ကျန်ရှိနေသေးသော မြေပြင်မှ တုန်ခါမှုများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

"ဝူး——"

"ဝူး——"

ကြီးမားသော ကျွဲချိုခရာခံများက မြစ်ဝှမ်း၏ နှစ်ဖက်စလုံးမှ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် သဘာဝအသံချဲ့စက်ပုံစံ အပေါ်စီးတွင် ရပ်နေသဖြင့် မြစ်ဝှမ်းတစ်ခုလုံး ခရာသံ၏ ပဲ့တင်သံများ ရှိနေသကဲ့သို့ ဖြစ်နေလေသည်။

သတ်ဖြတ်အော်ဟစ်သံများကို အေးစက်သော လေပြေက ကမ်းပါးနှစ်ဖက်ရှိ ချောက်ကမ်းပါးမြင့်များဆီသို့ လွှမ်းခြုံသွားချိန်တွင် ဖေစုန့်သည် ဝေ့အလံကို လွှင့်ထူကာ တစ်ဖက်ရှိ အမြင့်မှ မြစ်ဝှမ်းဆီသို့ စီးဆင်းလာသော စစ်ကူများကို ကြည့်ရင်း မိမိ၏ အစီအစဉ် ပျက်စီးသွားသည်ဟု ခံစားလိုက်ရသည့်အလား မကျေမနပ်ဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ "ဖုန်းယန်က အဲ့ဒီ ဝေ့စစ်တပ်က ဒီလောက် မြန်မြန် ရောက်လာတာလား"

လျန်စစ်တပ်က ဖုန်းယန်ကို တိုက်ခိုက်သိမ်းပိုက်ရန် အနည်းဆုံး ငါးရက်လောက် ကြာလိမ့်မည်။ မြို့ပြင်ရှိ ထိုဝေ့စစ်တပ်က အကျိုးအမြတ်များကို ရယူပြီးနောက် ရောက်လာမည်ဆိုလျှင် ဝေ့သားအဖအတွက် အလောင်းလာကောက်ရုံသာ အချိန်မီသင့်ပေသည်။

သူ့စိတ်ထဲတွင် ထိုသံသယများ ရှိနေစဉ်မှာပင် မြစ်ကမ်းပါး၏ အခြားတစ်ဖက်မှ မြစ်ဝှမ်းဆီသို့ နောက်ထပ် စစ်ကူတစ်ဖွဲ့ စီးဆင်းသွားသည်ကို မြင်လိုက်ရသည်။ လွှင့်ထူထားသော အလံသည် တာ့လျန် ဝိန်းမိသားစု၏ နဂါးစိမ်းနှင့် တိမ်နီ အလံပင် ဖြစ်တော့သည်။

ဘေးနားရှိ ဖေယွမ်သည် သရဲတစ္ဆေ မြင်လိုက်ရသည့်အလား။ "လျန်နဲ့ ဝေ့ စစ်စခန်းနှစ်ခုက နောက်တစ်ကြိမ် မဟာမိတ်ဖွဲ့လိုက်ကြတာလား"

ဖေစုန့်သည် တစ်စုံတစ်ခုကို ခံစားလိုက်ရသည့်အလား မျက်လုံးများကို ရုတ်တရက် ပင့်ကာ မျက်နှာချင်းဆိုင် တောင်ကမ်းပါးဆီသို့ လှမ်းကြည့်လိုက်သည်။

အေးစက်သော လေပြေများက တဝူးဝူး တိုက်ခတ်နေပြီး နှင်းများက ဆားပက်ထားသလို ကျဆင်းနေ၏။

ပေတစ်ရာခန့်ရှိသော ရေခဲများ တွဲလောင်းကျနေသည့် ကျောက်ကမ်းပါးထက်တွင် သံပြားကပ်ထားသော မြင်းလှည်းတစ်စီးသည် တောင်လမ်း၏ အဆုံးတွင် ရပ်တန့်နေလေသည်။

မြေခွေးဖြူ သားမွေး ခြုံလွှာကြီးကို ခြုံထားသော အမျိုးသမီးငယ်သည် နှင်းများထဲရှိ စိမ်းလန်းသော ဝါးပင်တစ်ပင်အလား ကမ်းပါးထိပ်တွင် ရပ်နေပြီး သူမ၏ နောက်တွင် အစိမ်းရောင် ဝတ်စုံဝတ် အစောင့်ဆယ်ယောက်ခန့် ရပ်နေကြသည်။

အကွာအဝေးက အရမ်း ဝေးလွန်းသဖြင့် ထိုအမျိုးသမီး၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း တစ်ဖက်လူက သူ့ကို ကြည့်နေခြင်း ဖြစ်ကြောင်းကို ဖေစုန့် သိနေသည်။

တောင်ကမ်းပါးတစ်ဖက်မှ တိုက်ခတ်လာသော အေးစိမ့်သည့် မြောက်လေသည် ဖုံးကွယ်ထားသော်လည်း ကြီးမားလှသော အေးစက်သည့် သတ်ဖြတ်လိုသော စွမ်းအင်တစ်ရပ်ကို သယ်ဆောင်လာသယောင်။

ဖေစုန့်သည် ရှောင်းဟွေ့နျန် သေဆုံးပြီးနောက် ရှောင်းလိက သူ့ကို တစ်ယောက်တည်း လာရောက်လုပ်ကြံခဲ့သည့် ထိုလသာညကို အကြောင်းပြချက် မရှိဘဲ ရုတ်တရက် သတိပြန်ရသွားတော့သည်။

...

All Chapters