အခန်း ၇
Vol. 1 Ch. 7
အပိုင်း (၇)
ခပ်သြသြအသံတစ်ခုက အိမ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ "အားယွီ"
ဝိန်းယွီမှာ တဒင်္ဂ အံ့အားသင့်သွားပြီးမှ ထိုလူမိုက်က သူမကို ခေါ်နေခြင်းဖြစ်ကြောင်း သတိပြုမိသွားသည်။ သူမက သူမကို မည်သို့ခေါ်ရမည်ဟု ပြောပြခဲ့ပြီးနောက် သူက သူမကို ပထမဆုံးအကြိမ် နာမည်တပ် ခေါ်လိုက်ခြင်းပင်။
သူမက ခိုးနားထောင်နေသည်ကို မိသွားပြီဟု ထင်ကာ အနေခက်သွားသည့် အခြေအနေကို အလျင်အမြန် ဖုံးကွယ်လိုက်ပြီး တံမြက်စည်းဖြင့် နောက်ထပ် ၂ ချက် ၃ ချက်ခန့် လှည်းကျင်းဟန်ပြလိုက်သည်။ ထို့နောက် အပြစ်ကင်းစင်သော အမူအရာလေးဖြင့် နောက်သို့လှည့်ကာ ပြန်ထူးလိုက်သည်။
"ကျွန်မ ရှိပါတယ်"
အိမ်ထဲတွင် မှောင်နေသဖြင့် ထိုလူမိုက်၏ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သူက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ကြေးပြားတစ်တွဲကို သူမထံသို့ ပစ်ပေးလိုက်၏။
"ရွှီဆိုင်ကနေ ပေါက်စီတွေ သွားဝယ်ချေ"
ကြေးပြားများမှာ သူမ၏ ခြေရင်းတွင် ကျလာပြီး စုပုံနေသော နှင်းများထဲတွင် အချိုင့်ငယ်လေးများ ဖြစ်သွားလေသည်။ ဒါက သူတို့ ဆက်စကားပြောနိုင်ရန် သူမကို တမင်ဖယ်ရှားလိုက်ခြင်းမှန်း ထင်ရှားနေသည်။ ဝိန်းယွီက ခေါင်းညိတ်ကာ ကြေးပြားများကို ကောက်ယူပြီး အပြင်သို့ ထွက်လာခဲ့သည်။
ခြံတံခါးကို ဖြတ်ကျော်ပြီးမှသာ သူမ၏ အမူအရာမှာ လေးနက်သွားတော့သည်။
ချန်လိုင့်ဇီ ဖန်တီးခဲ့တဲ့ ပြဿနာက အပေါ်ယံကြည့်တာထက် ပိုရှုပ်ထွေးနေပုံရတယ်။ ဒါကြောင့်ပဲ ဒီလူမိုက်က ငါ့ကို အဝေးပို့ပြီးမှ စကားပြောဖို့ လိုအပ်နေတာပဲ။ တကယ်လို့ လောင်းကစားရုံပိုင်ရှင်က ချန်လိုင့်ဇီရဲ့ အကြွေးကို ဒီလူမိုက်ကိုပဲ အိတ်စိုက်ဆပ်ခိုင်းမယ်ဆိုရင်တောင် ငါ့ရှေ့မှာ ပြောလို့မရစရာ အကြောင်းမရှိဘူး။
ဒီကိစ္စရဲ့ အသေးစိတ်တွေက အခြေခံအားဖြင့် ငါနဲ့မသက်ဆိုင်သင့်ပေမယ့် ငါက ဒီပြဿနာကို စတင်စေခဲ့တဲ့ အကြောင်းရင်း ဖြစ်နေတဲ့အတွက် လုံးဝကင်းရှင်းဖို့ဆိုတာတော့ ခက်ခဲလိမ့်မယ်။ အနည်းဆုံး... ငါ့ရဲ့ လွတ်လပ်ခွင့်ကို မြန်မြန်ပြန်ရပြီး ဒီလူမိုက် မိသားစုနဲ့ အဆက်အသွယ် ဖြတ်နိုင်မှပဲ ရမယ်။
ဒါပေမယ့် ပန်းထိုးလက်ကိုင်ပဝါပေါ်က လျှို့ဝှက်သင်္ကေတကို အားကိုးပြီး ငါ့ရဲ့လူတွေနဲ့ ဆက်သွယ်ဖို့ဆိုတာက ကံတရားအပေါ်မှာပဲ မူတည်နေတာ... မျှော်လင့်ချက် အားလုံးကို အဲ့ဒီအပေါ်မှာပဲ ပုံအပ်ထားလို့ မရဘူး။ တကယ်လို့ ငါ့လူတွေနဲ့ ဆက်သွယ်လို့ မရခဲ့ဘူးဆိုရင် ငါ့ရဲ့ လွတ်လပ်ခွင့်ကို ပြန်ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ချန်လိုင့်ဇီရဲ့ လောင်းကစားအကြွေး ငွေစ၃၀ ကို ငါကိုယ်တိုင် ပြန်ဆပ်ဖို့ပဲ။
ဝိန်းယွီသည် ထိုကိစ္စများကို စဉ်းစားရင်းဖြင့် လမ်းကြားထဲမှ မသိမသာ ထွက်လာခဲ့သည်။ နှင်းကျနေသော နံနက်ခင်းတွင် အပြင်ထွက်သူ နည်းပါးသဖြင့် လမ်းထောင့်မှ စကားများနေသံကို သူမ သဲသဲကွဲကွဲ ကြားနေရသည်။
"...ချန်လောင်အာ့က လက်ကိုင်ပဝါတွေ ဝယ်တဲ့အခါ အမြဲတမ်း ၁၀ ဝမ်ပေးတယ်။ ရှင်က ဘာလို့ ၇ ဝမ်ပဲ ပေးရတာလဲ"
"ချန်လောင်အာ့က ခင်ဗျားရဲ့ လက်ကိုင်ပဝါတွေကို ၁၀ပြား ပေးတယ်ဆိုရင်လည်း သူ့ဆီ သွားရောင်းလေဗျာ! ကျုပ်ဆီ ဘာလို့ လာနေသေးလဲ"
ရှောင်းဟွေ့နျန်က အနည်းငယ် ချောင်းဆိုးလိုက်ပြီး ရန်လိုနေသည့်ပုံစံရှိသော ဈေးသည်ကို ဆက်ပြောဆိုနေသည်ကို အဝေးမှနေ၍ ကြားလိုက်ရသည်။
"ချန်မိသားစုက နှစ်သစ်ကူးအတွက် ရွာပြန်သွားကြလို့ပါကွယ်။ သေသေချာချာ ကြည့်ပါဦး... ဒါတွေက စူးကျိုးပန်းထိုး လက်ကိုင်ပဝါတွေပါ။ လက်ရာက သေသပ်ပြီး ပုံစံတွေကလည်း အသစ်အဆန်းတွေ။ နှစ်ဆဈေးနဲ့ ဈေးထဲမှာ ရောင်းရင်တောင် အမြတ်အများကြီး ရဦးမှာပါ။ သာမန် လက်ကိုင်ပဝါတွေဆိုရင်တော့ ထားလိုက်ပါတော့၊ ဒါပေမယ့် ဒီလိုမျိုးကို ဘယ်လိုလုပ်ပြီး ရိုးရိုးပန်းထိုးတွေနဲ့ ဈေးတူတူ ပေးလို့ရမှာလဲ"
ဈေးသည်က စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။
"စူးကျိုးပန်းထိုးပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ လက်ကိုင်ပဝါက လက်ကိုင်ပဝါပဲလေဗျာ! ကျုပ်က ဒီမှာ တစ်ဈေးတည်းပဲ ပေးတာ။ ရောင်းချင်ရင် မြန်မြန်ရောင်း။ မရောင်းချင်ရင်လည်း ကျုပ်အချိန်ကို လာမဖြုန်းနဲ့!"
ထိုသို့ပြောနေသော်လည်း သူ့မျက်လုံးများမှာ ရှောင်းဟွေ့နျန်ထံသို့ ခိုးခိုးကြည့်နေပြီး ကြေးပြားတစ်တွဲကိုပင် ရေတွက်နေလေပြီ။ ရှောင်းဟွေ့နျန်သာ သဘောတူပါက ချက်ချင်းပေးချေရန် အဆင်သင့် ဖြစ်နေကြောင်း ထင်ရှားလှသည်။
မျှော်လင့်မထားဘဲ ရှောင်းဟွေ့နျန်သည် ခြင်းတောင်းထဲရှိ အလွန်သေသပ်လှသော ပန်းထိုးလက်ကိုင်ပဝါများကို ခဏလောက် ကြည့်ပြီးနောက် ခေါင်းခါလိုက်၏။
"ဒါဆိုရင် ငါ မရောင်းတော့ဘူး"
သူမက ခြင်းတောင်းကို ကောက်ယူကာ လှည့်ထွက်သွားပြီး လေအေးများ တိုက်ခတ်လာသည့်အခါ ဆက်တိုက် ချောင်းဆိုးနေတော့သည်။
ဈေးသည်သည် သူမ၏ စုတ်ပြတ်နေသော အဝတ်အစားများကို မြင်ပြီး အဆက်မပြတ် ချောင်းဆိုးနေသံကို ကြားရသဖြင့် သူမမှာ ရောဂါသည်ဖြစ်ပြီး ငွေလိုနေသည်ဟု ထင်ကာ မတရား ဈေးဆစ်ခဲ့ခြင်း ဖြစ်သည်။ သူမက သည်လောက် ပြတ်ပြတ်သားသား ငြင်းဆန်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
သူက နောက်မှနေ၍ လှမ်းအော်လိုက်သည်။
"ကောင်းပြီ... ကောင်းပြီ! စူးကျိုးပန်းထိုးတွေအတွက် တစ်ထည်ကို ၁၀ပြား ပေးမယ်!"
သူသည် အလျင်အမြန် လိုက်လာပြီး ကြေးပြားတစ်တွဲကို ရှောင်းဟွေ့နျန်၏ လက်ထဲသို့ အတင်းထိုးထည့်လိုက်ကာ သူမ ကိုင်ထားသော ခြင်းတောင်းကို လှမ်းယူလိုက်လေသည်။
"နှစ်သစ်ကူးချိန်မှာ စားဝတ်နေရေးက ခက်ခဲတယ်လေဗျာ! ဒီလက်ကိုင်ပဝါတွေကို ရောင်းလိုက်ရင် နှစ်သစ်ကူး ပစ္စည်းတချို့ ဝယ်ဖို့ ငွေရတာပေါ့!"
ရှောင်းဟွေ့နျန်က ခြင်းတောင်းကို ယူမည့် သူ၏လက်ကို အမြန်တားလိုက်ပြီး အတင်းထိုးပေးလာသော ကြေးပြားများကို ပြန်တွန်းပေးကာ အော်ပြောလိုက်၏။
"ရှင် ဘာဖြစ်နေတာလဲ။ ငါ မရောင်းဘူးလို့ ပြောပြီးပြီလေ!"
ဝိန်းယွီသည် အခြေအနေမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဘက်သို့ ဦးတည်သွားတော့မည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် အော်ပြောလိုက်သည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ။ နေ့ခင်းကြောင်တောင်ကြီးကို အတင်းအကျပ် ရောင်းခိုင်းနေတာလား"
ဈေးသည်မှာ ရှောင်းဟွေ့နျန်ကို ဖိအားပေးကာ မတတ်သာဘဲ သဘောတူလာစေရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး တကယ်တမ်း အတင်းအကျပ် ရောင်းခိုင်းရန် စိတ်ကူးမရှိခဲ့ပေ။ ဤစကားကို ကြားလိုက်ရသဖြင့် သူက စကားပြောသူဘက်သို့ လှည့်ကြည့်လိုက်သည်။
မျက်နှာတွင် အနီစက်များ ထွက်နေသော အမျိုးသမီးဖြစ်နေသည်ကို မြင်သောအခါ သူ၏ မျက်နှာအမူအရာမှာ ပိုဆိုးရွားသွားသည်။
"အတင်းအကျပ် ရောင်းခိုင်းတယ်? ခင်ဗျား ဘယ်မျက်လုံးနဲ့ မြင်လို့လဲ"
"အဒေါ်ကြီးက မရောင်းဘူးလို့ ပြောနေတာကို ရှင်က သူ့ပစ္စည်းတွေကို လှမ်းယူသေးတယ်။ အဲ့ဒါ အတင်းအကျပ် ရောင်းခိုင်းတာ မဟုတ်လို့ ဘာလဲ"
"မင်း!"
ဈေးသည်မှာ အခိုက်တန့် ဆွံ့အသွားလေသည်။ သူတို့၏ အလုပ်အကိုင်တွင် ဈေးဆစ်ခြင်းက သည်လိုအခြေအနေသို့ ရောက်သွားပါက ဤနည်းဖြင့်ပင် ကိုင်တွယ်လေ့ရှိကြသည်။ ယခုတော့ လူသိရှင်ကြား ဖြစ်သွားပြီး သူမှားနေကြောင်း သိသဖြင့် လက်ကို ရုတ်သိမ်းလိုက်ရတော့သည်။
သူက ထပ်ပြောရန် ပြင်လိုက်စဉ် ရှောင်းဟွေ့နျန်က ဝိန်းယွီကို အရင်လှမ်းပြောလိုက်၏။
"တော်ပြီ၊ တော်ပြီ။ ဒီလူနဲ့ ငြင်းနေစရာ မလိုပါဘူး"
ထို့နောက် ဈေးသည်ဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည်။
"ငါက ဈေးဆစ်ချင်လို့ မရောင်းဘူးဆိုပြီး ဟန်ဆောင်နေတာ မဟုတ်ဘူး။ ဒီစူးကျိုးပန်းထိုး လက်ကိုင်ပဝါတွေရဲ့ တန်ဖိုးကို ရှင်က မသိပေမယ့် သိတဲ့လူတွေ ရှိပါတယ်။ ရှင်က တန်ရာတန်ကြေး မပေးနိုင်တော့လည်း ငါတို့ ဆက်ပြောစရာ မရှိတော့ပါဘူး"
ဈေးသည်မှာ သည်လောက်အထိ အလျှော့ပေးခဲ့ပြီးမှ ငြင်းပယ်ခံရသဖြင့် စိတ်ခုသွားပြီး ဤအမျိုးသမီးမှာ အကောင်းအဆိုး နားမလည်သူဟု တွေးလိုက်မိသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။
"ကောင်းပြီလေ! အဲ့ဒီလက်ကိုင်ပဝါတွေကို ရွှေတုံးတွေလို သဘောထားပြီး ကိုယ်တိုင်သာ သွားရောင်းကြည့်ပေတော့။ ဘယ်သူဝယ်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့!"
ထိုသို့ပြောပြီးနောက် သူက ထမ်းပိုးကို ထမ်းကာ ထွက်သွားတော့သည်။ ထိုအခါမှ ဝိန်းယွီက ရှောင်းဟွေ့နျန်ကို တွဲပေးရန် ရှေ့သို့ တိုးလာခဲ့သည်။
"ဒေါ်ဒေါ်... အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်” ရှောင်းဟွေ့နျန်က ချောင်းဆိုးရင်း မေးလိုက်သည်။ "မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ"
ဝိန်းယွီက ပြန်ဖြေလိုက်၏။
"အိမ်မှာ ဧည့်သည်တွေ ရောက်နေလို့ပါ။ အစ်ကို(၂)က ရွှီဆိုင်ကနေ ပေါက်စီတွေ သွားဝယ်ခိုင်းလိုက်လို့ပါ"
"ရွှီဆိုင်?" ရှောင်းဟွေ့နျန် မျက်မှောင်ကြုံ့သွားသည်။ "အဲ့ဒါက မြို့အရှေ့ဘက်မှာလေ၊ မြို့တစ်ဝက်လောက် အဝေးကြီးကို။ ပေါက်စီလေး ဝယ်ဖို့အတွက် ဘာလို့ မင်းကို အဲ့လောက်ဝေးတဲ့နေရာကို လွှတ်ရတာလဲ"
ရှောင်းဟွေ့နျန်က သူမ၏သားဖြစ်သူမှာ ချန်လိုင့်ဇီ ကိစ္စအတွက် ဒေါသထွက်နေဆဲဖြစ်ပြီး ဝိန်းယွီအပေါ် အညှိုးထားကာ သည်လောင် ဝေးလံသော နေရာသို့ အလုပ်ခိုင်းစေခြင်းဖြစ်မည်ဟု ထင်သွားလေသည်။ သူမက ချက်ချင်းပင် ကျိန်ဆဲလိုက်တော့သည်။
"ဒီကောင်လေးတော့!"
သူမက ဝိန်းယွီ၏ လက်ကို ပုတ်ကာ ပြောလိုက်၏။
"မကြောက်နဲ့နော်။ အိမ်ပြန်ရောက်ရင် သူ့ကို ငါ ကောင်းကောင်း ဆူလိုက်ဦးမယ်။ ချန်လိုင့်ဇီက ချန်လိုင့်ဇီပဲ၊ မင်းက မင်းပဲလေ။ သူက ချန်လိုင့်ဇီကို မကျေနပ်ရင်တောင် မင်းအပေါ် အညှိုးထားလို့ မရဘူး!"
ရှောင်းဟွေ့နျန်က အထင်လွဲနေမှန်း ဝိန်းယွီ သိလိုက်သော်လည်း သူမ၏ ကာကွယ်ပေးလိုသော သဘောထားကြောင့် သူမ၏ရင်ထဲတွင် ကြည်နူးသွားရသည်။
ထိုလူမိုက် ကြုံတွေ့ရနိုင်သည့် ပြဿနာများကို ပြန်တွေးမိပြီး ငွေ ၃၀ ပြန်ဆပ်ပြီးသည်နှင့် ချက်ချင်း ထွက်သွားရန် မူလက သူမ ရည်ရွယ်ထားခဲ့သည်။ သို့သော် ယခုတော့ ရှောင်းဟွေ့နျန်၏ ဂရုစိုက်မှုကို သတိရမိပြီး သူမ တတ်နိုင်သလောက် ကူညီပေးနိုင်ပါက ဤကျေးဇူးကို ပြန်ဆပ်သင့်သည်ဟု တွေးလိုက်မိသည်။
သူမက ပြုံးကာ ပြောလိုက်သည်။
"အစ်ကို(၂)က ရွှီဆိုင်က ပေါက်စီတွေကို ကြိုက်လို့ နေမှာပါ"
ထို့နောက် ရှောင်းဟွေ့နျန်၏ လက်ထဲရှိ ခြင်းတောင်းကို ကြည့်ကာ မေးလိုက်၏။
"ဒီပန်းထိုး လက်ကိုင်ပဝါတွေကို အဲ့ဒီဈေးသည်ကို မပေးတော့ဘူးဆိုတော့ ဘယ်မှာ သွားရောင်းဖို့ စိတ်ကူးထားလဲဟင်"
ရှောင်းဟွေ့နျန်က သက်ပြင်းချလိုက်သည်။
"ငါ့ဆီက လက်ကိုင်ပဝါတွေကို အမြဲဝယ်နေကျ ချန်လောင်အာ့က နှစ်သစ်ကူးဖို့ ရွာပြန်သွားပြီလေ။ သူက အမြဲတမ်း ဈေးမှန်ပေးတတ်တယ်။ နှစ်သစ်ကူးပြီးမှပဲ သူ့ကို ပေးရတော့မယ်"
ဝိန်းယွီက ခဏ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ပန်းထိုးဆိုင် ဒါမှမဟုတ် ဈေးထဲကို သွားပြီး ကိုယ်တိုင် သွားရောင်းလို့ မရဘူးလားဟင်"
ရှောင်းဟွေ့နျန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ပန်းထိုးဆိုင်တွေမှာ သူတို့ကိုယ်ပိုင် ပန်းထိုးသမားတွေ ရှိပြီးသားလေ၊ သူတို့ဆီမှာ ပိုနေတဲ့ ပစ္စည်းတွေတောင် မရောင်းရသေးတာ။ အပြင်လူဆီက ဘာလို့ ဝယ်မှာလဲ။ ဈေးထဲမှာဆိုရင်လည်း... ဈေးသည်တွေကပဲ ဆိုင်ခင်းပြီး ပစ္စည်းမျိုးစုံ တင်ရောင်းနေကြတာ၊ အေးအေးဆေးဆေး အော်ရောင်းနေကြတာပဲ။ ကိုယ်တိုင် သွားရောင်းဖို့ဆိုတာ အလွယ်လေး မဟုတ်ဘူး..."
ဤနေရာတွင် သူမက ရုတ်တရက် စကားကို ရပ်လိုက်ပြီး ခြင်းတောင်းထဲရှိ စူးကျိုးပန်းထိုး လက်ကိုင်ပဝါ အနည်းငယ်ကို ငုံ့ကြည့်လိုက်သည်။
သာမန် လက်ကိုင်ပဝါတွေဆိုရင်တော့ ရောင်းမရလောက်ဘူး။ ဒါပေမယ့် ဒါတွေက စူးကျိုးပန်းထိုးတွေလေ၊ ပုံစံတွေကလည်း အသစ်အဆန်းတွေ...
သူမက ဝိန်းယွီကို မော့ကြည့်လိုက်သောအခါ ဝိန်းယွီကလည်း သူမကို ကြည့်နေသည်။
ရှောင်းဟွေ့နျန်က ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ငါ့မှတ်ဉာဏ်ကို ကြည့်ပါဦး! မင်းရဲ့ ဒီလက်ကိုင်ပဝါတွေက သေသပ်လှတဲ့ ပန်းထိုးလက်ရာနဲ့ ထူးခြားတဲ့ ပုံစံတွေကြောင့် ထင်ရှားနေတာပဲ။ အုတ်ကြွပ်ဈေးမှာ သွားကံစမ်းကြည့်ကြရအောင်!"
သူတို့နှစ်ဦး အုပ်ကြွပ်ဈေးသို့ ရောက်သောအခါ ဈေးမှာ ဖွင့်ထားသည်မှာ အတော်ကြာပြီ ဖြစ်သည်။ မြေပြင်ပေါ်ရှိ နှင်းများမှာ ဖြတ်သန်းသွားလာနေသူများ၏ ခြေထောက်အောက်တွင် ရွှံ့ဗွက်များ အဖြစ်သို့ ပြောင်းလဲနေလေပြီ။ ဈေးခေါ်သံများနှင့် ဈေးဆစ်သံများမှာ လေယူလေသိမ်း မျိုးစုံဖြင့် ရောနှောကာ ဆူညံနေတော့သည်။
အုပ်ကြွပ်ဈေး၏ အလယ်ဗဟိုတွင် သစ်သားတားဆီးများဖြင့် ပိုင်းခြားထားပြီး အရှေ့ဘက်ခြမ်းတွင် ချည်၊ ပိတ်စ၊ ပိုးထည်နှင့် ကုန်စုံပစ္စည်းများကို ရောင်းချပြီး အနောက်ဘက်ခြမ်းတွင်တော့ ကျွဲနွားများနှင့် ကြက်ငှက်များကို ရောင်းဝယ်ဖောက်ကားကြသည်။
ဝိန်းယွီနှင့် ရှောင်းဟွေ့နျန်တို့သည် အရှေ့ဘက်ခြမ်းကို လျှောက်သွားရင်း ဈေးသည်များ အော်ဟစ်ရောင်းချနေကြပုံသည်ကို လေ့လာကြည့်ကြသည်။ ဝိန်းယွီသည် အုပ်ကြွပ်ဈေးအတွင်းရှိ ပစ္စည်းအားလုံး၏ ဈေးနှုန်းများကိုလည်း ဂရုတစိုက် မှတ်သားထားလိုက်သည်။
ကွယ်လွန်သူ ဧကရာဇ်တွင် သားတော်မရှိသဖြင့် လွန်ခဲ့သောနှစ်များစွာက သူမ၏အဖေကို တော်ဝင်မျိုးနွယ်စုမှ ရွေးချယ်ကာ အိမ်ရှေ့မင်းသားအဖြစ် တင်မြှောက်ခဲ့သည်။ သူမ၏အဖေက သူမ၏ အစ်ကိုကြီးအတွက် ခေါ်ယူပေးခဲ့သော ဆရာမှာ မျိုးဆက် ၃ ဆက်တိုင်တိုင် တော်ဝင်ဆရာများ ဖြစ်ခဲ့သည့် ယွီထိုက်ဖူ ဖြစ်သည်။
ယွီထိုက်ဖူက သူမ၏ အစ်ကိုကြီးကို တာဝန်တစ်ခု ပေးအပ်ခဲ့ဖူးသည်။ ထိုတာဝန်မှာ သာမန်ပြည်သူများအကြားရှိ ကုန်ပစ္စည်း ဈေးနှုန်းများကို စုံစမ်းရန် ဖြစ်သည်။ သူမ၏ အစ်ကိုကြီးနှင့် သူ၏ စာသင်ဖော်များသည် ကုန်ပစ္စည်းဈေးနှုန်း စာရင်းတစ်ခုကို ပြုစုရန် တစ်လကျော် အချိန်ယူခဲ့ကြသော်လည်း ယွီထိုက်ဖူထံသို့ တင်ပြသောအခါ သူက စာအုပ်ကို ဖွင့်ပင် မကြည့်ခဲ့ချေ။
ထိုနေ့က သူမသည် အစ်ကိုကြီးကို သွားရှာရင်း တံခါးနောက်တွင် ပုန်းနေခဲ့ပြီး ယွီထိုက်ဖူက သက်ပြင်းချရင်း သူမ၏ အစ်ကိုကြီးကို မေးလိုက်သည်ကို ကြားခဲ့ရသည်။
"ဒီစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတာတွေ အားလုံးကို မင်းသားကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တာလားလို့ မေးပါရစေ"
သူမ အစ်ကိုကြီး၏ ချောမောသော မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ဖြတ်ပြေးသွားပြီး ယွီထိုက်ဖူကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
"ဆရာ့ရဲ့ ရည်ရွယ်ချက်ကို တပည့် နားလည်ပါပြီ"
ထိုနေ့က ယွီထိုက်ဖူနှင့် သူမအစ်ကိုကြီးတို့၏ စကားဝိုင်း အဓိပ္ပာယ်ကို အပြည့်အဝ နားလည်ရန် ဝိန်းယွီအတွက် အချိန်အကြာပြီး ပေးခဲ့ရသည်။ ဈေးကွက်ထဲရှိ ကုန်ပစ္စည်းများနှင့် ဈေးနှုန်းများ၏ နောက်ကွယ်တွင် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုများ ရှိနေသည်။
ပြီးခဲ့သည့်အကြိမ်က သူမသည် ချန်လိုင့်ဇီကြောင့် ဤအုပ်ကြွပ်ဈေးသို့ ပစ္စည်းတစ်ခုသဖွယ် ခေါ်ဆောင်ခံခဲ့ရသည်။ ယခုတစ်ကြိမ်တွင်တော့ ဤနေရာနှင့် မသက်ဆိုင်သော "ကုန်ပစ္စည်းများ"နှင့် အမာရွတ်များ အားလုံးကို သူမ မှတ်မိချင်နေသည်။
မှတ်မိနေမှသာ အနာဂတ်တွင် ပြောင်းလဲမှုများကို ယူဆောင်လာနိုင်လိမ့်မည်။
သူတို့၏ လေ့လာစူးစမ်းမှုများအပြီးတွင် ဝိန်းယွီနှင့် ရှောင်းဟွေ့နျန်တို့သည် ပန်းထိုးလက်ကိုင်ပဝါများ၏ ဈေးနှုန်းကို ရှင်းရှင်းလင်းလင်း သိရှိသွားခဲ့သည်။ ဈေးသည်များအားလုံးက လက်ကိုင်ပဝါ တစ်ထည်လျှင် ၂၅ ဝမ်ဖြင့် ဈေးတူ သတ်မှတ်ထားကြသည်။
သို့သော် ဒါက သာမန် ပန်းထိုးလက်ကိုင်ပဝါများအတွက်သာ ဖြစ်သည်။ သူတို့သည် အုပ်ကြွပ်ဈေး တစ်ခုလုံးကို ပတ်ရှာခဲ့သော်လည်း စူးကျိုးပန်းထိုး ပိုးသားလက်ကိုင်ပဝါများကို ရောင်းချနေသည်ကို မတွေ့ရချေ။
ရှောင်းဟွေ့နျန်နှင့် တိုင်ပင်ပြီးနောက် ဝိန်းယွီသည် စူးကျိုးပန်းထိုး လက်ကိုင်ပဝါများ၏ ဈေးနှုန်းကို တစ်ထည်လျှင် ၅၀ ဝမ်ဟု အောက်ထစ် သတ်မှတ်လိုက်သည်။ မျှော်လင့်မထားဘဲ အုပ်ကြွပ်ဈေးထဲတွင် ခြင်းတောင်းများကိုင်ကာ ပန်းထိုးပစ္စည်းအမျိုးမျိုးကို လှည့်လည်ရောင်းချနေသော သက်ကြီးရွယ်အို အမျိုးသမီးများနှင့် မိန်းမငယ်လေးများလည်း အများအပြား ရှိနေသည်။
သူတို့၏ ကြိုးစားမှုများကြောင့် ဝိန်းယွီနှင့် ရှောင်းဟွေ့နျန်တို့သည် ခြင်းတောင်းများကို လက်မောင်းအောက်တွင် ညှပ်ထားရုံဖြင့် အသံကျယ်ကျယ် အော်စရာမလိုတော့ဘဲ ဖြတ်သွားဖြတ်လာများက သူတို့ ဘာရောင်းနေသည်ကို သိနေကြတော့သည်။ သို့သော် ရောင်းချသူ အများအပြား ရှိနေသဖြင့် ဝယ်သူများကို ဆွဲဆောင်ရန်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။
ရှောင်းဟွေ့နျန်က စူးကျိုးပန်းထိုး အမည်ကို အော်ဟစ်လိုက်သောအခါ အမျိုးသမီးတချို့က လက်ကိုင်ပဝါများကို လာရောက်ကြည့်ရှုကြသည်။ သို့သော် တစ်ထည်လျှင် ၅၀ ဝမ်ဟု ကြားလိုက်ရသောအခါ အားလုံးက ခေါင်းခါကာ ထွက်သွားကြတော့သည်။
ထိုသို့ အကြိမ်အနည်းငယ် ကြုံတွေ့ပြီးနောက် ရှောင်းဟွေ့နျန်မှာ မသေမချာ ဖြစ်လာပြီး ဝိန်းယွီကို အကြံပေးလိုက်၏။
"ဒီဈေးနဲ့ဆို ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူး။ တစ်ထည်ကို ၃၀ ဝမ်လောက် လျှော့လိုက်ရမလား"
လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသော ဈေးဆိုင်များကို ပြန်လည်အမှတ်ရသွားပြီး ဝိန်းယွီက ရုတ်တရက် ပြောလိုက်သည်။
"အထည်ကုန်သည်တွေရဲ့ ဆိုင်တွေဘက်ကို သွားကြည့်ရအောင်"
ရှောင်းဟွေ့နျန်က တုံ့ဆိုင်းနေပြီး "ဒါက... ဖြစ်နိုင်ပါ့မလား။ ဆိုင်ရှင်က ငါတို့ကို နှင်ထုတ်မှာ စိုးရိမ်တယ်..."
ပန်းထိုးပစ္စည်း အသေးအမွှားလေးများ ရောင်းချသည့် ဈေးသည်များအားလုံးသည် သည်နေရာတွင်သာ စုဝေးနေကြပြီး အထည်ကုန်သည်များ၏ ဆိုင်များအနီးသို့ သွားပါက နှင်ထုတ်ခံရမည်ကို စိုးရိမ်သဖြင့် မသွားရဲကြချေ။
ဝိန်းယွီက ရှောင်းဟွေ့နျန်၏ နားထဲသို့ တစ်စုံတစ်ရာကို တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ မျက်နှာအမူအရာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် ရှောင်းဟွေ့နျန်သည် နောက်ဆုံးတွင် လိုက်ပါလာခဲ့လေသည်။
သူတို့နှစ်ဦး အထည်ဆိုင်ရှေ့သို့ ပြန်လည်ရောက်ရှိလာသောအခါ ဝိန်းယွီသည် သူမ၏ ခြင်းတောင်းထဲမှ သစ်ခွပန်းပုံပါသော စူးကျိုးပန်းထိုး လက်ကိုင်ပဝါကို ယူကာ မျက်နှာဖုံးအဖြစ် အသုံးပြုပြီး အနီစက်များ အဆိုးရွားဆုံးဖြစ်နေသည့် မျက်နှာအောက်ပိုင်းကို ဖုံးအုပ်လိုက်သည်။
အထည်ရွေးချယ်ဟန်ဆောင်နေလိုက်ပြီး သူမ၏ မျက်နှာကို ဖုံးကွယ်ထားသော်လည်း သူမ၏ ကျက်သရေရှိသော ကိုယ်ဟန်နှင့် ယဉ်ကျေးသိမ်မွေ့သော အမူအရာများကြောင့် အထည်လာရွေးသည့် အမျိုးသမီးများနှင့် မိန်းမငယ်လေးများ၏ အကြည့်များကို မကြာခဏ ဆွဲဆောင်နိုင်ခဲ့သည်။
အထည်ကုန်သည်က သူတို့ကို အစပိုင်းတွင် ဈေးလာရောင်းသူများဟု ထင်ကာ နှင်ထုတ်ရန် ပြင်လိုက်သော်လည်း မျက်နှာဖုံးတပ်ထားသော အမျိုးသမီးက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"ဆိုင်ရှင်... ဒီပိုးထည်ကို တခြားအရောင်တွေရော ရှိသေးလား။ ကျွန်မကို ပြပါဦး၊ လက်ကိုင်ပဝါ လုပ်ဖို့ ဘယ်အရောင်က ပိုလိုက်ဖက်မလဲလို့ ကြည့်ချင်လို့ပါ"
နှောင့်ယှက်သူများမှ ဖောက်သည်များအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသဖြင့် အထည်ကုန်သည်၏ အေးစက်သော မျက်နှာထားမှာ ချက်ချင်းပင် နွေးထွေးသွားပြီး သူတို့ကို ဆိုင်မှ နှင်ထုတ်ရန် မဝံ့ရဲတော့ချေ။
အထည်ရွေးချယ်သည့် အကြောင်းပြချက်ဖြင့် ဝိန်းယွီသည် အသစ်အဆန်းနှင့် ဆွဲဆောင်မှုရှိသော ပုံစံများပါဝင်သည့် ပန်းထိုးလက်ကိုင်ပဝါများကို ထုတ်ယူကာ မည်သည့်ဒီဇိုင်းက မည်သည့်အရောင်ရှိသော အထည်နှင့် အလိုက်ဖက်ဆုံး ဖြစ်မည်ကို နှိုင်းယှဉ်ပြသခဲ့သည်။
ဤနည်းဖြင့် လက်ကိုင်ပဝါ ဝယ်ရန် ရည်ရွယ်ချက်မရှိဘဲ အထည်လာကြည့်သူများပင်လျှင် ထူးခြားသော ပုံစံများနှင့် သေသပ်လှသော ပန်းထိုးလက်ရာများကို မြင်တွေ့သွားပြီး စိတ်ဝင်စားမှု ဖြစ်ပေါ်လာတော့သည်။
ပိုးထည်အတွက် ငွေရာထောင်ချီ အကုန်အကျခံထားပြီးဖြစ်ရာ လက်ကိုင်ပဝါအတွက် ကြေးပြားအနည်းငယ် ထပ်မံပေးရခြင်းမှာ လွယ်ကူသော အပိုဆောင်းတစ်ခု ဖြစ်လာပြီး ငွေပေးချေမှုများကိုလည်း အလွယ်တကူ ပြုလုပ်လာကြသည်။
နာရီဝက်မပြည့်မီမှာပင် ဝိန်းယွီ၏ ခြင်းတောင်းထဲရှိ ပန်းထိုးလက်ကိုင်ပဝါများ အားလုံး ရောင်းကုန်သွားလေသည်။ ခေတ်မီပုံစံများကို မဝယ်လိုက်ရသူ တချို့က နောက်တစ်ကြိမ် ဈေးနေ့တွင် လာရောင်းဦးမှာလားဟုပင် မေးမြန်းကြသည်။
ယနေ့ရောင်းချခဲ့သော ပန်းထိုးပုံစံများမှာ မကြာမီ ပုံတူကူးခံရမည်ကို ဝိန်းယွီ ခန့်မှန်းထားပြီး ဒါကလည်း သူမ လိုချင်သည့် ရလဒ်တစ်ခုပင်။ သို့သော်လည်း ဖောက်သည်တချို့ကို ထိန်းသိမ်းထားရန် သူမက ပြုံးကာ နောက်တစ်ကြိမ်တွင် ဒီဇိုင်းသစ်များ ယူဆောင်လာမည်ဟု ကတိပေးလိုက်သည်။
သူမ ရွေးချယ်ထားသော ပိုးထည်ကို ဖြတ်ပေးရန် အထည်ကုန်သည်ထံသို့ ကမ်းပေးလိုက်သောအခါ သူက စီးပွားရေးအခွင့်အလမ်းကို ရှင်းရှင်းလင်းလင်း သတိပြုမိသွားပြီး သူမကို နွေးထွေးစွာ ပြုံးပြရင်း ပြောလိုက်၏။
"သခင်မလေး... ရေရှည် အရောင်းအဝယ် လုပ်ဖို့ စိတ်ကူးရှိလား"
ဝိန်းယွီက မျက်တောင်များကို အနည်းငယ် ပင့်လိုက်၏။ သူမ၏ မျက်နှာအောက်ပိုင်းကို မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသော်လည်း မျက်ဝန်းထဲတွင် ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ရှိနေသည်ကို မြင်နိုင်လေသည်။
"ကျွန်မတို့ ဆွေးနွေးလို့ ရပါတယ်"
...