← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အပိုင်း (၉၅)

လီယောင်က ဝိန်းယွီကို အရိုအသေပေးလိုက်သည်။ "ပြည်နယ်(၃)ခုနဲ့ ခရိုင်(၁)ခုက ပြည်သူတွေ ကိုယ်စား မင်းသမီးကို ကျေးဇူးတင်ပါတယ်"

ဝိန်းယွီက ထိုအဘိုးကြီးကို နှုတ်ဆိတ်ကာ ကြည့်နေ၏။ နောက်ဆုံးတွင် ခေါင်းကို လှည့်ကာ ပြတင်းပေါက်အပြင်ဘက် နံရံတစ်လျှောက် တွယ်တက်နေသော စိမ်းလန်းသည့် နွယ်ပင်များရှိရာ ဥယျာဉ်ရှုခင်းကို ကြည့်လိုက်သည်။ သူမက လေကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပုံရပြီးနောက် ပြောလိုက်၏။ "ဆရာ... တခြားကိစ္စ မရှိတော့ဘူးဆိုရင် အရင် ပြန်နားလိုက်ပါတော့"

တစ်ဖက်လူက တာ့လျန်၏ အခြေခံအုတ်မြစ်နှင့် ပြည်နယ်(၃)ခု၊ ခရိုင်(၁)ခုမှ ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အသုံးချကာ သူမကို အကြိမ်ကြိမ် ဖိအားပေးနေခဲ့သည်။ ထို့အပြင် ရှင်ဘုရင်နှင့် အမတ်ကြားရှိ စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်စွာ လိုက်နာနေခြင်းက သူမ၏ ကိုယ်ပိုင်အဆင့်အတန်းကို အမှတ်ရနေစေရန် သတိပေးနေခြင်းပင် မဟုတ်ပါလား။

သို့သော် ဝိန်းယွီကတော့ သူ့ကို လူကြီးမင်း ဟု မခေါ်ဘဲ ဆရာ ဟုသာ ခေါ်ဆိုခဲ့သည်။

လီယောင်သည် သူမ၏ ခေါ်ဆိုသံကို ကြားလိုက်ရသောအခါ အနည်းငယ် ကြောင်အသွား၏။ အိုမင်းကာ ဖြူရော်နေသော သူ၏ မျက်လုံးအိမ်များထဲတွင် ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေသော ဝိန်းယွီ၏ ဘေးတိုက်မြင်ကွင်း အရိပ်လေးက ထင်ဟပ်နေသည်။ ဖြူစပြုနေသော မုတ်ဆိတ်မွေးများ ဖုံးလွှမ်းနေသည့် သူ၏ နှုတ်ခမ်းများက လှုပ်ရှားသွားသော်လည်း ချက်ချင်းပင် ပြန်လည် တင်းတင်းစေ့သွားပြန်သည်။ မျက်နှာပေါ်ရှိ အမူအရာက နဂိုအတိုင်း ခေါင်းမာကာ ခက်ထန်နေဆဲဖြစ်ပြီး ဝိန်းယွီကို ပြောလိုက်၏။ "ကျွန်တော်မျိုး ခွင့်ပြုပါဦး"

ခြေသံနှင့် တုတ်ကောက်ထောက်သံတို့က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ထို့နောက် အခန်းတံခါး ပိတ်သွားသည့် အသံကို ကြားလိုက်ရ၏။

ထိုအချိန်အတွင်း ဝိန်းယွီက ပြတင်းပေါက်အပြင်ဘက်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ အရာဝတ္ထုများကို အချိန်အကြာကြီး ကြည့်နေမိသဖြင့် မျက်လုံးများ ကျိန်းစပ်လာသည့် အချိန်ရောက်မှသာ သူမက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ချလိုက်တော့သည်။

သူမက မိမိကိုယ်ကို ပြန်ပြောနေမိသည်။ လီယောင် ဘာမှ အမှားလုပ်မထားဘူး။ သူက အကြံပေးအမတ်တစ်ယောက် လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားတာပဲ။ သူ့ကို ဆရာတစ်ယောက်လို သဘောထားပြီး သူကလည်း ကိုယ့်ကို ဆရာတစ်ယောက်လို တကယ် ပြန်ဆက်ဆံပေးလိမ့်မယ်လို့ မျှော်လင့်မိတာက ကိုယ့်အမှားပဲ။

သူက တရားမျှတမှုနဲ့ တာဝန်ဝတ္တရားတွေကို အသုံးချပြီး ကိုယ့်ကို ဖိအားပေးနေတယ်။ ဒါက တာ့လျန်ရဲ့ အခြေခံအုတ်မြစ်နဲ့ ပြည်နယ်(၃)ခု၊ ခရိုင်(၁)ခုက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အသုံးချပြီး လောင်းကြေးမထပ်ရဲဘူးလို့ ပြောရတာထက် ကိုယ့်ကို တစ်ခါမှ မယုံကြည်ခဲ့ဘူးလို့ ပြောရတာ ပိုမှန်လိမ့်မယ်။

အဲ့ဒီ အဘိုးကြီးက အစကနေ အဆုံးအထိ ကိုယ့်အဖေ မပြီးမြောက်ခဲ့တဲ့ ရည်မှန်းချက်ကြီးကိုပဲ ပြီးမြောက်အောင် လုပ်ချင်နေခဲ့တာ။ ဒါကြောင့်ပဲ သူ့ရဲ့ ဆန္ဒတွေကို ဆက်ခံမယ့် ကိုယ့်ကို အမှားလေးတစ်ခုတောင် အဖြစ်မခံနိုင်တာပေါ့လေ။

____

ကျောင်းပိုင် ပြန်ရောက်လာချိန်တွင် ဝိန်းယွီက စားပွဲရှေ့၌ စုတ်တံကို ကိုင်ကာ စာရေးနေလေသည်။ အခန်းထဲတွင် စိတ်ကြည်လင်စေသော နံ့သာပေါင်းကို ထွန်းညှိထားပြီး ပမာဏကလည်း တော်တော်လေး များပြားနေ၏။ ကျောင်းပိုင်က အကြိမ်အနည်းငယ်မျှ ရှူရှိုက်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။ သူမက ပြတင်းပေါက်ရှေ့တွင် အာရုံစူးစိုက်ကာ စာရေးနေသော ဝိန်းယွီကို တစ်ချက် ကြည့်လိုက်ပြီး ချန်အန်း၊ ထုန်ချွဲ အစရှိသည့် ကျိုးအိမ်တော်မှ အစောင့်စစ်သည်များအား နေရာချထားမှုအကြောင်းကို တင်ပြလိုက်လေသည်။ "မင်းသမီးရဲ့ အမိန့်အတိုင်း သူတို့အားလုံးကို သင့်တော်တဲ့ နေရာတွေမှာ နေရာချထားပေးပြီးပါပြီ။ အိမ်တော်က သမားတော်ကိုလည်း ခေါ်ပြီး သူတို့ကို စမ်းသပ် ကုသပေးဖို့ စီစဉ်ထားပါတယ်"

ဝိန်းယွီက "အင်း" ဟု အသံပြုလိုက်ပြီး ပြောလိုက်သည်။ "သူတို့ကို သေသေချာချာ ဂရုစိုက်ပေးလိုက်ပါ။ ဒီလူတွေက ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ ငါ့ကို ကာကွယ်ပေးခဲ့ကြတာ။ သူတို့တွေ ပြန်ကောင်းလာတဲ့အခါ အလုပ်ကနေ အနားယူချင်တဲ့သူတွေ ရှိရင် ငွေကြေး အလုံအလောက် ပေးလိုက်ပါ။ ဆက်နေချင်တဲ့သူတွေကိုတော့ မင်းပဲ ကြည့်ပြီး နေရာချထားပေးလိုက်ပါ။ သူတို့ကို လုံးဝ အနစ်နာမခံစေနဲ့။ လမ်းခရီးမှာ အသက်ဆုံးရှုံးသွားတဲ့သူတွေအတွက်တော့ သူတို့ရဲ့ နာမည်နဲ့ ဇာတိကို ချန်အန်းဆီကနေ သေချာ မေးထားလိုက်။ တကယ်လို့ သူတို့မှာ မိသားစုတွေ ကျန်ခဲ့သေးတယ်ဆိုရင် လျော်ကြေးငွေ နည်းနည်းပါးပါး ပို့ပေးလိုက်ဦး"

ကျောင်းပိုင်က ဝိန်းယွီသည် သူမ၏ လက်အောက်ငယ်သားများအပေါ် အမြဲတမ်း သဘောထားကြီးကြောင်း သိထားသဖြင့် အားလုံးကို တစ်ခုချင်းစီ သဘောတူလက်ခံလိုက်သည်။ ထို့နောက်မှ ပြတင်းပေါက်ရှေ့တွင် ထိုင်နေပြီး နံ့သာပေါင်းအိုးမှ ထွက်ပေါ်နေသော မီးခိုးငွေ့ပါးပါးလေးများကြား၌ မျက်နှာတစ်ဝက်ခန့် ဖုံးကွယ်နေသူကို ကြည့်ကာ ပြောလိုက်၏။ "ဒီနံ့သာပေါင်းကို အများကြီး ရှူရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်လို့ သမားတော်က ပြောထားတယ်လေ။ မင်းသမီးကို နည်းနည်းပဲ သုံးဖို့ ပြောထားရက်နဲ့ ဘာလို့ ဒီလောက် အများကြီး သုံးနေရတာလဲ"

ကျောင်းပိုင်သည် ဝိန်းယွီ၏ နေ့စဉ်ဘဝကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသူ ဖြစ်သဖြင့် ဤနံ့သာပေါင်းကို လီယောင် ပေးအပ်သော သင်ခန်းစာများကို ပြီးမြောက်စေရန် ဝိန်းယွီက နေ့မနား ညမနား စာအုပ်များ ဖတ်ရှုလေ့လာချိန်ကတည်းက စတင် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သဘာဝကျကျပင် သိထားလေသည်။

လက်ဖက်ရည်ပြင်းပြင်းကပင် မဖယ်ရှားပေးနိုင်သော အိပ်ချင်စိတ်ကို ဤနံ့သာပေါင်းက လန်းဆန်းသွားစေနိုင်သဖြင့် ၎င်း၏ ပြင်းအားက သိသာလှသည်။

သူမက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ "မင်းသမီးရဲ့ ကျန်းမာရေးက အရေးကြီးတယ်လေ။ ပင်ပန်းနေရင် အရင် နားလိုက်ပါဦး။ ဒီလိုကြီး ဆက်တိုက် အိပ်ရေးပျက်ခံနေလို့ ဘယ်ဖြစ်ပါ့မလဲ။ ကိစ္စတော်တော်များများကို လီလူကြီးမင်းနဲ့ ချန်လူကြီးမင်းတို့ဆီ လွှဲပေးထားပြီးပြီ မဟုတ်လား"

ဦးနှောက်ထဲရှိ အာရုံကြောများက အချိန်အကြာကြီး တင်းကျပ်နေခဲ့ပြီးနောက် ခေါင်းကိုက်ဝေဒနာကို အမှန်တကယ်ပင် ဖြစ်ပေါ်စေခဲ့ပုံရသည်။ ဝိန်းယွီက လက်ချောင်းများကို မြှောက်ကာ နားထင်နေရာကို ခပ်ဖွဖွ နှိပ်နယ်လိုက်သော်လည်း သူမ ပြောလိုက်သော စကားမှာ သက်ပြင်းချသံတစ်ခုနှင့် တူနေ၏။ "သူတို့ဆီ လွှဲပေးထားတယ် ဆိုပေမဲ့လည်း ကိုယ်တိုင် တစ်ချက်တော့ ပြန်စစ်ဆေးရဦးမယ်လေ"

ကျောင်းပိုင်က ထပ်မံ ဖျောင်းဖျရန် ပြင်လိုက်သော်လည်း ဝိန်းယွီ ညွှန်ကြားလိုက်သည်ကို ကြားလိုက်ရသည်။ "ယောက်မဆီကို သူလျှိုတွေ ထပ်ပြီး စေလွှတ်ဖို့ စီစဉ်လိုက်ပါ။ ယောက်မနဲ့ ငါတို့တွေ လျှို့ဝှက် ဆက်သွယ်နေတာကို ဖေစုန့်က ရိပ်မိသွားနိုင်ချေ အရမ်းများတယ်။ အရင်က လွှတ်ထားတဲ့ လျှို့ဝှက်သူလျှိုတွေကို သိသွားလောက်ပြီ"

သူမ၏ လေသံက အနည်းငယ် ရပ်တန့်သွားပြီး မျက်လုံးများက သေဆုံးနေသော ရေကန်တစ်ခုကဲ့သို့ အလွန် တည်ငြိမ်နေသည်။ "အသစ်ထပ်လွှတ်မယ့် သူလျှိုတွေကို ယောက်မဆီမှာ ကိုယ်ဘယ်သူဘယ်ဝါဆိုတာကို လုံးဝ မဖော်ပြစေနဲ့"

ဖေစုန့်က ယောက်မကို စောင့်ကြည့်နေပြီဖြစ်ကာ ယောက်မကလည်း ထိုအကြောင်းကို မသိသေးသဖြင့် နောက်ထပ် စေလွှတ်မည့် လျှို့ဝှက်အစောင့်များသည် ကျန်းယီချူးကိုပါ လျှို့ဝှက်ထားမှသာ ဖေစုန့်ကိုလည်း မစုံစမ်းနိုင်ဘဲ ဖြစ်လိမ့်မည်။

ဤလုပ်ရပ်သည် ကျန်းယီချူးတို့ သားအမိ၏ ဘေးကင်းလုံခြုံရေးအတွက် ဖြစ်သလို ဖေစုန့်က ယောက်မနှင့် သူမတို့ကြား ဆက်သွယ်နေမှုကို အမှန်တကယ် သိရှိသွားခြင်း ရှိမရှိဆိုသည်ကို ထပ်မံ အတည်ပြုရန်အတွက်လည်း ဖြစ်ပေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကျောင်းပိုင်က အံ့အားသင့်သွားတော့သည်။ "ဒါဆိုရင် ထိုက်ဇီဖေးနဲ့ မင်းသမီးလေးတို့ အန္တရာယ် မများဘူးလား"

ရေးလက်စစာကို ပြီးအောင် ရေးလိုက်ပြီးနောက် ဝိန်းယွီသည် ရှည်လျားသော မျက်တောင်များကို အောက်သို့ချကာ ချိပ်ပိတ်လိုက်ပြီး တည်ငြိမ်ကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်၏။ "ငါက နန်ချန်၊ မြောက်ပိုင်းဝေ့တို့နဲ့ မဟာမိတ်ဖွဲ့ပြီးသွားပြီ။ အရေးကြီးတဲ့ အချိန်ရောက်လာရင် ယောက်မနဲ့ အားယင်းလေးတို့က ငါ့ကို ခြိမ်းခြောက်ဖို့ ဖေစုန့်အတွက် အကောင်းဆုံး လက်နက်တွေပဲ။ အဲ့ဒီအချိန် မရောက်မချင်း ဖေစုန့်က သူတို့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး"

ကျောင်းပိုင်၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွားသည့်နှယ် ဝိန်းယွီ၏ ပိန်ပါးလှသော ဘေးတိုက်မြင်ကွင်း အရိပ်လေးကို ကြည့်ရင်း ရုတ်တရက် ခံစားချက်မျိုးစုံ ရောပြွမ်းသွားတော့သည်။ အပြင်လူတစ်ယောက်ဖြစ်သော သူမပင် ဤမျှလောက်အထိ ထိတ်လန့်သွားခဲ့ရသော်လည်း ဝိန်းယွီကမူ ဘာမှမဖြစ်ခဲ့သူ တစ်ယောက်လို ၎င်း၏ အကျိုးအပြစ်များကို ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီး ဖြေရှင်းရမည့် နည်းလမ်းကိုပါ ထုတ်ပေးနိုင်ခဲ့သည်။ ဤသည်မှာ ဝိန်းယွီ တစ်ခါမှ မထိတ်လန့် မယိမ်းယိုင်ခဲ့ဖူးသကဲ့သို့ပင်။

ဒါပေမဲ့ ဘယ်လိုလုပ် မရှိဘဲ နေပါ့မလဲ။

သူမက ထိတ်လန့်နေဖို့ အချိန်မရှိဘူးဆိုတာကိုရော၊ ကြောက်ရွံ့နေဖို့ အချိန်မရှိဘူးဆိုတာကိုပါ သိနေလို့ပဲ ရှိသမျှ ခွန်အားတွေ အကုန်လုံးကို အခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့ နေရာမှာ အသုံးပြုခဲ့တာပေါ့။ တခြား ခံစားချက်တွေအတွက် အချိန်နည်းနည်းလေးတောင် မပေးနိုင်တော့ဘူးလေ။

ကျောင်းပိုင်၏ လည်ချောင်းထဲတွင် ခါးသက်သက် ဖြစ်လာချိန်၌ ဝိန်းယွီက ဆက်ညွှန်ကြားလိုက်သည်ကို ကြားလိုက်ရသည်။ "ဒါ့အပြင် ဖေစုန့်က ရှောင်းလိကိုလည်း စောင့်ကြည့်နေတယ်။ သူ့လက်ထဲမှာ ရှောင်းလိအမေကို ဓားစာခံအနေနဲ့ တကယ် ဖမ်းထားတာ ဟုတ်မဟုတ်တော့ မသိရသေးဘူး။ အဲ့ဒီနေ့က ကျိုးအိမ်တော်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ကျိုးစွေက အသိဆုံး ဖြစ်လိမ့်မယ်။ ယုံကျိုးကို လူလွှတ်ပြီး ကျိုးစွေနဲ့ ဆက်သွယ်လိုက်ပါ။ ရှောင်းလိအမေ ကိစ္စကို သေချာ စုံစမ်းကြည့်။ တကယ်လို့ ဖေစုန့်လက်ထဲ ရောက်နေတယ်ဆိုရင် ကယ်ထုတ်ဖို့ နည်းလမ်းရှာပါ။ သူ့အမေက ငါ့အပေါ် ကျေးဇူးကြီးမားခဲ့ဖူးတယ်။ သူ့ကို ဘာအန္တရာယ်မှ အဖြစ်ခံလို့ မရဘူး"

ဝိန်းယွီက သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် လီယောင် ယူလာပေးခဲ့သော လျှို့ဝှက်စာကို ဖိကာ ကျောင်းပိုင်ဆီသို့ တွန်းပို့ပေးလိုက်သည်။

ကျောင်းပိုင်က ဖတ်ပြီးသွားသောအခါ ထိတ်လန့်မိကာ သံသယဖြစ်သွားတော့၏။ ရှောင်းလိက သူလျှိုတစ်ယောက် ဖြစ်နေတာလားဟု သူမက မသိစိတ်အလိုလို ပြောချင်သွားခဲ့သော်လည်း ဝိန်းယွီ၏ အစောပိုင်း စကားများနှင့် ပေါင်းစပ်တွေးကြည့်သောအခါ ဤသည်မှာ ဖေစုန့်၏ သွေးခွဲရန် ကြံစည်မှု ဖြစ်နေမည်ကိုလည်း စိုးရိမ်မိသည်။ သို့သော် ရှောင်းလိက ဖေစုန့်၏ ဖခင်အရင်းနှင့် ပတ်သက်နေသည် ဆိုသည့်အချက်ကတော့ သူမကို အမှန်တကယ်ပင် ခေါင်းနပန်းကြီးသွားစေခဲ့သည်။ သူမက စာကို ကိုင်ထားရင်း ဝိန်းယွီကို မော့ကြည့်ကာ မေးလိုက်သည်။ "ရှောင်းလိက ချင်ယီဆီမှာ ပညာသင်ခဲ့တာလား"

ဝိန်းယွီက ပြောလိုက်လေသည်။ "သူက သူလျှိုလို့ စွပ်စွဲခံရနိုင်လောက်တဲ့ အချက်က ဒီတစ်ချက်ပဲ ရှိတယ်။ အမှန်တရားက ဘာလဲဆိုတာကိုတော့ သူ့ကို မေးကြည့်မှပဲ သိရလိမ့်မယ်။ နင် ကိုယ်တိုင် တစ်ခေါက်လောက် သွားပြီး သူ့ကို ပြန်ခေါ်လာခဲ့လိုက်"

ကျောင်းပိုင်က ဝိန်းယွီ၏ စကားထဲမှ အဓိပ္ပာယ်ကို စဉ်းစားကြည့်လိုက်ပြီးနောက် ထိုညက ရှောင်းလိတစ်ယောက် မိုးထဲရေထဲ ထွက်သွားခဲ့စဉ်က သနားစရာကောင်းသော ပုံစံကို ပြန်လည်သတိရမိသွားသည်။ ဝိန်းယွီက မိမိကို သွားခေါ်ခိုင်းခြင်းမှာ တစ်ဖက်လူက သူလျှို ဟုတ်မဟုတ် စစ်ဆေးမေးမြန်း အပြစ်ပေးရန် မဟုတ်ဘဲ သွယ်ဝိုက်သော နည်းလမ်းဖြင့် ကာကွယ်ပေးခြင်းမျိုးနှင့် ပိုတူနေသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဖေစုန့် အသုံးပြုသော သွေးခွဲသည့် ဗျူဟာသာ တကယ်ဖြစ်ခဲ့မည်ဆိုလျှင် လက်ရှိတွင် အပြင်ဘက်၌ တစ်ယောက်တည်း ရှိနေသော ရှောင်းလိက ဖေစုန့်ဘက်ကို အခွင့်အရေး ပေးလိုက်သလို ပိုဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

ဖေစုန့်က သူ့ကို မသိမ်းသွင်းနိုင်ခဲ့လျှင်တောင် သူ့အမေဆိုသည့် ဓားစာခံ ရှိနေသဖြင့် သူ့ကို ပိတ်လှောင်ထားနိုင်စွမ်း ရှိနေသေးသည်။ ထိုအချိန်ရောက်မှ ရှောင်းလိက သူ့ဘက်ကို ကူးပြောင်းသွားပြီဆိုသည့် ကောလာဟလများကို တမင်သက်သက် လွှင့်ထုတ်လိုက်ပါက ပထမအချက်အနေဖြင့် ရှောင်းလိ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနိုင်ပြီး ရှောင်းလိကို ဖြေရှင်းစရာ စကားမရှိအောင် လုပ်ကာ ဖိန်ကျိုးသို့ ဘယ်တော့မှ ပြန်မလာနိုင်အောင် လုပ်နိုင်လိမ့်မည်။ ဒုတိယအချက်အနေဖြင့် ဖိန်ကျိုး၏ စိတ်ဓာတ်ခွန်အားကိုလည်း ပြင်းပြင်းထန်ထန် ရိုက်ချိုးပစ်နိုင်လိမ့်မည်။

ထိုအချက်များကို တွေးတောမိသွားပြီးနောက် ကျောင်းပိုင်သည် ဖေစုန့်၏ ဤဗျူဟာက အလွန်တရာ ယုတ်မာကောက်ကျစ်လှသည်ဟုသာ ခံစားလိုက်ရတော့သည်။

မင်းသမီးက ရှောင်းလိ ဖိန်ကျိုးကနေ ထွက်သွားပြီ ဆိုသည့် သတင်းကို အရင် ဖိနှိပ်ထားနိုင်ခဲ့လို့သာ တော်တော့သည်။ မဟုတ်လျှင် ဖေစုန့်ဘက်က အရင် လှုပ်ရှားလာပါက သူတို့တွေ လုံးဝ အကျပ်ရိုက်သွားသည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။

ကျောင်းပိုင်က ဝိန်းယွီကို အလျင်အမြန် လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်၏။ "မင်းသမီး စိတ်ချပါ။ ကျွန်မ သူ့ကို သေချာပေါက် ပြန်ခေါ်လာခဲ့ပါ့မယ်"

___

လီယောင်သည် တုတ်ကောက်ကို ထောက်ကာ စင်္ကြံလမ်းပေါ်တွင် ဖြည်းညင်းစွာ လမ်းလျှောက်နေသည်။ ရေကန်ဆီမှ တိုက်ခတ်လာခဲ့သည့် နွေရာသီလေပြေက မျက်နှာဆီသို့ တိုက်ခတ်လာသဖြင့် အပူဒဏ်ကို အနည်းငယ်မျှတော့ ဖယ်ရှားပေးနိုင်ခဲ့သည်။

သူက ဝိန်းယွီထံမှ ထွက်ခွာလာချိန်တွင် သူမ၏ ဆရာ ဟူသော ခေါ်ဆိုသံနှင့် နောက်ဆုံးတွင် အကြည့်လွှဲသွားကာ သူ့ကို ထပ်မကြည့်ချင်တော့သည့် ဘေးတိုက်မြင်ကွင်း အရိပ်လေးကို ပြန်လည်တွေးတောမိပြီး စိတ်ထဲတွင် သိပ်ပြီး မကောင်းလှချေ။

သူ၏ ဤတစ်သက်တာလုံးတွင် မာနကြီးခဲ့ပြီး အသက်အရွယ် ကြီးရင့်လာမှသာ တကယ်တမ်း ဤကဲ့သို့သော တပည့်တစ်ယောက်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။ သူမက ထက်မြက်ပြီး လုံ့လဝီရိယရှိကာ ကြိုးစားပမ်းစားလည်း ရှိသည်။ မည်သည့် စာအုပ်စာပေများထဲတွင်မဆို ရှာတွေ့နိုင်သော အသိပညာများကို သူမက ဒုတိယအကြိမ် ထပ်သင်ပေးစရာ မလိုအောင်ပင် တတ်မြောက်ခဲ့သည်။

သူ၏ ဘဝတစ်ဝက်ကျော်ရှိ ရည်မှန်းချက်များကို တစ်ဖက်လူက အကောင်အထည်ဖော်ပေးနိုင်လိမ့်မည် ဟုလည်း သူ အခိုင်အမာ ယုံကြည်ထားခဲ့သည်။

သူမက အမြဲတမ်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သည်။ ထိုရှောင် မျိုးရိုးနှင့် ကောင်လေး၏ ကိစ္စတစ်ခုတည်းတွင်သာ သူမ၏ ပုံမှန် တရားမျှတမှုကို ဆုံးရှုံးခဲ့ရပြီး အကြိမ်ကြိမ်အခါခါ ဘက်လိုက် ကာကွယ်ပေးနေခဲ့သည်။

ထိုရှောင်းမျိုးရိုးနှင့် ကောင်လေးက ဝိန်းယွီ၏အဆောင်ကို ညဘက် ဝင်ရောက်ခဲ့ပြီးနောက် ဒုတိယနေ့ မနက်စောစောတွင် နုတ်ထွက်စာ တင်ထားခဲ့ကြောင်းကို သူ ဖန့်ယွမ်အား မေးမြန်းခဲ့ပြီး ဖြစ်သည်။ ထိုနေ့က လီယောင်သည် ဝိန်းယွီကို သွားရောက် ကြည့်ရှုသည့် အကြောင်းပြချက်ဖြင့် ရှောင်းလိက ညဘက် ဝင်ရောက်လာရသည့် အကြောင်းရင်းကို သွားရောက် မေးမြန်းခဲ့ရာ ဝိန်းယွီက ဓားပြနှိမ်နင်းရေး မြေပုံနှင့် လျှို့ဝှက်အစောင့်များ၊ အကြံပေးများကို စမ်းသပ်ခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

အခု ပြန်ကြည့်တော့ အကုန်လုံးက ဆင်ခြေတွေချည်းပဲ။

အဲ့ဒီ ရှောင်းမျိုးရိုးနဲ့ ကောင်လေးက ရဲတင်းလွန်းတယ်။ ဝိန်းယွီအပေါ် တခြား စိတ်ကူးတွေ ရှိနေတာပဲ။ မဟုတ်ရင် ဘာလို့ ညကြီးမင်းကြီး ဝင်လာရမှာလဲ။

သူက အဲ့ဒီလောက်အထိတောင် လုပ်ရဲမှတော့ လျှို့ဝှက်အစောင့်တွေ တွေ့သွားမှာကိုလည်း မကြောက်တော့သလို ဝိန်းယွီကို နန်ချန်ဆီ လက်ထပ်သွားမယ့်ကိစ္စကို တားဆီးဖို့လည်း ပြင်ဆင်ပြီးသွားလောက်ပြီ။

လီယောင်သည် တွေးလေလေ ပိုပြီး ထိတ်လန့်လာလေလေ ဖြစ်ကာ ဒေါသကိုလည်း မထိန်းချုပ်နိုင်တော့ချေ။ ရှောင်းလိသည် သူလျှိုဖြစ်သည်ဆိုသည့် အတွေးက ပိုလို့ပင် ခိုင်မာလာတော့သည်။ သူက မိန်းမနဲ့ ယောက်ျားကြားက ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို အသုံးချပြီး ဝိန်းယွီကို ဖြားယောင်းခဲ့မယ်။ ဝိန်းယွီကို နန်ချန်နဲ့ စေ့စပ်ထားတာကို ဖျက်ခိုင်းမယ်ဆိုရင် တာ့လျန်နဲ့ နန်ချန်ရဲ့ မဟာမိတ်ဖွဲ့မှုက ဒီမှာတင် ပျက်စီးသွားမှာ မဟုတ်ဘူးလား။

ပြီးတော့ သူက ဝိန်းယွီရဲ့ ယုံကြည်မှုကို အသုံးချပြီး တာ့လျန်ရဲ့ အရင်က လက်အောက်ငယ်သားတွေရဲ့ အင်အားကို အပြည့်အဝ ထိန်းချုပ်သွားနိုင်မှာပဲ။

ဖေစုန့်ရဲ့ ဒီခြေလှမ်းက တကယ့်ကို ယုတ်မာပြီး ကောက်ကျစ်လွန်းတယ်။

တစ်ဖက်လူက သူလျှို မဟုတ်ရင်တောင် မင်းသမီးအပေါ် မရှိသင့်တဲ့ စိတ်ကူးတွေ ရှိလာဖို့ ရဲတင်းနေတာ။ ပြီးတော့ အဲ့ဒီလို ရဲတင်းတဲ့ လုပ်ရပ်မျိုးကိုပါ လုပ်ရဲတာဆိုတော့ လုံးဝကို ခွင့်လွှတ်ပေးလို့ မရဘူး။

လီယောင်သည် တုတ်ကောက်ကို ပြင်းပြင်းထန်ထန် တစ်ချက် ဆောင့်လိုက်ရာ ဒေါသထွက်လွန်းသဖြင့် အတွင်းအင်္ဂါများပင် တဆစ်ဆစ် နာကျင်လာတော့သည်။

ဝိန်းယွီက အဲ့ဒီညက ရှောင်းလိကို ထွက်သွားခိုင်းတာကို ကြည့်ရင် တစ်ဖက်လူရဲ့ အဆိုပြုချက်ကို ငြင်းပယ်လိုက်တာ ဖြစ်ရမယ်။ ဒါပေမဲ့ အဲ့ဒီကောင်လေးအပေါ် လုံးဝ သံယောဇဉ် မရှိတာတော့ မဟုတ်လောက်ဘူး။ အသိတရား ရှိနေသေးလို့ နိုင်ငံ့ရန်ငြိုးနဲ့ မိသားစုရန်ငြိုးကို ပထမနေရာမှာ ထားရမယ်ဆိုတာကို မှတ်မိနေသေးတာပဲ။

တကယ်လို့ အဲ့ဒီကောင်လေးရဲ့ ဖြားယောင်းတာကို ဆက်ပြီး ခံနေရမယ်ဆိုရင်...

လီယောင်သည် ဝိန်းယွီက ရှောင်းလိအတွက် ဖြေရှင်းပေးမှုများနှင့် ကာကွယ်ပေးမှုများစွာကို ပြန်လည်စဉ်းစားမိပြီး မျက်လုံးအောက်ခြေရှိ တင်းမာမှုများက နက်ရှိုင်းလာတော့၏။

ထားလိုက်ပါတော့။ အဲ့ဒီကလေးက ငါ့ကို အပြစ်တင်ချင်ရင်လည်း တင်ပါစေတော့။

ငါ့လို အရိုးဆွေးကြီးက သူ့ကို နောက်ထပ် နှစ်နည်းနည်းလောက်တောင် ဆက်ပြီး လိုက်မပို့ပေးနိုင်တော့ပါဘူး။

_____

နေမင်းသည် အနောက်ဘက် တောင်တန်းများဆီသို့ ဝင်ရောက်သွားပြီး ကောင်းကင်ယံတွင် ဖြတ်သန်းပျံသန်းသွားသော တစ်ကောင်တည်းသော ငန်းငှက်လေးကို အဝေးမှ လှမ်းကြည့်လိုက်လျှင် အမည်းစက်ငယ်လေးသာ မြင်ရတော့သည်။

စစ်စခန်းအတွင်း၌ ထမင်းချက်သည့် မီးခိုးများ ထွက်ပေါ်နေလေသည်။ တစ်နေကုန် ပြင်းထန်စွာ နေပူခံထားရသော သဲမြေများသည် ညနေစောင်းအချိန်တွင်ပင် အပူငွေ့များ ကျန်ရစ်နေသေးပုံရသည်။ အနက်ရောင် ဘွတ်ဖိနပ်များက အလျင်စလို လျှောက်သွားချိန်တွင် ဖုန်မှုန့်များ တစ်သီကြီး လွင့်စင်လာခဲ့သည်။

အစောင့်သည် နောက်ဆုံး ပို့ဆောင်လာသော သတင်းလွှာကို ဖေစုန့်ထံသို့ ဆက်သလိုက်သည်။ "အမတ်ချုပ်... တောင်ပိုင်းကနေ စာရောက်လာပါတယ်။ ဝိန်းမိသားစုရဲ့ ဟန့်ယန်က ဖိန်ကျိုးမှာ လျန်ဝမ်ကို ဧကရာဇ်အဖြစ် ဘွဲ့နှင်းသဘင် ဆင်ယင်ပေးလိုက်ပါတယ်။ ပြီးတော့ သူ့ကိုယ်သူလည်း တာ့လျန်ရဲ့ နိုင်ငံတော်ကာကွယ်ရေး မင်းသမီး ဆိုတဲ့ ဘွဲ့အမည်ကို ပေးအပ်လိုက်ပါတယ်။ နန်ချန်နဲ့ မြောက်ပိုင်းဝေ့တို့ကို ယာယီ မဟာမိတ်ဖွဲ့ဖို့ တစ်ယောက်တည်း တွန်းအားပေး လုပ်ဆောင်နိုင်ခဲ့ပါတယ်"

ဘေးနားရှိ ကုန်းစွန်းချိုက နားထောင်ပြီးသွားသောအခါ မျက်မှောင်ကို တင်းတင်းကြုတ်လိုက်၏။ "ဒီမိန်းကလေးက မိစ္ဆာတစ်ကောင်လို ဉာဏ်များလွန်းတယ်။ တကယ့်ကို အန္တရာယ်ကြီးပဲ။ အရင်တုန်းက ဖိန်ကျိုးကို ချန်ဝေ တစ်ယောက်တည်း ခက်ခက်ခဲခဲ ထိန်းထားခဲ့ရတာ။ ဒါပေမဲ့ နှစ်ဝက်တောင် မပြည့်သေးခင်မှာပဲ သူ့လက်ထဲမှာ သံမဏိပြားတစ်ချပ်လို ခိုင်မာသွားအောင် ဖန်တီးနိုင်ခဲ့တယ်။ အခု နန်ချန်နဲ့ ဝေ့ချီရှန်းကိုပါ သိမ်းသွင်းလိုက်ပြန်ပြီ..."

သူက ဖေစုန့်ကို ကြည့်ကာ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ပြောလိုက်သည်။ "ဒါက ကျူကျွင်းအတွက် အရမ်းကို အဆင်မပြေဖြစ်စေပါတယ်"

ဖေစုန့်သည် အနာဖေးများ ရှိနေသော သူ၏ ရှည်လျားသည့် လက်ချောင်းများဖြင့် ဆက်သလာသော သတင်းလွှာကို လှိမ့်ချေနေသည်။ သူက မျက်လုံးကို မှေးကာ ခဏတာ ကြည့်နေသော်လည်း မျက်နှာအမူအရာကတော့ ပျင်းရိလေးတွဲ့နေသဖြင့် ယခုအချိန်တွင် သူ ဝမ်းသာနေသလား သို့မဟုတ် ဒေါသထွက်နေသလား ဆိုတာကို ခွဲခြားရ ခက်ခဲစေသည်။ "နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ။ ကျုပ်က ဝေ့ချီရှန်းကို ခံတပ်တွေကို ခိုင်မာအောင် လုပ်ပြီး တောတွေကို ရှင်းလင်းထားတဲ့ ယီကျိုးကို ပေးလိုက်တာက ဒါနဲ့ပဲ ဝေ့ချီရှန်းကို ဆွဲဆောင်ထားချင်လို့ပါ။ နန်ချန်က အဲ့ဒီ ပြည်နယ်(၂)ခုကို ဝင်တိုက်တဲ့အခါ အဲ့ဒီ ပြည်နယ်(၂)ခုကို တိုက်ရိုက် စွန့်လွှတ်လိုက်ဖို့ သူ သေချာပေါက် နှမြောနေလိမ့်မယ်။ စစ်ကူပေးဖို့ စစ်တပ်ကို ရွှေ့ပြောင်းရတာကလည်း ပေးဆပ်ရမှုက အရမ်း ကြီးမားလွန်းတယ်။ သူ့ရဲ့ အဓိက စစ်အင်အားတွေက မော့ကျိုးမှာ ကျုပ်နဲ့ အကြိတ်အနယ် ဖြစ်နေသေးတာဆိုတော့ ပိုဆိုးတာပေါ့။ ဝေ့ချီရှန်းကို သတိလျှော့သွားစေဖို့ အဲ့ဒီအချိန်ကျရင် ယီကျိုးကနေ စစ်တပ် ထုတ်ပြီး နန်ချန်နဲ့ ရင်ဆိုင်နိုင်အောင် ကျုပ်က အချိန်အကြာကြီး အားနည်းချင်ယောင် ဆောင်ခဲ့တာ။ သူ့ကို မြို့တော် တော်တော်များများတောင် ပေးခဲ့သေးတယ်။ အခု ပြန်ကြည့်တော့ အလကား အချိန်ကုန်သွားတာပေါ့"

ကုန်းစွန်းချိုက ပြောလိုက်လေသည်။ "အခု ချက်ချင်း လုပ်ရမှာက မကြာခင်မှာ ဖြစ်လာမယ့် နန်ချန်နဲ့ မြောက်ပိုင်းဝေ့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ နည်းလမ်း ရှာရမှာပါ"

ဖေစုန့်က စာလွှာကို စားပွဲပေါ်သို့ တင်လိုက်ပြီး လက်ဆစ်များကို ခပ်ဖွဖွ ခေါက်ကာ ဂရုမစိုက်သလို ပြုံးလိုက်သည်။ "သူတို့က မဟာမိတ် ဖွဲ့တယ်ဆိုရင် ကျုပ်တို့ကလည်း အေးဆေးပဲ အတိုက်အခံမဟာမိတ်ဖွဲ့လို့ ရတာပဲ"

ကုန်းစွန်းချိုက ပထမတော့ တုံ့ဆိုင်းသွားပြီးနောက် ချက်ချင်းပင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ "ကျူကျွင်းရဲ့ သဘောက..."

နောက်ဆက်တွဲ စကားများကို သူ ထပ်မပြောတော့သော်လည်း ဖေစုန့်၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ သူ တွေးထားသည့်အတိုင်းပင် ဖြစ်နေလောက်သည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ကုန်းစွန်းချို၏ မျက်နှာမှာ ထိုအကြောင်းကြောင့် သက်သောင့်သက်သာ ဖြစ်မသွားဘဲ စကားပြောချင်သော်လည်း မျိုသိပ်လိုက်ရဟန်တူသည်။

ထိုအချိန်မှာပင် တဲအပြင်ဘက်မှ အစောင်တစ်ဦး ရုတ်တရက် အလျင်စလို ဝင်လာပြီး ဖေစုန့်၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ရာကို ပြောလိုက်၏။

ဖေစုန့်၏ နဂိုက ပျံ့လွင့်နေသော အကြည့်များက အနည်းငယ် တင်းမာသွားပြီး "သိပြီ" ဟု ပြောလိုက်ကာ လက်ကို မြှောက်ပြီး ထိုအစောင့်ကို နောက်ဆုတ်သွားရန် အချက်ပြလိုက်သည်။

ထိုအခါမှသာ သူက ကုန်းစွန်းချိုနှင့် တဲအတွင်းရှိ အကြံပေးအမတ်များ အားလုံးကို ကြည့်ကာ ပြောလိုက်လေသည်။ "တခြားကိစ္စ မရှိတော့ဘူးဆိုရင် ဒီနေ့ အစည်းအဝေးကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်"

အကြံပေးအမတ်များသည် နှစ်ယောက် သုံးယောက်စီ ထွက်ခွာသွားကြသည်။ ကုန်းစွန်းချိုက ဖေစုန့်ကို ပြောစရာ စကားကျန်သေးပုံရသဖြင့် လုံးဝ မထသေးချေ။ တဲအတွင်းမှ လူများ အားလုံးနီးပါး ထွက်သွားသည်အထိ စောင့်ပြီးမှ သူက စကားစလိုက်သည်။ "ကျန်းမေရန်ဘက်မှာ ပြဿနာ တစ်ခုခု ဖြစ်လို့လား"

ဖေစုန့်က မျက်ခွံများကို အနည်းငယ် ပင့်လိုက်ပြီး မျက်နှာပေါ်တွင် ဂရုမစိုက်သော အပြုံးတစ်ခုကို ဆင်မြန်းလျက် ပြောလိုက်သည်။ "မိန်းမတွေကြားက အသေးအဖွဲ ပြဿနာလေးတွေပါပဲ"

ဤကိစ္စကို စိတ်ထဲ ထားပုံမရချေ။

ကျန်းယီချူးနှင့် ကျိန့်မေရန်တို့ကြားက အဆင်မပြေမှုများကို ကုန်းစွန်းချိုလည်း အနည်းနှင့်အများ ကြားသိထားသည်။ ကျန်းယီချူးကို အဝေးပို့လိုက်ရန် ဖေစုန့်အား ဖျောင်းဖျဖို့ မဖြစ်နိုင်တော့ကြောင်းကို သူ သိထားသဖြင့် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်ရုံသာ တတ်နိုင်တော့သည်။ "ကျူကျွင်းရဲ့ စိတ်ထဲမှာ နားလည်ထားရင် ရပါပြီ"

ဖေစုန့်က ထရပ်လိုက်ပြီး ဓားစင်ပေါ်မှ ခါးချိတ်ဓားကို ယူကာ ခါးတွင် ပြန်လည် ချိတ်ဆွဲလိုက်သည်။ သူက လက်ကောက်ဝတ် အကာကို တပ်ဆင်ရင်း ကုန်းစွန်းချိုကို ပြောလိုက်၏။ "နေမဝင်ခင် နောက်တစ်ပွဲအတွက် မြေပြင်အနေအထားကို သွားကြည့်ဖို့ တောင်ကြောဘက်ကို မြင်းစီးပြီး သွားလိုက်ဦးမယ်။ ဆရာလည်း ဒီရက်ပိုင်းမှာ အများကြီး တွေးပြီး ပင်ပန်းနေရပြီ၊ အရင် ပြန်နားလိုက်ပါဦး"

ကုန်းစွန်းချိုက အလျင်အမြန် ပြောလိုက်သည်။ "ကျူကျွင်း... အတိုက်အခံမဟာမိတ်ကိစ္စက..."

သို့သော် ဖေစုန့်က ခန်းဆီးကို လှန်ကာ တဲထဲမှ ထွက်သွားလိုက်တော့သည်။ ကုန်းစွန်းချိုက ပြန်လည် ကျဆင်းလာသော တဲခန်းဆီးကို ကြည့်ရင်း နောက်ဆုံးတွင်တော့ လေးလံစွာ သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။

_____

ဖေစုန့်က တဲကြီးထဲမှ ထွက်လာပြီးနောက် အစောပိုင်းက တဲထဲသို့ ဝင်ကာ သတင်းပို့ခဲ့သော ထိုအစောင့်သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေ၏။ သူ့ကို မြင်သောအခါ အလျင်အမြန် ခြေလှမ်းကျဲဖြင့် လိုက်ပါလာတော့သည်။

ကုန်းစွန်းချို၏ ရှေ့တွင် ဖေစုန့် ပြသခဲ့သော အပြုံးမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး မျက်နှာအမူအရာက အေးစက်နေသည်ဟုပင် ဆိုနိုင်လေသည်။ "သူ့လူတွေက အဲ့ဒီ အဘွားကြီးကို သွားတွေ့ပြီးပြီလား"

သက်တော်စောင့်က အစောပိုင်း တဲထဲသို့ ဝင်ကာ သူ့ကို သတင်းပို့ခဲ့သည်မှာ ကျန်းယီချူးနှင့် မည်သည့် ကိုယ်လုပ်တော်တို့ ပြဿနာတက်ခဲ့သည်ဆိုခြင်း မဟုတ်ဘဲ သူမဘေးရှိ အစေခံမလေးက ရှောင်းဟွေ့နျန်၏ လက်ရှိ နေထိုင်ရာ နေရာကို စုံစမ်းသိရှိသွားပြီ ဆိုသည့် အကြောင်းပင်။

ကိုယ်ရံတော်က ဖြေလိုက်သည်။ "မတွေ့ရသေးပါဘူး။ ကျန်းမေရန်ဘေးက အစေခံမလေးက အဲ့ဒီ အဘွားကြီးရဲ့ နေထိုင်ရာ နေရာကိုပဲ အတည်ပြုနိုင်သေးတာပါ"

ဖေစုန့်က ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားရင်း အေးစက်သော လေသံဖြင့် ညွှန်ကြားလိုက်၏။ "ဒီကိစ္စကို ဆရာကုန်းစွန်းကို မသိစေနဲ့"

အစောင့်က အမိန့်ကို နာခံလိုက်သည်။ ကျန်းမေရန်က သတင်းအချက်အလက်များကို လျှို့ဝှက် ခိုးယူပြီး ဟန့်ယန်နှင့် ဆက်သွယ်နေကြောင်းကို ဆရာကုန်းစွန်းချိုသာ သိသွားပါက သူ့စိတ်နေစိတ်ထားအရ အမတ်ချုပ်အား ကျန်းမေရန်ကို ကွပ်မျက်ရန် သေချာပေါက် အသေခံ တောင်းဆိုလိမ့်မည် ဖြစ်ကြောင်း သူ စိတ်ထဲတွင် သိထားလေသည်။

အစောင့်သည် အမတ်ချုပ်က အဘယ်ကြောင့် အပြစ်ရှိသော အမျိုးသမီးတစ်ဦးကို ဤမျှလောက်အထိ ကာကွယ်ပေးနေရသနည်းဟု စဉ်းစား၍ မရနိုင်သော်လည်း ဖေစုန့်၏ ဒေါသကို ဆွပေးမိမှာကို စိုးရိမ်သဖြင့် စကားများများ မပြောဝံ့ဘဲ ချင့်ချိန်ကာ မေးလိုက်သည်။ "ဒါဆိုရင် အဲ့ဒီအဘွားကြီးကို နေစရာ နေရာ ပြောင်းပေးလိုက်ရမလား"

ဖေစုန့်က ပြောလိုက်လေသည်။ "အဲ့ဒီ အဘွားကြီးကို ယုံကျိုးကို ပြန်ပို့လိုက်ပါ"

သူက မီးဟုန်းဟုန်း တောက်လောင်နေသည့် တိမ်တိုက်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ ရာဇပလ္လင်ကို ယှဉ်ပြိုင်လုယူမည့် သားရဲကြီး တစ်ကောင်က တစ်ခါမှ မဆုံတွေ့ဖူးသေးသော ပြိုင်ဘက်ကို စိုက်ကြည့်နေသည့်နှယ်ပင်။ "ဟန့်ယန်က နန်ချန်၊ မြောက်ပိုင်းဝေ့တို့နဲ့ ပူးပေါင်းပြီး ငါ့ကို တိုက်ချင်နေတာ။ ငါက ဖိန်ကျိုးမှာရှိတဲ့ သူ့ရဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်ရုံတင်မကဘူး၊ ယုံကျိုးမှာ သူ ချထားတဲ့ အဲ့ဒီစစ်တုရင်ရုပ်ကိုပါ အသုံးမဝင်အောင် လုပ်ပစ်ရမယ်"

...

All Chapters