အခန်း ၁၀၂
Vol. 11 Ch. 102
အပိုင်း (၁၀၂.၁)
ဝိန်းယွီသည် အနည်းငယ် ပင်ပန်းနေပုံရပြီး မျက်လုံးများကို မှိတ်ထားကာ စကားတစ်ခွန်းမှ မပြောပေ။
လီရွှင်က ဝမ်းနည်းပူဆွေးစွာဖြင့် လက်နှစ်ဖက်ကို ယှက်လိုက်ပြီး အရေးတကြီး ဦးညွှတ်လိုက်ကာ "မင်းသမီး... စစ်သူကြီးရှောင်းရဲ့ ကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ အမတ်ကြီးက နည်းနည်း လွန်ကဲသွားတယ်ဆိုပေမဲ့ အခုက လူတွေကို အသုံးချရမယ့် အချိန်ပါ။ ချန်နိုင်ငံနဲ့ ဝေ့ချီရှန်းဘက်က ကျွန်တော်တို့နဲ့ ယာယီ စစ်ပြေငြိမ်းထားတယ်ဆိုပေမဲ့ ကွယ်ရာမှာတော့ လှုပ်ရှားမှုတွေ မနည်းပါဘူး။ စစ်သူကြီးရှောင်းက သေဆုံးသွားပြီမို့ အမတ်ကြီးကသာ အခုလိုအချိန်မှာ အပြစ်ကိုဝန်ခံပြီး ရာထူးကနေ နုတ်ထွက်သွားမယ်ဆိုရင် လက်အောက်ငယ်သားတွေရဲ့ စိတ်ဓာတ်တွေ ပြိုကွဲသွားစေမှာ သေချာတဲ့အပြင် ချန်နဲ့ ဝေ့ နှစ်ဖက်စလုံးကို အခွင့်ကောင်း ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်"
သူက စကားလုံးတိုင်းကို လေးလေးနက်နက်ဖြင့် ဝမ်းနည်းစွာ တိုက်တွန်းပြောလေသည်။ "ဖိန်ကျိုးနဲ့ ထောင်ခရိုင်ကို သံမဏိလို ခိုင်မာတဲ့ အနေအထားတစ်ခု ဖြစ်လာအောင် မင်းသမီး ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရလဲ။ အခု ရှင်းကျိုးနဲ့ ယီကျိုး နှစ်ခုရဲ့ အခြေအနေက မတည်ငြိမ်သေးဘူး။ ဖိန်ကျိုးနဲ့ ထောင်ခရိုင်က လုံးဝ ထပ်ပြီး ကမောက်ကမ ဖြစ်သွားလို့ မရတော့ပါဘူး။ အမတ်ကြီးမှာ အပြစ်ရှိတယ် ဆိုပေမဲ့ မင်းသမီးက သူ့ကို အပြစ်ကနေ ချေဖျက်ဖို့ အခွင့်အရေး ပေးလို့ ရပါတယ်။ ဒေါသအလျောက်နဲ့တော့ အမတ်ကြီး ရာထူးကနေ နုတ်ထွက်တာကို လုံးဝ ခွင့်မပြုလိုက်ပါနဲ့။ အမတ်ကြီးက မင်းသမီးအပေါ်ရော၊ တာ့လျန်အပေါ်မှာပါ အမြဲတမ်း သစ္စာရှိခဲ့တာပါ..."
နဖူးကို လက်ဖြင့် ထောက်ကာ မျက်လုံးများကို မှိတ်ထားပြီး အချိန်အတော်ကြာ စကားမပြောဘဲ နေနေသော ဝိန်းယွီသည် နောက်ဆုံးတွင် အသံထွက်လာခဲ့၏။ "သူ သစ္စာရှိတာက တာ့လျန် တစ်ခုတည်းအပေါ်မှာပါ"
လီရွှင်က အလျင်အမြန် ပြောလိုက်သည်။ "စစ်သူကြီးရှောင်းရဲ့ကိစ္စက တကယ်တော့ အမတ်ကြီးဘက်က လွန်ကဲပြီး ကျော်လွန်လုပ်ဆောင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အမတ်ကြီးက မင်းသမီးအပေါ် ထားတဲ့ သစ္စာတရားက နေနဲ့ လလို ရှင်းလင်းပြတ်သားပါတယ်။ ကျွန်တော် မင်းသမီးဆီ မလာခင်က တောင်ဖက်ဥယျာဉ်ကို သွားပြီး အမတ်ကြီးကို ဖျောင်းဖျခဲ့ပါသေးတယ်။ အမတ်ကြီးကလည်း စိတ်ထဲမှာ နောင်တရပြီး ရှက်ရွံ့နေပါတယ်။ မဟုတ်ရင် သူက ဘာဖြစ်လို့ မင်းသမီးဆီကို ကိုယ်တိုင် အပြစ်ဝန်ခံပြီး ရာထူးကနေ နုတ်ထွက်ပါ့မလဲ"
ဝိန်းယွီ၏ အမူအရာက အေးစက်နေပြီး သဘောထား အနည်းငယ် ပျော့ပြောင်းသွားသည့် အရိပ်အယောင် မရှိသည်ကို မြင်လိုက်ရသောအခါ လီရွှင်၏ စိတ်ထဲတွင် ပိုပြီး စိုးရိမ်လာတော့သည်။ "မင်းသမီး... တာ့လျန်က စစ်သူကြီးရှောင်းကို ဆုံးရှုံးခဲ့ရပြီးပါပြီ။ တကယ်လို့ အမတ်ကြီးကိုပါ ထပ်ပြီး ဆုံးရှုံးရမယ်ဆိုရင် ဒါက ကျားတစ်ကောင်ရဲ့ ကျောပေါ်က အတောင်ပံနှစ်ဖက်ကို ဖြတ်တောက်ပစ်ပြီးမှ အစွယ်ကိုပါ ထပ်နှုတ်ပစ်လိုက်တာနဲ့ ဘာမှ မကွာခြားတော့ပါဘူး။ မင်းသမီးက အဲဒီစာက ဖေစုန့်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည် ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတယ် မဟုတ်လား။ ဖေစုန့်က အမတ်ကြီးကို ထောင်ချောက်ဆင်ပြီး စစ်သူကြီးရှောင်းကို ကွပ်မျက်ခိုင်းလိုက်တာဆိုတော့ မင်းသမီးက ဒေါသထွက်ပြီး အမတ်ကြီးကိုပါ ထပ်ပြီး အပြစ်ပေးလိုက်မယ်ဆိုရင် ဒါက ဖေစုန့်ရဲ့ အကြံအစည်ထဲက အစိတ်အပိုင်းတစ်ခု ဖြစ်မသွားဘူးလား။ ဒီလိုဆိုရင် သူက စစ်သည်တစ်ယောက်မှ မသုံးရဘဲ မင်းသမီးအနားက အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အားထားရတဲ့ အမတ်နှစ်ယောက်စလုံးကို ဖယ်ရှားလိုက်နိုင်တာပဲလေ"
ရှောင်းလိ အဆိပ်လူးမြား အပစ်ခံရပြီး သေဆုံးသွားနိုင်သည်ဆိုသည့် သတင်းကို လတ်တလောတွင် ဝိန်းယွီ၏ ယုံကြည်ရသော လက်အောက်ငယ်သားများကသာ သိရှိထားကြသည်။
ထုန်ချွဲသည် ထိုကိစ္စကို စတင်ကြားသိရချိန်တွင် ဒေါသများ ပြည့်နှက်နေခဲ့သည်။ သို့သော် ယခု လီရွှင်၏ စကားများကို ကြားလိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် နောက်မှသိလိုက်ရသည့် ထိတ်လန့်မှု တစ်ခုက မသိမသာ ပေါ်ထွက်လာတော့၏။
ဟုတ်ပေသည်။ အမတ်ကြီးလီယောင်သည် တင်းကြပ်ပြီး ဖြောင့်မတ်လွန်းသူအဖြစ် နာမည်ကြီးကာ အမှားအယွင်း သေးသေးလေးကိုပင် လက်ခံခွင့်လွှတ်ပေးလေ့ မရှိပေ။
ဖေစုန့်က ဤကဲ့သို့သော သွေးခွဲသည့် အကြံအစည်ကို အသုံးပြုကာ သစ္စာရှိသော အမတ်ကို သစ္စာရှိသော အမတ်က ပြန်သတ်စေခြင်းသည် သူတို့၏ တာ့လျန်ကို သူ့အလိုလို ကမောက်ကမ ဖြစ်သွားစေရန် ရည်ရွယ်ထားခြင်း မဟုတ်ပါလား။
ဝိန်းယွီက လီယောင်ကို အပြစ်ပေးလိုက်မည်ဆိုလျှင် လီရွှင် ပြောခဲ့သလိုပင် ဖြစ်သွားလိမ့်မည်။ ရှောင်းလိဆိုသည့် လက်ရုံးတစ်ဖက် ပြတ်တောက်သွားပြီးနောက် လီရွှင်ဆိုသည့် နောက်ထပ် လက်ရုံးတစ်ဖက်ကိုပါ ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ခြင်းပင်။ အထက်ပိုင်းက အပြောင်းအလဲများက လက်အောက်ခံ အမတ်များ၏စိတ်ကို မတည်မငြိမ် ဖြစ်စေပြီး သံသယများ အဆုံးမရှိ ဖြစ်ပေါ်စေမည်မှာ သေချာသည်။
ဝိန်းယွီက ချန်ဝမ်နန်းတော်သို့ ထွက်သွားပြီးသည့်နောက်တွင် ကျန်ရစ်ခဲ့မည့် တာ့လျန်၏ အင်အားစုများသည် သဲတစ်ပန်းကန်လို ပြန့်ကျဲသွားမည် မဟုတ်ပါလား။
ထုန်ချွဲသည် တွေးမိလေလေ ပိုပြီး ရင်တထိတ်ထိတ် ဖြစ်လာလေလေဖြစ်ကာ မနေနိုင်ဘဲ ဝိန်းယွီဖက်သို့ လှမ်းကြည့်မိတော့သည်။
ဝိန်းယွီသည် အသံမထွက်ဘဲ နေနေဆဲပင်။ သူမ၏ မည်းနက်သော မျက်တောင်ရှည်များကို တစ်ဝက်ခန့် ချထားပြီး မျက်ဝန်းအောက်ခြေရှိ အမူအရာများကို ဖုံးကွယ်ထားသည်။ ပုံမှန်အားဖြင့် ကောင်းစွာ အိပ်မပျော်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုများက သူမ၏ မျက်နှာပေါ်တွင် စုပုံနေသော်လည်း မည်သည့်စကား၊ မည်သည့်အမူအရာမှ မလိုအပ်ဘဲ ထင်ရှားနေသည့် သူမ၏ မျက်ခုံးများကြားရှိ အရှိန်အဝါကိုတော့ အနည်းငယ်ပင် လှုပ်ခတ်သွားစေခြင်း မရှိပေ။
စကားက ဤနေရာအထိ ရောက်လာသောအခါ လီရွှင်သည် နောက်ဆုံးတွင် မျက်ရည်များကျကာ ငိုယိုရင်း ပြောလိုက်လေသည်။ "မင်းသမီး... ချန်နိုင်ငံရဲ့ နန်းတော်ဆီကို ထွက်သွားပြီးတဲ့နောက်မှာ အမတ်ကြီးကလွဲရင် တိုင်းပြည်ကို စောင့်ရှောက်ရမယ့် ဒီတာဝန်ကို ဘယ်သူကများ ထမ်းဆောင်နိုင်မှာလဲ။ အမတ်ကြီးကို အပြစ်ကနေ ချေဖျက်ဖို့ အခွင့်အရေး ပေးဖို့အတွက် ကျွန်တော်က မင်းသမီးကို အသနားခံ တောင်းဆိုပါတယ်"
အစီရင်ခံစာများကို အချိန်အကြာကြီး ဖတ်နေရသောကြောင့်လား။ သို့တည်းမဟုတ် ရက်ပေါင်းများစွာ ကောင်းကောင်း အိပ်မပျော်ခဲ့သောကြောင့်လား မသိပေ။ ခေါင်းကိုက်ရောဂါကြောင့် ဝိန်းယွီ၏ နားထင်နှစ်ဖက်စလုံးသည် တဆစ်ဆစ်ဖြင့် ဖောင်းကြွကာ နာကျင်နေသည်။ လီရွှင်က မျက်ရည်များဖြင့် လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်ပြီးနောက် အချိန်မည်မျှ ကြာသွားသည်မသိ၊ စာကြည့်ခန်းအတွင်း၌ သူမ၏ ရှေးဟောင်းရေတွင်းတစ်ခုလို အေးစက်တည်ငြိမ်သော အသံက နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။
"ဆရာက အသက်အရွယ်ကြီးရင့်ပြီး ခန္ဓာကိုယ်ကလည်း အားနည်းနေပြီမို့ အရမ်းကြီး ပင်ပင်ပန်းပန်း အလုပ်မလုပ်သင့်တော့ဘူး။ ကျွန်မ ချန်နိုင်ငံ နန်းတော်ဆီ ထွက်သွားပြီးတဲ့နောက်မှာ လူကြီးမင်းရယ်၊ ဆရာရယ်၊ အုပ်ချုပ်ရေးမှူးချန်ရယ် ၃ ယောက်ပေါင်းပြီး တိုင်းပြည်ကို စောင့်ရှောက်ရမယ့် အာဏာကို ကျင့်သုံးပါ။ သာမန် ကိစ္စရပ်တွေကိုတော့ ရှင်နဲ့ အုပ်ချုပ်ရေးမှူးချန်တို့ ကိုယ်တိုင် ဆုံးဖြတ်လိုက်ရင် ရပါပြီ။ တကယ်လို့ အရေးကြီးတဲ့ ကိစ္စတွေ ရှိလာရင်တော့ ရှင်တို့ ၃ယောက် တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချပါ။ အမိန့်ထုတ်ပြီးတာနဲ့ ကျွန်မဆီကို လီ၈၀၀ အမြန်စာပို့စနစ်နဲ့ ပို့ပေးပါ"
ဝိန်းယွီထံမှ ဤစကားကို ကြားလိုက်ရသောအခါ လီရွှင်သည် အလွန်ဝမ်းသာသွားပြီး မျက်ရည်များပင် ကျလာလုနီးပါး ဖြစ်သွားကာ ဝိန်းယွီဘက်သို့ အလျင်အမြန် ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။ "ကျွန်တော်မျိုး မင်းသမီးကို ကျေးဇူးတင်ပါတယ်"
ထုန်ချွဲသည်လည်း စိတ်အေးသွားကာ တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ ဤကဲ့သို့ ဖြေရှင်းလိုက်ခြင်းက အခြေအနေ တစ်ခုလုံးကို ထည့်သွင်းစဉ်းစားလိုက်ခြင်းပင်။ အပေါ်ယံတွင်တော့ လီယောင်ကို အပြစ်ပေးလိုက်သည်ဟု မမြင်ရပေ။ သူ၏ အသက်အရွယ်ကြီးရင့်မှုကို အကြောင်းပြကာ မူလက သူ့ထံ အပ်နှင်းထားသော တိုင်းပြည်ကို စောင့်ရှောက်မည့် အာဏာကို ခွဲဝေယူလိုက်ခြင်း ဖြစ်သည်။ သာမန် ကိစ္စရပ်များကိုလည်း လီရွှင်နှင့် ချန်ဝေတို့ကို ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် လီယောင်ကို အာဏာစွန့်လွှတ်စေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် ဆင်ခြင်ခိုင်းလိုက်ခြင်းပင်။
လီရွှင်နှင့် ချန်ဝေ နှစ်ဦးစလုံး ဆုံးဖြတ်ချက် မချနိုင်သော တကယ့် အရေးကြီး ကိစ္စရပ်များ ရှိလာပါက သူတို့ ၃ဦး တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ခြင်းက မည်သို့ပင်ဖြစ်စေ လူတစ်ယောက်တည်းက အတည်ပြုဆုံးဖြတ်လိုက်ခြင်းထက် ပိုကောင်းလေသည်။ ထို့အပြင် သူတို့ဘက်က မည်သည့် အရေးကြီးသော ဆုံးဖြတ်ချက်ကို ချမှတ်သည်ဖြစ်စေ ချက်ချင်းပင် လီ ၈၀၀ အမြန်စာပို့စနစ်ဖြင့် ဝိန်းယွီထံသို့ အမိန့်တော်ကို ပို့ပေးမည် ဖြစ်ရာ အဝေးက ချန်ဝမ်နန်းတော်တွင် ရောက်နေလျှင်ပင် ဝိန်းယွီသည် လျန်ပြည်နယ် နယ်နိမိတ်အတွင်းရှိ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်လိမ့်မည်။
သို့သော်... ပုဂ္ဂိုလ်ရေးအရ ပြောရလျှင် မတရားစွပ်စွဲခံရပြီး သေဆုံးသွားခဲ့ရသည့် စစ်သူကြီးရှောင်းအတွက် အနည်းငယ် တရားမျှတမှု မရှိသလို ဖြစ်သွားမည် မဟုတ်ပါလား။
ထုန်ချွဲက ဝိန်းယွီဘက်သို့ ထပ်ကြည့်လိုက်ရာ သူမသည် အလွန်အမင်း ပင်ပန်းနေပုံရပြီး စကားဆက်ပြောလိုသည့် အရိပ်အယောင် မရှိတော့သည်ကို မြင်လိုက်ရသဖြင့် ကိုယ်စား နှုတ်ဆက်စကား ပြောလိုက်၏။ "လူကြီးမင်းမှာ တခြားကိစ္စ မရှိတော့ဘူးဆိုရင် အရင် ပြန်နှင့်ပါတော့"
လီရွှင်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "တကယ်တော့ ကိစ္စတစ်ခု ကျန်ပါသေးတယ်"
သူက လက်နှစ်ဖက်ကို ယှက်ကာ ဝိန်းယွီကို ကြည့်လိုက်သည်။ "မင်းသမီး... စစ်သူကြီးရှောင်း သေဆုံးသွားပြီဆိုတော့ သူက သူလျှို ဟုတ်မဟုတ်ဆိုတဲ့ ကိစ္စကိုလည်း အခု စုံစမ်းစစ်ဆေးဖို့ နည်းလမ်း မရှိတော့ပါဘူး။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ပြဿနာတွေ ထပ်မပွားလာစေဖို့အတွက် အပြင်ကိုတော့... စစ်သူကြီးရှောင်းက ဓားပြနှိမ်နင်းတဲ့ လမ်းခရီးမှာ ရောဂါကြောင့် သေဆုံးသွားတယ်လို့ပဲ ပြောလိုက်ရင် ဘယ်လိုလဲ။ သူ့ရဲ့ နာရေးကိစ္စကို ခမ်းခမ်းနားနား ကျင်းပပေးပြီး အုတ်ဂူတည်ဆောက်၊ ကျောက်တိုင်စိုက်ထူပေးရုံသာမက ဂုဏ်ပြုဆုတွေပါ ထပ်ပြီး ချီးမြှင့်ပေးလို့ ရပါတယ်..."
လီရွှင် စကားမဆုံးခင်မှာပင် ဝိန်းယွီက အေးစက်သော အသံဖြင့် ဖြတ်ပြောလိုက်၏။ "ရှောင်းလိရဲ့ အလောင်းကို ရှာတွေ့တဲ့အချိန်ကျမှပဲ နာရေးသတင်းကို ထုတ်ပြန်ပါ"
လီရွှင်သည် အနည်းငယ် ကြောင်အသွားပြီး လက်နှစ်ဖက်ကို ယှက်ကာ နောက်ဆုတ် ထွက်ခွာသွားလေသည်။ ထို့နောက် ဝိန်းယွီသည် သူမ၏ လက်ချောင်းထိပ်များတွင် စူးခနဲ နာကျင်သွားသလို ခံစားလိုက်ရသဖြင့် မျက်လွှာချကာ ကြည့်လိုက်သောအခါ ထိုနေ့က စားပွဲကို ထောက်ထားစဉ် ကျိုးသွားခဲ့သော လက်သည်းရှိသည့် လက်ချောင်းထိပ်များက သူမကိုယ်တိုင် အားပါပါဖြင့် ဆုပ်ကိုင်ထားမိသဖြင့် သွေးစများ ပြန်လည် စိမ့်ထွက်နေသည်ကို တွေ့လိုက်ရ၏။
ထုန်ချွဲသည် ဝိန်းယွီ၏ လက်ပေါ်က ဒဏ်ရာကို မြင်လိုက်ရသောအခါ အခိုက်တန့် မှင်သက်သွားပြီးနောက် လန့်သွားကာ ဝိန်းယွီကို ပတ်တီးစည်းပေးရန် ပဝါကို အလျင်အမြန် ယူလိုက်ပြီး ပြောလိုက်သည်။ "မင်းသမီးရဲ့ လက်ပေါ်က ဒဏ်ရာက ဘယ်လိုလုပ်ပြီး သွေးပြန်ထွက်လာရတာလဲ..."
နေရောင်ခြည်သည် ပန်းပုထွင်းထားသော ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေပြီး အခန်းထဲက အရိပ်များကို ပုံပျက်သွားစေလေသည်။ နားထဲတွင် ကြားနေရသော ထုန်ချွဲ၏ အသံကလည်း ရေအောက်မှ ထွက်လာသကဲ့သို့ မသဲမကွဲ ဖြစ်နေ၏။
ဝိန်းယွီသည် မူးဝေပြီး တဆစ်ဆစ် နာကျင်နေသော နဖူးကို ထောက်ထားကာ ထုန်ချွဲကို ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်မအတွက် စိတ်ငြိမ်ဆေး တစ်ခွက်လောက် သွားကျိုပေးပါ။ ခေါင်းကိုက်နေလို့။ ဒီအစီရင်ခံစာတွေ ဖတ်ပြီးသွားရင် ခဏလောက် အိပ်ချင်တယ်"
ထုန်ချွဲသည် နေရာတွင်ပင် မှင်သက်နေပြီး မလှုပ်ရှားနိုင်တော့ပေ။ ဝိန်းယွီ၏ လက်ချောင်းထိပ်မှ စိမ့်ထွက်လာသော သွေးများက စားပွဲပေါ်က အစီရင်ခံစာ တစ်စောင်ကို စိုရွှဲသွားစေသည်ကို သူမ ကြည့်နေမိသည်။ သို့သော် ဝိန်းယွီ ကိုယ်တိုင်ကတော့ လုံးဝ သတိမထားမိသည့်ပုံ ပေါက်နေ၏။ သူမ၏ ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့၏။
ဝိန်းယွီတစ်ယောက် တကယ်ပဲ ရူးသွပ်သွားပြီ ဟူ၍။
____
လီရွှင်သည် အစိုးရရုံးတော်သို့ ပြန်ရောက်လာသောအခါ ချန်ဝေက ရှောင်းလိ၏ နာရေးကိစ္စကို မည်သို့ စီစဉ်ရမည်ကို မေးမြန်းလိုက်သည်။ လီရွှင်သည် ခေါင်းခါကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ "စစ်သူကြီးရှောင်းရဲ့ သေဆုံးမှုက မင်းသမီးရဲ့ ရင်ထဲက ဆူးတစ်ချောင်း ဖြစ်သွားဖို့ ရာခိုင်နှုန်း ၈၀လောက် သေချာနေပြီ"
သူက ဝိန်းယွီ၏ မူလစကားများကို ချန်ဝေအား ပြောပြပြီးနောက် ခေါင်းကိုက်စွာဖြင့် ပြောလိုက်လေသည်။ "စစ်သူကြီးရှောင်းက ရာထူးကနေ နုတ်ထွက်ပြီး ဖိန်ကျိုးကနေ ထွက်သွားတာကို ဓားပြနှိမ်နင်းဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုံးကွယ်ထားလို့ ရနိုင်ပါသေးတယ်။ အခု အသက်ရှင်နေတဲ့ လူကြီးတစ်ယောက်လုံး ပျောက်သွားပြီ။ အလောင်းကိုသာ အမြဲတမ်း ရှာမတွေ့ဘူးဆိုရင် ဘယ်လို အကြောင်းပြချက်မျိုးကို သုံးပြီး ဆက်ဖုံးကွယ်ထားရမှာလဲ"
ချန်ဝေက ပြောလိုက်၏။ "မင်းသမီးက သံယောဇဉ်ကို တန်ဖိုးထားတဲ့ လူတစ်ယောက်ပါ။ ယုံချန်ကနေ သူ့ကို တောင်ဘက်ဆီ လိုက်ပို့ပေးခဲ့တဲ့ ကျိုးအိမ်တော်က ကိုယ်ရံတော်တွေဆိုရင် မင်းသမီးရဲ့ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်တာကို မခံရတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ စစ်သူကြီးရှောင်းက လူငယ်ပါရမီရှင် တစ်ယောက်ဖြစ်တဲ့အပြင် အကြိမ်ကြိမ် ကြီးမားတဲ့ အောင်ပွဲတွေ ရယူပေးနိုင်ခဲ့တာကို သေချာ မစုံစမ်းဘဲနဲ့ မှားယွင်းပြီး သတ်ဖြတ်ခံလိုက်ရတာဆိုတော့ မင်းသမီးရဲ့ စိတ်ထဲမှာ ဘယ်လိုလုပ်ပြီး ခံစားရ ကောင်းပါ့မလဲ"
သူက ခဏတာ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "ဖန့်စစ်သူကြီးရဲ့ လက်အောက်မှာ နောက်ပိုင်းကျရင် တပ်သားသစ်တွေကို လေ့ကျင့်ပေးဖို့ လူအမြဲတမ်း လိုအပ်နေမှာပဲ။ ခဏနေကျရင် ငါ ဖန့်စစ်သူကြီးနဲ့ သွားတိုင်ပင်လိုက်ဦးမယ်။ အပြင်ကိုတော့ စစ်သူကြီးရှောင်းက ဓားပြနှိမ်နင်းရင်း နာတာရှည်ရောဂါ ရသွားလို့ ယန်ထန် စစ်လေ့ကျင့်ရေးကွင်းမှာ တပ်သားတွေကို လေ့ကျင့်ပေးရင်း ဒဏ်ရာကို ကုသနေတယ်လို့ပဲ ပြောလိုက်ကြတာပေါ့"
ဤနည်းလမ်းက အပြင်ပိုင်းတွင် ရှောင်းလိ သေဆုံးသွားသည့် ကိစ္စကို အနည်းဆုံးတော့ ယာယီ ဖုံးကွယ်ထားနိုင်လိမ့်မည်။ လီရွှင်က ခေါင်းညိတ်သဘောတူလိုက်သည်ပြီး ပြောလိုက်လေသည်။ "ဒီလိုဆိုရင်လည်း ကောင်းတာပါပဲ။ အစ်ကိုမုကျစ်ကို ကျေးဇူးတင်ပါတယ်"
မုကျစ် ဆိုသည်မှာ ချန်ဝေ၏ အခြားအမည် တစ်ခုဖြစ်သည်။ သူက လက်ကို ယမ်းပြလိုက်ပြီး လီရွှင်အား ဤကဲ့သို့သော အပေါ်ယံ ယဉ်ကျေးမှုများကို ဂရုစိုက်နေရန် မလိုကြောင်း အချက်ပြလိုက်ကာ ပြောလိုက်၏။ "ငါတို့ ၂ယောက်ကြားမှာ ဒီလို သူစိမ်းဆန်တဲ့ စကားတွေ ပြောနေစရာ မလိုပါဘူး။ အားလုံးက မင်းသမီးအတွက် အလုပ်လုပ်ပေးနေကြတာပဲလေ"
လီရွှင်သည် ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး သဘောတူကြောင်း ပြသလိုက်သည်။
ချန်ဝေသည် ထိုင်လိုက်ပြီး စားပွဲပေါ်တွင် တောင်လိုပုံနေသော စာရွက်စာတမ်းများကို ကိုင်တွယ်ဖြေရှင်းရင်း ပြောလိုက်သည်။ "ယုံချန်က တူလေးကျိုး ဘက်ကနေ သတင်းတွေ မြန်မြန် ပြန်ရောက်လာဖို့ပဲ မျှော်လင့်ရတော့မှာပါ။ တကယ်လို့ စစ်သူကြီးရှောင်းရဲ့ အမေကို ကယ်တင်နိုင်ခဲ့မယ်ဆိုရင် စစ်သူကြီးရှောင်း အပြစ်ကင်းတယ်ဆိုတာကို သက်သေပြနိုင်မှာ ဖြစ်ပြီး မင်းသမီးကိုလည်း စိတ်အေးသွားစေနိုင်မှာပါ"
လီရွှင်သည် လက်ဖက်ရည်ပန်းကန်အဖုံးဖြင့် လက်ဖက်ရည်အမြှုပ်များကို ဖယ်ရှားကာ လက်ဖက်ရည် သောက်နေရင်း ထိုစကားကို ကြားသောအခါ ပြောလိုက်၏။ "မင်းသမီးက မော့ကျိုးက သူလျှိုတွေဆီကနေ သတင်းရထားတယ်။ စစ်သူကြီးရှောင်းရဲ့ အမေက ဖေစုန့်နဲ့အတူ မော့ကျိုးမှာ ရှိနေလောက်တယ်၊ ယုံချန်မှာ မရှိဘူးတဲ့။ တူလေးကျိုးကလည်း ယုံချန်မှာ ပါးလွှာတဲ့ ရေခဲပြင်ပေါ် လမ်းလျှောက်နေရသလို အန္တရာယ်များလှတာမို့ ဖေစုန့်က သူ့ရဲ့ အမှားကို ဖမ်းမိသွားမှာ စိုးရိမ်တဲ့အတွက် မင်းသမီးက သူ့ကို စစ်သူကြီးရှောင်းရဲ့ အမေကိစ္စကို ဆက်မစုံစမ်းခိုင်းတော့ပါဘူး"
ယုံချန်သည် ဖေစုန့်ထံသို့ ပထမဆုံး လက်နက်ချ အညံ့ခံခဲ့သည့် မြို့ဖြစ်ပြီး ထူးခြားသော အဓိပ္ပာယ်ရှိပေသည်။ ဖေစုန့်က ယုံချန်အပေါ် ဆက်ဆံသည့် ပုံစံသည် လေညွှန်တံတစ်ခုလို ဖြစ်လာမည်မှာ သေချာသည်။ ဖေစုန့်ထံသို့ လက်နက်ချ အညံ့မခံသေးသော ပြည်နယ်များနှင့် ခရိုင်များသည် ယုံချန်က လက်နက်ချပြီးနောက်ပိုင်း ကြုံတွေ့ရမည့် အခြေအနေကို စောင့်ကြည့်နေကြသည်။
သို့သော် ကျိုးကျင့်အန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီးနောက် ကျိုးသခင်မကြီးသည်လည်း သူ၏ နာရေးအခမ်းအနားရှေ့တွင် ဖေစုန့် လက်အောက်ရှိ စစ်သူကြီး၏ စော်ကားမှုကို ခံခဲ့ရကာ ခေါင်းတလားနှင့် ဆောင့်ပြီး သေဆုံးသွားခဲ့ရသည်။ ဤလက်နက်ချ အညံ့ခံမှုက ဖေစုန့်အတွက် နည်းနည်းလေးမှ အကျိုးမရှိခဲ့သည့်အပြင် ပြဿနာများကိုသာ ဆွဲဆောင်လာခဲ့လေသည်။
ပြည်သူလူထု၏ဒေါသကို ရင်ဆိုင်နေရပြီး လက်နက်ချလိုသည့် ဆန္ဒရှိသော်လည်း ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရမှာကို ကြောက်ရွံ့ကာ စောင့်ကြည့်နေကြသော ပြည်နယ်များ၊ ခရိုင်များ၏ ရှေ့တွင် ဖေစုန့်သည် သူ့နာမည်ဂုဏ်သတင်းကို မည်မျှပင် ဂရုမစိုက်စေကာမူ သူ၏ ကြင်နာတတ်သော ဂုဏ်သတ္တိကို ပြသရန်အတွက် ကျိုးစွေကို ကောင်းမွန်စွာ ဆက်ဆံပေးရမည်သာ။
ထို့ကြောင့် ကျိုးစွေသည် ဖေစုန့်ထံသို့ လက်နက်ချ အညံ့ခံခဲ့သော လျန်အမတ်များအားလုံးထဲတွင် အထူးခြားဆုံး တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။ ဖေစုန့်အနေဖြင့် ဤကဲ့သို့သော ကြီးမားလှသည့် သွေးကြွေးရန်ငြိုးများ ခြားနားနေသဖြင့် ကျိုးစွေက သူ့အပေါ် တကယ် သစ္စာရှိမည် မဟုတ်ကြောင်းကို သိထားလျှင်ပင် ကျိုးစွေတွင် ထင်ရှားသော အမှားအယွင်းများ မရှိသရွေ့ သူက ကျိုးစွေကို အရေးယူ၍ မရနိုင်ပေ။
တိုက်ဆိုင်စွာပင် ကျိုးသခင်မကြီး၏ ရဲရင့်ကြေကွဲဖွယ် ကောင်းလှသော သေဆုံးမှုက ကျိုးစွေအတွက် ယုံချန်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေရန် အစားထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရာ ဤအရာက ဖေစုန့်၏ ခါးနှင့် ဝမ်းဗိုက်တွင် စိုက်ဝင်နေသော သံမှိုတစ်ချောင်း ဖြစ်သွားစေမည်မှာ သေချာလှသည်။
ကျိုးစွေဆိုသည့် အရိုးတွင် စိုက်ဝင်နေသော ဤသံမှိုကို နှုတ်ပစ်ရမည့်နည်းလမ်းအတွက်တော့ ဖေစုန့်ဘက်က လျှို့ဝှက်လှည့်ကွက်များကို အများအပြား အသုံးပြုနေမှာကိုသာ စိုးရိမ်ရပေသည်။
ချန်ဝေသည် ကျိုးစွေ၏ အခြေအနေကို သဘာဝကျစွာပင် နားလည်ထားပြီး သက်ပြင်းချကာ ပြောလိုက်၏။ "ကျိုးလူကြီးမင်းက တရားမျှတမှုအတွက် အသက်ကို စတေးသွားခဲ့တယ်။ တူလေးကလည်း ကျားတွင်းထဲမှာ ခေါင်းငုံ့ပြီး အရှက်ခွဲခံရမှုတွေကို သည်းခံနေရတာဆိုတော့ တကယ်ကို ကျွန်တော်တို့ကို အရှက်ရစေတာပါပဲ"
_____
ယုံချန်... အစည်းအဝေး ခန်းမဆောင်။
ကျိုးစွေသည် အတွင်းသို့ ခြေလှမ်းဝင်ရောက်သွားသောအခါ ထိုင်ခုံများတွင် ယုံချန်၌ တပ်စွဲထားသော ဖေမိသားစု၏ စစ်သူကြီးများနှင့် အကြံပေးများချည်းသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ မူလက ဆူညံနေကြသော လူအားလုံးသည် တံခါးပေါက်တွင် သူ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အသံများ တိတ်သွားကြပြီး ဘေးတစောင်းကြည့်နေကြရာ သူတို့၏ အမူအရာများမှာ တကယ့်ကို ဖော်ရွေမှု မရှိလှပေ။
ကျိုးစွေသည် မမြင်ဟန်ဆောင်ကာ အပေါ်ဆုံးတွင် ထိုင်နေသော စစ်သေနာပတိကိုသာ ကြည့်ပြီး ပြောလိုက်၏။ "ကျွန်တော့်ကို ခေါ်လိုက်တာလား"
ထိုစစ်သေနာပတိသည် ရှည်လျားသော စားပွဲပေါ်တွင် ဖြန့်ထားသည့် မြေပုံပေါ်သို့ လက်တစ်ဖက်ကို ထောက်ထားပြီး ကျိုးစွေအပေါ်တွင်တော့ အခြားသော အမူအရာများ မရှိလှဘဲ စားပွဲ၏ အဆုံးရှိ နေရာလွတ်ဆီသို့ မေးဆတ်ပြကာ ကျိုးစွေကို ထိုင်ရန် အချက်ပြလိုက်ပြီး ပြောလိုက်၏။ "အမတ်ချုပ်က ကျင်းကျိုးမှာ လျန်ပြည်ဟောင်းက အကြွင်းအကျန်တွေ မြောက်ဘက်ကို တက်လာမှာကို တားဆီးဖို့ အမိန့်ပေးထားတယ်။ ယုံချန်က ရေလမ်းရော ကုန်းလမ်းပါ အဆင်ပြေတဲ့အတွက် ရိက္ခာတွေ ပို့ဆောင်တဲ့အခါ ငါတို့ရဲ့ ယုံချန်ကနေ ကုန်းလမ်းကနေ ရေလမ်းကို ပြောင်းရလိမ့်မယ်။ ဒီကိစ္စက အရမ်း အရေးကြီးတဲ့အတွက် ဘာအမှားအယွင်းမှ ဖြစ်ခွင့် မရှိဘူး။ ဒီနေ့ အားလုံးကို ခေါ်ယူလိုက်တာက အဲဒီအချိန်ကျရင် စစ်ရေးကာကွယ်မှု အစီအစဉ်တွေကို တိုင်ပင်ဆွေးနွေးဖို့ပဲ..."
ဤစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ဖော်ရွေမှုမရှိသော အကြည့်များစွာသည် ကျိုးစွေဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားတော့သည်။
ကျိုးစွေသည်လည်း ဘေးလူများ တစ်ခုခု ပြောရန် မလိုအပ်ဘဲ ကိုယ်တိုင် ထရပ်လိုက်ကာ ပြောလိုက်၏။ "ကျွန်တော်ကတော့ ဒီတစ်ကြိမ် အစည်းအဝေးမှာ မပါဝင်တော့ပါဘူး"
စစ်သေနာပတိက ပြောလိုက်၏။ "ထိုင်နေစမ်းပါ"
ကျိုးစွေက မလှုပ်ရှားပေ။ စားပွဲရှည်၏ ဘယ်ညာတွင် ထိုင်နေကြသော ဖေမိသားစု၏ အမတ်များအားလုံးသည်လည်း နားမလည်နိုင်သည့် အမူအရာများ ပြသနေကြ၏။
သို့သော် စစ်သေနာပတိသည် လူအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းသာ ချန်ထားရစ်ခဲ့လေသည်။ "ယုံချန်က အမတ်ချုပ်ဆီကို လက်နက်ချ အညံ့ခံခဲ့ပြီးပြီဆိုတော့ ဒီမှာ ထိုင်နေတဲ့ လူတိုင်းကလည်း အမတ်ချုပ် အသုံးပြုတာကို ခံယူဖို့ ဆန္ဒရှိကြတာပဲ။ အရင်တုန်းက ရန်ငြိုးတွေ၊ အာဃာတတွေကို အားလုံး ချထားလိုက်ကြစမ်း။ အမတ်ချုပ်က အမြဲတမ်း ယုံကြည်တဲ့သူကို အသုံးပြုပြီး သံသယရှိတဲ့သူကို အသုံးမပြုဘူး။ သဘောထား ကွဲလွဲရဲတဲ့သူရှိရင် ဒီအခန်းထဲကနေ ကိုယ့်ဘာသာကိုယ် ထွက်သွားကြ"
ဤသည်မှာ ကျိုးစွေအတွက် စကားပြောပေးနေခြင်း ဖြစ်ကြောင်း သိသာလှသည်။ အခန်းထဲရှိ လူများစွာသည် ဒေါသထွက်နေသော အမူအရာများ ပြသနေဆဲဖြစ်ကာ မျက်နှာကို တစ်ဖက်သို့ လွှဲထားကြသော်လည်း နောက်ဆုံးတွင်တော့ ဘယ်သူမှ အသံမထွက်ရဲကြပေ။
ကျိုးစွေသည်လည်း သဘာဝကျစွာပင် ထပ်ပြီး ထွက်သွားရန် မဖြစ်နိုင်တော့ချေ။ သူ ထိုင်လိုက်ပြီးနောက် အကြံပေး တစ်ယောက်၊ ၂ ယောက်က သူ့ကို တကယ် လက်ခံလိုက်သကဲ့သို့ သူ့ဘက်သို့ လှည့်ကာ ခေါင်းအနည်းငယ် ညိတ်ပြပြီး နှုတ်ဆက်လိုက်ကြသည်။
အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ကျိုးစွေသည် နောက်ဆုံးမှ ထွက်ခွာရန် တမင်သက်သက် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် စစ်သေနာပတိက သူ့ကို ဆွဲထားတာ စကားထပ်မပြောလာတော့ချေ။
...
အပိုင်း (၁၀၂.၂)
မိမိနေထိုင်ရာသို့ ပြန်ရောက်လာချိန်တွင် ကျိုးစွေသည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားပြီး စိတ်ထဲတွင် သံသယများ ပြည့်နှက်နေဆဲ။
သူနှင့်အတူ လိုက်ပါသွားသော အိမ်တော်ထိန်းကြီးက တအံ့တဩဖြင့် မေးလိုက်၏။ "အဲဒီ ဖေသူခိုးက သခင်လေးအပေါ်ကို တကယ်ပဲ ဆွဲဆောင်သိမ်းသွင်းချင်တဲ့စိတ်များ ပေါ်နေတာတော့ မဟုတ်ပါဘူးနော်"
ကျိုးစွေသည် ခေါင်းခါပြလိုက်ပြီး "ဒါက နောက်ထပ် စမ်းသပ်မှုတစ်ခုလည်း ဖြစ်နိုင်တယ်။ ကျင်းကျိုးမှာ စစ်ပွဲကြီး ဖြစ်တော့မယ်။ ရိက္ခာတွေကို ယုံချန်ကနေ ကုန်းလမ်းကနေ ရေလမ်းကို ပြောင်းရမှာ။ တကယ်လို့ ဖေစုန့်ကို ရိက္ခာပိုင်းမှာ အမှားအယွင်းတစ်ခုခု ဖြစ်အောင် လုပ်နိုင်မယ်ဆိုရင် ကျင်းကျိုး စစ်မြေပြင်မှာ ဖေစစ်တပ်ကို သေချာပေါက် အကြီးအကျယ် ထိခိုက်နစ်နာသွားစေနိုင်မှာပဲ"
အိမ်တော်ထိန်းကြီးသည် ထိုစကားကို ကြားပြီးနောက် စိတ်ထဲတွင် လန့်သွားပြီး ပြောလိုက်လေသည်။ "ဒါဆို အဲဒီ ဖေသူခိုးက ဒီတစ်ခါ ချပေးလိုက်တဲ့ ငါးစာက တကယ်ကို ရင်းနှီးမြှုပ်နှံမှု အကြီးကြီးပဲ။ ဒါပေမဲ့ သခင်လေးကတော့ သတိထားတာ အကောင်းဆုံးပါပဲ။ ဖေသူခိုးရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ထဲတော့ မပါသွားပါစေနဲ့"
ကျိုးစွေသည် မျက်မှောင်ကို တင်းနေအောင် ကြုတ်ထားလိုက်ပြီး "အမြဲပြောကြတဲ့အတိုင်း 'အလိမ်ကလည်း အမှန်ဖြစ်တဲ့အချိန်မှာ အမှန်ကလည်း အလိမ်ဖြစ်သွားတာပဲ' လေ။ ဖေစုန့်က ကျွန်တော့်အပေါ် ဒီလောက်တောင် ကာကွယ်မှုမရှိဘဲ ရိက္ခာတွေ ရောက်လာမယ့် နေ့ရက်နဲ့ စစ်ရေးကာကွယ်ရေး မြေပုံကိုတောင် ကျွန်တော့်ဆီကနေ ဖုံးကွယ်မထားဘူးဆိုတော့ ဒါက အရမ်းကို သိသာလွန်းနေတယ်။ ကျွန်တော့်ကို ဒီထောင်ချောက်ထဲ ဝင်လာအောင် ဆွဲဆောင်နေသလိုပဲ။ ဒါပေမဲ့ ဖေစုန့်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ဆိုရင် ဒီလိုမျိုး သိသာတဲ့ အစီအစဉ်မျိုးကို လုပ်မှာမဟုတ်ဘူး။ ကျွန်တော်က အခု ပြောင်းပြန်တောင် ပြန်သံသယဖြစ်နေမိတယ်။ ဒီအရာအားလုံးက အမှန်တွေချည်းပဲ။ ဖေစုန့်က ပြောင်းပြန်လှန်ပြီး လုပ်လိုက်တာ။ ဒါက ထောင်ချောက်လို့ ကျွန်တော်ကို ထင်သွားအောင် လုပ်လိုက်တာပဲ"
အိမ်တော်ထိန်းကြီးသည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "ဒါဆိုရင် သခင်လေးရဲ့ သဘောထားက..."
ကျိုးစွေ၏ မျက်လုံးများသည် တဖြည်းဖြည်း ခိုင်မာလာပြီး ပြောလိုက်သည်။
"သူ့အကြံကိုပဲ ပြန်ပြီး အသုံးချရမှာပေါ့"
သူသည် လှည့်ကာ အိမ်တော်ထိန်းကြီးကို ကြည့်လိုက်၏။
"ငါတို့လူတွေကို စစ်ရေးကာကွယ်ရေးမြေပုံ အစစ်ကို ဟန်ဆောင်ပြီး သွားစုံစမ်းခိုင်းလိုက်။ ဖေစုန့်ကို အဲဒါက ထောင်ချောက်ဆိုတာ ငါ ယုံကြည်သွားတယ်လို့ ထင်သွားအောင် လုပ်လိုက်။ ဒါပေမဲ့ ဘာအမှားအယွင်း၊ ဘာအထောက်အထားမှတော့ လုံးဝ မကျန်ခဲ့စေနဲ့။ ပြီးတော့ ဖိန်ကျိုးဆီကို လျှို့ဝှက်စာပို့ပြီး ဒီကိစ္စကို မင်းသမီးဆီ အမြန်ဆုံး သတင်းပို့လိုက်"
အိမ်တော်ထိန်းကြီးသည် အားလုံးကို လက်ခံလိုက်ပြီး အစီအစဉ်ချရန် ထွက်သွားတော့မည့်အချိန်တွင် ကျိုးအိမ်တော်၏ ကိုယ်ရံတော်တစ်ဦးသည် ခြံဝင်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာကာ အရေးတကြီး သတင်းပို့လိုက်လေသည်။ "သခင်လေး... ဒေါ်ဒေါ်ရှောင်းရဲ့ သတင်းကို စုံစမ်းလို့ ရပါပြီ"
ကျိုးစွေနှင့် အိမ်တော်ထိန်းကြီးတို့သည် ထိုသတင်းကို ကြားလိုက်ရချိန်တွင် နှစ်ဦးစလုံး မှင်သက်သွားကြသည်။
ကျိုးစွေက အလျင်အမြန် မေးလိုက်၏။ "ဒေါ်ဒေါ်ရှောင်းက တကယ်ပဲ အသက်ရှင်နေသေးတာလား။ ဘယ်လို စုံစမ်းလို့ ရခဲ့တာလဲ။ သူ အခု ဘယ်မှာလဲ"
ဝိန်းယွီနှင့် ရှောင်းမိသားစုတို့၏ ပတ်သက်မှုကို မဆိုထားနှင့်။ ရှောင်းဟွေ့နျန်သည် သခင်မကျိုးကို ကာကွယ်ရန် ဓားဒဏ်ရာ အခုတ်ခံခဲ့ရခြင်းကြောင့် ကျိုးစွေသည် ရှောင်းမိသားစုအပေါ် အလွန် အကြွေးတင်နေသည်ဟု ခံစားရသည်။ ထို့ကြောင့် ဝိန်းယွီထံမှ ရှောင်းဟွေ့နျန် သေမသေ စုံစမ်းခိုင်းသော စာကို လက်ခံရရှိချိန်တွင် ကျိုးစွေသည် ဤကိစ္စကို အစွမ်းကုန် အာရုံစိုက်ကာ အသေးစိတ် စုံစမ်းစစ်ဆေးခဲ့လေသည်။
သို့သော် လျှို့ဝှက်စွာဖြင့် အချိန်အတော်ကြာ စုံစမ်းခဲ့သော်လည်း အမြဲတမ်း ဘာသဲလွန်စမှ မရရှိခဲ့ပေ။
ကိုယ်ရံတော်က ပြန်ဖြေလိုက်သည်။ "ဒေါ်ဒေါ်ရှောင်း ဆိုတာ သေချာသလောက်ပါပဲ။ သူက အစိုးရရုံးတော် နောက်ဘက်ခြံဝင်းက အနောက်ဘက်အဆောင်မှာ ရှိနေတာပါ။ အဲဒီခြံဝင်းကို ဖေမိသားစုရဲ့ လူတွေက အမြဲတမ်း တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေတာပါ။ အထဲကို ဝင်ပြီး ပြုစုဖို့အတွက် ဆွံ့အတဲ့ အဘွားကြီးတစ်ယောက်ပဲ ရှိတာ။ ဒါပေမဲ့ အဲဒီ အဘွားကြီးက မနေ့က ရေတွင်းမှာ ရေခပ်ရင်း ခြေထောက်ကျိုးသွားလို့ အခု အလုပ်မလုပ်နိုင်တော့ဘူး။ စောင့်ကြပ်တဲ့လူတွေက အပြင်ခြံဝင်းကနေ အစေခံတစ်ယောက်ကို ပြောင်းရွှေ့လိုက်တယ်။ ကျွန်တော်တို့လူတွေက အစိုးရရုံးတော်ဘက်က သတင်းတွေကို တတ်နိုင်သမျှ များများရအောင်လို့ အဲဒီ အစေခံနေရာကို ရအောင်ယူလိုက်တာ။ အနောက်ဘက်အဆောင်ကို တာဝန်ကျလို့ သွားတော့မှ အထဲမှာ နေတာက အဘွားကြီးတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတာ။ ကျွန်တော် ဒီကိစ္စကို သိသိချင်းပဲ ဒေါ်ဒေါ်ရှောင်းရဲ့ ပုံတူပန်းချီကားကို ယူပြီး အဲဒီအစေခံကို ပြလိုက်တော့ တစ်ဖက်လူက ဒေါ်ဒေါ်ရှောင်းပဲလို့ အတည်ပြုပေးခဲ့တယ်"
ကျိုးစွေသည် ထိုနေရာအမည်ကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် အနည်းငယ် သံသယဝင်သွား၏။
"ဒေါ်ဒေါ်က ဓားချက်အောက်မှာ အသက်မသေခဲ့ဘူး ဆိုရင်တောင် ဖေစုန့်က သူ့ကို ဘာဖြစ်လို့ အစိုးရရုံးတော် နောက်ဘက်ခြံဝင်းမှာ အကျယ်ချုပ် ချထားရတာလဲ"
အိမ်တော်ထိန်းကြီးသည်လည်း ဘယ်လိုပဲ တွေးတောစေကာမူ နားမလည်နိုင်ဖြစ်နေခဲ့သည်။
"ဟုတ်သားပဲ။ သာမန် အမျိုးသမီးတစ်ယောက်ကို ဖေသူခိုးက ဘာဖြစ်လို့ အကျယ်ချုပ် ချထားရမှာလဲ"
သူသည် ခဏတာ ရပ်တန့်သွားပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။ "ဒါမှမဟုတ် အဲဒီ ဖေသူခိုးက စစ်သူကြီးရှောင်း တစ်နေ့ကျရင် အောင်မြင်လာမယ်ဆိုတာကို အစောကြီးကတည်းက သိနေလို့လား။ တမင်သက်သက် လူကို ဖမ်းထားပြီး အားနည်းချက်အနေနဲ့ အသုံးချဖို့များလား"
သို့သော် ကျိုးစွေ၏ စိတ်ထဲတွင် ရုတ်တရက် ပြေးမြင်လိုက်မိသည်ကတော့ ထိုစဉ်က ရှောင်းလိသည် ရှင်းလျဲ့ကို သတ်ဖြတ်ခဲ့သည့် ကိစ္စပင်။ အကယ်၍ ဖေစုန့်က ထိုအချိန်ကတည်းက ရှင်းလျဲ့ကို သတ်ခဲ့သူမှာ ရှောင်းလိဖြစ်ကြောင်း သိရှိနေခဲ့ပြီး ရှောင်းလိက တစ်နေ့နေ့တွင် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်လာမည်ကို ကြောက်ရွံ့ကာ ရှောင်းဟွေ့နျန်၏ အသက်ကို တမင်သက်သက် ချန်ထားခဲ့ခြင်းဖြစ်လျှင်တော့ အဓိပ္ပာယ်ရှိပေသည်။
သို့သော် ထိုသို့မတိုင်မီက သူ၏အိမ်တော်မှ သစ္စာရှိအစေခံက ရှောင်းဟွေ့နျန်သည် သူ့အမေကို ကာကွယ်ရန် ဓားဒဏ်ရာ အခုတ်ခံရပြီး သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ သူ နောက်ပိုင်း နာရေးခန်းမသို့ အပြေးအလွှား သွားခဲ့ချိန်တွင်လည်း ရှောင်းဟွေ့နျန်က သွေးအိုင်ထဲတွင် လဲကျနေသည်ကို တကယ် မြင်တွေ့ခဲ့ရသည်။
ဝိန်းယွီက ရုတ်တရက် သူ့ကို ရှောင်းဟွေ့နျန် သေဆုံးသည့်ကိစ္စကို စုံစမ်းခိုင်းခြင်းနှင့် သူ့လက်အောက်ငယ်သားများကလည်း ယခုအချိန်တွင် ရှောင်းဟွေ့နျန် အသက်ရှင်နေသေးကြောင်း တကယ် တွေ့ရှိရခြင်းတို့သည် မည်သို့ပင် ကြည့်စေကာမူ အနည်းငယ် ထူးဆန်းနေလေသည်။
ကျိုးစွေသည် ရှောင်းဟွေ့နျန် မသေသေးခြင်းက ဖေစုန့် လွှတ်လိုက်သော အယောင်ပြ လှည့်ကွက်တစ်ခုမျှသာ ဖြစ်နိုင်မည်လား ဟုပင် တွေးတောမိလိုက်၏။
သို့သော် ဤအတွေးကို အတည်ပြုရန်အတွက် လူလွှတ်ကာ အစိုးရရုံးတော်သို့ ထပ်မံ သွားရောက်စုံစမ်းခိုင်းရန်သာ ရှိတော့သည်။ ရှောင်းဟွေ့နျန် တကယ် အသက်ရှင်နေသေးပါက သူသည် မည်သို့ပင်ဖြစ်စေ လူကို ကယ်ထုတ်ရလိမ့်မည်။
ခဏလောက် စဉ်းစားလိုက်ပြီးနောက် ကျိုးစွေက ပြောလိုက်၏။ "ဒေါ်ဒေါ်ရှောင်း တကယ်လို့ အသက်ရှင်နေသေးတယ်ဆိုရင် ဖေစုန့်က လူကို အကျယ်ချုပ် ချထားတာက သေချာပေါက် အကြံအစည် တစ်ခုခု ရှိလို့ပဲ။ အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံး နေရာပဲလေ။ လူကို အစိုးရရုံးတော်မှာ ဝှက်ထားတော့ တခြားစစ်တပ်ကြီးနဲ့ အထူးတလည် စောင့်ကြပ်ဖို့ မလိုတော့ဘူး။ စုံစမ်းချင်ရင်တောင် အရမ်းကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်ရမှာပဲ။ ဖေစုန့်က ငါက အန္တရာယ်ကို မစွန့်ရဲဘူးဆိုတာကို တွက်ထားပြီးသား။ ဒီလိုဆိုရင် မင်းသမီးဘက်က ငါ့ကို ဒီကိစ္စကို အသေးစိတ် စုံစမ်းခိုင်းရင်တောင် ငါ ဘာမှ စုံစမ်းလို့ ရနိုင်မှာ မဟုတ်ဘူး"
အိမ်တော်ထိန်းကြီးသည် စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ "အစိုးရရုံးတော်ကနေ လူကို ဝင်လုတာက အရမ်း အန္တရာယ်များလွန်းတယ်။ သခင်လေး... ဖိန်ကျိုးဆီကို စာပို့ပြီး မင်းသမီးဆီက အမိန့်ကို အရင် တောင်းခံလိုက်ပါလား"
ကျိုးစွေသည် ကျောဘက်တွင် နောက်ပစ်ထားသော လက်များကို အားပါပါဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခေါင်းခါပြလိုက်သည်။
"အချိန်မမီတော့ဘူး။ အချိန်အခါက လူကို မစောင့်ဘူး။ ဒီစာကို အသွားအပြန် ပို့နေရင် အချိန်ဘယ်လောက်တောင် ထပ်ကြာသွားဦးမလဲ။ ဒါ့အပြင် မင်းသမီးကလည်း မကြာခင် လက်ထပ်ဖို့ ထွက်ခွာရတော့မှာ"
သူသည် တစ်စုံတစ်ခုကို ခိုင်မာစွာ ဆုံးဖြတ်လိုက်သည့်နှယ် ပြောလိုက်လေသည်။ "ဖေမိသားစုက ငါ့အတွက် ဆင်ထားတဲ့ ထောင်ချောက်က စစ်ရိက္ခာအပေါ်မှာပဲ ရှိတာ။ အခုလောလောဆယ်တော့ ငါ့ကို သိပ်ပြီး သတိထားနေမှာ မဟုတ်သေးဘူး။ ချင်းစုန့်... မင်း ဒီည လူခေါ်သွားပြီး အစိုးရရုံးတော်က အနောက်ဘက်အဆောင်ကို တစ်ခေါက်လောက် သွားလိုက်။ တကယ်လို့ ဒေါ်ဒေါ်ရှောင်းပဲ ဆိုရင် လူကို ဘာအထိအခိုက်မှ မရှိစေဘဲ ပြန်ခေါ်လာခဲ့"
ကိုယ်ရံတော်သည် အမိန့်ကို နာခံကာ ထွက်သွားပြီးနောက် အိမ်တော်ထိန်းကြီးသည် စိုးရိမ်ပူပန်မှုများဖြင့် တစ်စုံတစ်ခုကို ထပ်ပြောချင်နေသေးသည်။ ကျိုးစွေသည် လှည့်ကာ သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဦးလေးကျုံး... ကျွန်တော့်အဖေ ချန်ထားခဲ့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ အကုန်လုံးကို စုဆောင်းလိုက်ပါ"
သူက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်လေသည်။ "ကျွန်တော်တို့လည်း အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြတာပေါ့"
ညနေဆည်းဆာ အလင်းရောင်သည် ယုံချန်မြို့ တစ်ခုလုံးကို လွှမ်းခြုံသွားချိန်တွင် ကျိုးအိမ်တော်မှ မီးတောက်မီးလျှံများသည် ကောင်းကင်ယံသို့ ထိုးတက်လာတော့သည်။
ယုံချန်တွင် တပ်စွဲထားသော ဖေမိသားစု၏ စစ်တပ်ကြီးသည် စစ်သည် ထောင်ပေါင်းများစွာကို စေလွှတ်ကာ ကျိုးအိမ်တော်ကို ဝိုင်းရံထားလိုက်သည်။ မြို့ကို တိုက်ခိုက်ရာတွင် အသုံးပြုသော လောက်လွှဲများကိုပင် ဆွဲယူလာခဲ့ပြီး တစ်ကျန့်ခန့် မြင့်မားသော ခြံတံတိုင်းကို ကျော်ကာ မီးလောင်ဆီများနှင့် ကျောက်တုံးများကို ကျိုးအိမ်တော်ဘက်သို့ ပစ်ခတ်လိုက်ရာ ပေါက်ကွဲသံများက ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ဦးဆောင်လာသော စစ်သူကြီးငယ်သည် စစ်တပ့်ရှေ့တွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
"ကျိုးမိသားစုရဲ့ သား ကျိုးစွေ... ဝံပုလွေလို ရက်စက်ကြမ်းတမ်းတဲ့ ရည်မှန်းချက်တွေ ထားရှိပြီး အမတ်ချုပ်ရဲ့ ကျေးဇူးတရားကို မျက်ကွယ်ပြုခဲ့တယ်။ ယုံချန်ရဲ့ စစ်ရေးကာကွယ်မှု မြေပုံကို ခိုးယူပြီး အရင် လျန်ပြည်နယ်ရဲ့ အကြွင်းအကျန်တွေဆီကို ဆက်သဖို့ ကြံစည်ခဲ့တယ်။ သက်သေအထောက်အထားတွေနဲ့တကွ ဖမ်းမိထားပြီမို့ လုံးဝ ခွင့်လွှတ်ပေးလို့ မရဘူး"
စစ်တပ်ရှေ့တွင် ကြိုးတုပ်ခံထားရပြီး ဒူးထောက်နေရသူများမှာ ညှဉ်းပန်းနှိပ်စက်ခံထားရသဖြင့် တစ်ကိုယ်လုံး သွေးများပေကျံနေကာ အသက်ငင်နေပြီဖြစ်သော ချင်းစုန့်တို့ အဖွဲ့ပင်။
ကျိုးစွေသည် သူတို့ ကျိုးမိသားစု နောက်လိုက်ခဲ့သော တပ်ဖွဲ့ဝင်ဟောင်းများကို အစောကြီးကတည်းက စုဆောင်းထားခဲ့သော်လည်း သည်လို ပိတ်ဆို့ဝိုင်းရံထားသော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် အချည်းနှီး ဖြစ်သွားတော့သည်။ လေးသမားများသည် တံတိုင်းပေါ်သို့ မရောက်သေးခင်မှာပင် အိမ်တော်အပြင်ဘက်ရှိ ဖေမိသားစု၏ လေးသမားများက မြားဖြင့် ပစ်ခတ်လိုက်သဖြင့် ဖြူကောင်တစ်ကောင်လို ဖြစ်သွားခဲ့ရသည်။
ကျိုးအိမ်တော်၏ ခြံတံခါးကြီးသည်လည်း ချိုးဖျက်ခံလိုက်ရသည်။ သစ္စာရှိသော တပ်ဖွဲ့ဝင်ဟောင်းများနှင့် အိမ်တော်စောင့် ကိုယ်ရံတော်များသည် အထဲသို့ ဝင်ရောက်လာသော ဖေစစ်တပ်ကို အသေခံ ပိတ်ဆို့ထားကြပြီး အနောက်ဘက်သို့ အသံကုန်ဟစ်ကာ အော်ဟစ်လိုက်ကြသည်။
"သခင်လေး မြန်မြန် ထွက်ပြေး——"
အိမ်တော်ထိန်းကြီးနှင့် ကျိုးအိမ်တော်၏ အကြံပေးအမတ်များသည် ကျိုးစွေကို ဝိုင်းရံထားကြပြီး အသေခံစစ်သည်များနှင့်အတူ အမြန်ဆုံး ထွက်ပြေးရန် တိုက်တွန်းနေကြ၏။
လွင့်ပျံလာသော ကျောက်တုံးတစ်တုံးက အဝေးရှိ ကျိုးအိမ်တော်၏ စာကြည့်တိုက် အဆောက်အအုံ တစ်ဝက်ကို ကြေမွသွားအောင် ထုချေလိုက်၏။ တံခါးမကြီးရှိ သစ္စာရှိသော အစေခံများနှင့် အိမ်တော်စောင့် ကိုယ်ရံတော်များသည်လည်း လူအင်အား မမျှသဖြင့် သွေးအိုင်ထဲတွင် ဆက်တိုက် လဲကျသွားကြပြီး ဖေမိသားစု၏ စစ်သည်များသည် လှံများနှင့် ဓားများကို ကိုင်ဆောင်ကာ ပျားအုံကွဲသလို အထဲသို့ ဝင်ရောက်လာကြတော့သည်။
အခြေအနေ မကောင်းသည်ကို မြင်လိုက်ရသောအခါ သိုင်းပညာ တစ်စက်ကလေးမှ မတတ်ကျွမ်းသော အကြံပေးအမတ်များသည် အသက်ကိုပင် ဂရုမစိုက်တော့ဘဲ အရှေ့သို့ ပြေးဝင်သွားကာ ထိုစစ်သည်များကို ဆွဲထားကြပြီး ကျိုးစွေဘက်သို့ ကွဲအက်နေသည့်အသံများဖြင့် အော်ဟစ်လိုက်ကြသည်။
"သခင်လေး မြန်မြန် ထွက်ပြေး——"
ကျိုးစွေသည် မှင်သက်စွာ ရပ်နေဆဲဖြစ်ပြီး သူ့မျက်နှာမှာ ဖြူရော်သွားပြီး ငိုသလို ရယ်သလို ရူးသွပ်သော ရယ်သံများ ထွက်ပေါ်လာခဲ့၏။ "ဒါကမှ ဖေစုန့်ရဲ့ အကြံအစည် အစစ်ပဲ။ ဒါကမှ သူ ငါ့အတွက် ဆင်ထားတဲ့ ထောင်ချောက် အစစ်ပဲ"
"ဘာစစ်ရေးကာကွယ်မှု မြေပုံလဲ၊ ဘာစစ်ရိက္ခာတွေ ပို့ဆောင်တာလဲ၊ အားလုံးက အတုတွေချည်းပဲ။ ငါ့ကို ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ်ထင်ပြီး ပင့်ကူအိမ်ထဲမှာ ကိုယ့်ဘာသာကိုယ် ပိတ်မိသွားအောင် လုပ်လိုက်တာပဲ"
သူသည် ဘယ်တုန်းကမှ ဤမျှလောက်အထိ မျှော်လင့်ချက် မဲ့သွားခဲ့ဖူးခြင်း မရှိချေ။ လှေကားထစ်များပေါ်မှ ယိမ်းယိုင်စွာ ဆင်းလာခဲ့ပြီး မျက်လုံးနှစ်ဖက်စလုံးသည် သွေးထွက်မတတ် နီရဲနေကာ ပြိုလဲသွားသလို အပြင်ဘက်သို့ အော်ဟစ်လိုက်လေသည်။ "ကျွန်တော် ကျိုးစွေ အကြိမ်တစ်သောင်း သေရမယ်ဆိုရင်တောင် ကျေနပ်ပါတယ်။ သူတို့ရဲ့ အသက်တွေကို ချန်ထားပေးပါ။ မြားတွေ ထပ်မပစ်ကြပါနဲ့တော့"
ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးခင် မြေပြင်ပေါ်ရှိ အလောင်းများကြောင့် ထပ်ပြီး ခလုတ်တိုက်မိသွားပြန်သည်။ သူသည် ထိုနေရာရှိ သွေးအိုင်ထဲတွင် ဒူးထောက်ကျသွားပြီး မျက်ရည်၊ နှာရည်များ စီးကျလျက် အက်ကွဲနေသည့်အသံဖြင့် နာကျင်စွာ ငိုကြွေးနေတော့သည်။
ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြချေ။ မြားမိုးများသည် ကျိုင်းကောင်များ ပျံသန်းလာသကဲ့သို့ အစုလိုက်အပြုံလိုက် ကျရောက်လာပြီး ခြံဝင်းအတွင်း ကျန်ရှိနေသော အနည်းငယ်မျှသော သစ္စာရှိ အစေခံများနှင့် အိမ်တော်စောင့် ကိုယ်ရံတော်များကို မြေပြင်ပေါ်တွင် သံမှိုရိုက်ထားသလို သေဆုံးသွားစေသည်။
သူ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့သည်။ သူ မှားသွားခဲ့သည်။
ဖေစုန့်က နုတ်ပစ်ချင်နေခဲ့သည်မှာ သူ ကျိုးစွေ တစ်ယောက်တည်းကို ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ ယုံချန်တွင် ရှိသော သူ၏ ကျိုးမိသားစု၏ တပ်ဖွဲ့ဝင်ဟောင်း အားလုံးကို ဖြစ်သည်။
သူက ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းသည်ထင်ကာ လူများကို စုဆောင်းပြီး အသေခံ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း ဖေစုန့်ကို သူတို့အားလုံးကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းပစ်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
မြားတစ်စင်းသည် ကျိုးစွေ၏ ပါးပြင်ကို ရှပ်ကာ ပျံသန်းသွားပြီး သူ့မျက်နှာပေါ်တွင် သွေးရာတစ်ကြောင်း ကျန်ရစ်ခဲ့၏။ အိမ်တော်ထိန်းကြီးသည် အရှေ့သို့ ပြေးဝင်လာပြီး သူ့ကို ဘေးသို့ တွန်းပို့လိုက်ရာ နောက်မှ ဆက်တိုက် ရောက်လာသော နောက်ထပ်မြားတချို့သည် သူ မူလက ဒူးထောက်နေသော နေရာသို့ ကျရောက်သွားပြီး အိမ်တော်ထိန်းကြီး၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို တည့်တည့် ထိမှန်သွားတော့သည်။
အမုန်းတရားများနှင့် နာကျင်မှုများသည် အသံကျယ်လောင်စွာ ဟိန်းဟောက်နေသော ပင်လယ်လှိုင်းတံပိုးများကဲ့သို့ ကျိုးစွေ တစ်ကိုယ်လုံးကို ဝါးမျိုသွားလေသည်။ သူသည် အိမ်တော်ထိန်းကြီး၏ အလောင်းကို ပွေ့ဖက်ထားပြီး ရူးသွပ်စွာ အက်ကွဲနေသည့်အသံဖြင့် အော်ဟစ်ငိုကြွေးလိုက်၏။
"ဦးလေးကျုံး... ဦးလေးကျုံး။ တောင်းပန်ပါတယ်။ ကျွန်တော် အသုံးမကျခဲ့လို့ပါ။ ကျွန်တော် အသုံးမကျခဲ့လို့ပါ..."
ဤအခိုက်အတန့်တွင် ကျိုးစွေသည် သေဆုံးခြင်းကသာ အဆုံးသတ်ခြင်းနှင့် လွတ်မြောက်ခြင်း ဖြစ်သည်ဟု တကယ်ကို ခံစားလိုက်ရသည်။
သို့သော် သစ္စာရှိသော အိမ်တော်စောင့် ကိုယ်ရံတော်များနှင့် အသေခံစစ်သည်များသည် သူ့ကို နောက်ဘက်ခြံဝင်းဆီသို့ အသေခံပြီး ဆွဲခေါ်သွားကြဆဲပင်။
ကျိုးစွေ၏ ဆံထုံးများသည် ပြေကျသွားပြီး ရှုပ်ပွနေသော ဆံနွယ်များသည် သွေးများ၊ ချွေးများနှင့် ရောနှောကာ သူ့မျက်နှာပေါ်တွင် ကပ်နေ၏။ သူ့တစ်ကိုယ်လုံးသည် အသက်မပါတော့သော ရုပ်အလောင်းတစ်ခုလို ဖြစ်နေပြီး ကိုယ်ရံတော်များက သူ့ကို ဆွဲခေါ်သွားသည်ကိုသာ ငြိမ်ခံနေလိုက်သည်။ မျက်ရည်ကျစရာပင် မရှိတော့လောက်အောင် သွေးထွက်မတတ် နီရဲနေသော မျက်လုံးတစ်စုံသည် အရှေ့ဘက်ခြံဝင်းအတွင်းရှိ နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းများနှင့် သူ့အတွက် အနောက်မှ ကာကွယ်ပေးရင်း စစ်သည်များနှင့် အသေအလဲ တိုက်ခိုက်နေကြဆဲဖြစ်သော အိမ်တော်စောင့် ကိုယ်ရံတော်များကိုသာ ထုံထိုင်းစွာ ကြည့်နေမိသည်။
ကျိုးအိမ်တော်သည် ထိုမျှသာ ကျယ်ဝန်းလေသည်။ ကျန်ရှိနေသေးသော တပ်ဖွဲ့ဝင်ဟောင်းများနှင့် အိမ်တော်စောင့် ကိုယ်ရံတော်များသည် ကျိုးစွေကို ခေါ်ဆောင်ကာ တိုက်လိုက် ဆုတ်လိုက်ဖြင့် ဘေးပေါက်တံခါးမှတစ်ဆင့် ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဘေးပေါက်တံခါးသို့ ရောက်သောအခါ အပြင်ဘက်တွင်လည်း စစ်သည်များက အထပ်ထပ် ဝိုင်းရံထားသည်ကို တွေ့လိုက်ရတော့သည်။
ခြံတံတိုင်း အပြင်ဘက်မှ ပစ်ခတ်လိုက်သော မြားများကို ရှောင်ရှားရန်အတွက် လူတစ်စုသည် ကျိုးစွေကို ခေါ်ဆောင်ကာ ခြံတံတိုင်းအောက်တွင် ကပ်ထားရပြီး အသက်ရှူနေရုံသာ တတ်နိုင်တော့သည်။
လူလတ်ပိုင်းအရွယ် စစ်သူကြီးတစ်ဦးသည် မျက်စိလျင်၊ လက်လျင်ဖြင့် ကျိုးစွေက ဘယ်နေရာမှ ကောက်ရလာမှန်း မသိသော ဓားမြှောင်တစ်လက်ကို ကိုင်ကာ သူ၏ ကိုယ်ပိုင် ရင်ဘတ်ဆီသို့ ထိုးစိုက်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် ဓားမြှောင်ကို ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်လေသည်။ "သခင်လေး ဒါ ဘာလုပ်တာလဲ"
ကျိုးစွေ၏ မျက်နှာပေါ်သည် လုံးဝကို အသက်မဲ့နေပြီး သူက ပြောလိုက်၏။ "ဦးလေးဖန်း... ကျွန်တော့်လို ဝန်ထုပ်ဝန်ပိုးကြီး တစ်ယောက်ကို ခေါ်သွားရင် ခင်ဗျားတို့အားလုံး ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး"
ထိုစကားက လူလတ်ပိုင်း အမျိုးသားကို မျက်လုံးများ နီရဲသွားစေပြီး အော်ဟစ်လိုက်လေသည်။ "လမ်းဆုံး ရေခမ်းတဲ့ အခြေအနေထိ မရောက်သေးပါဘူး။ သခင်လေး... ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စိတ်ကူး လုံးဝ မထားပါနဲ့။ သခင်လေးပါ သေသွားရင် လူကြီးမင်းနဲ့ သခင်မရဲ့ ရန်ကြွေးတွေ၊ ပြီးတော့ ဒီနေ့ ဒီနေရာမှာ အသက်စတေးသွားခဲ့ရတဲ့ ဖြောင့်မတ်တဲ့သူတွေ အများကြီးရဲ့ ရန်ကြွေးတွေကို ဘယ်သူက လာဆပ်ပေးမှာလဲ"
သည်စကားတွင် ကျိုးစွေ၏မျက်လုံးထဲက ထုံထိုင်းနေသည့်အကြည့်သည် နာကျင်မှုဖြင့် တင်းကြပ်နေအောင် ရစ်သိုင်းခံလိုက်ရတော့သည်။
အမျိုးသားသည် ထိုဓားမြှောင်ကို ကောက်ယူကာ ကျိုးစွေထံသို့ ပြန်ကမ်းပေးလိုက်ပြီး ပြောလိုက်၏။
"သခင်လေး... ဘယ်အချိန်ပဲ ဖြစ်နေပါစေ၊ သခင်လေး လက်ထဲက ဒီဓားမြှောင်က အပြင်ဘက်ကိုပဲ မျက်နှာမူထားရမယ်။ ဒီနေ့ ဒီနေရာမှာ သေရဖို့ ကံကြမ္မာ ပါလာခဲ့ရင်တောင် အဖော်တစ်ယောက်တော့ ဆွဲခေါ်သွားရမှာပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးစွေသည် ဓားမြောင်ကို တင်းနေအောင် ဆုပ်ထားပြီး သူ့မျက်လုံးထဲက အမုန်းတရားများက တဖြည်းဖြည်း အစိုင်အခဲတစ်ခုလို ဖြစ်သွားတော့သည်။
တံခါးမကြီးမှတစ်ဆင့် ဝင်ရောက်တိုက်ခိုက်လာသော စစ်သည်များသည် ဤနေရာအထိ လိုက်လာကြပြီ ဖြစ်သည်။ သူတို့သည် တဖန် အထပ်ထပ် ဝိုင်းရံခံလိုက်ရပြီး အမျိုးသားသည် တပ်ဖွဲ့ဝင်ဟောင်းများနှင့် အိမ်တော်စောင့် ကိုယ်ရံတော်များကို ခေါ်ဆောင်ကာ ရင်ဆိုင်တိုက်ခိုက်လေသည်။ ကျိုးစွေသည် အခွင့်ကောင်းကို စောင့်ကာ လဲကျသွားသော စစ်သည်တစ်ဦး၏ ရင်ဘတ်ထဲသို့ ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်ရာ နွေးနေသေးသည့်သွေးများသည် သူ့မျက်နှာတစ်ပြင်လုံးသို့ ပေကျံသွားတော့သည်။
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ထိုအခိုက်အတန့်လေးတွင် ရင်ဘတ်ထဲရှိ အမုန်းတရားများသည် နောက်ဆုံးတွင် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရလေသည်။
သူသည် ဓားမြှောင်ကို ဆွဲနှုတ်လိုက်ပြီး တပ်ဖွဲ့ဝင်ဟောင်းများနှင့်အတူ ပခုံးယှဉ်ကာ ဆက်လက် တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် တင်းကျပ်စွာ ပိတ်ထားသော ဘေးပေါက်တံခါးသည် အပြင်ဘက်မှနေ၍ လူတစ်ယောက်၏ အားပါပါ ကန်ချက်ကြောင့် ရုတ်တရက် ပွင့်ထွက်သွားတော့၏။
ရှောင်းလိသည် တံခါးစောင့်အဖွဲ့ ခေါင်းဆောင်၏ ဦးခေါင်းကို ခြံဝင်းအတွင်းသို့ ပစ်သွင်းလိုက်ရာ ကျိုးမိသားစု၏ တပ်ဖွဲ့ဝင်ဟောင်းများနှင့် အကြိတ်အနယ် တိုက်ခိုက်နေကြဆဲဖြစ်သော စစ်သည်များသည် လန့်ဖျပ်သွားကြပြီး တစ်ပြိုင်နက်တည်း ခြေတစ်လှမ်း နောက်ဆုတ်သွားကြသည်။
သူ့အနောက်ဘက်က လမ်းကြားတွင် ကျောက်စိမ်းပြား ခင်းထားသော ကြမ်းပြင်သည် သွေးရေများဖြင့် လုံးဝ လွှမ်းနေတော့သည်။ မြေပြင်ပေါ်တွင် တောင်လိုပုံနေအောင် လဲကျနေသော အလောင်းများသည် ဤဘေးပေါက်တံခါးကို စောင့်ကြပ်ရန် တာဝန်ယူထားသော ဖေစစ်တပ်မှ စစ်သည်များပင် ဖြစ်လေသည်။
ရှောင်းလိသည် လူအများ၏ ထိတ်လန့်တကြား ကြည့်နေသော အကြည့်များကို ဂရုမစိုက်ဘဲ အကြည့်များက ကျိုးအိမ်တော်၏ တပ်ဖွဲ့ဝင်ဟောင်း တစ်စုပေါ်မှ ဖြတ်ကျော်ကာ ကျိုးစွေအပေါ်သို့ ကျရောက်သွားကာ မေးလိုက်လေသည်။
"ငါ့အမေရော"
...